နောက်ထပ် အသေအကြေတိုက်ပွဲ
Vol. 11 Ch. 1003
ကောင်းကင်ဧကရာဇ်၏ လက်ကြီးကား ကောင်းကင်ယံမှ နိမ့်ဆင်းလာနေ၏။
ထိုလေပွေကြီးနှင့် ကမ္ဘာဖျက်ရန် လုံလောက်သောစွမ်းအားများဖြင့် ထကြွနေသော လက်ကြီးသာ တည်ရှိတော့သည့်အလား တစ်လောကလုံးကို အစားထိုးဝင်ရောက်လာသည့်ဟန်တူနေသည်။
လက်ကြီးက လေပွေကြီးကိုကျော်လွန်တော့မည့်ပုံပေါ်သည့်တိုင်အောင် ကြီးသထက်ကြီးလာ၏။ ဖိအားကြောင့် မြေငလျင်များ လှုပ်ခတ်လာပြီး အက်ကြောင်းများ နေရာအနှံ့ ပွင့်ထွက်လာသည်။
ဧရာမတောင်ကြီးများနှင့် ချိုင့်ဝှမ်းများအလား လက်ချောင်းများပေါ်ရှိ လက်ဗွေရာများကိုပင် မြင်နိုင်ပြီး ၎င်းတို့အားလုံးက ကမ္ဘာကြီးကို ချေမှုန်းပစ်တော့အလား ခြိမ်းခြောက်နေသည်။
ပြင်းထန်သော အခိုးအငွေ့များ အရပ်မျက်နှာအနှံ့ ပျံ့လွင့်လာရာ ကျင့်ကြံသူများအားလုံး အလွန်အမင်း တုန်လှုပ်သွားကြ၍ ကြောင်တောင်တောင်ငေးကြည့်နေရုံမှတစ်ပါးး ဘာမှ မလုပ်နိုင်တော့ပေ။
သရဲကြီးမြို့တော်နားရှိ လူများသာ အနှီအံ့သြဖွယ်ကောင်းသောမြင်ကွင်းကြီးအား မြင်ကြသည်မဟုတ်။ အခြားကောင်းကင်ဘုရင်သုံးပါး၏ မြို့တော်များရှိ တိုက်ပွဲ၏ အဖက်ဖက်မှ ကျင့်ကြံသူများအားလုံး ဖြစ်ပျက်နေသည်များအား မြင်လိုက်ကြလေသည်။
လေပွေကြီးနှင့်လက်ကြီးက မြေရိုင်းဒေသတစ်ခုလုံးကို ဖုံးလွှမ်းသည်အထိ မကြီးမားပါသော်လည်း ခုနစ်ဆယ်ရာခိုင်နှုန်းနီးပါး ဖုံးလွှမ်းထားနိုင်သည်အထိ ကြီးမားလေသည်။ ၄င်းကား အမှန်စင်စစ် အံ့သြတုန်လှုပ်ဖွယ် မြင်ကွင်းကြီးတစ်ရပ် ဖြစ်တော့သည်။
" အဲဒါ ဘာကြီးလဲ "
" ဘုရား ဘုရား။ အဲ...အဲဒါ...လက်ကြီးလား "
"ကောင်းကင်ဧကရာဇ်။ အဲဒါ သေချာပေါက် ကောင်းကင်ဧကရာဇ်ပဲ "
မြေရိုင်းသားများနှင့် ကောင်းကင်တံတားကျင့်ကြံသူများထံမှ အထိတ်တလန့်အော်ဟစ်သံများ ပွက်ပွက်ညံသွားတော့သည်။ သို့သော် တခဏသာကြာလိုက်သည်၊ ကောင်းကင်တံတားကျင့်ကြံသူများ စတင်စိတ်လှုပ်ရှားလာလေသည်။
" ကောင်းကင်ဧကရာဇ် လှုပ်ရှားပြီဟေ့။ ငါတို့ သေချာပေါက် နိုင်တော့မှာ "
ထိုကဲ့သို့ အော်ဟစ်သံများ ထွက်ပေါ်လာချိန် ဝိညာဥ်ကျင့်ကြံသူများနှင့် လူ့ဘီလူးကြီးများမှာ ရုတ်တရက် အလွန်စိတ်သောကရောက်သွားတော့သည်။
အမှန်တကယ်ဆိုရလျှင် သူတို့၏မျက်လုံးများမှာ စိတ်ပျက်သောအရိပ်အယောင်များဖြင့် အရောင်လဲ့သွားသည်။
