အခန်း (၂၄၆၃-၂၄၆၄)
Vol. 187 Ch. 2463-2464
အခန်း(၂၄၆၃)
ဟင်းလင်းပြင်ဝေလငါးဘုရင်၏ ဦးဆောင်မှုအောက်တွင် ရှိသည့် ဟင်းလင်းပြင် သားရဲများသည် လိမ္မာပါးနပ်စွာဖြင့် အညံ့ခံရန် ရွေးချယ်ခဲ့ကြသည်။
ဟင်းလင်းပြင် ဝေလငါးဘုရင်က တုံ့ဆိုင်းမနေတော့ဘဲ ပတ်ဝန်းကျင်မှ ဟင်းလင်းပြင် သားရဲများကို တိုက်ရိုက်ပင် အမိန့်ပေးလိုက်သည်။
တစ်ခဏအတွင်းမှာပင် မရေမတွက်နိုင်သည့် ဟင်းလင်းပြင်သားရဲများသည် သေသူသေ၊ ပြေးသူပြေး နှင့် အညံ့ခံသူ အညံ့ခံ ဖြစ်ကုန်ကြသည်။
အရှေ့ဘက်ဒေသကို အလွန်စိုးရိမ်ရသည့် အခြေအနေအထိရောက်အောင် ဒုက္ခပေးခဲ့သည့် ဟင်းလင်းပြင်သားရဲ ပြဿနာသည် ကျန်းချန်၏ အကူအညီဖြင့် အလွယ်တကူပင် ပြေလည်သွားခဲ့သည်။
အရှေ့ဘက်ဒေသ၏ အကျပ်အတည်းကို ဖြေရှင်းပြီးနောက်တွင် ကျန်းချန်သည် တစ်ခြား နယ်မြေနှစ်ခု၏ အခြေအနေကို သိရှိရန် သူ့ဖခင်ကျန်းဝူရဆီ ဆက်သွယ်လိုက်သည်။
အနောက်ဘက်ဒေသကမူ အုပ်စိုးသူ အဆင့်အောက်တွင် ပြိုင်ဘက်ကင်း ဖြစ်သည့် မင်ယွဲ့ရှင်း ရှိနေသောကြောင့် ဟင်းလင်းပြင် သားရဲများကို အနိုင်ယူနိုင်ခဲ့ပြီး ၎င်းတို့ကို နောက်ဆုတ်သွားအောင် လုပ်ရန် မည်သည့် ပြဿနာမှ မရှိခဲ့ပေ။
တောင်ဘက်ဒေသရှိ ဆရာသခင်စန်းမင် ဦးဆောင်သော အဖွဲ့ကမူ ဟင်းလင်းပြင် သားရဲများ၏ တိုက်ခိုက်မှုအောက်တွင် အန္တရာယ် ရှိနေခဲ့၏။
သို့သော်လည်း သေရေးရှင်ရေး အချိန်တွင် လျှို့ဝှက်ဆန်းကြယ်သည့် လူငယ်တစ်ယောက် ပေါ်ထွက်လာခဲ့ပြီး နတ်ဘုရင် နဝမအဆင့်နှင့် ယှဥ်နိုင်သည့် ဟင်းလင်းပြင်သားရဲဘုရင် နှစ်ကောင်ကို သတ်ဖြတ်ကာ ဆရာသခင်စန်းမင် တို့ကို အရှုံးကနေ ပြန်လည် နာလန်ထူလာနိုင်သည် အထိ အကူအညီပေးခဲ့သည်။
နယ်မြေနှစ်ခု၏ အခြေအနေကို ကြားပြီးနောက်တွင် ကျန်းချန်သည် သက်ပြင်းတစ်ချက် ချလိုက်သည်။
နတ်ကုန်းမြေတိုက်တွင် ရှိသည့် ဟင်းလင်းပြင်သားရဲ ပြဿနာသည် ပြေလည်သွားခဲ့ပြီ ဖြစ်သည်။
နတ်ကုန်းမြေတိုက်၏ အပြင်ဘက်ရှိ နယ်မြေများ ပေါင်းစပ်ပြီးနောက် ပေါ်ပေါက်လာသည့် ဟင်းလင်းပြင် သားရဲများကို ကျန်းချန်သည် လောလောဆယ်တွင် ဂရုစိုက်ရန် အချိန်မရှိသေးပေ။
ရှေးခေတ်ကာလက ကပ်ဘေးကြောင့် နတ်ဘုရားနယ်မြေ ပျက်စီးသွားပြီးနောက်တွင် ထာဝရ ဟင်းလင်းပြင်ထဲတွင် ဖြစ်ပေါ်လာသည့် နယ်မြေများသည် သန်းပေါင်းများစွာ ရှိ၏။
သူ့အနေဖြင့် အကူအညီပေးချင်လျှင်ပင် တစ်ခဏအတွင်း ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။
နောက်ထပ် ရက်အနည်းငယ်အတွင်း ကျန်းချန်တို့သည် အရှေ့ဘက်ဒေသ၏ အခြေအနေကို တည်ငြိမ်အောင် လုပ်ဆောင်ပေးခဲ့ပြီး အနောက်ဘက်ဒေသနှင့် တောင်ဘက်ဒေသကို တိုက်ရိုက်ပင် သွားရောက်ခဲ့ကာ နယ်မြေ နှစ်ခုလုံးရှိ ဟင်းလင်းပြင် သားရဲများကို လျှပ်စီးကဲ့သို့ အရှိန်အဟုန်ဖြင့် အလျင်အမြန် သုတ်သင်ပစ်လိုက်သည်။
ကျန်းချန်တို့လူစု ဟင်းလင်းပြင် သားရဲများကို နှိမ်နင်းနေသည့်အချိန်မှာပင် နတ်ဘုရားနယ်မြေသည် ကြီးမားသော အပြောင်းအလဲကို နောက်တစ်ကြိမ် ကြုံတွေ့ခဲ့ရသည်။
အဆက်မပြတ် ပေါင်းစည်းနေသည့် ထောင်ချီသော နယ်မြေများသည် အဆုံးသတ်တွင် တစ်ခုတည်း အဖြစ်သို့ ပေါင်းစည်းသွားခဲ့သည်။
