← Chapters

အခန်း (၄၉-၅၀)

Vol. 5 Ch. 49-50

အခန်း (၄၉-၅၀)

Vol. 5 Ch. 49-50

🍁 Chapter 49

သူတို့နှစ်ဦးသည် လူသွားလမ်းလေးတစ်ခုသာ ခြားလျက်ရှိပြီး တစ်မနက်ခင်းလုံး စကားတစ်ခွန်းမျှပင် အပြန်အလှန် မပြောဆိုခဲ့ကြသဖြင့် ဘေးမှကြည့်နေသူများကိုပါ စိတ်မရှည်ဖြစ်စေခဲ့သည်။ သူတို့သည် ကော်ဖီသောက်ကာ အနားယူရန် အနားယူချိန်ကို အခွင့်ကောင်းယူ၍ စုရုံးကာ ဆွေးနွေးကြလေသည်။

"ဝေဝေ... ဟိုလူက ယင်းယင်းကို မြှူဆွယ်ဖို့ ကြိုးစားနေတယ်လို့ ရှောင်ချီ ပြောတာကို နင် တကယ်ကြားလိုက်တာလား"

"ဒါပေါ့၊ ငါ အဲဒီမှာရှိနေတာလေ၊ လုံးဝကို ကြားတာ"

"အခု သုံးနာရီလောက် ရှိနေပြီ၊ သူတို့ ဘာမှလည်း မလှုပ်ရှားကြသေးဘူး၊ ဒါက ဘယ်လို နည်းဗျူဟာမျိုးလဲ"

"ဘာများ လောစရာရှိလို့လဲ၊ သူ ဒီနေ့မှ အလုပ်စဆင်းတာလေ၊ ဘာလှုပ်ရှားမှုပဲလုပ်လုပ် သံသယဝင်စရာ ဖြစ်သွားမှာပေါ့ ဟုတ်တယ်မလား၊ ယင်းယင်းက သူဌေးမိသားစုရဲ့ အမွေဆက်ခံသူလေ အကယ်၍ သူက သိသာလွန်းတဲ့လှုပ် ရှားမှုတစ်ခုကို လုပ်လိုက်မယ်ဆိုရင် အဘိုးကြီးရှုက သူ့ကို သေအောင် ရိုက်လိမ့်မယ်၊ အိမ်‌တော်ထဲဝင်ရမယ့် သမက်တစ်ယောက်ရဲ့ ကံကြမ္မာကို နင်တို့ပဲ စဉ်းစားကြည့်လိုက်လေ"

ထိုစကားတစ်ခွန်းကြောင့် လူတိုင်းဆွံ့အသွားကြသည်။ သူတို့သည် လက်ဖက်ရည်အမြန်ငှဲ့ကာ ငှက်များပမာ မြန်မြန်ထွက်သွားကြလေသည်။

သူတို့ စိုးရိမ်ပူပန်နေခြင်းမှာ အံ့သြစရာမဟုတ်ပေ။ ရှုယင်းယင်းကိုယ်တိုင်လည်း စိုးရိမ်ပူပန်နေခဲ့သည်။ တစ်ဖက်လူက ပြင်ဆင်ထားသော်လည်း လှုပ်ရှားရန်တုံ့ဆိုင်းနေကြောင်း သိထားသဖြင့် သူမသည် အလိုအလျောက် ခံစစ်အနေအထားသို့ ရောက်ရှိသွားခဲ့သည်။

သူမက တိုက်ရိုက်သွားမေး၍လည်း မဖြစ်ပေ။ ထိုသို့မေးလျှင် သူမကိုယ် သူမ အထင်ကြီးလွန်းသူဟု ထင်ရပေမည်။ သို့သော် ကိစ္စရပ်များကို ဤအတိုင်းအချိန်ဆွဲထားရန် ခွင့်ပြုထားခြင်းမှာလည်း အလွန်စိတ်ပျက်စရာကောင်းလှပြီး သူမကို တစ်နေကုန် ရင်တထိတ်ထိတ် ဖြစ်နေစေခဲ့သည်။

"အတွင်းရေးမှူးရှု၊ ဒါကို ဘယ်လိုလုပ်ရမလဲ"

မုန့်စဲက ပုံစံစာရွက်တစ်ခုကို ကိုင်ထားရင်း မေးလိုက်သည်။ ရှုယင်းယင်းက ခေါင်းခါပြလိုက်သည်။

"ငါလည်း မသိဘူး၊ အေမီကို သွားမေးလိုက်လေ"

ထို့နောက် သူမသည် ဆယ်မီတာခန့် အကွာတွင်ရှိသော အေမီကိုသွားရှာလေသည်။ အေမီသည် ချက်ချင်းထရပ်ကာ မုန့်စဲထံသို့ သွားပြီး ၎င်းကို မည်သို့လုပ်ရမည်ကို စိတ်ရှည်လက် ရှည် ပြသပေးလေသည်။

မုန့်စဲ : "..."

