အခန်း (၁၁၇၇-၁၁၇၉)
Vol. 79 Ch. 1177-1179
အခန်း (၁၁၇၇) ငါ အထွတ်အထိပ်တည်ရှိမှုလောင်းလျာတွေကို ရန်စခဲ့မိပြီ
“ဟေ့”
အနီရောင်ပုံရိပ်တစ်ခုက လုဝူရှေ့သို့ပျံသန်းလာ၏။ နိဗ္ဗာနခါးစည်းက သူမရှေ့၌ ပျံ့လွင့်နေသည်။
လုဝူက မျက်မှောင်ကျုံ့လျက် သူ့ရှေ့ရှိလူကို အာရုံခံရန်ကြိုးစားလိုက်သည်။
“နည်းနည်းပိုတော်လာတယ်။ ဒါပေမဲ့ အားနည်းနေသေးတုန်းပဲ”
ဝူး ဝူး ….
ချန်ဟွမ်းက နောက်တစ်လှမ်းဆုတ်ပြီးနောက် ခေါင်းဘယ်ညာခါလိုက်၏။
လုဝူက စိတ်ရှုပ်ထွေးသွားတော့သည်။
“မင်း ဘာလို့ခေါင်းခါနေတာလဲ”
ရှောင်ယွမ်အာက ပြောလိုက်၏။ "ကျားပေါက်လေး မင်းပြောခဲ့တာကို ပြန်ပြောလိုက်”
“မင်း ငါ့ကို ဘယ်လိုခေါ်လိုက်တာ”
“ကျားပေါက်လေး”
“...” ရှောင်ယွမ်အာ၏အမူအရာက မဖော်ပြနိုင်ပေ။ သူခိုးကြီးငယ်သားတွေက အားနည်းရုံတင်မကဘူး။ သူတို့တွေက အပြုအမူလည်း မကောင်းဘူး။
လုဝူက ရှောင်ယွမ်အာကို စိန်းစိန်းဝါးဝါးစိုက်ကြည့်လျက် မောက်မာစွာပြောလိုက်၏။
“ငါ့နာမည်က လုဝူ ... ဖြစ်နိုင်တာက ကြီးမြတ်သောဆရာသခင်တွေပဲ ငါနဲ့ယှဉ်နိုင်လောက်မယ်”
“ဪ ... “ ရှောင်ယွမ်အာက ဝတ်ကျေတန်းကျေပြောလိုက်၏။ ပြီးနောက် သူမက မေးလိုက်သည်။
“ဒါဆို နင် လူသားဘာသာစကားကို ဘယ်လိုသင်ယူထားတာလဲ”
“ငါ့ကို လုဝူလို့ခေါ်”
“ဟုတ်ပြီလေ” ရှောင်ယွမ်အာက တကယ်ဖြေလိုက်တာဖြစ်သည်။
သို့သော် လုဝူ၏အမြင်တွင် ယင်းက စော်ကားမှုတစ်ရပ် ဖြစ်၏။ သူ၏အမြင်တွင် ကျားများနှင့် တွားသွားသတ္တဝါများက တူညီပေ၏။ သန္ဓေပြောင်းသတ္တဝါများကိုတောင် သူ့မျက်စိထဲ မထည့်ပေ။ သားရဲဧကရာဇ်တစ်ပါးအနေဖြင့် ၎င်း၏ခွန်အားကို ပြသရန်လိုအပ်သည်ဟု ထင်မိသည်။ ၎င်းက မြေပြင်ပေါ်ဆောင့်နင်းလျက် ကောင်းကင်ထဲခုန်တက်လိုက်၏။
မျက်စိတစ်မှိတ်အတွင်း တိမ်စိုင်တိမ်လိပ်များ ဝေ့တက်လာသည်။ တစ်စက္ကန့်အတွင်း မီတာထောင်ချီရှိ ဧရိယာက ရုတ်တရက် လျော့ကျသွား၏။ လေအေးများ တိုက်ခတ်လာတော့သည်။
“လုဝူ” လုကျိုး၏အသံက မိစ္ဆာဝေဟင်မျှော်နန်းထဲမှ ပေါ်ထွက်လာ၏။
“ဟမ်” လုဝူက ကြောင်တစ်ကောင်ပမာ ဆင်းသက်လာ၏။ အသံတစ်သံမှ မထွက်ခဲ့ပေ။ ရုတ်တရက် ၎င်း၏အသံက ချောချောမွေ့မွေ့ရှိလာသည်။
“ကြီးမြတ်သော ဆရာသခင်လု ... ခင်ဗျား ကျုပ်ကို လှည့်စားဖို့ ကြိုးစားပြန်ပြီလား”
လုကျိုးက လုဝူရှေ့ လှစ်ကနဲပေါ်လာ၏။ သူက လက်နောက်ပစ်ထားလျက် ပြောလိုက်သည်။
“ငါက သူတို့အရှိန်အဝါကို ဖုံးကွယ်ဖို့ နည်းလမ်းတချို့ မသုံးရအောင် ငါ့ကို တုံးအတယ်လို့ ထင်နေတာလား”
“...”
လုဝူက စိတ်ထဲထောက်ခံလိုက်သည်။ လုကျိုးပြောတာမှန်ပေ၏။ မဟာလေဟာနယ်မျိုးစေ့၁၀ခုဖြင့် ၎င်းကို ဖွင့်ပြထားပါက ပြဿနာရှာရာ ရောက်သွားမည် မဟုတ်ပါလော။ ရုတ်တရက် သူ အမှားလုပ်မိတာကို သဘောပေါက်သွား၏။ မည်သို့ပင်ဆိုစေ အပြင်ပန်း၌မူ ၎င်း၏အမူအရာက ပြောင်းလဲမှုမရှိ ပြောလိုက်သည်။
“ကျုပ် တမင်တကာ လုပ်လိုက်တာ”
လုကျိုးက လုဝူကို မဖော်ထုတ်ခဲ့ပေ။ သူက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“ရှောင်ယွမ်အာ ... သားရဲဧကရာဇ်က လေးစားစရာကောင်းတဲ့သူ။ မရိုင်းနဲ့”
“ဟုတ်” ရှောင်ယွမ်အာသည် လုဝူရှေ့သို့ပျံသန်းကာပြောလိုက်၏။
“အစောတုန်းက တောင်းပန်ပါတယ်”
လုကျိုးက ပြောလိုက်၏။
“လုဝူ ငါ ပြီးရင်လာရှာမယ်”
လုဝူက ဘာမှမပြောခဲ့ပေ။ ထွက်သွားဖို့က အလျင်မလိုပေ။ သူက သူခိုးကြီးလု ဤနှစ်ပိုင်းအတွင်း မည်သည့်အရာများဆောင်ရွက်ခဲ့လည်းဆိုတာ ဖော်ထုတ်ရန် မိစ္ဆာဝေဟင်မျှော်နန်းအကြောင်း ပိုသိရှိဖို့ အခွင့်အရေးယူချင်နေတာပဲဖြစ်သည်။
ထိုသူခိုးကြီးသည် မဟာလေဟာနယ်မျိုးစေ့များကို ဖုံးကွယ်ရန် နည်းလမ်းတချို့ သုံးခဲ့သောကြောင့် ဤနေရာရှိ လူများက အနာဂတ်အထွတ်အထိပ်လောင်းတည်ရှိမှု ဖြစ်နိုင်သည်။
“ဒါက အစောတုန်းက အထွတ်အထိပ်တည်ရှိမှု ဖြစ်လာမဲ့သူတွေကို ငါ ရန်စခဲ့မိတာမလား”
လုဝူက ဆုံးဖြတ်ချက်ပြတ်သားစွာ လှည့်လာလျက် ကျိုးကျစ်ဖုန်းနှင့် ကျန်သည့်သူများရှေ့တွင် ၎င်း၏လက်ကို ထားလျက် ပြောလိုက်သည်။
“ငါ တောင်းပန်တယ်”
ဖန်ကျုံးနှင့် ကျန်သည့်သူများသည် အံ့ဩဆွံ့အသွား၏။ သားရဲဧကရာဇ်၏သဘာဝက ဒီလောက် ခန့်မှန်းရ ခက်တာလား။
အဆုံးကျ ဖန်ကျုံးက ဦးညွှတ်ပြီး ပြောလိုက်သည်။
“အဆင်ပြေပါတယ် ... အဆင်ပြေပါတယ်”
ကျူးဟုန်ကုန်းက ထိုစဉ် ပျံသန်းလာတော့သည်။ သူက ငုံ့ကြည့်ပြီးနောက် ပြောလိုက်၏။
“သားရဲဧကရာဇ်လုဝူလား”၏။
“ဘာ ...” လုဝူက လှည့်မလာပေ။ သူက မျက်လုံးထောင့်ကနေ တစ်ချက်ကြည့်ပြီး သူ့ဖာသာသူ စဉ်းစားလိုက်၏။
အငွေ့အသက်၊ အသွင်အပြင်၊ ဟန်အမူအရာအရ ဒီဖက်တီးက အထွတ်အထိပ်တည်ရှိမှုလောင်းလျာ ဖြစ်မဲ့ပုံမပေါ်ဘူး။ သူက မိစ္ဆာဝေဟင်မျှော်နန်းထဲက တောက်တိုမယ်ရပဲ ဖြစ်ရမယ်။
ပြီးနောက် လုဝူက ကျူးဟုန်ကုန်းကို ကြည့်တောင်မကြည့်ဘဲ လက်မြှောက်လိုက်ကာ ကျူးဟုန်ကုန်းကို တွန်းထုတ်လိုက်ပြန်၏။
ဝှစ်
ကျုးဟုန်ကုန်း မည်သည့်နေရာသို့ တွန်းထုတ်ခံလိုက်ရမှန်း မသိလိုက်ပေ။
လူတိုင်း “...”
