အခန်း (၁၁၀၈-၁၁၁၀)
Vol. 74 Ch. 1108-1110
အခန်း (၁၁၀၈) စစ်ပွဲ
စီးဝူယာ့က ယွီကျန့်ဟိုင်၊ ယွီရှန်းရုန်နှင့် ကျူးဟုန်ကုန်းတို့ကို သူ့အစီအစဉ်အကြောင်း ပြောပြလိုက်သည်။
ကျူးဟုန်ကုန်းက သူသည် ကျန်းတုန်ပတ်လမ်းကို စေလွှတ်ခံရမည်ဖြစ်ကြောင်း ကြားသည့်အခါ ငြီးတွားလိုက်၏။
“ရှစ်စွင်း ကျွန်တော်က အားနည်းတယ်ဆိုတော့ ရှစ်စွင်းဘေးမှာ နေတာ ပိုကောင်းမယ်ထင်တယ်”
လုကျိုးက ပြောလိုက်သည်။
“မင်းရဲ့ ကျင့်ကြံဆင့်က အားမနည်းဘူး။ လေ့ကျင့်ဖို့ လိုအပ်နေရုံပဲ။ တော်ဝင်နန်းတော်မှာ နေနေတာက အချိန်ဖြုန်းနေတာပဲ”
ကျုးဟုန်ကုန်းက မှားယွင်းခံရသည့် အမူအယာမျိုး ချိတ်ဆွဲထားသည်ကို မြင်သည့်အခါ သူက ထပ်ပြောလိုက်သည်။
“ကျောင်းထိုင်ဆရာရှားတို့ဆီမှာ လက်အိတ်တစ်စုံ ချန်ထားခဲ့တယ်။ ကျန်းတုန်ပတ်လမ်းကို မင်းနဲ့အတူ ယူသွားလိုက်”
ကျူးဟုန်ကုန်းက မငြင်းဆန်ရဲတော့ပေ။ သူက ခေါင်းညိတ်ကာ ပြောလိုက်၏။
“ဟုတ်ကဲ့ပါ ရှစ်စွင်း”
ထို့နောက် လုကျိုးက ယွီရှန်းရုန်နှင့် ယွီကျန်းဟိုင်တို့ကို ကြည့်ကာ ပြောလိုက်သည်။
“မင်းတို့နှစ်ယောက်လုံးလည်း သွားလို့ရပြီ။ သေချာ ကိုယ့်ကိုယ်ကို ဂရုစိုက်ကြဦး”
ယွီကျန်းဟိုင်နှင့် ယွီရှန်းရုန်တို့က ဦးညွတ်ပြီးသည့်နောက် တည်တံ့ရေးခန်းမဆောင်မှ ထွက်သွားကြသည်။
...
ကျုးဟုန်ကုန်းက ရှားချန်းချိုးကို မြင်သောအခါ ရှားချန်းချိုးက လုလီထံ မိစ္ဆာဝေဟင်မျှော်နန်းအကြောင်း ပြောပြနေချိန် ဖြစ်၏။
လုလီက ကြောင်အံ့ကာ စိတ်ရှုပ်ထွေးနေဆဲ ဖြစ်သည်။ သူ ငယ်ရွယ်စဉ် အချိန်ကတည်းက အကြီးအကဲများဆီက အားကောင်းသည့် စစ်သည်တော်များ၏ ဇာတ်လမ်းအကြောင်း ကြားသိခဲ့ဖူးသည်။ ထိုအရာများသာ ဖြစ်၏။ သို့သော်လည်း ရှားချန်းချိုး၏ ပုံပြောနိုင်သည့် စွမ်းရည်က အတိုင်းထက် လွန်နေသည်။
ရှားချန်းချိုးက ကျုးဟုန်ကုန်းအကြောင်း သိသည့်အခါ သူက အချိန်မဖြုန်းပဲ မိုးမခတစ်ထောင် ဘုရားကျောင်းဆီ ခေါ်ဆောင်သွားခဲ့၏။
လုလီက ထိုနှစ်ယောက် ထွက်ခွာသွားသည်ကို ကြည့်နေပြီးသည့်နောက် ယန်ကျန်းလော့ကို ကြည့်ကာ မေးလိုက်သည်။
“ညီအစ်ကိုယန် ကျောင်းထိုင်ဆရာရှားပြောတာ အမှန်ပဲလား။ ဘာလို့ လွန်ကဲနေတယ်လို့ ထင်ပါလိမ့်”
ယန်ကျန်းလော့က ပြောလိုက်သည်။
“ငါလည်း အစပိုင်းတုန်းက အဲ့လိုပဲ တွေးမိတာပဲ။ ဒါပေမဲ့ နောက်ပိုင်းတော့ သူက အမှန်တိုင်း ပြောနေတယ် ဆိုတာကို သိခဲ့ရတယ်။ မျှော်နန်းသခင်လုက လန်ရှီးဟယ်ကို တိုက်ကွက်သုံးကွက်နဲ့ အနိုင်ယူပြီးတော့ ကုန်းစွန်းယွမ်ရွှမ်းကို တစ်ကွက်တည်းနဲ့ အနိုင်ယူခဲ့တယ်ဆိုတာ အမှန်ပဲ။
ငါ အနက်ရောင် မျှော်စင်အဖွဲ့အစည်းရဲ့ အနိမ့်ပိုင်းမျှော်စင်မှာ ပိတ်လှောင်ခံထားရတုန်းက အနက်ရောင်မျှော်စင် အဖွဲ့သားတွေ အဆင့်ကျသွားတာကို မမြင်လိုက်ရဘူး။ ဒါပေမဲ့ ရှန်ရှီက အဲ့မှာ ရှိခဲ့တယ်လေ။ ရှန်ရှီစကားတွေက ကျောင်းထိုင်ဆရာရှားထက်စာရင် ပိုပြီးတောင် လွန်ကဲနေသေးတယ်”
“ရှန်ရှီလား”
“ရှန်ရှီက ဟို့ကတည်းက မိစ္ဆာဝေဟင်မျှော်နန်းဆီ ဝင်သွားခဲ့တာလေ”
ယန်ကျန်းလော့က ရှင်းပြလိုက်သည်။
လုလီက အံ့အားသင့်သွားကာ မေးလိုက်၏။
“ဒီနှစ်တွေမှာ ဘာတွေများ ဖြစ်သွားတာလဲ”
ယန်ကျန်းလော့က ပြောလိုက်သည်။
“ဘာတွေများ ဖြစ်ဦးမှာလဲ ညီအစ်ကိုလု အရာအားလုံးက ပြောင်းလဲကုန်ပြီ”
...
မိုးမခတစ်ထောင် ဘုရားကျောင်း
ရှားချန်းချိုးက ကျုးဟုန်ကုန်းအား လုကျိုးနေခဲ့ဖူးသည့် အိပ်ခန်းသို့ ခေါ်ဆောင်သွားလိုက်သည်။ သူက ပြောလိုက်၏။
“လုချန်းပေ့ ထွက်မသွားခင်တုန်းက ဒီနေရာမှာ ချန်ထားခဲ့တာ။ အဋ္ဌမသခင်လေး ဒီမှာလေ”
ထို့နောက် သူက ကျူးဟုန်ကုန်းထံ သေတ္တာကို ပေးလိုက်သည်။
ကျုးဟုန်က သေတ္တာကို ကြည့်လိုက်၏။ ထိုအရာက သူ့လက်ဝှေ့လက်အိတ်များနှင့် တူသည့် သေတ္တာနှင့် တူနေသည်။
ကျူးဟုန်ကုန်းက သေတ္တာကို ဖွင့်လိုက်သည့်အခါ ချက်ချင်းဆိုသလို ထင်ထားသည့်အတိုင်း နှစ်ပိုင်းကွဲထွက်သွားသည်။
“စိတ်ဝင်စားစရာပဲ”
သူက သူ့ကိုယ်ပိုင်လက်အိတ်ကို ယူလာခဲ့သည်။ ထိုလက်အိတ်နှစ်စုံ ပေါ်လာသည့်အခါ အချင်းချင်း ပေါင်းစည်းသွားပြီး လက်အိတ်တစ်စုံ ဖြစ်သွားစေသည်။
ထိုလက်အိတ်က ယခင်ကထက် ပိုမိုကြီးမားလေ၏။
ထို့နောက် သူက လက်အိတ်တစ်ခုကို ယူကာ ဝတ်စမ်းလိုက်သည်။ ထိုအရာက သူ့လက်ကို တင်းတင်းကြပ်ကြပ် ပတ်ထားသည့်အခါ မျက်လုံးအပြူးသား ဖြစ်သွားလေ၏။
“လက်အိတ်က ဘာလို့ သက်သောင့်သကသ်ာ မဖြစ်ပါလိမ့်။ ဖြစ်ချင်တော့ သူတို့က မပြီးပြည့်စုံသေးဘူးပဲ။ ရှစ်စွင်းက ကပ်စေးနှဲလိုက်တာ”
ရှားချန်းချိုး “...”
ဝုန်း
လက်နက်က ကျူးဟုန်ကုန်း၏ လက်ကို ဆက်လက် ရစ်ပတ်လိုက်သည်။ ထိုတင်းကြပ်မှုက အဆင်ပြေလာသည်။ တစ်ချိန်တည်းဆိုသလို ထိုဟကြောင်း မှိန်ဖျော့ဖျော့ အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ လက်နက်တစ်ခုလုံးက အေးစက်စက် တောက်ပနေသည်။
ထိုအရာကို မြင်ကာ ရှားချန်းချိုးက အံ့အားတကြီး ရေရွတ်လိုက်သည်။
“ပြိုင်ဘက်ကင်းအဆင့် လက်နက်ပဲ”
“ပြိုင်ဘက်ကင်းအဆင့်လား”
ကျုးဟုန်ကုန်းက မေးလိုက်သည်။
“ပြိုင်ဘက်ကင်း လက်နက်တွေကပဲ ဒီလိုလိုမျိုး အလင်းရောင်ကို ထုတ်လွှတ်ပေးနိုင်တာ။ ကောင်းကင်းအဆင့် လက်နက်တွေက ဒီလိုအလင်းရောင်မျိုး တောက်ပမှာ မဟုတ်ဘူး။ ပြိုင်ဘက်ကင်းအဆင့် လက်နက်တွေက အရမ်းကို အားကောင်းလွန်းတယ်။ သူတို့ရဲ့ စွမ်းအားစည်းတံဆိပ်တွေကလည်း အံ့ဩဖို့ ကောင်းတယ်”
ကျုးဟုန်ကုန်းက ရယ်မောပြီး စိတ်သက်သာရစွာ ပြောလိုက်သည်။
“ကျုပ် ရှစ်စွင်းက ကမ္ဘာပေါ်မှာ အရက်ရောဆုံးသူပဲ”
ရှားချန်းချိုး “...”
