← Chapters

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

🍁 Chapter 55

"အွန်း"

[ဘာပဲဖြစ်ဖြစ် ငါက အမွေခံသမီးအရင်း ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ရည်မှန်းချက်မရှိတဲ့ ငါ့ရဲ့ သဘာဝကိုတော့ ဘယ်အရာကမှ ပြောင်းလဲသွားစေမှာ မဟုတ်ပါဘူး၊ ငါလေးက ငါးဆား နယ်လေးပဲလုပ်မှာ၊ ငါ့ကို မတ်တပ်ရပ်အောင် ဘယ်သူမှ လုပ်နိုင်မှာ မဟုတ်ဘူး]

ရှုယောင်ယောင်နှင့် ကျန်းရှင်းတို့သည် အချင်းချင်းကြည့်ကာ ပြုံးလိုက်ကြသည်။ ယင်းယင်းသည် အမှန်ပင် ချစ်စရာကောင်းလွန်းလှသည်။

ပိတ်ရက် ညရှစ်နာရီတိတိတွင် ဖိတ်ကြားထားသောဧည့်သည် များအားလုံး ရောက်ရှိလာကြပြီဖြစ်သည်။

ထန်ဝမ်သည် သူမရှေ့ရှိ ဧည့်သည်စာရင်းကို ကြည့်လိုက်သောအခါ ရှုမိသားစုနှင့် ရင်းနှီးသော ထင်ရှားသည့် မိသားစုများစွာကို တွေ့လိုက်ရသည်။ ထိုအထဲတွင် တွေ့ရခဲသော ယန်မိသားစု၏ အကြီးအကဲ ယန်ယာရှန်းပင် ပါဝင်နေသဖြင့် အဘိုးရှုသည် ရှုယင်းယင်းအပေါ် မည်မျှတန်ဖိုးထားကြောင်း သိသာထင်ရှားနေသည်။

"မင်းအဖေကတော့ တော်တော်လေးကို အင်အားပြနေတာပဲ၊ အားယောင်မှာတောင် ဒီလိုအခွင်းအ‌ရေးမျိုးမရှိခဲ့ဘူး၊ သူ ငါတို့ကို အရှက်ခွဲဖို့ တမင်တကာ လုပ်နေတာလား"

ထန်ဝမ်၏ဒေါသတကြီး စွပ်စွဲမှုကို ရင်ဆိုင်ရသောအခါ ရှုယန်ရွေ့ဂရုမစိုက်သည့်ဟန်ဖြင့် ပခုံးတွန့်ပြလိုက်သည်။

"ဒါ အဘိုးကြီးက ယင်းယင်းကို ပိုပြီးမျက်နှာသာပေးနေရုံ သက်သက်ပါ၊ အရမ်းကြီး စိတ်မပျက်နဲ့၊ မကြာသေးခင်ကမှ ဉာဏ်ရည်တုကို လက်တွေ့အသုံးချတဲ့ နေရာမှာ သိသာထင် ရှားတဲ့ အောင်မြင်မှုတွေရရှိထားတဲ့ နည်းပညာသူဌေးကြီး တစ်ယောက်နဲ့ ကိုယ်တွေ့ခဲ့တယ်၊ အကယ်၍ ကိုယ်တို့သာ ပူးပေါင်းလုပ်ဆောင်နိုင်မယ်ဆိုရင် ကုမ္ပဏီရဲ့ စီးပွားရေးကို ကျယ်ပြန့်လာစေမှာဖြစ်ပြီး အနာဂတ်အတွက် ဦးတည်ချက်အသစ်တစ်ခုကို ဖော်ပြပေးနိုင်လိမ့်မယ်၊ အဲဒီအခါကျရင် ဖုန်းရိရဲ့ စတော့ရှယ်ယာတွေ သေချာပေါက် ထိုးတက်သွားမှာ အဘိုးကြီး ကိုယ့်ကိုလေးလေးစားစားနဲ့ အမြင်သစ်နဲ့ ပြန်ကြည့်လာအောင် ကိုယ် လုပ်ပြမယ်"

ရှုယန်ရွေ့၏ယုံကြည်မှုရှိနေသော အမူအရာကို မြင်လိုက်ချိန် ထန်ဝမ်သည် မလှောင်ပြောင်ဘဲ မနေနိုင်ခဲ့ချေ။

"ဉာဏ်ရည်တုက တောက်ပတဲ့ အနာဂတ်ရှိတယ်ဆိုတာတော့ သေချာပါတယ်၊ ဒါပေမဲ့ ရှင် လက်ထဲရောက်သွားရင်တော့ လူလုပ်ထားတဲ့ အရူးပစ္စည်းတစ်ခုပဲ ဖြစ်သွားမှာကို ကျွန်မ စိုးရိမ်တယ်၊ ဘာပဲဖြစ်ဖြစ် ရှင့်ကို ချမ်းသာအောင် လုပ်ပေးမယ်လို့ ပြောတဲ့သူ အများစုက ရှင့်ဆီကနေ လိမ်စားဖို့ကြိုး စားနေကြတာချည်းပဲလေ၊ ကျွန်မတို့လက်ထပ်ပြီးကတည်း က အဲဒီလိုအများကြီး မြင်ဖူးနေပြီ"

