← Chapters

အခန်း (၁၁၁၄-၁၁၁၆)

Vol. 75 Ch. 1114-1116

အခန်း (၁၁၁၄-၁၁၁၆)

Vol. 75 Ch. 1114-1116

အခန်း (၁၁၁၄) အကြီးမားဆုံး ဖိအားဖြင့် နေရာမှ အစပြုခြင်း

တည်တံ့ရေးခန်းမ

မည်သူကမှ အသံမပြုရဲကြပေ။ လုကျိုး၏ လေသံက ပုံမှန်အတိုင်း တည်ငြိမ်နေသော်လည်း ထုတ်လွှတ်နေသည့် သတ်ဖြတ်ငွေ့တို့က မမှားနိုင်ပေ။

“ရှစ်စွင်း ကျွန်တော်တို့ ကျန်းပေ့ပတ်လမ်းဆီ သွားဦးမှာလား”

“အဖြူရောင် မျှော်စင်အဖွဲ့အစည်းကို ဆက်သွယ်လိုက်။ မုန့်ချန်းသုံ မင်းက ဒီမှာနေပြီး အခြေအနေတွေကို စောင့်ကြည့်ထားလိုက်”

မုန့်ချန်းသုံနှင့် စီးဝူယာ့တို့က တပြိုင်နက် ဦးညွှတ်လိုက်ပြီး သူတို့၏ တာဝန်ကို လက်ခံလိုက်သည်။

စီးဝူယာ့က လှည့်ကာ ထွက်သွားပြီးသည့်နောက်တွင် မုန့်ချန်းသုံက အစီအရင်ကို ခင်းကျင်းလျက် အဆောင်ကို ပို့လွှတ်လိုက်သည်။ ထို့နောက် သူက ပတ်လမ်းလေးခုလုံး၏ အခြေအနေကို ဆက်တိုက် စောင့်ကြည့်နေလေ၏။ ကျန်းတုံပတ်လမ်းက အကြီးမားဆုံး ရတနာအောက်တွင် ရှိကြောင်း မြင်တွေ့နိုင်သည်။

ခန်းမတွင်ရှိသည့် လူအားလုံးက လုကျိုး၏ ဆုံးဖြတ်ချက်ကို တိတ်တဆိတ် စောင့်ဆိုင်းနေကြ၏။

ထိုစဉ် လုကျိုးက ဝှက်ဖဲများကို ရေတွက်နေသည်။ သူက ကုသိုလ်ရမှတ်ကို စစ်ဆေးကြည့်လိုက်၏။

ကုသိုလ်ရမှတ်- ၅၃၄ ၆၁၀မှတ်

လုကျိုးက စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ သူက အထွတ်အထိပ်ဆန်းကြယ်ကတ်နှင့် အထွတ်အထိပ် သဏ္ဌာန်ကတ်တို့ ရှိမထားပေ။ ထိုကတ်နှစ်ကတ် မပါရှိပဲ သူက အသေရိုက်ချက်ကတ်နှင့် လျှော့ချရေးကတ်တို့ကိုသာ မှီခိုနိုင်လေ၏။ သို့သော်လည်း ထိုနှစ်ကတ်က အင်မတန် အကုန်အကျ များလေသည်။ ခေတ္တမျှ စဉ်းစားပြီးသည့်နောက်တွင် သူက ပြောလိုက်၏။

“ဖိအားအများဆုံး ဖြစ်တဲ့ ကျန်းတုံပတ်လမ်းကနေ စကြမယ်”

“ဟုတ်ကဲ့ ကျွန်တော်တို့တွေ မျှော်နန်းသခင်နဲ့အတူ ဓားတောင်ကိုပဲ ဖြတ်ဖြတ်၊ မီးပင်လယ်ကိုပဲ ကူးကူး လိုက်ပါ့မယ်”

လုကျိုးက ပြောလိုက်သည်။

“ကျောင်းဟုန်ဖု”

“ရှိပါတယ် မျှော်နန်းသခင်”

“အဲဒီပတ်လမ်းလေးခုမှာ သင်္ကေတလမ်းကြောင်း ရှိထားလား”

လုကျိုးက ‌မေးလိုက်သည်။

“ကျွန်မတို့ဆီမှာ ကျန်းပေ့ပတ်လမ်းက လွဲရင် ကျန်တဲ့ ပတ်လမ်းတွေမှာ သင်္ကေတလမ်းကြောင်း ရှိပါတယ်။ ကျန်းပေ့ပတ်လမ်းက အရမ်းကို ချောင်ကျလွန်းတယ်။ အဲ့တာကလွဲရင် ပတ်လမ်းဆယ်ခုလုံးကို သင်္ကေတလမ်းကြောင်းတွေ ဖွင့်လှစ်ဖို့ စီစဉ်ပြီးသွားပါပြီ။ ပြီးတော့ ရွှေကြာနယ်မြေက သင်္ကေတလမ်းကြောင်းကိုလည်း အပြီးသတ်ပြီးသွားပါပြီ။ ဒါပေမဲ့ ဒီကိစ္စနဲ့ ကျွန်မ နှောင့်နှေးနေခဲ့တာ” ကျောင်းဟုန်ဖုက ပြောလိုက်သည်။

“ကိစ္စမရှိဘူး။ နတ်ခြင်္သေ့ကို ခေါ်ပြီး ငါ့နောက်လိုက်ခဲ့”

“ဟုတ်ကဲ့”

...

တစ်ချိန်တည်းဆိုသလို ကျန်းတုံပတ်လမ်း၊ ရှန်းပေပတ်လမ်း၊ ကျန်းနန်ပတ်လမ်းနှင့် ကျန်းပေ့ပတ်လမ်းရှိ ခက်ထန်သည့် တိုက်ပွဲက အစပြုနေပြီ ဖြစ်သည်။ အစပိုင်းတွင် သူတို့က အဆင့်နိမ့် ခက်ထန်သားရဲများက မြို့များကို တိုက်ခိုက်နေခြင်းမျှသာ ဖြစ်၏။

ထိုပတ်လမ်းလေးခု၏ တည်ငြိမ်မှုက အတော်လေး တည်ငြိမ်နေသည်။ သို့သော်လည်း မြို့တံတိုင်း အပြင်ဘက်ရှိ အလောင်းများက ပုံနေသည့်အခါ ခက်ထန်သားရဲများက သူတို့မျိုးနွယ်၏ အလောင်းများအပေါ် နင်းလျှောက်ကာ မြို့တံတိုင်းပေါ် ချီတက်လာကြသည်။

...

ကျန်းပေ့ပတ်လမ်း မြောက်ပိုင်းဓားချောက်နက်ကြီး

မြောက်ပိုင်းဓားချောက်နက်ကြီး၏ နာမည်တွင်သည့် အကြောင်းအရင်းက ချောက်နက်ကို ဝန်းရံနေသည့် တောင်နှစ်လုံးကြောင့် ဖြစ်၏။ အလယ်တွင် ရှိနေသည့် ဟာကွက်က ကောင်းကင်မှ မြေကြီးသို့ ကျဆင်းလာသည့် ကောင်းကင်ဓားသဖွယ် ဖြစ်နေ၍ ဖြစ်သည်။

ထိုစဉ် ခပ်ထွားထွား အမျိုးသားက တောင်ကြားအတွင်း ရပ်နေပြီး ချောက်နက်ကို ပိတ်ဆို့ထားလေသည်။ သူက လက်ထဲတွင် လှံရှည်တစ်ချောင်းကို ဆွဲကိုင်ထား၏။ သူ့အနေအထားက ရန်သူတစ်သောင်းကိုပင် ချုပ်ကိုင်ထားမည့်ဟန် ပေါ်သည်။

သူ့ရှေ့တွင် လီလီများစွာ ရှိနေလေသည်။ သူတို့က အများကြီးရှိ၍ ရေတွက်ဖို့ပင် ခက်ခဲလှ၏။

“ဒီလောက်အများကြီး ရှိလိမ့်မယ်လို့ မထင်ထားမိဘူး”

တွမ့်မူရှန်းက သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ သူက အများဆုံး ရာချီမျှသာ ရှိလိမ့်မည်ဟု ထင်ထားမိသော်လည်း တကယ်တမ်းတော့ သူက လျော့တွက်ခဲ့မိသည်။

တွမ့်မူရှန်းက နယ်ရှင်လှံကို ဆွဲကိုင်ကာ ထပ်မံ ဝှေ့ယမ်းလိုက်သည်။ ထို့နောက် သူက အသက်ပြင်းပြင်း ရှူကာ ပြောလိုက်သည်။

“လာကြ”

ဝုန်း ဝုန်း ဝုန်း

ခရမ်း‌ရောင်မီးခိုးများ ထုတ်လွှင့်နေကြသည့် လီလီများက အပြေးအလွှား ရောက်လာကြသည်။

ဝုန်း

သွမ့်မူချန်းက လှံကို ဝှေ့ယမ်းလိုက်၏။

“မီးနဲ့မြေ ရိုက်ချက်တစ်ရာ”

“လှိုင်းလုံးတစ်‌ထောင်”

ထိုစဉ် လီလီဒါဇင်ချီက စွမ်းအားလှိုင်းများကြောင့် သတ်ဖြတ်ခံလိုက်ရသည်။ မည်သို့ပင်ဆိုစေကာမူ လီလီများက ဆက်လက်တိုးလာနေဆဲ ဖြစ်၏။

တွမ့်မူရှန်းက တည်ငြိမ်နေလျက်ရှိကာ ပြောလိုက်သည်။

“ဘယ်သူ လာ လာ သတ်ပစ်မယ်”

အဖန်ရည်တစ်အိုးစာ ကြိုချက်ပြီးစာလောက်အချိန်တွင် လီလီအလောင်းများက သူ့ဝန်းကျင်တွင် ပုံနေပြီ ဖြစ်၏။

တွမ့်မူရှန်းက ကောင်းကင်အထက် ပျံသန်းလိုက်သည်။ လီလီများက သူ့ဆီ တိုးလာနေဆဲဖြစ်ကာ သူက စွမ်းရည်စည်းတံဆိပ်များကို ထုတ်လွှတ်နေရသည်။

စွမ်းအင်စည်းတံဆိပ်များက ကျဆင်းလာပြီး လီလီရာချီကို လွင့်စဉ်သွားစေသည်။

“လာကြစမ်းပါ မင်းတို့ဆီမှာ သတ္တိရှိသိသလား ကြည့်ရသေးတာပေါ့”

လီလီ၏ အရေအတွက်ကို မြင်တွေ့ပြီးသည့်နောက်တွင် သူ့ကို စောင့်ကြိုနေမည့် တိုက်ပွဲကို သိလိုက်သည်။

...

ကျန်းတုံပတ်လမ်း

မြို့တံတိုင်းအထက်

“အဋ္ဌမ သခင်လေး ပင်လယ်သားရဲတွေ ရောက်လာပြီ”

ကျင့်ကြံသူတစ်ဦးက အဝေးတစ်နေရာမှ ပျံသန်းလာပြီးသည့်နောက်တွင် တင်ပြလိုက်သည်။

ထိုတင်ပြချက်ကို ကြားပြီးသည့်နောက်တွင် မြို့အစောင့်က အမိန့်ပေးလိုက်၏။

“ငါ့ အမိန့်ကို နာခံပြီးတော့ မြို့တံတိုင်းကို သေသည်အထိ ကာကွယ်ခံကြ”

“ဟုတ်ကဲ့”

မြို့စောင့်က လှည့်ကာပြောလိုက်သည်။

“အဋ္ဌမ သခင်လေး ဒီနေရမှာ အရမ်းကို အန္တရာယ်များလွန်းတယ်။ အခု မြို့အရှင် နန်းဆောင်ကို ပြန်ပြီးတော့ ဘေးကင်းရာ ခိုလှုံသင့်တယ်”

“ခိုလှုံရမှာတဲ့လား”

ကျူးဟုန်ကုန်းက ထိုအကြံပြုချက်ကို သဘောမကျပေ။ ထိုစဉ် ကျင့်ကြံသူဒါဇင်ချီက မြို့တံတိုင်းဆီ ရောက်ရှိလာ၏။ သူတို့က ဦးညွှတ်ကာ ပြိုင်တူပြောလိုက်ကြသည်။

“အဋ္ဌမ သခင်လေး ကျေးဇူးပြုပြီး ဘေးကင်းရာဆီ သွားပါတော့”

“ငါက ဘာလို့ ဘေးကင်းရာဆီ သွားရမှာလဲ”

...

ကျူးဟုန်ကုန်းက ကျင့်ကြံသူများကို အာရုံမစိုက်ပေ။ သူက ချပ်ဝတ်ကို မဝတ်ဆင်ပဲ လက်အိတ်ကိုသာ ဝတ်ဆင်လိုက်၏။ သူက လက်သီးကို ထိုးကာ ရှေ့ကို လှမ်းကြည့်လိုက်သည်။ ထင်ထားသည့်အတိုင်း ပင်လယ်သားရဲ အမြောက်အမြားက အရှေ့ဘက် ကမ်းခြေအထက် ပေါ်လာသည်။

မြေကြီးပင် စတင်တုန်ခါလာ‌လေ၏။

ဝုန်း ဝုန်း ဝုန်း

“မွေးဖွားဇယားချပ် သားရဲပဲ။ နှစ်ထောင့်ခြောက်ရာ သက်တမ်းရှိတဲ့ မွေးဖွားဇယားချပ် သားရဲပဲ။ အားလုံး ငါ့‌နောက်ကိုလိုက်ပြီး သူ့ကို သတ်ကြ”

ကျင့်ကြံသူ ဒါဇင်ချီက မြို့တံတိုင်းမှ ဆင်းကာ ထိုသားရဲအုပ်စုဆီ ပြေးဝင်သွားကြသည်။ သူတို့က အား‌ပျော့သည့် အဆင့်နိမ့်သားရဲများကို သတ်ကာ ပင်လယ်သားရဲများဆီ ခုန်အုပ်နေကြသည်။

ပင်လယ်ဖျံနှင့် တူသည့် ခက်ထန်သားရဲတစ်ကောင်က ကျင့်ကြံသူ ဆယ်ယောက် သူ့ကို ခုန်အုပ်လာသည်ကို မြင်‌‌သောအခါ ရုတ်တရက်ဆိုသလို ရေမြားများကို အဖက်ဖက်သို့ ပစ်ခတ်လိုက်သည်။

ဘန်း ဘန်း ဘန်း

ရေမြား၏ စွမ်းအားက အ‌‌တော်လေး အားပြင်းလှပြီး ကျင့်ကြံသူများကို ဆိုးဆိုးရွားရွား အခြေအနေ ဖြစ်သွားစေသည်။

ကျူးဟုန်ကုန်းက ထိုအရာကို မြင်သည့်အခါ ခေါင်းယမ်းလိုက်၏။

“ညီအစ်ကိုတို့ ငါ့ဆီ အပ်ထားလိုက်။ မင်းတို့တွေက ဒီဟာကို ဖြေရှင်းဖို့ မလုံလောက်ဘူး”

