ဒုတိယအခွင့်အရေး
Vol. 11 Ch. 1005
" ထာဝရအတွဲက တကယ့်ကို တမူထူးခြားတာပဲ "
ပိုင်ရှောင်ချန်းမှာ သူ့ထက် လွန်စွာ စွမ်းအားပိုကြီးသည့်လူတစ်ယောက်ကို ပြန်လည်ခုခံတိုက်ခိုက်နေနိုင်ပြီး မည်သည့်ဒဏ်ရာများပင် ရရှိစေကာမူ စဥ်ဆက်မပြတ် အကောင်းပတိအတိုင်း ပြန်ဖြစ်သွားနေသည်ကို ကောင်းကင်ဧကရာဇ်ကြီး မြင်လိုက်ရသောအခါ စိတ်နှလုံး လှုပ်ရှားသွားတော့သည်။
" ကံကောင်းတာတစ်ခုက ထာဝရအပိုင်းကို ကျွမ်းကျင်တတ်မြောက်ထားတဲ့ လူတစ်ယောက်ကိုရင်ဆိုင်ရတာ ဒါငါ့အတွက် ပထမဆုံးအကြိမ် မဟုတ်တာပဲကွ "
ကောင်းကင်တံတားကျွန်းပေါ်ရှိ ကောင်းကင်ဧကရာဇ်၏ မျက်ဝန်းများထဲတွင် ရုတ်တရက် သလင်းကျောက်အလင်းရောင်များဖြင့် တောက်ပသွားသည်။
ထိုအခါ တုလင်ဖေးမှာ တုန်ရီသွား၏။ သူမသည် လူသေကောင်တစ်ကောင်အလား ဆွံ့အနေပြီး မလှုပ်မယှက် ရပ်နေစဥ် သူမ၏ မျက်လုံးများထဲရှိ ထူးဆန်းသော မှော်သင်္ကေတနှစ်ခုဆီမှ သလင်းကျောက်အလင်းရောင်တစ်ရောင် ထွက်ပေါ်လာသည်။
ထိုမှော်သင်္တေများကြောင့် သူမ၏ခန္ဓာကိုယ်အတွင်းရှိ ထူးဆန်းသောစွမ်းအားတစ်မျိုးကို ကောင်းကင်ဧကရာဇ်မှာ ထုတ်ယူနိုင်စွမ်း ရှိနေသည်။ သရဲကြီးမြို့အပြင်ဘက်ရှိ သူ၏လက်ကြီးမှာ ပိုင်ရှောင်ချန်း၏ ပတ်ပတ်လည်တွင် ဝန်းရံပိတ်ဆို့ထားနေချိန်တွင် သလင်းကျောက်အလင်းရောင်တစ်ရောင် ရုတ်တရက် ပေါ်ထွက်လာသည်။
မျက်စိတစ်မှိတ်အတွင်း သူ၏လက်ကြီးတစ်ခုလုံး သလင်းကျောက်အသွင်ပြောင်းလဲသွားပြီး အားဖြင့်ဖိချလိုက်တော့သည်။
ပိုင်ရှောင်ချန်း၏ဆံပင်များမှာ ရှုပ်ထွေးနေပြီး သူသည် အော်ဟစ်၍ မြောက်ပိုင်း၏ ကမ္ဘာရတနာကို ဆင့်ခေါ်လိုက်သဖြင့် တဂျိန်းဂျိန်းမြည်ဟည်းသံများ ပေါ်ထွက်လာသည်။ သို့သော်လည်း ဟန်ဇောင်ခေါင်းဆောင်ကြီးမှာ အိပ်စက်နေဆဲဖြစ်သဖြင့် သူ၏အော်ခေါ်သံကို ပြန်လည်မတုံ့ပြန်နိုင်ပေ။ ပို၍ဆိုးသည်မှာ သူ့အပေါ်တွင် ကျရောက်နေသည့် ကြီးမားလှသောဖိအားကြီးကြောင့် သူ၏ ပြန်လည်ကုသနိုင်စွမ်းများမှာ ယိမ်းယိုင်စပြုလာပြီ ဖြစ်သည်။
ထိုသလင်းကျောက်ထဲတွင် ပါဝင်နေသည့် မှော်သိုင်းမှာ ထာဝရအပိုင်းနှင့် လုံးဝဆန့်ကျင်ဘက်အလား။
