အခန်း (၄၁-၄၂)
Vol. 5 Ch. 41-42
🍁 Chapter 41
ရှုယင်းယင်းက ညင်သာစွာ သက်ပြင်းချလိုက်ပြီး တံခါးကို တွန်းဖွင့်ကာ ဝင်လာလိုက်သည်။ ရှုယောင်က ခြေသံကြားသောအခါ လှည့်ကြည့်လာ၏။ သူ့အကြည့်များက ရှုယင်းယင်း မျက်နှာကိုကြည့်ပြီးနောက် သူမလက်ထဲရှိ အရာများထံသို့ ရောက်ရှိသွားသည်။ သူမ ဘယ်ဘက်လက်တွင် နို့ဘူးတစ်ဘူးနှင့် ညာဘက်လက်တွင် ရှေးဦးသူနာပြု ဆေးသေတ္တာ တစ်လုံးရှိနေသည်။ သူ တစ်ခဏမျှ အံ့အားသင့်သွားပြီးနောက် သူ မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။
"အဲဒီနို့ဘူးက ကျွန်တော့်အတွက်လို့တော့ မပြောနဲ့နော်"
ရှုယင်းယင်း နို့ဘူးကို တစ်ချက် ငုံ့ကြည့်ပြီး မေးလိုက်သည်။
"ဘာလဲ... ပြဿနာရှိလို့လား"
"ကလေးတွေပဲ နို့သောက်တာ၊ ကျွန်တော်ကလူကြီး၊ မလိုချင်ဘူး"
ရှုယောင် စိတ်ထဲတွင် ရှုပ်ထွေးနေမိသည်။ ဆေးသေတ္တာလေးက သူ့ကို ဂရုစိုက်ခံရသည်ဆိုသော နွေးထွေးမှုကို ခံစားရစေသော်လည်း ထိုကြောက်စရာကောင်းသည့် နို့ဘူးကမူ ဤနွေးထွေးမှုအားလုံးကို ရေထဲဆွဲချပစ်လိုက်သလိုပင်။
ရှုယင်းယင်း သူ့ကို ကလေးတစ်ယောက်လိုများ ချော့နေတာလား။ သူ နာသွားမှာ ဒါမှမဟုတ် ငိုယိုမှာကိုများ စိုးရိမ်နေလို့လား။
"နင်က အသက် ၁၈ နှစ်တောင် မပြည့်သေးဘူးလေ၊ ကလေး မဟုတ်လို့ ဘာကြီးလဲ"
ရှုယောင်က မကျေမနပ်ဖြင့် မျက်မှောင်ကြုတ်လိုက်သော် လည်း ရုတ်တရက် ပြန်လည်ချေပမည့် စကားလုံးများကို ရှာမတွေ့တော့ပေ။
ကျစ်...
ရှုယင်းယင်းက သူ့ဘေးတွင် ဝင်ထိုင်လိုက်ပြီး နို့ဘူးကို သူ့လက်ထဲသို့ အတင်း ထိုးထည့်ပေးလိုက်သည်။ ထို့နောက် ပိုးသတ်ဆေး၊ ဂွမ်းတံနှင့် အိုင်အိုဒင်းတို့ကို ထုတ်ယူလိုက်သည်။
"မျက်နှာလေး လှည့်ဦး၊ ငါ ဆေးထည့်ပေးမယ်"
ရှုယင်းယင်းက ဂွမ်းတံကိုကိုင်ကာ ပြောလိုက်သည်။ ရှုယောင်ကလည်း ငြင်းဆန်မနေတော့ဘဲ မျက်နှာကို လှည့်ပေးလိုက်သည်။ ဒါကလည်း ဖြစ်သင့်သည် မဟုတ်ပါလား?
