← Chapters

အခန်း (၅၁-၅၂)

Vol. 6 Ch. 51-52

အခန်း (၅၁-၅၂)

Vol. 6 Ch. 51-52

🍁 Chapter 51

ဝူကျွင်း ဓာတ်လှေကားထဲမှ ထွက်လာချိန် သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်ပြီးနောက် သူ့ပုံမှန် ယုံကြည်မှုရှိသော အပြုံးကို တပ်ဆင်ကာ စားသောက်ဆိုင်ဆီသို့ လျှောက်လှမ်းသွားလေသည်။

သို့သော် မထင်မှတ်စွာ ခြေလှမ်းအနည်းငယ်မျှသာ လျှောက်ရသေးချိန်တွင် မုန့်စဲနှင့် ရှုယင်းယင်းတို့ အတူထိုင်နေသည်ကိုမြင်လိုက်ရသည်။ သူတို့သည် ကြယ်များ ဝန်းရံထားသော လမင်းကြီးနှင့်ပင်တူနေသည်။

ပထမဆုံးနေ့လေးပဲ ရှိသေးတယ်၊ သူတို့ ဘယ်လိုဖြစ်လို့ အတူတူထိုင်နေကြတာလဲ။

ဝူကျွင်း၏ယုံကြည်မှုရှိသော အပြုံးသည် စက္ကန့်ဝက်ခန့် အက်ကွဲသွားခဲ့ပြီးနောက်ဝန်ထမ်းတစ်ယောက် သူ့ဘက်ကြည့်လာချိတ် ချက်ချင်းပြန်ထိန်းလိုက်သည်။ ထို့နောက် ဝန်ထမ်း၏အံ့ဩနေသော အကြည့်အောက်တွင် သူသည် မုန့်စဲကို ခပ်ဖွဖွလေးခေါ်လိုက်သည်။

"အားစဲ"

မုန့်စဲ လှည့်ကြည့်လိုက်ရာ ဝူကျွင်း၏ တောက်ပသောအပြုံးနှင့် မျက်လုံးထဲတွင်ရှိသော နူးညံ့ကြင်နာမှုတို့နှင့် ဆုံလိုက်ရသည်။

တစ်ခါတစ်ရံတွင် လူများသည် ထူးဆန်းလွန်းလှသည်။ သူတို့ စိတ်အနှောင့်အယှက်ဖြစ်စေသော ကိစ္စတစ်ခုကို ကြားလိုက်လျှင် ထိုစိတ်အနှောင့်အယှက်ဖြစ်မှုကို ပိုချဲ့ကားပစ်တတ် သည်။

မည်မျှအထိဆိုလျှင် မုန့်စဲသည် ဝူကျွင်းကို မြင်လိုက်ရသည့် အခိုက်အတန့်မှာပင် ရှင်းပြမရအောင် ပျို့အန်ချင်စိတ်များ ဖြစ်လာခဲ့သည်။ သူ့ ဗိုက်ထဲရှိ ဆူပွက်နေသော အစာအိမ်အက်ဆစ်များသည် ဧရာမလက်ကြီးတစ်ဖက်အဖြစ်ပြောင်း လဲသွားသည့်အလား သူ့ အစာအိမ်ကို အတင်းအဓမ္မ ဖောက်ထွက်၍ နှလုံးသားဆီသို့ တဟုန်ထိုး ပျံ့နှံ့သွားပြီး သူ့ကို ခါးသက်သက်နှင့် ပျို့အန်ချင်သလို ခံစားရစေသည်။

ဘေးမှကြည့်နေသူများ အားလုံးလည်း ဝူကျွင်းဆီသို့ လှည့်ကြည့်လိုက်ကြသည်။ ဦးစွာ ရွှယ်ဝေဝေက ဝူကျွင်းသည် ဂေးဖြစ်ကြောင်း သတင်းပို့ခဲ့သည်။ ထို့နောက် မုန့်စဲနှင့် ဝူကျွင်းတို့သည် ရုပ်ရည်သွင်ပြင်အရ တန်းတူရည်တူ ချောကြသည်။ ယခုအခါ အားစဲဟု နူးနူးညံ့ညံ့ အသံလေးပါ ထပ်ပေါင်းလိုက်သောအခါ အတင်းအဖျင်းချစ်ကြသော လူအုပ်ကြီး၏ ရင်ခုန်သံများ မြန်ဆန်စွာခုန်ပေါက်လာကြသည်။ လာပြီဟေ့... လူတိုင်း စောင့်မျှော်နေကြတဲ့ စစ်ပွဲကြီးတော့ ရောက်လာပြီ။

ရွှမ်းကျူ CP ဖြစ်ဖြစ်၊ ရှုမန် CP ဖြစ်ဖြစ် ဘယ်ဟာပဲဖြစ်ဖြစ် သူတို့တော့ ကြိုက်မှကြိုက်ပဲ...

