အခန်း (၁၁၃၈-၁၁၄၀)
Vol. 76 Ch. 1138-1140
အခန်း (၁၁၃၈) လျှို့ဝှက်ဆန်းကြယ် အသက်ဓာတ်မြက်
လုကျိုးက မမြန်လွန်း မနှေးလွန်းသည့် အရှိန်ဖြင့် တောင်တန်းများကို ဖြတ်သန်းကာ သွားလာနေသည်။ သူက ပြောလာ၏။
"မင်းက မြန်မြန်ရွေ့လျားသွားလေလေ မင်းဆီ အာရုံကို ဆွဲဆောင်နိုင်လေလေပဲ။ ငါတို့အခု သတိထားဖို့လိုတာက သားရဲဇကရာဇ်လိုမျိုး အဲ့ဒီဉာဏ်ရည်မြင့် သားရဲတွေပဲ။ ရှေးဦးချီ အတက်အကျက ပြဿနာတွေကို ဆွဲဆောင်နိုင်တယ်။"
လန်ရှီဟယ်က ခေါင်းညိတ်ကာ ပြောလိုက်သည်။
"မျှော်နန်းသခင်လုရဲ့ ကျင့်ကြံဆင့်က နက်နဲရုံတင်မကဘဲ ကျွန်မထက်ပိုပြီး ဉာဏ်ရှိနေတာပဲ။ အများကြီးသင်ယူခဲ့ရပါတယ်။"
နှစ်ဦးသားရှေ့ရှိ အလင်းရောင်က ဖြည်းဖြည်းချင်း ပိုမိုမှေးမှိန်သွားသည်။ နေရောင်က အားပျော့နေပြီး ကောင်းကင်က မှုန်မှိုင်းနေ၏။ ပတ်ဝန်းကျင်က သူတို့၏ အမြင်အာရုံကို သိသိသာသာ လျော့ကျသွားစေသည်။
သိပ်သည်းလှသည့် မြူခိုးများက အရာအားလုံးကို မမြင်နိုင်အောင် တားဆီးထားလေ၏။ ကြောက်မက်ဖွယ် ကောင်းသည့် နဂါးတစ်ကောင်က ထိုမြူခိုးများကြားမှ ထွက်ပေါ်လာတော့မည့်အလား ဖြစ်နေသည်။ တောင်တန်းရှိ ကျောက်တုံးများက တိမ်တိုက်အတွင်း ထိုးဖောက်နေသည့်အလား ဖြစ်၏။
ရံဖန်ရံခါ ခက်ထန်သားရဲများ ပျံသန်းသွားသည်ကို တွေ့၏။
ခဏအကြာတွင် လုကျိုးနှင့် လန်ရှီဟယ်တို့က ရှေ့တွင် ချိုင့်ဝှမ်းကြီးတစ်ခု ရှိနေသည့် ရှေးဟောင်းသစ်ပင်ကြီးရှိရာဆီ ရောက်ရှိလာသည်။ သူတို့မြင်ကွင်းရှေ့တွင် အံ့မခန်းမြင်ကွင်းတစ်ခု ပေါ်ထွက်လာခဲ့၏။
"လီလီ" လုကျိုးက မျက်မှောင်အသာကြုတ်လိုက်သည်။
"အဲ့ဒီ လီလီတွေက တာ့ထန်ဆီ ရောက်လာတာနဲ့ မတူလောက်ဘူး။ သူတို့ရဲ့ မျိုးပွားမှုအရ အမည်မသိကုန်းမြေမှာ လီလီတွေ အများကြီး ရှိတယ်။ သူတို့ရဲ့ တိုက်စားစွမ်းရည်ကတော့ တကယ်ကို ကြောက်ဖို့ကောင်းတယ်။ ဒီကုန်းမြေက အပင်တွေကတောင် တိုက်စားစွမ်းရည်ကို ခံနိုင်ရည် မရှိဘူး။ အချိန်ကြာလာတာနှင့်အမျှ သူတို့က တခြားခက်ထန်သားရဲတွေဆီကနေ သီးသန့်ပိုင်းခြားခံလိုက်ရတယ်။ ဒါကက သူတို့ရဲ့ အသိုက်ပဲ ဖြစ်လိမ့်မယ်။"
လန်ရှီဟယ်က ပြောလိုက်သည်။
လုကျိုးက ထိုသိပ်သည်းနေသည့် လီလီများကို ကြည့်ကာ ကြက်သီးများထလာခဲ့သည်။ ခဏအကြာတွင် လုကျိုးက မေးလာ၏။
"အဲ့လိုဆိုတော့ လုဝူက အနီးနားမှာ ရှိနေတာလား။"
လန်ရှီဟယ်က ခေါင်းအသာယမ်းကာ ပြောလိုက်သည်။
"ဒါက ကျွန်မ အမည်မသိကုန်းမြေထဲမှာ ရောက်ဖူးတဲ့ အဝေးဆုံးနေရာပဲ။ တကယ်လို့ ထွက်သွားမယ်ဆိုရင် ရှင့်ရဲ့ခန်းမှန်းချက်က ကျွန်မလိုပဲ ဖြစ်လိမ့်မယ်။ ပြီးတော့ စောစောလေးက သွားခဲ့တဲ့လမ်းကြောင်းက ကျွန်မ သွားခဲ့ဖူးတဲ့လမ်းကြောင်းပဲ။ အမည်မသိကုန်းမြေက ကြီးမားလွန်းတော့ အပေါ်ယံကိုပဲ သိသေးတာ။"
ထိုစဉ်ကောင်းကင်အထက် အသံနိမ့်နိမ့် အော်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။
နှစ်ဦးသားက မော့ကြည့်လိုက်ကြသည်။
မြူခိုးအတွင်း သားရဲပျံကြီးက တောင်ပံခတ်ကာ ဖြည်းဖြည်းချင်း ပျံသန်းသွားလေသည်။ ထိုအရာ၏ တောင်ပံက နတ်ဆိုးငါးနှင့် တူညီပြီး ပေသုံးရာရှည်လျားသည့် အမြီးတို့က ထူးထူးဆန်းဆန်း အလင်းဖြင့် တောက်ပနေလျက် ရှိသည်။
လန်ရှီဟယ်က နှုတ်ခမ်းပေါ် လက်ညှိုးတင်ကာ တိတ်တိတ်နေဖို့ အချက်ပြလိုက်သည်။ သူမ၏လက်က နူးညံ့ပြီး လက်ချောင်းများကလည်း သွယ်လျနေ၏။ ဤသည်က အဖြူရောင်မျှော်စင် အဖွဲ့အစည်းမှ မျှော်စင်သခင်၏ မထင်မှတ်ထားသည့် အပြူအမူတစ်ခုဖြစ်၏။
ထိုသားရဲပျံကြီးက မြင်ကွင်းမှ ပျောက်ကွယ်သွားဖို့ သိပ်မကြာလိုက်ပေ။
ဤသို့ဖြင့် လန်ရှီဟယ်က ပြောလိုက်သည်။
"ကျွန်မက အမည်မသိကုန်းမြေကို စူးစမ်းရှာဖွေရင်းနှင့် လျှို့ဝှက်ချက်တွေကို ဆက်တိုက် ရှာဖွေနေခဲ့တာ။ ဒီကုန်းမြေထက် ပိုပြီး နက်နဲအောင်သွားချင်ပေမဲ့ ခက်ထန်သားရဲတွေက အရမ်းကို အားကောင်းလွန်းတယ်"။
လုကျိုးက ပြောလိုက်သည်။
"ကံဆိုးတာက ဒီနေရာက ဗဟိုချက်နှင့် အရမ်းကို အလှမ်းဝေးနေသေးတယ်။ "
ကျိထျန်းတောက်တစ်ယောက် မဟာလေဟာနယ်မျိုးစေ့ဆယ်ခုကို လက်ခံရရှိခဲ့သည့် မြင်ကွင်းက ပြန်လည်ပေါ်ထွက်လာ၏။ ထိုနေရာက သူ့ရှေ့တွင် ရှိသည့်နေရာနှင့် အနည်းငယ် ဆင်တူသော်လည်း ပိုမိုမည်းမှောင်နေသည်။
"အဲ့လို ဖြစ်နိုင်ပါတယ်"လန်ရှီဟယ်က ခေါင်းညိတ်လိုက်သည်။
"မင်းက မဟာလေဟာနယ် စူးစမ်းရှာဖွေရေး အသက်ရှင်သူ တစ်ယောက်ပဲလေ။ အပြာရောင်သလင်းကျောက်တွေကို ဘယ်ကနေတွေ့ခဲ့တာလဲ"
လုကျိုးက မေးလိုက်သည်။
လန်ရှီဟယ်က ပြောလိုက်၏။