အေမီ ထွက်သွားပြီးနောက် မုန့်စဲသည် ပခုံးကို ဆန့်ထုတ်သယောင် ဟန်ဆောင်ကာ ရေခပ်ရန် ခွက်တစ်ခွက်ကိုကောက်ကိုင်လိုက်ပြီး ရှုယင်းယင်းအား ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။

"အတွင်းရေးမှူးရှု၊ ဘာသောက်ချင်လဲ၊ ကျွန်တော် ယူလာပေးမယ်လေ၊"

"ရပါတယ်၊ မလိုပါဘူး၊ ငါ အလုပ်မှာ ရေမသောက်ဘူး၊ အစာမစားဘူး၊ သန့်စင်ခန်းလည်း မသွားဘူး၊ ကျေးဇူးပဲ!'

မုန့်စဲ : "..."

သူ တိတ်ဆိတ်စွာ သက်ပြင်းချလိုက်ပြီးနောက် မတ်တပ်ရပ်ကာ နားနေခန်းဆီသို့သွားလိုက်ရင်း အနည်းငယ်သက်သောင့် သက်သာ မဖြစ်သလို ခံစားလိုက်ရသည်။

[ဒါက နင့်ရဲ့ နည်းဗျူဟာဆိုတာလား၊ သူ့ကို ကပ်ရောဂါဆိုးကြီးလို ရှောင်ဖယ်နေတာကိုလေ]

【အသုံးဝင်တယ်လို့ နင် မထင်ဘူးလား၊ ဒါ လုံးဝချဉ်းကပ် လို့မရအောင် နေပြလိုက်တာပဲလေ!】

【·····】

စနစ်မှာ ဆွံ့အသွားရလေသည်။

မုန့်စဲ ပြန်ရောက်လာသောအခါ သူသည် ဘရောင်နီမုန့်တစ်ခုကိုယူလာကာ ရှုယင်းယင်း၏အလုပ်ခုံပေါ်တွင် တိတ်တ ဆိတ် ချထားပေးလိုက်သည်။

"ရွှယ်ဝေဝေက ဒါလေး ခင်ဗျားကို ပေးခိုင်းလိုက်လို့ပါ"

"မဖြစ်နိုင်တာ၊ ငါ့မှာ ဆီးချိုရောဂါရှိတာ ဝေဝေ သိတယ်"

ရှုယင်းယင်း သူ့ လိမ်ညာမှုကို အညှာအတာမဲ့စွာ ဖော်ထုတ်ပစ်လိုက်သည်။ အပြင်ထွက်တဲ့အခါ ရောဂါဆိုတာ ကိုယ့်ဘာသာ ဖန်တီးရတာပဲဟေ့!

မုန့်စဲသည် သူမကြောင့် ရယ်ချင်သွားပြီး ထပ်မံ ဖုံးကွယ်မထားတော့ချေ။

"ဆောရီး၊ ကျွန်တော် လိမ်ပြောလိုက်တာပါ၊ ကျွန်တော် ခင်ဗျားကို ပေးချင်လို့ပါ၊ တခြားဘယ်သူနဲ့မှ မဆိုင်ပါဘူး"

ရှုယင်းယင်း တည်ကြည်သောမျက်နှာဖြင့် ပြောလိုက်သည်။

"ငါ့ဆီးချိုရောဂါက အစစ်ပဲ၊ ဘယ်သူပဲပေးပေး အရေးမကြီးဘူး"

မုန့်စဲ အနည်းငယ် အံ့ဩသွားပြီးနောက် မေးလိုက်သည်။

"မစ်ရှု... ကျွန်တော့်အပေါ်မှာ မကျေနပ်တာ တစ်ခုခုရှိနေလို့လား၊ ခင်ဗျား ကျွန်တော့်ကို အရမ်းငြင်းပယ်နေတယ်လို့ အမြဲခံစားရတယ်"

"ဟုတ်တယ်၊ ဟုတ်တယ်၊ ရှင် ခံစားရတာ မှန်တယ်"

"·····"

ချမ်းသာတဲ့ အမွေဆက်ခံသူ မိန်းကလေးတိုင်းက ဒီလောက်တောင် သတိကြီးကြတာလား၊ ဒါမှမဟုတ် ငါ့ရည်ရွယ်ချက်တွေကို သူမများ သိနေတာလား ?