သူ၏ ပြန်လည်ကုသနိုင်စွမ်းများမှာ အပြည့်အဝ အလုပ်မလုပ်နိုင်တော့သဖြင့် ပိုင်ရှောင်ချန်းမှာ ကောင်းကင်ဧကရာဇ်၏ ကြမ်းတမ်းလှသော စွမ်းအားကို တောင့်မခံနိုင်တော့ပေ။ ဖောက်ခနဲအသံတစ်သံ ပေါ်ထွက်လာပြီး သူ ဖိညှစ်ခံလိုက်ရတော့သည်။
ထိုအချိန်တွင် သူသည် အသိစိတ်များပျောက်ကွယ်သွားပြီး သတိလစ်သွားတော့သည်။
ကောင်းကင်ဧကရာဇ်မှာ သူ၏လက်ကို ဖြည်းညင်းစွာ ပြန်၍ဆွဲယူသွားသည်။ ၎င်းမှာ လေပွေကြီးဆီသို့ ပြန်လည်ဦးတည်သွားနေပြီး ထိုနေရာတစ်ဝိုက်ရှိ လူတိုင်းမှာ ထိုမြင်ကွင်းကို မလှုပ်မယှက်ကြည့်ကာ လုံးဝတုန်လှုပ်နေကြတော့သည်။
နတ်အဆင့်ကျင့်ကြံသူများ၊ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများပါ လုံးဝ ဆွံ့အ၍ ကျန်ရစ်ခဲ့တော့သည်။
အဏ္ဏဝါခေါ်သံဂိုဏ်းမှ လူတိုင် တုန်ရီနေကြပြီး အများစုမှာ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကြသည်။ စုန့်ကျင်းဝမ်၏မျက်နှာမှာ မျက်ရည်များဖြင့် စိုရွှဲနေပါသော်လည်း သူမသည် ဖြစ်ပျက်သမျှအရာအားလုံးကို ငေးကြည့်ရုံမှတစ်ပါး အခြားမတတ်နိုင်ခဲ့ပေ။ လေပွေကြီး ပျောက်ဆုံးသွားသောအခါ သူမသည် သွေးတစ်ပွက်အန်ထွက်လာပြီး ရှေ့သို့လဲကျသွားကာ သတိလစ်သွားတော့သည်။
ကောင်းကင်ဧကရာဇ်၏ လက်ကြီး ပျောက်ကွယ်သွားသောအခါ အေးစက်လွန်းလှပြီး ခံစားချက်လုံးဝမပါသည့် ကောင်းကင်ဧကရာဇ်၏ စကားသံက မြေရိုင်းဒေသတစ်ခွင် ပြည့်နှက်သွားတော့သည်။
" ကောင်းကင်တံတား ကျင့်ကြံသူတွေအကုန် ပူးပေါင်းပြီး မြေရိုင်းဒေသထဲမှာရှိတဲ့ သက်ရှိအားလုံးကို သတ်စေ "
ကောင်းကင်ဧကရာဇ်မှာ ပြုသမျှနုခံရပြီး မလှုပ်မယှက်နေရသည်ကို မနှစ်သက်ပေ။ သူသည် သူတစ်ပါးအား ထိန်းချုပ်ရသည်ကို နှစ်သက်သူဖြစ်သည်။ အရိုးသင်္ဘောကြီးထဲတွင် ဖြစ်ပျက်ခဲ့သော အချင်းအရာများကိုကြည့်၍ ထိုအကြောင်းများကို သိရှိနိုင်သည်။
ယခုလက်ရှိကိစ္စမှာလည်း ထိုနည်းတူပင်။ သူ၏မျှော်လင့်ချက်အားလုံးမှာ ပိုင်ရှောင်ချန်းအပေါ်တွင် မူတည်နေသည်ဖြစ်ပြီး သူ အောင်မြင်နိုင်ရန်မှာ ရှစ်ဆယ်ရာခိုင်နှုန်းတိတိ သေချာနေပါသော်လည်း သတိတော့ လျှော့လိုက်မည်မဟုတ်ပေ။ ရွေးချယ်စရာလမ်း နှစ်လမ်းကျန်ရှိသေးသဖြင့် သူသည် ထိုနှစ်လမ်းစလုံးကို ရွေးချယ်နိုင်အောင် လုပ်ထားမည်သာဖြစ်သည်။
