အခန်း (၁၁၆၅-၁၁၆၇)
Vol. 78 Ch. 1165-1167
အခန်း (၁၁၆၅) အထွတ်အထိပ်ဆန်းကြယ်ကတ်ထပ်ပေါ်လာ
အိမ်ဟူသည် ခရုလေးအတွက် လေးလံသည့်အကြောင်းအရာတစ်ရပ်ဖြစ်သည်။ သူမ မှတ်မိသည့်အချိန်မှ စပြီး လူတိုင်းက အော်ငေါက်ရိုက်နှက်ခဲ့သည့် ပင်လယ်ကမ်းခြေဘေးရှိ ရွာလေးမှ တောသူမလေးတစ်ဦးသာ ဖြစ်ခဲ့သည်။ သူမက ပေတိပေစုတ် ဝတ်စားလျက် အလေ့ကျပေါက်သည့် သစ်သီးသစ်ဖုများကို စားသုံးကာ ကောင်းကင်ကို သူမ၏ခြုံစောင်၊ မြေကြီးကို သူမ၏အိပ်ရာအဖြစ် အသုံးပြုခဲ့ရ၏။ သူမ၏ဆရာနှင့်မတွေ့ခင်အထိ အိမ်တစ်ခါမှ မရှိခဲ့ဖူးပေ။ သူက သူမကို မိစ္ဆာဝေဟင်မျှော်နန်းသို့ ပြန်ခေါ်လာပေသည်။
မိစ္ဆာဝေဟင်မျှော်နန်းထဲ၌ သူမသည် အကောင်းဆုံးဂရုစိုက်မှုကို ရခဲ့၏။ မည်သူကမှ သူမကို အနိုင်မကျင့်ပေ။ သူမ ပုန်းစရာမလိုအပ်၊ ခြေဦးတည့်ရာသွားစရာမလိုအပ်ပေ။ သူမအဖို့ မိစ္ဆာဝေဟင်မျှော်နန်းက အိမ်ဖြစ်သည်။ သူမကို ပျိုးထောင်ခဲ့သည့် သူမ၏မိခင် လော့ရွှမ်းကို တွေ့ပြီး သူမသည် အမည်မသိကုန်းမြေမှ လာကြောင်း သိရသည့်တိုင် ထိုနေရာကို သူမ၏အိမ်ဟူ၍ မခံစားခဲ့ရပေ။ အိမ်က ခိုနားရာနေရာဖြစ်သည်။ သူမ ပြန်သွားနိုင်သည့်နေရာဖြစ်၏။ ဆိုရိုးစကားရှိသည့်အတိုင်း အိမ်သည် မိမိ၏စိတ်နှလုံးသားရှိသည့်နေရာဖြစ်သည်။ မိစ္ဆာဝေဟင်မျှော်နန်းက သူမ၏အိမ် ဖြစ်သည်။
ခရုလေးက နောက်ဆုံးတွင် ပြန်ပြောလိုက်၏။
“မိစ္ဆာဝေဟင်မျှော်နန်းက ညီမရဲ့အိမ်ပဲ”
“ဟုတ်တာပေါ့” ယဲ့ထျန်းရှင်းက ခရုလေးနားကပ်ကာ ခရုလေး၏ခေါင်းကို ပုတ်လိုက်လေ၏။
မျက်စိတစ်မှိတ်အတွင်း နှစ်ရက်တာကုန်လွန်သွားသည်။
လှိုင်ဂူထဲတွင်ဖြစ်သည်။
လုကျိုးက သူ၏မွေးဖွားနန်းဆောင်ထဲရှိ အသက်ဓာတ်နှလုံးသားကို ကြည့်ရာ ၎င်းပြီးပြည့်စုံစွာ မြှုပ်နှံခံရမှာကို စောင့်ဆိုင်းနေ၏။
နှစ်ရက်ကြာပြီးနောက် သူက နာကျင်မှုကို ထုံနေပြီဖြစ်သည်။ ကံကောင်းသည်မှာ သူ ပထမဆုံးမွေးဖွားစမ်းသပ်မှုကို ဖြတ်ကျော်ပြီးနောက် သူ၏တတိယမြောက်မွေးဖွားဇယားချပ်ဖြစ်သည်။ မဟုတ်လျှင် ဤနာကျင်မှုက သူ့အတွက်မယုံနိုင်စရာကောင်းလောက်အောင် ခက်ခဲနေလိမ့်မည်။
အသက်ဓာတ်နှလုံးသားကို မွေးဖွားနန်းဆောင်ထဲမြှုပ်ထားသည့်အချိန်၌ လုကျိုးသည် သူ၏တစ်ကိုယ်လုံး အမြှုပ်ခံထားရသလို ခံစားရသည်။
သူက ကောင်းကင်ကျမ်းစာ၏မန္တန်ကို တိတ်တဆိတ်ရွတ်ဆိုနေ၏။ အထွတ်အထိပ် ဆန်းကြယ်စွမ်းအားက သူ၏ခန္ဓာကိုယ်ထဲ စီးဆင်းသွားပြီးနောက် သူ့ကို ကောင်းကင်ပြာပမာ တောက်ပနေစေသည်။ မကြာမီ၌ အေးမြသောအထိအတွေ့က သူ၏ခန္ဓာကိုယ်ထဲ ပြန့်နှံ့သွားကာ နာကျင်မှုတချို့ကို ဖယ်ရှားပေးနေသည်။
လုကျိုးက ထိုအခိုက်အတန့်၌ အသက်ဓာတ်နှလုံးသား မှိတ်တုတ်မှိတ်တုတ်ဖြစ်နေတာကို မြင်ပြီး လက်ဝေ့ယမ်းလိုက်၏။
“ပြန်ရုတ်သိမ်းမယ်”
မွေးဖွားနန်းဆောင်မှ အသက်ဓာတ်နှလုံးသားသည် ချက်ချင်းပြန်ထွက်လာ၏။ ပြီးနောက် အသက်ဓာတ်နှလုံးသား ရှိခဲ့ရာနေရာ၌ ရေများပြည့်နေသည်။ ပြီးနောက် စွမ်းအင်တို့က လေပွေတစ်ခုဖွဲ့တည်ပြီးနောက် လုကျိုး၏သက်တမ်းကို စုပ်ယူတော့သည်။
လုကျိုးက တည်ငြိမ်သွားလေ၏။ သူက ဒုတိယအဆင့်သို့ နောက်ဆုံးတော့ ဝင်ရောက်နိုင်ပြီဖြစ်သည်။ ထိုသို့ ပြုလုပ်ပြီးနောက် စနစ်ဇယားပေါ်ရှိ လျော့ကျသွားသော သူ၏သက်တမ်းကို ကြည့်လိုက်၏။
လုဝူ၏အသက်ဓာတ်နှလုံးသားကို အသုံးပြုပြီး ဤမွေးဖွားဇယားချပ်ကို အသက်သွင်းခြင်းက နှစ်ပေါင်း ၁၅၀၀ ဆုံးရှုံးဖို့တန်သည်။ တကယ်တော့ သူ၏မွေးဖွားဇယားချပ်ကို ရရှိသည့်သက်တမ်း ၅၀၀ကို ပေါင်းထည့်လိုက်လျှင် သူ နှစ်၁၀၀၀သာ ကုန်ဆုံးခဲ့သည်။ ယခင်က အစိမ်းရောင် ပုစဉ်းရင်ကွဲကျောက်စိမ်းကို အသုံးပြုပြီးနောက် သူ၏သက်တမ်းသည် ဤမွေးဖွားဇယားချပ်ကို အသက်သွင်းရန် လုံလောက်သည်ထက်ပိုသည့် သက်တမ်း ၈၀၀၀ သို့ ရောက်သွားပြီဖြစ်သည်။
လုဝူ၏အသက်ဓာတ်နှလုံးသားကို ဖယ်ပြီးနောက် လုကျိုးက မျက်လုံးမှိတ်ကာ ကောင်းကင်ကျမ်းစာကို ဆင်ခြင်သုံးသပ်လိုက်၏။ ယခုက သူ စောင့်ဆိုင်းရမှာပဲဖြစ်သည်။
ထိုစဉ် တောင်သုံးလုံးဝန်းရံနေသည့် လျှို့ဝှက်နေရာတွင်ဖြစ်သည်။
လုဝူက မြေပြင်ပေါ်တွင် ပျင်းတိပျင်းရွဲလှဲနေ၏။ ၎င်းက ခေါင်းမော့က ပတ်ဝန်းကျင်ကို စစ်ဆေးလျက် ပျင်းရိနေတော့သည်။ ပုံမှန်ဆို ယခုကဲ့သို့အချိန်မျိုး၌ သူက အပြင်ထွက်ပြီး စားသောက်ရန် အားနည်းသည့် ကြမ်းတမ်းခက်ထန်သားရဲတချို့ကို ရှာဖွေတတ်သည်။ ယခုအချိန်တွင် သူ တောင်ထဲတွင်သာ နေနိုင်၏။ သူ သတိထားရမည်။