ကျူးဟုန်ကုန်းက လက်သီးဆန့်ထုတ်ကာ ရှေ့သို့တိုးဝင်သွားသည်။ အားလုံး၏ စောင့်ကြည့်နေသော အကြည့်များအောက်တွင် ကျူးဟုန်ကုန်း၏ စွမ်းအင်လက်သီးချက်ကို ထုတ်လွှတ်လိုက်၏။

ပင်လယ်ဖျံက တူညီသည့် လှည့်ကွက်ကို ထပ်မံအသုံးပြုလာခဲ့ပြီး ရေမြားများကို ထပ်မံထုတ်လွှတ်လိုက်သည်။

ကျင့်ကြံသူများ ကျူးဟုန်ကုန်းသည် ထိုမြားများကို ရှောင်ရှားဖို့ စိတ်ထဲမထားသည်ကို မြင်သည့်အခါ အံ့ဩသင့်သွားကြ၏။ ထို့အစား သူက အကြောက်တရားကင်းမဲ့စွာပင် ရှေ့သို့ တက်လှမ်းသွားသည်။

ဘန်း

“သူက တိုက်ကွက်တွေကို တားဆီးနိုင်တာလား။ ဘယ်လိုလုပ်နိုင်တာလဲ”

ကျင့်ကြံသူများက ကျူးဟုန်ကုန်း၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို မြင်တွေ့ဖူးကြသူများ ဖြစ်ကြ၏။ ဒုက္ခမိုင်တစ်ရာ ရူကွင်း ရှိထားသည့် လူများက ဤသို့လုပ်နိုင်ဖို့ရာ မဖြစ်နိုင်ပေ။

ကျင့်ကြံသူများက ကျူးဟုန်ကုန်း ထုတ်လွှတ်သည့် စွမ်းအင် လက်သီးချက်နှင့် မိုးကြိုးချက်များကိုသာ ကြည့်နေလေသည်။

ဘန်း ဘန်း ဘန်း

ကျူးဟုန်ကုန်း၏ တိုက်ကွက်အားလုံးက ပင်လယ်ဖျံနှင့်တူသည့် ခက်ထန်သားရဲအ‌ပေါ် ကျရောက်လာသည်။ ပင်လယ်ဖျံနှင့်တူသည့် ခက်ထန်သားရဲက တုန်ခါသွားပြီး မြေပြင်ပေါ် လိမ့်ကာ ပင်လယ်သားရဲ ဒါဇင်ချီကို လွင့်စဉ်သွားစေသည်။

ကျင့်ကြံသူများ “...”

ကျင့်ကြံသူများက ကျူးဟုန်ကုန်းကို ပါးစပ်ဟောင်းလောင်းဖြင့် ကြည့်နေကြ၏။

ဒါက ဒုက္ခမိုင်တစ်ရာရူကွင်း ကျင့်ကြံသူလား...

သူတို့ သိထားတဲ့ ဒုက္ခမိုင်တစ်ရာရူကွင်း ကျင့်ကြံသူက အတုကြီးများလား...

နောက်ဆုံးတွင် ကျူးဟုန်ကုန်းက သူ လိုချင်သည့် တုံ့ပြန်မှုကို ရရှိပြီးသည့်နောက်တွင် ပြောလိုက်သည်။

“အခုက စပြီး သတ်တော့မယ်”

“စိတ်ဝိညာဉ်သဏ္ဌာန်”

ကျူးဟုန်ကုန်းက ခြေဆောင့်လိုက်ပြီးသည့်နောက်တွင် ပင်လယ်သားရဲထံ မြားတစ်စင်းလိုမျိုး ပြေးဝင်သွားသည်။

ပေ ၄၅၀ မြင့်မားသည့် စိတ်ဝိညာဉ်သဏ္ဌာန်က ပင်လယ်သားရဲများကို သိမ်းကြုံးသွားသည်။

ထိုစဉ် စိတ်ဝိညာဉ်သဏ္ဌာန်နောက်ရှိ ‌ရွှေရောင်ရောင်ဝါက ကျင့်ကြံသူများ၏ အမြင်အောက် ထွက်ပေါ်လာလေ၏။

“ပွင့်ချပ်ဆယ့်တစ်လွှာပဲ။ သူ့ဆီမှာ ပွင့်ချပ်ဆယ့်တစ်လွှာ ရှိနေတာ”

အားလုံးက ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ ဤသို့အမြင်ရှိသည့် စိတ်ဝိညာဉ်သဏ္ဌာန်က သာမာန် ဒုက္ခမိုင်တစ်ရာရူကွင်း စိတ်ဝိညာဉ်သဏ္ဌာန် ဖြစ်နိုင်မည်နည်း။

ယခု သူတို့က ရွှေရောင်စက်ဝန်းနှင့် ပွင့်ချပ်ဆယ့်တစ်လွှာကို မြင်လိုက်ရသည့်အခါ ထိုအရာသည် ဒုက္ခမိုင်တစ်ရာရူကွင်း စိတ်ဝိညာဉ်သဏ္ဌာန်နှင့် တူညီသော်လည်း ဒုက္ခမိုင်တစ်ရာရူကွင်း စိတ်ဝိညာဉ်သဏ္ဌာန် မဟုတ်ကြောင်း သိသွားကြသည်။

ဘန်း ဘန်း ဘန်း

အဆင့်နိမ့်သားရဲများက ထိုတိုက်ကွက်ကို တောင့်မခံနိုင်ကြပေ။ သူတို့က ပုရွတ်ဆိတ်များကဲ့သို့ ပျံ့ကြဲသွားပြီး ပွင့်ချပ်ဆယ့်တစ်လွှာ စိတ်ဝိညာဉ်သဏ္ဌာန်ကြောင့် လွှင့်ထွက်သွားကြသည်။

ကျူးဟုန်ကုန်းက ပင်လယ်ဖျံနှင့် တူသည့် သားရဲများရှေ့ ရောက်ရှိလာပြီး လက်သီးဖြင့် ထိုးချလိုက်သည်။ တစ်ချိန်တည်းဆိုသလို ရွှေရောင်စက်ဝန်းက သူ့လက်ထဲ ပျံသန်းလာကာ ပွင့်ချပ်ဆယ့်တစ်လွှာကလည်း ခက်ထန်သားရဲ၏ ကိုယ်အတွင်း ထိုးဖောက်ဝင်ရောက်သွားသည်။

ဝှစ် ဝှစ် ဝှစ်

ဆယ့်တစ်ကြိမ်မြောက် ဆက်တိုက် တိုက်ခိုက်ပြီးသည့်နောက်တွင် ပင်လယ်ဖျံနှင့်တူသည့် ခက်ထန်သားရဲက နှစ်ပိုင်းကွဲထွက်သွားသည်။

ကျူးဟုန်ကုန်းက ခက်ထန်သားရဲ၏ ကျောဆီသွားကာ လက်ဖြင့် ရိုက်ချလိုက်သည်။

ဘန်း

အသက်ဓာတ်နှလုံးသား တစ်ခုက မြို့တံတားအထက် ပျံသန်းလာသည်။

“ဖမ်းလိုက်”

ကျူးဟုန်ကုန်းက အော်ပြောလိုက်သည်။ ကျူးဟုန်ကုန်းက မွေးဖွားဇယားချပ်သားရဲကို အလွယ်တကူ သတ်လိုက်သည်ကို ကြည့်ရင်း ကျင့်ကြံသူများနှင့် တပ်သားများ၏ စိတ်ဓာတ်က ပြန်လည်မြှင့်တက်လာလေ၏။

တစ်ခြားတစ်ဖက်တွင် မြို့တံတိုင်းပေါ်တွင် အသက်ဓာတ် နှလုံးသားကို ဖမ်းလိုက်သည့် အစောင့်က ကျူးဟုန်ကုန်းကို ကြည့်နေလေသည်။

ကျင့်ကြံသူ ဆယ်ယောက်က နောက်ထပ်မွေးဖွားဇယားချပ် သားရဲဆီ ပျံသန်းသွားကြသည်။

“အဋ္ဌမ သခင်လေး ဒီမှာ နောက်တစ်ကောင် ရှိသေးတယ်”

“အဋ္ဌမ သခင်လေးအတွက် လမ်းရှင်းပေးလိုက်ကြ”

ကျင့်ကြံသူ ဆယ်ယောက်ကျော်က လမ်းဖွင့်ပေးပြီး အဆင့်မြင့် ခက်ထန်သားရဲများကို ကျူးဟုန်ကုန်းအတွက် လမ်းရှင်းပေးနေကြသည်။

ကျင့်ကြံသူများ၏ အကူအညီဖြင့် ကျူးဟုန်ကုန်းက ဒုတိယမြောက် မွေးဖွားဇယားချပ် သားရဲဆီ အလွယ်တကူ ရောက်ရှိသွားလေ၏။

“ကောင်းကင် အံ့ဖွယ်ဖြစ်ရပ်”

စွမ်းအင်လက်သီးပေါင်း သောင်းဂဏန်းလောက်က ပတ်ဝန်းကျင်တွင် ပေါ်ထွက်လာသည်။

“ဒါက တာအိုဆရာရဲ့ စွမ်းအင်လက်သီးတွေလား”

ထိုမြို့အစောင့်က စိတ်လှုပ်ရှားမှုအပြည့် ဖြစ်နေသည်။

“မိစ္ဆာဝေဟင်မျှော်နန်းက တပည့်တွေအားလုံးက အားကောင်းတယ်လို့ ပြောကြတာ။ အခုတော့ တကယ်ယုံသွားရပြီ”

“ငါလည်း ယုံသွားပြီ”

အားလုံးက ကျူးဟုန်ကုန်း လှူပ်ရှားသည်ကို ကြည့်နေရင်း တံတွေးမျိုချလိုက်ကြ၏။

ကောင်းကင်ကို ဖုံးလွှမ်းထားသည့် စွမ်းအင်စည်းတံဆိပ်က ပင်လယ်ဖျံနှင့် တူသည့် ဒုတိယ ခက်ထန်သားရဲဆီ အရှိန်ပြင်းပြင်းဖြင့် ရောက်ရှိလာသည်။

ဘန်း ဘန်း ဘန်း

ပင်လယ်ဖျံနှင့်တူသည့် သားရဲက နာကျင်စွာ အော်ငြီးပြီး လဲကျသွားသည့်အခါ မြေကြီးကိုပင် တုန်ခါသွားစေသည်။

အားလုံးက ဤတစ်ချိန် အနိုင်ရရှိပြီဟု တွေးထင်နေဆဲတွင် ‌ကျားနှင့်ငါးမန်း ရောစပ်ထားသည့် ပေတစ်‌ထောင် မြင့်မားသော ခက်ထန်သားရဲက ပေါ်ထွက်လာခဲ့သည်။ ထိုခက်ထန်သားရဲ ကျောဘက်တွင် ဆူးချွန်များ ရှိပြီး ခေါင်းက ကျားတစ်ကောင်၏ခေါင်းဖြစ်ကာ ခန္ဓာကိုယ်ကမူ ငမန်းတစ်ကောင်၏ ခန္ဓာကိုယ် ဖြစ်သည်။ ထိုအရာ၏မျက်ဝန်းက နေမင်း၊လမင်းလိုမျိုး တောက်ပနေကာ ကျူးဟုန်ကုန်းထံ ပါးစပ်ကို ဖြဲပြလာသည်။

“ဟား သောက်ရမ်းရုပ်ဆိုးလိုက်တာ”

ကျူးဟုန်ကုန်းက သူ့လက်သီးကို အလျင်အမြန် ဝှေ့ယမ်းလိုက်သည်။

ဘန်း ဘန်း ဘန်း

ခက်ထန်သားရဲက ကျူးဟုန်ကုန်း၏ တိုက်ကွက်ကို ခုခံနိုင်ခဲ့ပြီး ရှေ့သို့ ဆက်လက်တိုးလာနေလေသည်။ စက္ကန့်ပိုင်းလေးအတွင်း ထိုအရာ ပါးစပ်ကြီးကြီးဟလျက် ကျူးဟုန်ကုန်းရှေ့မှ ‌ပေါ်ထွက်လာခဲ့သည်။

“ အဋ္ဌမ သခင်လေး”

ကျင့်ကြံသူက အော်ခေါ်လိုက်သည်။ ရင်ဘတ်ပေါ် ထိမှန်သွားသည့် ကျူးဟုန်ကုန်းက ဘောလုံးတစ်လုံးလိုမျိုး လွင့်စဉ်သွား၏။ သူက သွေးနှင့်ချီတို့ ထွက်ပေါ်လာသည်ကို ခံစားမိလိုက်ပြီး သွေးအန်လုမတတ် ဖြစ်သွားရသည်။

ဘန်း

ကျားငါးမန်းမျိုးစပ် ခက်ထန်သားရဲက ကျင့်ကြံသူအားလုံးကို အမြှီးဖြင့် ရိုက်ထုတ်လိုက်သည်။

ဝုန်း

ခက်ထန်သားရဲများက ရှည်လျားလွန်းလှပြီး ကြီးမားလွန်းလှသည့်အတွက် ကျင့်ကြံသူများ ရှောင်ရှားဖို့ အချိန်မရှိပဲ အမြှီးကြောင့် လွင့်စဉ်သွားကြသည်။ သူတို့က ကြိုးပြတ်စွန်များကဲ့သို့ ပြုတ်ကျလာလေ၏။ သူတို့၏ ချီတို့နှင့် သွေးတို့က ထွက်ပေါ်လာကာ နာကျင်မှုကြောင့် သွေးအန်လာသည်။

ထိုစဉ် မြို့အစောင့်က အော်ပြောလိုက်၏။

“ဒါက သားရဲဘုရင်ပဲ … ပင်လယ်သားရဲဘုရင် နောက်ဆုတ်ကြ”

ကျင့်ကြံသူဆယ်ယောက်ကျော်က ချက်ချင်း နောက်ဆုတ်လိုက်ကြသည်။

ထိုကျင်ကြံသူများ နောက်ဆုတ်လိုက်သည်နှင့် သားရဲသောင်းချီက ပေါ်ထွက်လာလေသည်။ ကျားငါးမန်းမျိုးစပ် ခက်ထန်သားရဲ ပေါ်ထွက်လာမှုဖြင့် တိုက်ပွဲစီးကြောင်းက ပြောင်းလဲသွားသည်။

မြို့တံတိုင်းပေါ်ရှိ လေးသမားများက မြားများကို ပစ်ခတ်သော်လည်း မြားများက ကျားငါးမန်းမျိုးစပ် ခက်ထန်သားရဲအပေါ် ကျရောက်လာသည့်အခါ ကလိထိုးရုံမျှသာ ဖြစ်နေသည်။

မြားများက သူ့အပေါ် ခြစ်ရာပင် ချန်မထားနိုင်ခဲ့ပေ။

“ဒါက ဟူကျောင်းပဲ။ ဒါက ခုနှစ်နှစ်၊ ရှစ်နှစ် ကလေးလိုမျိုး ဉာဏ်ရည်ရှိတယ်။ ဖြေရှင်းဖို့လည်း လွယ်မှာမဟုတ်ဘူး”

