အခန်း (၅၉-၆၀)
Vol. 6 Ch. 59-60
🍁 Chapter 59
[နင် ဒါကို မသိသေးလို့၊ အဲ့ယောက္ခမက အပြင်မှာဆို အရမ်းကောင်းတာ၊ နူးညံ့သိမ်မွေ့ပြီး သဘောကောင်းတဲ့ ယောက္ခမပဲ ပြီးတော့ သူ့သားကလည်း သူ့နယ်ပယ်မှာ ထိပ်တန်းက အောင်မြင်နေတဲ့သူဆိုတော့ တကယ့် ပြီးပြည့်စုံတဲ့ ရွှေမင်းသားလေးပေါ့၊ ဒီလို အနေအထားမျိုးက သဘာဝကျကျပဲ အကောင်းဆုံး အိမ်ထောင်ရေးနဲ့ ထိုက်တန်ပြီး တကယ်ကို ပြီးပြည့်စုံတယ်လေ၊ သူ့သားကို အဲဒီမိန်းကလေးနောက် လိုက်ဖို့ တိုက်တွန်းခဲ့တာ သူမကိုယ်တိုင်ပဲ၊ ပြီးတော့ သူ့သားကလည်း ကောင်မလေးကို သဘောကျသွားလို့ တကယ်လက်ထပ်ခဲ့တာ]
[အပြန်အလှန် ချစ်မြတ်နိုးကြတယ်ဆိုတာ အခုခေတ် လူ့အဖွဲ့အစည်းမှာ ရှားပါးတဲ့ အရာတစ်ခုပဲ၊ အမေလုပ်သူအနေနဲ့ သူ့သား ဖူးစာရှင်ကို ရှာတွေ့သွားတဲ့အတွက် ကျေးဇူး တင်ပြီး ပျော်ရွှင်နေသင့်တာ၊ ဒါပေမယ့် သူမက အဲဒီလိုမလုပ်ဘဲ မယားကြီးတစ်ယောက်လိုဝင်ရှုပ်နေတာ၊ ဒေါသထွက်စရာပဲ၊ လုံးဝကို ဒေါသထွက်စရာ ကောင်းလွန်းတယ်]
[အဲ့ယောက္ခမက သူ့သား တကယ်ကြီးအချစ်စစ်နဲ့ ချစ်သွားလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး၊ သူမက သူမကို အလုပ်အကျွေးပြုမယ့် မိန်းမတစ်ယောက်ကိုပဲ လိုချင်ခဲ့တာ၊ ပြီးတော့ သူမရဲ့ ဖောက်လွဲဖောက်ပြန် ဆက်ဆံရေးကို ဖုံးကွယ်ထားပေးမယ့်သူပေါ့၊ ဒါမှသာ လူမသိသူမသိဘဲ သူမသားကို လွတ်လွတ်လပ်လပ် ပိုင်ဆိုင်နိုင်မှာလေ၊ ဘာပဲဖြစ်ဖြစ် ချွေးမလုပ်သူက ကိုယ့်ရဲ့ ဂုဏ်သိက္ခာအတွက် ဒီလို ရှက်စရာကောင်းတဲ့ ကိစ္စကြီးကိုလုံခြုံအောင် ဖုံးကွယ်ပေးရမှာပဲ]
[ဘုရားရေ... သူမက တကယ့်ကိုအကြံပိုင်တယ်၊ ယုတ်မာတယ်၊ အရှက်မရှိဘူး]
ဘေးမှ နားစွင့်နေကြသူများသည် တူညီစံာပင် တိတ်တဆိတ် ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ကြပြီး ရွံရှာစက်ဆုပ်ဖွယ် အကြည့်များဖြင့် ဝိုင်းကြည့်လိုက်ကြသည်။ မရေမတွက်နိုင်သော မျက်လုံးများ၏ ဝိုင်းဝန်းရှုတ်ချမှုကို ခံနေရသော သားအမိနှစ်ယောက်သည် ဆူးပေါ်တွင် ထိုင်နေရသကဲ့သို့ မလုံမခြုံ ခံစားနေကြရကာ မျက်နှာများနီရဲနေကြသော်လည်း ထိုနေရာရှိ လူများ၏အင်အားကို မယှဉ်နိုင်သောကြောင့် ပြန်လည်မတုံ့ပြန်ရဲကြချေ။
ယန်ယီယီ၏ မိသားစုနောက်ခံသာမရှိခဲ့လျှင် ဤကဲ့သို့သော ထိပ်တန်းပွဲမျိုးတွင် သူတို့က အထက်တန်းလွှာများနှင့် ကွန် ရက်ချိတ်ဆက်ရန် အရည်အချင်းပင် ပြည့်မီမည်မဟုတ်ပေ။ အစက သူတို့သည် ဤအခွင့်အရေးကို အသုံးချကာ မျက် နှာသာပေးခံရမှုများကိုရယူရန် မျှော်လင့်ထားခဲ့ကြသည်။
အခု ကြည့်စမ်း... ဘာဖြစ်သွားပြီလဲ အကျိုးအမြတ် ဘာမှမရခဲ့တဲ့အပြင် လူပုံအလယ်မှာ အရှင်လတ်လတ် အရှက်ခွဲခံလိုက်ရပြီ မဟုတ်ပါလား။