ဝှစ်
တွမ့်မူရှန်းက ထိုစဉ် ရုတ်တရက် ထထိုင်လိုက်သည်။ သူ ခေါင်းနောက်နေပြီး ပတ်ဝန်းကျင်ကို ကြည့်ကာ ဘာတွေဖြစ်နေမှန်း မသိပေ။
“မင်း နိုးလာပြီလား” လုဝူက မေးလိုက်၏။
တွမ့်မူရှန်းက တုန်ယင်သွားတော့သည်။ သူ မြေပြင်ပေါ် ဆောင့်နင်းပြီးနောက် လေထဲ ခုန်တက်လိုက်သည်။ သူက သူ့ဘေးတွင်ရှိသော နယ်ရှင်လှံကို အလိုလိုဆုပ်ကိုင်လိုက်၏။ သူက လေထဲပျံဝဲကာ မေးလိုက်တော့သည်။
“မင်း ဖြစ်နေပြန်ပြီလား”
လုဝူက ပြောလိုက်၏။
“မင်း ပူးကပ်ခံလိုက်ရတယ်။ မင်းရဲ့ရှစ်စွင်း ဒီရောက်လာတယ်။ အခုကစပြီး မင်း ဒီမှာနေရမယ်”
“ရှစ်စွင်းလား” တွမ့်မူရှန်းက စိတ်ရှုပ်ထွေးသွားကာ မျက်မှောင်ကျုံ့မိသွား၏။
လုဝူသည် ရေကန်အလယ်ရှိကျွန်းပေါ်တွင် ဖြစ်ပျက်ခဲ့သမျှအားလုံးကို ပြန်ပြောလိုက်၏။ လုဝူ၏ စကားပြောဆိုပုံက ဝေဝါးပြီးတောင့်တင်းနေသောကြောင့်တွမ့်မူရှန်းသည် ကြိမ်ဖန်များစွာ မေးရ၏။ အဆုံးကျ လုဝူအဖို့အရာအားလုံးပြန်ပြောပေးရန် အချိန်အားလုံး တစ်နာရီခန့်ကြာသွားသည်။
ကိစ္စများကို သိရှိပြီးနောက် တွမ့်မူရှန်းက နယ်ရှင်လှံကို မြေပြင်ပေါ် ထိုးစိုက်ပြီးနောက် မေးလိုက်သည်။
“ငါ့ရဲ့ရှစ်စွင်း ဘယ်မှာလဲ”
“အဲ့ဒီ သူခိုးကြီးလား ... ငါ မသိဘူး။ သူက ငါ့ရဲ့အသက်ဓာတ်နှလုံးသားကို ယူသွားပြီ။ ပြန်ပေးဖို့ ကတိပေးထားတယ်”
“သူခိုးကြီးလား” တွမ့်မူရှန်းက နယ်ရှင်လှံကို ဆုပ်ကိုင်ပြီး လုဝူကို ချိန်ရွယ်လိုက်သည်။
“လုဝူ ... ကျုပ် ခင်ဗျားကို သတိပေးလိုက်မယ်။ ကျုပ်ရဲ့ရှစ်စွင်းကို ထပ်ပြီးစော်ကားမယ်ဆိုရင် ကျုပ်တို့တွေ ရန်သူ ဖြစ်လိမ့်မယ်”
ဟူး ....
လုဝူက ၎င်း၏အဆီအနှစ်ချီများ မှုတ်ထုတ်လိုက်သည်။
လေပြင်းတစ်ချက်ဝေ့တက်လာပြီး တွမ့်မူရှန်းကို နောက်သို့ခြေလှမ်းတချို့ဆုတ်ရန် ဖိအားပေးလိုက်၏။
လုဝူက မျက်လုံးပြူးကျယ်သွားကာ ပြောလိုက်သည်။
“သခင်လေး ... သူ သူ ငါ့ကို ဘယ်လိုသနားစရာကောင်းအောင်လုပ်ခဲ့လဲဆိုတာ သိလား”
“ကိစ္စမရှိဘူး”
“မင်းက အမှန်အမှား မခွဲခြားနိုင်ဘူးပဲ” လုဝူက စိတ်ပျက်လက်ပျက်ပြောလိုက်၏။
တွမ့်မူရှန်းက နယ်ရှင်လှံကို မြေပြင်ပေါ် ထပ်မံထိုးစိုက်ကာ ပြောလိုက်တော့သည်။
“ငါ့ကို မင်းရဲ့သခင်လေးအဖြစ် သတ်မှတ်ထားတယ်ဆိုရင် ငါ ပြောတာ နားထောင်သင့်တယ်။ ငါ့ရဲ့ရှစ်စွင်းကို စော်ကားခွင့်မရှိဘူး”
လုဝူသည် တွမ့်မူရှန်း၏စကားကြောင့် စိတ်အနှောင့်အယှက်ဖြစ်မခံပေ။ ထိုစကားကို ထပ်တလဲလဲပြောလိုက်၏။
“သူခိုးကြီး ... သူခိုးကြီး ... သူခိုးကြီ”
တွမ့်မူရှန်းက ဒေါသထွက်ပြီး ကူကယ်ရာမဲ့နေ၏။ သူက လုဝူကို မယှဉ်နိုင်ပေ။ လုဝူက သူပြောတာ နားမထောင်သောကြောင့် သူ တတ်နိုင်တာ ဘာမှမရှိ။ သူက လှည့်လာလျက် တောင်ထွတ်များထဲမှ တစ်ခုဆီ ပျံသန်းသွားလိုက်သည်။
လုဝူက ပြောလိုက်တော့၏။
“မင်းက မင်းရဲ့ရှစ်စွင်းကို လေးစားတယ်။ ငါက ရန်ငြှိုးရှိသေးတုန်းပဲ။ ငါ့ကိစ္စကို မသိဘဲ ကြင်နာဖို့ဆိုပြီး မဖျောင်းဖျနဲ့”
စကားပြောကောင်းသူမဟုတ်သည့် တွမ့်မူရှန်းက လုဝူကို ဆွံ့အစွာကြည့်နေလိုက်၏။ သူက စိတ်ထဲသက်ပြင်းချလိုက်တော့သည်။ ငါ သားရဲတစ်ကောင်ကိုတောင် မနိုင်ဘူးပဲ ...
သို့သော် တွမ့်မူရှန်းက လုဝူပြောတာမှန်သောကြောင့် မငြင်းနိုင်ပေ။
တွမ့်မူရှန်းအခြေအနေပိုကောင်းလာတာကို မြင်သောအခါ လုဝူသည် လုကျိုးပြသည့် လှံကျင့်စဉ်ကို ပြန်တွေးလိုက်၏။ ခဏတဖြုတ် စဉ်းစားပြီးနောက် ခေါင်းခါလိုက်သည်။ သူက လှံကျင့်စဉ်ကို တွမ့်မူရှန်းကို မည်သို့သင်ပေးနိုင်မည်နည်း။
ဖုန်း
လုဝူက မြေပြင်ပေါ် ၎င်း၏ခြေဖြင့်ရိုက်ချလိုက်၏။ သူ အလွန်ဒေါသထွက်နေသည်။
“...”
တွမ့်မူရှန်းက လှည့်ကြည့်လိုက်၏။ “ခင်ဗျား အခု ဘာဖြစ်နေတာလဲ”
“မင်း ကိစ္စမဟုတ်ဘူး”
လုဝူသည် တွမ့်မူရှန်းက အနည်းငယ်ရူးမိုက်ပြီး သစ္စာရှိကြောင်းပြောနိုင်၏။ သူ၏သခင်လေးနှင့် ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ရန် လုထျန်းထုံနှင့် အငြှိုးအတေးကို များများစားစားပြော၍မရပေ။ ထို့အပြင် သူတို့နှစ်ယောက်က မတူညီသည့်ကိစ္စဖြစ်သည်။
နောက်ထပ်နှစ်ရက်ကုန်လွန်သွားလေ၏။
လုကျိုးသည် မဟာမွေးဖွားဇယားချပ်နေရာက တစ်ဝက်ပြည့်နေတာ တွေ့မြင်လိုက်၏။
သူ မျက်လုံးပိတ်ပြီး ကောင်းကင်ကျမ်းစာကို ဆင်ခြင်သုံးသပ်တော့မည့်အချိန်တွင် ...
