အခန်း (၄၃-၄၄)
Vol. 5 Ch. 43-44
🍁 Chapter 43
ရှုယင်းယင်းနှင့် ရှုယောင်တို့ အချင်းချင်း အဓိပ္ပာယ်ပါပါ အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် အနည်းငယ် သက်သာရာရသွားကြသည်။ ယခု သူတို့လုပ်ရမည့်အရာမှာ ထိုပစ်မှတ်နှစ်ဦး အိမ်သို့ ပြန်ရောက်လာမည့်အချိန်ကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းရန်သာ။
အချိန်များတစ်မိနစ်ပြီးတစ်မိနစ် တရွေ့ရွေ့ ကုန်ဆုံးသွားသည်နှင့်အမျှ သူတို့နှစ်ဦးမှာ ဧည့်ခန်းထဲတွင် လက်ဖက်ရည်ကို အေးအေးဆေးဆေး သောက်နေသကဲ့သို့ အပြင်ပန်းတွင် ထင်ရသော်လည်း တကယ်တမ်း၌မူ အားလုံး၏စိတ်အာရုံမှာ အခြားတစ်နေရာသို့ ရောက်ရှိနေကြလေ၏။
ကံကောင်းထောက်မစွာဖြင့် ၎င်းတို့နှစ်ဦးမှာ သူတို့ မျှော်လင့်ထားသည်ထက် စော၍ အိမ်သို့ ပြန်ရောက်လာကြသည်။ ထို့ပြင် ပို၍ ထူးဆန်းသည်မှာ သံသယဖြစ်စရာများကို အနည်းငယ်မျှ ရှောင်လွှဲခြင်းမရှိဘဲ တံခါးပေါက်မှ အတူတကွ ဝင်လာကြခြင်းပင်။
[ဟယ်... သူတို့ တကယ်ကြီး အတူတူပြန်လာတာပဲ၊ သူတို့က သံသယဖြစ်စရာတွေကို ရှောင်ဖို့တောင် မပြင်ဆင်ထားကြတာလား ဒါမှမဟုတ် မေမေ့ကိုလှည့်စားဖို့ အတူတူ ပူးပေါင်းကြမယ်လို့ ဆုံးဖြတ်လိုက်ကြတာများလား]
[အမေ့ကွယ်ရာမှာ သမီးဖြစ်သူက အမေ့ရဲ့ယောကျာ်းနဲ့ မကြာခဏ သီးသန့်တွေ့ဆုံပြီး အိမ်ထဲကို ဝံပုလွေတစ်ကောင်ကို ဖြည်းဖြည်းချင်းသွေးဆောင်ခေါ်လာပြီး နောက်ဆုံးမှာ အမေ့ကို အိမ်ပေါ်ကနေနှင်ချဖို့များ အကြံအစည် ရှိနေကြတာလား]
စနစ်က အလွန်ဒေါသထွက်စွာဖြင့် သူမအား ပြောလာသည်။
[ကျစ်ကျစ်... ချမ်းသာတဲ့သူတွေက ဘယ်လောက်တောင် နှလုံးသားမရှိကြဘူးလဲဆိုတာ သေချာသွားပြီ၊ ဒီနေ့သာ ငါတို့ မတွေ့ခဲ့ဘူးဆိုရင် နင့်ရဲ့ ချမ်းသာတဲ့အမေက ခေါင်းပေါ်မှာ ချိုပေါက်သွားပြီပေါ့၊ သောက်ခွေးလိုကောင်! တောက်!]
အပြစ်မရှိဘဲ ကျိန်ဆဲခံလိုက်ရသော ရှုယန်ဝမ်: "......"
(ငိုချင်သော အီမိုဂျီ)
ရှုယောင်က ဖခင်ဖြစ်သူ၏အင်္ကျီစကို တိတ်တဆိတ် လှမ်းဆွဲလိုက်ပြီး နှစ်သိမ့်ပေးသည့် အကြည့်ဖြင့် ငဲ့ကြည့်လိုက်သည်။
ရှုယန်ဝမ်က သူ့ မတရားခံရမှုများကို ရင်ထဲတွင် မြိုသိပ်ကာ အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ သို့သော် သူ ခေါင်းပြန်မော့လိုက်ချိန်တွင် ကျန်းရှင်း၏အေးစက်စူးရှသော အကြည့်များနှင့် တိုက်ရိုက်ဆုံလိုက်ရသည်။
သူက အပြုံးတစ်ခုကို အတင်းညှစ်ထုတ်ကာ "မိန်းမ... ကိုယ်တို့ ပြန်လာပြီ"
ကျန်းရှင်း သမီးဖြစ်သူ၏ စိတ်ထဲကအသံကို ကြားနိုင်သည်ဟူသော လျှို့ဝှက်ချက်ပေါက်ကြားသွားမည်ကို စိုးရိမ်သဖြင့် သူမဒေါသကို မြိုသိပ်ကာ အပြုံးပန်းဆင်မြန်း၍ ဆီးကြိုလိုက်သည်။
"တိုက်ဆိုင်လိုက်တာ... တကယ်ကြီး အတူတူပြန်လာကြတာပဲ"
သူမ၏ စူးစမ်းရှာဖွေလိုသော အကြည့်များက သူတို့နှစ်ဦးလုံးကို တစ်ပြိုင်နက်တည်း ဝေ့ဝဲကြည့်လိုက်ရာ သူတို့နှစ်ဦးမှာ ဘာစကားမှမဆိုဘဲ ပြုံးရုံသာ ပြုံးနေကြပြီး သူမအကြည့်များကို တိတ်တဆိတ် ရှောင်လွှဲကာ အိမ်ထဲသို့ ဖိနပ်လဲ၍ ဝင်လာကြသည်။
ဟွန့်... သူတို့က တကယ်ကို ဉာဏ်များကြတာပဲ...