သို့သော် ကိစ္စမရှိပေ။ သူတို့၏သိပ်ပြီး ထင်ပေါ်ကျော်ကြားမှုမရှိသော မိသားစုနောက်ခံနှင့် ယှဉ်လိုက်လျှင် ယန်ယီယီကသာ ပိုပြာယာခတ်ရမည်ဖြစ်သည်။ သူ သေချာပေါက် ဝင်တားလိမ့်မည်။
သားအမိနှစ်ဦးစလုံးသည် ထိုအချက်ကို တစ်ပြိုင်နက်တည်း သဘောပေါက်သွားကြပြီး အချင်းချင်းအကြည့်ဖလှယ်လိုက်ကြသည်။
[နောက်ထပ် အချက်တစ်ချက်က ယုတ်မာတဲ့ ယောက္ခမကြီးက မိန်းကလေးနောက်ကိုလိုက်ဖို့ သူ့သားကို ခိုင်းခဲ့တဲ့ အကြောင်းအရင်းက မိန်းကလေးရဲ့ အပြင်ပန်းမှာ နူးညံ့ပြီး စကားနားထောင်မယ့် ပုံစံရှိတာအပြင် အဓိကက သူမရဲ့ ခေါင်းမာပြီး ရှေးရိုးစွဲဆန်တဲ့ အဖေကို အသုံးချချင်လို့ပဲ၊ သူ့မ အဖေအမြင်မှာ မိန်းကလေးတစ်ယောက် အိမ်ထောင်ပြုပြီးတာနဲ့ အဲဒီမိသားစုရဲ့ အစိတ်အပိုင်းဖြစ်သွားပြီ၊ သူမ သေချင်သေ ရှင်ချင်ရှင် သူတို့နဲ့ မဆိုင်တော့ဘူးဆိုပြီးလေ၊ သူမ ဘယ်လောက်ပဲ ဒုက္ခရောက်ရောက် မိဘတွေဆီကို လာပြီး ညည်းတွားခွင့် မရှိဘူး၊ ဘာလို့လဲဆိုတော့ သည်းခံရတာက ဇနီးတစ်ယောက်ရဲ့တာဝန်မို့လို့ပဲ]
[ဒါဆိုရင် ဒါကမှ မိန်းကလေးကို တကယ်ဒုက္ခရောက်စေတာကို၊ သူမရဲ့ သွေးသားအရင်းအခြာ မိဘတွေကိုတောင် ဖွင့်မပြောနိုင်ဘဲ ခါးသီးမှုတွေကို တစ်ယောက်တည်း ကြိတ်မှိတ် မျိုချနေရတာပေါ့]
[ဟုတ်တယ်၊ ငါ အရင်က ပြောခဲ့သလိုပဲ မိန်းကလေးက ဆက်ပြီး မသည်းခံနိုင်တော့လို့ သူ့မိဘတွေကို သွယ်ဝိုက်ပြီး ဖွင့်ပြောပြခဲ့တယ်၊ ဒါပေမဲ့ သူတို့က အလေးအနက် မထားခဲ့ကြဘူးထ အဲဒီအစား လိုတာထက်ပိုပြီး လျှောက်တွေးမနေဘဲ မြန်မြန်ကလေးယူဖို့ပဲ သူမကို အပြစ်တင်ခဲ့ကြတယ်၊ သူမက ကလေးမရနိုင်လို့ ယောက္ခမက အမြင်မကြည်တာဆိုပြီးတောင် ပြောပြီး ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ဖို့ ပြောခဲ့သေးတယ်]
[ဒါ ဘယ်လို သဘောထားသေးသိမ်တဲ့ မိဘတွေလဲ၊ သူတို့ သေတာကောင်းတယ်၊ ကြည့်ရတာ နောက်ထပ် ကျန်းစစ်စစ်ရဲ့ အဖြစ်ဆိုးမျိုးထပ်ကြုံရဦးမယ့် အငွေ့အသက်မျိုးပဲ]
ရှုယင်းယင်း ဒေါသပိုထွက်လာသည်။
[ဒါပေမဲ့ ကျန်းစစ်စစ်က အမေမရှိဘဲ အဖေက အာဏာရှင်ဆန်လွန်းလို့ ဒီလိုဖြစ်ရတာလေ၊ ဒီမိန်းကလေးမှာ အမေရှိသေးတယ်လေ၊ အဖေဖြစ်သူက သမီးရဲ့ အခြေအနေကို ကိုယ်ချင်းမစာနိုင်ရင်တောင်မှ အမေဖြစ်သူကတော့ အနည်း ဆုံး ဂရုစိုက်သင့်တယ် မဟုတ်ဘူးလား၊ သူမက လုံးဝဂရုမစိုက်ဘူးလား]
[သူ့အမေက ဂရုစိုက်ပါတယ်၊ သမီးအိမ်ကိုတောင် တိတ်တ ဆိတ် လာစုံစမ်းပါသေးတယ်၊ ဒါပေမဲ့ ယုတ်မာတဲ့ ယောက္ခမက အရမ်းကိုကောက်ကျစ်တော့ သူ့အကြံကို ဖောက်ထွင်းမမြင်နိုင်ခဲ့ဘူး၊ သူ့အမေက လက်ဗလာနဲ့ ပြန်သွားရပေမယ့် ဆက်ပြီး စောင့်ကြည့်ရင်း တိတ်တဆိတ် စုံစမ်းခဲ့တယ်၊ နောက်ဆုံးတော့မှ သားအမိနှစ်ယောက် နေ့တိုင်း အတူတူ အိပ်ကြတယ်ဆိုတဲ့ ထူးဆန်းတဲ့ အဖြစ်မှန်ကို သိသွားခဲ့တာ]
