အခန်း (၁၁၃၅-၁၁၃၇)
Vol. 76 Ch. 1135-1137
အခန်း (၁၁၃၅) အဖြူရောင်မျှော်စင်အဖွဲ့အစည်း၏ မျှော်စင်သခင်ရာထူး
လုကျိုးက ပြောလိုက်လေ၏။
“မင်း ပြန်သွားတဲ့အချိန်ကျ ငါ စကားကို ရုပ်သိမ်းမှာ မဟုတ်ကြောင်း မျှော်စင်သခင်လန်ကို ပြောလိုက်”
နဉ်ဝမ်ချင်းက ပြောလိုက်၏။ “ဟုတ်ကဲ့”
နဉ်ဝမ်ချင်းက ကျောမတ်လိုက်လေ၏။ သူ မထွက်သွားခဲ့ပေ။ သူ၏အကြည့်က လေထဲကို ကြောင်အစွာ ကြည့်နေမိသည်။ သူက စွမ်းအင်အတက်အကျကို ခံစားမိပြီး မပျောက်ကွယ်သွားသေးသည့် မဟာလေဟာနယ်စွမ်းအင် အကြွင်းအကျန်ကို ခံစားမိ၏။ ခဏအကြာ၌ သူ မေးလိုက်သည်။
“ကျုပ် မေးစရာတစ်ခုရှိပါတယ်”
“ပြောပါ”
“ညီလေးတွမ့်မူက မျှော်နန်းသခင်လုရဲ့ တတိယတပည့်။ သူက မဟာလေဟာနယ်မျိုးစေ့ကို ပိုင်ဆိုင်ထားတယ်။ မျှော်စင်သခင်လန်က ဆဌမတပည့်မိန်းကလေးယဲ့ဆီမှာ မဟာလေဟာနယ်မျိုးစေ့ပိုင်ဆိုင်ထားကြောင်းလည်း ပြောဖူးတယ်။ ကျုပ် စူးစမ်းချင်တာ မဟုတ်ပေမဲ့ ကျုပ် သေချာပြောလို့မရတဲ့ကိစ္စတွေရှိပါတယ်” နဉ်ဝမ်ချင်းက အထစ်ထစ်အငေါ့ငေါ့ဖြစ်နေ၏။
“မင်းကို လွတ်လွတ်လပ်လပ်ပြောခွင့်ပေးတယ်။ ပြောစရာရှိရင် ပြောလိုက်” လုကျိုးက ပြောလိုက်၏။
“ညီလေးတွမ့်မူက မဟာလေဟာနယ်စူးစမ်းရှာဖွေရေးမှာ မပါခဲ့ဘူး။ အခုသူ့ရဲ့ကျင့်ကြံဆင့်နဲ့ဆို သူက အမည်မဲ့ကုန်းမြေကို မဝင်နိုင်ဘူး။ မိန်းကလေးယဲ့ကလည်း တူတူပဲ။ ဒါကြောင့် သူတို့မှာ မဟာလေဟာနယ်မျိုးစေ့ပဲဖြစ်ဖြစ် မဟာလေဟာနယ်စွမ်းအင်ပဲဖြစ်ဖြစ် သူတို့ကို မျှော်နန်းသခင်လု ချီးမြှင့်ထားတာလို့ တွေးမိတယ်” နဉ်ဝမ်ချင်းက ပြောလိုက်၏။ သူက ခဏတဖြုတ်ရပ်တန့်ပြီးနောက် မေးလိုက်သည်။
“ဒီလိုသာဆိုရင် ဘာလို့များ မျှော်နန်းသခင်ဆီမှာ စွမ်းအင်တွေမသုံးတာလဲ”
လုကျိုးက တည်ငြိမ်စွာပြန်ပြောလိုက်၏။ "မိုးနဲ့မြေအတားအဆီး”
မိုးနဲ့မြေအတားအဆီးက မည်သည့်အရာဖြစ်စေကာမူ သူသည် လှည့်စားနိုင်သည့်မေးခွန်းများကို ဖြေဖို့ ၎င်းတို့ကို သုံးနိုင်သည်။ ဆိုရလျှင် မဟာလေဟာနယ်မျိုးစေ့ထက်ပိုပြီး မှင်တက်ဖွယ်ကောင်းသည့် အပြာရောင်ကြာပွင့်ရှိနေကြောင်း လူတိုင်းကို သူ မပြောပြနိုင်မဟုတ်ပါလော။
နဉ်ဝမ်ချင်းက သူ့ဖာသာသူ ခဏတဖြုတ်စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်၏။
“ကျုပ် သိပြီ”
လန်ရှီဟယ်သည် သူမ၏အဆုံးသတ်ကို ရင်ဆိုင်နေရ၏။ သူမသည် ပြဿနာကို ဖြေရှင်းရန် မဟာလေဟာနယ်စွမ်းအင်ကို ရှာဖွေခဲ့သော်ငြား ၎င်းက အသုံးမဝင်ပေ။ သူမ လေဟာနယ်စွမ်းအင်သည် ပွင့်ချပ်ရှစ်လွှာ သို့မဟုတ် ကိုးလွှာ၏ အကန့်အသတ်အတားအဆီးကို ချိုးဖြတ်နိုင်သော်ငြား လန်ရှီဟယ်၏ကျင့်ကြံမှုတွင်ရှိသော အမှားကို မပယ်ရှားနိုင်ပေ။
ထိုစဉ် နဉ်ဝမ်ချင်းက ရုတ်တရက်ဦးညွတ်ကာ ပြောလိုက်လေ၏။
“ညီလေးတွမ့်မူက မဟာလေဟာနယ်မျိုးစေ့ကို ပိုင်ဆိုင်ထားတဲ့အချက်အလက်ကို လျှို့ဝှက်ထားပေးပါမယ်။ လျှို့ဝှက်ချက်နည်းနည်းလေးပေါက်ကြားခဲ့ရင်တောင် ကျုပ် ဆိုးဆိုးရွားရွား သေမှာပါ”
“မင်းကို တိတ်တဆိတ်သတ်လိုက်မှာစိုးရိမ်နေတာလား” လုကျိုးက မေးလိုက်၏။
“ကျုပ် ...”
“ဒါပေါ့” နဉ်ဝမ်ချင်းသည် သူ့ကို လုကျိုး တိတ်တဆိတ် သတ်မှာကို စိုးရိမ်နေမိသည်။ သို့သော် သူက ပြောလိုက်၏။
“မလိုလားအပ်တဲ့ပြဿနာတွေကို ရှောင်ရှားဖို့ တင်းတင်းကြပ်ကြပ်လျှို့ဝှက်ထားသင့်တယ်လို့ တွေးမိတာပါ”
လုကျိုးက နဉ်ဝမ်ချင်းကို ကြည့်လိုက်သည်။ ခဏတာတိတ်ဆိတ်နေပြီးနောက် သူက မေးလိုက်လေ၏။
“ဒီလောကမှာ ငါ့ပစ္စည်းတွေကို ဘယ်သူက တပ်မက်ရဲမယ်လို့ထင်လဲ။"
နဉ်ဝမ်ချင်းက ပြောလိုက်၏။ "မျှော်နန်းသခင်လုရဲ့ ကျင့်ကြံဆင့်က မြင့်လွန်းပါတယ်။ မျှော်နန်းသခင်လုက အကြီးမြတ်ဆုံးပါပဲ။ ဒါပေမဲ့ ...” သူက မပြောခင် ခဏရပ်တန့်လိုက်၏။
“မဖော်ထုတ်ရသေးတဲ့ ကုန်းမြေလေးခုက ကျုပ်တို့နဲ့ သီးခြားစီဖြစ်နေတာ ကြာလှပါပြီ။ မဟာလေဟာနယ်ကလွဲရင် တခြားမဖော်ထုတ်ရသေးတဲ့ ကုန်းမြေသုံးခုရှိတယ်။ အဲ့ဒီမှာ မွေးဖွားဇယားချပ် ၁၅ခုကျော်ပိုင်ဆိုင်တဲ့ ပညာရှင်တွေရှိလောက်တယ်”
“မွေးဖွားဇယားချပ် ၁၅ခုလား” လုကျိုးက မျက်ခုံးတစ်ဖက်တွန့်ပြီး မျက်မှောင်ကျုံ့မိသွားသည်။
“ကျုပ်က ငယ်ရွယ်ပြီးအသိဉာဏ်က တိမ်ပါးပါတယ်။ ဒါကြောင့် ကြားဖူးတာပဲရှိတာပါ။ မှန်လားဆိုတာ မသိပါဘူး” နဉ်ဝမ်ချင်းက ပြောလိုက်၏။
လုကျိုးသည် နှင်းတောင်ထွတ်ပေါ်တွင်ရှိသော အအေးရေကန်နားတွင် သူ ကြုံတွေ့ခဲ့ရသည့် ချင်မျိုးနွယ်၏သခင်လေး ချင်မော့ရှန်းကို တွေးမိသွားသည်။ အစိမ်းရောင်ကြာနယ်မြေ၏ တည်ရှိမှုကို အတည်ပြုပြီးဖြစ်ကာ ချင်မျိုးနွယ်၏ သရဲအစေခံက အနီရောင်ကြာနယ်မြေဆီသို့ ရောက်လာ၏။ နဉ်ဝမ်ချင်း၏စကားမျာက မမှန်တာမဟုတ်ပေ။ မိုးနဲ့မြေအတားအဆီးက လူတိုင်းကို ကန့်သတ်ထားပုံပေါ်၏။ သူ၏ သတ္တမမြောက်တပည့်၏ ကောက်ချက်ချမှုသာ မှန်ကန်ခဲ့မည်ဆိုလျှင် ကျန်သည့်နေရာနှစ်ခုက မည်သို့ဖြစ်နေမည်နည်း။
ခဏအကြာ၌ လုကျိုးက ပြောလိုက်သည်။
“မင်း ပြန်သွားပြီး မင်းရဲ့အကြီးအကဲတွေကို သတင်းပို့သင့်ပြီ။ သုံးရက်အတွင်း အဖြူရောင်မျှော်စင်အဖွဲ့အစည်းဆီ လာခဲ့မယ်”
နဉ်ဝမ်ချင်းက ခေါင်းညိတ်ပြီးပြောလိုက်၏။ “နားလည်ပါပြီ”
နဉ်ဝမ်ချင်း ထွက်သွားပြီးနောက် လုကျိုးသည် မိစ္ဆာဝေဟင်မျှော်နန်း၏အစောင့်အရှောက် မုန့်ချန်းသုံကို တည်တံ့ရေးခန်းမသို့ ဆင့်ခေါ်ရန် တစ်စုံတစ်ယောက်ကို ခိုင်းလိုက်၏။ ပြီးနောက် သူသည် မုန့်ချန်းသုံနှင့် ကျောင်းဟုန်ဖုကို ယဲ့ထျန်းရှင်းအား အနီရောင်ကြာနယ်မြေရှိ မြို့တော်ဆီ ခေါ်လာခိုင်းလိုက်၏။
