အခန်း (၃၉-၄၀)
Vol. 4 Ch. 39-40
🍁 Chapter 39
ထန်ဝမ် ဖောက်သည်များနှင့် တွေ့ဆုံပြီးနောက် ကုမ္ပဏီသို့ ပြန်ရောက်ရောက်ချင်းပင် သားဖြစ်သူ ရှုယောင် ရောက်ရှိနေကြောင်း အတွင်းရေးမှူးက သတင်းပို့လေသည်။
သူမသည် ကျောင်းတွင်ဖြစ်ပွားခဲ့သော ရိုက်နှက်ခံရသည့်ကိစ္စကို ခေါင်းထဲ ရုတ်တရက် တွေးမိသွားကာ ရုံးခန်းဆီသို့ ခြေလှမ်းများကို ခပ်သုတ်သုတ် တင်လိုက်သည်။ ပုံမှန်အားဖြင့် ရှုယောင်သည် သူမကို လာစောင့်တိုင်း ရုံးခန်းထဲ၌သာ ရှိနေတတ်သည် မဟုတ်ပါလား။
သို့သော် ခြေလှမ်းအနည်းငယ်မျှ အလှမ်းတွင် ရုံးခန်းတစ်ခုထဲမှ ထွက်လာသော ရှုယင်းယင်းကို သူမ မျှော်လင့်စွာတွေ့လိုက်ရသည်။ တစ်ဝက်တစ်ပျက် ပွင့်ဟနေသော တံခါးကြားမှတစ်ဆင့် အရပ်မောင်းကောင်းကောင်းဖြင့် ရပ်နေသော ရှုယောင်၏အရိပ်အယောင်ကိုသာမက တင်းကျပ်စွာ ပိတ်ချ ထားသော ပြတင်းပေါက် လိုက်ကာများကိုပါ သူမ မြင်တွေ့လိုက်ရသည်။
သေချာတွက်ကြည့်လျှင် ဤသည်က ရှုယင်းယင်းနှင့် ရှုယောင်တို့၏ပထမဆုံးအကြိမ် တွေ့ဆုံမှုပင်။ မည်သည့်အကြောင်းတရားကများ ဤလူနှစ်ယောက်ကို ပေါင်းစပ်ပေးလိုက်ပြီး ဤမျှ လျှို့ဝှက်ဆန်းကြယ်စွာ တိုးတိုးတိတ် တိတ် ဆွေးနွေးနေကြရသနည်း။
ထန်၀မ်သည် ရှုယင်းယင်းစိတ်ထဲကအသံ များကို တွေးမိလိုက်သည်နှင့် သူမ ရင်ထဲအကြောင်းပြချက်မရှိသော မနာလိုမှုတစ်ခုက အုံကြွလာခဲ့သည်။ သူမက ရှုယောင်ကို ငါ့ရဲ့ အမည်းစက်တွေအကြောင်း အကုန်ဖော်ထုတ်ပြီး၊ ငါတို့ သားအမိကြားမှာ သွေးထိုးလှုံ့ဆော်ဖို့ ကြိုးစားနေတာများလား...
ထိုအတွေးကြောင့် သူမ ငြိမ်ငြိမ်မနေနိုင်တော့ဘဲ ထိုအခန်းဆီသို့ အလျင်စလို ပြေးဝင်သွားတော့သည်။
ရှုယောင်သည် မိခင်ဖြစ်သူ ရုတ်တရက် ရောက်ချလာခြင်းကို အနည်းငယ်မျှ အံ့ဩဟန် မပြပေ။ သူသည် အေးဆေးတည်ငြိမ်စွာဖြင့်ပင် အဝေးထိန်းခလုတ်ကို နှိပ်ကာ လိုက်ကာများကို ပြန်ဖွင့်လိုက်ပြီးနောက် "မား... ဒီမှာဘာကိစ္စရှိလို့လဲ"
"အဲ့ဒီစကားက မားမေးရမယ့်စကားပါ၊ သားက ဘာလို့ ကုမ္ပဏီကို ရောက်နေရတာလဲ၊ နေ့လယ်ပိုင်း အတန်းတက်စရာ မလိုဘူးလား"
"ဒီနေ့ လစဉ်စာမေးပွဲ ရှိတယ်၊ နေ့လယ်ပိုင်း ကျောင်းပိတ်တယ်လေ"
"လစဉ်စာမေးပွဲက ဒီလောက် မြန်မြန် ရောက်လာပြီလား"
ထန်ဝမ်မှာ အံ့အားသင့်သွားရသည်။ သားဖြစ်သူ ကျောင်းစတက်သည်မှာ ရက်အနည်းငယ်မျှသာ ရှိသေးသည်ဟု သူမ ခံစားနေရဆဲ မဟုတ်ပါလား။
