အခန်း (၁၁၂၉-၁၁၃၁)
Vol. 76 Ch. 1129-1131
အခန်း (၁၁၂၉) အကြီးမားဆုံးအနိုင်ရသူ
လုဝူ၏ ရေခဲစည်းတံဆိပ်နှင့် သန်မာသောလေပြင်းတို့သည် ပျောက်ကွယ်သွားလေ၏။
ထိုစဉ် လန်ရှီဟယ်နှင့် သူမ၏ကြယ်တာရာဒိုင်ခွက်က နောက်ဆုံး၌ ရောက်လာတော့သည်။ ကြယ်တာရာဒိုင်ခွက်က အရွယ်အစားတိုးလာပြီး တောက်ပသည့်လတစ်စင်းနှင့် တူနေလေ၏။
လန်ရှီဟယ်၏ဆံနွယ်များက ယခုဆို ခြေဖျားထိအောင်ကျနေပြီး နေနှင့်လသင်္ကေတတို့သည် မျက်ခုံးနှစ်ခုကြား ထွန်းလင်းတောက်ပနေ၏။ သူမ မျက်လုံးက သတ်ဖြတ်လိုစိတ်များဖြင့် တောက်ပနေ၏။
ကံဆိုးသည်မှာ လုဝူက ထွက်သွားပြီးဖြစ်သည်။
လုကျိုး၏ပုံရိပ်က လုဝူဆီလှစ်ကနဲသွားလိုက်တာကို နောက်ဆုံးတွေ့လိုက်ရတာပဲဖြစ်သည်။ သူ့စိတ်ထဲ ဘာတွေးနေလဲ မည်သူမှမသိ။ သူက ရှင်းလင်းနေသော မြေပြင်နှင့် မြေပြင်ပေါ်ရှိလက်ဝါးရာကိုသာ ကြည့်ပြီး တွေးနေမိသည်။ လန်ရှီဟယ်၏မျက်ခုံးနှစ်ဖက်ကြားမှ နေနှင့်လသင်္ကေတသည် သူမ၏ စိတ်ဝိညာဉ်သဏ္ဌာန်ကဲ့သို့ တဖြည်းဖြည်းချင်းပျောက်ကွယ်သွားပြီး သူမသည် နေမင်းလမင်းနှင့် ကြယ်တာရာစက်ဝန်းကို ရုတ်သိမ်းလိုက်သည်။ ပြီးနောက် သူမသွင်ပြင်က ပုံမှန်အတိုင်း ပြန်ဖြစ်သွားလေ၏။
လန်ရှီဟယ်က သက်ပြင်းသဲ့သဲ့ ချလိုက်တော့သည်။
“ကျွန်မတို့အားလုံး လုဝူရဲ့ထောင်ချောက်ထဲ ရောက်သွားပြီ”
“လုဝူက ဒီလောက်ထက်မြက်တယ်လား” လုကျိုး၏ ပုံမှန်မျက်နှာသေပေါ်၌ ဒေါသအရိပ်အယောင်ကို မြင်တွေ့နိုင်သည်။
“အဲ့ဒါက သားရဲဧကရာဇ်တစ်ကောင်ပဲလေ”
လုကျိုးသည် သူ၏မေးခွန်းက တုံးအအနိုင်ကြောင်း တွေးမိသွားသည်။ လုဝူသည် လူဘာသာစကားကိုတောင် ပြောနိုင်ပြီး နားလည်နိုင်စွမ်း ရှိလေရာ မည်ကဲ့သို့မထက်မြက်ဘဲ နေမည်နည်း။
ထိုစဉ် နဉ်ဝမ်ချင်းက ချောင်းတစ်ချက်ဆိုးပြီးနောက် သွေးတစ်ပွက်အန်ခဲ့သည်။ ပြီးနောက် သူ၏ရင်ဘတ်ကို လက်တစ်ဖက်ဖြင့်ဖိနှိပ်ထားလျက် ထရပ်လိုက်၏။ သူက ခဲရာခဲဆစ်ဖြင့် ဦးညွှတ်ကာ ပြောလိုက်တော့သည်။
“မျှော်စင်သခင်၊ မျှော်နန်းသခင်လု ... တွမ့်မူရှန်းကို ဘေးကင်းအောင်မထားနိုင်ခဲ့တာ တောင်းပန်ပါတယ်”
လုကျိုးက ဘာမှမပြောခဲ့ပေ။ သူသည် လုဝူပျောက်သွားသည့် အရပ်မျက်နှာဖက်သို့သာ ကြည့်နေသည်။ သူသည် တွမ့်မူရှန်း၏တည်နေရာကို ရှာဖွေရန် ကောင်းကင်ကျမ်းစာ၏အမြင်စွမ်းအားကို အသုံးပြုဖို့ ကြိုးစားခဲ့သည်။ သို့သော် သူ ဘာမှ မမြင်တွေ့နိုင်ပေ။ သူ၏ အထွတ်အထိပ်ဆန်းကြယ်စွမ်းအား ကုန်ဆုံးသွားသောကြောင့် ဖြစ်၏။
လန်ရှီဟယ်သည် ဆင်းသက်လာပြီးနောက် သူ၏အကြည့်က သတိလစ်နေသော ဝတ်ရုံပြာအမျိုးသမီးလက်ထောက်ဆီ ရောက်သွား၏။ သူမ လက်ဝေ့ယမ်းလိုက်ရာ အဖြူရောင်အလင်းသည် အမျိုးသမီးလက်ထောက်ပေါ် ဖြာကျသွားသည်။
လုကျိုးက မလှုပ်ရှားခဲ့ပေ။ သူ၏အထွတ်အထိပ်ဆန်းကြယ်စွမ်းအား ပျောက်ကွယ်သွားပြီဖြစ်ကာ ရုပ်ဖျက်ကတ်၏အာနိသင်လည်းပျောက်ကွယ်သွား၏။
လန်ရှီဟယ်သည် လုကျိုး၏ငယ်ရွယ်သောသွင်ပြင်ကြောင့် အံ့အားသင့်သွားသော်ငြား အတွေးမများခဲ့ပေ။
ဝတ်ရုံပြာအမျိုးသမီးလက်ထောက်က နိုးလာသောအခါ လန်ရှီဟယ်ကို ကျေးဇူးတင်စကားပြောရန် ဒူးထောက်လိုက်လေ၏။
ထိုစဉ် နဉ်ဝမ်ချင်းက သက်ပြင်းချကာ အခက်တွေ့နေသောလေသံဖြင့်ပြောလိုက်၏။
“သားရဲဧကရာဇ်က အားကောင်းလွန်းတယ်။ သူ့ကိုတားဖို့ ဘာမှတတ်နိုင်တာမရှိဘူး”
လန်ရှီဟယ်က မျက်မှောင်အနည်းငယ်ကျုံ့နေသေးသော လုကျိုးဖက် လှည့်ကြည့်ကာ ပြောလိုက်တော့၏။
“မျှော်နန်းသခင်လု … ကျွန်မ ဂရုမစိုက်ခဲ့မိတာပါ။ လုဝူကို မခုခံနိုင်ခဲ့ဘူး။ တွမ့်မူရှန်း သေသွားတာ စိတ်မကောင်းဖြစ်မိပါတယ်”
နဉ်ဝမ်ချင်းက အမြန်ပြောလိုက်လေ၏။
“မျှော်နန်းသခင် ကျေးဇူးပြုပြီး ကျုပ် ပြောတာ နားထောင်ပေးပါ”
“ပြော”
လန်ရှီဟယ်နှင့် နဉ်ဝမ်ချင်းသည် လုကျိုးက သူ့ရင်ထဲရှိ ဒေါသမီးတောက်များကို ဖိနှိပ်ထားကြောင်း ခံစားမိ၏။ အထူးသဖြင့် မျက်စိကန်းနေသော နဉ်ဝမ်ချင်းအတွက် မှန်ကန်လှပေသည်။ သူသည် လူတို့၏စိတ်ခံစားချက်ကို သိလွယ်သူဖြစ်သည်။ ထို့ကြောင့် လုကျိုး၏အမျက်ဒေါသကို တိတိကျကျခံစားမိ၏။ သူက အလျင်စလိုပြောလိုက်သည်။ “တွမ့်မူရှန်း သေဦးမယ်မထင်သေးဘူး”
သူသည် လုဝူထွက်မသွားခင်ပြောသွားသည့်စကားများနှင့် အပြုအမူများကို ပြန်တွေးလိုက်၏။ လုဝူ၏ စကားပြောသံကြောင့် သူ နားကြားမှားလောက်သည်ဟု တွေးခဲ့တာဖြစ်သည်။ သို့သော် လုပ်ရပ်များက ၎င်းသည် တွမ့်မူရှန်းကို ထိခိုက်နာကျင်အောင် လုပ်ရန် ကြိုးစားနေပုံမပေါ်။ လူသားများကတောင် ဘာသာစကားအသစ်တစ်ခု သို့မဟုတ် အက္ခရာတစ်ခုကို သင်ယူချိန်၌ အမှားပြုလုပ်မိ၏။ သားရဲတစ်ကောင်ဆို ပိုဆိုးပေလိမ့်မည်။ ထို့ကြောင့် သူ နားကြားမှားတာဟု ထင်ခဲ့သည်။
“သားရဲဧကရာဇ်မှာ တခြားရည်ရွယ်ချက် ရှိလောက်တယ်” နဉ်ဝမ်ချင်းက နာကျင်မှုကို တောင့်ခံပြီးပြောလိုက်၏။