[အစပိုင်းကတော့ သူ့အမေက ဒီအကြောင်းပြောရမှာ ရှက်နေခဲ့တာ ဒါပေမဲ့ နစ်နာနေရတဲ့ သမီးလေးကို တွေးပြီး သူ့ယောက်ျားကိုဖွင့်ပြောပြခဲ့တယ်၊ ဒါပေမဲ့ ပြန်ရလိုက်တာက ဆဲဆိုကြိမ်းမောင်းမှုတွေနဲ့ ဝင်စွက်ဖက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေပဲ]
[နင် ပြောစရာတောင် မလိုတော့ပါဘူး၊ သူ့အမေလည်း ယောက်ျားရဲ့ ဒေါသကြောင့် အဲဒီကိစ္စကို လက်လွှတ်လိုက်ရတာပေါ့]
[အဖေဖြစ်သူရဲ့ ထောက်ခံမှုမပါဘဲ အမေလုပ်သူက ဘာမှလုပ်နိုင်စွမ်း မရှိဘူးလေ၊ သူမမှာ အာဏာက အရမ်းနည်းလွန်းတော့ ကိစ္စတော်တော်များများကို ဝင်စွက်ဖက်လို့မရဘူး၊ သူတို့ရဲ့ ရှက်စရာကောင်းတဲ့ လုပ်ရပ်တွေ ပေါ်လာတဲ့အထိ သမီးဖြစ်သူကို သည်းခံဖို့ပဲ သူမက တိုက်တွန်းနိုင်တော့တယ်၊ အဆိုးဆုံးဖြစ်လာရင်တောင်မှ သူတို့ရဲ့ ဂုဏ်သိက္ခာတွေပဲ ဆုံးရှုံးသွားမှာလေ]
[အိုး ဘုရားရေ၊ ဒါက ဘယ်လောက်ကြာကြာ ဆက်ဖြစ်နေဦးမှာလဲ၊ ယုတ်မာတဲ့ ယောက္ခမက အရမ်းကိုကောက်ကျစ်တာပဲသူမဆီကနေ ဘယ်သူက အပြစ်ရှာတွေ့နိုင်မှာလဲ၊ ပြီးတော့ ရှာတွေ့ခဲ့ရင်တောင်မှ သူမက အဲဒါကို အများသိအောင် ထုတ်ပြန်ပေးဖို့ တာဝန်မှ မရှိတာ၊ ဒါက ကိုယ့်ပြဿနာ ကိုယ်ရှာနေတာနဲ့ မတူဘူးလား]
[သေချာတာပေါ့၊ ဒါကြောင့် ဒါက ဖြေရှင်းလို့မရတဲ့ ထွက် ပေါက်မရှိတဲ့ ဝင်္ကပါလမ်းပိတ်ကြီး တစ်ခုပဲ]
[ဟူး... ငါ ကောင်မလေးအတွက် တကယ် စိတ်မကောင်းဖြစ်မိတယ်]
ယန်ယီယီ မျက်ဝန်းအစုံတွင် မျက်ရည်များ ရစ်သိုင်းလာလေသည်။ ရှုယင်းယင်း၏ စကားများသည် သူမ၏ ခါးသီးမှုနှင့် အကူအညီမဲ့မှုများကို ဖော်ပြပေးနေပြီး ထိုစကားများကြောင့်ပင် ယခုအချိန်၌ သူမ စိတ်သက်သာရာရသွားခဲ့သည်။
အတင်းအဖျင်းပြောဆိုခံရမည်ကို သူမ မကြောက်ရွံ့ချေ။ အတင်းအဖျင်းပြောဆိုမည့်သူ နည်းပါးလွန်းနေမည်ကိုသာ သူမ စိုးရိမ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့သာဆိုလျှင် ယောက္ခမဖြစ်သူ၏မာနကြီးမှုများ ဆက်လက်ကြီးထွားနေပြီး သူမကို ထိုငရဲခန်းနှင့်တူသော အိမ်ကြီးထဲတွင် ထာဝရ ပိတ်လှောင်ထားစေမည် ဖြစ်သည်။
[ဟင့်အင်း၊ ဒီလမ်းပိတ်ကြီးကို ဖြေရှင်းဖို့ ကောင်မလေးက ကွာရှင်းလိုက်လို့ ရတယ်လေ]
ဘေးမှ နားစွင့်နေကြသူများသည် တိတ်တဆိတ် ခေါင်းညိတ်လိုက်ကြသည်။ ဟုတ်ပေသည်။ ကွာရှင်းခြင်းက အရာအား လုံးကို ဖြေရှင်းပေးနိုင်စွမ်းရှိသည်။