ရှုယောင်က စကားပြန်မပြောပေ။ သို့သော် သူ၏ ခပ်ပေါ့ပေါ့ အကြည့်များက မားက သားကို တစ်ခါမှ ဂရုမစိုက်ခဲ့ပါဘူးဟု အသံတိတ် စွပ်စွဲနေသယောင် ရှိလေသည်။
ထန်ဝမ်သည် သူ့ စွပ်စွဲလိုသောအကြည့်များအောက်တွင် အပြစ်ရှိစိတ်ဖြင့် ရှင်းပြလိုက်မိသည်။
"မားက လတ်တလော TK ကုမ္ပဏီနဲ့ ပူးပေါင်းဖို့ ကိစ္စတွေကို အာရုံစိုက် ဆွေးနွေးနေရလို့ တကယ်ကို အချိန်မရခဲ့လို့ပါ သားရယ်၊ ဒါကြောင့် သားရဲ့ ဝမ်းကွဲအစ်မကို ကျောင်းလွှတ် လိုက်ရတာပါ၊ နောက်တစ်ခါဆိုရင်တော့ မား ကိုယ်တိုင် သေချာပေါက် လာပါ့မယ်"
"ဘာလဲ... မားက သား ပြဿနာရှာတာ နည်းသေးတယ်လို့ ထင်နေလို့လား၊ နောက်တစ်ခါ ထပ်ဖြစ်လာဖို့ မျှော်လင့်နေတာလား"
ရှုယောင်က လှောင်ပြုံးပြုံးကာ ခပ်ဟဟ ရယ်မောလိုက်သည်။ ထိုခဏ၌ သူ့ မျက်ဝန်းအိမ်ထဲတွင် နာကျင်မှုအရိပ် အယောင်တစ်ခုက လျှပ်တစ်ပြက် ဖြတ်ပြေးသွားသည်။
"မဟုတ်ရပါဘူးကွယ်၊ သား အရမ်း လိမ္မာတယ်ဆိုတာ မား သိပါတယ်၊ ဒီနေ့ကိစ္စကလည်း သေချာပေါက် သားရဲ့အမှား မဟုတ်နိုင်ပါဘူး၊ သေချာတာက..."
"မားက သားကို အဲဒီလောက်တောင် ယုံကြည်နေမှတော့ ဘာလို့ သားအတွက် တရားမျှတမှု သွားမရှာပေးခဲ့တာလဲ"
ရှုယောင်၏မျက်ဝန်းများက ရန်လိုမှုများဖြင့် တောက်လောင်လာသည်။
"မား... မားက အလုပ်ရှုပ်နေလို့ပါဆို..."
"ဟုတ်တယ်... အလုပ်ရှုပ်တာပေါ့၊ ၃၆၅ ရက်လုံးကို အလုပ် ရှုပ်နေတာလေ၊ အာဏာနဲ့ အကျိုးအမြတ်အတွက် လုယက်တိုက်ခိုက်ဖို့ အလုပ်ရှုပ်နေတာ၊ ညတိုင်း ပွဲလမ်းသဘင်တွေမှာ ပျော်ပါးဖို့ အလုပ်ရှုပ်နေတာ၊ ဒါပေမဲ့ ကိုယ့်သားအရင်းအတွက်တော့ အချိန်မရှိဘူးလေ၊ မားက အဲဒီလောက်တောင် အလုပ်ရှုပ်နေမှတော့ ဘာလို့များ လက်ထပ်ပြီး ကလေးမွေးဖို့ အချိန်ရနေခဲ့သေးတာလဲ၊ အာ... သား မှတ်မိပြီ၊ မားက ရှုမိသားစုမှာ ခြေကုပ်ခိုင်ခိုင်မြဲဖို့အတွက် သားတစ်ယောက်ကို အပေးအယူ ကိရိယာတစ်ခုအနေနဲ့ လိုအပ်နေခဲ့တာ မဟုတ်လား"
"ရှုယောင်!"
ထန်ဝမ် မျက်နှာမှာ ချက်ချင်းပင် မှောင်မိုက်သွားခဲ့သည်။
"ဒါ သားတစ်ယောက်က အမေတစ်ယောက်ကို ပြောသင့်တဲ့ စကားမျိုးလား"
ရှုယောင်က လက်နှစ်ဖက်ကို ဖြန့်ကာ ခပ်အေးအေးပင် တုံ့ပြန်လိုက်သည်။
"သားတစ်ယောက်က မိဘကို လေးစားဖို့ဆိုတာ မိဘက သားသမီးအပေါ် ပေးဆပ်တဲ့ ဂရုစိုက်မှုနဲ့ မေတ္တာတရားအပေါ်မှာပဲ မူတည်ပါတယ်၊ မားမှာကော အဲဒီအရာတွေ ရှိခဲ့လို့လားလို့ သား မေးပါရစေ"
"နင်..."
