← Chapters

အခန်း (၂၄၆၁-၂၄၆၂)

Vol. 187 Ch. 2461-2462

အခန်း (၂၄၆၁-၂၄၆၂)

Vol. 187 Ch. 2461-2462

အခန်း(၂၄၆၁)

“ဟင်းလင်းပြင်သားရဲတွေ လာနေပြီ.. ငါ တားထားပေးမယ်.. မင်းတို့က ကျင့်ကြံသူတွေကို ဦးဆောင်ပြီး အလယ်ပိုင်းဒေသကို ချက်ချင်းဆုတ်ခွာကြတော့”

ဝူကျန့်ထျန်းက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး အဆုံးသတ်တွင် ဆုတ်ခွာရန် အမိန့်ပေးလိုက်သည်။

ဟင်းလင်းပြင် သားရဲများ၏ အင်အားက အလွန်တရာအားကောင်းသောကြောင့် အတင်းအကျပ် ခုခံနေခြင်းသည် သေလမ်းကို ရှာဖွေနေသည်နှင့် အတူတူပင် ဖြစ်သည်။

အကယ်၍ သူတို့သာ အလယ်ပိုင်းဒေသကို ဆုတ်ခွာမည်ဆိုလျှင် အင်မော်တယ်မြစ်၏ အကူအညီဖြင့် ဟင်းလင်းပြင်သားရဲများကို ပိတ်ဆို့ထားနိုင်မည် ဖြစ်ပြီး အသက်ရှူပေါက် ရလာနိုင်ပေလိမ့်မည်။

ထိုစကားကို ပြောပြီးနောက်တွင် ဝူကျန့်ထျန်းသည် နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများကို စကားပြောခွင့် ထပ်မံ မပေးတော့ပေ။

သူ၏ ပုံရိပ်သည် ချင်းလွမ် မျိုးနွယ်စု၏ အထက်ကောင်းကင်ယံတွင် တစ်ခဏအတွင်း ပေါ်လာခဲ့၏။

သူက အဝေးကို လှမ်းကြည့်လိုက်ရာ မိုင်ပေါင်း ထောင်ချီ ဝေးကွာသော နေရာတွင် ချင်းလွမ်မျိုးနွယ်စု ဆီသို့ ဦးတည်၍ ချီတက်လာနေသည့် ဟင်းလင်းပြင် သားရဲများကို မြင်လိုက်ရသည်။

“ဝူကျန့်ထျန်း.. မင်းက ဒီဘုရင်ကို တားဆီးနိုင်မှာ မဟုတ်ဘူး.. လိမ်လိမ်မာမာ အညံ့ခံလိုက်ပါ”

ခေါင်းဆောင်ဖြစ်သည့် အနက်ရောင်ဖန်းငှက်ကြီး၏ အေးစက်စက် စကားသံသည် လေထုထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။

ဝူကျန့်ထျန်းက အပိုစကားများ ပြောမနေတော့ဘဲ ဓားနှင့်တစ်သားတည်း ပေါင်းစပ်ကာ ကောင်းကင်နှင့်မြေကြီးကိုပင် ဖောက်ထွင်းနိုင်သည့် ဓားအလင်းတန်း အဖြစ်သို့ ပြောင်းလဲပြီး ဟင်းလင်းပြင် သားရဲများ ဆီသို့ ပျံသန်းသွားခဲ့သည်။

ဓားအလင်းတန်းသည် မိုင်ပေါင်းထောင်ချီ အကွာအဝေးကို မျက်စိတစ်မှိတ်အတွင်း ဖြတ်ကျော်သွားခဲ့၏။

နောက်ထပ် တစ်စက္ကန့်မှာပင် ဝူကျန့်ထျန်း၏ ပုံရိပ်သည် ဟင်းလင်းပြင်သားရဲ အုပ်စုထဲတွင် ပေါ်လာခဲ့သည်။

“ဝုန်း..”

ဝူကျန့်ထျန်းက ချက်ချင်းဆိုသလို ရွှေရောင်ဓားရှည်ဖြင့် တိုက်ခိုက်လိုက်ရာ ထိုနေရာရှိ ထောင်နှင့်ချီသော ဟင်းလင်းပြင် သားရဲများသည် ဝူကျန့်ထျန်း၏ ဓားချက်ဖြင့် သေဆုံးသွားခဲ့သည်။

“ဝူကျန့်ထျန်း.. မင်းသေချင်နေပြီလား”

အနက်ရောင်ဖန်းငှက်ကြီးက ဒေါသတကြီး အော်ဟစ်လိုက်သည်။

သူ၏ မျက်ဝန်းထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြင်းထန်နေခဲ့၏။

ဝူကျန့်ထျန်းက အနက်ရောင်ဖန်းငှက်ကြီးကို လုံးဝ ဂရုစိုက်မနေဘဲ သူ၏လက်ထဲမှ ဓားရှည်ကို ဝှေ့ယမ်းကာ တုန်လှုပ်ချောက်ချားဖွယ် ဓားကွက်တစ်ကွက်ကို ထုတ်ဖော်လိုက်သည်။

ထိုခဏဝယ် စိတ်ကူးပင် မယဥ်နိုင်လောက်အောင် တောက်ပသော ရွှေရောင် ဓားအလင်းသည် ဟင်းလင်းပြင်သားရဲများကြားတွင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး ဟင်းလင်းပြင် သားရဲများကို ပိုင်းဖြတ်ပစ်လိုက်သည်။