မိစ္ဆာဝေဟင်မျှော်နန်းတွင်ဖြစ်သည်။ ယဲ့ထျန်းရှင်းက သူမရှစ်စွင်း၏အမိန့်ကို ကြားသောအခါ ဇဝေဇဝါဖြစ်သွားတော့သည်။
“ဝူရှစ်ကျဲ ရှစ်စွင်းက ဘာလို့ခေါ်တာတဲ့လဲ” ယဲ့ထျန်းရှင်းက မေးလိုက်၏။
ကျောင်းယွဲ့က ခေါင်းခါကာ ပြောလိုက်တော့သည်။
“အစောင့်အရှောက်မုန့်က အမိန့်ပဲ ပါးပေတာ။ ကျန်တာ ဘာမှမပြောဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ညီမ မိစ္ဆာဝေဟင်မျှော်နန်းထဲ ရှိတာ ကြာနေပြီ။ အပြင်ထွက်ပြီးပျော်တာလည်း ကောင်းတာပဲ။ အစ်မလည်း အပြင်ထွက်ချင်ပေမဲ့ သွားလို့မရသေးဘူး”
ယဲ့ထျန်းရှင်းက ခေါင်းညိတ်ကာပြောလိုက်၏။
“ရှစ်စွင်း အမိန့်ပေးတာဆိုတော့ ညီမ နာခံရမှာပေါ့။ ညီမ ချန်ဝှမ်းကို ချန်ထားခဲ့ရမှာ စိတ်ပူလို့”
သင်္ကေတလမ်းကြောင်းက ထိုမျှ မကြီးပေ။ ချန်ဝှမ်းက အရွယ်အစားချုံ့ထားသော်ငြား သင်္ကေတလမ်းကြောင်းအတွက် ကြီးလွန်းနေသေး၏”
“လျှိုရှစ်မေ့ အကြောင်းမဲ့စိုးရိမ်ပူပန်နေတာပဲ။ ချန်ဝှမ်းကို ဘယ်သူက တပ်မက်ရဲမှာလဲ”
ကျောင်းယွဲ့က ပြောလိုက်၏။
ယဲ့ထျန်းရှင်းသည် အချိန်မဖြုန်းတော့ဘဲ မိစ္ဆာဝေဟင်မျှော်နန်းရှိ လူများကို နှုတ်ဆက်ပြီးနောက် ကျောင်းဟုန်ဖု၏ သင်္ကေတလမ်းကြောင်းကနေ အနီရောင်ကြာနယ်မြေဆီသွားလိုက်သည်။
နေဝင်တော့မည့်အချိန်တွင် ကျောင်းဟုန်ဖုသည် ယဲ့ထျန်းရှင်းကို တည်တံ့ရေးခန်းမ ဝင်ပေါက်ဆီသို့ ခေါ်သွားတော့၏။ ပြီးနောက် သူမက သာမန်ကာလျှံကာ ပြောလိုက်တော့သည်။
“ဆဌမသခင်မလေး ... အမ်း ကျွန်မ ဒီလိုပြုမူရတာကို တကယ်သဘောမကျဘူး။ အစ်မယဲ့ မျှော်နန်းသခင် အထဲမှာရှိတယ်”
ယဲ့ထျန်းရှင်းသည် ဤသို့အမည်တပ်ခေါ်ဝေါ်တာကို စိတ်ထဲမထားပေ။ ကြားကောင်းနေသရွေ့ အဆင်ပြေနေသည်။ သူမက ပြုံးလျက်မေးလိုက်သည်။
“မင်းက ရှစ်စွင်း လတ်တလောမှခေါ်ထားတဲ့ သင်္ကေတပညာရှင် ကျောင်းဟုန်ဖု ဟုတ်တယ်မလား”
“အစ်မယဲ့ ကျွန်မအကြောင်းကြားဖူးတယ်လား။ ကျွန်မ ဒီလောက်နာမည်ကြီးနေပြီလား” ကျောင်းဟုန်ဖုက ဝမ်းသာအားရပြောလိုက်လေ၏။
ယဲ့ထျန်းရှင်းက ပြုံးလျက်ပြောလိုက်သည်။ "တို့ကို ဒီခေါ်လာပေးတာ ကျေးဇူးပါပဲ"
“မပြောပလောက်ပါဘူး။ မပြောပလောက်ပါဘူး” ကျောင်းဟုန်ဖုက ပြောပြီးနောက် သူမကို အထဲသို့ ဝင်ခိုင်းလိုက်သည်။
ယခုက ယဲ့ထျန်းရှင်း ရွှေကြာနယ်မြေမှ ထွက်ခွာလာသည့် ပထမဆုံးအကြိမ်ဖြစ်ကာ ပတ်ဝန်းကျင်အသစ်ကို အသားမကျသေးတာ သဘာဝကျသည်။ သူမသည် ခန်းမထဲဝင်ချိန်၌ သိချင်စိတ်ဖြင့် ဘေးပတ်ဝန်းကျင်ကို ကြည့်ပြီး မျက်နှာပေါ်တွင် တည်ကြည်သည့်အမူအရာဖြင့် တင်ပျဉ်ခွေချိတ်ထိုင်ပြီး ခမ်းနားထည်ဝါသော ချောမောခံ့ညားသည့် လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ဒါက ရှစ်စွင်းလား ...
စီးဝူယာ့သည် မိစ္ဆာဝေဟင်မျှော်နန်းထဲရှိ လူတိုင်းကို သူတို့ရှစ်စွင်း၏သွင်ပြင်ပြောင်းလဲမှုအကြောင်း ပြောခဲ့သော်ငြား သူတို့ရှစ်စွင်းကို မြင်တွေ့လိုက်ရချိန် ထိတ်လန့်နေသေး၏။
ထိုစဉ် လုကျိုးက မျက်လုံးဖြည်းဖြည်းချင်းဖွင့်လိုက်သည်။ သူ၏အကြည့်က တောင့်တင်းနေသော အဖြူရောင်ဝတ်ရုံရှင် ယဲ့ထျန်းရှင်းဆီရောက်သွား၏။
“ထိုင်”
ရင်းနှီးနေသည့်အသံနှင့် သဘောထား။
ယဲ့ထျန်းရှင်းက မြေပြင်ပေါ် ချက်ချင်းဒူးထောက်လိုက်၏။
“ရှစ်စွင်းကို နှုတ်ခွန်းဆက်ပါတယ်”
“ကျင့်ဝတ်ထုံးထမ်းတွေမလိုဘူး” လုကျိုးကပြောလိုက်၏။
“ကျေးဇူးပါ ရှစ်စွင်း” ယဲ့ထျန်းရှင်းက ထပြီးနောက် အနီးရှိအခင်းပေါ်၌ ဒူးထောက်လိုက်ပြန်၏။
လုကျိုးသည် သူမအရှိန်အဝါကို အာရုံခံပြီးပြောလိုက်သည်။
“မင်းရဲ့ကျင့်ကြံဆင့် တိုးတက်မှုက မြန်တာပဲ”
“အားလုံးက ရှစ်စွင်းရဲ့ လမ်းညွှန်ပြသမှုကြောင့် ဒီလိုတိုးတက်လာတာပါ။" ယဲ့ထျန်းရှင်းက ပြောလိုက်သည်။
“မင်း လောင်ပါ့ဆီကနေ မျက်နှာချိုသွေးတဲ့ပညာကို ဘယ်တုန်းက သင်ယူလိုက်တာလဲ” လုကျိုးက မေးပြီး စိတ်ရှုပ်ထွေးသွားလေ၏။
ယဲ့ထျန်းရှင်းက အနေခက်သွားပြီးခေါင်းငုံ့လိုက်လေ၏။
လုကျိုးက ပြောလိုက်သည်။ “ထားလိုက်တော့။ မင်းကို ဒီနေရာခေါ်လိုက်တာက မင်းကို လက်ဆင့်ကမ်းပေးစရာရှိလို့ပဲ”
“ရှစ်စွင်း အမိန့်ရှိပါ”
“မင်းကို အဖြူရောင်မျှော်စင်အဖွဲ့အစည်းရဲ့မျှော်စင်သခင်ရာထူးလွှဲယူစေချင်တယ်” လုကျိုးက ပြောလိုက်၏။
ယဲ့ထျန်းရှင်းက မှင်တက်သွားတော့သည်။
လုကျိုးက ပြောလိုက်သည်။
“အဖြူရောင်မျှော်စင်အဖွဲ့အစည်းက အဖြူရောင်ကြာနယ်မြေထဲမှာ ဟန်ချက်ထိန်းတဲ့ အဓိက အင်အားစုတွေထဲက တစ်ခုပဲ။ မင်း မျှော်စင်သခင်လန်ရှီဟယ်ကို တွေ့ဖူးတာပဲ” ယဲ့ထျန်းရှင်းသည် ယခင်က သူမနှင့်ချန်ဝှမ်းတွေ့ခဲ့ဖူးသည့် ပြိုင်စံရှားအမျိုးသမီးကို သတိရသွားသည်။ သူမက မေးလိုက်လေ၏။ “ဒီတော့ သူက အဖြူရောင်မျှော်စင်အဖွဲ့အစည်းရဲ့ မျှော်စင်သခင်လား”
“ဟုတ်တယ်”
ယဲ့ထျန်းရှင်းက ချက်ချင်းပင် အရိုအသေပေးကာပြောလိုက်၏။
“ရှစ်စွင်း တပည့်က မိစ္ဆာဝေဟင်မျှော်နန်းကို သစ္စာရှိပြီး တခြားရည်ရွယ်ချက် မရှိပါဘူး။ အဲ့ဒီရာထူးကို တခြားသူဆီပေးလိုက်တာ ပိုကောင်းပါတယ်”
လုကျိုးက ခေါင်းခါပြီး ပြောလိုက်၏။ "ငါက မင်းကိုယ်စား သဘောတူထားပြီးပြီ”
“ဒါက ရှစ်စွင်း တပည့်ရဲ့ကျင့်ကြံဆင့်က နိမ့်လွန်းပါတယ်။ အဲ့ဒီအရေးကြီးတဲ့တာဝန်ကို မယူနိုင်မှာစိုးရိမ်မိပါရဲ့။ ကောင်းကောင်းမဆောင်ရွက်နိုင်ရင် ရှစ်စွင်းကို အရှက်ရစေမှာစိုးတယ်။ တပည့် ...” ယဲ့ထျန်းရှင်းက ပြောလိုက်၏။