[မြှူဆွယ်တဲ့ လှည့်ကွက်တွေအကြောင်း ငါလေး အကုန်သိတယ်၊ ပထမဆုံး လုပ်ဖော်ကိုင်ဖက်ဆက်ဆံရေးကို အသုံးချပြီး နီးစပ်အောင်လုပ်မယ်၊ ပြီးတော့ အပြန်အလှန် ဆက်သွယ်ဖို့ အခွင့်အရေးတွေ တိုးလာအောင်လုပ်မယ်၊ ငါ့ရဲ့ စိတ်ဝင် စားမှုတွေ၊ ဝါသနာတွေ၊ နေ့စဉ် လုပ်ရိုးလုပ်စဉ်တွေကို ရိုးရိုးလေး မေးလာမယ်၊ ပြီးရင် တိုက်ဆိုင်မှုတွေကို ဖန်တီးပြီး ငါ့ဘဝထဲကို ဖြည်းဖြည်းချင်း ထိုးဖောက်ဝင်ရောက်လာမယ်၊ ငါ့ရဲ့ နယ်မြေထဲကို တဖြည်းဖြည်း ကျူးကျော်ဝင်ရောက်လာမယ်၊ ရိုမန်းတစ်ဆန်တဲ့ အံ့ဩစရာ အရာတွေကို ဖန်တီးပြီး မရည်ရွယ်ဘဲ ဖြစ်သွားသလိုဟန်ဆောင်မယ်၊ ပြီးရင် အချစ်ရူးမလေး တစ်ယောက်ရဲ့မာနကို ဖြည့်ဆည်းပေးမယ်၊ တစ်ဆင့်ပြီးတစ်ဆင့် ငါ့ကို သွေးဆောင်မယ်၊ ငါစိတ်လှုပ်ရှားမိသွားတာနဲ့ သူ့ကိုကြွေကျသွားပြီး၊ သူလုပ်ချင်တာကို လုပ်ခွင့်ပြုပေးလိုက်ရမယ်၊ ဟက်... ယောကျ်ားတွေများ]

ပထမအဆင့်ကို စီစဉ်နေဆဲဖြစ်သော မုန့်စဲ : "..."

သူမက ဒီလောက်တောင် ဉာဏ်ကောင်းနေတာကို၊ ဝူယိုသဲ့က သူ့ကို အချစ်ရူးမလေးလို့ တကယ်ကြီးခေါ်ရဲသေးတယ်၊ အဲဒီ ကျိန်စာသင့်နေတဲ့ လူလိမ်အိုကြီးတော့!

[ဒါပေမဲ့ စကားမစပ် ဝူကျွင်းက သူ့အပေါ်မှာ ဒီလှည့်ကွက်တွေကို သုံးခဲ့ဖူးလား မသိဘူး၊ ငါ့အတွက် သူ့ရဲ့မြှူဆွယ်ရေး အစီအစဉ်ထက် ဝူကျွင်းနဲ့ သူ့ရဲ့ ဆက်ဆံရေးကို ငါက ပိုပြီး စပ်စုချင်နေတာ]

ရှုယင်းယင်း၏ စိတ်လှုပ်ရှားနေသော အတွေးများက မုန့်စဲ ကျောပြင်ကို တောင့်တင်းသွားစေခဲ့သည်။ ဘာလို့ ဝူကျွင်း အကြောင်းကို ပြောလာရတာလဲ?

သူ တိတ်တဆိတ် နားစွင့်လိုက်သည်။

[ဘီရိုထဲ ပုန်းနေတဲ့ကောင်လေး ဝူကျွင်းက ဘယ်လိုလုပ်ပြီး အဲဒီလောက် သိသာအောင်လုပ်ရဲမှာလဲ၊ စဉ်းစားကြည့်လေ၊ မုန့်စဲက ထိပ်တန်းကျောင်းသားဆိုတော့ ဉာဏ်ကောင်းပြီး နိုးကြားတယ်၊ ပြီးတော့ သူက ဝူကျွင်းကိုဘော်ဒါတစ်ယောက်လိုပဲ ဆက်ဆံခဲ့တာ၊ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုတွေရှိခဲ့ရင် တောင် မုန့်စဲက ယောကျ်ားအချင်းချင်းထိတွေ့မှုလို့ပဲ မြင်မှာ ဘယ်တော့မှ ပိုပြီးမတွေးနိုင်ဘူး]

မုန့်စဲ မျက်ဆန်များသည် တုန်လှုပ်မှုကြောင့် ပြူးကျယ်လာခဲ့သည်။ ပုန်းနေတဲ့ဂေး ? ဝူကျွင်းကလား?!