" တစ်လမ်းမှ အလုပ်မဖြစ်ရင်... ငါ့သက်တမ်းကလည်း ကုန်တော့မှာဆိုတော့ ဒီကမ္ဘာကြီးကို ငါနဲ့အတူတူ ဇီဝိန်ချုပ်ပစ်မယ် "
ထိုသို့ဖြင့် သူ၏လက်ကြီးမှာ လုံးဝပျောက်ကွယ်သွားတော့သည်။
ကောင်းကင်တံတားဒေသမှ ကျင့်ကြံသူများမှာ တုန်လှုပ်နေကြ၏။ သို့သော် သူတို့သည် တိုက်ပွဲကြီးကြောင့် မည်မျှပင်ပန်းနေစေကာမူ ကောင်းကင်ဧကရာဇ်၏ အမိန့်များကို နာခံရဦးမည်သာဖြစ်သည်။ ထိုသို့သော အမိန့်များကို စိတ်အားထက်သန်စွာ လိုက်နာ၍ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် တိုက်ခိုက်နေကြသည့် လူအချို့လည်း ရှိပေသည်။
သင်္ချိုင်းစောင့်ကြီး၏ အရေးနိမ့်သွားမှုေကြာင့် မြေရိုင်းသားများ၏ စိတ်ဓာတ်များ အလွန်ကျဆင်းသွားခဲ့ရသည်။ သူတို့၏ အတွေးထဲတွင် သူတို့အတွက် လွတ်မြောက်နိုင်ရန် လမ်းမရှိတော့ပေ...
ကောင်းကင်တံတားဒေသမှာ စစ်သုံ့ပန်းများကို လက်ခံမည်မဟုတ်။ ကောင်းကင်ဧကရာဇ်သည် မြေရိုင်းဒေသထဲရှိ သက်ရှိအားလုံးကို ကျူပင်ခုတ်ကျူငုတ်မကျန် သတ်ပစ်ရန် အလိုရှိနေသည်မဟုတ်ပါလော။
လူရိုင်းများနှင့် ဝိညာဥ်ကျင့်ကြံသူများသာမက တိရစ္ဆာန်များအားလုံးပါ အသတ်ခံရမည်ဖြစ်သည်။
မြေရိုင်းသားများထံတွင် ကျန်ရှိနေသည့် တစ်ခုထဲသောရွေးချယ်စရာမှာ အသေအကြေ တိုက်ခိုက်ရန်သာဖြစ်သည်။
စစ်ပွဲသံများနှင့်အတူ နာကျည်းစွာ ရယ်မောနေသည့်အသံများ၊ ကျယ်လောင်စွာအော်ဟစ်နေသံများနှင့် မိမိကိုယ်ကို ဖောက်ခွဲနေကြသည့် အသံများ ပြန်၍ထွက်ပေါ်လာတော့သည်။ မြေပြင်ပေါ်တွင် သွေးများမှာ ပြန်၍စွန်းထင်းလာပြီး သေဆုံးသူအရေအတွက် မြင့်တက်လာသည်။ ကမ္ဘာကြီး၏ နောက်ဆုံးနေ့ရက်များသို့ ရောက်သွားသည့်အတိုင်းပင်။ ကောင်းကင်ကြီးမှာ မည်းမှောင်နေပြီး မြေပြင်ကြီးမှာ တစ်စစီ ကွဲအက်နေသည်။ မကြာမီ သရဲကြီးမြို့တော်နှင့်အတူ အခြား ဘုရင့်မြို့တော်သုံးမြို့မှာ ကျဆုံးတော့မည်ဖြစ်သည်။ ထိုအချိန်တွင် မြေရိုင်းသားများမှာ ဗဟိုဧကရာဇ်မြို့တော်အထိ ထွက်ပြေးကြရမည်သာဖြစ်သည်။
***
ကောင်းကင်တံတားကျွန်း၏ အောက်ဘက်ရှိ ဝေးကွာလှသောတစ်နေရာတွင် ဧရာမ သင်္ချိုင်းဂူကြီးတစ်ခုရှိနေသည်။