ရွှယ်ဝေဝေသည် အလွန်ပါးနပ်စွာ သူမနေရာကို ဖယ်ပေးရန် မတ်တပ်ရပ်လိုက်ပြီး ဝူကျွင်းကို ထိုင်ရန် လက်ဟန်ပြလိုက်သည်။

"မစ္စတာဝူ... ရှင့်လို ဧည့်သည်မျိုးက တကယ်ကို ရှားပါတယ်၊ ထိုင်ပါ၊ ထိုင်ပါ"

"ကျေးဇူးတင်ပါတယ်ဗျ"

ဝူကျွင်းသည် အခြေအနေကို ပြန်ထိန်းနိုင်သွားပြီဖြစ်ကာ ပြုံးလျက် ကျေးဇူးတင်စကား ဆိုလိုက်သည်။ သူ့ လှပသော မက်မွန်ပွင့်ပုံစံမျက်လုံးများက အနည်းငယ် းကွေးညွတ်သွားသဖြင့် အဆုံးအစမဲ့သော ဆွဲဆောင်မှုများအားဖော်ပြနေသည်။

ရွှယ်ဝေဝေသည် သူမ စိတ်ထဲတွင် တိတ်တဆိတ် ညည်းတွားလိုက်မိသည်။ ဒီခေတ်ကြီးထဲမှာ လူလွတ် အချောလေးတွေကိုရှာရတာ ဘာလို့ ဒီလောက်ခက်နေလဲဆိုတာ အံ့ဩစရာတော့ မဟုတ်ပါဘူး၊ သူတို့အချင်းချင်းက တွဲခုတ်ချင်နေကြတာကိုး...

သောက်ကျိုးနည်းပဲ! လောကကြီးက မတရားလိုက်တာဟယ်

ဝူကျွင်း ထိုင်လိုက်ပြီးနောက် လူတိုင်းအကြည့်များကို အခွင့် ကောင်းယူကာ မုန့်စဲအနီးသို့ မသိမသာ တိုးကပ်သွားလေသည်။ ထိုစဉ် မုန့်စဲကလည်း ရှုယင်းယင်းဘက်သို့ ကပ်လိုက်သည်။

ရှုယင်းယင်း: "..."

[သူ ဘာလို့ ငါ့အနားကို ဆက်တိုက် တိုးလာနေတာလဲ ဝူကျွင်းက ဂေးဆိုတာကို သူ သိနေလို့လား]

ထိုအတွေးတစ်ခုသည် ဝူကျွင်းအား လန့်သွားစေပြီး သူ့ မျက်လုံးများကို အနည်းငယ် ပြူးကျယ်သွားစေခဲ့သည်။ သူသည် ဘေးနားရှိ လူများ၏မျက်နှာ အမူအရာများကို တစ်ချက်ကြည့်လိုက်ရာ လူတိုင်းက အသေအချာနားထောင်နေသည့်ဟန်ဖြင့် သူတို့ ကျောပြင်များကို တိတ်တဆိတ်မတ်ထားကြသည်ကို သတိပြုမိလိုက်ပြီး တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း သူ ခံစားလိုက်ရသည်။

သူ့ဖခင်သည် ရှုယင်းယင်း၏အတွေးများကို ကြားနေရတတ်ကြောင်း ယခင်က ပြောဖူးသော်လည်း ယခုအချိန်အထိ သူ ဘယ်သောအခါမှ အလေးအနက်မထားခဲ့ပေ။

သူမရဲ့ အတွေးတွေကို ကြားနိုင်တာက ဖြစ်မှမဖြစ်နိုင်တာကို...

မုန့်စဲသည် ဝူကျွင်း သူ့အစီအစဉ် ပျက်ဆီးမည်ကို ကာကွယ်ရန် သူမအတွေးများကို ယခုမှကြားဖူးသလို ဟန်ဆောင်ကာ သူ့ခန္ဓာကိုယ်ကို ထပ်မံရွှေ့လိုက်သည်။

"ဆောရီး၊ ကျွန်တော် ခင်ဗျားကို တွန်းမိသလိုဖြစ်သွားတယ်"

"ရပါတယ်"

ရှုယင်းယင်း ပြန်ဖြေလိုက်သည်။

[ငါ လိုတာထက်ပိုပြီး တွေးနေမိတာ ဖြစ်ရမယ်၊ ဝူကျွင်းက သေသေချာချာ ဖုံးထားတာကို မုန့်စဲက ဘယ်လိုသိနိုင်မှာလဲ၊ အကယ်၍ သူ့သာသိသွားရင် သူ ရနေတဲ့ အခွင့်အရေး အများကြီးကို ဆုံးရှုံးသွားရမှာပေါ့၊ ဥပမာ အတူတူ ရေချိုးလို့ မရတော့ဘူး၊ တစ်ကုတင်တည်းလည်း အတူတူအိပ်လို့ မရတော့ဘူး၊ အမြဲတမ်း အတူတူ သွားလာလို့မရတော့ဘူးလေ၊ ညီအစ်ကိုတွေကြားက ရင်းနှီးမှုကို အသုံးချပြီး တိတ်တိတ်လေး အမြတ်ထုတ်တာက သေချာပေါက် ပိုကောင်းတာပေါ့]

ဘေးမှကြည့်နေသူများသည် တိတ်တဆိတ် အံ့သြသွားကြသည်။

ဝါး... ဘီရိုထဲမှာ နက်နက်ရှိုင်းရှိုင်း ပုန်းနေတယ်ဆိုတာ ဒီလိုမျိုးကို ခေါ်တာကိုး

မုန့်စဲသည် တိတ်တဆိတ် လက်သီးကို ဆုပ်ထားလိုက်သည်။ အတိတ်က မှတ်ဉာဏ် များသည် အသက်ရှူကျပ်လောက်သော ရေလှိုင်းတစ်ခုအလား သူ့ စိတ်ထဲသို့ စီးဝင်လာသည်။