“မျှော်နန်းသခင်လု လုဝူရဲ့ခွန်အားနဲ့ဆိုရင် အနက်ရောင်ဧကရာဇ်နဲ့ပူးပေါင်းဆောင်ရွက်ဖို့ မလိုဘူး။ အနက်ရောင်ဧကရာဇ်က လုဝူကို လိုတယ်ဆိုတာက အနီရောင်ကြာနယ်မြေရဲ့ပတ်လမ်းလေးခုက လူတွေကို သတ်ပြီး သူတို့ရဲ့သွေးအဆီအနှစ်ကို ရယူဖို့ ကြမ်းတမ်းခက်ထန်သားရဲတွေကို ခိုင်းဖို့လိုတာ။ ဒါမှ သူက သွေးစတေးမှုကို လုပ်နိုင်မှာ။ ဒါပေမဲ့ လုဝူက အနက်ရောင်ဧကရာဇ်နဲ့ ဘာကြောင့်တွဲလုပ်ဖို့ လိုမှာလည်း။ လုဝူက တုံးအတဲ့သူလည်းမဟုတ်သလို အနက်ရောင်ဧကရာဇ်အလွယ်တကူ အရူးလုပ်တာကိုလည်း ခံရမှာမဟုတ်ဘူး”
ဤကမ္ဘာပေါ်၌ အခမဲ့နေ့လည်စာဟူသောအရာမရှိပေ။
ကြမ်းတမ်းခက်ထန်သားရဲများသည် လူသားများကို စားချင်သော်ငြား သားရဲဧကရာဇ်က မည်သည့်အရာများကို အလိုရှိသနည်း။
“အခုအဲဒါကို စဉ်းစားကြည့်မိတော့ တစ်ခုခု မူမမှန်တဲ့ပုံ ပေါ်သလိုပဲ။ အနက်ရောင်ဧကရာဇ်ရဲ့ အစီအစဉ်က တွမ့်မူရှန်းပေါ်မလာခင်အချိန်ထိ ချောမွေ့လွန်းနေတယ်။ ဒါ့အပြင် သူက လီလီတွေ ကျန်းပေ့ပတ်လမ်းထဲ ဝင်လာအောင် ကြိုးစားပမ်းစားလုပ်နေတာဆိုရင် မွေးဖွားဇယားချပ်၈ခု ကျင့်ကြံသူတစ်ယောက်ကို ဘာကြောင့် လွှတ်လိုက်ရတာလဲ။ တိုက်ဆိုင်တာလား။ ဒါမှမဟုတ် မျက်စိမှောက်တာလား” နဉ်ဝမ်ချင်းက ပြော၏။ သူ ကောက်ချက်ချလိုက်စဉ် သူ၏လေသံက မှုန်မှိုင်းနေသည်။
“သားရဲဧကရာဇ်လုဝူက ဒီစစ်ပွဲရဲ့အကြီးမားဆုံးအောင်နိုင်သူ ဖြစ်မှာစိုးရတယ်”
လုကျိုး ရင်ထဲ ထိတ်ကနဲဖြစ်သွား၏။ သူက နဉ်ဝမ်ချင်းကို ကြည့်ကာ မေးလိုက်သည်။
“မင်းပြောတာက ဒီကိစ္စတစ်ခုလုံးက လုဝူရဲ့အစီအစဉ်တစ်ခုလား”
နဉ်ဝမ်ချင်းကပြောလိုက်၏။ "ဖြစ်လောက်ပါတယ်”
“သူ့ရည်ရွယ်ချက်က ဘာလဲ” လုကျိုးက မေးလိုက်၏။
“မဟာလေဟာနယ်မျိုးစေ့” နဉ်ဝမ်ချင်းက ပြောလိုက်သည်။
လန်ရှီဟယ်၏မျက်ခုံးနှစ်ဖက်ကြား၌ နေနှင့်လသင်္ကေတက လှစ်ကနဲလင်းလာပြီးနောက် သူမ မျက်လုံးထဲ၌ အံ့ဩမှု တစွန်းတစပေါ်လာတော့သည်။
နဉ်ဝမချင်းက ဆက်ပြောလိုက်သည်။
“စီးဝူယာ့ရဲ့တောင်းဆိုချက်ကြောင့် တွမ့်မူရှန်းကို ကာကွယ်ပေးဖို့ ကျန်းပေ့ပတ်လမ်းမြောက်ပိုင်း ဓားချောက်ကမ်းပါးကို ရောက်လာခဲ့တာ။ ကြယ်တာရာစုဝေးရေးအစီအရင်အကြောင်း ကြားခဲ့တယ်။ အဲ့ဒီအစီအရင်က ရှေးခေတ်အစီအရင်တစ်ခုဖြစ်ပြီး အစီအရင်ထဲမှာ အမည်မဲ့မြေဆီဦးတည်နေတဲ့ လမ်းကြောင်းတစ်ခုရှိတယ်။ သားရဲဧကရာဇ်က အစီအရင်ကနေ တွမ့်မူရှန်းရဲ့ မဟာလေဟာနယ်မျိုးစေ့ကို အာရုံခံမိတာ ဖြစ်လိမ့်မယ်။ သူ့ခွန်အားတိုးတက်ဖို့ မဟာလေဟာနယ်မျိုးစေ့ကို လိုချင်နေတာ”
လုကျိုးက ခေါင်းခါပြီးပြောလိုက်၏။
“အဓိပ္ပါယ်မရှိဘူး။ မဟာလေဟာနယ်မျိုးစေ့က တွမ့်မူရှန်းမှာရှိတာ သူသိမယ်ဆိုရင် သူက ကြယ်တာရာစုစည်းခြင်းအစီအရင်ဆီ တန်းသွားလောက်မှာပဲ။ ဘာကြောင့် အနက်ရောင်ဧကရာဇ်နဲ့ အလုပ်တွဲလုပ်ဖို့လိုမှာလဲ။ ဒီလောက်အစီအစဉ်တွေကို ချပြီး ဒုက္ခတွေဖြတ်ကျော်ပြီး လူသားနဲ့ကြမ်းတမ်းခက်ထန်သားရဲတွေအများကို သေစေမှာလဲ”
“ဒါက” နဉ်ဝမ်ချင်းသည် လုကျိုး၏စကားကို မငြင်းနိုင်ပေ။ သူ၏သီအိုရီ၌ ဟာကွက်ကြီးတစ်ခု ရှိနေသည်။ ခဏအကြာ၌ “ကျုပ် အတွေးလွန်နေတာဖြစ်လောက်တယ်” နဉ်ဝမ်ချင်းပြောပြီးသည်နှင့် သူ၏နားရွက်က လှုပ်သွားတော့သည်။ ပြီးနောက် သူက ပြောလိုက်တော့သည်။
“တစ်ယောက်ယောက်လာနေပြီ”
လုကျိုးနှင့် လန်ရှီဟယ်တို့သည် အရိုးခြောက်ပင်လယ်နှင့်တူသည် မြောက်ပိုင်းဓားချောက်ကမ်းပါး ရှိရာဖက်သို့လှည့်ကြည့်လိုက်သည်။ ချောက်ကမ်းပါးပေါ်၌ အနက်ရောင်ဒါဇင်ချီက လာနေသည်။
အနက်ရောင်ကျင့်ကြံသူတို့သည် လေထဲတွင် စီတန်းလျက် ဝေဟင်ထဲရပ်တန့်သွားကာ လေထဲ ယုံကြည်ချက်ရှိသည့် ကျယ်လောင်သောအသံက ပေါ်ထွက်လာ၏။
“မျှော်နန်းသခင်လု မျှော်စင်သခင်လန် မတွေ့ရတာကြာပြီ”
နဉ်ဝမ်ချင်းက ရှေ့တစ်လှမ်းတိုးလိုက်၏။
“အနက်ရောင်မျှော်စင်အဖွဲ့အစည်းရဲ့ ရှားကျန်းလုံလား”
ချပ်ဝတ်ကို ဝတ်ဆင်ထားသေးသော ရှားချန်းလုံသည် တွင်းပေါက်များ၊ လူအလောင်းများ၊ ကြမ်းတမ်းခက်ထန်သားရဲများ၊ ခြေပြတ်လက်ပြတ်များစွာရှိနေသော မြေပြင်ကို တစ်ချက်ကြည့်လိုက်၏။
“ကျုပ် ပွဲကြီးပွဲကောင်းကို လွတ်သွားတဲ့ပုံပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကျုပ် နောက်မကျသွားဖို့ မျှော်လင့်ရတာပဲ”
လန်ရှီဟယ်က ပြောလိုက်၏။ “ရှင် နောက်ကျလွန်းသွားပြီ။ အနက်ရောင်ဧကရာဇ်သေသွားပြီ။ ကြမ်းတမ်းခက်ထန်သားရဲတွေက ဆုတ်ခွာသွားပြီ”
ရှားကျန်းလုံက ပြောလိုက်၏။
“သိပ်ကောင်းတာပဲ။ ဒီလိုပြဿနာကြီးကို ဖယ်ရှားဖို့ ကျုပ်ကို ကူညီပေးတာ ကျေးဇူးတင်ပါတယ်”
ထိုစကားများကို ကြားသောအခါ လုကျိုးနှင့် လန်ရှီဟယ်က အကြည့်ချင်းဖလှယ်လိုက်၏။
ယခုအနက်ရောင်ဧကရာဇ်မူအာ့ထျဲသေသွားပြီဖြစ်သောကြောင့် တာ့ယွမ်၏တော်ဝင်ခုံရုံးက ရှင်သန်နိုင်တော့မည် မဟုတ်ပေ။ အလင်းအမှောင်မဟာမိတ်ခေါင်းဆောင် ဖန်ရော့ကျစ်ကလည်း သေပြီဖြစ်၏။ ဆိုလိုသည်က ရှားကျန်းလုံနှင့် အနက်ရောင်မျှော်စင်အဖွဲ့အစည်းတို့သာလျှင် အနက်ရောင်ကြာနယ်မြေ၌ ကျန်ရှိသည့်အဓိက ကစားသမား ဖြစ်သည်။