"ဒီနေ့ မား ကျောင်းကိုမလာတာ အရှက်ကွဲမှာ ကြောက်လို့ဆိုတာ သား သိပါတယ်၊ ဘာပဲဖြစ်ဖြစ် အဲဒါက ပါး ကိုယ်တိုင် ဖန်တီးခဲ့တဲ့ အချစ်ရေးအရှုပ်တော်ပုံလေ၊ ပါးပဲ ရှင်းသင့်တာပေါ့"
"ဒါက မင်းပါးရဲ့ အမှားလို့ ဘယ်သူပြောတာလဲ၊ ရှုယင်းယင်း ပြောတာလား"
ထန်ဝမ်မှာ အံ့အားသင့်သွားရုံသာမက ရှုယင်းယင်း၏ပါးစပ်ဖရမ်းဖတာ ဖွချတတ်မှုကြောင့်လည်း ဒေါသများ ဆူပွက်လာခဲ့သည်။ မိဘတွေ၏ အရှက်ရစရာ ကိစ္စများကို ကလေးတစ်ယောက်ရှေ့တွင် သူမ ဘယ်လိုများ ပြောထွက်ရက်ရသနည်း။
"ကြည့်... ဒါ မားရဲ့ အကြီးမားဆုံး ပြဿနာပဲ၊ ပြဿနာတစ်ခု ကြုံလာပြီဆိုတာနဲ့ မားက အရင်ဆုံးတခြားသူတွေကို အပြစ် တင်ဖို့ပဲ စဉ်းစားတယ်၊ ကိုယ့်အမှားကိုကျ ဘယ်တော့မှပြန်မသိဘူး၊ ဝမ်းကွဲအစ်မက အဲဒီလောက်အားမနေပါဘူး၊ ရှန်ရှန်း ကိုယ်တိုင် သားကိုပြောပြခဲ့တာ၊ ပါးက သူ့မိထွေးနဲ့ အိပ်ခဲ့တယ်ဆိုတာကိုလေ"
ထန်ဝမ် တစ်ကိုယ်လုံး ရုတ်တရက် တုန်ယင်သွားလေသည်။ အခြေအနေများ ဤမျှအထိ ဆိုးရွားလာမည်ဟု သူမ လုံးဝ မမျှော်လင့်ထားခဲ့ပေ။ ထို့ပြင် သားဖြစ်သူက ရှုယင်းယင်းကို ဝမ်းကွဲအစ်မ ဟု လိုလိုလားလား ခေါ်ဝေါ်လိုက်ခြင်းက သူမကို ပိုတုန်လှုပ်သွားစေသည်။
ရှုယောင်က ရှုယင်းယင်းကို ဒီလောက်တောင် ယုံကြည်နေခဲ့တာလား၊ သူတို့ ပထမဆုံးအကြိမ် တွေ့ဖူးတာ သေချာနေတာကို ဒီမိန်းကလေးက သူ့ကို ဘယ်လိုများ ပြုစားလိုက်တာလဲ?
ရှုယောင်က ဆက်ပြောလေသည်။
"ဒါပေမဲ့ ကိစ္စမရှိဘူး၊ ဘာပဲဖြစ်ဖြစ် ပါးရဲ့ အပြုအမူတွေကို သားလည်း ဘယ်တုန်းကမှ အထင်မကြီးခဲ့ပါဘူး၊ ဒီလို စော်ကားခံရမှုမျိုးကိုလည်း သား အသားကျနေပါပြီ၊ ဒါပေမဲ့ သားကို တကယ် စိတ်ပျက်စေတာက ဒါက မားတို့ရဲ့ အမှားဖြစ်နေတာတောင်မှ သားကိုပဲ ပေးဆပ်ခိုင်းချင်နေတာပဲ၊ အဲဒါ တရားတယ်လို့ ထင်လား"
"မိဘတွေဆိုတာ သားသမီးတွေရဲ့ လမ်းပြကြယ်တွေဖြစ်ပြီး မိဘတွေရဲ့ အပြုအမူ၊ စကားလုံးတိုင်းက သားသမီးတွေအပေါ် လွှမ်းမိုးမှု ရှိတယ်လို့ ဆိုကြတယ်၊ ဒါပေမဲ့ သားရဲ့ မိဘတွေကတော့ ကွာခြားတယ်၊ မားတို့က သားသမီးတွေရဲ့ လမ်းခရီးကို ဖျက်ဆီးမယ့် တူရွင်းတွေ ဖြစ်နေပြီး လှုပ်ရှားမှုတိုင်းက သား နောက်ဆုတ်မယ့်လမ်းကိုပါ ဖြတ်တောက်နေတာပဲ၊ သားက ဒီအိမ်ကြီးထဲကနေ ထွက်သွားဖို့ တစ်ရက်တောင် မစောင့်ချင်တော့ဘူး၊ အဲဒီအတွက်လည်း အစွမ်းကုန် ကြိုးစားနေတာပဲ"
ရှုယောင်က ထန်ဝမ်ကို စူးစိုက်ကြည့်ကာ သူမ တစ်ခါမျှ မကြားဖူးခဲ့သော အေးစက်တည်ငြိမ်လှသည့် လေသံဖြင့် ပြတ်သားစွာ ပြောချလိုက်သည်။
"သား အခု ဒီမှာ စကားတစ်ခွန်း သေချာပြောခဲ့မယ်၊ အဘိုးရဲ့ ပိုင်ဆိုင်မှု တစ်ပြားတစ်ချပ်ကိုမှ သား မမက်ဘူး၊ မားနဲ့ ပါး လိုချင်ရင် ကိုယ့်ဘာသာတိုက်ကြ၊ မတို့ရဲ့ အဆုံးအစမရှိတဲ့ တိုက်ပွဲတွေကြားမှာ သားကို ကိရိယာတစ်ခုလို အသုံးချဖို့ မစဉ်းစားနဲ့၊ သားကို အတင်းအကျပ်ဆက်ပြီး ဖိအားပေးလာမယ်ဆိုရင် သား အိမ်ထောင်စုစာရင်းထဲကနေ နာမည်ဖျက်ပေးဖို့ အဘိုးကို တိုက်ရိုက်တောင်းဆိုလိုက်မယ်၊ ဒါမှမဟုတ်ရင်လည်း ဒီကမ္ဘာပေါ်ကနေ သား အပြီးတိုင်ပျောက်ကွယ်သွားပေးမယ်၊ မြေမှုန့်ဘ၀ဆီကိုပဲ ပြန်သွားလိုက်မယ်..."