"လွန်ခဲ့တဲ့ နှစ်သုံးရာခန့်က ခက်ထန်သားရဲတွေနှင့် ပင်လယ်သားရဲတွေ ရွှေ့ပြောင်းမှု ရှိခဲ့တယ်။ အဲ့ဒါကြောင့် လူသားကျင့်ကြံသူတွေက မဟာလေဟာနယ်ထဲဝင်ဖို့ အခွင့်အရေး ရခဲ့တာ။ ဒါပေမဲ့ အများစုက အမည်မသိကုန်းမြေမှာ အသက်ဆုံးရှုံးသွားခဲ့တယ်။ဒီနေရာက ကုန်းမြေရဲ့ အလယ်ဗဟိုချက်လား ဘာလားဆိုတာကို ဘယ်သူမှမသိကြဘူး။ မဟာလေဟာနယ်မျိုးစေ့ ကြီးထွားရာပေါ် မူတည်ပြီးတော့ နေရာမှန်တော့ ဖြစ်လောက်တယ်။"
"အဲ့ဒါကြောင့် ငါ့ကို ဒီခေါ်လာတာလား" လုကျိုးက မေးလိုက်သည်။
"ဘယ်ဟုတ်ပ့ါမလဲ"ထိုသို့ပြောပြီးသည့်နောက်တွင် လန်ရှီဟယ်က စကားလမ်းကြောင်းလွှဲကာ မေးလိုက်သည်။
"မျှော်နန်းသခင်လုရဲ့ တပည့်က မဟာလေဟာနယ်မျိုးစေ့ကို ပိုင်ဆိုင်ထားတယ်။ မျှော်နန်းသခင်လုက မဟာလေဟာနယ်မျိုးစေ့ကို ဘယ်လိုရခဲ့လဲဆိုတာကို မေးချင်တယ်။"
လုကျိုးက လှည့်ကာ လန်ရှီဟယ်ကို တိတ်တဆိတ် ကြည့်လိုက်သည်။ သူ့အကြည့်များက နက်ရှိုင်းနေ၏။
လန်ရှီဟယ်၏ မျက်နှာအထက် အားနာသည့် အမူအရာ ပေါ်ထွက်လာသည်။
"နားလည်မှု မလွဲပါနဲ့။ ကျွန်မကိုယ်တိုင်က မဟာလေဟာနယ်စွမ်းအားကို ပိုင်ဆိုင်ထားပြီးတော့ ကောင်းကင်ဘုံကို သွေဖည်ပြီး ကျွန်မရဲ့ ကံကြမ္မာကို ပြောင်းလဲလို့ မရဘူးဆိုတာ သိပါတယ်"
အားကောင်းသည့် လေ တစ်ချက်က သူတို့၏နား နား ဖြတ်တိုက်သွားကာ အရိုးခဲလုမတတ် အေးခဲမှုကို ဆောင်ကျဉ်းလာသည်။ သို့သော်လည်း နှစ်ဦးသားက အဆင့်မြင့် ကျင့်ကြံသူများဖြစ်သည့်အတွက် အေးခဲမှုကို မကြောက်ကြပေ။
"ကြည့်လိုက်" လန်ရှီဟယ်က လက်ညှိုးထိုးကာ ပြောလိုက်သည်။
သိပ်သည်းလှသည့် မြူခိုးများက ဆောင်းတွင်းတွင် ရေမျက်နှာပြင်အထက်ရှိသည့် မြူခိုးများနှင့် တူနေသည်။ ထိုအရာများက ရွေ့လျားနေပြီး တစ်ခါတစ်ရံတွင် တစ်ဖက်သို့ ရွေ့လျားကာ တစ်ခါတရံတွင် တခြားတစ်ဖက်သို့ ရွေ့လျားနေသည်။
အမည်မသိကုန်းမြေတွင် မြူခိုးများနှင့် မြူများက ကောင်းကင်ကို ဖုန်းလွှမ်းထားလေ့ရှိ၏။ သိပ်သည်းသည့် မြူခိုးက ကြွယ်ဝသည့် အသက်ဓာတ်ပါရှိသည့် သန့်စင်သည့် ရှေးဦးချီတို့ ပါဝင်နေသည်။ သို့သော်လည်း တိုက်စားနိုင်စွမ်းလည်း သယ်ဆောင်ထား၏။
လန်ရှီဟယ်က ပြောလိုက်သည်။
"တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် တစ်ရက်ကျရင် မျှော်နန်းသခင်လုက အမည်မသိ ကုန်းမြေအကြောင်းအားလုံးကို ရှာဖွေတွေ့ရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်"
လန်ရှီဟယ်က မှုန်မှိုင်းနေဆဲဖြစ်သော်လည်း လှပသည့် ကောင်းကင်ကို မကြည့်တော့ပေ။ ထိုအရာက စိတ်ဓာတ်ကျဖို့ ကောင်း၏။
ရင်းနှီးပြီးသား စွမ်းအင်ပဲ့တင်သံများက အဝေးတစ်နေရာမှ ထွက်ပေါ်လာခဲ့သည်။
ဤအရာမှ အစိမ်းရောင်ကြယ်တာရာ ဒိုင်ခွက်က တောအုပ်အတွင်း ပျံသန်းသွားကာ မိုးကုတ်စက်ဝန်းအတွင်း ပျောက်ကွယ်သွားလေ၏။
"တစ်ယောက်ယောက်တော့ ဒီရောက်နေပြီ။"
လန်ရှီဟယ်နှင့် လုကျိုးတို့က တစ်ချက်ကြည့်ရုံနှင့် နားလည်လိုက်သည်။ လျပ်တစ်ပြက်အတွင်း သူတို့က မီတာတစ်ရာသို့ ရောက်ရှိလာကာ သစ်ကိုင်းပေါ် ရပ်လိုက်ကြသည်။ ပေါများလှသည့် သစ်ရွက်များက သူတို့ကို မြင်ကွင်းမှ ဖုံးကွယ်ပေးထား၏။
လုကျိုးက လက်ဝေ့လိုက်ပြီး ခရမ်းရောင် သံကျောက်ကို အသက်သွင်းပြီး သူတို့ဝန်းကျင်ရှိ အာကာပြင်ကို စည်းပိတ်လိုက်သည်။ ပတ်ဝန်းကျင်ရှိ စွမ်းအင်အားလုံး၊ ရှေးဦးချီ၊ အသက်ဓာတ်စွမ်းအားနှင့် တိုက်စားစွမ်းအား အားလုံးက အကာရံ အပြင်ဘက်သို့ သိမ်းဆည်းခံလိုက်ရသည်။
ဘန်း ဘန်း ဘန်း
မိစ္ဆာငါးနှင့် တူသည့် တောင်ပံများရှိသည့် ခက်ထန်သားရဲများက ဧရာမ အစိမ်းရောင်ကြာပွင့်ကြီးနောက် လိုက်လာကြသည်။
မျက်စိတစ်မှိတ်အတွင်း အစိမ်းရောင်ကြာပွင့်က ပျောက်ကွယ်သွားခဲ့၏။
တစ်ချိန်တည်း ဆိုသလို ခက်ထန်သားရဲက အော်သံတစ်ခု ထွက်ပေါ်လာကာ မြူခိုးအတွင်း ပျောက်ကွယ်သွားခဲ့သည်။
"လိုက်ဖမ်းမနေနဲ့တော့။ တာဝန်ကပိုအရေးကြီးတယ်။ အမည်မသိကုန်းမြေက အန္တရာယ်ကို များလွန်းတယ်။ ငါတို့တွေ ခက်ထန်သားရဲ အုပ်စုကို ဆွဲဆောင်မိရင် သွားပြီပဲ။"
ကျင့်ကြံသူနှစ်ဦးက ရှေးဟောင်းသစ်ပင်ရှေ့ မီတာသုံးရာအကွာတွင် ရပ်တန့်လိုက်ကြသည်။
မြင်ကွင်းက ဆိုးဝါးနေသည့်အတွက် လုကျိုးနှင့် လန်ရှီဟယ်တို့က ထိုကျင့်ကြံသူနှစ်ဦး၏ ပုံရိပ်ကို ဝေဝေဝါဝါးသာ မြင်ရသည်။
"ငါတို့ လုပ်ဖို့လိုတာက လျှို့ဝှက်ဆန်းကြယ် အသက်ဓာတ်မြက်ကို ရှာဖို့ပဲ"
"သူတို့တွေက ရှားလွန်းတယ်။ အဲ့လောက်ရှာတာတောင် သုံးခုပဲ တွေ့သေးတယ်"
“လျှို့ဝှက်ဆန်းကြယ် အသက်ဓာတ်မြက်က မွေးဖွားဇယားချပ်တွေကို ယူပြီး ပြုပြင်နိုင်တဲ့ သော့ချက်ပဲ။ ငါတို့တွေ ထပ်ရှာဖို့ လိုတယ်။ ခက်ထန်သားရဲတွေကို အလန့်တကြားမဖြစ်အောင် ဂရုစိုက်ရမယ်။"
ထို့နောက် ကျင့်ကြံသူနှစ်ဦးက ရှေ့ဆီ ပျံသန်းသွားပြီး လုကျိုးနှင့် လန်ရှီဟယ်တို့နှင့် မီတာ ဒါဇင်ချီအကွာတွင် ရပ်တန့်သွားခဲ့သည်။ နှစ်ဦးသားက အောက်မှ ချိုင့်ဝှမ်းကို ကြည့်လိုက်၏။