ကျန်းရှင်းက စိတ်ထဲမှ အပြစ်တင်လိုက်ပြီးနောက် သူတို့နောက်မှ ဧည့်ခန်းဆီသို့ မလိုလားစွာဖြင့် လိုက်ပါသွားခဲ့သည်။
၎င်းတို့နှစ်ဦးက တိတ်တဆိတ် အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်နေလိုက်ကြသည်။
သို့သော် ဧည့်ခန်းထဲတွင် ထိုင်နေသော ရှုယောင်ကို မြင်လိုက်ရသည့် အခိုက်အတန့်တွင်မူ သားအဖနှစ်ဦးမှာ အံ့အားသင့်သွားကြသည်။ သူ ဘာလို့ ဒီကိုရောက်နေတာလဲ?
"အားယောင် ရောက်နေတာပဲ၊ ဒီနေ့ သား ကျောင်းသွားစရာ မလိုဘူးလား" ရှုယန်ဝမ် အမှတ်မထင် မေးလိုက်သည်။
"ဒီနေ့က လပတ်စာမေးပွဲရဲ့ နောက်ဆုံးနေ့လေ၊ နေ့လယ်ပိုင်းကတည်းက ကျောင်းပိတ်တာ"
ရှုယန်ဝမ်က နားလည်သွားသည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ ထိုစဉ် သူ၏ နှုတ်ခမ်းထောင့်ရှိ ဒဏ်ရာကို မြင်သွားကာ စိုးရိမ်တကြီးဖြင့် "သား မျက်နှာမှာ ဒဏ်ရာရထားတာပဲ... ဘယ်လိုဖြစ်တာလဲ၊ ဆရာဝန် ပြပြီးပြီလား"
ရှုယောင်က လက်ကို မြှောက်ကာ နှုတ်ခမ်းထောင့်ကို ထိကြည့်လိုက်ပြီး ဂရုမစိုက်စွာဖြင့် "ဒဏ်ရာ သေးသေးလေးပါ၊ ကျဲက ကျွန်တော့်ကို ဆေးထည့်ပေးပြီးပါပြီ၊ ဦးလေး စိုးရိမ်စရာ မလိုပါဘူး"
ထို ကျဲဆိုသည့် စကားလုံးကြောင့် သူတို့နှစ်ယောက်မှာ တစ်ပြိုင်နက်တည်း မှင်သက်အံ့ဩသွားကြသည်။
ငါ မှတ်မိတာ မမှားဘူးဆိုရင် ဒါက ရှုယင်းယင်းနဲ့ ရှုယောင်တို့ ပထမဆုံးအကြိမ်တွေ့ဖူးတာလေ၊ ဘယ်လိုလုပ် ဒီလောက်တောင် ရင်းနှီးသွားသလို ခံစားရတာလဲ၊ ထူးဆန်းလိုက်တာ၊ ဒီနေ့ တစ်ခုခုတော့ ပုံမှန်မဟုတ်ဘူး..
သားအဖနှစ်ဦးမှာ ထပ်မံ၍ အကြည့်ချင်းဖလှယ်လိုက်ကြပြီး သူတို့ စိတ်ထဲတွင် တိတ်တဆိတ် တွက်ဆနေကြသည်။
ကျန်းရှင်းက ရှုယင်းယင်းတို့ အတူတူ ပြန်လာရသည့် အကြောင်းရင်းကို ရှင်းပြပြီးနောက ဖြည့်ပြောလိုက်သည်။
"အားယောင် အခုလေးတင် ကျွန်မကိုပြောတာ ရှင်တို့ကို ဈေးဝယ်စင်တာမှာ တွေ့ခဲ့တယ်ဆိုပြီးလေ ကျွန်မအစက မယုံခဲ့ဘူး၊ ဒါပေမဲ့ ရှင်တို့နှစ်ယောက် တကယ်ကြီး အတူတူပြန်လာတာပဲဆိုတော့ ဧည့်သည်တွေနဲ့ သွားတွေ့ကြတာလား"
ရှုယန်ဝမ်ရင်ထဲတွင် ရယ်ချင်စိတ်တစ်ခုက ဖြတ်ပြေးသွားပြီး ရှုယောင် ဤအိမ်သို့ရောက်နေရသည့် အကြောင်းရင်းကို သူ သဘောပေါက်သွားပြီဖြစ်သည်။
သူက ယင်းယင်း အကူအညီတောင်းပြီးခေါ်လာတဲ့ သက်သေ တစ်ယောက်ပဲနေမှာ၊ ကျန်းရှင်းကို သံသယဝင်လာအောင် လှုံ့ဆော်ပေးဖို့ တာဝန်ယူထားတဲ့သူပဲဖြစ်မယ်၊ ဘာလို့လဲဆိုတော့ ယင်းယင်းကိုယ်တိုင် တိုက်ရိုက်ပြောလိုက်ရင် မိဘတွေက အထင်လွဲသွားပြီး ယောင်ယောင်နဲ့ သူတို့ရဲ့ ဆက်ဆံရေးကို ထိခိုက်စေမှာကို စိုးရိမ်လို့ပဲ၊ ဒါကြောင့် အပြင်လူ တစ်ယောက်ကို ရှာပြီး လိမ်ညာမှုတွေကို သွယ်ဝိုက် ဖော်ထုတ်ဖို့နဲ့ ကျန်းရှင်းရဲ့ အခွင့်အရေးနဲ့ အကျိုးစီးပွားတွေကို ကာကွယ်ပေးဖို့လုပ်တာပဲ၊ ပြီးတော့ သူတို့က ကျိုးရှင်းရီနဲ့ သီးသန့် တွေ့ဆုံတာကို အချိန်မီ တားဆီးဖို့လုပ်နေတာပဲ...