ထိုအေးစက်စက် စကားများကို ပြောပြီးနောက် ရှုယောင်သည် ထန်ဝမ်ကို ကျော်ကာ အခန်းထဲမှ ခပ်သုတ်သုတ် ထွက်သွားလေတော့သည်။
ထန်ဝမ်သည် သူ၏ ပြတ်သားလှသော ကျောပြင်ကိုကြောင် အမ်းအမ်း ကြည့်နေရင်း ခြေထောက်များ ခွေယိုင်ကျသွားကာ ဆိုဖာပေါ်သို့ အားပျော့စွာ လဲကျသွားလေ၏။
"မြေမှုန့်ဘ၀တဲ့လား"
သူမ ဂယောင်ချောက်ချား တီးတိုး ရေရွတ်နေမိသည်။ ထို့ နောက် သူမ အမြန် ပြန်ထရပ်လိုက်ကာ ရှုယောင်ကို လှမ်းအော်လိုက်သည်။
"ရှုယောင်... သား မားကို အဲ့လိုလုပ်လို့ မရဘူးလေ၊ မားက သားရဲ့ အမေအရင်းပါ... ဘယ်သားသမီးကမှ ကိုယ့်အမေအပေါ် ဒီလောက်တောင် ရက်စက်ပိုင်ခွင့်မရှိဘူး"
ရှုယောင်က ခြေလှမ်းများ ရပ်တန့်သွားသော ခေါင်းကို အနည်းငယ် စောင်းငဲ့ကြည့်လိုက်ပြီး "ဟုတ်လား... ဒါဆိုလည်း သားက ပထမဆုံး ဖြစ်ပါစေပေါ့"
ထန်ဝမ့် မျက်လုံးများ ချက်ချင်း မှောင်မိုက်သွားပြီး တံခါးကို မှီကာ ယိမ်းယိုင်သွားတော့၏။ သူမ ခွန်အားများ အားလုံး တစ်စုံတစ်ရာဆီမှ စုပ်ယူခြင်းကို ခံလိုက်ရသကဲ့သို့ပင်။
အမှတ်မထင် စာရွက်စာတမ်း လာပို့သော ရွှယ်ဝေဝေမှာ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အတင်းအဖျင်းသတင်း ကြီးတစ်ခုကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့လိုက်ရသည့် စိတ်လှုပ်ရှားမှုကို အစွမ်းကုန် ဖိနှိပ်ထားရင်း ထန်ဝမ်ကို ကူညီတွဲမပေးရန် အလျင်စလိုရှေ့တိုးလာခဲ့တော့သည်။
ထန်ဝမ်သည် ရွှယ်ဝေဝေ၏ အကူအညီဖြင့် မတ်တတ်ရပ်လိုက်ပြီးနောက် အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ ထို့နောက် အနည်းငယ် ဖရိုဖရဲဖြစ်နေသော သူမအဝတ်အစားများကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်လည်ပြင်ဆင်လိုက်ပြီး ရှုယင်းယင်းကို ခေါ်လာရန် အေးစက်ခက်ထန်သော လေသံဖြင့် အမိန့်ပေးလိုက်လေသည်။
ရှုယင်းယင်းတစ်ယောက် ရှုယောင်အပေါ် ဘာတွေများ လုပ်ခဲ့သလဲဆိုတာကို သူမ သေချာပေါက်သိရမှဖြစ်မည်။
ရှုယင်းယင်းသည် သူမကိုခေါ်သည်ဟု ကြားသောအခါ စိတ်ထဲမှ တွေးတောနေမိ၏။
[ဒုတိယအဒေါ်နဲ့ ရှုယောင်တို့ ရန်ဖြစ်ထားကြတယ်လို့ ဝေဝေက ပြောတယ်၊ ငါ့ကိုများ ကြားဝင်ဖျန်ဖြေပေးဖို့ ခိုင်းမလို့လား၊ ကယ်ကြပါဦး... ဒီလို မိသားစုတွင်း အားပြိုင်ပွဲတွေထဲမှာ ငါ တကယ်ကြီး ဝင်မပါချင်ပါဘူးဟ]
[ရှုယောင်က ပုန်ကန်ချင်စိတ် ပြင်းထန်တဲ့အရွယ်လေ၊ သူ့ကို ဘယ်သူကများ သွားပြီး ဖျောင်းဖျနိုင်မှာလဲ၊ ငါလေး ဟန်ပြလောက်ပဲ ဝင်ပါပေးလိုက်တော့မယ်]
[ကျစ်... ဒုတိယဦးလေးရဲ့ မိသားစုက ဘာလို့ အဲ့လောက်တောင် ရှုပ်ထွေးပွေလီနေရတာလဲ၊ တစ်ယောက်က ဆက်ခံသူ၊ နောက်တစ်ယောက်က ချမ်းသာတဲ့အသိုင်းအဝိုင်းထဲ ဝင်လာတဲ့သူ၊ ကိုယ့်နေရာနဲ့ကိုယ် အေးအေးဆေးဆေးနေကြရင် မကောင်းဘူးလား၊ ဘာလို့ ဒီလောက်တောင် အသေအလဲ တိုက်ခိုက်နေချင်ကြတာလဲ]
🍁 Chapter 40
[လူ့သဘာဝက လောဘကြီးတတ်ကြတယ်လေ၊ အမြဲတမ်း မလုံလောက်ဘူးလို့ ခံစားနေရတော့လည်း အခုလို လုယက်တိုက်ခိုက်နေကြတာပေါ့]
[ဟူး!]