ထိုအချိန်တွင် နှိုင်းယှဥ်၍ မရလောက်အောင် ဆန်းကြယ်သော စွမ်းအားတစ်ခုသည် နတ်ဘုရားနယ်မြေ တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့၏။
ထိုစွမ်းအား၏ လွှမ်းမိုးမှုအောက်တွင် ကျန်းချန်သည် သူ၏ ကျင့်ကြံခြင်း အရှိန်အဟုန်က တစ်ခဏအတွင်းမှာပင် ဆယ်ဆခန့် မြင့်တက်လာသည်ဟု ခံစားလိုက်ရသည်။
ကျင့်ကြံမှုတွင် အဆင့်မတက်နိုင်ဘဲ ပိတ်မိနေကြသည့် ကျင့်ကြံသူတချို့ပင်လျှင် အဆင့်တက်သွားကြသည်။
နတ်ဘုရားနယ်မြေ တစ်ခုလုံးတွင် နတ်ဘုရင်ကပ်ဘေးများသည် အဆက်မပြတ် ပေါ်ပေါက်လာခဲ့၏။
ရက်အနည်းငယ် အတွင်းမှာပင် နတ်ဘုရားနယ်မြေရှိ နတ်ဘုရင် အရေအတွက်သည် များစွာ တိုးတက်လာခဲ့သည်။
ဆရာသခင်စန်းမင်နှင့် ဝူကျန့်ထျန်း တို့ကဲ့သို့ နတ်ဘုရင်နဝမအဆင့် အထွတ်အထိပ် ကျင့်ကြံသူများသည် တိမ်တိုက်ကြားမှ ကောင်းကင်ပြာကို မြင်လိုက်ရသကဲ့သို့ အုပ်စိုးသူ အဆင့်၏ စွမ်းအားကို မရေမရာ ထိတွေ့နိုင်ခဲ့သည်။
ဆိုရလျှင် ၎င်းတို့သည် ခြေလှမ်းတစ်ဝက် အုပ်စိုးသူအဆင့်ကို ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ခြေလှမ်းတစ်ဝက် အုပ်စိုးသူအဆင့်ကို ရောက်ရှိနေသည့် မင်ယွဲ့ရှင်းကမူ အုပ်စိုးသူအဆင့်ကို တက်လှမ်းရန် အတွက် တံခါးပိတ် ကျင့်ကြံမှုကို စတင်ခဲ့သည်။
ကောင်းကင်လမ်းစဥ် ပြန်လည် နာလန်ထူလာသည်နှင့် အမျှ အကွဲကွဲအပြားပြား ဖြစ်နေသော နတ်ဘုရားနယ်မြေမှ နယ်မြေများသည် တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားခဲ့သည်။
နတ်ဘုရားနယ်မြေ၏ သိုင်းပညာ ယဥ်ကျေးမှုသည်လည်း ရှေးခေတ်ကာလကို ပြန်ရောက်သွားသကဲ့သို့ပင် လျင်မြန်စွာ ထွန်းကားလာခဲ့၏။
နတ်ဘုရားနယ်မြေ၏ ခွန်အားများ လျင်မြန်စွာ တိုးတက်လာသည်နှင့်အမျှ ဟင်းလင်းပြင် သားရဲများကြောင့် ရှုပ်ထွေးနေသော နေရာများသည် တဖြည်းဖြည်း တည်ငြိမ်လာခဲ့ပြီး နတ်ဘုရားနယ်မြေ တစ်ခုလုံး၏ အခြေအနေသည်လည်း အလွန်တရာ ကောင်းမွန်လာခဲ့သည်။
နတ်ဘုရားနယ်မြေ၏ အခြေအနေ တည်ငြိမ်သွားပြီးနောက်တွင် ကျန်းချန်သည် ထာဝရရှင်သန်ခြင်း နန်းတော် ဆီသို့ ပြန်လာခဲ့ပြီး တံခါးပိတ် ကျင့်ကြံမှုကို စတင်ခဲ့သည်။
မည်သို့ပင်ဖြစ်စေကာမူ နတ်ဘုရားနယ်မြေ၏ လက်ရှိအခြေအနေသည် အလွန်တရာ ကောင်းမွန်သည်ဟု ဆို၍ရသော်လည်း တစ်ချိန်က နတ်ဘုရားနယ်မြေကို ကျူးကျော်ခဲ့သည့် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာသည် အချိန်မရွေး ပြန်လည် တိုက်ခိုက်လာနိုင်ခြေ ရှိသည်။
ထို့အပြင် အင်မော်တယ်လောကမှ ပုဂ္ဂိုလ်ကြီးများသည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ တည်ရှိမှုကြောင့် နတ်ဘုရားနယ်မြေဆီ နောက်တစ်ကြိမ် လူလွှတ်ရန်လည်း အလွန်တရာ ဖြစ်နိုင်ခြေ ရှိ၏။
အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာဖြစ်စေ၊ အင်မော်တယ်လောက ဖြစ်စေ နတ်ဘုရားနယ်မြေကို ရောက်လာသည်နှင့် သူတို့ နတ်ဘုရားနယ်မြေ အတွက် သေစေနိုင်လောက်သော ခြိမ်းခြောက်မှု ဖြစ်လာပေလိမ့်မည် မဟုတ်ပါလား။
ထို့ကြောင့် ကျန်းချန်သည် နောက်ထပ် ဖြစ်လာနိုင်သည့် ဘေးအန္တရာယ်ကို ရင်ဆိုင်ရန်အတွက် အချိန်တိုအတွင်း ခွန်အားကို အလျင်အမြန် မြှင့်တင်ရန် ဆုံးဖြတ်ခဲ့သည်။
