အခန်း (၅၃-၅၄)
Vol. 6 Ch. 53-54
🍁 Chapter 53
သူ ဘယ်လို အပြစ်တွေများ ကျူးလွန်ခဲ့မိလို့လဲ
သူ ပင်ပန်းဆင်းရဲစွာ စုဆောင်းခဲ့သော ကြွယ်ဝချမ်းသာမှုများနှင့် ခက်ခက်ခဲခဲ ရယူခဲ့သော အာဏာများအပြင် မျိုးဆက်များအတွက် အသေအချာ စီစဉ်ထားခဲ့သော အနာဂတ်အစီအစဉ် အားလုံးသည် ဝူကျွင်းကြောင့် ဖျက်ဆီးခံလိုက်ရပြီ ဖြစ်သည်။
အကယ်၍ ဝူကျွင်းသာ ပုံမှန်အတိုင်း အိမ်ထောင်ပြုပြီး သားသမီး မယူနိုင်ဘူးဆိုလျှင် ဝူမိသားစုအတွက် အနာဂတ်ဆိုတာ မည်သို့ရှိတော့မည်နည်း။
ဟင့်အင်း၊ ဒီလို အဖြစ်ဆိုးမျိုး ဖြစ်လာဖို့ သူ လုံးဝ ခွင့်မပြုနိုင်ဘူး၊ သူ ပြုပြင်ရမယ်၊ သူ့သားကို အမှန်တရားဆီ ပြန်ခေါ်ရမယ်...
သူ ကမ္ဘာပေါ်ရှိ နာမည်အကြီးဆုံး ဆရာဝန်များကို ရှာဖွေပြီး မွဲပြာသွားမည် ဆိုလျှင်တောင် သူ့လမ်းလွဲနေသော သားဖြစ်သူကို လမ်းမှန်ပေါ်သို့ ပြန်လည်ခေါ်ဆောင်လာရန် သူ ဆုံး ဖြတ်ချက်ချလိုက်သည်။
"သခင်လေးကို အမေရိကားက ဆေးရုံဆီ လွှဲပြောင်းပေးဖို့ ကိုယ်ပိုင်လေယာဉ် ပြင်ထားလိုက်... မြန်မြန်လုပ်"
ရုံးဆင်းချိန် နီးကပ်လာသောအခါ ရှုယန်ဝေသည် ဝူယိုသဲ့လက်ရေးဖြင့် ရေးသားထားသော နုတ်ထွက်စာကို လက်ခံရရှိသည်။ ထိုစာထဲတွင် သူ နေမကောင်းဖြစ်နေသဖြင့် ဆေးကုသမှုခံယူရန် နိုင်ငံခြားသို့ သွားရောက်ရန် လိုအပ်ကြောင်းအပြင် ကုမ္ပဏီကိစ္စများကို ဆက်လက် စီမံခန့်ခွဲနိုင်ခြင်းမရှိတော့ ကြောင်းနှင့် ဖုန်းရိတွင် သူပိုင်ဆိုင်သော ရှယ်ယာ ၁၀ ရာခိုင်နှုန်းကို ရှုဟုန်ရှန်းထံသို့ ဈေးနှိမ်ကာ ရောင်းချမည်ဖြစ်ကြောင်း ဖော်ပြထားပြီး အခြေခံအားဖြင့် ကုမ္ပဏီမှလုံးဝ ထွက်ခွာသွားခြင်းပင်။
ရှုယန်ဝေသည် နုတ်ထွက်စာကို ဖတ်ပြီးနောက် အံ့ဩမှင်တက်သွားခဲ့သည်။ ဝူယိုသဲ့သည် အသက်ကြီးပိုင်းခေါင်း ဆောင်သုံးဦးထဲတွင် လောဘအကြီးဆုံးဖြစ်ပြီး အမြဲတစေ ရယူရန်သာသိပြီး ပြန်ပေးလေ့မရှိသူဖြစ်သည်။ သူ့ ရှယ်ယာများကို ဈေးနှိမ်၍ ရောင်းချလိုသော ဆန္ဒမှာ တကယ်ကို မျှော်လင့်မထားခဲ့သောအရာပင်။