လူတိုင်းက ကျူးဟုန်ကုန်း တွန်းထုတ်ခံလိုက်ရတာကိုကြည့်ပြီး ထိတ်လန့်သွား၏။
သူတို့အသိစိတ်ပြန်ကပ်လာသောအခါ ဖန်ကျုံးနှင့်ကျိုးကျစ်ဖုန်းက အလျင်အမြန် ပျံသန်းသွား၏။
“အဌမသခင်လေး”
လုဝူသည် တစုံတစ်ခုလွဲချော်နေတာကို ချက်ချင်းအာရုံခံမိသွားသည်။ ၎င်း၏ဧရာမလက်က မြေပြင်ပေါ် ရောက်လာပြီးနောက် စိတ်ရှုပ်ထွေးနေပုံ ပေါ်သည်။
“ကြည့်ရတာ ငါ နောက်ထပ် အထွတ်အထိပ်တည်ရှိမှုလောင်းလျာကို လွင့်ထွက်သွားအောင် လုပ်လိုက်မိပြန်ပြီနဲ့ တူတယ်။
အရှေ့ဖက်မျှော်နန်းထဲတွင်ဖြစ်သည်။
လုကျိုးသည် စနစ်မျက်နှာပြင်ပေါ်ရှိ သူ၏ကုသိုလ်မှတ်များကိုကြည့်ပြီး အတော်လေး စိတ်ကျေနပ်နေသည်။
ကုသိုလ်မှတ်= ၃၆၀၀၆၀
ကျန်ရှိသောသက်တမ်း= ၃၁၈၉၇၂၀ရက် (၈၇၃၉၂နှစ်တွင် နှစ်ပေါင်းခြောက်ရာက အကြောင်းပြန်လှန်ကတ်မှဖြစ်သည်။)
နှစ်ပေါင်း ၈၀၀၀ကျော်
လုကျိုးက မေးစေ့ပွတ်လိုက်သည်။ အမည်မသိကုန်းမြေမှ ပြန်လာပြီးနောက် သူ၏သွင်ပြင်ကို စစ်ဆေးခဲ့သည်။ သူသည် အားနည်းသည့် ကွန်ဖြူးရှပ်စာသင်သားနှင့် မတူတော့ရုံသာမက ရင့်ကျက်ပြီး တည်ငြိမ်ပုံပေါ်၏။ ယင်းက ယောက်ျားတစ်ယောက် ရှိသင့်သည့်ပုံပဲဖြစ်သည်။ သူက ခန့်ငြားနေသေး၏။ သို့သော် ယောက်ျားဆန်မှု မဆုံးရှုံးခဲ့ပေ။ သူ၏အထောက်အထားနှင့်ပေါင်းလိုက်ပါက သူက ပိုတောင်တည်ငြိမ်နေပုံပေါ်၏။
သူသည် မကောင်းဆိုးဝါးအမဲလိုက်အဖွဲ့မှ ရလာသည့်လက်နက်များကိုထုတ်လိုက်၏။
“တင်း ... သူတော်စင်တောင်ဝှေး လွှမ်းမိုးအဆင့်။ ကုသရေးစွမ်းအင်များကို မြှင့်တင်ပေးသည်”
“တင်း ... လေဝိညာဉ်လေးကိုင်း လွှမ်းမိုးအဆင့်။ မြားပစ်သည့်အချိန် အရှိန်ကိုမြှင့်တင်ပေးသည်”
လွှမ်းမိုးအဆင့်လက်နက်များ တိုးလာမှုသည် အနည်းဆုံး ၅၀ရာခိုင်နှုန်း ရှိသည်။ ထိုအကြောင်းအရင်းကြောင့် သူတို့ တန်ဖိုးရှိနေတာပဲဖြစ်သည်။ တစ်ခုပိုင်ဆိုင်ထားခြင်းက အဆင့်တူ ပညာရှင်တစ်ဦး၏ ခွန်အားတဝက်ပိုင်ဆိုင်ထားခြင်းနှင့်တူသည်။
လုကျိုးသည် လေဝိညာဉ်လေးကို ပေးလိုက်နိုင်သောငြား သူတော်စင်တောင်ဝှေးက အသုံးမဝင်ပေ။ ပြီးနောက် စနစ်မျက်နှာပြင်ပေါ်ရှိ သူ၏လက်နက်များကိုကြည့်လိုက်သည်။
လက်နက် ... အမည်မဲ့ အမည်မသိ၊ ကျောက်စိမ်းမြင်းမြီးတောင်ဝှေး ကောင်းကင်အဆင့်၊ ခရမ်းရောင် တောက်ပသံကျောက် ပေါင်းစည်းအဆင့်၊ လေအေးသုံးခွမှိန်း အခြေခံပြိုင်ဘက်ကင်းအဆင့်၊ ချုပ်နှောင်ရေးစည်းတံဆိပ် အခြေခံလွှမ်းမိုးအဆင့်၊ နဂါးလင်းယုန်၏ အမျက်ဒေါသ အခြေခံပြိုင်ဘက်ကင်းအဆင့်၊ လျှပ်တပြက်ချိတ်ကောက် အလယ်အလတ် ပြိုင်ဘက်ကင်းအဆင့်၊ သူတော်စင်တောင်ဝှေး အခြေခံလွှမ်းမိုးအဆင့်၊ လေဝိညာဉ်လေး အခြေခံလွှမ်းမိုးအဆင့်။
“စီစစ်ထုတ်နုတ်မှာလား”
လုကျိုးသည် စုဆောင်းထားသည့် မီးတောင်ထွတ်အဆီအနှစ်များ ရှိနေသေးသည်။ ထိုကုန်ကြမ်းအားလုံးဖြင့် သူသည် နောက်ထပ်လက်နက်တစ်ခု မြှင့်တင်နိုင်လိမ့်မည်။ သို့သော် သူ ထိုသို့မလုပ်ခဲ့ပေ။ သူ ကျန်သည့်သူများအား လက်နက်များ ပေးနိုင်၏။ ထို့အပြင် အသုံးမဝင်သည့် အရာများကိုလည်း စီစစ်ထုတ်နုတ်နိုင်သည်။