ခွန်အားကို လျင်မြန်စွာ မြှင့်တင်ဖို့အတွက် ဆိုလျှင် ထာဝရရှင်သန်ခြင်း နန်းတော်သည် အလွန်တရာကောင်းမွန်သော နေရာတစ်ခု ဖြစ်သည်မှာ သံသယဖြစ်စရာမရှိပေ။
နတ်ဘုရားနယ်မြေ၏ ကောင်းကင်လမ်းစဥ် ပြန်လည် နာလန်ထူလာပြီးနောက်တွင် နတ်ဘုရားနယ်မြေမှ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားများသည် ကျင့်ကြံသူများ ကျင့်ကြံရန်အတွက် ဆယ်ဆမက တိုးတက်လာသော်လည်း ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ ထာဝရရှင်သန်ခြင်းနန်းတော်နှင့်မူ နှိုင်းယှဥ်၍ မရသေးပေ။
ကျန်းချန်သာ ထာဝရရှင်သန်ခြင်း နန်းတော်တွင် အဆ ၁၀၀ စနစ်၏ အကူအညီဖြင့် ကျင့်ကြံမည် ဆိုလျှင် သူ၏ ကျင့်ကြံခြင်း အဆင့် တိုးတက်မှုနှုန်းသည် အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းသော အရှိန်အဟုန်သို့ ရောက်ရှိသွားမည်မှာ သေချာသလောက်ပင်။
တစ်နှစ်အကြာတွင် ကျန်းချန်သည် နတ်ဘုရင် သတ္တမအဆင့်ကနေ အဋ္ဌမအဆင့် အထိ ထိုးဖောက်သွားခဲ့သည်။
သုံးနှစ်အကြာတွင်မူ ကျန်းချန်သည် နောက်ထပ်တစ်ကြိမ် အဆင့်တက်နိုင်ခဲ့ပြီး နတ်ဘုရင် နဝမအဆင့်ကို ချောမွေ့စွာ ထိုးဖောက်နိုင်ခဲ့၏။
နတ်ဘုရင် နဝမအဆင့်ကို ထိုးဖောက်ပြီးနောက်တွင် ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းရည်သည် အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသော အဆင့်ကို ရောက်ရှိသွားခဲ့သည်။
ဆိုရလျှင် ခြေလှမ်းတစ်ဝက် အုပ်စိုးသူအဆင့် ဖြစ်သည့် မင်ယွဲ့ရှင်း ကဲ့သို့ အနှိုင်းမဲ့ပုဂ္ဂိုလ်က လွဲလျှင် နတ်ဘုရားနယ်မြေတွင် သူ့ကို ယှဥ်နိုင်သူမှာ မရှိသလောက်ပင်။
နတ်ဘုရင် နဝမအဆင့်ကို ထိုးဖောက်ပြီး သိပ်မကြာခင်မှာပင် ကျန်းချန်သည် သူ့ဖခင်ကျန်းဝူရ ဆီကနေ သတင်းပေးပို့မှု တစ်ခုကို လက်ခံရရှိခဲ့သည်။
ထိုသတင်းမှာ လနတ်နန်းတော်၏ နန်းတော်သခင်မ ဖြစ်သည့် မင်ယွဲ့ရှင်းသည် အုပ်စိုးသူအဆင့်ကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သော သတင်း ဖြစ်၏။
ဤသည်မှာ လူသားဧကရာဇ် ကျန်းချင်းထျန်း ပြီးလျှင် နတ်ဘုရားနယ်မြေ၏ မဟာကပ်ဘေးကြီး ပြီးနောက်တွင် ပထမဆုံး ပေါ်ထွက်လာသည့် အုပ်စိုးသူအဆင့် ကျင့်ကြံသူလည်း ဖြစ်သည်။
ထိုသတင်းကို ရရှိပြီးနောက်တွင် ကျန်းချန်သည် တံခါးပိတ်ကျင့်ကြံမှုကို အဆုံးသတ်လိုက်ပြီး လနတ်နန်းတော် ဆီသို့ ဂုဏ်ပြုရန် သွားရောက်ခဲ့သည်။
ယနေ့တွင် နတ်ဘုရားနယ်မြေရှိ ထိပ်တန်း အင်အားစုများမှ အစွမ်းထက် ကျင့်ကြံသူများသည် အုပ်စိုးသူအဆင့်ကို တက်လှမ်းနိုင်ခဲ့သည့် မင်ယွဲ့ရှင်းကို ဂုဏ်ပြုရန် လနတ်နန်းတော်သို့ ရောက်ရှိနေခဲ့ကြသည်။
“စီနီယာမင်ယွဲ့.. နတ်ဘုရားနယ်မြေရဲ့ တစ်ဦးတည်းသော အုပ်စိုးသူအဆင့် ကျင့်ကြံသူ ဖြစ်လာတဲ့ အတွက် ဂုဏ်ပြုပါတယ်”
လူသားဧကရာဇ်တစ်ယောက် အနေဖြင့် ကျန်းချန်သည် လနတ်နန်းတော်၏ နွေးထွေးသော ဧည့်ခံမှုကို ရရှိခဲ့ပြီး မင်ယွဲ့ရှင်းနှင့် တစ်ယောက်ချင်း တွေ့ဆုံခွင့်ရခဲ့သည်။
“နတ်ဘုရားနယ်မြေက ရှေးခေတ်ကာလက အခြေအနေကို ပြန်ရောက်သွားတာကြောင့် အုပ်စိုးသူအဆင့် ကျင့်ကြံသူ တစ်ယောက် မွေးဖွားပေးဖို့ မခက်ခဲတော့ပါဘူး.. နောက်ထပ် အုပ်စိုးသူအဆင့် ကျင့်ကြံသူတွေ ထွက်ပေါ်လာဖို့က သိပ်မလိုတော့ဘူးလို့ ငါထင်တယ်”