ဤတိုက်ခိုက်မှုအောက်တွင် အနည်းဆုံး ထောင်ချီသည့် ဟင်းလင်းပြင် သားရဲများသည် ဝူကျန့်ထျန်း၏ လက်ချက်ဖြင့် ထပ်မံ ကျဆုံးသွားခဲ့သည်။

“ဝူကျန့်ထျန်း...ဒီနေ့တော့ ဒီဘုရင်က မင်းရဲ့ခန္ဓာကိုယ်ကို အစိတ်စိတ်အမြွှာမြွှာ ပိုင်းဖြတ်ပစ်မယ်”

အနက်ရောင်ဖန်းငှက်ကြီးက ကောင်းကင်ယံကို မော့ကြည့်ကာ ဒေါသတကြီး ကြုံးဝါးလိုက်သည်။

ထို့နောက်တွင် သူ၏ ကြီးမားသော တောင်ပံများကို ခတ်လိုက်ရာ ကြောက်မက်ဖွယ်ရာကောင်းသော ဝါးမျိုခြင်း စွမ်းအား ထွက်ပေါ်လာခဲ့ပြီး ပတ်ဝန်းကျင်ရှိ လေထုကိုပင် တွင်းနက်ကြီးအဖြစ် ပြောင်းလဲသွားစေခဲ့သည်။

ထိုဝါးမျိုခြင်းစွမ်းအားသည် ဝူကျန့်ထျန်း ရှိရာဆီသို့ ပေါက်ကွဲထွက်လာခဲ့၏။

အနက်ရောင်ဖန်းငှက်ကြီး၏ နံဘေးရှိ နတ်ဘုရင် နဝမအဆင့်နှင့် အဆင့်တူသည့် တခြားသော ဟင်းလင်းပြင် သားရဲဘုရင်သုံးကောင်သည်လည်း တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ် စွမ်းအားများကို ထုတ်ဖော်ကာ ဝူကျန့်ထျန်းဆီ ပြေးဝင်တိုက်ခိုက်လိုက်ကြသည်။

အနက်ရောင်ဖန်းငှက်ကြီး အပါအဝင် ဟင်းလင်းပြင်သားရဲဘုရင် လေးကောင်၏ ဝိုင်းရံ တိုက်ခိုက်မှုကို ရင်ဆိုင်ရသော်လည်း ဝူကျန့်ထျန်းသည် အနည်းငယ်မျှပင် နောက်ဆုတ်သွားခြင်း မရှိခဲ့ပေ။

သူက လျှို့ဝှက်နည်းစနစ်ကို အသုံးပြုလိုက်ပြီး သူ၏ ခွန်အားကို အစွမ်းကုန် မြှင့်တင်ကာ ဟင်းလင်းပြင် သားရဲဘုရင် လေးကောင်နှင့် တိုက်ခိုက်လိုက်၏။

“ဝုန်း..”

“ဝုန်း..”

“ဝုန်း..”

လူတစ်ယောက်နှင့် သားရဲလေးကောင်သည် လေထုထဲတွင် အဆက်မပြတ် တိုက်ခိုက်နေခဲ့ကြပြီး ကောင်းကင်ယံ တစ်ခုလုံးကို တစ်ခဏအတွင်းမှာပင် ပရမ်းပတာ ဖြစ်သွားစေခဲ့သည်။

နတ်ဘုရင် နဝမအဆင့်ထက် မနိမ့်ကျသည့် ဟင်းလင်းပြင် သားရဲဘုရင် လေးကောင်၏ တိုက်ခိုက်မှုအောက်တွင် ဝူကျန့်ထျန်းလို သန်မာသော ကျင့်ကြံသူ ပင်လျှင် အင်အားချင်း မမျှတ၍ အရေးနိမ့်မလို ဖြစ်နေခဲ့၏။

အလွန်လျင်မြန်စွာပင် ဝူကျန့်ထျန်းသည် အနက်ရောင်ဖန်းငှက်ကြီး အပါအဝင် ဟင်းလင်းပြင် သားရဲဘုရင်လေးကောင်၏ ဝိုင်းရံတိုက်ခိုက်မှုအောက်တွင် အရေးနိမ့်လာခဲ့ပြီး အန္တရာယ်ရှိသော အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။

“စီနီယာဝူက အချိန်အကြာကြီး မတောင့်ခံနိုင်လောက်တော့ဘူး.. ငါတို့ သွားကူညီကြစို့”

ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုမှ နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူက မိုင်ပေါင်း‌ထောင်ချီ အကွာအဝေးရှိ တိုက်ပွဲကို လေးနက်သော အမူအရာဖြင့် ကြည့်ရင်း ပြောလိုက်သည်။

ထိုစကားကိုကြားလျှင် ဓားတစ်သောင်း သူတော်စင်ဂိုဏ်းမှ တခြားသော နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူက အနည်းငယ် တုံ့ဆိုင်းသော အမူအရာဖြင့် ပြောလိုက်သည်။

“စီနီယာဝူက ငါတို့ကို ဆုတ်ခွာဖို့ အမိန့်ပေးထားတယ်.. ငါတို့သာ အခုနေ ထွက်မသွားဘူးဆိုရင် ထွက်သွားဖို့ အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး”