လုကျိုးက ဖြတ်ပြောလိုက်သည်။ “မိစ္ဆာဝေဟင်မျှော်နန်းရဲ့လူတွေထဲမှာ မင်းက ဒီရာထူးနဲ့ အသင့်တော်ဆုံးပဲ။ မင်းက လရောင်ဆွတ်နန်းတော်ရဲ့ နန်းတော်သခင်ဖြစ်ခဲ့ဖူးတယ်။ ဒီတော့ မင်းမှာ ဦးဆောင်နိုင်စွမ်းရှိတယ်။ မင်းရဲ့ တာ့ရှစ်ရှိုးနဲ့ အာ့ရှစ်ရှိုးက ယောက်ျားသားတွေ ဒီနေရာနဲ့ အဆင်မပြေဘူး။ မင်းရဲ့ စန်းရှစ်ရှိုး တည်နေရာလည်း မသိရသေးဘူး။ ကျောင်းယွဲ့က တာ့ယွမ်မှာနေဖို့လိုတယ်။ ရှောင်ယွမ်အာနဲ့ခရုလေးက ငယ်လွန်းတယ်။ ဒါကြောင့် မင်းက အသင့်တော်ဆုံးလူပဲ” ထိုစကားများက ယဲ့ထျန်းရှင်းကို တွေဝေသွားစေ၏။
တစ်ချိန်တည်းတွင် စီးဝူယာ့၏အသံက အပြင်ဖက်မှပြန့်လွင့်လာလေ၏။
“လျှိုရှစ်ကျဲ ကျွန်တော်တို့မှာ အခု သင်္ကေတလမ်းကြောင်းရှိနေပြီ။ ရှစ်ကျဲ စိတ်တိုင်းကျ သွားလာနိုင်တယ်။ ဒါ့အပြင် ရှစ်စွင်းရဲ့ ပံ့ပိုးမှုနဲ့ဆို ဘာများကြောက်စရာရှိမှာလဲ” စီးဝူယာ့ဝင်လာပြီးနောက် လုကျိုးရှေ့၌ ဒူးထောက်လိုက်လေ၏။
“ရှစ်စွင်းကို နှုတ်ခွန်းဆက်ပါတယ်”
“ထရပ်ပြီး စကားပြောလှည့်။"
စီးဝူယာ့က ပြောလိုက်သည်။ “လျိုရှစ်ကျဲ ဒါက ရှစ်ကျဲအတွက် အခွင့်အရေးတစ်ခုလည်းဟုတ်တယ်။ ပြောရရင် ရှစ်စွင်းက ဘယ်လောက်ပဲသန်မာသန်မာ ရှစ်စွင်းက လူတစ်ယောက်ပဲ။ သူ တစ်ခါတည်း မလုပ်နိုင်တဲ့ကိစ္စတွေရှိတယ်”
တနည်းအားဖြင့် တပည့်တစ်ယောက်အနေဖြင့် ယဲ့ထျန်းရှင်းသည် သူမဆရာ၏ ဝန်ထုပ်ဝန်ပိုးများကို မျှခံသင့်သည်။
ယဲ့ထျန်းရှင်းက ထိုစကားကိုကြားသောအခါ စိတ်နှလုံးလှုပ်ရှားသွားလေ၏။ သူမ ချက်ချင်း ပြောလိုက်တော့သည်။ “ရှစ်စွင်းက တပည့်ကို ယုံရင်အကောင်းဆုံးကြိုးစားပါ့မယ်”
လုကျိုးက ခေါင်းညိတ်ပြီးပြောလိုက်၏။ "မင်း တကယ်သဘောမကျရင် အဲ့ဒီအချိန်ကျ ထွက်လာလို့ရတယ်။ ဟုတ်ပြီ အရင်အနားယူလိုက်ဦး။ နှစ်ရက်အတွင်း ငါ့ကို လာတွေ့လှည့်"
“နားလည်ပါပြီ”
ယဲ့ထျန်းရှင်း ထွက်သွားပြီးနောက် လုကျိုးသည် စီးဝူယာ့ကို တာ့ထန်အကြောင်းပြောလိုက်သည်။ အရာအားလုံး အစီအစဉ်တကျဖြစ်ရမည်။ ထို့ကြောင့် သူသည် စီးဝူယာ့ကို သွားခိုင်းလိုက်သည်။
နှစ်ရက်ကြာပြီးနောက် ပေတစ်သိန်းခန့်မြင့်သည့် အဖြူရောင်မျှော်စင်ထဲတွင်ဖြစ်သည်။
လန်ရှီဟယ်က ၇၂လွှာတွင် ရပ်နေပြီး မြေပြင်ကို ကြည့်လိုက်၏။
ဝတ်ရုံပြာအမျိုးသမီးလက်ထောက်ကပြောလိုက်တော့သည်။
“မျှော်စင်သခင် ... မျှော်စင်သခင်ရဲ့ရာထူးကို မျှော်နန်းသခင်လုရဲ့တပည့်ဆီ တကယ်ပေးဖို့ စီစဉ်ထားတာလား”
“မျှော်နန်းသခင်လုရဲ့ တပည့်တွေထက် ပိုသင့်တော်တဲ့လူကို တွေးမိလား" လန်ရှီဟယ်က ခေါင်းမော့လျက် ကောင်းကင်ကို မော့ကြည့်လိုက်သည်။
…
အခန်း (၁၁၃၆) ပါရမီထူးကဲသော
အပြာဝတ်အမျိုးသမီးက ခေါင်းခါကာ ပြောလိုက်သည်။
"ကျွန်မ မသိဘူး"
လန်ရှီဟယ်က သူမကို ဘာမှမဆူပေ။ ထိုအစား သူမက ပြောလိုက်၏။
"ပြည့်ပြည့်စုံစုံ သင့်တော်တဲ့သူဆိုပြီး မရှိဘူး။ ဒီရာထူးအတွက် တစ်စုံတစ်ယောက်ကို ပြုစု ပျိုးထောင်ပေးချင်ပေမဲ့ အချိန်မလုံလောက်တော့ဘူး”
“မျှော်နန်းသခင်လုရဲ့ ကျင့်ကြံဆင့်က အဆင်ပြေတယ်။ ဒါပေမဲ့ သူ့အပြုအမူက…”
“သူသာ တစ်ကိုယ်ကောင်းဆန်တယ်ဆိုရင် သူ့တပည့်တွေကို မဟာလေဟာနယ်မျိုးစေ့ ပေးပါ့မလား”
အပြာဝတ်အမျိုးသမီးက ထိုစကားများကြောင့် ဆွံ့အသွားလေ၏။
ထိုစဉ် နောက်ထပ် အမျိုးသမီးတစ်ဦးက အပြင်ဘက် ရောက်ရှိလာကာ ဦးညွှတ်ရင်း ပြောလိုက်သည်။
“ မျှော်စင်သခင် … မျှော်နန်းသခင်လု ရောက်လာပါပြီ”
“သူတို့ကို လေ့ကျင့်ရေးခန်းမဆောင်ထဲ ခေါ်သွား”
“ဟုတ်ကဲ့”
လန်ရှီဟယ်က လေထုအတွင်း ပျောက်ကွယ်သွားကာ အထပ် ၈၀ ရှိ လေ့ကျင့်ရေးခန်းမအတွင်း မျက်စိတစ်မှိတ်အတွင်း ပေါ်ထွက်လာခဲ့သည်။
၁၅မိနစ်ခန့် ကြာမြင့်ပြီးသည့်နောက်တွင် လုကျိုးက သူ့တပည့်သုံးဦးနှင့်အတူ လေ့ကျင့်ရေး ခန်းမဆောင်အတွင်း ရောက်ရှိလာ၏။
လန်ရှီဟယ်က အားလုံးကို ခြုံငုံကြည့်လိုက်ပြီး တစ်ဦးချင်းစီကို မှတ်သားလိုက်သည်။
ယဲ့ထျန်းရှင်းက ဘယ်ဘက်တွင်ရှိပြီး စီးဝူယာ့က အလယ်တွင်ရှိကာ အငယ်ဆုံး ရှောင်ယွမ်အာက ညာဘက်တွင် ရှိ၏။ သူမက အားလုံးကို တွေ့ဖူးလေသည်။ နောက်ဆုံးတွင် သူမက ပြောလိုက်၏။
“ကျေးဇူးပြုပြီး ထိုင်ကြပါ”
လုကျိုးက လန်ရှီဟယ်ကို ကြည့်လိုက်သည်။ သူ့အနေဖြင့် မည်သည့်အရာ ကွဲပြားနေမှန်း မသိသော်လည်း သူမက အနည်းငယ် ကွဲပြားနေသလို ခံစားနေရသည်။ အဆုံးသတ်တွင် သူက ပြောလိုက်၏။
“မင်း ကြည့်ရတာ နေကောင်းသားပဲ”
ရှောင်ယွမ်အာက နှုတ်ဆက်လိုက်၏။
“မမ ညီမတို့ ထပ်တွေ့ပြန်ပြီ”
လန်ရှီဟယ်၏ မျက်နှာအထက် အပြုံးတောက်တောက်ပပ ပေါ်ထွက်လာကာ ပြောလိုက်သည်။
“မိန်းကလေး ငါ့နား လာထိုင်ပါ့လား”
“အင်းအင်း” ရှောင်ယွမ်အာက လန်ရှီဟယ်ဘေး ရောက်ရှိသွားသည်။
“မရိုင်းပျနဲ့” လုကျိုးက ရှောင်ယွမ်အာကို သတိပေးလိုက်၏။
“ဟုတ်ကဲ့” ရှောင်ယွမ်အာက သူမကိုယ်သူမ ချုပ်ထိန်းကာ လန်ရှီဟယ်ဘေးတွင် ရိုရိုကျိုးကျိုး ဝင်ထိုင်လိုက်သည်။
ယဲ့ထျန်းရှင်းနှင့် စီးဝူယာ့တို့ကလည်း ဂါဝရပြုကာ နှုတ်ဆက်လိုက်၏။
“ မျှော်စင်သခင်လန်”
လန်ရှီဟယ်က ခေါင်းညိတ်လိုက်ပြီး “မှော်နန်းသခင်လုဆီမှာ ဒီလိုမျိုးထူးချွန်တဲ့ တပည့်တွေရှိထားတာ အားကျလိုက်တာ”
လုကျိုးက သက်ပြင်းချလိုက်ပြီး “အဲ့ဒါက သူတို့ကောင်းကောင်းပြုမူတဲ့အခါမှာ မြင်လို့လေ။ သူတို့တွေ ပုန်ကန်တတ်တဲ့အချိန်တုန်းက မြင်မှ မမြင်တာ”
