← Chapters

အခန်း (၁၁၈၆-၁၁၈၈)

Vol. 80 Ch. 1186-1188

အခန်း (၁၁၈၆-၁၁၈၈)

Vol. 80 Ch. 1186-1188

အခန်း (၁၁၈၆) တာအို၏ စွမ်းအား

လုကျိုး “...”

တကယ်တော့ လုကျိုးက မိစ္ဆာဝေဟင်မျှော်နန်း၏ မျှော်နန်းသခင်ဟူသော ဇာစ်မြစ်ကို ထုတ်ဖော်လိုက်ရသည့် ရည်ရွယ်ချက်နှစ်ခု ရှိလေသည်။ ပထမတစ်ခုကသူသည် လုထျန်းထုံနှင့် မမှားလိုပေ။ အကယ်၍ စကားသာ ပျံ့နှံ့သွားပါက အစိမ်းရောင်ကြာ ကျင့်ကြံသူများ သို့မဟုတ် မျှခြေ ထိန်းညှိသူများ၏ အာရုံကို ဆွဲဆောင်နိုင်လိမ့်မည်။ သူက လုထျန်းထုံ ပျောက်ဆုံးသွားရသည့် အကြောင်းအရင်းကို ယခုထိတိုင် မသိ‌ရသေးပေ။ ‌ဒုတိယအနေဖြင့် အခြေအနေက သိုသိုသိပ်သိပ် နေလို့မရလောက်သည့် အနေအထားတစ်ခုသို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် တန်ပြန်ရင်ဆိုင်ခြင်းက ပို၍ ကောင်းပေသည်။

အောက်တွင် ရုတ်ရုတ်သဲသဲက မငြိမ်သက်သေးသော်လည်း လုကျိုးက ထိုလူများကို ဂရုမစိုက်‌တော့ပေ။ ထို့ကြောင့် သူက ပြောလိုက်၏။

“ဒီနည်းလမ်းက အန္တာရာယ်များတယ်။ မြန်မြန်ထွက်သွားကြ”

အားလုံးက အလျင်အမြန် ထရပ်လိုက်ကြသည်။

“လုချန်းပေ့ရဲ့ တည်ရှိမှုနဲ့ဆိုရင် ကျုပ်တို့တွေ စိတ်အေးရပါတယ်”

“လုချန်းပေ့ လိုအပ်တာရှိရင် ပြောဖို့ တုံ့ဆိုင်းမနေပါနဲ့။ ကျုပ်တို့တွေ အခု ထွက်သွားမယ်ဆိုပေမဲ့ အဝေးကြီးတော့ မသွားပါဘူး”

ကျင့်ကြံသူများက ထပ်မံ ဦးညွှတ်လိုက်ကြပြီး အဝေးတစ်နေရာဆီ ပြေးထွက်သွားကြသည်။ ထိုသူများထဲတွင် ဘုံတစ်ထောင်လေပွေကျင့်ကြံသူ လူလတ်အရွယ်အမျိုသားလည်း အပါအဝင် ဖြစ်၏။

အားလုံး ထွက်ခွာသွားသည့်အခါ လုချင်းရှန်က စိတ်ထဲမှ စိတ်လှုပ်ရှားမှုကို ဖိနှိပ်ရင်း လုကျိုးဆီ ပျံသန်းလာလိုက်သည်။ ထို့နောက် သူက ရိုရိုကျိုးကျိုးဖြင့် နှုတ်ဆက်လိုက်၏။

“ဆရာသခင်လုကို ဂါဝရပြုပါတယ်”

“ဟမ်”

လုချင်းရှန်က ခေါင်းမော့လိုက်သည့်အချိန် သူ့မျက်ဝန်းက ဖုံးကွယ်လို့ မရသည့် စိတ်လှုပ်ရှားမှုဖြင့် တောက်ပနေလေ၏။ သူက ပြောလိုက်သည်။

“ဆရာသခင်လုကပဲ မြွေလိမ်မြွေကောက် ကိုးသွယ်အစီအရင်နဲ့ မြွေလိမ်မြွေကောက် ကိုးသွယ် ပုံရိပ်ယောင်အစီအရင်ကို ချိုးဖောက်နိုင်မှာပါ”

“...”

တကယ်တော့ လုကျိုးသည်လည်း ထိုအရာကို ထူးဆန်းသည်ဟု ထင်မိသည်။ သူက တိုင်လုံးကို ထိတွေ့လိုက်သည့်အခါ သူ့စွမ်းအင်ဗဟိုချက်ရှိ ချီပင်လယ်ထဲမှ အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်သည် ပြောင်းလဲသွားဟန်ပေါ်၏။ ထို့အပြင် ကျောက်တိုင်လုံးက သူ့သခင်၏ ပြန်ရောက်ရှိလာမှုကို စောင့်ဆိုင်း‌နေသလိုမျိုး၊ ပစ်မှတ် ရွေးချယ်လိုက်သလိုမျိုး ဖြစ်နေသည်။

အဆုံးသတ်တွင် လုကျိုးက ပြောလိုက်သည်။

“အရင် အောက်ဆင်းရအောင်”