မြို့အစောင့်က မှုန်သုန်လျက် အော်ပြောလိုက်သည်။

ဟူကျောင်းက ဦးဆောင်လျက် ပင်လယ်ဖျံ၊ ငါးမန်းပျံ၊ တခြားသော မွေးဖွားဇယားချပ်သားရဲများက ရှေ့တိုးလာကြသည်။ သူတို့အဖွဲ့၏ အလောင်းများက သူတို့ကို နည်းနည်းလေးမှ နှေးမသွားစေခဲ့ပေ။ တကယ်တော့ ငါးမန်းပျံနှင့် တူသည့် သားရဲများက သူတို့မျိုးနွယ်၏ အလောင်းများကိုပင် ဝါးမျိုပစ်ကြသည်။

လူသားကျင့်ကြံသူများက ဆက်လက်နောက်ဆုတ်နေရသည်။

တစ်ချိန်တည်းဆိုသလို ကျူးဟုန်ကုန်းက နာကျင်မှုကို တောင့်ခံကာ မတ်တတ်ရပ်နေရသည်။ သူက ဟူကျောင်းကို အလေးအနက် ကြည့်လိုက်သည်။

“ဒီအကောင်ရဲ့ အမြှီးက ဒီလောက်အားကောင်းတာကို မယုံဘူး။ မင်းတို့အားလုံး အားနည်းတဲ့ကောင်တွေကို ဖြေရှင်းလိုက်။ ငါ ဟူကျောင်းကို ဖြေရှင်းလိုက်မယ်”

“ဟုတ်ကဲ့”

သူတို့၏ လေသံအရ သူတို့ဟာ ယခင်လောက် ယုံကြည်ချက် မရှိတော့ကြောင်း ပြသနေသည်။ သူတို့အများစုသည် ပွင့်ချပ်ကိုးလွှာ သို့မဟုတ် ပွင့်ချပ်ရှစ်လွှာ ရှိသည်အခါ မည်သို့အကောင်း မြင်နိုင်မည်နည်း။ သူတို့က သာမာန်မွေးဖွားဇယားချပ် သားရဲများကိုပင် ဖြေရှင်းနိုင်ရုံမျှ ဖြစ်သည့်အခါ ယခုအခါ ပင်လယ်သားရဲဘုရင်နှင့်‌ တွေ့ဆုံနေရလေသည်။ ဟူကျောင်း၏ ရှေ့မှောက်တွင် သူတို့က ပုရွတ်ဆိတ်နှင့် မခြားပေ။

ဝုန်း

ကျူးဟုန်ကုန်းက လျှပ်စီးလိုအလင်းဖြင့် ရှေ့တိုးလာကာ လက်သီးချက် ပစ်ခွင်းလိုက်သည်။

ကောင်းကင်အံ့ဖွယ် ဖြစ်ရပ်

ပျက်သုန်းခြင်းကိုးပါး မိုးကြိုးက ကျူးဟုန်ကုန်းဝန်းကျင်တွင် တောက်ပလာပြီး သူ့စွမ်းအင်လက်သီးများက လေထုထဲ ပြည့်နှက်လာသည်။ မျက်စိတစ်မှိတ်အတွင်း သူ့တိုက်ကွက်က ပြောင်းလဲသွား၏။

“စိတ်ဝိညာဉ်သဏ္ဌာန်”

ပွင့်ချပ်ဆယ့်တစ်လွှာ ရွှေကြာက ကျူးဟုန်ကုန်းနှင့်အတူ ထွက်ပေါ်လာခဲ့သည်။

ထိုအရာကို မြင်ကာ ဟူကျောင်းက ရပ်တန့်လိုက်ပြီး ပါးစပ်ကို ဟလိုက်သည်။

ဗွမ်း

ဧရာမ ရေလှိုင်းကြီးက ဟူကျောင်း၏ ပါးစပ်မှ ထွက်ပေါ်လာခဲ့သည်။

ဘန်း

ကျူးဟုန်ကုန်းနှင့် သူ့စိတ်ဝိညာဉ်သဏ္ဌာန်က ရေလှိုင်းဖြင့် ထိမှန်သွားလေသည်။ သူက သွေးတစ်ဗွက် အန်လိုက်ရပြီး သူ့စိတ်ဝိညာဉ်သဏ္ဌာန်က လေထုထဲ ပျောက်ကွယ်သွားလေ၏။

“သ”

ကျူးဟုန်ကုန်းက ခန္ဓာကိုယ်ကို လှုပ်ရှားကာ ပင်လယ်သားရဲဘုရင်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ မြို့စောင့်မှ အော်ပြောလိုက်သည်။

“အဋ္ဌမ သခင်လေး အကောင်းဆုံး လုပ်ပြီးသွားပြီ အခု နောက်ဆုတ်လိုက်ပါတော့”

“အဋ္ဌမ သခင်လေး ကျေးဇူးပြုပြီး နောက်ဆုတ်လိုက်ပါတော့”

မြို့တံတိုင်းပေါ်ရှိ ကျင့်ကြံသူများကလည်း ပြိုင်တူအော်လိုက်ကြသည်။

ကျူးဟုန်ကုန်းက မလှုပ်မယှက် ဖြစ်နေသည်ကို တစ်စုံတစ်ယောက်က ဖြောင်းဖြဖို့ ကြိုးစားလိုက်၏။

“အသက်ရှင်နေမှသာ နောက်ထပ်အနိုင်ရဖို့ အခွင့်အရေး ရနိုင်မှာ။ ကျေးဇူးပြုပြီး နောက်ဆုတ်လိုက်ပါတော့”

ခဏအကြာတွင် အားလုံးက ကျူးဟုန်ကုန်းကို ဖြောင်းဖြဖို့ ပူးပေါင်းလိုက်ကြသည်။ သို့သော် မလိုလားအပ်သည့် စတေးမှုမျိုး လုပ်ဖို့မလိုပေ။

သို့သော် ကျူးဟုန်ကုန်းက လှည့်ကာ ပြောလိုက်သည်။

“အခု မင်းတို့အားလုံးက နောက်ဆုတ်နိုင်တယ်။ ဒါပေမဲ့ သာမာန်လူတွေကရော ဘယ်လိုလုပ်မှာလဲ။ အခု ခက်ထန်သားရဲတွေက သိမ်းပိုက်နေပြီ။ ငါတို့ နောက်ဆုတ်တယ်ဆိုရင် သူတို့သေသွားလိမ့်မယ်”

“ဒါက…”

ကျင့်ကြံသူများက ရှက်ရွံ့မှုဖြင့် မျက်နှာ နီရဲသွားကြ၏။

“ကိုယ့်ရဲ့ တာဝန်ကို မေ့မထားနဲ့။ ငါက လူကောင်း မဟုတ်ပေမဲ့ ကိစ္စတွေ ဖြစ်လာတဲ့အခါမှာ ထွက်ပြေးတတ်တဲ့ ကြွက်စုတ် မဟုတ်ဘူး”

အားလုံးက ရှက်ရွံ့စွာဖြင့် ခေါင်းငုံံ့ထားလိုက်ကြသည်။

“ကျွန်တော်တို့ကလည်း နောက်မဆုတ်ချင်ပါဘူး။ ဒါပေမဲ့ ခက်ထန်သားရဲက အရမ်းကို များလွန်းနေတယ်။ ဒီလိုဖြစ်နေတယ်ဆိုရင် အားလုံးသေဆုံးသွားလိမ့်မယ်”

ဝုန်း ဝုန်း ဝုန်း

ခက်ထန်သားရဲများက ဂိတ်ပေါက်ဆီ ရောက်ရှိလာကာ လမ်းဖောက်ဖို့ ကြိုးစားနေကြသည်။ အဝေးတစ်နေရာတွင် သွေးအလိမ်းလိမ်း ရှိနေသည့် ကျင့်ကြံသူများက လေထုထဲ ပျံသန်းနေသည်ကို မြင်နိုင်လေ၏။

မြို့တံတိုင်းပေါ်ရှိ စစ်သားများကလည်း တစ်ယောက်ပြီးတစ်ယောက် ပြုတ်ကျလာကြသည်။

တစ်ချိန်တည်းဆိုသလို သားရဲပျံများက မတ်တတ်ရပ်လျက် ရှိနေသည့် သူများကို ပြစ်မှတ်ထားနေကြသည်။

လူသားနှင့် ခက်ထန်သားရဲများ၏ သွေးနံ့များက ကျန်းတုံမြို့တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

သားရဲပျံများက မြို့ဂိတ်များဆီ ဦးတည်လာကြပြီး လူသားများကို တိုက်ခိုက်နေကြသည်။

လူသားများက ပိုမိုဆိုးရွားသည့် အခြေအနေသို့ ကျရောက်လာလေ၏။ သူတို့က နောက်ဆုတ်ရင်း နောက်ဆုတ်ရင်းဖြင့် ခုခံမှုက ပိုမိုအားနည်းလာခဲ့သည်။

ဝုန်း

ဟူကျောင်းက အသံကျယ်ကြီးတစ်ခု ထုတ်လွှင့်လာခဲ့သည်။

သူ့အနောက်ရှိ ပင်လယ်သားရဲများက အရှိန်မြှင့်လာကြသည်။

ကျူးဟုန်ကုန်းက လေထဲအထက် ပျံသန်းကာ ပြောလိုက်သည်။

“အာ ငါက အစောလေးတုန်းက သူရဲကောင်းဆန်ဆန် ဟန်ဆောင်ခဲ့တာ။ အခု စကားတွေ ပြန်ရုတ်သိမ်းလို့ ရမလား”

ဘယ်သူက ဒါကို တောင့်ခံနိုင်မှာလဲ…

ဟူကျောင်းက ပါးစပ်ဟကာ ရှေ့တိုးလာခဲ့ပြီး နောက်ထပ် ရေလှိုင်းလုံးပြင်း လွှင့်ထုတ်လာခဲ့သည်။

“ရှောင်ကြ”

မြို့အစောင့် အော်ပြောလိုက်ပြီး မျက်နှာက ဖြူဖျော့သွားလေသည်။

ကျင့်ကြံသူများက ချက်ချင်းဆိုသလို ဘက်သို့ လွှင့်သွားကြ၏။

ရေလှိုင်း၏ စွမ်းအားက ထူထဲသည့် မြို့တံတိုင်းကို ဖျက်ဆီးပစ်ဖို့ လုံလောက်နေသည်။

ကျူးဟုန်ကုန်းက ပွင့်ချပ်ဆယ့်တစ်လွှာ ကျင့်ကြံသူ ဖြစ်နေလျှင်ပင် ထိုရေလှိုင်းထိတွေ့ပါက ဒဏ်ရာ အပြင်းအထန် ရရှိသွားနိုင်သည်။

“အမလေး ရှောင်မှ ရှောင်မှ”

ကျူးဟုန်ကုန်း၏ စိတ်ဓာတ်က မိနစ်ပိုင်းကြာ တောင့်ခံနိုင်ခဲ့သော်လည်း အလျင်အမြန် ပျောက်ကွယ်သွားခဲ့သည်။ သူက မြို့တံတိုင်းဆီ အားကုန်သုံး၍ ပျံသန်းသွားလိုက်၏။

ထိုစဉ် ဟူကျောင်းက အမြှီးကို ထပ်မံဝှေ့ယမ်းလိုက်ပြီး ရေလှိုင်းကို ထပ်မံထုတ်လွှတ်လာခဲ့သည်။

ဝုန်း

ရေလှိုင်းထိမှန်ရာ နေရာများက ချက်ချင်းဆိုသလို အေးခဲသွား၏။

“ဒီစွမ်းအင်က”

ကျင့်ကြံသူများက ထိုအရာကို မြင်သည့်အခါ အမူအယာ ပျက်ယွင်းသွားကြသည်။

“အဋ္ဌမ သခင်လေး သတိထား”

ထိုရေလှိုင်းက ကျူးဟုန်ကုန်းဆီ ရောက်မည့်ဆဲဆဲတွင် အပြာရောင်လက်ဝါးစည်းတံဆိပ်က ရုတ်တရက် ပေါ်ထွက်လာလေ၏။

ဘန်း

အပြာရောင်စည်းတံဆိပ်က အားလုံးကို လွှမ်းခြုံထားသည့် ဒိုင်းကာသဖွယ် ဖြစ်လာကာ ကျူးဟုန်ကုန်းနှင့် နောက်ကွယ်ရှိ လူများအားလုံးကို ကာကွယ်ပေးထားသည်။

အပြာရောင်လက်ဝါးစည်းတံဆိပ် ပိုင်ရှင်က ထိုလက်ဝါးစည်းတံဆိပ် နောက်ကွယ်တွင် ပျံသန်းနေသည်ကို မြင်တွေ့နိုင်သည်။ သူ့လက်မောင်းကို ရှေ့ဆန့်ထုတ်ထားလျက် ရှိပြီး သူ့အမူအယာက တည်ငြိမ်နေလျက် ရှိသည်။

အားလုံးက ထိုလူအိုကြီးကို မြင်လိုက်ကြသည်။ သူ့ဆံပင်က ဖြူစွတ်နေပြီး မသေမျိုးတစ်ယောက်နှင့် တူလေသည်။

ကျူးဟုန်ကုန်းက ပျော်ရွှင်သွားပြီး ဒူးထောက်ကာ လှမ်းခေါ်လိုက်သည်။

“ရှစ်စွင်း”

လုကျိုးက ကျူးဟုန်ကုန်းကို မကြည့်ဘဲ မေးလိုက်၏

“မင်းဒဏ်ရာတွေကဘယ်လိုလဲ”

ကျူးဟုန်းကုန်းက ထိုစကားများကြောင့် အနည်းငယ် စိတ်လှုပ်ရှားမိသွားသည်။ သူက ရင်ဘတ်ကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။

“ဒါက အသေးမွှားလောက်ပါပဲ ဘာမှမပြင်းထန်ပါဘူး။ ကျွန်တော် ရှစ်စွင်းလာတာကိုပဲ ရင်ထဲ ထိသွားလို့ပါ”

“…”

ထိုစကားများထဲတွင် အလိမ်အညာ မရှိသော်လည်း သူတို့က အဘယ်ကြောင့် အတုအယောင်နဲ့ တူနေရသနည်း။

