← Chapters

အခန်း (၅၇-၅၈)

Vol. 6 Ch. 57-58

အခန်း (၅၇-၅၈)

Vol. 6 Ch. 57-58

🍁 Chapter 57

ရှုယန်ဝေက သူ့အား လက်ဆွဲနှုတ်ဆက်လိုက်သည်။ သို့သော် တစ်ဖက်လူက သူမလက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး အနည်းငယ် စော်ကားချင်သည့်ဟန်ဖြင့် သူမအား သူ့ ဖောင်းအစ်နေသော မျက်လုံးကြီးများဖြင့် စိုက်ကြည့်နေလေသည်။

[ဟေ့၊ သူက သူ့ရဲ့ ဖောင်းအစ်ပြီး သေနေတဲ့ ငါးမျက်လုံးတွေနဲ့ မြှူဆွယ်ဖို့ ကြိုးစားနေတာလား၊ ပြီးတော့ အမျိုးသမီးတစ်ယောက်နဲ့ လက်ဆွဲနှုတ်ဆက်တဲ့အခါ သူမရဲ့လက်ချောင်းထိပ်လေးတွေကိုပဲ ထိရတာလေ အဲဒါက အခြေခံ လူမှုရေးကျင့်ဝတ်ပဲဟာကို၊ အဲဒါကိုတောင် သူ မသိဘူးဆိုရင် သူက ဘာလဲဟ၊ ရုတ်တရက် ချမ်းသာလာတဲ့ သူဌေးပေါက်စတစ်ယောက်များလား]

လျှို့မင်နှင့် ရှုအန်းတို့ နှစ်ဦးစလုံး မှင်တက်သွားကြသည်။ ဘယ်သူ စကားပြောနေတာလဲ...

[အိုး... နင် အဲ့ဒါကိုပါ သိနေတာလား၊ သူ့မိသားစုက တကယ်ပဲ ညတွင်းချင်း ချမ်းသာလာတာလေ၊ သူတို့ရဲ့ အိမ်ကို ဖြိုချခံရတော့ လျော်ကြေးငွေ သန်းနဲ့ချီရလိုက်တယ်၊ ပြီးတော့ ကျောက်မီးသွေး တူးဖော်ရေးလုပ်ငန်းထဲ ဝင်လုပ်ကြတယ်၊ အဲဒီအချိန်ကစပြီး သူတို့က မယုံနိုင်လောက်အောင် ချမ်းသာလာပြီး ဘဝရဲ့ ထိပ်ဆုံးကိုရောက်သွားကြတာ]

[အံ့ဩစရာ မရှိပါဘူး၊ သူ ပေါ်လာတာနဲ့တင် ငါ ချမ်းသာတယ်လို့ အော်ပြောနေသလိုပဲ၊ တန်ဖိုးရှိတဲ့ အရာတိုင်းကို သူ့ကိုယ်ပေါ်မှာ ပုံထားချင်နေတာ၊ ခန္ဓာကိုယ်အချိုးအစားက ပဲ့ရွဲ့နေတာတာ သိသာနေတာကိုတောင် ဒီလိုဝတ်စုံကောင်းကို ဝတ်ရဲသေးတယ်၊ သူ့ခြေထောက်တွေကို ပိုတိုသွားအောင် လုပ်ထားသလိုပဲ၊ လမ်းလျှောက်နေတဲ့ ကောက်ရိုးပုံကြီးနဲ့ကို တူနေတော့တာ]

[ဟားဟားဟားဟား... နင်ပြောမှ ငါ မျက်လုံးထဲ မြင်ယောင်လာပြီ]

ရှုယန်ဝေသည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ ရယ်ချင်စိတ်ကို အတင်းဖိနှိပ်ထားလိုက်ရသည်။ ရှုအန်း နားရွက်များသည် အရှက်ရမှုကြောင့် နီရဲသွားကာ သူမလက်ကို အလျင်အမြန် လွှတ်လိုက်သည်။

ဘေးတွင်ရပ်နေသော လျှို့မင်မှာမူ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရီနေသည်။ အခြားသူများ တုံ့ပြန်မှုများအရ ထိုအ သံအား သူတို့အားလုံး ကြားလိုက်ရသော်လည်း မည်သည့် ထူးခြားသော တုံ့ပြန်မှုမျှ မပြကြသည်ကို သူမ ရိပ်စားမိလိုက်သည်။

ဖြစ်နိုင်သည်မှာ ဤသည်ပင်လျှင် ခိုင်မာသော အခြေခံရှိသည့် မိသားစုတစ်ခုနှင့် သူတို့ကဲ့သို့ ညတွင်းချင်း ချမ်းသာလာသူများအကြားက ကွာခြားချက်ဖြစ်ပေလိမ့်မည်။ ခိုင်မာ သော အခြေခံရှိသူများသည်တည်ငြိမ်ပြီး သူတို့ ဂုဏ်သိက္ခာကို မည်သို့ ထိန်းသိမ်းရမည်ကို သိကြသည်။ ထို့ကြောင့် သူမအနေဖြင့် သည်းခံရမည်သာဖြစ်သည်။ သို့မဟုတ်ပါက သူမ ပိုမိုအောက်ကျသွားပေလိမ့်မည်။

[ငါ သည်းခံရမယ်]

လျှို့မင်သည် သူမကိုယ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီး ရှုဟုန်ရှန်းကို ပြုံးပြကာဆက်ပြောလေသည်။

