← Chapters

အတိုက်အခိုက် ရပ်စဲခြင်း

Vol. 11 Ch. 1001

အတိုက်အခိုက် ရပ်စဲခြင်း

Vol. 11 Ch. 1001

ကြယ်တာရာနဂါးကြီးမှာ ကမ္ဘာပိုက်ကွန်၏အောက်တွင် အော်ဟစ်မြည်တမ်းနေတော့သည်။ ၎င်းမှာ အလွန်စွမ်းအားကြီးမားပါသော်လည်း တစ်စစီပြိုကွဲသွားတော့မည့်အလား တုန်ရီနေပြီဖြစ်သည်။

သို့သော် ၎င်းမှာ ခန္ဓာကိုယ်ကို ထိန်းချုပ်လိုက်ပြီး တန်ပြန်တိုက်ခိုက်ရန် ပြင်နေချိန်တွင် ပိုင်ရှောင်ချန်း၏မျက်ဝန်းများ ဖျတ်ခနဲလက်သွားပြီး သူ၏ပြန်လည်ကုစားနိုင်သော စွမ်းအားများ ပေါ်ထွက်လာတော့သည်။ သူသည် နဂါးကြီးထံမှ ထွက်မပြေးဘဲ လက်သီးကိုဆုပ်လိုက်ပြီး ယခင်က လုံးဝမကြုံတွေ့ရဖူးသည့် ပုံစံဖြင့် နောက်ထပ် ထာဝရဧကရာဇ်လက်သီးတစ်ချက်ကို ထိုးနှက်လိုက်ပြန်သည်။

ထာဝရသွေးစက်များကို ကျွမ်းကျင်တတ်မြောက်သွားခဲ့ပြီးနောက် ပိုင်ရှောင်ချန်းမှာ သူ၏ ထာဝရဧကရာဇ်လက်သီးသည် ယခင်ကကဲ့သို့ ကန့်သတ်ခံထားရခြင်း မရှိတော့ကြောင်း သိလိုက်ရသည်။ သူ၏ ပြန်လည်ကုစားနိုင်သောစွမ်းအားများကြောင့် သူသည် ထိုလက်သီးချက်ကို တစ်ကြိမ်ပြီးတစ်ကြိမ် အသုံးပြုနိုင်စွမ်း ရှိသွားပြီဖြစ်သည်။

သုံးချက်...လေးချက်....ငါးချက်...။

စွမ်းအားကြီးမားလွန်းလှသော လက်သီးချက်ငါးချက်ကို ကြယ်တာရာနဂါးကြီးမှာ လုံးဝတောင့်မခံနိုင်တော့သည်ဖြစ်၍ ၎င်း၏ မီတာသုံးသိန်းရှည်လျားသော ခန္ဓာကိုယ်ကြီးတစ်ခုလုံး ပေါက်ကွဲသွားပြီး ပိုင်ရှောင်ချန်းအပေါ်သို့ စွမ်းအင်တစ်မျိုး ပြင်းထန်စွာ ရိုက်ခတ်သွားတော့သည်။

ထိုပေါက်ကွဲမှုကြီး၏ ပြင်းအားကို ဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းနေသည့် သရဲကြီးဘုရင်ပင် အံ့အားသင့်သွားရပြီး အချိန်မီ မတုံ့ပြန်နိုင်လိုက်ပေ။ ဤနဂါးကြီးမှာ ရှင်းကုံကျစ်တာအိုဂိုဏ်းခေါင်းဆောင်ကြီး၏ ဝှက်ဖဲတစ်ချပ်ဖြစ်ပြီး သရဲကြီးဘုရင်ကို တိုက်ခိုက်ရာတွင် အသုံးပြုရန် တွေးထားခဲ့ပါသော်လည်း ယခုတွင်မူ အနှီ ပြဿနာရှာလွန်းသော ပိုင်ရှောင်ချန်းပေါ်တွင် အသုံးပြုလိုက်ရပြီဖြစ်သည်။