ဝူကျွင်းသည် အံ့ကို တင်းတင်းကြိတ်ကာ သူ့ဘေးနားရှိလူကို ကြည့်လိုက်ရာ တစ်ဖက်လူက သူ့အားစူးစမ်းနေပုံရသော အကြည့်ဖြင့် ကြည့်နေသည်ကိုသာ တွေ့လိုက်ရသည်။ ဝူကျွင်းသည် သူ့ကို အပြင်ဘက်သို့ ခေါ်သွားပြီး သီးသန့်စကား ပြောရန် ပြင်လိုက်စဉ်မှာပင် ထပ်ကြားလိုက်ရပြန်သည်။

[ဒါနဲ့ စကားမစပ် ဘီရိုထဲမှာ နက်နက်ရှိုင်းရှိုင်း ပုန်းနေတဲ့ အမျိုးသားတချို့ မိန်းမယူတာကိုလည်း ငါ မြင်ဖူးတယ်၊ အပေါ်ယံမှာတော့ ပုံမှန်လို ဟန်ဆောင်ထားပေမယ့် ကွယ်ရာမှာတော့ မယားငယ်တွေထားတယ်၊ အမျိုးသားချစ်သူတွေထားတယ်၊ သူတို့ လုပ်ချင်ရာကို လုပ်ကြတာပဲ၊ ဂေးတွေရဲ့ ဇနီးသည်တွေအတွက်ကတော့ သနားစရာကောင်းတာပေါ့၊ သူတို့ရဲ့ ကလေးတွေကိုလည်း မွေးပေးရတယ်၊ တကယ့် အဖြစ်ဆိုးပဲ]

[ဝူကျွင်းရော အဲဒီလိုမျိုး တွေးမလား မသိဘူး၊ ဘာပဲဖြစ်ဖြစ် သူက သဘောကျစရာ ကောင်းတဲ့ ပလေးဘွိုင်းတစ်ယောက်လေ၊ တစ်သက်လုံး လူတစ်ယောက်တည်းကိုပဲ ချစ်သွားဖို့ သူ ကျေနပ်နိုင်မှာ မဟုတ်လောက်ဘူး]

[အိုမိုင်ဂေါ့... နင် ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အများကြီး သိနေရတာလဲ]

စနစ်မှာ ယုံနိုင်စွမ်း မရှိတော့ချေ။

[သတင်းတွေ များများကြည့်ပေါ့၊ စိတ်ကူးနဲ့တောင် မှန်းဆလို့မရတဲ့ အဖြစ်အပျက်တွေက နေ့တိုင်း ဖြစ်ပျက်နေတာပဲ]

စားပွဲဝိုင်းရှိ အတင်းအဖျင်းဝါသနာပါသော လူအားလုံးသည် အဓိကလူနှစ်ဦးထံသို့ စူးစမ်းသော အကြည့်များကို ပစ်လွှတ်ကြသည်။

ဝူကျွင်းသည် အံ့များကို တင်းတင်းကြိတ်ထားလိုက်ပြီး ရှုယင်းယင်း၏မေးခွန်းများထဲမှ မည်သည့်အရာကို ဖြေရမည်ကို မသေချာတော့ပေ။

ဟင့်အင်း၊ တစ်ခုမှ မမှန်ဘူးကွ။

သူ ဂရုတစိုက် ပြင်ဆင်ထားသော အစီအစဉ်ကို ရှုယင်းယင်းသည် ဖျက်ဆီးပစ်လိုက်ပြီဖြစ်သည်။ မုန့်စဲ သူ့ကို သံသယဝင်နေပြီဖြစ်ပြီး သူတို့၏အတိတ်က ဆက်ဆံရေးများကိုပင် ပြန်လည် တွေးတောနေလောက်သည်။

အား... ရှုယင်းယင်း၊ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် စပ်စုချင်တဲ့သူ ရှိနေရတာလဲ...

[မုန့်စဲက ဝူကျွင်းရဲ့ ကြင်နာမှုကို တစ်စက္ကန့်လေးတောင် သံသယဝင်ခဲ့ဖူးမယ်လို့ နင် ထင်လား]

[ဖြစ်နိုင်ခြေမရှိဘူး၊ ဘာပဲဖြစ်ဖြစ်၊ အဖြောင့်ယောက်ျားလေးတွေက အေးအေးဆေးဆေး နေတတ်ကြတယ်လေ၊ ပြီးတော့ သူ့စိတ်က ကိုယ့်ကိုယ်ကို တိုးတက်ဖို့အတွက်ပဲ အပြည့်အဝ အာရုံစိုက်ထားတာ၊ သူက ဝူမိသားစုနဲ့ ဝေးဝေးမှာနေနိုင်ဖို့ လုံလောက်တဲ့ အရင်းအနှီးတွေကို အမြန်ဆုံးစုဆောင်းချင်နေတာ၊ အချစ်နဲ့သံယောဇဉ်က သူ့ရဲ့တိုးတက်မှုကို အဟန့်အ တားဖြစ်စေရုံပဲရှိမှာပေါ့]

ဝူကျွင်း ရပ်တန့်သွားပြီး အတည်ပြုချင်ဟန်ဖြင့် မန်စဲ့ကို အံ့ဩတကြီး ကြည့်လိုက်သည်။ မုန့်စဲ သူ့ကို တိတ်ဆိတ်စွာ ပြန်ကြည့်လိုက်သော်လည်း သူ့ တည်ငြိမ်နေသောမျက်လုံးများထဲတွင် မုန်တိုင်းတစ်ခု တိုက်ခတ်နေသည်။

သူသည် တစ်ဖက်သူပခုံးကို ဖက်လေ့ရှိသည့်အတိုင်း ဖက်လိုက်ပြီး သူ့ အသံတွင် တောင်းပန်တိုးလျှိုးသည့် အရိပ်အ ယောင်တစ်ခု ပါဝင်နေသည်။

"အားစဲ၊ ငါလေ..."