[ဒါပေမဲ့ ဝူကျွင်းရဲ့သာယာမှုက သူငယ်ချင်းဆိုတဲ့ ခေါင်းစဉ်အောက်ကနေ သူများဆီက အမြတ်ထုတ်ဖို့ မဟုတ်ဘူးလား၊ သူက ပခုံးကိုဖက်မယ်၊ ခေါင်းကို ပုတ်မယ်၊ ဖက်မယ်၊ ခါးကို ဖက်မယ်၊ ပြီးတော့ အတူတူရေကူးပြီး ဘောလုံးအတူတူကစားကြမယ်၊ ပြီးရင် နောက်ပိုင်း အတူတူရေချိုးမယ်၊ သူမြင်ချင်တာ အကုန်လုံးကိုကြည့်မယ် ပြီးတော့ ညဥ့်နက်တဲ့အချိန်မှာ အဲဒါတွေကိုပြန်တွေးမယ်၊ အဲဒီနောက် ညဘက် စိတ်ကူးယဉ်မှုတွေနဲ့ ဖြေလျော့မှုတွေလုပ်မယ်၊ အီး... ဘယ် လောက်တောင် နှာဘူးကျလိုက်လဲ!]

မုန့်စဲသည် ရုတ်တရက် မတ်တပ်ထရပ်သွားပြီး သူ့ ခန္ဓာကိုယ်ပေါ်တွင် ပိုးကောင်များတွားသွားနေသကဲ့သို့ ပျို့အန်ချင်စိတ်များ တဟုန်ထိုးတက်လာလေသည်။

သူက ဝူကျွင်းကို ဘော်ဒါတစ်ယောက်လို ဆက်ဆံခဲ့ပေမယ့် ဟိုက သူနဲ့ အိပ်ချင်နေတာတဲ့လား။

ဒါ ဘယ်လိုတောင် မတရားမှုမျိုးလဲ!

ထို့အပြင် ရှုယင်းယင်း၏အတွေးများကို လိုက်တွေးကြည့်လိုက်ရာ မကြာသေးမီ နှစ်များအတွင်း သူတို့ အတူရှိနေစဉ်မှာ ဝူကျွင်းသည် သူ့ကို ရည်ရွယ်ချက်ရှိရှိဖြင့်ဖြစ်စေ၊ မရည် ရွယ်ဘဲဖြစ်စေ ထိတွေ့ခဲ့ကြောင်းကို သူ အမှန်တကယ်ပြန် လည်အမှတ်ရလာခဲ့သည်။

သူသည် ထိုအရာများကိုရင်းနှီးသည့် သူငယ်ချင်းသံယောဇဉ်တစ်ခုဟု သူ အမြဲတမ်းထင်မှတ်ထားခဲ့သော်လည်း တကယ် တမ်းကျ တလွဲဖြစ်နေလေသည်။

အား... ငါတော့ ညစ်ညမ်းသွားပြီ!

🍁 Chapter 50

မုန့်စဲ ခြေလှမ်းများ အနည်းငယ်ယိုင်နဲ့သွားပြီးနောက် သန့်စင်ခန်းဘက်သို့ ကမန်းကတမ်း ပြေးထွက်သွားတော့သည်။

ရှုယင်းယင်းသည် အလျင်စလိုထွက်ပြေးသွားသော သူ့ကျောပြင်ကို အံ့ဩတကြီး ငေးကြည့်နေမိပြီး နားလည်နိုင်ဖြစ်နေမိသည်။

[သူ ဘာဖြစ်သွားတာလဲ၊ တစ်ခုခုကို အရမ်းလန့်ဖျပ်သွားတဲ့ပုံပဲ၊ မီးလောင်သွားတယ်လို့တောင် ငါ ထင်မိတယ်]

[ဘယ်သူသိမှာလဲ၊ အဲ့ကောင်လေးက ရုတ်တရက် ဆိုးဆိုးရွားရွား နေမကောင်းဖြစ်သွားတာများလား]

[ကျစ်... သူက နည်းနည်းလေးတော့ သနားစရာကောင်းတယ်လို့ နင် မထင်ဘူးလား၊ ဘီရိုထဲမှာ ပုန်းနေတဲ့ ဂေးတစ်ယောက်က သူ့ကို ပစ်မှတ်ထားနေတာကို သူကိုယ်တိုင် မသိရှာဘူးလေ၊ ပြီးတော့ ဝူမိသားစုက သူ့အပေါ်မှာ ကျေးဇူးရှိထားတာဆိုတော့ အစောကြီးမဟုတ်ရင်တောင် တစ်ချိန်ချိန်တော့ ဝူကျွင်းရဲ့လက်တွေကြားထဲ သူ ကျရောက်သွားရမှာပဲ၊ သနားစရာကောင်းလိုက်တာ]

[အချစ်ကလေးရယ်... နင့်ကိုယ် နင်ပဲ အရင် စိတ်ပူလိုက်စမ်းပါ၊ ဝူကျွင်းက ကုမ္ပဏီကိုလာနေပြီ၊ အခြေအနေကို အကဲခတ်ဖို့ လာတာဖြစ်နိုင်တယ်]

[ဘာ?!]