မင်ယွဲ့ရှင်းက လှပသော မျက်ဝန်းလေးများဖြင့် ကျန်းချန်၏ ခန္ဓာကိုယ်ကို ဝေ့ကြည့်လိုက်ပြီးနောက်တွင် တည်ငြိမ်စွာ ပြောလိုက်သည်။
“မင်းအပါအဝင် စန်းမင်နဲ့ ဝူကျန့်ထျန်းတို့က အုပ်စိုးသူအဆင့်ကို ထိုးဖောက်ဖို့ဆိုတာ အချိန်တစ်ခုပဲ လိုပါတော့တယ်”
“စီနီယာမင်ယွဲ့.. နတ်ဘုရားနယ်မြေမှာ ကျင့်ကြံခြင်းလမ်းစဥ်သုံးထောင် ရှိပြီး လမ်းစဥ်တစ်ခုချင်းစီမှာ အုပ်စိုးသူအဆင့် တစ်ယောက်ပဲ ပေါ်ထွက်နိုင်တယ်လို့ ကျွန်တော် သိထားတယ်.. အဲဒါ တကယ်ပဲလား”
ကျန်းချန်က အနည်းငယ် စဥ်းစားလိုက်ပြီး အလွန်တရာအရေးကြီးသည့် မေးခွန်း တစ်ခုကို တိုက်ရိုက်ပင် မေးလိုက်သည်။
အကယ်၍ ထိုအတိုင်းသာဆိုလျှင် နတ်ဘုရားနယ်မြေတွင် ဓားလမ်းစဥ် အထူးပြုသည့် အုပ်စိုးသူအဆင့် ကျင့်ကြံသူသာ ပေါ်ထွက်လာခဲ့လျှင် ထိုဓားလမ်းစဥ် အုပ်စိုးသူ ကျဆုံး မသွားမချင်း သူ့အနေဖြင့် အုပ်စိုးသူ အဆင့်ကို ထိုးဖောက်ရန် ခက်ခဲပေလိမ့်မည် မဟုတ်ပါလော။
“နတ်ဘုရားနယ်မြေရဲ့ ရှေးခေတ်ကာလတုန်းက ဆိုရင်တော့ ဒါက အမှန်ပဲ.. ဘာလို့လဲဆိုတော့ အဲဒီအချိန်က နတ်ဘုရားနယ်မြေရဲ့ ကောင်းကင်လမ်းစဥ်မှာ ချို့ယွင်းချက်တွေ ရှိနေတဲ့အတွက် အုပ်စိုးသူအဆင့်ရဲ့ စွမ်းအားတွေ အများကြီးကို သယ်ဆောင်ထားဖို့ ခက်ခဲခဲ့တယ်”
မင်ယွဲ့ရှင်းက ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“ဒါပေမဲ့ အခုတော့ အဲဒီ ပြဿနာအတွက် မင်း စိတ်ပူစရာမလိုတော့ဘူး”
ထိုစကားကိုကြားလျှင် ကျန်းချန်၏ မျက်နှာထက်တွင် အံ့ဩထိတ်လန့်သော အမူအရာတစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။
“နတ်ဘုရားနယ်မြေက ရှေးခေတ်ကာလထက် ပြီးပြည့်စုံသွားခဲ့ပြီး လမ်းစဥ်တူညီတဲ့ အုပ်စိုးသူအဆင့် ကျင့်ကြံသူ အများအပြားကို တစ်ချိန်တည်းမှာ မွေးဖွားပေးနိုင်ပြီလို့ စီနီယာ ဆိုလိုချင်တာလား”
“အမှန်ပဲ.. ငါအုပ်စိုးသူအဆင့်ကို ထိုးဖောက်ပြီးနောက်မှာ နတ်ဘုရားနယ်မြေရဲ့ ကောင်းကင်လမ်းစဥ်က တစ်စုံတစ်ရာရဲ့ စွမ်းအားနဲ့ မြှင့်တင်ခံထားရသလိုမျိုး အရင်က မရှိခဲ့ဘူးတဲ့ အဆင့်ကို ရောက်ရှိနေပြီး ရှေးခေတ်ကာလကထက်တောင် ကျော်လွန်နေတယ်လို့ မရေမရာ ခံစားမိခဲ့တယ်.. ပြောရရင် ယနေ့ခေတ် နတ်ဘုရားနယ်မြေရဲ့ ကောင်းကင်လမ်းစဥ်က အုပ်စိုးသူအဆင့် ကျင့်ကြံသူ အများအပြားကို အပြည့်အဝ ထောက်ပံ့ပေးနိုင်ပါတယ်.. ဒဏ္ဍာရီလာ အင်မော်တယ်အဆင့်ကို ထိုးဖောက်ဖို့တောင်မှ မဖြစ်နိုင်ဘူးလို့ ပြောလို့မရဘူး”
မင်ယွဲ့ရှင်းက ခေါင်းမော့ပြီး အဆုံးမဲ့ ဟင်းလင်းပြင်ကို လှမ်းကြည့်ကာ ပြောလိုက်သည်။
မင်ယွဲ့ရှင်း၏ စကားကိုကြားလျှင် ကျန်းချန်သည် အံ့ဩတုန်လှုပ်သွားခဲ့၏။
နတ်ဘုရားနယ်မြေ၏ ကောင်းကင်လမ်းစဥ်သည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ ထာဝရရှင်သန်ခြင်းနန်းတော်တွင် အကျိုးကျေးဇူး အများအပြား ရရှိခဲ့ပုံရ၏။
အခန်း(၂၄၆၃)ပြီး၏။
အခန်း(၂၄၆၄)
နတ်ဘုရားနယ်မြေ၏ ကောင်းကင်လမ်းစဥ်က အထွတ်အထိပ်အခြေအနေကို ပြန်လည်ရောက်ရှိပြီး ပို၍ပင် အစွမ်းထက်လာခြင်းသည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်နှင့် ဆက်စပ်မှုရှိနေမှန်း ကျန်းချန် ကောင်းစွာ သိထားခဲ့သည်။