[ကျွတ် ကျွတ် ကျွတ်... ကြည့်စမ်း၊ သူ နင့်ဆီကနေ အမြတ်ထုတ်နေပြန်ပြီ မဟုတ်လား၊ မုန့်စဲကို ကြည့်နေတဲ့ ဝူကျွင်းရဲ့ အကြည့်က သွားရည်ကျနေတဲ့အတိုင်းပဲ]

[သနားစရာကောင်းတဲ့ မုန့်စဲကတော့ ဒါကို ဖြူစင်တဲ့ ညီအစ် ကိုသံယောဇဉ်လို့ပဲထင်ပြီး အခုချိန်ထိ အမှောင်ချခံထားရတာပဲ၊ ဒါပေမဲ့ ဟိုတစ်ယောက်က သူ့အပေါ် ဘာတွေများ စိတ်ကူးယဉ်နေလဲဆိုတာ ဘယ်သူသိမှာလဲ၊ သူ့အိမ်မှာ မန်စဲ့ဓာတ်ပုံတွေ အပြည့်ကပ်ထားတဲ့ လျှို့ဝှက်အခန်းတစ်ခု ရှိနေတာ ပြီးတော့ အတွင်းခံအဝတ်အစား မျိုးစုံကိုတောင် ဖုံးကွယ်သိမ်းဆည်းထားတာမျိုးတွေများ ရှိနေမလားပဲ]

[ဝိုး... ယင်းယင်း၊ နင် တကယ်မလွယ်ဘူးပဲ၊ ဒါကိုတောင် ခန့်မှန်းနိုင်တယ်ဆိုတော့ တကယ့် ပရိုကြီးပဲဟ!]

မုန့်စဲ မျက်လုံးများသည် ရုတ်တရက် ကျုံ့ဝင်သွားပြီး ဝူကျွင်းအား ရုတ်ချည်း လှမ်းကြည့်လိုက်လေသည်။ တစ်ဖက်လူ၏ ရှောင်လွှဲသွားသော အကြည့်များကြောင့် သူ့ကျောရိုးတစ် လျှောက် စိမ့်တက်သွားသော အအေးဓာတ်တစ်ခုကို ရုတ်တ ရက် ခံစားလိုက်ရသည်။

ဝူကျွင်း၏ကိုယ်ပိုင်အိမ်တွင် အမှန်တကယ်ပင် လျှို့ဝှက်အခန်းတစ်ခု ရှိလေသည်။ သူ စပ်စုချင်စိတ်ဖြင့် ထိုအကြောင်းကို မေးမြန်းခဲ့ဖူးရာ လေလံဆွဲထားသော စုဆောင်းရေးပစ္စည်းများကို ပြသထားသည့် နေရာဖြစ် ကြောင်း တစ်ဖက်လူက ပြန်ဖြေကြားခဲ့ဖူးသည်။ တကယ်က... အဲဒီ စုဆောင်းရေးပစ္စည်းဆိုတာက သူ့ဟာတွေ ဖြစ်နေခဲ့တာပေါ့... အမလေး...

ထို့အပြင် သူတို့ နိုင်ငံခြားတွင်ရှိစဉ်က အတူတူစားသောက်ကာ အတူတူ အိပ်စက်ခဲ့ကြပြီး သူတို့အဝတ်အစားများကိုလည်း အခန်းကျယ် ဗီရိုတစ်ခုတည်းတွင် အတူထားရှိခဲ့ကြသည်။ သူ့ အတွင်းခံအဟောင်းများမှာ မကြာခဏပျောက် ဆုံးသွားတတ်ပြီး နောက်တစ်နေ့တွင် အသစ်များပြန်ရောက်နေတတ်သည်။

အား... ငါ ဆက်မတွေးရဲတော့ဘူး၊ ရွံလိုက်တာ...

မုန့်စဲ မျက်လုံးများထဲမှ ရွံရှာစက်ဆုပ်မှုသည် ဝူကျွင်းအား နက်နက်ရှိုင်းရှိုင်း နာကျင်စေသည်။ သူသည် သူ့ရင်ထဲမှ ဒေါသနှင့် ကြောက်ရွံ့မှုတို့ကို ဖိနှိပ်ထားရန် ကြိုးစားလိုက်ပြီး ပြောလိုက်သည်။

"အားစဲ... အပြင်ထွက်စားရအောင်၊ ငါ ရုတ်တရက် ပြင်သစ်စာ စားချင်လာလို့"

[အို... ပြင်သစ်စာတဲ့၊ ကြည့်စမ်း အဖိုးတန်လေးပါလား၊ နင်က သူနဲ့ အချိန်ပိုဖြုန်းချင်ရုံ သက်သက်နေမှာပဲ၊ ဒီလောက် ကပ်တွယ်နေတာကတော့ လွန်လွန်းနေပြီ]

