အခန်း (၄၅-၄၆)
Vol. 5 Ch. 45-46
🍁 Chapter 45
ရှုယောင်ယောင်သည် ဖခင်ဖြစ်သူ ဒုက္ခရောက်နေသည်အား မကြည့်ရက်စွာ သတ္တိမွေးပြီး ဝက်နံရိုးချိုချဉ် တစ်ခုကို ခပ်ပေးလိုက်သည်။ သို့သော် ကျန်းရှင်းက ပြုံး၍ "ယောင်ယောင်က လူတွေကို ဂရုစိုက်တတ်သေးတာပဲ၊ သမီးပါးကို ဘယ်လိုတောင် ကောင်းကောင်း ဂရုစိုက်ပေးလဲနေ ကြည့်ပါဦး"
ရှုယောင်ယောင် သူမ၏ လက်ကောက်ဝတ်ကို အမြန်ရပ်လိုက်ပြီး ဝက်နံရိုးကို ရှုယောင် ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။
"တိတိက အိမ်ကို ရှားရှားပါးပါး လာတာဆိုတော့ အများကြီးစားနော်၊ အားမနာနဲ့"
ရှုယောင်က ဦးလေးဖြစ်သူ၏နာကြည်းသော အကြည့်ကိုလက်ခံလျက် မျက်ရည်များဖြင့် ဝက်နံရိုး အတုံးအတော်များများကို စားလိုက်သည်။ အရမ်း အရသာရှိတာပဲကွာ!
ရှုယန်ဝမ်: "·······"
ဘာလို့ အမြဲတမ်း ငါပဲ ဒုက္ခရောက်နေရတာလဲ
[ဘယ်လိုလုပ်ရမလဲ၊ ပါးက အရမ်း သနားဖို့ကောင်းတယ်လို့ ရုတ်တရက် ခံစားလိုက်ရတယ်]
ရှုယင်းယင်းက ပန်းကန်ထဲမှ ထမင်းများကို ထိုးဆွနေကာ ဖခင်ဖြစ်သူအား အသက်စွန့်၍ နွေးထွေးမှုလေး ပေးပို့သင့်မသင့်ကို စိတ်ထဲတွင် လွန်ဆွဲနေသည်။ ထိုစဥ်စနစ်က ခပ်တိုးတိုးလေး ပြောလာသည်။
[ငါလည်းသနားတော့သနားပေမယ့် အပြစ်တင်ချင်ရင်၊ သူ့မှာ အချစ်ဦး ရှိခဲ့တာကိုပဲ အပြစ်တင်ရမှာပေါ့၊ အချစ်ဦး ဆိုတာ လက်ရှိဇနီးမယားအတွက်တော့ ရာဇ၀တ်မှုပဲလေ]
ကျန်းရှင်းက ထိုစကားကို ကြားသောအခါ သူမ မှားယွင်းစွာ လုပ်ဆောင်နေခြင်း မဟုတ်ကြောင်း ပိုမိုယုံကြည်သွားတော့ သည်။ အချစ်ဦးဆိုတာ ရာဇ၀တ်မှုပဲ၊ အထူးသဖြင့် သူမက ကလေးတွေရဲ့ နောက်ကွယ်က ကြိုးကိုင်သူလည်း ဖြစ်နေသေးတော့ ပြစ်မှုက ပိုတိုးသွားတာပေါ့။
"ယောကျာ်း... ရှင် လတ်တလော ဖိအားတွေ အများကြီး ခံစားနေရတယ်လို့ ကျွန်မ ထင်တယ်၊ ဒါကြောင့် စားဖိုမှူးကို ကြက်ဟင်းခါးသီး ဟင်းချိုချက်ခိုင်းထားတယ်၊ သောက်လိုက်ပါဦး"
ထိုသို့ပြောပြီးနောက် စားဖိုမှူးက အငွေ့တထောင်းထောင်း ထနေသော ကြက်ဟင်းခါးသီး ဟင်းချိုတစ်ပန်းကန်ကို ယူလာခဲ့သည်။
ကြက်ဟင်းခါးသီး ဟင်းချိုကို စားပွဲပေါ် တင်လိုက်သည်နှင့် တပြိုင်နက် ပြင်းထန်သော ခါးသက်မှုတစ်ခုက လေထုထဲသို့ ရိုက်ခတ်လာတော့သည်။
ရှုယန်ဝမ်၏ မျက်နှာမှာ ကြောက်ရွံ့မှုကြောင့် စိမ်းဖပ်သွားပြီး ကျန်းရှင်းကို အတင်းပြုံး၍ ပြောလိုက်ရသည်။
"ကျေးဇူးပါ မိန်းမရယ်၊ မင်း ကိုယ့်အပေါ် အရမ်းကောင်းတာပဲ"
ဝူးဝူး... ကျိုးရှင်းရီ! ငါ မင်းကို ဒီတစ်သက်မကြေဘူးကွ။
"ဒါက ဇနီးတစ်ယောက်အနေနဲ့ လုပ်သင့်တာပါပဲ၊ သောက်လိုက်ပါ"
ကျန်းရှင်းက ညင်သာစွာ ပြုံးလိုက်ပြီး သူ အကုန်သောက်သည်ကို မျက်တောင်မခတ်ဘဲ စောင့်ကြည့်နေလေသည်။
ရှုယောင်က တိတ်တဆိတ် တံတွေးမြိုချလိုက်ပြီး ဦးလေးဖြစ်သူ၏ အဖြစ်ဆိုးကို သင်ခန်းစာယူကာ ကောက်ချက်ချလိုက်သည်။ မိန်းမတွေကို ယောင်လို့တောင် သွားမရှုပ်နဲ့!