ရှုယင်းယင်း တွေးတောနေစဉ်မှာပင် မုန့်စဲထံသို့ ဝူကျွင်းထံမှ မက်ဆေ့ချ်တစ်ခု ဝင်လာခဲ့သည်။

[နေ့လယ်စာ အတူတူစားကြရအောင်၊ ကုမ္ပဏီကနေ လာကြိုရမလား]

မုန့်စဲသည် မက်ဆေ့ချ်ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ ထိုစဉ် လျှပ်တစ်ပြက် အတွေးတစ်ခုက သူ့ခေါင်းထဲတွင် ရုတ်တရက် လင်းလက်သွားသည်။

ဝူကျွင်းအနေဖြင့် ရှုယင်းယင်း၏အတွေးများကို ကြားနိုင်စွမ်း ရှိ၊ မရှိကို သူ တွေးတောနေမိသည်။ အကယ်၍ ကြားနိုင်ခဲ့ရင်တော့...

'နေ့လယ်စာစားချိန်က တစ်နာရီပဲရှိတာ ကန်တင်းမှာပဲ စားကြမလား'

'ရတာပေါ့၊ မင်းနဲ့အတူတူ စားရဖို့သာ အဓိကပဲ၊ နေရာက အရေးမကြီးပါဘူး'

ချက်ချင်းပြန်ဝင်လာသော ထိုစာက သူ အတင်းအဓမ္မ ဖိနှိပ်ထားသော ပျို့အန်ချင်စိတ်များကို ပြန်ပေါ်လာစေရန် တွန်းအားပေးလိုက်သလိုပင်။

ဝူကျွင်း သူနှင့် ထိုသို့အမြဲ စကားပြောလေ့ရှိသည်။ သို့သော် ရိုးသားဖြူစင်ပုံရသော သူတို့ဆက်ဆံရေး၏နောက်ကွယ်မှာ တကယ်တမ်း ရှိနေတာက...

အား... ရွံလိုက်တာ!

မုန့်စဲသည် ဖုန်းကို အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်ပြီးနောက် သူ့ အရေပြားကိုပင် ပွတ်တိုက်ခွာချပစ်ချင်လောက်အောင် စိတ်လောစွာဖြင့် မျက်နှာကိုရေများများ ပက်လောင်းလိုက်သည်။ ကြည့်ရသည်မှာ သူ ဤနေရာမှ အမြန်ဆုံးထွက်သွားမှ ရတော့မည်။

သူ ဖုန်းအဆက်အသွယ်စာရင်းကို ဖွင့်ကာ ဖုန်းတစ်ကောလ် ခေါ်လိုက်လေသည်။ အလုပ်ဆင်းချိန် ရောက်သည်နှင့် တစ်ပြိုင်နက် ရွှယ်ဝေဝေသည် ရှုယင်းယင်းကို နေ့လယ်စာစားရန် ခေါ်ရန် မစောင့်နိုင်တော့ချေ။ သူမသည် အစပျိုးနေပြီဖြစ်သော CP ကို အတင်းအဓမ္မ တွန်းအားပေးရန်အတွက် မုန့်စဲကိုပါ ယဉ်ကျေးစွာ ဖိတ်ခေါ်လိုက်သည်။

သို့သော် မုန့်စဲက ရှုယင်းယင်းကို မကျေမနပ်ဖြစ်နေသော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် "ဖိတ်ပေးတာ ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော် လိုက်လာရင် အနှောင့်အယှက်ဖြစ်မှာဆိုတော့၊ မလိုက်တာပဲ ကောင်းပါတယ်"

ရှုယင်းယင်း အံ့ဩသွားသည်။ ဒီလူက ငါလေးကို ရွဲ့နေတာပဲ...