ရှုယင်းယင်းက သူ့ မေးစေ့ကို လက်တစ်ဖက်ဖြင့် ငြိမ်အောင် ထိန်းကိုင်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် ဂွမ်းတံကို ယူကာ ပိုးသတ်ပေးပြီး အိုင်အိုဒင်း သုတ်ပေးလိုက်သည်။ ထို့နောက် လိမ်းဆေးကို ညင်သာစွာ သုတ်လိမ်းပေးလိုက်သည်
ရှုယောင်က မျက်လွှာချကာ သူမ လှုပ်ရှားမှုများကို ငေးကြည့်နေမိသည်။ သူ့ မေးစေ့မှတစ်ဆင့် စီးဆင်းဝင်ရောက်လာသော ညင်သာသည့် အထိအတွေ့ကို ခံစားလိုက်ရရာ အချိန်အတော်ကြာ ပျောက်ဆုံးနေခဲ့သော နာကျင်သည့် ခံစားချက်တစ်ခုက သူ့ရင်ထဲတွင် တရိပ်ရိပ်ဖြစ်ပေါ်လာခဲ့သည်။
အိမ်မှ အလုပ်သမား အဒေါ်ကြီးမှလွဲ၍ ရှုယင်းယင်းသည် သူ့ ဒဏ်ရာများကို ကုသပေးသော ပထမဆုံးမိသားစုဝင်ဖြစ်လေသည်။ သူငယ်စဉ်ကတည်းက မျက်ခြည်မပြတ် ဂရုစိုက်ခံခဲ့ရသူဖြစ်သဖြင့် ဒဏ်ရာရခဲလှသည် မဟုတ်ပါလား။
သူက သူ့အမေဖြစ်သူနှင့် ယခုလေးတင် တွေ့ခဲ့သော်လည်း သူ့အား ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်တတ်ရန်သာ တွန်းအားသာပေးခဲ့ပြီး သူ့ကို ဂရုစိုက်ပေးမည့် အရိပ်အ ယောင်ကိုမရှိချေ။ ထိုသို့အမေမျိုးက တကယ်အမေ မဖြစ်သင့်ပေ။
ရှုယင်းယင်းက ရှုယောင်နှုတ်ခမ်းထောင့်မှ ဒဏ်ရာကို သေချာကြည့်လိုက်သည်။ ထိုသည်မှာ အက်ကွဲရာ သေးသေးလေးသာ ဖြစ်သော်လည်း ဒဏ်ရာက အနည်းငယ်နက်ရှိုင်းပြီး အရက်ပျံ ထိသွားသောအခါ စပ်ဖျဉ်းဖျဉ်း ဖြစ်သွားမည်မှာ သေချာသည်။ သို့သော် ရှုယောင်က အရုပ်တစ်ရုပ်ပမာ မည်သည့် တုံ့ပြန်မှုမျှမပြဘဲ ငြိမ်သက်စွာဖြင့် သူမကို ဆေးထည့်ခွင့် ပြုထားလေသည်။
သူ့ခေါင်းမာလွန်းသော အသွင်အပြင်နှင့် ဒုတိယအဒေါ်၏ လျစ်လျူရှုမှုတို့ကို တွေးမိသောအခါ ရှုယင်းယင်း မနေနိုင်တော့ဘဲ ပြောလိုက်သည်။
"နင် သိလား၊ ငိုတတ်တဲ့ ကလေးမှ နို့သောက်ရတာလေ"
ရှုယောင် အနည်းငယ်အံ့အားသင့်သွားသည်။ ဤသည်မှာ သူမထံမှ ထိုစကားကို ဒုတိယအကြိမ်မြောက် ကြားရခြင်းပင်။
ငယ်ငယ်တုန်းကတော့ သူလည်းအရမ်းငိုတက်တာပဲ၊ ရလဒ်ကတော့ နို့သောက်ရဖို့ နေနေသာသာ မုန်းတီးမှုနဲ့ စိတ်အ နှောင့်အယှက် ဖြစ်မှုတွေကိုသာ ဆွဲဆောင်နိုင်ခဲ့သည်။
ဒါပေမဲ့ ကိစ္စမရှိပါဘူးလေ၊ သူက ငိုယိုပြီး အာရုံစိုက်မှုရယူချင်နေတဲ့ ရိုးအတဲ့အရွယ်ကို ကျော်လွန်လာခဲ့တာကြာပြီပဲ၊ တစ်နေ့နေ့ကျရင် သူ ဒီအိမ်ကနေ ဝေးဝေးကိုထွက်သွားတော့မှာ၊ သူ့ကို မျှော်လင့်ချက်တွေပေးပြီး အမြဲတမ်း စိတ်ပျက်အောင်လုပ်နေတဲ့ ဒီအိမ်ကြီးဆီကနေ အဝေးဆုံးကိုပေါ့..