“တင်း ... သင့်ရဲ့တပည့် ယွီရှန်းရုန်က ၁၁ခုမြောက်ပွင့်ချပ် အောင်မြင်စွာ ဖူးပွင့်ပြီး ကျင့်ကြံရေးလမ်းစဉ်အသစ် ဖွင့်လှစ်လိုက်ပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၁၀၀၀၀”
“ယွီရှန်းရုန်က သူ ပညာသင်ယူမှု ပြီးမြောက်ရန် လိုအပ်ချက်ပြည့်မှီသွားပါပြီ။ သူ့ပညာသင်ယူမှုပြီးမြောက်မှု ပေးလိုပါသလား”
“ဟမ်” လုကျိုးသည် အနည်းငယ်အံ့ဩသွားလျက် ဇဝေဇဝါဖြစ်သွားသည်။
ယွီရှန်းရုန်သည် မကြာသေးခင်က ၁၁ခုမြောက်ပွင့်ချပ်ဖူးပွင့်ခဲ့သော်လည်း စနစ်မှ အသိပေးစာမရပေ။ ယခုအချိန်ကျမှ အဘယ်ကြောင့် အသိပေးစာက ပေါ်လာသနည်း။
သို့သော် ယွီရှန်းရုန်ကိစ္စက မတူညီပေ။ ပုံမှန်ဆို ယွီကျန့်ဟိုင်နှင့် မင်ရှစ်ရင်ကဲ့သို့ပင် သူ၏တပည့်များက သူ၏ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်ကို အောင်မြင်စွာဖွဲ့တည်ပြီးသည်နှင့်သူ၏စနစ်မှ အသိပေးစာ ချက်ချင်းရရှိလိမ့်မည်။
ထိုအတွေးဖြင့် တွမ့်မူရှန်းဆိုလျှင် မည်သို့ဖြစ်မည်ဆိုတာ သိချင်နေသည်။ ကျွန်းပေါ်တွင် တွမ့်မူရှန်း၏ တိုက်ခိုက်မှုကို အခြေခံကြည့်လျှင် သူ၏ခွန်အားက မွေးဖွားဇယားချပ်တစ်ခု သို့မဟုတ် နှစ်ခု ဘုံတစ်ထောင်လေပွေကျင့်ကြံသူ တစ်ယောက်နှင့် ယှဉ်နိုင်၏။ ယင်းက ယိုယွင်းခြင်းစွမ်းအားနှင့် လုဝူ၏အဆီအနှစ်ချီမှရထားသည့် ပေါက်ကွဲခြင်းစွမ်းအားဖြစ်သည်။ ယခု ပူးကပ်ခံနေရသည့် တွမ့်မူရှန်းက ပွင့်ချပ် ၁၁ခုမရှိသလို ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်မရှိ။ စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခုတောင် မရှိသည့်အချိန်၌ သူ၏ပညာသင်ကြားမှုလိုအပ်ချက်ကို မည်သို့ပြည့်မှီမည်နည်း။
မေ့လိုက်တော့ ... စဉ်းစားနေလို့ အကျိုးမထူးဘူး။ အချိန်ကျရင် ဖြေရှင်းနည်းပေါ်လာမှာပဲ။
“ပညာသင်ယူမှုပြီးမြောက်ပြီ”
“တင်း ... သင့်တပည့်ယွီရှန်းရုန်က ပညာသင်ယူမှုအောင်မြင်စွာ ပြီးဆုံးသွားပါပြီ”
“တင်း ... သင် ကျပန်းကတ်တစ်ကတ်ရရှိပါတယ်။ ဒီကတ်ကို သုံးတဲ့အခါ ရှားပါးတဲ့ အသုံးပစ္စည်းတစ်ခု ရရှိမှာပါ”
“တင်း ... ယွီရှန်းရုန်က ပညာသင်ယူမှုပြီးတဲ့နောက် သူက ဂိုဏ်းတစ်ဂိုဏ်းထောင်ပြီး တပည့်လက်ခံလို့ရပါတယ်။ အမြင့်ဆုံးတပည့်အရေအတွက် သုံးယောက်”
“တင်း ... သင်က ယွီရှန်းရုန်ကို သင်ပြပေးခြင်းအတွက် ကုသိုလ်မှတ်မရတော့ပါဘူး”
လုကျိုးက လက်ဝေ့ယမ်းလိုက်ရာ သူ့လက်ထဲ၌ ကတ်တစ်ခုပေါ်လာသည်။
“တင်း ... အထွတ်အထိပ်ဆန်းကြယ်ကတ်တစ်ကတ်၊ အကြောင်းပြန်လှန်ကတ် တစ်ရာ ရရှိပါတယ်”
လုကျိုးသည် သူ ရှားပါးသည့်ကတ်တစ်ခုရမည်မှန်း သိထားသော်ငြား အထွတ်အထိပ် ဆန်းကြယ်ကတ်ကို မြင်သောအခါ သူ၏နှလုံးခုန်နှုန်းမြန်နေသေး၏။ ဆိုရလျှင် သူသည် ကတ်၏အာနိသင်ကို တွေ့ခဲ့ဖူးသည်။
...
အခန်း (၁၁၆၆) ဓားသွားထက်က အမဲလိုက်အဖွဲ့
လုကျိူးက အထွတ်အထိပ် ဆန်းကြယ်ကတ်ကို သိမ်းဆည်းလိုက်ပြီး ပိုမို ယုံကြည်ချက် ရှိလာမိသည်။ အမည်မသိကုန်းမြေတွင် ရှိနေရသည့် ဖိအားက ထိုကတ်ကို ရရှိပြီးသည့်နောက်တွင် ပျောက်ကွယ်သွားလေ၏။ ဤသည်က စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုများသာ ဖြစ်ပြီး ပတ်ဝန်းကျင်က နည်းနည်းလေးမှ ပြောင်းလဲမသွားပေ။
"လောင်အာ့က ဘာလို့ အခု သင်ကြားမှု ပြီးမြောက်သွားတာလဲ" လုကျိုးက စဉ်းစားလိုက်သည်။ သူက အမြင်စွမ်းအား မန္တန်ကို မရွတ်ဖတ်ခင် မွေးဖွားနန်းဆောင်ကို ကြည့်လိုက်သည်။
သူ့မျက်ဝန်းက အပြာရောင် တောက်ပလာသည့်အခါ သူ့မျက်လုံးရှေ့ မြင်ကွင်းများစွာ ထွက်ပေါ်လာသည်။
"လောင်ပါ့ မင်းရဲ့ ကျင့်ကြံဆင့်က တိုးတက်လာတယ်။ ဒါပေမဲ့ မင်းက ပျက်သုဉ်းခြင်းကိုးပါးမိုးကြိုး လက်သီးနည်းစနစ်ရဲ့ အနှစ်သာရကို မဖမ်းဆုပ်မိသေးဘူး။ မင်းက ခွန်အားကိုပဲ မှီခိုနေမယ်ဆိုရင် တခြားသူတွေက မင်းကို ဖိနှိပ်ဖို့ လွယ်လိမ့်မယ်" ယွီရှန်းရုန်က ပြောလိုက်သည်။
ယွီရှန်းရုန်က သူ့ထက် အားကောင်းသည့် သူများကို စိန်ခေါ်ခဲ့သည့် လူမျိုး ဖြစ်၏။ သူပွင့်ချပ်သုံးလွှာ အဆင့်ရှိစဉ်အခါက ပွင့်ချပ်ခြောက်လွှာသူကို သတ်နိုင်ခဲ့သည်။ ပွင့်ချပ်ခြောက်လွှာ ရှိသည့်အခါ ပွင့်ချပ်ခုနစ်လွှာအဆင့် ကျင့်ကြံသူများကို သတ်နိုင်ခဲ့၏။ သူက ပွင့်ချပ်ဆယ့်တစ်လွှာရှိလာသည့်အခါ မွေးဖွားဇယားချပ်ငါးခုနှင့် သူကိုပင် သတ်နိုင်သည်။
ကျူးဟုန်ကုန်းကမူ ဆန့်ကျင်ဘက် ဖြစ်၏။ သူက သူ့ထက် အားကောင်းသည့်သူကို တစ်ခါမှ စိန်မခေါ်ခဲ့ဖူးပေ။
ထိုစဉ် ကျူးဟုန်ကုန်းက ယောင်ကိုင်းနေသည့် မျက်နှာနှင့် ပန်ဒါလို မျက်လုံးကို ထိလိုက်သည်။
"ကျွန်တော် နားလည်ပါပြီ။ အာ့ရှစ်ရှိုး ကျွန်တော် မနက်ဖြန် နားလို့ရမလား"
ယွီရှန်းရုန်က မျက်မှောင်ကြုတ်လိုက်သည်။
"ဒီလို အရှက်ခွဲခံထားရရင် မင်းက ပိုပြီး တက်ကြွလာသင့်တာလေ။ ဒါပေမဲ့ မင်းက အရှက်မရှိရုံတင်မကဘူး အားနည်းနေတုံးပဲ"
ဝုန်း
"ကျွန်တော် မှားသွားပါတယ်" ကျူးဟုန်ကုန်းက ဒူးထောက်ကာ ပြောလိုက်သည်။
ထို့နောက် ယွီရှန်းရုန်က မင်ရှစ်ရင်ကို ကြည့်ကာ ပြောလိုက်သည်။
"လောင်စစ် .. မင်းကရော ဘယ်လိုလဲ"
အမာရွတ်များဖြင့် ယောင်ကိုင်းနေသည့် မင်ရှစ်ရင်က သူ့ပါးကို ထိကိုင်လိုက်သည်။ သူက နာကျင်စွာ ညည်းပြီး ပြောလိုက်၏။
"တကယ်တော့ အတော်လေး နာတယ်။ ဒါပေမဲ့ ဒါတွေက အပေါ်ယံ ဒဏ်ရာလောက်ပါပဲ။ ဒါက အာ့ရှစ်ရှိုးရဲ့ ဓားရေးထူးချွန်မှုကို ပြသနေတာပဲ။ ဒါတွေ အကုန်လုံးက ရွှေရောင် စက်ဝန်းရဲ့ ဓားချက်တွေ ပေါင်းစည်းပြီးတဲ့နောက်မှာ ဖြစ်ပေါ်လာတာပဲ။ တကယ်ကို လေးစားစရာပဲ။ အာ့ရှစ်ရှိုးက ကိုယ်ပိုင်ဓားရေးကို ဖန်တီးခဲ့တာပဲ”
ကျူးဟုန်ကုန်း "...."