ကျူးဟုန်ကုန်းက လက်အိတ်တစ်ဖက်ကို ထပ်မံစွပ်လိုက်သည်။ ယခင် ခံစားခဲ့ရသည့် သက်သောင့်သကသ်ာ မဖြစ်မှုက မရှိတော့ပေ။ သူက လက်သီးဖြင့် ထိုးခွင်းလိုက်၏။
ဝုန်း
စွမ်းအင်လက်သီးချက်က အခန်းအတွင်း ထွက်ပေါ်လာခဲ့သည်။
“ဒီလက်သီးချက်နဲ့ဆိုရင် တောင်ပံတပ်ထားတဲ့ ကျားတစ်ကောင်လိုပဲ။ ကျောင်းထိုင်ရှား ကျုပ်နဲ့ လက်ရည် စမ်းကြည့်ချင်လား”
ရှားချန်းချိုးက အလျင်စလို လက်ဝှေ့ကာ ပြောလိုက်သည်။
“မဟုတ်တာ မဟုတ်တာ ကျုပ် ကျင့်ကြံဆင့်နဲ့ဆိုရင် ခင်ဗျားအတွက် ပြိုင်ဘက် မဟုတ်ပါဘူး”
ကျုးဟုန်ကုန်းက လက်သီးဆုပ်ထားပြီး အခန်းအတွင်း ပျော်ပျော်ရွှင်ရွှင် ဝှေ့ယမ်းနေသည်။ သူက လှမ်းခေါ်လိုက်၏။
“ထန်ခမ်း”
ထန်ခမ်းက အပြေအလွှား ရောက်ရှိလာသည်။
“ကျန်းတုန်ပတ်လမ်းမှာ အဲ့ဒီသားရဲတွေကို ဘယ်လိုနှိမ်နင်းပစ်မလဲ ဆိုတာကို ကြည့်ထား”
...
“တင် မျက်ရည်စွန်း သေတ္တာကို အသက်သွင်းနိုင်ခဲ့ပါတယ်။ အဆင့်- ပြိုင်ဘက်ကင်းအဆင့်၊ ဆုလာဒ် - ကုသိုလ်ရမှတ် တစ်ထောင်ရရှိပါတယ်”
လုကျိုးက ခေါင်းညိတ်လိုက်၏။
အစပိုင်းတွင် သူက လက်အိတ်ကို ကျူးဟုန်ကုန်းကို ပေးခဲ့စဉ်အခါက အဆင့်သတ်မှတ်ချက် မရှိခဲ့ပေ။ ဖြစ်ချင်တော့ ထိုအရာက ပြီးပြည့်စုံခြင်း မရှိသော်လည်း အတိတ်တွင် နဂါးသွဲ့ဓား၊ သက်တော်ရှည်ဓားနှင့် လက်နက်များက ထိုအရာအပေါ် ခြစ်ရာပင် မထင်စေခဲ့ပေ။
တစ်ချိန်တည်းဆိုသလို စီးဝူယာ့က ပြောလိုက်၏။
“ရှစ်စွင်း ကျွန်တော် စိုးရိမ်နေတာ တစ်ခုရှိသေးတယ်”
“ပြောပါဦး”
“မူအာထျဲ့က ရှစ်စွင်းဆီမှာ နက်နဲတဲ့ ကျင့်ကြံဆင့် ရှိတယ်ဆိုတာ သိထားရက်နဲ့ ဒီလိုသုတ်သင်ရေး အစီအစဉ်ကို လုပ်ရဲတယ်။ သူ့ဆီမှာ ဒီလိုယုံကြည်ချက် ရှိလောက်အောင် ဝှက်ဖဲရှိနေတာပဲ ဖြစ်လောက်တယ်။ ဒီကိစ္စကို စဉ်းစားအကဲဖြတ်ပြီးတဲ့နောက်မှာ ကျွန်တော် စောစောလေးက ပြောခဲ့သလိုမျိုး သူက နန်းတော်မှာ မရှိတော့တာ သိလိုက်ရတယ်။ ကျွန်တော်တို့တွေ ရွှေကြာနယ်မြေကို ဆက်လက်စောင့်ကြည့်တာ ကောင်းလိမ့်မယ်”
စီးဝူယာ့က ပြောလိုက်သည်။
လုကျိုးက ခေါင်းညိတ်လိုက်၏။
မူအာထျဲ့က ခက်ထန်သားရဲများနှင့် ပေါင်းစည်းပြီး အနီရောင်ကြာနယ်မြေကို တိုက်ခိုက်လာခဲ့သည်။ သူ့အတွက် ထိုသို့အရာမျိုး လုပ်ဆောင်ဖို့အတွက် အင်အားကြီး ပုဂ္ဂိုလ်တစ်ဦး၏ ထောက်ခံမှုကို သေချာပေါက် ရရှိထားလိမ့်မယ်။ သားရဲဖြစ်စေ၊ လူသားဖြစ်စေ သူတို့က ပြဿနာ များပေ၏။ မည်သို့ပင်ဆိုစေကာမူ လုကျိုးက လူတစ်ယောက်တည်းသာ ဖြစ်၏။ သူ့တွင် ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် ရှိမနေသလို ကိုယ်ပွားကျင့်စဉ်ကိုလည်း မသိထားပေ။ မူအာထျဲ့၏ ပြန့်ကျဲနေသော တိုက်ခိုက်မှုများကို ဖြေရှင်းဖို့ အမှန်တကယ် အခက်တွေ့လှ၏။
“အဖွဲ့ကို နှိမ်နင်းလိုက်။ ခေါင်းဆောင်ကို အရင်ဆုံး ပစ်မှတ်ထား။ မူအာထျဲ့နဲ့ အဲ့ဒီနောက်ကလူကို ငါ့ဆီအပ်ထားလိုက်။ ကျန်တဲ့သူတွေကို မင်းဆီ အပ်ထားလိုက်မယ်” လုကျိုးက ပြောလိုက်သည်။
စီးဝူယာ့က ခေါင်းညိတ်လိုက်၏။
“ဟုတ်ကဲ့”
ထို့နောက် သူက ဆက်ပြောလိုက်သည်။
“တာ့ယွမ်နဲ့ အလင်းအမှောင် မဟာမိတ်ကို ဖြေရှင်းဖို့က လွယ်ပါတယ်။ ပြဿနာက ခက်ထန်သားရဲတွေပဲ။ သူတို့ရဲ့ အင်အားနဲ့ ဇစ်မြစ်ကို ဘယ်သူကမှ မသိကြဘူး။ အဲဒီအချိန်တုန်းက ကျွန်တော် ခက်ထန်သားရဲတွေအကြောင်း လေ့လာခဲ့ဖူးပြီးတော့ ယင်ကျောက်ဆီက သင်ယူခဲ့ရတာနဲ့ လစ်ဟာနေတဲ့ အရာတွေကို တွေ့ရှိခဲ့တယ်။
အမည်မသိကုန်းမြေမှာ ခက်ထန်သားရဲတွေ အများကြီး ရှိတယ်။ ကျွန်တော် လျို့ရှစ်ကျဲကို ပြောပြတော့ သူမက လရောင်တောအုပ်မှာ ချန်းဝမ်နဲ့အတူ နေပြီးတော့ ရှစ်ချပ်မြောက်ပွင့်ချပ်ကို ထွက်ခဲ့တာ။ သူမ ပြောစကားတွေအရတော့ အဲ့ဒီမှာ ခက်ထန်သားရဲတွေက ကျွန်တော်တို့ ထင်ထားတာထက် ပိုအားကောင်းပြီး ကြောက်ဖို့ကောင်းတယ်တဲ့”
လုကျိုးက ပြောလိုက်သည်။
“ဘာမှစိုးရိမ်စရာ မလိုဘူး။ ခက်ထန်သားရဲတွေက အဆင့်မြင့်မားလေလေ သူတို့ဆီမှာ ရှိတဲ့ ကန့်သတ်ချက်က ပိုပြီးများလာလေလေပဲ။ မဟုတ်ရင် လူသားတွေက အစကတည်းက ပျောက်ကွယ်သွားလောက်ရောပေါ့။ ဘာပဲဖြစ်ဖြစ် ငါတို့တွေ သူတို့နဲ့ ဖြေရှင်းဖို့အတွက် ပြင်ဆင်ထားသင့်တယ်”
စီးဝူယာ့က ပြောလိုက်သည်။
“ရှစ်စွင်းပြောတာ မှန်ပါတယ်”
“ယင်ကျောက်ရဲ့ လုပ်ဆောင်ချက်က ဘယ်လိုလဲ”
လုကျိုးက မေးလိုက်သည်။