နောက်တစ်နေ့ အလုပ်တွင် သတင်းတစ်ခုက ဖုန်းရီဂရုတစ်ခုလုံးကို ဗုံးတစ်လုံးသဖွယ် ပေါက်ကွဲသွားစေသည်။
#အမျိုးသားက ဖောက်ပြန်သော စုံတွဲကို ဒေါသတကြီး သတ်ပစ်၊ ဖုန်းရီ၏ သမက်ဟောင်းကူးချန် သေဆုံး#
ရှုယင်းယင်းကုမ္ပဏီသို့ ဝင်လာသည်နှင့် တပြိုင်နက် ရွှယ်ဝေဝေက သူမကို ဆွဲကာ မေးလိုက်သည်။
"ယင်းယင်း... နင် ကြားပြီးပြီလား၊ ကူးချန် သေသွားပြီ၊ ပြောကြတာတော့ ရှန်လင်းရဲ့ရည်းစားက သတ်လိုက်တာတဲ့ အဲဒီလူက ရုန်းရင်းဆန်ခတ် ဖြစ်အောင်လုပ်ပြီး သူတို့နှစ်ယောက် လုံးကို သတ်ဖို့ အခွင့်အရေးယူပြီး နှလုံးကို တစ်ချက်တည်းနဲ့ ထိုးသတ်ပစ်လိုက်တာတဲ့ဟ"
"ဘာ?!"
ရှုယင်းယင်း အလွန်ပင်အံ့ဩသွားသည်။
သူ့သေဆုံးမှုကို သူမထိပ်လန့်သွားခြင်းမဟုတ်ပဲ ထိုသတင်းကို ကြားပါက အဒေါ်ဖြစ်သူ ဝမ်းနည်းသွားမည်ကို စိုးရိမ်နေမိခြင်းဖြစ်သည်။
"အတွင်းရေးမှူးဆွန်း ငါ့ကို မေးရင် ဒုဥက္ကဋ္ဌရှု ရုံးခန်းမှာ ရှိတယ်လို့ပဲ ပြောလိုက်နော်"
"အော်... ကောင်းပြီ၊ နင် သွားလေ"
ရွှယ်ဝေဝေက ခဏလောက် စဉ်းစားကြည့်လိုက်သည်။ ယင်းယင်းက သူမအဒေါ် ဒီထိုးနှက်ချက်ကို မခံနိုင်မှာကို ကြောက်နေတာ ဖြစ်လောက်တယ်၊ ဘာပဲဖြစ်ဖြစ် ကူးချန်က ဒုဥက္ကဌ အရမ်းချစ်ခဲ့တဲ့သူလေ။
ရုံးခန်းထဲတွင် ဒုဥက္ကဌရှုမှာ ကော်ဖီခွက်ကို ကိုင်ကာ အဝေးမှ မျောလွင့်နေသော တိမ်တိုက်များကို ငေးကြည့်နေရင်း သူမ၏ ဖုန်းပေါ်ရှိ ရေပန်းစားနေသော သတင်းကို တွေးမိနေသည်။ သူမမျက်ဝန်းများတွင်တော့ ရှုပ်ထွေးသော အကြည့်များ ရောယှက်နေလေ၏။
ကူးချန်က တကယ်ကြီး သေသွားတာပဲ၊ တရားခံကလည်း ကလေးရဲ့ ဖခင်အရင်း လက်ချက်နဲ့တဲ့လား၊ ဒီလို ဇာတ်လမ်းဆန်တဲ့ အဆုံးသတ်မျိုးကို ငါ တစ်ခါမှ မတွေးခဲ့ဖူးဘူး...
"အဒေါ်!"
ရှုယင်းယင်း၏ အနည်းငယ် မောဟိုက်နေသောအသံက သူမ နောက်မှ ထွက်ပေါ်လာသည်။ သူမက လှည့်ကြည့်လိုက်ပြီး ကော်ဖီခွက်ကို ချကာ မေးရန် ပြင်လိုက်စဉ် ရှုယင်းယင်းက ပြေးလာပြီး သူမကို ဖက်ကာကျောကို ပုတ်၍ နှစ်သိမ့်ပေးလိုက်သည်။
"အဒေါ်... ဝမ်းမနည်းပါနဲ့၊ သူ့ရဲ့ အဆုံးသတ်က ဘယ်လိုပဲ ဖြစ်နေပါစေ အဒေါ်နဲ့ ဘာမှမဆိုင်ပါဘူး၊ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့နော်... ဟုတ်ပြီလား"
ရွှယ်ဝေဝေ ပြောတာတွေက ပျံ့နှံ့နေပြီဆိုတော့ အဒေါ်လည်း သေချာပေါက် သိနေလောက်ပြီ။
ရှုယန်ဝေသည် အမြဲစေ သူမစိတ်ကို တည်ငြိမ်အောင် ထားနိုင်သော်လည်း ရှုယင်းယင်း၏ ဂရုစိုက်မှုကြောင့် ရင်ထဲအနည်းငယ် ချဉ်သွားရသည်။
သူမတို့သိခဲ့တာ ရက်အနည်းငယ်ပဲ ရှိသေးပေမဲ့ ယင်းယင်း ယူဆောင်လာပေးတဲ့ အပြောင်းအလဲနဲ့ ပေးစွမ်းခဲ့တဲ့ သတ္တိတွေက လွန်ခဲ့တဲ့ ၃၅နှစ်တာ ကာလအတွင်းမှာ သူမ တစ်ခါမှ မပိုင်ဆိုင်ခဲ့ဖူးတဲ့ အရာတွေပဲ၊ ယင်းယင်းသာ မရှိရင် ဒီနေ့လို သူမလည်း ရှိလာမှာ မဟုတ်သလို အမှားတွေကို ရင်ဆိုင်ပြီး ဝန်ခံရဲမှာလည်းမဟုတ်ဘူး။
"ငတုံးမလေး... အဒေါ် ဝမ်းမနည်းပါဘူး၊ အဒေါ် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ဖို့ နေနေသာသာ စိတ်သက်သာရာတောင် ရသွားသလို ခံစားလိုက်ရတယ်၊ ငါ့ကိုယ်ပေါ်က မမြင်ရတဲ့ ဝန်ထုပ်ဝန်ပိုးကြီးက သူ ပျောက်ကွယ်သွားတာနဲ့အတူ လုံးဝ လွင့်စင်သွားသလိုပဲ"
ရှုယန်ဝေ သူမပခုံးများကို ကိုင်ကာ ခေါင်းလေးကိုပုတ်ပြီး ခပ်တိုးတိုး ပြောလိုက်သည်။
"အဲဒီနေ့ကတည်းက ငါ ရှင်းအောင်လုပ်ခဲ့ပြီးပြီ၊ ပြီးတော့ နောက်ဆုံးအနေနဲ့ သူ့အတွက် ငါဘာလုပ်ပေးနိုင်လဲဆိုတာကိုလည်း ပြခဲ့ပြီးပြီထ ငါတို့ နှစ်ယောက်လုံးရဲ့ ပတ်သက်မှုက အဲဒီနေ့ကတည်းက ရှင်းသွားပြီ"
"အဒေါ် အဲဒီလိုတွေးရင် ကောင်းတာပေါ့၊ အဒေါ်က သမီးထင်တာထက် ပိုသန်မာပြီး ပိုရဲရင့်တာပဲ၊ အဒေါ်က အကောင်းဆုံး!"
