ကောင်းကင်ဧကရာဇ်၏ လက်ကြီးတစ်ဖက်
Vol. 11 Ch. 1002
ရှင်းကုံကျစ်တာအိုဂိုဏ်း ခေါင်းဆောင်ကြီးမှာ ထိုအခြေအနေနှင့်ပတ်သက်၍ အတော်လေး စိတ်ဓာတ်ကျနေတော့သည်။ သာမန်အခြေအနေများတွင် ပိုင်ရှောင်ချန်းသည် သူ့ထက် နိမ့်ကျသည်ဖြစ်၍ အချိန်အလုံအလောက်ရလျှင် ပိုင်ရှောင်ချန်းကို သတ်နိုင်လောက်မည်ဖြစ်သည်။
သို့သော် ယခုက သာမန်အခြေအနေအချိန်အခါ မဟုတ်ပေ။ အထူးသဖြင့် ပိုင်ရှောင်ချန်း၏ ကြောက်မခန်းလိလိ ပြန်လည်ကုစားခြင်းစွမ်းအားများက မည်သည့်ဒဏ်ရာများကိုမဆို ပျောက်ကင်းသွားစေသည်။ ထို့အပြင် သူ၏နတ်ဘုရားသိုင်းများနှင့် မှော်အတတ်များမှာ ခုခံ၍မဖြစ်နိုင်သည်တော့သည့်အလား ထပ်ကာထပ်ကာ တိုက်ခိုက်ခံနေရသည်မှာ အလွန်တရာ စိတ်တိုစရာ ကောင်းလှသည်။
" သူနဲ့ တိုက်ခိုက်တာက မတန်လိုက်တာ... နာကျင်အောင်တောင် မလုပ်နိုင်ဘူး "
ရှင်းကုံကျစ်တာအိုဂိုဏ်း ခေါင်းဆောင်ကြီးက တိုက်ပွဲဆက်ဖြစ်လျှင် မည်သို့အဆုံးသတ်မည်ကို အတန်လေး သေချာနေလျက် သက်ပြင်းမောချလိုက်သည်။
ထို့နောက် သူ၏နတ်ဘုရားဝိညာဥ်က သူ့ခန္ဓာကိုယ်ထဲပြန်ဝင်သွားပြီး သူက အနည်းငယ် နောက်သို့ ဆုတ်ကာ ရိပ်ခနဲလှုပ်ရှားလိုက်သည်။ သိသာထင်ရှားစွာပင် သူက သရဲကြီးမြို့တော်၏အပြင်ဘက်မှာ အတိုက်အခိုက်ရပ်စဲရန် သဘောတူနေလေပြီ။
ပိုင်ရှောင်ချန်းက ထိုသည်ကို မြင်သောအခါ သက်ပြင်းချလိုက်ပြီးနောက် သရဲကြီးဘုရင်ကို လှမ်းကြည့်လိုက်သည်။
" အခု ခင်ဗျားအလှည့်ပဲ မိတ်ဆွေ သရဲကြီး "
သရဲကြီးဘုရင်က ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး ရှင်းကုံကျစ်တာအိုဂိုဏ်း ခေါင်းဆောင်ကြီးနည်းတူ ခံစားနေရလျက် ခေါင်းကို ခါယမ်းလိုက်သည်။
" မလိုတော့ဘူး။ ငါ မင်းပြောတဲ့အတိုင်း လုပ်မယ်။ အတိုက်အခိုက် ရပ်ဖို့မလား..."
နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူနှစ်ယောက် ဆုံးဖြတ်ချက်ပြတ်ပြတ်သားသား ချလိုက်သည့်အတွက် စစ်မြေပြင်ပေါ်ရှိ ကျင့်ကြံသူများသည် ရောထွေးသော ခံစားချက်များဖြင့် တစ်ဖက်စီသို့ ဆုတ်ခွာလိုက်ကြသည်။
အဏ္ဏဝါခေါ်သံဂိုဏ်းမှ ကျင့်ကြံသူများသည်လည်း ထိုနည်းတူ ရှောင်ဖယ်လိုက်ကြသည်။ စိတ်စွမ်းအင်နှင့် သွေးစွမ်းအင်နတ်ရေစင်အဖွဲ့မှ ဂိုဏ်းသားများမှာမူ လွန်ခဲ့သော များစွာက သူတို့ဂိုဏ်းနှစ်ဂိုဏ်းကြားရှိ တိုက်ပွဲအား ပိုင်ရှောင်ချန်းက တစ်ယောက်တည်း တားဆီးခဲ့ပုံကို ပြန်မတွေးမိဘဲ မနေတော့ပေ။
" ဒါပေမယ့် သူ ဒီစစ်ပွဲကို တကယ်ပဲ ရပ်နိုင်ပါ့မလား ... "
စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးက တွေးလိုက်သည်။
ပိုင်ရှောင်ချန်းသည် နှစ်ဖက်စလုံး ဆုတ်ခွာသွားကြသည်ကို မြင်သောအခါ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်၏။ တချိန်တည်းမှာပင် သူ့ရင်ထဲဝယ် မျှော်လင့်ချက်များ ပေါက်ဖွားလာတော့သည်။
" ဒီတိုက်ပွဲကိုရပ်တန့်တာက ပထမခြေလှမ်းပဲ ရှိသေးတယ်။ နောက်တစ်ခု ငါလုပ်ရမှာက သင်္ချိုင်းစောင့်ကြီးကို သွားပြောဖို့ပဲ... "
ထိုအချက်ကို တွေးပြီးနောက် သူက ထွက်ခွာရန် လှည့်လိုက်သည်။ သို့သော် ထိုအချိန်တွင် မိုးကောင်းကင်တစ်ခုလုံး ကွဲအက်သွားပြီး ပြင်းထန်သော ဖိအားများ နေရာတစ်ခုလုံးအပေါ် ရုတ်တရက် သက်ရောက်လာတော့သည်။
တိုက်ပွဲနှစ်ဖက်လုံးမှ ကျင့်ကြံသူများအားလုံး တုန်လှုပ်သွားကြ၏။ သရဲကြီးဘုရင်နှင့် ရှင်းကုံကျစ်တာအိုဂိုဏ်း ခေါင်းဆောင်ကြီးအပါအဝင် လူတိုင်း ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။
ထိုနေရာ၊ လူတိုင်း၏ ခေါင်းအထက်တွင်ကား... ဧရာမမျက်လုံးကြီးတစ်ဖက်။
ဧရာမမျက်လုံးကြီးကား စစ်မြေပြင်ကို ငုံ့ကြည့်နေပြီး အထူးသဖြင့် ... ပိုင်ရှောင်ချန်းကိုပင်။
မျက်လုံးကြီး၏ တည်ရှိမှုက သက်ရောက်နေသော ဖိအားများကို ပို၍ပင် ပြင်းထန်သွားစေတော့သည်။ ရုတ်တရက် အောက်ဖက်ရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများ တုန်ရီလာကြပြီး သူတို့၏စိတ်ဝိညာဥ်များအတွင်းမှ မြင့်တက်လာသော အကြောက်တရားများကို ခံစားလိုက်ကြရသည်။ အမှန်တွင် သူ့တို့မှာ အလွန်တုန်လှုပ်ချောက်ချားလွန်း၍ အသိဥာဏ်ကင်းမဲ့လုမတတ် ဖြစ်သွားကြသည်။
ကမ္ဘာလောကကြီးတစ်ခုလုံး ငြိမ်သက်သွားပြီး မတည်ရှိတော့သည့်အလား... တစ်ခုတည်းသော တည်ရှိနေသည့်အရာကား ထိုဧရာမမျက်လုံးကြီးသာ ဖြစ်ပေသည်။