မင်ရှစ်ရင်က သူ့ကို မျက်လုံးအပြူးသားဖြင့် ကြည့်နေသည့် ကျူးဟုန်ကုန်းကို ကြည့်ကာ ပြောလိုက်သည်။
"အရူး ဘာလာကြည့်နေတာတုံး"
ကျူးဟုန်ကုန်းက ခေါင်းငုံ့လိုက်၏။ သူ့စိတ်ထဲ၌မူ ညည်းတွားနေမိ၏။ စစ်ရှစ်ရှိုးက သူ့ဆီမှ စကားများကို ယူသုံးသွားခဲ့သည်။
ယွီရှန်းရုန်က သူ့ညီနှစ်ယောက် အကြည့်ချင်း ဖလှယ်နေသည်ကို ဂရုမစိုက်ဝောာ့ဘဲ သူက မင်ရှစ်ရင်ကို ပြောလိုက်၏။
"လောင်စစ် ငါ့ရဲ့ ဓားရေးက အစောပိုင်းအဆင့်ပဲ ရှိသေးတယ်။ ကွေ့ယွမ် ဓားရေးနည်းစနစ်ကို လေ့လာပြီး အရည်အချင်း မြှင့်တင်ဖို့ လိုသေးတယ်။ အဲ့လိုလုပ်နိုင်ဖို့ အတွက် ငါက ပြိုင်ဘက်ကောင်းကောင်း လိုအပ်တယ်"
သူက ခေတ္တမျှ ရပ်တန့်ပြီး ထပ်ပြောလိုက်သည်။
"မင်းရဲ့ စောစောလေးက စကားတွေက ငါ့ကို စိတ်လှုပ်ရှားစေတယ်။ ဒီလိုဆိုတော့ နောင်အချိန်တစ်ခုအတွင်း မင်းက ငါနဲ့ ပြိုင်ဘက် လုပ်ပေးပေါ့"
မင်ရှစ်ရင် "..."
ဝုန်း
ကျူးဟုန်ကုန်းက အောင့်အီးမထားနိုင်တော့ဘဲ ရယ်မောချလိုက်သည်။ သူက ပါးစပ်ကို အုပ်ကာ ရယ်နေမှုကို ဖိနှိပ်လိုက်၏။ သူက မျက်ဝန်းနှစ်စုံ သူ့ကို စိုက်ကြည့်နေသည်ကို ခံစားမိသည်။
"လောင်စစ် တစ်ယောက်တည်းနဲ့ မလုံလောက်ဘူး။ အခုကစပြီး မင်းတို့နှစ်ယောက်လုံး ငါနဲ့ လက်ရည်စမ်းရမယ်” ယွီရှန်းရုန်က ပြောလိုက်သည်။
ထို့နောက် သူက လေ့ကျင့်ရေးကွင်းမှ ထွက်ခွာသွား၏။
"...."
ကျူးဟုန်ကုန်းက ပြောလိုက်သည်။
"စစ်ရှစ်ရှိုး ကျွန်တော့်ကို အဲလိုမကြည့်နဲ့။ ကျွန်တော်က အပြစ်ကင်းတယ်"
"မဟုတ်တာ။ ဒီလို ဆက်လုပ်နေလို့ မဖြစ်ဘူး။ ငါတို့တွေ တာ့ရှစ်ရှိုးကို ရှာရမယ်" မင်ရှစ်ရင်က ပြောလိုက်ပြီးသည့်နောက် ထွက်ခွာသွားသည်။
....
ဤသို့ဖြင့် လုကျိူးက အမြင်စွမ်းအင်ကို ဖြတ်တောက်လိုက်သည်။
ထို့ကြောင့် ယွီရှန်းရုန်သည် ဓားရေးစနစ်အသစ်ကို နားလည်ပြီး သင်ကြားမှု ပြီးမြောက်သွားခြင်း ဖြစ်၏။
ယွီရှန်းရုန်က ဓားရေးလမ်းစဉ်၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။ ကောင်းကင်ဘုံသားတော် ဓားက သူ့အတွက် မသင့်တော်တော့ပေ။ သူက ကိုယ်ပိုင်ပုံစံကို ဖန်တီးပြီး ဓားရေးသဘောတရားအသစ်ကို နားလည်ထားသည့်အတွက် ပွင့်ချပ်ဆယ့်တစ်လွှာနှင့် ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်တို့ဖြင့် သင့်တော်သည်သာ ဖြစ်လိမ့်မည်။
ဤသို့ဖြင့် သူသည် ကျူးဟုန်ကုန်းက သူ့သင်ကြားမှု အဘယ့်ကြောင့် ပြီးဆုံးသွားမှန်း တွေးမကြည့်ဘဲ မနေနိုင်တော့ပေ။ သူက ခေါင်းအသာယမ်းလိုက်၏။ သူ့တပည့်က ပျက်သုဉ်းခြင်းကိုးပါးမိုးကြိုးဖြင့် ကောင်းမွန်စွာ တိုးတက်လာဟန်မပေါ်ပေ။ သူက ဤမျှအထိ ရောက်ရှိလာပုံမှာ မှီခိုနိုင်သည့် ခြေသလုံးတုတ်တုတ်ကို တွေ့ခဲ့၍ ဖြစ်သည်။
အတွေးများကို စုစည်းပြီးသည့်နောက်တွင် လုကျိုးက အကြောင်းပြန်လှန်ကတ်များကို တွေးမိသွားသည်။ ထိုကတ်များက အရေးပါသည့် အခိုက်အတန့်များတွင် အသုံးဝင်လှ၏။ ထို့အပြင် တန်ကြေးက မတက်သွားသေးပေ။ ဤသည်က စနစ်က ချန်ထားသည့် နောက်ဆုံးသော ညှာတာမှုဟု မှတ်ယူရမည်။
မည်သို့ပင်ဆိုစေကာမူ လုကျိုးက အထွတ်အထိပ် ဆန်းကြယ်ကတ်ကို သဘောအကျဆုံး ဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ သူက ထိုကတ်ကို တန်ဖိုးထားကာ ကာကွယ်ထားရမည်။ သူက မလိုအပ်လာသရွေ့ ထုတ်မသုံးဖို့ ဆုံးဖြတ်ထားသည်။
လုကျိုးက သူ့မွေးဖွားနန်းဆောင်ကို ကြည့်လိုက်သည်။ လက်ရှိ မွေးဖွားဇယားချပ် အသက်သွင်းခြင်းက အေးချမ်းနေပြီး အရေးကြီးသည့် အခိုက်အတန့်သို့ ရောက်ရှိနေသည်။ သူက သက်ပြင်းချလိုက်၏။
စနစ်ပေါ်တွင် သူ့သက်တမ်းက လျော့ကျသွားလေသည်။
- နှစ် ၁၀၀
- နှစ် ၂၀၀
....
