အခန်း (၁၀၉၆-၁၀၉၈)
Vol. 74 Ch. 1096-1098
အခန်း (၁၀၉၆) ငါ့ရှစ်စွင်းက တကယ်ကို ဟန်ဆောင်သူကြီးပဲ
ဝမ်ချောင်ဆီမှ စွမ်းအင်ဓား၏ ပြင်းအားက ယခင်နှင့် မတူတော့ပေ။ ထိုအရာက မြန်ဆန်လွန်းလှပြီး ရှေ့တွင်ပေါ်လာသည့် ကာကွယ်ရေးစွမ်းအားကိုပင် ထိုးဖောက်သွားသည်။
ဝမ်ချောင်၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာကာ သူ့အကြည့်တို့က သတ်ဖြတ်ငွေ့ဖြင့် ပြည့်နှက်လာသည်။
လွှမ်းမိုးဂိုဏ်းသားများကို ကြွားလုံးထုတ်နေသည့် ကျူးဟုန်ကုန်းက ဝမ်ချောင်ကို မြင်လိုက်ရသောအခါ နောက်ကျလွန်းသွားခဲ့ကြောင်း သဘောပေါက်သွားခဲ့သည်။ သူက လက်ကိုမြှောက်ကာ ကာကွယ်ရေးစွမ်းအားကို အသက်သွင်းလိုက်ပြီး ပျက်သုဥ်းခြင်းကိုးပါး မိုးကြိုးကို ဆင့်ခေါ်လိုက်သည်။
သူက လက်ကို ကြက်ခြေခတ်အနေအထားဖြင့် စွမ်းအားဓားကို ခုခံဖို့ အကောင်းဆုံး ကြိုးစားခဲ့သည်။
ကံဆိုးစွာဖြင့် ဝမ်ချောင်၏ လှုပ်ရှားမှုများက အင်မတန် ကြမ်းတမ်းလှ၏။
“ဘမ်း”
ကျူးဟုန်ကုန်းက ညည်းတွားလိုက်ရသည်။ သူ့လည်ချောင်းမှ သွေးများ ဆန်တက်လာပြီး ပါးစပ်ဝသို့ ရောက်ရှိလာသည်။
“အံ့ဖွယ်သခင်”
အဝါရောင်ကြာနယ်မြေမှလူများက စိတ်ပူပန်စွာ စောင့်ကြည့်နေကြသည်။
ထိုစဥ် လုလီက ထိုမြင်ကွင်းကို ကူကယ်ရာမဲ့စွာ ကြည့်နေလေ၏။ သူက ကျူးဟုန်ကုန်းကို မွေးဖွားဇယားချပ်၄ခု ဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူများထက် ပိုမိုအားကောင်းကြောင်း အာရုံခံမိ၏။ ကျူးဟုန်ကုန်း၏ အရည်အချင်းက ဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူများ၏ တိုက်ခိုက်ရေးနည်းလမ်းဖြင့် ကျင့်သားမရသေးသည်မှာ နှမြောဖို့ ကောင်းလှသည်။ ဝင်မပါသေးသည့် နောက်ထပ် အဖြူရောင်ကြာ ကျင့်ကြံသူနှစ်ဦးလည်း ရှိနေသေး၏။
ကျူးဟုန်ကုန်းက နောက်ဆုတ်လိုက်ရသည်။ စွမ်းအင်ဓားက သူ့ကို ဆက်လက်တိုးလာ၏။ အဆိပ်ပြင်းမြွေတစ်ကောင်လိုမျိုး ထိုအရာက လွတ်မြောက်ဖို့ အခွင့်အရေး မပေးပေ။
သူ့တိုက်ကွက် အောင်မြင်သွားသည်ကို မြင်သောအခါ ဝမ်ချောင်က စိတ်ကြီးဝင်စွာ ပြုံးလိုက်၏။
“ဒါက မင်းအတွက်။ မင်း ဘယ်သူပဲဖြစ်ဖြစ် ဂရုမစိုက်ဘူး။ ဒီနေ့ မင်းရဲ့သွေးကို စတေးမှုအနေနဲ့ ငါ့ဓားဆီ ပေးအပ်မယ်”
“ဝှစ်”
စွမ်းအင်ဓားက တဝီဝီ မြည်လာပြီး စွမ်းအားက ပိုမိုပြင်းထန်လာသည်။
ကျူးဟုန်ကုန်း၏ ချီနှင့် သွေးတို့က ထွက်ပေါ်လာပြီး သူ့ချီသွေးကြော၈ခုကလည်း ဖရိုဖရဲ ဖြစ်နေလေ၏။ သူက စိတ်ဝိညာဥ်သဏ္ဌာန်ကို အမှတ်ရသွားသည့်အခါ ခေါ်လိုက်သည်။
“စိတ်ဝိညာဥ်သဏ္ဌာန်”
“ဝှစ်”
ကျူးဟုန်ကုန်း၏ နောက်တွင် ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဥ်သဏ္ဌာန်က ထွက်ပေါ်လာ၏။ ပွင့်ချပ် ၁၁လွှာက ထိုအရာကို ဝင့်ဝါစွာ လှည့်ပတ်လျက်ရှိသည်။
ဝမ်ချောင်က ပွင့်ချပ်၁၁လွှာကို အကြောက်တရားဖြင့် ကြည့်ကာ ပြောလိုက်၏။
“နောက်ကျသွားပြီ”
“ဘမ်း”
စွမ်းအင်ဓားက ကျူးဟုန်ကုန်း၏ လက်ကို ထိုးဖောက်လာသည်။ ထိုအရာ၏ စွမ်းအားက သူ့နှလုံးသားကို အချိန်မရွေး ထိုးစိုက်နိုင်သည့်ဟန်ပေါ်၏။
“ဘမ်း”
သူက ခုခံမှုတချို့နှင့် ရင်ဆိုင်ရသလိုမျိုး ရုတ်ခြည်း ရပ်တန့်သွားသည့်အခါ ဓားထိပ်ဖျားက သူ့ရင်ဘတ်ဆီ ရောက်ရှိနေပြီ ဖြစ်၏။
“ဟမ်”
ဝမ်ချောင်က အံ့အားသင့်သွားသည်။
ကျူးဟုန်ကုန်းက ပြုံးကာ ပြောလိုက်သည်။
“ငါ့ရဲ့ ဇင်အဝတ်က ဘယ်လိုလဲ”
“ဇင်အဝတ်လား”
ဝမ်ချောင်က ကျူးဟုန်ကုန်းကို သတိထားကာ ကြည့်လိုက်သည်။ ကျူးဟုန်ကုန်း၏ ရုတ်တရက် ယုံကြည်ချက် ရှိလာမှုက အနည်းငယ် သူ့ကို စိုးရိမ်လာစေသည်။
ကျူးဟုန်ကုန်း၏ မျက်နှာအထက် မောက်မာသည့် အပြုံးတစ်ခု ပေါ်ထွက်လာကာ ပြောလိုက်သည်။
“မင်းက ငါ့ကို ပုတယ်ဆိုပြီး လှောင်ပြောင်ရဲမှတော့ မင်းကို ခေါင်းဖြတ်ပစ်မယ်”
ကျူးဟုန်ကုန်းက လက်အိတ်ကို မြှောက်ပစ်လိုက်သည်။
စိတ်ဝိညာဥ်သဏ္ဌာန်က လက်အိတ်ကို ဖမ်းဆုပ်လိုက်၏။ လက်အိတ်က စိတ်ဝိညာဥ်သဏ္ဌာန်၏ လက်ထဲ ကျရောက်သွားသည့်အခါ ထိုလက်က တောင်နှစ်လုံးသဖွယ် ဖြစ်လာဟန်ပေါ်သည်။
တောင်နှစ်လုံးနှင့်တူသည့် လက်များက ဝမ်ချောင်ဆီ နှစ်ဖက်မှ ဝင်ရောက်လာသည်။ ဝမ်ချောင်က ကျူးဟုန်ကုန်း၏ စိတ်ဝိညာဥ်သဏ္ဌာန်ကို အစကတည်းက အထင်မကြီးခဲ့ပေ။ ထိုအရာကို တစ်ခါမှ မကြားဖူးခဲ့ပေ။ ကျင့်ကြံသူများမှ ဖွဲ့စည်းထားသည့် စိတ်ဝိညာဥ်သဏ္ဌာန်များက ရုပ်တုလိုမျိုးဖြစ်ကာ လူသားလိုမျိုး မလှုပ်ရှားနိုင်ကြပေ။
ကျူးဟုန်ကုန်း၏ စိတ်ဝိညာဥ်သဏ္ဌာန်က ပြောင်းပြန်ပြောင်းလဲသွားစေခဲ့၏။ အဆုံးသတ်တွင် သူက ထူးထူးဆန်းဆန်း စိတ်ဝိညာဥ်သဏ္ဌာန်က မိစ္ဆာကျင့်စဥ်တချိူ့ ထုတ်သုံးထားသည်ဟုသာ သတ်မှတ်လိုက်သည်။
နှစ်ဖက်မှ သူ့ဆီ စွမ်းအားလက်သီးချက်များ ဝင်ရောက်လာစဥ် ဝမ်ချောင်က အားကုန်သုံးပြီး ခုခံလိုက်သည်။
“ဘမ်း”
နှလုံးကွဲလုမတတ် အသံကြီးက ထွက်ပေါ်လာပြီး ဝမ်ချောင်က ထိုလက်သီးနှစ်ခုကြား ရပ်နေလေသည်။
“နောက်တစ်ခေါက်”
ရွှေရောင်စိတ်ဝိညာဥ်သဏ္ဌာန်က ထပ်မံ လက်ကို လှုပ်ရှားလိုက်ပြန်သည်။
“ဝုန်း”
ဝမ်ချောင်က သွေးအန်လိုက်ရ၏။ ကျူးဟုန်ကုန်းက စိတ်ဝိညာဥ်သဏ္ဌာန်ဆီမှ သူ့လက်အိတ်ကို ပြန်ရုပ်သိမ်းပြီး စိတ်ဝိညာဥ်သဏ္ဌာန်ပေါ် ရပ်လိုက်သည်။ ရွှေရောင်အရှိန်အဝါက သူနှင့် ကျန်ရှိနေပြီး ပွင့်ချပ်၁၁လွှာက ဝမ်ချောင်၏ လည်ပင်းဆီ ချိန်ရွယ်လာသည်။ ဒဏ်ရာအပြင်းအထန် ရရှိလာသည့် ဝမ်ချောင်က ကျူးဟုန်ကုန်းအတွက် ပြိုင်ဘက် မဟုတ်ပေ။
“ဘမ်း ဘမ်း ဘမ်း”
ပွင့်ချပ်၃လွှာက ဝမ်ချောင်၏ ကာကွယ်ရေးစွမ်းအားကို ဖျက်ဆီးပစ်ခဲ့ပြီး ပွင့်ချပ်၁လွှာက သူ့လည်ပင်းဆီ ထိုးစိုက်သွားသည်။
ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်သည် အရွယ်အစားကြီးမားလာပြီးသည့်နောက် ဝမ်ချောင်၏ ခန္ဓာကိုယ်ထဲ ပြန်လည်ကျုံ့ဝင်သွားသည်။
ဝမ်ချောင်က မြေပေါ်နောက်ဆုတ်လိုက်ရပြီး သစ်ပင်များဖြင့် ဝင်တိုက်မိသွားသည်။
………………
“တင်း မွေးဖွားဇယားချပ်တစ်ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၆၀၀၀ ရရှိပါတယ်”
………………….
