မင်းရဲ့ကံကြမ္မာ
Vol. 11 Ch. 1004
အသံကြီးနှစ်သံက မိုးကောင်းကင်နှင့် ကမ္ဘာမြေပြင်တစ်ခွင် ပဲ့တင်ထပ်သွားသည်နှင့်အမျှ ကောင်းကင်ဧကရာဇ်နှင့် သချိုင်းစောင့်ကြီးတို့ နောက်ဆုံးအကြိမ် တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်ခဲ့ကြသည့်နည်းတူ ခံစားလိုက်ကြရသည်။ ဤတစ်ကြိမ်တွင်ကား သူတို့သည် ကမ္ဘာပျက်ကိန်းဆိုက်နိုင်သည့် စစ်ပွဲတစ်ပွဲကို ဆင်နွှဲနေကြခြင်း ဖြစ်သည်။
ကောင်းကင်ဧကရာဇ်သည် သူထွက်သွားခဲ့သည့်အချိန်ကထက် များစွာခြားနားသော အခြေအနေဖြင့် မြေရိုင်းဒေသထံ ပြန်ရောက်လာသည်။ သူ၏ ဒဏ်ရာများမှလည်း ပြန်လည်သက်သာခဲ့လေပြီ။ ထို့အပြင် ယခု သချိုင်းစောင့်ကြီးမှာ အလွန်တရာပင်ပန်းနွမ်းနယ်နေချေသည်။
သို့သော်... မည်မျှအားအင်ချည့်နဲ့နေစေကာမူ သူကား သချိုင်းစောင့်ကြီး မဟုတ်ပါလော။
ကမ္ဘာမြေကြီးမှ ဧရာမလက်ကြီးတစ်ဖက် ထိုးထွက်လာပြီး ကောင်းကင်ဧကရာဇ်၏လက်ကြီးကို ဝင်တိုက်လိုက်သဖြင့် အားပြင်းသော တုန်ခါလှိုင်းတစ်လှိုင်း ဂယက်ရိုက်သွားသည်။ ကောင်းကင်ကြီး မှောင်မိုက်သွားပြီး မိုးသက်မုန်တိုင်းများ မြေပြင်ကိုဖြတ်၍ တဝေါဝေါ တိုက်ခတ်လာ၏။ စွမ်းအား၏ အကန့်အသတ်တစ်ခုကို ထပ်မံ ရောက်ရှိသွားပြီဖြစ်၍ အကာအကွယ်ကမ္ဘာပိုက်ကွန်ကား ကောင်းကင်ယံမှာ ပေါ်လာတော့သည်။
ပိုက်ကွန်ကြီးက ကောင်းကင်တစ်ခွင် ပြည့်နှက်သွားဟန်တူသည့်အတွက် ပိုင်ရှောင်ချန်း၏ မျက်နှာအမူအရာ ဝင်းလက်သွားသည်။ ကမ္ဘာပိုက်ကွန်မှာ နှစ်ပေါင်းများစွာ တွေ့ကြုံခဲ့ရသည် အရာအားလုံးကြောင့် နေရာအတော်များများတွင် အားနည်းနေကြောင်း သူ ပြတ်ပြတ်သားသား အာရုံရလိုက်သည်။
ကောင်းကင်ဧကရာဇ်နှင့် သချိုင်းစောင့်ကြီးတို့မှ ထုတ်လွှတ်လိုက်သည့် ပြင်းထန်သော အားကြီးကြောင့် ပတ်ဝန်းကျင်တွင် ပိုင်ရှောင်ချန်း၊ သရဲကြီးဘုရင်နှင့် ရှင်းကုံကျစ်တာအိုဂိုဏ်းခေါင်းဆောင်ကြီးသာ ကျန်ရစ်ခဲ့သည်။
ထိုသုံးယောက်သာလျှင် ကောင်းကင်ဧကရာဇ်နှင့် သချိုင်းစောင့်ကြီးတို့ တိုက်ခိုက်နေကြသည့် ကြောက်မခန်းလိလိ မြင်ကွင်းကြီးကို မျက်စိဖြင့်တပ်အပ်ကြည့်နေနိုင်သည်။