“သူက အတော်လေး ပူးပေါင်းမှုရှိတယ်။ အထူးသဖြင့် ခက်ထန်သားရဲတွေက လူသားမျိုးတွေဆီ ကျူးကျော်လာတဲ့ အခါမျိုးပေါ့။ သူက အတော်လေး စိုးရိမ်နေတဲ့ပုံပဲ”
စီးဝူယာ့က ပြောလိုက်သည်။
လုကျိုးက ခေါင်းညိတ်လိုက်ပြီး အသက်ဓာတ်နှလုံးသားကို စီးဝူယာ့ထံ ပစ်ပေးလိုက်ကာ ပြောလိုက်သည်။
“သူ့အသက်ဓာတ်နှလုံးသားကို ပြန်ပေးလိုက်”
စီးဝူယာ့က မေးလိုက်သည်။
“ရှစ်စွင်း ယင်ကျောက် ကျင့်ကြံရေးက မနိမ့်ဘူး။ သူ ထွက်ပြေးသွားမှာကို မစိုးရိမ်ဘူးလား”
“သူက အမည်မသိကုန်းမြေကနေ ထွက်ခွာလာပြီးပြီ။ ကမ္ဘာကြီးက ကျယ်ပြန့်တယ် ဆိုပေမဲ့ သူ့အတွက် ဘယ်မှသွားစရာ မရှိဘူး။ ငါ့ဘေးမှာ နေတာက ဘေးအကင်းဆုံး ဆိုတာကို သူသိတယ်”
အမည်မသိ ကုန်းမြေရှိ အဆင့်မြင့် ခက်ထန်သားရဲများက သစ္စာဖောက် ယင်ကျောက်အတွက် အမဲလိုက်နေကြခြင်း ဖြစ်ရာ လူသားများကလည်း အသက်ဓာတ်နှလုံးသားကို လိုချင်နေကြသည်။ ထို့ကြောင့် ဘယ်မှသွားစရာ မရှိတော့ပေ။
“ကျွန်တော် နားလည်ပါပြီ”
သိပ်မကြာခင် စီးဝူယာ့က ယင်ကျောက်၏ အသက်ဓာတ်နှလုံးသားကို လက်ထဲမှ ကိုင်ဆွဲရင်း ထွက်ခွာသွားခဲ့သည်။
လုကျိုးက တည်တံ့ရေးခန်းမဆောင်အတွင်း တစ်ယောက်တည်းသာ ကျန်ရှိတော့သည့်အခါ ဧရာမလိပ် ကျွိအောင်းနှင့် ငရဲဝံပုလွေ ဘုရင်တို့၏ အသက်ဓာတ်နှလုံးသားများကို ထုတ်ယူခဲ့သည်။ သူက သူတို့ကို ကြည့်ကာ စဉ်းစားလိုက်၏။
“ငါ ဘယ်ဟာကို အရင်သုံးသင့်လဲ”
သူ သိထားသလောက် မွေးဖွားစမ်းသပ်ချက်ကို ဖြတ်ကျော်ပြီးသည့်နောက်တွင် မွေးဖွားနန်းဆောင်၏ ခံနိုင်ရည်က သိသိသာသာပင် တိုးမြှင့်လာလိမ့်မည်။ ထို့ကြောင့် ခုနှစ်ခုမြောက်မှ ကိုးခုမြောက် အသက်ဓာတ်နှလုံးသားကို ထည့်သွင်းရခြင်းက ပိုမိုလွယ်ကူလာပေလိမ့်မည်။ ဖြစ်စဉ်က ဒုတိယမြောက် စမ်းသပ်ချက်သို့ ရောက်လာသည့်အခါ ပိုမိုခက်ခဲလာမည် ဖြစ်၏။
လုကျိုးက ယခုအခါ အခြေအနေ ကောင်းနေလေ၏။ သူက ရွှေကြာမီးတောက်ကို နားလည်ထားရုံသာမက သူ့ကျင့်ကြံဆင့်သည်လည်း ပိုမိုတည်ငြိမ်လာခဲ့သည်။
“ကျွိအောင်း”
“တင် ကျွိအောင်းရဲ့ အသက်ဓာတ်နှလုံးသား စွမ်းအင် - မြေဆွဲအား”
လုကျိုးက ကျွိအောင်း၏ အသက်ဓာတ်နှလုံးသားကို ထုတ်သုံးဖို့ ဆုံးဖြတ်လိုက်သည်။ အကြောင်းအရင်းက ငရဲဝံပုလွေဘုရင်၏ စွမ်းရည်သည် ညအမြင်ဖြစ်နေ၍ ကျွိအောင်း၏ စွမ်းရည်နှင့် ယှဉ်ပါက သိပ်အသုံးမဝင်လောက်ပေ။ ထို့အပြင် သူက ကျွိအောင်း၏ အသက်ဓာတ်နှလုံးသားကို အန်းဆယ်ဆီမှ ရရှိထားသည့်အတွက် အသုံးပြုမူ ကျန်ရှိနေသေးကြောင်း ဆိုလိုနေသည်။
လုကျိုးက လက်ဝှေ့လိုက်ပြီး သူ့ရှေ့တွင် ကြာပွင့် ပေါ်ထွက်လာ၏။
သူက အချိန်မဖြုန်းဘဲ ကျွိအောင်း၏ အသက်ဓာတ်နှလုံးသားကို ထားရှိလိုက်သည်။
ဝုန်း
ယခု ကျွိအောင်း၏ အသက်ဓာတ်နှလုံးသားက နေသားတကျ ဖြစ်သွားကာ သူ့အနေဖြင့် စောင့်ဆိုင်းနေဖို့သာ လိုအပ်တော့သည်။
....
နေ့လယ်ဘက်
ကျွိအောင်း၏ အသက်ဓာတ် နှလုံးသားက လုကျိုး၏ မွေးဖွားနန်းဆောင်အတွင်း အောင်အောင်မြင်မြင် ပေါင်းစည်းနိုင်သွားသည်။
လုကျိုးက ထိုအရာ၏ အမြန်နူန်းကြောင့် အံ့ဩသင့်နေမိ၏။ ယခင်နှင့် တူညီစွာ ဝါးကတက်တစ်ခု ပေါ်ထွက်လာပြီး အသက်ဓာတ်နှလုံးသား အောင်အောင်မြင်မြင် ထည့်သွင်းနိုင်ခဲ့ကြောင်း ဖော်ပြနေသည်။
ယခု လုကျိုးက ထိုဝါးကတက်သည် လုံလောက်သည့် အသက်ဓာတ်စွမ်းအား စုပ်ယူဖို့ စောင့်ဆိုင်းဖို့သာ လိုအပ်တော့၏။
....
နှစ်ရက်ကြာမြင့်ပြီးသည့်နောက် ညဘက်
ဝုန်း
လုကျိုးက မျက်လုံးပွင့်လာပြီး အသံကြားလာသည့်အခါ မွေးဖွားနန်းဆောင်ကို စစ်ဆေးကြည့်လိုက်သည်။ သူ့မွေးဖွားနန်းဆောင်ရှိ နေရာများက ပြည့်နှက်နေပြီဖြစ်ကာ ခုနှစ်ခုမြောက် မွေးဖွားဇယားချပ်၏ အသက်သွင်းမှုက အောင်မြင်သွားခဲ့သည်။
သူက အတော်လေး ကျေနပ်နေမိ၏။ ဤတစ်ကြိမ် မည်သည့်နာကျင်မှုကိုမှ မခံစားရပဲ သက်သောင့်သကသ်ာ ဖြစ်နေသည်။ သူက အိပ်ပင်အိပ်ချင်နေမိ၏။
ခုနှစ်ခုမြောက် မွေးဖွားဇယားချပ်ဇုန်က အောင်အောင်မြင်မြင် တောက်ပလာခဲ့သည်။ ထို့နောက် စွမ်းအားက သူ့စွမ်းအင်ဗဟိုချက်ရှိ ချီပင်လယ်အတွင်း ဝင်ရောက်လာခဲ့သည်။
ထိုဖြစ်စဉ် တစ်ခုလုံးအတွင်း လုကျိုးက တည်ငြိမ်နေလျက် ရှိ၏။
ရုတ်ခြည်းဆိုသလို
“မျှော်နန်းသခင်လု လာပြီးတော့ စကားပြောလို့ ရမလား”
လုကျိုး၏ နားထဲ ခပ်ဖျော့ဖျော့ အသံတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံက ဖျော့တော့လွန်းသည့်အတွက် အဝေးတစ်နေရာမှ ထွက်ပေါ်လာသလို ဖြစ်နေသည်။
...