အဝေးမှကြည့်ပါက ကြယ်တာရာနဂါးကြီး၏ ပေါက်ကွဲမှုကြောင့် ပိုင်ရှောင်ချန်းကို ဝါးမျိုတော့မည့်ပါးစပ်ကြီးတစ်ပေါက်ကဲ့သို့ ဘွားခနဲပေါ်လာသည့် ဧရာမ လေပွေကြီးတစ်ခုကို မြင်နိုင်သည်။ ထိုလေပွေကြီး၏ အဖျက်စွမ်းအားမှာ နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်အတွက်ပင် တုန်လှုပ်ဖွယ်ကောင်းနေမည်ဖြစ်၍ ထိုအဆင့်၏အောက်ရှိ ကျင့်ကြံသူများအတွက်ဆိုလျှင် ဖော်ပြနေစရာ လိုအပ်မည် မဟုတ်ပေ။

အဏ္ဏဝါခေါ်သံဂိုဏ်းသားများမှာ အလွန် စိုးရိမ်နေကြပြီဖြစ်သည်။ စုန့်ကျင်းဝမ်၏မျက်နှာမှာ ဖြူဆုတ်နေပြီး မယုံကြည်နိုင်လောက်အောင်ဖြစ်ကာ ကြောက်ရွံ့တုန်ရီနေတော့သည်။ စိတ်စွမ်းအင်နတ်ရေစင် ခေါင်းဆောင်ကြီးမှာ ဧရာမလေပွေကြီးကို စိုးရိမ်တကြီးကြည့်ကာ အသက်ရှူသံများ မြန်ဆန်လာတော့သည်။

သို့သော် လူတိုင်း စိုးရိမ်စိတ်များနှင့် သိလိုစိတ်ပြင်းပြစွာ ကြည့်နေကြစဥ် ပိုင်ရှောင်ချန်း၏ အသံမှာ လေပွေထဲမှ ပေါ်ထွက်လာ၏။

" ခင်ဗျားအစွမ်းက ဒါအကုန်ပဲလား "

သူသည် အပြင်သို့ထွက်နေရင်း မေးမြန်းလိုက်သည်။ သူသည် ဆံပင်များ ရှုပ်ပွနေပြီဖြစ်ပြီး အပြင်းအထန် ဒဏ်ရာရထားသည်။ သို့သော် သူခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း သူ၏အငွေ့အသက်မှာ ပို၍ အားကောင်းလာပြီး သူ၏ဒဏ်ရာများမှာ ကင်းစင်သွားတော့သည်။

လေပွေအပြင်ဘက်သို့ ရောက်သွားသောအခါ သူ၏ခန္ဓာကိုယ်တွင် ဒဏ်ရာလုံးဝမရှိတော့ပဲ သူ၏အငွေ့အသက်မှာ ထိပ်ဆုံးအဆင့်သို့ ပြန်ရောက်နေပြီဖြစ်သည်။

" မဖြစ်နိုင်တာ "

ရှင်းကုံကျစ်တာအိုဂိုဏ်းခေါင်းဆောင်ကြီးမှာ ပင့်သက်ရှိုက်သွားရပြီး မယုံမကြည်နိုင်လောက်အောင်ဖြစ်သွားသဖြင့် နောက်သို့ ဒယိမ်းဒယိုင် ဖြစ်သွားတော့သည်။

သူ၏ ကြယ်တာရာလှံကြီး အရေးနိမ့်သွားသည့်အချင်းအရာကို သူလက်ခံနိုင်သည်။ သူ၏ ကြယ်တာရာနဂါးကြီး ပျက်စီးသွားခဲ့ရသည့် အချက်ကိုပင် သူ လက်ခံနိုင်သေးသည်။ သို့သော် ထိုနဂါးကြီး၏ ပေါက်ကွဲမှုက ပိုင်ရှောင်ချန်းအား မသတ်နိုင်သည့်အချက်မှာ လုံးဝ လက်တွေ့မကျနိုင်လောက်အောင် ဖြစ်နေတော့သည်။ သူ့ကိုကြည့်ရသည်မှာ ဒဏ်ရာရရှိနေသည့်ပုံပင် မပေါ်ပေ။

ရှင်းကုံကျစ်တာအိုဂိုဏ်းခေါင်းဆောင်ကြီးမှာ ထိတ်လန့်ခြောက်ခြားနေပြီဖြစ်၍ ဦးရေခွံများပင် ထုံကျဥ်လာပြီး နှလုံးသားများ တဒိန်းဒိန်းခုန်နေတော့သည်။ နောက်ဆုံးတွင် ပိုင်ရှောင်ချန်းမှာ သူအနိုင်ယူရန် မဖြစ်နိုင်သည့် ပြိုင်ဘက်တစ်ယောက်ဖြစ်ကြောင်း သူလက်ခံလိုက်ရတော့သည်။ ပို၍ ဆိုးသည်မှာ ပိုင်ရှောင်ချန်းသည် သူအရှုံးပေးသည်အထိ သူ့အား အမှန်တကယ် တိုက်ခိုက်နိုင်ကြောင်း သူသိလိုက်ရခြင်းပင်။