🍁 Chapter 52

မုန့်စဲသည် သက်ပြင်းပြင်းပြင်းတစ်ချက် ရှိုက်လိုက်ပုံမှာ သူ အတော်လေးသည်းခံ ထိန်းချုပ်ထားရကြောင်း သိသာလှပေသည်။

"နေ့လယ်စာစားချိန် မိနစ်လေးဆယ်ပဲ ကျန်တော့တာ၊ ငါတို့ အချိန်လောက်မှာ မဟုတ်ဘူး"

"ခွင့်တိုင်လိုက်လေ၊ ခွင့်တိုင်လိုက်လေနော်"

ဝူကျွင်း လေသံတွင် စိုးရိမ်ပူပန်မှုများ ရောယှက်နေလျက် တောင်းပန်လာသည်။

"အလုပ်စဝင်တဲ့ ပထမဆုံးနေ့မှာ ခွင့်ယူဖို့ဆိုတာ မလွယ်ဘူး၊ ဝူကျွင်း... ကျေးဇူးပြုပြီး ပြဿနာရှာတာလေး ရပ်ပေးလို့ ရမလား"

"ဟင့်အင်း၊ မင်း ငါနဲ့ လိုက်ခဲ့ရမယ်"

ဝူကျွင်းသည် တစ်ဖက်လူ၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်ရာ သူ့ မျက်လုံးများထဲ တွင် ဒေါသနှင့် တောင်းပန်တိုးလျှိုးမှု နှစ်မျိုးစလုံး ရောယှက်နေသည်။

ဝူကျွင်း ရူးသွပ်တော့မလို ခံစားရသည်။ မုန့်စဲသည် ထိုအရာကိုအတည်ယူသွား ကြောင်းနှင့် သူတို့အတိတ်ကဆက်ဆံရေး၏ အပြစ်အနာအဆာများကိုလည်း ရှာတွေ့သွားပြီဆိုတာကို သူ သိလိုက်သည်။ မုန့်စဲ သူ့ကို မုန်းနေပြီ၊ မုန့်စဲ သူ့ကို ရွံရှာစရာကောင်းတယ်လို့ ထင်နေပြီ...

[အိုမိုင်ဂေါ့... အတင်းအဓမ္မသိမ်းပိုက်တာ လာပြီဟေ့၊ ဘယ်လောက်တောင် စိတ်လှုပ်ရှားဖို့ ကောင်းလိုက်လဲ]

မုန့်စဲသည် သူ့ ဆုပ်ကိုင်ထားမှုမှ တည်ငြိမ်စွာ ရုန်းထွက်လိုက်ပြီး ဒေါသကို ဖိနှိပ်ကာ အေးစက်စွာပြောလိုက်သည်။

"ငါ အလုပ်လုပ်ရဦးမယ်ဆိုတာ မှတ်မိသေးတယ်မလား"

ဝူကျွင်း မျက်လုံးများ တုန်လှုပ်သွားခဲ့သည်။ မုန့်စဲသည် ဖခင်ကျေးဇူးကို ဆပ်ရန်နှင့် သူတို့ သူငယ်ချင်းသံယောဇဉ်အတွက်သာ ဤနေရာသို့ ရောက်နေခြင်းဖြစ်ကြောင်း သတိ ပေးနေခြင်းဖြစ်သည်။ သို့သော် ဝူကျွင်း အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့သည်။ မုန့်စဲ သူ့ကို ထားသွားတော့မည်ဟူသော စိတ်ကူးပင် သူထံပေါ်လာခဲ့သည်။ ဟင့်အင်း၊ သူ အဲ့လိုအဖြစ်မခံနိုင်ဘူး...

"ဘာ သောက်အလုပ်အကြောင်း ပြောနေတာလဲ၊ ငါနဲ့ လိုက်ခဲ့၊ အခု ချက်ချင်းလိုက်ခဲ့စမ်း"

ဝူကျွင်း ယခင်က နူးညံ့မှုများသည် ပျောက်ကွယ်သွားခဲ့ပြီး မုန့်စဲလက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားစဉ် ဝူကျွင်း မျက်လုံးများ ရဲရဲနီနေကာ ကိုယ်ဟန်အနေအထားမှာလည်း ရန်လိုနေလေသည်။ မုန့်စဲသည် သူ့ကို စက္ကန့်အနည်းငယ်မျှ စိုက်ကြည့်နေပြီးနောက်၊ ဖြည်းညင်းစွာ မတ်တပ်ရပ်ကာ သူ့လက်ကို ခါချလိုက်ပြီး စားသောက်ဆိုင်ထဲမှ တန်းတန်းမတ်မတ်ထွက်သွားလေတော့သည်။

ဘေးမှ ကြည့်နေသူများသည် နောက်မှ လိုက်သွားချင်သော် လည်း မည်သူမျှ မလှုပ်ရှားရဲကြချေ။ သူတို့သည် နားမလည်သည့်ဟန်ဟန်ဆောင်ကာ အချင်းချင်း အံ့ဩတွေဝေစွာ ကြည့်ကြပြီး မင်းသမီးလေးထံမှ နောက်ထပ် သတင်းကြီးတစ်ခု ထွက်လာမည့်အချိန်ကို တိတ်တဆိတ် စောင့်မျှော်နေကြသည်။

ရှုယင်းယင်းသည် လူတိုင်းကို ကြည့်လိုက်ရာ သူမကိုယ်တိုင်လည်း ထိုနည်းတူ အံ့ဩတွေဝေနေခဲ့သည်။