မျက်စိတစ်မှိတ်အတွင်း ဆယ်ရက် ကုန်ဆုံးသွားလေ၏။
ရေကန်နှလုံးသား ကျွန်းအနီး …
ယဲ့ဝူရှန်းနှင့် ယဲ့ချန်းတို့က ငါးအသေများကို ကြည့်လိုက်ကြသည်။
ယဲ့ချန်းက ပြောလိုက်၏။
"လုဝူ ထွက်သွားပြီ"
"လုဝူက မတုံးဘူးလေ။ ထွက်သွားမှာပေါ့။ ငါတို့တွေ ယဲ့မျိုးနွယ်က တပ်ကူကို စောင့်နေရင် နောက်ကျသွားလိမ့်မယ်။ ဆရာသခင်ကတောင် သင်္ကေတလမ်းကြောင်းကနေ ဒီကို ရောက်အောင် လာဖို့ တစ်လအချိန် လိုလိမ့်မယ်" ယဲ့ဝူရှန်းက ပြောလိုက်သည်။
နှစ်ဦးသား၏ ခန္ဓာကိုယ်မှ ဒဏ်ရာများက အချိန်တစ်ခု ကြာမြင့်ပြီးသည့်နောက်တွင် အများစု ပြန်လည်ကောင်းမွန်လာပြီ ဖြစ်၏။
"အစ်ကိုယဲ့က ဒီကိစ္စကို မကောင်းဆိုးဝါးအမဲလိုက်ရေး အဖွဲ့ကို ပြောခဲ့တာ မထူးဆန်းတော့ပါဘူး" ယဲ့ချန်းက ပြောလိုက်သည်။
"ဒါက အမဲလိုက်အဖွဲ့ လုပ်တဲ့ကိစ္စပဲလေ။ သူတို့က တစ်နှစ်ပတ်လုံး နေနေတာ။ ဒီကို နှစ်လအတွင်း ရောက်လာလိမ့်မယ်” ယဲ့ဝူရှန်းက ပြောလိုက်သည်။
"ဒါပေမဲ့ သူတို့က သူတို့ဆီ သားရဲဧကရာဇ် အသက်ဓာတ်နှလုံးသားကို ပေးလိုက်မှာလား"
"လုဝူက အသက်ဓာတ်နှလုံးသား လေးခု ရှိတယ်။ ယဲ့မျိုးနွယ်အတွက် တစ်ခု ချန်ထားပေးလိမ့်မယ်။ ပြီးတော့ ငါ့ပစ်မှတ်က လုဝူလို့ ထင်နေလား" ယဲ့ဝူရှန်းက မေးလိုက်သည်။ တွမ့်မူရှန်း ဝေဟင်အထက် ပေါ်ထွက်လာပြီး သူ့ကို ခရမ်းပြာစွမ်းအားများ လွှမ်းခြုံသွားသည့် မြင်ကွင်းကို ပြန်လည်တွေးတောမိသွားသည်။
"ဟမ်"
ယဲ့ချန်းက နားမလည်နိုင်ပေ။
"အချိန်ကျလာတဲ့အခါ နားလည်သွားလိမ့်မယ်" ယဲ့ဝူရှန်းက ရေကန်ဘေးသွားကာ အဆောင်တစ်ခုကို ထုတ်ယူသွားလိုက်သည်။
အဆောင်က လေထဲ ပျံသန်းသွားပြီး ကောင်းကင်အထက် ပျံသန်းသွားလေ၏။
"ဒါက နောက်ယောင်ခံ အဆောင် မဟုတ်ဘူးလား" ယဲ့ချန်းက အံ့အားသင့်သွားသည်။
"ဟုတ်တယ်။ အမည်မသိ ကုန်းမြေကို မလာခင် ရတနာတွေနဲ့ လဲပြီးတော့ ဒီအဆောင်ကို ယူခဲ့တာ။ လုဝူက ဉာဏ်ကောင်းပေမဲ့ သူရဲ့ စွမ်းအင် သဲလွန်စအားလုံးကို ဖျောက်ပစ်ဖို့တော့ ခက်တယ်လေ။ အဲဒါကြောင့် ဒီနေရာကို ဆယ့်ငါးရက်အတွင်း ပြန်လာဖို့ ပြောခဲ့တာပဲ”
ယဲ့ဝူရှန်းက ရေကန်အလယ်ရှိ ကျွန်းဆီ ပျံသန်းသွားလိုက်သည်။ သူက အဝေးတစ်နေရာကို လှမ်းကြည့်ပြီး
"အမည်မသိကုန်းမြေရဲ့ အသက်ဓာတ်စွမ်းအားက အတော်လေး ရှုပ်ထွေးပြီးတော့ ပိုကြွယ်ဝတယ်။ ဒီစွမ်းအင်က အများဆုံး လဝက်ခန့်ပဲ ကြာနိုင်တယ်”
"လုဝူက ဒီနောက်ယောင်ခံ နည်းလမ်းကို အသုံးပြုတာကို တွေ့သွားမှာ မကြောက်ဘူးလား”
"ဆရာသခင်တွေကပဲ လုဝူကို တိုက်ခိုက်နိုင်တာ။ ဘာလို့ အဲဒါကို ကြောက်နေမှာတုံး။ ပြီးတော့ နောက်ယောင်ခံအဆောင်က ဟာကွက် မရှိတာ မဟုတ်ဘူး။ တကယ်လို့ စွမ်းအင်က နည်းနည်းလောက် အရှုပ်အထွေးဖြစ်သွားရင် ငါတို့တွေ လမ်းလွဲသွားနိုင်တယ်။ အဆုံးသတ်မှာ ကံကောင်းမှုပေါ် မူတည်နေတယ်။ အဲ့ဒါက ဝေးဝေး မပြေးဖို့တော့ မျှော်လင့်ရတာပဲ” ယဲ့ဝူရှန်းက ပြောလိုက်ပြီး ပိုးစုန်းကြူနှင့် တူသည့် အဆောင်နောက်ကို လိုက်သွားလိုက်သည်။
နှစ်ဦးသားက အရှိန်မြင့်မြင့်ဖြင့် ပျံသန်းနေ၏။
"အစ်ကိုယဲ့ ကျွန်တော် နားမလည်သေးဘူး။ တကယ်လို့ အစ်ကိုယဲ့ ပြောသလိုဆိုရင် ဆရာသခင်တွေကပဲ လုဝူအတွက် ပြိုင်ဘက်ပေါ့။ အဲ့ဒါဆိုရင် အမဲလိုက်အဖွဲ့က ဘယ်လိုဖြေရှင်းမှာတုံး။ သူတို့အဖွဲ့ထဲမှာ ဆရာသခင် ရှိနေတာလား" ယဲ့ချန်းက နားမလည်နိုင်ဘဲ ဖြစ်နေသည်။
ယဲ့ဝူရှန်းက ရယ်မောလိုက်၏။
"လူတွေက ပိုက်ဆံအတွက် သေသလို ငှက်တွေက အစားစာအတွက် သေတယ်။ အမဲလိုက်အဖွဲ့က လူကြမ်းတွေ စုထားတဲ့ အဖွဲ့ပဲ။ သူတို့တွေက အမည်မသိကုန်းမြေထဲက မွေးဖွားဇယားချပ် သားရဲတွေကို တစ်နှစ်ပတ်လုံး အမဲလိုက်နေကြတာဆိုတော့ အတွေ့အကြုံ ပိုကြွယ်ဝတယ်။ သူတို့တွေက တစ်ယောက်ထဲဆို ဘာမှမဟုတ်ဘူးဆိုပေမဲ့ သူတို့တွေရဲ့ အဖွဲ့လိုက် လုပ်ဆောင်မှုတွေက အမည်မသိကုန်းမြေမှာ အကောင်းဆုံးထဲမှာ ပါတယ်။ ပြီးတော့ လုဝူက လျှို့ဝှက်ဆန်းကြယ် ရွှေကြာ ကျင့်ကြံသူကြောင့် ဒဏ်ရာရထားတာလေ။ အဲ့ဒါဆိုတော့ လုဝူကို နှိမ်နင်းနိုင်ချေက မြင့်မားတယ်”
ခဏအကြာတွင် သူက ဆက်ပြောလိုက်သည်။
"အမဲလိုက်အဖွဲ့ရဲ့ ခေါင်းဆောင် ချောင်ဇယ်ချွင်းကို မြင်ဖူးတယ်။ အဲ့လူက စွန့်စားရတာကို သဘောကျတယ်လေ။ သူက အနည်းဆုံး မွေးဖွားဇယားချပ် ၁၅ ခုရှိတယ်။ ငါတို့တွေ ဘာမှလုပ်နေစရာမလိုဘဲနဲ့ အသက်ဓာတ်နှလုံးသားကို ရလာလိမ့်မယ်"
"အစ်ကိုယဲ့က တကယ်ကို အံ့ဩဖို့ ကောင်းလိုက်တာ" ယဲ့ချန်းက ယဲ့ဝူရှန်းအား လက်မထောင်ပြလိုက်သည်။
ယဲ့ဝူရှန်းက တွမ့်မူရှန်းအကြောင်း မပြောခဲ့ပေ။ ယဲ့ချန်းဆိုလျှင်ပင် သူက စကားတစ်ခွန်းမျှ ပြောမည် မဟုတ်ပေ။ ဤသည်က မဟာလေဟာနယ်စွမ်းအား ဖြင့် ပတ်သက်နေသည့်အတွက် လူတစ်ယောက်၏ ကံကြမ္မာကို ပြောင်းလဲပေးနိုင်သည်။
နှစ်နာရီကြာ ပျံသန်းလာပြီးသည့်နောက်တွင် ယဲ့ဝူရှန်းက နောက်ယောင်ခံအဆောင်သည် လေထဲ ရပ်တန့်သွားကြောင်း မြင်လိုက်ရသည်။
ယဲ့ချန်းက ပျော်သွားမိသည်။
"အနီးအနားမှာ ရှိလောက်တယ်" ယဲ့ဝူရှန်းက သူ့ကို အသံတိုးဖို့ အချက်ပြလိုက်သည်။
"လုဝူက မတုံးဘူး။ သူ့ကို လူသားလိုပဲ ဆက်ဆံ"
"ဝုန်း"
ယဲ့ တိတ်ဆိတ်နေသည့် ဝူရှန်းက လက်အသာ ဝေ့လိုက်သည်။
နောက်ယောင်ခံအဆောင်က ပျောက်ကွယ်သွားပြီးသည့် နောက်တွင် နှစ်ဦးသားက ခပ်နိမ့်နိမ့် ပျံသန်းလာ၏။
"မင်းရဲ့ စွမ်းအင်ဗဟိုချက်ထဲက ချီပင်လယ်ကို ချုပ်ထိန်းထား။ ရှေ့မှာ တောင်သုံးလုံး ရှိတယ်။ တကယ်လို့ ငါသာ လုဝူဆိုရင် ဒီနေရာမှာ အနားယူဖို့ ရွေးချယ်မှာပဲ။ ဒီပိုင်နက်က မြင့်မားပြီးတော့ လွယ်လွယ် ရှာတွေ့ခံရမှာ မဟုတ်ဘူး။ ပြီးတော့ အချိန်မရွေးလည်း ထွက်သွားလို့ရတယ်” ယဲ့ဝူရှန်းက ပြောလိုက်သည်။ ထို့နောက် သူက မြေကြီးနား ကပ်နားထောင်ကာ ပြောလိုက်သည်။
"ခဏနေအုံး" ယဲ့ဝူရှန်းက ဤပုံစံအတိုင်း နှစ်နာရီကြာ နေခဲ့သည်။ သူက အသံတစ်ခုကို ကြားလိုက်သည့်အခါ ထရပ်ပြီး ပြောလိုက်သည်။
"ငါတို့တွေ နေရာမှန်တယ်"
"အစ်ကိုယဲ့က ဘယ်လိုလုပ် သိတာလဲ” ယဲ့ချန်းက အံ့အားသင့်သွား၏။
"အသံ၊ အင်အားနဲ့ အတွေ့အကြုံကနေပေါ့" ယဲ့ဝူရှန်းက ပြန်ပြောလိုက်သည်။
...