အခန်း (၁၁၀၉) ငါတို့နှစ်ယောက်လုံး သေနိုင်တယ်
လုကျိုးက ထရပ်ပြီးနောက် အလင်း၏အရှိန်ဖြင့် တည်တံ့ရေးခန်းမမှ ထွက်သွားတော့သည်။
ညအချိန်က သာယာနေသည်။ ကောင်းကင်ယံထဲတွင် ငှက်တို့ ရံဖန်ရံခါပေါ်နေသည်မှအပ တော်ဝင်နန်းတော်က အလွန်တိတ်ဆိတ်ငြိမ်သက်နေ၏။
အနား၌ မည်သူမှ မရှိပေ။ အသံသည်တခြားသော တစ်နေရာမှာသူ့ဆီပို့လိုက်တာသိသာ၏။
လုကျိုးက အသံပို့ရာဖက်သို့လိုက်သွားသည်။ သူသည် နန်းတော်မြို့ရိုးထိပ်သို့ ရောက်သွားသောအခါ နန်းတော်အစောင့်များကိုတစ်ချက်ကြည့်ပြီးပြောလိုက်၏။
"ထွက်လာခဲ့” ရိုးရှင်းပြီး ထည်ဝါသော ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည့် လန်ရှီဟယ်က နန်းတော်မြို့ရိုးမှ ပေါ်ထွက်လာသည်။ လုကျိုးက သူမကို မော့ကြည့်လိုက်၏။ သူတို့နောက်ဆုံးအခေါက် တွေ့ဆုံစဉ်ကနှင့်ယှဉ်လျှင် သူမအသားအရောင်က ပိုကောင်းလာပုံပေါ်သည်။ သို့သော် သူမအပြည့်အဝ ပြန်မကောင်းသေးတာ သိသာ၏။
"ကျွန်မတို့မတွေ့တာ နှစ်ဝက်ပဲရှိသေးတယ်။ ဒါပေမဲ့ မျှော်နန်းသခင်လုက အိုသွားပြန်ပြီ” လန်ရှီဟယ်က အပြုံးဖျော့ဖျော့ဖြင့် ပြောလိုက်ကာ လုကျိုး၏ပြောင်းလဲမှုကို အတော်လေးစိတ်ကျေနပ်နေတာ သိသာ၏။
"မင်းကို စိတ်ပျက်အောင်လုပ်မိတာ စိတ်မကောင်းပါဘူး။ ဒါက ရုပ်ဖျက်ထားတာပဲ” သူမအတွေးများကို မြင်တွေ့နိုင်သော လုကျိုးက ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။
လန်ရှီဟယ်က အနည်းငယ်၏အံ့အားသင့် ထိတ်လန့်သွား၏။ ခဏအကြာတွင် သူမက သက်ပြင်းချပြီး ပြောလိုက်တော့သည်။
"လူအများစုက နုပျိုမှုနောက် လိုက်ကြပေမဲ့ သူတို့ကြိုးပမ်းမှုက ကျရှုံးခဲ့တယ်။ ဒါပေမဲ့ မျှော်နန်းသခင်လုက မတူဘူးပဲ”
လုကျိုးသည် ထိုစကားများကို မတုံ့ပြန်ခဲ့ပေ။ ထိုအစား သူက ကွေ့ဝိုက်မနေဘဲ မေးလိုက်၏။
"ညလယ်ခေါင်ကြီး ကျုပ်ကိုရှာဖို့ ဘာကြောင့်ထွက်လာတာလဲ မျှော်စင်သခင်လန် .... ခင်ဗျားက အဖြူရောင်မျှော်စင်အဖွဲ့အစည်းကနေ ဒီနေရာထိတောင် ခရီးနှင်ခဲ့တယ်”
"ဒီစစ်ပွဲက ကျင့်ကြံသူတွေကြားက တိုက်ပွဲမျိုးမဟုတ်ဘူး။ မျှော်နန်းသခင်လု ရှင် စိတ်ပြင်ထားပြီးပြီလား” လန်ရှီဟယ်က ပြန်မေးလိုက်၏။
"ကွာခြားတာ ရှိလို့လား”
"ရှိတာပေါ့” လန်ရှီဟယ်က ပြုံးလျက် လကိုမော့ကြည့်ပြီး ပြောလိုက်သည်။
"ကျွန်မတို့နှစ်ယောက်လုံး သေနိုင်တယ်”
လုကျိုး၏ အမူအရာက ပြောင်းလဲမှုမရှိပေ။ သူက ယိမ်းယိုင်သွားခြင်းမရှိ။ သူက မုတ်ဆိတ်သပ်ပြီးနောက် တော်ဝင်နန်းတော်ကို တချက်ကြည့်လိုက်သည်။
လန်ရှီဟယ်က ဆက်ပြောလိုက်လေ၏။
"ရှင်ရဲ့တပည့်က ကျွန်မဆီ စာပို့ခဲ့တယ်။ ဒါက မျှော်နန်းသခင်လုရဲ့ အကြံဉာဏ်လားဆိုတာသိပါရစေ”
လုကျိုးက ပြောလိုက်သည်။ "စီးဝူယာ့က ကျုပ်ကို ကိုယ်စားပြုတယ်”
လန်ရှီဟယ်၏ အပြုံးသည် လစန္ဒာကဲ့သို့ တောက်ပနေ၏။
"မျှော်နန်းသခင်က အကူအညီတောင်းရမဲ့နေ့ တစ်နေ့ ရောက်လာမယ်လို့ မထင်ထားဘူး”
"အကူအညီတောင်းတယ်လား။ လောင်ချီက စာထဲမှာ ဘာပေါက်တက်ကရတွေ ရေးထားတာလဲ”
လုကျိုးက မျက်မှောင်အနည်းငယ် ကျုံ့မိသွား၏။ မည်သို့ပင်ဆိုစေ သူဘာမှမပြောခဲ့ပေ။ စာပါအကြောင်းအရာကို သူ မသိသောကြောင့် ယခု ဆိတ်ဆိတ်နေတာက အကောင်းဆုံးဖြစ်သည်။ ထို့အပြင် သူ၏တပည့်ကို ယုံကြည်၏။ ထို့ကြောင့်သူသည်လန်ရှီဟယ်၏ အယူအဆများကို ချေမှုန်းဖို့ အလျင်မလိုေပ။
လန်ရှီဟယ်၏ အပြုံးက ပျောက်ကွယ်သွားလျက် သူမဆက်ပြောလိုက်သည်။
"မူအာ့ထျဲနဲ့ အလင်းအမှောင်မဟာမိတ်က ဒီအခွင့်အရေးအတွက် စောင့်နေခဲ့တာ ကြာလှပြီ။ သူတို့က အနက်ရောင်၊ အဖြူရောင်နဲ့ အနီရောင်ကြာနယ်မြေတွေကို ပေါင်းစည်းချင်နေတယ်။ ပေါင်းစည်းပြီးသွားတာနဲ့ အဆုံးမဲ့သမုဒ္ဒရာက သားရဲတွေက အနီရောင်ကြာနယ်မြေရဲ့ အရှေ့ဖက်ဆီ သွားကြလိမ့်မယ်။ သူတို့က ဒီတစ်ခေါက် ပင်လယ်သားရဲဒီရေကို အခွင့်ေကာင်းယူမှာ သေချာတယ်”
သူမသည် စကားဆက်မပြောခင် ခဏရပ်လိုက်၏။
"အလင်းအမှောင်မဟာရဲ့ခေါင်းဆောင် ဖန်ရော့ရှီးက မွေးဖွားဇယားချပ် ၁၁ခုရှိတယ်။ မူအာ့ထျဲမှာ မွေးဖွားဇယားချပ် ၁၂ခုရှိတယ်။ သားရဲဒီရေ အရေအတွက်ကို အခြေခံကြည့်ရင် အနည်းဆုံးတော့ သားရဲဧကရာဇ်တစ်ကောင်နဲ့ သားရဲဘုရင်လေးကောင်ရှိလိမ့်မယ်။ ကျွန်မတို့တွေ တခြားဟာတွေကို အလွယ်တကူ ဖြေရှင်းနိုင်ပေမဲ့ သားရဲဧကရာဇ်က ရှင်နဲ့ကျွန်မ ဖြေရှင်းနိုင်မှာမဟုတ်ဘူး”
"သားရဲဧကရာဇ်လား” လုကျိုးက မျက်ခုံးတစ်ဖက် ပင့်လိုက်လေ၏။
လန်ရှီဟယ်က ရှုပ်ထွေးသောအကြည့်များဖြင့် သူ့ကိုကြည့်လိုက်ပြီး ဖြည်းဖြည်းချင်း ရှင်းပြလိုက်သည်။
"ဒီလိုစဉ်းစားကြည့်။ သာမန်သားရဲတကောင်က သာမန်လူသားလိုပဲ။ ကြမ်းတမ်းခက်ထန်သားရဲက ကျင့်ကြံသူတစ်ယောက်လို ဧရာမကြမ်းတမ်းခက်ထန်သားရဲတကောင်က အသက်ဓာတ်နှလုံးသားတစ်ခု ပိုင်ဆိုင်တယ်။ သက်တမ်းထောင့်ငါးရာကျော် ထောက်ပံ့ပေးနိုင်တဲ့ အသက်ဓာတ်နှလုံးသားရှိတဲ့ ကြမ်းတမ်းခက်ထန်သားရဲတွေက မွေးဖွားဇယားချပ်သားရဲလို့ သတ်မှတ်ထားတယ်။ သားရဲဘုရင်တွေက သက်တမ်းနှစ်ထောင်ကျော် ထောက်ပံ့ပေးနိုင်တဲ့ အသက်ဓာတ်နှလုံးသားရှိတဲ့ သူတွေပဲ။ သားရဲဧကရာဇ်တွေရဲ့ အသက်ဓာတ်နှလုံးသားက သက်တမ်းငါးထောင်ကျော် ထောက်ပံ့ပေးနိုင်တယ်။ ဘာလို့လဲဆိုတော့ သူတို့သက်တမ်းက သက်တမ်းရှစ်ထောင်ကနေ တစ်သောင်းအထိ ရှိလို့ပဲ”
လန်ရှီဟယ်ပြောပြီးနောက် သူ၏အမူအရာကနေ တစ်စုံတစ်ခုကို မြင်တွေ့နိုင်ရန် လုကျိုးကို ကြည့်နေမိ၏။ သူ့အမူအရာက တည်ငြိမ်နေ၏။ သူ ဝမ်းနည်းနေသလား ဝမ်းသာနေသလား ပြောရန် မဖြစ်နိုင်ပေ။
"ဒီတော့ မင်းသေမယ်လို့ထင်နေတာလား” လုကျိုးက သူ့ကို ထည့်မတွက်ခဲ့ပေ။
လန်ရှီဟယ်က ပြောလိုက်၏။
"ကျွန်မဘဝက ဘယ်လိုပဲဖြစ်ဖြစ် အဆုံးသတ်မှာ။ သေခြင်းရှင်ခြင်းတွေကို တွေ့ကြုံခဲ့ပြီးပြီ။ မျှော်နန်းသခင်လု ရှင့်မှာ ဒီလောက်သန်မာတဲ့ အသက်စွမ်းအင်တွေ ရှိနေတာ ရှင် မကြောက်ဘူးလား”
လုကျိုးက မုတ်ဆိတ်သပ်ပြီးပြောလိုက်သည်။
"လန်ရှီဟယ် ငါတို့ပထမဆုံး စတွေ့တည်းက အခုချိန်ထိ သွင်ပြင်က တူညီနေသေးတုန်းပဲ။ မင်းက မင်းရဲ့ကိုယ်ပိုင်အကျိုးအမြတ်အတွက် ကိုယ့်ကိုယ်ကို နှိမ့်ချလွန်းတယ်။ မင်းကိုမင်း အထင်ကြီးလွန်းပြီး တခြားသူတွေကို အထင်သေးလွန်းတယ်”
သူမသည် အဖြူရောင်မျှော်စင်အဖွဲ့အစည်း၏ အမျိုးသမီးအရှင်သခင်ဟူသည့် အချက်ကြောင့်သာ မဟုတ်လျှင် လုကျိုးသည် သူမက အခြားသူများကို အထင်သေးရန် အရည်အချင်းမရှိဟု ပြောလောက်သည်။
လန်ရှီဟယ်က မျက်မှောင်အနည်းငယ် ကျုံ့လျက်မေးလိုက်လေ၏။
"မျှော်စင်သခင်လု ရှင် သားရဲဧကရာဇ်ကို သတ်ဖို့ ယုံကြည်ချက်ရှိလား”
လုကျိုးသည် သူမ၏မေးခွန်းကို ပြန်မဖြေခဲ့ပေ။ အဆုံးမဲ့သမုဒ္ဒရာထဲရှိ ခွင်းကို သူအမှတ်ရသွားသည်။ အသေရိုက်ချက်ကတ်က ခွင်းကို ဖြေရှင်းနိုင်ခဲ့သည်။ သို့သော် ၎င်းက သူ၏စွမ်းအားကို အပြည့်အဝကုန်ဆုံးစေလိမ့်မည်။ တန်ကြေးက မြင့်မားလွန်း၏။ ထို့အပြင် ယင်းက ခွင်း၏ခွန်အားကို သုံးသပ်ပေးနေသည်။ သားရဲဧကရာဇ်များက ဤအတိုင်းသာဆိုလျှင် သူ နှစ်ခါစဉ်းစားရလိမ့်မည်။
နောက်ဆုံး၌ လုကျိုးက မေးလိုက်၏။
"ခင်ဗျား သားရဲဧကရာဇ်တစ်ကောင်ကို မဖြေရှင်းနိုင်ဘူးလား”
လန်ရှီဟယ်က ခေါင်းခါပြီး ပြောလိုက်၏။
"ကျွန်မသူ့ကို မသတ်နိုင်ဘူး။ ဒါပေမဲ့ သူကလည်း ကျွန်မကို ဘာမှမလုပ်နိုင်ဘူး။ မဟာလေဟာနယ် စူးစမ်းရှာဖွေရေး ခရီးစဉ်မှာ ပါဝင်တဲ့ သူတွေက သားရဲဧကရာဇ်တွေနဲ့ တွေ့ကြုံခဲ့ကြတာ။ သားရဲဧကရာဇ်လေးကောင်”
"..."