"ရှောင်ဝေက ဒီနှစ်သုံးဆယ့်ငါးနှစ် ပြည့်ပြီလို့ မှတ်မိတယ်၊ ဟုတ်တယ်မလား ဒီအသက်က အရမ်းကြီး မကြီးသေးပေမယ့်၊ အရမ်းလည်း မငယ်တော့ပါဘူး၊ ကံကောင်းတာက သူမမှာ ကလေး မရှိဘူးဆိုတော့ အသစ်ကနေ ပြန်စဖို့ ပိုလွယ်တာပေါ့"

"ကျွန်မသားက အစစအရာရာ ကောင်းပါတယ်၊ ရိုးသားလွန်းတာလေး တစ်ခုပါပဲ၊ သူ့မှာ ဘာဝါသနာမှ မရှိဘူး၊ အိမ်မှာပဲ နေရတာ သဘောကျတယ်၊ သူက သုံးဆယ့်နှစ်နှစ် ရှိပြီ၊ အခုထိ ရည်းစားတောင် မထားဖူးသေးဘူး"

စနစ်က ဝင်မပြောဘဲ မနေနိုင်တော့ချေ။

【ဟီးဟီး... နင့်သားက တကယ်ကို ရိုးသားတာပဲ၊ သူက အိမ်မှာ သူ့မရီးနဲ့ပဲ ကစားရဲတာလေ၊ သူ တစ်ခါမှ အလေးအနက်ထားတဲ့ ဆက်ဆံရေးမျိုးမရှိခဲ့ဖူးဘူးဆိုတာက သူက အမြဲ တမ်း တိုက်ရိုက် အိပ်လိုက်တာကို၊ နင့်သားအကြီး လက်ထပ်ပြီးကတည်းက အစ်ကိုဖြစ်သူ မရှိတဲ့အချိန်ကို အခွင့်ကောင်း ယူပြီး သူ့မရီးနဲ့ဖောက်ပြန်လေ့ရှိတာ】

【ဝိုး... အဲဒီလောက်တောင်ကြီးတဲ့ ဖရဲသီးကြီးရှိတာလား】

လူများအားလုံး: w(Д)w

ရှုအန်း: သောက်ကျိုးနည်း ပေါ်ကုန်ပြီဟ

လျှို့မင်သည် ရှုယင်းယင်းကို မယုံနိုင်စွာ ကြည့်လိုက်သည်။

"နင်..."

ထိုစကားသည် သူမ လျှာဖျားတွင် ရောက်နေသော်လည်း အပြင်သို့ ထုတ်မပြောနိုင်ခဲ့ချေ။

[ပြီးတော့ ရှုအန်းက သူ့လက်ရှိ မရီးနဲ့ တက္ကသိုလ်တုန်းက တည်းက တွဲခဲ့တာလေ၊ သူတို့ ပျော်စရာတွေ အကုန်လုပ်ခဲ့ပြီးတော့ သူက ငြီးငွေ့လာပြီး ခံစားချက်မရှိတော့ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ လမ်းခွဲခဲ့တာ၊ အဲဒီတော့ ကောင်မလေးက ဒေါသထွက်ပြီး သူ့အစ်ကိုကြီးဆီသွားပြီး သူတို့ ချက်ချင်းပဲ လက်ထပ်လိုက်ကြတာ]

[သူ့အစ်ကိုကြီးက ပြောရတာ အဲဒီလောက်တောင် လွယ်လို့လား၊ ချက်ချင်းကြီး လက်ထပ်လိုက်တဲ့အထိတောင်လား]

[သူ့အစ်ကိုကြီးက စကားပြောရလွယ်လို့ မဟုတ်ဘူး၊ သူက မိန်းမတွေကို မကြိုက်လို့လေ၊ သူ အဆင်ပြေရုံသက်သက် ဟန်ပြအိမ်ထောင်ရေးတစ်ခုကိုလိုချင်ခဲ့တာ]

လူတိုင်း နောက်တစ်ကြိမ်ထပ်မံ၍ တုန်လှုပ်သွားကြပြန်သည်: w(Д)w

[အိုမိုင်ဂေါ့... သူက သူ့ရဲ့ ရည်းစားဟောင်းကို လက်စားချေဖို့အတွက် ဂေးတစ်ယောက်ရဲ့ဇနီးဖြစ်ရတာကို ကျေကျေနပ်နပ်ကြီးလက်ခံလိုက်တာလား၊ အဲဒါ ဘယ်လို အတွေးမျိုးလဲ]

[သူလည်း သူက ယောက်ျားလေးတွေကို ကြိုက်တယ်ဆိုတာ မမျှော်လင့်ထားခဲ့ဘူးလေ၊ သူတို့ရဲ့ မင်္ဂလာဦးညမှာမှ အဲ့ယောင်္ကျား ပန်းသေနေမှန်းသိလိုက်ရတာ၊ ဒါပေမဲ့ နင် သိလား အခု သူ ကိုယ်ဝန်ရှိနေပြီ]

[ဟူး... ခန့်မှန်းနေစရာတောင် မလိုဘူး၊ အဲဒါ သေချာပေါက် သူ့ညီလေး ရှုအန်းရဲ့ကလေးပဲ ဖြစ်ရမယ်]

[မှားတယ်ဟ၊ အဲဒါ သူတို့မိသားစုရဲ့ကြွက်သားတောင့်တောင့်နဲ့ ဥယျာဉ်မှူးရဲ့ကလေးဟဲ့]

[သောက်ကျိုးနည်းတွေ... ဒီမိသားစုက တကယ်ကို ရှုပ်ယှက် ခတ်နေတာပဲ]