“စီနီယာဝူက နတ်ဘုရားနယ်မြေရဲ့ အင်အားအကြီးဆုံး နတ်ဘုရင်တွေထဲက တစ်ယောက်ပဲ.. တကယ်လို့ သူသာ ကျဆုံးသွားခဲ့ရင် ငါတို့ အလယ်ပိုင်းဒေသကို ဆုတ်ခွာသွားလည်း ဘာမှထူးမှာ မဟုတ်ဘူး”

ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုမှ နတ်ဘုရင် နဝမအဆင့်ကျင့်ကြံသူက နှာခေါင်းရှုံကာ အေးစက်စက် ပြောလိုက်သည်။

“ဒါဆို မင်းက ကျင့်ကြံသူတွေကို ဦးဆောင်ပြီး အလယ်ပိုင်းဒေသဆီ ဆုတ်ခွာပါ.. ငါကတော့ စီနီယာဝူကို ကူညီဖို့ နေခဲ့မယ်”

ထိုစကားကို ပြောပြီးသည်နှင့် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုမှ ကျင့်ကြံသူသည် တိုက်ပွဲထဲသို့ ဝင်ရောက်ရန် ပြင်လိုက်သည်။

သို့သော်လည်း ရှေးဟောင်း နတ်ဖီးနစ် မျိုးနွယ်စုမှ ကျင့်ကြံသူ မလှုပ်ရှားရသေးခင်မှာပင် ကောင်းကင်နှင့် မြေကြီးကိုပင် ဖောက်ထွင်းနိုင်လောက်သည့် တောက်ပသော ဓားအလင်းတန်း တစ်ခုသည် ကောင်းကင်ယံကနေ ပေါက်ကွဲထွက်လာခဲ့ပြီး အနက်ရောင်ဖန်းငှက်ကြီးက ဝူကျန့်ထျန်းကို တိုက်ခိုက်လိုက်သည့် ဖျက်ဆီးခြင်း စွမ်းအားများကို ချေမှုန်းပစ်လိုက်သည်။

အနက်ရောင်ဖန်းငှက်ကြီး၏ ကြီးမားသော မျက်ဝန်းများသည် ရုတ်တရက် ကျုံ့သွားခဲ့ပြီး ရွှေရောင်ဓားအလင်း ထွက်ပေါ်လာသော နေရာဆီသို့ အကြည့် ရောက်သွားခဲ့၏။

ထိုအခါ ပုံရိပ်နှစ်ခုကို သူမြင်လိုက်ရသည်။

ယင်းမှာ လူတစ်ယောက်နှင့် သားရဲတစ်ကောင် ဖြစ်သည်။

“ကျန်းချန်က ဘယ်လိုဖြစ်ပြီး ဒီကိုရောက်လာတာလဲ”

ရုတ်တရက် ပေါ်လာသော ကျန်းချန်ကို မြင်လျှင် ဝူကျန့်ထျန်းသည် အနည်းငယ် မှင်တက်သွားခဲ့သည်။

ရှေးဟောင်းနတ်ဖီးနစ်မျိုးနွယ်စုမှ ကျင့်ကြံသူ၏ အိုမင်းသောမျက်ဝန်းထဲတွင်လည်း ဝမ်းသာသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။

လူသားဧကရာဇ်နန်းတော်မှ လူသားဧကရာဇ် ကျန်းချန်သည် ခေတ်တစ်ခေတ်ကို လွှမ်းမိုးနိုင်သည့် အနှိုင်းမဲ့ပါရမီရှင် တစ်ယောက် ဖြစ်သည်။

လူသားဧကရာဇ်၏ ကျင့်ကြံခြင်း အဆင့်သည် မမြင့်မားသေးသော်လည်း တိုက်ခိုက်‌ရေးစွမ်းရည်ကမူ နတ်ဘုရင်နဝမအဆင့်နှင့်ပင် ယှဥ်နိုင်စွမ်းရှိ၏။

ထို့အပြင် လူသားဧကရာဇ်သည် နတ်ဘုရင် နဝမအဆင့်ထက် အင်အား မနိမ့်ကျသည့် ဟင်းလင်းပြင်သားရဲဘုရင် တစ်ကောင်ကို အညံ့ခံစေခဲ့ပုံရသည်။

လူသားဧကရာဇ် ကျန်းချန်နှင့် ဟင်းလင်းပြင် သားရဲဘုရင်တို့၏ အင်အားဖြင့် ပူးပေါင်းလိုက်လျှင် သူတို့ ရှေ့မှ ဟင်းလင်းပြင် သားရဲများကို ယှဥ်နိုင်လိမ့်မည် မဟုတ်ပါလား။

“စီနီယာဝူ အဆင်ပြေရဲ့လား”

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ မေးလိုက်သည်။

“စိတ်မပူပါနဲ့ ငါမသေသေးပါဘူး.. မင်းရောက်လာပြီ ဆိုမှတော့ မြန်မြန်ဆန်ဆန်ပဲ လက်စဖြတ်လိုက်ကြစို့”

ထိုစကားကို ပြောလိုက်ပြီးနောက်တွင် ဝူကျန့်ထျန်း၏ အကြည့်သည် ဟင်းလင်းပြင်သားရဲဘုရင် တစ်ကောင်ဆီသို့ ရောက်ရှိသွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် ထို ဟင်းလင်းပြင်သားရဲဘုရင်ကို တိုက်ခိုက်လိုက်သည်။