ထို့နောက် သူမ ယုံကြည်ရသော လူယုံတစ်ဦးကို စုံစမ်းခိုင်းလိုက်ရာ ထိုအရာသည် သူ့ တူမ လက်ချက်ဖြစ်နေပြန်ကြောင်း တွေ့ရှိလိုက်ရသဖြင့် ရယ်ချင်စိတ်သာမက စိတ် ပျက်အားငယ်စိတ်ပါ တစ်ပြိုင်နက် ခံစားသွားရသည်။ ကုမ္ပဏီကို ဒုက္ခပေးနေသော အကြီးမားဆုံးပြဿနာကြီးသည် ဤမျှယုတ္တိမတန်သော နည်းလမ်းဖြင့် ပြေလည်သွားလိမ့်မည်ဟု မည်သူက တွေးမိမည်နည်း။
ဝူယိုသဲ့တို့ ထွက်သွားပြီဖြစ်ရာ သံမဏိတြိဂံကြီးသည် အဆုံးတွင် ကျိုးပျက်သွားခဲ့ပြီ ဖြစ်ပြီး သူမ ဖခင်အမြဲတမ်း စိုးရိမ်ကြောက်ရွံ့နေခဲ့သော အကျပ်အတည်းမှာလည်း ပြေလည်သွားခဲ့ပြီဖြစ်သည်။ ကျန်ရှိနေသည်မှာ သူမတို့ မိသားစုတွင်း ပြဿနာများကို ရှင်းလင်းရေးလုပ်ရန်သာ ဖြစ်သည်။
သူမသည် အိတ်ကိုဆွဲကာ ဤသတင်းကောင်းကို ပြောပြရန် ရှုဟုန်ရှန်းရှိရာဆီသို့ တန်းတန်းမတ်မတ် ထွက်သွားလေသည်။ ရှုဟုန်ရှန်းသည် သတင်းကို ရရှိထားပြီးဖြစ်ရာ ရှုယန်ဝေ စကားမစနိုင်မီမှာပင် ပြောလိုက်သည်။
"သမီး ဒီကို သုတ်သုတ်ပျာပျာ ရောက်လာတာ ပါးကို ပြောစရာကိစ္စရှိနေလို့ မဟုတ်လား"
ရှုယန်ဝေသည် ရယ်မောလိုက်ကာ ဖခင်ဖြစ်သူ၏ ပခုံးပေါ်သို့ မှီချလိုက်ပြီး "သမီးတို့ မိသားစုရဲ့သမီးအရင်းလေး သူ့ရဲ့ မှန်ကန်တဲ့ နေရာကိုပြန်ရောက်လာရမယ့် အချိန်တန်ပြီလို့ သမီး ထင်တယ်"
"ငါ့သမီး ပီသပါပေတယ်၊ သမီးက ပါးနဲ့ အတွေးတူနေတာပဲ"
"ယင်းယင်း ပြန်ရောက်လာတဲ့ ပထမဆုံးနေ့ကတည်းက ပါးမှာ အဲ့စိတ်ကူးရှိနေတယ် ဆိုတာ သမီး အမြဲတမ်းသိနေခဲ့ပါတယ်၊ ဒါပေမဲ့ ကုမ္ပၔဏီအတွင်းက ရှုပ်ထွေးတဲ့ အာဏာပြိုင် ဆိုင်မှုတွေကြောင့် နောက်ကွယ်က ရည်ရွယ်ချက်ရှိနေတဲ့ သူတွေ ယင်းယင်းကို အသုံးချပြီး ပြဿနာကြီးကြီး ဖန်တီးလာမှာကို ပါး စိုးရိမ်ခဲ့တယ်လေ၊ အဲဒီလိုဖြစ်ရင် နာမည်ရှင်းဖို့ ခက်ခဲရုံတင်မကဘူး၊ မလိုအပ်တဲ့ ပြဿနာတွေပါ ဖြစ်လာနိုင်လို့ ပါး ထိန်းထားခဲ့တာမလား"