အခန်း (၁၁၆၇) ရောက်ရှိလာခြင်း
ယဲ့ဝူရှန်းက အနီးရှိရှေးသစ်ပင်ကို လက်ညှိုးထိုးပြပြီးပြောလိုက်၏။
“ဒီလမ်း”
နှစ်ယောက်သားက ရှေးသစ်ပင်ဆီလျှောက်သွားပြီးနောက် နားစွင့်လိုက်ကြသည်။
ယဲ့ဝူရှန်းက ပြောလိုက်၏။
“ပစ်မှတ်ရဲ့တည်နေရာကို ဆုံးဖြတ်ဖို့ ရှေးအကျဆုံးနည်းလမ်းကို သုံးတာက ဒီအခြေအနေမှာ အလွယ်ဆုံးနဲ့ အကောင်းဆုံးပဲ။ လုဝူက အဲ့မှာရှိနေတာပဲဖြစ်မယ်။ အရှေ့ညာဖက်ခြမ်းမှာ ကြံ့တွေဝင်တိုးသံကို ကြားနေရပြီး အရှေ့ဘယ်ဖက်ခြမ်းမှာ ဝံပုလွေတစ်သိုက်သံကြားရတယ်။ သူတို့အားလုံးက အားနည်းကြတော့ ငါတို့အစီအစဉ်ကို ဝင်နှောင့်ယှက်မှာ မဟုတ်ဘူး”
ယဲ့ဝူရှန်းက ခြေရာခံရန် ကျင့်စဉ်တစ်ခုအသုံးပြုခဲ့သော်ငြား လုဝူက စွမ်းအင်အတက်အကျများကို အာရုံခံနိုင်သောကြောင့် ယင်းက သူ၏တည်ရှိမှုကို ပေးသိရာရောက်သွားလိမ့်မည်။ အချို့သောကဏ္ဍများတွင် သားရဲများက လူသားများထက်သာလွန်ကြောင်း ဝန်ခံရမည်။ ဥပမာအနေဖြင့် ကြမ်းတမ်းခက်ထန်သားရဲတစ်ကောင်၏အာရုံသည် လူသားတစ်ယောက်ထက်ပိုပြီး စူးရှပေ၏။
ယဲ့ချန်းသည် အသံများကို အနီးကပ်နားထောင်ပြီးနောက် လေးစားစွာပြောလိုက်တော့သည်။
“အစ်ကိုယဲ့ ခင်ဗျားက တကယ်အံ့ဩစရာကောင်းတာပဲ”
ယဲ့ဝူရှန်းက သစ်ပင်ထိပ်ဖျားကိုကြည့်ပြီးနောက် ပြောလိုက်၏။
“တစ်နေရာက မလုံလောက်ဘူး။ ငါ့နောက်လိုက်ခဲ့”
“ဘာအတွက်လဲ”
“ဘေးဖက်ကိုသွားမယ်။ ငါ သူ့နေရာကို အတည်ပြုချင်တယ်”
ယဲ့ဝူရှန်းက ယဲ့ချန်းကို ဦးဆောင်လျက် ခပ်နိမ့်နိမ့်ပျံသန်းလိုက်သည်။ ခရီးစဉ်တစ်လျှောက် သူတို့အလွန်ဂရုစိုက်ခဲ့ပြီး သူတို့၏ကနဦးချီ များများစားစား မထုတ်လွင့်ခဲ့ပေ။ သူတို့က အရှိန်မှန်မှန်လေး ပျံသန်းနေပြီး ကနဦးချီအနည်းအကျဉ်းသာထုတ်လွင့်ခဲ့၏။
သူတို့နှစ်ယောက်သား နောက်ထပ်တစ်နာရီကြာပျံသန်းပြီးနောက် မြေပြင်ပေါ် ဆင်းသက်လိုက်တော့သည်။
တူညီသောနည်းလမ်းကို အသုံးပြုပြီး ယဲ့ဝူရှန်းသည် ခေါင်းငုံ့ကာမြေကြီးနားကပ်ပြီး နားစွင့်လျက် မြေပြင်မှ ဆူညံသံများကို နားထောင်နေသည်။ ယခုအခေါက်၌ သူနှစ်ကြိမ်လောက် နားထောင်လိုက်ရသည်။
ယင်းကို မြင်သောအခါ ယဲ့ချန်းကလည်း ခေါင်းငုံ့ပြီး နားထောင်ရန်ကြိုးစားလိုက်သည်။ သို့သော် သူက ဘာမှမကြားခဲ့ပေ။ သူက အသံတိုးတိုးဖြင့်မေးလိုက်သည်။ “အစ်ကိုယဲ့ ... လုဝူထွက်ပြေးသွားတာလား”
ယဲ့ဝူရှန်းက ယဲ့ချန်းကို တိုးတိုးနေခိုင်းလိုက်သည်။ စိတ်ရှည်မှုသည် မုဆိုးများအတွက် အရေးကြီးဆုံးအရာ ဖြစ်သည်။ ယဲ့ဝူရှန်းက အလွန်စိတ်ရှည်၏။ သူက နောက်ထပ်တစ်နာရီ စောင့်ခဲ့သည်။
ဖုန်း
မြေပြင်မှ ဆူညံသံတစ်သံ ပေါ်ထွက်လာ၏။
ယဲ့ချန်းက အံ့ဩမှုကြောင့် မျက်လုံးပြူးကျယ်သွားတော့၏။ သူ၏ဝမ်းသာမှုကို မဖုံးကွယ်နိုင် ဖြစ်သွားတော့သည်။
ဆန့်ကျင်ဖက်အနေဖြင့် ယဲ့ဝူရှန်းက အတော်လေး တည်ငြိမ်သည်။ သူက ခေါင်းညိတ်ပြီးနောက် ယဲ့ချန်းကို တိတ်တိတ်နေခိုင်းလိုက်၏။
နှစ်ယောက်သားက ထရပ်တော့မည့်အချိန်တွင် ....