သောကကင်းဝေးကိုးသွယ်ဘုရင်၊ စစ်အောင်ဘုရင်နှင့် ရွှီရှန်အဖေ ဝိညာဥ်ခရီးဘုရင်ပင်လျှင် အလွန်အမင်း တုန်လှုပ်သွားကြသည်။ သူတို့၏ရန်သူများဖြစ်သည့် အခြားမြစ်ဝဂိုဏ်းသုံးဂိုဏ်းမှ နတ်ဘုရားတစ်ပိုင်းအဆင့်ခေါင်းဆောင်ကြီးများမှာမူ သူတို့၏တုံ့ပြန်မှုများကို မထိန်းချုပ်နိုင်တော့ပေ။
" ဒါက.... သရဲကြီးမြို့တော်ဘက်မှာပဲ "
" သရဲကြီးမြို့တော် ဘာဖြစ်နေတာလဲ "
" ထူးဆန်းတာ တစ်ခုခုတော့ ဖြစ်နေပြီ "
မြေရိုင်းဒေသရှိ လူတိုင်းနီးပါး လေပွေကြီးမှ ထွက်လာသည့် ဧရာမလက်ကြီးအပေါ်တွင် အပြည့်အဝအာရုံစိုက်ထားကြသည်။
မဟာကောင်းကင်သခင်က အလွန်လေးနက်သော မျက်နှာအမူအရာဖြင့် ဗဟိုဧကရာဇ်မြို့တော်မှ ကောင်းကင်ယံသို့ စူးစိုက်ကြည့်လိုက်သည်။ လက်ရှိဗဟိုဧကရာဇ်မှာမူ အင်ပါယာနန်းတော်ထဲတွင် ရပ်နေပြီး သူ၏မျက်ဝန်းများထဲတွင် အမုန်းမီးများ တောင်လောင်နေသည်။
ထိုစဥ် ပိုင်ရှောင်ချန်းသည် သရဲကြီးမြို့တော်အပေါ်ထက် လေထဲတွင် ရပ်လျက် အသက်ကိုမနည်းရှူ၍ လေပွေကြီးနှင့် လက်ကြီးကို စိုက်ကြည့်နေတော့သည်။ သူ၏ရင်ထဲတွင် နက်ရှိူင်းသောအတိတ်နိမိတ်အာရုံတစ်ခု ပြည့်နှက်နေပြီဖြစ်သည်။
ထိုအာရုံ ပိုမို ပြင်းထန်လာသည်နှင့်အမျှ ကပ်ဘေးကြီးဆိုက်တော့မည်ဖြစ်ကြောင်း သူ သေချာသွားသည်။
" ကောင်းကင်ဧကရာဇ်က ... ငါ့ကို တိုက်ခိုက်တော့မှာလား "
ပိုင်ရှောင်ချန်းမှာ ကောင်းကင်ဧကရာဇ်က မည်သည့်အတွက်ကြောင့် ထိုကဲ့သို့ အရာတစ်ခုကို လုပ်လိမ့်မည်ဖြစ်ကြောင်း စဥ်းစားတွေးတောနေရန် အချိန်မရှိပေ။ သူက တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ ထွက်ပြေးရန် ပြင်လိုက်သည်။
သို့သော် လက်ကြီးကား ကြီးမားလွန်းလှသည်။ ၄င်းက ရှင်းကုံကျစ်တာအိုဂိုဏ်းခေါင်းဆောင်ကြီး၏ ကြယ်တာရာကောင်းကင်မှော်သိုင်းထက်ပို၍ အစွမ်းထက်သည်။ ကြယ်တာရာကောင်းကင်သည် တာအိုမှော်သိုင်းတစ်မျိုးဖြစ်ပြီး ကောင်းကင်ဧကရာဇ်၏လက်ကြီးမှာ ကမ္ဘာစွမ်းအား ပါဝင်နေသည် မဟုတ်ပါလော။
ပိုင်ရှောင်ချန်းက ထွက်ပြေးရန် ပြင်လိုက်စဥ် လက်ကြီးက သူ့အပေါ် နီးကပ်လာ၏။ သိသာထင်ရှားစွာပင် ကမ္ဘာပေါ်ရှိ မည်သည့်နေရာသို့ သွားစေကာမူ ထိုလက်ကြီးက သူ့ကိုဖမ်းမိမည်သာ ဖြစ်ပေသည်။
သရဲကြီးဘုရင်၏ မျက်နှာပေါ်တွင် အံ့သြနေသောအရိပ်အယောင်ကို မြင်ရပြီး ရှင်းကုံကျစ်တာအိုဂိုဏ်းခေါင်းဆောင်ကြီးမှာ မှင်သက်နေတော့သည်။ ယခုအခါ ကောင်းကင်ဧကရာဇ်၏လက်ကြီးက... ပိုင်ရှောင်ချန်းနောက်သို့ လိုက်နေကြောင်း သူတို့နှစ်ယောက်လုံး ပြောနိုင်သည်။