ရှုယင်းယင်းသည် သူမ အဒေါ်၏ ပြတ်သားသော စတိုင်ကို ရင်ဘတ်ထဲမှ လေးစားမိသည်။ ချစ်တဲ့အချိန်မှာ တွေဝေမှုမရှိဘဲ အစွမ်းကုန်ချစ်ပြီး စွန့်လွှတ်လိုက်တဲ့ အချိန်မှာလည်း ပြတ်ပြတ်သားသား စွန့်လွှတ်နိုင်တယ်...
"ယင်းယင်းလည်း တော်ပါတယ်၊ သမီး ရောက်လာတာက အဒေါ်တို့အတွက် ကံကောင်းမှုတွေ ယူဆောင်လာပေးပြီး မိသားစု ဆက်ဆံရေးကိုလည်း ပိုရင်းနှီးသွားစေတယ်၊ ကျေးဇူးတင်ပါတယ် ယင်းယင်း..."
အဒေါ့်ကို သတ္တိနဲ့ ခွန်အားတွေ ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်...
ရှုယင်းယင်းမှာ ရှက်ရွံ့သွားကာ "တကယ်တော့ သမီး ဘာမှ မလုပ်ခဲ့ပါဘူး၊ အဒေါ်က အခုလိုပြောတော့ သမီး ရှက်သွားပြီ"
"မိသားစုဝင်တွေကြားမှာ ဘာမှရှက်စရာမလိုဘူး၊ နေ့တိုင်း အတူနူဘေးနားမှာ ရှိနေပြီး ဝမ်းသာမှု၊ ဝမ်းနည်းမှု၊ ပျော်ရွှင်မှု၊ နာကျင်မှုတွေကို မျှဝေခံစားပေးရုံနဲ့တင် သမီး ကောင်း ကောင်း လုပ်နိုင်ခဲ့ပါပြီ၊ ယင်းယင်းက ငါတို့မိသားစုရဲ့ အချစ်တော်လေးပံ"
ရှုယန်ဝေ သူမအား ရင်ခွင်ထဲသို့ ဖက်ကာ ပြောသည်။
[အူးဝါး... ငါ့အဒေါ်က အရမ်း နူးညံ့တာပဲ၊ ငါ့အဒေါ်ကို အရမ်း ချစ်တာပဲ]
ဤနေရာရှိ နွေးထွေးမှုများနှင့် နှိုင်းယှဉ်ပါက အခြားတစ် ဖက်ရှိ ဝူယိုသဲ့နှင့် ကျောက်ရှင်းတို့မှာ ပူနေသော ဒယ်အိုးထဲရှိ ပုရွက်ဆိတ်များပမာ စိုးရိမ်ပူပန်နေကြသည်။
ကူးချန်သေဆုံးမှုက တစ်ချိန်က သူ့ဘက်ပါခဲ့သူများကို တုန်လှုပ်သွားစေခဲ့သည်။ သူ ပြစ်မှု စီရင်ခံရစဉ်ကတည်းက လူတိုင်းမှာနေ့စဉ် ထိတ်လန့်နေခဲ့ကြသည်။
ဉာဏ်ရှိသူတိုင်းသည် အဘိုးရှုမှာ အထောက်အထားများ စုဆောင်းပြီးဖြစ်ကြောင်း မြင်နိုင်ပြီး သမီးဖြစ်သူ အိမ်ပေါ်က နှင်ချမည့်အချိန်ကိုသာ စောင့်ဆိုင်းနေပြီး ဤဆူးကို တစ်ခါ တည်းဖြေရှင်းလိုက်ခြင်း ဖြစ်ကြောင်းသိကြသည်။ သို့သော် ကူးချန် အသတ်ခံရမည်ဟု မည်သူကမျှ မမျှော်လင့်ထားခဲ့ပေ။
သူအပြစ်ကို ဝန်ခံလာချိန် ထောင်ထဲသို့သာ တန်းသွားခဲ့ရသဖြင့် လူတိုင်းမှာ အဘိုးရှု ပိုကြင်နာတက်လာကြောင်း တွေးရုံရှိသေး ကူးချန်မှာဓားထိုးခံရပြီး သေသွားခဲ့လေသည်။
"အစတုန်းက ငါ ဘာပြောခဲ့လဲ၊ ကူးချန်က ယုံလို့မရဘူးလို့လေထ အခုတော့ ကောင်းရော... အကျိုးအမြတ်မရလိုက်တဲ့အပြင် ပြဿနာပါတက်သွားပြီ"
ကျောက်ရှင်းက စိုးရိမ်တကြီး ပြောသည်။
"အခု ဒါတွေ ပြောနေလို့ ဘာအသုံးကျတော့မှာလဲ၊ အခု အဘိုးရှုက စစ်သားတစ်ယောက်မှ မသုံးဘဲ ကျန်းရွေ့ရဲ့ အမြစ်တွေကို ဆွဲနှုတ်ပစ်လိုက်ပြီ၊ ပြီးတော့ ငါတို့ရဲ့ ရုပ်သေးရုပ် ကူးချန်ကိုပါ သတ်ပစ်လိုက်ပြီ၊ နောက်တစ်လှည့်ကျရင် ငါတို့အလှည့်ရောက်လာမလား မသိဘူး"
ဝူယိုသဲ့ ပြောပြီးသည်နှင့် အရိုးထိအောင် အေးစက်သော ချမ်းစိမ့်မှုတစ်ခုက သူတို့နှစ်ဦး၏ကျောပြင်အား ရိုက်ခတ်သွားတော့သည်။ ကျောက်ရှင်း မျက်နှာပေါ်တွင် ကြောက် မက်ဖွယ်ကောင်းသော အမူအရာတစ်ခု ပေါ်လာသည်။