[ဟက်... ယုတ်မာတဲ့ ယောက္ခမကြီးက ဒါကို အစောကြီးကတည်းက ကြိုတွေးထားပြီးသား၊ ဒါကြောင့် သူက ရင်းနှီး မြှုပ်နှံမှုဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ချွေးမရဲ့ မင်္ဂလာဦးလက်ဖွဲ့ပစ္စည်းတွေကို သူတို့ရဲ့ အခွံချည်းသက်သက်ဖြစ်နေတဲ့ ကုမ္ပဏီဆီ ပြောင်းရွှေ့ဖို့ သူ့သားကို မြှူဆွယ်ခိုင်းခဲ့တာလေ၊ အကယ်၍ ကွာရှင်းလို့ ပိုင်ဆိုင်မှုတွေ ခွဲဝေရမယ်ဆိုရင် တောင်မှ သူတို့က ရင်းနှီးမြှုပ်နှံမှုကျရှုံးသွားလို့ ဘာမှမရှိတော့ပါဘူးလို့ အလွယ်တကူပြောလို့ရတယ်၊ ဒီလိုနဲ့ ကောင်မ လေးရဲ့ ကိုယ်ပိုင်ပစ္စည်း အားလုံးကို တရားဝင်သိမ်းပိုက်လိုက်ပြီး သူမကို လက်ဗလာနဲ့ ကျန်ရစ်စေခဲ့မှာ၊ အဲဒီအခါကျရင် သူမမှာ ပိုက်ဆံတစ်ပြားမှမရှိသလို ယောကျ်ားဘက်ကလည်း မလိုချင်တော့ဘဲ မိဘအိမ်ကိုလည်း ပြန်လို့မရတဲ့ သူမက ဘာဆက်လုပ်ရတော့မှာလဲ]
[အား... ငါ့လက်သီးတွေတောင် ယားလာပြီ၊ လောကကြီးမှာ ဒီလောက် အရှက်မရှိတဲ့ လူတွေ ဘယ်လိုလုပ်ရှိနေရတာလဲ]
ဘေးမှ ကြည့်နေသူများ၏အကြည့်များသည် ဓားများပမာ သားအမိနှစ်ဦးကို ဖြည်းညင်းစွာ မညှာမတာလှီးဖြတ်နေ သည်။
[ဒါဆိုရင် ဒီကိစ္စက ဖြေရှင်းလို့ မရတော့ဘူးပေါ့၊ အား... အရမ်းကို စိတ်ပျက်ဖို့ကောင်းပြီး ဒေါသထွက်စရာပဲ]
လူတိုင်းက ရှုယင်းယင်းထံသို့ မျှော်လင့်ချက်ကြီးစွာဖြင့် စိုက်ကြည့်နေကြစဉ်မှာပင် ပူဆွေးသောကရောက်မှုနှင့် နှလုံးကွဲ ကြေမှုများ အပြည့်အဝ ပါဝင်နေသော အသံတစ်သံ ရုတ် တရက် ထွက်ပေါ်လာလေသည်။
"ယီယီ"
ယန်ယီယီသည် အသံလာရာသို့ လှည့်ကြည့်လိုက်ရာ သူမဖခင်ဖြစ်သူ ယန်ဖန်နှင့် မိခင် ရှန်ရှင်းတို့မှာ သူမ နောက်ဘက် မီတာဝက်ခန့်အကွာတွင် ရပ်နေကြသည်ကို မြင်လိုက်ရသည်။
သူမဖခင်၏ မျက်ဝန်းအစုံတွင် ဖိနှိပ်ချုပ်တည်းထားရသော ဒေါသများက မီးလျှံများအလား တောက်လောင်နေပြီး မိခင်ဖြစ်သူမှာမူ ထိန်းမရသိမ်းမရ ရှိုက်ကြီးတငင် ငိုကြွေးနေသည်။
"ပါး၊ မား"
ယန်ယီယီက ဖခင်ဖြစ်သူ ရုတ်တရက် ရောက်ချလာခြင်းကြောင့် အနည်းငယ် အံ့အားသင့်သွားကာ ခေါ်လိုက်သည်။ ယန်ဖန်၏ စူးရှသော အကြည့်များသည် သမီးဖြစ်သူ နောက်ဘက်ရှိ အံ့ဩမှင်တက်နေသော သားအမိနှစ်ဦးထံသို့ တစ်ချက်ဝေ့ဝဲသွားပြီးနောက် သမီးဖြစ်သူထံသို့ ဦးတည်လျှောက်လှမ်းသွားလေသည်။ သူသည် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် သူ့ ကြီးမားကျယ်ပြန့်သော လက်ဝါးကြီးကိုမြှောက်ကာ သမီးဖြစ်သူ၏ ပခုံးကို ခပ်ဖွဖွပုတ်လျက် နောင်တတရားများ ပြည့်နှက်နေသော လေသံဖြင့်ပြောလာသည်။
"ပါး မှားသွားပါတယ်၊ တောင်းပန်ပါတယ် သမီးရယ်၊ လာ... အိမ်ပြန်ကြစို့"
ယန်ယီယီသည် ဖခင်ဖြစ်သူ၏တင်းကျပ်စွာ ဆုပ်ကိုင်ထားသော လက်ကို ငုံ့ကြည့်လိုက်ရာ သူမ မျက်ဝန်းများထဲတွင် မျက်ရည်များ လျှံတက်လာခဲ့သည်။ အနီးနားတွင် ရပ်နေသော ရှန်ရှင်းသည် ရုတ်တရက် သူမပါးစပ်ကို အုပ်ကာ တိုးတိတ်စွာ ရှိုက်ငိုနေသည်။ ရှန်ရှင်း မျက်လုံးများထဲမှ စီးကျလာသော မျက်ရည်များသည် ဝမ်းနည်းမှုနှင့် ရင်ကွဲနာကျမှုတို့အတွက် မျက်ရည်များတင်မဟုတ်တော့ဘဲ ပျော်ရွှင်စွာဖြင့် စိတ်သက်သာရာရသွားသော မျက်ရည်များပင်။