ဤတစ်ကြိမ် ထွက်သွားပြီးနောက်တွင် ကျန်းချန်၏ ခွန်အားက များစွာတိုးတက်လာသည်ဟု သူခံစားမိခဲ့၏။

ကျန်းချန်၏ ကျင့်ကြံခြင်း အဆင့်သည် နတ်ဘုရင်သတ္တမအဆင့် အထိပင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

ကျန်းချန်၏ ပါရမီအရ ဆိုလျှင် လက်ရှိ တိုက်ခိုက်ရေးစွမ်းအားသည် သူ့ထက်ပင် မနိမ့်ကျလောက်တော့ပေ။

ထို့အပြင် ကျန်းချန်ကို အညံ့ခံထားသည့် ဟင်းလင်းပြင်သားရဲဘုရင်ဖြင့် ပေါင်းစပ်လိုက်လျှင် သူတို့တွင် တိုက်ပွဲဝင်နိုင်သည့် စွမ်းအား ရှိနေခဲ့ပြီ မဟုတ်ပါလား။

သို့သော်လည်း သူ အသုံးပြုထားသည့် လျှို့ဝှက်နည်းစနစ်သည် အချိန်ကြာမြင့်စွာ ခံနိုင်မည် မဟုတ်သောကြောင့် ထိုလျှို့ဝှက်နည်းစနစ်၏ စွမ်းအားမကုန်ဆုံးခင် ဟင်းလင်းပြင် သားရဲဘုရင် လေးကောင်ကို အလျင်အမြန် အနိုင်ယူရပေလိမ့်မည်။

“စီနီယာဝူနဲ့ လူသားဧကရာဇ်.. ဟင်းလင်းပြင် သားရဲဘုရင် တစ်ကောင်ကို ငါတာဝန်ယူလိုက်မယ်”

ထိုအချိန်မှာပင် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုမှ နတ်ဘုရင်နဝမအဆင့် ကျင့်ကြံသူသည် ချင်းလွမ် မျိုးနွယ်စုထဲကနေ တစ်ခဏအတွင်း ထွက်ပေါ်လာခဲ့ပြီး ဟင်းလင်းပြင် သားရဲဘုရင် တစ်ကောင်ကို တိုက်ရိုက်ပင် သွားရောက်တိုက်ခိုက်လိုက်၏။

“နဂါးနက်.. မင်းက အဲဒီ အနက်ရောင်ဖန်းငှက်ကို သွားထိန်းထားလိုက်”

ကျန်းချန်က သူ့နံဘေးမှ ဟင်းလင်းပြင် သားရဲဘုရင်ကို အမိန့်ပေးလိုက်ပြီး သူကမူ ဟင်းလင်းပြင် သားရဲဘုရင် တစ်ကောင်ကို ချက်ချင်းဆိုသလို သွားရောက် တိုက်ခိုက်လိုက်သည်။

သူ့ရှေ့မှ ဟင်းလင်းပြင်သားရဲဘုရင် လေးကောင်ထဲတွင် အင်အားအကြီးဆုံးမှာ သံသယဖြစ်စရာမရှိ အနက်ရောင်ဖန်းငှက်ကြီးပင် ဖြစ်သည်။

ကျန်းချန်က နဂါးနက်ကို အနက်ရောင် ဖန်းငှက်ကြီးအား ထိန်းထားခိုင်းပြီး ကျန် ဟင်းလင်းပြင် သားရဲဘုရင် သုံးကောင်ကို အရင်ရှင်းပစ်ရန် ရည်ရွယ်ထားခဲ့သည်။

“ဝုန်း..”

“ဝုန်း..”

“ဝုန်း..”

ကျန်းချန်တို့ လူသားသုံးယောက်နှင့် ဟင်းလင်းပြင် သားရဲဘုရင် ငါးကောင်သည် လေထုထဲတွင် အပြင်းအထန်တိုက်ခိုက်နေကြရာ ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအင်လှိုင်း ရိုက်ခတ်မှုများသည် ကောင်းကင်ယံရှိ မိုင်ပေါင်းထောင်ချီ ဧရိယာကို တစ်ခဏအတွင်းမှာပင် ပရမ်းပတာ ဖြစ်သွားစေခဲ့သည်။

ကျန်းချန်က အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်းကို အစွမ်းကုန် အသုံးပြုလိုက်ပြီး ဓားချက် တစ်ချက်တည်းဖြင့်ပင် ဝံပုလွေ အသွင်အပြင်ရှိသည့် ဟင်းလင်းပြင်သားရဲဘုရင်ကို ပိုင်းဖြတ်လိုက်သည်။

ထိုဝံပုလွေ အသွင်အပြင်နှင့် ဟင်းလင်းပြင်သားရဲသည် နတ်ဘုရင်အဆင့်နှင့် ယှဥ်နိုင်သည့် ခွန်အားရှိသော်လည်း နတ်ဘုရင် အစောပိုင်းအဆင့်နှင့်သာ ညီမျှသည်။

ကျန်းချန်၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်ဖြင့် အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်းကို အစွမ်းကုန် အသုံးပြုလိုက်သောအခါတွင် ထို ဟင်းလင်းပြင် သားရဲဘုရင်သည် လုံးဝ ခုခံနိုင်စွမ်းမရှိဘဲ မျက်စိတစ်မှိတ် အတွင်း ပေပေါင်းထောင်ချီ အကွာအဝေး အထိ လွင့်ထွက်သွားခဲ့သည်။