"ဒါတွေ အကုန်လုံးက ရှုယင်းယင်းနဲ့ သူ့ရဲ့ သောက်ကျိုးနည်း အတင်းအဖျင်းကြောင့်ပဲ ဒါပေမဲ့ သူ့ကို ရင်ဆိုင်ရတိုင်း သေချာပေါက် ရှုံးတာချည်းပဲ၊ အခွင့်အရေးတွေ ဆုံးရှုံးရတာက သေးသေးလေး၊ တကယ်က သူ့ဆီကနေ အရှက်ရစရာတွေ တူးဖော်ခံရပြီး သတင်းဖြန့်ခံရတာကသာ ရှက်စရာအကောင်းဆုံးအရာပဲ"
သူ့သားမှာ ရှုယင်းယင်းအား မြင်ပြီးကတည်းက တစ်နေ့လုံး အခန်းထဲတွင် ပိတ်မိနေပြီး စိတ်ဓာတ်ကျလုနီးပါး ဖြစ်နေ သည်ကို တွေးမိတော့ သူ ပိုဒေါသထွက်လာသည်။ ဝူယိုသဲ့လည်း သားဖြစ်သူ ကြုံတွေ့ခဲ့ရသည်များကိုတွေးမိပြီး နှစ်သိမ့်ပေးရုံသာ တတ်နိုင်တော့သည်။
"ယာယီပါပဲကွာ၊ ငါတို့ ရှုယင်းယင်းကို ဖျက်ဆီးပစ်နိုင်ရင် ရှောင်ကန်းအတွက် လက်စားချေပြီးသားဖြစ်မှာ"
"ဖျက်ဆီးပစ်မယ်?" ကျောက်ရှင်း မျက်ခုံးပင့်လိုက်သည်။
"သူမကို ဘယ်လို ဖျက်ဆီးမှာလဲ၊ အဘိုးကြီးရှုက သူမ နောက်ကို ၂၄ နာရီလုံး ကိုယ်ရံတော်တွေ လွှတ်ပြီး နောက် ယောင်ခံလိုက်ဖို့တောင် လုပ်နေတာ၊ နေ့တိုင်း သူမကို အလုပ်သွားအလုပ်ပြန် လာကြိုတဲ့ ယာဉ်မောင်းကတောင် အငြိမ်း စားအထူးတပ်ဖွဲ့ဝင်လေ၊ သူမ နေတဲ့နေရာမှာ တိတ်တဆိတ် ကာကွယ်ပေးနေတဲ့ ကိုယ်ရံတော်တွေ ဘယ်လောက်ရှိလဲဆိုတာတော့ မပြောနဲ့၊ အဘိုးကြီးက ဘယ်သူမှ သူမကို အထိမခံဘူးကွ"
ဝူယိုသဲ့ နှာမှုတ်လိုက်ပြီး ဆေးပြင်းလိပ်ကို ဖြည်းညှင်းစွာ မီးညှိကာ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်သည်။
"လူတွေကို ဖျက်ဆီးဖို့ သွေးထွက်သံယို ဖြစ်စရာလိုတယ်လို့ ဘယ်သူက ပြောလဲ၊ အလှအပနဲ့ မြှူဆွယ်မှုတွေကမှ တကယ့်ဖျက်ဆီးမှုပဲ"
ကျောက်ရှင်း နားမလည်နိုင်စွာ မေးလာသည်။
"မင်း ဘာကိုပြောချင်တာလဲ"
"ရှုယန်ဝမ်နဲ့ သူ့အချစ်ဦးကိစ္စကို မင်း မှတ်မိသေးလား၊ အဲဒီအချိန်တုန်းက အဘိုးကြီးက ဒေါသထွက်ပြီး ခွဲပစ်ခဲ့တာလေ၊ သူ တခြားဘက် အာရုံရောက်နေချိန် ရှုယန်ဝမ်လည်း ကူးချန်ရဲ့အသေအလဲ ဖမ်းစားခံရပြန်မယ်လို့ ဘယ်သူထင်မှာလဲ၊ ရှုယင်းယင်းလည်း အချစ်ရူးမဟုတ်ဘူးလို့ ဘယ်သူ ပြောနိုင်မှာလဲ၊ မျိုးရိုးဗီဇဆိုတာ အမွေဆက်ခံနိုင်တယ်လေ"
ကျောက်ရှင်းက ထိုစကားကိုကြားချိန် သိပ်တော့ စိတ်အားထက်သန်မှုမရှိခဲ့ပေ။
"အစီအစဉ်ကတော့ အစီအစဉ်ကောင်းပါပဲ၊ ဒါပေမဲ့ မမေ့နဲ့နော် ရှုယင်းယင်းမှာ လျှို့ဝှက်လက်နက် ရှိတယ်၊ ငါတို့ အမည်းစက်မရှိတဲ့လူကို ဘယ်မှာသွားရှာမလဲ၊ ရှာတွေ့မယ်ဆိုရင်တောင် အချိန်အများကြီး ယူရမှာ"
"တိုက်တိုက်ဆိုင်ဆိုင်ပဲ ငါ့ရဲ့ အသုံးမကျတဲ့သားက ဘွဲ့ရပြီး တရုတ်ပြည်ကို ပြန်ရောက်လာပြီ၊ ပြီးတော့ သူနဲ့ ခင်တဲ့ သူငယ်ချင်းက ငါ အရင်က ထောက်ပံ့ပေးခဲ့တဲ့ ဆင်းရဲတဲ့ ကျောင်းသားလေးလေ၊ နောက်ခံကလည်း သန့်ရှင်းတယ်"
"ရှုယင်းယင်း သူ့ကို သဘောကျမယ်လို့ မင်း ဒီလောက်တောင် ယုံကြည်မှု ရှိနေတာလား၊ ပညာအရည်အချင်းကို ဘေးဖယ်ထားလိုက်ရင်တောင် အရေးအကြီးဆုံးက ရုပ်ရည်လေ"
