← Chapters

ဖြစ်ကြောင်းကုန်စင်

Vol. 11 Ch. 1006

ဖြစ်ကြောင်းကုန်စင်

Vol. 11 Ch. 1006

အမှန်တရားနှင့် အနည်းငယ် ကွဲလွဲကောင်း ကွဲလွဲနိုင်သည်။ တုလင်ဖေးကို မြင်လိုက်ရသောအခါ ပိုင်ရှောင်ချန်းမှာ နာကျည်းစွာပြုံးလိုက်ပြီး သူ အရာအားလုံးကို နားလည်သွားပြီဖြစ်ကြောင်း အတော်လေး သေချာသွားသည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာက ကောင်းကင်ဧကရာဇ်သည် ထကြွပုန်ကန်၍ ဗဟိုမင်းဆက်တစ်ခုလုံးနှင့် စစ်ပွဲဆင်နွှဲခဲ့သည်။ ဗဟိုဧကရာဇ်တပ်ဖွဲ့များ အကွဲအပြဲရှုံးနိမ့်ခဲ့ရပြီး ကောင်းကင်တံတားဒေသကို ဆုံးရှုံးခဲ့ရရုံသာမက သူတို့၏ အရေးအကြီးဆုံး အမွေအနှစ်တစ်ခုဖြစ်သော ထာဝရအသက်ရှည်နည်းသိုင်းမှ အသက်ရှည်နည်းအတွဲကိုပါ လက်လွှတ်ခဲ့ရသည်။

မြေရိုင်းဒေသသို့ ပြောင်းရွှေ့အခြေချပြီးနောက်တွင် ဗဟိုဧကရာဇ်ထံ၌ ထာဝရအတွဲသာ ကျန်ရှိခဲ့တော့သည်။ ကောင်းကင်ဧကရာဇ်အား ခုခံရန်အတွက်လား၊ မျှော်လင့်ချက်များ ဆက်လက်ရှင်သန်စေရန်အတွက်လားတော့ မသိပေ... သင်္ချိုင်းစောင့်ကြီးသည် ဗဟိုဧကရာဇ်၏ သွေးသားအရင်းအချာမဟုတ်သော လူများကိုပင် ထာဝရအတွဲကို ကျင့်ကြံခွင့်ပေးခဲ့သည်။ ထို့ကြောင့် ထိုအတွဲမှာ အနယ်နယ်အရပ်ရပ်သို့ ပျံ့နှံ့သွားခဲ့ပြီး နောက်ဆုံးတွင် မပြီးပြည့်စုံသေးသော ပုံတူအတွဲများပါ ကောင်းကင်တံတားဒေသထဲတွင် ပေါ်ထွက်လာခဲ့သည်။

ထို့ကြောင့် ထာဝရအတွဲမှာ ဆက်လက်ရှင်သန်တည်ရှိနေခဲ့ရခြင်းဖြစ်သည်။ တချိန်တည်းမှာပင် ကောင်းကင်တံတားနယ်မြေတစ်ခွင်ရှိ လူတိုင်းမှာ ယခင်က ဗဟိုဧကရာဇ်သာ ပိုင်ဆိုင်ခဲ့သော လျှို့ဝှက်မှော်သိုင်းတစ်ခုကို ကျင့်ကြံခွင့် ရရှိခဲ့ကြသည်။

ကောင်းကင်ဧကရာဇ်မှာ ထိုအချင်းအရာများကို မတားဆီးဘဲ အသက်ရှည်နည်းအတွဲကိုသာ အာရုံစိုက်ထားခဲ့၏။ သို့သော် ထိုအသက်ရှည်နည်းအတွဲကို သူ အမှန်တကယ် ကျင့်ကြံရန် အားထုတ်ခဲ့ပြီး ကျရှုံးခဲ့သောအခါမှသာ သူသည် အလွန်ရူးနှမ်းလှသော အကြံအစည်တစ်ခုကို ရရှိခဲ့တော့သည်။