" သွေးဘိုးဘေးကြီး ... "
ရုတ်တရက် သူတို့နှစ်ယောက်လုံး လွန်ခဲ့သောနှစ်ပေါင်းများစွာက ကောင်းကင်ဧကရာဇ်က သွေးဘိုးဘေးကြီးကို လုပ်ဆောင်ခဲ့သည့်အရာအား သတိရလိုက်သည်။ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူနှစ်ယောက်အနက် သရဲကြီးဘုရင်မှာ ချက်ချင်းပင် အထိတ်တလန့် တုန့်ပြန်လာသည်။
" ဗဟိုဧကရာဇ်မြို့တော်ကိုသွား "
သူက အော်လိုက်သည်။
" ကောင်းကင်ဧကရာဇ်က မင်းကို သတ်ဖို့ ကြိုးစားနေတာ "
ပိုင်ရှောင်ချန်းသည် ကောင်းကင်ဧကရာဇ်အား အလွန်ဆိုးရွားစွာ အတိုက်အခံတစ်ခုမှ သူ မလုပ်ခဲ့သည်ကို တွေးတောကာ ခါးသီးနာကြည်းမှုများ သူ၏နှလုံးသားကို ဖျစ်ညှစ်သွားတော့သည်။ ထို့အပြင် သူက သူ၏သမီး တုလင်ဖေးနှင့် ပတ်သက်သူဖြစ်သည်။ သူက စစ်ပွဲကိုသာ ရပ်တန့်ချင်ပြီး ကမ္ဘာဂိတ်တံခါးကိုဖွင့်၍ ကောင်းကင်ဧကရာဇ်ကို ထွက်သွားခွင့်ပေးရန်နှင့် ပတ်သက်ပြီး သချိုင်းစောင့်ကြီးကို သွားရောက်စကားပြောရန် အဆင့်သင့်ပြင်နေခဲ့ခြင်းဖြစ်သည်။
ဟန်ဇောင်ခေါင်းဆောင်ကြီးနှင့် သဘောတူညီချက်ပြုလုပ်ခဲ့သော်လည်း ပိုင်ရှောင်ချန်းမှာ သူနှင့်ကောင်းကင်ဧကရာဇ်တွင် ရန်ငြှိုးမရှိသောကြောင့် လက်ဦးမှုရယူ၍ သတ်မည်မဟုတ်ကြောင်း ထောက်ပြခဲ့သည်။
သူက တိုက်ခိုက်သတ်ဖြတ်ခြင်းကို သဘောမကျပေ။ သူက လူတိုင်းတွင်ရှိသည့် ပြဿနာအားလုံးအား ဖြေရှင်းရန် နည်းလမ်းတစ်လမ်း ရှာလိုခြင်းသာ ဖြစ်သည်။
" သူ...ငါ့ကို သတ်ချင်တာ "
သို့သော် မည်မျှနာကျည်းနေစေကာမူ သူ သိပ်မအံ့သြပေ.... သူ၏ အတွေ့အကြုံများအားလုံးအပေါ် အခြေခံ၍ သူက တစ်နည်းနည်းဖြင့် ယခုလိုအခြေအနေအတွက် ကြာမြင့်စွာ ပြင်ဆင်ထားခဲ့သည့်အလား။
သချိုင်းစောင့်ကြီး၊ ပိုင်ဟောက်တို့နှင့် သူ့အကြား ဆက်ဆံရေးအရဖြစ်စေ၊ ကမ္ဘာရတနာနှင့် ဟန်ဇောင်ခေါင်းဆောင်ကြီးနှင့်သက်ဆိုင်သော ကိစ္စအရဖြစ်စေ...ကောင်းကင်ဧကရာဇ်တွင် သူ့ကို တိုက်ခိုက်ရန် အကြောင်းရင်းများစွာ ရှိပေသည်။
လက်ကြီးက ကောင်းကင်တစ်ခွင် ပြည့်နှက်လျက် နီးသထက် နီးလာသဖြင့် ထစ်ခြုန်းမြည်ဟည်းသံများ ပဲ့တင်ထပ်သွားတော့သည်။ ပိုင်ရှောင်ချန်းမှာ ထွက်ပြေးသော်လည်း မည်သို့မျှ ထူးမည့်ပုံမပေါ်ပေ။