သို့သော် ပိုင်ရှောင်ချန်းမှာ နောက်တွင် ကျန်ရစ်မနေချင်ပေ။ သူက ပေါက်ကွဲမှုအဟုန်ကို အသုံးပြု၍ နောက်ဆုတ်လိုက်၏။ ကောင်းကင်ဧကရာဇ်လက်ကြီးက သူ့ကို လိုက်ရန် လှုပ်ရှားလိုက်သော်လည်း သချိုင်းစောင့်ကြီး၏လက်ကြီးက ထပ်မံ ဟန့်တားရန် လှုပ်ရှားလိုက်ပြန်သည်။
ထိုဧရာမလက်ကြီးနှစ်ဖက်အား ထောက်ပံ့ပေးနေသော ကျင့်ကြံခြင်းအခြေခံစွမ်းအားမှာ နတ်ဘုရားတစ်ပိုင်းအဆင့်ထက် များစွာသာလွန်သည်။ သူတို့ကား ကောင်းကင်ဧကရာဇ်အဆင့်ဟုလည်း တချို့က ညွှန်းဆိုကြသည့်...... မဟာယနအဆင့်မှာ ဖြစ်ပေသည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက သရဲမယ်တော်ကြီးသည် ကောင်းကင်တံတားတာအိုက သူ့ကိုယ်သူ "ကောင်းကင်ဧကရာဇ် " ဟုခေါ်ခဲ့သော်လည်း အမှန်တွင် ကောင်းကင်ဧကရာဇ်တစ်ပိုင်းအဆင့်သာဖြစ်ကြောင်း ပြောခဲ့သည်။ သို့သော် သူက ကောင်းကင်နှင့်မြေကြီး၏ ပုံပန်းသွင်ပြင်ကို ပြောင်းလဲနိုင်သော စွမ်းအားကို ထုတ်ဖော်နိုင်သေး၏။ ထို့ကြောင့် ပိုင်ရှောင်ချန်းက ထွက်ပြေးရန် ကြိုးပမ်းလိုက်သည်သာမက သရဲကြီးဘုရင်နှင့် ရှင်းကုံကျစ်တာအိုဂိုဏ်းခေါင်းဆောင်ကြီးသည်လည်း နောက်ဆုတ်လိုက်ကြသည်။
သချိုင်းစောင့်ကြီးမှာ ချွတ်ချုံကျနေပြီး ကြာမြင့်စွာ အချိန်ဆွဲပေးနိုင်မည်မဟုတ်ကြောင်း သူတို့အားလုံး သိလိုက်သည်။ ရှင်းကုံကျစ်တာအိုဂိုဏ်းခေါင်းဆောင်ကြီးမှာ ပိုင်ရှောင်ချန်း ထွက်မပြေးအောင် တားသင့်၊မတားသင့် စဥ်းစားရင်း ချီတုံချတုံဖြစ်နေ၏။ သို့သော် သရဲကြီးဘုရင်က သူ့ကို မည်သို့ ဝါးစားမတတ် ကြည့်နေသည်ကို ထည့်တွက်၍ သူက သက်ပြင်းသာချလိုက်ကာ ကိစ္စများရှုပ်ထွေးအောင်မလုပ်ရန် ဆုံးဖြတ်လိုက်သည်။
သူကိုယ်တိုင်ပင် ကောင်းကင်ဧကရာဇ်၏ ရုတ်တရက်ပေါ်ထွက်လာခြင်းကြောင့် အတန်ငယ်ထိတ်လန့်သွားရသည် မဟုတ်ပါလော။
" ခင်ဗျားက အားနည်းနေပြီ သချိုင်းစောင့်ကြီး "
ကောင်းကင်ဧကရာဇ်က မောက်မာမှုများစွက်နေသော အသံဖြင့် ပြောသည်။
