မျက်ရည်တစ်စက်
Vol. 11 Ch. 1007
လူသားခန္ဓာကိုယ်ကား ကျေးကျွန်တံဆိပ်၏ ထိန်းချုပ်မှုအောက်မှာပင် ရုန်းကန်နေဆဲ။ တုလင်ဖေးသည် ပိုင်ရှောင်ချန်းအား ထိခိုက်ဒဏ်ရာရရှိစေခြင်းမှ ရှောင်ရှားရန် သူမ၏နှလုံးသားထဲတွင် ခိုင်မာသော ဆုံးဖြတ်ချက်တစ်ခု ရှိနေမှန်း သိသာထင်ရှားလှသည်။
ပိုင်ရှောင်ချန်းသည် သူ၏ခေါင်းထက်ရှိ ဖြူနုသောလက်ကလေးက တဆတ်ဆတ်တုန်ရီနေသည်ကို ခံစားလိုက်ရသည်ဖြစ်၍ သူ၏မျက်လုံးများကို ဖွင့်လိုက်ရာ တုလင်ဖေး၏မျက်နှာလေး ရှံ့မဲ့နေသည်ကို မြင်လိုက်ရလေသည်။ ထို့အပြင် သူမ၏မျက်လုံးများထဲရှိ ကျေးကျွန်မှော်တံဆိပ်များသည် အံသြဖွယ်ကောင်းစွာ တဖျပ်ဖျပ်လှုပ်နေပေသည်။ တခဏကြာပြီးနောက် သူမက သူမ၏လက်များကို ဖယ်လိုက်၏။
" တုတုလေး...."
သူက ခပ်တိုးတိုးရေရွတ်လိုက်သည်။ ဘေးတွင်ရှိနေသော ကောင်းကင်ဧကရာဇ်၏ မျက်လုံးများထဲတွင် ရောထွေးနေသော ခံစားချက်များကို မြင်နိုင်ပေသည်။ သို့သော် သူက ထိုခံစားချက်အရိပ်အငွေ့များကို အမျက်ဒေါသဖြင့် ဖယ်ရှားပစ်လိုက်သည်။ သူက လက်ကို ရှေ့သို့ ဆန့်ထုတ်၍ သူ၏သမီးကို လက်ညှိုးထိုးလိုက်သည်။
သူမ၏ခန္ဓာကိုယ်လေး တဆတ်ဆတ်တုန်ရီသွားပြီး ကျေးကျွန်တံဆိပ်များသည် သူမ ခံစားနေရသော မည်သည့်နာကျင်မှုကိုမဆို လွှမ်းမိုးသွားသည်။ သူမက ငြိမ်သက်သွားပြီးနောက်... သူမ၏လက်များကို ပိုင်ရှောင်ချန်း၏ ခေါင်းအပေါ်သို့ အေးဆေးတည်ငြိမ်စွာ ပြန်တင်လိုက်သည်။
သူမသည် သူ့ကို ခံစားချက်မြူမှုန်လေးပင် မပါရှိသော မျက်ဝန်းများဖြင့် ကြည့်နေသည့်တိုင် ပိုင်ရှောင်ချန်းမှာ သူမ၏ရင်ထဲရှိနာကျင်မှုများကို အာရုံရနေပေသည်။
သူ၏နှုတ်ခမ်းများက တစ်ခုခုပြောချင်သည့်အလား ဟသွားပါသော်လည်း တစ်ခွန်းမှမပြောဘဲ နေလိုက်၏။ ဤတစ်ကြိမ်တွင် သူက မျက်လုံးများကို မမှိတ်ထား။ သူ၏ဘဝသည် အဆုံးသတ်နှင့် နီးကပ်လာနေကြောင်း သူ သိသောကြောင့် သူ မသေခင် ထိုနောက်ဆုံးအခိုက်အတန့်တွင် သူ မြင်နေရသောအရာများ၏ ထာဝရမှတ်ဉာဏ်လေးတစ်ခုကို ဖန်တီးရပေမည်။
အရိုးများက မန္တန်အစီအရင်အထဲ ပျော်ဝင်သွားကြသည်ဖြစ်၍ ရှေးဟောင်းသင်္ချိုင်းကြီးထဲတွင် ထစ်ခြုန်းမြည်ဟည်းသံများဖြင့် ပြည့်နှက်နေတော့သည်။ ထို့နောက် တုလင်ဖေး၏လက်မှ ပြင်းထန်သောအားကြီးတစ်ခု ထွက်ပေါ်လာပြီး ပိုင်ရှောင်ချန်း၏ ခေါင်းထဲ ဝင်ရောက်သွားလေသည်။
သူ၏ သက်စောင့်အား၊ ကျင့်ကြံခြင်းအခြေခံ၊ အသား၊ သွေးနှင့် ဝိညာဥ်တို့အားလုံး တုလင်ဖေးထံ တဟုန်ထိုးပြေးဝင်သွားကြသည့်အတွက် ပြင်းထန်သောနာကျင်မှုများက သူ့ကို ဖိစီးနှိပ်စက်နေတော့သည်။
သူ၏ခန္ဓာကိုယ် ဖျက်စီးခံနေရသည့်အလား။ သူ၏အရိုးများ၊ သွေး၊ စွမ်းအင်ထွက်ပေါက်များနှင့် သူ့ကို ဖြစ်တည်စေသမျှ အခြားအရာများအားလုံးကား ထိပ်ဆုံးသက်စောင့်အား အမျိုးအစားအသွင် ပြောင်းလဲခံနေရလေသည်...