ထိုသင်္ချိုင်းဂူကြီး၏အတွင်းပိုင်း၌ ဧရာမမန္တန်အစီအရင်တစ်ခုဖြင့် ဝန်းရံထားပြီး တစ်ဖက်နှင့် တစ်ဖက် မီတာသုံးသောင်းခန့် ကွာဝေးသော အနက်ရောင်အရည်များဖြင့် ပြည့်နှက်နေသည့် ကန်ကြီးတစ်ကန် ရှိသည်။ ထိုမန္တန်အစီအရင်ကို စိတ်စွမ်းအင်ကျောက်တုံးများနှင့် မဟုတ်ဘဲ လူ့အရိုးများဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။
ထိုအရိုးအချို့မှာ ရွှေရောင်ဖြစ်ပြီး အချို့မှာ သလင်းကျောက်အရောင်ဖြစ်သည်။ ၎င်းတို့မှာ သေဆုံးနေပြီဖြစ်သော်လည်း မြင့်မြတ်သောအငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေသည်ဟု ထင်ရသည်။
ထိုကန်ကြီး၏ ပတ်ပတ်လည်တွင် နက်ရှိုင်းလှသော ကျဥ်းကြီးသုံးကျဥ်းရှိပြီး ထိုကျဥ်းတစ်ကျဥ်းစီထဲတွင် အရိုးစုတစ်ခုစီ ရှိနေသည်။
ထိုအရိုးစုအားလုံးမှာ တုန်လှုပ်ဖွယ်ကောင်းစွာပင် ရွှေရောင်တစ်ဝက် သလင်းကျောက်ရောင်တစ်ဝက် ဖြစ်နေကြသည်။ မည်သည့်အရိုးစုမှ အပြည့်အဝ မပေါင်းစည်းရသေးပါသော်လည်း ၎င်းတို့ထံမှ ပေါ်ထွက်နေသည့် ဖိအားများမှာ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများကိုပင် တုန်ရီသွားစေနိုင်သည်။ ထိုဖိအားမှာ ကောင်းကင်တံတားတာအို၏ နတ်တစ်ပိုင်း အထွတ်အထိပ်အဆင့်နှင့် တစ်ဆင့်တည်း နီးပါးပင်။
မည်သည့်အရိုးစုမှ သူကဲ့သို့ စွမ်းအားမကြီးပါသော်လည်း ၎င်းတို့အားလုံးမှာ စစ်မှန်သော မဟာယနအဆင့်သို့ ရောက်ရှိရန် ခြေလှမ်းတစ်ဝက်လောက်သာ လိုတော့သည်။
ယခုလက်ရှိ အုပ်ချုပ်နေသည့် ဗဟိုဧကရာဇ်သာ ဤနေရာကိုမြင်နိုင်ပါက ထိုအရိုးစုသုံးခုမှာ မည်သူများဖြစ်ကြောင်း အလိုအလျောက် ချက်ချင်းသိသွားမည်သာဖြစ်သည်။
၎င်းတို့သည်ကား အတိတ်က စွမ်းအားအကြီးဆုံးဖြစ်ခဲ့သော ဗဟိုဧကရာဇ်သုံးပါး၏ ရုပ်အလောင်းများဖြစ်ပေသည်။
ကောင်းကင်ဧကရာဇ်ကြီးမှာ သူတို့၏ သင်္ချိုင်းများကို ရှာတွေ့ခဲ့ပြီး သူတို့၏ အရိုးစုများကို ပြန်လည်တူးဖော်ကာ ၎င်းတို့ကိုအသုံးချ၍ အဆင့်အမြင့်ဆုံးသော မန္တန်အစီအရင်ကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။
ထာဝရအတွဲ သို့မဟုတ် အသက်ရှည်နည်းအတွဲတို့ကို ကျင့်ကြံထားခဲ့သည့် လူများဆီမှ ဆွေးမြေ့ပြီး မြင့်မြတ်လှသော ထိုအရိုးများကို နှစ်ပေါင်းများစွာ အချိန်ပေး၍ စုဆောင်းခဲ့ခြင်း ဖြစ်သည်။