" ခင်ဗျား မြေအောက်ကမ္ဘာမြစ်ထဲမှာပဲ သေမယ့်အချိန်စောင့်ရင်း နေသင့်တယ်။ ဘယ်လိုတောင် ဒီနေရာမှာ ပေါ်လာပြီး ကျုပ်အစီအစဥ်တွေကို နှောင့်ယှက်ဖို့ ကြိုးစားရဲတာတုန်း "
ကောင်းကင်ဧကရာဇ်၏လက်ကြီးက သချိုင်းစောင့်ကြီး၏ လက်ကြီးထံ တဟုန်ထိုးပြေးဝင်သွား၍ ကောင်းကင်တံတားမြစ်ရေ၏ ရွှေရောင်အလင်းများ အရပ်မျက်နှာတစ်ခွင် တောက်ပသွားလေသည်။
ထွက်ပေါ်လာသော ပေါက်ကွဲသံကြီး ပဲ့တင်ထပ်သွားပြီး ပိုင်ရှောင်ချန်းမှာ ဆန့်ကျင်ဘက်အရပ် သုတ်ခြေတင်လိုက်စဥ် လေးကြိမ်မြောက် ပေါက်ကွဲသံကြီး ကြားလိုက်ရသည်။ ခေါင်းလှည့်ကြည့်လိုက်ရာ သချိုင်းစောင့်ကြီး၏ မြေလက်ကြီး အပိုင်းပိုင်းပျက်စီးသွားသည်ကို မြင်လိုက်ရသည်ဖြစ်၍ သူ အံသြတုန်လှုပ်သွားတော့သည်။
ကောင်းကင်ဧကရာဇ်၏ ရွှေလက်ကြီးမှာမူ နောက်တစ်ဖန် ကောင်းကင်နှင့်မြေပြင်တစ်ခွင် ပြည့်နှက်သွားကာ ပိုင်ရှောင်ချန်းထံ ဦးတည်လာပြန်သည်။
" မင်း မလွတ်နိုင်ဘူး ပိုင်ရှောင်ချန်း... သချိုင်းစောင့်ကြီးက ငါ့ကို ဒီလိုလုပ်လို့ အတင်းဖိအားပေးနေတာ... ငါ့ ဆန္ဒမဟုတ်ပေမယ့် ငါ့မှာ ရွေးချယ်စရာမရှိဘူး။ ဒါကြောင့်... မင်း အရှုံးပေးပြီး ငါ့လိုအပ်တဲ့ ဆေးလုံးဖြစ်လာရမယ် "
ပိုင်ရှောင်ချန်းမှာ မလွတ်မြောက်နိုင်ကြောင်း သိ၍ ကောင်းကင်ဧကရာဇ်၏လက်ကြီးကို စိုက်ကြည့်လိုက်သည်။ သူ့အနေဖြင့် တိုက်ခိုက်ရန်မှတစ်ပါး အခြားတွေးရန် အချိန်မရှိတော့ပေ။
" နတ်ဘုရားဇီဝိန်ချုပ်သိုင်း "
သူက မျက်လုံးများ နီရဲနေလျက် သူ၏ထာဝရသွေးမှ ဖြစ်တည်လာသော ဝှက်ဖဲကို ဆင့်ခေါ်လိုက်သည်။ ယခုတွင် သူသည် ထာဝရသိုင်းကို အပြီးပိုင်တတ်မြောက်ထားပြီးဖြစ်၍ နတ်ဘုရားဇီဝိန်ချုပ်သိုင်းကို ထိန်းချုပ်နိုင်ပြီး ၄င်းအား အသုံးပြုသည့်အခါ အသိစိတ်လွတ်မည်မဟုတ်တော့ပေ။
သူ၏ခန္ဓာကိုယ်တွင်းရှိ သွေးချီများ တလိပ်လိပ်တက်လာပြီး သူက လျင်မြန်စွာ အရှိန်တင်လိုက်စဥ် ကောင်းကင်ဧကရာဇ်က အေးတိအေးစက် ရယ်မောလိုက်သည်။