[ဒီထက်ပိုပြီး ကြီးတဲ့သတင်း ရှိသေးတယ်]

[ဘာကြီးလဲ]

ရှုယင်းယင်း အပါအဝင် ထိုနေရာရှိ လူတိုင်းသည် သူတို့၏ ကျောပြင်များကို မတ်လိုက်ကြပြီး နားစွင့်လိုက်ကြသည်။

လျှို့မင်သည် သူမ လက်များကို တင်းတင်းကျပ်ကျပ် ဆုပ်ထားမိလိုက်သည်မှာ လက်ဖဝါးများမှ သွေးထွက်လာသည်အထိပင် ဖြစ်သည်။

[အဲဒီ ဥယျာဉ်မှူးက ယောက္ခမရဲ့ တိတ်တိတ်ပုန်းချစ်သူလေးလေ၊ ဒါပေမဲ့ ချွေးမဖြစ်သူက အဲဒါကို သိသွားလို့ သူ့ကိုလု ယူသွားပြီး လက်စားချေမယ်လို့ ခြိမ်းခြောက်ခဲ့တာ၊ သူမကို မလေးမစားလုပ်ပြီး ရှုအန်းလိုမျိုး နှလုံးသားမရှိတဲ့ပလေးဘွိုင်း တစ်ယောက်ကို ပြုစုပျိုးထောင်ပေးခဲ့တာ ယောက္ခကြိးရဲ့အပြစ်ပဲဆိုပြီး လျှို့မင်ကို အပြစ်တင်နေတာ၊ သူမက အဲ့မိသားစုကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင်လုပ်ပစ်ဖို့ ဆုံးဖြတ်ထားပြီးပြီ၊ ပြီးတော့ သူမရဲ့နောက်ထပ်ခြေလှမ်းက သူ့ယောက္ခထီးကို မြှူဆွယ်ဖို့ပဲ]

ပတ်ဝန်းကျင်တစ်ခုလုံး အပ်ကျသံကြားရလောက်အောင် တိတ်ဆိတ်သွားလေသည်။

ကောင်းကင်ဘုံ... ဘယ်လောက်တောင် ရှုပ်ယှက်ခတ်နေတဲ့ ပြဿနာကြီးလဲ။

လျှို့မင်သည် သူမထံသို့ ဦးတည်လာသော စူးစမ်းသည့် အကြည့်များကို မြင်သောအခါ မြေကြီးထဲသို့သာ တိုးဝင်ပျောက်ကွယ်သွားချင်စိတ် ပေါက်သွားလေသည်။ သူမသည် သားဖြစ်သူ နားရွက်ကိုလိမ်ဆွဲကာ အတင်းဆွဲခေါ်သွားရင်းနှင့်ပင် စိန်စီထားသော လက်ကိုင်အိတ်ဖြင့် သူ့ခေါင်းကို ရိုက်နှက်ကာ တီးတိုးကျိန်ဆဲသွားသည်။

[ဟေ့၊ သူတို့က ဘာလို့ ရုတ်တရက်ကြီး ထွက်သွားကြတာလဲ၊ ပြီးတော့ အဲဒီလက်ကိုင်အိတ်နဲ့ ခေါင်းကို ရိုက်နေရတာလဲ]

[ဘယ်သူသိမှာလဲ၊ သွေးဆုံးတော့မယ့် မိန်းမတွေက စိတ်မှမမှန်တာ]

ဘေးမှ ကြည့်နေသူများသည် စိတ်ထဲမှရယ်လိုက်ကြသည်။ ဟင့်အင်း သူက သွေးဆုံးတော့မှာတော့ မဟုတ်ဘူး အရှက် ကွဲပြီး ဝန်ပိနေတဲ့ အမေအိုကြီး တစ်ယောက်မို့လို့ပဲ...

မည်သို့ပင်ဖြစ်စေ လျှို့မင်၏သည်းခံနိုင်စွမ်းကို လူတိုင်း လေးစားသွားကြသည်။ တစ်ပြိုင်နက်တည်းမှာပင် အရည် ရွှမ်းလှသော အတင်းအဖျင်းများစွာကို သိလိုက်ရသော် လည်း ဤမျှ တည်ငြိမ်စွာ ထွက်ခွာသွားနိုင်ခြင်းမှာ အထင် ကြီးစရာပင်။

ဤပြဇာတ်ငယ်လေးကို မြင်တွေ့ပြီးနောက် ဧည့်သည်များ သည် ရှုယင်းယင်းအပေါ် ရှုပ်ထွေးသော ခံစားချက်များ ရုတ်တရက် ဖြစ်ပေါ်လာသည်။ အပြစ်ရှိစိတ် ရှိနေသူများသည် သူမနှင့် ဝေးရာနေရာများသို့ တိတ်တဆိတ် ဆုတ်ခွာသွားကြပြီး သူတို့ ရှိနေကြောင်း တတ်နိုင်သမျှ မသိသာစေရန် ကြိုးစားနေကြသည်။

သူတို့အပေါ်တွင် အပြစ်ရှာစရာမရှိသူများကမူ သူမအနီးသို့ ခိုးကြောင်ခိုးဝှက် စုရုံးလာကြသည်။ ဤသို့သော ပျင်းစရာကောင်းသည့် အခြေအနေမျိုးတွင် အတင်းအဖျင်းပြောလိုသည့် စိတ်အားထက်သန်မှုကို နှိုးဆွပေးခြင်းလောက် ဆွဲဆောင်မှုရှိသည်မှာ မရှိတော့ပေ။ ၎င်းသည် အားလုံးအတွက် ကယ်တင်ခြင်း တစ်မျိုးပင်။