“အံ့ဖွယ်သခင်က တကယ်ကို စွမ်းအားကြီးလိုက်တာ”
ကျူးဟုန်ကုန်းက ယခင်ကလို သတိလက်လွတ်အနေအထား မဟုတ်တော့ပေ။ သူက သူ့စိတ်ဝိညာဥ်သဏ္ဌာန်ကို အသေအချာ ကြည့်လိုက်၏။ တိုက်ခိုက်ပြီးသည့်နောက်တွင် သူက စိတ်ဝိညာဥ်သဏ္ဌာန်ကို အကြမ်းဖျင်း နားလည်လာပြီ ဖြစ်သည်။ ထိုရွှေရောင်စက်ကွင်းကို ဝန်းရံထားသည့် ပွင့်ချပ် ၁၁လွှာက သူ့လက်အိတ်များထက်ပင် ပိုမိုအားကောင်းနေ၏။ ထို့ကြောင့် ကျူးဟုန်ကုန်းက သူ့စိတ်ဝိညာဥ်သဏ္ဌာန်ကို ထိန်းချုပ်ပြီး မြေကြီးပေါ် သက်ဆင်းလိုက်သည်။
“ဝုန်း”
လုလီနှင့် လွှမ်းမိုးဂိုဏ်းမှ တခြားသူများကလည်း မြေပြင်ပေါ် ရောက်ရှိလာကြ၏။ သူတို့က မီတာ၁၀၀ အကွာအဝေးတွင် နေလိုက်ကြသည်။ သူတို့သာ အနီးကပ်သွားပါက ဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူများ၏ တိုက်ပွဲကြား ကြားညပ်သွားနိုင်မည်ဖြစ်ကြောင်း သိထားကြ၏။
နောက်ဆုံးတွင် ဝမ်ချောင်က ရပ်တန့်လိုက်သည့်အခါ သွေးတစ်ပွက် ထပ်အန်လိုက်ရသည်။ သူက မွေးဖွားဇယားချပ်တစ်ခုကို ဆုံးရှုံးလိုက်ရပြီ ဖြစ်၏။ သူက ခက်ခက်ခဲခဲဖြင့် သူ့လက်အောက်ငယ်သားကို လှည့်ကြည့်ကာပြောလိုက်သည်။
“မင်းတို့တွေက ဘာရပ်လုပ်နေတာလဲ”
အဖြူဝတ်ကျင့်ကြံသူနှစ်ဦးက အဝေးမှသာ ကြည့်နေကြသည်။ သူတို့က တိုက်ပွဲအတွင်း ဝင်ရောက်ဆင်နွှဲဖို့ ရည်ရွယ်ချက်ရှိဟန်မပေါ်ပေ။ ဝမ်ချောင်က မွေးဖွားဇယားချပ်တစ်ခု ဆုံးရှုံးပြီးသည်ကို မြင်တွေ့ပြီးသည့်နောက်တွင် မည်သို့ လှုပ်ရှားရဲမည်နည်း။ မွေးဖွားဇယားချပ် တစ်ခု ဆုံးရှုံးလိုက်ရခြင်းက အသက်တစ်သက် ဆုံးရှုံးလိုက်ရခြင်းနှင့် မကွာခြားပေ။
“ခေါင်းဆောင် ခင်ဗျား ဒဏ်ရာရသွားပြီ”
ဝမ်ချောင်က ဒေါသထွက်လွန်း၍ ထိုသူနှစ်ဦးကို သတ်ပစ်ချင်နေသည်။ ကံဆိုးစွာဖြင့် သူတို့နှစ်ဦးက ယခုအခါ သူ့အနေဖြင့် သူတို့ကိုသာ မှီခိုနိုင်နေ၏။ သူက ခက်ခက်ခဲခဲ ထရပ်ကာ ကျူးဟုန်ကုန်းကို စိုက်ကြည့်ပြီး ပြောလိုက်၏။
“ကောင်းတယ်။ အရမ်းကောင်းတယ်”
ကျူးဟုန်ကုန်းက ပြုံးကာ ပြောလိုက်၏။
“ဒါက အခုမှ စခါစပဲ ရှိသေးတယ်”
“မင်း”
“ဘာလဲ”
“ဒါက မင်းဘာသာမင်း ဖြစ်စေတာပဲ”
ကျူးဟုန်ကုန်း၏ စကားအဆုံးတွင် သူက ချောင်းဆိုးသွားသည်။ ဝမ်ချောင်၏ တိုက်ကွက်က အသုံးမဝင်ခြင်း မဟုတ်ဘဲ ကျူးဟုန်ကုန်း၏ ချီနှင့်သွေးများကို ပြောင်းပြန်ဖြစ်သွားစေသည်။
ဝမ်ချောင်က အကျိုးအကြောင်း ဆင်ခြင်စိတ်အား စွန့်ပစ်ကာ ကျူးဟုန်ကုန်းကို မှုန်မှုန်မှိုင်းမှိုင်း ကြည့်ကာ ပြောလိုက်၏။
“ဒီနေ့ တာ့ချင်ကို သွေးနဲ့ ဆေးကြောပစ်မယ်။ မင်းတို့တွေ တစ်ယောက်မှ အသက်ရှင်ဖို့ မစဥ်းစားနဲ့”
မွေးဖွားဇယားချပ်တစ်ခု ဆုံးရှုံးလိုက်ရသည့် ဒေါသနှင့် အမုန်းတရားက ဝမ်ချောင်အား အကျိုးအကြောင်း ပျောက်ဆုံးသွားစေသည်။ သူက လက်အောက်ငယ်သား၂ယောက်ကို ကြည့်ကာပြောလိုက်သည်။
“လာခဲ့”
လက်အောက်ငယ်သား၂ယောက်က ဓားများကို ဆွဲကာ ရှေ့တိုးလာသည်။
“သူတို့အားလုံးကို သတ်။ တာ့ချင်မှာ ထိပ်သီးပညာရှင် တစ်ယောက်ပဲ ရှိတာ။ ပြီးတော့ သူက ဒဏ်ရာရနေတယ်။ သူ့ဆီမှာ မွေးဖွားဇယားချပ် မရှိဘူး”
ဝမ်ချောင်က ကျူးဟုန်ကုန်းကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
ကျူးဟုန်ကုန်းက မျက်မှောင်ကြုတ်လိုက်၏။
“ငါ့ကို ထိရဲရင် ငါ့ရှစ်စွင်းက တာ့မင်ကို သွေးနဲ့ ဆေးကြောပေးလိမ့်မယ်”
“မင်း အသက်ရှင်ရင် ဒီစကားတွေကို နောက်မှပြောပေါ့”
ဝမ်ချောင်က လက်ဝှေ့လိုက်သည်။
ထိုစဥ် ဝမ်ချောင်၏ ဘယ်ဘက်တွင် ရပ်နေသည့် အဖြူဝတ်ကျင့်ကြံသူတစ်ယောက်က ဓားကို ခုတ်ချလိုက်၏။
အဖြူရောင်စွမ်းအားက ယပ်တောင်သဖွယ် ရေပြင်ညီအတိုင်း ထွက်ပေါ်လာသည်။ အားလုံးကို အံ့အားသင့်သွားစေသည်က ပစ်မှတ်သည် ကျူးဟုန်ကုန်း မဟုတ်ဘဲ ဝမ်ချောင်သာ ဖြစ်၏။
“ဘမ်း”
“မင်းတို့”
ဝမ်ချောင်က တုန်လှုပ်သွားသည့် အမူအရာဖြင့် မျက်လုံးအပြူးသား ဖြစ်နေသည်။
ထိုစဥ် ညာဘက်တွင် ရှိသည့် အဖြူဝတ်ကျင့်ကြံသူကလည်း ဓားကို ဝှေ့ယမ်းလိုက်ပြီး ဝမ်ချောင်၏ ဝမ်းဗိုက်ထံ စွမ်းအင်ဓားများကို ထုတ်လွှတ်လိုက်သည်။
“ဘမ်း ဘမ်း ဘမ်း”
ဝမ်ချောင်က အသံကျယ်ကြီးနှင့်အတူ မြေပြင်ပေါ် လဲကျသွားသည်။
ထို့နောက် ဘုံတစ်ထောင်လေပွေက ပေါ်ထွက်လာပြီး ဝမ်ချောင်၏ ခန္ဓာကိုယ်အတွင်း ပြန်လည် ကျုံ့ဝင်သွားသည်။ ဤသို့ဖြင့် သူက နောက်ထပ် မွေးဖွားဇယားချပ်တစ်ခုကို ဆုံးရှုံးလိုက်ရသည်။
“ခေါင်းဆောင် ကျူပ် တောင်းပန်ပါတယ်။ ဒါပေမဲ့ တော်ဝင်မင်းဆရာက ခင်ဗျားကို ဒီနေရာမှာ သတ်ဖို့ အမိန့်ပေးထားတယ်”
ဝမ်ချောင်၏ မျက်နှာက မလိုလားမှုများဖြင့် ပြည့်နှက်နေသည်။ သူ့သွေးဆာသည့် မျက်ဝန်းများက အကြောက်တရားများဖြင့် ပြည့်နှက်နေပြီး မေးလိုက်၏။
“ဘာလို့လဲ”
“ကျုပ်တို့ကို ရက်စက်တဲ့အတွက် အပြစ်မတင်ပါနဲ့။ ဒါကတာ့မင်ရဲ့ ကိုယ်စား လုပ်နေတာပါ။ ခင်ဗျားက အဋ္ဌမသခင်လေးနဲ့ တိုက်ခိုက်နေတုန်း တော်ဝင်မင်းဆရာက သတင်းစကား ၃ခု ပေးပို့လာတယ်။ အဲဒီသတင်းစကားတွေကို ကြည့်ပြီးတော့ ဖတ်ပြီးတဲ့နောက်မှာ တာ့မင်ရဲ့ အကျိုးအတွက် ခင်ဗျား သေရလိမ့်မယ်။
“အဋ္ဌမသခင်လေးတဲ့လား။ ငါက တာ့မင်အတွက် သေရမှာတဲ့လား
ဝမ်ချောင်က စိတ်ရှုပ်ထွေးနေလေသည်။ လုလီပင် ထိုစကားများကြောင့် စိတ်ရှုပ်ထွေးသွားလေ၏။
အဖြူဝတ်ကျင့်ကြံသူ၂ဦးက ကျူဟုန်ကုန်းရှေ့တွင် ဒူး၂ဖက်ထောက်ကာ ပြောလိုက်သည်။
“အဋ္ဌမသခင်လေး ကျေးဇူးပြုပြီး ကျုပ်တို့ကို ခွင့်လွှတ်ပေးပါ။ ကျုပ်တို့က မျှော်နန်းသခင်လုရဲ့ တပည့်မှန်း မသိခဲ့လို့ပါ။ ကျေးဇူးပြုပြီး သက်ညှာပေးပါ”
“...”