" ဗဟိုဘိုးဘေးကြီးရဲ့ လျှို့ဝှက်ထာဝရအတွဲ… မင်းမှာ အသက်ရှည်နည်း အတွဲရှိခဲ့ရင်တော့ ငါ တောင် မင်းကို တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး... ဒါပေမဲ့ အဲဒါမရှိတော့ မင်းအတွက် ငါ ဖန်တီးထားတဲ့ ကံကြမ္မာကနေ မင်း ဘယ်နည်းနဲ့မှ မလွတ်မြောက်နိုင်ဘူး "
ကောင်းကင်တံတားပင်လယ်ရေမှ ဖြစ်ပေါ်လာသော ဧရာမလက်ကြီးက ရွှေရောင်အလင်းများအား ထုတ်လွှတ်လိုက်ရာ နတ်ဘုရားဇီဝိန်ချုပ်သိုင်းကို အမှုမထားဘဲ ပိုင်ရှောင်ချန်း၏ သွေးချီများကို ဖိနှိပ်လာသည်။
" သောက်ကျိုးနည်း ကောင်းကင်ဧကရာဇ် "
ပိုင်ရှောင်ချန်းက လက်နှစ်ဖက်ကို သူ့ရှေ့ပစ်ကာ ဟိန်းဟောက်လိုက်သည်။ ချက်ချင်းပင် အရပ်မျက်နှာတစ်ခွင်၌ ရေခိုးရေငွေ့များသည် ဧရာမရေအိုင်ကြီးအသွင်ပြောင်းလဲကာ ထွက်ပေါ်လာတော့သည်။ ရုတ်တရက် ပိုင်ရှောင်ချန်း၏ အော်သံနှင့်ပေါင်းစပ်သည့် ရှေးယခင်ကလာဟန်တူသော ဟိန်းဟောက်သံကြီးတစ်သံ လေထဲသို့ ဟိန်းထွက်လာလေသည်။
ကောက်ကွေးသော တောင်ထိပ်များ ရေအိုင်အတွင်းမှ ထိုးထွက်လာပြီး...၎င်းသည်ကား ရွှယ်ကျဲကော်တု၏ သရုပ်သဏ္ဍာန်ကြီးက လွဲ၍ တခြားမဟုတ်ပေ။
ပိုင်ရှောင်ချန်း၏ ကျင့်ကြံခြင်းအခြေခံသည် ယခုတွင် နတ်အဆင့်၏ မဟာစက်ဝန်း၌ ဖြစ်သည့်အတွက် ရွှယ်ကျဲကော်တုမှာ ယခင်ကထက် များစွာပို၍ အစွမ်းထက်ကြောင်း ဆိုနိုင်ပေသည်။ တောင်ထိပ်ကြီးများ လေကိုခွင်း၍ ခုံးတက်လာချိန် ဧရာမလက်ကြီးတစ်ဖက် ပေါ်လာပြီး ကောင်းကင်ဧကရာဇ်၏ရွှေရောင်လက်ကြီးကို ရင်ဆိုင်ရန် ပြေးဝင်သွားတော့သည်။
ကံဆိုးစွာပင်... ပိုင်ရှောင်ချန်းက နတ်အဆင့်ကျင့်ကြံသူတစ်ယောက်သာ ဖြစ်နေသည့်အချက်က ကောင်းကင်ဧကရာဇ်ထက် များစွာနိမ့်ကျနေသည်။ ရွှယ်ကျဲကော်တုက ကောင်းကင်ဧကရာဇ်၏လက်ကြီးနှင့် ထိသွားချိန်တွင် ပေါက်ကွဲသံအကျယ်ကြီး ပဲ့တင်ထပ်သွား၏။ အတွင်းထဲရှိ သတ္တဝါကြီးမှာ လွတ်မြောက်ချင်သွားသည့်အလား နာနာကျင်ကျင် ဟိန်းဟောက်သံကြီးကား အကြမ်းပတမ်း တလိပ်လိပ်ထနေသော ရေအိုင်ထဲမှ ဟိန်းထွက်သွားတော့သည်။
သို့သော် ကောင်းကင်ဧကရာဇ်၏လက်က စွမ်းအားကြီးမားလွန်းသည်။ သူသည် စွမ်းအင်များဖြင့် တဟုန်းဟုန်းတောက်နေရင်း ပိုင်ရှောင်ချန်းထံ ဆက်လက်ပြေးဝင်လာသည်။