သူသည် ထာဝရအတွဲနှင့် အသက်ရှည်နည်းအတွဲတို့ကို ကျင့်ကြံရန် လူများကို ထပ်ခါထပ်ခါ အားပေးအားမြှောက်ပြုခဲ့သည်။ ထို့နောက် သူသည် ထိုလူများကို အတူတကွပေါင်းစည်း၍ သူတို့ကို သုံးကာ ထာဝရအသက်ရှည်ဆေးလုံးတစ်လုံးကို ဖော်စပ်ရန် ကြိုးပမ်းခဲ့သည်။ ထိုဆေးလုံးကို သုံးစွဲလိုက်ပါက သူသည် ထာဝရအသက်ရှည်နည်းအတတ်မှ ပေးစွမ်းသော လျှို့ဝှက်စွမ်းအားများကို ရရှိပိုင်ဆိုင်သွားမည်ဖြစ်သည်။

သင်္ချိုင်းဂူထဲတွင် ပြန့်ကျဲနေခဲ့သည့် အရိုးများနှင့် ဗဟိုဧကရာဇ်သုံးပါး၏ ရုပ်အလောင်းများအားလုံးမှာ သူ၏ကျယ်ပြန့်လှသော လေ့လာရေးကာလအတွင်း အသုံးပြုခံခဲ့ရခြင်း ဖြစ်သည်။

သို့သော်လည်း သူ့အတွက် ကံမကောင်းစွာပင် အသက်ရှည်နည်းအတွဲမှာ ထာဝရအတွဲထက် ကျင့်ကြံရန် များစွာ ပို၍ ခက်ခဲပြီး ပို၍အစွမ်းထက်နေသည်။ နှစ်ပေါင်းများစွာကုန်ဆုံးသွားခဲ့ပါသော်လည်း ၎င်းအတွဲကို ကျင့်ကြံခဲ့သည့် မရေမတွက်နိုင်သောကျင့်ကြံသူများစွာထဲမှ တစ်ယောက်တစ်လေပင် မအောင်မြင်နိုင်ခဲ့ပေ။ လူအချို့ပင်လျှင် အပေါ်ယံမျှသာ တိုးတက်နိုင်ခဲ့သည်။

သို့သော် သူ၏ထိပ်သီးတပည့်တစ်ယောက် ပေါ်ထွက်လာခဲ့သည်။ သူမသည် မြောက်ပိုင်း၏ ဟန်ဇောင်ခေါင်းဆောင်ကြီးဖြစ်ပြီး အသက်ရှည်နည်းအတွဲကို သူမ ကျွမ်းကျင်တတ်မြောက်သွားချိန်တွင် ကောင်းကင်ဧကရာဇ်ကြီး၏ နှလုံးသားထဲတွင် လောဘစိတ်များ ကြီးထွားလာတော့သည်။

ထိုအချိန်က မြေရိုင်းဒေသ၌ သွေးဘိုးဘေးကြီးဟု အမည်ရသော လက်ရုံးရည်ပြည့်ဝသော သူရဲကောင်းတစ်ယောက် ပေါ်ထွက်လာခဲ့သည်။ ရင်သပ်ရှုမောဖွယ်ကောင်းလှသော သူ၏ပင်ကိုယ်အရည်အချင်းများကြောင့်လား၊ သူ၏ခန္ဓာကိုယ်ထဲတွင် ဗဟိုဧကရာဇ်၏သွေးများ စီးဆင်းနေခြင်းကြောင့်လားတော့ မသိပေ။ သူသည် ထာဝရအတွဲကို ကျွမ်းကျင်တတ်မြောက်သွားခဲ့ပြီး အံ့သြဖွယ်ကောင်းစွာ အဆင့်တက်ခဲ့၍ နတ်ဘုရားတစ်ပိုင်းအဆင့်ရှိသော အပြင်အားကို ရရှိသွားခဲ့သည်။

ကောင်းကင်ဧကရာဇ်သာ ဗဟိုမင်းဆက်ကို ဖျက်ဆီးထားခြင်းမရှိဘူးဆိုပါက သွေးဘိုးဘေးကြီးမှာ အသက်ရှည်နည်းအတွဲကို ဆက်လက်ကျင့်ကြံမည်မှာ သေချာသည်။

အကယ်၍ သွေးဘိုးဘေးကြီးသာ အတွဲနှစ်တွဲစလုံးကို အောင်မြင်စွာကျင့်ကြံနိုင်ခဲ့ပါက ကောင်းကင်ဧကရာဇ်အဆင့်အထိ ရောက်ရှိသွားမည်သာဖြစ်သည်။