အား... အတင်းအဖျင်းပြောရတာက အရမ်းကို ကျေနပ်စရာကောင်းလွန်းတာပဲ။

ရှုယင်းယင်း အတွေးများက လျှို့မင်အား ဒေါသတကြီးဖြင့် ခိုးကြောင်ခိုးဝှက် ထွက်သွားစေခဲ့သည်ကို မြင်တွေ့ပြီးနောက် ယန်ယီယီသည် အဆုံးတွင် ဆုံးဖြတ်ချက်ချလိုက်လေသည်။ အကယ်၍ ဤအခွင့်အရေးကိုသာ လက်လွတ်ခံလိုက်ပါက သူမ အခြေအနေကို ပြောင်းလဲပစ်ရန် အခွင့်အရေးရှိတော့မည် မဟုတ်ပေ။

"ယီယီ၊ မင်း ဒီမှာ ပုန်းပြီး ဘာလုပ်နေတာလဲ၊ သွား၊ ငါ့ အမေကို အဖော်လုပ်ပေးလိုက်"

သူမ နောက်ကျောဘက်မှ ဒေါသတကြီး အော်ဟစ်လိုက်သော အမျိုးသားတစ်ဦး၏အသံ ထွက်ပေါ်လာသည်။ ယန်ယီယီလှည့်ကြည့်လိုက်ရာ အမျိုးသား၏ မကျေမနပ်ဖြစ်နေသော မျက်နှာနှင့် ဆုံတွေ့လိုက်ရသည်။ သူမက တောင်းပန်သည့် လေသံဖြင့် "ကျွန်မ အခုလေးတင် သန့်စင်ခန်းထဲကနေ ထွက်လာတာ၊ အခု သွားတော့မလို့ပါ"

"ငါ့အမေ နေမကောင်းဘူး၊ အဲ့တာကြောင့် သူ့ဘေးမှာ လူတစ်ယောက် လိုအပ်တယ်ဆိုတာ မင်း မသိဘူးလား၊ မင်းကို ရေမသောက်နဲ့လို့ ငါ ပြောထားတယ် မဟုတ်လား၊ နှစ်နာရီ၊ သုံးနာရီလောက်လေးကို မသည်းခံနိုင်ဘူးလား"

အမျိုးသားသည် စကားပြောလေလေ ဒေါသပိုထွက်လာလေလေဖြစ်ပြီး သူ့မျက်လုံးများထဲမှ ရွံရှာစက်ဆုပ်မှုများကို ဖုံးကွယ်၍ မရနိုင်တော့ချေ။

"ငါ မင်းကို ဘာလို့ လက်ထပ်ခဲ့လဲဆိုတာ တကယ်ကို မသိတော့ဘူး၊ မင်း ဘယ်သူ့ကိုမှလည်း ဂရုမစိုက်နိုင်ဘူး၊ ကလေးလည်း မမွေးနိုင်ဘူး၊ နာမည်ကြီးတဲ့ အဖေတစ်ယောက်ရှိတာကလွဲပြီး မင်းဆီမှာ ဘာရှိသေးလို့လဲ"

ယန်ယီယီသည် သူမ လက်များကို တိတ်တဆိတ် ဆုပ်ထားလိုက်ပြီး ဒေါသများကို ဆက်လက် မျိုသိပ်ကာ ပြောလိုက်သည်။

"တောင်းပန်ပါတယ်"

"တောင်းပန်ပါတယ်တဲ့လား၊ တောင်းပန်ရုံနဲ့ လုံလောက်မယ်ဆိုရင် လူသတ်တာ‌ဖြစ်လာစရာ အကြောင်းမရှိဘူး၊ မြန်မြန်သွားပြီး ငါ့အမေကို သွားကြည့်စမ်း"

"အိုကေ၊ ငါ အခုချက်ချင်း သွားလိုက်ပါ့မယ်"

အမျိုးသားသည် သူ့မိခင်အနီးသို့ ရောက်သည်နှင့် တစ်ပြိုင် နက် သားအမိနှစ်ဦးသည် ပါးပြင်ကို အပြန်အလှန်နမ်းရှုံ့လိုက်ကြရာ ထိုမြင်ကွင်းက ယန်ယီယီကိုကျောချမ်းသွားစေခဲ့သည်။

သူမ အပြင်းအထန် လျစ်လျူရှုထားခဲ့သော ပုံရိပ်များသည် ဒီရေလှိုင်းများအလား ပြန်လည်ဝင်ရောက်လာပြီး သူမကို အသက်ရှူရ ခက်ခဲစေခဲ့သည်။ သူမသည် လက်သီးများကို တင်းတင်းကျပ်ကျပ် ဆုပ်ထားလိုက်ပြီးလေများကို တိတ်တ ဆိတ် မှုတ်ထုတ်လိုက်သည်။ ထို့နောက် သူမမိခင်ထံသို့ မက်ဆေ့ချ်တစ်ခု ပို့ရန် ဖုန်းကို ထုတ်ယူလိုက်ပြီးနောက် ယောက္ခမဖြစ်သူ၏ခြေရင်းတွင် တမင်တကာ မှောက်ကျသွားစေရန် လက်ဖက်ရည်ခွက် တစ်ခွက်ကို ကောက်ယူလျက် လှဲကျပစ်သည်။

"မင်း ဘာလုပ်နေတာလဲ၊ တော်တော် ပေါ့ဆတာပဲ၊ ဒီရေတွေက ပူလောင်နေတာကိုကွာ"