ဒုတိယတစ်ကြိမ် တွေးပြီးနောက် မိစ္ဆာဝေဟင်မျှော်နန်းဂိုဏ်းသားအများစုသည် ကိုယ်ပိုင်လက်နက်များ ပိုင်ထားပြီး ဖြစ်သည်။ အရေးကြီးဆုံးမှာ သူတို့လက်နက်နှင့် သူတို့၏သဟဇာတဖြစ်မှုက အရေးအကြီးဆုံး ဖြစ်သည်။ ယခုအချိန်မှ သူတို့ကို လက်နက်အသစ် ပေးခဲ့လျှင် လက်နက်များက သူတို့သခင်ကို အသိအမှတ် ပြုရန်လိုအပ်ပြီး လက်နက်အသစ်များနှင့် သဟဇာတဖြစ်အောင် ဆောင်ရွက်ရပေဦးမည်။ ယင်းက အတော်လေး ဒုက္ခများပေ၏။ ကုန်ကြမ်းများ ပိုစုဆောင်းပါက ပိုကောင်းလိမ့်မည်။ သို့မှသာ နောင်ကျ သူတို့လက်နက်များကို မြှင့်တင်နိုင်လိမ့်မည်။
လုကျိုးက ရေရွတ် ပြောလိုက်လေ၏။
“လျှပ်တစ်ပြက် ချိတ်ကောက်ကို စီစစ်ထုတ်နုတ်မယ်”
“တင်း ... လျှပ်တစ်ပြက်ချိတ်ကောက်ကို စီစစ်ထုတ်နုတ်ပြီးပါပြီ။ မီးဝိညာဉ်ကျောက်တုံးနှစ်တုံး၊ တောက်ပကျောက်တုံးတစ်တုံး ရရှိပါတယ်”
“မဆိုးဘူးပဲ”
“လေအေးသုံးခွမှိန်းကို စီစစ်ထုတ်နုတ်မယ်”
“တင်း ... လေအေးသုံးခွမှိန်းကို စီစစ်ထုတ်နုတ်ပြီးပါပြီ။ တောက်ပကျောက်တုံးတစ်တုံးရရှိပါတယ်”
“နစ်နာတာပဲ။ ဒါပေမဲ့ ဘာမှမရှိတာထက်တော့ပိုကောင်းသေးတယ်”
“နဂါးလင်းယုန်ရဲ့အမျက်ဒေါသကို စီစစ်ထုတ်နုတ်မယ်”
“တင်း ... နဂါးလင်းယုန်ရဲ့အမျက်ဒေါသကို စီစစ်ထုတ်နုတ်ပြီးပါပြီ။ တောက်ပကျောက်တုံးတစ်တုံး၊ မီးဝိညာဉ်ကျောက်တုံးတစ်တုံး ရရှိပါတယ်”
လုကျိုးသည် ခေါင်းခါပြီးနောက် သူ၏ကံသိပ်မကောင်းသောကြောင့် ဝမ်းနည်းသွားသည်။
“ငါ ဆန်းကြယ်ကျောက်တုံးတွေကို စီစစ်ထုတ်နုတ်နိုင်မယ်ဆိုရင် အကျိုးအမြတ် ရလောက်တယ်”
သူသည် ရှောင်ယွင်ဟယ်ဆီမှ ဆန်းကြယ်သလင်းကျောက်များ ရထားပြီးဖြစ်ကာ လက်နက်များကို ပြုပြင်ခဲ့၏။ မီးတောင်ထွတ်အဆီအနှစ်များက ရှားပါးသော်ငြား ကံကောင်းသည်မှ သူတို့ကို ရှာနိုင်သေး၏။ အပြာရောင်သလင်းကျောက်များကိုမူ အမည်မသိကုန်းမြေမှ ရှာနိုင်ပေ၏။ ၎င်းတို့က မီးတောင်ထွတ်အဆီအနှစ်များထက်တောင် ပိုရှားပါး၏။
သူ ပိုင်ဆိုင်သည့် အသုံးမဝင်ဆုံးလက်နက်သုံးခုကို စီစစ်ထုတ်နုတ်ပြီးနောက် လုကျိုးသည် ကောင်းကင်ကျမ်းစာကို ဆင်ခြင်သုံးသပ်ရန် မျက်လုံးမှိတ်လိုက်သည်။
ညနေစောင်းအချိန်တွင်ဖြစ်သည်။
လုကျိုးက အရှေ့ဖက်မျှော်နန်းအပြင်ဖက်သို့ လျှောက်သွားလိုက်သည်။ လုဝူက ကြီးလွန်းသဖြင့် တစ်ချက်ကြည့်ရုံဖြင့် လုဝူရှိရာကို မြင်နိုင်သည်။
လုကျိုးက ခေါ်လိုက်သည်။ “လုဝူ”
လုဝူက ဖြည်းဖြည်းချင်း လှည့်လာကာ အရှေ့ဖက်မျှော်နန်းကို မျက်နှာမူလျက်ပြောလိုက်၏။
“ကြီးမြတ်သော ဆရာသခင်လု ... ကျုပ် တောင်းဆိုစရာတစ်ခု ရှိပါတယ်”
“ပြော”
“ကျုပ် ခင်ဗျားရဲ့တပည့်တွေကို ရန်စခဲ့မိပုံပဲ။ ကျုပ်ကိုယ်စား သူတို့ကိုပြောပေးလို့ရမလား” အောင့်သက်သက်ဖြင့် မေးလိုက်၏။
“...” လုကျိုးသည် ဘာပြောရမည်မှန်းမသိတော့ပေ။
“စိတ်မပူနဲ့။ သူတို့က အဲ့လောက်မသေးသိမ်ဘူး”
လုဝူက ခေါင်းခါလိုက်၏။ သူ နောက်ဆုံး၌ ဖော်ထုတ်နိုင်ခဲ့ပြီးဖြစ်သည်။ မိစ္ဆာဝေဟင်မျှော်နန်း၏ တပည့်၁၀ယောက်လုံး ဤနေရာတွင် ရှိနေတာမဟုတ်။ တချို့တလေသာရှိသည်။ ၁၀ယောက်လုံးက အထွတ်အထိပ်တည်ရှိမှုလောင်းလျာများဖြစ်သည်။
လုဝူက ဆုံးဖြတ်ချက်ချမှတ်ထားလေ၏။
မဟုတ်ဘူး ... ငါ့အတွက် ငါရှင်းပြရမယ်။ ဒီနေ့ ငါ ရန်စခဲ့မိတဲ့လူတွေထဲ အထွတ်အထိပ်တည်ရှိမှု လောင်းလျာတွေထဲမှာ သေးသိမ်တဲ့သူတစ်ယောက် ရှိခဲ့ရင် နောင်ကျ ငါ အဆုံးသတ်ကောင်းမှာ မဟုတ်ဘူး။
အသံတိုးတိုးဖြင့် ပြောလိုက်၏။
“ကြီးမြတ်သောဆရာသခင်လု ... ကျုပ်ရဲ့တောင်းဆိုချက်က နည်းလွန်းပါတယ်”
...