ထိုအခါ သူသည် သင်္ချိုင်းစောင့်ကြီးချမှတ်ထားသော ကောင်းကင်တံတားနယ်မြေမှ ထွက်ခွာရန်လိုအပ်သည့် လိုအပ်ချက်များနှင့် ကိုက်ညီသွားမည်သာဖြစ်သည်။

ဟန်ဇောင်ခေါင်းဆောင်ကြီးမှာ သွေးဘိုးဘေးကြီး၏ မဟာရန်သူဖြစ်ခဲ့ရမည် ဖြစ်သည်။ သို့သော်လည်း သူတို့နှစ်ယောက်မှာ တစ်ယောက်နှင့်တစ်ယောက် ချစ်ကျွမ်းဝင်သွားခဲ့ကြသည်။ ထို့နောက် သူတို့နှစ်ယောက်က ကောင်းကင်ဧကရာဇ်၏ အကြံအစည်များကို သိရှိသွားသောအခါဝယ်.... ဆက်လက်ဖြစ်ပွားခဲ့သော ဇာတ်လမ်းများကို ဟန်ဇောင်ခေါင်းဆောင်ကြီးက ပိုင်ရှောင်ချန်းအား ပြောပြခဲ့ပြီး မဟုတ်ပါလော။

ဟန်ဇောင်ခေါင်းဆောင်ကြီးမှာ သူမ၏ဆရာဖြစ်သူကို သစ္စာဖောက်၍ သွေးဘိုးဘေးကြီးနှင့် ပူးပေါင်းကာ သတ်ရန် ကြိုးပမ်းခဲ့သည်။

နောက်ဆုံးတွင် သွေးဘိုးဘေးကြီးသေဆုံးသွားခဲ့ရပြီး ကောင်းကင်တံတားမြစ် အောက်သို့နစ်မြုပ်သွားခဲ့ရကာ သူ၏ အမိန့်ဖီဆန်လိုသော လက်ကြီးတစ်ဖက်သာ ရေမျက်နှာပြင်ပေါ်တွင် ဆန့်တန်းလျက် ကျန်ရစ်ခဲ့ရသည်။ ဟန်ဇောင်ခေါင်းဆောင်ကြီးမှာလည်း ဆုံးပါးသွားခဲ့သည်။ သို့သော် သူမသည် စစ်မှန်သောဝိညာဥ်ပါရှိသည့် ဝိညာဥ်ကိုယ်ပွားတစ်ခုကို ဖန်တီးနိုင်ခဲ့ပေသည်။ ထိုသို့ဖန်တီးပြီးနောက် သူမသည် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းထဲတွင် ပုန်းအောင်းနေခဲ့ပြီး သူမ၏ တာအိုလက်တွဲဖော်ဖြစ်သော သွေးဘိုးဘေးကြီးရှိရာ အရပ်သို့သာ ငေးကြည့်နေခဲ့၏။

ထိုအဖြစ်အပျက်များကြောင့် ကောင်းကင်ဧကရာဇ်ကြီးမှာ သူအလိုရှိသော ဆေးလုံးကို ဖော်စပ်ရန် ကြိုးစားခဲ့သည့် ပထမဆုံးအကြိမ်အားထုတ်မှုမှာ မအောင်မြင်ခဲ့ရချေ။

သို့သော် ကောင်းကင်ဧကရာဇ်မှာ အလျှော့မပေးချေ။ နှစ်ပေါင်းများစွာ ထပ်မံကုန်ဆုံးသွားပြီးနောက် သူပိတ်မိနေခဲ့သည့် ကမ္ဘာကြီးထဲမှ လွတ်မြောက်နိုင်ရန်အတွက် အခြားနည်းလမ်းများကို စမ်းကြည့်ခဲ့သေးသည်။ သို့သော် တချိန်တည်းမှာပင် သူသည် ထာဝရအသက်ရှည် ဆေးလုံးအားသုံစွဲမည့်အကြံအစည်ကို အရံအဖြစ်ထားရှိ၍ နောက်ဆုံးမှထုတ်သုံးရန် ထားရှိခဲ့သည်။