ပုံမှန်ဆိုလျှင် သူသည် သမီးဖြစ်သူ၏ဉာဏ်ပြေးမှုကို ဂုဏ်ယူနေရမည်ဖြစ်သေည်လည်း ယခုအခါတွင်မူ ဖြေရှင်းရခက်ခဲသော ခေါင်းခဲစရာကိစ္စတစ်ခုအဖြစ်သာ ခံစားနေမိသည်။
သူ့သမီးနဲ့ ဇနီးကို တစ်ပြိုင်နက်တည်း လှည့်စားဖို့ သူ ဘယ် လိုဇာတ်လမ်း ဆက်ဆင်ရပါ့ ?
ရှုယန်ဝမ်က ရှုယောင်ကိုမကြည်တော့သော အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်သည်။ ဒါပေါ့၊ သူ့ရဲ့အပြစ်တင်ချင်တဲ့စိတ်ကိုတော့ သိသိသာသာကြီး ပြလိုက်လို့မရဘူးလေ။
ရှုယောင်မှာ တစ်ခဏမျှ ဆွံ့အသွားပြီးနောက် မတတ်သာဘဲ ရှင်းပြလိုက်ရသည်။
"အင်း... ဧည့်သည်က ရုတ်တရက်ချိန်းလိုက်လို့ပါ၊ ဈေးဝယ်စင်တာမှာ ပါးနဲ့ မတော်တဆဆုံတာလေ၊ ပါးလည်း ဧည့် သည်နဲ့ ချိန်းထားတာ ရှိတယ်၊ မင်ယာကောစားသောက်ဆိုင်မှာလေ"
ကျန်းရှင်း ပြုံး၍ "ဒါဆို... ဧည့်သည်က ယောကျာ်းလေးလား၊ မိန်းကလေးလား"
ရှုယန်ဝမ် နဖူးကြောများ ရုတ်တရက် ထောင်တက်သွားသည်။ ဒါက လုံးလည်ခြာလည်လိုက်ပြီးကို စုံစမ်းနေတာမဟုတ်လား...
မိန်းမရေ... ကိုယ်က လိမ်ပြောတာ တကယ် မကျွမ်းကျင်ပါဘူးကွာ
ရှုယန်ဝမ်က ရှုယောင်ထံမှ အကူအညီ ထပ်မတောင်းမီမှာပင် ယောင်ယောင်က ဝင်ပြောသည်။
"သမီး သွားတုန်းက ပါးက ဖောက်သည်ကိုလိုက်ပို့နေတာ၊ သမီးက ရှန်းဟုန် gp က ဒုတိယမန်နေဂျာနဲ့ သွားတွေ့တာပါ၊ သူက အမျိုးသမီးလေ"
ကျန်းရှင်း ထပ်ပြုံးပြန်သည်။
"ဒီနေ့ ပြဿနာတွေ အများကြီးရှိနေတယ်ထင်မိတာ၊ ကြည့်ရတာ ငါ အားနေလို့ ထင်တယ်၊ ကဲ... သွား အဝတ်အစားလဲပြီး ညစာစားဖို့ ပြင်ဆင်ကြတော့"
"ဟူး..."