အခန်း(၂၄၆၁)ပြီး၏။

အခန်း(၂၄၆၂)

ဓားချက်က ဝံပုလွေ အသွင်အပြင်ရှိသည့် ဟင်းလင်းပြင်သားရဲဘုရင်ကို လွင့်ထက်သွားစေပြီးနောက်တွင် ကျန်းချန်သည် အသက်ရှူဖို့ပင် အခွင့်အရေးမပေးဘဲ အင်မော်တယ်အရှိန်အဝါများ ကိန်းအောင်းနေသည့် နောက်ထပ် ဓားချက်တစ်ချက်ကို ထပ်မံ၍ ထုတ်ဖော်လိုက်သည်။

ကျန်းချန်က ထိုဟင်းလင်းပြင် သားရဲဘုရင်ကို သတ်ဖြတ်ရန် အစွမ်းကုန် ကြိုးစားနေချိန်တွင် ဝူကျန့်ထျန်းနှင့် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုမှ နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူတို့သည်လည်း ဟင်းလင်းပြင် သားရဲဘုရင် တစ်ကောင်စီ နှင့် ကိုယ်စီ တိုက်ခိုက်နေခဲ့ကြ၏။

ဝူကျန့်ထျန်းသည် မူလကတည်းကပင် နတ်ဘုရင် နဝမအဆင့် အထွတ်အထိပ်တွင် ရှိသည့် အသန်မာဆုံး နတ်ဘုရင်တစ်ပါး ဖြစ်သည်။

ထို့အပြင် လျှို့ဝှက်နည်းစနစ်ကိုပါ အသုံးပြုထားသည် ဖြစ်ရာ သူ၏ တိုက်ခိုက်ရေးစွမ်းရည်သည် အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသော အဆင့်ကို ရောက်ရှိနေခဲ့၏။

အစောပိုင်းက တိုက်ပွဲကြောင့် သူ၏ အခြေအနေသည် အထွတ်အထိပ် အခြေအနေတွင် မရှိတော့သော်လည်း နတ်ဘုရင်နဝမအဆင့် နှောင်းပိုင်းနှင့် ညီမျှသော ခွန်အား ရှိသည့် ဟင်းလင်းပြင် သားရဲဘုရင်တစ်ကောင်ကို ပြန်လည် တိုက်ခိုက်နိုင်စွမ်း မရှိသည်အထိ အပြတ်အသတ် အနိုင်ယူထားဆဲပင်။

တခြားတစ်ဖက်တွင်မူ ရှေးဟောင်း နတ်ဖီးနစ် မျိုးနွယ်စုမှ ကျင့်ကြံသူသည် သူရင်ဆိုင်နေရသည့် ဟင်းလင်းပြင် သားရဲဘုရင်ထက် အနည်းငယ် အားနည်းနေသော်လည်း အချိန်အနည်းငယ် ထိန်းထားနိုင်ရန်မှာမူ မည်သည့် ပြဿနာမှမရှိပေ။

နဂါးနက်နှင့် အနက်ရောင်ဖန်းငှက်ကြီး တို့ကမူ တစ်ဦးကို တစ်ဦး စိုက်ကြည့်နေခဲ့ကြပြီး အလွယ်တကူ လှုပ်ရှားရန် မရွေးချယ်ခဲ့ကြပေ။

အဘယ်ကြောင့်ဆိုသော် သူတို့ နှစ်ယောက်လုံးသည် တစ်ဖက်လူ၏ ခန္ဓာကိုယ်ကနေ အန္တရာယ်ရှိသည့် အ‌ငွေ့အသက်များကို ခံစားမိနေ၍ ဖြစ်သည်။

“မင်းလို နဂါးနက်က နယ်မြေတစ်ခုကို စိုးမိုးထားနိုင်တဲ့ ဟင်းလင်းပြင် သားရဲဘုရင် ဖြစ်ပြီး လူသားတွေဆီမှာ အညံ့ခံလိုက်တယ်လား.. မင်းက ဟင်းလင်းပြင် သားရဲတွေရဲ့ မျက်နှာကို ဖျက်ဆီးတဲ့ကောင်ပဲ”

အနက်ရောင်ဖန်းငှက်ကြီးက နဂါးနက်ကို အေးစက်စက် ကြည့်ကာ ရေရွတ်လိုက်သည်။

သူ၏ ကြီးမားသော မျက်ဝန်းထဲတွင် အထင်အမြင်သေးသော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့၏။

နဂါးနက်၏ မျက်ဝန်းများက မှေးကျဥ်းသွားခဲ့ပြီး နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။

“ဒီဘုရင် ဘာပဲလုပ်လုပ် မင်းလို သေရတော့မဲ့ ငှက်စုတ်က ဝင်ရာက် စွက်ဖက်စရာ ဘာအကြောင်းမှ မရှိဘူး”

“မေဘေး နဂါးနက်.. ဒီနေ့ငါ ဟင်းလင်းပြင် သားရဲတွေ ကိုယ်စား မင်းလို သစ္စာဖောက်ကို သတ်ပစ်မယ်”