ကျူးဟုန်ကုန်းက မျက်မှောင်ကြုတ်လိုက်၏။ သူက လုလီကို လှည့်ကာ ဆူတော့မည့်ဆဲဆဲတွင် လုလီက သူ့ဆီ ရောက်လာကာ ရပ်တန့်လိုက်သည်။
“လောင်ကျူး”
ကျုဟုန်ကုန်းက အဖြူဝတ်ကျင့်ကြံသူ၂ဦးကို လှည့်ကြည့်ကာ ပြောလိုက်သည်။
“မင်းတို့တွေက တကယ်ကို အမြင်ဆိုးတာပဲ။ ဘယ်လိုပဲကြည့်ကြည့် ဒီလုမျိုးနွယ်က ငါ့ဆရာနဲ့ တူလို့လား။ ငါ့ဘဝမှာ ငါ့ရှစ်စွင်းကိုပဲ အသိအမှတ်ပြုတာ။ ငါ့ဘဝမှာ ငါ့အသက်ပေးရမယ်ဆိုရင်တောင် ငါ့ရှစ်စွင်းကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ဘူး”
ကျူးဟုန်ကုန်း၏ စကားများက ချောက်နက်ကို တွန်းပို့လိုက်သည်ဆိုလျှင် ဒုတိယတစ်ပိုင်းကမူ ချောက်နက်ထဲမှ ပြန်လည်ဆွဲခေါ်လာခြင်း ဖြစ်၏။
အဖြူဝတ်ကျင့်ကြံသူ၂ဦးက တိတ်ဆိတ်လျက်သာ ကျန်ရှိနေသည်။
“ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားက မိစ္ဆာဝေဟင်မျှော်နန်းကမလား”
“ဟုတ်တာပေါ့”
“ခင်ဗျားရဲ့ ချီရှစ်ရှိုးက စီးဝူယာ့မလား”
“ဟုတ်တယ်။ သူက အဲ့လောက်တောင် နာမည်ကြီးတာလား”
“တော်ဝင်မင်းဆရာက မိစ္ဆာဝေဟင်မျှော်နန်းမှာရှိတဲ့ လူအားလုံးက တာ့မင်ရဲ့ မိတ်ဆွေတွေလို့ ပြောထားတယ်။ မိစ္ဆာဝေဟင်မျှော်နန်းကို ဆန့်ကျင်ရဲတဲ့သူကို နေရာမှာတင် သုတ်သင်ပစ်သင့်တယ်”
“...”
ကျူးဟုန်ကုန်းက သံသယဖြစ်လာမိသည်။
မိစ္ဆာဝေဟင်မျှော်နန်းက ဤသို့ ကျော်ကြားလာသည့် ဂုဏ်သတင်းမျိုးနှင့် လေးစားမှုမျိုးကို ဘယ်အချိန်က ပိုင်ဆိုင်သွားသနည်း။
မိစ္ဆာဝေဟင်မျှော်နန်းက ဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူပင် မရှိလေရာ ထိုသူများက မိစ္ဆာဝေဟင်မျှော်နန်းအတွက် သူတို့ခေါင်းဆောင်ကိုပင် မည်သူသစ္စာဖောက်သွားကြသနည်း။
ဤသည်က လှည့်ကွက်တချို့လား။
ကျူးဟုန်ကုန်းက ရွှေကြာနယ်မြေအတွင်း ရှိသည့်အချိန်ကို အမှတ်ရသွား၏။ ထိုစဥ်က သူသည် အသက်ရှင်ဖို့ လေလုံးကြီးခဲ့ရသည်။ တချို့သော အင်အားစုငယ်များက သူ့ကို မဆန့်ကျင်ရဲကြပေ။ သို့သော်လည်း သူက အပြည့်အဝ လျှောက်ပြောနေခြင်း မဟုတ်ကြောင်း ပြောနိုင်လေသည်။ သူက သူ့ကို တိတ်တဆိတ် နောက်မှ ထောက်ပံ့ပေးသည့် တာ့ရှစ်ရှိုးနှင့် အာ့ရှစ်ရှိုးတို့ ရှိနေ၏။
ထိုစဥ် ဝမ်ချောင်က အော်လိုက်သည်။
သူ့ခန္ဓာကိုယ်က စွမ်းအင်များဖြင့် ပြည့်နှက်လာပြီး ကျူးဟုန်ကုန်းဆီ ခုန်အုပ်လာသည်။
“ဝမ်ချောင် မင်းလုပ်ရဲတယ်လား”
အဖြူဝတ်ကျင့်ကြံသူ၂ဦးက ရှေ့တိုးပြီး စွမ်းအင်ဓားများကို ပြိုင်တူထုတ်သုံးလိုက်ကြပြီး ဝမ်ချောင်အား ကျူးဟုန်ကုန်းဆီ မရောက်အောင် တားဆီးလိုက်ကြသည်။
“ဘမ်း ဘမ်း ဘမ်း”
၂ဦးသားက သက်ညှာခြင်းမရှိဘဲ ဝမ်ချောင်ကို သတ်လိုက်ကြ၏။
အသက်ရှိုက်စာ အနည်းငယ်အတွက် ဝမ်ချောင်၏ ခန္ဓာကိုယ်က စွမ်းအင်ဓားများဖြင့် ထိုးနှက်ခံလိုက်ရသည်။ ထိုဒဏ်ရာများဖြင့် သူ့အတွက် အသက်ရှင်ဖို့ရာ မဖြစ်နိုင်ပေ။ သူက မွေးဖွားဇယားချပ်၂ခု ဆုံးရှုံးပြီးသားဖြစ်သည့်အတွက် ထိုသူ၂ဦးနှင့် မည်သို့ယှဥ်နိုင်မည်နည်း။
ကျူးဟုန်ကုန်းက မျက်မှောင်ကြုတ်ကာ သူတို့ကို အလေးအနက် ကြည့်လိုက်သည်။ သူက စိတ်မလှုပ်ရှားဘဲ စိတ်ငြိမ်အောင် ထိန်းဖို့ သတိပေးလိုက်၏။ သူက ဇင်အဝတ်ဆီမှ အေးစက်မှုကို ခံစားမိလိုက်သည်။ ထိုအရာ သူဒဏ်ရာရရှိသည့်အခါတွင်သာ ဖြစ်ပေါ်လာခြင်း ဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ နောက်ကျောပေါ် လက်နှင့် စမ်းကြည့်လိုက်သော်လည်း ဒဏ်ရာရရှိပုံ မပေါ်ပေ။
ဝမ်ချောင် သေဆုံးပြီးနောက်တွင် ထိုလူ၂ယောက်က ကျူးဟုန်ကုန်းထံ ထပ်မံ ဒူးထောက်လိုက်ကြပြန်သည်။
“အခု ဝမ်ချောင်သေသွားပြီဆိုတော့ အဋ္ဌမသခင်လေးက ကျုပ်တို့ကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်”
ကျူးဟုန်ကုန်းက ပြောလိုက်သည်။
“ကောင်းပြီလေ”
“အဋ္ဌမသခင်လေးကို ကျေးဇူးတင်ပါတယ်”
“မင်းတို့၂ယောက်က အတော်လေးကို လုပ်ရည်ကိုင်ရည် ရှိတာပဲ။ မင်းတို့က ငါ့ဇာစ်မြစ်ကို သိတယ်ဆိုမှတော့ မဆင်မခြင် မပြုမူကြနဲ့”
“ဒါပေါ့ ဒါပေါ့”
ထို့နောက် အဖြူဝတ်ကျင့်ကြံသူ တစ်ယောက်က ပြောလာသည်။
“တော်ဝင်မင်းဆရာက ခင်ဗျားကို ကူဖို့ ကျုပ်တို့ကို ညွှန်ကြားထားပါတယ်။ တကယ်လို့ လိုအပ်တယ်ဆိုရင် ဒီမှာနေပြီးတော့ ကူညီပေးနိုင်ပါတယ်”
ကျူးဟုန်ကုန်းက လုလီကို ကြည့်လိုက်သည်။ လုလီက ခေါင်းခါပြလိုက်၏။
ကျူးဟုန်ကုန်းက ပြောလိုက်သည်။
“မင်းတို့ရဲ့ အကူအညီကို မလိုဘူး”
လုလီက လာကာမေးလိုက်သည်။
“ဒီမှာ သင်္ကေတလမ်းကြောင်း ရှိလား”
“မရှိဘူး။ ကျုပ်တို့က သင်္ကေတဆရာ မပါဘဲ ရောက်လာတာ”
လုလီကမေးလိုက်သည်။
“အဲဒါဆို မင်းတို့တွေ ဘယ်လိုပြန်မှာလဲ”
“လမ်းညွှန်အဆောင်နဲ့ဆိုရင် နှစ်ဝက်အတွင်း တာ့မင်ဆီ ပြန်ရောက်နိုင်တယ်”
“နှစ်တစ်ဝက်လား”
တာ့ချင်၏ ဧကရာဇ်ဖြစ်သူ ကျိဟုန်နှင့် နန်းတော်ပညာရှင်များက ရထားလုံးပျံပေါ် ရောက်ရှိလာကြသည်။ ရထားလုံးပျံက လေထဲတွင် ရှိနေသေးသော်လည်း ကျိဟုန်က ငုံ့ကြည့်ကာ ပြောလိုက်၏။
“ညီအစ်ကို ကျုပ်ရောက်လာပြီ။ ကျုပ် တစ်တိုင်းပြည်လုံးက အင်အားစုတွေကို ခေါ်လာခဲ့ပြီ”
ကျူးဟုန်ကုန်း “...”
ကျူးဟုန်ကုန်းက ပြန်လည်ချေပလိုသော်လည်း ယခုအခိုက်အတန့်က မသင့်တော်ကြောင်း ခံစားမိသည်။ အားလုံးက သူ့ကို ကိုးကွယ်နေကြသည့်အတွက် တစ်စုံတစ်ခု ပြောလိုက်ခြင်းက သူ့ဂုဏ်သတင်းကို ဆုံးရှုံးသွားစေနိုင်သည်။ ထို့ကြောင့် သူက အသံရှင်းရှင်းလင်းလင်းဖြင့် ပြောလိုက်သည်။
“ခင်ဗျားရဲ့ အကူအညီနဲ့ဆိုရင် ကျုပ် နိုင်မှာပါ”
………………….