ရှုယန်ဝမ်က လွတ်ငြိမ်းချမ်းသာခွင့် ရသွားသကဲ့သို့ အပေါ် ထပ်သို့ တန်းတန်းမတ်မတ် လျှောက်သွားရာ ရှုယောင်ကလည်း နောက်မှ ကပျာကယာလိုက်သွားလေသည်။
[ကြည့်စမ်း... သူတို့မှာ အပြစ်ရှိစိတ်ရှိနေတယ်လို့ ငါ ပြောသားပဲ၊ မေးခွန်းဖြေဖို့ တွေဝေနေကြပြီး၊ တိကျတဲ့ အဖြေတစ်ခု ပေးလိုက်သလို ထင်ရပေမယ့် တကယ်တမ်းကျတော့ သူတို့က အရေးကြီးတဲ့ အပိုင်းတွေကို လိမ္မာပါးနပ်စွာရှောင်လွှဲပြီး အရေးမပါတာတွေကိုပဲ ပြောသွားကြတာလေ၊ သူတို့ ကြိုပြီး တိုင်ပင်ထားတာသေချာတယ်၊ ဝူးဝူး... ငါ့ရဲ့ သနားစရာကောင်းတဲ့ ချမ်းသာတဲ့အမေတော့ သစ္စာဖောက်ခံလိုက်ရပြီ]
[သူတို့ သားအဖနှစ်ယောက်ရဲ့ အပြစ်ရှိနေတဲ့ ပုံစံကိုကြည့်ပါဦး၊ သူတို့ကို အပေါ်ထပ်ကို အတူတူပေးမတက်သင့်ဘူးလို့ ငါ ထင်တယ်၊ ဒါက သူတို့ အချင်းချင်း တိုင်ပင်ဖို့အခွင့်အရေး ပေးလိုက်တာ မဟုတ်ဘူးလား]
ဒုတိယထပ် လှေကားထစ်ပေါ်သို့ ယခုလေးတင် နင်းမိသွားသော သားအဖနှစ်ဦးမှာ လှုပ်ရှားမှုများ တောင့်တင်းသွားပြီး ကျန်းရှင်း၏အသံကို ကြားလိုက်ရသည်။
"ယောင်ယောင်... သမီး အားယောင်နဲ့ အရင်စကားပြောနေလိုက်ပါဦး၊ ယင်းယင်းနဲ့ အမေ မီးဖိုချောင်ထဲသွားပြီး သရေစာလေးတွေ သွားယူလိုက်ဦးမယ်"
ရှုယန်ဝမ် အလျင်စလို မျက်ရိပ်ပြကာ မြန်မြန်သွားဟု ယောင်ယောင်အား တိတ်တဆိတ် တိုက်တွန်းသည်။
"ဟုတ်ကဲ့"
ရှုယင်းယင်းမှာတော့ အနည်းငယ် ထိတ်လန့်သွားလေသည်။
[ဘာပဲဖြစ်ဖြစ် ငါ့အစ်မကသာ သူမရဲ့ အမေအရင်းနဲ့ တကယ် ထွက်သွားမယ်ဆိုရင် ငါက အမွေဆက်ခံရေးအတွက် အကြီးမားဆုံးအကျိုးခံစားခွင့် ရှိသူဖြစ်လာမှာလေ၊ အကယ်၍ ငါ့အစ်မရဲ့ သာမန်မဟုတ်တဲ့ အမေအရင်းက ငါ့ကို အစ်မဖြစ်သူကို နှင်ထုတ်တယ်လို့ ပြောင်းပြန် စွပ်စွဲပြီး ရှုမိသားစုနဲ့ ငါ့ရဲ့ ဆက်ဆံရေးကို သွေးထိုးလှုံ့ဆော်ပြီး ငါ့ကိုပါ တိုက်ရိုက် မောင်းထုတ်လိုက်ရင် ငါတော့ မတရားခံရပြီး သေရတော့မှာပဲ၊ ကယ်ကြပါဦး... ချမ်းသာတဲ့ မိသားစုတွေရဲ့ တိုက်ပွဲတွေထဲမှာ ငါ တကယ် ဝင်မပါချင်ဘူးလို့ QAQ]
[နင် အရူးလိုဟန်ဆောင်နေရင် အဆင်ပြေသွားမှာပါ၊ သူတို့ မေးလာရင် မသိဘူးလို့သာ ပြောလိုက်!]
ကျန်းရှင်း: "......"
ကျန်းရှင်းသည် ရှုယင်းယင်းကို မီးဖိုချောင်ထဲသို့ ခေါ်သွားသော်လည်း အနည်းငယ် မကျေမနပ်ဖြစ်ကာ စူးစမ်းမေးမြန်းချင်ဆဲပင်။
"ယင်းယင်း... သမီးနဲ့ အားယောင်က ဖေဖေနဲ့ အစ်မကို ဘယ်နေရာမှာ တွေ့ခဲ့တာလဲ"
"ဈေးဝယ်စင်တာ တစ်ခုမှာပါပဲ၊ နာမည်တော့ သမီး မသိဘူး၊ သမီးတို့က အဲဒီအချိန်တုန်းက ကားထဲမှာဆိုတော့ မတော် တဆ တစ်ချက်လောက်ပဲလှမ်းမြင်လိုက်ရတာပါ၊ ဖေဖေနဲ့ အစ်မကလွဲရင် အမျိုးသမီးတစ်ယောက်လည်း ရှိနေတယ်"
"အင်း... အဲဒီအမျိုးသမီးက ဘယ်လိုရုပ်မျိုးလဲဆိုတာ သမီး မြင်လိုက်ရလား"
"အချိန်က အရမ်းတိုလွန်းတော့ သမီး သေချာမမြင်လိုက်ရဘူး"