အခန်း (၁၁၇၈) လုထျန်းထုံ၏ ဒဏ္ဍာရီ
လုဝူက ဆက်တိုက်ပြောနေသည်ကို မြင်ပြီး လုကျိုးက ပြောလိုက်သည်။
“ငါ ဒီမှာရှိနေရင် ဘယ်သူက မင်းကို အမှားလုပ်ရဲမှာလဲ”
လုဝူက မကျေမနပ်ပြောလိုက်၏။
“ဆရာသခင်လုက အရမ်းအားကောင်းတယ်ဆိုတာကို ဝန်ခံပါတယ်။ ဒါပေမဲ့ အထွတ်အထိပ် တည်ရှိမှုတွေနဲ့ ယှဉ်လိုက်မယ်ဆိုရင်တော့ ကွာဟချက်က အရမ်းကို ကြီးမားလွန်းတယ်”
လုကျိုးက သိချင်စွာမေးလိုက်၏။
“ဘယ်လောက်တောင် ကြီးတာလဲ”
လုကျိုးက ဆရာသခင်တစ်ယောက် မဟုတ်သလို အထွတ်အထိပ် တည်ရှိမှုလည်း မဟုတ်ပေ။ သူသိချင်သည်မှာ သဘာဝကျ၏။
“အမည်မသိကုန်းမြေလောက် ကျယ်ပြောတယ်”
“…”
ထိုစကားက အတော်လေး လွန်ကဲရာကျပေသည်။
လုကျိုးက ဆက်မေးလိုက်၏။
“မင်းက အထွတ်အထိပ် တည်ရှိမှုကို မြင်ဖူးလား”
လုဝူက ခေါင်းယမ်းလိုက်၏။
လုကျိုးက လုဝူသည် အထွတ်အထိပ် တည်ရှိမှုကို မမြင်တွေ့ဖူးဘဲ ဤသို့အဘယ်ကြောင့် ပြောရလဲဟု စဉ်းစားနေမိသည်။ သူက သိချင်စွာဖြင့် ထပ်မံ မေးလိုက်သည်။
“မင်းက အထွတ်အထိပ် တည်ရှိမှုကို မမြင်ဖူးဘူးဆိုတော့ သူတို့မတည်ရှိတာရော ဖြစ်မနေနိုင်ဘူးလား”
“သူတို့တည်ရှိတယ်” လုဝူက ခေါင်းမော့ကာ ကောင်းကင်ကို ကြည့်ရင်း ပြောလိုက်သည်။
“ဆရာသခင်တွေကို ထိန်းထားနိုင်ပြီးတော့ မျှခြေကို ထိန်းသိမ်းတဲ့သူတွေပဲ။ သူတို့က ဒီမှာ အမြဲတမ်းရှိတယ်”
“အဲဆိုရင် သူတို့က ဘာလို့ပေါ်ထွက်မလာရတာလဲ” လုကျိုးက မေးလိုက်သည်။
လုဝူက ခေါင်းယမ်းကာ သူ မသိကြောင်းပြလိုက်သည်။
သေးနုပ်သည့်လူသားများက ပင်လယ်ထဲမှ ရေပေါက်အသွင်ဖြစ်ကာ သားရဲဧကရာဇ်များက အနည်းငယ်ကြီးမားသည့် ကျောက်တုံးများသာ ဖြစ်၏။ စကြာဝဠာ၏ လျှို့ဝှက်ဆန်းကြယ်မှုအားလုံးကို ရှာတွေ့ရှိဖို့ ကြိုးစားနေလျှင် အရူးအိမ်မက်သာ ဖြစ်လိမ့်မည်။
လုကျိုးက ထရပ်ကာ ပျံသန်းလာပြီး ပြောလိုက်သည်။
“လုဝူ ငါက လိမ်ရတာမကြိုက်ဘူး။ ငါက မင်း ပြောပြောနေတဲ့ လုထျန်းထုံ မဟုတ်ဘူး”
လုဝူက ဘာမှမပြောပေ။
လိမ်နေလိုက် လိမ်နေလိုက်။ မဟာလေဟာနယ်မျိုးစေ့ ၁၀ခုအကြောင်းတောင် အတည်မပြုရသေးဘူး။ ငါ့ကို ထပ်ပြီး လိမ်ချင်နေပြန်ပြီ။ ထပ်တွေးကြည့်ရင်တော့ ဆရာသခင်က ဒီလိုအခြေအနေမျိုးထိ ကျဆင်းသွားဖို့ဆိုတာ မလွယ်ဘူး။ ပြဿနာ မရှိအောင် သူနဲ့တူတူလိုက်ပြီးတော့ ပြောပေးရမယ်…
လုကျိုးက မေးလိုက်သည်။
“လုထျန်းထုံက အရမ်းအားကောင်းတာလား”
လုဝူက အသံလျော့ကာ ပြောလိုက်သည်။
“ငါ့ကို အနိုင်ယူနိုင်တဲ့ ဆရာသခင်တွေ အများကြီး မရှိဘူး။ လုထျန်းထုံကတော့ အနိုင်ယူနိုင်တဲ့သူထဲက တစ်ယောက်ပဲ။ လုထျန်းထုံက ကောင်းကင်ဘုံရဲ့ သားတော် ဆရာသခင်တစ်ယောက်ပဲ။ ဆရာသခင်ဆိုတာက တာအိုနဲ့ မိုးကောင်းကင်တို့နဲ့ တစ်သားတည်း ဖြစ်နေတဲ့သူ။ ဆရာသခင်တွေက တာအိုကို ကျွမ်းကျင်တဲ့သူတွေပေါ့ ”
လုဝူ၏ အမူအရာက တာအိုအကြောင်း ပြောသည့်အခါ အနည်းငယ် ပျက်ယွင်းသွားခဲ့သည်။ ကြည့်ရသည်မှာ တာအိုက ခက်ထန်သားရဲအားလုံးကို ဖိနှိပ်ထားဟန်ပေါ်သည်။
“တာအိုလား” လုကျိုးက မေးလိုက်သည်။
သိပြီးသား မေးခွန်းတွေကို ဘာလို့ထပ်ထပ်ပြီး မေးနေတာတုံး…
လုဝူက ပြန်မဖြေပေ။
“တကယ်လို့သာသိရင် နတ်သားရဲဖြစ်ပြီးတာ ကြာလှရောပေါ့”
“လုထျန်းထုံနဲ့ တွမ့်မူတျန်းတို့က မင်းကို အနိုင်ယူနိုင်တယ်ဆိုတော့ သူတို့နှစ်ယောက်လုံးက တတိယမြောက် မွေးဖွားစမ်းသပ်ချက်ကို ကျော်ဖြတ်ထားနိုင်တာပေါ့”
လုဝူက ခေါင်းညိတ်လိုက်သည်။
လုကျိုးက ဆက်မေးလိုက်၏။
“တတိယမြောက် ဖွေးဖွားစမ်းသပ်ချက်ဆိုတာက ၁၈ ခုမြောက် မွေးဖွားဇယားချပ်ပဲလေ။ ဆရာသခင်တွေအားလုံးက မွေးဖွားဇယားချပ် ၁၈ခု ထက်ပိုပြီး ရှိရတာပေါ့”
“ဟုတ်တယ် ၁၈ခု ထက်ပိုတဲ့သူတော့ အများကြီး မရှိဘူး” လုဝူက ပြန်ဖြေလိုက်သည်။
“အဲဆိုရင် အထွတ်အထိပ် တည်ရှိမှု ဘယ်လိုဖြစ်လာရမလဲဆိုတာ သိလား”
နောက်ဆုံးတွင် လုဝူအနေဖြင့် လုကျိုးက မေးခွန်းကောင်း မေးလာသည်ဟု ခံစားမိလိုက်သည်။ ဆရာသခင် တစ်ယောက်အနေဖြင့် ရှေ့ဆက် လျှောက်လှမ်းလိုသည်မှာ သဘာဝကျ၏။ ဆရာသခင်မြောက်မြားစွာက အထွတ်အထိပ် တည်ရှိမှုဖြစ်လာဖို့ နည်းလမ်းများစွာကို ရှာဖွေနေကြသည်။
လုဝူက ပြန်ဖြေလိုက်သည်။
“မသိဘူး”
“...”
ဤအဖြေနှင့် ပတ်သက်ပြီး ဘာမှမှားယွင်းနေခြင်းမရှိပေ။ သို့သော်လည်း နတ်သားရဲဖြစ်လာဖို့ ကျင့်ကြံရေးလမ်းစဉ်က အထွတ်အထိပ် တည်ရှိမှု ဖြစ်လာရေးနှင့် ပတ်သက်နေသည်။ သို့သော်လည်း လုဝူက လူသားများသည် သားရဲဧကရာဇ်နှင့် သက်ဆိုင်မှု မရှိကြောင်း တွေးထား၏။
အစပိုင်းတွင် လုဝူက လုထျန်းထုံသည် လွန်ခဲ့သည့်နှစ် ၃၀၀၀၀ခန့်က သူ့ကို အနက်ရောင်ကြာနယ်မြေတွင် ဖိနှိပ်ခံထားရသည့်အကြောင်း ပြောချင်သွားသည်။ သို့သော်လည်း သူ့ရှေ့တွင်ရှိနေသည့်သူက လုထျန်းထုံ ဖြစ်ကြောင်း အမှတ်ရသွားသည့်အခါ ထပ်မံမပြောလိုတော့ပေ။ ဤသည်က သူ့ကိုယ်သူ မွန်းကြပ်အောင် လုပ်နေသည်နှင့် တူနေသည်နှင့် မဟုတ်ပါလော။
လုကျိုးက ခေတ္တမျှတွေးပြီးသည့်နောက်တွင် နည်းဗျူဟာ ပြောင်းလိုက်သည်။
“တွမ့်မူတျန်းက မင်းကို ဘယ်လို အနိုင်ပိုင်းခဲ့တာလဲ”
လုဝူက ထိုမေးခွန်းကြောင့် အနည်းငယ် အံ့အားသင့်သွား၏။ ခေတ္တမျှစဥ်းစားပြီးသည့်နောက်တွင် သူက ပြန်ဖြေလိုက်သည်။
“သူ့ကို အနိုင်ပေးလိုက်တာ”
“...”