စီးဝူယာ့နှင့် ယဲ့ထျန်းရှင်းတို့က ခေါင်းအသာငုံ့ထားလိုက်ကြပြီး ရှောင်ယွမ်အာကမူ သူမ၏ ကျစ်ဆံမြီးနှင့် ကစားပြီး မကြားသလို ဟန်ဆောင်နေသည်။
လန်ရှီဟယ်က ပြုံးကာပြောလိုက်၏။
“တစ်ရက်တာ ဆရာက တစ်ဘဝတာ မိဘလိုပါပဲ။ မျှော်နန်းသခင်လုကို နားလည်ပါတယ်”
ထိုစကား ပြောပြီးသည့်နောက်တွင် လန်ရှီဟယ်က ချောင်းအသာဟန့်လိုက်သည်။ သူမ၏ မျက်နှာအထက် နုံးချိမှုတို့ ပေါ်ထွက်လာ၏။ သူမက ထိုအရာကို ဖိနှိပ်ဖို့ ကြိုးစားနေသော်လည်း ထပ်မံ ချောင်းဆိုးရုံကလွဲ၍ မတတ်နိုင်ပေ။
လုကျိုးက မေးလိုက်သည်။
“နည်းလမ်းကုန် ကြိုးစားကြည့်ပြီးသွားပြီလား”
လန်ရှီဟယ်က ကူကယ်ရာမဲ့စွာပြောလိုက်သည်။
“တကယ်လို့ နည်းလမ်းကုန် မလုပ်ရသေးရင် ဘယ်လိုလုပ် ဒီအခြေအနေထိ ရောက်လာပါ့မလဲ။ တကယ်လို့ ကျွန်မသာ ဒီပြဿနာကို ဖြေရှင်းချင်တယ်ဆိုရင် တစ်ခုတည်းသော နည်းလမ်းက ကျင့်ကြံဆင့်ကို ဖောက်ထွက်ဖို့ပဲ။ ကျွန်မက ကျင့်ကြံရေးမှာ အမှားအကြီးကြီး လုပ်ခဲ့ပြီးပြီဆိုတော့ ကံဆိုးတာပါပဲ”
လုကျိုးက ထပ်ပြီး မမေးတော့ပေ။
လန်ရှီဟယ်၏ ဘဝအတွေ့အကြုံက လက်ရှိ ရှိနေသည့် လူအားလုံးကို ကျော်လွန်နေသည်။ သူမက မဟာလေဟာနယ် စူးစမ်းရှာဖွေရေးတွင် အသက်ရှင်ကျန်သူ ဖြစ်ခဲ့လေရာ သူမလိုလူမျိုးက နည်းလမ်းမှန်သမျှကို မည်သို့မကြိုးစားကြည့်ဘဲ နေမည်နည်း။
အပြာရောင်သလင်းကျောက်၊ အဆင့်မြင့် အသက်ဓာတ်နှလုံးသား၊ အထွတ်အထိပ်ပစ္စည်းများနှင့် သွေးစတေးရေးပင် ရှိသေးသည်။ သို့သော်လည်း အမျိုးသမီးများက နားလည်ရခက်သည့် သက်ရှိများ ဖြစ်၏။ သွေးစတေးရေးက သူတို့အား မသေနိုင်စွမ်းကို ချီးမြှင့်နိုင်သည်ဆိုလျှင်ပင် သူတို့က ထိုအရာကို လုပ်ဖို့ ကြိုးစားကြည့်ကြမည် မဟုတ်ပေ။
“ယဲ့ထျန်းရှင်း” လုကျိုးက ခေါ်လိုက်သည်။
ယဲ့ထျန်ရှင်းက ထကာ အားလုံးရှေ့ ရပ်လိုက်၏။ သူမ၏ အဖြူရောင်ဆံပင်က အဖြူရောင် ဝတ်ရုံနှင့် ရောနှောနေဟန်ပေါ်သည်။ သူမ၏ ဆံပင်နှင့် အဖြူစွတ်စွတ် ဝတ်ရုံတို့က အဖြူရောင်မျှော်စင်အဖွဲ့အစည်းနှင့် ကိုက်ညီနေပြီး ဤနေရာ၏ သခင်တစ်ယောက်အလား ထင်မှတ်ရစေသည်။
လန်ရှီဟယ်က ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ သို့သော်လည်း သူမက စီးဝူယာ့နှင့် ရှောင်ယွမ်အာကို ကြည့်ပြီး မိစ္ဆာဝေဟင်မျှော်နန်းရှိ လူတိုင်းက အဖြူရောင်မျှော်စင်အဖွဲ့အစည်း၏ မျှော်စင်သခင်ဖြစ်ဖို့ ထိုက်တန်နေကြောင်း တွေးမိသွား၏။
“ဘယ်လိုထင်လဲ” လုကျိုးက မေးလိုက်သည်။
“ကျွန်မ အရမ်းကို ကျေနပ်ပါတယ်။ ယဲ့ထျန်းရှင်းက အဖြူရောင်မျှော်စင်အဖွဲ့အစည်းရဲ့ နောက်မျှော်စင်သခင်ဖြစ်ဖို့ အကောင်းဆုံးရွေးချယ်ခံထဲက တစ်ယောက်ဆိုတာ သံသယဖြစ်ဖို့ မလိုပါဘူး” လန်ရှီဟယ်က ပြန်ဖြေလိုက်သည်။
ထိုစဉ် အပြာဝတ်အမျိုးသမီးက ဝင်လာကာ ဦးညွှတ်ရင်းပြောလိုက်သည်။
“မျှော်စင်သခင် အကြီးအကဲတွေနဲ့ အကဲဖြတ်သူတွေက တွေ့ခွင့်တောင်းနေပါတယ်”
“မရဘူး” လန်ရှီဟယ်က ဆုံးဖြတ်ချက် ပြတ်သားစွာ ပြောလိုက်၏။
“ဒါပေမဲ့ သူတို့ကိုတွေ့ဖို့ ငြင်းဆန်ရင် အတင်းဝင်လာမယ်လို့ ပြောနေပါတယ်” အပြာဝတ်အမျိုးသမီးက ပြောလိုက်သည်။
အပြာဝတ်အမျိုးသမီးက စကားဆုံးအောင် မပြောနိုင်ခင် အဖွဲ့က လေ့ကျင့်ရေးခန်းမဆောင်အတွင်း ဝင်ရောက်လာကြ၏။ အဖြူဝတ်ကျင့်ကြံသူ ၁၀ယောက်ကျော်ရှိပြီး အမျိုးသားတစ်ဝက်၊ အမျိုးသမီးတစ်ဝက် ပါဝင်ကြသည်။ အားလုံးက ဦးညွှတ်လိုက်ကြ၏။
“မျှော်စင်သခင်ကို ဂါဝရပြုပါတယ်”
လန်ရှီဟယ်က သူတို့ကို မောင်းထုတ်တော့မည့်ဆဲဆဲတွင် လုကျိုးက ပြောလိုက်၏။
“သူတို့ကို နေခိုင်းလိုက်ရင် ဘယ်လိုလဲ”
လန်ရှီဟယ်က ပြန်ထိုင်ကာ လက်ဝှေ့လိုက်သည်။
အဖြူဝတ်ကျင့်ကြံသူများက လုကျိုးနှင့် လန်ရှီဟယ်ကို ဦးညွှတ်လိုက်ကြ၏။ ထို့နောက် အဖြူဝတ်ကျင့်ကြံသူတစ်ဦးက ပြောလာခဲ့သည်။
“ကျုပ်တို့ကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ် မျှော်စင်သခင်လန် ဒီကိစ္စက အဖြူရောင်မျှော်စင်အဖွဲ့အစည်းရဲ့အနာဂတ် မျှော်စင်သခင်နဲ့ ပတ်သတ်နေတယ်လေ”
လန်ရှီဟယ်က ပြောလိုက်၏။
“ပြော ရှင်ကဘာပြောချင်တာလဲ”
“ မျှော်စင်သခင်၊ မျှော်နန်းသခင်လု … ကျုပ်တို့က မျှော်စင်သခင်ရာထူးကို မတပ်မက်ရဲပါဘူး မျှော်နန်းသခင်လုက ဒီရာထူးကိုယူမယ်ဆိုရင် ကျုပ်တို့အနေနဲ့ ငြင်းဆန်စရာလဲ မရှိပါဘူး။ တကယ်လို့ တခြားတစ်ယောက်ဆိုရင် သူတို့ရဲ့ ကျင့်ကြံဆင့်က ပါရမီရော၊ အားသာချက်ရော ရှိနေသင့်တယ်” အကြီးအကဲတစ်ဦးက ပြောလိုက်သည်။
“အားသာချက်နဲ့ ပါရမီတဲ့လား” လန်ရှီဟယ်က မျက်ခုံးပင့်ကာ ပြောလိုက်သည်။
“အဖြူရောင်မျှော်စင် အဖွဲ့အစည်းရဲ့ အာဏာက တစ်ရက်ထက်တစ်ရက် မှေးမှိန်လာခဲ့ပြီ။ တာ့မင်ကလည်း ကျုပ်တို့ကို ရန်စနေတာ။ တကယ်လို့ မျှော်စင်သခင်အသစ်က အားသာချက်နဲ့ ပါရမီ ရှိထားတဲ့သူ မဟုတ်ဘူးဆိုရင် အဖြူရောင်မျှော်စင်အဖွဲ့အစည်းက ပြိုလဲသွားလိမ့်မယ်” အကြီးအကဲက စိုးရိမ်စွာဖြင့် ပြောလိုက်သည်။
နောက်တစ်ဦးကလည်း ဝင်ပြောလိုက်၏။
“အဲ့ဒါကြောင့် ကျုပ်တို့က တွေ့ခွင့်တောင်းတာပါ။ အဖြူရောင်မျှော်စင်အဖွဲ့အစည်းနဲ့ရှိလာတာ နှစ်တွေအများကြီးပဲ ကြာခဲ့ပါပြီ။ အနိမ့်ပိုင်းမျှော်စင်က လူတွေကိုလည်း ရှင်းပြချက် ကောင်းကောင်းပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ မဟုတ်ရင် သူတို့က စိုးရိမ်စိတ်များပြီးတော့ ကျုပ်တို့အဖွဲ့သားတွေရဲ့ စိတ်ဓာတ်လည်း ကျသွားစေနိုင်တယ်။ အဲဒါက အဖြူရောင်မျှော်စင်အဖွဲ့အစည်းရဲ့ စည်းလုံးညီညွတ်မှုကို ပျက်ပြားသွားစေနိုင်တယ်”