🍁 Chapter 60
သူမသည် သက်ပြင်းတစ်ချက်ကို ပြင်းပြင်းရှိုက်လိုက်ပြီးနောက် ကျောပြင်ကိုမတ်ကာ ချန်ရှုထံသို့ လျှောက်သွားပြီး ဒေါသတကြီး ဆဲဆိုလိုက်သည်။
"လူယုတ်မာ"
ကြည်လင်ပြတ်သားလှသည့် ပါးရိုက်သံတစ်ချက်နှင့်အတူ ဤအဖြစ်ဆိုးနှင့် အိမ်ထောင်ရေးသည် သူမ ဘဝအသစ်ဆီသို့ လမ်းစပွင့်သွားခဲ့သည်။
"ပြီးတော့ နင်"
ရှန်ရှင်းသည် ဝူလန်ကို စူးရဲစွာ စိုက်ကြည့်လိုက်သည်။
"ငါတို့ကို လှည့်စားတဲ့အသုံးမကျတဲ့ သောက်ကောင်၊ နင်တို့ ရှေ့နေစာကိုသာ စောင့်နေလိုက်တော့၊ ရွံစရာကောင်းလိုက်တာ"
ထိုသို့ပြောပြီးနောက် ရှန်ရှင်းသည် ခင်ပွန်းနှင့် သမီးဖြစ်သူတို့၏ နောက်သို့ ယုံကြည်မှုအပြည့်ဖြင့် လျှောက်လှမ်းထွက်ခွာသွားသည်။ ဝူလန်နှင့် သူမသားဖြစ်သူတို့မှာမူ ထိတ်လန့်နေမိသည်။ သူတို့သည် ဖောင်းအစ်နေသော မျက်နှာများကို လက်ဖြင့်အုပ်ကာ မတ်တပ်ရပ်လိုက်ကြပြီး လူအုပ်ကြီး၏ ရှုပ်ထွေးသော အကြည့်များအောက်တွင် ခိုးကြောင်ခိုးဝှက် ထွက်ပြေးသွားကြတော့သည်။
ဘေးမှ ကြည့်နေသူများသည် လက်ခုပ်တီး အားပေးချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာကြသော်လည်း ရှုယင်းယင်းမှာ ဤအခြေအနေအရပ်ရပ်ကို မရိပ်မိနိုင်ကြောင်း ရုတ်တ ရက် သတိရသွားကြသဖြင့် မည်သူမျှ မဆင်မခြင် မလှုပ်ရှားရဲကြချေ။
အကယ်၍ သူမ အတွေးများသာ သူတို့ကြားနိုင်သည်ကို သိသွားပါက နောင်အနာဂတ်တွင် ဤမျှ အရည်ရွှမ်းသော ဖရဲသီးမျိုးကို သူတို့ ဘယ်သွားရှာရမည်နည်း။
[နေဦး၊ ဒီမှာ ဘာတွေဖြစ်ကုန်တာလဲ ကောင်မလေးရဲ့ မိဘတွေက ဘာလို့ ရုတ်တရက်ကြီးပေါ်လာပြီး သူ့ကို ခေါ်သွားတာလဲ၊ သူတို့ တစ်ခုခု သိသွားလို့လား]
[ဖြစ်နိုင်တယ်၊ သူ့အဖေက ဘယ်လောက်ပဲ ရှေးရိုးစွဲဖြစ်နေပါစေ၊ သူ့သမီး ဒီလောက်တောင် အနိုင်ကျင့်ခံနေရတယ်ဆိုတာကို သိရင်တော့ သူ တစ်ခုခုတုံ့ပြန်သင့်တာပေါ့၊ ကျန်းစစ်စစ်ရဲ့ အဖေလိုမျိုး အဖြစ်ဆိုးကြီးဖြစ်သွားမှ နောင်တရနေလို့ မရဘူးလေ]
[ဟုတ်တယ်၊ ဒီလို ကြည့်လိုက်တော့ ကျန်းစစ်စစ်ရဲ့ ဇာတ်သိမ်းက နှမြောစရာကောင်းပေမယ့် သူမက လူတိုင်းအပေါ် သိသာထင်ရှားတဲ့ သက်ရောက်မှုတစ်ခု ရှိခဲ့တယ်ဆိုတော့ ဒါက သေးငယ်တဲ့ နှစ်သိမ့်မှုတစ်ခုပဲ]
[ကောင်မလေးရဲ့ မိဘတွေက အဲဒီ သားအမိနှစ်ယောက်ကို အလွယ်တကူ လွှတ်မပေးဖို့ပဲ ငါ မျှော်လင့်တယ်၊ သူတို့ ထောင်ထဲမှာ ပုပ်ပွသွားတာ အကောင်းဆုံးပဲ]