အမျိုးသားသည် သူ့ဇနီးဖြစ်သူကို ဆူပူကြိမ်းမောင်းလိုက်ပြီးနောက် မိခင်ဖြစ်သူကို စစ်ဆေးရန် အလျင်အမြန်ဆောင့် ကြောင့်ထိုင်လိုက်သည်။

"ယီယီက မတော်တဆလုပ်မိတာပါ၊ မား ဘာမှမဖြစ်ပါဘူး"

သူမသည် သားဖြစ်သူကို နှစ်သိမ့်သည့်အနေဖြင့် အနမ်းတစ်ခုပေးရန် မမေ့ခဲ့ချေ။

ရှုယင်းယင်းသည် ထိုဆူညံသံကြောင့် အာရုံစိုက်မိသွားပြီး အဝေးမှ လှမ်းကြည့်လိုက်ရာ သားအမိနှစ်ဦး နမ်းနေကြသည်ကို မြင်လိုက်ရသဖြင့် လန့်ဖျပ်သွားခဲ့သည်။

[အိုမိုင်ဂေါ့... သူတို့က ဘယ်လိုစုံတွဲမျိုးလဲ၊ အသက်ကြီးတဲ့ အမျိုးသမီးနဲ့ အသက်ငယ်တဲ့ အမျိုးသားလား၊ လူသူရှေ့မှာ ချစ်ကြည်နူးနေကြတာပဲ]

စနစ်က တည်ငြိမ်စွာ ပြောလိုက်သည်။

[နင် ဖရဲသီး ထပ်စားချင်လား]

🍁 Chapter 58

လူတိုင်းလည်း အရည်ရွှမ်းလှသော အတင်းအဖျင်း ထပ်ထွက်ပေါ်လာတော့မည်ကို ကြားလိုက်ရသည်နှင့် တစ်ပြိုင် နက် အလိုအလျောက်ပင် တိတ်တဆိတ် နားစွင့်လိုက်ကြသည်။

သူတို့သည် မူလအသံပိုင်ရှင် ရိပ်မိသွားကာ လန့်မသွားစေရန်အတွက် အချင်းချင်း စကားစမြည်ပြောကာ အကြောင်း အရာကို ဟိုဟိုဒီဒီ လွှဲပြောင်းပြောဆိုလာကြသည်။ သို့သော် သူတို့ မျက်လုံးများကမူ ရှုယင်းယင်း အကြည့်များနောက်သို့ တမင်တကာဖြစ်စေ မရည်ရွယ်ဘဲဖြစ်စေ တိတ်တဆိတ် လိုက်ပါသွားကြသည်။

သားအမိနှစ်ဦးမှာလည်း မရေမတွက်နိုင်သော အကြည့်များ ရုတ်တရက် ကျရောက်လာသည်ကို သတိပြုမိသွားသော ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။

ချန်ရှုသည် မျက်မှောင်ကြုတ်လျက် ပတ်ဝန်းကျင်သို့ အကဲ ခတ်ကြည့်လိုက်သည်။ သူတို့အား စိုက်ကြည့်နေခဲ့ကြသူများသည် အကြည့်များကို ချက်ချင်းလွှဲဖယ်သွားကြပြီး သုံးယောက်တစ်စု၊ ငါးယောက်တစ်စုဖြင့် ပုံမှန်အတိုင်း စကား ပြောနေကြကာ မည်သည့်အရာမျှ မထူးခြားသည့်ဟန် ဟန်ဆောင်နေကြလေသည်။

သူ တွေးဝေသွားမိသည်။ အသက်ကြီးသော အမျိုးသမီးနှင့် အသက်ငယ်သော အမျိုးသားအကြောင်း၊ အရည်ရွှမ်းသော အတင်းအဖျင်း စသည်ဖြင့် တစ်စုံတစ်ယောက် ပြောဆိုလိုက်သည်ကို သူ သေချာပေါက် ကြားလိုက်ရသည် မဟုတ်ပါလား။ သူများ နားကြားမှားတာလား။

သူ ခေါင်းခါရမ်းပစ်လိုက်သည်။ ဝူလန်က စိုးရိမ်တကြီးဖြင့် "ဘာဖြစ်လို့လဲ သားသား"

"ဘာမှမဖြစ်ပါဘူး၊ မားမားအတွက် ဆရာဝန်ခေါ်လိုက်ရမလား၊ အပူလောင်တာက အသေးအမွှားလေး ဖြစ်နိုင်သလို အကြီးအကျယ်လည်း ဖြစ်သွားနိုင်တယ်လေ"

ဝူလန်သည် လက်လှမ်းကာ သူ့ မျက်နှာကို ကိုင်လိုက်ပြီး သူမမျက်ဝန်းများထဲတွင် ကြင်နာယုယမှုများ ပြည့်လျှံနေသည်။

"ရပါတယ်၊ ရေက သိပ်မပူပါဘူး၊ ယီယီက တမင်တကာလုပ်တာမှ မဟုတ်တာပဲ၊ သူ့ကို ထပ်ပြီး အပြစ်တင်နေလို့ မရဘူးလေ"

"ဟုတ်"

ချန်ရှ မလိုလားလှသည့်ဟန်ဖြင့် သဘောတူလိုက်ပြီး ယီယီဘက်သို့ စူးရှစွာ တစ်ချက်စိုက်ကြည့်ရန်လည်း မမေ့ခဲ့ချေ။

