မင်းတို့ ဘာလို့ အရမ်း အတ္တကြီးနေရတာလဲ
Vol. 11 Ch. 1008
ကောင်းကင်ဧကရာဇ်မှာ သူ၏နှလုံးသားတစ်ခုလုံး အပိုင်းပိုင်းစုတ်ပြဲတော့မတတ် ခံစားလိုက်ရသည်။ တစ်ခါက သူ၏ဘဝတွင် အရေးအကြီးဆုံးဖြစ်ခဲ့သော်လည်း လမ်းတစ်လျှောက်တွင် လွင့်ပါးပျောက်ကွယ်ခဲ့သော အရာများသည် တုလင်ဖေး၏စကားလုံးများကြောင့် ရုတ်တရက် ရှေ့မှောက်သို့ ပြန်လည်ဆောင်ကြဥ်းခံလိုက်ရသည်။
သူသည် တုလင်ဖေးကို သူ၏ဝတ်ရုံကို ဆွဲကာ ချစ်စဖွယ်လေသံလေးဖြင့် ' ပါပါး ' ဟုခေါ်နေသော ကလေးလေးအဖြစ် ရုတ်တရက် မြင်ယောင်လာမိသည်... မည်သည့်အချိန်က ဖြစ်ပျက်သွားခဲ့ကြောင်း သူ မသေချာပါသော်လည်း တစ်နေရာအရောက်တွင် သူမက သူ့ကို ` ပါပါး ´ ဟုမခေါ်တော့ဘဲ ' အဖေ ' ဟု စ၍ခေါ်လာခဲ့သည်။
" ဖေးအာ … "
သူ၏မျက်လုံးအိမ်များ ကျဥ်းမြောင်းလာကာ တစ်ကိုယ်လုံးတုန်ရီလျက် ပြောသည်။
ဤသည်ကား သူ၏သမီး၊ သူ၏သွေးသားအရင်း ဖြစ်သည် မဟုတ်ပါလော။
ကောင်းကင်ဧကရာဇ်သည် တစ်လောကလုံး၏ ကြီးမြတ်သော အုပ်ချုပ်သူပင်ဖြစ်လင့်စကား တာအိုလက်တွဲဖော်များများစားစားမရှိပေ။ နှစ်ပေါင်းများစွာတစ်လျှောက် သူ သားတစ်ယောက် တစ်ခါမှ မရခဲ့ဖူးချေ။ တုလင်ဖေးသာလျှင် သူ၏တစ်ဦးတည်းသော သမီး၊ တစ်ဦးတည်းသောကလေး ဖြစ်သည်။
ကောင်းကင်ဧကရာဇ်မှာ ကောင်းကင်တံတားဒေသမှ လွတ်မြောက်ခြင်းအပေါ်တွင် အလွန် အာရုံစိုက်ထားသဖြင့် တုလင်ဖေး၏ အမေမှာ သူ့အတွက် အဓိပ္ပါယ်များစွာမရှိခဲ့ပေ။ သူမ ထွက်သွားခဲ့သည်မှာပင် ကြာမြင့်ခဲ့ပြီဖြစ်သည်။
ကောင်းကင်ဧကရာဇ်၏ နှလုံးသားသည် ယခု နှစ်ခြမ်းကွဲထွက်နေသည်။ ဦးတည်ချက်တစ်ခုကား သူ၏လူသားဆန်ခြင်းဖြစ်ပြီး အခြားတစ်ခုကား သူ၏လိုအင်ဆန္ဒပင်။
သူ၏လူသားဆန်ခြင်းကို ကိုယ်စားပြုသောအပိုင်းမှာ သူ့အား ဒေါသတကြီး မာန်မဲနေ၏။
" မင်းက မင်းရဲ့ သွေးသားအရင်းခေါင်ခေါက်ကို နည်းနည်းလောက်ထပ်နေရဖို့လေးအတွက်နဲ့ တကယ် စတေးပစ်ချင်နေတာလား။ ဒီကမ္ဘာကြီးကနေ ထွက်သွားဖို့လေးအတွက်နဲ့လေ။ တကယ်ရော တန်ရဲ့လား ... "
တစ်ဖက်တွင် သူ၏သမီးဖြစ်ပြီး အခြားတစ်ဖက်မှာ သူ၏အသက်ရှည်ခြင်းနှင့် သူရောက်ရှိနေသော ဤအကျဥ်းထောင်ကြီးမှ လွတ်မြောက်လိုသည့် သူ၏နက်နက်ရှိုင်းရှိူင်းအရူးအမူးဖြစ်နေသော လိုအင်ဆန္ဒပင် ဖြစ်သည်....