အနက်ရောင်ဖန်းငှက်ကြီးက ဒေါသတကြီး အော်ဟစ်လိုက်ပြီး ချက်ချင်းဆိုသလိုပင် သူ၏ တောင်ပံများကို ခတ်လိုက်ရာ လေထုထဲတွင် ကောင်းကင်ကိုပင် ပျက်စီးစေလောက်သည့် မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး နဂါးနက်ထံ တိုးဝင်သွားခဲ့သည်။

နဂါးနက်က သူ၏ ကြီးမားလှသော နဂါးအမြီးကို ပြင်းထန်စွာ လွှဲရမ်းလိုက်ပြီး လေထုကိုပင် ရိုက်ခွဲပစ်နိုင်လောက်သည့် စွမ်းအားဖြင့် အနက်ရောင်ဖန်းငှက် ထုတ်ဖော်လိုက်သည့် မုန်တိုင်းကို ရိုက်ချလိုက်သည်။

“ဝုန်း..”

လေထုထဲတွင် ဥက္ကာခဲကို တိုက်မိသကဲ့သို့ ကျယ်လောင်သောပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။

နဂါးနက်နှင့် အနက်ရောင်ဖန်းငှက် တို့သည် နတ်ဘုရင် နဝမအဆင့် အထွတ်အထိပ်နှင့် ညီမျှသည့် အသန်မာဆုံး ဟင်းလင်းပြင် သားရဲဘုရင်များ ဖြစ်ကြသည်။

သူတို့နှစ်ယောက်လုံးက ကြောက်မက်ဖွယ် စွမ်းအားများကို အသီးသီး ထုတ်ဖော်ကာ အဆက်မပြတ် တိုက်ခိုက်နေကြသော်လည်း မည်သည့်ဘက်ကမှ အသာစီးမရခဲ့ပေ။

လေထုထဲတွင် လူသုံးယောက်နှင့် သားရဲငါးကောင်တို့ တိုက်ခိုက်နေကြပြီး စစ်မြေပြင်က လေးခုအဖြစ် ကွဲထွက်သွားခဲ့သည်။

အားလုံးက သူတို့၏ စွမ်းအားများကို အစွမ်းကုန် အသုံးပြုနေကြ၍ ကောင်းကင်ယံက ကွဲအက်နေခဲ့ပြီး နေနှင့်လ ပင်လျှင် အရောင်မှေးမှိန်သွားခဲ့သည်။

သိပ်မကြာခင်မှာပင် ကျန်းချန်နှင့် တိုက်ခိုက်နေသည့် ဟင်းလင်းပြင်သားရဲဘုရင်သည် ကျန်းချန်၏ အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်းအောက်တွင် အရေးနိမ့်လာခဲ့ပြီး သူ၏ ကြီးမားသော ခန္ဓာကိုယ်သည် ကျန်းချန်၏ ဓားချက်ဖြင့် နှစ်ပိုင်း ပြတ်ထွက်သွားကာ သွေးစက်များသည် လေထုထဲတွင် မိုးရေစက်များ သဖွယ် စီးကျလာခဲ့သည်။

တခြားတစ်ဖက်တွင်လည်း ဝူကျန့်ထျန်းသည် ကြောက်မက်ဖွယ် ဓားအလင်းကို ထုတ်ဖော်၍ သူနှင့် တိုက်ခိုက်နေသည့် ဟင်းလင်းပြင် သားရဲဘုရင်ကို အမှုန့်အဖြစ် ချေမှုန်းပစ်လိုက်သည်။

ဟင်းလင်းပြင် သားရဲဘုရင်ကို ချေမှုန်းပြီးနောက်တွင် ဝူကျန့်ထျန်း၏ ခန္ဓာကိုယ်မှ အရှိန်အဝါသည် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် လျင်မြန်စွာ အားနည်းသွားခဲ့၏။

သူက ဖြူဖျော့နေသော မျက်နှာဖြင့် ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။

“ကျန်းချန်.. နောက်ပိုင်းကိစ္စကိုတော့ မင်းကိုပဲ လွှဲထားတော့မယ်”

“စီနီယာဝူ စိတ်မပူပါနဲ့.. ကျွန်တော့်ကိုပဲ ယုံယုံကြည်ကြည် လွှဲထားလိုက်ပါ”

စကားဆုံးသည်နှင့် ကျန်းချန်သည် လူနှင့်ဓား တစ်သားတည်းပေါင်းစပ်သွားခဲ့ပြီး ကောင်းကင်နှင့် မြေကြီးကိုပင် ဖောက်ထွင်းနိုင်သည့် ဓားအလင်းတန်း အဖြစ် ပြောင်းလဲသွားခဲ့ကာ ရှေးဟောင်း နတ်ဖီးနစ် မျိုးနွယ်စုမှ ကျင့်ကြံသူနှင့်တိုက်ခိုက်နေသည့် ဟင်းလင်းပြင် သားရဲဘုရင်ကို ခုတ်ချလိုက်သည်။

ထိုအချိန်တွင် ဟင်းလင်းပြင် သားရဲဘုရင်သည် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုမှ ကျင့်ကြံသူကို အသာစီးရနေခဲ့သည်။

သို့‌သော်လည်း ကျန်းချန် ပါဝင်လာသည်နှင့် အမျှ အခြေအနေသည် တစ်ခဏ အတွင်းမှာပင် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

ခဏအကြာမှာပင် ဟင်းလင်းပြင် သားရဲဘုရင်သည် ကျန်းချန်တို့နှစ်ယောက်၏ လက်ထဲတွင် ကျဆုံးသွားခဲ့၏။