ထိုစဥ် လုကျိုးက ကောင်းကင်ကျမ်း၏ အမြင့်စွမ်းအားကို ဖြတ်တောက်လိုက်သည်။ သူက အချိန်အတော်ကြာ လေ့လာနေသည့်အတွက် အထွတ်အထိပ် ဆန်းကြယ်စွမ်းအား ကုန်ဆုံးနှုန်း မြန်နေသည်။
သူ့၈ယောက်မြောက်တပည့်က ပွင့်ချပ် ၁၁လွှာ ထွက်ပေါ်ထားပြီးပြီဖြစ်သည့်အတွက် သူ့ကို စောင့်ကြည့်ဖို့ မလိုအပ်ပေ။ လုလီ၏ အကူအညီဖြင့် သူ့တပည့်က ကျန်ရှိနေသည့် ပြဿနာများကို အလွယ်တကူ ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်ထား၏။
“ကုန်းစွန်းယွမ်ရွှမ်း မင်းက မင်းနေရာကို သိသားပဲ”
ကျူးဟုန်ကုန်းက ဝမ်ချောင်နောက် လိုက်နေသည့်အခါ လုကျိုးက စီးဝူယာ့ဆီ ကုန်းစွန်းယွမ်ရွှမ်းထံ သတင်းစကားပို့ဖို့ အမိန့်ပေးထားသည်။ အဖြူဝတ်ကျင့်ကြံသူများက တစ်ယောက်နှင့် တစ်ယောက် တိုက်ခိုက်ခြင်းဖြင့် မည်သို့ အဆုံးသတ်သွားရသနည်း။
ဝမ်ချောင်က တာ့မင်တစ်ခုလုံးနှင့် ယှဥ်လိုက်လျှင် မည်သို့ အရေးပါမည်နည်း။
နောက်ဆုံးတွင် လုကျိုးက ထရပ်ကာ ချော်ရည်အနက်ပိုင်းထဲ ပျံသန်းလိုက်သည်။
အပူချိန်က ပြင်းထန်လွန်းသည့်အတွက် သူ့မျက်နှာကိုပင် လောင်ကျွမ်းစေသည်။
...
အခန်း (၁၀၉၇) မွေးဖွားစမ်းသပ်မှု
ချော်ရည်များသည် နီရဲပူလောင်နေပြီး အရည်ပျော်နေသည့် သံမဏိများပမာ ချိုင့်ဝှမ်းတစ်လျှောက် စီးဆင်းသွားလေ၏။ ၎င်း၏အရှိန်က မမြန်ပေ။ ချော်ရည်ပွက်သည့် အကျယ်အဝန်းကလည်း သိပ်မမြင့်။ ထို့ကြောင့် သူသည် သူ၏လက်ရှိကျင့်ကြံဆင့်ဖြင့် အလွယ်တကူရှောင်နိုင်သည်။
ချိုင့်ဝှမ်းတစ်လျှောက် တစ်နာရီကြာ ပျံသန်းပြီးနောက် နောက်ဆုံးတွင် တောင်ကြားကဲ့သို့ မီးတောင်ဂူထဲ၌ ရပ်တန့်လိုက်တော့သည်။ မှောင်မည်းနေပြီး ချော်ရည်ထဲမှ တောက်ပသည့်အလင်းရောင်ကိုသာ မြင်နေရသည်။
လုကျိုးသည် အအေးရေကန်၏ ဆန့်ကျင်ဖက်ဖြစ်သော အင်မတန်ပြင်းထန်သည့် အပူဒဏ်ကို ခံစားမိသော်ငြား ဤနေရာက သူ၏မွေးဖွားစမ်းသပ်မှုကို ဖြတ်ကျော်ရန် လုံလောက်အောင် မကြမ်းတမ်းဟု ခံစားမိသည်။
ရှေးစာအုပ်များထဲတွင် မှတ်တမ်းတင်ထားသည်က မိမိ၏မွေးဖွားစမ်းသပ်ချပ်ကို ဖြတ်ကျော်ရန် အကောင်းဆုံးနေရာက မိမိမွေးဖွားနန်းဆောင်ခံနိုင်ရည်ရှိမှု၏ အကန့်အသတ်ကို ရောက်သည့် ပတ်ဝန်းကျင် ဖြစ်သည်။ လက်နက်တစ်ခုသွန်းလုပ်သည့်အတိုင်းပင်။ သတ္တုကို အရည်ပျော်စေရန် မြင့်မားသောအပူချိန်ကို လိုအပ်သည်။ ပြီးမှ ၎င်းကို အလိုရှိရာလက်နက်အဖြစ် ပြုလုပ်နိုင်မှာပဲဖြစ်သည်။
သူ့အသက်ဓာတ်နှလုံးသားများထဲမှ ရထားသည့် မီးခုခံနိုင်မှုကြောင့် သူ၏အပူဒဏ်ခုခံနိုင်စွမ်းက အတော်လေးတိုးလာသည်။ သူ ရွေးချယ်စရာမရှိတော့ပေ။ ခပ်နက်နက်သွားမိနေ၏။
ဆယ့်ငါးမိနစ်ကြာပျံသန်းပြီးနောက် လုကျိုးသည် ဘူးသီးခြောက်ပုံစံရှိသည့်နေရာသို့ရောက်လာသည်။
ဘူးသီးခြောက်အဝမှ ချော်ရည်များသည် ဘူးသီးအောက်ခြေအထိ စီးကျသွားတော့သည်။ အပူက ယခင်ကထက် ပိုအားကောင်းလာသည်။ လုကျိုးသည် တဖြည်းဖြည်းချင်း ကျဉ်းမြောင်းသွားသော ချောင်းထဲသို့ ချော်ရည်များစီးကျသွားသည်ကို တွေ့လိုက်ရသည်။
“ဒါပဲလေ” လုကျိုးက ရေရွတ်ပြောလျက် ချွေးပျံလာတော့သည်။ ဤနေရာက သူ၏အကန့်အသတ်ကို စမ်းသပ်နေကြောင်း ခံစားမိသည်။
ပြီးနောက် သူသည် ဘူးသီးအောက်ခြေ၌ရှိသည့် ဧရာမကျောက်ဖျာဆီသို့ သွားလိုက်သည်။ မကြာမီ၌ လေထဲတွင် တရှဲရှဲမြည်လာတော့သည်။ သူ၏ဝတ်ရုံထောင့်စွန်းက ကျောက်တုံး၏မြင့်မားသော အပူရှိန်ကြောင့် လောင်ကျွမ်းသွားသည်။ သူ လက်ဝေ့ယမ်းလျက် မီးသတ်လိုက်တော့သည်။
သူသည် အပူချိန်မြင့်မားပုံကို မေ့လုနီးပါးဖြစ်သွား၏။ သူသည် ကျောက်တုံးကြောင့် မီးဟပ်သွားပါက မတော်တဆ ရလဒ်က စိတ်ဝင်စားစရာကောင်းသွားလိမ့်မည်။
သူက ကျောက်ဆောင်ကို လေ့လာကြည့်လိုက်ရာ ပူအိုက်နေသည့်ကျောက်ဆောင်နှင့် ဤနေရာရှိ ကျောက်တုံးကျောက်ခဲများက သာမန်ကျောက်တုံးများမဟုတ်ကြောင်း သိလိုက်၏။ သာမန်သာဆိုလျှင် သူတို့သည် အရည်ပျော်သည့်ကျောက်တုံးများ ဖြစ်သွားလိမ့်မည်။
လုကျိုးသည် ခုန်တက်လိုက်ပြီးနောက် စီးဆင်းနေသည့်ချော်ရည်ပေါ်ရှိလေထဲ၌ ရပ်နေ၏။ ပြီးနောက် သူက လေထဲတွင်ထိုင်ကာ လက်နှစ်ဖက်ကို ပေါင်ပေါ်တင်လိုက်သည်။
သူ၏ကြာပွင့်ကို ထုတ်လိုက်ပြီးနောက် အသက်ဓာတ်နှလုံးသားကို ကြည့်လိုက်၏။ ကြမ်းတမ်းခက်ထန်သော ပတ်ဝန်းကျင်၌ သူ၏မွေးဖွားနန်းဆောင် တုံ့ပြန်မည်ကို စောင့်နေတာ ဖြစ်သည်။ ဖြစ်စဉ်က သူသည် လောင်မျိုက်နေသော ချော်ရည်ထဲတွင် သူ၏ မွေးဖွားနန်းဆောင်ကို ကြိုနေသလိုခံစားလိုက်ရ၏။
နှစ်နာရီကျော် ကြာပြီးနောက် သူ၏မွေးဖွားနန်းဆောင်မှာ တုံ့ပြန်မှုမရှိပေ။
နောက်ထပ်နှစ်နာရီ ကုန်လွန်ပြီးနောက် တုံ့ပြန်မှု မရှိသေးချေ။
ခြောက်နာရီနီးပါး ကုန်လွန်သွားသောအခါ လုကျိုးသည် သူ၏စွမ်းအားဗဟိုချက် ချီပင်လယ်ထဲ၌ လောင်ကျွမ်းသော အထိအတွေ့ကို ခံစားလိုက်ရသည်။ ဤခံစားချက်က သူ၏ဆဋ္ဌမမြောက် အသက်ဓာတ်နှလုံးသားကို မြှုပ်နှံစဉ်က ခံစားမိပုံနှင့် ဆင်တူသည်။ သို့သော် အသက်ဓာတ်နှလုံးသားကို မြှုပ်နှံစဉ်ကလောက် မနာကျင်ပေ။
ပြီးနောက် လုကျိုးသည် သူ၏မွေးဖွားနန်းဆောင်တွင် ပြောင်းလဲမှုများကို တွေ့လိုက်ရ၏။ ဇုန်၏ သိသာထင်ရှားသော မျဉ်းများက လောင်ကျွမ်းလာလျက် ထွန်းလင်းလာ၏။ သူတို့က နှစ်စက္ကန့်ခန့် မှိတ်တုတ်မှိတ်တုတ်ဖြစ်နေ၏။
မကြာမီ၌ သူသည် စူးရှသောနာကျင်မှုတစ်ခုကို ခံစားလိုက်ရ၏။ အပူရှိန်က အဆပေါင်းများစွာ တိုးလာပြီး အဆင်မပြေလောက်သည်အထိ မြင့်မားလာတော့၏။
“ဒါက စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုပဲ” လုကျိုးသည် သူ့ဖာသာသူရေရွတ်ပြောလိုက်သည်။
သာမန်လူတစ်ယောက်အဖို့ ရေတစ်ပုံးသယ်ရန် မခက်ခဲပေ။ သို့သော်သူတို့က ယင်းကို အချိန်ကြာမြင့်စွာ ကိုင်ထားချင်လျှင် ခံနိုင်ရည်နှင့် ဇွဲသတ္တိလိုအပ်သည်။ ယခုအချိန်တွင် လုကျိုးက ထိုသို့သော အခြေအနေထဲရောက်နေတာဖြစ်သည်။
သူ၏မွေးဖွားနန်းဆောင်ထဲရှိ ပြောင်းလဲမှုကို ဂရုတစိုက်ကြည့်ပြီး တအံ့တဩပြောလိုက်မိ၏။ “ဒါပြီးဖို့ ဘယ်လောက်ကြာမလဲ”
ပြောင်းလဲမှုက နှေးကွေးလွန်းသည်။ အသက်ဓာတ်နှလုံးသားကြား အဆက်က ဆံချည်တစ်မျှင်စာမျှ ကောင်းနေသေးသည်။ မွေးဖွားနန်းဆောင်၏အချင်းက မီတာအနည်းငယ် ဆက်လက်ပြန့်ကားနေ၏။ ဤနှုန်းဖြင့် ပျံ့နှံ့ဖို့ဆို အချိန်အတော်ကြာယူရလိမ့်မည်။