ယန်ယီယီ ဘေးတွင် ထိုင်နေသော အမျိုးသမီးက ရုတ်တ ရက် မနာလိုသည့်ဟန်ဖြင့် ပြောလိုက်သည်။

"အိုး... အန်တီတို့ရဲ့ ချွေးမဖြစ်ရတာ တကယ့်ကို ကံကောင်းတာပဲ! ယောက္ခမက အဲဒီလိုမျိုး ကာကွယ်ပေးနေတာဆိုတော့ နင် အရမ်းကို ပျော်နေမှာပဲနော်"

ယန်ယီယီ စိတ်ပျက်လက်ပျက်ဖြင့် ညည်းတွားရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် ကြားလိုက်ရသည်။

[ရယ်စရာပဲ၊ ဒီလို ကံကောင်းမှုမျိုးကို နင်လည်း လိုချင်လို့လား၊ ယောက္ခမနဲ့ သူ့ယောက်ျားက လူပုံအလယ်မှာ အချစ်တွေ မျက်စိနောက်လောက်အောင်ပြနေကြတာ၊ ဒီအခမ်း အနားကိုရော ချွေးမဖြစ်သူရဲ့ ခံစားချက်တွေကိုပါ လုံးဝဂရုမစိုက်ကြဘူး၊ ရွံစရာကောင်းလိုက်တာ... ဒါကိုများ မနာလိုဖြစ်နေသေးတယ်လား၊ နင်တော့ ရူးနေတာ သေချာတယ်]

ဝေဖန်ခံလိုက်ရသူ အမျိုးသမီးမှာ မေးခွန်းထုတ်ရန် ဟန်ပြင်လိုက်သော်လည်း ရုတ်တရက် စကားမပြောနိုင်လောက်အောင် ဆွံ့အသွားပြီး ထိုနေရာတွင်ပင် ကျောက်ရုပ်တစ်ရုပ်နှယ် အေးခဲသွားလေသည်။

ထိုရင်းနှီးနေသော အသံကို ထပ်မံကြားလိုက်ရပြန်သော ချန်ရှုသည် မနှစ်မြို့စွာဖြင့် မျက်မှောင်ကြုတ်လိုက်၏။ သူ့ဘေးတွင် ရပ်နေသော ဝူလန်သည်လည်း တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း အလိုအလျောက် ခံစားလိုက်ရကာ ပတ်ဝန်း ကျင်ကို ဝေ့ဝဲကြည့်လိုက်သော်လည်း ဖန်ခွက်ချင်း ခတ်သံများနှင့် ဧည့်သည်များ ပျော်ရွှင်စွာဆင်နွှဲနေကြသည့် မြင်ကွင်းကိုသာ မြင်တွေ့လိုက်ရလေသည်။

[အို၊ ဒေါသမထွက်ပါနဲ့ဦး၊ ဒါ ဘာမှမဟုတ်သေးပါဘူး၊ မားမားဘွိုင်းတွေ အများကြီး ငါ မြင်ဖူးတယ်၊ ဒါပေမဲ့ ချန်ရှုလို လူမျိုးကတော့ ထူးဆန်းတဲ့သူတွေထဲမှာမှ တကယ့်ကို ကမ်းကုန်အောင် ထူးဆန်းတဲ့သူပဲ]

[ဘယ်လိုမျိုးမို့လို့လဲ]

ရှုယင်းယင်းသည် သေချာအာရုံစိုက်ကာ နားစွင့်လိုက်သည်။

【နင် သိလား၊ သူတို့က အခုထိ အတူတူ အိပ်ကြတုန်းပဲဟ】

【ဟင်】

ဘေးမှ နားစွင့်နေကြသူများအားလုံး တိတ်တဆိတ် အံ့ဩသွများ ပြုလိုက်ကြသည်။ တကယ်ကြီး... အဲဒီလောက်တောင် စက်ဆုပ်ဖို့ကောင်းတာလား..

【မဖြစ်နိုင်တာ၊ ချန်ရှုက အသက်သုံးဆယ် ကျော်နေပြီကို အခုထိ သူ့အမေနဲ့ အိပ်တုန်းပဲတဲ့၊ ညဘက်ကျရင် အတူတူ ခေါက်ဆွဲပြုတ် ထစားကြတယ်လို့တော့ လာမပြောနဲ့နော်】

【ဒါပေါ့】

သူတို့ပတ်ဝန်းကျင်ရှိ လေထုထဲတွင် အံ့သြများက ပိုမိုကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ကာယံကံရှင်၏ နားရွက်များနှင့် လည်ပင်းများသည် ချက်ချင်းရှက်သွေးဖြာကာ နီရဲသွားပြီး ယခင်က ယန်ယီယီကို မနာလိုဖြစ်နေခဲ့သော အမျိုးသမီးပင်လျှင် ကျောချမ်းသွားသည်။

【နို့လည်းစို့တယ်တဲ့ဟယ်၊ အမေကိုယ်တိုင် နို့တိုက်နေတာတဲ့】

【အီး... အဲဒါက ပိုပြီးတောင် ရွံစရာကောင်းနေသေးတယ်】

ဘေးမှ ကြည့်နေသူများအားလုံး တုန်လှုပ်ချောက်ချားသွားကြပြီး အတိုင်းမသိ ရွံရှာစက်ဆုပ်သွားကြတော့သည်။