အသက်ရှည်နည်းအတွဲကို ကျွမ်းကျင်တတ်မြောက်နိုင်မည့် လူတစ်စုံတစ်ယောက်မှ ပေါ်ထွက်မလာခဲ့ပါက အဆုံးတွင် ကောင်းကင်ဧကရာဇ်မှာ သူ၏ ရူးနှမ်းလှသော အကြံအစည်ကို မစွန့်လွှတ်ချင်လည်း စွန့်လွှတ်ရမည်ဖြစ်သည်။ သို့သော် သူ၏သမီးဖြစ်သူ တုလင်ဖေးမှာ ထိုအတတ်ကိုကျင့်ကြံနိုင်သည့် ဒုတိယမြောက်လူ ဖြစ်လာခဲ့တော့သည်။

တုလင်ဖေး၏ အရိုးများမှာ တဖြည်းဖြည်းနှင့် သလင်းကျောက်အရောင် ပြောင်းလဲလာခဲ့သည်။ ပိုင်ရှောင်ချန်းက ထာဝရအတွဲကို အလျင်အမြန် အရှိန်အဟုန်ဖြင့် ကျင့်ကြံနိုင်ခဲ့သလို သူမက မကျင့်ကြံနိုင်ခဲ့ပါသော်လည်း သူမ၏ မြန်ဆန်လွန်းလှသော ကျင့်ကြံခြင်းအခြေခံ အဆင့်တက်မှုကြောင့် သူမသည် သူ၏နောက်တွင် ပြတ်၍ မကျန်ခဲ့ပေ။

သူမ၏နောက်တွင် ကောင်းကင်ဧကရာဇ်က ထောက်ပံ့ပေးထားသည်ဖြစ်၍ သူမ၏ကျင့်ကြံခြင်းလမ်းစဥ်မှာ အခြားသူများထက် ပိုမိုချောမွေ့နေမည်မှာ သဘာဝကျသည် မဟုတ်ပါလော။

ကောင်းကင်ဧကရာဇ်မှာ သူ၏သမီးက အသက်ရှည်နည်းအတွဲကို အောင်မြင်စွာ ကျင့်ကြံသွားနိုင်ခဲ့သည့် အချင်းအရာနှင့်ပတ်သတ်၍ အပြည့်အဝ ရက်စက်နိုင်စွမ်း ရှိနေသည်တော့ မဟုတ်ပေ။ တစ်ဖက်တွင် သူသည် ကောင်းကင်တံတားနယ်မြေမှ လွတ်မြောက်ရန် ဆန္ဒပြင်းပြနေသည်။ အခြားတစ်ဖက်တွင်လည်း သူ၏သွေးသားအရင်းအချာကို စတေးရမည်ဆိုသည့်အသိကြောင့် တွေဝေနေရသည်။

ထိုတွေဝေမှုကြီးကြောင့်ပင် မြေရိုင်းဒေသထဲရှိ ရင်သပ်ရှုမောဖွယ်တိုက်ပွဲကြီးအပြင် သရဲမယ်တော်၏ ဝိညာဥ်ကိုယ်ပွားနှင့် သူ မဟာမိတ်ဖွဲ့ခဲ့သည့် ဖြစ်ရပ်များပါ ပေါ်ပေါက်လာခဲ့ရခြင်းဖြစ်သည်။ ထိုအချင်းအရာများအားလုံး၏ ရည်ရွယ်ချက်မှာ သင်္ချိုင်းစောင့်ကြီးကိုသတ်ရန် ကြိုးစားခြင်း သို့မဟုတ် သရဲမယ်တော်၏ စစ်သင်္ဘောကိုအသုံးချ၍ ပြင်ပကမ္ဘာဆီသို့ ထွက်ပြေးသွားရန်သာ ဖြစ်သည်။

သို့သော်လည်း ကံဆိုးစွာပင် သူ၏အကြံအစည်များအားလုံး ပျက်ပြားသွားခဲ့ရသည်။ ကောင်းကင်ဧကရာဇ်မှာ လုံးဝရူးသွပ်နေပြီး

" မျိုးမစစ်သင်္ချိုင်းစောင့်ကြီး။ ခင်ဗျားက ကျုပ်ကို အကျဥ်းအကြပ်ထဲရောက်အောင် လုပ်နေတာပဲ " ဟု စဥ်ဆက်မပြတ် တတွတ်တွတ်ရွတ်နေမိတော့သည်။