ရှုယန်ရွေ့ မျက်နှာသည် မည်းမှောင်သွားသည်။

"မင်း ဘာမှ နားမလည်ဘူးကွ၊ အဲ့ဒါ မိန်းမတွေရဲ့ တွေးခေါ်ပုံပဲ၊ ဒီတစ်ခါတော့ ကိုယ် သူ့ကို သေချာစုံစမ်းဖို့ လူလွှတ်ထားပြီးပြီ၊ သူက အရည်အချင်း အပြည့်အဝရှိတယ်၊ ပြီးတော့ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ မူပိုင်ခွင့်လက်မှတ်တွေတောင် ရှိသေးတယ်၊ ဒီလို လျင်လျင်မြန်မြန် တိုးတက်ပြောင်းလဲနေတဲ့ နည်းပညာနယ်ပယ်မှာ ဦးဆောင်နိုင်တဲ့ နေရာတစ်ခုကို သေချာပေါက် ရယူနိုင်ဖို့ဆိုတာ ကိုယ်တိုင် အရင်စတင် လှုပ်ရှားနိုင်မှရမှာ၊ တွန့်ဆုတ်နေမယ်ဆိုရင် အခွင့် အရေးတွေ လက်လွတ်ဆုံးရှုံးသွားဖို့ပဲရှိမှာ"

"ဟွန်း... ရှင် အောင်မြင်ပါစေလို့ ကြိုပြီး ဆုတောင်းပေးလိုက်ပါတယ်နော်"

ထန်ဝမ်သည် သူမဖန်ခွက်ကို မြှောက်ကာ ခနဲ့လိုက်သည်။ သူမ၏ ပြီးစလွယ်လုပ်လိုက်သော အမူအရာက သူ့ကိုအလွန်ဒေါသထွက်စေသွားသည်။ ရှုယန်ရွေ့သည် အေးစက်စွာ နှာမှုတ်လိုက်ပြီး အရက်ကို တစ်ကျိုက်တည်း မော့သောက်လိုက်သည်။

"ငါတို့ စောင့်ကြည့်ကြတာပေါ့"

ထန်ဝမ်သည် သူ ထွက်သွားသည်ကို ကြည့်ပြီးနောက် သူမ၏ ယခင်က ပေါ့ပျက်ပျက်နိုင်သော အမူအရာများပျောက်ကွယ် သွားပြီး တင်းမာသော အမူအရာဖြင့် အစားထိုးဝင်ရောက် လာလေသည်။ သူမသည် ရှုမိသားစုနှင့် လက်ထပ်ခြင်းမှာ ရှုယန်ရွေ့ကို ခြေကုပ်အဖြစ် အသုံးပြုခြင်းဖြစ်ပြီး သူမကိုယ်ပိုင် ဘဏ္ဍာရေးပိုင်းဆိုင်ရာထက်မြက်မှုတို့ကြောင့် နှစ်နှစ်ဆယ်လောက် ကြိုးစားပြီးနောက် အသက်သုံးဆယ့်ငါးနှစ် မတိုင်မီ ကုမ္ပဏီတစ်ခု၏ ဒုတိယဥက္ကဋ္ဌဖြစ်လာပြီးနောက် ရှုယောင် အကူအညီဖြင့် အမူဆောင်ဒုဥက္ကဋ္ဌကြီး ရာထူးသို့ တက်လှမ်းနိုင်မည်ဟု အစကတွေးထင်ထားခဲ့သည်။ သူမသားဖြစ်သူ မိသားစုအကြီးအကဲ နေရာကိုဆက်ခံပြီးသည်နှင့် သူမလည်း နောက်ကွယ်မှနေ၍ အုပ်ချုပ်ကာ လုပ်ငန်းစုတစ်ခုလုံးကို တစ်ဦးတည်း ထိန်းချုပ်နိုင်မည်ဖြစ်သည်။

သို့သော် ရှုယင်းယင်းမှာ ရုတ်တရက် ပေါ်လာပြီး သူမ အစီ အစဉ်များအားလုံးကို ပျက်စီးသွားစေခဲ့သည်။ သူမတွင် ရှိနှင့်ပြီးသား အကန့်အသတ်ရှိသော ထောက်ခံမှုများအား ဖယ်ရှားပစ်လိုက်ရုံသာမက ကူးချန်လည်း သေသွားပြီဖြစ်သည်။ အာဏာကို လိုချင်တပ်မက်မှုမရှိဟု သားဖြစ်သူမှာလည်း ပြောလာပြီး အစွမ်းအစမရှိသော ခင်ပွန်းဖြစ်သူတို့ ပေါင်းစပ်လိုက်သောအခါ အရာအားလုံးက သူမတွင် ကြိုးစားချင်စိတ်ပင် ပျောက်ရှလာသည်။

ယနေ့ မိသားစုပြန်လည်ဆုံစည်းခြင်း ညစာစားပွဲသည် အဘိုးအိုထံမှ အင်အားပြသမှုတစ်ခုဖြစ်သည်မှာ ထင်ရှားလှသည်။ ရှုယောင်သည် တစ်ဦးတည်းသော အမွေဆက်ခံသူ မဟုတ်တော့ကြောင်းကို ချပြချင်ခြင်းပင်။