စကားစမြည်ပြောပြီးသည့်နောက်တွင် လုကျိုးက တွမ့်မူတျန်းသည် လုထျန်းထုံနှင့် မျိုးဆက်တူ ဖြစ်ကြောင်း သိလိုက်ရသည်။ သူက လုဝူကို အမည်မသိကုန်းမြေတွင် ယဉ်ပါးအောင် လုပ်ခဲ့ပြီး သခင်တစ်ယောက်ဖြစ်လာခြင်း ဖြစ်၏။
ငြိမ်းချမ်းရေးက ကမ္ဘာဆီ ဆင်းသက်လာပြီးတဲ့နောက်မှာ ဆရာသခင်တွေအားလုံးက လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ဆုံးသွားတယ်။ ယနေ့အထိ ဘယ်သူကမှ အဲဒီအကြောင်းအရင်းကို မသိကြဘူး…
ဆရာသခင်အဆင့်အောင် ကျင့်ကြံသူအားလုံးက အချိန်၏ စမ်းသပ်ချက်ကို တောင်မခံနိုင်ဘဲ မျိုးဆက်သစ်က အတိတ်မှ ဆရာသခင်အကြောင်း မသိကြတော့ပဲ လက်ရှိကျင့်ကြံရေး အနေအထားကို ဖြစ်လာစေသည်။ ရှေးဟောင်း စာများက ထိုအချိန်ကို ကျင့်ကြံရေးလောက၏ ဗလာနှစ် ၃၀၀၀၀ ဟု ရည်ညွှန်းကြ၏။
“အခု နှစ်၃၀၀၀၀ ကုန်သွားပြီဆိုတော့ နောက်ထပ် တစ်ကျော့ပြန်လာပြီ။ ဒါပေမဲ့ ဒါက ရှင်းလင်းနေတုန်းပဲ။ မဟာလေဟာနယ်မျိုးစေ့က သော့ချက်ပဲ”
လုဝူက ပြောလိုက်သည်။
“မိုးမြေရဲ့ အနှောင်အဖွဲ့တွေနဲ့ လူသားတွေရဲ့ တစ်ကိုယ်ကောင်းဆန်မှုတွေကြောင့် ကျင့်ကြံဆင့်က ကန့်သတ်ခံထားရတာပဲ”
မိုးမြေ၏ အတားအဆီးများနှင့် ပတ်သက်လာသည့်အခါ ရွှေကြာနယ်မြေတွင် ယခင်က ဖြစ်ပျက်ခဲ့သလိုမျိုး ဖြစ်၏။ ကျင့်ကြံသူများသည် ပွင့်ချပ်၈လွှာ၌ ကန့်သတ်ခံထားရသည်။ အချိန်ကုန်လွန်လာသည်နှင့် ပွင့်ချပ် ၈လွှာ ကျင့်ကြံသူများစွာ ပေါ်ထွက်လာသည်။ လူသားများ၏ တစ်ကိုယ်ကောင်းဆန်မှုကြောင့် အနက်ရောင်မျှော်စင်အဖွဲ့အစည်းက အနီရောင်ကြာနယ်မြေထံ မွေးမြူရေးအစီအစဉ်ကို စတင်ခဲ့ကာ အနီရောင်ကြာနယ်မြေ ကျင့်ကြံသူများအား ပွင့်ချပ်၉လွှာနှင့် ပွင့်ချပ် ၁၀လွှာအဆင့်တွင် ရပ်တန့်စေပြီး ဘုံတစ်ထောင်လေပွေအဆင့်သို့ တက်လှမ်းဖို့ရာ မဖြစ်နိုင်ခဲ့ပေ။
လုကျိုးက ခေါင်းညိတ်လိုက်ပြီး အနည်းငယ် အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
“မင်းက ဒါတွေကို သိတယ်လား”
လုဝူက သူ့ကို စိတ်ရှုပ်ထွေးစွာပြောလိုက်သည်။
“မင်းကပဲ အတိတ်တုန်းက ဒါတွေကို ပြောပြခဲ့တာလေ။ အခုဘယ်လိုထင်တုံး။ ငါမင်းနဲ့တူတူ ဆော့ပေးတာ မဟုတ်ဘူးလား”
“...”
“မင်းဂုဏ်ယူသင့်တယ်။ ငါက ဆရာသခင်တိုင်းနဲ့ လိုက်ပြီး ဆော့ပေးနေတာမဟုတ်ဘူး” လုဝူက ပြောပြီးသည့်နောက်တွက် ထရပ်ကာ ထွက်သွားဖို့ပြင်လိုက်သည်။
တစ်ချိန်တည်းဆိုသလို ကျူးဟုန်ကုန်းက အပြုံးဖြင့်အခန်းတွင်း ဝင်ရောက်လာသည်။
စောစောလေးက ငါ တွန်းလိုက်လို့ လွင့်သွားတဲ့သူ မဟုတ်ဘူးလား။ ဒီအနာဂတ် အထွတ်အထိပ်တည်ရှိမှုကို ငါ့ရဲ့ ဒီနေ့ကိစ္စအကြောင်း မေ့သွားအောင် တောင်းပန်ရမယ်…
လုဝူက ခေါင်းငုံ့ထားပြီး စကားပြောတော့မည့်ဆဲဆဲတွင်
ကျူးဟုန်ကုန်းက ပြေးလာပြီး လုဝူ၏ ရှေ့ခြေ၌ ရောက်ရှိလာသည်။
ဟမ်
ထို့နောက် ကျူးဟုန်ကုန်းက လုဝူ၏ ရှေ့ခြေကို ပုတ်ကာ ပြောလိုက်သည်။
“စောစောလေးက မင်းကို ထိခိုက်မိအောင် မလုပ်မိဘူးမလား”
လုဝူ “...”
သူက တကယ့်ကို သရုပ်ဆောင်ကောင်းပဲ…
“မလုပ်မိပါဘူး”
နောက်ဆုံးတွင် လုဝူက ခြေကိုမြောက်ကာ နောက်ဆုတ်လိုက်သည်။
“အဲဆို တော်သေးတာပေါ့” ကျူးဟုန်ကုန်းက ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက လုကျိုးရှေ့မှောက် ပျံသန်းသွား၏။ သူက လက်နှစ်ဖက်ယှက်ကာ ဒူးထောက်လိုက်ပြီး ပြောလိုက်သည်။
“ရှစ်စွင်းကို ဂါဝရပြုပါတယ်”
လုဝူ “...”
လုကျိုးက ကျူးဟုန်ကုန်း၏ ပြောဆိုပုံများကို နေသားကျသွားပြီ ဖြစ်၏။
“မင်းက ဘယ်လို ဒီရောက်နေတာတုန်း”
ကျူးဟုန်ကုန်းက ပြုံးကာပြောလိုက်သည်။
“ရှစ်စွင်း ကျွန်တော်တို့မတွေ့တာ ရက်ပိုင်းလေး ရှိသေးတယ်ဆိုပေမဲ့ ၃နှစ်လောက်ကြာသလို ခံစားရတယ်။ ရှစ်စွင်းက အရင်ကထက်ပိုပြီး ကြီးကျယ်မြင့်မြတ်ပြီးတော့…”
“ကွေ့ပတ်ပြောမနေနဲ့”
“ကျွန်တော် မိစ္ဆာဝေဟင်မျှော်နန်းမှာ နေချင်လို့ပါ”
“အဲဆိုနေလေ” လုကျိုးက ပြောလိုက်သည်။
ကျူးဟုန်ကုန်းက လုကျိုး၏ စကားကြောင့် ပျော်ရွှင်သွားမိသည်။
သူက မေးလိုက်သည်။
“အဲဆိုရင် အာ့ရှစ်ရှိုးကို ဘယ်လိုရှင်းပြရမလဲ”
“ရှင်းပြစရာ လိုသေးလို့လား…” လုကျိုးက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ဝါစဉ်ကို အလေးထားတာ အရေးကြီးတယ်။ ငါ မရှိတုန်းမှာ မင်း ရှစ်ရှိုးတို့ရဲ့ စကားကို နားထောင်ရမယ်လေ”
“...”