[အိုမိုင်ဂေါ့... ဒီသခင်လေးက အရမ်းကိုဟန်ဆောင်ကောင်းတာပဲ၊ အားလုံးကို ချက်ချင်းရမှကျေနပ်တာ၊ အလိုလိုက်ခံထားရလွန်းလို့ ပျက်စီးနေပြီ]

[အဲဒီလို စိတ်နဲ့ဆို ဘယ်သူက သူ့ကို သည်းခံနိုင်မှာလဲ၊ မုန့်စဲ တကယ်ကို သနားစရာကောင်းလိုက်တာ၊ ဒီသားအဖနှစ်ယောက်ဆီက အကြပ်ကိုင်ခံထားရတာ၊ နှမြောစရာပဲ]

[သူက ထိပ်တန်းကျောင်းသားတစ်ယောက်ဆိုတော့ အဆုံးကျရင် သူတို့ရဲ့ ညစ်ပတ်တဲ့ ရည်ရွယ်ချက်တွေကို သိသွားမှာပါလို့ ထင်တယ်]

[အဲ့လိုပဲ မျှော်လင့်ရတာပေါ့]

၀န်ထမ်းသည် အရည်ရွှမ်းသော အတင်းအဖျင်းများ ထပ်မရနိုင်တော့သည်ကို မြင်သောအခါ အနည်းငယ် စိတ်ပျက်သွားကြသည်။ သူတို့သည် အကျိုးအကြောင်းမစဉ်းစားဘဲ နောက်မှသာ လိုက်သွားချင်စိတ် ပေါက်နေသော်လည်း များများသိသွားလျှင် ဝူသားအဖ၏ပစ်မှတ်ထားခြင်း ခံရမည်ကို ကြောက်ရွံ့ကြသည်။ အတင်းအဖျင်းဆိုသည်မှာ ပျော်ရွှင်မှုအတွက်သာဖြစ်ပြီး သေရေးရှင်ရေးအဖြစ် ပြောင်းလဲသွားဖို့ မတန်ချေ။

[ရှောင်ယင်း... ငါ အခုလေးတင် ဝူကျွင်းနဲ့ မုန့်စဲတို့ရဲ့ ဇာတ်လမ်းကို အပ်ဒိတ်လုပ်လိုက်ပြီ]

[မြန်မြန် ပြောပြစမ်းပါ!]

အတင်းအဖျင်း ချစ်မြတ်နိုးကြသော ဝန်ထမ်းအားလုံးသည် နားစွင့်လိုက်ကြသည်။

[ဝူကျွင်းက မုန့်စဲကို တကယ်ပဲ ဖွင့်ပြောလိုက်ပြီဟေ့၊ သူက အကန့်အသတ်နဲ့ ထုတ်တဲ့ Patek Philippe စုံတွဲနာရီကို ပေးလိုက်တယ်၊ အစက အလုပ်ဝင်လက်ဆောင်အဖြစ် ပေးမလို့ပေမယ့် အခုတော့ အချစ်သင်္ကေတဖြစ်သွားပြီလို့ ပြောခဲ့တယ်၊ ပြီးတော့ ဝူယိုသဲ့ရဲ့ ထိန်းချုပ်မှုကို မကြိုက်ရင်၊ သူ ခေါ်ထုတ်သွားပေးနိုင်တယ်လို့လည်း ပြောသေးတယ်]

[မုန့်စဲ သေချာပေါက် သဘောတူမှာမဟုတ်ဘူးလို့ ငါ လောင်းရဲတယ်၊ အဖြောင့် ယောက်ျားတစ်ယောက်အတွက် ဝူကျွင်းလုပ်ရပ်က စော်ကားမှုတစ်ခုပဲ၊ အထူးသဖြင့် တစ်ဖက်လူက ညီအစ်ကိုဆိုတဲ့ ခေါင်းစဉ်ကို အသုံးချနေတာလေ၊ တွေးကြည့်ရုံနဲ့တင် ငါတောင် စိတ်မသက်မသာဖြစ်ရတယ်]

[ဟုတ်တယ်၊ ဟုတ်တယ်၊ ဒါပေမဲ့ မုန့်စဲကလည်း လုံးဝအပြစ်ကင်းတဲ့သူတော့ မဟုတ်ဘူး၊ သူက အဝေးကိုထွက်သွားဖို့ လုံး၀ ဆုံးဖြတ်လိုက်ပြီ၊ သူ လိင်တူအချစ်ကို လက်မခံနိုင် သလို၊ ဝူယိုသဲ့ရဲ့ ထိန်းချုပ်မှုကိုလည်း သည်းမခံနိုင်ဘူး၊ သူက ညီအစ်ကို သံယောဇဉ် ဆိုတဲ့ မျက်နှာကြောင့်သာ အမြဲတမ်း သည်းခံခဲ့တာ၊ ဒါပေမဲ့ အခုတော့ အဲဒီသံယောဇဉ်က ပြောင်းလဲသွားပြီဆိုတော့ သူ ထပ်ပြီးသည်းခံနေစရာ ဘာအကြောင်းမှ မရှိတော့ဘူးလေ]