" ဒီကောင်က ဘယ်လိုဒဏ်ရာရရ အကောင်းအတိုင်း ပြန်ဖြစ်သွားနိုင်တာပဲ။ ငါ့ရဲ့ နတ်ဘုရားသိုင်းအားလုံးက သူ့ကို ဘာမှတောင် မလုပ်နိုင်ခဲ့ဘူး... ကြည့်ရတာ ငါလက်ဦးမှုဆုံးရှုံးသွားပြီဆိုတော့ အခု သူက ငါ့ကို...တိုက်ခိုက်တော့မယ်ထင်တာပဲ... "

ထိုသို့ဆက်စပ်တွေးတောမိလိုက်သောအခါ ရှင်းကုံကျစ်တာအိုဂိုဏ်း ခေါင်းဆောင်ကြီး၏ မျက်ဝန်းများထဲတွင် ထိတ်လန့်ခြောက်ခြားမှု အရိပ်အယောင်များ ထင်ဟပ်လာတော့သည်။

ရုတ်တရက် သူသည် ဟိုးယခင်နှစ်ပေါင်းများစွာက ကောင်းကင်တံတားဒေသရှိ နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူအားလုံး ကြောက်ရွံ့ခဲ့ရသည့် အစွမ်းထက် ကျင့်ကြံသူတစ်ယောက်အကြောင်းကို ပြန်လည်အမှတ်ရသွားတော့သည်။ ထိုလူမှာ အနှီပိုင်ရှောင်ချန်းနှင့် အလွန်ဆင်တူပြီး ကြောက်မက်ဖွယ်ကောင်းသော ပြန်လည်ကုစားနိုင်စွမ်းများကို ပိုင်ဆိုင်ထားသည့် လူတစ်ယောက်ဖြစ်သည်။

" နာမည်ကျော် သွေးဘိုးဘေးကြီး... "

ရှင်းကုံကျစ်တာအိုဂိုဏ်း ခေါင်းဆောင်ကြီး ရေရွတ်လိုက်တော့သည်။

ဤကဲ့သို့ ပြန်လည်ကုစားနိုင်စွမ်းများကို ပိုင်ဆိုင်ထားသည့် ပိုင်ရှောင်ချန်းကို ကောင်းကင်နှင့်ကမ္ဘာမြေကြီးတစ်ခွင်မှာ ပြိုက်ဘက်ကင်းဟု ဆို၍မရကြောင်း သူကသိသည်။ သို့သော် သူ့အားယှဥ်နိုင်မည့်လူမှာ ကောင်းကင်ဧကရာဇ် သို့မဟုတ် သင်္ချိုင်းစောင့်ကြီးတို့ နှစ်ယောက်သာ ရှိသည်။

အတွေ့အကြုံအရင့်သန်ဆုံး၊ အရည်အချင်းအပြည့်မီဆုံးသော နတ်ဘုရားတစ်ပိုင်း ကျင့်ကြံသူများပင် ပိုင်ရှောင်ချန်းနှင့် ယှဥ်ပြိုင်နိုင်စွမ်းရှိမည်မဟုတ်ပေ။ ထိုနတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများ ပူးပေါင်း၍ သူ့အားတိုက်ခိုက်လျှင်ပင် အနိုင်ရရှိနိုင်ရန်မှာ မသေချာပေ။

" သူ့ကိုအနိုင်ယူနိုင်မဲ့ တစ်ခုတည်းသောနည်းလမ်းက သူ့ရဲ့ ပြန်လည်ကုစားနိုင်စွမ်းကို ဖျက်ဆီးဖို့ပဲ။ အဲဒီလိုမှမဟုတ်ရင် သွေးဘိုးဘေးကြီးကို လုပ်ခဲ့တဲ့အတိုင်း သူ့ကိုလုပ်ရမှာပဲ...ကောင်းကင်ဧကရာဇ်က သူ့ကိုအမှုန့်ချေ၊ သူ့ရဲ့ထာဝရခန္ဓာကိုယ် အစွမ်းကို ထိုးဖောက်ပြီး သူ့ရဲ့ယင်ယန်နတ်ဝိညာဥ်ကို တစ်ခါထဲ ဇီဝိန်ချုပ်ခဲ့တဲ့ နည်းလမ်းမျိုးပဲ "