"အခု အင်အားအကြီးဆုံး အုပ်စုနှစ်စု ပြုတ်ကျသွားပြီဆိုတော့ ကျောက်ရှင်းလည်း တစ်ယောက်တည်း ရပ်တည်နိုင်မှာ မဟုတ်တော့ဘူး၊ ကျန်နေတဲ့ နောက်လိုက်တွေက လည်း ထွက်သွားရင်ထွက်သွား၊ မဟုတ်ရင် သစ္စာရှိကြတော့မှာပဲ၊ အခြေအနေက အခြေခံအားဖြင့် ငြိမ်သက်သွားပြီ၊ ဒီအချိန်မှာ မိသားစုပြန်လည်ဆုံစည်းခြင်း ညစာစားပွဲလုပ်တာက ရည်ရွယ်ချက် နှစ်ခုကြောင့်ပဲ၊ ပထမတစ်ခုက ယင်းယင်း အပြစ်ကင်းကြောင်း သက်သေပြနိုင်မယ်၊ ဒုတိယတစ်ခုက ကုမ္ပဏီရဲ့ မကြာသေးခင်က အောင်မြင်မှုတွေကို အခွင့် ကောင်းယူပြီး ယင်းယင်းရဲ့ ထိုက်တန်တဲ့ အရည်အချင်း တွေကို လူတိုင်း မြင်တွေ့နိုင်စေလိမ့်မယ်၊ ဒါက နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ အခြေအနေပဲ"
ရှုဟုန်ရှန်း ခေါင်းညိတ်လိုက်သည်။
"ယင်းယင်းရဲ့ အတွေးတွေက သူ့အတွက် အန္တရာယ်ဖြစ်လာမလားလို့ ပါး အစပိုင်းက စိုးရိမ်ခဲ့တာ၊ ဒါပေမဲ့ အဲဒီ ကောက် ကျစ်တဲ့ မြေခွေးအိုကြီးတွေ တစ်ယောက်ပြီးတစ် ယောက် ရှုံးနိမ့်သွားတာရယ်၊ အသံတိတ် နာကျင်ခံစားပြီး ခိုးကြောင် ခိုးဝှက် ထွက်သွားရတာတွေကို မြင်လိုက်ရတော့၊ ယင်းယင်းကကြီးမားတဲ့ တာဝန်တွေကို ထမ်းဆောင်နိုင်စွမ်းရှိတယ်ဆိုတာ ပါး သဘောပေါက်သွားတယ်၊ ဟိုရှောင်ချီဆိုတဲ့သူက ပိုပြီးတောင် ကြောက်စရာကောင်းတဲ့ ဖုံးကွယ်နေတဲ့ သခင်မကြီးတစ်ယောက်ပဲ၊ ယင်းယင်းနဲ့ ရှောင်ချီတို့က အရမ်းလိုက်ရောညီထွေရှိကြတာ၊ ပါးရဲ့ ရှုမိသားစုမှာ ထိုက်တန်တဲ့ ဆက်ခံသူ ရှိနေပြီဆိုတော့ ပါး သေရရင်တောင်မှ နောင်တရစရာ မရှိတော့ပါဘူး"
"အဲဒီလိုစကားမျိုးပြောတာ သမီး ခွင့်မပြုနိုင်ဘူးနော်၊ ကုမ္ပဏီမှာ အစ်ကိုကြီးနဲ့ သမီး ရှိတယ်၊ ပြီးတော့ ယင်းယင်းနဲ့ ယောင်ယောင်တို့ကလည်း ဝန်ထုပ်ဝန်ပိုးတွေကို မျှဝေထမ်းဆောင်ပေးမှာဆိုတော့ ပါးပါး သေချာပေါက် အသက်ရှည်ရှည် ကျန်းကျန်းမာမာနေရမှာ"