ရွှယ်ဝေဝေသည် မုန့်စဲ မျက်လုံးထဲမှ မကျေမနပ်ဖြစ်နေသော အကြည့်ကို ဖမ်းမိလိုက်ပြီး သူမ၏ အတင်းအဖျင်းစိတ်ဝင် စားမှုက ချက်ချင်း နေရာယူသွားသည်။

"ဘယ်လိုလုပ် အဲဒီလိုဖြစ်နိုင်မှာလဲ၊ လက်ထောက်မုန့်က အရမ်းချောတာပဲဟာ၊ ရှင် စားသောက်ဆိုင်မှာ ထိုင်လိုက်တာနဲ့ ကုမ္ပဏီမှာ အလှပဆုံးမြင်ကွင်းတစ်ခု ချက်ချင်းဖြစ်သွားမှာ၊ လာပါ၊ လာပါ... အခုကစပြီး ငါတို့က လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်သွားပြီပဲ၊ အချင်းချင်းသိအောင်လုပ်ထားရမှာပေါ့"

မုန့်စဲ ပြန်မဖြေဘဲ ရှုယင်းယင်းကိုသာ ခိုးကြောင်ခိုးဝှက် ကြည့်နေသည်။

[ဘုရားရေ၊ သူက သရုပ်ဆောင်ရတာကို စွဲလမ်းနေတာလား၊ ဒီကိစ္စက ငါလေးနဲ့ ဘာဆိုင်လို့လဲ၊ သူ တမင်လုပ်နေတာ ဖြစ်ရမယ်]

မုန့်စဲသည် တမင်တကာ လုပ်နေခြင်းဖြစ်သည်။ ဝူကျွင်း ရောက်လာသောအခါ ရှုယင်းယင်း ဒေါသထွက်ပြီး ပေါက်ကွဲနိုင်စေရန် သူမအား တမင်သက်သက်ရန်စချင်နေခြင်းဖြစ် သည်။

ရွှယ်ဝေတေ စိတ်ထဲတွင် အတင်းအဖျင်းများအတွက် မျှော်လင့် ချက်များဖြင့် တောင်ပနေပြီဖြစ်ရာ ဤမျှကောင်းသော အခွင့်အရေးကို လက်လွတ်ခံမည် မဟုတ်ပေ။ ထို့ကြောင့် သူမသည် ရှုယင်းယင်း လက်မောင်းကို လက်တစ်ဖက်ဖြင့် ချိတ်ကာ ကျန်လက်တစ်ဖက်ဖြင့် မုန့်စဲ အင်္ကျီလက်ကိုဆွဲ၍ သူတို့နှစ်ဦးစလုံးကို ဓာတ်လှေကားဆီသို့ ခေါ်ဆောင်သွားလေသည်။

"ငါတို့အားလုံးက လုပ်ဖော်ကိုင်ဖက်တွေချည်းပဲ၊ ဒီည လုပ် ဖော်ကိုင်ဖက်သစ်တွေအတွက် ကြိုဆိုပွဲညစာစားဖို့ စီစဉ်ထားပေမယ့် ကုမ္ပဏီက ဒီရက်ပိုင်း အလုပ်များနေတော့ မလုပ်ဖြစ်လိုက်ဘူးလေ၊ ဒါကြောင့် အချင်းချင်းရင်းနှီးသွားအောင် နေ့လယ်စာစားချိန်လေးမှာ အတူတူစုစားကြတာပေါ့"

"ယင်းယင်းက လူတွေနဲ့ ဆက်ဆံရတာ သိပ်မကျွမ်းကျင်လို့ပါ၊ ရှင့်ကို ရှောင်နေတာ မဟုတ်ပါဘူး"

ရွှယ်ဝေဝေ အခြေအနေကို ပြေလည်အောင်ဖြေရှင်းပေး လိုက်ရာ ရှုယင်းယင်း အနေဖြင့်လည်း အရမ်းကြီးခပ်ခွာခွာနေ၍မရတော့ချေ။ မည်သို့ပင်ဖြစ်စေ သူမ၏ သဘောထားမှာ ရှင်းလင်းသည်။

အကယ်၍ မုန့်စဲသည် သူမအား ဆက်ပြီးဖိအားပေးနေမည်ဆိုလျှင် သူ လုံးဝပြိုလဲသွားပြီး ထွက်ပြေးရသည်အထိ သူမကလည်း ဆက်လက် ဖျက်ဆီးနေမည်သာ။

သူတို့သုံးဦး စားသောက်ဆိုင်သို့ ရောက်ရှိလာသောအခါ စိတ်အားထက်သန်နေသော အတင်းအဖျင်းသမားများသည် စားပွဲများကို ငါးမီတာခန့်ရှည်လျားသော ထမင်းစားစားပွဲကြီးတစ်ခုအဖြစ် ပေါင်းစပ်ထားပြီးဖြစ်သည်။ လူတိုင်းသည် နေရာကိုယ်စီ ယူထားကြပြီး အဓိကဇာတ်ကောင်များ ရောက်ရှိလာရန်အတွက် အလယ်ဗဟိုတည့်တည့်ရှိ ခုံသုံးခုံကို တမင်သက်သက် ချန်ထားပေးလေသည်။