သရဲကြီးဘုရင်၏ အမူအရာမှာလည်း အလားတူပင်ဖြစ်နေပြီး သူ၏မျက်နှာအမူအရာကို မထိန်းချုပ်နိုင်တော့ပေ။ ပိုင်ရှောင်ချန်း၏ ပြန်လည်ကုစားနိုင်စွမ်းများမှာ စိတ်ကူး၍မရနိုင်လောက်အောင် သာလွန်နေပြီဖြစ်သဖြင့် သရဲကြီးဘုရင် လုံးဝအံ့အားသင့်နေရပြီဖြစ်သည်။

ထို့အပြင် ရှင်းကုံကျစ်တာအိုဂိုဏ်း ခေါင်းဆောင်ကြီးပင်လျှင် ရုတ်ချည်း သွေးဘိုးဘေးကြီးအကြောင်း တွေးမိသွားသဖြင့် ဗဟိုဧကရာဇ်မင်းဆက်၏ ကောင်းကင်ဘုရင်လေးပါးထဲမှ တစ်ပါးဖြစ်သော သရဲကြီးဘုရင်လည်း ထိုသို့တစ်ထပ်တည်း တွေးလိုက်မိသည်မှာ ပို၍ သဘာဝကျပေသည်။

လွန်ခဲ့သောနှစ်ပေါင်းများစွာက သွေးဘိုးဘေးကြီးမှာ ထီးနန်းသိမ်းပိုက်နိုင်ရန်အတွက် ဗဟိုဧကရာဇ်တစ်ပါးနှင့် ယှဥ်ပြိုင်ခဲ့ပါသော်လည်း အဆုံး၌ ကောင်းကင်တံတားဒေသထဲတွင် သေဆုံးသွားခဲ့ရသည်။

ထို နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူနှစ်ယောက် အလွန်အမင်းတုန်လှုပ်နေကြသည်ကို ပိုင်ရှောင်ချန်းက အတိုင်းသားမြင်နေရသည်။ သူက အသက်ပြင်းပြင်းရှူလိုက်ပြီး ရှင်းကုံကျစ်တာအိုဂိုဏ်း ခေါင်းဆောင်ကြီးကိုကြည့်၍ မေးလိုက်တော့သည်။

" ခင်ဗျားကြီးထပ်စမ်းချင်တဲ့ နတ်ဘုရားသိုင်း ရှိသေးလား။ မရှိတော့ဘူးဆိုရင် ကျုပ်အလှည့်ရောက်ပြီပဲ "

" သိပ်ရှိသေးတာပေါ့ကွာ "

ရှင်းကုံကျစ်တာအိုဂိုဏ်း ခေါင်းဆောင်ကြီးက နီမြန်းနေသော မျက်ဝန်းများဖြင့် ထိုသို့ပြန်ဖြေလိုက်သည်။ ထို့နောက် သူသည် ရုတ်တရက် သူ၏လက်ဖြင့် နဖူးကိုတို့ထိလိုက်သောအခါ သူ၏နတ်ဘုရားဝိညာဥ်မှာ အပြင်သို့ ပျံထွက်လာပြီး အထက်ရှိ ကြယ်တာရာများစုံလင်နေသော ကောင်းကင်ကြီးထဲသို့ ပျံတက်သွားတော့သည်။

သူ၏နတ်ဘုရားဝိညာဥ်မှာ ထိုကောင်းကင်နှင့် ပေါင်းစည်းသွားသောအခါ ယခင်ကထက်ပို၍ လင်းလက်တောက်ပသော ကြယ်အလင်းရောင်များ အောက်သို့ဖြာကျလာ၏။

" ဒါ ငါ့ရဲ့ အစွမ်းထက်ဆုံး နတ်ဘုရား သိုင်းပဲ ပိုင်ရှောင်ချန်း။ မင်းရဲ့ပြန်လည်ကုစားနိုင်တဲ့ စွမ်းအားတွေက ဒီတိုက်ကွက်ကနေ မင်းကို ကယ်တင်နိုင်မလား ကြည့်ကြတာပေါ့ "