တကယ်တော့ ဤအခြေအနေက ပုံမှန်သာ ဖြစ်၏။ အသေးငယ်ဆုံးမိသားစုမှ အကြီးမားဆုံးတိုင်းပြည်အထိ အပြောင်းအလဲ အနည်းငယ်ကပဲ စိုးရိမ်ပူပန်မှုများကို ဖြစ်စေသည်။
လန်ရှီဟယ်က ပြောလိုက်သည်။
“ငါ့နေရာမှာ တာဝန်ယူတဲ့သူက ငါ့ထက် ကျော်လွန်သွားလိမ့်မယ်ဆိုတာ အာမခံနိုင်တယ်”
တစ်စုံတစ်ယောက်က လန်ရှီဟယ်ကို ကျော်လွန်သွားမည်တဲ့လား မည်သို့သော ပါရမီရှင်မျိုး ဖြစ်မည်နည်း
အားလုံးက အံ့အားသင့်သွားကြ၏။
“အဲဒါက ဘယ်သူများလဲ”
ထိုစဉ် ယဲ့ထျန်းရှင်းက လှည့်ကာ အဖြူဝတ်ကျင့်ကြံသူအဖွဲ့ထံ လက်နှစ်ဖက်ယှက်ကာ နှုတ်ဆက်လိုက်သည်။ ထိုအရာကို နှုတ်ဆက်မှုအဖြစ်သာ မှတ်ယူနိုင်၏။
အားလုံးက ယဲ့ထျန်းရှင်းကို ခြုံငုံကြည့်လိုက်ကြ၏။ သူမ၏ သဘောထား၊ သွင်ပြင်နှင့် အပြုအမူတို့က အဆင်ပြေနေသည်။ သို့သော် မည်သူကမှ သူမရဲ့ ကျင့်ကြံဆင့်ကို မမေးရဲကြပေ။ ထိုမေးခွန်းက မေးဖို့ရာ မယဥ်ကျေးရာ ကျ၏။
သို့သော်လည်း ယဲ့ထျန်းရှင်းက သူတို့၏ အတွေးများကို မည်သို့နားမလည်ဘဲ နေမည်နည်း။ သူမက ပြုံးကာ အဖြူဝတ်ကျင့်ကြံသူတစ်ဦးကို ပြောလိုက်သည်။
“ကျွန်မက ယဲ့ထျန်းရှင်းပါ။ ကျေးဇူးပြုပြီး သင်ပြပေးပါဦး”
“တင်းလင်း ကျေးဇူးပြုပြီး သင်ပြပေးပါ”
တစ်ဖက်လူ၏ အသံဆုံးသွားသည်နှင့် ယဲ့ထျန်းရှင်းက လက်ကိုအသာမြောက်ကာ တိုက်ခိုက်လိုက်သည်။ ရွှေရောင်လိပ်ပြာ စည်းတံဆိပ်နောက်တွင် ရွှေရောင်ပန်းပွင့် စည်းတံဆိပ်တစ်ခု လိုက်ပါလာပြီး တစ်ခုက မြန်ဆန်ကာ တစ်ခုက နှေးကွေးနေသည်။
“လိပ်ပြာအချစ် ပန်းပွင့်လား”
လုကျိုးက ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ သူက ထိုတိုက်ကွက်ကို သင်ပေးထားသည်မှာ ခေတ္တမျှ ရှိသေးသော်လည်း သူမက ထိုအရာကို လျင်လျင်မြန်မြန် သဘောပေါက်သွားခဲ့သည်။
ပန်းပွင့်စည်းတံဆိပ်၏ လှုပ်ရှားမှုတွင် ပုံစံတကျ မရှိပေ။ ထိုအရာက ရှောင်ရှားဖို့ ခက်ခဲလှ၏။ တခြားတစ်ဖက်တွင် လိပ်ပြာများက တောင်ပံခတ်ပြီး ပျံသန်းလာရင်း လျှပ်စီးလို မြန်ဆန်လှ၍ အားလုံးက အံ့အားသင့်သွားကြသည်။ သူတို့က ပြိုင်တူနောက်ဆုတ်ကာ ပြိုင်တူ ရှေ့တိုးသွားကြ၏။
ခဏအကြာတွင် ယဲ့ထျန်းရှင်းက အရေးသာလာခဲ့သည်။ သို့သော်လည်း တင်းလင်းက အဖြူရောင်မျှော်စင်အဖွဲ့အစည်း၏ အကြီးအကဲတစ်ဦး ဖြစ်၏။ သူမက ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရ၍ အရှက်ခွဲခံရသလို ခံစားနေရသည်။ သူမက တုံ့ဆိုင်းမနေဘဲ ကြယ်တာရာဒိုင်ခွက်ကို ထုတ်ဖော်ကာ ရှေ့သို့တိုးလိုက်သည်။
ဘန်း ဘန်း ဘန်း
စွမ်းအားဖြင့် ပြုလုပ်ထားသည့် လိပ်ပြာနှင့် ပန်းပွင့်တို့က ပျောက်ကွယ်သွားစဉ် ယဲ့ထျန်းရှင်းက နောက်အနည်းငယ် ဆုတ်လိုက်ရပြီးနောက် လိပ်ပြာတစ်ကောင်လိုမျိုး ကျော့ရှင်းစွာ ဆင်းသက်လာသည်။
“တော်သင့်ပြီ” လန်ရှီဟယ်က တင်းလင်းကိုတားလိုက်၏။
တင်းလင်းက နာခံလိုက်သည်။ သို့သော်လည်း သူမက ပြောလိုက်၏။
“မျှော်စင်သခင် သူမရဲ့ စွမ်းအားနဲ့ဆိုရင် အားလုံးကိုဖြောင်းဖျဖို့ ခက်ခဲလောက်တယ်။ မျှော်နန်းသခင်လုကို မလေးမစားပြုမူတာတော့ မဟုတ်ပါဘူး။ တကယ်လို့ ကျွန်မတို့ သဘောတူတယ်ဆိုရင်တောင် အဖြူရောင်မျှော်စင်အဖွဲ့အစည်းမှာရှိတဲ့ တခြားသူတွေနဲ့ တာ့မင်ကတော့ လက်ခံနိုင်မှာ မဟုတ်ဘူး။ မျှော်စင်သခင်လန်၊ မျှော်နန်းသခင်လုတို့က နားလည်ပေးဖို့ မျှော်လင့်ပါတယ်”
တခြားအကြီးအကဲများကလည်း ပြောလိုက်ကြသည်။
“မျှော်စင်သခင် … မျှော်နန်းသခင်လု … ကျေးဇူးပြုပြီး ကျုပ်တို့ကို နားလည်ပေးပါ”
လုကျိုးက ပြုံးကာပြောလိုက်သည်။
“မင်းနာမည်က တင်းလင်လား”
တင်းလင်းက လှည့်ကာပြောလိုက်သည်။
“အဖြူရောင်မျှော်စင်အဖွဲ့အစည်းရဲ့ ၆ယောက်မြောက် အကြီးအကဲတင်းလင်းက မျှော်နန်းသခင်လုကို ဂါဝရပြုပါတယ်”
“မင်းက ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဘယ်တုန်းက ဖွဲ့စည်းခဲ့တာလဲ” လုကျိုးက မေးလိုက်သည်။
“လွန်ခဲ့တဲ့ နှစ်တစ်သောင်းခန့်ကပါ”
“မင်းရဲ့ ကျင့်ကြံဆင့်ကရော”
“မွေးဖွားဇယားချပ် ၆ခုပဲ ရှိပါသေးတယ်” တင်းလင်းက ပြောလိုက်သည်။
သူမနားတွင် ရှိနေသည့် တစ်စုံတစ်ယောက်က ထပ်ပြောလာခဲ့သည်။
“တင်းလင်းက မွေးဖွားဇယားချပ် ၆ခုပဲ ရှိသေးပေမဲ့ သူမကအတော်လေးကို ပါရမီထူးကဲပါတယ်။ သူမက နှစ်တစ်ထောင်အတွင်း မွေးဖွားဇယားချပ် ၆ခုကို အသက်သွင်းနိုင်ခဲ့တာ။ သူမက မျှော်စင်သခင်ကိုယ်တိုင် နေရာချထားပေးတဲ့ အကြီးအကဲတစ်ဦးလေ။ သူမက မွေးဖွားစမ်းသပ်ချက်ကို ဖြတ်ကျော်ဖို့ သိပ်ကြာမှာ မဟုတ်တော့ဘူး” လုကျိုးက အဖြူဝတ်ကျင့်ကြံသူကို ပြန်မဖြေဘဲ ယဲ့ထျန်းရှင်းကို ကြည့်ကာ မေးလိုက်သည်။
“ယဲ့ထျန်းရှင်း မင်းငါ့နောက်ကလိုက်ပြီး ကျင့်ကြံတာ ဘယ်လောက်ရှိသွားပြီလဲ”
ယဲ့ထျန်းရှင်းက ပြန်ဖြေလိုက်၏။
“တပည့် မိစ္ဆာဝေဟင်မျှော်နန်း ရောက်တာ ၄၅နှစ် ရှိသွားပါပြီ”
အားလုံးက အံ့အားသင့်သွားကြ၏။
လုကျိုးက မေးလိုက်သည်။
“မင်း ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန်ကို ဘယ်တုန်းက ဖွဲ့စည်းခဲ့တာလဲ”
“လွန်ခဲ့တဲ့ တစ်နှစ်လောက်ကပါ” ယဲ့ထျန်းရှင်းက ဖြေလိုက်သည်။
အားလုံးက ပိုမို အံ့အားသင့်သွားကြသည်။
“အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” တင်းလင်းက အံ့အားသင့်စွာ ရေရွတ်လိုက်၏။
...