【တကယ်တော့ သားအမိနှစ်ယောက် ဆက်ဆံရေးကောင်းတာက နားလည်ပေးလို့ ရပါတယ်၊ ဘာပဲဖြစ်ဖြစ် အမေက သားကို ဆယ်လလွယ်ပြီး မွေးထားရတာလေ၊ ဒါပေမဲ့ ဒီလို အချစ်မျိုးက နယ်ကျွံသွားမယ်ဆိုရင်တော့ ဟိုးဘက်က ချစ်စရာကောင်းပြီး နူးညံ့သိမ်မွေ့တဲ့ မိန်းကလေးလိုမျိုး အခြားအပြစ်မဲ့သူတွေကို ထိခိုက်စေနိုင်တယ်】

စနစ်၏ပြောပြချက်အရ ရှုယင်းယင်းသည် သားအမိနှစ်ဦး နောက်ဘက်တွင် ရပ်နေသော လှပသည့် မိန်းကလေးထံသို့ အကြည့်ရောက်သွားလေသည်။ သူမသည် အသက်နှစ်ဆယ်ဝန်းကျင်ခန့်သာ ရှိမည်ဖြစ်ပြီး အပြာနုရောင် ပိုးသားဝတ်စုံကို ဆင်မြန်းထားကာ သူမ၏ဆံကေသာရှည်များကို သပ်ရပ်စွာ ထုံးဖွဲ့ထား၏။ ပြေကျနေသော ဆံစလွင့်လေးများက သူမ၏ သေးငယ်နုနယ်သော မျက်နှာလေးကို ပိုမိုဆွဲဆောင်မှုရှိစေလေသည်။

[ဒီမိန်းကလေးက အရမ်းလှတာပဲ၊ အရမ်းလည်း နူးညံ့ပြီး ခင်မင်ဖို့ကောင်းမယ့် ပုံစံလေး]

[နူးညံ့ပြီး ခင်မင်ဖို့ကောင်းတယ်ဆိုတာက နူးညံ့လွန်းလို့ အနိုင်ကျင့်ရလွယ်တယ်လို့လည်း အဓိပ္ပာယ်ကောက်လို့ရတယ်လေ၊ သူမရဲ့ မိသားစုနောက်ခံ၊ ကြီးပြင်းလာရတဲ့ ပတ်ဝန်းကျင်နဲ့ ပညာအရည်အချင်းတွေက ချန်ရှုထက် အများကြီးသာလွန်နေတာ သိသာရက်နဲ့ သူမခမျာ အမြဲတမ်း ကြောက်ရွံ့တုန်လှုပ်နေရတယ်၊ ကလေးမမွေးနိုင်ဘူးဆိုပြီး ချန်ရှုရဲ့ လိမ်ညာစွပ်စွဲမှုတွေအပြင် တခြား စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်စော်ကားမှုနဲ့ အရှက်ခွဲမှုမျိုးစုံကို အမြဲတမ်း ခံနေရတာ၊ အဲဒါ ဒေါသထွက်စရာ မကောင်းဘူးလား]

စနစ်က အတော်လေး ဒေါသထွက်နေသည့် လေသံဖြင့် ပြောလေသည်။

[သောက်ကျိုးနည်း... နောက်ထပ် လူယုတ်မာ တစ်ကောင်ပဲ၊ သူ့ရဲ့ ခြေချောင်းကိုတောင်သုံးပြီး မစဉ်းစားတတ်ဘူးလား၊ သူ့အမေနဲ့ တစ်နေကုန်အိပ်နေတဲ့သူက ဇနီးဆီကနေ ဘယ်လိုလုပ်ပြီး ကလေးရနိုင်မှာလဲ၊ သူ့ကိုယ် သူရော မသိဘူးလား၊ အဲဒါကိုများ သူက ဇနီးကိုပြန်ပြီးတောင် အပြစ်တင်ရဲသေးတယ်လား၊ အောက်တန်းကျတဲ့ လူတွေကို ငါ မြင်ဖူးပေမယ့် ဒီလောက် အောက်တန်းကျတဲ့သူမျိုးတော့ တစ်ခါမှ မမြင်ဖူးဘူး]

[ပိုဆိုးတာက မိန်းကလေးက သည်းခံချင်နေတာ မဟုတ်ဘဲ ဒီလို မိသားစု အရှုပ်တော်ပုံကြီးက လူလုံးသူလုံးရှေ့မှာ ထုတ်ပြောဖို့ အရမ်းကိုရှက်စရာကောင်းလွန်းနေလို့လည်း ဖြစ်နိုင်တယ်၊ အမေဖြစ်သူက သားဖြစ်သူကို လက်ဝါးကြီးအုပ်ထားပြီး လက်ထပ်ပြီးတာတောင် သားနဲ့အတူအိပ်ဖို့ တောင်းဆိုနေတယ်ဆိုတာကို ဘယ်သူကများ ယုံကြည်ပေးမှာလဲ]

[အဲဒါ မှန်တယ်၊ ယန်ယီယီက သူ့မိဘတွေကို သွယ်ဝိုက်ပြီး ပြောပြဖူးတယ် ဒါပေမဲ့ သူတို့က ဒါကို သာမန်သားအမိ သံယောဇဉ်လို့ပဲထင်ပြီး တစ်ဖက်စွန်းရောက်နေတဲ့ ဖောက် ပြန်တဲ့ အချစ်တစ်ခုလို့ ဘယ်တုန်းကမှ မတွေးမိခဲ့ကြဘူးလေ]