တစ်ချိန်ထဲဆိုသလို လုကျိုးက သူသည် အထွတ်အထိပ် ဆန်းကြယ်စွမ်းအား အားလုံးကို အသုံးပြုလိုက်ရသည်က နှမြောဖို့ကောင်းသည်ဟု ထင်မိလိုက်သည်။ သူက ကျူးဟုန်ကုန်းကို ကုသဖို့ မသုံးခဲ့ရသလို ဟူကျောင်းနှင့် ရင်ဆိုင်ဖို့အတွက်လည်း အသုံးမပြုခဲ့ပေ။ သူက အထွတ်အထိပ်ဆန်းကြယ် စွမ်းအားအားလုံးကို တွမ့်မူရှန်းကို စောင့်ကြည့်ဖို့နှင့် ဤနေရာကို ကူးသန်းလာဖို့အတွက် သုံးလိုက်ရခြင်း ဖြစ်၏။ သူက ဟူကျောင်းကို ရင်ဆိုင်ဖို့အတွက် အခု ကိုယ်ပိုင် စွမ်းအားကိုသာ မှီခိုနိုင်တော့သည်။ တခြားတစ်ဖက် ကျင့်ကြံသူများက ဒူးထောက်လိုက်ကြသည်။

“ မျှော်နန်းသခင်လုကို ဂါဝရပြုပါတယ်”

“တင် လူတစ်ရာငါးဆယ်ရဲ့ ကိုးကွယ်ယုံကြည်မှုကို ရရှိသည့်အတွက် ကုသိုလ်ရမှတ် ၁၅၀ ရရှိပါတယ်”

ရေလှိုင်းက နောက်ဆုံးတွင် ပျောက်ကွယ်သွားလေ၏။

လုကျိုးက တပ်သားများနှင့် ကျင့်ကြံသူများကို လှည့်ကြည့်လိုက်ပြီး ပြောလိုက်သည်။

“ဘာမှအားနာနေဖို့ မလိုဘူး”

ထိုစဉ် ကျောင်းဟုန်ဖုက မျှော်စင်အထက် ရပ်နေကာ ရှေ့ကိုလက်ညှိုးထိုးပြီး အော်ပြောလိုက်သည်။

“ဟူကျောင်း”

မြို့အစောင့်ကပြောလိုက်သည်။

“အမှန်တကယ်ကို ဟူကျောင်းပဲ၊ တောင်ပိုင်း၊ အနောက်ပိုင်းနဲ့ မြောက်ပိုင်းဂိတ်က ကျင့်ကြံသူတွေအားလုံးကို ဆင့်ခေါ်ပြီးသွားပြီ”

လုကျိုးက မြို့အစောင့်ကို ကြည့်ကာပြောလိုက်သည်။

“သူတို့ ရှိတဲ့နေရာမှာပဲ နေဖို့ပြောလိုက်”

“ဟုတ်ကဲ့”

ဝူ

ဟူကျောင်းက ရှေ့ကို တိုးလာခဲ့သည်။ သူတစ်လှမ်းဖြင့် ကောင်းကင်တစ်ဝက်ကိုပင် ဖုံးလွှမ်းသွားနိုင်ဟန် ပေါ်သည်။ မြေကြီးက အနည်းငယ် တုန်ခါလာပြီး တိမ်တိုက်များပင် ကင်းစင်သွားဟန် ပေါ်သည်။

ပင်လယ်သားရဲများကလည်း အမိန့်ရလိုက်သည့်အလား ရှေ့ကိုခက်ထန်စွာ တိုးလာကြ၏။

ဘန်း ဘန်း ဘန်း

ဝုန်း ဝုန်း ဝုန်း

မွေးဖွားဇယားချပ် ခုနှစ်ခုရှိထားသည့် လုကျိုးက ဤအရေးကိစ္စကို မည်သို့ဖြေရှင်းရမှန်း စဉ်းစားနေလေ၏။ ထို့အပြင် ဤသည်ကား ကျန်းတုံပတ်လမ်းမျှသာမကဘဲ ကျန်းနန်ပတ်လမ်း၊ ကျန်းပေ့ပတ်လမ်းနှင့် ရှမ်းပေပတ်လမ်းတို့တွင်လည်း အန္တရာယ်များရှိနေသည်။

ထိုစဉ် အားလုံးက လုကျိုးကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်ကြသည်။

တစ်ချိန်ထဲဆိုသလို ဟူကျောင်းက အမြီးကို ဝှေ့ယမ်းလိုက်၏။

“တိရိစ္ဆာန်ကောင်”

လုကျိုးက ဒေါသတကြီးဖြင့် ကောင်းကင်အထက်ပျံသန်းသွားကာ သာမာန်အသေရိုက်ချက်ကတ်ကို ခြေမွှလိုက်သည်။

လက်ဝါးစည်းတံဆိပ်က ကောင်းကင်ကိုထိုးဖောက်ကာ ဟူကျောင်းထံ ပျံသန်းရောက်ရှိလာ၏။

လက်ဝါးစည်းတံဆိပ်က အင်မတန် အားပျော့နေဟန်ပေါ်ပြီး တည်ရှိမှုကိုပင် မခံစားရပေ။

အားလုံးက လုကျိုးကို ကြည့်နေကြသည်။

မြို့အစောင့်က မနေနိုင်ပဲ ပြောလိုက်မိ၏။

“မျှော်နန်းသခင်လု ဒီဟူကျောင်းက ပင်လယ်သားရဲဘုရင်ပဲ”

မြို့စောင့် ဆိုလိုသည်က ဤကိစ္စကို အလေးအနက် မှတ်ယူရန် ဖြစ်သည်။

မြို့စောင့်၏အသံ ဆုံးသွားသည်အခါ

“ဘန်း”

“ဝွန်း”

ပေါက်ကွဲသံ ထွက်လာသည်နှင့်အတူ ဆိုးဆိုးရွားရွား အော်သံကြီး ကပ်လိုက်ပါလာသည်။ အားလုံးက ခေါင်းမော့ကာ ကြည့်လိုက်ကြ၏။ သူတို့က ဟူကျောင်းသည် ပေတစ်ထောင် မြင့်မားသည့် ခန္ဓာကိုယ်က တိမ်တိုက်အတွင်း ရောက်ရှိနေသည်ကို မြင်လိုက်ရသည်။ ထိုအရာက ရူးသွပ်သွားသလိုမျိုး ဖြစ်နေလေ၏။ ထိုအရာ၏ အော်သံက အားလုံး၏နားစည်များကိုပင် ထိုးဖောက်သွားနိုင်လောက်အောင် ကျယ်လွန်းလှသည်။

တူညီလှစွာ ပင်လယ်သားရဲအားလုံး သူတို့၏ဘုရင်ကို ကြည့်ကာ လူသားများကထက် ပိုပြီး စိတ်ရှုပ်ထွေးနေကြသည်။

ဟူကျောင်းက ကောင်းကင်အထက် ဆက်လက် ဖျက်ဆီးနေရင်း ကောင်းကင်အထက်မှ ရေပေါက်များ ကျဆင်းလာသည်။ ထိုအရာသည် ယခုအခါ ဒယ်အိုးအပူအပေါ် ရောက်ရှိနေသည့် ငါးတစ်ကောင်အလား ဖြစ်နေ၏။

ကျူးဟုန်ကုန်း၊ ကျောင်းဟုန်ဖူ၊ မြို့အစောင့်များနှင့် ကျင့်ကြံသူများက ဟူကျောင်းကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ကြသည်။

ထိုစဉ် ဟူကျောင်းက အချိန်ရပ်တန့်သွားသည့်အလား လှုပ်ရှားမှု ရပ်တန့်သွားကာ ကောင်းကင်အထက်မှ ပြုတ်ကျလာလေသည်။

ဝုန်း

ပေတစ်ထောင် ရှည်လျားသည့် ခန္ဓာကိုယ်က ခက်ထန်သားရဲ အမြောက်အမြားပေါ် ပြုတ်ကျလာခဲ့သည်။ အားနည်းလှသည့် ပင်လယ်သားရဲများက ချက်ချင်းဆိုသလို အသားစိုင် ဖြစ်သွားလေပြီး သူတို့၏ ခေါင်းများက ပွင့်ထွက်သွားကာ ဗိုက်များက ပြားချပ်သွားသည်။ အားလုံးက အသက်အောင့်ထားလိုက်ကြပြီး သူတို့၏မျက်လုံးကပင် မျက်စံအိမ်မှ ထွက်လာတော့မလိုမျိုး ခံစားနေရသည်။ အားနည်းလှသည့် လက်ဝါးစည်းတံဆိပ်က ဤဟူကျောင်းကို လှည့်စားဖို့ရာအတွက် ဖြစ်နေခဲ့သည်လား။

“တင် ဟူကျောင်းကို သတ်နိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၈၀၀၀ကို ရရှိပါတယ်”

အားလုံးက ကြောင်အနေကြစဉ် ကျောင်းဟုန်ဖုက ပြောလိုက်သည်။

“အားလုံး သတိထားကြ။ ပင်လယ်သားရဲဘုရင် သေပေမဲ့လည်း သားရဲတွေက နောက်ဆုတ်မှာ မဟုတ်ဘူး။ အဲ့ဒီအစား သူတို့က ပိုပြီးတော့ ရူးသွပ်လာလိမ့်မယ်။ ပင်လယ်သားရဲတွေက ငါတို့ထင်ထားတာထက် ပိုပြီးတော့ ရက်စက်တယ်”

အမှန်ပင် ကျန်ရှိနေသည့် ပင်လယ်သားရဲများက မြို့ဆီရှေ့တိုးလာပြီး ဟူကျောင်း၏ အလောင်းကိုပင် နင်းခြေနေကြသည်။

လုကျိုးက နောက်မဆုတ်ဘဲ ရှေ့တိုးလိုက်၏။

အားလုံးက အသက်အောင့်ထားလိုက်ကြသည်။ ထိုစဉ် လုကျိုးက သူ့စိတ်ဝိညာဉ် သဏ္ဌာန်ကို ထုတ်ဖော်လိုက်၏။ သူ့စိတ်ဝိညာဉ်သဏ္ဌာန် အောက်ခြေတွင် အားလုံး၏ အာရုံကို ဖမ်းစားသွားသည့် မီးတောက်ကြာပွင့်တစ်ခု ရှိနေလေ၏။

“အဲ့တာက ဘာလဲ”

“ငါလည်း မသိဘူး”

လုကျိုးက ပင်လယ်သားရဲအုပ်ဆီ အရှေ့တိုးလိုက်သည်။

“မီးတောက်ရွှေကြာ”

စိတ်ဝိညာဉ်သဏ္ဌာန်၏ အောက်ခြေရှိ ရွေကြာများ ချက်ချင်းဆိုသလို လည်ပတ်လာသည်။ သိပ်မကြာခင် အသေးစား မီးတောက်ကြာပွင့်များက အဖက်ဖက်ဘက် ပြန်နှံ့သွားလေ၏။ ကြာပွင့်များက စတင်လည်ပတ်လာသည်။

ရွှေကြာကို ရစ်ပတ်ထားသည့် မီးတောက်များက တစ်ခုနှင့်တစ်ခု အဖက်ဖက်သို့ ပျံ့နှံ့သွားပြီး ခက်ထန်သားရဲများကို လှောင်ကျွမ်းပစ်နေကြသည်။

ခက်ထန်သားရဲများက ပြာအဖြစ် ဖြစ်သွားကြသလို ပြာအဖြစ် ဖြစ်သွားကြ၏။

သူတို့က မီတာတစ်ရာ လွင့်စဉ်သွားပြီး လမ်းကြောင်းတွင် ရှိသမျှ ခက်ထန်သားရဲကို သတ်ပစ်သည်။

လုကျိုးက မွေးဖွားစမ်းသပ်ချက် စွမ်းရည်ကို နှစ်ကြိမ် ထုတ်လွှင့်လိုက်ပြီ ဖြစ်သည့်အတွက် တစ်ခါတည်းသုံးဖို့ ရွေးချယ်လိုက်သည်။ သက်ရောက်မှုက ကျေနပ်ဖွယ်အတိ ဖြစ်၏။

မွေးဖွားစမ်းသပ်ချက် စွမ်းရည်ဖြင့် သူသည် ပင်လယ်သားရဲ တစ်ဝက်ကျော်ကို သုတ်သင်နိုင်ခဲ့သည်။

နောက်ဆုံးသော ရွှေကြာမီးတောက်က ခက်ထန်သားရဲကို နှစ်ပိုင်းပြတ်ပြီးနောက်တွင် လုကျိုး၏ စိတ်ဝိညာဉ်သဏ္ဌာန်က ပျောက်ကွယ်သွားလေသည်။ ခက်ထန်သားရဲပျံ၏ ခန္ဓာကိုယ်က အလောင်းပုံအထက် ပြုတ်ကျလာလေ၏။

လုကျိုးက လှည့်ကာ ကြည့်လိုက်သည်။

ထိုစဉ် ကျင့်ကြံသူများက အသိပြန်မဝင်ကြသေးပဲ အလောင်းပုံများကိုသာ ကြည့်နေမိ၏။

အချိန်အတော်ကြာ ကြာမြင့်ပြီးသည့်နောက်တွင် မြို့အစောင့်က အသိပြန်ဝင်လာသည်။ သူက အသက်အောင့်ကာ ပြောလိုက်၏။

“ဒါက မွေးဖွားဇယားချပ် ၁၂ခု ပညာရှင်ရဲ့ စွမ်းအားလား”

“အဲ့လိုထင်တာပဲ”

“ဒီလိုဆိုရင် သူက အကုန်လုပ်လိုက်တာဆိုတော့ ငါတို့က ဘာလုပ်ရဦးမှာလဲ”

ပညာရှင် ရှိနေပြီဖြစ်ကာ နောက်လူများက ဘာများလုပ်နိုင်ဦးမည်နည်း။ ပြပွဲသာ ကြည့်နေနိုင်သည်။

လုကျိုး ထိုအတိုင်း မစဉ်းစားပေ။ သူက တခြားသူများကို လုပ်ဆောင်ခိုင်းဖို့ အစီအစဉ်များ ရှိလေ၏။ သူက အားကောင်းသည့် လှုပ်ရှားမှု အားလုံးကို အသုံးပြုထားလေရာ အသေရိုက်ချက်ကတ်ကို မဆင်မခြင် အသုံးပြုမည် မဟုတ်ပေ။ ယခုမှစ၍ သူက မတိုက်ခိုက်တော့ပေ။ ထို့ကြောင့် သူက ပြောလိုက်၏။

“အားလုံး သတိလက်လွတ် မဖြစ်ကြနဲ့။ ဒါက အစပဲ ရှိသေးတယ်။ ကျန်တာအားလုံးကို မင်းတို့ဆီ အပ်ထားလိုက်မယ်”

ဤသို့ အကောင်ကြီးကြီးက တာဝန်ယူထားလေရာ အားလုံး၏ ယုံကြည်မှုက ပြန်လည်ရောက်ရှိလာပြီး သူတို့က ပြိုင်တူပြောလိုက်ကြသည်။

“ဟုတ်ကဲ့”

ကျူးဟုန်ကုန်းက ပြောလိုက်သည်။

“ရှစ်စွင်း ကျွန်တော်သွားပြီးတော့ အသက်ဓာတ်နှလုံးသား ယူလိုက်မယ်”

လုကျိုးက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“အနက်ရောင်ကြာ ကျင့်ကြံသူတွေကို သတိထားဦး”