အခန်း (၁၁၃၇) အမှန်တကယ်အန္တရာယ်များသောနေရာ
အဖြူရောင်မျှော်စင်အဖွဲ့အစည်း၌ ဘုံတစ်ထောင်လေပွေကျင့်ကြံသူများစွာရှိပြီး အနက်ရောင်မျှော်စင်အဖွဲ့အစည်းနှင့် ယှဉ်နိုင်ပေသည်။ သို့သော် တာ့မင်ထဲတွင် ဘုံတစ်ထောင်လေပွေကျင့်ကြံသူ အရေအတွက်က အနည်းအကျဉ်းမျှသာရှိသည်။ ထိုကျင့်ကြံသူအများစုက အဖြူရောင်မျှော်စင်အဖွဲ့အစည်းမှ လာတာဖြစ်သည်။ ဆိုရလျှင် အဖြူရောင်မျှော်စင်အဖွဲ့အစည်းသို့ဝင်နိုင်သည့်သူအားလုံးက ထူးချွန်ထက်မြတ်သည့်သူများဖြစ်သည်။
တင်းလင်းက အကြီးအကဲအဖွဲ့အစည်း၌ ပါရမီမြင့်မားသော ကျင့်ကြံသူတစ်ယောက်ဖြစ်၏။ မွေးဖွားဇယားချပ် ၆ခုရှိသည့် တစ်စုံတစ်ယောက်က အကြီးအကဲရာထူးရတာ ရှားပါးလွန်းသည်။ ယင်းက သူမ ပါရမီမည်မျှရှိကြောင်း ပြသနေတာပဲဖြစ်သည်။
သို့သော် လွန်ခဲ့သည့်တစ်နှစ်ခန့်ကမှ ဘုံတစ်ထောင်လေပွေအဆင့်သို့ ဝင်ရောက်ခဲ့သည့် ယဲ့ထျန်းရှင်းက မွေးဖွားဇယားချပ် ၂ခုပဲ အသက်သွင်းထားသည်က အကြီးအကဲများ၏မျက်နှာကို ဖြတ်ရိုက်လိုက်တာပဲဖြစ်သည်။
တင်းလင်းက စဉ်းစားဆင်ခြင်လျက် မေးလိုက်၏။
“မျှော်နန်းသခင်လု မျှော်နန်းသခင်ရဲ့တပည့်က အသက်တစ်ရာမပြည့်ခင် ဘုံတစ်ထောင်လေပွေအဆင့်ကို ရောက်ခဲ့တယ်လို့ပြောနေတာလား”
လုကျိုးက မေးလိုက်လေ၏။
“ငါ လိမ်နေတယ်လို့ စွပ်စွဲနေတာလား”
ငါ လိမ်ရတာမကြိုက်ဘူး ဒါပေမဲ့ ငါ အမှန်အတိုင်းပြောရင်တောင် လူတွေက ငါ့ကို သံသယဝင်နေကြတာ။
တင်းလင်းက လုကျိုးကို မစော်ကားရဲချေ။ သူမက အမြန်ပြောလိုက်လေ၏။ “မလုပ်ရဲပါဘူး”
ကျင့်ကြံခြင်းလောကတွင် သန်မာသူက အုပ်စိုး၏။ ယင်းက ဘုံတစ်ထောင်လေပွေ ကျင့်ကြံသူများထဲတွင် ပိုတောင်ဆိုးသေးသည်။ သူတို့၏သွင်ပြင်ပေါ်အခြေခံပြီး တစ်စုံတစ်ယောက်ကို မည်သူမှ အကဲမဖြတ်ရဲချေ။ လန်ရှီဟယ်ကို ဥပမာယူနိုင်ပေ၏။ သူမက ရှောင်ယွင်အာထက် အသက်ကြီးပုံမပေါ်သော်ငြား သူမရှေ့မှောက်၌ အကြီးအကဲတစ်ယောက်ပမာ မည်သူက ပြုမူရဲမည်နည်း။ သူမကို မည်သူက စိန်ခေါ်ရဲမည်နည်း။
ယဲ့ထျန်းရှင်းက စိတ်အားထက်သန်စွာပြောလိုက်၏။
“ကျွန်မက မျှော်စင်သခင်ရာထူးကို ယူဖို့စီစဉ်ထားတယ်ဆိုမှတော့ မလိမ်ရဲပါဘူး။ လိမ်တဲ့လူ တစ်ယောက်က လူအများကို ဘယ်လိုလုပ် လက်ခံယုံကြည်အောင် လုပ်နိုင်ရဲမှာလဲ။ ဒါ့အပြင် ကျွန်မ ခဏတဖြုတ်လိမ်နိုင်ပေမဲ့ တစ်သက်လုံး ဘယ်လိုလုပ်လိမ်နိုင်မှာလဲ”
လူတိုင်းက ဆွံ့အသွားလေ၏။
“ကျွန်မကို သံသယဖြစ်တယ်ဆိုရင်တောင် မျှော်စင်သခင်လန်ကို ယုံကြည်သင့်တယ်။ သူ ကျွန်မနဲ့ပထမဆုံးတွေ့တုန်းက ကျွန်မမှာ ပွင့်ချပ်ဆယ်လွှာပဲရှိတာ။ မွေးဖွားဇယားချပ်တောင် မရှိသေးဘူး။ တကယ်တော့ ပထမဆုံးအသက်ဓာတ်နှလုံးသားကို မျှော်စင်သခင်လန်က ပေးထားတာ” ယဲ့ထျန်းရှင်းက ပြောလိုက်၏။
လန်ရှီဟယ်က ခေါင်းညိတ်ပြီးပြောလိုက်၏။
“တော်လောက်ပြီ။ ပါရမီရှင်တစ်ယောက်ကို အကဲဖြတ်ဖို့ မင်းရဲ့နားလည်သဘောပေါက်မှုနဲ့ အသိပညာကို မသုံးနဲ့”
တင်းလင်း “...” ကျွန်မလည်း ပါရမီရှင်တစ်ယောက်လို့ တကယ်ပြောချင်တာ။ ဒါပေမဲ့ ယဲ့ထျန်းရှင်းနဲ့ ယှဉ်ရင် ကျွန်မက အရူးတစ်ယောက်ဖြစ်သွားတာပဲ။
အကြီးအကဲတစ်ယောက်က ခေါင်းခါပြီးပြောလိုက်လေ၏။
“မျှော်စင်သခင်လန် ဒါက တကယ်မယုံနိုင်စရာကောင်းလွန်းတယ်။ ဘယ်လိုလုပ်ပြီး လူတစ်ယောက်က တစ်နှစ်မပြည့်မီမှာပဲ သူတို့ရဲ့ပထမဆုံးမွေးဖွားဇယားချပ်ကို အသက်သွင်းပြီး ဘုံတစ်ထောင်လေပွေကို ဖွဲ့တည်ပြီး သူတို့ရဲ့ဒုတိယမြောက်မွေးဖွားဇယားချပ်ကို အသက်သွင်းနိုင်မှာလဲ” အမှတ်၁၀၀ ဖြစ်နေသော်ငြား တစ်စုံတစ်ယောက်က အမှတ်၁၅၀ ရသွားသလိုပင်။ ယင်းက အတုအယောင်ဆန်လွန်း၏။
မိစ္ဆာဝေဟင်မျှော်နန်းမှ သူ၏တပည့်၁၀ယောက်လုံး ထိုသို့ပြုလုပ်နိုင်ရန် အရည်အချင်းရှိကြောင်း လုကျိုး တကယ်ပြောချင်၏။ ဒါက ဘာများမဖြစ်နိုင်လို့လဲ။ သို့သော်ငြား မလိုလားအပ်သော ပြဿနာများ ရှောင်ရှားရန် မပြောတာက ပိုကောင်းလိမ့်မည်။
လန်ရှီဟယ်၏ အကြည့်က အကြီးအကဲများဆီ သိမ်းကြုံးသွားပြီးနောက် ယဲ့ထျန်းရှင်းဆီရောက်သွား၏။ ပြီးနောက် သူက ပြောလိုက်တော့သည်။
“သူ့မှာ မဟာလေဟာနယ်စွမ်းအင်ရှိနေလို့ပဲ”
“...”