ထိုသက်စောင့်အားမှာ ကောင်းကင်ဧကရာဇ်လိုချင်သည့်အရာဖြစ်ပြီး လက်ရှိအချိန်တွင် တုလင်ဖေးထံ အလုအယက်ပြေးဝင်နေကြသည်...
ပိုင်ရှောင်ချန်းသည် ထာဝရဆေးဖြစ်ပြီး တုလင်ဖေးကား... အသက်ရှည်နိုင်သည့် ဆေးပေါင်းဖိုဖြစ်ပေသည်။
ဆေးပေါင်းဖိုက ဆေးကို စုပ်ယူပြီးနောက်တွင် ထာဝရအသက်ရှည်ဆေးလုံးတစ်လုံးထုတ်ပေးရန် အသက်သေသည်အထိ ညှိုးလျော်ခြောက်ကပ်လာပြီး ၄င်းကို၄င်း စတေးရမည်ဖြစ်သည်။
" မကြာတော့ဘူး "
ကောင်းကင်ဧကရာဇ်က ရေရွတ်လိုက်သည်။
" သိပ်မကြာတော့ဘူး ... ငါ ဒီထာဝရအသက်ရှည်ဆေးလုံးကို ရဖို့ ငါ့ဘဝတစ်လျှောက်လုံးစောင့်နေခဲ့ရတာ… "
သူက လိမ်ဖယ်ရှုံ့တွနေသော အမူအရာဖြင့် သူ၏သမီးက ပိုင်ရှောင်ချန်းအား စုပ်ယူနေသည်ကို ကြည့်၍ ကျယ်လောင်စွာ ရယ်မောလာတော့သည်။
ပိုင်ရှောင်ချန်းမှာ ပြင်းပြင်းထန်ထန် တုန်ခါနေပြီး တစ်ခါမှ မခံစားဖူးသော နာကျင်မှုဒဏ်ဖြင့် နှိပ်စက်ခံနေရလေသည်။ သူသည် ထာဝရသိုင်းကို ကျင့်ကြံရန် နာကျင်မှုပေါင်းများစွာ တောင်ခံခဲ့သော်လည်း ထိုအရာတစ်ခုကမှ ယခု သူ ခံစားနေရသောဒဏ်၏ ခြေဖျားကိုပင် မမှီနိုင်ပေ။
သူ ပိန်လှီခြောက်ကပ်လာတော့သည်။ သူ၏ဆံပင်များပင် ခြောက်သွေ့ကြွပ်ဆပ်နေလေပြီ။ သူ၏ ထာဝရသွေးသည် တစတစ ပျောက်ကွယ်လာပြီး ထာဝရအရိုးများမှာ မွဲပြီး မည်းနက်လာနေတော့သည်။ သူ၏ထာဝရအရွတ်အကြောများ၊ ထာဝရအသားနှင့် ထာဝရအရေပြားတို့အားလုံး... အရည်ပျော်နေလေပြီ။
သူ ရုန်းကန်နိုင်ခြင်းမရှိသလို ပြန်လည်တိုက်ခိုက်နိုင်ခြင်းလည်း မရှိပေ။ သူသည် ဘာမှမကျန်တော့အောင် ရှင်းထုတ်ခံနေရပြီး သူ၏ သက်စောင့်အားများလည်း စုပ်ယူခံနေသည့်အတွက် တဖြေးဖြေး အသိစိတ်ကင်းမဲ့လာတော့သည်။
သူက ရုတ်တရက် မြေရိုင်းဒေသတွင် သူလုပ်ခဲ့သမျှအရာအားလုံးကို ပြန်တွေးမိသည်။ ပိုင်ဟောက်၊ သရဲကြီးဘုရင်၊ သခင်မလေးဟုန်ချိန်နှင့် ကျိုးရီရှင်းတို့အကြောင်း.... ထို့နောက် အဏ္ဏဝါခေါ်သံဂိုဏ်းအကြောင်း တွေးနေမိတော့သည်။