လန်ရှီဟယ်၏ စကားအရ သားရဲဧကရာဇ်တစ်ကောင်၏ ခွန်အားသည် မွေးဖွားဇယားချပ် ၁၃ခုကျင့်ကြံသူတစ်ယောက်၏ ခွန်အားထက် ပိုမြင့်လောက်သော်ငြား သိပ်မြင့်မှာမဟုတ်ပေ။
လုကျိုးက မေးလိုက်သည်။ "သားရဲဧကရာဇ် ရောက်လာရင် ခင်ဗျားက ခင်ဗျားသေခြင်းတရားကို ထိုင်စောင့်ဖို့ စီစဉ်ထားတာလား”
လန်ရှီဟယ်က ပြောလိုက်သည်။ "ဟုတ်တယ်” သူမ စကားပြောခဏရပ်ပြီးနောက် ဆက်ပြောလိုက်သည်။
"ဒါက အနီရောင်ကြာနယ်မြေရဲ့ကိစ္စပဲ။ အဖြူရောင်မျှော်စင်အဖွဲ့အစည်းနဲ့ ဘာမှမဆိုင်ဘူး။ ရိုးရိုးသားသားပြောရရင် ဒီနေ့ကျွန်မလာတာ နောက်ထပ်အကြောင်းအရင်းတစ်ခုကြောင့်ပဲ”
"ပြော"
"ဒေါသမထွက်နဲ့ မျှော်နန်းသခင်လု။ ဒါပေမဲ့ ဒီကိစ္စထဲ ဝင်မစွက်ဖက်ဖို့ ရှင့်ကိုအကြံပေးလိုက်မယ်။ ကျွန်မရှင့်ကိုလေးစားတယ်။ ဒီကိစ္စကြောင့် ရှင်အသက်ဆုံးရှုံးမှာကို မမြင်ချင်ဘူး။ အခုတော့ မူအာထျဲကို အနီရောင်ကြာနယ်မြေ ယူခွင့်ပေးလိုက်။ သားရဲဒီရေလျော့ပါသွားတဲ့အချိန် ရှင့်ရဲ့ကျင့်ကြံဆင့်နဲ့ အနီရောင်ကြာနယ်မြေကို လုယူဖို့က မခက်ခဲဘူး” လန်ရှီဟယ်က တည်ငြိမ်စွာ ပြောလိုက်၏။
သားရဲဒီရေလျော့ပါးသွားသည်အထိ စောင့်ပြီး လှုပ်ရှားဖို့က မည်သူမှ တွေးမိမှာမဟုတ်။ ယင်းသည် အကြံဉာဏ်ကောင်း တစ်ရပ်ဖြစ်၏။ သို့သော်ငြား မှားယွင်းသွားနိုင်သည့် ကိစ္စရပ်များစွာလည်းရှိသည်။
လုကျိုးက မေးလိုက်သည်။
"ကျုပ် ဝင်စွက်ဖက်မယ်ဆိုရင်ကော..."
လန်ရှီဟယ်က သက်ပြင်းချပြီးပြောလိုက်သည်။
"ဒါက ကျွန်မရှင့်ကို လုပ်စေချင်ရုံပါပဲ”
"ခင်ဗျားသိပြီးသားဆိုမှတော့ အကြံပေးနေတာ ဘာအကျိုးထူးလို့လဲ”
"ကြိုးစားကြည့်တာ မနစ်နာဘူးလေ” လန်ရှီဟယ်က ပုခုံးတွန့်လိုက်၏။ ခဏအကြာ၌ သူမက ပြောလိုက်သည်။
"အဖြူရောင်မျှော်စင်အဖွဲ့အစည်းက မိစ္ဆာဝေဟင်မျှော်နန်းကို ကူညီနိုင်တယ်။ ဒါပေမဲ့ တောင်းဆိုချက်တစ်ခုရှိတယ်။ မျှော်နန်းသခင်လု ရှင်မဆုံးဖြတ်ခင် ကျမပြောတာကို နားထောင်ပေး”
လုကျိုးက မုတ်ဆိတ်သပ်ပြီး ပြောလိုက်၏။
"ပြော”
လန်ရှီဟယ်က ပြောလိုက်သည်။
"မျှော်မှန်းသခင်ကို အဖြူရောင်မျှော်စင်အဖွဲ့အစည်းရဲ့ သခင်ရာထူး ယူစေချင်တယ်”
ညလေပြေ တိုက်ခတ်လာပြီး လရောင်က ထွန်းလင်းနေ၏။
လရောင်သည် လန်ရှီဟယ်၏ မျက်နှာပေါ် ဖြာကျသွားသည့်အခါ လုကျိုးသည် လန်ရှီဟယ်ထံတွင် ရင့်ရော်သည့် အရိပ်အယောင်များ မြင်တွေ့လိုက်ရပုံပေါ်သည်။ သူမမျက်လုံးထောင့်၌ အရေးအကြောင်းများရှိနေပြီး ဆံပင်ဖြူတချို့ရှိနေလေ၏။
လုကျိုးသည် လန်ရှီဟယ်ပြောတာ ချက်ချင်းမငြင်းခဲ့ပေ။ ထိုအစား သူကပြောလိုက်၏။
"မင်းအသက်ရှင်ဖို့ နောက်ထပ်ငါးနှစ် ရှိသေးတဲ့မဟုတ်လား”
လန်ရှီဟယ်က ခေါင်းခါပြီး သိမ်မွေ့စွာပြောလိုက်၏။
"သုံးနှစ် ဖြစ်လောက်တယ်။ ကျွန်မမသေခင် မျှော်စင်သခင်အသစ်တစ်ယောက် ရှာချင်တယ်။ ဒါမှပဲ တာ့မင်၊ အဖြူရောင်မျှော်စင်အဖွဲ့အစည်း၊ တာ့ယွမ်နဲ့ အနက်ရောင်မျှော်စင်အဖွဲ့အစည်းက ငြိမ်းချမ်းနိုင်မှာ”
"ခင်ဗျားက စစ်ပွဲကို မုန်းတီးနေတဲ့ပုံပဲ”
"ကျွန်မ သိပ်မုန်းတာပေါ့” လန်ရှီဟယ်က ပြောလိုက်၏။
"ကျွန်မ လူသတ်ရတာ သဘောမကျဘူး။ ဒါပေမဲ့ ကျွန်မပြောပိုင်ခွင့်မရှိတဲ့ ကိစ္စတွေအများကြီးရှိတယ်”
"အကြံကောင်းပဲ”
"မျှော်နန်းသခင်လု ရှင်သဘောတူလိုက်တာလား” လန်ရှီဟယ်၏ အသံထဲတွင် ရွှင်မြူးရိပ် တစွန်းတစ်စကို ကြားလိုက်ရသည်။
လုကျိုးက ခေါင်းခါပြီးတော့ပြောလိုက်သည်။
"ကျုပ်က အဖြူရောင်မျှော်စင်အဖွဲ့အစည်းရဲ့ မျှော်စင်သခင်ဖြစ်ဖို့ အရည်အချင်း မပြည့်မီမှာ စိုးရတယ်”
လန်ရှီဟယ်သည် ထိုစကားများကို ကြားရသောအခါ စိတ်ပျက်သွား၏။ သူမသည် လရောင် ဖြာကျနေသော နန်းတော်မြို့ရိုးကို ကြည့်လိုက်မိသည်။ ယခုအချိန်၌ သူမစိတ်ထဲ ဘာတွေးနေမှန်း မည်သူက သိမည်နည်း။
လုကျိုးက ထပ်ပြောလိုက်လေ၏။
"ဒါပေမဲ့ အဖြူရောင်မျှော်စင်အဖွဲ့အစည်းရဲ့သခင်ဖြစ်ဖို့ အရည်အချင်းပြည့်မှီတဲ့ တစ်ယောက်တော့ ရှိတယ်”
"ဘယ်သူလဲ" လန်ရှီဟယ်က မေးလိုက်သည်။
"ယဲ့ထျန်းရှင်း" လုကျိုးက ပြောလိုက်သည်။
"သူလား” လန်ရှီဟယ်သည် ဆံနွယ်ဖြူများရှိနေပြီး ဝတ်ရုံဖြူဝတ်ထားသည့် အမျိုးသမီးကို ပထမဆုံးအကြိမ် မြင်ခဲ့ပုံအား ပြန်တွေးမိသွားသည်။
"အရင်ကဆိုရင် ရှင်ပြောတာ သဘောတူလောက်တယ်”
လုကျိုးက ပြောလိုက်၏။
"သူ့ရဲ့ခွန်အားနဲ့ ကျင့်ကြံဆင့်ကို စိတ်ပူဖို့မလိုဘူး။ သူက ငါ့တပည့်ပဲ။ သူ့ကို ဘယ်သူက ထိရဲမှာလဲ”
လန်ရှီဟယ်က မှင်သက်သွား၏။
လုကျိုးက ဆက်ပြောလိုက်သည်။ "ဘယ်လိုပဲဖြစ်ဖြစ် အခုပြောနေလို့ အကျိုးမထူးဘူး။ ဖြစ်နိုင်မဖြစ်နိုင်က အဖြူရောင်မျှော်စင်အဖွဲ့အစည်းရဲ့ ဆောင်ရွက်ချက်ပေါ်မူတည်နေတာ”
...