တုလင်ဖေးမှာ လက်ရှိအချိန်တွင် ရုန်းကန်နေဆဲဖြစ်ပြီး ... ကောင်းကင်ဧကရာဇ်သည်လည်း ထိုနည်းတူပင်။
" ပါပါး …. ကျေးဇူးပြုပြီးတော့ ... "
တုလင်ဖေးမှာ ငိုတော့သည်။ သူမမှာ ကျေးကျွန်တံဆိပ်ကို တိုက်ခိုက်နေရသည့်အတွက် တစ်ကိုယ်လုံး တုန်ရီနေလေသည်။ သူမက တံဆိပ်၏ မှော်ပညာကို တွန်းထုတ်သည့်အချိန်တိုင်း ပြင်းထန်သောအားကြီးက သူမ၏စိတ်အစဥ်ကို ဝင်ဆောင့်နေရာ သူမ၏ဝိညာဥ် အချိန်မရွေးပြိုလဲတော့မည့်အလား ခံစားနေရ၏။
" ပါပါး တန်လို့လား...။ သမီးက ပါပါးရဲ့သမီးလေ။ တောင်းပန်ပါတယ် ပါပါးရယ်။သမီး တောင်းပန်ပါတယ် ... "
သို့စေကာမူ သူမ လက်လျှော့မည်မဟုတ်ပေ။ သူမက ပိုင်ရှောင်ချန်းကို မထိခိုက်စေချင်သလို သူမ၏ အဖေကိုလည်း ယခုကဲ့သို့ မမြင်ရက်ပေ။ သူမမှာ တောင်းပန်ပြီး အသနားခံနေရုံမှတစ်ပါး ဘာမှမတတ်နိုင်သည့် အားကိုးရာမဲ့နေသော ကလေးတစ်ယောက်အလား နာကျင်ခံစားနေရတော့သည်။
သူမ မှတ်မိသော သူမ၏အဖေမှာ ဤသို့ မဟုတ်ပေ။ ပိုဆိုးသည်က သူ မည်သည့်အချိန်က ပြောင်းလဲသွားခဲ့သည်ကို သူမ မမှတ်မိခြင်းပင် ... သူ မည်သည့်အချိန်က သူမကို အမှန်တကယ်နာကျင်စေမည့် သူစိမ်းတစ်ယောက် ဖြစ်လာခဲ့သနည်း။
မြောက်ပိုင်းမှာ ပိုင်ရှောင်ချန်းကို ခွဲခွာပြီးသည်နှင့် သူမက ကောင်းကင်တံတားကျွန်းသို့ ပြန်လာခဲ့သည်။ တဖြေးဖြေး သူမ၏စိတ် နှေးကွေးလာနေသည်ကို သူမ သိလာခဲ့ပြီး နောက်ဆုံးတွင် တာအိုနန်းတော်မှ ရှုပ်ထွေးပြီးစိတ်ထိခိုက်ဖွယ်ကောင်းသော ဟိန်းဟောက်သံကြီးတစ်သံ ကြားလိုက်ရသည်။ ၄င်းကား သူမ၏အဖေ ကောင်းကင်ဧကရာဇ်ပင်။ ထိုအချိန်သည် သူမ၏ခန္ဓာကိုယ်ကို ထိန်းချုပ်မှု ဆုံးရှုံးသွားသည့်အချိန်ဖြစ်သည်။ သို့သော် သူမသည် ဘယ်တော့မှ အသိစိတ်မလွတ်ခဲ့ပေ။ နောက်ဆုံးတွင် သူမမှာ သူမကိုယ်တိုင် ပိုင်ရှောင်ချန်း၏ သက်စောင့်အားများ စုပ်ယူပြီး သူ သေလုမြောပါးဖြစ်နေသည်ကို ကြည့်ရှုနေရ၍ နာကျင်မှုမှာ တောင့်ခံရန် ပြင်းထန်လွန်းလာခဲ့ရသည်။