ထာဝရရှင်သန်ခြင်းအင်မော်တယ်ဘုရင်က နတ်ဘုရားနယ်မြေသို့ ရောက်လာခြင်းသည် နတ်ဘုရားနယ်မြေ အတွက် ကပ်ဘေးတချို့ကို ယူဆောင်လာခဲ့သော်လည်း တစ်ဖက်တွင်မူ ကြီးမားသော အကျိုးကျေးဇူးများကို ပေးအပ်ခဲ့သည်။
ဤအတိုင်းသာဆိုလျှင် နတ်ဘုရားနယ်မြေ၏ သိုင်းပညာ ယဥ်ကျေးမှုသည် ရှေးခေတ်ကာလက ထက်ပင် ပို၍ တောက်ပသော အဆင့်တစ်ခု အထိ သေချာပေါက် ရောက်ရှိလာပေလိမ့်မည်။
“ကျန်းချန်.. အခု နတ်ဘုရားနယ်မြေရဲ့အခြေအနေက တဖြည်းဖြည်း တည်ငြိမ်လာပြီ ဆိုတော့ ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုကို အမြစ်ပြတ် ချေမှုန်းဖို့ စဥ်းစားသင့်ပြီ ထင်တယ်”
ကျန်းချန် အတွေးနက်နေစဥ်မှာပင် မင်ယွဲ့ရှင်း၏ အေးစက်စက် စကားသံသည် ကျန်းချန်၏ နားထဲတွင် ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်က တစ်ခဏမျှ မှင်တက်သွားခဲ့ပြီး မင်ယွဲ့ရှင်းကို ကြည့်ကာ မေးလိုက်သည်။
“ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို အမြစ်ပြတ်ချေမှုန်းတော့မလို့လား စီနီယာမင်ယွဲ့”
နတ်ဘုရားနယ်မြေတွင် ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်ပြီးနောက်တွင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် နတ်ကုန်းမြေတိုက်တွင် ပေါ်မလာခဲ့ဘဲ ပိုမို ဝေးလံသော နေရာဆီ ဆုတ်ခွာသွားခဲ့ကြသည်။
ထိုအပြင် ဤအချိန်အတောအတွင်း ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် အလွန်တရာ ငြိမ်သက်စွာ နေထိုင်ခဲ့ပြီး မည်သည့် လှုပ်ရှားမှုမှ မရှိသလောက်ပင်။
ကျန်းချန်တို့သည် ဟင်းလင်းပြင် သားရဲများကို ပို၍ အာရုံစိုက်ထားခဲ့သောကြောင့် ဟင်းလင်းပြင် နတ်ဆိုး မျိုးနွယ်စုကို ချေမှုန်းမည့်ကိစ္စအား မေ့လျော့နေသလိုပင် ဖြစ်နေခဲ့၏။
ဤအချိန်တွင် မင်ယွဲ့ရှင်းက ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို အမြစ်ပြတ် ချေမှုန်းရန် အဆိုပြုလာလိမ့်မည်ဟု ကျန်းချန် လုံးဝ ထင်မထားခဲ့ပေ။
“နတ်ဘုရားနယ်မြေမှာ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု ရှိနေတာက ကပ်ဘေးနဲ့အတူ နေထိုင်ရသလိုပဲ.. သူတို့ကို ရှင်းလင်းပြီးမှပဲ ငါတို့ဆီ ရောက်ရှိလာတော့မဲ့ အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာကို နောက်ကျော အေးအေးနဲ့ အစွမ်းကုန် ရင်ဆိုင်နိုင်လိမ့်မယ်”
မင်ယွဲ့ရှင်းက အေးစက်စက် ပြောလိုက်သည်။
“ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို ချေမှုန်းပြီးရင် နတ်ဘုရားနယ်မြေရဲ့ အပြင်ဘက်မှာ မြို့တစ်မြို့ တည်ဆောက်ဖို့ လိုအပ်တယ်.. ဒီတစ်ကြိမ် အင်မော်တယ်ကျင့်ကြံခြင်းစကြဝဠာနဲ့ စစ်ခင်းရာမှာ နတ်ဘုရား နယ်မြေထဲအထိ စစ်မီး မရောက်အောင် ကြိုးစားရလိမ့်မယ်”
ထိုစကားကိုကြားလျှင် ကျန်းချန်သည် ခေါင်းညိတ်လိုက်သည်။
ရှေးခေတ်ကာလက စကြဝဠာအဆင့် တိုက်ပွဲတွင် နတ်ဘုရားနယ်မြေသည် မည်သည့် ကြိုတင်ပြင်ဆင်မှုမှ မရှိဘဲ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ကျူးကျော်မှုကိုခံခဲ့သောကြောင့် နတ်ဘုရားနယ်မြေ တစ်ခုလုံးသည် စကြဝဠာအဆင့် တိုက်ပွဲ၏ စစ်မြေပြင် ဖြစ်သွားခဲ့သည်။