အခန်း (၁၁၁၀) သားရဲဧကရာဇ်က ဘယ်လောက်တောင် အားကောင်းတာလဲ
လန်ရှီဟယ်က မနေနိုင်ဘဲ ရယ်မောလိုက်မိသည်။ သူမက မေးလိုက်၏။
“တကယ်လို့ အဖြူရောင်မျှော်စင်အဖွဲ့အစည်းက မျှော်နန်းသခင်လုနဲ့ မပူပေါင်းဘူးဆိုရင် မျှော်နန်းသခင်လုက ဘာလုပ်ဖို့ စီစဥ်ထားလဲ”
“ငါက တခြားသူတွေကို ဖိအားပေးတတ်တဲ့သူ မဟုတ်ဘူး။ ရွေးချယ်စရာက မင်းလက်ထဲမှာပဲ” လုကျိုးက ပြန်ဖြေလိုက်သည်။
လန်ရှီဟယ်က ခေါင်းညိတ်ကာ ပြောလိုက်၏။
“ကျွန်မတို့တွေ သေသွားရင် ဘာလုပ်မှာလဲ။ မိစ္ဆာဝေဟင်မျှော်နန်းအတွက် စီစဥ်ပြီးသွားပြီလား”
သူမ၏ စကားများက ယုံကြည်ချက်မရှိကြောင်း ပြသနေသည်။
လုကျိုးက သူမကို တိုက်ကွက်၃ကွက်တည်းဖြင့် အနိုင်ယူထား၍လား သို့မဟုတ် တာ့မင်က သူမ၏ လှုပ်ရှားမှုတိုင်းကို အသေးစိတ်စောင့်ကြည့်နေ၍ သူမ၏ယုံကြည်ချက် ပြိုလဲသွားတာလည်း ဖြစ်နိုင်သည်။
“တကယ်လို့ဆိုတာ မရှိဘူး”
လုကျိုးက မုတ်ဆိတ်သပ်ကာ ပြောလိုက်သည်။
ထို့နောက် သူက မေးလိုက်၏။
“သားရဲဧကရာဇ်က အဲ့လောက်တောင် အားကောင်းတာလား”
လုကျိုး၏အမြင်တွင် မည်သည့်သားရဲဖြစ်စေကာမူ သူ့အသုံးအဆောင်ပစ္စည်းကတ်များဖြင့် ဖြေရှင်းရုံမျှသာ ဖြစ်သည်။ ထို့အပြင် သူ့အနေဖြင့် အဆင့်မြင့်အသေရိုက်ချက်ကတ်ကို သုံးဖို့ပင် လိုအပ်မည်ဟု မထင်ပေ။
လန်ရှီဟယ်က ရယ်မောလိုက်ပြီး
“ကျွန်မ ထင်တာ မှန်နေတာပဲ။ မျှော်နန်းသခင်လုရဲ့ သားရဲအပေါ် နားလည်နိုင်စွမ်းက ကန့်သတ်ချက်ရှိနေတယ်”
လုကျိုးက ထိုစကားများကို မငြင်းဆန်ပေ။
လန်ရှီဟယ်က ဆက်ပြောလိုက်၏။
“သားရဲဘုရင်နဲ့ တူတယ်။ ဒါပေမဲ့ ပိုပြီးတော့ အဆင့်မြင့်တာပေါ့။ သားရဲဧကရာဇ်တွေဆိုတာက သူတို့ရဲ့ သားရဲတွေကို ဆင့်ခေါ်ပြီး ထိန်းချုပ်နိုင်စွမ်းကြောင့် သားရဲဧကရာဇ်လို့ ခေါ်တာ။ သူတို့ထိန်းချုပ်ထားတဲ့ သားရဲတွေက သားရဲဧကရာဇ်အတွက် အသက်ကိုတောင် စတေးကြလိမ့်မယ်။ လူသားတွေနဲ့ မတူဘဲ လောဘ၊ အကြောက်တရားနဲ့ သတ္တိကြောင်မှုတွေ မရှိဘူး။ ပိုပြီးအရေးကြီးတာက သူတို့မှာ အသက်ဓာတ်နှလုံးသား၄ခုရှိတယ်”
သူမက လမင်းကို မော့ကြည့်ကာ ပြောလိုက်သည်။
လုကျိုးက အံ့အားသင့်သွားပြီး
“အသက်ဓာတ်နှလုံးသား ၄ခုတဲ့လား”
လန်ရှီဟယ်က လေထဲခုန်ကာ ပြောလိုက်သည်။
“ဟုတ်တယ်။ အဲဒါက သားရဲဧကရာဇ်ပဲ ရှိသေးတယ်။ ပြီးတော့ သားရဲဧကရာဇ်ထက် အားကောင်းတဲ့ သားရဲတွေလည်းရှိတယ်။ ကျွန်မတို့၂ယောက်လုံးက မွေးဖွားဇယားချပ် ၁၂ခု၊ ၁၃ခုပဲ ရှိထားကြတာ။ ကျွန်မတို့အထက်မှာ အထွတ်အထိပ်သက်ရှိတွေ ရှိသေးတယ်။ အဲ့ဒီ့အထွတ်အထိပ်သက်ရှိတွေတောင် မဖြေရှင်းနိုင်တဲ့ သားရဲတွေလည်း ရှိတာပဲ။ အထွတ်အထိပ်သက်ရှိတွေ မဖြေရှင်းနိုင်တဲ့ ခက်ထန်သားရဲတွေက ဘယ်လောက်တောင် အားကောင်းနေလိုက်မလဲဆိုတာကို စဥ်းစားကြည့်ဖူးလား”
တကယ်ကို အားကောင်းတာပဲ။ ဒါပေမဲ့ ငါက ဘာလို့ကြောက်ရမှာလဲ...