လူတိုင်းတိတ်ဆိတ်သွားပြီး ယဲ့ထျန်းရှင်းကို အလိုလိုကြည့်မိသွား၏။
“ဒီအဖြေကို ကျေနပ်ကြလား” လန်ရှီဟယ်က မေးလိုက်တော့သည်။
ပါရမီသည် မိမိကြိုးစားအားထုတ်လျှင်တောင် မရနိုင်သည့်အရာဖြစ်၏။ မိမိမွေးဖွားသည်မှ သေဆုံးသည်အထိ လူတစ်ယောက်၏ပါရမီက အမြဲတစေတူညီနေလိမ့်မည်။ သို့သော် မဟာလေဟာနယ်စွမ်းအင်က ပါရမီကို မွေးထုတ်ပေးနိုင်သည်။
ကျင့်ကြံသူများသည် မဟာလေဟာနယ်ကို စူးစမ်းရှာဖွေရန်နှင့် လိုက်ရှာဖို့ ဘယ်ဝောာ့မှ လက်မလျှော့ကြပေ။ သူတို့ စူးစမ်းရှာဖွေလေ ပိုမိုသိရှိလာလေ မဟာလေဟာနယ်ကို ပိုလေးစားကိုးကွယ်လာလေဖြစ်ကာ ထိုအရာအတွက် ဘာမဆိုလုပ်လိမ့်မည်ဖြစ်သည်။
၎င်းက အလွန်စိတ်ဝင်စားဖွယ်ဖြစ်စဉ်တစ်ခုဖြစ်သည်။ မဟာလေဟာနယ်မှလာသည့်အရာတိုင်း အသုံးမဝင်ဆုံး ပစ္စည်းကတောင် ကျင့်ကြံသူများ ရူးသွပ်စွာတိုက်ခိုက်မည့် မဟာလေဟာနယ်မျိုးစေ့သည် သူတို့အတွက် တန်ဖိုးအရှိဆုံးရတနာများထဲက တစ်ခုဖြစ်သည်။ အထွတ်အထိပ်တည်ရှိသူများကတောင် မဟာလေဟာနယ်ဆီ ဆုတ်ခွာသွားပြီး လောကကြီးနှင့် ခွဲထွက်သွားပြီး သည်ဟု ကောလာဟလရှိသည်။
တင်းလင်းက တိတ်ဆိတ်မှုကို ပထမဆုံးဖြိုကွဲလိုက်တာဖြစ်သည်။ သူမက စိတ်ရင်းအမှန်ဖြင့် ပြောလိုက်သည်။ "ကျွန်မ ရှင်တို့တိုက်ခန်းကို မဖိတ်တော့ဘူးလား”
ဘယ်ဖက်ခြမ်းတွင်ရပ်နေသော အကြီးအကဲတစ်ယောက်က ပြောလိုက်သည်။
“မိန်းကလေးယဲ့က နောက်ထပ်မျှော်စင်သခင်ဖြစ်လာဖို့ပြဿနာမရှိတော့တဲ့ပုံပဲ။ ဒါပေမဲ့ လူတိုင်းက မဟာလေဟာနယ်စွမ်းအင်ကို တပ်မက်ကြတာ။ မျှော်စင်သခင်ထွက်သွားပြီးတော့ တစ်ယောက်ယောက်က ပြဿနာရှာမယ်ဆိုရင်ကော”
ပိုမသန်မာလာခင် အသတ်ခံလိုက်ရသည့် ပါရမီရှင်များစွာရှိ၏။
လုကျိုးက ပြောလိုက်၏။
“ယဲ့ထျန်းရှင်းက ငါ့တပည့်ပဲ။ သူ့ကို ဘယ်သူက ပြဿနာရှာရဲမှာလဲ”
မည်သူမှ မငြင်းရဲချေ။
လန်ရှီဟယ်က ပြောလိုက်သည်။
“အရှေ့ကရောက်လာတဲ့ လှံကို ရှောင်ဖို့လွယ်ပေမဲ့ နောက်ကရောက်လာတဲ့ လက်နက်ပုန်းကိုတော့ သတိထားရမယ်။ ယဲ့ထျန်းရှင်းက မဟာလေဟာနယ်စွမ်းအင်ပိုင်ဆိုင်တဲ့ကိစ္စကို လျှို့ဝှက်ထားကြ”
အကြီးအကဲအားလုံး ခေါင်းညိတ်လိုက်၏။
“မင်းတို့အားလုံး ထွက်သွားလို့ရပြီ"
ဝတ်ရုံဖြူကျင့်ကြံသူများသည် ကန့်ကွက်စရာမရှိတော့သောကြောင့် လေ့ကျင့်ရေးခန်းမထဲက တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြသည်။ ပြီးနောက် လန်ရှီဟယ်က တောင်းပန်လိုက်သည်။
“မျှော်နန်းသခင်လု ကျွန်မကိုကျွန်မ အရူးလုပ်မိခဲ့ပြီ”
“လူတိုင်းအမှားလုပ်မိကြတာပဲ။ သူတို့တွေက အဖြူရောင်မျှော်စင်အဖွဲ့အစည်းကလေ ပြီးတော့ သူတို့တွေက နောင်ကျ ယဲ့ထျန်းရှင်းရဲ့လက်အောက်ငယ်သားဖြစ်လာလိမ့်မယ်။ လူအများကို လက်ခံနိုင်အောင်မလုပ်နိုင်ရင် သူတို့ဒီနေ့သဘောတူရင်တောင် နောင်ကျ ပြဿနာကြီးတစ်ခု ဖြစ်လာလိမ့်မယ်” လုကျိုးက ပြောလိုက်သည်။
လန်ရှီဟယ်က ခေါင်းညိတ်ပြီးပြောလိုက်သည်။ "ရှင်ပြောတာမှန်တယ်”
ခဏအကြာ၌ သူက ပြောလိုက်သည်။ "မျှော်နန်းသခင်က ကတိတည်ဖို့ ယဲ့ထျန်းရှင်းကို အဖြူရောင်မျှော်စင်အဖွဲ့အစည်းဆီ ကိုယ်တိုင်ခေါ်လာပေးတာပဲ။ ဒါတကယ် လေးစားစရာကောင်းပါပေရဲ့။ သားရဲဧကရာဇ်နဲ့ တိုက်ပွဲစချိန်ကစပြီး ကျွန်မ အနည်းငယ် အရှက်ရမိတယ်။ တွမ့်မူရှန်း အခု အခြေအနေ ဘယ်လိုလဲဆိုတာ သိချင်လိုက်တာ”
လုကျိုးက ပြောလိုက်၏။
“နဉ်ဝမ်ချင်း ပြောသလိုပဲ အဆိုးထဲက အကောင်းဖြစ်လောက်တယ်။ လုဝူက မဟာလေဟာနယ်မျိုးစေ့ကို တကယ်တပ်မက်နေတာဆိုရင် သူ့ကို အသက်ရှင်ဖို့နည်းလမ်းတစ်ခု စဉ်းစားမှာပဲ။ မဟာသွေးစတေးနည်းက သူ့ကို ဒဏ်ရာပြင်းပြင်းထန်ထန်ရထားစေတာ။ သူ့ကို အဝေးမခေါ်သွားရင် ငါတောင် သူ့ကို မကယ်တင်နိုင်လောက်ဘူး”
ထိုစဉ် လန်ရှီဟယ်က ရုတ်တရက်ထရပ်လိုက်၏။ သူမရှေ့သို့ ပျံသန်းသွားကာ လုကျိုးရှေ့မီတာအနည်းငယ်အကွာ၌ ရပ်တန့်လိုက်သည်။ သူက လုကျိုးကို စက္ကန့်အနည်းငယ် စိုက်ကြည့်နေပြီးနောက် ရဲတင်းစွာမေးလိုက်သည်။ “မျှော်နန်းသခင်လု ရှင် အမည်မသိကုန်းမြေကို သွားရဲလား”
“...”
ယခင်က လုကျိုးသည် အမည်မသိကုန်းမြေနားတွင်ရှိသည့် အနီရောင်ကြာနယ်မြေ၏တောင်ပိုင်းတိုင်းပြည်သို့ ရောက်သောအခါ သူက ဆက်ဝေးဝေးမသွားရဲပေ။ ဆိုလိုသည်က ထိုစဉ်က သူ၏ကျင့်ကြံဆင့်သည် နိမ့်လွန်းပေ၏။ ယခုလက်ရှိတွင် သူ၏ကျင့်ကြံဆင့်က အလွန်မြင့်သေးတာမဟုတ် သူ့၌ မွေးဖွားဇယားချပ် ၇ခုရှိပြီး လန်ရှီဟယ်နှင့် ယှဉ်လျှင် နည်းနေသေး၏။ သူသာ ယခုအချိန်၌ အမည်မသိကုန်းမြေကို တကယ်သွားခဲ့လျှင် အန္တရာယ်များမည်မဟုတ်ပါလော။
လုကျိုး အာရုံများနေတာကိုမြင်ပြီး လန်ရှီဟယ်က ခေါ်လိုက်၏။
“မျှော်နန်းသခင်လု”
လုကျိုးက မတ်တတ်ထရပ်ပြီး မေးလိုက်လေ၏။
“လုဝူ ဘယ်မှာလဲဆိုတာသိလား”
“သေတော့မသေချာဘူး”
ဆိုလိုသည်က လန်ရှီဟယ်သည် လုဝူက အမည်မသိကုန်းမြေ၌ ရှိနေတာဖြစ်ကြောင်းတွေးမိလောက်၏။
“ဒါဆို ငါ အမည်မသိကုန်းမြေကို သွားမယ်။" လုကျိုးက ပြောလိုက်သည်။
လန်ရှီဟယ်က ဝတ်ရုံပြာအမျိုးသမီးလက်ထောက်ဖက်လှည့်ပြီး ပြောလိုက်၏။
“မျှော်နန်းသခင်လုနဲ့ငါ မကြာခင်ပြန်လာမယ်။ ဧည့်သည်တွေကို လျစ်လျူမရှုထားနဲ့”
ဝတ်ရုံပြာအမျိုးသမီးလက်ထောက်က ဦးညွှတ်လိုက်၏။
“နားလည်ပါပြီ”
စီးဝူယာ့ကလည်း ထရပ်ပြီးပြောလိုက်သည်။ "ရှစ်စွင်း အမည်မသိကုန်းမြေက အလွန်အန္တရာယ်များတယ်။ ကျေးဇူးပြုပြီး ဂရုစိုက်ပါ”
လန်ရှီဟယ်က ပြုံးလျက်ပြောလိုက်သည်။
“လွန်ခဲ့တဲ့နှစ်ထောင်ချီတုန်းက အဖြူရောင်မျှော်စင်အဖွဲ့အစည်းက အမည်မသိကုန်းမြေထဲ အင်မတန်လျှို့ဝှက်တဲ့ သင်္ကေတလမ်းကြောင်းတစ်ခု ချန်ထားခဲ့တယ်။ အမည်မသိကုန်းမြေက တကယ်အန္တရာယ်များတာ။ ဒါပေမဲ့ တို့တွေ ဂရုစိုက်ပြီး ရုတ်ရုတ်သဲသဲဖြစ်အောင်မလုပ်သရွေ့ ဘာမှဖြစ်မှာမဟုတ်ဘူး။ ဒါ့အပြင် မင်းရှစ်စွင်းရဲ့ကျင့်ကြံဆင့်က ငါ့ထက်သာတာပဲ။ ကြမ်းတမ်းခက်ထန်သားရဲတွေ သူ့ကို ထိခိုက်အောင် လုပ်နိုင်မှာမဟုတ်ဘူး”
လုကျိုး “...”
ဒီလူကြီးတော့ နည်းနည်းပျာယာခတ်နေမိပြီ။ ....