ရှုယောင် မည်သည့် ခံစားချက်မှမပါဘဲ "အဲဒါက တခြားသူတွေအတွက်ပဲ၊ ကျွန်တော့် မိသားစုမှာကတော့ ငိုတဲ့ကလေးက စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းတယ်"
ရှုယင်းယင်းမှာ ဆွံ့အသွားရပြီး သူမရင်ထဲမှ သနားကရုဏာသက်မှုက ပိုနက်ရှိုင်းလာခဲ့သည်။ ထို့ကြောင့် သူမက သူ့ကို သက်သာရာရစေရန် ဆက်လက်၍ ဖျောင်းဖျလိုက်သည်။
"သူတို့က ကိုယ့်ခံစားချက်တွေကိုဖော်ပြဖို့ မကျွမ်းကျင်ကြတာလည်း ဖြစ်နိုင်ပါတယ်၊ သားသမီးတွေအပေါ်ထားတဲ့ မိဘတွေရဲ့ မေတ္တာတရားက တစ်ခါတလေ အရမ်းနက်ရှိုင်းပြီး ထိန်းချုပ်သိမ်းဆည်းထားတတ်ကြတယ်လေ၊ အဘိုးက အဒေါ်အပေါ် အပေါ်ယံမှာ တင်းကျပ်ပြနေပေမဲ့ တကယ် တမ်းကျတော့ ရင်ထဲမှာ ဘယ်သူ့ထက်မဆို ပိုပြီးဂရုစိုက်၊ စိတ်ပူနေသလိုမျိုးပေါ့"
"တကယ်လား"
ရှုယောင် မျက်ခုံးတစ်ဖက် ပင့်တင်ကာ သူမကို စူးစိုက်ကြည့်လိုက်သည်။
"ဒါပေမဲ့ ကျွန်တော် မြင်ခဲ့ရတာကတော့... အဘိုးက ဒုတိယအဒေါ်အတွက် လက်လီရှယ်ယာရှင်တွေဆီက အစုရှယ်ယာ ၇ ရာခိုင်နှုန်းကိုတောင် သိမ်းယူပြီး ကူးချန်ရဲ့ အိတ်ကပ်ထဲကိုထည့်ပေးလိုက်နိုင်တာပဲလေ၊ အဲဒီလူယုတ်မာရဲ့ မျက်နှာအမှန်ကို သူမ မျက်မြင်ကိုယ်တွေ့ မြင်သွားအောင်လို့လေ၊ ပြီးတော့ ကျွန်တော့်မိဘတွေက အစုရှယ်ယာ ၁၁ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတာတောင် အဲ့ဒါကို နည်းလွန်းသေးတယ်လို့ သတ်မှတ်ပြီး သူတို့ရဲ့ အပေးအယူစျေးဆစ်ပွဲတွေမှာအလေး သာဖို့အတွက် ကလေးတစ်ယောက်ကိုတောင် ကိရိယာတစ်ခုလို ဖန်တီးဖို့ဝန်မလေးခဲ့ကြဘူး"
ထိုစကားများအဆုံးတွင် ရှုယင်းယင်းမှာ ရုတ်တရက် ဆွံ့အသွားတော့၏။
[အာ... သူ့မိဘတွေက သူ့ကို ဘာရည်ရွယ်ချက်နဲ့ မွေးခဲ့သလဲဆိုတာကို သူ အမြဲတမ်းသိနေခဲ့တာကိုး၊ ဟူး... ဒီလိုကြည့်ရတော့လည်း ရှုယောင်က ပိုပြီးတောင် သနားဖို့ကောင်းသေးတယ်၊ ဒီကမ္ဘာပေါ်မှာ ဘာလို့များ ဒီလောက်ရက်စက်တဲ့ မိဘတွေရှိနေရတာလဲ]
[တချို့ကလေးတွေက မေတ္တာတရားကြောင့် မွေးဖွားလာကြပေမဲ့ တချို့ကတော့ အကျိုးစီးပွားကြောင့် သက်သက်မွေးဖွားလာကြတာပဲ၊ နင့်ရဲ့ ဒုတိယဦးလေးနဲ့ ဒေါ်လေးကလည်း အဲဒီလိုပဲ၊ ရှန်လင်းလည်း အတူတူပဲ]
"တောင်းပန်ပါတယ်၊ ငါ နင့်ကို နှစ်သိမ့်ပေးနေပေမဲ့ နင့်မိဘတွေရဲ့တာဝန်မဲ့တဲ့ လုပ်ရပ်တွေကို သွယ်ဝိုက်ပြီး ဆင်ခြေပေးနေသလိုများ ဖြစ်သွားလားမသိဘူး၊ ဒီလို ဘက်လိုက်တဲ့ နှစ်သိမ့်မှုမျိုးက မပြောတာထက်တောင် ပိုပြီးနေရခက်စေတယ်၊ တောင်းပန်ပါတယ်"