ဖရဲသီးစားခြင်းအပြင်၊ အောင်သွယ်တော်လုပ်ခြင်းနှင့် ဝူကျွင်း၏ တိတ်တခိုးအချစ်ဇာတ်လမ်းအကြောင်း ဆွေးနွေးခြင်းတို့သည် သူတို အစားအစာများနှင့် တွဲဖက်စားသုံးရန် အကောင်းဆုံးသော အရံဟင်းလျာများလည်း ဖြစ်သည်။

စားသောက်ဆိုင်ထဲသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် သူ့ရှေ့မှ မြင်ကွင်းကြောင့် မုန့်စဲ အံ့ဩမှင်တက်သွားခဲ့သည်။ ဌာနအသီးသီးမှ လုပ်ဖော်ကိုင်ဖက်များသည် ရှည်လျားသော ထမင်းစားစားပွဲကြီး၏ပတ်လည်တွင် စနစ်တကျ ထိုင်နေကြသည်။ သူတို့အားလုံးက တောက်ပသော အပြုံးများနှင့်ပြင်း ပြသော မျှော်လင့်ချက်များ ရောယှက်နေသည့် မျက်နှာများဖြင့် နှုတ်ဆက်ကြပြီး မုန့်စဲတို့အား အလယ်သို့ စိတ်အားထက်သန်စွာ ခေါ်ကြသည်။

ဤသည်မှာ ပါတီပွဲကြီးနှင့်ပင် ပိုနေသည်။

[ရှောင်ချီ ငါဘာလို့ လူတိုင်းရဲ့စိတ်အားထက်သန်မှုက အဆင့်သစ်တစ်ခုကို ရောက်နေတယ်လို့ ခံစားရပါလိမ့်၊ ဒီလောက် အုန်းအုန်းကြွက်ကြွက်ဖြစ်နေတာက တကယ်ပဲ လုပ်ဖော်ကိုင် ဖက်သစ်ကိုကြိုဆိုဖို့လား၊ ဒါမှမဟုတ် အစည်းအဝေးတစ်ခုလုပ်ဖို့များလား]

ထိုအတွေးကြောင့် သူမဘေးနားရှိ လူများ၏အပြုံးများ အနည်းငယ် တန့်သွားခဲ့သည်။ ရွှယ်ဝေဝေက အမြန်ဝင်ပြောသည်။

"စဉ်းစားကြည့်တော့... ယင်းယင်း ဒီကိုရောက်တာ ရက်အနည်းငယ်ပဲ ရှိသေးတာပဲ၊ အရင်က နင့်အတွက် ကြိုဆိုပွဲမလုပ်ပေးခဲ့ရတော့ ဒီနေ့ လုပ်ပေးဖို့ ဆုံးဖြတ်လိုက်ကြတာ၊ ဒီအလယ်နေရာက နင်တို့ နှစ်ယောက်အတွက် အထူးပြင်ဆင်ပေးထားတာ၊ မရှက်ပါနဲ့ ခဏနေကျရင် ကြိုက်သလောက်သာ စား"

ရှုယင်းယင်းသည်ခေါင်းညိတ်ပြကာ အပြုံးဖြင့် ကျေးဇူးတင်စကား ဆိုလိုက်သည်။

ထိုအချိန်တွင် မုန့်စဲသည်တော့ သဘောပေါက်သွားသည်။ လူတိုင်း ရှုယင်းယင်းအတွေးများကိုကြားနိုင်သဖြင့် သူ ဝူကျွင်းအား လှည့်စားပြီး ဤနေရာသို့လာခိုင်းသော အစီအစဉ်က တစ်ဝက်ကျော် အောင်မြင်သွားခဲ့သည်။

ခဏနေပါက သူသည် လူတိုင်း၏ဗဟိုချက်အတင်းအဖျင်းကြီး ဖြစ်လာနိုင်သော်လည်း ဝူကျွင်း နောက်ဆုတ်သွားစေရန်အတွက် သူရင်းသင့်တာရင်းရမည်။ မည်သို့ပင်ဖြစ်စေ အတင်းအဖျင်းဆိုသည်မှာ ကွယ်ရာမှာသာ ပြောတတ်ကြသည်မဟုတ်ပါလား။

ထိုသို့တွေးလိုက်ချိန် သူ ချက်ချင်းစိတ်အေးသွားပြီး အချိန်ကြည့်ရန် ဖုန်းကို ထုတ်လိုက်သည်။ ဤအချိန်မှာပင် ဝူကျွင်းထံမှ မက်ဆေ့ချ်တစ်စောင် ဝင်လာခဲ့သည်။

[ငါ ကားပါကင်မှာ ရောက်နေပြီ]

[ငါ တတိယထပ်က စားသောက်ဆိုင်မှာ ရှိတယ်]

[အိုကေ]