သူမအကြည့်များသည် အခန်းအလယ်ဗဟိုတွင် ရှိနေသော ချမ်းသာကြွယ်ဝသည့် အမျိုးသမီးတစ်စုထံသို့ ကျရောက်သွားသည်။ ထိုလူများသည် ရှုမိသားစု၏သမီးအရင်းဖြစ်သူအား တစ်ချက်လေးဖြစ်ဖြစ် မြင်တွေ့ခွင့်ရရန် ရောက်နေကြခြင်းဖြစ်နိုင်သည်။ ဤမျှကြီးမားသော လူစာရင်းမျိုးဖြင့် ဉာဏ်ရှိသူ မည်သူမဆို အဘိုးရှု၏ ရည်ရွယ်ချက်များကို အလွယ်တကူ ခန့်မှန်းနိုင်ပေသည်။ ယခုအချိန်သည် အိမ် ထောင်ဘက်မိတ်ဖက်များအဖြစ် မိသားစုအသီးသီးမှ သခင်လေးများကိုလည်း အပြေးအလွှားအကြံပြုလာကြမည်မှာ သေချာလှသည်။

ရှုယင်းယင်းသည် ဤဂုဏ်သတင်းကြီးမားသော မိသားစုများထဲမှ တစ်ခုနှင့် အောင်မြင်စွာလက်ထပ်ပြီးသည်နှင့် တစ်ပြိုင်နက် ပေါင်းစပ်သွားသော အင်အားသည် သူမအား မိသားစုခေါင်းဆောင်အဖြစ် ဆက်ခံမည့်အချိန်ကို ပိုမိုနီးကပ်လာစေမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ရှုမိသားစုအား သားယောက်ျားလေးများကိုသာ ဆက်ခံခွင့်ပေးမည်ဟု အဘိုးရှု ဘယ်သောအခါမှမပြောခဲ့ဖူးချေ။

ယခင်က ရှုယောင်သည် အမွေဆက်ခံသူ ဖြစ်လာလိမ့်မည်ဟူသော သူမ ယုံကြည်သည်မှာ ရှုယောင်ယောင်၏ပျော့ညံ့မှုနှင့် ကြင်နာမှုများမှာ မိသားစုခေါင်းဆောင်ရာထူးဖြင့် မလိုက် ဖက်ချေ။ ရှုယန်ဝမ် တစ်ယောက်တည်းဖြင့်ပင် အဘိုးရှု မှတ်သွားလောက်ပြီပင်။ သို့သော် ရှုယင်းယင်းသည် ကွဲပြားလှသည်။ သူမကိုယ်တိုင်တွင် အောင်မြင်မှုများနှင့် အရည်အ ချင်းများမရှိသော်လည်း ရှောင်ချီဟုခေါ်သော လျှို့ဝှက်ဆန်းကြယ်သူနှင့် ရှုယင်းယင်းတို့ ပူးပေါင်းပြီးနောက် လက် ဖျားလေးတစ်ချက်မျှ လှုပ်စရာမလိုဘဲ အသက်ကြီးပိုင်း ခေါင်းဆောင်နှစ်ဦးကို ဖြုတ်ချနိုင်ခဲ့ကာ အဘိုးရှုအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုကို ဖယ်ရှားပေးနိုင်ခဲ့သည်။ ဤသည်မှာ ထန်၀မ်အတွက် အမှန်ပင် အံ့ဩစရာကောင်းပြီး ဒေါသထွက်စရာလည်း ကောင်းလှသည်။

ယခုဆိုလျှင် အားယောင်ကပင် သူမနှင့် မောင်နှမများသဖွယ် သဟဇာတဖြစ်သော ဆက်ဆံရေးရှိနေပြီး အချင်းချင်း အဆင်ပြေနေပုံရသည်။ ရှုယောင်သည် သူမ၏ရည်မှန်း ချက်များကို အမွေမဆက်ခံရုံသာမက ဖခင်ဖြစ်သူ၏ မိုက်မဲ သော ရည်မှန်းချက်မျိုးပင် သူ့တွင် ရှိမနေချေ။ တကယ် ဒေါသထွက်စရာ ကောင်းလိုက်တာ...

သူမသည် သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်ပြီး နောက် ထပ် ဝိုင်ခွက်တစ်ခွက်ကိုယူကာ ထိုချမ်းသာကြွယ်ဝသော အမျိုးသမီးများထံသို့ လျှောက်သွားလေသည်။ သူမသည်အဒေါ်တစ်ယောက်အနေဖြင့် တူမဖြစ်သူ၏ အိမ်ထောင်ရေးကို ဂရုစိုက်ရမည်မှာ မှန်ကန်သောအလုပ်ပင်။

"မဒမ်ကောင်း၊ မဒမ်မာ၊ မဒမ်ချန်... မတွေ့ရတာ ကြာပြီနော်"

"ရှောင်ဝမ်ကိုး၊ နင်လာတာ အတော်ပဲ၊ ငါတို့ နင့်အကြောင်း ပြောနေကြတာ"