ထိုမျက်လုံးကြီး၏ အကြည့်သည် ဆောင်းတွင်း လေအေး တိုက်ခတ်နေသည့်အလား အဆုံးစွန်ထိ အေးစက်နေတော့သည်။
၄င်းကား မည်သည့်အရာကိုမဆို ဖောက်ထွင်းပြီး လူတိုင်းသာမက နတ်အဆင့်ကျင့်ကြံသူများ၏ စိတ်နှလုံးအတွင်းသို့ပင် မြင်နိုင်သည့် အကြည့် တစ်ခုဖြစ်သည်။
အစွမ်းထက်သော သရဲကြီးဘုရင်ကား မျက်လုံးကြီးကြောင့် ရင်တဒိန်းဒိန်းခုန်နေသည်။
" ကောင်းကင်ဧကရာဇ်... "
သူက ဒေါသအရိပ်အယောင်များ ပြည့်နှက်နေသော အကြည့်ဖြင့် နောက်ဆုတ်ရင်း ရေရွတ်လိုက်၏။ သူသည် ထိုမျက်လုံးကြီး၏အကြည့်က သူ့ကိုယ်သူ မကြုံဖူးသောအန္တရာယ်တွင်းထဲသို့ ကျရောက်စေသည့်အလား ခံစားလိုက်ရ၍ သူ၏ကျင့်ကြံခြင်းအခြေခံကို ချက်ချင်းလှည့်ပတ်လိုက်သည်။
ရှင်းကုံကျစ်တာအိုဂိုဏ်း ခေါင်းဆောင်ကြီးမှာ သိသိသာသာ တုန်လှုပ်သွားသော်လည်း သရဲကြီးဘုရင်နှင့်ဆန့်ကျင်ဖက် သူက မျက်လုံးကြီးကို ချက်ချင်းပင် ရိုရိုသေသေ ဦးညွှတ်လိုက်သည်။
ပိုင်ရှောင်ချန်းက ခေါင်းမော့လိုက်သည်။ သူ၏အရှိန်အဝါသည် မတည်မငြိမ်ဖြစ်နေပြီဖြစ်ပြီး သူ့တစ်ကိုယ်လုံး ထိတ်လန့်တုန်ရီနေတော့သည်။ ကောင်းကင်ဧကရာဇ်မှာ နောက်ဆုံးအကြိမ်က သူ မြောက်ပိုင်းတွင် မြင်ခဲ့သည်ထက်ပို၍ အစွမ်းထက်ကြောင်း သူပြောနိုင်သည်။ သချိုင်းစောင့်ကြီးကို တိုက်ခိုက်ခဲ့ချိန်က ရှိခဲ့သောအဆင့်သို့ ပြန်မရောက်သေးသော်လည်း နီးကပ်နေပြီဖြစ်သည်။
ငိုလိုက်ရယ်လိုက်သရဲမျက်နှာကြီး၏ ကိုယ်ပွားကို ရရှိခဲ့ခြင်းက သူ ပြန်လည်သက်သာရန်အတွက် အထောက်အကူများစွာ ဖြစ်ခဲ့မှန်း သိသာလှသည်။
" တွေ့ရတာဝမ်းသာပါတယ်... ကောင်းကင်ဧကရာဇ် "
ပိုင်ရှောင်ချန်းသည် ကောင်းကင်ဧကရာဇ်က သူ၏အတွင်းအပြင် ရှုထောင့်တိုင်းကို မြင်နိုင်သည့်အလား ခံစားလိုက်ရ၏။ ကံကောင်းထောက်မစွာ သူက ကမ္ဘာဝတ်ရုံကို ဝတ်ဆင်ထားသောကြောင့် သူ့ခန္ဓာကိုယ်ထဲတွင် ကမ္ဘာ၏စိတ်ဆန္ဒအနည်းငယ် ရှိသေးလေသည်။ ထိုအကြောင်းကြောင့် သူသည် မျက်လုံးကြီး၏ ခြိမ်းခြောက်မှုအား အတိုင်းအတာတစ်ခုအထိ ခံနိုင်ရည်ရှိခြင်းဖြစ်သည်။ သူက ရိုသေလေးစားစွာ လက်ယှက်၍ ဦးညွှတ်လိုက်သည်။
သူ၏ဦးညွှတ်မှုကြောင့် ကောင်းကင်ဧကရာဇ်၏အကြည့်က ရုတ်တရက်ပြောင်းလဲသွား၏။ ရေခဲတမျှအေးစက်နေမည့်အစား ၄င်းသည် ယခင်က ပိုင်ရှောင်ချန်း တစ်ခါမှ မကြုံတွေ့ခဲ့ဖူးသော ပုံစံဖြင့် နွေးထွေးလာလေသည်။
" ပိုင် ရှောင် ချန်း "
ကောင်းကင်ဧကရာဇ် စကားပြောသောအခါ သူ၏အသံတွင် အခြားရောထွေးနေသော ခံစားချက်များနှင့်အတူ တွန်းအားပေးနေသောတစ်စုံတခုလည်း .... ပါဝင်နေ၏။