မျက်စိတစ်မှိတ်အတွင်း ရှင်းကုံကျစ်တာအိုဂိုဏ်း ခေါင်းဆောင်ကြီးမှာ ကြယ်တာရာများစုံလင်နေသည့် ကောင်းကင်ကြီးတစ်ခုအသွင်ဖြင့် အောက်သို့ကျဆင်းလာတော့သည်။

ကောင်းကင်ဘုံများ ရုပ်လုံးပေါ်ပေါက်လာပြီး မြေပြင်ဆီသို့ ကျဆင်းလာကြသည့်အတိုင်းပင်။

" အစွမ်းထက်ဆုံး နတ်ဘုရားသိုင်း ဟုတ်လား "

ပိုင်ရှောင်ချန်း၏ရင်ထဲတွင် ရုတ်တရက် တိုက်ခိုက်လိုစိတ်များ ပြင်းပြလာတော့သည်။ ရှင်းကုံကျစ်တာအိုဂိုဏ်း ခေါင်းဆောင်ကြီးနှင့် သူယှဥ်ပြိုင်ခဲ့သည့် ပထမဆုံးနှစ်ကြိမ်တွင် သူက ခံစစ်ဖက်ကသာ နေခဲ့သည်။ တန်ပြန်တိုက်ကွက်တစ်ကွက်လောက် ပြန်ထုတ်ရန်ပင် သူ မကြိုးပမ်းခဲ့ပေ။ သို့သော် ယခုတွင်မူ သူသည် ဆက်၍ မချုပ်တည်းနိုင်တော့ပေ။ ထို့ကြောင့် လုံးဝတွေဝေမနေပဲ ကျဆင်းလာနေသည့် ကြယ်တာရာကောင်းကင်ကြီးဆီသို့ ပျံတက်သွားတော့သည်။

သူသည် အော်ဟစ်လိုက်ပြီး တောင်ဖြိုသိုင်းနှင့် ထာဝရပြုစားခြင်းသိုင်းတို့ကိုသုံး၍ အရှိန်မြှင့်တင်လိုက်သည်။

မရေမတွက်နိုင်သော ဂြိုဟ်ပေါင်းများစွာ ပိုင်ရှောင်ချန်းအပေါ်သို့ စုဝေးကျရောက်လာကြသည်ဖြစ်၍ တဂျိန်းဂျိန်းမြည်ဟည်းသံများ ထွက်ပေါ်လာတော့သည်။ သူသည် ပြိုလဲလုမတတ်ဖြစ်သွားပါသော်လည်း အသက်ရှူကြိမ်တစ်ကြိမ်ခန့်သာ ကုန်ဆုံးသွားပြီးနောက် အကောင်းအတိုင်း ပြန်ဖြစ်သွားတော့သည်။ ထိုအချိန်တွင် သူသည် သူ၏ ထာဝရဧကရာဇ်လက်သီးကို ထုတ်လွှတ်လိုက်တော့သည်။

လက်သီးတစ်ချက်တည်းနှင့် အလုပ်မဖြစ်ပါက သူသည် ဆယ်ချက်အထိ ထုတ်လွှတ်မည်ဖြစ်သည်။

ဆယ်ချက်နှင့် မအောင်မြင်သေးပါက အချက်တစ်ရာခန့် သုံးမည်ဖြစ်သည်။ ထို့နောက် အချက်တစ်ထောင်...ထို့နောက် အချက်တစ်သောင်းအထိ သုံးရန် သူ အဆင်သင့်ဖြစ်နေသည်။

" ခင်ဗျားကြီး ပျက်စီးသွားစေရမယ် "

သူက အသံကုန်အော်ဟစ်လိုက်၏။ လက်သီးချက်တိုင်းကြောင့် ကြယ်တာရာကောင်းကင်ကြီး အပြင်းအထန် တုန်ရီနေတော့သည်။ အတွင်းပိုင်းတွင်မူ ရှင်းကုံကျစ်တာအိုဂိုဏ်း ခေါင်းဆောင်ကြီး၏ နတ်ဘုရားဝိညာဥ်မှာ မတည်မငြိမ်ဖြစ်နေပြီဖြစ်သည်။ သူသည် အံကြိတ်၍ ကျင့်ကြံခြင်းအခြေခံကို လည်ပတ်စေလိုက်ပြီး တောင့်ထားရန်ကြိုးစားလိုက်သဖြင့် အဖျက်စွမ်းအားများ ပေါ်ထွက်လာပြီး ပိုင်ရှောင်ချန်းဆီသို့ ရောက်ရှိသွားကြသည်။ သို့သော် ပိုင်ရှောင်ချန်းမှာ မည်မျှပင် ဒဏ်ရာရနေစေကာမူ သူ၏ထာဝရသွေးစက်များကြောင့် သူ၏ပြန်လည်ကုသနိုင်စွမ်းများမှာ ကြောက်ခမန်းလိလိဖြစ်နေတော့သည်။