[ဒါ့အပြင် ဒီလိုကိစ္စမျိုးက မိသားစုပြင်ပက ဘယ်သူ့ကိုမှ သွားပြောလို့ မရဘူး၊ ဘာပဲဖြစ်ဖြစ် ဒါက မိသားစုရဲ့ အရှက် ရစရာ အရှုပ်တော်ပုံပဲ၊ ပြီးတော့ အရမ်းကိုပေါက်ကွဲအားပြင်းတဲ့ အကြောင်းအရာကြီးကို၊ အကယ်၍ လူတစ်ယောက်ကိုများ ပြောလိုက်ရင် လူတိုင်း သိသွားတော့မှ၊ လောကကြီးမှာ လူတိုင်းက မျက်နှာပန်းလှချင်ကြတာချည်းပဲ၊ အထူးသဖြင့် ချမ်းသာတဲ့ အသိုင်းအဝိုင်းတွေမှာဆိုရင် ဂုဏ်သိက္ခာက အသက်ထက်တောင် ပိုအရေးကြီးသေးတယ်၊ ဒါကြောင့်လည်း ကျန်းစစ်စစ်က သူ့အဖေရဲ့ဖိနှိပ်မှုကို ခံခဲ့ရတာလေ]

ကျန်းစစ်စစ်၏ နာမည်ကို ပြောလိုက်သောအခါ ဘေးမှ နားစွင့်နေကြသူများသည် တိတ်တဆိတ် စိတ်မကောင်းဖြစ်သွားကြလေသည်။ ထိုအဖြစ်ဆိုးသည် အမှန်ဆိုလျှင် ရှောင် လွှဲ၍ ရနိုင်ခဲ့သောအရာဖြစ်သည်။ သို့သော် သူတို့ ရုတ်တရက်တောင့်တင်း သွားကြသည်။ ယန်ယီယီသည် ချန်ရှု၏ မိသားစုအရှုပ်တော်ပုံ ဤကဲ့သို့ဗြုန်းကနဲ ဖွင့်ချခံလိုက်ရမှုအပေါ် ခံနိုင်ရည်ရှိပါမည်လား။

ထိုအချက်ကို တွေးမိသောအခါ လူတိုင်းအကြည့်များက သူမထံသို့ စုပြုံကျရောက်သွားလေသည်။ ယန်ယီယီသည် ထိုအရာကို ခံစားမိပုံရ၏။ သူမက လူတိုင်း အကြည့်များကို ရဲဝံ့စွာ ရင်ဆိုင်လိုက်ကာ သူမ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခုက ခပ်ဖွဖွ နေရာယူထားပြီး မျက်ဝန်းများထဲတွင်မူ ကြီးမား သော ဝန်ထုပ်ဝန်ပိုးကြီးကျသွားသကဲ့သို့ စိတ်သက်သာရာရမှုများ ပြည့်နှက်နေသည်။

သူမ ဤခြေလှမ်းကို ရဲရဲဝံ့ဝံ့ လှမ်းနိုင်ခဲ့ခြင်းမှာ ကျန်းစစ်စစ်၏ရှေ့ဆောင်လမ်ပြမှု ကြောင့်ပင်။ သူမအား ရှုယင်းယင်းထံ သွားရောက်အကူအညီတောင်းရန် ပြောခဲ့သူမှာ ကျန်းစစ်စစ်ပင်။

ကိုယ့်ကိုယ်ကိုယ် ချစ်မြတ်နိုးခြင်းက ဂုဏ်သိက္ခာထက် ပိုအ ရေးကြီးကြောင်းနှင့် ဘဝက အဓိပ္ပာယ်ရှိရန်အတွက် ကိုယ့်အတွက်ကိုယ် အသက်ရှင်ရမည်ဖြစ်ကြောင်း စစ်စစ်က သူမကို ပြောပြခဲ့သည်။

ယနေ့တွင်မူ ထိုအရာကို သူမ အောင်မြင်စွာပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့ပုံရသည်။ ကျူးလွန်သူများ၏ အရှက်ရဖွယ်လုပ်ရပ်များကို ဖုံးကွယ်ကာကွယ်ပေးထားရန် သားကောင်များတွင် တာဝန်မရှိပေ။

[ပြီးတော့ ဒီယောက္ခမက တခြားသူတွေရှေ့မှာ သူ့ချွေးမကို ဘယ်လောက်တောင် အကာအကွယ်ပေးသလို ဟန်ဆောင်နေလဲဆိုတာကို ကြည့်ပြီး အလိမ်မခံကြနဲ့ဦး အိမ်ရောက်တာနဲ့ သူက လုံးဝကိုနောက်လူတစ်ယောက်လို ပြောင်းလဲသွားပြီး ချွေးမကို မညှာမတာအနိုင်ကျင့်တော့တာပဲ]

[သူမက ချွေးမဖြစ်သူ သေသေချာချာ ယုယစိုက်ပျိုးထားတဲ့ ရှားစောင်းလက်ပပ်လေးတွေကို ရေနွေးပူတွေနဲ့ မကြာခဏ လောင်းသတ်တတ်တယ်၊ ပြီးရင် မြန်မြန်သေပါစေလို့ ကျိန်ဆဲပြီး သူ့သားကို လုယူသွားပြီး သူတို့သားအမိကြားမှာ သွေးခွဲတယ်ဆိုပြီး အမြဲတမ်းအပြစ်တင်တတ်တယ်]

[ဘုရားရေ... ကိုယ့်သားကို အလုမခံချင်ရင် လုံးဝကို အိမ် ထောင်မချပေးလိုက်နဲ့လေ အဲဒါဆို သူများသားသမီးကို ဒုက္ခပေးစရာမလိုတော့ဘူးပေါ့]

All Chapters