"ရုပ်ရည်ဆွဲဆောင်မှုတွေနဲ့ ပတ်သက်ပြီးတော့ ငါတို့ သေချာ မပြောနိုင်သေးဘူး၊ လူတိုင်းရဲ့ တုံ့ပြန်မှုအပေါ်မှာ မူတည်တယ်"
ဝူယိုသဲ့မှာ လက်ကောက်ဝတ်အား မြှောက်ကာ အချိန်ကို တစ်ချက်ကြည့်ပြီး နားလည်ရခက်သော လေသံဖြင့်ပြောလိုက်သည်။
"အခုဆို သူ ကုမ္ပဏီကိုရောက်လောက်ပြီ၊ မင်း စောင့်ပြီးပြဇာတ်ကောင်းတစ်ခု ကြည့်သွားပေါ့"
🍁 Chapter 46
ဖုန်းရိဂရု ရုံးချုပ်၏လူ့စွမ်းအားအရင်းအမြစ် ဌာနတွင်ကြီးကြပ်ရေးမှူး ယဲ့ယန်သည် သူမလက်ထဲရှိ ကိုယ်ရေးရာဇဝင်ဖိုင်နှင့် သူမရှေ့တွင် မတ်တပ်ရပ်နေသော အမျိုးသားကို တစ်လှည့်စီ စိုက်ကြည့်နေမိသည်။ ထိုအမျိုးသားသည် သေသပ်ကျနစွာ ချုပ်လုပ်ထားသော ရေပြာရောင်ဝတ်စုံကို ဆင်မြန်းထားပြီး အရပ် ၁၈၅ စင်တီမီတာခန့်ဖြင့် မြင့်မားခန့်ညားစွာ ရပ်နေ၏။
ထိုအမျိုးသားသည် ပေါ်လွင်သော နှာတံစင်းစင်း၊ တောက်ပစူးရှသော မျက်ဝန်းများနှင့်အတူ နူးညံ့သည့် အပြုံးတစ်ခုကို သူ ပိုင်ဆိုင်ထားလေသည်။ သူ့ တရားဝင် ရုံးဝတ်စုံကို ဝတ်ဆင်ထားသော်ငြား တက္ကသိုလ်မှ ဘွဲ့ရလာခါစ လူငယ်တစ်ဦး၏ရိုးသားစင်ကြယ်မှုမျိုးက သူ့အသွင်အပြင်တွင် ကိန်းအောင်းနေဆဲဖြစ်ကာ ငြင်းဆန်၍မရနိုင်လောက်အောင် ယဉ်ကျေးသိမ်မွေ့သော အရှိန်အဝါတစ်မျိုးကလည်း သူ့ထံမှ ဖြာထွက်နေသည်။
ဝါတန်စီးပွားရေးတက္ကသိုလ်၏ ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲမှုဘာသာရပ်မှ ထိပ်တန်းအဆင့်ဖြင့် ဘွဲ့ရထားသူတစ်ဦးအား ဝူယိုသဲ့ ကိုယ်တိုင်ကိုယ်ကျ ကျောထောက်နောက်ခံပေးထားပါလျက်နှင့် လက်ထောက်ရာထူးလောက်သာ လျှောက်ထားသဖြင့် သူ့အရည်အချင်းများအတွက် နှမြောစရာကောင်းလွန်းလှသည်။
ဝူယိုသဲ့ စကားသံများက ယဲ့ယန်နားထဲတွင် တဖန် ပဲ့တင်ထပ်သွားခဲ့သည်။
"ရှောင်ယဲ့၊ ယန်ဝမ်ကလုပ်ငန်းစုရဲ့ ကိစ္စတွေကို အခုလေးတင် လွှဲပြောင်းရယူထားတာဆိုတော့ လက်ထောက်တစ်ယောက် အရေးတကြီးလိုအပ်နေတယ်၊ အတော်ပဲ... ဦးလေးသူငယ် ချင်းရဲ့ သားတစ်ယောက်နိုင်ငံခြားကနေ ဘွဲ့ရပြီး ပြန်ရောက်နေတာရှိတယ်၊ သူကလည်း အတွေ့အကြုံလိုချင်နေတာဆိုတော့ သူ့ကို ယန်ဝမ့်ဆီမှာ အလုပ်သင်လုပ်ဖို့ တာဝန်ချပေးလိုက်ပါ၊ ဒါက ကိစ္စသေးသေးလေးမို့ ယာယီဥက္ကဋ္ဌကို အကြောင်းကြားနေစရာ မလိုဘူး၊ ဦးလေးရဲ့ ကျေးဇူးဆပ်မှုလေးတစ်ခုလို့ပဲ သဘောထားလိုက်ပါကွယ်"
စီးပွားရေးလောကတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သူပီပီ ထိုစကားများ နောက်ကွယ်မှ အဓိပ္ပာယ်ကို သူမ အလိုလို နားလည်လိုက်သည်။ ထိုအမျိုးသားငယ်အား လက်ထောက် ဟူသော အမည်ခံထားသော်လည်း အမှန်တွင်မူ ထိုသူသည် သူတို့ အတွင်းလူများကို အနီးကပ်စောင့်ကြည့်ရန် ထည့်သွင်းလိုက်သော သူလျှို တစ်ဦးသာ ဖြစ်ပေလိမ့်မည်။