ကောင်းကင်ဧကရာဇ်အနေနှင့်ကြည့်ပါက သင်္ချိုင်းစောင့်ကြီးမှာ သူ့အား ဤနည်းလမ်းကို မသုံးသုံးအောင် အကြပ်ကိုင်နေသည်။ ထိုသို့ဖြစ်လာစေရန် သူလုံးဝမလိုလားပါသော်လည်း သူ့ထဲတွင် အခြားရွေးချယ်စရာလုံးဝမရှိတော့ဟု ခံစားနေရပြီဖြစ်သည်။ ထို့ကြောင့် သူသည် မြေရိုင်းဒေသနှင့် စစ်မက်ဆင်နွှဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

သူသည် မြေရိုင်းဒေသတွင် သက်ရှိများအားလုံးကို ဇီဝိန်ချုပ်၊ သင်္ချိုင်းစောင့်ကြီးအားသတ်၍ မြေအောက်မြစ်ကို ဖျောက်ဖျက်ပြီး ဗဟိုဧကရာဇ်မင်းဆက်၏ သွေးမျိုးဆက်များအားလုံးကို အဆုံးသတ်ရန် ကြံစည်ထားသည်။ ထိုအဖြစ်အပျက်များအကြားတွင် ပိုင်ရှောင်ချန်းမှာ သွေးဘိုးဘေးကြီးနောက်ပိုင်း ထာဝရအတွဲကို ကျွမ်းကျင်တတ်မြောက်သွားသည့် လူတစ်ယောက် ဖြစ်သွားလေသည်။

နောက်ဆုံးတွင် ကောင်းကင်ဧကရာဇ်ထံမှာ ရွေးချယ်စရာနှစ်ခု ရှိသွားတော့သည်။ သူ၏သွေးသားအရင်းအချာကို စတေးလျှင်စတေး။ ထိုသို့မဟုတ်ပါက သူ၏သက်တမ်းကုန်ဆုံးသွားသည်ကို စောင့်၍ ကောင်းကင်တံတားနယ်မြေမှ ထွက်ပြေးလွတ်မြောက်လိုသော သူ၏စိတ်ကူးအိပ်မက်များ တစ်စစီကြေမွသွားသည်ကို ထိုင်ကြည့်နေရန်ဖြစ်သည်။ နောက်ဆုံးတွင် သူသည် ပထမရွေးချယ်ချက်ကို ရွေးချယ်ခဲ့တော့သည်.... ဤအကြံအစည်အတိုင်း သူပထမဆုံးအကြိမ် ဆောင်ရွက်ခဲ့စဥ်က မအောင်မြင်ခဲ့သဖြင့် ဆုံးဖြတ်ချက်ချလိုက်ပြီးသည်နှင့် သူသည် တုလင်ဖေးအပေါ်တွင် မှော်ကျေးကျွန်အချုပ်အနှောင်တစ်ခုကို သုံးလိုက်တော့သည်။

ထို့နောက် သူသည် ပိုင်ရှောင်ချန်း ပေါ်ထွက်လာစေရန် စောင့်နေတော့သည်။ ပိုင်ရှောင်ချန်းမှာ ထာဝရအတွဲကို ပြီးမြောက်အောင် ကျင့်ကြံပြီးသွားပြီဖြစ်ကြောင်း သေချာသွားသောအခါ သူက စတင်လှုပ်ရှားလိုက်တော့သည်။ သူ့အား မည်သူမှ မတားဆီးနိုင်တော့သဖြင့် သူသည် ပိုင်ရှောင်ချန်းအား မြေရိုင်းဒေသမှ ကောင်းကင်တံတားကျွန်းဆီသို့ ခေါ်ဆောင်လာတော့သည်။

ကောင်းကင်ဧကရာဇ်နောက်မှ တုလင်ဖေးထွက်လာသည်ကို ပိုင်ရှောင်ချန်းမှာ နာကျည်းစွာ ကြည့်နေရသည်။ သူမ၏ အမူအရာမှာ အသက်မဲ့နေသဖြင့် ကြိုးဆွဲရာ ရုပ်သေးရုပ်တစ်ရုပ်နှင့် ဆင်တူနေတော့သည်။ ထို့အပြင် သူမ၏မျက်ဝန်းများထဲတွင် တဖျပ်ဖျပ် လက်နေသည့် ကျေးကျွန်အချုပ်အနှောင်များကို မြင်နိုင်ပေသည်။

" တုတုလေး... "