ရှုယင်းယင်းသည် သူတစ်ပါးကိစ္စများကို ဆက်လဝေဖန်ချင်မနေတော့ပေ။ မည်သို့ပင်ဆိုစေ သူမက အဆုံးတွင် ဤချမ်း သာကြွယ်ဝသော မိသားစုကြီးထဲသို့ ရောက်ရှိလာခဲ့ပြီ မဟုတ်ပါလား။ ကောင်းကောင်းစား၊ ကောင်းကောင်းနေပြီး ရောင့်ရဲတင်းတိမ်စွာ နေထိုင်သွားမည်။
ကျန်သည့်ကိစ္စများက သူမ ခေါင်းရှုပ်ခံ စဉ်းစားရမည့် အရာများ မဟုတ်ပေ။
ရှုယင်းယင်းသည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ပြီးနောက် တံခါးကို တွန်းဖွင့်ကာ ဝင်သွားလိုက်သည်။
"မန်နေဂျာထန်... ကျွန်မကို ခေါ်တယ်ဆိုလို့ပါ"
"ဝင်ခဲ့... ထိုင်ဦး၊ ဒီစာရွက်စာတမ်းကို အရင် လက်မှတ်ထိုးလိုက်၊ ပြီးမှ ငါ ပြောမယ်"
"ဟုတ်ကဲ့"
ရှုယင်းယင်းသည် စားပွဲ၏ မျက်နှာချင်းဆိုင်ရှိ ကုလားထိုင်ပေါ်တွင် ကျုံ့ကျုံ့လေး ဝင်ထိုင်လိုက်သည်။ ခြေထောက်နှစ်ဖက်ကို စုထားပြီး လက်နှစ်ဖက်ကို ပေါင်ပေါ်တွင် တင်ထားကာ တစ်စုံတစ်ရာကို ကြောက်ရွံ့စိုးထိတ်နေသည့်ဟန်ဖမ်း ထားလေသည်။
ထန်ဝမ်သည် သူမ ဟန်ဆောင်ပန်ဆောင် စိုးရိမ်ပူပန်နေမှုကို မြင်လိုက်ရသောအခါ ရယ်ချင်စိတ်ကို မနည်းထိန်းချုပ်လိုက်ရသည်။ အကယ်၍ သူမသာ ရှုယင်းယင်း စိတ်ထဲကအသံများကို မကြားနိုင်ခဲ့ပါက ဤကောင်မလေးသည် အလွန်သတိထားတတ်ပြီး ကိုယ့်နေရာနှင့်ကိုယ် နေတတ်သူဟု အထင်မှားမိမည်မှာ သေချာလှသည်။
သို့သော် သူမက အတင်းအဖျင်းသတင်းများကို စားသုံးလိုက်သည်နှင့်တစ်ပြိုင်နက် အပြင်ပန်းတွင် ကြောက်တတ်သယောင် ဟန်ဆောင်ထားသမျှ အတွင်းစိတ်ထဲ၌ လုံးဝပြောင်း ပြန်ဖြစ်နေတတ်သည် မဟုတ်ပါလား။
သူမ၏သတ္တိများက မိုးကြိုးနဲ့ လျှပ်စီးများကို စားသုံးထား ၍များ ဖြစ်ပေါ်လာသလားပင် မသိတော့ပေ။ သူမက ဘာမဆိုပြောရဲသလို မည်သည့် အတင်းအဖျင်းမျိုးကိုမဆို စားသုံးရဲသူ ဖြစ်လေသည်။ ထန်ဝမ်သည် နောက်ဆုံးစာချုပ်ကို လက်မှတ်ရေးထိုးပြီးနောက် ဘေးသို့ ဖယ်ထားလိုက်သည်။ ထို့နောက် သူမကို မော့ကြည့်လိုက်ရာ မျက်နှာထက်တွင် ညင်သာသော အပြုံးတစ်ခုက ဖြည်းညှင်းစွာ ပွင့်လန်းလာသည်။
"ဒုတိယမန်နေဂျာရှုနဲ့ အလုပ်တွဲလုပ်ရတာ အသားကျရဲ့လား"
"အသားကျပါတယ်" သူမ ခပ်သုတ်သုတ် ခေါင်းညိတ်ပြလိုက်သည်။
[သူ ငါ့ကို ဒုတိယအဒေါ်ဆီမှာ သူလျှိုလုပ်ပြီး စောင့်ကြည့်ခိုင်းချင်နေတာလား]
ထန်ဝမ်က စိတ်ထဲမှ လှောင်ပြုံး ပြုံးလိုက်မိသည်။ သူ့ စိတ်ထဲကအသံကို အတိုင်းသား ကြားနေရသူတစ်ယောက်ကို သူလျှိုအဖြစ်ခိုင်းရလောက်အောင် သူမဦးနှောက်က အဲ့လောက် မချို့ယွင်းပါဘူး။
သူမ စိတ်ထဲကအသံများ အနှောင့်အယှက်ပေးလာမည်ကို မလွှဲမရှောင်သာ ကြားသိနေရသဖြင့် ထန်ဝမ်သည် စကားလမ်းကြောင်းကို တိုက်ရိုက်ပင် ပြောင်းလိုက်တော့သည်။