ပိုနက်ရှိုင်းစွာ တွေးကြည့်မည်ဆိုလျှင် ဒုတိယဥက္ကဋ္ဌရှုသည် ယခုမှ ကွာရှင်းထားကာ လူလွတ်ဖြစ်နေပြီဖြစ်သောကြောင့် ထိုအမျိုးသားငယ်သည် ဒုတိယဥက္ကဋ္ဌရှု၏ချစ်သူလောင်းတစ်ဦး ဖြစ်လာနိုင်သည်။ မှန်သည်။ ကူးချန်သည် ယခုမှ သေဆုံးသွားခါစဖြစ်၍ သူမအနေဖြင့် နာလန်ထူရန်အချိန်ယူရဦးမည်။ သို့တိုင်အောင် အချစ်သစ်တစ်ခုစတင်ရန် ထိုထက်ကောင်းသော အကူးအပြောင်းမျိုးရှိနိုင်ပါဦးမလား။
ထို့အပြင် ဒုတိယဥက္ကဋ္ဌရှု အနီးတွင် ရှုယင်းယင်းလည်း ရှိနေသေးသည်။ သူမသည် အဘိုးရှုကိုယ်တိုင် အထူးတလည် မြေတောင်မြှောက်ပေးနေသူဖြစ်ပြီး ထန်ဝမ်နှင့် ပထမဆုံးအကြိမ် စေ့စပ်ဆွေးနွေးမှုတွင်ပင် သန်း ၂၀၀ တန် စာချုပ်ကို ရယူနိုင်ခဲ့သူဖြစ်ကာ တစ်နည်းအားဖြင့် အမွေဆဆက်ခံသူတစ်ဦးပင် ဖြစ်သည်။
အကယ်၍ ထိုအမျိုးသားသာ ရည်ရွယ်ချက်တစ်ခုခုဖြင့် ရောက်လာခဲ့ခြင်းဖြစ်ပါက သူ့ပစ်မှတ်မှာ ရွေးချယ်စရာ နှစ်ခုသာရှိသည်။ အဘိုးရှု၏ သမီးမဟုတ်လျှင် မြေးမဖြစ်နိုင် သည်။
ဝူယိုသဲ့သည် အမှန်ပင် ပရိယာယ်ကြွယ်ဝလှသော မြေခွေးအိုကြီးတစ်ကောင် ဖြစ်သည်။ သူ့ အကြံအစည်များမှာ တွေးကြည့်ရုံဖြင့်ပင် ကျောချမ်းဖွယ်ကောင်းလှသည်။
သို့သော် ဤလက်လန်စရာ ပြဿနာကြီးအား သူမ အဘယ် ကြောင့် ခေါင်စခံရမည်နည်း။ သူမ မည်သည့်ဘက်ကိုမျှ မစော်ကားဝံ့ပေ။ သောက်ကျိုးနည်း!
သို့သော်ငြား ရှုယင်းယင်းမှာ လျှို့ဝှက်လက်နက်တစ်ခု ရှိသည်မဟုတ်လား၊ အကယ်၍ ထိုအမျိုးသားတွင် အခြားရည်ရွယ်ချက်များ ရှိနေပါက သူမ ငြိမ်နေမည် မဟုတ်ပေ။
ထိုအချက်ကို သဘောပေါက်သွားပြီးနောက် ယဲ့ယန်၏ စိတ်များ အနည်းငယ် တည်ငြိမ်သွားသည်။
"မင်းကို ဥက္ကဋ္ဌဝူ ကိုယ်တိုင် မိတ်ဆက်ပေးလိုက်တာဆိုတော့ သူတောင်းဆိုထားတဲ့အတိုင်း ဒုတိယ အထွေထွေမန်နေဂျာရုံးခန်းကို လက်ထောက်အနေနဲ့ တိုက်ရိုက်သွားလိုက်ပါ၊ အေမီ စီစဉ်ပေးပါလိမ့်မယ်"
"ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်ဗျာ"
ယဲ့ယန်သည် သူ့ကိုအကဲခတ်သလို တစ်ချက် ကြည့်လိုက်သည်။ ချောမောသော ရုပ်ရည်၊ နားထောင်ကောင်းသော အသံအက်ရှရှနှင့် သူ့လှုပ်ရှားမှုတိုင်းတွင် အဆင့်အတန်းမြင့်မားသော အမူအရာများက ထုံမွှမ်းနေသည်။
ဤသို့နောက်ခံရှိသည့် အထက်တန်းလွှာတစ်ဦးကို အဘိုးရှုအချစ်ရဆုံး လူနှစ်ဦး၏ဘေးတွင် အနီးကပ်ထားရှိခြင်းသည် နောက်ကွယ်မှ အကြံအစည်ကြီးကြီးမားမား ရှိနေမည်သာဖြစ်သည်။
သူမ ဖုန်းကိုခေါ်လိုက်ကာ အေမီအား ဆက်သွယ်လိုက်သည်။
"သွားလို့ရပါပြီ၊ အေမီ အပြင်မှာ စောင့်နေပါတယ်"
ထိုအမျိုးသားသည် မတ်တပ်ရပ်ကာ သေသပ်ကျနစွာ ခေါင်း ညိတ်ပြပြီးနောက် တံခါးကိုဖွင့်၍ထွက်ခွာသွားသည်။ ယဲ့ယန် သူ့ကျောပြင်တစ်ခုလုံး လုံးဝပျောက်ကွယ်သွားသည်အထိ မျက်တောင်မခတ်တမ်း လိုက်ကြည့်နေမိသည်။ ထို့နောက်မှသာ အကြည့်ကိုလွှဲလိုက်တော့သည်။