လုကျိုး မျက်မှောင်ကျုံ့လျက်မေးလိုက်၏။
“မင်း ဘာကြောင့်ရောက်လာတာလဲ”
ရှားကျန်းလုံက ပြောလိုက်၏။
“ဒီလိုကိစ္စကြီးဖြစ်လာတာ ကျုပ် ဘယ်လိုလုပ်ထိုင်နေနိုင်မှာလဲ။ ကျုပ် အသက်ဓာတ်နှလုံးသားကောင်းကောင်းလေး ရနိုင်မလားကြည့်ရအောင် ကံစမ်းကြည့်မလို့လေ”
လုကျိုးက ပြောလိုက်၏။
“ငါ လုစစ်ကို သတိပေးခဲ့တယ်။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းကို ထိန်းထားဖို့ပြောသားပြီးသား။ ငါ့စကားကို အလေးမထားတာလား”
ရှားကျန်းလုံက ခေါင်းခါလိုက်၏။
“မျှော်နန်းသခင်လုကို မဆန့်ကျင်ရဲပါဘူး။ ကျုပ် ရိုးရိုးသားသားပြောတာပါ။ ကျန်းနန်ပတ်လမ်းက ကြမ်းတမ်းခက်ထန်သားရဲတွေကို ဖြေရှင်းပြီးမှ ဒီရောက်လာတာ။ အဲ့ဒီအချိန်တုန်းက လူတွေက သေလုဆဲဆဲပဲ။ ကျုပ်က မျှော်နန်းသခင်လုရဲ့ဆန္ဒကို ဆန့်ကျင်ရာရောက်မှန်းသိပေမဲ့ အဲ့ဒီလူတွေသေမှာကိုတော့ ကြည့်မနေနိုင်ဘူးလေ။ ဟုတ်တယ်မလား”
“ကျန်းနန်ပတ်လမ်းလား” လုကျိုးက မျက်ခုံးတစ်ဖက်ပင့်ပြီးပြောလိုက်သည်။
ရှားကျန်းလုံက ပြောလိုက်၏။ “အမှန်ပဲ။ မျှော်နန်းသခင်လုမယုံရင် ကျန်းနန်ပတ်လမ်းကိုရောက်တဲ့အခါ စစ်ဆေးလို့ရပါတယ်။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းက ဖြေရှင်းထားတဲ့ ကြမ်းတမ်းခက်ထန်သားရဲတွေ အဲဒီမှာ ရှိနေပါတယ်”
လုကျိုးသည် သူ၏အထွတ်အထိပ်ဆန်းကြယ်စွမ်းအားကုန်ဆုံးသွားသောကြောင့် ယွီရှန်းရုန်ဆီကနေ ကျန်းနန်ပတ်လမ်း၏ အခြေအနေကို မလေ့လာနိုင်တော့ပေ။ ရှားကျန်းလုံက အမှန်အတိုင်း ပြောနေတာဟုတ်မဟုတ် ယခုအချိန်၌ စစ်ဆေးရန်နည်းလမ်း မရှိပေ။
ရှားကျန်းလုံသည် လုကျိုးနှင့် လန်ရှီဟယ် ဆိတ်ဆိတ်နေတာကို မြင်သောအခါ သူက ပြောလိုက်၏။
“ကျန်းပေ့ပတ်လမ်းက အခက်ခဲဆုံးနေရာလို့ကြားမိတာကြောင့် ကျုပ်လူတွေခေါ်ပြီး ဒီရောက်လာတာ။ သွားလိုက်ပါဦးမယ်”
အနက်ရောင်မျှော်စင်အဖွဲ့အစည်း၏ အကြီးအကဲများနှင့် အနက်ရောင်အစောင့်များက လုကျိုးနှင့် လန်ရှီဟယ်ဖက်လှည့်ကာ လက်သီးဆုပ်မိုးလိုက်၏။
“နေဦး”
လုကျိုးက နက်ရှိုင်းသောအသံဖြင့် ပြောလိုက်သည်။
“မျှော်နန်းသခင်လု ဘာကိစ္စများလဲ”
တကယ်တော့ ရှားကျန်းလုံသည် အနက်ရောင်မျှော်စင်အဖွဲ့အစည်း၏ ဆက်တိုက်ပြိုလဲမှုကြောင့် ထိခိုက်ထားပြီး ဖြစ်သည်။ သို့သော် မိစ္ဆာဝေဟင်မျှော်နန်းကို ရန်သူဖွဲ့နိုင်စွမ်းမရှိပေ။ သန်မာသူက အားနည်းသူကို နိုင်စားသောလောကဖြစ်သည်။ သူက သူ့ရှေ့ရှိလူနှစ်ယောက်၏အရှိန်အဝါက အတော်လေး အားနည်းနေသည်ဟု ခံစားမိသည့်တိုင် သူ အဆင်အခြင်မဲ့မလှုပ်ရှားရဲပေ။ သူ အချိန်တိုင်း အမြဲတစေ အာရုံစိုက်တတ်သည်။
“ကျန်းပေ့ပတ်လမ်းက ကပ်ဘေးကို ဖြေရှင်းပြီးသွားပြီ” လုကျိုးက ပြောလိုက်၏။
ရှားကျန်းလုံသည် ထိုစကားများကြောင့် အံ့အားသင့်သွားပုံပေါ်၏။ ပြီးနောက် သူက ပြောလိုက်သည်။
“မျှော်နန်းသခင်လုက တကယ်အရည်အချင်းရှိတာပဲ။ လေးစားမိပါရဲ့။ ဒီလိုဆို ကျုပ်တို့ အရင်ပြန်နှင့်မယ်”
ထိုစကားကြားသောအခါ လန်ရှီဟယ်က လုကျိုးကို စကားပို့လိုက်သည်။
“မျှော်နန်းသခင်လု သူတို့ကို ဘာလို့ထွက်သွားခွင့်ပေးလိုက်ပါလား။ ဒီလူက မျှော်မှန်းချက်ကြီးတယ်။ သူ့ကို ထွက်သွားခွင့်ပေးတာ အကောင်းဆုံးပဲ”
ယုန်တစ်ကောင်တောင် ချောင်ပိတ်ခံရချိန်၌ ကိုက်တတ်သည်ဟူသော ဆိုရိုးစကားရှိ၏။
အဝေးရှိကောင်းကင်မှ နက်ရှိုင်းသောအသံတစ်သံပေါ်ထွက်လာ၏။
“မင်း ထွက်သွားလို့မရဘူး”
လူတိုင်းလှည့်ကြည့်လိုက်သည့်အချိန်တွင် ဝတ်ရုံနက်ကျင့်ကြံသူများစွာ ရောက်လာတာကို တွေ့လိုက်ရ၏။
...
အခန်း (၁၁၃၀) လူသားများကို အရူးလုပ်ခြင်း
ရှားကျန်းလုံက တွေဝေသွားမိသည်။ အနက်ရောင်ကြာနယ်မြေမှ လူများက သူ့ကို စိန်ခေါ်ရဲသည့်သူ ရှိနေသေးတာလား။
အနက်ရောင်မျှော်စင် အဖွဲ့အစည်း၏ အဆင့်နိမ့်ကျသွားမှုက အတော်လေး ပျက်စီးသွားခဲ့လေရာ သူက ထိုကိစ္စကို အရူးအမူး မလိုက်သရွေ့ မိစ္ဆာဝေဟင်မျှော်နန်းဘက်က အနက်ရောင်မျှော်စင်အဖွဲ့အစည်း၏ ကိစ္စများကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။
ထိုအရာအပြင် သူ့အနေဖြင့် ဆူံရှုံးသွားသည့် မွေးဖွားဇယားချပ်နှစ်ခုကို ပြန်လည်ကောင်းမွန်ဖို့ အချိန်ယူရမည်ဖြစ်ကာ အခက်အခဲများစွာ မြင့်မားသော်လည်း မျှော်လင့်ချက်မရှိခြင်း မဟုတ်ပေ။
ထိုအရာအားလုံးကို ပြောပြီးသည့်နောက်တွင် အနက်ရောင်မျှော်စင်အဖွဲ့အစည်း၏ အင်အားက အားနည်းသွားလိမ့်မည် မဟုတ်ဘဲ အနက်ရောင်မျှော်စင် အဖွဲ့အစည်းက အချိန်အတော်ကြာ သုတို့၏အာဏာကို ဆက်လက်ထိန်းသိမ်းထားနိုင်လိမ့်မည်။
အနက်ရောင်ကြာကျင့်ကြံသူများက မီတာရာချီအကွာတွင် ရပ်တန့်နေစဉ် တစ်စုံတစ်ယောက်က မေးလာခဲ့သည်။
"အစ်ကိုလုက ဘယ်မှာလဲ"
အစ်ကိုလုတဲ့လား...