ရှုယောင် ခပ်ပေါ့ပေါ့သာ ပြုံးလိုက်သည်။
"ခင်ဗျား တောင်းပန်တာကို လက်ခံပါတယ်၊ ခင်ဗျားက စေတနာနဲ့ ကျွန်တော်တို့ မိသားစု မကွဲကွာသွားစေချင်လို့ ပြောတာဆိုတာ သိပါတယ်၊ ဒါပေမဲ့ ကျွန်တော့် မိသားစုရဲ့ နောက်ကွယ်က ရှုပ်ထွေးမှုတွေကို ခင်ဗျား မြင်အောင်ကြည့်သင့်တယ်၊ ကျွန်တော့် မိဘတွေရဲ့ အိမ်ထောင်ရေးက ပုံပျက် ပန်းပျက် ဖြစ်နေသလို သူတို့ရဲ့စိတ်တွေကလည်း ပုံပျက်နေပြီ ဒီလို မိသားစုမျိုးက လုံးဝပြန်ကောင်းလာဖို့ အကြောင်းမရှိဘူး၊ ဒါကြောင့် ကျွန်တော် အဝေးဆုံးကိုထွက်သွားချင်တာ"
"ငါ့အမြင်အရ ပြောရရင်တော့ ငါတို့ မိသားစုကြီးထဲမှာ အပုံမှန်ဆုံးနဲ့ အကောင်းဆုံးအိမ်ထောင်ရေး ဆက်ဆံရေးက အကြီးဆုံးဦးလေးရဲ့ မိသားစုပဲ၊ သူတို့က လူကြီးချင်း သဘောတူပေးစားတဲ့ အိမ်ထောင်ရေး ဖြစ်ပေမဲ့ သူတို့က ဒီအိမ်ထောင်ရေးအတွက် ကိုယ်စီကိုယ်စီ ပါဝင်ဖြည့်ဆည်းပေးနေကြတယ်၊ အကြီးဆုံးဦးလေးက မိသားစုကို ရှာဖွေကျွေး မွေးပြီး အကြီးဆုံးအဒေါ်က ခင်ပွန်းသည်ကို ပြုစုယုယရင်း ကလေးတွေကို သွန်သင်ဆုံးမတယ်၊ လင်မယား နှစ်ယောက် အတူတူ ပူးပေါင်းပြီး အစ်မယောင်ယောင် ကို နူးညံ့သိမ်မွေ့ပြီး၊ ပညာတတ်တဲ့၊ မိန်းကလေးတစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်နိုင်ခဲ့တယ်၊ အချစ်ခံရတယ်ဆိုတဲ့ လုံခြုံမှုမျိုး အပြည့်အဝရှိနေမှသာ ကလေးတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလာမှာလေ"
ရှုယောင် ကျယ်ပြောလှသော ကောင်းကင်ကြီးကို ထပ်မံ ငေးမောကြည့်လိုက်ပြီး သူ့အသံတွင် သက်ပြင်းချသံ ဖျော့ဖျော့လေးတစ်ခုက ရောယှက်ပါဝင်နေသည်။
"ကျွန်တော်တို့ မိသားစုမှာတော့ အဲဒီလိုအရာတွေ ဘယ်တော့မှရှိလာမှာ မဟုတ်ဘူး၊ ဦးလေးနဲ့ အဒေါ်က သူတို့မျက်လုံးထဲမှာတော့ ရည်မှန်းချက်မရှိတဲ့ ရှုံးနိမ့်သူတွေ ဖြစ်ကောင်းဖြစ်နေလိမ့်မယ် ဒါပေမဲ့ ကျွန်တော့် မျက်လုံးထဲမှာတော့ ဒါက အချစ်၊ နွေးထွေးမှု၊ သံယောဇဉ်နဲ့ မိသားစု ချည်နှောင်မှုတွေ အပြည့်အဝပါဝင်တဲ့ အောင်မြင်တဲ့ ဘဝတစ်ခုပဲ"