မကြာမီ ပိုင်ရှောင်ချန်း၏ပတ်ပတ်လည် ကီလိုမီတာ ၅၀၀၀ နေရာကြီးတစ်ခုလုံးမှာ သူ့ထံ ချဥ်းကပ်လာသော လက်ကြီးထက် မပိုတော့ပေ။
လေထုကြီး ဆုတ်ဖြဲခံလိုက်ရသည့်အလား ကြေမွသွားသည့်အတွက် အက်ကွဲသံများ ပဲ့တင်ထပ်လာတော့သည်။ ထိုအချိန်တွင် ပိုင်ရှောင်ချန်း၏ အမြင်အာရုံများ ဝေဝါးသွားကာ သူ့ပတ်လည်ရှိ တောင်သဖွယ် လက်ချောင်းကြီးများကိုသာ မြင်လိုက်ရလေသည်။
ထိုလက်ကြီး၏ အရွယ်အစားနှင့်ယှဥ်လျှင် သူက ပိုးကောင်တစ်ကောင်ထက် မပိုပေ။
ကမ္ဘာကြီးသာ ပယ်လယ်တစ်စင်းဆိုလျှင် ကောင်းကင်ဧကရာဇ်၏လက်ကြီးကား ပုစွန်ဆိတ်ပေါက်စသေးသေးလေးအား ကောက်ယူရန် ထိုရေထဲသို့ ဝင်ရောက်လာသည့် စွန်ရဲတစ်ကောင်အလား ဖြစ်ပေမည်။
ပိုင်ရှောင်ချန်းမှာ တိုက်ခိုက်ရန်ဖြစ်စေ၊ တုံ့ပြန်ရန်ဖြစ်စေ မလုပ်နိုင်ပေ။
သူ့အပေါ် သက်ရောက်လာသည့် ပြင်းထန်သော ဖိအားကြောင့် သူ၏ပါးစပ်မှ သွေးများပန်းထွက်သွားပြီး အရိုးများကြေမွကုန်သဖြင့် တဂျွတ်ဂျွတ်အက်ကွဲသံများ ထွက်ပေါ်လာတော့သည်။ သူ၏ပတ်ပတ်လည်ရှိ ရေအိုင်ကြီးမှာ ရွှေရောင်လက်ကြီး၏ အပြီးပိုင်ချေမှုန်းခြင်းခံလိုက်ရပြီး ပျက်စီးသွားလေပြီ။
ပိုင်ရှောင်ချန်းမှာ လွတ်မြောက်ရန် မည်သည့်နည်းနှင့်မှ မဖြစ်နိုင်သည့်အတွက် စိတ်ပျက်အားငယ်ခြင်းတို့က သူ၏နှလုံးသားကို စိုးမိုးသွားတော့သည်။
သို့သော် လက်ကြီး သူ့အနားရောက်လာစဥ်... အနက်ရောင်ရေများ ရုတ်တရက် တိုးထွက်လာသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ၄င်းက အံ့သြတုန်လှုပ်ဖွယ် မြေအောက်ကမ္ဘာမြစ်ကို ဖန်တီးလိုက်တော့သည်။ မြစ်မှ စွမ်းအင်စီးကြောင်းများက ပိုင်ရှောင်ချန်းကို ခေါ်ဆောင်သွားတော့မည့်အလား ရစ်ပတ်လျက် ထွက်ပေါ်လာသည်။
" ငရဲဧကရာဇ်အသစ် "
ကောင်းကင်ဧကရာဇ်က ပြောသည်။
" မင်း နှစ်တစ်သောင်းပြင်ဆင်ထားခဲ့ရင် ငါ့ကို ရင်ဆိုင်ဖို့ အရည်အချင်းပြည့်မှီရင် ပြည့်မှီလောက်မယ်။ ဒါပေမဲ့ အခု.... မင်းက သေမင်းကို လက်ယက်ခေါ်နေတာပဲ "