ချမ်းသာသည့်သူက ပိုချမ်းသာလာကာ ဆင်းရဲသည့်သူက ပိုဆင်းရဲလာသည် ဆိုသည့် စကားလိုပင်။ အကယ်၍ သူဌေးကသာ သူမအတွက် ထိုသို့လက်ထောက်မျိုး စီစဉ်ပေးခဲ့မည်ဆိုလျှင် သူမ သေသည့်တိုင်အောင် ကုမ္ပဏီအတွက် အသက် ပေးလုပ်ကိုင်ပေးမိမည်မှာ အသေအချာပင်။
ရွှယ်ဝေတေ၏အတင်းတုတ်ဖော်တုတ်ဖက်ဖြစ်သော အေမီသည် မန်စဲကုမ္ပဏီသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် လူ့စွမ်းအားအရင်းအမြစ်ဌာနမှ သူငယ်ချင်းတစ်ဦးကိုဆက်သွယ်၍ ထိုအမျိုးသားအကြောင်းကို အသေးစိတ် စုံစမ်းခဲ့ပြီးဖြစ်သည်။ ပညာအရည်အချင်းမြင့်မားခြင်း၊ ချောမောခြင်း၊ အရပ်ရှည်ခြင်းဆိုသော အရည်အချင်းသုံးရပ်စလုံးကို ပိုင်ဆိုင်ထားသူမှာ ယခင်က သမက်ဖြစ်သူ ကူးချန်တစ်ဦးတည်းသာ ရှိခဲ့ဖူးသည်။
ယခု ကူးချန်ကွယ်လွန်သွားခါစအချိန်တွင် ပို၍နုပျိုကာ ချောမောသော မျက်နှာရှိသည့်သူရောက်လာပြီး ဒုတိယဥက္ကဋ္ဌရှုအနီးသို့ ချက်ချင်း တာဝန်ချထားခြင်းခံရသည်။ ထိုသည်မှာ ထင်ကြေးပေးစရာကောင်းလွန်းနေသည်။
အထူးသဖြင့် ဒုတိယဥက္ကဋ္ဌရှုအနီးတွင် ဥက္ကဋ္ဌ၏မြေးမဖြစ်သူ ရှုယင်းယင်းပါ အတူရှိနေခြင်းက အတင်းအဖျင်းကိုပိုမိုအားကောင်းသွားစေသည်။
ဒုတိယဥက္ကဋ္ဌရှုသည် ကံမကောင်း အကြောင်းမလှသော အိမ်ထောင်ရေးတစ်ခုမှ နာလန်ထူလာစဖြစ်ပြီး အချစ်သစ်တစ်ခုကို စိတ်ဝင်စားပုံမပေါ်ချေ။ ထို့အပြင် သူမသည် ထိုလူငယ်ထက် ဆယ်နှစ်ခန့် ကြီးနေပေရာ အသက်ငယ်သောအမျိုးသမီးတစ်ဦးနှင့် ချစ်ကြိုက်ခြင်းမျိုးမှာ သူမစတိုင်လ် မဟုတ်ပေ။
ထိုအမျိုးသားငယ်မှာ မင်းသမီးလေး ယင်းယင်းနှင့် ပိုလိုက် ဖက်သည်။ သူ့ပုံစံမှာ ပညာရှင်တစ်ဦးပမာ ယဉ်ကျေးသိမ်မွေ့မှုနှင့် စီးပွားရေးအထက်တန်းလွှာတစ်ဦး၏အရည်အချင်းနှစ်ခုစလုံးကို ပိုင်ဆိုင်ထားသည်။ သူ့ မျက်လုံးများသည် အမြဲတမ်း ပြုံးယောင်သန်းနေပြီး သူ့အသံမှာ နားထောင်ကောင်းလွန်းသဖြင့် နားကိုပင် ကိုယ်ဝန်ရသွားစေနိုင်လောက်သည်။
သူသည် ဓာတ်လှေကားထဲတွင် အမျိုးသမီးများကို အမြဲတစေ ဦးစွာသွားခွင့်ပြုတတ်ပြီး သူမတို့အတွက် ခလုတ်ကို ဖိနှိပ်ပေးထားတတ်ကာ လူကြီးလူကောင်းဆန်သည့် အမူအကျင့်များကို ပြသလေ့ရှိသည်။
အေမီသည် သူ့ကို ကြည့်လေလေ ပိုမျက်စိကျလာလေလေဖြစ်ပြီး သူနှင့် မင်းသမီးလေးတို့သည် ပြီးပြည့်စုံသောစုံတွဲဖြစ်နိုင်သည်ဟု တွေးမိသည်။
အေမီ၏ ခိုးကြောင်ခိုးဝှက် အကဲခတ်မှုများနှင့် စွဲလန်းနေသော အကြည့်များကို သတိပြုမိသော မုန့်စဲသည် ခိုင်မာ သော ပထမဆုံးအထင်အမြင်တစ်ခု ရရှိစေရန် သူ့ ကိုယ်ဟန်အနေအထားကို အလိုအလျောက် မတ်မတ်ထားလိုက်သည်။
အေမီမှာ မျက်နှာသစ်လေးကို ရှုယန်ဝေ ရုံးခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ မန်စဲကို မြင်သည်နှင့် ရှုယန်ဝေသည် ထွက်သွားတော့မည့် ရှုယင်းယင်းကို တားလိုက်ပြီးမိတ်ဆက်ပေးလေသည်။
"ယင်းယင်း... ဒါ လက်ထောက်အသစ်လေး၊ နင်နဲ့သူက အခုကစပြီး အတူတွဲလုပ်ရမှာ၊ သူနဲ့ရင်းနှီးအောင်လုပ်ထားဦး"