" ပါပါး ... "
ပြန်လည်တိုက်ခိုက်နေသဖြင့် ကျေးကျွန်တံဆိပ် တဖြေးဖြေးပျက်စီးလာနေစဥ် သူမက တဆတ်ဆတ်တုန်ယင်နေလျက် ပြောလိုက်သည်။ သို့သော် ဤအချိန်တွင် ကောင်းကင်ဧကရာဇ်မှာ ဒေါသမီးတဝင်းဝင်းတောက်နေသော မျက်ဝန်းများဖြင့် ခေါင်းမော့လိုက်သည်။
" ပိတ်ထား။ သောက်ပါးစပ်ကို ပိတ်ထား "
သူ၏အော်ဟစ်သံကြီး မိုးခြိမ်းသံအလား ပဲ့တင်ထပ်သွားချိန် သူ့မျက်လုံးများထဲရှိ ဒေါသများသည် ပို၍ ပြင်းထန်လာကာ သူ့ခန္ဓာကိုယ်အတွင်း တည်ရှိနေသည့် လူသားဆန်ခြင်း၏နွေးထွေးမှုများအားလုံး ဖယ်ရှားခံလိုက်ရတော့သည်။
သူက ဓားဖြင့် ဖြတ်တောက်လိုက်သကဲ့သို့ တုလင်ဖေးနှင့်ပတ်သက်သည့် သူ၏မှတ်ဉာဏ်များအား ပြတ်ပြတ်သားသား ရှင်းထုတ်လိုက်သည်။
သူသည် တုလင်ဖေး၏ အဖေမဟုတ်တော့။ သူ၏အသက်ရှည်ခြင်းနှင့် သူ၏ အနာဂတ်အတွက် မျှော်လင့်ချက်များမှလွဲ၍ မည်သည့်အရာကိုမှ ဂရုမစိုက်သော ကောင်းကင်ဧကရာဇ်ဖြစ်သွားလေပြီ။
" ပိုင်ရှောင်ချန်းနဲ့ ပေါင်းစပ်လိုက်။ အဲဒါက မင်းရဲ့ တာဝန်ပဲ။ ထာဝရကို အသက်ရှည်နိုင်တဲ့အရာနဲ့ ပေါင်းစည်းလိုက်။ ဒါက မင်း ဖြစ်တည်လာရတဲ့ ရည်ရွယ်ချက်ပဲ "
ရက်စက်သော သွေးအေးမှုများဖြင့် သူ၏မျက်နှာကြီးရှုံ့တွနေပြီး သူက လက်ချောင်းကို ဝှေ့ယမ်းလိုက်သည်။
တုလင်ဖေး၏ မျက်လုံးများထဲရှိ ကျေးကျွန်တံဆိပ်များသည် အလွန်တောက်ပစွာ လင်းလက်လွန်းသည့်အတွက် အနီရောင်ပြောင်းသွားတော့သည်။ သူမ၏စိတ်မှာ ဖိနှိပ်ခံလိုက်သည့်အလားဖြစ်ပြီး သူမက မထိန်းချုပ်နိုင်တော့သဖြင့် ပိုင်ရှောင်ချန်း၏ ခေါင်းအပေါ်သို့ လက်ကို ဖြေးဖြေးချင်း လှမ်းလိုက်သည်။