တခြားသော ခက်ထန်သားရဲများက ပင်လယ်သားရဲဘုရင် မရှိတော့သဖြင့် စိုးရိမ်စရာ မလိုတော့ပေ။

“ဟုတ်ကဲ့ပါ”

လုကျိုးက ကျောင်းဟုန်ဖုကို ပြောလိုက်သည်။

“သွားကြစို့”

ကျောင်းဟုန်ဖုက ခေါင်းညိတ်ကာ လုကျိုးနောက်မှ လိုက်ပါသွားသည်။ သူမက သူ့ရည်ရွယ်ချက်ကို နားလည်ဟန် ပေါ်၏။

“မျှော်နန်းသခင်အတွက် သင်္ကေတလမ်းကြောင်းကို အကောင်းဆုံး ဖွင့်ပေးဖို့ ကြိုးစားပါမယ်။ အခု ဘယ်သွားမှာလဲ။ မျှော်နန်းသခင်လုရဲ့ စွမ်းအားပြတာကို မစောင့်နိုင်တော့ဘူး”

“အနားယူဖို့”

“ဟမ်”

သူက အနိုင်ရရှိမှုကို အရေးသာပြီး နောက်ထပ်ပတ်လမ်းဆီ သွားပြီး သတ်ဖြတ်မည် မဟုတ်ဘူးလား။

ကျောင်းဟုန်ဖုက ခေါင်းကုပ်ကာ စိတ်ရှုပ်ထွေးနေဟန် ပေါ်သည်။

လုကျိုးက ငုံ့ကြည့်ကာ ပြောလိုက်၏။

“နတ်ခြင်္သေ့”

သခင်ဖြစ်သူ၏ ခေါ်သံကို ကြားပြီးသည့်နောက်တွင် နတ်ခြင်္သေ့က ကောင်းချီးမင်္ဂလာ တိမ်တိုက်များအကြား ရောက်ရှိလာသည်။

သူတို့က ထွက်သွားတော့မည့်ဆဲဆဲတွင် ကျောင်းဟုန်ဖုက ရုတ်တရက် ပြောလိုက်၏။

“မျှော်နန်းသခင်လု ဟိုကို ကြည့်ပါဦး”

ကျန်းတုံပတ်လမ်း၏ အဝေးတစ်နေရာတွင် အနက်ဝတ် ကျင့်ကြံသူများက ကျိုင်းအုပ်များသဖွယ် ပျံသန်းလာလေ၏။ သူတို့က တန်းစီပျံသန်းနေသည့်အတွက် ဆူညံသံများကိုပင် ကြားနေရသည်။

အနက်ရောင်ကြာ ကျင့်ကြံသူများက ပေါ်ထွက်လာပြီ ဖြစ်ကာ စွမ်းအားကို ပြသနေပြီ ဖြစ်၏။

တစ်ချိန်တည်းဆိုသလို ပင်လယ်သားရဲများစွာနှင့် ကုန်းမြေသားရဲများစွာက ရှိနေလေရာ ခက်ထန်သားရဲများကို မရေတွက်နိုင်တော့ပေ။

အားလုံး၏ စိတ်အခြေအနေက ရုတ်တရက် နှစ်မြှပ်သွားလေ၏။

အနီရောင်ကြာနယ်မြေက ဒီနေ့ အဆုံးသတ်ကို တွန်းပို့ခံရတော့မှလား…

“အနက်ရောင်ကြာ တပ်ဖွဲ့ အဲ့ဒီမှာ ဘုံတစ်ထောင် လေပွေအဆင့် ကျင့်ကြံသူတွေ အများကြီး ရှိတယ် “

ကျောင်းဟုန်ဖုက အော်ပြောလိုက်သည်။ လုကျိုးက မုတ်ဆိတ်သပ်ကာ ရောက်ရှိလာသည့် တပ်ကို လှမ်းကြည့်ပြီး ခေါင်းမယမ်းဘဲ မနေနိုင်တော့ပေ။

သားရဲဧကရာဇ်ကို မဆိုထားနှင့် မူအာထျဲ့ကပင် ထွက်ပေါ်မလာသေးသော်လည်း သူကမူ ဝှက်ဖဲအားလုံးကို အသုံးပြုပြီးသားဖြစ်နေလေသည်။

သူက ဤတပ်ဖွဲ့အား မည်သို့ဖြေရှင်းရမည်နည်း။ သူအနေဖြင့် အထွတ်အထိပ် ဆန်းကြယ်စွမ်းအား မရှိသလို အထွတ်အထိပ် ဆန်းကြယ်ကတ် သို့မဟုတ် အထွတ်အထိပ် သဏ္ဌာန်ကတ်လည်း မရှိပေ။ မွေးဖွားစမ်းသပ်ချက် စွမ်းအားကိုပင် အသုံးပြုပြီသားဖြစ်၏။

...

အခန်း (၁၁၁၅) မင်းတိုက်ခိုက်နေတဲ့အချိန် သွေးတွေ စဉ်လိမ့်မယ်

လုကျိုးသည် ခရမ်းရောင် တောက်ပသံကျောက်ကို အသက်သွင်းပြီးနောက် မျှော်စင်ဆီ ပျံသန်းသွားလေ၏။

ကျင့်ကြံသူများသည် မြို့ရိုးဆီ ဆုတ်ခွာပြီး သူတို့ရှေ့ရှိ အမှောင်ထုကို ကြည့်မိချိန် သူတို့က မဟာရန်သူတော်နှင့် ရင်ဆိုင်နေရသည်ဟု ထင်မှတ်နေကြသည်။

မြို့ပေါ်တွင် အနက်ရောင်တိမ်စိုင်တိမ်လိပ်များ ဝဲပျံနေပြီး ရောက်လာသည့်တပ်ဖွဲ့က ဤနေရာရှိ လူတိုင်းအပေါ် လေးလံသည့်ဖိအား သယ်ဆောင်လာ၏။

ကျူးဟုန်ကုန်းသည် သူ့လက်ထဲ၌ အသက်ဓာတ်နှလုံးသားကို ကိုင်ထားပြီး ကောင်းကင်ကို မော့ကြည့်ကာ နာကျင်မှုကို တောင့်ခံလျက် ကောင်းကင်ထဲ ပျံသန်းသွား၏။ သူက ကျယ်လောင်စွာ ပြောလိုက်သည်။

“သေလမ်းရှာတဲ့ နောက်ထပ် လူတစ်စုပဲ။ စိတ်မပူနဲ့ ငါ့ရဲ့ရှစ်စွင်းက ပြိုင်ဘက်ကင်းတယ်။ ရှစ်စွင်းက သူတို့တွေ သူတို့မိဘကို ငိုယိုတမ်းတတဲ့အထိ သေချာပေါက် ရိုက်နှက်ပစ်မှာ”

လုကျိုး “...”

ဤအရူးတပည့်က ပါးနပ်သည့်အခါ၌ သူသည် အငိုက်မိအောင်လုပ်နိုင်ပြီး တုံးအသည့်အခါတွင်လည်း မည်သူမှ အံ့ဩမှာမဟုတ်။ သူသည် ဉာဏ်ထက်မြတ်မှုနှင့် တုံးအမှုတို့ပေါင်းစည်းထားတာဖြစ်သည်။

ကျူးဟုန်ကုန်းက လုကျိုးဆီပျံသန်းသွားပြီးနောက် အသက်ဓာတ်နှလုံးသားကို ပေးလိုက်၏။

“ရှစ်စွင်း ရှစ်စွင်းရဲ့ရတနာ”

ကျောင်းဟုန်ဖု “...”

လုကျိုးသည် အသက်ဓာတ်နှလုံးသားကိုကြည့်လိုက်သည်။ အသက်ဓာတ်နှလုံးသားက ငရဲဝံပုလွေဘုရင်၏ အသက်ဓာတ်နှလုံးသားနှင့် အဆင့်တူသည်။ ယင်းက သက်တမ်းနှစ် ၂၀၀၀ ထောက်ပံ့ပေးနိုင်သည်။ အရေးကြီးဆုံးက သူ လက်ရှိအခြေအနေ၌ လိုအပ်နေသည်ကလည်း အသက်ဓာတ်နှလုံးသားဖြစ်သည်။

“ကောင်းကောင်းသိမ်းထား”

ကျူးဟုန်ကုန်းက ပြောပြီး အပျော်လွန်သွား၏။ “ကျေးဇူးပါ ရှစ်စွင်း”

“ဟမ်” လုကျိုး၏ အမူအရာက တောင့်တင်းသွား၏။

လုကျိုး၏လေသံသည် ကျူးဟုန်ကုန်းကို စိတ်လေးသွားစေသည်။ သူ၏စိတ်ဓာတ်တက်ကြွမှုများပျောက်သွားကာ ပြောလိုက်၏။

“ကျွန်တော် ရှစ်စွင်းကို ကျေးဇူးတင်တာက ရှစ်စွင်းအတွက် အသက်ဓာတ်နှလုံးသား သိမ်းထားဖို့။ ကျွန်တော့်ကို ယုံကြည်တဲ့အတွက်ပါ”

ရှစ်စွင်းက တကယ်ကပ်စေးနှဲတာပဲ။ သူ့မှာ မွေးဖွားဇယားချပ် ၁၂ခု ရှိပြီးသားကို ငါ့အတွက် အသက်ဓာတ်နှလုံးသားတစ်ခု မပေးဘူး။

အဝေးကနေ အနက်ရောင်နဂါးနှင့်တူသည့် အနက်ရောင်ကြာကျင့်ကြံသူတစ်စုသည် ရုတ်ရုတ်သဲသဲဖြစ်ရပ်ကို နောက်ဆုံး၌ သတိပြုမိသွားကြပြီး နောက်ဆုံး၌ လှမ်းကြည့်လိုက်ကြ၏။ လက်ဖက်ရည်တစ်အိုးနှပ်စာ အချိန်အတွင်း အနက်ရောင်ကြာကျင့်ကြံသူ တစ်သောင်းကျော်သည် တပြေးတည်း ပျံသန်းကာ ဒီရေလှိုင်းပမာ ရောက်ကျလာ၏။ ကျူးဟုန်ကုန်းက သူ့ရင်ဘတ်သူ ပုတ်ပြီးပြောလိုက်သည်။

“မကြောက်ကြနဲ့။ အဲ့ဒီတုန်းက ငါ့ရဲ့ရှစ်စွင်းက ထိပ်သီးဂိုဏ်းဆယ်းဂိုဏ်းက လူတစ်သောင်းကို လိုက်ဖမ်းခဲ့တာ။ ဒါ ဘာမှမဟုတ်ဘူး”

ဤနေရာ၌ လူများစွာရှိမနေလျှင် လုကျိုးသည် ကျူးဟုန်ကုန်းကို ကန်မိလောက်ပြီဖြစ်၏။ သူ့တစ်ယောက်တည်းသာဆိုပါက သူ ထွက်ပြေးလောက်မည်ဖြစ်သည်။

မည်သို့ပင်ဆိုစေ ကျင့်ကြံသူများက ကျူးဟုန်ကုန်း၏စကားကို အလွယ်တကူ ယုံကြည်သွားကြ၏။ သူတို့၏ စိတ်ဓာတ်ခွန်အားက မြင့်တက်သွားကြသည်။ ဆိုရလျှင် လုကျိုးက ဟူကျောင်းကို လက်ဝါးစည်းတံဆိပ်တစ်ခုတည်းဖြင့် သတ်ဖြတ်ခဲ့တာကို တွေ့ခဲ့သောကြောင့်ဖြစ်သည်။

နောက်ဆုံး၌ အနက်ရောင်ကြာကျင့်ကြံသူများက ရပ်တန့်သွားပြီး ညီညီညာညာစီတန်းကာ မြို့ရိုးနားတွင် မီတာ ၁၀၀ သာကွာဝေးတော့သည်။

ဝူး

ဝတ်ရုံနက်ကျင့်ကြံသူများထဲမှတစ်ယောက်က တစ်စုံတစ်ခုကို ယူထုတ်ပြီး သူ၏နှုတ်ခမ်းရှေ့တွင် ထားလိုက်၏။ လေထဲ၌ ထူးဆန်းသော အသံတစ်သံချက်ချင်းပေါ်ထွက်လာတော့သည်။

မြေပြင်ပေါ်ရှိကြမ်းတမ်းခက်ထန်သားရဲများသည် စွမ်းအင်များထိုးသွင်းခံလိုက်ရပုံပေါ်၏။ သူတို့အားလုံးက မြို့ရိုးကို စိမ်းစိမ်းဝါးဝါးကြည့်နေကြတော့သည်။

ဝတ်ရုံနက်သယ်လာသည့်ပစ္စည်းသည် ကြမ်းတမ်းခက်ထန်သားရဲများကို အမိန့်ပေးနိုင်တာ သိသာ၏။

“မြို့ရဲ့အစောင့်အရှောက်တွေက ဘယ်သူလဲ။ မင်းတို့တွေ အညံ့ခံဖို့ အကြံပေးလိုက်မယ်။ ဒါမှ မင်းတို့တွေ ကြမ်းတမ်းခက်ထန်သားရဲတွေဗိုက်ထဲ အဆုံးမသတ်မှာ” အစောတုန်းက အရာဝတ္တုကို မှုတ်ခဲ့သည့်လူက ပြောလိုက်သည်။

လုကျိုးသည် သူ့ကို လျစ်လျူရှုထားလျက် ခရမ်းရောင်တောက်ပသံကျောက်ကို ဆက်လက်သုံးနေ၏။ ခရမ်းရောင်တောက်ပသံကျောက်၏ အာနိသင်သည် အံ့ဩဖွယ်ကောင်းသော်ငြား သူ ဆင်ခြင်သုံးသပ်မှု မရှိသည့်အခြေအနေတွင် သူ၏အထွတ်အထိပ်ဆန်းကြယ်စွမ်းအားကို ပြန်လည်ဖြည့်တင်းရန် အနည်းဆုံးသုံးရက် အချိန်ယူရလိမ့်မည်။ သို့သော် သူ့ရှေ့၌ ရန်သူက ရောက်နေပြီဖြစ်သည်။ သူ ဘာများလုပ်နိုင်ဦးမည်နည်း။

ကျူးဟုန်ကုန်းသည် နှုတ်ခမ်းထောင့်မှသွေးကို သုတ်လိုက်ပြီးပြောလိုက်သည်။

“ရှစ်စွင်း တပည့် တိုက်ခိုက်ပါရစေ”

“အလျင်လိုဖို့ မလိုဘူး။ အရင်ဆုံး အမှန်တရားကို ဖော်ထုတ်ကြရအောင်”

“နားလည်ပါပြီ”

လုကျိုးသည် သူ၏ကုသိုလ်မှတ်များကို ကြည့်ရန်အခွင့်အရေးသုံးလိုက်၏။ အခုဆို ကုသိုလ်မှတ် ငါးသိန်းဝန်းကျင်ရှိသွားပြီဖြစ်ကာ အဆင့်မြင့်ထုတ်နှုတ်ရေးကတ်တစ်ကတ်ရှိသည်။

“ကံစမ်းမဲ”

“တင်း ... ကုသိုလ်မှတ် ၅၀သုံးလိုက်ပါပြီ။ ကံကောင်းမှတ် ၁၀မှတ်နဲ့ အကြောင်းပြန်လှန်ကတ် ၁၀ကတ်ရရှိပါတယ်”

ကံစမ်းမဲနှိုက်တာ ဘာမှ ကောင်းတာဖြစ်မလာဘူး။ တွေးမိသော်ငြား လုကျိုးသည် နောက်ထပ်ကံစမ်းမဲဆယ်ကြိမ်နှိုက်ပြီး သူ၏ပါဝင်မှုအတွက် ဆယ်ကြိမ်ကျေးဇူးတင်ခံလိုက်ရသည်။

ယခုအချိန်၌ ရန်သူအားလုံးကို သတ်ရန်မလိုအပ်ပေ။

ထိုစဉ် ကျူးဟုန်ကုန်းသည် အနက်ရောင်ကြာကျင့်ကြံသူတစ်သောင်းနှင့် ရင်ဆိုင်ရန် မြို့ရိုးပေါ်မှ ဆင်းသက်ပြီးဖြစ်၏။

“မင်းတို့အရှုံးသမားတွေ ကျန်းတုံမြို့ကို လုယက်ရဲတယ်ပေါ့ ထွက်သွားကြ” ကျူးဟုန်ကုန်းက စတင်ကျိန်ဆဲလိုက်၏။

လူတိုင်း “...”