ကောင်းကင်ဧကရာဇ်ကြီးမှာ သူတို့နှစ်ယောက်စလုံးကို အသုံးချ၍ သရဲမျက်နှာကြီးအား မျှားထုတ်ခဲ့သည့်ပုံရိပ်များကို ပိုင်ရှောင်ချန်း သတိရသွားသည်။ ထိုစဥ်က သူမ၏အမူအရာထဲတွင် အတိုင်းသားမြင်တွေ့ခဲ့ရသည့် စိတ်ပျက်မှုများနှင့် နာကျည်းမှုများကို သူလုံးဝ မေ့နိုင်မည်မဟုတ်ပေ။

" ငါ့ကို မမုန်းနဲ့... "

ကောင်းကင်ဧကရာဇ်က ဆိုလိုက်သည်။

" ငါဒီလို လုံးဝမလုပ်ချင်ဘူး။ ဒါ သင်္ချိုင်းစောင့်ကြီးရဲ့ အပြစ်တွေချည်းပဲ "

သူသည် ရုတ်တရက် ခေါင်းကိုနောက်ပစ်၍ အားပါးတရ ရယ်မောလိုက်တော့သည်။ သို့သော် ထိုရယ်မောသံထဲတွင် နာကျည်းနေသောဝမ်းနည်းမှုများသာမက ရူးသွပ်မှုများပါ ရောယှက်ပါဝင်နေသည်။

ကောင်းကင်ဧကရာဇ်မှာ လုံးဝရူးသွပ်သွားပြီဖြစ်သည်။ ထိုအချင်းအရာကို သူ၏ မျက်ဝန်းများထဲတွင်သာမက ယခင်ကပုံစံနှင့် လုံးဝမတူတော့သော သူ၏အပြုံးထဲမှာပင် မြင်နေရသည်။ သူသည် နီမြန်းနေသော မျက်ဝန်းများဖြင့် ညာလက်ကိုသုံးကာ မန္တန်လက်ကွက်တစ်ခုဖော်လိုက်ပြီး တုလင်ဖေးအား လက်ညှိုးထိုးလိုက်သည်။

ထိုအခါ တုလင်ဖေးမှာတုန်ရီသွားပြီး ဖြည်းညင်းစွာ မော့ကြည့်လိုက်လေသည်။ ထို့နောက် သူမသည် အသက်မဲ့နေသော အမူအရာဖြင့် ပိုင်ရှောင်ချန်းထံသို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာတော့သည်။ ပိုင်ရှောင်ချန်းကမူ သူမတဖြည်းဖြည်း ချဥ်းကပ်လာနေသည်ကို ကြည့်နေရုံမှလွဲ၍ အခြားမတတ်နိုင်ချေ။ သူမသည် သွေးကန်ထဲသို့ ရောက်လာသောအခါ သူမ၏အဖြူရောင် အဝတ်အစားများမှာ ချက်ချင်းပင် စွန်ထင်းသွားပြီး အနက်ရောင်အဖြစ် ပြောင်းလဲသွားသည်။ တချိန်တည်းမှာပင် လောဘကြီးလှသော မှော်သင်္တေကများက သူမအပေါ်သို့ တွယ်တက်လာကြပြီး သူမ၏အရေပြားပေါ်တွင် ဟိုဟိုသည်သည် ရွေ့လျားနေကြတော့သည်။

သူမသည် သူ၏ရှေ့တည့်တည့်တွင် ရပ်လိုက်ပြီး လက်ကိုဆန့်ထုတ်၍ သူ၏ခေါင်းပေါ်သို့ တင်လိုက်သည်။ ထိုအခါ သူမထံမှ သလင်းကျောက်အလင်းရောင်များ တောက်ပလာတော့သည်...

ထိုအချိန်တွင် အသက်ရှည်နည်းအတွဲ၏ အငွေ့အသက်များလည်း ပေါ်ထွက်လာသည်။

ကောင်းကင်ဧကရာဇ်မှာ အဆက်မပြတ်ရယ်မော၍ သူ၏ညာလက်ကို မြေပြင်သို့ ဆောင့်ချလိုက်သောအခါ သင်္ချိုင်းဂူကြီးတစ်ခုလုံး တုန်ရီသွားသည်။ မန္တန်အစီအရင်မှာ မျက်စိကျိန်းစရာကောင်းလောက်အောင် တောက်ပလာပြီး ၎င်းကိုတည်ဆောင်ထားသည့် အရိုးများမှာ အရည်ပျော်သွားကြသည်။ ဗဟိုဧကရာဇ် သုံးပါး၏ ရုပ်အလောင်းများပင် အရည်ပျော်စပြုလာတော့သည်။