ကျူးဟုန်ကုန်းက တိတ်ဆိတ်သွား၏။ စောစောလေးက သိရပါက မေးခဲ့မည် မဟုတ်ပေ။
“ကောင်းပြီ။ မင်း ထွက်သွားတော့” လုကျိုးက ပြောလိုက်၏။
“ဟုတ်ကဲ့” ကျူးဟုန်ကုန်းက လှည့်ကာထွက်သွားတော့သည်။
ထို့နောက် သူက လုဝူကို ကြည့်ကာ မေးလိုက်သည်။
“နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်။ ငါတို့ မြောက်ပိုင်းဓားချောက်နက်မှာရှိတုန်းက တွမ့်မူရှန်းအကြောင်း ဘယ်လိုသိတာလဲ”
လုကျိုးက ဂုဏ်ယူစွာ ပြောလိုက်သည်။
“လူသားတွေက ငါနဲ့ ပူးပေါင်းဖို့ မထိုက်တန်ဘူး။ အနက်ရောင်ဧကရာဇ်က ငါ့ကိုရှာဖို့ ၃နှစ် အချိန်ယူခဲ့ရပြီးတော့ မြောက်ပိုင်းဓားချောက်နက်မှာ ရှေးဟောင်းအစီအရင်တစ်ခုကို ဖွင့်လှစ်ခဲ့တယ်။ အဲဒီအချိန်တုန်းက သခင်လေးရဲ့ တည်ရှိမှုကို ခံစားခဲ့မိတော့ လိုက်လာခဲ့တာ”
သူက ခေတ္တမျှရပ်တန့်ပြီးသည့်နောက်တွင် ထပ်ပြောလိုက်၏။
“မဟာလေဟာနယ် မျိုးစေ့ကို မခံစားမိတာတော့ ထူးဆန်းတယ်”
“အဲဒါက ဖုံးကွယ်ရေးနည်းစနစ်ကြောင့်ပဲ” လုကျိုးက ပြန်ပြောလိုက်၏။
မည်သို့ပင်ဆိုစေကာမူ လုဝူက လုကျိုးကို ထပ်မံ သတိပေးလိုက်သည်။ တိုက်စားရေးစွမ်းအင်က တွမ့်မူရှန်း၏ မဟာလေဟာနယ်မျိုးစေ့အကြောင်း ထုတ်ဖော်သွားခဲ့သည်။ မတော်တဆဖြစ်ရပ်ဟု ဆိုရမည်ထက် ဖုံးကွယ်ရေးနည်းစနစ်က သိပ်မကောင်းကြောင်း ပြောရမည်။
...
အခန်း (၁၁၇၉) သူခိုးကြီးရဲ့နည်းလမ်းက ကောင်းကင်ကို ဖီဆန်
သားရဲဧကရာဇ်လုဝူက စိတ်ထားရိုးရှင်းပြီး ကလေးဆန်သော်ငြား အနက်ရောင်ဧကရာဇ်ကို အကွက်ချနိုင်ခဲ့ခြင်းက မထင်မှတ်ထားသည့်အရာဖြစ်သည်။
အနက်ရောင်ဧကရာဇ်က တုံးအသောကြောင့် မဟုတ်ပေ။ လူသားများနှင့် ကြမ်းတမ်းခက်ထန်သားရဲများ၏ တွေးခေါ်ပုံက လုံးဝမတူညီသောကြောင့်ဖြစ်သည်။ လူသားများသည် မလှုပ်ရှားခင် အရှုံးအနိုင်၊ အမြတ်အစွန်းကို ချိန်ဆကြ၏။ တိုင်းပြည်တစ်ပြည်၏ အုပ်စိုးသူဖြစ်သည့် အနက်ရောင်ဧကရာဇ်က ထိုသို့ မပြုလုပ်ခင် ချိန်ဆလိမ့်မည်။ သို့သော် လုဝူကမူ များများစားစား မစဉ်းစားပေ။ သူ၏ပန်းတိုင်က ရိုးရှင်းပြီး ရှင်းလင်းသည်။ တွမ့်မူရှန်း ... လူသားနှင့် ကြမ်းတမ်းခက်ထန်သားရဲများ၏အသက်ကမူ ကိစ္စမရှိပေ။
စစ်ပွဲပြီးဆုံးပြီးနောက် လုကျိုးသည် နောက်ဆက်တွဲကို အာရုံမစိုက်ခဲ့ပေ။ သို့သော် ၎င်းက လူသားများကို ထိခိုက်စေကြောင်း သူ မှန်းဆနိုင်၏။
“ငါ့အလှည့်ရောက်ပြီ” လုဝူသည် လုကျိုး၏ခန္ဓာကိုယ်မှ ကြွယ်ဝသောအသက်စွမ်းအင်ကို အာရုံခံမိပြီးနောက် သူ့ကိုသံသယဖြင့်ကြည့်ကာ ပြောလိုက်သည်။ ပြီးနောက် မေးလိုက်လေ၏။
“ကုန်လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀၀ကို ဘယ်လိုကုန်ဆုံးခဲ့လဲ”
လုကျိုးက ရှင်းပြရမှာ ပျင်းရိလွန်းနေ၏။ သူသည် စိတ်တွက် တွက်ထား၏။ မွေးဖွားစမ်းသပ်ချက်နှစ်ခုကို ဖြတ်ကျော်ပြီးနောက် မွေးဖွားဇယားချပ်တစ်ခုဆီသည် တတိယမြောက် မွေးဖွားစမ်းသပ်မှု မရောက်ခင်အထိ မိမိ၏သက်တမ်းကို နှစ်ပေါင်း ၃၀၀၀ တိုးစေလိမ့်မည်။ စုစုပေါင်း သက်တမ်း ၂၉၆၀၀ ရှိသည်။ ယင်းက အကြမ်းဖျင်း တွက်ချက်မှုသာဖြစ်သည်။ တချို့ဆို နှစ်အနည်းငယ် ပိုနိုင်ပြီး တချို့က နှစ်အနည်းငယ် လျော့လိမ့်မည်။ မည်သို့ပင်ဆိုစေ ကွာဟချက်က မကြီးမားပေ။ ယခုနှစ်ပေါင်း ၃၃၀၀၀ လွန်ခဲ့ပြီဖြစ်သည်။ လုထျန်းထုံက အဆင့်တက်လျှင်တက်၊ သေလျှင်သေ မဟုတ်လျှင် မဟာလေဟာနယ်မှလူများဖမ်းတာ ခံရလောက်သည်။
“ကြည့်ရတာ ခင်ဗျား ပိုသန်မာလာပုံပဲ” လုဝူက ပြောလိုက်သည်။
“...”
“ဒါပေမဲ့ အမည်မသိကုန်းမြေမှာ ခင်ဗျားရဲ့ခွန်အားက အားနည်းတယ်” လုဝူသည် ရေအိုင်နှလုံးသားကျွန်းပေါ်၌ လုကျိုး၌ တိုက်ခိုက်ချိန်ကို ပြန်တွေးလိုက်၏။ ယင်းက ကြီးမြတ်သော ဆရာသခင်တစ်ဦး၏ခွန်အားမဟုတ်ပေ။ မကောင်းဆိုးဝါးအမဲလိုက်အဖွဲ့ကို ဖြေရှင်းခဲ့စဉ်က လုကျိုးပြသခဲ့သည့်ခွန်အားကမှ ဆရာသခင်တစ်ဦး၏ ခွန်အားနှင့်တူ၏။
လုကျိုးက အကြောင်းအရာပြောင်းကာ ဇဝေဇဝါဖြင့်မေးလိုက်၏။
“တာအိုဆိုတာဘာလဲ”
လုဝူက အနည်းငယ်စိတ်ပျက်သွားတော့သည်။ သူက လိုက်ပါဆော့မကစားချင်တော့သောကြောင့် ပြောလိုက်၏။
“ခင်ဗျားက ကျုပ်ထက်ပိုသိသင့်ပါတယ်”
“...”