သူမ၏လက်က နီးကပ်လာသည်နှင့်အမျှ တုန်ယင်လာကာပြီး သူမ၏ မျက်လုံးများ ဆတ်ခနဲတွန့်သွား၏။ ကျေးကျွန်တံဆိပ်များက သူမကို ဒေါသတကြီး မည်သို့ထိန်းချုပ်နေစေကာမူ သူမက ခုခံရန် ကြိုးစားနေသေးသည်။ သလင်းကျောက်အလင်းတန်းများ စူးရှစွာ တောက်ပလာကာ သူမက ရေရွတ်လိုက်သည်။
" မ...လုပ်...ဘူး... "
မျက်ရည်များသည် သူမ၏မျက်နှာလေးထက်သို့ စီးကျလာပြီး ပိုင်ရှောင်ချန်းအပေါ် ကျသွား၏။ စကားပြောရန် အားထုတ်လိုက်ခြင်းကြောင့် သူမ၏မျက်နှာပေါ်တွင် သွေးကြောပြာကြီးများ ထောင်ထလာပြီး ကျေးကျွန်တံဆိပ်များကို တိုက်ခိုက်ရန်အားထုတ်မှုကြောင့် သူမ၏အရေပြားများ စုတ်ပြဲလာ၍ သွေးစိမ်းရှင်ရှင်ကျနေသော ဒဏ်ရာများကို မြင်နိုင်ပေသည်။ သူမမှာ ခန္ဓာကိုယ်နှင့် နတ်ဘုရားအာရုံနှစ်ခုလုံး ပျက်စီးတော့မည့်ပုံပေါ်နေတော့သည်။ သို့သော် သူမကား တိုက်ခိုက်နေခြင်းအား ရပ်တန့်မည် မဟုတ်ပေ။
ဤအခိုက်အတန့်တွင် တုလင်ဖေး၏ မပြောင်းလဲသော ပြတ်သားမှုကို မြင်နိုင်၏။ သူမကား ဆုံးဖြတ်ချပြီးလေပြီ။ သူမ ယုံကြည်သည့်လူကို သစ္စာဖောက်ရမည်ထက် သူမကိုယ်သူမသာ ဖျက်စီးလိုက်မည်သာ ဖြစ်သည်။
ပိုင်ရှောင်ချန်းမှာ ဖြစ်ပျက်နေသည်များအား မြင်နိုင်သည် ဆိုရုံလေးသာရှိသည်။ သူ၏သက်စောင့်အားအားလုံးနီးပါး ပျောက်ကွယ်သွားပြီး သူ၏စိတ်မှာ ပရမ်းပတာဖြစ်နေလေသည်။ သူက စကားပြောရန် နှုတ်ခမ်းများဟသွားသည့်တိုင် သူ့မှာ စကားလေးတစ်လုံးပြောရန်ပင် စွမ်းအင်မရှိပေ။
သူ၏ခြောက်ကပ်နေသော အရေပြားအပေါ် စီးကျနေသော မျက်ရည်များက သူ့နှလုံးသားထဲတွင် လှိုင်းဂယက်များ ထနေစေတော့သည်...