"အေးပါ၊ အေးပါ... ပါး ထပ်မပြောတော့ပါဘူး၊ အခုအချိန်ထက် ပိုကောင်းတဲ့အချိန် မရှိတော့ဘူး၊ ဒီအပတ်ပိတ်ရက်မှာ မိသားစုပြန်လည်ဆုံစည်းခြင်း ညစာစားပွဲကို ကျင်းပကြတာပေါ့၊ ငါတို့ရဲ့ အဖိုးတန်လေး ယင်းယင်းအကြောင်းကို လူတိုင်း သိသွားအောင် ပါး ပါတီကြီးတစ်ခု ကျင်းပပေးမယ်"
နောက်တစ်နေ့ နံနက်ခင်းတွင် ရှုယင်းယင်းသည် ကျန်းရှင်းနှင့် ရှုယောင်ယောင်တို့ထံမှ ၀န်းရံမှုကိုခံထားရပြီး ပွဲတက် ၀တ်စုံများအား တစ်စုံပြီးတစ်စုံ စမ်းသပ်ဝတ်ကြည့်နေရသည်။
အဘိုးရှုသည် သူ့ မြေးမလေးအတွက် မိသားစုပြန်လည်ဆုံစည်းခြင်း ညစာစားပွဲ ကျင်းပမည့်အကြောင်းကို ယခုလေးတင် ကြေညာခဲ့ပြီးနောက် ရှုယန်ဝမ်ကလည်း သူမ ရွေးချယ်နိုင်ရန်အတွက် အမှတ်တံဆိပ်အမျိုးမျိုးမှ အဆင့်မြင့်ဖက်ရှင် ဝတ်စုံများကို ပေးပို့ထားသည်။
အခြားတစ်ဖက်တွင်မူ ကျန်းရှင်းသည် နောင်အနာဂတ်တွင် ရှုယင်းယင်း တက်ရောက်ရနိုင်မည့် အခမ်းအနားများ အားလုံးအတွက် ဝတ်စုံများ ဒီဇိုင်းဆွဲပေးရန် V-အမှတ်တံဆိပ်မှ ဒီဇိုင်နာအကြီးအကဲအား တိုက်ရိုက်ဖိတ်ခေါ်လိုက်သည်။
ထိုဒီဇိုင်နာသည် ပါတီအခမ်းအနားများ၊ အထက်တန်းလွှာများ၏ ဧည့်ခံပွဲများ၊ ဖက်ရှင်ရှိုးများနှင့် ပရဟိတ လေလံပွဲများအစ ၀တ်စုံမျိုးစုံကိုချုပ်ဖူးသည်ပင်။
🍁 Chapter 54
[ဘုရားရေ... ငါ့ဘဝမှာ ဒီလောက်များတဲ့ အဆင့်မြင့်ဖက်ရှင် ဝတ်စုံတွေကို တစ်ခါမှ မမြင်ဖူးဘူး၊ အသားလေးတွေက ချောမွတ်နေတာပဲ၊ ဒီဇိုင်းတွေကလည်း သေသပ် လိုက်တာ၊ မျက်စိကျိန်းမတတ်ကို တောက်ပနေတာပဲ၊ ဒီအထဲက တစ်စုံက သန်းနဲ့ချီကို တန်တယ်တဲ့၊ ဒီနေ့တော့ သူဌေးတွေရဲ့ ကမ္ဘာကြီးကို ငါ ကိုယ်တိုင်ကိုယ်ကျ ခံစားလိုက်ရပြီ]
[ဒီလောက် တောက်ပနေတဲ့အရာကို ဘယ်သူမှ မလွန်ဆန်နိုင်ပါဘူး]
စနစ်ကလည်း စိတ်လှုပ်ရှားစွာဖြင့် ဝင်ပြောသည်။
[ကြယ်မိုးတွေ ရွာကျနေသလိုပဲ၊ ဟို ပန်းရောင်စိန်ဆွဲကြိုးလေးကို မြင်လား၊ အဲဒါက သန်းနဲ့ချီတန်တယ်တဲ့၊ ဒီဇိုင်နာက ငါ့အတွက် အဝတ်အစားတစ်စုံလုံးနဲ့ ပေါ့ပေါ့ပါးပါးပဲ တွဲပေးလိုက်တာ၊ အဲဒီတန်ဖိုးက မြို့လယ်ခေါင်က အိမ်ကြီးတစ်လုံးကိုတောင် ဝယ်လို့ရတယ်၊ အရမ်းကို ဖြုန်းတီးလွန်းတာပဲ]