"ပိုက်ဆံဆိုတာ ကောင်းတဲ့အရာဖြစ်တာ မှန်ပေမဲ့ ပိုက်ဆံတွေ အရမ်းများလာတဲ့အခါ လူတွေကို အခြေခံအကျဆုံး လူ့သဘာဝကနေ သွေဖည်သွားစေပြီး အသိဉာဏ်မဲ့တဲ့ လမ်း လျှောက်နေတဲ့ အလောင်းကောင်တွေ ဖြစ်သွားစေတယ်၊ ဒါကြောင့် ကျွန်တော်က ဟန်ဆောင်ပန်ဆောင်နဲ့ ဒီမိသားစုကနေ ထွက်ပြေးချင်နေတာ မဟုတ်ဘူး၊ ပိုက်ဆံရဲ့ ကျေးကျွန် မဖြစ်ချင်လို့ပဲ ပြီးတော့ သူတို့လို ဘဝမျိုးနဲ့ မရှင်သန်ချင်လို့ပါ"
ရှုယင်းယင်းမှာ အနည်းငယ် အံ့အားသင့်သွားရသည်။ သူက သူမကို ရင်တွင်းဖြစ် စကားများကို ဤမျှထိ အများကြီး ဖွင့်ပြောလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။ သူ့ရင်ဖွင့်စကားပြောဆိုနိုင်ရန်အတွက် သူမအပေါ် မည်မျှတိုင်အောင် ယုံကြည်မှု ရှိနေရမည်နည်း။
"ငါ့ကို အခုလို ရင်ဖွင့်ပြောပြတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ နင်က ပြည့်စုံတဲ့ ဘဝမျိုးကို ပိုင်ဆိုင်ထားလို့ ကိုယ့်ကိုယ်ကိုယ် သက်သေပြချင်ဇောနဲ့ ဟန်ဆောင်အာခံနေတာလို့ ငါ အရင်က အမြဲတမ်းထင်ခဲ့တာ၊ ငါ နားလည်မှုလွဲသွားခဲ့တာပဲ၊ တောင်းပန်ပါတယ်"
"အဲဒါပြောမှ သတိရတယ်၊ ကျွန်တော်ကသာ ခင်ဗျားကို ကျေးဇူးတင်ရမှာ"
"ငါ့ကို ကျေးဇူးတင်ရမယ်?"
ရှုယင်းယင်းမှာ နားမလည်နိုင်အောင် ဖြစ်သွားသည်။ ရှုယောင် တိတ်တဆိတ် ပြုံးလိုက်သည်။
ရှန်ရှန်းရဲ့ အတင်းအဖျင်းသတင်း အကြီးကြီးကို ကျွန်တော်ကို ပြောပေးကျေးဇူးတင်ပါတယ်၊ အဲဒါက ကျွန်တော်ရဲ့ ဒေါသမီးတွေကို ငြိမ်းအေးသွားစေရုံတင် မကဘူး၊ အရမ်းလည်းပျော်စရာကောင်းတယ်၊ တကယ် မိုက်တယ်...
"ခင်ဗျား အလုပ်ဆင်းဖို့ အချိန်ဘယ်လောက်လိုသေးလဲ၊ ကျွန်တော် ပျင်းလွန်းလို့သေတော့မယ်"
မြန်မြန်လေး ဖရဲသီးသွားစားကြရအောင် ကျဲရေ!
🍁 Chapter 42
ရှုယင်းယင်းက နာရီကို တစ်ချက်ကြည့်လိုက်ပြီး အနည်းငယ် ဂနာမငြိမ် ဖြစ်လာကာ ရုတ်တရက် လျှို့ဝှက်စွာဖြင့် ရှေ့သို့ တိုးလာပြီး တိုးတိုးလေး ပြောလိုက်သည်။
"ဒီလိုလုပ်ရင်ကော၊ ငါ အလုပ်ပျက်လိုက်မယ်လေ"
"ရလို့လား"
ရှုယောင်က စိတ်အားထက်သန်စွာဖြင့် ချက်ချင်း မေးလိုက်သည်။
"ဒါပေါ့... ခွင့်တိုင်လိုက်ရုံပဲဟာ၊ ငါ့ကို ဒီမှာ ခဏစောင့်နေ"
ထိုစကားကို ပြောခဲ့ပြီးနောက် သူမ ဆေးသေတ္တာကို ဆွဲယူကာ ကပျာကယာ ပြေးထွက်သွားတော့သည်။ ရှုယောင်သည် သူမ ပြေးထွက်သွားသော ကျောပြင်လေးကို ကြည့်ရင်း သူ့မျက်ဝန်းထဲမှ အပြုံးရိပ်များ ပိုမိုနက်ရှိုင်းလာခဲ့သည်။ အကယ်၍ သူ တကယ်ပဲ တစ်နေ့နေ့မှာ ဒီအိမ်ကြီးကနေ ထွက်သွားခဲ့ရရင်... သူ့ဝမ်းကွဲအစ်မလို လူမျိုးကိုတော့ သူ အရမ်းလွမ်းမိမှာ...