"ကျွန်မ ကူညီပေးလို့ရတာ တစ်ခုခုရှိလို့လား"

"ထွေထွေထူးထူးတော့ မဟုတ်ပါဘူး၊ နင့် အစ်ကိုကြီး မိသားစုမှာ ရုတ်တရက်ကြီး သမီးအရင်းတစ်ယောက် ဘယ် လိုဖြစ်ပြီး ရောက်လာတာလဲဆိုတာ ငါတို့ သိချင်နေကြတာ၊ မွေးကတည်းက အခု လက်ရှိသမီးနဲ့ မှားသွားတာလို့ ကြားတယ်၊ တစ်ခါမှ မကြားဖူးတဲ့ကိစ္စပဲ"

"ဟုတ်တယ်၊ ဟုတ်တယ်၊ အဘိုးရှုက ဒီမိသားစု ပြန်လည်ဆုံစည်းခြင်း ညစာစားပွဲကို ဒီလောက် အကြီးအကျယ်လုပ်တာ၊ ဒီကလေးအတွက် ပြန်ပြီးနစ်နာကြေးပေးချင်လို့များလား"

"နစ်နာကြေးပေးဖို့သက်သက်တော့ မဟုတ်လောက်ပါဘူး၊ ကလေးတစ်ယောက်နဲ့ တစ်ယောက် မှားသွားတယ်ဆိုတာက အရမ်းကို ဇာတ်လမ်းဆန်လွန်းတယ်၊ ဒါက သူရဲ့ သွေးသားအရင်းအချာပဲလေ"

အမျိုးသမီးများသည် ထန်ဝမ် စကားနောက်ကွယ်မှ အဓိပ္ပာယ်ကို ချက်ချင်း သဘောပေါက်သွားကြသည်။ ထိုသည်မှာ သွေးကစကားပြောသည်ဟူ၍ပင်။

"ဟုတ်တယ်၊ တစ်ယောက်နဲ့ တစ်ယောက်မှားဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ၊ ငါတို့လည်း အမေတွေပဲ၊ ကိုယ့်ကလေးကို ကိုယ့်မျက်စိအောက်ကနေ ဘယ်လိုလုပ် အပျောက်ခံရက်မှာလဲ"

"ဟုတ်ပါ့"

"ဒါနဲ့ စကားမစပ် အဲ့ကလေးက မိဘမဲ့ဂေဟာမှာ ကြီးပြင်းလာတာလို့ ငါ ကြားတယ်၊ အဲဒီကကလေးတွေ အားလုံးက သနားစရာကောင်းတဲ့ ကလေးတွေချည်းပဲ၊ သူမလေးက သဘောကောင်းမယ့်ပုံပဲ"

"ငါတို့ရဲ့ ယင်းယင်းက အရမ်းကိုသဘောကောင်းတဲ့ ကလေးပါ၊ လူတွေနဲ့ ဆက်ဆံရတာ သိပ်မကျွမ်းကျင်တာလေးပဲ ရှိတာ၊ ဘာပဲဖြစ်ဖြစ် သူက မိဘတွေမရှိဘဲ ကြီးပြင်းလာရတာဆိုတော့ သူ့ရဲ့ အေးတိအေးစက်နိုင်တဲ့ စရိုက်လေးက နားလည်ပေးလို့ရတယ်၊ အရမ်းတက်ကြွလွန်းနေရင်လည်း ဆုံးမရခက်နေဦးမယ်လေ၊ ဘာပဲဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက် အားသာချက်တွေကိုယ်စီ ရှိကြတာပါပဲ"

ဤသည်မှာ ရှုယင်းယင်းသည် အပေါင်းအသင်းမဆံ့ကြောင်းအပြင် သတ္တိနည်းကြောင်းနှင့် လူရှေ့တွင် ထုတ်ပြရန် မသင့် တော်ကြောင်းအပြင် မိဘမဲ့ဖြစ်သောကြောင့် ဆုံးမမှုကင်းမဲ့နေခြင်းတို့ကို သွယ်ဝိုက်ပြောနေသည်။

အမျိုးသမီးများသည် အချင်းချင်းအကဲခတ်ကြည့်လိုက်ကြပြီး စိတ်မကောင်းဖြစ်ဟန်နှင့် ယဉ်ကျေးသောစကားများဖြင့် ထိုအကြောင်းအရာကို တိတ်တဆိတ် အဆုံးသတ်လိုက်ကြသည်။ ထန်ဝမ်က မာန်ပါပါပြုံးလိုက်သည်။

🍁 Chapter 56

[ရှောင်ယင်း... နာရီလက်တံ ကိုးနာရီဘက်ကို ကြည့်လိုက်၊ နင့်ရဲ့ ဒုတိယအန်တီက နေရာတကာမှာ နင့်အကြောင်း ကောလဟလတွေ လိုက်လွှင့်နေတယ်၊ နင့် အိမ်ထောင်ရေးကိုဖျက် ဆီးဖို့ ကြိုးစားနေတာ]