သူသည် မည်သည့်ဒဏ်ရာရသည်ဖြစ်ပါစေ အလျင်အမြန်ပင် အကောင်းပတိအတိုင်း ပြန်ဖြစ်သွားပြီး သူ၏အငွေ့အသက်မှာလည်း ထိပ်ဆုံးအဆင့်ထိ ရောက်သွားရစမြဲပင်။ သူသည် လုံးဝအနိုင်မခံ အရှုံးမပေးပဲ အထက်စီးဆန်နေဟန်တူသည်။ ထိုမြင်ကွင်းကိုကြည့်နေကြသည့် လူတိုင်းမှာ ဆွံ့အနေကြ၏။ သရဲကြီးဘုရင်မှာ ပါးစပ်အဟောင်းသား ဖြစ်နေပြီး ရှင်းကုံကျစ်တာအိုဂိုဏ်း ခေါင်းဆောင်ကြီးမှာလည်း ကောင်းကင်ဘုံကြီးပြိုလဲနေသည့်အလား တုန်လှုပ်ခြောက်ခြားနေတော့သည်။

နောက်ဆုံးတွင် ကြယ်တာရာကောင်းကင်ကြီးမှာ တစ်စစီကွဲအက်သွားသည်။ ကြယ်များ ပေါက်ကွဲသွားပြီး ရှင်းကုံကျစ်တာအိုဂိုဏ်း ခေါင်းဆောင်ကြီး၏ နတ်ဘုရားဝိညာဥ်မှာလည်း ကြောက်ကြောက်လန့်လန့်နှင့် အပြင်သို့ပျံထွက်လာသည်။

ပိုင်ရှောင်ချန်းမှာလည်း ပေါ်ထွက်လာပြီး ရိပ်ခနဲ လျင်မြန်စွာလှုပ်ရှားလိုက်ပြီး ရှင်းကုံကျစ်တာအိုဂိုဏ်း ခေါင်းဆောင်ကြီး၏ နတ်ဘုရားဝိညာဥ်ဆီသို့ ဦးတည်သွားလိုက်တော့သည်။

သူ၏ရည်ရွယ်ချက်မှာ သူ့အားသတ်ရန်မဟုတ်ပဲ သူအရှုံးပေးသည့်အချိန်ထိ ရိုက်နှက်ရန်ဖြစ်သည်။

ရှင်းကုံကျစ်တာအိုဂိုဏ်း ခေါင်းဆောင်ကြီးမှာ ကမ္ဘာဝတ်ရုံကြီးခြုံထားသကဲ့သို့ဖြစ်နေပြီး ကမ္ဘာကြီးထက်ပင်ပို၍သာလွန်သည့် စိတ်ဆန္ဒကို ပိုင်ဆိုင်ထားသည်ဟု ထင်ရသော ပိုင်ရှောင်ချန်းအား လှမ်းကြည့်လိုက်သည်။ သူ၏တိုက်ခိုက်မှုများမှာ ခုခံရန် လုံးဝမဖြစ်နိုင်သည့်ပုံပေါ်နေသဖြင့် ရှင်းကုံကျစ်တာအိုဂိုဏ်း ခေါင်းဆောင်ကြီး၏ တိုက်ခိုက်လိုစိတ်များမှာ ချက်ချင်းပင် ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတော့သည်။ ယခုတွင်မူ သူသည် ပိုင်ရှောင်ချန်းအား အမှန်တကယ် ကြောက်ရွံ့နေပြီဖြစ်သည်။

" ကောင်းပြီ ကောင်းပြီ။ ငါလက်ခံတယ်။ မင်းနဲ့တိုက်ခိုက်ရတာ ပင်ပန်းစရာကောင်းလွန်းတယ်။ အတိုက်အခိုက် ရပ်စဲတယ်။ အတိုက်အထိုက်ရပ်စဲတယ်ကွာ။ ဆက်မတိုက်ခိုက်တော့ဘူး "

All Chapters