ရှုယင်းယင်း အိမ်တွင်ကိစ္စရှိ၍ အရင်ပြန်ရမည်ဟု အကြောင်းပြကာ ဆွန်းမင်ထံ ခွင့်တိုင်လိုက်ရာ ဆွန်းမင်က ကူးချန် ထောင်ကျသွားပြီဆိုသော သတင်းကိုချက်ချင်း သတိရသွားသည်။
မိသားစုကိစ္စတွေမှာ ပိုပါဝင်မှသာ သူတို့ရဲ့ စိတ်ထဲကအသံကို ကြားပြီး သူတို့ရဲ့ ရည်ရွယ်ချက်တွေကို ခန့်မှန်းဖို့ အခွင့်အ ရေးရမှာ၊ ပြီးတော့ တိကျမှန်ကန်စွာ တုံ့ပြန်နိုင်ပြီး ကိုယ့်ကိုယ်ကိုယ် ဉာဏ်ပညာရှိရှိကာကွယ်နိုင်မှာလေ
ထို့ကြောင့် သူမက ဘာမှ ထပ်မတွေးတော့ဘဲ ချက်ချင်းပင် ခွင့်ပြုပေးလိုက်သည်။
ကျန်းရှင်းသည်တော့ ရုတ်တရက် ပေါ်လာသော လူနှစ်ဦးကို ကြည့်ကာ အံ့အားသင့်သွားပုံရသည်။
"မင်္ဂလာညနေခင်းပါ အဒေါ်"
ရှုယောင် ရိုသေစွာ နှုတ်ဆက်လိုက်သည်။ ကျန်းရှင်း သတိပြန်ဝင်လာပြီး အိမ်ထဲသို့ ဖိတ်ခေါ်လိုက်သည်။
"မြန်မြန်... ဝင်ခဲ့ကြလေ"
သူမက ရှုယောင် နှုတ်ခမ်းထောင့်မှ ဒဏ်ရာကိုတစ်ချက် တည်းဖြင့် မြင်လိုက်သော်လည်း အလျင်စလို မမေးမြန်းသေးဘဲ လူများကို ဧည့်ခန်းဆီသို့ တန်းတန်းမတ်မတ် ခေါ်သွားကာ နေ့လယ်စာ ပြင်ဆင်ရန် အမိန့်ပေးပြီးနောက် သူတို့နှစ်ဦး၏မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။
"သားတို့ လမ်းတစ်ဝက်မှာ ဆုံခဲ့ကြတာလား"
ကျန်းရှင်း သတိထား၍ မေးလိုက်သည်။
"မဟုတ်ပါဘူး၊ ဒုတိယဒေါ်လေးက ကျွန်မကို ရှုယောင်ရဲ့ ကျောင်းကိစ္စ သွားဖြေရှင်းပေးဖို့ ခိုင်းလိုက်တာပါ၊ ကိစ္စပြီးတော့ အတူတူပြန်လာကြတာပါ"
ကျန်းရှင်း ရှုယောင် နှုတ်ခမ်းထောင့်များကို ထပ်မံ ကြည့်လိုက်ပြီး နောက်ဆုံးတွင် မေးလိုက်သည်။
"သားရဲ့ ဒဏ်ရာက ဘယ်လိုနေသေးလဲ၊ ဆရာဝန်ခေါ်ပြီးပြဖို့ လိုသေးလား"
"မလိုပါဘူး၊ ကျဲ ကျွန်တော့်အတွက် ဆေးထည့်ပေးပြီးပါပြီ"
ကျဲ ဆိုသည့် စကားလုံးကြောင့် ကျန်းရှင်းနှင့် ရှုယင်းယင်းတို့ တစ်ပြိုင်နက်တည်း အံ့အားသင့်သွားကြသည်။ သူတို့နှစ်ဦး၏အံ့ဩမှင်သက်မှုကို သတိထားမိလိုက်သောအခါ ရှုယောင်မှာ သူ စကားမှားသွားကြောင်း ထိတ်လန့်စွာသိလိုက်ရသည်။
သူက တည်ငြိမ်ဟန်ဆောင်ကာ လက်ဖက်ရည်ခွက်ကို ယူပြီး မျက်လွှာချကာ လက်ဖက်ရည်ကို တစ်ငုံချင်းသောက်ရင်း ဘာမှမသိသယောင် ဟန်ဆောင်နေလိုက်သည်။
[အား!!!! သူ ငါ့ကို ကျဲလို့ ခေါ်လိုက်တာလား၊ အိုးမိုင်ဂေါ့! ချမ်းသာတဲ့လူဆိုးလေးက သူ့ရဲ့အစွယ်တွေကို သိမ်းလိုက်ပြီပေါ့... ဝါး!]