ရှုယင်းယင်း ကျန်းရှင်း၏ မျက်နှာအမူအရာကို တိတ်တ ဆိတ် အကဲခတ်ကြည့်ရာ သူမ၏စိုးရိမ်ပူပန်နေသောအသွင် အပြင်ကိုကြည့်ပြီး သနားမိသွားသည်။
🍁 Chapter 44
ထို့ကြောင့် သူမက "မား... မားက ပါးအကြောင်းမေးတာရှားတယ်၊ ဒီနေ့ ဘာလို့ အဲ့လောက်တောင် ဂရုစိုက်နေရတာလဲ၊ တစ်ခုခု မှားနေလို့လား"
"တကယ်တော့ ကြီးကြီးမားမား ကိစ္စတော့ မဟုတ်ပါဘူး၊ ဟိုညက မား အိပ်မက်တစ်ခု မက်တယ်၊ သမီးပါးပ ဖောက်ပြန်နေတယ်လို့လေ တစ်ဖက်လူက သူ့ရဲ့ အချစ်ဦးတဲ့၊ သူက အဲ့လူကို လက်ထပ်သင့်တာ ဒါပေမဲ့ သမီးအဘိုးက သူတို့ကို ခွဲပစ်လိုက်တာလေ၊ သမီးလည်း သိပါတယ်၊ လူတွေက တစ်ခု ခုကို မရလေလေ၊ ပိုပြီး မေ့ပျောက်ဖို့ ခက်လေလေပဲ၊ အိပ် မက်က တကယ်ဖြစ်လာမှာကို မား စိုးရိမ်နေတာ"
ကျန်းရှင်း အကျိုးအကြောင်းမဆီလျော်စွာ ပြောလိုက်သော် လည်း သူမသမီး နားလည်နိုင်မည်ဆိုတာကို သူမ သိသည်။ ရှုယန်ဝမ်က ကျိုးရှင်းရီနဲ့ သီးသန့် တွေ့ဆုံခဲ့တာလား?
[ဝါး... မားရဲ့ အလိုလိုသိစိတ်က အရမ်းကို ထက်မြက်တာပဲလို့ ငါ ပြောရမယ်၊ ဟုတ်တယ်... ပါးက ကျိုးရှင်းရီနဲ့ သီးသန့် တွေ့ဆုံခဲ့တာ၊ ဒါပေမဲ့ ငါက အစ်မနဲ့ သူမအမေတို့ရဲ့ လျှို့ဝှက်တွေ့ဆုံမှုကို မတော်တဆဝင်တိုးမိတာ ပြီးတော့ နှစ်ဖက် ငြင်းခုန်ကြပြီး၊ ပါးက အစ်မကိုခေါ်လာတာလေ၊ အဲဒီနှစ်ယောက်ဘာတွေပြောကြလဲ ဆိုတာကိုတော့ ရှုယောင်မကြားလိုက်ရဘူး၊ ဘာလို့လဲဆိုတော့ သူမျက်ချေပြတ်သွားလို့ပဲ]
"အိပ်မက်နဲ့ တကယ့်လက်တွေ့က ဆန့်ကျင်ဘက်တွေပါ မားရယ်၊ သူတို့ကို တွေ့ရင်တောင် ခံစားချက်ဟောင်းတွေ ပြန်ဖြစခလာမယ်လို့ မဆိုလိုပါဘူး၊ ပါးရဲ့ စရိုက်ကို မား အသိဆုံး မဟုတ်ဘူးလား"
ရှုယင်းယင်း သွေးထိုးချင်၍မဟုတ်ဘဲ သူမမိခင် အာရုံစိုက်လာစေရန်နှင့် သေချာစွာ စုံစမ်းစစ်ဆေးစေရန် ကျိုးရှင်းရီ၏ ကြံစည်မှုများကို အချိန်မီနှိမ်နင်းနိုင်ရန်အပြင် ဖခင်နှင့် အစ်မဖြစ်သူတို့ ပြုစားခြင်းမခံရစေရန် သေချာစေရန်အတွက်သာ ဤသို့ ပြောလိုက်ခြင်း ဖြစ်သည်။
"ဒါပေမဲ့ လူတွေက ပြောင်းလဲတတ်တာပဲလေ၊ အိမ်က ပန်းတွေက တောရိုင်းပန်းတွေရဲ့မွှေးရနံ့မျိုး ဘယ်လိုလုပ် ရနိုင်မှာလဲ"
[အဲဒါတော့ မှန်တယ်၊ ဒီကမ္ဘာပေါ်မှာ ငါးမခိုးစားတဲ့ကြောင်ဆိုတာ မရှိဘူး၊ ကျိုးရှင်ရီကသာ သူတို့နှစ်ယောက်လုံးကို လှည့် စားဖို့ကြံရင် အဖေ့ရဲ့ IQ နဲ့ဆို သူမကို ပြန်တိုက်ခိုက်နိုင်မှာ မဟုတ်မှာ ငါ ကြောက်တယ်၊ ဘာပဲဖြစ်ဖြစ် အဲဒါက အကောင်းဆုံး လုပ်သင့်တဲ့ကိစ္စလေ]
ကျန်းရှင်း: "......" ငါ သိသားပဲ
"ပါးက အဲဒီလို လူမျိုး မဖြစ်နိုင်ပါဘူး၊ မား မတွေးလွန်နေလို့များလား"
ရှုယင်းယင်းမှာ မရေမရာသာပြောလိုက်သည်။ သူမ ရည် ရွယ်ချက်မှာ မိခင်ဖြစ်သူ ရင်ထဲတွင် ဆူးတစ်ချောင်းမြှုပ်နှံပေးထားရန်ဖြစ်သည်။
"အင်းပါ၊ သူတို့ တစ်နေ့လုံး အလုပ်လုပ်ထားရတော့ ဗိုက်ဆာနေလောက်ပြီ၊ အရင် စားကြတာပေါ့"