[ဒါက အရမ်းကောင်းတဲ့ လှုပ်ရှားမှုပဲ၊ ဒီလိုဆိုတော့ အပြစ်တွေအားလုံးက သူ့ဆီမှာပဲ ရှိတယ်လို့ ဝူကျွင်းသေချာပေါက် ခံစားရတော့မှာပေါ့၊ သူ မုန့်စဲအပေါ် အပြစ်ရှိသလို ခံစားရရုံတင်မကဘူး၊ သူ့ရဲ့ စိတ်လိုက်မာန်ပါ လုပ်ရပ်ကြောင့် မုန့်စဲကို လုံးဝ ဆုံးရှုံးလိုက်ရတဲ့အတွက်လည်း နောင်တရနေတော့မှာ၊ ကျွတ် ကျွတ် ကျွတ်... ဘယ်လောက်တောင် အဖြစ်ဆိုးလိုက်လဲ]

[ဒါပေမဲ့ ဝူကျွင်းက အခုချိန်ထိ ဒါကို ဖုံးကွယ်ထားခဲ့တာ မဟုတ်ဘူးလား၊ ဘာလို့ ရုတ်တရက်ကြီး ဖွင့်ပြောလိုက်ရတာလဲ]

ဘေးမှကြည့်နေသူအားလုံးသည် အတင်းအဖျင်း ချစ်မြတ်နိုးသူများကို တိတ်တဆိတ် လှမ်းကြည့်လိုက်ကြသည်။ နင်ကိုယ်တိုင် ဒီဆိုးရွားတဲ့ ဆက်ဆံရေးကြီးကို ဖော်ထုတ်လိုက်တာလေ။

[ဘယ်သူသိမှာလဲ၊ နင်တို့ လူသားတွေက အလုပ်တစ်ခုလုပ်ဖို့ သတ်မှတ်ထားတဲ့ လုပ်ငန်းစဉ်မှမရှိတာ၊ နင်တို့ လုပ်ချင်တာ လုပ်ကြတာပဲလေ၊ သူ အစက ပြင်သစ်စာ စားချင်လို့ ပြဿနာရှာနေတာ မဟုတ်ဘူးလား]

[ရိုးရိုးသားသားပြောရရင် ဝူကျွင်းလို အလိုလိုက်ခံထားရတဲ့ ကလေးဆိုးတွေနဲ့ ဝေးဝေးနေတာ အကောင်းဆုံးပဲ၊ သူတို့နှစ်ယောက်က ဘယ်တော့မှ တန်းတူမဖြစ်နိုင်ဘူး၊ ပြီးတော့ ဝူယိုသဲ့ကလည်း မုန့်စဲကို အစေခံတစ်ယောက်လို ဆက်ဆံတာလေ၊ အကယ်၍ ကိစ္စတွေက ဝူယိုသဲ့ နားထဲထိ ရောက်သွားရင် သူ သေချာပေါက် မုန့်စဲကိုပဲ အပြစ်တင်မှာ၊ မုန့်စဲက သူ့သားကို ဖျက်ဆီးတယ်လို့ထင်ပြီး မုန့်စဲမိသားစုကိုပါ ပစ်မှတ်ထားလာနိုင်တယ်၊ မုန့်စဲ ခေါင်းအေးအေးထားနိုင်လို့ တော်သေးတာပေါ့၊ မဟုတ်ရင် အဖြစ်ဆိုးကြီး ဖြစ်သွားမှာ]

[မုန့်စဲ ထွက်သွားပြီ၊ ဝူကျွင်း ဒူးထောက်ပြီး တောင်းပန်တာတောင် အလကားပဲ၊ အခု ဝူကျွင်း ဝူယိုသဲ့နဲ့ စရင်းရှင်းဖို့ အိမ်ကို ကားမောင်းပြီး ပြန်သွားပြီ]

[အား... ဝူကျွင်းက သူ့အဖေအရင်းနဲ့တောင် အဆက်အသွယ် ဖြတ်တော့မလို့တဲ့ဟေ့၊ မုန့်စဲဆီကနေ အမြတ်ထုတ်လို့ သောင်းကြန်နေပြီ၊ ဝူယိုသဲ့လည်း ရုတ်တရက်ကြီးဆိုတော့ အံ့ဩသွားပေမယ့် သူ့ကို သော့ခတ်ထားလိုက်တယ်၊ ဝူကျွင်းက မုန့်စဲကို သွားရှာမယ်လို့ခြိမ်းခြောက်ပြီး တတိယထပ်ကနေ ခုန်ချလိုက်တာ အခုခြေထောက်ကျိုးပြီး သတိလစ်သွားပြီတဲ့]

ဘေးမှ ကြည့်နေသူများသည် တိတ်တဆိတ် သက်ပြင်းချလိုက်ကြသည်။ ဝူကျွင်း ဒီလောက်တောင် အချစ်ကြီးမယ်လို့ ဘယ်သူထင်မှာလဲ..