ထိုအကြောင်းအရင်းကြောင့်ပင် နတ်ဘုရားနယ်မြေသည် အပိုင်းပိုင်းအစစ ဖြစ်သည်အထိ ချေမှုန်းခံခဲ့ရခြင်း ဆိုလည်း မမှားပေ။
ထို့ကြောင့် နောက်တစ်ကြိမ် ထပ်မံ ကျူးကျော်လာနိုင်သည့် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကို ရင်ဆိုင်ရန် အတွက် သူတို့အနေဖြင့် အပြည့်အဝ ပြင်ဆင်ထားရမည် ဖြစ်ပြီး ထိုကဲ့သို့ အမှားမျိုးကို နောက်တစ်ကြိမ် အဖြစ်ခံ၍ လုံးဝ မဖြစ်ပေ။
“ကောင်းပြီ.. ဒါဆို ကျွန်တော်တို့ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို အမြစ်ပြတ် ချေမှုန်းကြတာပေါ့”
ထိုစကားကိုပြောရင်း ကျန်းချန်၏ မျက်ဝန်းထဲတွင် ထက်ရှသော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။
နတ်ဘုရားနယ်မြေ ပြန်လည် နာလန်ထူလာကတည်းကစ၍ သူတို့ နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများ၏ ခွန်အားသည် အဆပေါင်းများစွာ တိုးတက်လာခဲ့သည်။
ယခု သူတို့တွင် အုပ်စိုးသူအဆင့် ကျင့်ကြံသူ မင်ယွဲ့ရှင်း ရှိနေရုံသာမက ဆရာသခင်စန်းမင်နှင့် ဝူကျန့်ထျန်း တို့သည်လည်း ခြေလှမ်းတစ်ဝက် အုပ်စိုးသူအဆင့်ကို ရောက်ရှိနေခဲ့ပြီဖြစ်သည်။
ထို့အပြင် နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူ အရေအတွက်သည်လည်း တစ်ဆယ့်ငါးယောက်ထက်မက ရှိနေခဲ့ချေပြီ။
ရှင်းလင်းစွာဆိုရလျှင် နတ်ဘုရားနယ်မြေ၏ လက်ရှိခွန်အားဖြင့် ဆိုလျှင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို အမြစ်ပြတ်ချေမှုန်းရန် မခက်ခဲပေ။
ဆုံးဖြတ်ချက် ချပြီးနောက်တွင် ကျန်းချန်သည် အချိန်ဆွဲမနေတော့ဘဲ နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများကို တိုက်ရိုက်ပင် စုစည်းကာ ဟင်းလင်းပြင် နတ်ဆိုး မျိုးနွယ်စုဆီ ထွက်ခွာလာခဲ့သည်။
-----------------
ဟင်းလင်းပြင် တိမ်တိုက်နယ်မြေသည် မူလက နတ်ကုန်းမြေတိုက်၏ အနောက်ဘက်ဒေသတွင် ရှိသည့် နယ်မြေငယ်လေးတစ်ခု ဖြစ်သည်။
နတ်ကုန်းမြေတိုက်နှင့် ထာဝရဟင်းလင်းပြင် ပေါ်တွင် ပြန့်ကျဲနေသော နယ်မြေများ တစ်သားတည်း ပြန်လည် ပေါင်းစည်းသွားပြီးနောက်တွင် ဟင်းလင်းပြင် တိမ်တိုက်နယ်မြေသည် နတ်ဘုရားနယ်မြေက သတိမထားမိလောက်သည့် အစိတ်အပိုင်းလေး တစ်ခု ဖြစ်သွားခဲ့သည်။
နတ်ဘုရားနယ်မြေ သိသိသာသာ ပြောင်းလဲသွားချိန်တွင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် ထာဝရဟင်းလင်းပြင်ကနေ တိတ်တဆိတ် ဆုတ်ခွာလာခဲ့ပြီး ဟင်းလင်းပြင်တိမ်တိုက်နယ်မြေကို သိမ်းပိုက်ထားခဲ့သည်။
ဤအချိန်အတောအတွင်း ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် အလွန်ပင် ငြိမ်သက်စွာ နေထိုင်ခဲ့ကြ၏။
ဟင်းလင်းပြင်သားရဲများက နတ်ဘုရားနယ်မြေကို တိုက်ခိုက်ပြီး နတ်ဘုရားနယ်မြေ တစ်ခုလုံးကို ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်နေချိန်မှာပင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် မည်သည့် လှုပ်ရှားမှုမှ မလုပ်ဆောင်ခဲ့ပေ။