“ငှက်စုတ်.. မင်းရဲ့အဖော်တွေ အကုန် မသာ ဖြစ်ကုန်ပြီ.. အခုအချိန် မင်းအညံ့ခံမယ်ဆိုရင် အချိန်မီနိုင်သေးတယ်”

ကျန်းချန်တို့က တစ်ခဏအတွင်း ဟင်းလင်းပြင် သားရဲဘုရင်သုံးကောင်ကို နှိမ်နင်းလိုက်သည်အား မြင်လျှင် အနက်ရောင်ဖန်းငှက်ကြီးနှင့် ရင်ဆိုင်နေရသည့် နဂါးနက်သည် ဝင့်ကြွားသော အမူအရာဖြင့် ပြောလိုက်သည်။

ပတ်ဝန်းကျင်မှ အခြေအနေကို ခံစားမိလျှင် အနက်ရောင်ဖန်းငှက်သည် ချက်ချင်းဆိုသလိုပင် ထိတ်လန့်သွားခဲ့သည်။

ရုတ်တရက် ရောက်ရှိလာသည့် လူငယ်လေးသည် ဤမျှ ကြောက်မက်ဖွယ်ရာ ကောင်းသော ခွန်အားကို ပိုင်ဆိုင်ထားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ထိုလူငယ်သည် ဝူကျန့်ထျန်းတို့နှင့် ပူးပေါင်းကာ ဟင်းလင်းပြင် သားရဲဘုရင် သုံးကောင်ကို လျှပ်စီးကဲ့သို့ အရှိန်အဟုန်ဖြင့် လျင်မြန်စွာ နှိမ်နင်းပစ်လိုက်၏။

“ဒီဘုရင် သေရမယ် ဆိုရင်တောင် မင်းလိုမျိုး လူသားတွေရဲ့အစေခံ အဖြစ်မခံနိုင်ဘူး”

အနက်ရောင်ဖန်းငှက်ကြီးက ဒေါသတကြီး အော်ဟစ်လိုက်ပြီး ချက်ချင်းဆိုသလိုပင် ဝါးမျိုခြင်း နတ်စွမ်းအားကို ထုတ်ဖော်ကာ နဂါးနက်ကို နောက်ဆုတ်အောင် ပြုလုပ်လိုက်သည်။

ထို့နောက်တွင် သူက တောင်ပံများကို ခတ်ကာ အဝေးရှိ ကောင်းကင်ယံ ဆီသို့ လျင်မြန်စွာ ထွက်ပြေးသွားခဲ့သည်။

သို့သော်လည်း ကျန်းချန်တို့သည် ဤအချိန်တွင် အနက်ရောင်ဖန်းငှက်ကြီးကို မည်ကဲ့သို့ လွတ်မြောက်ခွင့် ပေးနိုင်ပါအံ့နည်း။

ကျန်းချန်နှင့် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုမှ နတ်ဘုရင်နဝမအဆင့် ကျင့်ကြံသူ တို့သည် အနက်ရောင် ဖန်းငှက်ကြီးကို ဘယ်နှင့်ညာကနေ တိုက်ရိုက် ပိတ်ဆို့ထားလိုက်၏။

ထို့အပြင် အနက်ရောင်ဖန်းငှက်ကြီး၏ နောက်ကနေ နဂါးနက်ကလည်း ဟင်းလင်းပြင် ဖျက်ဆီးခြင်း လက်သည်း တိုက်ကွက်ကို ထုတ်ဖော်ကာ အနက်ရောင် ဖန်းငှက်ကြီးကို တိုက်ခိုက်လိုက်သည်။

အနက်ရောင်ဖန်းငှက်ကြီးသည် အင်အားကြီးသော်လည်း ကျန်းချန်တို့ သုံးယောက်ကို တစ်ယောက်တည်း ရင်ဆိုင်နိုင်သော စွမ်းရည် မရှိပေ။

အလွန်လျင်မြန်စွာပင် အနက်ရောင် ဖန်းငှက်ကြီး၏ ကြီးမားသော ခန္ဓာကိုယ်သည် ကျန်းချန်တို့ သုံးယောက်၏ ဝိုင်းရံတိုက်ခိုက်မှုအောက်တွင် ဒဏ်ရာဗလပွ ဖြစ်သွားခဲ့ပြီး သူ၏ ကြီးမားသော တောင်ပံတစ်စုံ ပင်လျှင် ကျန်းချန်၏ ဓားချက်ကြောင့် ပြတ်တောက်သွားခဲ့သည်။

အဆုံးသတ်တွင်မူ အနက်ရောင် ဖန်းငှက်ကြီး၏ ကြီးမားသောခန္ဓာကိုယ်သည် ကျန်းချန်တို့ သုံးယောက်၏ လက်ချက်ဖြင့် လေထဲမှာပင် အပိုင်းပိုင်းအစစ ဖြစ်သွားခဲ့သည်။

ကျန်းချန်တို့က အနက်ရောင် ဖန်းငှက်ကြီးကို သတ်ဖြတ်လိုက်သည့်အချိန်မှာပင် ဓားတစ်သောင်း သူတော်စင်ဂိုဏ်းမှ နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူသည် နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူ အများအပြားကို ဦးဆောင်ပြီး ဟင်းလင်းပြင်သားရဲများကို ဝင်ရောက် တိုက်ခိုက်လိုက်သည်။