"ဟုတ်"
[ငါ သတိပေးလိုက်ပြီဆိုတော့ မား သတိထားမိလောက်မှာပါနော်]
[အမျိုးသမီးတွေရဲ့ အလိုလိုသိစိတ်က အရမ်း တိကျတယ်၊ သူတို့ တစ်ခါ သံသယဝင်သွားပြီဆိုတာနဲ့ အဲဒီကိစ္စကို အဆုံးအထိ သေချာပေါက် စုံစမ်းမှာပဲ၊ ငါ့ဘက်က စိတ်အေးအေးပြီး စောင့်ကြည့်ဖို့ပဲလိုမှာ]
[ငါ ပြောခဲ့တာက အပေါ်ယံဆန်နေတော့ မား ငါ့ကို အထင်လွဲမှာတော့ မဟုတ်လောက်ပါဘူးနော်]
[ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ နင်က သူမကို စိတ်ကောင်းနဲ့ ကူညီပေးနေတာပဲဟာ]
[ဟင်း... အဓိက အကြောင်းရင်းက ငါ့ရဲ့အဆင့်အတန်းနဲ့ အခြေအနေက အရမ်းကို နေရခက်လွန်းနေတာ၊ အဲ့လိုသာမဟုတ်ရင် ငါ တိုက်ရိုက် ပြောလိုက်လို့ရတယ်၊ အခုလို စကားကို လှည့်ပတ်ပြောနေရတာ အရမ်းနေရခက်တာပဲ]
[မတတ်နိုင်ဘူးလေ၊ နင်က ချမ်းသာတဲ့ မိသားစုထဲမှာဆိုတော့ သတိထားရမှာပဲ]
ကျန်းရှင်း ရုတ်တရက် လက်ကို မြှောက်ကာ ရှုယင်းယင်း၏ ဆံပင်များကို ပွတ်သပ်လာသည်။ သူမဆံပင်များကို သပ်ရပ်အောင် လုပ်ပေးဟန်ထင်ရသော်လည်း အမှန်မှာ စိတ်အေး စေရန် တိတ်တဆိတ် နှိမ့်သိမ့်ပေးခြင်းဖြစ်သည်။
"ယင်းယင်း... မားတို့က မိသားစုတွေလေ၊ ဘာကိစ္စပဲဖြစ်ဖြစ် မားကို ပွင့်ပွင့်လင်းလင်း ပြောပြလို့ရတယ်၊ ပြီးတော့ မား ပေးထားတဲ့ ကတ်ကိုလည်းသုံးဖို့ မမေ့နဲ့နော်၊ အားမနာပါနဲ့ကွယ် ဘာပဲဖြစ်ဖြစ် မိဘတွေဆိုတာ သားသမီးကို အမြဲတမ်း ချစ်နေမှာ"
ရှုယင်းယင်းမှာ အလျင်စလို ခေါင်းညိတ်ပြလိုက်သည်။
"အွန်း... သမီး သိပါပြီ မား"
[အိုက်ရား... မားက အရမ်းကောင်းတာပဲ၊ ငါ သူမကို သေချာ ကာကွယ်ပေးရမယ်၊ ငါတို့မိသားစုကို ကျိုးရှင်းရီလာနှောင့် ယှက်ခွင့် မပေးနိုင်ဘူး]
ကျန်းရှင်းသည် ကျေနပ်စွာ ပြုံးလိုက်လေသည်။ ရှုယန်ဝမ်ကြောင့်ဖြစ်ပေါ်လာသော စိတ်အနှောင့်အယှက်ဖြစ်မှုများမှာ ထိုအပြုံးနှင့်အတူ လွင့်စင်ပျောက်ကွယ်သွားရ၏။
အကယ်၍ သူမခင်ပွန်းသည်သာ ထိုမိန်းမနှင့် အမှန်တကယ် ပတ်သက်ရဲမည်ဆိုပါလျှင် သူမသည် သမီးနှစ်ယောက်လုံးကို ခေါ်ပြီး သူ တစ်သက်လုံးရှာမတွေ့နိုင်သည့် နေရာတစ်ခုသို့ ထွက်သွားပစ်မည်။
ဧည့်ခန်းဆိုဖာပေါ်တွင်မူ ရှုယောင်က ရှုယောင်ယောင်အား စူးစမ်းသော အကြည့်ဖြင့် စိုက်ကြည့်နေပြီး အသံကို တမင်နှိမ့်ကာ "မင်း ဝမ်းကွဲအစ်မနဲ့ ပူးပေါင်းပြီး အန်တီ သံသယဝင်လာအောင် တမင်အကွက်ဆင်ခဲ့တာလား"
ရှုယောင်ယောင် မျက်လုံးများ ပြူးကျယ်သွားပြီး "နင်... နင် ဘယ်လို သိတာလဲ"
"ကျဲရဲ့ စိတ်ထဲကအသံကို ငါ ကြားရတယ်လေ" သူ တိုးတိုးလေး ဖြေလိုက်သည်။
ထိုစကားအဆုံးတွင် ရှုယောင်ယောင်မှာ ပြဿနာတစ်ခုကို ရုတ်တရက် သတိပြုမိသွားလေသည်။ လူတိုင်းက ယင်းယင်းရဲ့ အသံကို ကြားနိုင်တယ်ဆိုမှတော့ ဒုတိယဦးလေးရဲ့ မိသားစုက သမီးအတုအစစ်အကြောင်း အမှန်တရားကို သိနှင့်ပြီးသား ဖြစ်မနေလောက်ဘူးလား ?