သို့ရာတွင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် မည်သည့်လှုပ်ရှားမှုမှ မရှိသည့်တိုင် နတ်ဘုရားနယ်မြေ အပေါ် ၎င်းတို့၏ အာရုံစိုက်မှုသည် အနည်းငယ်မျှပင် လျော့ပါးသွားခြင်း မရှိချေ။
အထူးသဖြင့် နတ်ဘုရားနယ်မြေ၏ စွမ်းအားများက ကြောက်မက်ဖွယ်ရာ ကောင်းသော အရှိန်အဟုန်ဖြင့် တိုးတက်လာနေသည်ကို ခံစားမိလျှင် နတ်ဆိုးဧကရာဇ်သည် သူ၏ ပင်ကိုဗီဇအရ အန္တရာယ်ရှိသော အရိပ်အငွေ့များကို ခံစားမိလိုက်သည်။
ထို့နောက်တွင် နတ်ဆိုးဧကရာဇ်သည် မဟာနတ်ဆိုးဘုရင် ရှစ်ပါးနှင့် သွေးနေမင်းဘိုးဘေးတို့နှင့် အတူ အစည်းအဝေးပြုလုပ်ကာ နတ်ဘုရားနယ်မြေကို တုံ့ပြန်နိုင်မည့် နည်းလမ်းများအား ဆွေးနွေးခဲ့သည်။
“အားလုံးပဲ.. အခု နတ်ဘုရားနယ်မြေက ရှေးခေတ်ကာလက ကပ်ဘေးမတိုင်ခင် အခြေအနေကို ပြန်ရောက်နေခဲ့ပြီ.. သူတို့ရဲ့ခွန်အားက အရင်ကလို မဟုတ်တော့ဘူး.. ဟင်းလင်းပြင်သားရဲတွေကိုတောင်မှ နှိမ်နင်းနိုင်ခဲ့ပြီ.. ငါ့ရဲ့ ခန့်မှန်းချက်သာ မမှားဘူးဆိုရင် နတ်ဘုရားနယ်မြေက သိပ်မကြာခင်မှာပဲ ငါတို့ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို စတင် တိုက်ခိုက်တော့မယ်ထင်တယ်.. ဒီကိစ္စကို ကိုင်တွယ် ဖြေရှင်းဖို့ မင်းတို့မှာ ဘယ်လိုနည်းလမ်းတွေ ရှိလဲ”
နတ်ဆိုးဧကရာဇ်က အားလုံးကို ဝေ့ကြည့်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။
နတ်ဆိုးဧကရာဇ်ထံမှ တုန်လှုပ်ဖွယ်စကားကို ကြားလျှင် ခန်းမတစ်ခုလုံးသည် ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။
“ငါ အစောကြီးကတည်းက နတ်ဘုရားနယ်မြေကို ဟင်းလင်းပြင်သားရဲတွေ တိုက်ခိုက်နေတာကို အခွင့်ကောင်းယူပါလို့ ပြောသားပဲ.. ဒါပေမဲ့ မင်းတို့က နားမထောင်ခဲ့ကြဘူး”
ထိုအချိန်တွင် သွေးနေမင်းဘိုးဘေးသည် မထီမဲ့မြင် ပြုံးကာ ပြောလိုက်သည်။
“သွေးနေမင်းဘိုးဘေး.. အခုအချိန်မှာ ဒါတွေ ပြောနေလို့လည်း ဘာအဓိပ္ပာယ်မှ မရှိတော့ဘူး”
နတ်ဆိုးဧကရာဇ်က မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
“နတ်ဘုရားနယ်မြေကို လာနေတဲ့ အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာရဲ့ စစ်တပ်က သုံးနှစ်အတွင်း ရောက်လာလိမ့်မယ်လို့ မင်းအရင်က ပြောခဲ့တာ ငါမှတ်မိသေးတယ်.. အခု သုံးနှစ်တောင်ကျော်သွားခဲ့ပြီ.. ဘာလို့ ဘာသတင်းမှ မရသေးတာလဲ”
“စကြဝဠာ တစ်ခုနဲ့တစ်ခုကြားမှာ အဆုံးမဲ့ ကြယ်ဂလက်စီတွေရှိတယ်.. ဘာပြဿနာမှ မရှိဘူးဆိုရင်တောင် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာကနေ နတ်ဘုရားနယ်မြေဆီကို ရောက်ဖို့ သုံးနှစ်လောက် ကြာတတ်တယ်.. ဒါပေမဲ့ အဆုံးမဲ့ကြယ်ဂလက်စီထဲမှာ ဘေးအန္တရာယ်တွေ အများကြီး ရှိတယ်.. အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာရဲ့ စစ်တပ်က အဆုံးမဲ့ ကြယ်ဂလက်စီထဲမှာ ဒုက္ခတချို့နဲ့ ကြုံတွေ့နေရလို့ ကြာနေတာဖြစ်နိုင်ပါတယ်.. သူတို့အနေနဲ့ နတ်ဘုရားနယ်မြေကို သုံးရက်ကနေ ငါးရက်အတွင်း ရောက်လာနိုင်သလို သုံးလကနေ ငါးလအတွင်း ရောက်မလာနိုင်သေးတာမျိုးလည်း ဖြစ်နိုင်တယ်.. အချိန် တိတိကျကျတော့ ဘယ်သူမှ ခန့်မှန်းနိုင်မှာမဟုတ်ဘူး”
သွေးနေမင်းဘိုးဘေးက အနည်းငယ် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