ထိုမန္တန်အစီအရင်၏ အလယ်ဗဟိုရှိ အနက်ရောင်ရေကန်ထဲတွင် ပိုင်ရှောင်ချန်းမှာ မျက်လုံးများပိတ်နေပြီး တင်ပျဥ်ခွေထိုင်နေသည်။ သူက အသက်ရှူနေပါသော်လည်း သတိရှိမနေပေ။ သူ၏ပတ်ပတ်လည်တွင် ရေများမှာ ဖြည်းညင်းစွာ ဝဲတစ်ခုကဲ့သို့ လှည့်လည်နေပြီး ဂယက်များထနေစဥ် မှော်သင်္ကေတများမှာ သူ၏အနီးအနားတွင် ဝဲပျံနေသည်။
ထိုမှော်သင်္တေများမှာ သက်ဝင်လှုပ်ရှားနေသည်ဟုပင် ထင်ရပြီး အများစုမှာ ပိုင်ရှောင်ချန်းကိုယ်ပေါ်သို့ တက်သွားကြပြီး သူ၏ခန္ဓာကိုယ်အနှံ့တွင် ဟိုဟိုသည်သည် သွားလာလှုပ်ရှားနေကြသည်။
ထိုမြင်ကွင်းမှာ အလွန်ထိတ်လန့်ဖွယ်ကောင်းလှပြီး ထိုနေရာတစ်ဝိုက်ကို အလင်းပေးနေသော မီးအိမ်များမှာ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသဖြင့် ပို၍ပင် ဆိုးနေ၏။
ရုတ်တရက် ပိုင်ရှောင်ချန်းမှာ တုန်ရီသွားပြီး မျက်လုံးများပွင့်လာသည်။ ထိုအခါ သူ၏ခန္ဓာကိုယ်ပေါ်တွင် တွယ်ကပ်နေကြသည့် မှော်သင်္ကေတများမှာ လန့်ဖျန့်သွားကြပြီး ရေထဲသို့ ပြန်၍ ခုန်ဝင်သွားကြတော့သည်။
အစပိုင်းတွင် သူ၏အမူအရာမှာ အသက်မဲ့နေသည်။ သို့သော် သူ အသက်ရှူသွင်းလိုက်သောအခါ သူ၏မျက်ဝန်းများမှာ တလက်လက်တောက်ပလာသည်။ ထို့နောက် သူသည် ရေကန်ကြီးနှင့် မန္တန်အစီအရင်ကိုတည်ဆောက်ထားသည့် အရိုးများကိုလှည့်ပတ်ကြည့်လိုက်သည်။
သူသည် မတ်တတ်ထရပ်လိုက်ချင်ပါသော်လည်း သူ၏ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်ကြောင်း သိလိုက်ရသည်။ ဤရေကန်ထဲမှပင် သူထွက်ခွာ၍ မရနိုင်ပေ။ သူ၏ပတ်ပတ်လည်ရှိ အရိုးများထဲမှ ထာဝရအတွဲနှင့် အသက်ရှည်နည်းအတွဲတို့၏ စွမ်းအင်များမှာ သူ၏အတွေးကို အနှောင့်အယှက်ပေးနေသည့် အငွေ့အသက်တစ်ခုကို ဖန်တီးထားသည့်ပုံပင်။
ထိုအချိန်တွင် အက်ကွဲသံကြီးတစ်သံ အခန်းထဲတွင် ပြည့်နှက်လာသည်။
" မရုန်းနဲ့နော်။ ဒီရေကန်ကို ဗဟိုဧကရာဇ်ရဲ့မင်းဆက်ကို ကောင်းကင်တံတားဒေသထဲကနေ ငါ နှင်ထုတ်ခဲ့တုံးက သူ့ရဲ့ မရေမတွက်နိုင်လောက်တဲ့ မျိုးဆက်တွေဆီကနေ ရထားတဲ့သွေးတွေနဲ့ ဖြည့်ထားတာ။ အဲဒီသွေးတွေ ဒီနေရာမှာ အချဥ်ပေါက်နေတာ နှစ်ပေါင်းများစွာ ရှိနေပြီ "