[စိတ်အေးအေးထားပါ၊ မိန်းကလေးက တစ်ဖက်လူဆီမှာ ရင်းနှီးမြှုပ်နှံမှု လုပ်တုန်းက သက်သေအထောက်အထားတွေ ချန်ထားခဲ့တာပဲ၊ တခြားသူတွေရဲ့ ပိုင်ဆိုင်မှုတွေကို မသမာတဲ့ ရည်ရွယ်ချက်နဲ့ ခိုးယူတာက တရားမဝင်ဘူးလေ၊ အဲဒီအချက် တစ်ခုတည်းနဲ့တင် သူမကို အပြစ်ပေးဖို့ လုံလောက်နေပြီ၊ တခြား သေးငယ်တဲ့ အကြံအစည်တွေကို ထည့်မပြောနဲ့ဦး၊ ကောင်မလေးက ဉာဏ်ကောင်းပါတယ်၊ သူမက အရင်က အရမ်း စိုးရိမ်ပူပန်ပြီး အကူအညီမဲ့နေခဲ့လို့သာ ဖြစ်ရတာ၊ အခု သူမရဲ့ မိဘတွေ သတိဝင်လာတာ တကယ်ကို ကောင်းတဲ့ကိစ္စပါပဲ]
[ဘာပဲဖြစ်ဖြစ် သတ္တိရှိတဲ့ ကောင်မလေးအတွက် ဂုဏ်ပြုလိုက်ကြရအောင်]
ဘေးမှ ကြည့်နေသူများသည် သူတို့၏ စိတ်ထဲတွင် တိတ်တဆိတ် ဂုဏ်ပြူလိုက်ကြသည်။ အတင်းအဖျင်းတွေကို စားသုံးရင်းနှင့် လူဆိုးများ အပြစ်ပေးခံရသည်ကိုလည်း မြင်တွေ့ခွင့်ရသည်။ ဤသို့ ချက်ချင်းလက်ငင်း ဝဋ်လည်တာမျိုးက အရမ်းကို ချိုမြိန်ပြီးကျေနပ်စရာကောင်းသည်။
ယနေ့ညတွင် ရှုယင်းယင်း၏ ယုံကြည်နိုင်ဖွယ်မရှိလောက်အောင် အံ့ဩဖွယ်ကောင်းလှသော စွမ်းဆောင်ရည် အမျိူးမျိုးကို မျက်မြင်ကိုယ်တွေ့ ကြုံရပြီးနောက် ယန်ယာရှန်း၏ လေးစားအထင်ကြီးမှုသည် ပိုမိုအားကောင်းလာခဲ့သည်။ ရှုဟုန်ရှန်းတွေးနေသည်ကို သူမ မသိပဲဘယ်နေမည်နည်း။ သူသည် မိသားစု အသိအမှတ်ပြု ညစာစားပွဲကို အသုံးချကာ သူ့မြေးမလေး၏ ထူးခြားသော အစွမ်းအစများကို လူတိုင်း မျက်မြင်ကိုယ်တွေ့ မြင်တွေ့နိုင်စေရန် ရည်ရွယ်ခဲ့ခြင်းဖြစ် သည်။
ပထမအချက်အနေဖြင့် ၎င်းသည် သူမ စရိုက်ကို ပြသနိုင်မည်ဖြစ်ပြီး ဒုတိယအချက်အနေဖြင့် ဂနာမငြိမ်ဖြစ်နေသော လူအချို့ကို ခြောက်လှန့်တားဆီးနိုင်မည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဤလောကရှိ လူတိုင်းတွင် ညစ်ပတ်သောလျှို့ ဝှက်ချက် အနည်းငယ်စီတော့ ရှိကြစမြဲဖြစ်ပြီး သူမက ထိုအရာများ အားလုံးကိုသိနိုင်သည်။ ရှေ့ထွက်ရဲသူ မည်သူမဆို မျှော်လင့်မထားဘဲ တိုက်ခိုက်ခံရမည်သာ။
သို့သော် ထိုသို့သော အစွမ်းအစမျိုးတွင် အားသာချက်၊ အား နည်းချက်များ ရှိလေသည်။ အားနည်းချက်မှာ လုံခြုံရေးအတွက် ခိုင်မာသော အာမခံချက်တစ်ခုလိုအပ်ပြီး ၎င်းသည် လူများကို သတိထားလာစေကာ မဆင်မခြင် မလှုပ်ရှားရဲအောင် ပြုလုပ်နိုင်သည့် မျက်မြင်မရသော အာမခံချက်မျိုး ဖြစ်ရမည်။
သို့ဖြစ်ရာ အဘိုးအိုသည် သူမအား အားလပ်ရက် အနားယူရန်အတွက်သာမက အောင်သွယ်တော်အဖြစ် လုပ်ဆောင်ပေးရန်ပါ လိုအပ်သောကြောင့် နိုင်ငံတွင်းသို့ အတင်းအကျပ် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။ သူမသည် ရှုဟုန်ရှန်းကို ပြုံးပြကာ နောက်ပြောင်လိုက်သည်။
"အဘိုးကြီးရှု၊ ရှင်က တကယ်ကို လွတ်နေတဲ့ နေရာမရှိတာပဲ၊ ကျွန်မကိုတောင် ထောင်ချောက်ဆင်လိုက်သေးတယ်၊ ရှင်က အသက်ကြီးလာလေ ပိုပြီးကောက်ကျစ်လာလေပါလား"