ဝူကျွင်းသည် စိတ်လှုပ်ရှားစွာဖြင့် သူ့ အိတ်ကပ်ထဲမှ အပြာရောင် ကတ္တီပါဘူးလေး တစ်ဘူးကို ထုတ်လိုက်သည်။ ထိုအထဲတွင် မုန့်စဲအတွက် ကြိုဆိုသည့် လက်ဆောင်အဖြစ် သူရွေးချယ်ထားသော Patek Philippe ၏စိတ်ကြိုက်ထုတ်လုပ်ထားသည့် စုံတွဲနာရီတစ်လုံးပါရှိလေသည်။

သူ ဤနေရာသို့လာရာလမ်းတစ်လျှောက်လုံး မုန့်စဲထံ သူ့ ခံစားချက်များကို ချက်ချင်းဖွင့်ဟဝန်ခံပြီး မုန့်စဲအား ခေါ်ဆောင်ကာ ဖခင်ဖြစ်သူ၏ထိန်းချုပ်မှုအောက်မှလွတ် မြောက်ရန် ဆန္ဒများက သူ့အား ပြင်းပြစွာတွန်းအားပေးနေခဲ့သည်။

သို့သော် သူ့ စိတ်လိုက်မာန်ပါ လုပ်ရပ်က မုန့်စဲကို ထိတ်လန့်သွားစေနိုင်ပြီး သူနှင့်ဝေးသွားမည်ကိုတော့ ကြောက်သည်။

သူ အသေအချာ စဉ်းစားပြီးနောက် သူငယ်ချင်းဆိုသော ခေါင်းစဉ်ကို အသုံးချကာ ကုမ္ပဏီတွင် ဦးစွာမျက်နှာပြရန် ဆုံးဖြတ်လိုက်သည်။ သူသည် မုန့်စဲတွင် အင်အားကြီးမား သော အဆက်အသွယ်များရှိကြောင်း လူတိုင်းအားအသိပေးချင်ပြီး လုပ်ငန်းခွင်တွင် လူတိုင်းထံမှမျက်နှာသာပေးခံမှုကို ရရှိစေချင်သည်။

ထို့နောက် ရံဖန်ရံခါ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုများမှတစ်ဆင့် သူ့ ရည်ရွယ်ချက်များကို ဖြည်းညှင်းစွာ ထုတ်ဖော်ပြသသွားမည် ဖြစ်သည်။ လုပ်ငန်းခွင်ဆိုသည်မှာ ပါးနပ်သူများနှင့် ပြည့်နှက်နေသောနေရာဖြစ်သည်။ သူတို့သည် ဖွင့်ပြောစရာမလိုဘဲပငိ အရာရာကို ပိုင်းခြားသိမြင်နိုင်စွမ်း ရှိကြသည်။

ထိုသို့ဆိုလျှင် ရှုယန်ဝမ်၏သမီးကို မျက်နှာချိုသွေးချင်နေသူများသည် မုန့်စဲ သူမထံ ချဉ်းကပ်လာသောအခါ သူ့ကို သတိပေးကြပေလိမ့်မည်။ အကယ်၍ ရှုယင်းယင်းသာ လုံလောက်အောင် ဉာဏ်ကောင်းမည်ဆိုလျှင် သဘာဝကျကျပင် မုန့်စဲနှင့် ခပ်ခွာခွာနေလိမ့်မည်။

သူမကသာ စမလှုပ်ရှားသရွေ့ မုန့်စဲအနေဖြင့် မည်သည့်နည်းလမ်းကိုပင် အသုံးပြုစေကာမူ သူမကို အနည်းငယ်မျှပင် ယိမ်းယိုင်သွားစေနိုင်မည် မဟုတ်ချေ။

ထိုအခါ သူ့ဖခင်လည်း ကူကယ်ရာမဲ့သွာမည်ဖြစ်ပြီး အစီအ စဉ်သည်လည်း သူ့အလိုလို ရပ်တန့်သွားလိမ့်မည်။ သူသည် မုန့်စဲကို ထိတ်လန့်အောင်လည်း မလုပ်ခဲ့သည့်အပြင် ဖခင်၏အစီအစဉ်ကိုလည်း မတားဆီးခဲ့သော်လည်း ရှုယင်းယင်းအား ခပ်ခွာခွာနေနိုင်အောင် လုပ်မည်ဆိုလျှင် နောက် ဆုံးနိုင်ကွက်မှာ သူ့ထံတွင်သာရှိ၏။

သူသာ ကားမောင်းမနေလျှင် သူ့ကိုယ်သူ လက်ခုပ်တီး ချီးကျူးမိမည်မှာ သေချာသည်။ သူ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ဉာဏ်ကောင်းရတာလဲ...

All Chapters