[ဖျက်ဆီးချင် ဖျက်ဆီးပါစေ၊ ငါမှ အိမ်ထောင်မပြုချင်တာ၊ ချမ်းသာတဲ့ မိသားစုတွေကြားက အစီအစဉ်ချထားတဲ့ အိမ်ထောင်ရေးဆိုတာ အကျိုးစီးပွားချင်းဖလှယ်ရုံ သက် သက်ပဲ၊ အကယ်၍ ငါက နှာဘူးကြီး တစ်ယောက်နဲ့များတွဲပေးခံရရင် သေချာပေါက် အသက်တိုတော့မှာပဲ၊ ငါ့ရဲ့ မိသားစုက တော်တော်လေးချမ်းသာတယ်လေ၊ သူတို့မိသားစုတွေနဲ့ လက်ထပ်ရမယ့်အစား သေလိုက်တာကမှ ပိုကောင်းဦးမယ်]

[အဲဒါတော့ ဟုတ်တယ်၊ ဒါပေမဲ့ နင့်ရဲ့ ဂုဏ်သတင်းကရော ဘယ်လိုလုပ်မလဲ]

[အို... ဂုဏ်သတင်းဆိုတာ အပေါ်ယံပါပဲ၊ ဘာအဓိပ္ပာယ်ရှိလို့လဲ၊ ငါက နာမည်ကြီးတဲ့သူလည်း မဖြစ်ချင်ဘူး ပြီးတော့ စီစဉ်ထားတဲ့ အိမ်ထောင်ရေးကနေတစ်ဆင့် ငါ့ရဲ့ နေရာကို ခိုင်မာအောင်လည်း မလုပ်ချင်ဘူး၊ ဂုဏ်သတင်းဆိုတာ ငါ့အပေါ် ဘာမှ သက်ရောက်မှု မရှိပါဘူး၊ ငါက တံခါးပိတ်ပြီး ငါ့ဘဝနဲ့ ငါနေတာ၊ ပြင်ပအရာတွေကို ဘာလို့ ဂရုစိုက်နေရမှာလဲ]

[အဲဒါလည်း ဟုတ်တာပဲ]

သူတို့နှစ်ဦး၏ ကားဝိုင်းကို နှစ်မီတာခန့် အကွာတွင်ရှိသော အဘိုးရှုနှင့် ယန်ယာရှန်းတို့ကြားသွားသည်။ ယန်ယာရှန်းသည် အဘိုးအိုကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်ပြီး ရယ်မောကာ ပြောလိုက်သည်။

"ဒါကြောင့်များ ရှင် ကျွန်မကို နိုင်ငံထဲပြန်ရောက်လာအောင် လူလွှတ်ပြီး ပြန်ပေးဆွဲခိုင်းခဲ့တာလား"

အဘိုးအိုက ရယ်မောလိုက်သည်။

"ဘယ်လိုလဲ၊ ငါ့ရဲ့ အဖိုးတန်မြေးမလေးက ထူးခြားတယ် မဟုတ်လား"

"ဖုန်းရိက အသက်ကြီးပိုင်း ခေါင်းဆောင်နှစ်ယောက်ကို ဆက်တိုက်ဆိုသလို ဘာပြဿနာမှမရှိဘဲ ဖြုတ်ချနိုင်ခဲ့တယ်ဆိုတာ ကျွန်မ ကြားခဲ့တယ်၊ ကြည့်ရတာ ရှင်တို့ဆီမှာ လျှို့ဝှက်လက်နက် ရှိနေတာကိုး"

"စောင့်သာကြည့်နေပါ၊ နောက်လာဖို့ အများကြီးရှိသေးတယ်၊ လာ ငါ မိတ်ဆက်ပေးမယ်"

ယန်ယာရှန်းသည် မတတ်သာသည့်ဟန်ဖြင့် ပြုံးလိုက်သည်။ သူမသည် ရှုဟုန်ရှန်းနှင့် သိကျွမ်းလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော်လည်း သူ့ မျက်နှာပေါ်တွင် ဤကဲ့သို့သော အပြုံးမျိုးကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းပင်ဖြစ်သည်။ ထိုအရာသည် သက်သောင့်သက်သာရှိပြီး၊ ပူပင်သောကကင်းကာ ဂုဏ်ယူဝင့်ကြွားမှု အနည်းငယ်ရောယှက်နေသော အပြုံးမျိုး ဖြစ်သည်။ ဤသည်မှာ ရှားပါးလှသည်။

"ယင်းယင်း"

အဘိုးအိုသည် သူ့ မြေးမလေးအမည်ကို ညင်သာစွာခေါ်လိုက်သည်။

ရှုယင်းယင်းသည် အလျင်အမြန် လှည့်ကြည့်လိုက်ပြီး သူမ မျက်လုံးလေးများမှာ ကြယ်လေးများကဲ့သို့ ကွေးညွတ်သွားကာ ချိုမြိန်သော အပြုံးတစ်ခုကိုဖော်ပြနေလေသည်။

"ဘိုးဘိုး"

ရှုယင်းယင်း အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။

"လာ၊ လာ... ဘိုးဘိုး မိတ်ဆက်ပေးမယ်၊ ဒါက ရှန်ထင်လုပ် ငန်းစုရဲ့ ဥက္ကဋ္ဌယန်ယာရှန်းတဲ့၊ အဘွားယန်လို့ ခေါ်လို့ရတယ်၊ သူက အဘိုးရဲ့သူငယ်ချင်းကောင်းလေ"