ပိုင်ရှောင်ချန်းမှာ အထက်ရှိ လေထုကြီး ဂယက်ထသွားပြီး ကောင်းကင်ဧကရာဇ် အပြင်သို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာသည်ကို မြင်လိုက်ရသည်။
ကောင်းကင်ဧကရာဇ်သည် စိတ်လှုပ်ရှားမှုများ၊ မျှော်လင့်ချက်များ တောက်ပနေသည့် မျက်ဝန်းများဖြင့် ပိုင်ရှောင်ချန်းကို သူ ဝါးမျိုတော့မည့် ပြိုင်ဘက်ကင်းလောက်အောင်စွမ်းသော ဆေးလုံးတစ်လုံးအလား ကြည့်လိုက်သည်။
ပိုင်ရှောင်ချန်းမှာ အသက်ရှူသံများမြန်လာပြီး ကံကြမ္မာဆိုးကြီးတစ်ခုနှင့် ကြုံတွေ့ရမည်ကို ကြိုသိနေသည့်အလား ရင်တဒိန်းဒိန်းခုန်နေလျက် ကောင်းကင်ဧကရာဇ်အား လှမ်းကြည့်လိုက်သည်။ သူ စကားပြောရန် ပြင်လိုက်စဥ်မှာပင် ကောင်းကင်ဧကရာဇ်က အရိုးများကို လှည့်ပတ်ကြည့်လိုက်ပြီး စကားဆက်ပြောလိုက်သည်။
" ဗဟိုဧကရာဇ်မြို့တော်ထဲမှာ ငါနောက်ဆုံးတိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတုံးက ဒီလိုလူတွေအများကြီးကို ငါသတ်ခဲ့တာ။ လူတစ်ချို့ကိုတော့ ငါ ထာဝရအသက်ရှည်နည်းသိုင်းကို စတင်လေ့လာခဲ့ပြီးနောက်ပိုင်းမှာ စမ်းသပ်ခဲ့တယ် "
" ဆိုးတာက ထာဝရအသက်ရှည်နည်းသိုင်းကို လူတိုင်းကျင့်ကြံနိုင်ပေမဲ့ ဘာအကြောင်းကြောင့်ရယ်တော့မသိဘူး ငါက ကျင့်ကြံလို့မရဖြစ်နေခဲ့တာ။ ကြည့်ရတာ ဗဟိုဧကရာဇ်ရဲ့ သွေးတွေစီးဆင်းနေတဲ့လူအများကြီးကို ငါသတ်မိခဲ့လို့နဲ့ တူပါရဲ့ "
" အခြားလူတွေကို အဲဒီသိုင်း ကျင့်ကြံခိုင်းတဲ့ နည်းလမ်းတစ်ခုထဲနဲ့ပဲ ငါလေ့လာနိုင်ခဲ့တာ။ ဒီ ဗဟိုဧကရာဇ်တွေရဲ့ ရုပ်အလောင်းတွေကိုပါ တူးဖော်ပြီး သူတို့ရဲ့အရိုးစုတွေကို လေ့လာနိုင်အောင်လို့ ဒီနေရာကို ယူလာခဲ့တယ် "
" မင်းသိလား… အသက်ရှည်နည်းအတွဲကို ဗဟိုဧကရာဇ်မင်းဆက်ဆီကနေ ငါခိုးယူခဲ့တယ်။ ထာဝရအတွဲကိုတော့ ဘာအကြောင်းကြောင်းတော့ မသိဘူး၊ သင်္ချိုင်းစောင့်ကြီးက လူတိုင်းကျင့်ကြံနိုင်အောင် ထုတ်ပေးခဲ့တယ်။ ကြည့်ရတာ ငါ့ကိုခုခံဖို့ ဒါမှမဟုတ် ဗဟိုဧကရာဇ်မင်းဆက်ရဲ့မျိုးရိုး ထပ်ပြီးပေါ်ထွက်လာနိုင်အောင်လုပ်ဖို့ တူပါရဲ့။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ငါကလည်း ကောင်းကင်တံတားဒေသမှာပါ ထာဝရအတွဲကို ကျင့်ကြံလို့ရအောင် လုပ်ခဲ့ပြီး ပြဿနာကို ပိုရှုပ်ထွေးအောင် လုပ်ခဲ့တာပေါ့... ဒါပေမဲ့ ဦးနှောက်အစားဆုံးက အသက်ရှည်နည်းအတွဲပဲ။ အဲဒီအတွဲကို ကျင့်ရတာ အရမ်းခက်တာ။ အဲဒီအတတ်ကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ခဲ့တဲ့လူဆိုတာ မရှိသလောက်ကို ရှားတယ်။ လူအများစုက ကျင့်ကြံနေတုံး ကျဆုံးသွားခဲ့ရတာ။ အဲဒီလိုဆိုရင် ငါက သူတို့ရဲ့ အလောင်းတွေကို ကောင်းကောင်းအသုံးချဖို့ ဒီနေရာကို ယူယူလာခဲ့တာပေါ့ "
"လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ အတွင်းမှာ အဲဒီအတတ်ကို အဆုံးထိကျင့်ကြံနိုင်ခဲ့တဲ့လူ နှစ်ယောက်ပဲရှိတယ်။ တစ်ယောက်က ငါ့တပည့်... ကျန်တဲ့တစ်ယောက်က... ငါ့သမီးပဲ။ "
ယခုတွင်မူ ကောင်းကင်ဧကရာဇ်မှာ ပိုင်ရှောင်ချန်းကို စကားပြောနေသည်နှင့် မတူတော့ပဲ သူ့ကိုယ်သူ ရေရွတ်နေသည့်ပုံစံ ပေါက်နေပြီဖြစ်သည်။
ပိုင်ရှောင်ချန်းမှာ ထိုစကားများကို နားထောင်ရင်း သူ၏ဦးခေါင်းကို မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ တုန်လှုပ်ခြောက်ခြားသွားတော့သည်။ လွန်ခဲ့သောနှစ်အနည်းငယ်ခန့်က တုလင်ဖေး၏ အရိုးများကို မြင်တွေ့ခဲ့ရပြီးနောက် သူသည် ထိုအကြောင်းနှင့်ပတ်သတ်၍ သံသယရှိနေခဲ့သည်။ သို့သော် ကောင်းကင်ဧကရာဇ်ကိုယ်တိုင် ထုတ်ပြောသည်ကို ကြားလိုက်ရသည်မှာ သူ သံသယရှိခဲ့သည့်အချင်းအရာနှင့် လုံးဝမတူပေ။
" ဒါပေမဲ့ ငါက အရင်အခေါက်တုံးက သေသေချာချာ မပြင်ဆင်လိုက်ရဘူး။ ပြီးတော့ ငါ့တပည့်ကလည်း ဖြစ်ကြောင်းကုန်စင်ကို သဘောပေါက်သွားခဲ့တာလေ။ အဲဒီတော့ ငါ့ရဲ့ ထာဝရအသက်ရှည်ဆေးလုံးကို ဖော်စပ်ဖို့ ကြိုစားခဲ့တဲ့ ပထမဆုံး အားထုတ်မှုက မစတင်ခင်မှာပဲ ကျရှုံးသွားခဲ့တာပေါ့။ ဒါပေမဲ့ အဲဒါက အရေးမကြီးတော့ပါဘူး။ အခု ငါ့မှာ ဒုတိယအခွင့်အရေး ရှိနေပြီပဲ... "
ထိုသို့ဆိုကာ သူသည် တလက်လက်တောက်ပနေသောမျက်ဝန်းများဖြင့် ပိုင်ရှောင်ချန်းအား လှမ်းကြည့်လိုက်သည်။
" ဖေးအာရေ " သူက လှမ်းခေါ်လိုက်သည်။
ထိုအခါ တုလင်ဖေးမှာ ကောင်းကင်ဧကရာဇ်နောက်မှ ရှေ့သို့ထွက်လာ၏။
တုလင်ဖေးကိုမြင်လိုက်ရသောအခါ ပိုင်ရှောင်ချန်း၏ မျက်နှာပေါ်တွင် နာကျည်းနေသော အပြုံးတစ်စ ပေါ်ထွက်လာတော့သည်။
သူ နားလည်သွားပြီ။ သူ... အရာအားလုံးကို နားလည်သွားလေပြီ။