လီချင်းဟောက်၊ စုန့်ကျင်းဝမ်၊ နတ်ဆရာနှင့် ... အခြားမျက်နှာများစွာကို ပြန်မြင်ယောင်လာ၏။ သူတို့သည် သူ့အတွက် လွန်စွာရှင်းလင်းပြတ်သားနေ၍ သူ လှမ်းပြီး ထိနိုင်ကြောင်း သေချာလှသည်။
" အဏ္ဏဝါခေါ်သံဂိုဏ်း... "
သူက သူနှင့်သေမင်းသာ ကြားနိုင်သည့် အသံဖြင့် ခပ်ဖွဖွ ရေရွတ်လိုက်သည်။ သူ အားအင်ချည့်နဲ့လာသဖြင့် ဆံပင်များ စတင်ကျွတ်လာပြီး ထိုဆံပင်များက အနက်ရောင်သွေး၏ မျက်နှာပြင်ကို ထိပင်မထိလိုက်ခင် ဖုန်အသွင်ပြောင်းလဲသွားတော့သည်။
ယခု သူက အလွန်ပိန်ချုံးခြောက်ကပ်နေသောကြောင့် မီးစာကုန်တော့မည့် ဖယောင်းတိုင်တစ်ချောင်းအသွင် ဆင်တူလှသည်။
သူက အဏ္ဏဝါခေါ်သံဂိုဏ်းအကြောင်း ထပ်တွေးမနေတော့…။ အရှေ့ဘက်အောက်ပိုင်းဒေသအကြောင်း… စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းအကြောင်းကို တွေးနေမိသည်။ ၄င်းမှာ သူ့ဘဝ၏ အမှတ်တရာများအားလုံး သူ့ကိုဖြတ်၍ စီးဆင်းနေသည့်အလားပင်။ အပင်နှင့်အသီးအရွက်ကျောက်တိုင်အရှေ့က သူ့ကိုယ်သူ ပြန်မြင်ယောင်မိနေသည်။ ဝိညာဥ်အမြီးကြက်များကို မျက်စိကျနေရင်း နှုတ်ခမ်းသပ်နေသော သူ့ကိုယ်သူ ပြန်မြင်မိသည်..။
ဖက်တီးကြီးကျန်းနှင့် သူ့ကို မြင်နေရသည်။ သူ့ကို တပည့်အဖြစ် မသတ်မှတ်ရသေးခင်မှာပင် သေဆုံးနေခဲ့ပြီဖြစ်သော သူ့ဆရာကို မြင်သည်။ ထို့နောက် ဟိုရှောင်မေ့…။ မြောက်မြားစွာသော အရာများအား သူ ပြန်လည်မြင်ယောင်နေမိတော့သည်....
ယခု သူ အသက်မရှူနိုင်တော့ပေ။ သူက ခြောက်ကပ်နေသောအရိုးများအပေါ် ရစ်ပတ်ထားသည့် ကြွပ်ဆတ်ဆတ်အရေပြားကြီးနှင့် တူလေသည်။ သေမင်း၏ ဆွေးမြည့်နေသောအကွက်များက သူ့ကို ဖုံးလွှမ်းလာပြီး ... သူ့သွားများ ကျွတ်ထွက်လာတော့သည်။ ဤအခိုက်အတန့်တွင် သူ၏အသွင်သဏ္ဍာန်ကား နှစ်ပေါင်းများစွာ ဂူထဲထားရှိထားခဲ့သည့် အရိုးခြောက်ကြီးအလားပင်...