အားလုံးက အံ့အားသင့်သွားကြ၏။
လန်ရှီဟယ်က ပြုံးကာ မေးလိုက်သည်။
"ရှင်က မိစ္ဆာဝေဟင်မျှော်နန်းရဲ့ မျှော်နန်းသခင်ကို ပြောတာလား"
"ဟုတ်ပါတယ်"
"သူက ရှင့်ရှေ့မှာ ရှိတယ်လေ" လန်ရှီဟယ်က ပြောလိုက်သည်။
အနက်ရောင်ကြာကျင့်ကြံသူက အားလူံကို ကြည့်လိုက်သည်။
ရှားကျန်းလုံနှင့် တစ်ခြားသူများအပြင် လန်ရှီဟယ်၊နဉ်ဝမ်ချင်း၊ အပြာဝတ်အမျိုးသမီးနှင့် အားကောင်းသည့် လုကျိုးတို့ ရှိနေလေသည်။
လုကျိုးက ထိုအသံပိုင်ရှင်သည် အနည်းငယ် ရင်းနှီးနေကြောင်း ခံစားမိ၏။ သူက ဦးဆောင်လာသည့်သူကို သေသေချာချာ ကြည့်လိုက်စဉ် ထိုသူ၏ သွင်ပြင်က အနည်းငယ် ရင်းနှီးနေသည်ကို တွေ့လိုက်သည်။ ခဏအကြာတွင် သူက ပြောလာ၏။
"ရှောင်ယွင်ဟယ်လား"
အကယ်၍ တစ်စုံတစ်ယောက်ကသာ သေချာမကြည့်ပါက ရှောင်ယွင်ဟယ်ကို သတိထားမိဖို့ ခက်ခဲလိမ့်မည်။ ရှောင်ယွင်ဟယ်က ယခင်နှင့် ယှဉ်လိုက်လျင် များစွာပြောင်းလဲသွား၏။ သူ့မျက်နှာအထက်ရှိ အမာရွတ်များက သိသိသာသာ မှေးမှိန်သွားခဲ့ပြီး အငွေ့အသက်နှင့် စရိုက်တို့ကလည်း ကြီးကြီးမားမား ပြောင်းလဲသွားဟန်ပေါ်သည်။
ရှောင်ယွင်ဟယ်က လုကျိုး၏ အသံကိုကြားသည့်အခါ အံ့အားသင့်သွားလေ၏။ထို့နောက် သူက အလျင်အမြန် ပြောလိုက်၏။
"အစ်ကိုလု မတွေ့တာကြာပြီ"
နဉ့်ဝမ်ချင်းက မျက်မှောင်ကြုတ်လိုက်၏။အခြေအနေက သူ့တို့ဘက်တွင် ရှိမနေပေ။ အကယ်၍ ရှောင်ယွင်ဟယ်နှင့် ရှားကျန်းလုံတို့က သူတို့ကို တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ပါက ပြဿနာကြီးကြီးမားမား တက်သွားနိုင်သည်။
အကျိုးမြတ်နှင့် ပတ်သက်လာသည့်အခါ ထာဝရရန်သူဟူ၍ မရှိပေ။ထို့အပြင် လန်ရှီဟယ်က မီးစာကုန်သည့် ဖယောင်းတိုင်အလား ဖြစ်နေ၏။ အပေါ်ယံတွင် သူမက အဆင်ပြေနေသော်လည်း သားရဲဧကရာဇ်လုဝူနှင့် တိုက်ပွဲအတွင်း သူမက အသက်အန္တရာယ်ဖြစ်စေသည့် နည်းစနစ်ကို အကြိမ်များစွာ ထုတ်သုံးခဲ့ရသည်။ ထို့အပြင် သူမက ယခင်ဒဏ်ရာဟောင်းများကလည်း မကောင်းမွန်သေးပေ။ ယခု သူမ ရှိနေသည့် အခြေအနေကို ခန့်မှန်းကြည့်၍ ရ၏။
ရှောင်ယွင်ဟယ်က ပြောလိုက်သည်။
"ကျုပ်တို့ထွက်သွားကတည်းက အစ်ကိုလုကို သတိရမိနေတာ။ ကျုပ် ပြန်ရောက်လာတော့ အနီရောင်ကြာနယ်မြေမှာ ပြဿနာဖြစ်နေတယ်ဆိုတာကို ကြားလိုက်လို့ ကျုပ်ညီကိုတွေကို ခေါ်ပြီး ရောက်လာတာ။"
သူက ခေတ္တမျှ ရပ်ပြီးသည့်နောက်တွင် လုဝူက ဆက်ပြောလိုက်သည်။
"ဒါက နှုတ်ဆက်လက်ဆောင်ပါ။"
ယခင် အနက်ရောင်အစောင့်အရှောက် ခေါင်းဆောင်ဟောင်း ဝူချောင်က ရှေ့တိုးလာခဲ့သည်။ သူက စွမ်းအင်ကို အသုံးပြုကာ မြေကြီးပေါ် အလောင်းနှစ်လောင်း ပစ်လွှတ်လိုက်၏။
ဝုန်း ဝုန်း
အလောင်းနှစ်လောင်းက အမျိုးသားနှစ်ဦး ဖြစ်၏။
ဝူချောင်က ပြောလိုက်သည်။
"ဒါက အလင်းနဲ့အမှောင် မဟာမိတ်ထဲက ကျားငါးကောင် ပေါ်ယန်ပါ။ ကျုပ်တို့တွေ ကျန်းတုံပတ်လမ်းမှာ သူတို့ လူတွေသတ်ဖြတ်နေတာကို တွေ့ခဲ့မိတာ။ သူ့ဘေးက လူကလဲ အလင်နဲ့အမှောင်မဟာမိတ်က သူပဲ ဖြစ်လောက်တယ်။"
လုကျိုးက ခေါင်းညိတ်ပြီး မေးလိုက်သည်။
"ဒီမလာခင် ဘယ်များသွားနေတာလဲ"
ရှောင်ယွင်ဟယ်က ပြန်ဖြေလိုက်၏။
"ကျုပ်က အဆုံးမဲ့ပင်လယ်၊အမှောင်ဝိညာဉ်ဂုဏ်းနှင့်တောင်ပိုင်းတိုင်းပြည်ရဲ့ ဖရိုဖရဲနယ်မြေထဲ ရောက်နေတာ။ ဦးတည်ချက်မရှိ လျှောက်သွားနေတာပေါ့ဗျာ။ တကယ်လို့ အစ်ကိုလုကသာ ကျုပ်ကို မွေးဖွားဇယားချပ်နှစ်ခုကို ပြန်လည်ကောင်းအောင် မလုပ်ပေးခဲ့ရင် ဖရိုဖရဲကုန်းမြေအနက်ပိုင်းထဲကို သွားနိုင်မှာ မဟုတ်ဘူး။ အဲ့ကျေးဇူးကို စိတ်ထဲ အမြဲမှတ်ထားပါတယ်"
လုကျိုးက အပြာရောင်သလင်းကျောက်အကြောင်း မေးချင်သော်လည်း သင့်တော်သည့် အခိုက်အတန့် မဟုတ်ကြောင်းသိလေသည်။
ဤတစ်ကြိမ် ရှားကျန်းလုံက အသိပြန်ဝင်လာကာ မေးလိုက်၏။
"ရှောင်ယွင်ဟယ် ခင်ဗျားလား"
ရှောင်ယွင်ဟယ်က ဒေါသထွက်ဟန် မပေါ်ပေ။ သူက ရှားကျန်းလုံကို ပြုံးကာ ပြောလိုက်၏။
"ရှားကျန်းလုံ အရင်တုန်းက ငါက အနက်ရောင်မျှော်စင်အဖွဲ့အစည်းရဲ့ အကောင်းဆုံး အရင်းအမြစ်တွေကို မင်းဆီ ပေးပြီးတော့ ပြုစုပျိုးထောင်ပေးခဲ့တယ်။ မင်းက ဒီလိုဆိုးယုတ်တဲ့ နှလုံးသားရှိပြီးတော့ သခင်ရာထူးကို တပ်မက်နေပြီးတော့ မင်းရဲ့ ရည်မှန်းချက်ကိုရဖို့ ငါ့ကို နာမည်ဖျက်လိမ့်မယ်လို့ ဘယ်သူက သိမှာလဲ။ အခု အဲ့ဒီအကြွေးကို ဖြေရှင်းဖို့ အချိန်ရောက်ပြီ"
ဝူချောင်က ပြုံးကာ ဝင်ပြောလိုက်သည်။
"ကျုပ်တို့ သွားလာနေရင်း အနက်ရောင်မျှော်စင် အဖွဲ့အစည်းက မျှော်နန်းသခင်လုကို မလေးမစား ပြောဆိုနေကြောင်းကိုလည်း ကြားခဲ့တယ်။ ရလဒ်အနေနှင့် အဖွဲ့သားတွေက မွေးဖွားဇယားချပ်တွေ ဆုံးရှုံးသွားတယ်ဆို"
လူတစ်ယောက်ကို ရုပ်ပိုင်းဆိုင်ရာထိခိုက်စေခြင်း မရှိဘဲ ဒေါသထွက်အောင် လုပ်နိုင်သည့် နည်းလမ်းများစွာ ရှိနေသည်။ အကောင်းဆုံးနည်းလမ်းက သူတို့၏ ဒဏ်ရာကို ဆားပွတ်ပေးခြင်း ဖြစ်သည်။
ထင်ထားသည့်အတိုင်း ရှားကျန်းလုံက ဒေါသထွက်လာခဲ့သည်။
"အဲဒါက နားလည်မှု လွဲတာပါ။ မလေးမစားပြုမူတာမျိုး မရှိဘူး။ ပြီးတော့ အနက်ရောင်မျှော်စင်အဖွဲ့အစည်းနှင့် မိစ္ဆာဝေဟင်မျှော်နန်းကြားက နားလည်မှု လွဲတာကို ဖြေရှင်းထားပြီးသား။ မင်းတို့က ဝင်မပါဘဲနှင့် ဘာများပြောခွင့်ရှိမှာလဲ။
ရှောင်ယွင်ဟယ်က ပြောလိုက်သည်။
"အစ်ကိုလုက ဒီနေ့မင်းနဲ့ ရှိနေတယ်ဆိုတော့ စကားများမနေတော့ဘူး။ ငါက အနက်ရောင်မျှော်စင်အဖွဲ့အစည်းကို ပြန်လာပြီးတော့ ငါ့အပိုင်ကို ပြန်ယူမယ်။ "
ရှားကျန်းလုံက ထေ့ငေါ့ကာ ပြောလိုက်သည်။
"ခင်ဗျားရဲ့ မွေးဖွားဇယားချပ်ငါးခုကို ဖျက်ဆီးနိုင်တယ်ဆိုရင် ထပ်ပြီးတော့လည်း လုပ်နိုင်တယ်။"