တစ်ယောက်က အံ့အားသင့်စွာ ပြောလိုက်၏။
"လီလီရဲ့ အသိုက်ပဲ"
တစ်ဦးက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"မဟုတ်သေးဘူး။ တခြားတစ်ယောက် ရှိနေတယ်"
လုကျိုးက ရုတ်တရက် တင်းကြပ်သွားမိသည်။ တခြားသူသည် သူ့လိုမျိုး ရနံ့ခံစွမ်းအား ပိုင်ဆိုင်ထားသည်လား မသိရပေ။
"ချင်မျိုးနွယ်ကလား"
ရနံ့ခံကောင်းသည့်သူက ပြန်ဖြေလာသည်။
"ဖြစ်နိုင်တယ်။ ချင်မျိုးနွယ်ရဲ့ သခင်လေးက မွေးဖွားဇယားချပ်တွေ ဆုံးရှုံးသွားတယ်တဲ့။ ကြည့်ရတာ ဒီလျှို့ဝှက်အသက်ဓာတ်မြက်ကို လိုက်ရှာနေတာ ဖြစ်လောက်တယ်။"
တခြားတစ်ဦးက ရယ်မောလိုက်သည်။
"အဲ့ဒီသခင်လေးချင်က အမြဲတမ်း ပိုင်စိုးပိုင်နင်း လုပ်နေတာ။ ဘယ်သူကများ ဖျက်ဆီးပစ်လိုက်ပါလိမ့်။ တော်တော်လေးကို ကျေနပ်စရာပဲ။ အဲ့ဒါက လွဲရင် ချင်မျိုးနွယ်ရဲ့ မဟာတစ္ဆေအစေခံ တစ်ယောက်လည်း သေဆုံးသွားတယ်လို့ကြားတယ်။ သူတို့က မဟာတစ္ဆေအစေခံကို ခက်ထန်သားရဲတစ်ကောင်က သက်သွားတယ်လို့ ပြောပေမဲ့ အဲ့လိုတော့ မထင်ဘူး။ "
"ခဏနေအုံး" နောက်တစ်ယောက်က နှာခေါင်းတစ်ရှုံ့ရှုံ့ဖြင့် အနံခံလိုက်၏။
ရနံ့ကို ထိန်းချုပ်ထားဖို့ အင်မတန် ခက်ခဲလှသည်။ လူတစ်ယောက် သေဆုံးသွားလျင်ပင် ရနံ့က ရှိနေဆဲ ဖြစ်၏။ ပို၍ အတည်အကျ ပြောရလျှင် မည်သည့်နေရာ သွားသွား ရနံ့က ကျန်ရှိနေမြဲ ဖြစ်၏။
ဤတစ်ကြိမ် ကျင့်ကြံသူနှစ်ဦးက သစ်ပင်ဘက် လှည့်ကြည့်လာကြသည်။ ဘာမှကောင်းကောင်း မမြင်ရသော်လည်း အနီးတွင် တစ်စုံတစ်ဦးရှိနေကြောင်း ရနံ့မှ တစ်ဆင့် သိနေသည်။
"ရနံ့နှစ်မျိုး ရှိတယ်။ တစ်ခုက ပန်းရနံ့ဆိုတော့ အမျိုးသမီး ဖြစ်လောက်တယ်။ တစ်ယောက်က ချဉ်စုပ်စုပ်ဆိုတော့ အမျိုးသား ဖြစ်လောက်တယ် "
လုကျိုးက မျက်မှောင်ကြုတ်လိုက်၏။ သူက အင်္ကျီလက်ကို မြှောက်ကာ အနံ့ခံ ကြည့်လိုက်သည်။
ဘာအနံ့လဲ။
သူက ဘယ်လိုလုပ်အနံ့ရှိနိုင်မှာလဲ
ခဏနေပါအုံး...
သူက ဒုတိယ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့စည်းပြီးသည့်နောက်တွင် ခန္ဓာကိုယ်မှ စွန့်ထုတ်လိုက်သည့် အညစ်အကြေးများမှာ ပြန်ထွက်လာဟန် ဖြစ်နိုင်သည်။
"ဟေး မင်းတို့တွေ ထွက်ခဲ့တာ ကောင်းလိမ့်မယ်"
...
အခန်း (၁၁၃၉) ပေါ်ပေါက်သွားခြင်း
လုကျိုးနှင့် လန်ရှီဟယ်ကို ခရမ်းရောင်တောက်ပသံကျောက်က ဖုံးကွယ်ပေးထားတာဖြစ်သည်။ ပုံမှန်အချိန်တွင် ၎င်းက သူတို့ကို ရှာတွေ့မှာမဟုတ်ပေ။ သို့သော် တစ်ဖက်လူ၌ ခွေးနှစ်ကောင်ရှိနေမှန်း မည်သူက သိမည်နည်း။ သူတို့အကြည့်ချင်းဖလှယ်ပြီးနောက် သစ်ကိုင်းတစ်ခုပေါ် အသာဖော့နင်းလျက် ပျံထွက်သွားလိုက်သည်။ လေအေးများတိုက်ခတ်နေလျက် လေထဲ၌ သူတို့ဆံနွယ်များကို လွင့်နေစေ၏။
လန်ရှီဟယ်က လေထဲပျံဝဲနေကာ ကျင့်ကြံသူနှစ်ယောက်ကို တည်ငြိမ်စွာကြည့်နေစဉ် လုကျိုးက ဘယ်ဖက်ခြမ်းရှိလေထဲ ပျံဝဲနေတော့သည်။
အေးစက်နေသော လေပြင်းများနှင့် သားရဲပျံများ၏ တောင်ပံခတ်သံများ၊ မြေပြင်ပေါ်ရှိ ကြမ်းတမ်းခက်ထန်သားရဲများ၏ ခြေသံပြင်းပြင်းများကြားထဲတွင် နှစ်ဖက်က တစ်ဖက်ကိုတစ်ဖက် အာရုံစူးစိုက်မှုအပြည့်ဖြင့် ကြည့်နေကြ၏။
အမည်မသိကုန်းမြေသို့ ရောက်လာသော ကျင့်ကြံသူအများစုသည် ရတနာရှာဖွေရန် ရည်ရွယ်ချက်ဖြင့် ရောက်လာတာဖြစ်သည်။ ရတနာအတွက် လူတို့သေဆုံးစဉ် သားရဲများက စားစရာအတွက် သေဆုံး၏။ ယင်းက ရှေးခေတ်ကာလတည်းက အမှန်တရားပဲဖြစ်သည်။ ထိုအရာအပြင် အားနည်းသူများအတွက် ရှင်သန်ရန် ခက်ခဲသောပတ်ဝန်းကျင်၌ အမည်မသိကုန်းမြေသို့ မည်သူကလာမည်နည်း။
ကျင့်ကြံသူနှစ်ဦးက သူတို့ရှေ့ရှိအမျိုးသမီးနှင့် အမျိုးသားကို ကြည့်လိုက်သည်။
ဘယ်ဖက်ခြမ်းတွင် ရပ်နေသော အမျိုးသားက တာအိုဝတ်ရုံကို ဝတ်ဆင်ထား၏။ သူ့၌ တည်ငြိမ်သော သဘောထားရှိကာ အကြည့်က နက်ရှိုင်းပြီး အမူအရာက တည်ငြိမ်နေ၏။ သူ့ဘေးရှိ အမျိုးသမီးကလည်း မလျော့ပေ။ သူမ အမူအရာက ရေသေပမာ တည်ငြိမ်နေ၏။ သတ်ဖြတ်လိုစိတ် တစွန်းတစကိုတောင် မျက်လုံးထဲတွင် တွေ့ရသည်။
ထိုအမျိုးသားနှင့် အမျိုးသမီးနှစ်ယောက်တို့ပုန်းနေတာ သေချာသည်ကို ကျင့်ကြံသူတို့ သိချင်မိသည်။ အဆုံးကျ သူတို့ သတိပိုထည့်ကာ မထိတ်လန့်ခဲ့ပေ။ သူတို့နှစ်ယောက် မလှုပ်ရှားသောကြောင့် သူတို့ကိုယ်သူတို့ရှင်းပြရန် အခွင့်အရေးရှိသေးပြီး ဤကိစ္စကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်၏။ တောတွင်းဥပဒေသည် အချိန်အများစု၌ ပေါ်ပေါက်တတ်သော်ငြား အံဝင်ခွင်ကျဖြစ်တာမဟုတ်။ ကမ္ဘာပေါ်၌ ထာဝရရန်သူ မရှိပေ။
ကျင့်ကြံသူများထဲမှတစ်ယောက်က အရင်ဆုံးမေးလိုက်၏။