သူ၏ခေါင်းပေါ်က လက်မှာ သူအသားကျလာခဲ့ပြီဖြစ်သည့် နာကျင်မှုများဖြင့် ပြည့်နှက်နေစေပြီး သူ့ကိုဖြစ်တည်စေသည့် အရာရာတိုင်းကို စုပ်ယူနေသည့် တွင်းနက်ကြီးနှင့် တူပေသည်။
ယခုတွင် ထာဝရသိုင်းသည် သူ့ထံမှ ရှစ်ဆယ်ရာခိုင်နှုန်းနှုတ်ယူခံလိုက်ရပြီး သက်စောင့်အားသည်လည်း ထိုနည်းတူပင်။ သူ၏ တစတစပျောက်ကွယ်လာသော အသိစိတ်တွင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကို မမြင်တော့ဘဲ...ဟူတောင်တန်းကြီးအား မြင်ယောင်လာတော့သည်။
ထိုတောင်၏ ထိပ်တွင် ပုဆိန်နှင့်ဓားမ ခုနစ်ချောင်း ရှစ်ချောင်းအား တစ်ပြိုင်တည်းကိုင်ထားသော ကောင်ကလေးတစ်ယောက် ရှိသည်။ ထိုတောင်၏ ထိပ်တွင် သူက လက်နက်များကို ဘေးသို့ပစ်ပေါက်လိုက်ပြီး ... ကောင်းကင်တွင် မိုးခြိမ်းသွားစဥ်မှာပင် သူက အမွှေးတိုင်ကို မီးညှိလိုက်သည်။
၄င်းမှာ ရယ်စရာကောင်းသော မြင်ကွင်းတစ်ခုဖြစ်၍ သူ့ကို ပြုံးချင်သွားစေသည်။ သို့သော် သူက သူ၏ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်သောကြောင့် မပြုံးနိုင်ပေ။ သူ၏ လက်ရှိပုံပန်းသွင်ပြင်ကို စဥ်းစားကြည့်လျှင် ထိုသည်ကပင် ကောင်းသောအရာတစ်ခု ဖြစ်လိမ့်မည်။ ပြုံးနေခြင်းက သူ့ကို ပို၍ပင် ကြောက်စရာကောင်းသည့်ပုံပေါ်သွားစေမည်။
သူ၏ အသိစိတ် တစတစပျောက်ကွယ်လာစဥ် သူ့ကိုယ်တွင်းမှ သူ၏ဝိညာဥ်သည် အရာခပ်သိမ်းအား ဝါးမျိုနေသော ရေဝဲကြီးထံ စတင် မြင့်တက်နေသည်ကို အာရုံရလိုက်ကြောင်း အတန်အသင့်သေချာလှသည်...
သူ၏ခန္ဓာကိုယ်ထဲတွင် သက်စောင့်အား၏ ဆယ်ရာခိုင်နှုန်းခန့်သာ ကျန်ရှိတော့သည်... သူ၏ခြောက်ကပ်နေသော အရေပြားပေါ်တွင် အက်ကြောင်းများပေါ်လာကာ လက်ကလေးနှင့်ပွတ်မိလိုက်ရုံနှင့် ပြာဖြစ်သွားစေလောက်သည်အထိ ဖြစ်နေလေသည်။ သူ၏ ယင်အင်္ဂါ ငါးခုနှင့် ယန်အင်္ဂါခြောက်ခုလည်း ထိုနည်းတူပင်။
ထာဝရသိုင်း၏စွမ်းအားသည် ယခုတွင် လုံးဝပျောက်ကွယ်လုနီးပါးဖြစ်နေလေပြီ။ သူ၏အရိုးများထဲတွင် အစအနသေးသေးလေးသာ ကျန်ရှိတော့သဖြင့် အမှေးအမှိန်ဆုံးသော ရွှေရောင်အလင်းဖျော့ဖျော့ကို သူ၏အရေပြားရှိ စုတ်ပြဲနေသောအပေါက်များမှ မြင်လာရသည်...
ထိုအခိုက်အတန့်တွင် သူက သူမြင်သမျှထဲ နောက်ဆုံးပုံရိပ်ဖြစ်လောက်မည့် အရာကို မြင်လိုက်ရသည်... ကလေးငယ်တစ်ယောက်သည် ငိုယိုနေရင်း ခုတင်ဘေးတွင် ကုပ်ကုပ်ကလေးထိုင်နေ၏။ သူ၏မိဘများ နောက်ဆုံးထွက်သက်ကို ရှူရှိုက်လိုက်ကြစဥ် သူ၏မျက်နှာထက်သို့ မျက်ရည်များ တသွင်သွင် စီးကျလာပြီးနောက် အော်ငိုတော့သည်...