ဤတစ်ကြိမ် လုကျိုးက ဝင်ပြောလိုက်သည်။
"ငါ့ကို မရှိတဲ့ လေလိုမျိုး ထင်နေတာလား"
အာ …
ရှားကျန်းလုံက လုကျိုးကို ကြည့်၍ နှလုံးခုန်မြန်သွား၏။
"မျှော်နန်းသခင်လုက ဒီကိစ္စမှာ စွက်ဖက်ဖို့ ကြံစည်နေတာလား"
ရှောင်ယွင်ဟယ်က လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်။
"အစ်ကိုလု ဝင်ရောက်စွက်ဖက်ဖို့ မလိုပါဘူး။ ကျုပ်ဘာသာကျုပ် ဖြေရှင်းလိုက်ပါ့မယ်"
ထို့နောက် ရှောင်ယွင်ဟယ်နောက်တွင် ရပ်နေသည့်သူများက ဦးညွှတ်လိုက်ကြသည်။
ဒါကဘယ်လိုလှည့်ကွက်မျိုးလဲ။
ရှားကျန်းလုံက မျက်မှောင်ကြုတ်လိုက်၏။
ဒါက မြေခွေးက ကျားရဲ့ စွမ်းအားနဲ့ မောက်မာပြနေတာနဲ့ မတူဘူးလား။
ရှောင်ယွင်ဟယ်၏ ဆုံးဖြတ်ချက်ကို မြင်တွေ့ပြီးသည့်နောက်တွင် လုကျိုးက ထပ်မံ မပြောတော့ပေ။ ယခုအခါ အရေးကြီးကိစ္စ ရှိနေလေ၏။ ထို့ကြောင့် သူက ပြောလိုက်သည်။
"မင်း သဘောအတိုင်းပဲ"
"အစ်ကိုလုကို ကျေးဇူးတင်ပါတယ်"
ရှောင်ယွင်ဟယ်က လုကျိုးကို ပြောလိုက်၏။ ထို့နောက် ရှားကျန်းလုံဘက် လှည့်ကာ ပြောလိုက်၏။
"မင်း သတ္တိရှိတယ်ဆိုရင် တစ်လအတွင်း အနက်ရောင်မျှော်စင်အဖွဲ့အစည်းရဲ့မြောက်ဘက် အနက်ရောင် လေဟုန်တောင်ဘက်မှာ တွေ့မယ်"
ရှားကျန်းဟုန်က ရှောင်ယွင်ဟယ်၏ မျက်ဝန်းက ဆုံးဖြတ်ချက်ပြတ်သားနေသည်ကို တွေ့၍ မျက်မှောင်ကြုတ်လိုက်၏။ သူက နှစ်ဦးသား ဘေးချင်းယှဉ်လျက် တိုက်ခိုက်ခဲ့သည့် မြင်ကွင်းများကို ပြန်လည်မြင်ယောင်လာခဲ့ပြီး သူတို့ကြားရှိ ဟာကွက်ကြီးလာပြီး အမုန်းတရားကိုလည်း တွေ့ခဲ့သည်။ သူတို့က တစ်ခါတုန်း က ဘေးချင်ယှဉ်တိုက်ခဲ့သည့် ညီအစ်ကိုများ ဖြစ်သော်လည်း ယခုအခါ ရန်သူများ ဖြစ်နေပြီ ဖြစ်၏။ ကိစ္စများစွာအတွက် ဖြေရှင်းချက်များ မလိုအပ်ပေ။ အပြုအမူတိုင်းအတွက် အကျိုးအကြောင်း ရှိလေ၏။ အဆုံးသတ်တွင် သူက ပြောလိုက်၏။
"တွေ့ကြတာပေါ့"
ရှားကျန်းလုံ ထွက်သွားပြီးသည့်နောက်တွင် ရှောင်ယွင်ဟယ်က သူ့လူများနှင့်အတူ ဆင်းသက်လာ၏။
"မျှော်စင်သခင်လန်လား"
လန်ရှီဟယ်က အပြင်လူများနှင့် တွေ့ခဲသည့်အတွက် လူတချို့ကသာ သူမ၏ မျက်နှာကို မြင်တွေ့ဖူးကြသည်။
ရှောင်ယွင်ဟယ်က သူမ၏ အေးစက်ကာ ကျော့ရှင်းသည့် အသွင်ပြင်ကို မြင်သည့်အခါ အံ့အားသင့်သွားလေသည်။ လန်ရှီဟယ်၏ အသွင်အပြင်အကြောင်း ဖော်ပြချက်များကို ပြန်လည်တွေးတောရင်း ပဟေဠိကို ဆက်နိုင်ခဲ့သည်။
လန်ရှီဟယ်က ရှောင်ယွင်ဟယ်ကို လျစ်လျုရှုထားပြီး လုကျိုးကို ပြောလိုက်၏။
"မျှော်နန်းသခင်လု တွမ့်မူရှန်းကိစ္စအတွက် စိတ်မကောင်းပါဘူး။ နောက်မှတွေ့မယ်" ထို့နောက် လန်ရှီဟယ်က ကောင်းကင်အထက် ပျံသန်းသွားသည်။
နဉ့်ဝမ်ချင်းနှင့် အပြာဝတ်အမျိုးသမီးကလည်း လုကျိုးနှင့် လက်နှစ်ဖက်ယှက်ကာ နှုတ်ဆက်ပြီးသည့်နောက် လန်ရှီဟယ်နောက် လိုက်ပါသွားကြသည်။
လန်ရှီဟယ် ထွက်သွားပြီးသည့်နောက်တွင် လုကျိုးက ရှောင်ယွင်ဟယ်ကို ပြောလိုက်၏။
"ငါနဲ့ ကျန်းပေ့ပတ်လမ်းကို လိုက်ခဲ့"
"ကောင်းပါပြီ"
အားလုံးက လုကျိုးနောက်လိုက်ကာ ကျန်းပေ့ပတ်လမ်းဆီ ပျံသန်းသွားကြသည်။
ရှောင်ယွင်ဟယ်တို့ သွေးစွန်းနေသည့် နယ်မြေပေါ်ကျန်ရှိနေသည့် အမှတ်အသားများနှင့် အရိုးပုံကြောင့် အံ့အားသင့်သွားကြသည်။
"သွေးစတေးရေး ပညာရပ်လား"
ရှောင်ယွင်ဟယ်က အရိုးများကို ကြည့်ကာ ပြောလိုက်သည်။
"သားရဲဧကရာဇ်က တကယ်ကို ဉာဏ်များတာပဲ"
လုကျိုးက မေးလိုက်၏။
"မင်းက သားရဲဧကရာဇ်ကို သိတာလား"
ရှောင်ယွင်ဟယ်က ပြောလိုက်သည်။
" ကျုပ်ရဲ့ညီအစ်ကိုတွေနှင့် ဖရိုဖရဲနယ်မြေဆီကို သွားခဲ့ရုံတင် မကဘူး။ အမည်မသိကုန်းမြေကိုလည်း ရောက်ခဲ့သေးတယ်။ အဲဒီမှာ လျှို့ဝှက်ဆန်းကြယ် ကျောက်တုံးငယ်နှင့် လျှို့ဝှက်ဆန်းကြယ် အသက်မြက်ကိုလည်း တွေ့ခဲ့တယ်။ အဲ့ဒီမှာ လက်နက်တွေကို ပြုပြင်ခဲ့ပြီးတော့ မွေးဖွားဇယားချပ်တစ်ခုကိုလည်း ပြန်လည် ကောင်းမွန်အောင် လုပ်နိုင်ခဲ့တယ်လေ။ ကျုပ်တို့တွေ ပြန်ရောက်တဲ့အခါမှာ ခက်ထန်သားရဲတွေနှင့်လည်း တွေ့ကြုံခဲ့ရတယ်"
"ကျုပ်တို့တွေ ခက်ထန်သားရဲတွေရဲ့ မူမမှန်မှုကို သတိထားမိတဲ့နောက်မှာ သားရဲဇကရာဇ်ကပဲ ဒီလိုနာခံအောင် လုပ်နိုင်မယ်ဆိုတာ သိလိုက်ရတယ်။ ဒီရောက်လာပြီးတဲ့နောက်မှာ ခက်ထန်သားရဲတွေက လူသားအလောင်းတွေကို သယ်ပြီးသွားတာကို မြင်လိုက်ရတဲ့အခါမှာ သူတို့တွေက သွေးစတေးရေးပညာရပ်အတွက် ဖြစ်လိမ့်မည်ဆိုတာကို မှန်းဆမိသွားတာ"
"ဒါနဲ့အနက်ရောင်ဧကရာဇ်က သေသွားပြီ" လုကျိုးက ပြောလိုက်၏။
ရှောင်ယွင်ဟယ်က အံ့အားသင့်ခြင်း မရှိပေ။ ပြုံးပဲ ပြုံးလိုက်၏။
"အစ်ကိုလုက သူ့ကိုသတ်တာ ပုံမှန်ပါပဲ။ ဒါပေမဲ့ သားရဲဧကရာဇ်က အနက်ရောင် ဧကရာဇ်ကို နယ်ရုပ် ဘယ်လိုဖြစ်အောင် လုပ်ခဲ့တာလဲ"
"နယ်ရုပ်တဲ့လား"
"သွေးစတေးရေးက အောင်မြင်သွားတယ်ဆိုရင်တောင် အနက်ရောင်ဧကရာဇ်က သေလူလည်း မဟုတ်သလို သက်ရှိလူလည်း မဟုတ်တော့ဘူး။ သူက လူလို့တောင် ပြောလို့မရဘူး။ စွမ်းအားကို ထိန်းသိမ်းထားပြီး နာကျင်မှုကို ဖိနှိပ်ထားဖို့အတွက် လီလီရဲ့ မိစ္ဆာစွမ်းအားနှင့် အားဖြည့်ပေးဖို့ လိုအပ်တယ်။
ဒါပေမဲ့ လီလီက အမည်မသိကုန်းမြေက ဖြစ်ပြီးတော့ အဲ့ဒီမှာပဲ မျိုးပွားနိုင်တာလေ။ အဲ့ဒီမှာဆိုရင် သားရဲဧကရာဇ်က အနက်ရောင် ဧကရာဇ်ကို ထာဝရ ထိန်းချုပ်သွားနိုင်လိမ့်မယ်။ ရှောင်ယွင်ဟယ်က ရှင်းပြလိုက်သည်။
လူသားများက အစာကွင်းဆက် ထိပ်ဆုံးတွင် ရပ်တည်နေသည်ဟု ဆိုကြသည်။ သူတို့က ကြက်တစ်ကောင်ကို သတ်ဖို့ စွမ်းအား မရှိလျင်ပင် သူတို့၏ ဉာဏ်ရည်ဖြင့် ခက်ထန်သားရဲများကို အနိုင်ယူနိုင်သည်။ သို့သော်လည်း လူသားများက တစ်ချိန်လုံး အရူးလုပ်ခံရပုံပေါ်၏။
....