[နင် နားမလည်ပါဘူး၊ ရှုယောင်က တော်တော်လေးလူစိမ်းကြောက်တတ်တာ၊ သူ့ရဲ့ ယုံကြည်မှုကို ရဖို့ဆိုတာ တော်ရုံ မလွယ်ဘူး၊ ဒါပေမဲ့ ဒီလိုဆိုတော့လည်း... ငါ သူနဲ့ ပူးပေါင်းဖို့ ပိုပြီးစိတ်အေးရပြီ၊ ကိုယ့်လူဆို ဘယ်တော့မှသစ္စာမဖောက်ဘူးလေ၊ ပြီးတော့ သူက ဒုတိယဦးလေးနဲ့ ဒေါ်လေးလို ငါတို့ မိသားစုရဲ့ လျှို့ဝှက်ချက်တွေကို သေချာပေါက်ပေါက်ကြားအောင် လုပ်မှာမဟုတ်ဘူး]
ကျန်းရှင်း ရှုယောင်ကို ပြုံး၍ကြည့်လိုက်သည်။ သူမက ဤကလေးအတွက် အမြဲတမ်းသနားကရုဏာ သက်နေမိသည်။ သူက သိသိသာသာကို အရမ်းတော်ပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း ရှိသော်လည်း မိဘများ၏အချစ်ကိုတော့ မရနိုင်ခဲ့ပေ။ အဲဒါ ကလေးတစ်ယောက်အတွက် သေချာ ပေါက် အသေစေနိုင်ဆုံးထိုးနှက်ချက်နဲ့ အနာကျင်ရဆုံး အရာပဲ။
သူက အထီးကျန်မှုနဲ့ မိဘတွေရဲ့ လျစ်လျူရှုမှုကို ခံနိုင်ရည်ရှိပြီး အမြဲတမ်း ထူးချွန်ကာ ကလေးအများစုထက် သာလွန်နေခဲ့တယ်၊ ဒီလိုကလေးမျိုးကို တခြား မိသားစုတွေမှာသာ ထားလိုက်ရင် သေချာပေါက် အားလုံးရဲ့ အသည်းကျော် အချစ် တော် ဖြစ်နေမှာပဲ၊ ဒါပေမဲ့ ဒုတိယမိသားစုမှာ မွေးဖွားလာရတာကတော့ ကံဆိုးမှုတစ်ခုပဲ...
အခု သူက ယင်းယင်းနဲ့ သူငယ်ချင်းဖြစ်နိုင်တာက ကောင်းတဲ့ကိစ္စပဲ၊ သူ့ မိဘတွေ မပေးနိုင်တဲ့ နွေးထွေးမှုနဲ့ ဂရုစိုက်မှုတွေကို အဒေါ်တစ်ယောက်အနေနဲ့ သူမကတော့ အပြည့်အဝ ပေးနိုင်တယ်...
ရှုယောင်သည် ရှုယင်းယင်းက သူ့အား ကိုယ့်လူဟု ခေါ်သည်ကို ကြားလိုက်ရသောအခါ ရင်ထဲကြည်နူးပျော်ရွှင်သွားပြီး နှုတ်ခမ်းထောင့်များကို တွန့်ကွေးကာ ပြုံးလိုက်မိသည်။
ရှုယင်းယင်းက ပတ်ဝန်းကျင်ကို အမှတ်တမဲ့ ဝေ့ဝဲကြည့်ကာ မေးလိုက်သည်။
"မား... ပါးနဲ့ ကျဲပြန်ရောက်ပြီလား"
ကျန်းရှင်းက အချိန်ကို တစ်ချက်ကြည့်ပြီး ပြုံး၍ဖြေလိုက်သည်။
"အလုပ်ဆင်းဖို့ တစ်နာရီလောက် လိုသေးတယ်လေ၊ ပြီးတော့ သူတို့နှစ်ယောက်က ဌာနတစ်ခုတည်းမှာ မဟုတ်တော့ အတူတူ ပြန်လာချင်မှ ပြန်လာကြမှာပေါ့"
ရှုယင်းယင်းက နားလည်သွားသည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် မျက်လွှာချကာ လက်ဖက်ရည် သောက်ရင်း ရှုယောင်ကို တံတောင်ဆစ်ဖြင့် တိတ်တဆိတ်ပုတ်၍ အချက် ပြလိုက်သည်။ ရှုယောင်က အရိပ်အမြွက်ကို ချက်ချင်းရိပ်မိပြီး ရုတ်တရက် အံ့ဩသွားသည့်ဟန်ဆောင်လိုက်သည်။
"စောစောက ဒီကိုလာတဲ့ လမ်းမှာလေ၊ ဦးလေးနဲ့ ဝမ်းကွဲအစ်မတို့ ဈေးဝယ်စင်တာထဲကို အတူတူဝင်သွားတာတွေ့လိုက်တယ်၊ သူတို့ အခုချိန်လောက်ဆိုပြန်ရောက်နေပြီလို့တောင် ထင်နေတာ"
"သူတို့က ဘာလို့ ရုတ်တရက်ကြီး ဈေးဝယ်စင်တာကို သွားရတာလဲ"
"ဖောက်သည်နဲ့ သွားတွေ့တာ နေမှာပေါ့၊ တတိယလူ တစ်ယောက်လည်း ရှိတယ်နဲ့တူတယ်"
သုံးယောက်လား ?