ဧရာမလက်ကြီးကို ဖြစ်ပေါ်စေသည့် ကောင်းကင်တံတားပင်လယ်မှာ ပေါက်ကွဲသွားကာ စွမ်းအားကြီးသိုင်းကွက်တစ်ကွက် ထွက်ပေါ်လာပြီး မြေအောက်ကမ္ဘာမြစ်ကို ဝင်တိုက်၍ ချေမှုန်းလိုက်တော့သည်။ ပိုင်ရှောင်ချန်းပင်လျှင် ပိုင်ဟောက်ထံမှ မချိတင်ကဲ နာနာကျင်ကျင်အော်သံသဲ့သဲ့အား ကြားလိုက်ရသည်။
" ဟောက်အာ "
မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်တံတားပင်လယ်က မြေအောက်ကမ္ဘာမြစ်ကို လွှမ်းခြုံပြီး မောင်းထုတ်လိုက်တော့သည်။ ကောင်းကင်ဧကရာဇ်၏ လက်ကြီးသာ ပိုင်ရှောင်ချန်းပတ်လည်တွင် ချဥ်းကပ်လာရင်း ကျန်ခဲ့လေသည်။
၄င်းက လက်သီးကြီးအဖြစ်ဆုပ်လိုက်စဥ် တစ်ချက်ဖမ်းဆုပ်လိုက်ရုံနှင့် မည်သည့်အရာမဆိုအား ပျောက်ကွယ်သွားအောင် ချေမှုန်းရန် ပြင်ဆင်ထားဟန် တူနေသည်။
ထိုအခိုက်အတန့်တွင် ပိုင်ရှောင်ချန်းမှာ ဒေါသထွက်သွားတော့သည်။ သူက အလွန်ဆိုးရွားစွာ ထိခိုက်နေပြီးဖြစ်ပါသော်လည်း သူ၏ပြန်လည်ကုစားခြင်းစွမ်းအားက အမှန်တရားနှင့်သွေဖယ်နေချေသည်။ သူက တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ တိမ်တိုက်ဘိုးအေအသွင်ပြောင်းလဲခြင်းကို အသုံးပြုလိုက်သည်။
" ဆယ့်တစ်ကြိမ်မြောက် အသွင် ပြောင်းလဲခြင်း "
သူက ပို၍ ကြီးမားလာစဥ် အသက်ဝင်တောင်ဂါထာကို အသုံးပြုလိုက်သည်ဖြစ်၍... ကျောက်တုံးကျောက်ခဲများ သူ့ထံ ပျံတက်လာကြသည်။
သူ၏အပြင်အားက တဟုန်ထိုး မြင့်တက်လာပြီး သူ၏ကျင့်ကြံခြင်းအခြေခံနှင့် ပေါင်းစပ်၍ သူ ဆက်လက်လုပ်ဆောင်နိုင်စေရန် ထောက်ပံ့ပေးလိုက်သည်။ သို့သော် သူ ကြာမြင့်စွာ တောင့်မခံနိုင်ပေ။ တခဏကြာသော် သူ၏ဘိုးဘေးအသွင်ပြောင်းလဲခြင်းနှင့် တောင်ဖြိုသိုင်းမှာ ပျက်စီးသွားပြီး သူ ဆိုးရွားစွာ ထိခိုက်သွားတော့သည်။ သူ၏ပြန်လည်ကုစားခြင်းစွမ်းအားများကြောင့် သူ ပြန်လည်သက်သာသွားသော်လည်း တခဏအတွင်း ထပ်မံ၍ ဒဏ်ရာရသွားပြန်သည်။
၄င်းမှာ အဆုံးမရှိသော သံသရာစက်ဝန်းအလား။ တိုတောင်းလှသောအချိန်လေးအတွင်း သူသည် ထိခိုက်ဒဏ်ရာရလိုက်၊ အထွတ်အထိပ်အဆင့်ပြန်ရောက်သွားလိုက်ဖြင့် အကြိမ်တစ်ရာခန့် ဖြစ်နေတော့သည်။ ထို့အပြင် အဆုံးသတ်ရှိမည့်ပုံ မပေါ်ပေ။