" ရှောင်ချန်း "
အားအင်ကုန်ခမ်းနေသော အသံတစ်သံက ရေရွတ်လိုက်သည်။
" မကြောက်နဲ့... "
လက်အေးအေးတစ်ဖက်က သူ့နဖူးပေါ် ကျလာ၏။
" ဒီ အမွှေးတိုင်ကိုယူ... မင်း ထာဝရရှင်သန်သူ တစ်ယောက်ဖြစ်ဖို့ အမြဲစိတ်ကူးယဥ်နေတာမဟုတ်လား... ရော့ ယူလိုက်… "
ကောင်ကလေးက အမွှေးတိုင်ကို ယူရန် မျက်ရည်များကြားမှ ခေါင်းမော့လိုက်သည်။ ထို့နောက် စောစောက သူ့ထံ အမွှေးတိုင်ကို မြှောက်ပေးခဲ့သော် လက်သည် တဖြေးဖြေး အောက်ကျသွား၏။ ကောင်ကလေး၏ မျက်ရည်များ ပို၍သည်းထန်စွာ စီးကျလာတော့သည်။
ကောင်ကလေးမှာ ခုတင်နံဘေးတွင် ငူငူငိုင်ငိုင် ကျန်ရစ်ခဲ့သည်။ နောက်ဆုံးတွင် အိမ်နီးချင်းများ အခန်းထဲ ဝင်လာကြပြီး သူ့ကို အပြင်သယ်သွားကြသည်။ သူ့မိဘများ၏ ခန္ဓာကိုယ်များအား အဝေးသယ်ဆောင်သွားကြချိန်တွင် ကရုဏာသက်သောအကြည့်များစွာကို သူမြင်လိုက်ရသည်.... ကောင်ကလေးမှာ ထောင့်တစ်နေရာတွင် ထိုင်ကာ လက်နှစ်ဖက်ဖြင့် ဒူးကိုတင်းတင်းကြပ်ဖက်ပြီး အမွှေးတိုင်ကို ကြည့်လိုက်သည်။
"ဘာကြောင့် လူတွေသေတာလဲ... ငါ... ငါ...အသက်ရှင်ချင်တယ်။ ငါ့ဘေးနားက လူတွေအားလုံးကိုလဲ အသက်ရှင်စေချင်တယ်... ငါ လူတိုင်းကို ပျော်စေချင်တယ်။ ငါ ... ထာဝရအသက်ရှည်ချင်တယ် "
ကောင်ကလေး၏ အသံသည် အဆုံးမရှိသည့်အလား ပိုင်ရှောင်ချန်း၏ခေါင်းထဲတွင် ပဲ့တင်ထပ်သွား၏။.....
သူသည် သူ့ဘဝတစ်လျှောက်လုံးတွင် ပင်ပန်းခဲ့ဖူးသမျှထက် များစွာပိုပင်ပန်းနေတော့သည်...
သို့သော် သူ၏အသိစိတ်မပျောက်ခင် အခိုက်အတန့်၌ သူ့လက်၏ ခြောက်သွေ့နေသော အရေပြားအပေါ်သို့ မျက်ရည်တစ်စက် ကျလာသည်။ ၄င်းက သူ့အရေပြားထဲ စုပ်ယူခံလိုက်ရသဖြင့် သူ၏ လျင်မြန်စွာပျောက်ဆုံးသော အသိစိတ်နှင့် ပေါင်းစပ်သွားပုံရလေသည်။
" မျက်ရည်တစ်စက်... "
သူက ရေရွတ်လိုက်သည်။ ၄င်းအတွင်းရှိ ခါးသီးနာကျည်းမှုကို သူအာရုံရလိုက်လေသည်။ သူ၏ နောက်ဆုံးလက်ကျန်စွမ်းအင်ကို သုံး၍ မျက်လုံးများကို ဖွင့်လိုက်သည်တွင်.... ကျေးကျွန်တံဆိပ်ကို ရုန်းကန်နေသော တုလင်ဖေးအား ဝိုးတဝါး တွေ့လိုက်ရသည်။ ၄င်းက သူမကို ဖျက်စီးလျှင်တောင်မှ သူမသည် သူ၏ခေါင်းပေါ်မှ သူမ၏လက်ကို ဖယ်ရန် စိတ်ပိုင်းဖြတ်ပြီးလေပြီ။ ဖြေးဖြေးချင်း သူမ၏လက် ကြွတက်လာ၏။
ထို့နောက် သူမက စိတ်ပျက်ဝမ်းနည်းမှုများ ကိန်းအောင်းနေသော ဆို့နင့်နေသည့်ေလသံဖြင့် ပြောသည်။
" ပါပါး... သမီး တောင်းပန်ပါတယ်… "
သူမ၏လေသံက တိုးတိုးလေး ဖြစ်ပါသော်လည်း ကောင်းကင်ဧကရာဇ်ကား မိုးကြိုးပစ်ခံလိုက်ရသည့်အလား တဆတ်ဆတ်တုန်ယင်လာတော့သည်။