ရှုဟုန်ရှန်းသည် သူမ သူ့ အတွေးများကို နားလည်ကြောင်း သိရှိသဖြင့် မည်သည့်အရာကိုမျှ ဖုံးကွယ်မထားဘဲ အလွယ် တကူ ဝန်ခံလိုက်သည်။
"အားယန်က ဒီနှစ်ဆို နှစ်ဆယ့်ကိုးနှစ်ပြည့်ပြီမလား၊ မငယ်တော့ဘူးလေ၊ မင်းက သူ့အဘွားအနေနဲ့ မြေးဖြစ်သူအတွက် အိမ်ထောင်ဖက် စီစဉ်ပေးသင့်တယ် မဟုတ်ဘူးလား"
ယန်ယာရှန်းက သူ့ကို မျက်စောင်းထိုးကြည့်ကာ လှောင်ပြုံးပြုံးလိုက်သည်။
"ရှင် ကျွန်မရဲ့အားယန် အပေါ်မှာ တကယ်ကို အကြံတွေရှိနေတာပဲ၊ ဒါပေမဲ့ အချစ်ဆိုတာနဲ့ ပတ်သက်လာရင်တော့ ကလေးတွေအပေါ်မှာပဲ မူတည်တယ်၊ အဲဒီ ဆုံးဖြတ်ချက်ကို ကျွန်မတို့ ချပေးလို့မရဘူး"
"စိတ်မပူနဲ့၊ ငါလည်း အချစ်ကို ဖြတ်သန်းဖူးတဲ့သူမို့ ဒီကိစ္စမှာ ခံစားချက်တွေက အရေးအကြီးဆုံးဆိုတာ သိပါတယ်၊ ဒါကြောင့် သူ့ကို မိတ်ဆက်ပေးဖို့လောက်ပဲ ငါ တောင်းဆိုရဲတာပါ၊ ကျန်တာကတော့ ကလေးတွေအပေါ်မှာပဲ မူတည်တယ်"
"ဒါပေမဲ့ ရှင်က ရှင့်မြေးမလေးကို ဒီလောက်တောင် မျက်နှာ သာပေးနေတာ ယောင်ယောင်နဲ့ အားယောင်တို့ ကန့်ကွက်ကြမှာကို မကြောက်ဘူးလား၊ ဘာပဲဖြစ်ဖြစ် သူတို့ကတစ်ချိန်တုန်းက ရေပန်းအစားဆုံး အမွေဆက်ခံသူတွေ ဖြစ်ခဲ့တာလေ"
ယန်ယာရှန်းသည် ချမ်းသာသော မိသားစုများအတွင်းမှ အချင်းချင်း တိုက်ခိုက်မှုများကို မြင်တွေ့ခဲ့ရသည်မှာ များလွန်းနေပြီ ဖြစ်သည်။ ထို့အပြင် ရှုယန်ရွေ့တို့ ဇနီးမောင်နှံ၏ ရည်မှန်းချက်ကြီးမှုနှင့် သိသာထင်ရှားလှသော မျက်နှာလိုက်မှုတို့ကြောင့် ၎င်းသည် ယင်းယင်းကို အန္တရာယ်ရှိစေရုံသာ ရှိပေမည်။
"အင်း၊ မင်း ကိုယ်တိုင်ပဲ ကြည့်လိုက်ပါတော့"
အဘိုးရှုက ပြုံးလျက် ရှုယင်းယင်းရှိရာဘက်သို့ လက်ဟန်ပြလိုက်သည်။ ရှုယင်းယင်းသည် ယုတ်မာသော ယောက္ခမကြီးအကြောင်း အတင်းအဖျင်းများကို စားသုံးပြီးနောက် အချိုပွဲများထားရှိရာ နေရာသို့ထွက်လာခဲ့သည်။ သူမ သေသပ်လှပသော ကိတ်မုန့်လေးကို စားပြီးခါစတွင်ပင် သူမနှင့် မလှမ်းမ ကမ်းတွင်ရှိသော ရှုယောင်ယောင်နှင့် ရှုယောင်တို့ကို မြင်လိုက်ရသည်။
သူတို့နှစ်ဦးသည် အသက်အရွယ်တူခန့်ရှိသော လှပကျော့ရှင်းသည့် အမျိုးသမီးငယ် သုံးဦး၏ဝန်းရံခြင်းကို ခံနေရသည်။ သူတို့မှာ စကားပြောဆိုနေကြပုံရသော်လည်း သူတို့၏မာနကြီးသော မျက်နှာအမူအရာများနှင့် အငြိုးများပါသော အပြုံးများအရ သူတို့နှစ်ဦး အနိုင်ကျင့်ခံနေရကြောင်း သိသာလှပေသည်။
ရှုယောင်သည် ယောကျ်ားလေးတစ်ယောက်ဖြစ်သော ကြောင့် မိန်းကလေးများနှင့် မငြင်းခုံချင်သည်မှာ သေချာသော်လည်း သူ့မိသားစု၀င် အနိုင်ကျင့်ခံရသည်ကိုလည်း မလိုလားပေ။ သူ့ မကျေမနပ်ဖြစ်ကာ ဒေါသထွက်နေသော အမူအရာမှာ တကယ်ကို စိုးရိမ်စရာ ကောင်းလှသည်။