“ဟုတ်ကဲ့”

နှစ်ဦးသားက တောင်စွန်းမှ ဆင်းသက်လာသည်။

ယခုအခိုက်အတန့်တွင် လေထုထဲ သင်္ကေတများစွာ လွင့်မျောနေ၏။

လုကျိုးက ထိုသင်္ကေတများကို ကြည့်ကြည့်လိုက်သည်။

ကောင်းကင်ကျမ်းလား…

ထိုစဉ် ထိုအရာက ကျောက်တိုင်လုံးပေါ်ရှိ သင်္ကေတများနှင့် ပုံစံများသည် ကောင်းကင်ကျမ်းတွင် ရှိသည့်အရာနှင့် ဆင်တူကြောင်း သတိထားမိသွား၏။

“...”

လုကျိုးက မျက်နှာသေဖြင့်ဆက်လက်ဆင်းလာသည်။ အဖြစ်အပျက်ကို နားမလည်သည့် လုချင်းရှန်က လုကျိုးနောက်မှ နာနာခံခံ လိုက်ပါလာ၏။

တောင်စွန်းအောက်ခြေက အေးစက်လေပြေတောင်ကြားနှင့် တူညီနေသည်။

“မြွေလိမ်မြွေကောက် ပုံရိပ်ယောင်အစီအရင်က အောက်မှာရှိနေတဲ့ ပတ်ဝန်းကျင်ကို ရောင်ပြန်ဟပ်ထားတာပဲ။ တကယ့်ကို ပြောင်မြောက်တဲ့ အစီအရင်ပဲ။ ဒါကိုဖန်တီးထားတဲ့သူကတော့ တကယ်ကို ပြိုင်ဘက်ကင်း ပါရမီရှင်ပဲ”

“...” လုချင်းရှန်က ထိုစကားများကို ကြားသည့်အခါ သူ့နှုတ်ခမ်းထောင့်တို့က တွန့်ချိုးသွားသည်။

“ဘာဖြစ်နေတာလဲ”

“ဘာမှမဟုတ်ပါဘူး။ အရှင့်ရဲ့ နိမ့်ကျတဲ့ အစေခံက ဒီအစီအရင်ရဲ့ လက်ရာပြောင်မြောက်မှုကြောင့် အံ့အားသင့်သွားလို့ပါ”

“နိမ့်ကျတဲ့ အစေခံတဲ့လား” လုကျိုးက မျက်မှောင်ကြုတ်လိုက်သည်။

“ကျုပ်တို့ဘိုးဘေးတွေရဲ့ အမိန့်အောက်မှာ လုမျိုးနွယ်က ဆရာသခင်လုကို မျိုးဆက်မျိုးစွာတိုင် တာဝန်ထမ်းဆောင်ခဲ့တာပါ။ အခု ဆရာသခင် ပြန်ရောက်လာပြီဆိုတော့ ကျွန်တော်က အရှင့်နောက်ကို လိုက်ပါမယ်။ အရှင့်ရဲ့ အစေခံ ဖြစ်ချင်ပါတယ်။ လုမျိုးနွယ်ရဲ့ မျိုးရိုးနာမည်က လု မဟုတ်ပါဘူး။ အခုကစပြီးတော့ ကျွန်တော်တို့ရဲ့ နဂိုနာမည်ဖြစ်တဲ့ သုံ့ရီကို ပြောင်းလိုက်ပါမယ်”

“မင်းရဲ့ မျိုးရိုးနာမည်က သုံ့ရီလား” လုကျိုးက မေးလိုက်သည်။ လုချင်းရှန်က ခေါင်းညိတ်လိုက်၏။

လုကျိုးက ခေါင်းယမ်းကာ ပြောလိုက်၏။

“အဲလိုလုပ်ဖို့ မလိုဘူး။ ဆရာသခင်လု ကိစ္စကို ဘေးဖယ်ထားရအောင်။ ငါက တခြားသူတွေကို မျိုးရိုးနာမည် ပြောင်းခိုင်းတဲ့ အကျင့် မရှိဘူး”

လုချင်းရှန်က သူ့မျိုးရိုးကို အသားကျနေပြီဖြစ်သည့် မငြင်းဆန်တော့ပေ။

“ဆရာသခင်လုကို ကျေးဇူးတင်ပါတယ်”

“ဟမ်”

“ကျေးဇူးတင်ပါတယ်လို့ ပြောတာပါ” လုချင်းရှန်က ကျောမတ်မတ်ရပ်လိုက်သည်။ လုကျိုးက ဝန်ခံသည်ဖြစ်စေ ဝန်မခံသည်ဖြစ်စေ သူ့စိတ်ထဲ၌ အမှန်တရားကို သိထားလေ၏။

လုကျိုးက တောင်ကြားဗဟိုချက်ဆီ ပျံသန်းလာသည်။ ထိုနေရာက စောစောလေးက ပုံရိပ်ယောင်နှင့် တော်တော်လေးကို ကွဲပြားနေသည့် နေရာတစ်ခု ဖြစ်၏။