[ဝါး... သူဌေးသားသမီး ဖြစ်ရတာက အရမ်းကို ကောင်းတာပဲ]
ကျန်းရှင်းနှင့် ရှုယောင်ယောင်တို့သည် မရယ်ဘဲ မနေနိုင်ဖြစ်သွားကြပြီး အချင်းချင်းကြည့်လိုက်ကြသော သူတို့မျက်လုံးများထဲတွင် ချစ်ခင်အလိုလိုက်ချင်စိတ်များပြည့်နှက်နေ သည်။
"ယင်းယင်း အဘိုးက ဒီမိသားစု ပြန်လည်ဆုံစည်းခြင်းအတွက် ညစာစားပွဲကြီးတစ်ခု ကျင်းပပေးမှာ၊ ရှုမိသားစုနဲ့ အဆက်အဆံရှိတဲ့ လူတိုင်း အဲဒီကို ရောက်လာကြလိမ့်မယ်၊ ဒါပေမဲ့ မစိုးရိမ်ပါနဲ့၊ အပြင်ထွက်လည်တာလို့ပဲ သဘောထားလိုက်၊ စားကြမယ် သောကြက်မယ်၊ သမီးက စကားပြောစရာလည်း မလိုဘူး၊ ဘယ်သူနဲ့မှလည်း မိတ်ဖွဲ့ဖို့ ကြိုးစားနေစရာ မလိုဘူး၊ ကြားလား"
"ဟုတ်ကဲ့၊ သမီး သိပါတယ်"
[ငါက ဘယ်လိုလုပ် မစိုးရိမ်ရမှာလဲ၊ ဒါက အထက်တန်းလွှာတွေရဲ့ စုဝေးပွဲကြီးလေ၊ အံ့ဩလောက်စရာ အတင်းအဖျင်း ဘယ်လောက်များများကို ငါ ကြားရမလဲဆိုတာ စဉ်းစားတာနဲ့ကို စိတ်တွေလှုပ်ရှားလာပြီ၊ ရှောင်ချီ... ငါတို့အတွက် ဖရဲသိးတွေ ထပ်ရပြန်ပြီဟေ့]
[အိုး... ငါလည်း ပိတ်ရက် မြန်မြန်ရောက်လာပါစေလို့ တကယ်ဆုတောင်းတယ်]
ကျန်းရှင်းသည် သမီးဖြစ်သူ မျက်နှာလေးကို ချစ်ခင်စွာ ပွတ်သပ်ပေးလိုက်သည်။ အပေါ်ယံဆန်ပြီး ဂနာမငြိမ်ဖြစ်နေသော ဤလူ့အဖွဲ့အစည်းတွင် သူမ သမီး၏လိုချင် တပ်မက်မှု ကင်းမဲ့နေခြင်းမှာ အမှန်ကို အဖိုးတန်လှပေသည်။ အဘိုးရှုက သူမအား မြေတောင်မြှောက်ပေးနေသည်မှာ အံ့ဩစရာ မဟုတ်ပေ။ သူမကို သွေးဆောင်ဖြားယောင်းရန် အမှန်တကယ်ပင် ခက်ခဲလှသည်။
သူမ၏နှစ်ပေါင်းနှစ်ဆယ်ကျော် ခါးသီးသော အတွေ့အကြုံများကို တွေးတောမိကာ ယခုတိုင် သူမ ဖြူစင်မှုနှင့် ရိုးသားမှုတို့ကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်သည်ကို မြင်သောအခါ ကျန်းရှင်းသည် ကောက်ကျစ်သော ကျိုးရှင်းရီနှင့် သူမခင်ပွန်းအပေါ် ပိုပြင်းထန်သော အမုန်းတရားများမှာ ကြီးထွားလာသည်။