ရှုယန်ဝေသည် အဖွဲ့အစည်းအသီးသီး၏ စောင့်ကြည့်ခြင်းခံရမည်ကို ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သော်လည်း ဤမျှ မြန်ဆန်စွာ ရောက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။ ကံကောင်းထောက်မစွာ သူမတွင် ယင်းယင်းနှင့် ရှောင်ချီတို့ ရှိနေသည်။ ပြဿနာရှာလိုသူ မည်သူမဆိုသူတို့ကို အရင်ကျော်ဖြတ်ရမည်ဖြစ်သည်။
ရှုယင်းယင်းသည် လူသစ်လေးကို ကြည့်ကာ ကိုယ့်ကိုယ်ကို မိတ်ဆက်လိုက်သည်။
"မင်္ဂလာပါ၊ ကျွန်မက ရှုယင်းယင်းလို့ခေါ်ပါတယ်၊ ဒုတိယဥက္ကဋ္ဌရှုရဲ့ လက်ထောက်ပါ၊ တွေ့ရတာ ဝမ်းသာပါတယ်"
"မင်္ဂလာပါ၊ ကျွန်တော့်နာမည်က မုန့်စဲပါ၊ တွေ့ရတာ ဝမ်းသာပါတယ်"
[အား... သူ့အသံလေးက နားထောင်လို့ကောင်းလိုက်တာ၊ ရုပ်လေးကလည်း ချောလိုက်တာ! ငါ့လုပ်ဖော်ကိုင်ဖက်တွေအကုန်လုံးသာ ဒီလိုမျိုးဆိုရင် ဘယ်သူက ရုံးနောက်ကျမှလာပြီး စောစောပြန်ချင်တော့မှာလဲ]
[ဟမ်း... သာမန်ပါပဲ]
စနစ်က ချဉ်စူးစူး ၀င်ပြောသည်။
မုန့်စဲလည်း ရုတ်တရက် ထွက်ပေါ်လာသော အတွေးသံကြောင့် အနည်းငယ်တုန်လှုပ်သွားခဲ့သည်။ ဝူယိုသဲ့က သူချဉ်းကပ်ရမည့်သူမှာ အနည်းငယ်ထူးခြားသည်ဟုသာ ပြောခဲ့သော်လည်း ဤမျှလောက်အထိ ထူးခြားလိမ့်မည်ဟု သူ လုံးဝမမျှော်လင့်ထားခဲ့ချေ။ သူမ အတွေးတွေကို သူ ကြားနေရတယ်တဲ့လား?
မုန့်စဲ၏ အကြည့်တို့သည် သူမအပေါ်သို့ ဝေ့ဝဲသွားသည်။ သူ အံ့ဩသွားသော်လည်း ကောင်းစွာထိန်းချုပ်နိုင်ခဲ့သည်။ မစ်ရှင်ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်သရွေ့ ဝူမိသား၏ ကျေးဇူးကြွေးကို ဆပ်နိုင်မည်ဖြစ်သည်။
ခေတ္တမျှ မိတ်ဆက်ပြီးနောက် ရှုယင်းယင်းသည် တံခါးကိုဖွင့်၍ ထွက်သွားခဲ့ပြီး မုန့်စဲကိုမူ ရှုယန်ဝေ စကားဆက်ပြောရန် ကျန်ရစ်ခိုင်းခဲ့လေသည်။
【ရှောင်ချီ၊ ဒီ မုန့်စဲရဲ့နောက်ခံက ဘာလဲ】
【ဝါတန် စီးပွားရေးတက္ကသိုလ်ရဲ့ ဘဏ္ဍာရေးနဲ့ စီမံခန့်ခွဲမှုဘာသာရပ်က ထူးချွန်ဘွဲ့ရ ကိုယ်စားလှယ်တစ်ယောက်၊ အသက် ၂၅ နှစ်၊ ပခုံးကျယ်၊ ခါးသေး၊ ခြေတံရှည်ပြီး eightpackရှိတယ်၊ သူ့ရဲ့ ရုပ်ရည်၊ ဉာဏ်ရည်၊ ကိုယ်နှုတ်အမူအရာနဲ့ အကြိုက်တွေက အားလုံး ထိပ်တန်းအဆင့်ချည်းပဲ】
【ကျွတ် ကျွတ် ကျွတ်... ဒါက ထိပ်တန်းပညာရှင်တစ်ယောက်ကို လက်တိုလက်တောင်း ခိုင်းရတဲ့အဆင့်ရောက်သွားတာပဲ၊ ဒါ သူ့ အရည်အချင်းတွေကိုရေစုန်မျောပစ်တာ မဟုတ်ဘူးလား၊ သူ့ရဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ဆို ဈေးကွက်ရှာဖွေရေးဌာနရဲ့ အကြီးအကဲဖြစ်ရင်တောင် သူ့အတွက် နိမ့်ကျနေဦးမယ်]
【ဘယ်သူသိမှာလဲ? ဖုန်းရိမှာ ဖုံးကွယ်နေတဲ့ အရည်အချင်းရှိသူတွေ အများကြီးရှိနေနိုင်တာပဲ၊ ပြီးတော့ ဒီလူက ကုမ္ပဏီမှာ သာမန်အဆင့်လောက်ပဲ ဖြစ်နေတာလည်း ဖြစ်နိုင်တယ်လေ】
ရှုယင်းယင်း နှာခေါင်းရှုံ့လိုက်ပြီး၊ သိပ်အရေးမကြီးလှဟု သဘောထားကာ သူမ အလုပ်ခုံတွင် ဝင်ထိုင်လိုက်လေသည်။