လုကျိုးက နားမလည်နိုင်စွာမေးလိုက်သည်။
“အထွတ်အထိပ်သက်ရှိတွေက လူသားတွေကို ဘာလို့မကာကွယ်ရတာလဲ”
လန်ရှီဟယ်က ခေါင်းကို အသာယမ်းကာ ပြောလိုက်သည်။
“မျှော်နန်းသခင်လုဆီက ဒီလိုစကားမျိုး ထွက်လာတယ်ဆိုတာ မယုံနိုင်ဘူး။ အထွတ်အထိပ်သက်ရှိတွေကို ဖယ်ထာားလိုက်ပါအုံး။ ကျွန်မ ရှင့်ကို မေးပါအုံးမယ်။ တာ့ထန်ရဲ့ ဧကရာဇ်က သာမန်လူတွေ တစ်ယောက်နဲ့တစ်ယောက် သတ်တာကို အပြည့်အဝ တားဆီးနိုင်မယ်လို့ ထင်လား”
အဖြေက သိသာလှသည်။ ထိုအရာမျိုး လုပ်ဆောင်ဖို့ မဖြစ်နိုင်ပေ။
လူများက နေ့စဥ်နေ့တိုင်း သေဆုံးနေကြလေသည်။ သတ်ဖြတ်ခြင်း၊ ခိုးယူခြင်းနှင့် နယ်မြေ ကျူးကျော်ခြင်းကို တားဆီးထားသည့် စည်းမျဥ်းများရှိနေလျှင်ပင် အမြဲတမ်း စည်းမျဥ်း ချိုးဖောက်သည့်သူများ ရှိနေလိမ့်မည်ဖြစ်သည်။
အထွတ်အထိပ်သက်ရှိများ၏ အမြင်တွင် မွေးဖွားဇယားချပ် ၁၃ခု ကျင့်ကြံသူများကပင် ပုရွတ်ဆိတ်နှင့် ကွာခြားမည် မဟုတ်ပေ။
လုကျိုးက ခေါင်းမော့ကာ လန်ရှီဟယ်အား စိုက်ကြည့်လိုက်သည်။ သူမက ဘာတွေးနေလဲ မပြောနိုင်ပေ။ သူက မေးလိုက်၏။
“မင်းဆီမှာ ၃နှစ်ပဲ ကျန်တော့တယ်ဆို။ အခုထိ ဖြေရှင်းနည်း မရှိသေးဘူးလား”
လန်ရှီဟယ်က ခေါင်းယမ်းလိုက်သည်။
လုကျိုးက ဆက်ပြောလိုက်၏။
“ငါ့ဆီမှာ သက်တမ်း နှစ် ၅၀၀၀ ပါဝင်တဲ့ နှစ် ၁၀၀၀၀ သက်တမ်းရှိ အစိမ်းရောင် ပုစဥ်းရင်ကွဲကျောက်စိမ်း ရှိတယ်။ မင်းကို အဲ့ဒီ့ထဲက နှစ်တချို့ ပေးနိုင်တယ်။ လူသားကျင့်ကြံရေးဆိုတာက ကောင်းကင်ဘုံကို သွေဖယ်နေတဲ့ အပြုအမူပဲ။ အသင်္ချေအထွတ်အထိပ်အဆင့်ကို ချိုးဖောက်ဖို့ တွေးပြီးသွားပြီလား”
“အဲဒါက အလှမ်းဝေးလွန်းတယ်”
လန်ရှီဟယ်က ပြောလိုက်သည်။
“အမည်မသိကုန်းမြေက ကျင့်ကြံသူတွေကပဲ အသင်္ချေအထွတ်အထိပ်အဆင့်ကို ဝင်ရောက်ဖို့ လမ်းစဥ်ကို ကျွမ်းကျင်ထားကြတာ”
လုကျိုးက တိတ်ဆိတ်သွားသည်။
ညက ပိုမိုမှောင်မည်းလာပြီး နောက်ကျလာသည်။
လန်ရှီဟယ်က ကောင်းကင်အထက် ခပ်မြင့်မြင့်ပျံသန်းကာ ပြောလိုက်သည်။
“မျှော်နန်းသခင်လု နောက်ကျနေပြီ။ ဒီသားရဲဧကရာဇ်နဲ့ တာ့ယွမ်ကိစ္စကို ကျွန်မပဲ စဥ်းစားလိုက်မယ်။ ကောင်းကောင်းအနားယူပါ”
လုကျိုးက သူမကို မတားဆီးခဲ့ပေ။
သူမက မိုးကုတ်စက်ဝန်းအတွင်း ပျောက်ကွယ်သွားသည်ကို ကြည့်နေလိုက်မိ၏။ အဖြူရောင်မျှော်စဥ် အဖွဲ့အစည်းက အနီရောင်ကြာနယ်မြေထံ သင်္ကေတလမ်းကြောင်း တချို့ ရှိကြလေသည်။ မည်သို့ပင် ဆိုစေကာမူ အရေအတွက်က အနက်ရောင်ကြာနယ်မြေ၏ သင်္ကေတလမ်းကြောင်းများဖြင့် မယှဥ်နိုင်သေးပေ။ ထိုအတွေးဖြင့် သူက တာ့ယွမ်မှ ကျင့်ကြံသူများသည် တိုက်ပွဲမြေပြင်သို့ မည်သည့်အချိန် ဝင်ရောက်လာကြောင်း တွေးကြည့်လိုက်သည်။
……………………
လုကျိုးက တည်တံ့ရေးခန်းမဆောင်သို့ ပြန်ရောက်လာပြီးနောက်တွင် တင်ပျဥ်ခွေထိုင်ကာ ထပ်မံ ကျင့်ကြံလိုက်သည်။
ကောင်းကင်က အနည်းငယ် လင်းထိန်လာသည့်အခါ သူက မျက်လုံးကို အသာဖွင့်ပြီး ပြတင်းပေါက်မှ အလင်းရောင်ကို ကြည့်ကာ ရေရွတ်လိုက်သည်။
“သားရဲ ဧကရာဇ်က အသက်ဓာတ်နှလုံးသား၄ခုရှိတယ်ဆိုတော့ တကယ်ကို ကောင်းတာပဲ”
သားရဲ ဧကရာဇ်ကို သတ်ဖြတ်ဖို့ ခက်ခဲနှုန်းက သူထင်ထားသည်ထက် ပိုမိုမြင့်မားနေသော်လည်း အသက်ဓာတ်၄ခု ပေးစွမ်းနိုင်သည်။ ပုံမှန်အားဖြင့် အဆင့်မြင့် အသက်ဓာတ်နှလုံးသား၄ခုကို ရရှိဖို့ အင်မတန် ကံကောင်းဖို့ လိုအပ်၏။
မွေးဖွားဇယားချပ်တစ်ခု သို့မဟုတ် အသက်ဓာတ်နှလုံးသားတစ်ခုက အသက်တစ်သက်ကို ကိုယ်စားပြုနေသည်။ တခြားနည်းဖြင့် ပြောရလျှင် သားရဲဧကရာဇ်ကို သတ်ဖြတ်ဖို့ရာအတွက် သူ့အနေဖြင့် အသေရိုက်ချက်ကတ် ၄ကတ် အနည်းဆုံး လိုအပ်လိမ့်မည်။ အနည်းဆုံး လက်ရှိအသေရိုက်ချက် ကတ်တစ်ကတ်က ကုသိုလ်ရမှတ် ၄သောင်း ကျသင့်၏။ တန်ကြေးကို တိုးမြှင့်ထားခြင်းမရှိဘဲ ဧကရာဇ်ကို သတ်ဖြတ်ဖို့က အနည်းဆုံး ကုသိုလ်ရမှတ် တစ်သိန်းခြောက်သောင်း ကျသင့်လိမ့်မည်။
“ကြည့်ရတာ အခုအချိန်မှာ ဒါက အလွယ်ကူဆုံးနဲ့ အသက်သာဆုံးနည်းလမ်းပဲ”
အဆုံးသတ်တွင် သူက အသုံးပြုပစ္စည်းကတ်များကိုသာ မှီခိုလွန်းအားကြီးနေသည်ဟု ခံစားမိနေသည်။ သူ့အင်အားတိုးတက်နှုန်းက အတော်လေး နှေးကွေးနေ၏။
စောနေသေးသည်ကို မြင်သည့်အခါ သူက မျက်လုံးအသာမှိတ်ပြီး ဆက်လက်ကျင့်ကြံလိုက်သည်။ လက်ရှိ သူက မွေးဖွားဇယားချပ် ၇ခုအဆင့်သာ ရှိနေသေးလေသည်။ ၈ခုမြောက်အဆင့်ကို ရောက်ဖို့ တည်ငြိမ်အောင် ထိန်းဖို့ လိုအပ်လာ၏။
ကောင်းကင်က တောက်ပလာသည့်အခါ လုကျိုးက ကောင်းကင်ကျမ်းစွမ်းအား ဤမန္တန်ကို တိတ်တဆိတ် ရွတ်ဖတ်လိုက်သည်။ သူက ကျန်းတုန်ပတ်လမ်းရှိ ကျူးဟုန်ကုန်းကို စစ်ဆေးကြည့်ဖို့ ပြင်ဆင်ထားသည်။
သူ့မျက်ဝန်းက အပြာရောင် တောက်ပလာကာ လေးလံသည့် ချပ်ဝတ်များ ဝတ်ဆင်ထားသည့် ကျူးဟုန်ကုန်းကို မြင်လိုက်ရ၏။
ကျူးဟုန်ကုန်းက တံတိုင်းပေါ်တွင် ရပ်ကာ အော်ပြောနေ၏။
“မြားတွေကို ပစ်လိုက်။ သူတို့က အမှိုက်သရိုက်ငှက်တွေပဲ။ ဘာလို့ ကြောက်နေမှာလဲ”
“ဝှစ် ဝှစ် ဝှစ်”
ဧရာမမြားတံများက ကောင်းကင်အထက် ထွက်ပေါ်လာကာ အဆင့်မြင့် သားရဲပျံများကို သတ်ဖြတ်နေသည်။
မြို့တံတိုင်းအပြင်ဘက်တွင် ခက်ထန်သားရဲများ၏ အလောင်းများက တောင်လိုပုံနေ၏။
ထိုစဥ် ကျူးဟုန်ကုန်းနားတွင် ရပ်နေသည့် ကျင့်ကြံသူများက အသုံးပြုခဲ့သည့် လျှပ်စီးမြား အရေအတွက်ကို မြင်သည့်အခါ ကူကယ်ရာမဲ့စွာ ခေါင်းအသာယမ်းလိုက်ကြသည်။ မြို့အစောင့်က သတ္တိစုစည်းကာ ပြောလိုက်၏။
“အဋ္ဌမသခင်လေး ကျွန်တော်တို့ ဒီလိုတိုက်ခိုက်နေမယ်ဆိုရင် မြားတွေက မကြာခင် ကုန်သွားလိမ့်မယ်။ အဲ့ဒီ့အချိန်ကျရင် ပိုပြီး ဒုက္ခတွေ့လာနိုင်တယ်။ ကျွန်တော်တို့လူတွေက အဆုံးမဲ့ပင်လယ်ထဲသွားပြီး စုံစမ်းနေတယ်။ ပင်လယ်သားရဲတွေကလည်း ၅ရက်အတွင်း သေချာပေါက် ရောက်လာလိမ့်မယ်။ လက်နက်တွေကို စုဆောင်းထားတာ အကောင်းဆုံးပဲ”