သူတို့ အချိန်အတော်ကြာ ထွက်လာပြီးသည့်နောက်တွင် သူတို့မျက်စိရှေ့ အကာအရံတစ်ခု ထွက်ပေါ်လာ၏။
ရှောင်ယွင်ဟယ်က ထိုအရာကို သတိထားမိကာ ပြောလိုက်၏။
"ကြယ်တာရာ စုစည်းရေး အစီအရင်ပဲ"
အားလုံးက တစ်ချက် သွားကြည့်လိုက်ကြသည်။
ရှောင်ယွင်ဟယ်က သင်္ကေတလမ်းကြောင်းနှင့် အလောင်းများကို မြင်၍ သက်ပြင်းချကာ ပြောလိုက်၏။
"ထင်ထားတဲ့အတိုင်း ဒီသင်္ကေတ လမ်းကြောင်းက အမည်မသိကုန်းမြေကို ဦးတည်နေတာ"
လုကျိုးက လက်ဝေ့လိုက်ပြီး လီလီ၏ အလောင်းများကို စုစည်းလိုက်ကာ ကံမီးတောက်ဖြင့် လောင်ကျွမ်းပစ်လိုက်သည်။
ဘန်း ဘန်း
ကြယ်တာရာ စုစည်းရေးအစီအရင်မှ မိုးချိန်းလုမတတ် အသံကျယ်ကြီး ထွက်ပေါ်လာ၏။
လုကျိုးက ပြောလိုက်သည်။
"သူတို့ကို ကယ်လိုက်"
ရှောင်ယွင်ဟယ်က ပြုံးကာပြောလိုက်၏။
"ဖြစ်ချင်တော့ အစ်ကိုလုက ဒီကို လူကယ်ဖို့ ရောက်လာတာကို။ ကျုပ်ဆီသာ အပ်ထားလိုက်"
ရှောင်ယွင်ဟယ်က လက်မြှောက်လိုက်ပြီး လက်ဝါးချက်ကို ထုတ်လွှတ်လိုက်သည်။ အနက်ရောင်နှင့် အစိမ်းရောင် အလင်းတို့ တောက်ပနေသည့် ဆဋ္ဌဂံလက်နက်က ပေါ်ထွက်လာကာ ဖြည်းဖြည်းချင်း အရွယ်အစားက ကြီးမားလာသည်။
…
အခန်း (၁၁၃၁) ကယ်ဆယ်ခြင်း
“လွှမ်းမိုးအဆင့်လား” လုကျိုးသည် လက်နက်ထဲတွင်ပါဝင်သော စွမ်းအင်ကိုခံစားမိသည်။ လွှမ်းမိုးအဆင့် လက်နက်များသာလျှင် ဤကဲ့သို့ ထူးကဲသောစွမ်းအင် ရှိသည်။ သူတို့၏ ထူးကဲသောစွမ်းအင်က လက်နက်များ၊ ဓားမော့များ၊ စစ်ပုဆိန်များကို လွှမ်းမိုးအဆင့်သို့ မြှင့်တင်ရန် ခက်ခဲရသည့် အကြောင်းအရင်း ဖြစ်သည်။ ပင်လယ်ဝိညာဉ်ပုလဲနှင့် တောက်ပသံကျောက်တို့နှင့်မတူဘဲ ဤလက်နက်များသည် ပေါင်းစပ်သည့်အဆင့်သို့ ရောက်ရှိပြီးနောက် အဆင့်တိုးမြှင့်ရန် သိသိသာသာ တိုးတက်လာသည်။
“ဟုတ်တယ်။ ကျုပ် ကံကောင်းပြီး ဒါတွေပြုပြင်ဖို့ ဆန်းကြယ်ကျောက်တုံးတွေ ရှာတွေ့ခဲ့တယ်လေ”
ရှောင်ယွင်ဟယ်၏ ခန္ဓာကိုယ်သည် လေပွေပမာလှုပ်ရှားလျက် ကြယ်တာရာစုစည်းရေး အစီအရင်ထိပ်သို့ ရောက်သွား၏။ သူသည် အမြင့်ဆုံးနေရာသို့ ရောက်သောအခါ သူ၏လက်ထဲရှိ ဆဋ္ဌဂံလက်နက်က အဆပေါင်းများစွာ ကြီးမားလာလေ၏။
ဒုလုံးချွန်သဏ္ဌာန်လွန်စက်နှင့်တူသည့် ဆဋ္ဌဂံလက်နက်က အစီအရင်ပေါ် ပြုတ်ကျသွား၏။
ဖုန်း
ကြယ်တာရာစုစည်းရေးအစီအရင်သည် ဆဋ္ဌဂံလက်နက်၏အောက်တွင် ယိမ်းခါနေသည်။ မြေပြင်က လှုပ်ခါနေကာ တောင်ပေါ်များကျောက်တုံးများ တလှိမ့်လှိမ့်ကျလာ၏။
“ရှေးခေတ်ကာလက အစီအရင်က တကယ်ပါပဲ” ရှောင်ယွင်ဟယ်သည် ပြောပြီးနောက် သူ၏ ဆဋ္ဌဂံလက်နက်ဖြင့် ထပ်မံတိုက်ခိုက်လိုက်သည်။
ဖုန်း
မြေပြင်က လှုပ်ခါနေစဉ် ကျောက်တုံးကျောက်ခဲများသည် မြေပြင်ပေါ်မှ ဆက်လက်လှိမ့်ကျလာဆဲ ဖြစ်၏။ သို့သော် အစီအရင်၏အရံအတားက ရှိနေသေးသည်။ ပြိုကွဲမည့်အရိပ်အယောင် မပြပေ။ ယင်းက တောက်ပပြီး လှပ၏။ ပင်လယ်ရေကဲ့သို့အပြာရောင်အလင်းတောက်ပနေတာဖြစ်သည်။ စိုးစဉ်းမျှ မှေးမှိန်သွားခြင်းမရှိ။
“ဒါက အနေခက်စရာပဲ”
ဝူချောင်နှင့်ကျန်သည့်သူများသည် ယင်းကို မြင်သောအခါ စိတ်ထဲ၌ ကသိကအောက်ဖြစ်ကုန်၏။ စိတ်ထဲတွင်မူ သူတို့က ရှောင်ယွင်ဟယ်ကို အားပေးနေကြပြီး ဤကဲ့သို့ သေရေးရှင်ရေး အခြေအနေမျိုး၌ သူ အရှက်မကွဲဖို့ မျှော်လင့်နေ၏။ မည်သို့ပင်ဆိုစေ သူသည် တစ်ခေတ်တစ်ခါက ထိပ်သီး၌ရပ်နိုင်ခဲ့သည့် လွှမ်းမိုးနိုင်သည့်သူ ဖြစ်ခဲ့သည်။ အစီအရင်တစ်ခုကို ဖြိုခွဲဖို့က ထိုမျှ မခက်ခဲသင့်ပေ။
ထိုစဉ် ရှောင်ယွင်ဟယ်က လည်ချောင်းရှင်းလျက် ပြောလိုက်လေ၏။
“အစောတုန်းက ကျုပ်ခွန်အား ၃၀%ပဲ သုံးခဲ့တာ။ မျှော်နန်းသခင်လု ကျေးဇူးပြုပြီး ဂရုစိုက်ပါ။ နောက်တစ်ကွက်ကျ ခွန်အားအပြည့်သုံးတော့မှာ”
ဝူချောင်နှင့် ကျန်သည့်သူများ နောက်ဆုတ်လိုက်လေ၏။
ရှောင်ယွင်ဟယ်သည် တစ်ကွက်တည်းဖြင့် သူ၏ခွန်အားအလုံးစုံကို ထုတ်သုံးရန်ပြင်ဆင်လိုက်သည်။ ဤတစ်ကွက်က လောကကို လှုပ်ခါစေမှာသေချာသည်။ သူ၏ခွန်အားက ပြိုင်စံရှားပြီး လောကကို ရိုက်ခတ်မှုပြင်းထန်လိမ့်မည်။
“ကျုပ် လုပ်လိုက်မယ်”
ရှောင်ယွင်ဟယ်သည် သူ၏မြေကမ္ဘာတုန်လှုပ်ဖွယ်အကွက်ကို ထုတ်မသုံးရသေးခင် သူ့နောက်ရှိ တောင်ထွတ်မှ အသံတစ်သံပေါ်ထွက်လာ၏။
စီးဝူယာ့က တောင်ထွတ်ပေါ်တွင် ရပ်နေသည်။ သူ၏နောက်၌ မီတာဒါဇင်ချီဖြန့်ကျက်နေပြီး တောင်ပံတစ်စုံက သူ့ကို အထာကျနေစေသည်။
လုကျိုးက ပြောလိုက်၏။
“သူ့ကို လုပ်ခွင့်ပေးလိုက်”
ရှောင်ယွင်ဟယ်သည် တောင်ထွတ်ပေါ်ရှိ စီးဝူယာ့ကို ကြည့်ပြီးပြောလိုက်သည်။
“ဒါက ကြယ်တာရာစုစည်းရေးအစီအရင်ပဲ။ ငါ အစောတုန်းက တိုက်ခိုက်တုန်းကတောင် ဒါကို မဖြေရှင်းနိုင်ဘူး။ မင်း သေချာလား။ အဲ အဲဒါကို ဖြိုခွင်းနိုင်ဖို့လေ...” သူက ထစ်အနေသည်။
ရှောင်ယွင်ဟယ်ပြောတာ မပြီးသေးခင် စီးဝူယာ့က မြေပြင်ပေါ် လက်တစ်ဖက်ထားလိုက်သည်။ ဤနည်းဖြင့် ကြယ်တာရာစုစည်းခြင်းအစီအရင်၏ အရံအတားက လျင်မြန်စွာ ပျောက်ကွယ်သွား၏။ ပြီးနောက် သူက ကျောမတ်လျက် ပြောလိုက်သည်။
“ဒီနေရာက ကြယ်တာရာစုစည်းရေးအစီအရင်ရဲ့နှလုံးသားပဲ။ ပြီးတော့ အဲဒါက အစီအရင်ကို ထိန်းချုပ်ထားတာ။ အစီအရင်က အားသုံးပြီးဖြိုခွဲလို့ရတဲ့ဟာမျိုးမဟုတ်ဘူး”
“အားသုံးတယ်တဲ့လား”
ရှောင်ယွင်ဟယ် ...