“မင်းတို့ရဲ့မျိုးရိုးနာမည်ကို မေးလို့ရမလား”
လုကျိုးက မေးခွန်းကို မဖြေခဲ့ဘဲ ပြန်မေးလိုက်၏။
“မင်းတို့နှစ်ယောက်လုံးက အစိမ်းရောင်ကြာနယ်မြေက လာတာလား”
ကျင့်ကြံသူနှစ်ယောက်က ပိုတောင်သတိထားမိသွားသည်။ သို့သော် သူတို့မလိမ်ခဲ့ပေ။
“ဟုတ်တယ်” ကျင့်ကြံသူက အမှန်အတိုင်းပြန်ပြောလိုက်၏။ ပြီးနောက် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့တည်လိုက်သည်။
“ဆန်းကြယ်အသက်မြက်ပင်ကို ရှာဖို့ ဒီရောက်လာတာလား”
လုကျိုးက ထိုကျင့်ကြံသူနှစ်ယောက်သတိထားမိသွားတာကို မြင်ပြီး ပြောလိုက်၏။
“စိုးရိမ်ပူပန်ဖို့မလိုဘူး။ အဲ့ဒီလျှို့ဝှက်ဆန်းကြယ်အသက်ဓာတ်မြက်ကို ငါ ဂရုမစိုက်ဘူး။"
လုကျိုးပြောလိုက်သည်နှင့် ကျင့်ကြံသူနှစ်ယောက်က အကြည့်ချင်းဖလှယ်လိုက်တော့သည်။
ဒီလူက တကယ်ဟန်ဆောင်နေတာပဲ။ ကျင့်ကြံသူအားလုံးက လူလိမ်တွေပဲ။ အင်း ... အနည်းဆုံးတော့ သူတို့က နေ့ခင်းကြောင်တောင် လုယက်မဲ့ပုံမပေါ်ဘူး။
“ခင်ဗျားတို့တွေ လျှို့ဝှက်ဆန်းကြယ်အသက်ဓာတ်မြက်ကို ရှာဖွေနေတာမဟုတ်ဘူးဆိုတော့ ကျုပ်တို့မှာ ပဋိပက္ခတွေမရှိဘူး။ ခင်ဗျားတို့ တတ်နိုင်သမျှ မြန်မြန်ထွက်သွားဖို့ အကြံပေးလိုက်မယ်။ ပြောရရင် အမည်မသိကုန်းမြေက အန္တရာယ်များလွန်းတယ်။ နှုတ်ဆက်ပါတယ်”
ကျင့်ကြံသူနှစ်ယောက်က များများစားစားမပြောခဲ့ပေ။ သူတို့က မလိုလားအပ်သော ပြဿနာတွင် ဝင်မပါချင်။ သူတို့၏ ပန်းတိုင်က လျှို့ဝှက်ဆန်းကြယ်အသက်ဓာတ်မြက်ကိုရှာဖွေရန်ဖြစ်ပြီး လူသတ်ရန် မဟုတ်ပေ။ သူတို့ပြောပြီးနောက် လုကျိုးနှင့် လန်ရှီဟယ်ဖက် လှည့်ပြီးနောက် လက်သီးဆုပ်ကာ ထွက်သွားလေ၏။
“နေဦး” လုကျိုးက လှမ်းခေါ်လျက် သူတို့ကို တားလိုက်သည်။
လန်ရှီဟယ်က သူမ၏မျက်လုံးထောင့်ကနေတဆင့် လုကျိုးကို တစ်ချက်ကြည့်လိုက်၏။ လုကျိုးက သူမထက်တောင် ပိုတည်ငြိမ်လိမ့်မည်ဟု မထင်ထားပေ။
လုကျိုးသည် အစောတုန်းက ကျင့်ကြံသူနှစ်ယောက်၏ စကားပြောခန်းကို ပြန်တွေးမိသွားသည်။ သူတို့နှစ်ယောက်က ချင်မျိုးနွယ်စု၏သခင်လေးနှင့် မဟာသရဲအစေခံလေးဦးအကြောင်း ပြောခဲ့၏။ သူက ချင်မျိုးနွယ်စုကို ရန်သူဖွဲ့ခဲ့ပြီးဖြစ်သောကြောင့် သူ့ရန်သူအကြောင်း သိခွင့်ကို မည်သို့လက်လွတ်ခံမည်နည်း။ ထို့ကြောင့် သူက မေးလိုက်၏။
“မင်းတို့အစောတုန်းကပြောတဲ့ ချင်သခင်လေးရဲ့နောက်ခံက ဘာလဲ”
ထိုလူနှစ်ယောက်သည် လုကျိုး၏စကားကြောင့် ထိတ်လန့်အံ့အားသင့်သွား၏။ သူတို့က အမြန်လှည့်ပြောလိုက်ကြသည်။
“ကျုပ်တို့ညီအစ်ကိုနှစ်ယောက် အရင်တုန်းက အဓိပ္ပာယ်မရှိပြောလိုက်မိတာပါ။ ခင်ဗျား နားစွန်နားဖျား ကြားလိုက်မိတာ ဖြစ်ပေမဲ့ အလေးမထားပါနဲ့”
လုကျိုးက ကျင့်ကြံသူနှစ်ယောက်ကို စိုက်ကြည့်လိုက်၏။
“အဲ့ဒီကလေးက ငယ်ရွယ်ပေမဲ့ မွေးဖွားဇယားချပ် ၉ခု ရှိနေပြီးပြီ။ အစွမ်းထက်တဲ့ မဟာသရဲအစေခံလေးယောက်လည်းရှိတယ်။ သူတို့အားလုံး ထူးချွန်ထက်မြတ်တယ်။ သူ့ကို နေရာတိုင်း လိုက်ရှာနေပေမဲ့ ဘာမှမသိဘူး။ မင်းတို့ ဘာမှမသိတာ သေချာလား”
ကျင့်ကြံသူနှစ်ယောက်က အကြည့်ချင်းဖလှယ်လိုက်၏။ လုကျိုး၏လေသံကို ကြည့်လျှင် သူက ချင်မျိုးနွယ်စု ဖြစ်ပုံမပေါ်။ ထို့ကြောင့် သူတို့ထဲမှတစ်ယောက်က စိတ်မရှည်လက်မရှည်ဖြင့် ပြောလိုက်၏။
“ချင်မျိုးနွယ်စုထဲက သခင်လေးချင်မော့ရှန်းက ပါရမီရှင်တစ်ယောက်ပဲ။ သူက ချင်မျိုးနွယ်စုရဲ့ လူငယ်မျိုးဆက်ထဲ အတော်ဆုံးထဲက တစ်ယောက်။ သူက ကြီးမြတ်တဲ့ဆရာချင်ရဲ့ဆက်ခံသူဖြစ်လောက်တယ်။ လူအများစုက ဒါကို သိပြီးသား။ ဒီတော့ ခင်ဗျား ဒါကို လှည့်ပတ်မေးလို့ရတယ်”
လုကျိုးက ရေရွတ်ပြောလိုက်၏။
“ချင်မော့ရှန်း”
“ချင်မော့ရှန်းနဲ့ သရဲအစေခံလေးဦးက လွန်ခဲ့တဲ့နှစ်တွေတုန်းက အမည်မသိကုန်းမြေကို သွားခဲ့ပြီး ကြမ်းတမ်းခက်ထန်သားရဲတွေကြောင့် ဒဏ်ရာရသွားတယ်လို့ ကြားမိတယ်။ တစ်ယောက်က သေပြီး တစ်ယောက်က မွေးဖွားဇယားချပ်တစ်ခု ဆုံးရှုံးသွားတာ။ ခင်ဗျား သူ့ကို ရှာနေတာ အချိန်အတော်ကြာနေပြီဆိုရင် အဲ့ဒီအကြောင်းသိသင့်တယ်” ကျန်သည့်ကျင့်ကြံသူတစ်ယောက်က လှောင်ပြုံးဖြင့် ပြောလိုက်၏။ လုကျိုးနှင့် လန်ရှီဟယ်က ချင်မျိုးနွယ်မှ မဟုတ်ကြောင်း သေချာသွားပြီဖြစ်သည်။
“ငါ သိတာပေါ့” ကျင့်ကြံသူနှစ်ယောက်က ခေါင်းညိတ်လိုက်၏။ သို့သော် သူတို့စိတ်ထဲတွင်မူ ကျိန်ဆဲနေသည်။ မင်းတို့သိပြီးသားဆိုရင် ဘာကြောင့်ထပ်မေးနေတာလဲ။ မေးလေလေ မင်း ပြဿနာရှာနေတာလို့ ပိုခံစားမိလေလေပဲ။
ပြီးနောက် လုကျိုးသည် မှောင်မိုက်သောလေသံဖြင့် ပြောလိုက်၏။ “အဲ့ဒီကောင်က ငါ့ကို ခြုံခိုတိုက်ခိုက်ဖို့ ကြိုးစားခဲ့တာ။ သူ့ရဲ့မွေးဖွားဇယားချပ်တစ်ခုကိုပဲ ငါ ဖျက်ဆီးခဲ့တာ သူ ကံကောင်းသွားတယ်”
“...”