“ဘာလို့ စောစော မပြောတာလဲ။ လာခဲ့စမ်း။ အဲဒါဆိုရင် မင်းက တာဝန်ယူလိုက်”
ကျူးဟုန်ကုန်းက ခေါင်းဆောင်းကို ချွတ်လိုက်သည်။ သူက ပူလွန်း၍ ချွေးများပင် စီးကျနေ၏။ သူက တံတိုင်းထက် မှီကာ ပညာရှိဝိဇ္ဇာလိုမျိုး သွင်ပြင်ကို ဟန်ဆောင်ထားရင်း ဆက်ပြောလိုက်သည်။
“ငါက ဒီရောက်တာ ခဏပဲ ရှိသေးတယ်။ ဘာမှမသိဘဲ အမိန့်ပေးနေရုံကလွဲပြီး ဘာမှမတတ်နိုင်ဘူး”
ကျူးဟုန်ကုန်းက အနည်းငယ် အသိစိတ်ရှိသည့်ဟန်ပေါ်သည်။
မြို့အစောင့်က ပြုံးကာ ပြောလိုက်သည်။
“ခင်ဗျားက အရှင်မင်းကြီးကိုယ်တိုင် နေရာချထားတဲ့ အရာရှိပဲလေ။ ပြီးတော့ အားကောင်းတဲ့ ကျင့်ကြံသူတစ်ယောက်။ နယ်စပ်ကို အုပ်ချုပ်မှာကို ဘယ်လိုလုပ် တားဆီးရပ်ပါ့မလဲ။ ကျန်းတုန်ပတ်လမ်းမှာရှိတဲ့ သာမန်လူတွေက သူတို့ကို ကာကွယ်ဖို့ အဋ္ဌမသခင်လေးကိုပဲ မှီခိုနိုင်မှာ”
ကျူးဟုန်ကုန်းက လက်ဝှေ့ကာပြောလိုက်သည်။
“လောကွတ်ချော်ဖို့ မလိုဘူး။ ငါက နန်းဆောင်ရဲ့ ကျင့်ဝတ်တွေကို နားလည်တာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် အမိန့်ပေးဖို့ကို မင်းဆီ အပ်ထားလိုက်မယ်။ ခက်ထန်သားရဲတွေကို မောင်းထုတ်ဖို့က အားလုံးရဲ့ တာဝန်ပဲ။ ငါတစ်ယောက်တည်းဟာ မဟုတ်ဘူး”
မြို့အစောင့်က အလေးအနက် ပြောလိုက်သည်။
“အဋ္ဌမသခင်လေးက ဒီလောက်ရက်ရောလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး။ ကြည့်ရတာ ကျွန်တော်တို့တွေ အတွေးလွန်နေတဲ့ပုံပါပဲ။ “
“ဒါက ကိစ္စသေးသေးမွှားမွှားလေးပါ”
ကျူးဟုန်ကုန်းက ပျူဌာသည်ကို မြင်တွေ့ပြီးသည့်နောက်တွင် ကျင့်ကြံသူတစ်ယောက်က သတ္တိကောင်းစွာဖြင့် ပြောလိုက်သည်။
“နန်းတော်မှာရှိတဲ့လူတွေအားလုံးက မိစ္ဆာဝေဟင်မျှော်နန်းကလူတွေအားလုံးက ရဲရင့်ပြီး အားကောင်းတယ်လို့ ပြောကြတယ်။ အဋ္ဌမသခင်လေး ကျူပ်တို့ရဲ့အမြင်ကို ကျယ်သွားအောင် သရုပ်ပြပေးလို့ရမလား”
“မင်းတို့ရဲ့ အမြင်ကို ကျယ်အောင်တဲ့လား”
ကျူးဟုန်ကုန်းက သူ့ချပ်ဝတ်ကို ချွတ်ကာ ပြောလိုက်သည်။
“ကောင်းပြီလေ။ မင်းရဲ့အမြင်ကို ကျယ်သွားစေတာပေါ့”
သူက ကျောကို မတ်မတ်ထားကာ လက်ကို မြှောက်လိုက်သည်။
“မျက်လုံးလျင်လျင်ထားပြီး သေချာကြည့်ထား”
ကျင့်ကြံသူအားလုံးက ကျူးဟုန်ကုန်းကို သေချာစိုက်ကြည့်နေကြသည်။
“ဝှစ်”
မြေကြီးမှ ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဥ်တစ်ခု ပေါ်ထွက်လာကာ တိမ်တိုက်ကြား မြင့်တက်လာသည်။
ကျူးဟုန်ကုန်း၏ အမူအရာက ဂုဏ်ယူမှုအပြည့်ဖြစ်နေပြီး
“ညီအစ်ကိုတို့ ဒါက ငါ့ရဲ့စွမ်းအားအစစ်အမှန်ပဲ။ မင်းတို့ ကြောက်သွားပြီလား”
သူက မျက်လုံးမှိတ်ကာ အားလုံး၏ လေးစားမှုနှင့် ချီးကျူးမှုများကို ခံယူလိုက်သည်။ အကယ်၍ သူသာ မျက်လုံးဖွင့်ပြီး ကြည့်လိုက်ပါက ထိုအံ့အားသင့်မှုများသည် တကယ်တမ်း မကျေနပ်မှုနှင့် သံသယသာ ဖြစ်နေသည်ကို မြင်တွေ့လိမ့်မည်။
စိတ်ဝိညာဥ်သဏ္ဌာန်တစ်ခုကို ထိန်းသိမ်းထားဖို့ စွမ်းအားကုန်ဆုံးကာ မလွယ်ကူသည့်အတွက် ကျူးဟုန်ကုန်းက စိတ်ဝိညာဥ်သဏ္ဌာန်ကို အလျင်အမြန် ပြန်လည်ရုပ်သိမ်းလိုက်သည်။
စိတ်ဝိညာဥ်သဏ္ဌာန် ပျောက်ကွယ်သွားသည့်အခါ ကျင့်ကြံသူများက မျက်မှောင်ကြုတ်လျက် တစ်ယောက်နှင့် တစ်ယောက် ကြည့်ကာ တီးတိုးပြောနေကြသည်။
“မင်းတို့တွေ သေချာကြည့်လိုက်ကြလား”
ကျင့်ကြံသူတစ်ဦးက ခေါင်းယမ်းလိုက်သည်။
“အဲဒါက ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဥ်သဏ္ဌာန် မဟုတ်ဘူးလား”
ထိုသူက ခေါင်းညိတ်လိုက်သည်။
“ဒါပေမဲ့ အဲဒါက အရမ်းကြီးမြင့်တယ်”
“အရမ်းမြင့်တော့ ရွှေကြာကိုတောင် မမြင်ရဘူး”
“သူက မိစ္ဆာဝေဟင်မျှော်နန်း မဟုတ်ဘဲနဲ့ နန်းတော်က ပညာရှင်များလား”
တစ်ယောက်က “ ရှူး..”
အသံတိုးတိုးနေဖို့ ပြလိုက်သည်။
“ဟေး သူ့ရှေ့မှာ အဲဒါတွေပြောတော့ ခေါင်းဖြတ်ခံရမှာ မကြောက်ဘူးလား”
အားလုံးက ကြောက်ရွံ့စွာဖြင့် တိတ်ဆိတ်သွားကြသည်။
စိတ်ဝိညာဥ်သဏ္ဌာန်၏ စွမ်းအားကို တိုင်းတာဖို့ အမြင့်က အမှန်တကယ် အရေးပါသည့် အချက်တစ်ခု ဖြစ်၏။ သို့သော်လည်း ဒုက္ခမိုင်တစ်ရာရှုခင်းက ကျင့်ကြံသူများ၏ စိတ်ကူးစိတ်သန်းကို ကန့်သတ်ထားလေသည်။ ထို့အပြင် ရွှေရောင်စက်ဝန်းနှင့် ပွင့်ချပ်၁၁လွှာတို့က စိတ်ဝိညာဥ်သဏ္ဌာန်၏ နောက်တွင် ရှိသည့်အတွက် မည်သူကမှ မမြင်လိုက်ကြပေ။
ထိုစဥ် မြို့အစောင့်က ကျယ်လောင်စွာ ပြောလိုက်သည်။
“အဋ္ဌမသခင်လေးရဲ့ ကျင့်ကြံဆင့်က တအားမြင့်တယ်။ တကယ်ကို လေးစားဖို့ကောင်းတယ်။ ကျန်းတုန်က လူတွေကို ကယ်တင်နိုင်လိမ့်မယ်”
“ဟုတ်တယ် ဟုတ်တယ်။ သူတို့ကို ကယ်တင်နိုင်ပြီ”
အားလုံးက အလိုအလျောက် သဘောတူလိုက်ကြသည်။
“ဝုန်း ဝုန်း ဝုန်း”
မြို့အစောင့်က အဝေးတစ်နေရာရှိ သားရဲ အမြောက်အမြားကို ကြည့်ကာပြောလိုက်သည်။
“နောက်ထပ် သားရဲလှိုင်း လာနေပြီ။ အားလုံး အဆင်သင့်ပြင်ထားကြ။ အဋ္ဌမသခင်လေး ကျွန်တော် အခြားသူတွေကို အမိန့်ပေးလို့ အဆင်ပြေပါ့မလား”
“ရတယ် ရတယ်”
ကျူးဟုန်ကုန်းက ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်သည်။
သို့သော်လည်း ခဏအကြာတွင် မြို့အစောင့်၏ လေသံထဲ ထူးဆန်းသည်ကို ခံစားမိလိုက်သည်။
မြို့အစောင့်၏ အမိန့်အောက်တွင် သားရဲလှိုင်းကို မြားပစ်သူ၂ယောက်က အလျင်အမြန် ထိန်းသိမ်းထားနိုင်ခဲ့သည်။ သူတို့က အလောင်းများကို စစ်ဆေးဖို့ အချိန်မှီရောက်လာခဲ့၏။ တန်ဖိုးရှိသည့် အလောင်းများကို မြို့အတွင်း သယ်ဆောင်သွားကြသည်။ ထိုစဥ် မြို့အစောင့်က အပြုံးဖြင့် မေးလာခဲ့၏။
“အဋ္ဌမသခင်လေး။ ကျွန်တော့်ရဲ့ လုပ်ဆောင်ချက်ကို ကျေနပ်ရဲ့လား”
“မဆိုးဘူး။ ဆက်လုပ်ထား”
ကျူးဟုန်ကုန်းက မြို့အစောင့်၏ ပခုံးကို ပုတ်ကာ ချီးကျူးလိုက်သည်။ ဤသို့ဖြင့် အနီးအနားရှိ ကျင့်ကြသူများက ရယ်မောလိုက်ကြ၏။