နတ်ဘုရင် နဝမအဆင့်နှင့် ယှဥ်နိုင်သော ဟင်းလင်းပြင် သားရဲဘုရင် မရှိတော့၍ နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများသည် ဟင်းလင်းပြင် သားရဲများကို အသာစီးဖြင့် တိုက်ခိုက်နိုင်ခဲ့ပြီး သွေးချောင်းစီးသည် အထိ သတ်ဖြတ်ခဲ့ကြသည်။

ကျန်းချန်က နတ်ဘုရင်အဆင့်ထက် မနိမ့်သော ခွန်အားရှိသည့် ဟင်းလင်းပြင် သားရဲများကို ဆက်လက် သတ်ဖြတ်ခဲ့သည်။

အလွန်လျင်မြန်စွာပင် ကျန်းချန်နှင့် အနည်းငယ် ရင်းနှီးနေသည့် ကြီးမားသော ပုံရိပ်တစ်ခုသည် ကျန်းချန်၏ မြင်ကွင်းထဲတွင် တိုက်ရိုက်ပေါ်လာခဲ့သည်။

ကျန်းချန်၏ ပုံရိပ်က လက်ခနဲ ဖြစ်သွားခဲ့ပြီး ထိုသားရဲကြီး၏ ရှေ့တွင် တစ္ဆေတစ်ကောင်နှယ် ရိပ်ခနဲ ပေါ်လာခဲ့သည်။

ကျန်းချန်၏ နှုတ်ခမ်း‌ထောင့်တွင် မထီမဲ့မြင်အပြုံး တစ်ခု ဖြစ်ပေါ်လာခဲ့၏။

“ဟင်းလင်းပြင် ဝေလငါးဘုရင်.. မတွေ့ရတာ အတော်ကြာပြီပဲ.. နေကောင်းတယ် မဟုတ်လား”

ဤဝေလငါးဘုရင်သည် ကျန်းချန်က ကျီချန်းယဲ့ တို့၏ သတ်ဖြတ်မှုကနေ ထာဝရဟင်းလင်းပြင်ထဲ ထွက်ပြေးသောအချိန်တွင် ရင်ဆိုင်ခဲ့ရသည့် ဝေလငါးဘုရင်ပင် ဖြစ်သည်။

ဟင်းလင်းပြင် ဝေလငါးဘုရင်၏ ခွန်အားသည် အရင်ထက်များစွာ ပို၍ သန်မာလာခဲ့ပြီး နတ်ဘုရင်ပဉ္စမအဆင့် ကျင့်ကြံသူထက် မနိမ့်ကျပေ။

သို့သော်လည်း ထိုမျှလောက်သော စွမ်းရည်သည် ကျန်းချန်၏‌ ရှေ့တွင် ပုရွက်ဆိတ်နှင့် ဘာမှမခြားပေ။

“မင်း..”

ကျန်းချန်၏ မျက်နှာကို မြင်လိုက်သည်နှင့် ဟင်းလင်းပြင်ဝေလငါးဘုရင်သည် ချက်ချင်းဆိုသလို ထိတ်လန့်သွားခဲ့သည်။

ထိုအချိန်က သူ၏နယ်မြေထဲ ကျူးကျော် ဝင်ရောက်လာခဲ့သည့် လူသားကောင်လေးသည် ယခုလို ကြောက်မက်ဖွယ်ရာကောင်းသော အဆင့်အထိ ကြီးထွားလာလိမ့်မည်ဟု သူ လုံးဝထင်မထားခဲ့ပေ။

ကျန်းချန်က ပြုံး၍ ပြောလိုက်သည်။

“ဟင်းလင်းပြင်ဝေလငါးဘုရင်.. မင်းနဲ့ငါ ဆုံခဲ့ဖူးတာကို ထောက်ထားပြီး ငါမင်းကို အခွင့်အရေး တစ်ခုပေးမယ်.. ဟင်းလင်းပြင် သားရဲတွေကို ဦးဆောင်ပြီး မင်းငါ့ဆီမှာ အညံ့ခံမယ်ဆိုရင် မင်းရဲ့အသက်ကို ငါချမ်းသာပေးမယ် ဘယ်လိုသဘောရလဲ”

“ကျွန်တော် လူကြီးမင်းဆီမှာ အညံ့ခံဖို့ အဆင်သင့်ပါပဲ”

ဟင်းလင်းပြင် ဝေလငါးဘုရင်က ရှည်ရှည်ဝေးဝေး စဥ်းစားမနေဘဲ အလျင်အမြန်ပင် အညံ့ခံလိုက်သည်။

ယခု သူတို့ ဟင်းလင်းပြင်သားရဲ အုပ်စုထဲတွင် အထွတ်အထိပ် သားရဲဘုရင် လေးကောင်သည် ကျန်းချန်တို့၏ လက်ချက်ဖြင့် အသတ်ခံလိုက်ရချေပြီ။

သို့ဖြစ်ရာ သူ့အနေဖြင့် အသက်ရှင်ချင်သည် ဆိုလျှင် တစ်ခုတည်းသော ရွေးချယ်စရာမှာ အညံ့ခံဖို့သာ ဖြစ်သည် မဟုတ်ပါလော။

အခန်း(၂၄၆၂)ပြီး၏။

All Chapters