ကျင့်ကြံသူနှစ်ယောက်က မှင်တက်သွားတော့သည်။ သူတို့ရှေ့ရှိလူနှင့် ပတ်သက်သည့် ထောင်ချီသောအတွေးများနှင့် သူတို့စိတ်ထဲမှ ချက်ချင်းပျောက်ကွယ်သွားတော့၏။ ယင်းက မယုံနိုင်စရာကောင်းပြီး ထိတ်လန့်စရာကောင်း၏။ လန်ရှီဟယ်က လုကျိုးဖက်လှည့်ပြီး တအံ့တဩပြောလိုက်၏။
“မျှော်နန်းသခင်လုက အစိမ်းရောင်ကြာနယ်မြေကလူတွေနဲ့ ဆက်သွယ်မှု တကယ်ရှိနေတာလား”
လုကျိုးက ခေါင်းညိတ်လိုက်ပေမဲ့ မရှင်းပြခဲ့ပေ။
လန်ရှီဟယ်က ရုတ်တရက် ကိစ္စက အတော်လေး စိတ်ဝင်စားဖို့ကောင်းသည်ဟု ထင်မိသည်။ ထို့ကြောင့် သူမက တိတ်တိတ်လေးရပ်နေကာ ကြည့်နေ၏။
ကျင့်ကြံသူများထဲမှ တစ်ယောက်ကပြောလိုက်၏။
“ခင်ဗျား နောက်နေတာလား။ ချင်မျိုးနွယ်ကို ရန်စတာက ဉာဏ်ရှိတဲ့လုပ်ရပ်မဟုတ်ဘူး”
ကျန်သည့်ကျင့်ကြံသူက မေးလိုက်၏။
“ခင်ဗျားနာမည်ကို သိလို့ရမလား ဆရာကြီး”
ချင်မော့ရှန်း၏ မွေးဖွားဇယားချပ်ကို ဖျက်ဆီးခဲ့သည်ဟု ပြောနေသော ဤလူအကြောင်း တကယ်သိချင်မိသည်။ သို့သော် ချင်မျိုးနွယ်စုမှ လက်စားချေခံရမှာကိုလည်း ထိုလူက မကြောက်။ သူ့ရှေ့ရှိလူက ချင်မျိုးနွယ်စုထက် ပိုပြီးဖြုံလောက်သည့် အင်အားစုက လာသူဖြစ်ရမည်။ ထို့ကြောင့် သူ့နာမည်ကို သိချင်၏။
လုကျိုးက သူတို့နှစ်ယောက်ကို ကြည့်ပြီး မဖြေခဲ့ပေ။ ပြီးနောက် အကြည့်တစ်ချက်ဖလှယ်ပြီးနောက် သူတို့ထဲမှ တစ်ယောက်က ပြောလိုက်သည်။
“ကျုပ်က ဝေ့ကျင်းယဲ့”
“ကျုပ်က ဝေ့ကျန်းနန်”
ဒီတော့မှ လုကျိုးက ပြောလိုက်၏။ "ကျုပ်မျိုးရိုးနာမည်က လု”
“လု လား” ကျင့်ကြံသူနှစ်ယောက်သည်ဖျစ်ညစ်စဉ်းစားသော်ငြား လုမျိုးရိုးနာမည်ဖြင့် အကောင်ကြီးကြီးကို မတွေးနိုင်ဖြစ်နေသည်။
လုကျိုးက အရင်ဆုံး ပြောလိုက်သည်။ “ငါက အစိမ်းရောင်ကြာနယ်မြေက မဟုတ်ဘူး”
ထိုစကားများပြောလိုက်သည်နှင့် ဝေ့ကျင်းယဲ့နှင့် ဝေ့ကျန်းနန်သည် မီတာအနည်းငယ်သို့ ချက်ချင်း ဆုတ်သွားပြီး ပတ်ဝန်းကျင်၌ ကနဦးချီများ ဝေ့တက်လာ၏။
တည်ငြိမ်နေပြီးသားပတ်ဝန်းကျင်သည် ရုတ်တရက် တင်းမာလာသည်။
ထိုစဉ် ဝေ့ကျင်းယဲ့က သူ၏စွမ်းအင်ကို ဖွဲ့တည်ပြီးဖြစ်သည်။
တစ်ဖက်တွင်မူ ဝေ့ကျန်းနန်က ဝေ့ကျင်းယဲ့၏ပခုံးပေါ်လက်တင်ကာ အသံတိုးတိုးဖြင့် ပြောလိုက်၏။
“အဆင်ခြင်မဲ့မလှုပ်ရှားနဲ့။ သူတို့က ရန်သူလား မိတ်ဆွေလား မသိရသေးဘူး။ တကယ်တော့ ငါတို့မသိသေးတဲ့ ကိစ္စတွေအများကြီး ရှိနေတာ”
ဝေ့ကျင်းယဲ့က ခေါင်းညိတ်ပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ စွမ်းအင်စည်းတံဆိပ်များကို ရုပ်သိမ်းလိုက်သည်။ ပြီးနောက် ဝေ့ကျန်းနန်က အားတင်းပြုံးလိုက်ပြီးနောက် ပြောလိုက်၏။
“ကျုပ်တို့တွေက မတူညီတဲ့လမ်းကို သွားနေတယ်ဆိုမှတော့ ဒီနေ့ တစ်ယောက်လမ်းတစ်ယောက် မဆုံမိအောင် နေကြရအောင်။ နှုတ်ခွန်းဆက်ပါတယ်”
ဝှစ်
ထိုစဉ် ကောင်းကင်ထဲရှိ သိပ်သည်းသောမြူက ရုတ်တရက်ကွဲထွက်သွား၏။ ပြီးနောက် မိစ္ဆာငါးနှင့်တူသည့် ကြမ်းတမ်းခက်ထန်သားရဲက ပါးစပ်ကိုဟလျက် ခုန်ဆင်းလာသည်။ ၎င်းအမြီးက တပြိုင်နက်တည်း လေပြင်းများထုတ်နေ၏။
ယင်းကို မြင်သောအခါ ဝေ့ကျန်းနန်က အော်ပြောလိုက်၏။
“သွားကြမယ်”
ဝှစ်
ကြမ်းတမ်းခက်ထန်သားရဲသည် ထိုလူနှစ်ယောက်၏လမ်းကို တောင်ပံဖြင့်ပိတ်ထားကာ သူတို့ကို လုကျိုးနှင့် လန်ရှီဟယ်ရှေ့ရွေ့သွားအောင် ဖိအားပေးနေ၏။
“သူ့ကို သတ်လိုက်သင့်လား” ဝေ့ကျင်းယဲ့က ပြောလိုက်၏။
“မသတ်နဲ့။ ဒီသားရဲဘုရင်က ကြီးလွန်းတယ်။ ငါတို့ အချိန်တိုအတွင်း သတ်နိုင်မှာမဟုတ်ဘူး။ တောနက်ထဲက သားရဲဧကရာဇ်ကို သတိပေးသလိုဖြစ်သွားရင် ငါတို့ လွတ်နိုင်မှာမဟုတ်ဘူး”
ဝေ့ကျန်းနန်က ခေါင်းခါပြီးပြန်ပြောလိုက်၏။
ဝူး
ဝေ့ကျန်းနန်ပြောပြီး မကြာမီ၌ လေထဲတွင် ဆူညံသံသဲ့သဲ့ပေါ်လာသည်။
“သူ တခြားသူတွေကို သတင်းပေးနေတာ”
အောက်ရှိမြေပြင်ပေါ်၌ ကြမ်းတမ်းခက်ထန်သားရဲများစွာက မြေပြင်ပေါ်ဖြတ်နင်းနေသည့်အသံက မြင်းပေါင်းတစ်သောင်း၏ခွာသံလိုပင် တပြိုင်နက်တည်း ပေါ်ပေါက်လာ၏။
ဝှစ် ဝှစ် ဝှစ်
မိစ္ဆာငါးကဲ့သို့ ကြမ်းတမ်းခက်ထန်သားရဲက တောင်ပံများခတ်လျက် လေပြင်းများ ချက်ချင်း တိုက်ခတ်လာတော့သည်။
“ကြယ်တာရာဒိုင်ခွက်” နှစ်ယောက်သားက တပြိုင်နက်တည်းလက်မြှောက်လိုက်ပြီး သူတို့ရှေ့တွင် အစိမ်းရောင်ကြယ်တာရာဒိုင်ခွက်ကိုကိုင်ထားလိုက်သည်။
ထိုစဉ် လန်ရှီဟယ်က ပြောလိုက်၏။
“မျှော်နန်းသခင်လု ကျွန်မတို့တွေ ကြာကြာဆက်နေလို့မရတော့ဘူး။ သွားကြမယ်။ အချိန်မှီ သွားနိုင်မှာ မဟုတ်ဘူး”
ဤနေရာအတွင်းပိုင်းရှိ သင်္ကေတလမ်းကြောင်းက ယခုအချိန်တွင် ၎င်း၏တန်ဖိုးကို ပြသလိုက်သည်။ သို့သော် ဤနေရာနှင့် သင်္ကေတလမ်းကြောင်းက လှမ်းနေသေး၏။