"ဒီနေ့ နင် ကျောင်းသွားတုန်းက ရှုယောင်ရဲ့ စိတ်ခံစားချက်အခြေအနေက ဘယ်လိုနေလဲ"
"သူက တော်တော်လေး တည်ငြိမ်ပါတယ်၊ အစအဆုံး အစွန်း ရောက်တဲ့ စိတ်ခံစားမှုမျိုး မပြခဲ့ပါဘူး၊ ဒါပေမဲ့ တစ်ဖက်လူကတော့ သူ့အမေက အားပေးအားမြှောက်လုပ်ဖို့ပါလာလို့ထင်တယ်၊ ပိုပြီး စိတ်လှုပ်ရှားနေသလို မောက်လည်း မောက် မာခဲ့တယ်"
ထန်ဝမ်သည် ရှုယင်းယင်း၏ သွယ်ဝိုက်သော စကားဝှက်ကို ချက်ချင်း နားလည်လိုက်သည်။ ဆိုလိုသည်မှာ သူမ ကိုယ် တိုင်ကျောင်းသို့ မသွားခဲ့သောကြောင့် ရှုယောင်မှာ နောက်ခံအားကိုးစရာမရှိဘဲ အသာစီးမရ ဖြစ်ခဲ့ရသည်ဟု သွယ်ဝိုက် ၍ စွပ်စွဲနေခြင်းပင်။
"ဒီကိစ္စကို တကယ်ဆို ငါ ကိုယ်တိုင် သွားသင့်တာပါ၊ ဒါပေမဲ့ ငါ တကယ် အချိန်မရတာ၊ အခု နင့်ကို ခေါ်လိုက်တာက အခြေအနေ အသေးစိတ်ကို သိချင်လို့ပဲ ဒီည အိမ်ပြန်ရောက်ရင် သူ့ကို သေချာ စကားပြောလို့ရအောင်လို့ပါ"
[အိုး... ဒါက ဘယ်လို ထူးဆန်းတဲ့အတွေးကြီးလဲ၊ ရင်ဖွင့်ချင်ရင် ကာယကံရှင်ကို တိုက်ရိုက်မေးသင့်တာ မဟုတ်ဘူးလား၊ ဘာလို့ တတိယလူဖြစ်တဲ့ ငါ့ကို ကြားခံပြီး မေးမြန်းနေရတာလဲ၊ ငါ့ကိုများ သူကသာ ရှုယောင်အမေပါလို့ လာကြွားနေတာလား]
ထန်ဝမ်သည် တိတ်တဆိတ်ပင် အံ့ကြိတ်လိုက်မိသည်။
"တကယ်တော့လေ ကျွန်မ ရောက်သွားတဲ့အချိန်မှာ ကိစ္စက အကြမ်းဖျင်း ပြီးလုနီးပါးဖြစ်နေပါပြီ၊ တစ်ဖက်မိဘက အပြစ်ရှာဖို့ လုပ်နေပေမဲ့ ဘာလို့မှန်းမသိဘူး၊ ရုတ်တရက်ကြီး ထွက်သွားတယ်၊ ပြီးတော့ ကျောင်းအုပ်ကြီးက တစ်ဖက်လူ အပြစ်မရှာတော့ဘူးဆိုရင် ကိစ္စက ပြီးသွားပြီလို့ ပြောပြီး ကျွန်မတို့ကို ပြန်လွှတ်လိုက်တာပါ"
ရှုယင်းယင်း အသေးစိတ်ကို အမှန်အတိုင်း ပြောပြလိုက်ရာ ထန်ဝမ်မှာ ထိုစကားကို ကြားပြီးနောက် ခေါင်းပိုကိုက်လာသည်ဟု ခံစားလိုက်ရသည်။
ငါ ခန့်မှန်းတာသာ မမှားဘူးဆိုရင်... ရှုယင်းယင်း စိတ်ထဲကနေ အတင်းအဖျင်းတွေ စားပြီး တစ်ဖက်မိသားစုရဲ့အမည်းစက်တွေ အကုန်ဖော်ပစ်လိုက်လို့ တစ်ဖက်လူတွေ အရှက်ကွဲပြီး ထွက်ပြေးသွားတာပဲဖြစ်ရမယ်၊ အခုဆို ကျောင်းအုပ်ကြီးတွေ အားလုံးက ရှုယန်ရွေ့နဲ့ အဲ့မိန်းမရဲ့ အရှက်ရစရာ အရှုပ်တော်ပုံတွေကို သိကုန်လောက်ပြီ'
ထန်ဝမ်မှာ အရှက်ကွဲမည်ကို စိုးရိမ်၍ ရှုယင်းယင်းကို ကိုယ် စားလွှတ်လိုက်မိခြင်းဖြစ်သည်။ သို့သော် ယခုမူ ကျောက်ခဲကိုမကာ ကိုယ့်ခြေထောက်ကိုယ် ပြန်ချလိုက်မိသကဲ့သို့ ဖြစ်သွားခဲ့လေသည်။ ရှုယောင် ဤမျှ ကြီးကြီးမားမားတုံ့ပြန်လာသည်မှာလည်း မဆန်းတော့ပေ။
သောက်ကျိုးနည်း...အခုတော့ သူမ အူတွေတောင် စိမ်းလုမ တတ်နောင်တရနေမိပြီ...