အကယ်၍ ယင်းယင်းသာ ဤမိသားစုတွင် ကြီးပြင်းခဲ့ပြီး အကောင်းဆုံးသော ပညာရေးကို ရရှိခဲ့မည်ဆိုလျှင် သူမ ဘဝခရီးလမ်းသည် ဤထက်များစွာ ပို၍ ကျယ်ပြန့်နေမည်ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် အဘိုးရှုတွင် ထက် မြက်သော အကဲခတ်နိုင်စွမ်းရှိပြီး သူတို့၏ဘ၀လမ်းခရီးများသည် တူညီသော ဦးတည်ချက်သို့ ပေါင်းဆုံသွားခဲ့သည်။
ကျန်းရှင်းသည် သူမလေး ခေါင်းလေးကို ညင်သာစွာ ပွတ်သပ်ပေးပြီး တိုးညင်းစွာဖြင့် "သမီး အိမ်ကိုရောက်လာပြီး နောက်တစ်နေ့မှာတင် သမီးရဲ့ သရုပ်မှန်ကို လူတိုင်းသိ အောင် ကြေညာပေးဖို့ စီစဉ်ထားခဲ့တာ ဒါပေမဲ့ အချိန်အခါက အဆင်မပြေခဲ့လို့ အခုချိန်ထိ နောက်ကျသွားခဲ့ရတယ်၊ သမီးလေး ဒုက္ခခံခဲ့ရတဲ့အတွက် မား အရမ်းကို တောင်းပန်ပါတယ်ကွယ်"
ရှုယင်းယင်းလန့်သွားကာ လက်များကို အထပ်ထပ် ဝှေ့ယမ်းပြလိုက်သည်။
"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ မိသားစုတစ်ခုလုံးက သမီးအပေါ် အရမ်းကောင်းပါတယ်၊ သမီး ဘာမှနစ်နာတယ်လို့ မခံစားရပါဘူး၊ တကယ်တော့ မိသားစု ပြန်လည်ဆုံစည်းခြင်း ညစာစားပွဲ လုပ်လုပ်၊ မလုပ်လုပ် သမီးတို့က မိသားစုဆိုတဲ့ အမှန်တရားကိုတော့ ပြောင်းလဲသွားစေမှာ မဟုတ်ဘူးလေ"
ရှုယောင်ယောင်သည် ညီမဖြစ်သူ စိုးရိမ်ပြီး စိတ်မပျော်ရွှင်ဖြစ်မည်ကို ကြောက်သဖြင့် အလျင်အမြန်ဝင်ပြောလိုက်သည်။
"မိသားစု ပြန်လည်ဆုံစည်းခြင်း ညစာစားပွဲကတော့ မဖြစ်မနေ လုပ်ရမှာပေါ့၊ အဲဒီလိုလုပ်မှသာ ငါတို့ရဲ့ သရုပ်မှန်အစစ်ကို ငါတို့ပိုင်ဆိုင်ရမှာ၊ ဒါက ညီမလေး ကျဲကိုအကြွေးတင်နေတာတွေကို ပြန်မဆပ်နိုင်ဘူးဆိုပေမယ့် အရမ်းကို အရေးကြီးတဲ့ အခမ်းအနားတစ်ခုပါ၊ ဒါကြောင့် ညီမလေးရဲ့ဆန္ဒကို ဖြည့်ဆည်းပေးတာလို့ သဘောထားပေးနော်"
သူတို့နှစ်ဦးစလုံး ထိုမျှအထိ ပြောနေကြပြီဖြစ်ရာ ရှုယင်းယင်းမှာ သဘောတူကြောင်း ခေါင်းညိတ်ရုံမှလွဲ၍ အခြားမရှိတော့ချေ။