အလယ်တွင် ရပ်နေသော ဝတ်ရုံနက်ကျင့်ကြံသူက ပြောလိုက်၏။ "မင်းရဲ့နာမည်ပြော”

ကျူးဟုန်ကုန်းက ပြောလိုက်သည်။ "ငါက မင်းရဲ့အဖေ”

“...” သွားပြီ ... ငါ စီးဝူယာ့ကို ခေါ်ခဲ့သင့်တာ။

လုကျိုးက လှည့်လာပြီး ခေါ်လိုက်သည်။

“နတ်ခြင်္သေ့”

နတ်ခြင်္သေ့က အော်သံသဲ့သဲ့ဖြင့် တုံ့ပြန်သည်။ ၎င်း၏ခံတွင်းမှ မြူများထွက်လာပြီး လုကျိုး၏အထွတ်အထိပ်ဆန်းကြယ်စွမ်းအားကို ဖြည့်တင်းပေးနေ၏။ ၎င်းသည် အထွတ်အထိပ်ဆန်းကြယ်စွမ်းအားကို အပြည့်ဖြည့်ပေးရုံသာမက လုကျိုး၏ မွေးဖွားဇယားချပ်ကိုလည်း ဖြည့်တင်းပေးသည်။

ကျန်သည့်စီးတော်သားရဲများနှင့်ယှဉ်လျှင် လုကျိုးသည် နတ်ခြင်္သေ့၏စွမ်းရည်ကို သဘောအကျဆုံးဖြစ်၏။ အံ့ဖွယ်သားရဲက ဤသို့ပြုမူသင့်သည်။ သူက စနစ်မျက်နှာပြင်ကိုကြည့်လိုက်ရာ နတ်ခြင်္သေ့က အနားယူတော့မည့်အခြေအနေထဲ ရောက်တော့မှာကို တွေ့လိုက်ရ၏။ သူက ပြောလိုက်၏။ “သွားတော့”

မြင့်မားသော တိုက်ခိုက်ရေးခွန်အားရှိသည့် ကျန်သည့်စီးတော်သားရဲများက ဤနေရာတွင် မရှိပေ။ ချုံချီသည် မင်ရှစ်ရင်နှင့်အတူ ခရမ်းရောင်ကြာနယ်မြေသို့သွားပြီး ပိအန်းက ရွှေကြာနယ်မြေတွင် မိစ္ဆာဝေဟင်မျှော်နန်းကို စောင့်ကြပ်နေ၏။ ကျန်သည့်အကောင်များက လုံလောက်အောင်မသန်မာ။

ထိုစဉ် ဝတ်ရုံနက်ကျင့်ကြံသူက ပြောပြီးနောက် သူ၏နှုတ်ခမ်းရှေ့၌ ထိုအရာဝတ္ထုကိုထားပြီးနောက် သူက ပြောလိုက်၏။ "မင်းအတွက် ဘာကကောင်းမှန်းမသိဘူးပဲ။ သေတော့မဲ့အချိန်မှာ အဓိပ္ပါယ်မရှိတာတွေ ပြောရဲတယ်ပေါ့”

လေထဲ၌ ထူးဆန်းသောအသံပေါ်ထွက်လာပြန်၏။

ပင်လယ်သားရဲများအပါအဝင် ကြမ်းတမ်းခက်ထန်သားရဲများအားလုံးက မငြိမ်သက်ကြတော့ဘဲ ရှေ့သို့ တဟုန်ထိုးပြေးလွှားလာကြသည်။ သူတို့ပြေးလွှားနေစဉ်မြေကြီးက တုန်လှုပ်နေပြီး သူတို့ရူးသွပ်စွာ တိုက်ခိုက်နေကြ၏။

ကျောင်းဟုန်ဖုက ပြောလိုက်သည်။ "ဒီလူက မရိုးရှင်းဘူး။ သူတို့ခေါင်းဆောင်ဆုံးရှုံးသွားတဲ့ သားရဲတွေက အခု သူ့ထိန်းချုပ်မှုအောက်ရောက်သွားပြီ။ သူ့လက်ထဲက ပစ္စည်းက သားရဲဧကရာဇ်ပိုင်တာဖြစ်လောက်တယ်”

လုကျိုးသည် အဝေးရှိကောင်းကင်ကိုကြည့်ပြီးနောက် မျဉ်းထဲတွင် ညီညာစွာရပ်နေသော အနက်ရောင်ကြာကျင့်ကြံသူကို ကြည့်လိုက်သည်။ သူတို့က မလှုပ်ဘဲ ကြမ်းတမ်းခက်ထန်သားရဲများ သေပွဲဝင်နေတာကို အေးတိအေးစက်ကြည့်လိုက်၏။

လုကျိုးက ပြောလိုက်သည်။ “ငါ သူ့ကို အရင်ဆုံးသေလမ်းပို့လိုက်မယ်”

လုကျိုးက လက်မြှောက်လိုက်ပြီးနောက် သူ့လက်ထဲတွင် လေးအသွင်ဖြင့် အမည်မဲ့က ပေါ်လာ၏။

ဘီး

အလိုလိုပင် သူ၏လက်ချောင်းများကြား ရွှေရောင်အလင်းဖျတ်ခနဲပေါ်လာပြီး စွမ်းအင်များဖွဲ့တည်လာ၏။

ထိုမြင်ကွင်းကို တွေ့သောအခါ ထူးဆန်းသောပစ္စည်းပိုင်ဆိုင်ထားသော ဝတ်ရုံနက်ကျင့်ကြံသူက မျက်ခုံးတစ်ဖက် ပင့်မိသွား၏။

“ဟမ်”

အနောက်ရှိလူက ပြောလိုက်သည်။

“အရှင်လီ သူက ရွှေကြာကျင့်ကြံသူတစ်ယောက်။ သူ့ကိုလျစ်လျူရှုထားပြီး အစီအစဉ်တိုင်းပဲလုပ်ကြ။ သူက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ မျှော်နန်းသခင်ဖြစ်နေမယ်ဆို ကောင်းတာပဲ” ထူးဆန်းသေပစ္စည်းရှိသည့် အရှင်လီက ပြောလိုက်သည်။

တစ်ချိန်တည်းတွင် မြို့ရိုးပေါ်ရှိကျင့်ကြံသူများကလည်း ချီတက်လာသော ကြမ်းတမ်းခက်ထန်သားရဲများနှင့် တိုက်ပွဲဆင်နေပြီးဖြစ်သည်။ သူတို့အားလုံးက မြို့ရိုးဂိတ်၌ သောင်းကျန်းနေကြသည့် ကြမ်းတမ်းခက်ထန်သားရဲများကို သတ်ဖြတ်ရန် အကောင်းဆုံးကြိုးစားနေပြီး သူတို့သေမှာကို အမှုမထားပုံရသည်။

လုကျိုးသည် သူတို့ကို လျစ်လျူရှူထား၏။ ကျူးဟုန်ကုန်းက ကြမ်းတမ်းခက်ထန်သားရဲများကို ဖြေရှင်းနိုင်သည်။ သူက လက်နှစ်ချောင်းဖြင့် လေးကြိုးကိုဆွဲပြီးနောက် အလယ်တွင်ရပ်နေသော အရှင်လီကို ချိန်ရွယ်လိုက်သည်။ တစ်ချိန်တည်းတွင် သူသည် ပင်လယ်ထိရောက်အောင် နက်ရှိုင်းသောအသံကို ပို့လိုက်၏။

“အသက်ဆယ်ရှိုက်စာအတွင်း ငါ့မျက်စိရှေ့က ထွက်သွားကြ။ မဟုတ်ရင် မင်းတို့ကို ကောင်းကင်ဘုံပို့ပေးမယ်”

မြို့ကိုစောင့်ကြပ်နေသော ကျင့်ကြံသူတို့သည် ထိုအရာကြောင့်အထင်သွားကြသည်။ သူတို့စိတ်ဓာတ်ခွန်အားများ မြင့်တက်ကုန်၏။ စစ်ခရာသံများက မျှော်စင်နှစ်ဖက်မှပေါ်ထွက်လာပြီး ကောင်းကင်ကို တုန်လှုပ်သွားစေ၏။

ဒုန်း ဒုန်း ဒုန်း ဒုန်း ဒုန်း

မည်သည့်အရူးက ယခုအချိန်၌ သယ်လာသည့်မသိ။ စတင်ထုရိုက်နေပြီဖြစ်သည်။

စည်သံနှင့်စစ်ခရာသံများက ပြန့်လွင့်နေပြီး မြို့တွင်းရှိ ကျင့်ကြံသူများက စတင်တိုက်ခိုက်ကြတော့သည်။

အရှင်လီက ခေါင်းအနည်းငယ်ခါလျက်ပြောလိုက်၏။ “အမြစ်ပြတ်သုတ်သင်ရေးအစီအစဉ်က စနေပြီ။ ငါသာမင်းဆိုရင် ထွက်ပြေးဖို့ သင်္ကေတလမ်းကြောင်းကို သုံးမှာ။ သားရဲဧကရာဇ်က ရောက်လာပြီ။ အဆုံးသတ်က ရောက်လာမှာ။ မိစ္ဆာအိုကြီးလုတောင် အရှုံးကိုဝန်ခံရလိမ့်မယ်”

လုကျိုးကိုမြင်တွေ့ရန်ဝေးကွာလွန်းနေ၏။ အရှင်လီ၏အမြင်တွင် ထိုအဖိုးအိုက လုကျိုးဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ကိစ္စမရှိ။ သူတို့အစီအစဉ်အတိုင်းဆောင်ရွက်ဦးမှာပဲဖြစ်သည်။

လုကျိုး၏ လက်ချောင်းနှစ်ဖက်ကြား ထူထဲသောတောက်ပသည့်ရွှေရောင်အလင်းက လှစ်ကနဲပေါ်လာသည်။

ဝှစ်

မြားသည် လေးညှို့မှ ထွက်သွားပြီးနောက် အနက်ရောင်ကြာကျင့်ကြံသူများ၏အလယ်ဆီသို့ ရွှေရောင်ကြယ်တံခွန်ပမာ ဦးတည်သွားတော့၏။

အရှင်လီက ပြုံးလျက် လက်ဝေ့ယမ်းလိုက်သည်။

“ပိတ်ဆို့လိုက်”

“နားလည်ပါပြီ”

ကျင့်ကြံသူငါးဦးက ပျံသန်းလာပြီးရွှေရောင်စည်းတံဆိပ်ကို တားရန် အနက်ရောင်လက်ဝါးစည်းတံဆိပ်များ မြှောက်လိုက်၏။ ရွှေရောင်မြားက ထိခိုက်မှုမရှိဘဲ ရှေ့သို့ဆက်လက်ဦးတည်နေတာဖြစ်သည်။

“တစ်ခုခုမှားနေပြီ”

နောက်ထပ်ကျင့်ကြံသူတချို့က ပျံသန်းလာပြီးနောက် ပိတ်ဆို့ရန်ကြိုးစားနေ၏။

ဘီး

စွမ်းအင်မြားသည် အနက်ရောင်စည်းတံဆိပ်တချို့ကို ဖြတ်ကျော်သွားတော့သည်။

အရှင်လီက မျက်မှောင်ကျုံ့မိသွား၏။ တစ်စုံတစ်ခုလွဲချော်နေတာကို အာရုံခံမိပြီး သူသည် ဧရာမ လက်ဝါးစည်းတံဆိပ်ကို တွန်းထုတ်ပြီး အနားရှိလူများကို ဖမ်းလျက် သူ့ရှေ့၌ ဆွဲသွင်းလိုက်သည်။

“အား ... အရှင်လီ”

အဖမ်းခံလိုက်ရသည့်ကျင့်ကြံသူများက မျက်နှာထက်တွင် ကြောက်လန့်သည့်အမူအရာများရှိနေ၏။

ဆန့်ကျင်ဖက်အနေဖြင့် သူတို့၏အရှင်လီက မျက်နှာထားပြောင်းလဲမှုမရှိဘဲ စွမ်းအင်မြားကို ပိတ်ဆို့ရန် သူတို့ကိုပစ်ထုတ်လိုက်သည်။

အနက်ရောင်ကြာကျင့်ကြံသူတစ်သောင်း၏မျက်စိရှေ့မှောက်၌ ရွှေရောင်စွမ်းအင်မြားသည် လူလေးယောက်၏ ရင်ဘတ်ကို တံကျဉ်ရှိုသည့်ပမာ ထိုးဖောက်သွားပြီး သွေးများက နေရာအနှံ့လွင့်စဉ်သွား၏။

“အားကောင်းလိုက်တာ”

အနက်ရောင်ကြာကျင့်ကြံသူတို့သည် ထိတ်လန့်မှုတို့ကြောင့် မျက်လုံးပြူးကျယ်ကုန်ကာ မျှော်စင်ပေါ်၌ရပ်နေသော အဖိုးအိုကို ကြည့်လိုက်ကြ၏။

စတုတ္ထမြောက်လူမှ စွမ်းအင်မြားကဖောက်ထွက်လာပြီး အရှင်လီ၏မျက်နှာဆီ ဆက်လက်ပျံသန်းသွားပြီး ၎င်း၏အရှိန်သည် လျော့နည်းသွားခြင်းမရှိပေ။

အရှင်လီက လက်အမြန်မြှောက်လျက်စွမ်းအင်မြားကိုဖမ်းရန် လက်နှစ်ချောင်းသုံးလိုက်၏။

ဘန်း

ရွှေရောင်မြားကို ဖမ်းရန် အားသုံးပြီးနောက် အရှင်လီ၏မျက်နှာက အပြုံးခပ်ဖျော့ဖျော့ဖြင့် ဖွဲ့တည်သွားသည်။