တုလင်ဖေးက သူမကိုယ်သူမ ဖျက်စီးတော့မည်ကို ကောင်းကင်ဧကရာဇ် မြင်သောအခါ သူ၏ဒေါသမီးများတောက်လောင်သွား၏။
" သမီးမိုက် "
သူက အနက်ရောက်အရည်ရေကန်ထဲသို့ ဝုန်းဒိုင်းကြဲဝင်၍ အော်လိုက်သည်။
အနက်ရောင်အရည်များသည် ပို၍လျင်မြန်စွာ လည်ပတ်လာပြီး မှော်သင်္ကတများအားလုံး ကောင်းကင်ဧကရာဇ်ထံမှ ရှောင်ရှားလိုက်ကြသည်။
သူက ၎င်းတို့ကို လျစ်လျူရှူ၍ တုလင်ဖေးထံ လှမ်းလိုက်ပြီး သူ့ဘယ်လက်ကို သူမ၏ခေါင်းပေါ်တွင်တင်ပြီးနောက် သူ၏ညာလက်ကို ပိုင်ရှောင်ချန်းအပေါ်တွင် တင်လိုက်သည်။
သူက လက်ချောင်းများကို တင်းကြပ်စွာ စု၍ သူတို့နှစ်ယောက်၏ခေါင်းကို တစ်ယောက်ထံတစ်ယောက် တွန်းလိုက်သည်။
" မင်းသိလား။ ငါ့အရင်အစီအစဥ်အတိုင်းဆို ငါ မင်းကို ထာဝရအသက်ရှည်ဆေးလုံးအဖြစ် သန့်စင်ပြီး ဒီကမ္ဘာအကျဥ်းထောင်ကြီးကနေ ထွက်သွားပြီးတာနဲ့ တဖြည်းဖြည်းနဲ့ ငါ လောကနတ်ဘုရားဖြစ်လာမယ်။ အဲဒါဆို မင်းကို ပြန်အသက်သွင်းဖို့ နည်းလမ်းရှာမှာ… “
" ဘာလို့ ငါ့ကို ပုန်ကန်တာလဲ။ ဘာကြောင့်လဲ “
" ဘာလို့ ငါ့ကို အာခံနေရတာလဲ “
ကောင်းကင်ဧကရာဇ်၏ ရှုံ့မဲ့နေသောအမူအရာကြီးမှာ ကြောက်စရာကောင်းလှသည်။ သူက ဒေါသများအပြည့်ပါဝင်နေသော အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေ၏။ တုလင်ဖေးမှာမူ ပြန်လည်တိုက်ခိုက်ရန် ကြိုးစားသော်လည်း ထိုသို့လုပ်ရန် အားမရှိပေ။ ကောင်းကင်ဧကရာဇ်က သူမ၏ခေါင်းကို ပိုင်ရှောင်ချန်း တွန်းပို့နေပါသော်လည်း သူမ လုပ်နိုင်သည့်အရာ မရှိပေ။ သူမကိုယ်ပင် သူမ မသတ်နိုင်။
ကောင်းကင်ဧကရာဇ်သည် တုလင်ဖေးနှင့် ပိုင်ရှောင်ချန်းကို တစ်ယောက်ထံတစ်ယောက် တွန်းပို့နေစဥ် စူးရှတောက်ပသော ရွှေရောင်နှင့် သလင်းကျောက်အရောင်အလင်းများသည် တလက်လက်ဖြာထွက်လျက် အတူတကွ လည်ပတ်လာတော့သည်။
" မင်းကို လုပ်စေချင်တာက ပိုင်ရှောင်ချန်းကို ဝါးမျိုဖို့လေးပဲလေ "
ကောင်းကင်ဧကရာဇ် ပေါက်ကွဲသွား၏။
“ ငါ မင်းကို လုပ်ခိုင်းသမျှက ထာဝရအသက်ရှည်ဆေးလုံးဖြစ်လာဖို့လေးပဲ... ငါ့မှာ တခြားရွေးစရာရှိရင် ဒါကို ဘယ်လုပ်ပါ့မလဲ "
ကြည့်ရသရွေ့ အဆုတ်ကွဲလုမတတ် အော်ဟစ်နေခြင်းဖြင့်သာလျှင် ကောင်းကင်ဧကရာဇ်သည် သူပြောနေသည်က ယုတ္တိရှိကြောင်း သူ့ကိုယ်သူ ဖျောင်းဖျနိုင်သည့်ဟန်တူသည်။