ဘန်း
ဧရာမတောင်ပံက လှုပ်ရှားတာမြန်ဆန်ပြီး အစိမ်းရောင်ကြယ်တာရာဒိုင်ခွက်များကို မြေကမ္ဘာခွင်းနိုင်သော အသံဖြင့် ထိမိသွားသည်။
“မကောင်းတော့ဘူး”
သူတို့နား၌ ကြမ်းတမ်းခက်ထန်သားရဲများစုဝေးလာသောအခါ ဝေ့ကျင်းယဲ့နှင့် ဝေ့ကျန်းနန်၏ အမူအရာက လေးနက်သွားသည်။
လုကျိုးသည် သားရဲများကို တိတ်တဆိတ်ကြည့်လိုက်သည်။
ဝူး
သားရဲဘုရင်က လှည့်လာကာ အမြီးများကို လွဲယမ်းလိုက်သည်။ တောင်ထွတ်၁၀ခုကျော်က အမြီးတစ်ချက်လွှဲယမ်းမှုဖြင့် ဖျက်ဆီးခံလိုက်ရသည်။
ဘန်း ဘန်း ဘန်း ဘန်း ဘန်း
ကျောက်တုံးကျောက်ခဲများက တလိမ့်လိမ့်ကျလာပြီး ဖုန်တထောင်းထောင်းထလာ၏။ လုကျိုးက လှုပ်ရှားမှုမရှိသေးပေ။
တစ်ဖက်တွင်မူ လန်ရှီဟယ်က နေမင်းလမင်းနှင့် ကြယ်တာရာစက်ဝန်းကို ထုတ်ယူကာ သူမနား လည်ပတ်စေ၏။
“နေမင်းလမင်းနှင့်ကြယ်တာရာစက်ဝန်းလား” ဝေ့ကျင်းယဲ့နှင့် ဝေ့ကျန်းနန်က တအံ့တဩပြောလိုက်၏။
လန်ရှီဟယ်သည် သူတို့က နေမင်းလမင်းနှင့်ကြယ်တာရာစက်ဝန်းကို သိနေသောကြောင့် အနည်းငယ် ထိတ်လန့်အံ့အားသင့်သွားသည်။
ဘန်း
ထိုစဉ် ဝေ့ကျင်းယဲ့နှင့် ဝေ့ကျန်းနန် ဧရာမဖိအားကြောင့် နောက်သို့ တွန်းထုတ်ခံလိုက်ရသည်။ သူတို့က လုကျိုးနှင့် လန်ရှီဟယ်နောက် ရောက်သွား၏။ ပြီးနောက် သူတို့က ပြောလိုက်သည်။
“မတိုက်ခိုက်နဲ့။ စွမ်းအင်စည်းတံဆိပ်မသုံးကြနဲ့”
သူတို့နှစ်ယောက်သည် ဤနေရာ၌ ရှင်သန်ရေးစည်းမျဉ်းအကြောင်းသိသည်။ လူသားကျင့်ကြံသူများသည် ဤနေရာ၌ ဝံပုလွေအုပ်ထဲရှိ နူးညံ့သောသိုးများပမာဖြစ်နေသည်။ ဝံပုလွေအုပ်က သူတို့ကို မမြင်လျှင်တောင် သူတို့ဆူညံသံသဲ့သဲ့ ပြုလုပ်မိပြီးသည်နှင့် သူတို့ကို ဆွဲဆောင်မိပြီးဖြစ်ကာ ဝံပုလွေဗိုက်ထဲ အဆုံးသတ်သွားလိမ့်မည်။
...
အခန်း (၁၁၄၀) တစ်ခါမှ မမြင်တွေ့ဖူးသည့် ကြယ်တာရာ ဒိုင်ခွက်အကြောင်း
လျှပ်စီးတဖြတ်ဖြတ်လက်နေသည့် အမြီးကို မြင်တွေ့ပြီးသည့်နောက်တွင် လုကျိုးက မျက်မှောင်အသာကြုတ်လိုက်သည်။ သူက စဉ်းစားမနေဘဲ သားမာန်ဇယားချပ်ကတ်ကို ထုတ်ဖော်လိုက်၏။ သူ့လက်ထဲ ဝဲကတော့ တစ်ခု ပေါ်ထွက်လာ၏။
ထို့နောက် ထူးထူးဆန်းဆန်း မြင်ကွင်းတစ်ခု ထွက်ပေါ်လာခဲ့၏။
နဂိုက စုဝေးနေသည့် မြူနှင့် အသက်ဓာတ်စွမ်းအားက လုကျိုး၏ လက်ဝါးထဲ စတင်စုဝေးလာကာ နာရီပြောင်းပြန်ပုံစံ လှည့်ပတ်နေကြသည်။
ဆက်တိုက်ဆိုသလို ကောင်းကင်တစ်မျှ ကြီးမားသည့် ရွှေရောင် လက်ဝါးစည်းတံဆိပ်က ထွက်ပေါ်လာ၏။
ဝုန်း
ရွှေရောင်လက်ဝါးစည်းတံဆိပ်က မိစ္ဆာငါးနှင့်တူသည့် ခက်ထန်သားရဲအပေါ် ကျရောက်လာသည်။ ထိုအရာက စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး ကောင်းကင်မှ ပြုတ်ကျလာ၏။
ထိုစဉ် လုကျိုးက လေထဲသို့ ခုန်ဝင်ကာ အမည်မဲ့ကို ဓားပုံသဏ္ဌာန်ဖြင့် လက်ထဲတွင် ကိုင်ဆောင်ထားပြီး ခက်ထန်သားရဲ၏ ရင်ဘတ်ကို ချိန်ရွယ်လိုက်သည့်အခါ အပြာရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူက လက်ကို ထပ်မံလှုပ်ရှားလိုက်သည့်အခါ မင်နက်ရောင်မိစ္ဆာဘုန်းကြီး စည်းတံဆိပ်က ခက်ထန်သားရဲ၏ ရင်ဘတ်ကို ထိုးဖောက်သွားပြီး နှလုံးသားကို ဆွဲယူလာသည်။
ခက်ထန်သားရဲက လက်ဝါးစည်းတံဆိပ်နှင့် ရင်ဆိုင်ရသည့်အခါ အားနည်းသည့် သိမ်းငှက်တစ်ကောင်လိုမျိုး ဖြစ်နေသည်။ အသက်ဓာတ်နှလုံးသားက သူ့ရင်ဘတ်မှ ထွက်သွားသည့်အခါ လူအများက တုံတုံယင်ယင် ဖြစ်သွားကြ၏။
လက်ဝါးစည်းတံဆိပ်က တစ်ခါတရံတွင် ရွှေရောင်ဖြစ်ကာ တစ်ခါတရံတွင် အပြာရောင်ဖြစ်ပြီး တစ်ခါတရံတွင် အနက်ရောင် ဖြစ်သည်။
ဝေ့ကျင်းယဲ့နှင့် ဝေ့ကျန်းနန်တို့က တံတွေးမျိုချကာ ပြိုင်တူ တွေးလိုက်ကြသည်။
သူက ပညာရှင်ပဲ...
လုကျိုး၏ လှုပ်ရှားမှုများက သေသပ်လှသည်။
အသက်ဓာတ်နှလုံးသားကို ယူကာ လန်ရှီဟယ်ဘေးသို့ လျပ်စီးလိုအလင်းဖြင့် ရောက်ရှိလာသည်။ ထို့နောက် သူက ပြောလိုက်သည်။
"သွားကြစို့"
တစ်ချိန်တည်း ဆိုသလို ခက်ထန်သားရဲက ကောင်းကင်မှ ပြုတ်ကြလာသည်။ ကျင့်ကြံရေးလောကတွင် အားကောင်းသူက ကြီးစိုးစမြဲဖြစ်၏။
"တင်း ပစ်မှတ်ကို ပြစ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ရှစ်ထောင်ကို ရရှိပါတယ်"
"ချန်းပေ့ ကျုပ်တို့ကို စောင့်ပါအုံး"
ဝေ့ကျင်းယဲ့နှင့် ဝေ့ကျန်းနန်တို့က အသိပြန်ဝင်လာသည့်အခါ လှန်းခေါ်၏။ လုကျိုးနှင့် လန်ရှီဟယ်တို့နောက်မှ လိုက်ပါသွားကြသည်။
နေမင်း၊ လမင်းနှင့် ကြယ်တာရာအစုအဝေးတို့ကို အသုံးပြုခြင်းဖြင့် လန်ရှီဟယ်က အရှိန်မြင့်ကာ အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။
လုကျိုး "..."