“ဟုတ်ပြီ။ နောက်ပြန်လှည့်လို့လည်း မရတော့ဘူး။ ဒီရောက်နေပြီဆိုမှတော့ အချိန်ယူရတော့မှာပေါ့” လုကျိုးသည် မျက်လုံးမှိတ်လျက် စတင်ကျင့်ကြံတော့သည်။ သူသည် အစက အထွတ်အထိပ် ဆန်းကြယ်စွမ်းအားကို ပြန်ဖြည့်ပြီးနောက် သူ၏နေ့စဉ်ကျင့်ကြံမှုကို စတင်လိုက်တော့သည်။
ကောင်းကင်ကျမ်းစာကို နားလည်သဘောပေါက်ရန် ဆင်ခြင်သုံးသပ်မှုအခြေအနေထဲ ရောက်သွားသောအခါ သူ၏စိတ်က ကြည်လင်လာပြီး သူ၏ခန္ဓာကိုယ်ထဲ သက်သောင့်သက်သာရှိပြီး ခံစားချက်က ပျံ့နှံ့သွား၏။ ဤကဲ့သို့ ပူလောင်သော ပတ်ဝန်းကျင်တွင် ကောင်းကင်ကျမ်းစာမှ ပေးစွမ်းသည့် နှစ်သိမ့်မှုက မယုံနိုင်စရာကောင်းလောက်အောင် တန်ဖိုးရှိသည်။
ကောင်းကင်ကျမ်းစာမှ သင်္ကေတများသည် သူ၏စိတ်ထဲ ပေါ်လာ၏။
ယခုအချိန်၌ လုကျိုးသည် ကောင်းကင်ကျမ်းစာ၏ လူသားစာလိပ်နှင့် ရင်းနှီးနေပြီးဖြစ်သည်။ အတွေးတစ်ချက်ဖြင့် သူသည် ဆင်ခြင်သုံးသပ်သော အခြေအနေထဲ အလွယ်တကူ ဝင်ရောက်နိုင်၏။
တစ်ဖက်တွင်မူ သူသည် ကောင်းကင်ကျမ်းစာ၏မြေကမ္ဘာစာလိပ်ကို အားလုံးနီးပါး ဖတ်ရှုပြီးဖြစ်သည်။ သို့သော်ငြား သူတို့ကို မပြည့်အဝမကျွမ်းကျင်သေးချေ။
လက်ရှိတွင် လုကျိုးက ကောင်းကင်ကျမ်းစာမှ စွမ်းအားခုနစ်ခု ပိုင်ဆိုင်ထားသည်။ ၎င်းတို့က အထွတ်အထိပ် ဆန်းကြယ်စွမ်းအား သုံးစွဲသည့်အချက်ကြောင့်သာ မဟုတ်လျှင် ထိုစွမ်းအား ခုနစ်ခုတည်းဖြင့် အနက်ရောင်ကြာနယ်မြေနှင့် အနီရောင်ကြာနယ်မြေကို လွှမ်းမိုးနိုင်လိမ့်မည်။ သူသည် ကောင်းကင်ကျမ်းစာအစွမ်းထက်ပုံကို စိတ်ကူးသာယဉ်နိုင်၏။ ၎င်းကို မည်သို့ဖြေရမည်မှန်း မသိချေ။ သူ ယခုအချိန်၌ ပြုလုပ်နိုင်သည့်တစ်ခုတည်းသောအရာက သူတတ်နိုင်တာကို ဆင်ခြင်သုံးသပ်ဖို့ပဲ ဖြစ်သည်။
အနီရောင်ကြာနယ်မြေ၏ စူးစမ်းရှာဖွေရေးခုံရုံးထဲတွင်ဖြစ်သည်။
စီးဝူယာ့၊ ကျောင်းဟုန်ဖူနှင့် ကျန်သည့်သူများက ရှေးဟောင်းဆိတ်သားရေ မြေပုံနား၌ ရပ်နေကြသည်။
“ကျုပ်ရဲ့ရှစ်စွင်း တံခါးပိတ်ကျင့်ကြံနေပြီး အချိန်ကာလတစ်ခုအထိ ထွက်လာဦးမှာမဟုတ်ဘူး။ ဒီကာလအတွင်း သူ ကျင့်ကြံတာကလွဲရင် ကျန်ရှိတဲ့ မဖော်ထုတ်ရသေးတဲ့ ကုန်းမြေသုံးခုရဲ့ တည်နေရာတွေကို ရှာဖွေဖို့ကြိုးစားနေတာ” စီးဝူယာ့က ပြောလိုက်၏။
ဝမ်းယွီက ကုလားထိုင်ပေါ် ခြေတစ်ဖက်ထားပြီးပြောလိုက်၏။
“မင်းနဲ့ ညီမဟုန်ဖုက ဒါကို လေ့လာနိုင်တယ်။ တာ့ချွေနဲ့ ငါက မင်းတို့ရဲ့လက်နက်ကို မြှင့်တင်ပေးမယ်။ ပြောရရင် ငါတို့အားလုံးက အထူးပြုနယ်ပယ်ကိုယ်စီရှိကြတာပဲ”
“ခင်ဗျားပြောတာ ယုတ္တိရှိတယ်”
အနား၌ရပ်နေသော ဝမ်တာ့ချွေ့သည် သူတို့ယခင်က တစ်စုံတစ်ခုကို မှတ်မိသွားပုံပေါ်သည်။
“သတ္တမသခင်လေး မွေးဖွားစမ်းသပ်မှုကို ဖြတ်ကျော်ဖို့က အလွန်ခက်ခဲလား”
“မိမိရဲ့ရုပ်ခန္ဓာပေါ်မူတည်တယ်။ မွေးဖွားနန်းဆောင်က ခံနိုင်ရည်ရှိတဲ့ပတ်ဝန်းကျင်ကို ခင်ဗျားခံနိုင်ရည် ရှိမယ်ဆိုရင် ပိုမြန်လိမ့်မယ်။ မွေးဖွားစမ်းသပ်မှုကို ပြီးမြောက်ဖို့ နှစ်နှစ်ကနေ သုံးနှစ်ကြာမယ်။ ပြောရရင် လူတစ်ယောက်က ရပ်တန့်ပြီး အချိန်တချို့ အနားယူရမှာ သေချာပေါက်ပဲလေ။ ဒါက အချိန်အတော်ကုန်စေလိမ့်မယ်။ စားသောက်ဖို့အချိန်ကလည်း ရှိသေးတယ်။ ဘုံတစ်ထောင်လေပွေ အဆင့်ထဲဝင်ရောက်ပြီးတော့ နှစ်ဝက်ကြာ စားသောက်ဖို့ မလိုတော့ဘူးဆိုပေမဲ့ မိမိရဲ့ခန္ဓာကိုယ်က အင်မတန်ပြင်းထန်တဲ့အခြေအနေအောက်မှာ ပြောင်းလဲမှုဖြစ်နိုင်တယ်။ ဥပမာ ကန္တာရဒေသထဲမှာဆိုရင် ကျင့်ကြံသူတွေက တဖြည်းဖြည်းချင်းရေဆာလာမှာ” စီးဝူယာ့က ပြန်ပြောလိုက်၏။
“ဒါဆို မျှော်နန်းသခင်လုက သူ့ရဲ့မွေးဖွားစမ်းသပ်မှုကို ဖြတ်ကျော်ဖို့ အချိန် ဘယ်လောက်ယူရမယ်လို့ထင်လဲ”
သူတို့၏အမြင်တွင် လုကျိုးက မွေးဖွားစမ်းသပ်ချပ်နှစ်ခုကို ဖြတ်ကျော်ပြီးသည့် ထိပ်တန်းပညာရှင်တစ်ယောက် ဖြစ်သည်။
“ကျုပ် သေချာမသိဘူး။ ရှစ်စွင်း ကျင့်ကြံတဲ့အချိန် အနားမှာ လူတွေရှိတာ သဘောမကျဘူး” စီးဝူယာ့က အမှန်အတိုင်း ဖြေလိုက်သည်။
“နှမြောစရာပဲ။ မျှော်နန်းသခင်လုက အတွေ့အကြုံတွေ များတာ။ ဒါတောင်မှ စမ်းတဝါးဝါးနဲ့ သွားနေရတုန်းပဲ”
ဆိုရလျှင် စီးဝူယာ့က မွေးဖွားဇယားချပ်များ၏အသက်သွင်းမှုနှင့် မွေးဖွားနန်းဆောင်ရှင်းလင်းမှုကို လေ့လာနေခဲ့တာ အတော်ကြာပြီဖြစ်သည်။
စီးဝူယာ့က ပြောလိုက်၏။
“ကျုပ်ရဲ့ရှစ်စွင်းက အမြဲတမ်း အဲ့လိုပဲလေ။ သူက ကျုပ်တို့ရဲ့အထုံပါရမီအလိုက်ပဲ သင်ပေးတာ”
“ထိုးထွင်းသိမြင်နိုင်စွမ်းရှိလိုက်တာ”
အဝါရောင်ကြာနယ်မြေထဲတွင် ဖြစ်သည်။
တာ့ချင်၏တော်ဝင်နန်းဆောင်၌
ဝမ်ချောင်သေဆုံးကြောင်းက ကျူးဟုန်ကုန်း၏အဆင့်အတန်းကို ခိုင်မာစွာတည်ဆောက်ပေး၏။
တာ့ချင်ဧကရာဇ်ကျိဟုန်တောင် သူနှင့်ယှဉ်လျှင် အနည်းငယ်နိမ့်ကျသွားသည်။
သူတော်စင်ခန်းမထဲတွင်ဖြစ်သည်။ လုလီကပြောလိုက်သည်။
“မင်းရဲ့ရှစ်စွင်းက တကယ်အံ့ဩစရာကောင်းတာပဲ။ သူက တာ့မင်ရဲ့လူတွေကိုတောင် ခြောက်လှန့်နိုင်တယ်"
“သူတို့ပြောနေတဲ့သူက ကျုပ်ရဲ့ရှစ်စွင်း မဟုတ်လောက်ဘူး။ ကျုပ်ရှစ်စွင်းရဲ့ စိတ်နေသဘောထားကို ခင်ဗျားထက် ပိုသိတယ်”
“မင်းမှန်တယ်။ သူ့မျိုးရိုးက လုဆိုတော့ လုမျိုးနွယ်က ဖြစ်လောက်တယ်။ ဒါပေမဲ့ ငါ့ဦးလေးရဲ့ ကျင့်ကြံဆင့်က မြင့်ပေမဲ့ တာ့မင်ရဲ့တော်ဝင်မင်းဆရာကို ဦးညွှတ်အောင်လုပ်ဖို့ လုံလောက်အောင် မသန်မာဘူး” လုလီကပြောပြီးနောက် စိတ်ရှုပ်ထွေးသွား၏။
“ဒီအကြောင်းမပြောကြရအောင်။ ပွင့်ချပ်၁၁ခုအကြောင်းပြောကြမယ်” ကျုးဟုန်ကုန်းက ပြောပြီး သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့တည်လိုက်သည်။ ပြီးနောက် သူ့ရှေ့တွင် ပွင့်ချပ်၁၁ခု ဝန်းရံနေသည့် ရွှေရောင်ရောင်ခြည်စက်ဝန်းကို ရွေ့လိုက်၏။ လုလီက ခေါင်းခါပြီးပြောလိုက်သည်။
“မင်းရဲ့စိတ်ဝိညာဉ်သဏ္ဌာန်လိုမျိုးကို အရင်က တစ်ခါမှ မတွေ့ဖူးဘူး။ ကြာပွင့်မရှိဘဲ မွေးဖွားဇယားချပ်မရှိဘူး။ ဒါပေမဲ့ ကြာပွင့်မရှိဘဲ မင်းက မွေးဖွားဇယားချပ်လေးခု ဘုံတစ်ထောင်လေပွေ ကျင့်ကြံသူကို သတ်နိုင်တယ်”
“ကျုပ်က ကောင်းချီးပေးခံရတာများလား”
“...”