ထိုသို့ေသရေးရှင်ရေးအခြေအနေတွင် သူက လျှပ်စီးတိမ်တိုက် ဘိုးအေအသွင်ပြောင်းလဲခြင်းသိုင်းကို အစွမ်းကုန် ထုတ်ဖော်လိုက်သည်။
" ချီးပဲ ကောင်းကင်ဧကရာဇ် "
သူက ဟိန်းဟောက်လိုက်သည်။ ထွက်ပြေးခြင်းက ဘာမှမထူးကြောင်း သိသည့်အတွက် သူက ဖြစ်နိုင်သည့် တစ်ခုတည်းသော အရာအား လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။ ၎င်းကား တန်ပြန်တိုက်ခိုက်ခြင်း။
ထိုအချိန်တွင် ဗဟိုဧကရာဇ်နိုင်ငံတော်၏ အထွတ်အထိပ် လျှို့ဝှက်စွမ်းအားတည်ရှိရာ၊ ဗဟိုဧကရာဇ်မြို့တော်ဖြစ်သည့် မှော်ရတနာ၊ မြို့တော့်၏ တတိယမြောက်နယ်မြေထဲရှိ…
အပျက်စီးများအတွင်း ကောင်းကင်တံတားဒေသနှင့် ဗဟိုဧကရာဇ်နိုင်ငံတော်ကြား ကနဦးတိုက်ပွဲဖြစ်ကတည်းက မြှုပ်နှံခံထားရသော နေရာတစ်နေရာတွင် ဘုရားပျက်တစ်ဆူရှိ၏။ ထိုဘုရားပျက်ထဲတွင် အဘိုးကြီးတစ်ယောက် ထိုင်နေလေသည်။
သူက အနက်ရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး သူ၏ဆံပင်ရှည်များမှာ အလွန်ဖြူဆွတ်လွန်းသဖြင့် ပျက်စီးခြင်းအရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။ သူ၏မျက်နှာသည် အရေးအကြောင်းများဖြင့် ရှုပ်ယှက်ခတ်နေပြီး သူ့ထံမှ အားကောင်းသော သေမင်းအရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေ၏။ သူ၏မျက်လုံးများ ပွင့်နေပြီး တဖျပ်ဖျပ် လက်နေခြင်းကြောင့်သာ မဟုတ်လျှင် သူ့ကို အလောင်းတစ်လောင်းအဖြစ် အလွယ်တကူ အထင်မှားနိုင်သည်။
သို့သော် သူ၏မျက်လုံးများ တောက်ပနေပါသော်လည်း သူ့အသွင်ကား ငြိမ်းတော့မည့် ဆီမီးသဖွယ် သေဆုံးတော့မည့်ပုံပေါက်နေသေးသည်။ သူက အတန်ငယ် အသက်ရှင်နိုင်မည်ဖြစ်သော်လည်း မကြာမီ ဖုန်အဖြစ်ပြောင်းသွားတော့မည် ဖြစ်သည်။
သူကား ... သချိုင်းစောင့်ကြီးကလွဲ၍ တခြားမဟုတ်ပေ။
သူသည် သူနေထိုင်နေသည့်ကမ္ဘာကြီးနှင့်အတူ မွေးဖွားလာခဲ့သည့်အလား နှစ်ပဋိေစ္ဆဒကြာမြင့်စွာ နေထိုင်ခဲ့ပြီးဖြစ်သည်။ သူ့ဘဝတစ်လျှောက်လုံးတွင် အပြောင်းအလဲများစွာ မြင်ခဲ့ပြီး မျိုးဆက်များ ပျောက်ကွယ်သွားခဲ့သည်ကို မြင်ခဲ့ရသည်။ မျိုးဆက်များ မွေးဖွားပြီး သေကြသည်.... သို့သော် သူကား အသက်ရှင်ကျန်ရစ်ခဲ့သည်။ ထိုဖိအားကား တောင့်ခံရန် ခဲယဥ်းလွန်းလှသည်။