လုကျိုးက လုဝူထက်တောင် ပိုစိတ်ပျက်နေမိသည်။ သို့သော် မျက်နှာ၌မပြ။
သူ တကယ်စိတ်ရှုပ်ထွေးနေမိ၏။ နှစ်ပေါင်း ၃၀၀၀၀စာ လှစ်ဟာနေမှုဖြင့် အထွတ်အထိပ် တည်ရှိမှုများသည် ကျင့်စဉ်များ၊ အသိအမြင်များ နောက်ပိုင်းမျိုးဆက်အတွက် အထောက်အကူဖြစ်နိုင်သည့်အရာများ ချန်ထားခဲ့သင့်သည်။ သို့သော်ငြား အမှန်တရားက အနည်းစုသာလျှင် အမျိုးမျိုးသောနယ်မြေများရှိ ရှေးမှတ်တမ်းများတွင် မှတ်တမ်းတင်ထားသည်။ ကြမ်းတမ်းခက်ထန်သားရဲများ၏ဇယားနှင့် အညွှန်းတချို့သာရှိ၏။
ရွှေကြာနယ်မြေထဲတွင် ဆန်းကြယ်နယ်ပယ်က ဒဏ္ဍာရီအဖြစ်သာ မှတ်တမ်းတင်ခံရသည်။ ရေတွင်းအောက်မှ ဖားသူငယ်ကရေတွင်းကို စွန့်ခွာသွားသောအခါ ၎င်းရှာတွေ့ခဲ့သည့်လောကကြီးသည် ကမ္ဘာလောကကြီး၏ ထောင့်တစ်နေရာဖြစ်နေသေးကြောင်း ရှာဖွေတွေ့ရှိသွား၏။
လုကျိုးက မေးခွန်းဆက်မေးဖို့ မရည်ရွယ်ထားပေ။ သားရဲဧကရာဇ်သည် ကြမ်းတမ်းခက်ထန်သားရဲတစ်ကောင်သာ ဖြစ်နေသေးသည်။ ၎င်းနှင့်ဆက်သွယ်ဖို့က ခက်ခဲလွန်းသည်။ သူနှင့်စကားပြောချင်သည့် ကြီးမြတ်သောဆရာသခင်တစ်ပါးရှိလျှင် သူက အဖြေတချို့ရလောက်သည်။
လုကျိုးသည် လုထျန်းထုံနှင့် လုချန်းရှန်းအကြောင်းတွေးမိလိုက်၏။ လုမျိုးနွယ်၌ ကျန်ရစ်ခဲ့သည့် သဲလွန်စတချို့ရှိနေမည်လော။ ထိုအတွေးဖြင့် သူသည် လုမျိုးနွယ်သို့သွားဖို့ ဆုံးဖြတ်လိုက်၏။
အနား၌ မည်သူမှ မရှိတာကို မြင်သောအခါ လုဝူက ခေါင်းငုံ့လျက် တိုးတိုးတိတ်တိတ် မေးလိုက်တော့သည်။
“ကြီးမြတ်သောဆရာသခင်လု တခြားမဟာလေဟာနယ်မျိုးစေ့တွေကို ဘယ်မှာဝှက်ထားလဲ”
“အဖြေသိပြီးသား မေးခွန်းကို ဘာကြောင့်မေးရတာလဲ” လုကျိုးက ပြန်ပြောလိုက်သည်။
“ကျုပ်ကို မပြောပြနိုင်ဘူးလား” လုဝူက မေးလိုက်၏။
လုကျိုးက ပြောလိုက်၏။ “မလုံလောက်သေးဘူးလား ... လုဝူ။ ငါ လိမ်နေတာလို့ထင်ရင် မင်းအခု ထွက်သွားလို့ရပြီ။ ငါ ခြွင်းချက်တစ်ခု လုပ်ပေးမယ်။ ဘာနောက်ဆက်တွဲမှ မရှိဘဲ မင်းကို ထွက်သွားခွင့်ပေးမယ်”
“...”
ငါ လွန်လွန်းသွားပြီနဲ့ တူတယ် ...
လုဝူက ခေါင်းခါလိုက်၏။
“ကျုပ်က သိချင်ရုံပါ။ ကျုပ် ကျုပ်ရဲ့စကားကို ပြန်ရုတ်သိမ်းမှာမဟုတ်ဘူး”
ယခုအချိန်တွင် လုဝူက ကျောင်းယွဲ့၊ ယဲ့ထျန်းရှင်း၊ တွမ့်မူရှန်း၊ ကျူးဟုန်ကုန်း၊ ရှောင်ယွမ်အာနှင့် ခရုလေးကို တွေ့ပြီးပြီဖြစ်သည်။ သူသည် ကျန်သည့်တပည့်လေးယောက်ကို မတွေ့ရသေးပေ။ တပည့်ခြောက်ယောက်ထဲ၌ သုံးယောက်က မဟာလေဟာနယ်မျိုးစေ့ ပိုင်ဆိုင်ကြောင်း အတည်ပြုပြီးပြီ ဖြစ်သည်။
မဟာလေဟာနယ်မျိုးစေ့တစ်ခုက ကောင်းကင်ကို ဖီဆန်နိုင်ပြီး ကံကြမ္မာကိုပြောင်းလဲနိုင်၏။ မဟာလေဟာနယ်မျိုးစေ့သုံးခုက လုံလောက်ပြီဖြစ်၏။ ကျန်သည့်အရာများက အတုဖြစ်နေလျှင်တောင် မဟာလေဟာနယ်မျိုးစေ့သုံးခုက မိစ္ဆာဝေဟင်မျှော်နန်း၏ အနာဂတ်ကို အာမခံနိုင်ပြီဖြစ်သည်။
မဟာလေဟာနယ်မျိုးစေ့၁၀ခုကို ရဖို့ ဒီသူခိုးကြီးရဲ့နည်းလမ်းတွေက တကယ့်ကိုကောင်းကင်ကို ဖီဆန်နေတာပဲ ဖြစ်ရမယ်။ နောင်ကျ တွမ့်မူထျန်းကိုရှာဖို့ မိစ္ဆာဝေဟင်မျှော်နန်းကို အားကိုးရမယ်နဲ့ တူတယ်။
လုဝူက ထပ်မေးလိုက်၏။
“ဒါဆို အဲဒါတွေကို ဘယ်လိုရလာလဲပြောပြနိုင်မလား”
ဆိုရလျှင် လူများစွာက ထိုရတနာများအတွက် တိုက်ခိုက်ကြ၏။
“မဟာလေဟာနယ်စူးစမ်းရှာဖွေရေး” လုကျိုးက ဆင်ခြေတစ်ခုပေးလိုက်သည်။
လုဝူက ခေါင်းညိတ်လိုက်သည်။
“အဓိပ္ပာယ်ရှိသားပဲ”
“...”
ဒီသားရဲ ... သူက အမှန်တရားကိုကျ မယုံဘဲ ခေါင်းမာနေခဲ့တယ်။ အခုကျ အလိမ်အညာကို တကယ်ယုံနေတယ်။ သူ့ကို မိစ္ဆာဝေဟင်မျှော်နန်းထဲ ဖိတ်မိတာ မှားပြီထင်ပါရဲ့။ ပြန်လှည့်ဖို့ အချိန်ရှိသေးလား။
လုဝူက သက်ပြင်းချလိုက်၏။
“ခင်ဗျား တကယ်ကံကောင်းတာပဲ။ ဒီလောက်များတဲ့ မဟာလေဟာနယ်စူးစမ်းရှာဖွေရေးတွေ ရှိတာ။ ဒါပေမဲ့ ခင်ဗျားသွားတဲ့အခေါက်ကျမှ မဟာလေဟာနယ်မျိုးစေ့က ရင့်မှည့်တယ်”
လုကျိုးက ဘာမှမပြောခဲ့ပေ။
ကျိထျန်းတောက်သည် ထိုစဉ်က ပွင့်ချပ်ခြောက်လွှာတောင် မရှိခဲ့ပေ။ တစ်ခုရဖို့မဆိုထားနှင့် မဟာလေဟာနယ်မျိုးစေ့၁၀ခုလုံး ရှိနေ၏။ ထိုမျှများပြားသည့် ဘုံတစ်ထောင်လေပွေကျင့်ကြံသူများစွာ ရှာဖွေနေသောကြောင့် သူ့ဆီ၌ လှည့်ကွက်တချို့ရှိနေမှာကြိမ်းသေသည်။
“ကြမ်းတမ်းခက်ထန်သားရဲတွေက မဟာလေဟာနယ်မျိုးစေ့ကို လိုချင်လား” လုကျိုး မေးလိုက်၏။
လုဝူက လုကျိုးကို အရူးတစ်ယောက်ပမာကြည့်ပြီး ခေါင်းညိတ်လိုက်၏။
“လူသားတွေက ကောင်းကင်ကို ဖီဆန်ပြီး သူတို့ရဲ့ကံကြမ္မာကို ပြောင်းလဲချင်တယ်။ ကြမ်းတမ်းခက်ထန်သားရဲတွေက သူတို့ကို ဘာလို့လိုချင်လဲ” လုဝူက ပြောလိုက်၏။
“ကြမ်းတမ်းခက်ထန်သားရဲတွေလည်း တူတူပဲ”
“ကြမ်းတမ်းခက်ထန်သားရဲတွေကို မိုးနဲ့မြေ အတားအဆီးတွေနဲ့ ချုပ်နှောင်ထားတာလား” လုကျိုးက စဉ်းစားဆင်ခြင်လျက် မေးလိုက်သည်။
“မိုးနဲ့မြေကြား အတားအဆီးကနေ ဘယ်သူမှမလွတ်မြောက်နိုင်ဘူး”
“...”