လုလီက စိတ်လေးသွားကာ ပြောလိုက်၏။
“ဘာပဲဖြစ်ဖြစ် အခုမင်းရဲ့ကျင့်ကြံဆင့်က ဘုံတစ်ထောင်လေပွေအဆင့်ကို ရောက်သွားပြီ။ ရှေ့ဆက်တိုးတက်ဖို့ဆို အဝါရောင်ကြာနယ်မြေက မလိုတော့မှာ စိုးရတယ်”
“ဘာလို့လဲ” ကျူးဟုန်ကုန်းက ထရပ်လိုက်၏။
“မင်းက ဆယ့်တစ်ချပ်မြောက်ပွင့်ချပ်မဖူးပွင့်ခင် အသက်ဓာတ်နှလုံးသား ရှစ်ခု စုပ်ယူခဲ့ရတာ။ ဒီအသက်ဓာတ်နှလုံးသားရှစ်ခုရဖို့ အသက်ဘယ်လောက်စတေးရလဲဆိုတာ မင်း သိလား။ အဝါရောင်ကြာနယ်မြေထဲက လူတွေက မင်းကိုယုံကြည်နေပြီး မင်းအတွက် သူတို့အသက်စတေးပေးချင်တာ မင်း ကံကောင်းတယ်။ တခြားနေရာမှာဆိုရင် အသက်ဓာတ်နှလုံးသားအများကြီး ရဖို့ဆိုတာ မေ့ထားလိုက်။ ဒါကြောင့် သူတို့ရဲ့မှုကို ပိုကောင်းကောင်းသိရမယ်”
ကျူးဟုန်ကုန်းက နားမလည်ပေ။
ကျူးဟုန်ကုန်း၏ မျက်နှာထက်၌ ဇဝေဇဝါဖြစ်မှုကို မြင်သောအခါ လုလီက သူ၏ပခုံးကိုပုတ်ကာ စိတ်အားထက်သန်စွာပြောလိုက်၏။
“အဝါရောင်ကြာနယ်မြေကို လွတ်လပ်ခွင့် ပေးလိုက်တာက အကောင်းဆုံးပဲ။ မင်းရဲ့စကားတွေကို စာအုပ်ထဲမှာ မှတ်ထားတယ်။ ခဏကြာရင် ငါတို့ထွက်သွားနိုင်ပြီ”
“...”
“အဆင့်ပိုမြင့်တဲ့ မွေးဖွားဇယားချပ်သားရဲက အဝါရောင်ကြာနယ်မြေတစ်ခုလုံးကို မယှဉ်နိုင်ဘူး။ ဒါပေမဲ့ မင်းမှာမဟာလေဟာနယ်စွမ်းအင်ရှိတယ်။ မင်း လှဲနေဦးမယ်ဆိုရင်တောင် မင်းရဲ့ကျင့်ကြံဆင့်က ဆက်လက်တိုးတက်နေဦးမှာ အနှေးနဲ့အမြန်။ မင်းဒီမှာဆက်နေမယ်ဆိုရင် အဝါရောင်ကြာနယ်မြေဆီ ကပ်ဘေးဆောင်ယူလာလိမ့်မယ်” လုလီက ရှင်းပြလိုက်သည်။
ကျူးဟုန်ကုန်းက ထွက်မသွားချင်ပေ။ သို့သော် မလိုအပ်ဘဲ ဆက်နေတာက အကြံဉာဏ်ကောင်း မဟုတ်ကြောင်း သူ သိနေ၏။ ထို့အပြင် တာ့မင်ကလည်း အနီရောင်ကြာနယ်မြေ၏တည်နေရာကို ရှာတွေ့သွားပြီဖြစ်သည်။
“နောင်ကျ ကျုပ် ပြန်လာနိုင်မှာလား”
“ဒါပေါ့။ ငါ ပြန်ရောက်တဲ့အချိန် ဒီနေရာကို သင်္ကေတလမ်းကြောင်းတစ်ခု တည်ဆောက်လိုက်မယ်။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းက သင်္ကေတပညာရှင်တွေ ရှိတယ်။ သူတို့ကို အကူအညီ တောင်းလိုက်မယ်။ ဒါ့အပြင် မင်းရဲ့မဟာလေဟာနယ်စွမ်းအင်ကိုလည်း ငါ ဖုံးကွယ်ထားပေးပြီးပြီ။ ဒါကြောင့် ကြွားလုံးထုတ်ဖို့ အပြင်မှာ လျှောက်ပတ်ပြေးမနေနဲ့” လုလီက ပြောလိုက်၏။
ထိုစကားများကို ကြားသောအခါ လုလီက သူ့ကို မည်မျှဂရုစိုက်ကြောင်း သူ သဘောပေါက်သွားလေ၏။
“ငါတို့ပြန်ရောက်ရင် မင်းက ရွှေကြာနယ်မြေကို ပြန်ရမယ်။ ဒါပေမဲ့ ရွှေကြာနယ်မြေက အားနည်းတယ်။ မင်းကို ကူညီဖို့နည်းလမ်းတစ်ခုရှာပေးမယ်။ မင်းရဲ့ရှစ်စွင်းက မင်းကို မသင်ပေးနိုင်ရင် ငါ မင်းကို သင်ပေးမယ်” လုလီကဆက်ပြောလိုက်၏။
“ခင်ဗျား ထပ်ပြောပြန်ပြီလား” ကျူးဟုန်ကုန်းသည် ဆရာပြောင်းလဲခြင်းအကြောင်း ကြားရတာ ငြီးငွေ့နေပြီဖြစ်သည်။
“ဒီအကြောင်း အခုမပြောရအောင်။ ဒီကာလအတွင်း အဝါရောင်ကြာနယ်မြေအတွင်းမှာ မင်းရဲ့အဆင့်ကို တည်ငြိမ်အောင်လုပ်ရမယ်။ အရာအားလုံးအဆင်ပြေတာနဲ့ ဒီနေရာကထွက်သွားမယ်”
အဝါရောင်ကြာနယ်မြေသည် သမုဒ္ဒရာနှင့်နီးသည်။ အလွယ်တကူရေမြှုပ်နိုင်သည်။ တစ်နှစ်ပတ်လုံး၌ ဥတုလေးခု၌ ပြောင်းလဲမှုမရှိသောကြောင့် ကျွန်းများနှင့် တောအုပ်များသည် တမူထူးကဲသော ရှုခင်းတစ်ခုဖြစ်သည်။
...