"ကြည့်ရတာ ကြီးကြီးမားမားကိစ္စ မဟုတ်လောက်ပါဘူး၊ တစ်ဖက်လူကလည်း ဆက်ပြီး အပြစ်ရှာစရာ မလိုတော့ဘူးလို့ ထင်သွားလို့ နေမှာပေါ့"
ထန်ဝမ် မသိချင်ယောင်ဆောင်ကာ ပြောလိုက်သည်။
"ဒါနဲ့လေ ရှုယောင်ရဲ့ မျက်နှာပေါ်က ဒဏ်ရာကို မန်နေဂျာထန် သတိထားမိလိုက်လား"
ရှုယင်းယင်း ရုတ်တရက် မေးလိုက်သည်။ ထန်ဝမ်မှာ အံ့အားသင့်သွားရသည်။ သူမ တကယ်ကို သတိမထားမိခဲ့ပေ။ သို့သော် သူမသည် မိခင်တစ်ယောက်ဖြစ်သောကြောင့် ခေါင်းငုံ့မခံချင်သဖြင့် "ငါ မြင်ပါတယ်၊ ယောက်ျားလေးဆိုတော့ မျက်နှာပျက်မှာစိုးလို့ ငါ့ကို ဖွင့်မပြောတာနေမှာပါ၊ ငါက အများကြီး ထပ်မေးလိုက်ရင် သူ စိတ်အနှောင့်အယှက် ဖြစ်သွားမှာ စိုးလို့ပါ"
ရှုယင်းယင်းက နားလည်သွားသည့်ဟန်ဖြင့် ခေါင်းညိတ်ပြကာ "ဟုတ်တယ်"
[ကျွတ်ကျွတ်... နားထောင်ကြည့်စမ်းပါဦး၊ ဒါက လူတွေ လုပ်တဲ့လုပ်ရပ်လား၊ ကိုယ့်သားက မိသားစုရဲ့ အရှုပ်တော်ပုံကြောင့် ကျောင်းမှာ အကြောင်းမဲ့သွားပြီး ဒုက္ခရောက်ခဲ့ရတာကိုထ မိဘတွေဖြစ်တဲ့သူတွေက ကျောင်းကိုလည်း မသွားဘူးအခု သားဖြစ်သူက မျက်စိရှေ့ ရောက်နေတာတောင် ဒဏ်ရာရထားမှန်း ဂရုမစိုက်မိဘူးတဲ့လား]
[ရှန်ရှန်းရဲ့မိထွေးက ကိုယ်ကျင့်တရားပိုင်းမှာ ပြဿနာရှိပေမဲ့ သူမက ကိုယ့်လူကိုယ်တော့ သေချာ ကာကွယ်ပေးတတ်တယ်၊ သူက မိထွေးပဲ ဖြစ်နေပါစေ၊ ကလေးတွေကို အကာ အကွယ်ပေးနိုင်တဲ့သူကိုမှ အမေကောင်းလို့ခေါ်ရတာ၊ ငါ့ရဲ့ ဒုတိယအဒေါ်ကတော့... တကယ်ကို အမေဖြစ်ဖို့မထိုက်တန်ဘူး၊ ဒုတိယဦးလေးကလည်း လူယုတ်မာပဲ]
[ဒါကြောင့်မို့လို့ ငါ သူမကို အဆိပ်ပြင်းတဲ့ မိန်းမယုတ်ကြီးလို့ သတ်မှတ်ထားတာပေါ့၊ ရက်စက်ပြီးကြမ်းကြုတ်တယ်၊ ရှုယောင်တစ်ယောက် အိမ်ပေါ်ကနေ ထွက်ပြေးချင်နေတာလည်း မဆန်းပါဘူးလေ၊ သားသမီးကို ဂရုမစိုက်ဘဲ နေရာ တကာမှာ အရှုပ်အရှင်းတွေချည်းချန်ထားရစ်ခဲ့တဲ့ သူ့မိဘတွေက တကယ်ကို ဘဝဆက်တိုင်းကံဆိုးတာပဲ]
[စဉ်းစားကြည့်လေ... ကလေးကို သေချာမပြုစုပျိုးထောင်ချင်ဘူးဆိုရင် ဘာလို့များ မွေးလာခဲ့သေးလဲ၊ အာဏာနဲ့ ချမ်း သာကြွယ်ဝမှုက အဲဒီလောက်တောင် အရေးကြီးလွန်းလို့ ကိုယ့်သွေးသားအရင်းကိုတောင် အသုံးချဖို့ဝန်မလေးတော့တာလား၊ အိုးမိုင်ဂေါ့... သူက ရှင့်ရဲ့ကလေးလေ၊ လမ်းဘေးက လေလွင့်ခွေးကြောင်မှ မဟုတ်တာ]