ဂျွတ်
“ဟမ်”
နှစ်ယောက်သား အကြည့်ချင်း ဖလှယ်လိုက်သည်။
“အစ်ကိုယဲ့”
ယဲ့ချန်းက ထိုအသံကဘာမှန်း ဆုံးဖြတ်နိုင်လောက်အောင် အတွေ့အကြုံမလုံလောက်သေးပေ။ သူက ဇဝေဇဝါ ဖြစ်နေလျက် ဘေးဘယ်ညာကို ကြည့်နေလိုက်သည်။
“ထပ်နားထောင်ကြည့်” ယဲ့ဝူရှန်းသည် ဘာသံမှန်း မဖော်ထုတ်နိုင်သေးပေ။ သို့သော် သူ၏ အတွေ့အကြုံနှင့် အလိုလိုသိစိတ်က ထိုအသံရင်းမြစ်သည် မရိုးရှင်းကြောင်း ပြောပြနေ၏။ သူက ယခုအတည်ပြုဖို့သာ လိုအပ်သည်။
တိတ်ဆိတ်နေသော တောင်တန်းဒေသထဲတွင် သားရဲပျံတို့၏အော်သံများ၊ ကြမ်းတမ်းခက်ထန်သားရဲတို့၏ မာန်ဖီသံများနှင့် လေတိုးသံတို့က ယဲ့ဝူရှန်း၏နားထဲ ဝင်ရောက်လာ၏။ ကျင့်ကြံသူများ၏ အကြားအာရုံသည် ကောင်းမွန်လှပေသည်။ ကနဦးချီ အသုံးမပြုပင်လျှင် သူတို့သည် မီတာ ၁၀၀၀အကျယ်အဝန်းအတွင်းရှိ အသံများကို ကြားနိုင်သေး၏။ ပိုဝေးဝေးကြားနိုင်စေရန်အတွက် မိမိသည် ပိုမြင့်မားသည့် ကျင့်ကြံဆင့်ရှိဖို့ လိုအပ်သည်။
ဘီး
“အဲ့ဒီမှာ”
ယဲ့ဝူရှန်းက မြန်ဆန်သော အရှိန်ဖြင့် ပျံသန်းလိုက်၏။ ခဏအကြာတွင် သူသည် တောင်ကြားထဲမှ စူးရှသော အသံတစ်သံကို ကြားလိုက်ရသည်။ သူက လက်မြှောက်လိုက်သည်။
“ရပ်လိုက်”
လိုက်မီတာ မကြာသေးသည့်ယဲ့ချန်းက မှောင်မည်းနေသော တောင်တန်းဒေသကို ကြည့်ပြီး မောကြီးပမ်းကြီး ဖြစ်နေလေ၏။
“ဆက်ပြီးစုံစမ်းနေဖို့မလိုတော့ဘူး ... အဲ့တာ သားရဲဘုရင်ပဲ”
ယဲ့ဝူရှန်းက ပြောပြီး သူ့နားရှိကြမ်းတမ်းခက်ထန်သားရဲလေးများကို လက်ညှိုးထိုးပြလိုက်၏။
“သားရဲဘုရင်တွေက နယ်မြေပိုင်တယ်။ သူတို့နယ်မြေတစ်ခုသိမ်းပိုက်ပြီးတာနဲ့ ကျန်တဲ့ကြမ်းတမ်းခက်ထန်သားရဲတွေကို မောင်းထုတ်တာ။ ကြည့်ကြည့်”
တောအုပ်ထဲတွင် တောင်စောင်းနှင့်မြေပြင်တွင် ကြမ်းတမ်းခက်ထန်သားရဲများ တကွဲတပြားထွက်ပြေးနေကြသည်။
“ကံကောင်းလိုက်တာ ... သွားသတ်ကြရအောင်” ယဲ့ချန်းက စိတ်အားထက်သန်စွာ ပြောလိုက်သည်။
“မသတ်ဘူး” ယဲ့ဝူရှန်းက ခေါင်းခါပြီးပြောလိုက်သည်။
“ငါတို့ နီးကပ်လွန်းနေတယ်။ ငါတို့ လုဝူကို သတိပေးသလိုဖြစ်သွားလိမ့်မယ်။ ငါတို့ပစ်မှတ်က လုဝူပဲ။ သားရဲဘုရင်မဟုတ်ဘူး”
ယဲ့ချန်းက သက်ပြင်းချလိုက်၏။ “နှမြောစရာပဲ”
ယဲ့ဝူရှန်းသည် အနောက်ဖက်ရှိတောင်ထွတ်ကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။
“အဲ့ဒီကို သွားရအောင်။ ငါတို့တွေ မကောင်းဆိုးဝါးဖမ်းအဖွဲ့ဆီစာပို့ပြီး သူတို့ကို အဲ့မှာစောင့်မယ်”
“ဟုတ်ပြီ”
ပြီးနောက် နှစ်ယောက်သား အနောက်အရပ်သို့ ပျံသန်းသွားသည်။
...
ထိုစဉ် ခရုလေးက ချန်ဟွမ်းကို လက်ညှိုးထိုးပြပြီးပြောလိုက်၏။
“ရှစ်ကျဲ … ချန်ဟွမ်းကြီးလာပြီ”
ယဲ့ထျန်းရှင်းနှင့် ခရုလေးသည် ချန်ဟွမ်းကို တအံ့တဩကြည့်လိုက်၏။
ချန်ဟွမ်းက ခေါင်းငုံ့ထားသော်ငြား အော်သံသဲ့သဲ့သာ မြည်လာ၏။
“တိတိကျကျ ပြောရရင် သူ ပြန်သက်သာလာတာ” ယဲ့ထျန်းရှင်းက ပြုံးလျက်ပြောလိုက်သည်။
“အစ်မ လရောင်သစ်သားတောအုပ်ကို ပထမဆုံးအကြိမ်ရောက်တုန်းက သူ ဒီထက်ပိုကြီးတယ်လေ။ တို့နှစ်ယောက်လုံးက သူ့ရဲ့နှာခေါင်းဝလောက်တောင် မရှိဘူး။ အသက်ဓာတ်နှလုံးသား တစ်စိတ်တစ်ပိုင်းကို ခွဲဝေထားပြီး တို့အတွက် အရွယ်အစားကျုံ့ထားတာ။ အမည်မသိကုန်းမြေထဲက အသက်ဓာတ်စွမ်းအင်တွေက ကြမ်းတမ်းခက်ထန်သားရဲတွေ ကုစားတဲ့နှုန်းကို အထောက်အပံ့ ဖြစ်စေတဲ့ပုံပဲ။ ချန်ဟွမ်းက ခေါင်းညိတ်ပြီး ဆူညံသံ တချို့ပြုလိုက်၏။
ခရုလေးက ပြောလိုက်သည်။
“ချန်ဟွမ်းက ပြောတယ်။ သူ ဒီတလော ကြမ်းတမ်းခက်ထန်သားရဲလေးတွေစားတာများနေပြီ။ အသား ထပ်မစားချင်တော့ဘူးတဲ့”
ယဲ့ထျန်းရှန်းက ပြောလိုက်၏။ “သည်းခံဦး။ ဒီရောက်တာ မကြာသေးဘူး။ ရုတ်ရုတ်သဲသဲဖြစ်တာ မကောင်းဘူး”
ချန်ဟွမ်းက မြေပြင်ပေါ်တွင် လှဲနေလျက် မကြည်မချမ်းဖြစ်နေတော့သည်။
လှိုင်ဂူထဲတွင်ဖြစ်သည်။
လုကျိုး၏မွေးဖွားနန်းဆောင်က လည်ပတ်နေ၏။ ထိုနေရာ၏သုံးပုံတစ်ပုံက ပြည့်သွားပြီဖြစ်သည်။ ၎င်းက ပြီးကာနီးဖြစ်ဟန်တူသည်။ နာကျင်မှုက သိသိသာသာလျော့ကျသွား၏။ အရာအားလုံး အလွန်ချောမွေ့နေတော့သည်။ အချိန်ယူရတာ အနည်းငယ်ကြာနေရုံပဲရှိတော့သည်။
မျက်စိတစ်မှိတ်တွင်း နောက်ထပ် သုံးရက်တာ ကုန်ဆုံးသွား၏။
အမည်မသိကုန်းမြေထဲရှိ တောင်ထွတ်ပေါ်တွင်ဖြစ်သည်။
ယဲ့ချန်းက အနည်းငယ်စိုးရိမ်ပူပန်စွာမေးလိုက်တော့သည်။
“အစ်ကိုယဲ့ မကောင်းဆိုးဝါးဖမ်းအဖွဲ့က အခုလောက်ဆိုရောက်နေသင့်ပြီမဟုတ်လား”
“လောနေဖို့ မလိုဘူး။ သူတို့လာမှာပဲ” ယဲ့ချန်းက ပြောလိုက်၏။
“သူတို့ရောက်မလာခင် လုဝူထွက်ပြေးသွားရင်ကော”
“လုဝူက ဒီမှာရှိနေတာ အနည်းဆုံးလဝက်လောက်ရှိနေပြီ။ သူသာ ထွက်သွားချင်ရင် အစောတည်းက သွားမှာပေါ့။ ဒါ့အပြင် ငါ့မှာ ခြေရာခံအဆောင်လည်းရှိသေးတယ်” ယဲ့ဝူရှန်းက ပြောလိုက်သည်။