အခန်း(၁၀၉၈) ပထမမွေးဖွား စစ်ဆေးမှု၏စွမ်းရည်
အချိန်က ကုန်ဆုံးသွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း နှစ်တစ်ဝက် ကုန်ဆုံးသွားခဲ့၏။
လွှမ်းမိုးဂိုဏ်း၏ ကမ်းရိုးတန်းအနီးတွင်
လွှမ်းမိုးဂိုဏ်းရှိ တပည့်များက အယောက်တစ်ထောင်နီးပါး ရှိနေကာ ကျွန်းကို ပြည့်လုနီးပါး ဖြစ်နေသည်။ ထိုစဉ် ကောင်းကင်အထက် ဧရာမ ရထားလုံးပျံတစ်ခု ပျံသန်းကာ ရောက်ရှိလာ၏။
တာ့ချင်၏ ဧကရာဇ်ဖြစ်သူ ကျိဟုန်က ကျုးဟုန်ကုန်း၏ လက်ကို ဆွဲကာ ပြောလိုက်သည်။
“ငါ့ရဲ့ ညီအစ်ကိုကောင်း ဘယ်အချိန် ပြန်လာမှာလဲ”
ဟုန်ဂိုဏ်းမှ တပည့်များက အယောက်တစ်သိန်းနီးပါး ရှိကာ ကျွန်းတစ်ခုလုံး ပြည့်လုမတတ် ဖြစ်နေသည်။
ကျုးဟုန်ကုန်းက လက်ကို ပြန်ဆွဲယူကာ ပြောလိုက်သည်။
“ကျုပ်က သွားဆော့ဖို့ ထွက်သွားရုံပဲ အချိန်မရွေး ပြန်လာနိုင်တယ်”
“ညီအစ်ကို ပြန်လာဖို့ မမေ့နဲ့နော်။ အံ့ဖွယ်သခင်ရာထူးကို သေချာပေါက် ထိန်းသိမ်းပေးထားမယ်”
“ကောင်းပါပြီ ဒီနှစ်တွေ အားလုံးအတွက် ကျေးဇူးတင်ပါတယ်” ကျူးဟုန်ကုန်းက ပြောလိုက်သည်။
“ဒါက ဘာမှမဟုတ်ပါဘူး။ ပြီးတော့ ငါ့ရဲ့တော်ဝင်ညီမ လေးယောက်အကြောင်း တွေးမိရင်…”
ထိုစဉ် လုလီက ချောင်းအသာဟန့်လိုက်သည်။
ကျိဟုန်က မျက်နှာပူစွာ စကားဆက်မပြောတော့ပေ။
ကျူးဟုန်ကုန်းက လက်ဖြန့်ကာ ကူကဲ့ရာမဲ့စွာ ရေရွတ်လိုက်သည်။
“အရှင်မင်းကြီးရဲ့ ကြင်နာမှုကို ကျေးဇူးတင်ပါတယ်”
“မင်းကို မိုင်တစ်ထောင်အထိ လိုက်ပို့မယ်။ သေချာဂရုစိုက်နော်” ကျိဟုန်က ပြောလိုက်သည်။
ကျူးဟုန်ကုန်း၏ သဘောထားကာ အလေးအနက် ဖြစ်လာကာ ကျိဟုန်ထံ လက်နှစ်ဖက်ယှက်ကာ ပြောလိုက်၏။
“ဂရုစိုက်ပါ”
ထိုစဉ် ရွှီဝမ်ချင်းနှင့် ထောင်ကျင်းတို့က ကောင်းကင်အထက် ပျံသန်းလာကြသည်။ သူတို့က ကျုးဟုန်ကုန်း၏ ကျွန်းဆီ ပထမဦးဆုံး ရောက်ရှိလာမှုကို အမှတ်ရနေဆဲ ဖြစ်၏။
ထောင်ကျင်းက ပြောလိုက်သည်။
“ခင်ဗျားက လွှမ်းမိုးဂိုဏ်းကို ငါးနှစ်အတွင်း နံပါတ်တစ်ဂိုဏ်း ဖြစ်အောင် လုပ်ပေးမယ်ဆိုတဲ့ ကတိတည်ခဲ့တယ်။ ဒါပေမဲ့ အခု ခင်ဗျား ထွက်သွားပြီဆိုတော့ အနာဂတ်ကျရင် ဂိုဏ်းက ဘယ်လိုဖြစ်မှာလဲ”
“မင်းက အနာဂတ်ကျရင် ဂိုဏ်းချုပ် လုပ်လိုက်ပေါ့” ကျုးဟုန်ကုန်းက ပြန်ဖြေလိုက်သည်။
“ကောင်းပြီလေ အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့ သွားကြစို့” လုလီက ပြောလိုက်သည်။
ကျူးဟုန်ကုန်းက ဝေဟင်အထက် ခပ်မြင့်မြင့် ပျံသန်းလိုက်၏။
ထန်ခမ်းက လေထဲပျံသန်းလာပြီး ခန္ဓာကိုယ်က တောက်ပလာသည်။
ထန်ခမ်းက ခေတ္တမျှ ရပ်တန့်ပြီးသည့်နောက်တွင် ကျုးဟုန်ကုန်းက အနောက်ကို လှည့်ကြည့်လိုက်၏။ သူ့ရှေ့တွင် ရှိနေသည့် အရာအားလုံးက ယခုအခါ အတိတ် ဖြစ်သွားလေပြီ။ သူ့နှလုံးသားက အနည်းငယ် လှုပ်ရှားနေပြီး အလေးအနက် ပြောလိုက်သည်။
“ငါ ပြန်လာတာကို စောင့်နေ”
လွှမ်းမိုးဂိုဏ်း၏ အယောက်တစ်သိန်းကျော်က ပြိုင်တူ ဒူးထောက်လိုက်ကြ၏။
“ခေါင်းဆောင် ကောင်းကောင်း သွားပါ”
ကျူးဟုန်ကုန်းက လုလီ၏ အမူအယာကင်းမဲ့သည့် မျက်နှာထားကို မြင်သောအခါ မနေနိုင်ဘဲ မေးလိုက်မိသည်။
“ခင်ဗျား ရင်ထဲ ထိမသွားဘူးလား”
“မင်းဆီမှာ အနှောင်အဖွဲ့ နည်းလေလေ ပိုပြီးတော့ လွပ်လပ်လေလေပဲ။ မင်း ဒါကို နားမလည်သေးပါဘူး”
ကျူးဟုန်ကုန်းက သက်ပြင်းသာ ချလိုက်သည်။
ဆက်တိုက်ဆိုသလို နှစ်ဦးသားက အဆုံးမဲ့ပင်လယ်ထဲ ပျံသန်းလာ၏။ သူတို့အနေဖြင့် မြင်ကွင်းမှ ပျောက်ကွယ်သွားဖို့ အချိန်သိပ်မကြာလိုက်ပေ။
…
သူတိုက အဆုံးမဲ့ပင်လယ်၏ ကမ်းရိုးတန်းဆီ ရောက်ရှိလာသည့်အခါ ကျူးဟုန်ကုန်းက မေးလိုက်သည်။
“ကျုပ်တို့တွေ လမ်းပျောက်ပြီးတော့ အစိမ်းရောင်ကြာနယ်မြေထဲ ရောက်သွားရင် ဘယ်လိုလုပ်မလဲ”
“ငါတို့တွေ လမ်းမပျောက်ပါဘူး။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းက အဖွဲ့သားတိုင်းကို သေချာမှတ်ထားတာ။ ငါရဲ့ အသက်ကျောက်တုံးက မကြေမွသေးဘူးဆိုတော့ အနက်ရောင်မျှော်စင် အဖွဲ့အစည်းက ငါ့ကို ပြန်ခေါ်ဖို့ အမှတ်အသားတွေ ချန်ထားခဲ့လိမ့်မယ်။ ပြီးတော့ အခု အစိမ်းရောင်ကြာနယ်မြေဆိုတာ မရှိဘူး”
“ခင်ဗျားက ဘယ်လိုလုပ် သေချာနေတာလဲ။ အဝါရောင်ကြာ နယ်မြေကိုလည်း ရောက်ခါစက မသိခဲ့ဘူးမလား”
ကျူးဟုန်ကုန်းက ပြောလိုက်သည်။
“အမည်မသိ ကုန်းမြေရဲ့ တွင်းအနက်ပိုင်းမှာ အစိမ်းရောင်ကြာနယ်မြေ ရှိတယ်။ အဲဒါက အရမ်းကို အားကောင်းတဲ့ နယ်မြေတစ်ခုပဲ။ လွန်ခဲ့တဲ့ နှစ်သုံးထောင်ခန့်က လူသားနဲ့ သားရဲတွေ အကြားမှာ တိုက်ပွဲကြီးတစ်ခု ဖြစ်ပျက်ခဲ့တယ်။
ပြီးတော့ လူသားတွေ အချင်းချင်းကြားကလည်း တိုက်ပွဲတွေ ဖြစ်ပျက်ခဲ့တယ်။ လူတော်တော်များများက အသတ်ခံလိုက်ရတာမျိုး ဒါမှမဟုတ် အပြင်းအထန် ဒဏ်ရာရရှိသွားကြတယ်။ ကျန်ရှိနေတဲ့ သူတွေကလည်း ဆာလောင်မွတ်သိပ်ပြီးတော့ အိုးမဲ့အိမ်မဲ့ ဖြစ်သွားကြတယ်။
အဲ့ဒီအချိန် တာအိုဆရာသခင်လုက ပေါ်ထွက်လာပြီးတော့ အနက်ရောင်ကြာနယ်မြေကို ဖိနှိပ်ခဲ့တာ။ သူက နှစ်တစ်ထောင်ကျော် တိုက်ခိုက်နေရတဲ့ အနက်ရောင်ကြာနယ်မြေရဲ့ တိုက်ပွဲကို အဆုံးသတ်ပေးခဲ့တယ်။ အဲ့ဒီနောက် အစိမ်းရောင် ကြာနယ်မြေက အမည်မသိ ကုန်းမြေဆီ ရွှေ့သွားပြီးတော့ ပြင်ပလောကနဲ့ အဆက်အသွယ်တွေ အားလုံးကို ဖြတ်တောက်ခဲ့တာပဲ”
လုလီက ပြောလိုက်သည်။
“အားလုံးရဲ့ မျိုးရိုးက ဘာလို့ လုဖြစ်နေရတာလဲ။ တစ်ယောက်က မျှော်နန်းသခင်လု အခု တာအိုဆရာသခင်လုက ပိုပြီးတော့တောင် လွန်ကဲနေသေးတယ်”
ကျူးဟုန်ကုန်းက ငြီးတွားလိုက်သည်။
လုလီက ခပ်တည်တည်ဖြင့်သာ ပြောလိုက်၏။
“လုမျိုးနွယ်ရဲ့ ဘိုးဘေးက လွန်ကဲနေတာ မဟုတ်ဘူး။ ငါတို့တွေ အနက်ရောင်ကြာနယ်မြေကို ပြန်ရောက်တဲ့အခါ လုမျိုးနွယ်က ဘယ်လောက်ကြီးမြတ်လဲဆိုတာကို မင်း နားလည်သွားလိမ့်မယ်”
“ကောင်းပြီ ကောင်းပြီ … ပြောချင်တာသာ ပြောတော့။ ကျုပ်လည်း မပြောတတ်တော့ဘူး”
ကျူးဟုန်ကုန်းက လုလီကို ထပ်မံ ပြောလိုက်သည်။
ဤတစ်ကြိမ် ထန်ခမ်းက ငြီးတွားလိုက်၏။