ထို့နောက် သူသည် သူ့အရိုက်အရာကို ပိုင်ဟောက်ကို လွှဲပေးခဲ့သည်။ ယခုအချိန်တွင် သူ့မှာ အချိန်မရွေးပေါက်ကွယ်သွားမည့် စွမ်းအင်လက်ကျန်အနည်းငယ်လေးသာ ကျန်တော့သည်။ အမှန်တွင် သူက လှုပ်ပင် မလှုပ်နိုင်ပေ။ သူ တင်ပျဥ်ခွေလျက်သာ ထိုင်နေနိုင်တော့သည်။
ထို့ကြောင့် အရိုးသင်္ဘောပေါ်က ကောင်းကင်ဧကရာဇ်နှင့် သရဲမယ်တော်ကြီး၏ စစ်မှန်သောတိုက်ပွဲအတောအတွင်း သူပေါ်မလာခဲ့ခြင်းဖြစ်သည်။ သူ မလုပ်ချင်၍ မဟုတ်ဘဲ မလုပ်နိုင်ခြင်း ဖြစ်သည်။
သို့သော် မြေရိုင်းဒေသတွင် ကောင်းကင်ဧကရာဇ် လှုပ်ရှားလိုက်သည့် အခိုက်အတန့်တွင် အိုမင်းနေသော သချိုင်းစောင့်ကြီးက အသက်တစ်ချက် ရှူသွင်းလိုက်သည်။ ထို့နောက် ဖြည်းညင်းစွာ ခေါင်းမော့လိုက်၏။ ၄င်းမှာ အလွန်အားထုတ်လိုက်ရပုံပေါ်သော်လည်း သူ၏မျက်လုံးများသည် စူးရှသောအလင်းများဖြင့် တောက်ပလာသည်။
သူက မီးတောက်လာသော မီးစလေးနှင့်တူသည်။ မည်သည့်စကားလုံးမှ မကြားလိုက်ရသော်လည် သူ၏နှုတ်ခမ်းများက စကားပြောနေသည့်အလား လှုပ်ခါသွား၏။
သရဲကြီးမြို့တော်၏ အပြင်ဘက်တွင် ကောင်းကင်ဧကရာဇ်၏ လက်ကြီးက တန်ပြန်တိုက်ခိုက်ရန် ရုန်းကန်နေသည့် ပိုင်ရှောင်ချန်းထံ ဆက်သွားနေလေသည်။ သို့သော် မြေငလျင်လှုပ်ခတ်လာပြီး စွမ်းအားကြီးသောအခိုးအငွေ့များ နေရာအနှံ့ပြည့်နှက်သွားကာ... ကမ္ဘာမြေကြီး ဟက်တက်ကွဲသွားပြီး ဧရာမလက်ကြီးတစ်ဖက် အပေါ်ထိုးထွက်လာတော့သည်။
ဤလက်အသစ်ကြီးသည် မည်သို့ပင်ဖြစ်စေ ကောင်းကင်ဧကရာဇ်၏ လက်ကြီးနှင့် ယှဥ်နိုင်သည့်ပုံပေါ်သည်။ မြေကြီးအက်ကွဲသွားသည်နှင့် လက်ကြီးက ထိုးထွက်လာပြီး ကောင်းကင်ဧကရာဇ်လက်ကို ဝင်တိုက်လိုက်သည်။
ဝုန်းခနဲပေါက်ကွဲသံကြီး ပဲ့တင်ထပ်သွားသည့်အတွက် မြေရိုင်းဒေသတစ်ခုလုံး ပြင်းပြင်းထန်ထန် လှုပ်ရမ်းသွားတော့သည်။ အားကြီးသော တုန်ခါလှိုင်းကြီးက ကြည့်ရှုနေကြသော ကျင့်ကြံသူများအားလုံးကို ဂယက်ရိုက်သွားလေသည်။ ကံကောင်းထောက်မစွာ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများနှင့် နတ်အဆင့်ကျင့်ကြံသူများက စွမ်းအင်အချို့စုပ်ယူရန် ထိုနေရာတွင် ရှိနေသည်။ ထိုသို့မဟုတ်လျှင် အခြားကျင့်ကြံသူများအားလုံး အပြင်းအထန် မထိခိုက်လျှင် အသတ်ခံရလိုက်မည် ဖြစ်သည်။
" သချိုင်းစောင့် အဘိုးကြီး "
" ကောင်းကင်ဧကရာဇ်... "
ဒေါသကြောင့် တုန်ခါနေသောအသံနှင့် မောဟိုက်ပင်ပန်းမှုများဖြင့် တုန်ရီနေသော အသံနှစ်သံကား တစ်လောကလုံး ပြည့်နှက်သွားတော့သည်။