ပြီးနောက် စီးဝူယာ့သည် ကြယ်တာရာစုစည်းရေးအစီအရင်ဖက် ခုန်ဝင်ကာ လုကျိုးဘက် ဦးညွှတ်လိုက်၏။
“နဉ်ဝမ်ချင်း တစ်ခုခုဖြစ်သွားကြောင်း ကြားမိတော့ ကျွန်တော်ချက်ချင်းပြေးလာတာ။ ရှစ်စွင်း စိတ်ပူအောင်လုပ်မိတာ တောင်းပန်ပါတယ်”
ရှစ်စွင်းလား … ထိုစဉ် ရှောင်ယွင်ဟယ်က ပြောလိုက်၏။
“ဖြစ်ချင်တော့ မင်းက အစ်ကိုလုရဲ့တပည့်ကိုး။ ငါ တောင်းပန်ပါတယ်”
စီးဝူယာ့က အသိအမှတ်ပြုသည့်အနေဖြင့် ပြုံးရုံသာပြုံးလိုက်၏။
လုကျိုးက ပြောလိုက်၏။ "အကြီးအကဲလေးယောက်က ချောက်ကမ်းပါးအောက်မှာ ပိတ်မိနေသေးတုန်းပဲ။ သူတို့ကို ကယ်ကြ”
ရှောင်ယွင်ဟယ်က ပြောလိုက်လေ၏။
“ကျုပ် လုပ်လိုက်မယ်။ ကြယ်တာရာစုစည်းရေးအစီအရင်ရဲ့အတွင်းပိုင်းက ရှုပ်ထွေးပြီး အမြဲတစေ ပြောင်းလဲနေတာ။ ဂရုမစိုက်မိရင် အန္တရာယ်များမှာ”
အကြောင်းပြန်မှုကို မစောင့်ဘဲ ရှောင်ယွင်ဟယ်က အစီအရင်၏အတွင်းပိုင်းသို့ သွားလိုက်သည်။
ရှောင်ယွင်ဟယ် ဝေးဝေးသို့ မရောက်သေးခင် စီးဝူယာ့က ပြောလိုက်၏။ “အကြီးအကဲလေးယောက်ကို ကယ်ခဲ့ပြီးပါပြီ”
မူလက တစ်တန်းတည်းပျံသန်းနေသာ ရှောင်ယွင်ဟယ်သည် ဘေးသို့ယိုင်သွားပြီး ထိုစကားများ ကြားသောအခါ တိမ်ဘေးသို့ ယိမ်းယိုင်သွားလေ၏။ သူသည် အနေခက်စွာပြုံးပြီးတော့ ပြန်လာတော့၏။
စီးဝူယာ့က ပြောလိုက်၏။ "အစောတုန်းက ကျွန်တော် အစီအရင်ကို လေ့လာနေတာ။ လီလီတွေရဲ့ မိစ္ဆာစွမ်းအင်ကြောင့် အကြီးအကဲလေးဦးက တောင်ပေါ်က တောအုပ်ထဲမှာ အနားယူနေတယ်”
ထိုစဉ် အကြီးအကဲလေးဦးသည် တောင်ထွတ်ပေါ်မှ ကမန်းကတန်းဆင်းလာလျက် အစီအရင် အပြင်ဖက်သို့ ဆင်းလာသည်။
“နှုတ်ခွန်းဆက်ပါတယ် မျှော်နန်းသခင်”
ကျော့ယွီရှု၊ ဖန်လီထန်း၊ လန်လော့နှင့် ဟွားဝူတောက်တို့အားလုံး ဘေးကင်းလုံခြုံသည်။ အနည်းငယ် မသေမသပ်ဖြစ်နေရုံမှအပ သူတို့သည် အခြေအနေဆိုးရွားပုံမပေါ်။
စီးဝူယာ့သည် အစောတည်းက လုကျိုး၏သွင်ပြင်ပြောင်းလဲမှုကို သူတို့ဆီ သတိပေးထားပြီးသားဖြစ်၏။ ထို့ကြောင့် အံ့ဩသည်မှအပ သူတို့သည် ပြောင်းလဲမှုကို လက်ခံပြီး လျင်မြန်စွာ လိုက်လျောညီထွေ ဖြစ်သွားသည်။
“ကျင့်ဝတ်ထုံးတမ်းတွေ မလိုဘူး” လုကျိုးက ပြောပြီး လက်ဝေ့ယမ်းပြလိုက်၏။
အကြီးအကဲလေးဦးသည် အတွေ့အကြုံ ကြွယ်ဝပြီး အချိန်ကြာမြင့်စွာ ရှင်သန်နေထိုင်လာခဲ့တာ ဖြစ်သောကြောင့် လုကျိုး၏ အမူအရာတစ်ခုခု မူမမှန်ကြောင်း အာရုံခံမိသွား၏။
ထိုစဉ် ကျော့ယွီရှုက စိုးရိမ်ပူပန်စွာ ပြောလိုက်သည်။
“တွမ့်မူရှန်း အဲ့ဒီကလေး သူ...” အကြီးအကဲလေးဦးသည် ဤနေရာ၌ ကျင့်ကြံရန် တွမ့်မူရှန်းနှင့် အဖော်လိုက်လာပေးသည်။ သူ၏အသက်အရွယ်ကြောင့် အကြီးအကဲလေးဦးသည် သူ့ကို သူတို့တပည့်အဖြစ် သဘောထားခဲ့တာ ကြာပြီဖြစ်၏။
သူတို့က သူ့ကို အန္တရာယ် မတွေ့စေချင်သောကြောင့် ချောက်ကမ်းပါးအောက်ခြေကနေ သူ့ကို တွန်းထုတ်ရန် သူတို့ခွန်အားအလုံးစုံကို အသုံးပြုခဲ့သည်။
လုကျိုးက သူတို့ကို မဖုံးကွယ်ဘဲပြောလိုက်၏။
“သူ့ကို လုဝူခေါ်သွားတယ်။ သေလား ရှင်လားမသိရဘူး”
“...”
လူတိုင်းက မျက်မှောင်ကျုံ့မိသွားသည်။
လုကျိုးက စီးဝူယာ့ကို ကြည့်ပြီးပြောလိုက်သည်။ "အရင်ဆုံး မြို့တော်ပြန်ရအောင်။ လီယွင်ကျန်းက ဆိုးရွားတဲ့အခြေအနေထဲ ရောက်နေလောက်တယ်။ ဒီတစ်ခါ မင်း ထွက်မလာခဲ့သင့်ဘူး”
“ဟုတ်ကဲ့”
လုကျိုးက ယင်ကျောက်ကို ခေါ်လိုက်သည်။ ယင်ကျောက်က အစောတုန်းက တိုက်ပွဲကို မျက်မြင် တွေ့ပြီးနောက် ထိတ်လန့်မှုကြောင့် တုန်ယင်နေသေး၏။ နောက်ဆုံးတော့ သူ တစ်စုံတစ်ခုကို သဘောပေါက်သွားတာ ဖြစ်နိုင်သည်။ သူ၏သခင်အစွမ်းထက်တာကို နောက်ဆုံး၌ နားလည်သဘောပေါက်သွား၏။
တာ့ထန်ရှိပတ်လမ်းလေးခုသည် သားရဲဒီရေကြောင့် ဆုံးရှုံးမှုများခဲ့သည်။ လူမည်မျှ သေကြောင်း၊ လူမည်မျှ ဒဏ်ရာရကြောင်းနှင့် လူမည်မျှအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြောင်း မည်သူက သိမည်နည်း။ ယင်းက အုပ်ချုပ်သူအတွက် ရပ်တည်ရမည့်အချိန်ဖြစ်သည်။
မြို့တော်သို့ အပြန်လမ်း၌ လုကျိုးသည် အထွတ်အထိပ်ဆန်းကြယ်စွမ်းအားများ ပြန်လည်ရရှိရန် ခရမ်းရောင်တောက်ပသံကျောက်ကို တတ်နိုင်သမျှ အသက်သွင်းလိုက်၏။
သူသည် တည်တံ့ရေးခန်းမသို့ ရောက်သောအခါ တွမ့်မူရှန်းကို ထပ်မံစစ်ဆေးလိုက်၏။ အစောတုန်းက သူသည် အထွတ်အထိပ်ဆန်းကြယ်စွမ်းအား ကုန်ဆုံးသွားသလိုပင် ၎င်းက မှောင်မည်းနေသည်။ တွမ့်မူရှန်း သေပြီဟုလော သံသယဖြစ်မိသွား၏။ သို့သော် တွမ့်မူရှန်းကို သင်ကြားပြသပေးရန် တာဝန်က စနစ်မျက်နှာပြင်ပေါ်တွင် ရှိနေသေး၏။ ယင်းက တွမ့်မူရှန်းမသေသေးကြောင်း ဆိုလိုသည်။ အဆုံးကျ သူသည် အခြေအနေကို မဖော်ထုတ်နိုင်သေးချေ။
တစ်ဖက်တွင်မူ လုကျိုးထင်ထားသည့်အတိုင်းပင်။ လီယွင်ကျန်းနှင့် အရာရှိ စစ်ဖက်အရာရှိများ အင်မတန်အလုပ်များနေသည်။ သူတို့သည် သားရဲဒီရေအတွင်းရှိ နောက်ဆက်တွဲကို ဖြေရှင်းရမည်။ သူတို့က မြို့ကြီးများကို ပြန်လည်တည်ဆောက်ရမည်ဖြစ်ကာ သေဆုံးသွားသော မိသားစုဝင်များကို လျော်ကြေးပေးရမည်။
သေဆုံးသွားသူများ၏ မိသားစုများကို နှစ်သိမ့်ပေးရမည်။
သူတို့ပြန်လာသည်နှင့် စီးဝူယာ့သည် လီယွင်ကျန်းဆီသွားကာ အလုပ်ချက်ချင်းလုပ်လေ၏။
မြို့တော်နှင့် နန်းတော်သည် တာ့ထန်မြို့အလယ်တွင်ရှိနေ၏။ သူတို့က ထိခိုက်သွားသည့် ပတ်လမ်းလေးခုနှင့် ကြယ်တာရာစုစည်းရေးအစီအရင်တို့နှင့် ဝေးသည်။ ထို့ကြောင့် ဆိုးဆိုးရွားရွား ထိခိုက်သွားခြင်းမရှိပေ။ ကြမ်းတမ်းခက်ထန်သားရဲတို့သည် လာတိုက်ခိုက်ခဲ့သော်ငြား ရှန်ရှီ၊ မုန့်ချန်းသုံနှင့် အဖြူရောင်မျှော်စင် အဖွဲ့အစည်းများ၏ အဖွဲ့သားများက သူတို့ကို အလွယ်တကူ ဖယ်ရှားခဲ့၏။