ပိုင်ရှောင်ချန်းသည် ထိုရောထွေးနေသောခံစားချက်များအားကို သတိထားမိလိုက်သည်သာမက ပတ်ဝန်းကျင်ရှိ အခြားလူများသည်လည်း သတိထားမိလေသည်။
သရဲကြီးမြို့တော်နှင့် လွန်စွာဝေးကွာလှသော နေရာရှိ ကောင်းကင်တံတားပင်လယ်၏ အလယ်ဗဟိုဖြစ်သော ကောင်းကင်တံတားကျွန်းပေါ်မှ တောင်ထိပ်အပေါ်ရှိ တာအိုနန်းတော်တွင် အသက်ရှူပြင်းပြင်းရှူနေသော အသံအား ကြားနိုင်၏။ မျက်လုံးနှစ်လုံးသည်လည်း နေနှစ်စင်း ထွန်းလင်းနေသည့်အလား စူးရှတောက်ပနေသည်။
ထိုမျက်လုံးနှစ်လုံးက ကြည့်ရှုလိုက်သည့်အတွက် တစ်ကမ္ဘာလုံး၏ အရှိန်အဝါ တုန်ခါသွားဟန်တူပြီး ကောင်းကင်တံတားပင်လယ်၏ မျက်နှာပြင်ပေါ်တွင် လှိုင်းလုံးကြီးများ ထကြွလာတော့သည်။
" ဒါဆို... သူပေါ်လာပြီပေါ့။ အချိန်အားလုံးထဲမှာမှ ဒီအချိန်ကို သူ ရွေးလိုက်တာပဲ "
ကောင်းကင်ဧကရာဇ်သည် တာအိုနန်းတော်ထဲတွင် တင်ပျဥ်ခွေထိုင်နေပြီး သူ၏အရှေ့တွင် သရဲမျက်နှာကြီး၏ ဝိညာဥ်ကိုယ်ပွားကို ချိတ်ပိတ်ထားသော သွေးရောင်အလံတစ်လံကို ဖြန့်ခင်းထား၏။ အလံအတွင်းရှိ မျက်နှာကြီး၏ ငိုလိုက်ရယ်လိုက်ဖြစ်နေသော အသွင်ပြင်ကား အနိမ့်ဆုံးပြောရလျှင် ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။
" ငါ အာရုံရခဲ့တဲ့ အဲဒီအငွေ့အသက်တွေက တစ်ယောက်ယောက်က ထာဝရသိုင်းကို အပြီးပိုင်တတ်မြောက်သွားခဲ့ကြောင်း တကယ်ညွှန်ပြနေခဲ့တာပဲ။ ဒီ ပိုင်ရှောင်ချန်းက... တကယ်လုပ်ခဲ့တာကိုး “
" သူ အဆင်သင့်ဖြစ်နေပြီ... ထပ်ဖိအားပေးနေစရာမလိုတော့ဘူး။ ငါ့ နောက်ဆုံး ဆုံးဖြတ်ချက်တောင် မချရသေးခင် တကယ် အဆင်သင့်ဖြစ်နေပြီပဲ... “
" သူ ပျောက်နေတုန်း မြောက်ပိုင်းက တစ်နေရာရာမှာ သွားပုန်းနေခဲ့တာ ဖြစ်မယ်။ ပြီးတော့ ငါ့တပည့်ကလဲ မသေခဲ့ဖူးပဲ... ဒါပေမယ့် အခု အရေးမကြီးတော့ပါဘူး... “
" အဲဒီနောက်ဆုံးအဆင့်ကို ငါ တကယ်မသွားချင်ဘူး.... သူက ငါ့ရဲ့ တစ်ဦးတည်းသော အသွေးအသား မဟုတ်လား... "
ကောင်းကင်ဧကရာဇ်မှာ ဝေခွဲမရဖြစ်နေဟန်တူပြီး သူ၏အကြည့်ကို တာအိုနန်းတော်အပြင်ဘက်ရှိ ကောင်းကင်တံတားကျွန်းပေါ်က အခြားတောင်ထိပ်များအနက်တစ်လုံးရှိရာဘက်သို့ စူးစိုက်လိုက်သည်။ ထိုနေရာတွင် ရပ်နေသူကား လွန်စွာအထီးကျန်သဖြင့် နတ်ဝိညာဥ် သေဆုံးသွားပြီး ရုပ်ခန္ဓာသာ ကျန်ရစ်နေသည့်အလား အရိုးပေါ်အရေတင်ဖြစ်နေသည့် တုလင်ဖေး ဖြစ်ပေသည်။
" စစ်ပွဲက အဆုံးသတ်ဖို့ နီးလာပြီ... ကမ္ဘာဂိတ်တံခါးကို ဖွင့်နိုင်ပါ့မလား သေတော့မသေချာဘူး။ ဟို သောက်ကျိုးနည်းသချိုင်းစောင့်ကြီးသာ သေသွားရင် ငါ့ဘာသာငါဖွင့်နိုင်ပါ့မလား။ ဒါမှမဟုတ် သူထွက်သွားလို့ ထာဝရပိတ်သွားမှာလား။ ဘယ်နည်းနဲ့မှ ကြိုမပြောနိုင်ဘူး ... “