[ဟူး... ရုတ်တရက်ကြီး ရှုယောင်ကို သနားသွားမိပြီ၊ အဝတ် အစားကောင်းကောင်းဝတ်ပြီး အစားအသောက်ကောင်း ကောင်း စားရတာ မှန်ပေမဲ့ ဒီလို ဖိအားများတဲ့ မိသားစုမျိုးမှာ မွေးဖွားလာရတာက ရွှေတောင် ငွေတောင်တွေလည်း ပျော်ရွှင်မှု နည်းနည်းလေးနဲ့တောင် လဲလှယ်လို့မရနိုင်ပါဘူး၊ သူ့ရဲ့ အေးစက်ခက်ထန်မှုက သူ့ကိုယ်သူ ကာကွယ်ထားတဲ့ ချပ်ဝတ်တန်ဆာသက်သက်ပဲ၊ အထီးကျန်ဆန်မှုကမှ သူ့ရဲ့ အစစ်အမှန်ပဲ၊ ဒီလိုချမ်းသာတဲ့ မိသားစုမျိုးမှာတော့... ငါလည်း မမွေးဖွားချင်ဘူး]
ထန်ဝမ်သည် သူမ၏ပြင်းထန်သော ဝေဖန်မှုများကို တိတ် ဆိတ်စွာ နားထောင်နေမိသည်။ အံ့ဩစရာကောင်းလောက်အောင်ပင် သူမ ဒေါသထွက်မလာခဲ့ဘဲ စကားမဆွံ့အအောင် မွန်းကျပ်နေသည့် ခံစားချက်မျိုးသာ လွှမ်းခြုံနေခဲ့သည်။
မိခင်တစ်ယောက်၏ တာဝန်ဝတ္တရားများကို သူမ သေချာမထမ်းဆောင်နိုင်ခဲ့သည်မှာ မှန်သည်။ သို့သော် ချမ်းသာကြွယ် ဝသော မိသားစုကြီးတွင် မွေးဖွားလာပြီး ပြည့်စုံလုံလောက်သော ရုပ်ပိုင်းဆိုင်ရာ အခြေအနေများကို ခံစားနေရချိန်တွင် သူ့တာဝန်နှင့် ဝတ္တရားများကိုလည်း ဖြည့်ဆည်းပေးရန် လိုအပ်သည် မဟုတ်ပါလား။
သူမအား အာဏာရယူရန် ကူညီပေးခြင်းနှင့် ဒုတိယအိမ် ထောင်စုအတွက် အကျိုးအမြတ် ပိုမိုရရှိရန် တိုက်ပွဲဝင်ခြင်းတို့မှာ မိသားစုဝင်တစ်ဦးအနေဖြင့် ရှုယောင် ထမ်းဆောင်ရမည့် တာဝန်ပင်။ လူတိုင်းအတွက်လည်း ထိုအတိုင်းသာဖြစ်သည်။
ယခုအချိန်မှာ သူက သူမကို အပြစ်တင်ပြီး မုန်းတီးချင် မုန်း တီးနေနိုင်သည်။ သို့သော် သူသာ သူမနေရာကို ရောက်လာပြီး သူမရာထူးကို ဆက်ခံရမည့်တစ်နေ့တွင် သူမစေတနာကို သဘာဝကျကျနားလည်လာလိမ့်မည်ဖြစ်သည်။ ယခုအချိန်က စိတ်ဓာတ်ကျပြီး ဝမ်းနည်းနေရမည့် အချိန်မဟုတ်ပေ။
"ကောင်းပြီ ငါ မေးစရာ မရှိတော့ဘူး၊ နင် သွားလုပ်စရာရှိတာ သွားလုပ်တော့"
"ဟုတ်ကဲ့"
ရှုယင်းယင်းသည် သူမ အလုပ်စားပွဲသို့ ပြန်လာပြီးနောက် ကုမ္ပဏီမှ ထားရှိပေးထားသော ရှေးဦးသူနာပြုဆေးသေတ္တာကို ထုတ်ယူလိုက်သည်။ သူမ တစ်ခဏမျှ စဉ်းစားပြီးနောက် ရှုယောင်ကို ရှာဖွေရန်ထွက်လာပြီး ဆေးသေတ္တာကိုပါ တစ်ပါတည်း ယူဆောင်သွားလေသည်။
ရှုယောင်သည် ထိုအချိန်တွင် ကုမ္ပဏီအပေါ်ဆုံးထပ်ရှိ အမိုးပွင့်ဥယျာဉ်ထဲ၌ ရှိနေခဲ့သည်။ သူက ခုံတန်းလျားပေါ်တွင် ထိုင်ကာ ပြာလဲ့နေသော ကောင်းကင်ကြီးကို ငေးမောကြည့်နေသည်။
သူ့ပတ်ဝန်းကျင်ရှိ ပန်းမန်များမှာ တစ်ခုနှင့်တစ်ခု အပြိုင်အ ဆိုင် လှပဝေဆာနေကြသော်လည်း သူ့ မျက်နှာအမူအရာမှာမူ အထီးကျန်ဆန်မှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေ သည်။ သူ့ကို အဝေးမှ လှမ်းကြည့်လျှင်ပင် ကူးစက်လွယ်သော အထီးကျန်လွမ်းဆွတ်မှု ခံစားချက်မျိုးကိုပေးစွမ်းနေလေသည်။