ထိုသို့ပြောပြီးနောက် လန်ရှီဟယ်သည် လေ့ကျင့်ရေးခန်းမအပြင်ဖက်သို့ ပျံသန်းလျက် လေထဲဆင်းသက်သွားလေ၏။
လုကျိုးက နောက်မှလိုက်သွားသည်။
အကြီးအကဲများက လှေကားမှစောင့်နေသော်ငြား သူတို့နှစ်ဦးသင်္ကေတခန်းမထဲဝင်သွားတာကို မြင်သောအခါ သူတို့မေးခွန်းထပ်မမေးရဲပေ။
သင်္ကေတပတ်လမ်းထဲဝင်ပြီးနောက် လန်ရှီဟယ်သည် သူမ၏အင်္ကျီလက်ကို အသာဝေ့ယမ်းလိုက်၏။
သင်္ကေတလမ်းကြောင်းက လင်းလာပြီး အလင်းတိုင်များပေါ်လာတော့သည်။
သူတို့နှစ်ယောက်က မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။
လုကျိုးသည် သင်္ကေတလမ်းကြောင်းထဲရှိ အလင်းကပုံမှန်ထက်ပိုတောက်ပနေတာကို မြင်သောအခါ သူကမေးလိုက်သည်။
“အရင်တုန်းက အမည်မသိကုန်းမြေကို မကြာခဏသွားဖူးလား”
လန်ရှီဟယ်၏ လှုပ်ရှားမှုများသည် ဤသို့ယခင်က ကြိမ်ဖန်များစွာပြုလုပ်ခဲ့သည်ပမာ ကျွမ်းကျင်မှု ရှိလှကြောင်း သူ သတိပြုမိ၏။ သူမ အရှိန်အဝါက တစ်ခါတစ်ရံတွင်သန်မာပြီး တစ်ခါတစ်ရံတွင် အားလျော့သွားကာ သင်္ကေတလမ်းကြောင်းထဲ စွမ်းအားပို့ပေးနေသည်။ ၎င်းက အတော်လေးထူးဆန်းသော်ငြား သူ ဝင်မပြောခဲ့ပေ။
လန်ရှီဟယ်က ခေါင်းခါလိုက်၏။ "မသွားဖူးဘူး။"
“သင်္ကေတလမ်းကြောင်းက ဝေဟင်ဆီ အလင်းတိုင်တစ်ခု ထုတ်လွင့်ပေးတာ။ ဆိုလိုတာက မလိုလားအပ်တဲ့ အာရုံစိုက်မှုတွေ ရောက်လာလောက်တယ်။ သင်္ကေတလမ်းကြောင်း ဖျက်ဆီးခံလိုက်ရရင် တကယ်ပြဿနာတက်လောက်တယ်”
သင်္ကေတလမ်းကြောင်းကနေ ခရီးနှင်ရခြင်းသည် နဂါးငွေ့တန်းပေါ် လျှောက်လှမ်းနေရသလိုပင်။ ဘေးတစ်ဖက်တစ်ချက်စီ၌ ကြယ်ပွင့်များကို မြင်နိုင်ပြီး လေဟာနယ်က လှိုင်းဂယက်ထနိုင်၏။
ဆယ့်ငါးမိနစ်ခန့်ကြာညောင်းပြီးနောက် လမ်းကြောင်းတွင် အနှောင့်အယှက်အနည်းငယ်ရှိသည်။ တစ်ချိန်တည်းတွင် လန်ရှီဟယ်က ပြောလိုက်၏။ “ကျွန်မတို့ ရောက်လာပြီ” လမ်းကြောင်း၏ ဘေးတစ်ဖက်တစ်ချက်ရှိ မြင်ကွင်းများက ပြောင်းလဲသွားပြီဖြစ်သည်။ ပထမဦးဆုံးအနေဖြင့် သိပ်သည်းသောမြူများကိုသာတွေ့ရသည်။ မြူများ တဖြည်းဖြည်း လွင့်ပြယ်သွားသည်နှင့် ပန်းပင်များ၊ မြင့်မားသော ရှေးသစ်ပင်များကို မြင်ရ၏။ မျက်စိတစ်ဆုံးတိမ်တိုက်ပင်လယ်ကိုတွေ့ရပေ၏။ “ဒါက မဟာလေဟာနယ်ဆီဦးတည်နေတဲ့ အမည်မသိကုန်းမြေပဲ”
“ဒီလောက်မြင့်တယ်လား”
နှစ်ယောက်သားသည် တိမ်တိုက်များထိအောင်မြင့်မားသည့် အင်မတန်မြင့်မားသည့် တောင်ထွတ်ပေါ်တွင် ပျံဝဲနေကြ၏။ တောင်ထွတ်ပေါ်ရှိ သင်္ကေတလမ်းကြောင်းက လူတစ်ယောက်သာလျှင် နေရာယူနိုင်သည်။ နှစ်ယောက်လုံးက ကနဦးချီကို သုံးကာ ဝေဟင်ထဲပျံဝဲလျက် မှုန်မှိုင်းလျက် ဆန်းကြယ်နေသော အမည်မသိကုန်းမြေကို လှမ်းကြည့်လိုက်ကြသည်။
လန်ရှီဟယ်၏ရှည်လျားသော ဆံနွယ်များနှင့် ဝတ်ရုံရှည်တို့က လေထဲလွင့်နေ၏။
“ဒီနည်းနဲ့ဆို အလင်းတိုင်ကို တိမ်တိုက်တွေထဲဖုံးကွယ်ထားနိုင်တယ်။ ဒါပေမဲ့ ကြမ်းတမ်းခက်ထန်သားရဲတွေကိုတော့ သွေးဆောင်မိလောက်သေးတယ်။ ပြောရရင် ဘာမှအကြွင်းမဲ့သေချာတာ မရှိဘူးလေ”
ဝှစ်
လေပြင်းများ တိုက်ခတ်လာ၏။ အအေးဒဏ်က အရိုးထဲထိအောင်စိမ့်အောင်အေးသည်။ အံ့ဩစရာကောင်းသည့်အရာက အောက်ရှိရှေးသစ်ပင်များသည် ထူထဲသိပ်သည်းနေကြပြီး အအေးဒဏ်ကြောင့် သက်ရောက်မခံရတာပဲဖြစ်သည်။
သူတို့နှစ်ယောက်သည် ဝေဟင်ကနေ သူတို့ပတ်ဝန်းကျင်ကို ဆက်လက်လေ့လာနေသည်။
ခဏအကြာ၌ လန်ရှီဟယ်က ပြောလိုက်တော့သည်။ “တောင်ပိုင်းကိုသွား”
လုကျိုးသည် အဝေးရှိကောင်းကင်ထဲ၌ အလင်းဖျော့ဖျော့ရှိနေတာကို သတိပြုမိ၏။ သို့သော် သူက ၎င်းကို အာရုံမစိုက်ခဲ့ဘဲ လန်ရှီဟယ်နောက်လိုက်သွားသည်။
လန်ရှီဟယ်သည် ကြမ်းတမ်းခက်ထန်သားရဲများ သတိမပြုမိစေရန် အလွန်မြန်မြန်ဆန်ဆန် မပျံသန်းခဲ့ပေ။
ခဏတဖြုတ်ပျံသန်းပြီးနောက် မိုးခြိမ်းသံတစ်သံကြားလိုက်ရသည်။
“ကြမ်းတမ်းခက်ထန်သားရဲ”
နှစ်ယောက်သားက တောင်ထွတ်ပေါ်ဆင်းသက်ပြီးနောက် ဝေဟင်ကိုမော့ကြည့်လိုက်၏။ သိပ်သည်းသောမြူထဲတွင် ဒိုင်နိုဆောနှင့်တူသော ဧရာမသားရဲတစ်ကောင်က တောအုပ်ကို ဖြည်းဖြည်းချင်း ဖြတ်သန်းလာ၏။ သန္ဓေပြောင်းရှေးသစ်ပင်များသည် ၎င်း၏ဒူးခေါင်းနားထိ ရောက်သည်။ အရေပြားက ကျောက်တုံးပမာ ၎င်း၏မျက်လုံးသည် အစိမ်းရင့်ရောင်အလင်းဖြင့် လင်းလက်နေသည်။ ၎င်းပါးစပ်က အလင်းထဲ၌ လင်းလက်နေစေသည့် ချွန်ထက်သောသွားများ ပြည့်နေတော့သည်။
ဖုန်း ဖုန်း ဖုန်း
“ဒီကြမ်းတမ်းခက်ထန်သားရဲက သားရဲဘုရင်အဆင့်ပဲ” လန်ရှီဟယ်က တိုးတိတ်စွာပြောလိုက်၏။
“သားရဲဘုရင်လိုမျိုး နယ်မြေကို အုပ်စိုးတာ ကျွန်မတို့ ရှေ့ဆက်သွားမယ်ဆိုရင် အားနည်းတဲ့ ကြမ်းတမ်းခက်ထန်သားရဲတွေပဲ ရှိလောက်တယ်။ သားရဲဘုရင်အဆင့် ကြမ်းတမ်းခက်ထန်သားရဲတွေ ရှိမှာမဟုတ်ဘူး”
နှစ်ယောက်သားက လေထဲ တိတ်တဆိတ်ခုန်တက်သွား၏။
သူတို့က တိတ်ဆိတ်သည့် ရှေးဟောင်းတောအုပ်ကို ဖြတ်ကျော်သွားပြီး ကသောင်းကနင်း ကျောက်တောင်တန်းကို ဖြတ်ကျော်သွား၏။ ထင်သည့်အတိုင်းပင် တောင်ခြေ၌ သွားချွန်သားရဲအုပ်စုလိုက် လှုပ်ရှားနေတာကို တွေ့လိုက်ရသည်။
လန်ရှီဟယ်က ရှေ့ကိုကြည့်ပြီးပြောလိုက်၏။
“အရှိန်မြင့်လိုက်”
မျက်စိတစ်မှိတ်အတွင်း လန်ရှီဟယ်သည် မီတာရာချီအကွာ၌ ပေါ်လာ၏။ သူမကိုယ်သူမ ဟန်ချက်ထိန်းပြီးနောက် လှည့်ကြည့်လိုက်၏။ ပြီးနောက် လုကျိုးကို ဇဝေဇဝါအမူအရာဖြင့် ကြည့်လိုက်လေ၏။
“မျှော်နန်းသခင်လု”