"မင်္ဂလာပါ အဘွားယန်၊ သမီးက ရှုယင်းယင်းပါ၊ အဘိုး မကြာသေးခင်ကမှ ပြန်ရှာ‌တွေ့တဲ့ မြေးမလေးပါ"

ယန်ယာရှန်းသည် သူမနှင့် လက်ဆွဲနှုတ်ဆက်ရန် လက်ကမ်းပေးလိုက်သည်။

[ဝိုး... ဒီအဘွားက အရမ်းကို ကျက်သရေရှိတာပဲ၊ တိတ်ဆိတ်ငြိမ်သက်နေတဲ့ တောင်ပေါ်က ဝါးတောလေးတစ်ခုလိုမျိုး ပေါ့ပါးပြီး သန့်စင်တဲ့ အရှိန်အဝါမျိုး သူ့ဆီကဖြာထွက်နေတာပဲ၊ သူမ ငယ်ဘဝတုန်းက ယောင်္ကျားလေးတိုင်းရဲ့ နှလုံးသားတွေကို ခိုးယူနိုင်တဲ့သူတစ်ယောက် ဖြစ်ခဲ့မှာ သေချာတယ်၊ ပြီးတော့ အဘိုးနဲ့ သူငယ်ချင်းဖြစ်တယ်ဆိုတော့ အရမ်းကို အရည်အချင်းရှိတဲ့သူ ဖြစ်ရမယ်၊ ဝိုး... လှပပြီး ထက်မြက်တဲ့ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ယောက် အသက်ဝင်လာပြီဟေ့]

ယန်ယာရှန်း နှုတ်ခမ်းဖျားထက်တွင် အပြုံးတစ်ခုဖြည်းညင်း စွာ ပျံ့နှံ့လာသည်။ အထူးသဖြင့် ထိုကဲ့သို့ ရိုးသားလှိုက်လှဲသည့် ချီးကျူးစကားများကို မည်သူကများ မကြားချင်ဘဲ နေမည်နည်း။

"မင်္ဂလာပါ ယင်းယင်း၊ အရင်က သမီးအကြောင်းကို အဘိုးပြောပြလို့ ကြားဖူးတာကြာပြီ၊ ဒီနေ့မှ တွေ့ရတာပဲ၊ သမီးက အဘိုးကြီးရှုပြောတာထက်တောင် ပိုတော်တဲ့ပုံပေါ်တာပဲ"

"အဘွားယန်က မြှောက်နေပါပြီ၊ အဘိုးက သမီးအပေါ် ပိုပိုသာသာပြောနေတာပါ၊ တကယ်တော့ သမီးက အဲဒီလောက် မတော်ပါဘူး"

"အို... ကြည့်ပါဦး ဒီပါးစပ်လေးကို၊ စကားပြောကောင်းလိုက်တာ၊ တကယ်ကို လည်လွန်းတဲ့ ကလေးမလေးပဲ"

ရှုဟုန်ရှန်းသည် ရှုယင်းယင်းပခုံးကို ပြုံးလျက် ခပ်ဖွဖွပုတ်လိုက်ပြီး ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောသည်။

"ဒါပေါ့၊ ငါနဲ့တူတာကိုး"

ထိုသူသုံးဦး ပျော်ရွှင်ကြည်နူးစွာ ရှိနေကြသည့် မြင်ကွင်းက ထန်ဝမ် နှလုံးသားကို ဆူးချွန်နှင့် အထိုးခံလိုက်ရသကဲ့သို့ စူးနစ်စွာ နာကျင်သွားစေ၏။ ထိုအလွန်တရာ ချမ်းသာကြွယ်ဝလှသော ယန်မိသားစုနှင့် ယှဉ်လိုက်လျှင် သူမ ယခုလေးတင်မှသွေးထိုးခဲ့သော မိသားစုများမှာ ယန်မိသားစု၏ခြေဖျားကိုပင် မမှီချေ။ အဘိုးရှုသည် သူမအတွက် အလွန်သင့်တော်မည့် အိမ်ထောင်ဖက်တစ်ဦးကို ရှာဖွေတွေ့ရှိထားပြီးပုံရသည်။

သူမက ကိုယ့်ကိုယ်ကို အရူးတစ်ယောက်လို ဘာကိစ္စလျှောက်ပြေးနေရမှာလဲ၊ သောက်ကျိုးနည်း။

"ပါးနဲ့ အန်တီယန်တို့ ဘာတွေများ ပြောနေကြတာလဲ၊ အရမ်းကို ပျော်နေကြတဲ့ပုံပဲ"

ရှုယန်ဝမ်သည် ထိုသူသုံးဦးအနီးသို့ တိုးကပ်လာသည်။

"အန်တီယန်ကို ယင်းယင်းနဲ့ မိတ်ဆက်ပေးနေတာလေ၊ သူက နောက်တစ်လလောက်အထိ ဒီမှာပဲနေဖြစ်မှာဆိုတော့ ယင်းယင်းကို သူ့နောက်လိုက်ခိုင်းမလို့ပါ"