[ရှောင်ချီ၊ ငါ့ရှေ့က ဟိုဟန်ရေးပြနေတဲ့ အမျိုးသမီးငယ်တွေကိုကြည့်၊ သူတို့ရဲ့ အတင်းအဖျင်းတွေ အားလုံးကို ငါ့အ တွက်တူးဖော်ပေး၊ ငါ ဖရဲသီးထပ်စားချင်ပြန်ပြီ]
[အို... နင်ဘာလို့ အဲ့လောက်တောင် စိတ်လှုပ်ရှားနေတာလဲ]
[အကယ်၍ အမွေဆက်ခံသူ မိန်းကလေး အတု၊ အစစ် ကောလဟလတွေကြောင့် ယောင်းယောင်းသာ ရင်ထဲမှာ နာကြည်းချက်တွေ ရှိသွားမယ်ဆိုရင် သူက ကျိုးရှင်းရီကို ဝင်ပေါက်တစ်ခု ပေးလိုက်သလိုဖြစ်သွားလိမ့်မယ်၊ အဖြစ်ဆိုးတွေထပ်ဖြစ်လာတာကို ငါ မလိုချင်ဘူး၊ ဒါကြောင့် ငါ ဝင်ပါမှ ရမယ်]
သူမသည် ပြုံးလျက် သူတို့ဆီသို့ လျှောက်သွားသည်။ အနီရောင်ဝတ်စုံနှင့် အမျိုးသမီး သည် ရှုယောင်ယောင်ကိုကျေနပ် အားရစွာ လှောင်ပြောင်နေသည်။
"ငါတို့က နင့်ကိုတွေ့ဖို့ အမြဲတမ်း ကြိုးစားခဲ့ပေမယ့် နင်ကတွေ့ဖို့ ငြင်းခဲ့တာလေ၊ အခုတော့ နင်က အမွေခံအစစ်ရဲ့ မိသားစု ပြန်လည်ဆုံစည်းခြင်း ညစာစားပွဲကို ရောက်နေပြီပေါ့၊ နင် အိမ်ကနေနှင်ချခံရခါနီး ဖြစ်နေတာတောင် ကိုယ့်ကိုယ်ကိုယ် အသိစိတ်မရှိသေးဘူးလား၊ အကယ်၍ နင်သာ ငါတို့နဲ့ အစောကြီးကတည်းက ပေါင်းခဲ့မယ်ဆိုရင် နင့်ကို သိန်းရာချီလောက်တော့ စွန့်ကြဲနိုင်တာပေါ့၊ ပြီးရင် နင် ဆက်ပြီး ရှင်သန်လို့ရတာပဲ၊ နင်အရင်တည်းက ဘယ်ဟာက ကောင်းလဲဆိုတာကို တကယ် နားမလည်တာပဲ"
"ဟက်... သိန်းရာချီဆိုတာ ငါ့ နာရီတစ်လုံးဝယ်ဖို့တောင် မလောက်တာ၊ ငါက သူများတွေလို အထင်ကြီးအောင် လျှောက်ပြောနေစရာ မလိုဘူး"
ရှုယောင်က ပြန်လည်ချေပလိုက်သည်။ အဝါရောင်ဝတ်စုံနှင့် အမျိုးသမီးက လှောင်ပြုံး ပြုံးလိုက်သည်။
"နင့် ပိုက်ဆံတွေအားလုံးက နင့်အဘိုးဆီက လာတာလေ၊ အခု သူက သူ့ရဲ့ အသစ်စက်စက် မြေးမလေးကို ရွှေချပေးဖို့ အစွမ်းကုန် ကြိုးစားနေတာ၊ နင့်ကိုတော့ လုံးဝ မေ့သွားပြီ၊ နင် တစ်ခုခု အမွေရမလား၊ မရဘူးလား ဆိုတာက တခြားကိစ္စပဲ၊ ဘယ်သူ့ကို သွားပြီး ကြွားချင်တာလဲ"
"မင်း..."
"ငါသာ နင့်နေရာမှာဆိုရင် အခုချက်ချင်း မိဘတွေဆီ သွားငိုပြီး သူတို့ရဲ့ အသုံးစရိတ်တွေကို လျှော့ပေးဖို့ တောင်းဆိုလိုက်မယ်၊ ဒါမှ နင် လမ်းဘေးမှာ ငတ်မသေအောင် စားဖို့ ပိုက်ဆံ နည်းနည်းပါးပါး ချန်ထားပေးနိုင်မှာလေ"
"မင်း..."
ရှုယောင်မှာ ဒေါသထွက်လွန်း၍ မည်သို့ ငြင်းခုံရမည်ကို မသိသော ကိုယ့်ကိုယ်ကိုပင် မုန်းတီးလာမိသည်။
"ဘယ်သူက လမ်းဘေးမှာ ငတ်သေမှာလဲ၊ ဒီနေ့ည ညစာစားပွဲက ညံ့နေလို့လား၊ ဒါမှမဟုတ် နင်တို့အားလုံးက ငါတို့မိသားစုရဲ့ညစာက နင်တို့နဲ့ မထိုက်တန်ဘူးလို့ထင်ပြီး စားရမယ့်အစား အငတ်ခံနေချင်တာလား"
ရှုယင်းယင်းသည် အနီ၊ အဝါနှင့် အစိမ်းရောင် ဝတ်ဆင်ထားသော လှပသည့် ပုံရိပ်သုံးခုကို ပြုံးလျက် ဝေ့ကြည့်လိုက်သည်။
ထိုသုံးဦးစလုံးသည် ရှုယင်းယင်းကို အံ့ဩတကြီး ကြည့်လာကြသည်။