ပုံမှန်လူဆိုလျှင် သူတို့အပေါ် ကံဆိုးမိုးမှောင်ကျတော့မည်ကို ကြိုသိနေပါက ရှောင်လွှဲကြမည်သာ။
"မင်းအမေအရင်းအကြောင်းကို ဒုတိယဦးလေး ကြိုသိသွားအောင် မင်း တမင်သက်သက် ဖန်တီးခဲ့တာလို့တော့ ငါ့ကို မပြောနဲ့နော်"
"ဟုတ်လား"
"ဒါဆို မင်းတို့ ရန်ဖြစ်ခဲ့ကြတာကရော သရုပ်ဆောင်ခဲ့တာပေါ့"
"အဲဒါကတော့ အစစ်ပဲ၊ ပါး တကယ် ပေါက်ကွဲခဲ့တာလေ"
ရှုယောင် တွေးလိုက်မိသည်။ သူ ဦးလေး ဒေါသထွက်နေ သည်ကို မြင်လိုက်ရစဉ်က တကယ်ကို သရုပ်ဆောင်နေသည်နှင့် မတူဘဲ အစစ်အမှန်အတိုင်းဖြစ်နေခဲ့သည် မဟုတ်ပါလား။
"ဒါဆို မင်း ဇာတ်ကွက်တစ်ခုကို ဖန်တီးနေခဲ့တာပေါ့"
ရှုယောင်မှာ ရုတ်တရက် စိတ်လှုပ်ရှားလာသည်။
ရှုယောင်ယောင်က မီးဖိုချောင်ရှိရာဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်ပြီး မေးလိုက်သည်။
"နင်ရော ပါချင်လား"
"ဒါပေါ့... ပါချင်တာပေါ့"
ရှုယောင်မှာ စွန့်စားခန်းတစ်ခုကို ဆင်နွှဲရတော့မည့် မျှော်လင့် ချက်များဖြင့် ရင်ပင်ခုန်နေတော့သည်။
"ဒါဆို နင် အရင် ကျိန်ဆိုဖို့လိုမယ်၊ ငါ အခုပြောပြမယ့် လျှို့ ဝှက်ချက်ကို ပေါက်ကြားအောင်လုပ်ရင် နင် ငယ်ငယ်ရွယ်ရွယ်နဲ့ ထိပ်ပြောင်မယ်၊ လူလတ်ပိုင်းရောက်ရင် အဆီပြန်ပြီး ဗိုက်ရွှဲလာမယ် ပြီးတော့ အသက်ကြီးလာတဲ့အခါ ဘိုးဘွားရိပ်သာမှာ အထီးကျန်ကျန်နေရပြီး၊ ကုတင်နဲ့ဆေးဝါးတွေကိုပဲ အဖော်လုပ်ပြီး သေဆုံးရမယ်"
ရှုယောင် မျက်လုံးများ တုန်ခတ်သွားသည်။
"ဒါ အရမ်းရက်စက်လွန်းမနေဘူးလား၊ ကောင်းကောင်းသေခွင့်မရပါစေနဲ့ဆိုပြီးပဲ ပြောလိုက်ပါလား အစ်မကောင်းကြီးရဲ့"
"မတတ်နိုင်ဘူးလေ၊ ဒီကိစ္စက အရေးကြီးနေတော့ ငါ သတိ ထားမှရမယ်"
ရှုယောင်က ရှုယင်းယင်း သူ့ကိုပြောပြခဲ့ဖူးသော သမီးအစစ်နှင့်အတုများ၏ ကြံစည်မှုအကြောင်းကို တွေးမိလိုက်ရာ ချက်ချင်း မတ်မတ်ထိုင်မိလိုက်သည်။ ထိုသို့သော ပြိုင်ဘက်မျိုးနှင့် ရင်ဆိုင်ရချိန်တွင် သူ အမှန်ပင် သတိထားရန် လိုအပ်သည်။
"မင်း ငါ့ကို သီးသန့်ပြောပြတာက ဝမ်းကွဲအစ်မ မပါပဲ မင်းဘာသာ မင်း အကောင်အထည်ဖော်ချင်လို့ မဟုတ်လား"
"ငါ ယင်းယင်းကို မယုံလို့တော့ မဟုတ်ဘူး၊ ယင်းယင်းရဲ့ အသံကြောင့် အစီအစဉ်တွေပျက်စီးစေမှာစိုးလို့ပါ၊ ယင်းယင်းကို သူတို့ဆီက ပစ်မှတ်ထားခံရမှာကို ငါ မလိုချင်ဘူး၊ ဒါကြောင့် တစ်ယောက်ယောက် ယင်းယင်းဘေးမှာ အကာ အကွယ်ပေးပြီး ယင်းယင်းရဲ့ အစီအစဉ်တွေ ချောမွေ့နေတယ်လို့ အထင်မှားအောင်လုပ်ပေးဖို့လိုတယ်၊ နားလည်လား"