ပုံမှန် အခြေအနေအရ ဆိုလျှင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှ စစ်တပ်သည် နတ်ဘုရားနယ်မြေဆီ ရောက်လုနီးပါး ဖြစ်နေသင့်၏။
သို့သော်လည်း ယခုအထိ ပေါ်မလာပုံ ထောက်လျှင် အဆုံးမဲ့ကြယ်ဂလက်စီတွင် ဒုက္ခတချို့နှင့် ကြုံတွေ့နေရသည်မှာ ဖြစ်နိုင်ခြေ အလွန်များသည်။
သွေးနေမင်းဘိုးဘေး၏ စကားကိုကြားလျှင် နတ်ဆိုးဧကရာဇ်သည် အနည်းငယ် စိတ်လေးလံသွားခဲ့သည်။
အကယ်၍ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ စစ်တပ်သာ အမြန်ဆုံး ရောက်မလာနိုင်လျှင် သူတို့ ဟင်းလင်းပြင် နတ်ဆိုး မျိုးနွယ်စုသည် အမှန်တကယ်ပင် အန္တရာယ်ရှိသော အခြေအနေသို့ ရောက်ရှိနေပြီ မဟုတ်ပါလော။
“အရှင်နတ်ဆိုးဧကရာဇ်.. အခု နတ်ဘုရားနယ်မြေရဲ့ ခွန်အားက အရှိန်အဟုန်နဲ့ မြင့်တက်လာနေတာကြောင့် ကျွန်တော်တို့ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု အနေနဲ့ သူတို့ကို ယှဥ်ပြိုင်နိုင်စွမ်း လုံးဝ မရှိတော့ဘူး.. ကျွန်တော်တို့ အနေနဲ့ ဒီနေရာမှာ ကြာရှည်နေဖို့ မသင့်တော်တော့ဘူး.. အမြန်ဆုံး ဆုတ်ခွာမှ ဖြစ်တော့မယ်”
မဟာနတ်ဆိုးဘုရင် တစ်ပါးက သူ၏ အမြင်ကို ဝင်ပြောလိုက်သည်။
“ဆုတ်ခွာမယ် ဟုတ်လား.. ငါတို့ ဘယ်ကို ဆုတ်ခွာလို့ ရဦးမှာလဲ”
မဟာနတ်ဆိုးဘုရင် တစ်ပါးက လေးနက်စွာ ပြောလိုက်သည်။
“အခုအချိန်မှာ နတ်ဘုရားနယ်မြေက တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားခဲ့ပြီ...တကယ်လို့ သူတို့သာ ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုကို အပြတ်ရှင်းဖို့ ဆုံးဖြတ်ထားရင် ငါတို့ဘယ်ကိုပြေးပြေး လွတ်မှာမဟုတ်ဘူး”
ထိုစကားကိုကြားလျှင် မဟာနတ်ဆိုးဘုရင် တစ်ပါးက ပြတ်သားသော အမူအရာဖြင့် ပြောလိုက်သည်။
“ပြေးလို့ မလွတ်ရင်တောင်မှ ရင်ဆိုင်တိုက်ခိုက်လို့ ရသေးတာပဲ.. ဒီနေရာမှာ သေဖို့ ထိုင်စောင့်နေတာထက်တော့ ပိုကောင်းပါသေးတယ်”
“...........”
မဟာနတ်ဆိုးဘုရင်များ၏ စကားများကို ကြားလျှင် နတ်ဆိုးဧကရာဇ်၏ စိတ်နှလုံးသည် အလွန်တရာ လေးလံနေခဲ့သည်။
အကယ်၍သာ နတ်ဘုရားနယ်မြေကို ဟင်းလင်းပြင်သားရဲများ တိုက်ခိုက်ပြီး ရှုပ်ထွေးနေသော အချိန်တွင် သူတို့က အခွင့်ကောင်းယူပြီး လှုပ်ရှားခဲ့မည် ဆိုလျှင် နတ်ဘုရားနယ်မြေ အတွက် ပြဿနာ တချို့ ပေးနိုင်လိမ့်မည် ဖြစ်သည်။
ယခုအခါတွင်မူ နတ်ဘုရားနယ်မြေသည် ဟင်းလင်းပြင်သားရဲများကို နှိမ်နင်းလိုက်ရုံသာမက နတ်ဘုရားနယ်မြေ၏ ခွန်အားသည်လည်း လွန်ခဲ့သည့် သုံးနှစ်ကထက် နှစ်ဆမက ပို၍ အားကောင်းလာခဲ့ချေပြီ။
ရှင်းလင်းစွာဆိုရလျှင် သူတို့ ဟင်းလင်းပြင် နတ်ဆိုး မျိုးနွယ်စု၏ ခွန်အားသည် နတ်ဘုရားနယ်မြေနှင့် အဆင့်ချင်း လုံးဝ မတူတော့ပေ။
နတ်ဘုရားနယ်မြေနှင့် ထိပ်တိုက် ရင်ဆိုင်ရမည် ဆိုလျှင် အရှုံးဖြင့်သာ ရင်ဆိုင်ရမည်မှာ သံသယဖြစ်စရာ မရှိချေ။
နတ်ဆိုးဧကရာဇ်ပင်လျှင် ဤအချိန်တွင် တိတ်ဆိတ်သွားခဲ့သည်။
ယခုအခါတွင် နတ်ဘုရားနယ်မြေက သူတို့ကို မတိုက်ခိုက်ခင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ စစ်တပ်က နတ်ဘုရားနယ်မြေဆီ ရောက်လာရန်သာ သူတို့၏ စိတ်ထဲ၌ ဆုတောင်းရုံ တတ်နိုင်တော့၏။
အခန်း(၂၄၆၄)ပြီး၏။