"ရတာပေါ့၊ ယင်းယင်းလည်း ဒီရက်ပိုင်း ကုမ္ပဏီမှာသိပ်ပြီး အလုပ်မများပါဘူး၊ အချိန်ရတယ်"

ရှုယန်ဝမ်သည် ဖခင်ဖြစ်သူ၏အကြံအစည်ကို ရိပ်စားမိထားပြီးဖြစ်ရာ သဘာဝကျကျပင် အပြည့်အဝထောက်ခံသည်။

[ဒါက လစာရတဲ့ အခမဲ့အားလပ်ရက်ပဲ၊ မိုက်လိုက်တာ]

【‌ရှောင်ယင်း... နင်က ဘယ်လိုလုပ် ဒီလောက် အလွယ်တကူ ကျေနပ်သွားရတာလဲ၊ နင်က ချမ်းသာတဲ့ အမွေခံမိန်းကလေးလေ၊ အလုပ်လုပ်စရာမလိုဘူး၊ စားမယ်၊ သောက်မယ်၊ ပျော်ပျော်ပါးပါး နေလို့ရတာပဲ၊ ဒါတွေအကုန်လုံးက နင့်ကို ကုမ္ပဏီသွားဖို့ အတင်းအကျပ် ခိုင်းနေတဲ့ နင့်အဘိုးရဲ့ အပြစ်တွေချည်းပဲ၊ သူ ငါ့တို့ကို အနိုင်ကျင့်နေတာ】

【ပေါက်ကရတွေ ပြောမနေနဲ့၊ ဘိုးဘိုးက ငါ့ကို အလုပ်လုပ်ခိုင်းနေတာ မဟုတ်ဘူး၊ ဖရဲသီးတွေ စားဖို့ လစာပေးထားတာ၊ နေ့တိုင်း အတင်းတုတ်လို့ရတယ်၊ ကော်ဖီသောက်တယ်၊ ပြီးရင် ရုံးဆင်းပြီပဲ၊ ရုံးအသွားအပြန်တောင် လာကြိုမယ့် ကားဆရာရှိသေးတယ်၊ အိမ်ရောက်ရင်လည်း အစစအရာရာ ပြုစုယုယခံရတာပဲ၊ ငါ့ဘဏ်အကောင့်ထဲက လက်ကျန်ငွေကဆို ဖုန်းနံပါတ်တစ်ခုစာလောက်ကို ရှည်တယ်၊ ဒီလို ခံစားခွင့်တွေ အပြည့်နဲ့သာဆို ဘယ်သူက အလုပ်မသွားချင်ဘဲနေမှာလဲ】

【ငါက ချမ်းသာတဲ့ အမွေခံမိန်းကလေးတစ်ယောက်ရဲ့ ခံစားခွင့်တွေကို အပြည့်အဝရရှိခံစားနေရတာဆိုတော့ သဘာဝ ကျကျပဲ အစီအစဉ်တွေကို လိုက်နာပြီး မိသားစုကို ပြန်လည် ပေးဆပ်ရမှာပေါ့၊ အလကား အစားအသောက်နဲ့ နေရာထိုင် ခင်းယူပြီး အမုန်းတော့မခံနိုင်ဘူးလေ၊ အဲဒီလောက် အသိ ဉာဏ်တော့ ငါ့မှာ ရှိပါသေးတယ်‌ဟ】

【အင်း၊ နင်ပြောတာလည်း ဟုတ်တာပဲ၊ ဒီအကြောင်း ဆက်မပြောကြရအောင်၊ ဖရဲသီးပဲ စားကြစို့】

【အာ... ဖရဲသီးက ဘယ်မှာလဲဟ】

【နင့်ညာဘက်ကို ကြည့်လိုက်၊ နာရီလက်တံ ဆယ်နာရီအရပ်မှာ သားအမိနှစ်ယောက် နင့်ဆီကို လျှောက်လာနေတယ်၊ သူတို့က သူတို့ သားအငယ်ကောင်ကို နင့် ဒေါ်လေးနဲ့ မိတ်ဆက်ပေးတော့မလို့တဲ့】

ရှုယင်းယင်းနှင့် အခြားလူသုံးယောက်တို့၏အကြည့်များက ပစ်မှတ်ဆီသို့ တစ်ပြိုင်နက်တည်း ရောက်သွားသည်။

ရောက်လာသော အမျိုးသမီးမှာ အသက်လေးဆယ်ကျော်အရွယ်ခန့် ရှိမည်ဟု ခန့်မှန်းရကာ ရေပြာရောင် ဝတ်စုံကို ဆင်မြန်းထားပြီး လက်ဖဝါးအရွယ်အစားခန့်ရှိ စိန်စီလက် ကိုင်အိတ်ငယ်လေးကို ကိုင်ဆောင်ထားလေသည်။ သူမ လက်ချောင်းပေါ်ရှိ နီလာလက်စွပ်တစ်ကွင်းမှာ မီးရောင်အောက်တွင် စူးရှစွာတောက်ပနေ၏။ သေသပ်ကျနစွာ မိတ်ကပ်လိမ်းခြယ်ထားသော မျက်နှာထက်တွင် မာနတရားတို့က အထင်းသား နေရာယူထားပြီး ငါ ချမ်းသာတယ်၊ ဘာဖြစ်လဲဟူသော မောက်မာသည့် အရှိန်အဝါမျိုးကို ထုတ်လွှင့်နေသည်။