" သချိုင်းစောင့်ကြီးသေသွားတဲ့နောက် ကမ္ဘာဂိတ်တံခါးကို ဖွင့်လို့ရနိုင်မလားဆိုတာ ငါ မလောင်းနိုင်ဘူး။ ထာဝရ ပိတ်သွားရင် ဘယ်လိုလုပ်မလဲ။ ဒါဆိုရင် ငါ ကျင့်စဥ်ကိုရလဲ အရေးကြီးမှာမဟုတ်တော့ဘူး။ ဒါကြောင့် ငါ့မှာ မင်းတို့ နှစ်ယောက်ကို အခု ဆေးလုံးဖြစ်အောင် သန့်စင်ဖို့က လွဲပြီး ရွေးချယ်စရာမရှိဘူး။ အဲဒါမှ ငါ ထာဝရအသက်ရှည်ကျင့်စဥ်ကို ရပြီး ရပ်တန့်လို့မရတော့မှာ “
" ငါ မသိတဲ့အရာအပေါ်လဲ မလောင်းနိုင်ဘူး။ ကမ္ဘာကြီးသာ ပိတ်လှောင်ခံပြီး အဆုံးသတ်သွားရင် ငါ ဘယ်တော့မှ ပြောင်းလဲနိုင်မှာ မဟုတ်တော့ဘူး။ မင်းသာ ငါ့နေရာမှာဆိုရင် ဒီလိုပဲလုပ်မှာ “
" အဲဒီဆေးလုံးနဲ့ဆို ... ငါ ကောင်းကင်ဧကရာဇ်အဆင့်ရောက်ခါနီးပဲ ဖြစ်မှာမဟုတ်တော့ဘူး။ ကောင်းကင်ဧကရာဇ်အစစ်ဖြစ်လိမ့်မယ်။ ငါ ဒီကမ္ဘာရဲ့ စိတ်ဆန္ဒရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီပြီး ထွက်သွားနိုင်တော့မှာကွ “
" မင်း ဘာလို့ ငါ့ကို ဆန့်ကျင်နေတာလဲ။ မင်းရဲ့ အစ်မကြီးလိုပဲ။ သူလဲ ငါ့ကို ဆန့်ကျင်ခဲ့တယ်။ သူက သွေးဘိုးဘေးကြီးအတွက်လုပ်ခဲ့ပြီး မင်းကကျ ပိုင်ရှောင်ချန်းအတွက်ပေါ့ … ဘာကြောင့်လဲ “
" ငါလုပ်ရမှာလေးက ဒီကထွက်ပြီး လောကနတ်ဘုရားဖြစ်လာဖို့ပဲ။ ပြီးရင် ငါမင်းကို ပြန်အသက်သွင်းပေးနိုင်တယ်လေ “
" မင်းတို့နှစ်ယောက် ဘာလို့ အရမ်း …. အတ္တကြီးနေရတာလဲ "
ကောင်းကင်ဧကရာဇ်မှာ အလွန်ကျယ်လောင်စွာ အော်ဟစ်နေသဖြင့် အပြင်ဘက်ကမ္ဘာရှိ ကောင်းကင်တွင် အထိန်းအကွပ်မဲ့သော အရောင်များ ပြိုးပြိုးပြက်ပြက်လင်းလက်လာပြီး ပြင်းထန်သော လေမုန်တိုင်းများ ကောင်းကင်တံတားပင်လယ်ကို ဖြတ်သန်းတိုက်ခတ်သွားရာ ဧရာမလှိုင်းလုံးကြီးများ မြင့်တက်လာတော့သည်။
တာအိုနန်းတော်၏ အတွင်းထဲတွင် ကောင်းကင်ဧကရာဇ်၏ စွမ်းအင်များမှာ သူ၏စိတ်ခံစားချက်များကြောင့် တလိပ်လိပ်ထွက်နေလေသည်။ မန္တန်အစီအရင်သည် ၄င်း၏စွမ်းအားအထွတ်အထိပ်သို့ ရောက်နေပြီး ရေကန်ထဲရှိ အနက်ရောင်အရည်များ ပို၍ လျင်မြန်စွာ လည်ပတ်လာစဥ် ရှေးသချိုင်းကြီးထဲရှိ အရိုးများ အရည်ပျော်သွားပြီး ပိုင်ရှောင်ချန်း၊ တုလင်ဖေးတို့နှင့် ပေါင်းစပ်လာတော့သည်။
ကြည့်ရသရွေ့ မန္တန်အစီအရင်သည် ပါဝင်ပစ္စည်းများကို သန့်စင်ကာ ထာဝရအသက်ရှည်ဆေးလုံးကို ဖန်တီးရန်…
ဧရာမဆေးပေါင်းဖိုကြီးအဖြစ် ပြုမူနေသည့်အလား…။