“မင်းက မြားတစ်စင်းထဲနဲ့ ပွင့်ချပ်လေးလွှာ ကျင့်ကြံသူလေးယောက်ကို သတ်နိုင်တယ်ဆိုတော့ မင်းက မွေးဖွားဇယားချပ်လေးခုထက်ပိုတဲ့ လေးသည်တော်တစ်ယောက်ဖြစ်မယ်။ ကံဆိုးတာက မင်းက မွေးဖွားဇယားချပ် ၁၂ခုနဲ့အထက်ရှိတဲ့ မိစ္ဆာအိုကြီးလုမဟုတ်ဘူး။ ပြီးတော့ ပိုတောင်ကံဆိုးတာက မင်း ငါနဲ့တွေ့ရတာ” အရှင်လီက ပြောပြီးနောက် လက်နှစ်ချောင်းဖြင့် စွမ်းအင်မြားကိုချိုးရန် ရည်ရွယ်လိုက်၏။

ဘီး

လုကျိုး၏ခမ်းနားထည်ဝါသော အသံက လေထဲပေါ်လာ၏။ “အဲ့လိုလား”

မြားထိပ်ဖျားက အပြာရောင်အလင်းဖျော့ဖျော့ဖျတ်ခနဲပေါ်လာပြီး အရှင်လီ၏ထိန်းချုပ်ထားမှုမှ လွတ်လာ၏။

ဘန်း

မျက်စိတစ်မှိတ်အတွင်း စွမ်းအင်မြားသည် အရှင်လီ၏ရင်ဘတ်ကို ထိုးဖောက်သွား၏။

ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန်က ပေါ်လာပြီးနောက် အရှင်လီ၏ ခန္ဓာကိုယ်ထဲ ပျောက်ကွယ်သွားသည်။

အရှင်လီသည် ထိတ်လန့်မှုကြောင့် မျက်လုံးပြူးကျယ်နေလျက် ငုံ့ကြည့်လိုက်ရာ သူ၏ရင်ဘတ်မှ သွေးများ ပန်းထွက်လာတာကို တွေ့ရသည်။

…

အခန်း (၁၁၁၆) လက်ဖြောင့်သမား

အချိန်က ရပ်တန့်သွားဟန် ပေါ်သည်။ သခင်လေးက သူ မြင်ရသည်ကိုပင် မယုံကြည်နိုင် ဖြစ်နေဟန်ပေါ်၏။ သူက စွမ်းအင်များကို ဖမ်းဆီးလိုက်လေရာ ထိုအရာက မည်မျှ အားကောင်းနေနိုင်မည်နည်း။ သူက သတိလက်လွတ်ဖြစ်မသွားခဲ့လျှင် စွမ်းအင်မြားက သူ့ခုခံမှုကို ချိုးဖောက်လာဖို့ ခက်ခဲမည်ဖြစ်ကြောင်း တွေးလိုက်မိသည်။

ပြောရလျှင် သူက သူ့ငယ်သား(၄)ယောက်နှင့် မတူဘဲ အားကောင်းသည့် ဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူ ဖြစ်၏။ သို့သော် စွမ်းအင်များက သူနှင့် နီးကပ်လွန်းပြီး အချိန်မှီ မတုန့်ပြန်နိုင်ခဲ့သည့်အတွက် မွေးဖွားဇယားချပ် ၁ခုကို ဆုံးရှုံးသွားခဲ့ရသည်။

“သခင်လီ”

အနက်ရောင်ကြာ ကျင့်ကြံသူများက စိုးရိမ်တစ်ကြီး ခေါ်လိုက်ကြ၏။ တချို့သော အသံများက တုန်ယင်နေဟန်ပေါ်သည်။

“တင်း မွေးဖွားဇယားချပ်တစ်ခုကို ဖျက်ဆီးနိုင်ခဲ့ပါတယ်။ ကုသိုလ်ရမှတ် ၃ထောင် ရရှိပါတယ်။( မွေးဖွားစမ်းသပ်ချက် အောင်မြင်ပြီးတဲ့နောက် မွေးဖွားဇယားချပ် ဖျက်ဆီးလိုက်ခြင်းရဲ့ ဆုလာဘ်ကို ပြန်ညှိထားပါတယ် )”

လုကျိုးက ခေါင်းအသာယမ်းလိုက်သည်။ ဤသည်က ထင်မှတ်မထားသည့် ကပ်ဘေးတစ်ခုဖြစ်ရာ သူ့တွင် ကတ်များ လစ်ဟာနေရုံသာမက စနစ်ကပါ သူ့ကို ဒုက္ခပေးလာပြန်သည်။

အတိတ်တုန်းက လုကျိုးသည် သူ့ဝှက်ဖဲများနှင့် အသုံးအဆောင်ပစ္စည်းကတ်များကို မဆင်မခြင် အသုံးပြုလေ့ရှိ၏။ နမူနာအားဖြင့် သူသည် မဟာနည်းစနစ်ကို ထုတ်သုံးဖို့ ထူးခြားအံ့ဖွယ် စွမ်းအားကို ရှိထားပြီး ဗုဒ္ဓရွှေခန္ဓာကိုယ်ဖြင့်လည်း အရာအားလုံးကို ပတ်ဆို့ဖို့ အသုံးပြုလိမ့်မည်။ လက်ရှိတွင် သူက ထိုအရာမျိုးကို မတတ်နိုင်တော့ပေ။ သူက ဆင်ခြင်နေရပြီ ဖြစ်၏။ အနာဂတ်တွင်လည်း ဤသို့သာ ဖြစ်လာလိမ့်မည်။

“မြွေလို ကောက်ကျစ်တဲ့အကောင်” သခင်လေးက ဒေါသတကြီး အော်ပြောလိုက်သည်။

လုကျိုးက မုတ်ဆိတ်သပ်ကာ ပြောလိုက်၏။

“ငါက တစ်ကယ်ကို ဥာဏ်များတယ်။ လူငယ်လေး … အသက်ကြီးလေ ဥာဏ်ရှိလေဆိုတဲ့စကားကို ကြားဖူးတယ်မလား။ မင်းက တုံးအတာ။ အခြားသူတွေ ဥာဏ်ရှိနေတာကို အပြစ်တင်လို့ မရဘူး”

“ခင်ဗျား”

သခင်လီက အသုံးအဆောင်ပစ္စည်းကို သူ့နှုတ်ခမ်းဖြင့်တေ့ကာ ထပ်မံ မှုတ်လိုက်သည်။

“ဝူး”

ထူးဆန်းသည့် အော်သံတစ်ခုက အဖက်ဖက်သို့ ပျံ့နှံ့သွားသည်။

တစ်ချိန်တည်းဆိုသလို မွေးဖွားဇယားချပ်သားရဲများက ပိုမို ပြင်းထန်လာ၏။

အသုံးအဆောင်ပစ္စည်းများကို ပြန်လည်သိမ်းဆည်းပြီးသည့်နောက်တွင် သခင်လီက အော်ပြောလိုက်သည်။

“သတ်ကြ”

“သတ်ကြ”

အနက်ရောင်ကြာ ကျင့်ကြံသူ၁ထောင်က သခင်လီ၏ စကားကို လိုက်ပြောလိုက်သည့်အခါ ကောင်းကင်ဘုံကိုပင် လှုပ်ခါသွားစေသည်။ ထို့နောက် ခက်ထန်သားရဲများနှင့်အတူ သူတို့က ရှေ့တိုးလာလေ၏။

“ကျစ် ရက်စက်လိုက်ကြတာ”

ကျူးဟုန်ကုန်းက အလျင်စလို ပျံသန်းလာလေသည်။ ထိုစဥ် သူက ဘေးအကင်းဆုံးနေရာမှာ သူ့ရှစ်စွင်းဘေးဟု ခံစားနေမိသည့်အတွက် ဘေးနားသို့ ပျံသန်းလာလိုက်သည်။

တစ်ခြားသော ကျင့်ကြံသူများက စွမ်းအင်ဓားနှင့် စွမ်းအင်ဓားမော့များကို ဆက်လက်ထုတ်ဖော်နေရင်း မြေပြင်ပေါ်ရှိ သားရဲများနှင့် ကောင်းကင်ထဲရှိ သားရဲပျံများကို တားဆီးဖို့ ကြိုးစားနေသည်။ အများစုက ပင်ပန်းနေပြီး ဆက်လက်လုပ်ဆောင်ဖို့ စွမ်းအားပင် မကျန်ရှိကြတော့ပေ။ သို့သော်လည်း လုကျိုး၏ ဖြောင့်မတ်နေသည့် ကျောပြင်နှင့် တည်ငြိမ်မှုကို မြင်သည့်အခါ အံကြိတ်လျက် ဆက်လက်လုပ်ဆောင်နေကြသည်။

ထိုစဥ် လုကျိုးက အမည်မဲ့ကို လေးသဏ္ဌာန် ပြောင်းလဲကာ ကောင်းကင်အထက် ခုန်ဝင်လိုက်သည်။ မြားကို ချိန်ရွယ်ပြီးသားဖြစ်သည့်အတွက် သူက လေးကြိုးကို ပစ်လွှတ်လိုက်၏။

“ဝှစ်”

စွမ်းအင်မြားက မြားပေါင်းများစွာအဖြစ် ကွဲထွက်သွားခဲ့သည်။

“ဘမ်း ဘမ်း ဘမ်း”

မြားက သားရဲပျံသိန်းချီ၏ အရေးကြီးသည့် နေရာသို့ ကျရောက်ထိမှန်ခဲ့သည်။ မြားတိုင်းက ပစ်မှတ်တိုင်းကို ထိမှန်လေ့ရှိ၏။ အားလုံးက ထိုမြင်ကွင်းကို ကြည့်ရင်း ကြောင်အမ်းနေကြသည်။ ထိုစဥ် လုကျိုးက အနက်ရောင်ကြာ ကျင့်ကြံသူများကို ကြည့်လိုက်၏။ သူက လက်ဝှေ့လိုက်ပြီး မြားကြိုးကိုဆွဲကာ ထပ်မံပစ်လွှတ်လိုက်သည်။

“ဝှစ် ဝှစ် ဝှစ်”

မြားများက အဖက်ဖက်သို့ ပျံသန်းသွားသည်။

“ဘမ်း ဘမ်း ဘမ်း”

မျက်စိတစ်မှိတ်အတွင်း စွမ်းအင်မြားများက အနက်ရောင်ကြာကျင့်ကြံသူ ဒါဇင်ချီကို ထိုးဖောက်သွားလေ၏။ ဤသို့ဖြင့် အနက်ရောင်ကြာ ကျင့်ကြံသူများက ယင်ကောင်များကဲ့သို့ ကောင်းကင်မှ ပြုတ်ကျလာကြသည်။

“တင်း ပစ်မှတ်တစ်ခုကို သတ်နိုင်သည့်အတွက် ကုသိုလ်ရမှတ် ၁ထောင် ရရှိပါတယ်။ နယ်မြေအပို ဆုလာဘ်အနေနဲ့ ကုသိုလ်ရမှတ် ၅၀၀ ရရှိပါတယ်။(မှတ်ချက် - ပစ်မှတ်တွင် ပွင့်ချပ်၁၀လွှာ ရှိတယ်)

“တင်း ပစ်မှတ်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၅၀၀ ရရှိပါတယ်။ နယ်မြေအပို ဆုလာဘ်အနေနဲ့ ၅၀၀ ရရှိပါတယ်။ (မှတ်ချက် - ပစ်မှတ်တွင် ပွင့်ချပ်၉လွှာ ရှိတယ်)

ထိုစဥ် ကျောင်းဟုန်ဖူက မျှော်စင်အထွက်တွင် ရပ်နေရင်း လုကျိုးကို သေသေချာချာ ကြည့်နေသည်။ သူမက လုကျိုး၏ အမူအရာကို အကဲခတ်နေလေ၏။ သူက လေးသည်တော်တစ်ယောက်၌ ရှိသင့်သည့် အရည်အချင်းအားလုံး၏ ပြယုဂ်အလား ဖြစ်၏။

“စိတ်ဝိညာဥ်သဏ္ဌာန်”

ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်၄ခုက လေးမျက်နှာမှ ပေါ်ထွက်လာကာ သူတို့၏ ကြယ်တာရာဒိုင်ခွက်များက မြားရှိရာဆီ ရင်ဆိုင်လာသည်။

“ဘမ်း ဘမ်း ဘမ်း”

ကြယ်တာရာဒိုင်ခွက်များက စွမ်းအင်ဓားများကို သူတို့၏ ကျောများဖြင့် တားဆီးလိုက်ကြသည်။

လုကျိုးက ထိုဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူများ၏ စွမ်းအားကို အကဲဖြတ်ဖို့ ကြိုးစားခဲ့သည်။ သူတို့က အနည်းဆုံး မွေးဖွားဇယားချပ် ၅ခု ရှိကြ၏။ သူတို့က အလင်းနှင့်အမှောင် မဟာမိတ်ကလားဟု စဥ်းစားနေမိသည်။

“မြို့တံတိုင်းကို ကာကွယ်ကြ”

“ဟုတ်ကဲ့”

“ကျောင်းဟုန်ဖူ အစီအရင်ကို အားဖြည့်ထား မြို့တံတိုင်းကို ပြိုလဲမသွားစေနဲ့”

“ဟုတ်ကဲ့”

အများအားဖြင့် တစ်ဦးတည်းသာ လုပ်ကိုင်လေ့ရှိသည့် နာမည်ကျော်လုကျိုးက ယခုအခါ အားလုံးကို လူတစ်ဝက်လုပ်ဆောင်ဖို့ အမိန့်ပေးနေသည်ကို မည်သူကမှ သတိမပြုမိကြပေ။ အားလုံးက သူ့ဆီမှာ အမိန့်နာခံသည်က ပုံမှန်သာ ဖြစ်သည်ဟု ထင်နေကြ၏။ သူ၏ စွမ်းအားကို ဘေးဖယ်ထားလျှင်ပင် သူက သူတို့၏ စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်နေသည်။ ထို့အပြင် သူတို့၏ တိုက်ခိုက်လိုစိတ်က ထိုသို့ အင်အားကြီး ပုဂ္ဂိုလ်နှင့် ယှဥ်တွဲတိုက်ခိုက်ရမည်ဟု တွေးမိသောအခါ ပို၍ပင် တက်ကြွလာရသည်။ သူတို့၏ သွေးများက စိတ်လှုပ်ရှားမှုဖြင့် ဆူပွက်လာလေ၏။

“လောင်ပါ့ မွေးဖွားဇယားချပ် သားရဲ၂ကောင်ကို ရှင်းလိုက်”

“ဟုတ်ကဲ့ ရှစ်စွင်း”