“ဟုတ်ပြီလေ”
မကြာမီ၌ အနောက်ဖက်မိုးကုတ်စက်ဝိုင်းဆီမှာ ကျင့်ကြံသူ ဒါဇင်ချီပေါ်ထွက်လာ၏။ သူတို့က အနားမယူဘဲ ပျံသန်းနေသောကြောင့် ပျံသန်းသောအရှိန်သည် မယုံနိုင်စရာကောင်းလောက်အောင် မြန်ဆန်၏။
“သူတို့ရောက်လာကြပြီ” ယဲ့ဝူရှန်း၏ မျက်နှာပေါ်၌ ဝမ်းသာအားရ အမူအရာပေါ်လာသည်။
“ဒါက မုဆိုးဖမ်းအဖွဲ့လား” ယဲ့ချန်းက မျက်မှောင်ကျုံ့မိသွားသည်။
“အရေအတွက် နည်းလွန်းတယ် မထင်ဘူးလား”
“အဆင်ပြေတယ်။ ဒါလုံလောက်မှာပဲ”
ယဲ့ဝူရှန်း ပြောပြီးသည်နှင့် ယဲ့ဝူရှန်းနှင့် ယဲ့ချန်း၏နားထဲ အသံတစ်သံရောက်ရှိလာ၏။
“ယဲ့ဝူရှန်း ... မင်း ဒီနေရာကို ကျေးဇူးမသိတတ်တဲ့ ဝန်ထုပ်ဝန်ပိုးခေါ်လာတယ်ဆိုမှတော့ ငါနဲ့ဘယ်လို ပူးပေါင်းမှာလဲ”
သူတို့နှစ်ယောက်ရှေ့၌ လူတစ်ယောက်ပြီးတစ်ယောက်ရောက်လာ၏။ အမျိုးသားနှင့် အမျိုးသမီးရောနေပြီး စုစုပေါင်း လူအယောက်လေးဆယ်ရှိသည်။ ထိုလူများက ကျင့်ကြံသူအများစုကဲ့သို့ ဝတ်ရုံရှည်များ မဝတ်ထားပေ။ သူတို့က ထူးဆန်းသည့်အဝတ်အစား ပုံစံမျိုးစုံကို ဝတ်ထား၏။ တချို့က သူတို့ခြေထောက်များ ထုတ်ပြထားကာ တချို့က သူတို့လက်မောင်းများ ထင်းနေစေသည့်လက်ပြတ်အင်္ကျီများ ဝတ်ထားသည်။ တချို့ကမူ သူတို့ရင်ဘတ်ကို ဗလာကျင်းထားလေ၏။ အပေါ်အင်္ကျီမဝတ်ထားသည့် ခပ်ဝဝ ကျင့်ကြံသူတစ်ယောက်တောင် ရှိနေ၏။
ဤကျင့်ကြံသူများအားလုံး၌ တူညီသည့်အရာရှိသည်။ သူတို့၏မျက်ဝန်းထောင့်များ၌ အစိမ်းရောင်တစ္ဆေဦးခေါင်းခွံ သင်္ကေတတစ်ခု ရှိနေတာပဲဖြစ်သည်။ ယဲ့ဝူရှန်းက လက်သီးဆုပ်မိုးလျက် ပြောလိုက်သည်။
“အစ်ကိုချောင် ... ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ။ ဒါက ကျွန်တော့ညီလေး ယဲ့ချန်း ... သူ အသိမြင်ကြွယ်အောင်လို့ သူ့ကို ဒီခေါ်လာတာ” ခေါင်းဆောင်နေရာတွင် ရပ်နေသည့် ကျင့်ကြံသူက မကောင်းဆိုးဝါးဖမ်းအဖွဲ့၏ ခေါင်းဆောင် ချောင်ဇယ်ချွင်းပဲဖြစ်သည်။ သူက ယဲ့ချန်းကို တစ်ချက်ကြည့်လိုက်ရာ ယဲ့ချန်းက အနေခက်ပြီးခေါင်းငုံ့လိုက်တော့သည်။
ထိုစဉ် နောက်တန်းတွင် ရပ်နေသောအမျိုးသမီးသည် မြက်ကိုထွေးထုတ်ပြီးနောက် ပြုံးလျက်ပြောလိုက်သည်။
“ဪ ... နင်က လူပျိုလေးဖြစ်နေသေးတာကို။ အဲ့ဒီဂုဏ်ပုဒ်ကို ဖယ်ရှားဖို့ ကူညီပေးရမလား”
ယဲ့ချန်းသည် ထိုစကားများကြားသွားသည်နှင့် သူ၏နားရွက်များ နီစွေးသွားတော့သည်။
“ဖူလွမ့်သုန် ... ဒါက မင်းရှုပ်ရမဲ့နေရာမဟုတ်ဘူး” ယဲ့ဝူရှန်းက ပြောလိုက်လေ၏။
“တို့က နောက်နေရုံပဲ” အမျိုးသမီးကျင့်ကြံသူ ဖူလွမ့်သုန်သည် ယဲ့ချန်းကို တီးတိုးပြောပြီးနောက် ပခုံးတွန့်လိုက်သည်။
ယဲ့ချန်းကိုကြည့်ကာ လေချွန်ပြီးနောက် ပခုံးတွန့်လိုက်သည်။
ထိုစဉ် ချောင်ဇယ်ချွင်းက တိုက်ရိုက်မေးလိုက်၏။ “အခု လုဝူဘယ်မှာလဲ”
ယဲ့ဝူရှန်းက ပြောလိုက်သည်။
“အစ်ကိုချောင် ... ကျုပ် ဒီနေရာဆီခေါ်လာပေးပြီးပြီ။ ခင်ဗျားက လုဝူကို မရှာနိုင်ရင် ခင်ဗျားရဲ့အရည်အချင်းကို ယုံကြည်ဖို့ ခက်ခဲတော့မှာ”
ချောင်ဇယ်ချွင်းက ရယ်မောလိုက်၏။
“စိတ်ဝင်စားစရာပဲ။ ဒါကြောင့်ပဲ ငါ မင်းကို သဘောကျတာလေ။ စန်းတိ မင်းရဲ့အရည်အချင်းတွေ ပြလိုက်”
မြားပုံသဏ္ဌာန်ဖြင့် လူတစ်ယောက်က ရှေ့တိုးလာပြီးနောက် နှုတ်ခမ်းနားဆီ လက်များကို မြှောက်လိုက်၏။ ပြီးနောက် ကျယ်လောင်ပြီးကြည်လင်သည့်အသံက သူ၏နှုတ်ခမ်းဖျားမှ ထွက်ပေါ်လာသည်။
“မင်း ...” ယဲ့ဝူရှန်းက ထိတ်လန့်သွားတော့၏။
“ဟိတ်ကောင် ... ဒါက သားရဲပျံအမရဲ့ ခေါ်သံပဲ။ သားရဲတွေတောင် အတုလို့ပြောရဲမှာမဟုတ်ဘူး။ ကြည့်လေ အဲ့ဒီအထီးသားရဲတွေတုံ့ပြန်နေပြီ”
ပတ်ဝန်းကျင်တောအုပ်ထဲတွင် ကြမ်းတမ်းခက်ထန်သားရဲများစွာ ပျံသန်းလာ၏။
အားနည်းသော မျောက်နှင့်တူသည့်လူက သူ့ရှေ့ရှိအဆောင်တစ်ခုကို ယူကာ မီးမြှိုက်လိုက်၏။ အဆောင်မီးမြှိုက်ပြီး လောင်ကျွမ်းကာ ပြာဖြစ်သွားပြီးနောက် အလင်းကွင်းတစ်ခုပေါ်လာသည်။
အသက်တစ်ရှိုက်စာကြာပြီးနောက် ပိန်ပါးပါးလူသည် တောင်သုံးလုံးရှိရာဖက်သို့ လက်ညှိုးထိုးပြပြီး နှုတ်ခမ်းသပ်ကာ ပြောလိုက်တော့သည်။
“သူက တကယ်ဘယ်လိုပုန်းရမယ်မှန်း သိနေတာပဲ”
“လေးစားစရာပဲ။ ကျုပ် အထင်ကြီးမိသွားပြီ။ လူအနည်းစုလောက်ပဲ အသံတုပပြီး သာမန်သားရဲတွေကို ထိန်းချုပ်နိုင်ဖို့ ဒီလောက်မြင့်မားတဲ့အဆင့်တွေကို ပိုင်ဆိုင်ထားတာ။ အစစ်အတုတောင် မခွဲနိုင်တော့ဘူး”
“မင်း ချီးကျူးလွန်းနေတာပဲ” အားနည်းသောလူက ပြောလိုက်၏။
“ခွဲရလွယ်နေရင် ငါတို့မကောင်းဆိုးဝါး အမဲလိုက်အဖွဲ့က ရှင်သန်နိုင်မှာမဟုတ်ဘူး”
ထိုစဉ် ချောင်ဇယ်ချွင်းက လက်ဝေ့ယမ်းကာ ပြောလိုက်၏။
“ကောင်းပြီ ... အစီအစဉ်အတိုင်းလှုပ်ရှား။ သွားကြမယ်”
“ဟုတ်ကဲ့” ကျင့်ကြံသူအယောက်လေးဆယ်က တောင်သုံးလုံးဆီပျံသန်းသွားတော့သည်။