"ဒါပေမဲ့ ကျဲက တစ်ယောက်တည်းမှ မဟုတ်တာ၊ သူ့မှာ အကူအညီတွေ ရှိသေးတယ်လေ၊ မင်း ဖုံးကွယ်ထားလို့ ရပါ့မလား"
"အဲဒါ နင့်အပေါ်မှာပဲ မူတည်တယ်၊ နင် ငယ်ငယ်ကတည်း က ဉာဏ်ကောင်းတာပဲ... နင် ဒါကိုကိုင်တွယ်ပေါ့၊ မဟုတ်ရင် ထိပ်တန်းကျောင်းသားဆိုတဲ့ ဂုဏ်ပုဒ်အလား အလကားဖြစ်နေမှာ"
"ငါ့တာ၀န်သာ ထားလိုက်"
ရှုယောင် မေးစေ့ကိုပင့်ကာ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။
ရှုယောင်ယောင် ပြုံးလိုက်ပြီး "မြန်မြန် ကျိန်ဆိုလိုက်တော့၊ ယင်းယင်း ခဏနေရင် ပြန်လာတော့မယ်"
ရှုယောင် အတင်းအဖျင်းလောကထဲသို့ ၀င်နိုင်ရန်အတွက် ကျိန်ဆိုလိုက်တော့သည်။
"ဒါဆို ဒီည ၁၀ နာရီ... ဝိုင်မြေအောက်ခန်းမှာ တွေ့မယ်"
"အိုကေ၊ သိပြီ"
"ယင်းယင်း နင့်ကို အရင်က ပြောခဲ့တဲ့အတိုင်းပဲ ဆက်လုပ်၊ ကြားလား"
"ငါက အခု နှစ်ဖက်သူလျှိုဖြစ်နေပြီပေါ့"
"ဒါပေါ့... နင်က ငါတို့ မိသားစုရဲ့ ဉာဏ်ကြီးရှင်လေ၊ သာမန် တာဝန်တွေက နင်နဲ့ ဘယ်လိုလုပ် ထိုက်တန်မှာလဲ"
"ဒါပေါ့"
ရှုယောင်၏ မျက်ဝန်းများတွင် ဂုဏ်ယူမှုများ ပြည့်နှက်နေလေ၏။ လူတိုင်း ထမင်းစားပွဲတွင် နေရာပြန်ယူကြသော အခါ လေထုမှာ ထပ်မံလေးနက်သွားပြန်သည်။
ကျန်းရှင်းမှာ ရှုယောင်နှင့် သမီးနှစ်ယောက်အတွက် ဟင်းများ ခူးထည့်ပေးနေသော်လည်း ရှုယန်ဝမ်ကိုတော့ အခက်တွေ့အောင် တမင်လုပ်သည်။
ကျန်းရှင်းသည် စားဖိုမှူးအား ရှုယန်ဝမ် အကြိုက်ဆုံးဟင်း လျာများကို ဖယ်ရှားခိုင်းပြီး အရွက်သုပ်မျိုးစုံဖြင့် အစားထိုးခိုင်းထားကာ၊ ပင်လယ်စာ ဆန်ပြုတ်အစားဟင်းသီးဟင်း ရွက်ဖျော်ရည်ဖြင့် အစားထိုးခိုင်းပြီး အဓိက အစားအစာဖြစ်သော ဖက်ထုပ်များကို ဟင်းနုနုယ်ရွက် မုန့်ပေါင်းဖြင့် အစား ထိုးခိုင်းခဲ့ဖြစ်ပြီး စားပွဲတစ်ခုလုံးစိမ်းနေသည်။
ရှုယန်ဝမ်မှာ ကူကယ်ရာမဲ့နေဪသော်လည်း စကားတစ်ခွန်းမှ မဟရဲသဖြင့် ဟင်းသီးဟင်းရွက်ဖြင့် ပြုလုပ်ထားသော အစိမ်းရောင် ဖက်ထုပ်များကို စားကာ ရံဖန်ရံခါ အရွက်သုပ်ကို ယူစားပြီး မြိုချရခက်သော နာကျင်မှုကိုကြိတ်မှိတ်သည်းခံနေရသည်။ ထို့ပြင် အရသာရှိသော အစားအစာကို မြည်းစမ်းနေသည့်အလား အပြုံးတုကိုပါ အတင်းညှစ်ထုတ်ထားရသေးသည်။
ရှုယောင် စိတ်ထဲမှ မရေမတွက်နိုင်အောင် လက်မထောင်ပြလိုက်ပြီး ဦးလေးဖြစ်သူအား ယောကျာ်းကောင်းတစ်ဦးဟုပင် ချီးကျူးလိုက်မိသည်။