" ဒါက... တကယ်ပဲ ငါ့နောက်ဆုံးအခွင့်အရေး... ပြီးတော့ ငါ့အတွက် အောင်မြင်နိုင်ခြေအရှိဆုံး... ငါ စောင့်နေတဲ့ အခွင့်အရေးကောင်းတစ်ခု... ဖြစ်လောက်တယ် "
တဒင်္ဂကြာပြီးနောက် ကောင်းကင်ဧကရာဇ်၏မျက်လုံးများ သွေးတမျှ ရဲရဲနီသွားပြီး သူ၏ အမူအရာသည် ရက်စက်ကြမ်းကြုတ်စွာ ရှုံ့မဲ့သွားတော့သည်။
" ငါ ဒီက ထွက်သွားရမယ်။ ပေးဆပ်မှုက ကြီးမားရင်တောင် ငါပေးဦးမှာပဲ။ ငါ့ပါရမီတွေ၊ ငါ့အရည်အချင်းတွေကို ထည့်တွက်ရင် အပြင်ဘက်ကမ္ဘာကြီးကို ငါ ရောက်တာနဲ့ လွယ်လွယ်ကူကူ အဆင့်တက်လို့ရပြီ။ ပြီးရင် ငါ စစ်မှန်တဲ့ မဟာယနအဆင့်ကို ရောက်မယ်။ တကယ်တမ်းကျ လောကနတ်ဘုရားအဆင့်က မရောက်နိုင်တဲ့အဆင့် မဟုတ်လောက်တော့ဘူး “
" ပြီးတော့ ငါ့လက်ရှိအသက်က.... အသက်ရှည်ဆေးလုံးတွေ သုံးပြီး ထပ်တိုးလို့မရတော့ဘူး... "
သူ၏မျက်နှာအမူအရာမှာ ပို၍ ရက်စက်ကြမ်းကြုတ်သော ပြတ်သားခြင်းများ၊ ရူးသွပ်မှုများနှင့်အတူ အရုပ်ဆိုးနေတော့သည်။ သူက ဆုံးဖြတ်ချက်ချပြီးနောက် ရပ်လိုက်သည်။
" ခင်ဗျားက ကျုပ်ကို ဒီလို လုပ်ဖို့ ဖိအားပေးနေတာပဲ၊ သချိုင်းစောင့်ကြီး "
သူက ခေါင်းနောက်လှန်ပြီး ဟိန်းဟောက်လိုက်ရာ တစ်ကမ္ဘာလုံးတုန်ခါသွားလေသည်။ ကောင်းကင်တံတားပင်လယ်ပေါ်ရှိ လှိုင်းလုံးကြီးများမှာ ကြောက်စရာကောင်းသော အမြင့်များအထိ မြင့်တက်သွားတော့သည်။ တုလင်ဖေးမှာမူ တသိမ့်သိမ့်တုန်သွားပြီး သူမ၏မျက်နှာလေးထက်သို့ မျက်ရည်စများ စီးကျလာတော့သည်...အနီးကပ်ကြည့်လျှင် သူမ၏ ငေးငိုင်နေသော မျက်လုံးများထဲရှိ အနက်ရှိုင်းဆုံးတစ်နေရာတွင် မှော်သင်္ကေတနှစ်ခု ရစ်ဝဲနေသည်ကို မြင်နိုင်ပေသည်။
" ရှောင်ချန်း ... ငါ တောင်းပန်ပါတယ်... "
သူမက ခပ်ဖွဖွရေရွတ်လိုက်သည်။ မျက်ရည်စီးကြောင်းများက သူမ၏ပါးပြင်လေးတစ်လျှောက် ဖြတ်စီးလျက် သူမ၏မျက်နှာမှာ သေလူပမာ ဖြူဖျော့နေတော့သည်။
ထိုအခိုက်အတန့်တွင် ကောင်းကင်ဧကရာဇ်က သရဲကြီးမြို့တော်ဘက်သို့လှမ်း၍ ဖမ်းဆုပ်သည့်လှုပ်ရှားမှု လုပ်လိုက်သည်။
ဧရာမလေပွေကြီးတစ်ခုသည် ကောင်းကင်တံတားကျွန်းဘက်ခြမ်း နှင့် အခြားတစ်ခုကား...... သရဲကြီးမြို့တော်အပေါ်ရှိ လေထဲတွင် ဖြစ်တည်လာတော့သည်။
ကောင်းကင်ဧကရာဇ်၏ မျက်လုံးကြီးကား ထိုအခြားလေပွေကြီးအသွင်ပြောင်းလဲသွားကာ ၎င်းထဲမှ ဧရာမလက်ကြီးတစ်ဖက်က ပိုင်ရှောင်ချန်းထံ ဒေါသတကြီး ပြေးဝင်လာတော့သည်။