လုက်ျုးက သူ့နောက်မှ လိုက်နေဆဲဖြစ်သည့် ဝေ့ကျင်းယဲ့နှင့် ဝေ့ကျန်းနန်တို့ကို လှည့်ကြည့်လိုက်သည်။
"မင်းတို့ကို စောင့်နေမယ်"
ဝေ့ကျင်းယဲ့နှင့် ဝေ့ကျန်းနန်တို့က လုကျိုးဆီ အလျင်အမြန် ပျံသန်းလာကြ၏။
"ချန်းပေ့ကို ကျေးဇူးတင်ပါတယ်"
ထို့နောက် နှစ်ဦးသားက အရိပ်အယောင်မရှိ ပျောက်ကွယ်သွားလေ၏။
လုကျိုးက တိကျန်း၏ စွမ်းရည်နှင့် လျို့ဝှက်ဆန်းကြယ်စွမ်းအားကို အသုံးပြု၏။ ဤသို့ဖြင့် သူ့ပျံသန်းနှုန်းက မြန်ဆန်လာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း သူက ဝေ့ကျင်းယဲ့နှင့် ဝေ့ကျန်းနန်တို့ကို မှီလာ၏။
နှစ်ဦးသားက လုကျိုး၏ အံ့မခန်းအလျင်ကို မြင်သည့်အခါ ဝေ့ကျန်းနန်က အသံပို့ဆောင်ကာ ပြောလိုက်သည်။
"ချန်းပေ့"
လုကျိုးက ရပ်တန့်လိုက်ပြီး ခက်ထန်သားရဲ ပြုတ်ကျလာသည့် နေရာကို ကြည့်လိုက်သည်။
ဝုန်း
ဝုန်း
ခက်ထန်သားရဲမြေပြင်ပေါ် ပြုတ်ကျလာသည့် အသံက ထွက်ပေါ်လာခဲ့၏။
ဝေ့ကျင်းယဲ့နှင့် ဝေ့ကျန်းနန်တို့က ချက်ချင်းဆိုသလို လှည့်ကြည့်လာကြသည်။
"ကြည့်ရတာ တခြားသားရဲတွေက လိုက်မလာတဲ့ပုံဘဲ"
"ဟုတ်တယ်။ အခုတော့ ဘေးကင်းသွားပြီ။ မင်းတို့ရဲ့ အရှိန်အဝါကို ချုပ်ထိန်းထားကြ "
နှစ်ဦးသားက လေထဲ ဝဲပျံရင်း အရှိန်အဝါကို ထိန်းချုပ်ထားလိုက်ကြသည်။ သို့သော်လည်း သူတို့က မော့ကြည့်ရင်း လုကျိုးက လက်နောက်ပြစ်နေသည်ကို မြင်သည့်အခါ စောစောလေးက အံ့အားသင့်ဖွယ် လက်ဝါးချက်ကို ပြန်အမှတ်ရသွားကြ၏။ အဝေးမှ ဆူဆူညံညံအသံများ မရှိသည့်အခါ သူတို့က ပြိုင်တူဦးညွတ်ကာ ပြောလိုက်ကြသည်။
"ကျုပ်တို့ ညီအစ်ကိုက မျက်လုံးစုံကန်းနေခဲ့မိတဲ့အတွက် ခွင့်လွှတ်ပါ။ "
လုကျိုးက သူတို့နှစ်ဦးကို ကြည့်ကာ ပြောလိုက်သည်။
"ငါက ဘာလို့ ဒီမှာရောက်နေလဲဆိုတာ သိလား"
နှစ်ဦးသားက ခေါင်းယမ်းလိုက်ကြသည်။ လုကျိုးက ဤနေရာသို့ မည်သည့်အကြောင်းအရင်းဖြင့် ရောက်လာစေကာမူ လျှို့ဝှက်ဆန်းကြယ် အသက်ဓာတ်မြက်ကြောင့် မဟုတ်ကြောင်း သေချာနေလေ၏။ ထိုသို့ ပညာရှင်မျိုးက လျှို့ဝှက်ဆန်းကြယ် အသက်ဓာတ်မြက်ကို ယူဖို့ မည်သို့ ကိုယ်တိုင်ကိုယ်ကျ ရောက်လာမည်နည်း။
"လီလီတွေကြောင့်ပဲ" လုကျိုးက လီလီအသိုက်ကို လက်ညှိုးထိုးကာ လှမ်းပြောလိုက်၏။
"ငါက လီလီတွေကို ဖြေရှင်းဖို့ အဖြေတစ်ခုကို ရှာနေတာ"
"လုချန်းပေ့က ကျုပ်တို့ကို ကယ်ခဲ့တာပါ။ ကျုပ်တို့ရဲ့ စွမ်းဆောင်ရည် အတွင်းမှာ ရှိမယ်ဆိုရင် သေချာပေါက် စွမ်းဆောင်ပေးပါ့မယ်။ "
ဝေ့ကျန်းနန်က အလေးအနက် ပြောလာသည်။
"မင်းတို့တွေ လုဝူကို မြင်မိလား"
လုဝူလား...
နှစ်ဦးသားက အံ့အားသင့်သွား ကြသည်။ လုဝူသည် သားရဲဧကရာဇ်ဖြစ်ကြောင်း သိထားကြ၏။ သူတို့က သားရဲဘုရင်များကို မကြောက်ပေ။ တခြားတစ်နေရာတွင် ခက်ထန်သားရဲများကို အလွယ်တကူ သတ်နိုင်သည်။ သို့သော်လည်း အမည်မသိကုန်းမြေတွင် ခက်ထန်သားရဲကို သတ်ဖြတ်ခြင်းက ရုတ်ရုတ်သဲသဲ ဖြစ်သွားနိုင်သည်။ အကယ်၍ သားရဲဧကရာဇ်၏ အာရုံကို ဆွဲဆောင်မိပါက အကျိုးဆက်က မှန်းကြည့်၍ မရနိုင်ပေ။
"လုဝူက ဒီမှာ မရှိဘူး။ လုချန်းပေ့ မှားပြီးလာမိပြီ။ လုဝူကို ဟိုးကတည်းက စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်က ယဉ်ပါးအောင် လုပ်ထားတာ။ အဲဒီလူ ကျရှုံးသွားပြီးတဲ့နောက်မှာ လုဝူက တောင်တန်းတွေဆီ ပျံသန်းသွားပြီးတော့ မတွေ့ရတော့ဘူး။ လုဝူရဲ့ ဉာဏ်ရည်က လူသားတွေထက် မနိမ့်ကျဘူးဆိုတော့ လူသားတွေရဲ့ အာရုံကို ဘယ်လိုရှောင်ရှားရမယ်ဆိုတာ ကောင်းကောင်းကြီး သိတယ်။ အရင်တုန်းကတော့ အမည်မသိကုန်းမြေရဲ့ အရှေ့ပိုင်း ချောက်နက်ထဲမှာ သူ့အရိပ်အမြွက်ကို မြင်တယ်လို့တော့ ပြောသံကြားခဲ့တယ်။ ဒါပေမဲ့ ဘယ်ထွက်သွားလည်းတော့ ဘယ်သူကမှမသိကြဘူး"
"အရှေ့ဘက်ချောက်နက်လား" လုကျိုးက မျက်မှောင်ကြုတ်လိုက်၏။
"ဒီကနေ အရှေ့ဘက်တည့်တည့်ကို ပျံသန်းသွားပြီး မအိပ်မနေ အနားမယူဘဲ ငါးနှစ်တာ ပျံသန်းသွားဖို့ လိုတယ်။ အဲဒါက မွေးဖွဇယားချပ် ဆယ်ခုရှိထားတဲ့ သူတွေကို အခြေခံပြီး ပြောတာ" ဝေ့ကျန်းနန်က ပြောလိုက်သည်။
အမည်မသိကုန်းမြေက ဤမျှ ကျယ်ပြန့်သည်ကို စဉ်းစားကြည့်လိုက်လေ။
...