အရိုးများ၏ အရည်ပျော်မှုကြောင့် မန္တန်အစီအရင်မှာ ပို၍တောက်ပလာသည်။ တချိန်တည်းမှာပင် အနက်ရောင်သွေးများ ပလုံစီထလာပြီး မှော်သင်္ကေတများမှာ ပိုင်ရှောင်ချန်းနှင့် တုလင်ဖေးတို့အပေါ်သို့ ထပ်၍ တွန့်လိမ်တွန့်လိမ်ဖြင့် တက်လာကြတော့သည်။

၎င်းတို့မှာ သူတို့၏ မျက်လုံးများ၊နားများ၊နှာခေါင်းများနှင့် ပါးစပ်များထဲသို့ စီးဝင်သွားကြတော့သည်။ ထိုနာကျင်မှုကြောင့် ပိုင်ရှောင်ချန်းမှာ တုန်ရီသွားရပါသော်လည်း သူ ခံစားနေရသည့် မချိတင်ကဲဝေဒနာနှင့် အမျက်ဒေါသမှာ ပို၍ ပြင်းထန်နေတော့သည်။

သူ၏ မချိတင်ကဲဝေဒနာမှာ တုလင်ဖေး ကြုံတွေ့နေရသောအရာများကြောင့်ဖြစ်ပြီး သူ၏အမျက်ဒေါသမှာ ကောင်းကင်ဧကရာဇ်၏ ရက်စက်မှုကြောင့်ဖြစ်သည်။

" ငါသေတော့မှာလား... "

သူက တွေးလိုက်သည်။ သူသည် နောက်တစ်ကြိမ် ဟန်ဇောင်ခေါင်းဆောင်ကြီးအား လှမ်း၍ ခေါ်လိုက်ပါသော်လည်း မည်သည့်တုံ့ပြန်မှုမှ ပြန်မရပေ။ မှော်သင်္ကေတများမှာ သူ၏ခန္ဓာကိုယ်ထဲသို့ အပြေးအလွှားစီးဝင်နေကြပြီ တုလင်ဖေးထံမှ လင်းလက်ပေါ်ထွက်နေသည့် သလင်းကျောက်အလင်းရောင်များနှင့် အပြန်အလှန်ဆက်စပ်နေသည့်အလား သူ့ထံမှ ရွှေရောင်အလင်းရောင်များ တောက်ပလာတော့သည်။

ထိုအလင်းရောင်များမှာ မန္တန်အစီအရင်၏ အလင်းရောင်နှင့် ချိတ်ဆက်မိသွားသောအခါ တုလင်ဖေးထံမှ တုန်လှုပ်ဖွယ်ကောင်းသော ဆွဲငင်အားတစ်ခု ပေါ်ထွက်လာသည်။

ထိုဆွဲငင်အားမှာ တုလင်ဖေး၏ ခန္ဓာကိုယ်ထဲမှဖြတ်၍ ပိုင်ရှောင်ချန်းဆီသို့ ကူးစက်သွားသဖြင့် သူ တုန်ရီသွားရသည်။ ထို့နောက် သူသည် တုလင်ဖေးအား အောင့်သက်သက်ကြည့်လိုက်ပြီး မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်တော့သည်။

သို့သော် ထိုအချိန်တွင် တုလင်ဖေး၏ မျက်လုံးများထဲတွင် အပြင်းအထန် ရုန်းကန်နေသည့် အရိပ်အယောင်တစ်ခု ပေါ်ထွက်လာသည်။ သူမသည် တုန်ရီသွားပြီး သူမ၏လက်ကို သူ၏ခေါင်းပေါ်မှ ဖယ်ရှားတော့မည့်အလား ဖြစ်သွားသည်။ သူမ၏ခန္ဓာကိုယ်ပေါ်တွင် ကျေးကျွန်အချုပ်အနှောင် ရှိနေပါသော်လည်း သူမ၏ မသိစိတ်မှာ ပိုင်ရှောင်ချန်းကို အန္တရာယ်ပြုဖို့ရာ ငြင်းဆန်နေသည့် ပုံစံပင်။

All Chapters