[ဝါး... သူ တကယ်ကြီး အဲဒီလောက် အရူးအမူးဖြစ်သွားတာလား]

[အခုမှ တဇွတ်ထိုးဆန်လည်း အလကားပဲ၊ မုန့်စဲက သူ့မိသားစုနဲ့အတူ လေယာဉ်နဲ့ ထွက်သွားပြီ]

[အိုက်ရား... သူက ပိုတောင်မြန်သေးတယ်၊ ကြိုတင်ပြင်ဆင်ထားတာ သိသာတယ်]

[မုန့်စဲ အရင် နိုင်ငံခြားမှာရှိတုန်း သူက ဝူယိုသဲ့ကွယ်ရာမှာ တိတ်တဆိတ် စတော့ရှယ်ယာတွေ အရောင်းအဝယ်လုပ်ပြီး ငွေအတော်များများကို စုဆောင်းနိုင်ခဲ့တယ်၊ အဲဒီငွေတွေကို ယုံကြည်ရတဲ့ အပ်နှံမှုတစ်ခုအောက်မှာ သိမ်းထားတာ၊ မနှစ်ကဆို သူ ပိုက်ဆံအများကြီးအကုန်ခံပြီး နိုင်ငံကူးလက်မှတ် သုံးခုတောင် ဝယ်ထားသေးတယ်၊ ဘဏ်ထဲမှာလည်း ရွှေချောင်းတွေ ရှိသေးတယ်၊ သူ ထွက်သွားဖို့ အစထဲက ပြင်ဆင်နေခဲ့တာ ရှင်းနေတာပဲ]

[တကယ်ပါပဲ၊ ထိပ်တန်းကျောင်းသား တစ်ယောက်ရဲ့အစီ အစဉ်က သေသပ်တိကျလွန်းတယ်၊ ငါ တစ်ခုခုတော့ သင်ယူလိုက်ရပြီ၊ သူ ထွက်သွားပြီဆိုတော့ ဒီတစ်ခေါက်က ငါတို့ရဲ့ နောက်ဆုံးတွေ့ဆုံမှုပဲ]

[ဒါပေါ့]

[ဟူး... ကုမ္ပဏီက အလှတရားတစ်ခုကို ဆုံးရှုံးလိုက်ရပြီ၊ နှမြောစရာပဲ]

[အနည်းဆုံးတော့ နင့်ရဲ့အကျပ်အတည်း ပြီးဆုံးသွားပြီပဲ၊ နင် ထပ်ပြီး မြှူဆွယ်ခံရတော့မှာ မဟုတ်ဘူး]

[ဟုတ်တယ်၊ ဟုတ်တယ်၊ အဲဒါ အဓိကအချက်ပဲ]

ဝူယိုသဲ့သည် အရေးပေါ်ခန်းအပြင်ဘက်တွင် စိုးရိမ်ပူပန်စွာဖြင့် ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။ ယနေ့ သူသည် သားဖြစ်သူ၏ ထူးဆန်းသော အပြုအမူများကိုနားမလည်နိုင်အောင် ဖြစ်နေခဲ့သည်။ သူ စုံစမ်းရန် လူများကို အလျင်အ မြန် စေလွှတ်လိုက်ချိန် သူ့သားသည် ရှုယင်းယင်းကို မြင်တွေ့ခဲ့ပြီးနောက် အရူးတစ်ယောက်ကဲ့သို့ ပြန်ရောက်လာကာ မုန့်စဲအတွက်နှင့် အရူးတစ်ယောက်အလား သူ့အား ဆန့်ကျင်ပြီး ငြင်းခုံလာသည်။

ဒီလိုဖြစ်သွားအောင် သူ ဘာအတွေးတွေကိုများ ကြားခဲ့ရလို့လဲ။

အချိန်အနည်းငယ်ကြာပြီးနောက် သူစေလွှတ်လိုက်သော လူများသည် သတင်းအချက်အလက်များဖြင့် ပြန်လည်ရောက်ရှိလာကြသည်။

"မြန်မြန်ပြောစမ်း... ဒီနေ့ အားကျွင်း ဆီမှာ ဘာတွေဖြစ်ခဲ့တာလဲ"

အကယ်၍ ဤသည်က ရှုယင်းယင်းနှင့် တကယ်ပတ်သက်နေမည်ဆိုလျှင်၊ သူမကို အမြန်ဆုံး ဖယ်ရှားပစ်ရပေမည်။ ဝူယိုသဲ့ လူယုံသည် ဝူကျွင်း၏ လိင်တူစိတ်ဝင်စားမှုကို မုန့်စဲသိအောင် ဖော်ထုတ်လိုက်ပြီးနောက် မုန့်စဲအား အလွန်အမင်း ထိတ်လန့်သွားစေခဲ့သဖြင့် ချက်ချင်းပင်လေယာဉ်ပေါ်တက်ကာ အမည်ဝှက်တစ်ခုဖြင့် ထွက်ပြေးသွားကြောင်း သိလိုက်ရသောအခါ ဝူယိုသဲ့၏မျက်နှာသည် အရောင်မျိုးစုံ ပြောင်းလဲသွားသည်။

သူ့မျက်နှာသည် ပထမဆုံး ဖြူဖျော့သွားပြီး၊ နီရဲလာကာ အဆုံးတွင် ပြာကျနေသော မီးသွေးအလား မည်းမှောင်သွားလေသည်။ သူသည် ယိုင်နဲ့သွားကာ ဆိုဖာပေါ်သို့ ပြိုကျသွားပြီး အချိန်အတော်ကြာသည်အထိမထနိုင်တော့ချေ။

ဝူမိသားစု မျိုးဆက်ကိုးဆက်တိုင်တိုင်တွင် တစ်ဦးတည်းသော သားဖြစ်သူသည် ဂေးဖြစ်နေမည်ဟု မည်သူက စိတ်ကူးကြည့်နိုင်ခဲ့မည်နည်း။ ဤသည်မှာ မိုးကြိုးပစ်ခံရသည်ထက်ပင် ပိုဖျက်ဆီးနိုင်စွမ်းအားကောင်းလှသည်။

All Chapters