ကျန်းရှင်းမှာ နားမလည်နိုင်အောင် ဖြစ်သွားပြီး ရှုယင်းယင်းကို မသိစိတ်မှ ခိုးကြည့်လိုက်မိသည်။ သူ့ သမီးဖြစ်သူနှင့် ရှုယောင်တို့ အိမ်သို့ စောစောပြန်လာစဉ်က ပြောစရာတစ်ခုခု ရှိနေသည်ဟု သူမ အမြဲတမ်းခံစားနေရသော်လည်းအကြောင်း ပြချက် တစ်ခုခုကြောင့် သူတို့က တွေဝေနေကြပုံရသည်။
ဖြစ်နိုင်တာက...
[ညီမလေးက သူ့အမေအရင်းနဲ့ သီးသန့် တွေ့ဆုံတဲ့ ကိစ္စကို အမေ တွေးမိမလား မသိဘူး]
ကျန်းရှင်း မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားသည်။ တကယ်ပဲ... ဖြစ်လာမယ့်ကိစ္စက ဖြစ်လာတာပဲ၊ ယောင် ယောင်က သူမရဲ့ အမေအရင်းနဲ့ သီးသန့် တွေ့ဆုံမယ်ဆိုတာကို သူမ တွေးမိနိုင်ပေမဲ့ ရှုယန်ဝမ်က ဘာလို့ အဲဒီမှာ ရှိနေရတာလဲ...
ကျိုးရှင်းရီက ရှုယန်ဝမ်ကို အရင်ရှာပြီးမှ... သူ့သဘောတူခွင့်ပြုချက်နဲ့ သားအမိနှစ်ယောက် အသိအမှတ်ပြုဖို့ စီစဉ်ပေးတာများလား ?
ကျန်းရှင်း မျက်လုံးများမှာ တစ်ခဏမျှ မူးဝေသွားသော် လည်း ရှုယင်းယင်း ပြောခဲ့ဖူးသောအကြောင်းက သူမစိတ်ထဲတွင် ရုတ်တရက် ၀င်လာသည်။ ငါ ကျန်းမာရေးကို သေချာဂရုစိုက်ရမယ်၊ မဟုတ်ရင် အဲဒီ မိသားစု သုံးယောက်အတွက် သက်သာရာရသွားလိမ့်မယ်...
သူတို့သုံးယောက် ဈေးဝယ်စင်တာကို အတူတူ သွားကြသည့် မြင်ကွင်းကို တွေးမိသောအခါ ကျန်းရှင်းမှာ ရုတ်တရက် အသက်ရှူကြပ်လာသလို ခံစားလိုက်ရပြီး မသိစိတ်မှ လက်ကို မြှောက်ကာ ရင်ဘတ်ကိုဖိထားလိုက်မိသည်။
[အိုးမိုး... အိုးမိုး... မေမေ့ မျက်နှာက အရမ်းဆိုးရွားနေတာပဲ၊ ပြီးတော့ သူမရဲ့ ရင်ဘတ်ကိုလည်း ဖိထားတယ်ဆိုတော့ ပါးနဲ့ သူါအချစ်ဦးတို့ရဲ့ သီးသန့် တွေ့ဆုံမှုကိုများ သူ တွေးမိသွားတာလား၊ ရှုယောင်ရဲ့အရိပ်အမြွက်က အလုပ်ဖြစ်သွားပြီလား]
ကျန်းရှင်း: သမီးလိမ္မာလေးရဲ့ ကျေးဇူးကြောင့်လေ :)