ကြမ်းတမ်းခက်ထန်သားရဲများ ထပ်မံတိုက်ခိုက်လာမှာကို စိုးရိမ်သောကြောင့် အဖြူရောင်မျှော်စင် အဖွဲ့အစည်း၏ မိတ်ဖက်အဖွဲ့အစည်းနှင့် အဖြူရောင်မျှော်စင်အဖွဲ့သားများသည် မထွက်သွားဘဲ ပတ်လမ်းလေးခုကို ဆက်လက်စောင့်ကြပ်ပေးနေသည်။
ညနေစောင်းအချိန် တည်တံ့ရေးခန်းမထဲတွင်ဖြစ်သည်။
ရှောင်ယွင်ဟယ်သည် မိစ္ဆာဝေဟင်မျှော်နန်း၏ အစောင့်အရှောက် မုန့်ချန်းသုံဆီမှ အဖြစ်အပျက်ကို ကြားသောအခါ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ သူက ပြောလိုက်လေ၏။
“တာ့ထန်က ဒီလိုကပ်ဘေးကို ခံစားရမယ်မှန်း သိရင် အဲဒီနေ့က ငါ မထွက်သွားဘူး”
လုကျိုးက ခေါင်းခါပြီး ပြောလိုက်လေ၏။
“အချိန်လွန်မှ သိတဲ့အသိက ၂၀-၂၀ပဲ”
“၂၀-၂၀လား”
လုကျိုးသည် မရှင်းပြချင်သောကြောင့် အကြောင်းအရာကို လျင်မြန်စွာပြောင်းလိုက်သည်။
“မင်းမှာ အပြာရောင်သလင်းကျောက် ၃ခုရှိတယ်လို့ကြားထားတယ် ဟုတ်လား”
ရှောင်ယွင်ဟယ်က အံ့ဩသွားပြီး ပြောလိုက်၏။ “အစ်ကိုလု အပြာရောင်သလင်းကျောက်တွေ ရှာနေတာလား”
“ဟုတ်တယ်” လုကျိုးက ခေါင်းညိတ်ပြီးပြောလိုက်သည်။
ရှောင်ယွင်ဟယ်က သက်ပြင်းချပြီးပြောလိုက်သည်။
“ကျုပ် အပြာရောင်သလင်းကျောက် ၃ခုရှာဖို့ အချိန် ၁၀နှစ်နီးပါးသုံးလိုက်ရပေမဲ့ သူတို့ထဲက တစ်ခုမှာပဲ မဟာလေဟာနယ်စွမ်းအင်ရှိတယ်။ စုပ်ယူဖို့ ကြိုးစားခဲ့ပေမဲ့ ကျုပ်ရဲ့မွေးဖွားနန်းဆောင်ကို မပြင်နိုင်ခဲ့ဘူး။ အစ်ကိုလု လိုအပ်တယ်ဆိုရင် အဲဒါတွေကို အစ်ကိုလုဆီ ကျုပ်ပေးမယ်”
“အပြန်အလှန်အနေနဲ့ ငါ မင်းရဲ့မွေးဖွားနန်းဆောင်ကို ပြုပြင်ပေးဖို့ ငါ့ရဲ့ကုသရေးစွမ်းအင်ကို သုံးလိုက်မယ်” လုကျိုးက ပြောလိုက်၏။
ရှောင်ယွင်ဟယ်သည် ထိုစကားကို ကြားသောအခါ အပျော်လွန်သွားတော့သည်။ “တကယ်လား”
“မင်းကို လိမ်လို့ ငါ ဘာအကျိုးရှိမှာလဲ” လုကျိုးက ပြောလိုက်၏။ “ဒါပေမဲ့ မင်းမွေးဖွားဇယားချပ် ၁၀ခု ပြန်ကောင်းလာပြီဆိုတော့ ကုသရေးစွမ်းအင်က သိပ်အသုံးမဝင်လောက်ဘူး”
“အစ်ကိုလုက ကျုပ်ကို ကူညီချင်စိတ်ရှိတာ ကြားရတာနဲ့ ကျေနပ်နေပါပြီ။ ကျုပ် ပြန်သွားပြီး အပြာရောင်သလင်းကျောက် ယူလိုက်ဦးမယ်” ရှောင်ယွင်ဟယ်က ပြောပြီး တည်တံ့ရေးခန်းမထဲမှ ထွက်သွားရန် စိတ်အားထက်သန်နေ၏။
လုကျိုးသည် စိတ်ကျေနပ်စွာခေါင်းညိတ်လိုက်သည်။ ပြီးနောက် စနစ်ဇယားပေါ်ရှိ တွမ့်မူရှန်းနှင့် ပတ်သက်သော တာဝန်ကို ကြည့်လိုက်၏။ ၎င်းက ရှိနေသေးသည်။ သူ သက်ပြင်းချမိသွားသည်။
ခဏအကြာတွင် သူသည် စနစ်မျက်နှာပြင်ပေါ်ကို စစ်ဆေးလိုက်သည်။
ကုသိုလ်မှတ်= ၄၄၆၇၆၀
ကျန်ရှိသောသက်တမ်း= ၁၈၆၁၃၀နှစ် (ရက် ၅၀၉၉၂မှ နှစ်ပေါင်း ၆၀၀သည် အကြောင်းပြန်လှန်ကတ်မှ ဖြစ်သည်)
အသုံးပြုပစ္စည်း= အသေရိုက်ချက်ကတ် ၁ကတ်၊ တိုက်ခိုက်မှုဒဏ်ပြင်းကာကွယ်ကတ် ၁၃၃ကတ်၊ (အလိုအလျောက်သုံး)၊ ရွှေရောင်ထိုက်ရွှီကြေးမုံ၊ ရုပ်ဖျက်ကတ် ၂ကတ်၊ စီစစ်ထုတ်နှုတ်ရေးကတ်၃ကတ်
လက်ရှိ၌ သူ့မှာ ဝှက်ဖဲများ နည်းသွားပြီဖြစ်သည်။
ကံကောင်းသည်မှာ လန်ရှီဟယ်သည် သူမ၏အသက်ကို ခြိမ်းခြောက်နိုင်သည့် ခမ်းနားသော မဟာနည်းစနစ်ကို ထုတ်သုံးပြီး သူတို့ရန်သူများကို ရှင်းခဲ့တာပဲ ဖြစ်သည်။ မဟုတ်လျှင် သူ့၌ ကုသိုလ်မှတ် ဤမျှ ကျန်မှာ မဟုတ်။ သူ ကုသိုလ်မှတ် သိပ်မဖြုန်းခဲ့ပေ။ သူသည် နောက်ဆုံးအခေါက်၌ လုဝူကို ဖြေရှင်းရန် နောက်ဆုံး သာမန်အသေရိုက်ချက်ကတ်တစ်ကတ်သာ ဝယ်ခဲ့၏။ လုကျိုးက သူ၏ ကုသိုလ်မှတ်များကို စိတ်ထဲမထားတော့ဘဲ ကောင်းကင်ကျမ်းစာစွမ်းအင်ကို ဆင်ခြင်သုံးသပ်တော့သည်။
သိပ်မကြာခင် လုကျိုးသည် သူ၏အထွတ်အထိပ်ဆန်းကြယ်စွမ်းအား အများစု ပြန်လည်ရရှိလာ၏။
သူတို့သည် ကျန်းပေ့ပတ်လမ်းထဲရှိ သားရဲဘုရင်အသက်ဓာတ်နှလုံးသားကို ပြန်ယူလာရန် တစ်စုံတစ်ယောက်ကို အမိန့်ပေးလိုက်၏။
လုကျိုးက ရှောင်ယွင်ဟယ်ပြန်အလာကို စောင့်နေသည်။ သူသည် တွမ့်မူရှန်းကို ထပ်မံစစ်ဆေးရန် ကောင်းကင်ကျမ်းစာ၏ အမြင်စွမ်းအားကို အသုံးပြုလိုက်၏။ ကံဆိုးသည်မှာ မှောင်မည်းနေသေးသည်။
လုကျိုး၏ စိတ်ထဲ၌ စိတ်ကူးတချို့ ရုတ်တရက် ပေါ်လာလေ၏။ နေစမ်းပါဦး ... သူ သတိလစ်နေတုန်းများလား။ အစောတုန်းက ဒါကို ဘာကြောင့် မစဉ်းစားမိတာလဲ။ စဉ်းစားပြီးနောက် တွမ့်မူရှန်း သတိလစ်နေတာ ဖြစ်နိုင်ခြေ မြင့်သည်ဟု တွေးမိသွားသည်။
လုဝူက အလွန်အသိဉာဏ်ကြီးသည်။ သူက လူသားများထက် မနိမ့်ပေ။ သူက မဟာလေဟာနယ်မျိုးစေ့ကို လိုချင်ပါက တွမ့်မူရှန်းကို ချက်ချင်းသတ်ဖြတ်မှာမဟုတ်။ တကယ်တော့ သူ ကယ်တင်ရန် ကြိုးစားလာသည့် လူတစ်ယောက် သေဆုံးသွားလျှင် မဟာလေဟာနယ်မျိုးစေ့က ဖျက်ဆီးခံရလိမ့်မည်။ မဟာလေဟာနယ်မျိုးစေ့ သို့မဟုတ် ၎င်း၏စွမ်းအင်ကို လက်ခံနိုင်မည်သူ့ အသက်ရှင်လျက် ရှိမှသာလျှင် ရိတ်သိမ်ခြင်း သို့မဟုတ် စုပ်ယူခြင်း ပြုလုပ်နိုင်မည်။ ထိုစဉ်က အဖြူရောင်အဖွဲ့အစည်း၏ လျှံရှင်းသည် ကျောင်းယွဲ့၏မဟာလေဟာနယ်စွမ်းအင်ကို လိုချင်သောကြောင့် နည်းနည်းချင်း စုပ်ယူရုံသာတတ်နိုင်၏။
ပြီးနောက် လုကျိုးက အပြာရောင်သလင်းကျောက်တာဝန်ကို ကြည့်လိုက်၏။ သူက လက်ရှိ၌ အပြာရောင်သလင်းကျောက် ၄ခု ပိုင်ဆိုင်ပြီးသားဖြစ်၏။ သူသည် ရှောင်ယွင်ဟယ်ဆီမှ အပြာရောင်သလင်းကျောက် ၃ခုကို ထည့်တွက်လိုက်လျှင် အပြာရောင်သလင်းကျောက် ၇ခုရှိသွားလိမ့်မည်။ သူ တစ်ခုသာလိုနေ၏။
ထိုစဉ် စတုတ္ထတပည့်ကို သတိရသွားသည်။ သူ၏စတုတ္ထတပည့်က အပြာရောင်သလင်းကျောက်များကို ရှာတွေ့ပြီလားဟု သူ သိချင်မိ၏။
တစ်ချက်ကြည့်လိုက်ရအောင်။
လုကျိုးသည် ကောင်းကင်ကျမ်းစာ၏အမြင်စွမ်းအားကို အသက်သွင်းလိုက်၏။
ခေါ ခလူး ခလူး
ခေါ ခလူး ခလူး
“...”