လန်ရှီဟယ်က လုကျိုး၏ အနီးတွင် ပေါ်ထွက်လာခဲ့သည်။ သူမက သားရဲဘုရင် ပြုတ်ကျလာသည့်နေရာကို ကြည့်ကာ အဖြစ်အပျက်ကို ချက်ချင်းနားလည်သွား၏။
သူမက အံ့အားသင့်စွာ ပြောလိုက်၏။
" ရုတ်ရုတ်သဲသဲဖြစ်မှုက ခက်ထန်သားရဲတွေကို မဆွဲဆောင်နိုင်ဘူးပဲ "
ဝေ့ကျန်းနန်က ပြောလိုက်သည်။
"တကယ်လို့ ကျုပ် ပြောတာသာ မမှားရင် သားရဲဘုရင်က မြေပြင်ပေါ်မကျခင်တည်းက သေသွားတာ ဖြစ်နိုင်တယ်။ သားရဲဘုရင်တွေက နယ်မြေအုပ်စိုးသူတွေလေ။ အဲ့ဒီမှာ အဆင့်နိမ့်ကနေ အလယ်အလတ် ခက်ထန်သရဲတွေပဲ ရှိတာ။ သူတို့အနေနဲ့ ကျုပ်တို့နောက် လိုက်ဖမ်းစရာ အကြောင်းအရင်း မရှိတော့ဘူးလေ "
ကံကောင်းစွာဖြင့် သားရဲဘုရင်၏ အလျင်အမြန် သေဆုံးသွားမှုတို့က အာရုံများများစားစား မဆွဲဆောင်နိုင်ခဲ့ပေ။
လုကျိုးက ဝေ့ကျင်းယဲ့နှင့် ဝေ့ကျန်းနန်တို့ကို ကြည့်ကာမေးလိုက်သည်။
"တကယ်လို့ ငါ့ကို ကိစ္စနှစ်ခု ကူညီပေးတယ်ဆိုရင် မင်းတို့ကို ဆိုးဆိုးဝါးဝါး မဆက်ဆံပါဘူး"
"လုချန်းပေ့ ပြောပါ" ဝေ့ကျင်းယဲ့နှင့် ဝေ့ကျန်းနန်တို့က ပြိုင်တူပြောလိုက်ကြသည်။
"ပထမဦးဆုံး လူဝူရဲ့ တည်နေရာကို ရှာပေး။ ဒုတိယအနေနှင့် ချင်မော့ရှန်းရဲ့ အခြေအနေကို စုံစမ်းပေး။ မင်းတို့ကို ငါနှင့် ဆက်သွယ်ဖို့ အဆောင်ပေးလိုက်မယ်။ အဲ့ဒီကိစ္စတွေကို စုံစမ်းဖို့ အချိန်ယူလို့ရတယ်"
လုကျိုးက ပြောလိုက်သည်။
ဝေ့ကျင်းယဲ့က ခေါင်းယမ်းကာ အားနာစွာဖြင့် ပြောလိုက်သည်။
"အစိမ်းရောင်ကြာနယ်မြေက အဆောင်ကို ပိုင်ဆိုင်ထားတာ မဟုတ်မှန်း သိသွားရင် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရလိမ့်မယ်။ ကျုပ်တို့ကို ခွင့်လွှတ်ပေးပါ။ ဒုတိယကိစ္စ အတွက်ကတော့ အခုပြောလို့ရပါတယ်"
"ပြော"
"မွေးဖွားဇယားချပ်တစ်ခုကို ဆုံးရှုံးပြီးတဲ့နောက်မှာ ချင်မော့ရှန်းက ချင်မျိုးနွယ်ဆီ ပြန်ရောက်လာခဲ့တယ်။ သူက အတော်လေးကို ဒေါသထွက်ပြီးတော့ ခုနှစ်ရက်လောက် ဖျားသွားခဲ့တယ်။ အဲ့ဒီနောက် သူက အကြောင်းအရင်းတစ်ခုကြောင့် ဉာဏ်အလင်းပွင့်သလို ဖြစ်သွားတယ်လေ။ သူက ဆရာသခင်ချင်ရဲ့ နန်းဆောင်ကို သွားပြီးတော့ သီးသန့်ကျင့်ကြံရေး ဝင်ရောက်သွားခဲ့တယ်။ သူက အသေးအဖွဲ ကိစ္စတွေတောင် လက်စားချေတတ်တယ်။ သဘောထားသေးသိမ်တဲ့သူ။
တကယ်လို့ လုချန်းပေ့က သူ့မွေးဖွားဇယားချပ်ကို ဖျက်ဆီးခဲ့တဲ့သူဆိုရင် ဂရုစိုက်တာ ကောင်းလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဆရာသခင်ချင်က အမှားနှင့် အမှန်ကို ခွဲခြားနိုင်ပြီးတော့ တခြားသူတွေ လေးစားကြတဲ့ ပုဂ္ဂိုလ်ပါ။ သူ့ရှေ့မှာတော့ ချင်မော့ရှန်းက မဆင်မချင် မပြုမူရဲပါဘူး"ဝေ့ကျန်းနန်က ပြောလိုက်သည်။
ဝှစ် ဝှစ်
နှစ်ဦးသား၏ ခန္ဓာကိုယ်မှ ဆူဆူညံညံအသံများ ထွက်ပေါ်လာ၏။
ဤသို့ဖြင့် ဝေ့ကျန်းနန်က အလျင်အမြန် ဦးညွတ်ကာ ပြောလိုက်သည်။
"ကျုပ်အားနာပါတယ်။ အခု သတင်းသွားပို့ ရအုံးမယ်"
လုကျိုးက မေးလိုက်သည်။
"သတင်းပို့ရမှာလား"
ဝေ့ကျန်းနန်က သက်ပြင်းချကာ ပြောလိုက်၏။"
"ကျုပ်တို့တွေ အသက်ရှင်ချင်တယ်ဆို တခြားသူတွေကို မှီခိုလို့ရတယ်။ တကယ်လို့ ရွေးချယ်စရာ ရှိမယ်ဆိုရင်တော့ လျှို့ဝှက်ဆန်းကြယ် အသက်ဓာတ်မြက်ကို ရှာဖို့ ကိုယ့်အသက်ကို စတေးကြမှာ မဟုတ်ဘူးလေ။ "
"ကောင်းပြီလေ။ ငါက ဘယ်သူ့ကိုမှ ဖိအားပေးတတ်တဲ့သူ မဟုတ်ဘူး။ မင်းတို့တွေက ဒီအခွင့်အရေးနဲ့ လွဲချော်သွားပြီဆိုမှတော့ ငါနှင့် ကံမစပ်ဘူးလို့ပဲ ပြောရမှာပေါ့"
လုကျိုးက ပြောလိုက်သည်။
ဝေ့ကျန်းနန်က ထိုစကားများကြောင့် ကြောင်အသွား၏။ တစ်ချိန်တည်းဆိုသလို ဝေ့ကျင်းယဲ့က ဝေ့ကျန်းနန်၏ အင်္ကျီလက်ကို ဆွဲနေသည်။
ဝေ့ကျန်းနန်က ငေးမောရင်းဖြင့် လုကျိုး၏ လက်ဝါးချက်နှင့် တိုက်ကွက်များကို အမှတ်ရသွားလေ၏။
လုကျိုးက ထွက်သွားတော့မည့်ဆဲဆဲတွင် ဝေ့ကျင်းယဲ့က အလျင်အမြန် လှမ်းခေါ်လိုက်၏။
"ဒီအငယ်လေးဆီမှာ တောင်းဆိုစရာ ရှိပါတယ်။ လုချန်းပေ့ သဘောတူပါ့မလားတော့ မသိဘူး"
လုကျိုးက လမ်းတွင် ရပ်ကာ မေးလိုက်သည်။
"ဘာကိစ္စလဲ"
"ဒီတောင်းဆိုချက်က နည်းနည်းလွန်ကဲမယ်ဆိုတာကို သိပါတယ်။ ဒါပေမဲ့ လုချန်းပေ့ရဲ့ ကြယ်တာရာ ဒိုင်ခွက်ကို ကြည့်ခွင့်ရမလား။"ဝေ့ကျန်းနန်က ပြောလိုက်သည်။
"မင်းတို့သဘောအတိုင်းပဲ"
လုကျိုးက လက်မြှောက်လိုက်၏။ သူ့အထွတ်အထိပ် ဆန်းကြယ်စွမ်းအားက ထွက်ပေါ်လာကာ အပြာရောင် ကြယ်တာရာ ဒိုင်ခွက်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ကြယ်တာရာ ဒိုင်ခွက်က မဟူရာညတွင် ထွန်းလင်းနေသည့် လမင်းသဖွယ် ဖြစ်နေပြီး ကမ္ဘာကြီးကို အလင်းပေးနေ၏။ ကြယ်တာရာ ဒိုင်ခွက်ပေါ်ရှိပုံစံများက တဖျတ်ဖျတ် တောက်ပနေသည်။ ကြယ်တာရာ ဒိုင်ခွက်က မီတာ အနည်းငယ် ကျယ်ပြန့်ပြီးသည့်နောက်တွင် ပျောက်ကွယ်သွားလေ၏။
ဒါက ရွှေရောင်လား အပြာရောင်လား...
ဝေ့ကျန်းနန်နှင့် ဝေ့ကျင်းယဲ့တို့က ကြောင်အမ်းကာ စိတ်ရှုပ်ထွေးနေကြသည်။ သူတို့က ရွှေရောင်ကြာနယ်မြေအကြောင်း ကြားဖူးကြသော်လည်း အပြာရောင်ကြာနယ်မြေအကြောင်း မကြားဖူးကြပေ။
ထိုအချိန်တွင် လန်ရှီဟယ်ပင် လုကျိုးကို ကြည့်နေရင်း စိတ်ရှုပ်ထွေးသည့် အမူအရာမျိုး ရှိနေလေ၏။