လုကျိုးက ကိစ္စရပ်များကို တူးဆွလေလေ အမှန်တရားနှင့် ပိုနီးစပ်လာလေလေဖြစ်ကာ သူ ပိုပြီး တုံးအနေသလို ခံစားရလေဖြစ်သည်။
သိမြင်မှုသည် အချင်းငယ်ဖြင့် စက်ဝိုင်းတစ်ခုပမာ အချင်းက ဆက်လက်ပြန့်ကားနေသောကြောင့် စက်ဝိုင်းက အသစ်များစွာနှင့် အမည်မသိများစွာကို ထိတွေ့လာရသည်။
သူသည် ရွှေကြာနယ်မြေတစ်ခုတည်းကိုသာ မိုးနဲ့မြေအတားအဆီးက ချုပ်နှောင်ထားသည်ဟု ထင်ခဲ့၏။ ထို့ကြောင့် သူသည် ကောင်းကင်အလွန်လောကကို ရှာဖွေခဲ့သည်။ ဖြစ်ချင်တော့ ထိုထက်ပိုနေသေး၏။ အနက်ရောင်ကြာနယ်မြေနှင့် အဖြူရောင်ကြာနယ်မြေကလည်း နေရာတိုင်း၌ အတားအဆီးရှိကြောင်း သက်သေပြခဲ့ဖူးသည်။
“အဆုံးမဲ့သမုဒ္ဒရာကို ရောက်ခဲ့ဖူးလား” လုကျိုးက မေးလိုက်သည်။
လုဝူက ခဏတဖြုတ် စဉ်းစားပြီးတော့ပြောလိုက်၏။
“အရင်တုန်းက ကြီးမြတ်သောဆရာသခင်တွမ့်မူနဲ့ အဲ့ဒီနေရာကို သွားဖူးတယ်။ ဒါပေမဲ့ ပျံသန်းတာက ကျုပ်ရဲ့ကျွမ်းကျင်မှု မဟုတ်တာကြောင့် ဝေးဝေးလံလံမသွားခဲ့ဘူး”
“ခွန်းကို တွေ့ခဲ့လား”
လုဝူက မျက်လုံးပြူးကျယ်သွား၏။ “အဲဒီငါးကြီးလား”
လုကျိုးက ခေါင်းညိတ်ပြီးနောက် အသေးစိတ်ကြည့်ရှုစစ်ဆေးလိုက်၏။
“အဲ့ဒါကို ရန်စမနဲ့” သူက ခေါင်းမော့ပြီးနောက် ကောင်းကင်ကိုကြည့်ကာ ပြောလိုက်သည်။
“မနက်ဖြန်ကျ ကျုပ် သခင်လေးကို ခေါ်သွားမယ်”
ဝှစ်
ထိုစဉ် ရွှေနန်းဥယျာဉ်တောင်၏ ဆင်ခြေလျှောမှ တစ်စုံတစ်ခုပျံထွက်လာ၏။
လုဝူ၏နားက လှုပ်သွားပြီး ပတ်ဝန်းကျင်ကို လှည့်ကြည့်ကာ တအံ့တဩပြောလိုက်သည်။ “ပိအန်းလား”
လုကျိုး၏စီးတော်သားရဲများထဲမှ တစ်ကောင်ဖြစ်သည့် ပိအန်းက တောအုပ်ထဲမှ ပျံသန်းလာကာ တောအုပ်အစပ်၌ အနားယူလိုက်သည်။
“အဲဒါ ပိအန်းပဲ။ သူ အားနည်းနေတုန်း စားလိုက်မယ်” လုဝူက အလွန်တက်ကြွလာပြီး ပိအန်း ဤနေရာတွင် ရှိနေသည့်အကြောင်းအရင်းကို မစဉ်းစားတော့ပေ။
“ဒါက ငါ့ရဲ့စီးတော်သားရဲ”
လုဝူ “...”
“ငါ့မှာ ဒီလိုစီးတော်သားရဲတွေ အများကြီးရှိတယ်” လုကျိုးက ဖာသိဖာသာပြောပြီးနောက် ခေါ်ထုတ်လိုက်၏။
“နတ်ခြင်္သေ့”
မကြာမီ၌ နတ်ခြင်္သေ့သည် တိမ်စိုင်တိမ်တိုက်များကြားပေါ်လာပြီး မိစ္ဆာဝေဟင်မျှော်နန်းကို လှည့်ပတ်နေသည်။
လုဝူက နတ်ခြင်္သေ့ကို မြင်သောအခါ နောက်တစ်လှမ်းဆုတ်လိုက်၏။ “...”
ဒီသူခိုးကြီးက ဝှက်ထားတာတွေ ရှိနေသေးတယ် ... ဘာပဲဖြစ်ဖြစ် ငါ မိစ္ဆာဝေဟင်မျှော်နန်းကနေ မထွက်သေးဘူး။
တောင်ပိုင်းမျှော်နန်းတွင်ဖြစ်သည်။
တွမ့်မူရှန်းက နိုးနေတာအတော်ကြာနေပြီဖြစ်သည်။
သူ အိမ်မက်မက်နေသလိုခံစားရပြီး ရင်းနှီးနေသောအခန်းနှင့်အပြင်ဖက်ရှိ ရှုခင်းကို ကြည့်လိုက်၏။ သို့သော်ငြား သူက စိတ်ခံစားချက်များသည့်သူမဟုတ်ပေ။ ထို့ကြောင့် သူ၏အတွေးကို စုစည်းပြီး ပုံမှန်ပြန်ဖြစ်သွားသည်။
ထိုစဉ် ကျူးဟုန်ကုန်းက ပြုံးလျက် အထဲသို့ဝင်လာသည်။ "စန်းရှစ်ရှိုး အဆင်ပြေလား”
“ငါ အဆင်ပြေတယ်” တွမ့်မူရှန်းက သူ့ကိုယ်သူဆွဲဆိတ်ပြီးနောက် သူ၏ လက်ကောက်ဝတ်ပေါ်ရှိ ခရမ်းရောင်နဂါးများကိုကြည့်ပြီး မယုံနိုင်ဖြစ်နေသည်။ ၎င်းတို့ကို ခဏတဖြုတ် ကြည့်ပြီးနောက် အတွေးတို့ကို စုစည်းကာမေးလိုက်သည်။
“ပါ့ရှစ်တိ ... ဒါမတိုင်ခင် မင်း ဘယ်ရောက်နေတာလဲ။ ဘာဖြစ်ခဲ့လဲ”
“ကျွန်တော် အဝါရောင်ကြာနယ်မြေကို သွားခဲ့တာ။ ဘာမှမဖြစ်ခဲ့ဘူး” ကျူးဟုန်ကုန်းက ပြောလိုက်၏။ သူ သင်ခန်းစာရသွားပြီဖြစ်သည်။ သူ သိုသိုသိပ်သိပ်နေရပေမည်။
“မင်း အန္တရာယ်နဲ့ကြုံခဲ့လား” တွမ့်မူရှန်းက မေးလိုက်၏။
“အန္တရာယ်တွေ့ရုံတင်မကဘူး ကျွန်တော် အတော်တိုးတက်လာတယ်” ကျူးဟုန်ကုန်းက ပြုံးလျက်ပြောလိုက်၏။ “ကြည့်”
ပြီးနောက် ကျူးဟုန်ကုန်းက လက်မြှောက်ကာ သူ့လက်ဖဝါးပေါ်၌ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့တည်လိုက်သည်။ ရောင်ခြည်စက်ဝန်းနား၌ ပွင့်ချပ် ၁၁ခုက တောက်ပနေတော့သည်။
“ပွင့်ချပ် ၁၁ခုလား” တွမ့်မူရှန်းက ပြောလိုက်သည်။
“ဂုဏ်ပြုပါတယ် ပါ့ရှစ်တိ”
“အာ့ရှစ်ရှိုးကပြောတယ်။ ကျွန်တော် ကြိုးစားရင် စိတ်ဝိညာဉ်သဏ္ဌာန်က ကြီးလာနိုင်တယ်တဲ့။ အမြင့်က မွေးဖွားဇယားချပ် ၄ခု ဒါမှမဟုတ် ၆ခုရှိတဲ့ ဘုံတစ်ထောင်လေပွေကျင့်ကြံသူတစ်ယောက်ရဲ့ ကျင့်ကြံဆင့်နဲ့ ညီမျှတယ်တဲ့” ကျူးဟုန်ကုန်းက ပျော်ရွှင်စွာပြောလိုက်သည်။