သူတို့က နေသာသည့် နေ့ရက်ကို ရွေးကာ ထွက်လာခဲ့ခြင်း ဖြစ်၏။ ပင်လယ်ပြင်က ပုံမှန်ထက် တည်ငြိမ်နေပြီး လေနှင့်လှိုင်းလုံးများကလည်း အားမပြင်းပေ။
လုလီက ပြောလိုက်သည်။
“အဆုံးမဲ့ပင်လယ်ထဲမှာ လှိုင်းလုံးကြီးတွေ မရှိသေးတော့ အတော်လေး ဘေးကင်းတယ်။ ဒါပေမဲ့ အပြည့်အဝ ဘေးကင်းနေတာတော့ မဟုတ်သေးဘူး။ မင်းအနေနဲ့ သတိကြီးကြီးထားဖို့ လိုတယ်။ ဆူဆူညံညံ မလုပ်နဲ့။ တကယ်လို့ အရင်တစ်ခေါက်ကလို ပင်လယ်သားရဲဘုရင်နဲ့သာ တွေ့ရင် ဘယ်သူကမှ ငါတို့ကို ကယ်နိုင်မှာ မဟုတ်ဘူး”
“ဘာမှမစိုးရိမ်ပါနဲ့။ ကျုပ် ကယ်ပါ့မယ်” ကျူးဟုန်ကုန်းက ရည်ရွယ်ချက်ရှိစွာ ပြောလိုက်သည်။
လုလီက ကျူးဟုန်ကုန်းကို လျစ်လျူရှုပြီး ထန်ခမ်း၏ကျောပေါ် ပျံသန်းသွားလိုက်၏။
လက်ရှိ ထန်ခမ်းက လူလေးငါးယောက်ကို သယ်သွားဖို့ရာ ပြဿနာ မရှိပေ။
“အရှိန်မြင့်သွားရအောင်”
ကျူးဟုန်ကုန်းက ထန်ခမ်းကို ပုတ်လိုက်သည်။
ထန်ခမ်းက အသိအမှတ်ပြုကာ အသံပေးလိုက်ပြီး တိမ်တိုက်များအကြား ကြယ်တံခွန်အလား ပျံသန်းကာ ပျောက်ကွယ်သွားသည်။
…
အနီရောင်ကြာနယ်မြေ၏ ကောင်းကင်ချား တောင်နိမိတ်
ကျစ်ကျစ်တောက် ပူနေသည့် ဘူးသီးခြောက်ခွံပုံစံ ဂူတစ်ခုအတွင်း
နှစ်တစ်ဝက်အကြာ ရှိနေပြီးသည့်နောက်တွင် လုကျိုး၏ အဝတ်အစားများပင် သိပ်မကျန်တော့ပေ။ သူ့အပေါ်ပိုင်း ခန္ဓကိုယ်က ယခင်က ပိုမိုကြွက်သားများ ရှိနေလေ၏။ ဤတစ်ကြိမ် သူ့ခန္ဓာကိုယ် တစ်ခုလုံးက ချွေးများ ပြိုင်းပြိုင်း ကျနေလေသည်။
လုကျိုးက သူ့မွေးဖွားနန်းဆောင်သည် နှစ်တစ်ဝက် ကုန်ဆုံးသွားပြီးနောက်တွင်ပင် မပြီးပြည့်စုံသေးဘဲ နေလိမ့်မည်ဟု ထင်မထားမိချေ။ ပြီးမြောက်ဖို့ရာ နောက်ထပ် အချိန်တချို့ ကြာမြှင့်နိုင်၏။
ဤနှစ်တစ်ဝက်ကျော်အတွင်း ရေငတ်ပြေရုံမှလွဲပြီး သူ တစ်ခေါက်သာ အပြင်ထွက်ခဲ့သည်။ ကျန်ရှိနေသည့် အချိန်များက ဤနေရာတွင် ခန္ဓာကိုယ်ကို လေ့ကျင့်ပေးခဲ့၏။
ကောင်းကင်ကျမ်းကို ဆင်ခြင်ခြင်းက နေ့စဉ်လုပ်ငန်းဆောင်တာတစ်ခု ဖြစ်လာခဲ့သည်။
ရံဖန်ရံခန် သူ လုပ်စရာ မရှိသည့်အခါ ကောင်းကင်ကျမ်း၏ အမြင်စွမ်းအားကို ရွတ်ဖတ်ကာ သူ့တပည့်များကို စစ်ဆေးကြည့်လေ့ရှိသည်။
သို့သော်လည်း ယခင်ရက်ပိုင်းအတွင်း ကောင်းကင်ကျမ်းစွမ်းအားသည် အပူချိန်အပေါ် သက်ရောက်မှု မရှိတော့အကြောင်း ခံစားမိလေ၏။ သူ့တစ်ကိုယ်လုံးက တဖြည်းဖြည်းချင်း အကင်ခံနေရသလို မသက်မသာ ဖြစ်လာမိသည်။
“မွေးဖွားစမ်းသပ်ချက်ကို ဖြတ်ကျော်ဖို့က ခြောက်ခုမြောက် မွေးဖွားဇယားချပ်ကို အသက်သွင်းတာထက်တောင် ပိုပြီးတော့ ခက်ခဲနေတာပဲ”
လုကျိုးက မွေးဖွားဇယားချပ် ဆယ့်နှစ်ခု သို့မဟုတ် ဆယ့်သုံးခု ပိုင်ဆိုင်ထားသူများသည် မွေးဖွားစမ်းသပ်ချက်ကို ဖြတ်ကျော်ဖို့ မည်မျှခက်ခဲလိုက်မလဲဟု တွေးကြည့်ဖို့ ခက်နေသည်။
လုကျိုးက သူ့မွေးဖွားနန်းဆောင်ကို ကြည့်နေ၏။
အပြောင်းအလဲများက အနည်းငယ်သာ တိုးတက်လာသည်။ ဤတစ်ကြိမ်တွင် တြိဂံ သုံးဆယ့်ခြောက်ခုက တောက်ပနေပြီး မွေးဖွားနန်းဆောင် တစ်ဝက်ကျော်ကို ဖုံးလွှမ်းထားသည်။ သူက မျက်လုံးကို မှိတ်ကာ အပူချိန်ကို တောင့်ခံလိုက်၏။ သူက သေဖို့ရာသာ ဆုတောင်းလုနီးပါး ဖြစ်သည့် နာကျင်မှုထဲ နစ်မြောနေသည်။ အရိုးတွင်းချဉ်ဆီကပင် မီးတောက်နေသလို ခံစားနေရ၏။
…
မျက်စိတစ်မှိတ်အတွင်း နောက်ထပ်သုံးရက်တာ ကုန်ဆုံးသွားခဲ့သည်။
လုကျိုးက အသံတစ်သံကြောင့် နိုးလာ၏။ သူ မျက်လုံးဖွင့်ကြည့်ပြီး ချော်ရည်ပူဟု ထင်လိုက်မိသော်လည်း သူ့မွေးဖွားနန်းဆောင်က မီးတောက်နေကြောင်း မြင်လိုက်ရသည်။
မျက်စိတစ်မှိတ်အတွင်း နောက်ထပ် သုံးရက်တာ ကုန်ဆုံးသွားခဲ့ရ၏။
“သိပ်မကောင်းတော့ဘူး”
လုကျိုးက လက်နှစ်ဖက် ပူးကပ်လိုက်သည်။
မွေးဖွားနန်းဆောင်လောက် ကျယ်ဝန်းသည့် လက်ဝါးစည်းတံဆိပ်က သူ့မွေးဖွားနန်းဆောင်အပေါ် ကျရောက်လာ၏။
ဘန်း
လုကျိုးက ပြင်းထန်သည့် နာကျင်မှုကို ခံစားလိုက်ရသည်။ သူ လုပ်သည်က သူ့ကိုယ်သူ ထုရိုက်ခြင်းနှင့် တူညီသော်လည်း သူ့တွင် ရွေးချယ်စရာ မရှိပေ။ လက်ဝါးစည်းတံဆိပ်က မွေးဖွားနန်းဆောင်ရှိ မီးတောက်ကို ငြှိမ်းသတ်ပစ်နိုင်၏။
“ထပ်ပြီးတော့ ပိတ်ဆို့သွားပြန်ပြီလား”
လုကျိုးက တစ်စုံတစ်ရာ လွဲမှားနေသည်ကို ခံစားမိလိုက်သည်။ သို့သော် သူက ဘာမှားနေသည်ကို သိလိုက်၏။ သူ့ချီပင်လယ်ထဲရှိ သက်သောင့်သက်သာ မဖြစ်သည့် ခံစားချက်က ထပ်မံ ပေါ်ထွက်လာခဲ့သည်။
ဤတစ်ကြိမ် သူ့ငယ်ရွယ်မှု ပြန်ရရှိလာကတည်းက ပြဿနာတစ်ခု ရှိနေပုံပေါ်သည်။ သူ့ကျင့်ကြံဆင့် မြှင့်တက်လာသည့်အခါ ပြဿနာက ပိုမိုသိသာလာခဲ့၏။
သာမာန်အခြေအနေအောက်တွင် ကြာပွင့်က မီးတောက်ကို ခုခံနိုင်စွမ်းအား ရှိ၏။ သာမာန်သေမျိုးမီးတောက် မဆိုထားနှင့် ကံမီးတောက်ကိုပင် တောင့်ခံနိုင်သည်။ ဤသို့သော ပတ်ဝန်းကျင်မျိုးက လူတစ်ယောက်၏ ခံနိုင်ရည်ကို စမ်းသပ်နေခြင်းသာ ဖြစ်၏။ သို့သော် ကြာပွင့်ကို လောင်ကျွမ်းမပစ်နိုင်ပေ။ သို့သော်လည်း အသက်ဓာတ်စွမ်းအားက တုံ့ဆိုင်းသွားသည့်အခါ ကြာပွင့်က အကာအကွယ် ဆုံးရှုံးသွားရသည်။ ထို့ကြောင့် လုကျိုး၏ စွမ်းအင်ဗဟိုချက်ရှိ ချီပင်လယ်က ခေတ္တမျှ ပိတ်ဆို့သွားသည့်အခါ သူ့ကြာပွင့်က မီးကူးသွားလေသည်။ ဤနေရာရှိ အပူချိန်က ကံမီးတောက်ထက် မနိမ့်ကျပေ။
“ငယ်ရွယ်မှုရဲ့ တန်ကြေးလား”
လုကျိုးက ယခင်က တာဝန်ကို ပြန်လည်အမှတ်ရလိုက်သည်။ သူက စနစ်ကို ခေါ်ကာ ကြည့်လိုက်၏။
“ဒုတိယ စိတ်ဝိညာဉ်သဏ္ဌာန် - အပြာရောင်သလင်းကျောက်ကို စုဆောင်းပါ (၄/၉)”
ဒုတိယစိတ်ဝိညာဉ်သဏ္ဌာန်က ဒီပြဿနာကို ဖြေရှင်းဖို့ သော့ချက်ပဲ…
လုကျိုးက ကောင်းကင်ကျမ်း၏ အမြင့်စွမ်းအားဖြင့် မင်ရှီယီကို စစ်ဆေးကြည့်လိုက်သည်။
ခလော ခလော ခလော
ဝုတ် ဝုတ်
လုကျိုးက မင်ရှစ်ရင်သည် အိပ်စက်နေသည်ကို မြင်သောအခါ မနေနိုင်ဘဲ ကျိန်ဆဲလိုက်မိသည်။
“ခွေးကောင်”
မင်ရှစ်ရင်က အိပ်စက်နေ၏။
လုကျိုးက ကောင်းကင်ကျမ်းစွမ်းအားကို ရွတ်ဖတ်ပြီး မင်ရှစ်ရင်၏ အခြေအနေကို ကြည့်လိုက်သည်။ ဤသို့ဖြင့် သူ့အထွတ်အထိပ် လျှို့ဝှက်ဆန်းကြယ်စွမ်းအား ထွက်ပေါ်လာခဲ့သည်။