ကျူးဟုန်ကုန်းက လက်သီးစက်ကို ပစ်ခွင်းလိုက်ပြီး မြို့တံတိုင်းပေါ်မှ ခုန်ဆင်းလိုက်၏။ ပျက်သုဥ်းခြင်း ကိုးပါး မိုးကြိုးအသံများက အဘက်ဘက်မှ မြည်ဟည်းလာသည်။

ထိုစဥ် မြို့တံတိုင်း အပြင်ဘက်တွင် ရောက်ယက်ခက်နေလေ၏။ လူသား၊ ပင်လယ်သားရဲ၊ ကုန်းမြေသားရဲနှင့် သားရဲပျံများက ခက်ထန်သည့် တိုက်ပွဲအတွင်း ကျရောက်နေကြသည်။

လုကျိုးက အစောင့်ကို လှည့်ကြည့်ကာ အော်ပြောလိုက်သည်။

“ဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူတွေကို ငါ့ဆီ အပ်ထားလိုက်။ မင်းတို့အားလုံးက လိုအပ်တဲ့အနေရာကို သွားပြီး အခြေအနေကို ကိုင်တွယ်လိုက်ကြ”

“ဟုတ်ကဲ့”

ဤတစ်ကြိမ် သားရဲပျံအများစုကို လုကျိုး၏ မြားများဖြင့် သတ်ဖြတ်ပစ်ပြီ ဖြစ်ကာ အနီးကပ်လာရဲသည့်သူ မရှိတော့ပေ။ အနှစ်ချုပ်အားဖြင့် မြေပြင်က သားရဲများဖြင့် ပြည့်နှက်နေ၏။

ခက်ထန်သားရဲများက ချွေးများဖြင့် စိုရွှဲနေကြသည်။

ထိုစဥ် အားလုံး၏ ခန္ဓာကိုယ်ကလည်း သွေးများဖြင့် စိုရွှဲနေ၏။

ထိုစဥ် ဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူကလည်း သူတို့၏ ကြယ်တာရာဒိုင်ခွက်များကို ကိုင်ဆောင်ကာ ရှေ့တိုးလာကြသည်။

ထို့နောက် လုကျိုးက လေးကို မြှောက်လိုက်၏။

“မင်းတို့တွေ အနီးကပ်လာတာကို စောင့်နေတာ”

လုကျိုးက လေးကြိုးကို ထပ်မံဆွဲလိုက်ပြီး အလင်းတန်းလေးခုကို အဘက်ဘက်သို့ ပစ်လွှတ်ထည့်လိုက်သည်။ ထိုမြားများက စောစောလေးက မြားမိုးနှင့် ကွဲပြားလှသည်။ ထိုအပြာရောင်စွမ်းအင်မြားလေးခုက မယုံနိုင်လောက်ဖွယ်စွမ်းအားတို့ ကိန်းအောင်းနေသည်။

“ဘမ်း”

ပထမစွမ်းအင်များက အလယ်ရှိ ကြယ်တာရာဒိုင်ခွက်အပေါ် ကျဆင်းလာခဲ့၏။ စွမ်းအင်များက အထွတ်အထိပ်ဆန်းကြယ်စွမ်းအား ပါဝင်နေသည့်အတွက် ထောပတ်ကို လှီးဖြတ်လိုက်သည့်ဓားသဖွယ် ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။

“ဘမ်း ဘမ်း ဘမ်း”

တစ်ခြားသော စွမ်းအင်မြားသုံးခုကလည်း တစ်ပြိုင်တည်းကျရောက်လာလေ၏။ ပထမတစ်ခုနှင့် တူညီစွာ သူတို့က သက်ဆိုင်ရာ ကြယ်တာရာဒိုင်ခွက်များကို ထိုး‌ဖောက်နိုင်ခဲ့သည်။

မှင်ရည်နှင့်တူသည့် စွမ်းရည်လှိုင်းက ချက်ချင်းဆိုသလို ပျံ့နှံ့သွား၏။

ဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူလေးဦးက ဒဏ်ရာအပြင်းအထန် ရရှိသွားကြသည်။ သူတို့က သွေးအန်လျက် နောက်ဆုတ်လိုက်ရ၏။

“ကံဆိုးတာက မြားတွေက သေလောက်အောင် မထိခိုက်စေဘူး”

လုကျိုးက ခေါင်းအသာယမ်းလိုက်သည်။ ဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူများ၏ ခုခံမှုနှင့် တောင့်ခုံနိုင်အားက မြင့်မားလေသည်။ မြားက သူတို့၏ သူတို့ကြယ်တာရာဒိုင်ခွက်ကို ထိုးဖောက်သွားသော်လည်း အရေးပါသည့်နေရာကို မထိမှန်ခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ သူက တစ်ဖက်လူသည် မွေးဖွားဇယားချပ်(၈)ခု မရှိထားကြောင်း သေချာနေ၏။ သူက အထွတ်အထိပ်ဆန်းကြယ်စွမ်းအား အသုံးမပြုလျှင်ပင် သူတို့ကို အနိုင်ယူနိုင်သည်။

ထိုအတွေးမျိုးရှိနေစဥ် လှောင်ပြောင်ရယ်မောသံက သူ့နားထဲဝင်ရောက်လာသည်။

“သူတို့က ငါ့အတွက် ဒိုင်းကာတစ်ခုပဲ”

သခင်လီ၏ ပုံရိပ်က လေထုထဲမှ ထွက်ပေါ်လာခဲ့သည်။ သူက မိုးကုတ်စက်ဝန်းအတွင်း ရွေ့လျားကာ ဓားမြှောင်ကို ထုတ်လျက် လုကျိုး၏ နှလုံးသားကို ချိန်ရွယ်လိုက်၏။

“ထွက်သွားစမ်း”

သခင်လေး၏ အမိန့်က မြန်မြန်ဆန်ဆန် ရုတ်တရက် ပေါ်ထွက်လာသည့်အတွက် လုကျိုးက သူ့ရှေ့ဦးချီကို လှုပ်ရှားဖို့ အချိန်မရလိုက်ပေ။ ထိုအစား သူက မိုးကြိုးသွားကတ်ကိုသာ ထုတ်လွှတ်လိုက်ရသည်။

ကောင်းကင်အထက် မိုးကြိုးလျှပ်စီးများက တလက်လက် တောက်ပလာသည်။

“ဝုန်း”

သခင်လီက ထိုမိုးကြိုးစွမ်းအားကြောင့် လွင့်စင်‌သွားလေ၏။ သူက မယုံကြည်နိုင်စွာ မျက်လုံးအပြူးသား ဖြစ်နေပြီး ရေရွတ်လိုက်သည်။

“မဖြစ်နိုင်တာ သူက ဘယ်လိုလုပ် တုံ့ပြန်နိုင်တာလဲ”

ထို့နောက် သခင်လီက သွေးတစ်ပွက် အန်လိုက်ရသည်။

လုကျိုးက သခင်လီသည် သတ်ဖြတ်ရေးအခွင့်အရေးကို မနှိုးဆွမိခဲ့ကြောင်း မြင်သည့်အခါ ပြောလိုက်၏။

“မင်း ကံကောင်းသွားတယ်”

သခင်လီက သေခြင်းတရားနှင့် ရင်မဆိုင်ခဲ့ရသော်လည်း လုကျိုးက ဆက်လက်တိုက်ဖို့ ဆုံးဖြတ်ထားသည်။ သူက မီးတောက်ရွှေကြာ‌ပေါ် တက်နင်းလျက် မျှော်စင်မှ ပျံသန်းလာလိုက်သည်။

“မိစ္ဆာအိုကြီးလု၊ အဲဒါ မိစ္ဆာအိုကြီးလုပဲ။ သူ့ကို ဆွဲထားကြ”

အဘက်ဘက်မှ ပညာရှင်များက တုန့်ပြန်လာကာ လုကျိုးကို ဝိုင်းထားလိုက်ကြသည်။

လုကျိုးက အနက်ရောင်ကြာ ကျင့်ကြံသူများကိုကြည့်ကာ ပြောလိုက်၏။

“မင်းတို့ရဲ့ သတ္တိကတော့ အံ့မခန်းပဲ”

ရွှေကြာက ရုတ်တရက်ဆိုသလို အပြာရောင်ပြောင်းသွားကာ ထုတ်လွှင့်လာသည်။ ကျင့်ကြံသူများက လွင့်စဉ်သွားပြီး မိုးစက်များသဖွယ် ကျဆင်းလာကာ အများစုက ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး တချို့က သေဆုံးသွားသည်။

လုကျိုးက အထွတ်အထိပ်ဆန်းကြယ်စွမ်းအားကို အတိအကျ ထိန်းချုပ်ခဲ့ပြီး အသက်ကယ်တင်သည့် နည်းလမ်းများကို အသုံးမပြုခဲ့ပေ။ ထိုနည်းလမ်းများကို သူ အမှန်တစ်ကယ် လိုအပ်လာသည့်အခါ အသုံးပြုဖို့အတွက် ချွေတာထား၏။ လုကျိုးက ‌ဘေးပတ်လည်ကို ကြည့်ပြီးသည့်နောက်တွင် ပြောလိုက်သည်။

“မင်းတို့က ငါ့ကို ရင်ဆိုင်ရဲတယ်ဆိုမှတော့ အသက်ရှင်ရတာ ငြီးငွေ့နေလို့ပဲ ဖြစ်ရမယ်”

အသံလှိုင်းက ထွက်ပေါ်လာသည့်အခါ အားလုံး၏ နားစည်က နာကျင်သွားလေသည်။

ကျင့်ကြံသူများက ပျော်ရွှင်မှုနေကြ၏။ အနည်းဆုံး မွေးဖွားဇယားချပ်၁၂ခုရှိသည့် အကောင်ကြီးကြီးဖြင့် သူတို့က ထိုက်တောင်တန်းလိုမျိုး တည်ငြိမ်နေလိမ့်မည်။

သခင်လီက အော်ပြောလိုက်၏။

“မကြောက်ကြနဲ့။ သူ့ကို အချိန်ဆွဲထားကြ။ ငါတို့တွေ အနီရောင်ကြာနယ်မြေကို သေချာပေါက် ဖျက်ဆီးနိုင်လိမ့်မယ်။ သေခြင်းတရားကို မကြောက်နဲ့။ ငါတို့တွေက အရေအတွက် အားသာတယ်။ သူတို့တွေကို ပင်ပန်းအောင်လုပ်ပြီး သတ်ပစ်လို့ရတယ်”

“ခင်ဗျားက ပြိုင်ဘက်ကင်းတယ်လို့များ ထင်နေလား။ ဘယ်လောက်ကြာကြာ နေနိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့”

လုကျိုးက လက်အသာ ဝှေ့လိုက်သည်။

“ဝှစ်”

အမည်မဲ့က လေးကိုင်းသဏ္ဌာန်ဖြင့် ပေါ်ထွက်လာခဲ့သည်။

“ရှောင်ကြ။ ဒီတိုက်ကွက်ကို တိုက်ရိုက်ရင်မဆိုင်နဲ့”

“အသုံးမဝင်ဘူး။ ငါတို့အားလုံးကို သတ်လို့မရဘူး”

လုကျိုးက သခင်လီ၏ တည်နေရာသို့ အပြာရောင်ပြောင်းလဲသွားသည့် ရွှေရောင်မြားတစ်စင်းကို ရုတ်တရက် ထုတ်လွှတ်လိုက်သည်။

သခင်လီက ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ဖြူဖျော့သွားလေ၏။ သူ့ပုံရိပ်က ဖျတ်ခနဲ ပျောက်ကွယ်သွားလေသည်။ သူ့ကိုယ်ပျောက်တာအိုနည်းစနစ်က ပြီးပြည့်စုံမှု အထွတ်အထိပ် ရောက်နေပြီဖြစ်ကာ ယန်ကျန်းလော့ထက်ပင် ကျော်လွန်နေသည်။

“မင်း ရှောင်လို့မရပါဘူး”

“ဘမ်း”

မြားက တည်နေရာ ရုတ်ခြည်းပြောင်းကာ လေထုထဲကို ရုတ်တရက် ထိုးစိုက်သွားလေ၏။ သိပ်မကြာခင် မြားတန်းလန်းဖြင့် ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။

“ခင်ဗျား ကျုပ်ကို ဘယ်လိုလုပ် ရှာတွေ့တာလဲ”

လုကျိုး၏ ရနံ့စွမ်းအားက ပစ်မှတ်၏ ရနံ့ကို အမြဲတမ်း မှတ်မိနေမည်ဖြစ်ကာ အပြန်အလှန်အားဖြင့် သူ့ပစ်မှတ်ကို ရှာဖို့ရာ အင်မတန် လွယ်ကူလှသည်။

“တင်း”

မွေးဖွားဇယားချပ်တစ်ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၃ထောင် ရရှိပါတယ်”

ထိုစဥ် အဖြူရောင်ကြာပွင့်များက ကောင်းကင်အထက်မှ ဆင်းသက်လာကာ အရိုးခဲလုမတက် လေထုကလည်း ကောင်းကင်အထက် ပျံ့နှံ့သွားသည်။ တစ်စက္ကန့်အတွင်း တိုက်ပွဲကွင်းပြင်က နှင်းကျသည့် ကုန်းမြေအဖြစ် ပြောင်းလဲသွားသည်။

အဖြူဝတ်ကျင့်ကြံသူများက တစ်ယောက်ပြီးတစ်ယောက် ကောင်းကင်အထက်မှ ဆင်းသက်လာကြသည်။

“အဖြူရောင်မျှော်စင်အဖွဲ့အစည်းလား”

လေထုထဲ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

“အဖြူရောင်မျှော်စင်အဖွဲ့အစည်းရဲ့ အကဲဖြတ်သူ ပီရှော ရောက်လာပါပြီ။ နောက်ကျတဲ့အတွက် ခွင့်လွှတ်ပေးပါ”

လုကျိုးက ကောင်းကင်အထက် မထူးမခြားနား ကြည့်လိုက်ပြီး မုတ်ဆိတ်သပ်ကာ ပြောလိုက်သည်။

“သူတို့ကို သတ်လိုက်”

“ဟုတ်ကဲ့”

ပီရှော ဦးဆောင်သည့် အဖြူဝတ်ကျင့်ကြံသူများက အနက်ဝတ် ကျင့်ကြံသူများအပေါ် ဆင်းသက်လာကြသည်။

လုကျိုးက မွေးဖွားဇယားချပ်၂ခု ဆုံးရှုံးသွားပြီဖြစ်သည့် သခင်လီကို ကြည့်ကာ ပြောလိုက်သည်။

“ဒီကို လာခဲ့”

မိစ္ဆာကိုယ်တော်၏ လက်ဝါးစည်းတံဆိပ်က ထွက်ပေါ်လာကာ သခင်လီကို ကုပ်မှ ဆွဲကိုင်လာပြီး လုကျိုးထံ ခေါ်ဆောင်လာသည်။ လုကျိုးက မေးလိုက်၏။

“အမှန်တိုင်းပြော သူတို့တွေက အခုဘယ်မှာလဲ”

All Chapters