သူမဘေးမှ ယှဉ်တွဲလျှောက်လှမ်းလာသော အမျိုးသားမှာ နက်မှောင်သောအပြာရောင် ပွဲတက်ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း ခန္ဓာကိုယ်အချိုးအစားမှာ အချိုးအစား မကျလှပေ။ သူ့ ရုပ်ရည်မှာလည်း သာမန်ကာလျှံကာမျှသာ ဖြစ်ပြီး လူအများက သူ့အား စူးစမ်းကြည့်လိုက်သောအခါ သူ့ကိုယ်ကို အလွန်ချောသည်ထင်သော အပြုံးတစ်ခုထုတ်ပြလိုက်သော်လည်း လက်တွေ့တွင်မူ အတော်လေး ရွံရှာဖွယ်ကောင်းလှသည့် အပြုံးတစ်ပွင့်ဖြစ်နေသည်။

"ဥက္ကဋ္ဌရှု မတွေ့ရတာ ကြာပြီနော်၊ နေကောင်းကြရဲ့လား"

အသက်လတ်ပိုင်း အမျိုးသမီးက ဦးစွာနှုတ်ဆက်လိုက်သည်။ လူအတော်များများက လက်ဆွဲနှုတ်ဆက်ကာ သူမနှင့် အပြန်အလှန် စကားများပြောကြသည်။

"ယင်းယင်း ဒါက လွေ့ရှင်းဥက္ကဋ္ဌရဲ့ဇနီး လျှို့မင်တဲ့"

ရှုယန်ဝမ် ပြုံးလျက် မိတ်ဆက်ပေးလိုက်သည်။

"မင်္ဂလာပါ အန်တီ၊ သမီးက ရှုယင်းယင်းပါ၊ တွေ့ရတာ ဝမ်းသာပါတယ်"

လျှို့မင်သည် သူမအား အေးတိအေးစက် တစ်ချက်စိုက်ကြည့်လိုက်ပြီး နှာမှုတ်လိုက်ကာ ရှုယန်ဝေဘက်သို့ လှည့်၍ ဂရုစိုက်သည့်လေသံဖြင့် ပြောသည်။

"အန်တီ သမီးရဲ့ အခြေအနေကို ကြားပြီးပြီ၊ ဒီနှစ်တွေတစ် လျှောက်လုံး သမီး တော်တော်လေးပင်ပန်းခဲ့မှာပဲ၊ အခုတော့လည်း တိမ်တွေကင်းစင်သွားပြီဆိုတော့ ကောင်းမွန်တဲ့ ဇာတ်သိမ်းလေးပါပဲ"

ရှုယန်ဝေက ပြုံးပြီး "စိတ်ပူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ အန်တီလျှို့"

လျှိုမင်သည် သူမလက်ကို ချစ်ခင်ဟန်ဖြင့် ဆုပ်ကိုင်ထားလိုက်သည်။

"လိမ္မာလိုက်တဲ့ ကလေးမလေး၊ အိမ်ထောင်ရေးတစ်ခု ဆုံးရှုံးသွားတာက ဘာမှမဟုတ်ပါဘူးကွယ် လူယုတ်မာတစ်ယောက်အတွက်နဲ့ တစ်တောလုံးကိုတော့ အရှုံးမခံလိုက်နဲ့နော်"

"သမီး အဲဒီလို မလုပ်ပါဘူး"

ရှုယန်ဝေသည် သူမလက်ကို မသိမသာ ပြန်ရုပ်လိုက်သည်။ လျှို့မင်သည် သားဖြစ်သူကို အလျင်အမြန် ဆွဲခေါ်လိုက်ပြီး မိတ်ဆက်ပေးသည်။

"ဒါက အန်တီ့ရဲ့သားအငယ်ဆုံး ရှုအန်တဲ့၊ သူ ဒီလမှနိုင်ငံခြား ကနေ ပြန်ရောက်တာလေ၊ သူ့အဖေ ကုမ္ပဏီမှာ ဝင်ကူလုပ်ပေးတော့မလို့လေ၊ နောင်ကျရင် သမီးတို့တွေ စီးပွားရေးအရ အဆက်အဆံ လုပ်ရဖို့ ရှိလာမှာပဲဆိုတော့ သူစိမ်းတွေ မဖြစ်ရအောင် အရင်ဆုံး သိအောင်လုပ်ထားကြတာပေါ့"

ရှုအန်းသည် သူ့လက်ကို အလျင်အမြန် ကမ်းပေးလိုက်ကာ "မင်္ဂလာပါ မစ်ရှု၊ ခင်ဗျားအကြောင်းတွေ အများကြီး ကြားဖူးပါတယ်၊ ဒီနေ့ တွေ့ရတာ တကယ်ကို ဂုဏ်ယူဝမ်းမြောက်မိပါတယ်"

"မင်္ဂလာပါ"

All Chapters