မှော်စက်ဝန်းအလယ်တွင် ကျောက်ပြားကြီးတစ်ချပ်ရှိကာ ထိုကျောက်ပြားထိပ်တွင် ပိုးသေတ္တာတစ်ခု ရှိနေသည်။

နောက်ဆုံးတွင် လုကျိုးက ထိုအရာကို ရှာဖွေတွေ့ရှိသွားပြီ ဖြစ်၏။ ထိုအရာက လုထျန်းထုံ ချန်ထားခဲ့ခြင်းသာ ဖြစ်ရမည်။

“ဆရာသခင်လုက ချန်ထားခဲ့တာဆိုတော့ ဒါကတခြားသူတွေကို တားဖို့ အားကောင်းတဲ့ အတားအဆီးတွေ ရှိနေမှာပဲ။ နောက်ဆုတ်”

“ဟုတ်ကဲ့” လုချင်းရှန်က နာနာခံခံ နောက်ဆုတ်လိုက်သည်။

လုကျိုးက ထိုမှော်စက်ဝန်းအတွင်း ဝင်ရောက်လိုက်သည်နှင့် ကျောက်ပြားက တောက်ပလာကာ ပိုးသေတ္တာက ပွင့်လာလေသည်။

“...”

ဤသို့ဖြင့် သူက ပင်လယ်ထဲ ခုန်ချလျှင်ပင် သူ့နာမည်ကို ဆေးကြောနိုင်တော့မည် မဟုတ်ပေ။ သူက လုထျန်းထုံ မဟုတ်ကြောင်း မည်သူက မယုံဘဲ နေမည်နည်း။

တစ်ချိန်တည်းဆိုသလို လုချင်းရှန်က သူ့ဘာသာသူ ခေါင်းညိတ်လိုက်၏။

ဒီလိုပဲ ဖြစ်သင့်တယ်။ သခင်ဆိုတော့ သေတ္တာက သခင့်အတွက်ပွင့် အလိုလိုလာတာပဲ…

လုကျိုးက လျှောက်ကာ သေတ္တာကို ကြည့်လိုက်သည်။ သေတ္တာထဲတွင် ဗလာကောင်းကင်ကျမ်းစာလိပ် တစ်ခု ရှိနေ၏။

“ကောင်းကင်ကျမ်းစာလိပ်လား” လုကျိုးက အံ့အားသင့်သွား၏။ ထို့နောက်သူက စာလိပ်ကို ယူဆောင်လိုက်သည်။

တစ်ချိန်တည်းဆိုသလို လေထုထဲမှ သင်္ကေတများသည် တစ်စုံတစ်ခုကို အာရုံခံမိဟန်ဖြင့် အဖက်ဖက်မှ စုဝေးလာသည်။ တစ်ခုပြီးတစ်ခုဆိုသလို ဗလာစာလိပ်အတွင်း ပျံသန်းဝင်ရောက်လာ၏။

“တင်း ဖွင့်လှစ် ကောင်းကင်ကျမ်းစာလိပ်ရဲ့ ဒုတိယအပိုင်းကို ရရှိပါတယ်”

“တင်း ပေါင်းစည်းလိုပါသလား”

ပေါင်းစည်းမယ်…

ဤသို့ဖြင့် ကောင်းကင်ကျမ်းစာလိပ်က ကြယ်တာရာအလင်းပျောက်များအဖြစ် ပျောက်ကွယ်သွားကာ ပထမကောင်းကင်ကျမ်းစာလိပ် တစ်ဝက်ဖြင့် ပေါင်းစည်းသွားခဲ့သည်။ ထို့နောက် ထိုအရာက ကောင်းကင်ကျမ်းစာလိပ် သုံးလိပ်ထဲ ပေါ်ထွက်လာ၏။

“တင်း စာလိပ်ကို အောင်အောင်မြင်မြင် ပေါင်းစည်းနိုင်ခဲ့ပြီး ကောင်းကင်ကျမ်း စာလိပ်တစ်ခုကို ရရှိခဲ့ပါတယ်။ အပိုဆုလာဘ်အနေနဲ့ အဆင့်မြင့် ကတ်တစ်ကတ် ရရှိပါမယ်”

“တင်း အဆင့်မြင့်ကတ်က စနစ်နဲ့ ကောင်းကင်ကျမ်းစွမ်းအားကို မြှင့်တင်ပေးပါလိမ့်မယ်။ မှတ်ချက် အဆင့်မြှင့်တင်ဖို့က အချိန်အကြာကြီး ကြာမြင့်နိုင်ပါတယ်။ ကျေးဇူးပြုပြီး ဉာဏ်ရှိရှိ ရွေးချယ်ပါ”

လုကျိုးက ခေါင်းညိတ်လိုက်၏။ ထို့နောက် သူက လက်ထဲတွင်စာအုပ်ကို ဖွင့်ကြည့်လိုက်သည်။

စာထဲတွင် ရေးသားထားသည်ကား …

“ရှေးဟောင်းဆရာသခင်တွေက မအိပ်စက်သလို အိမ်မက်လည်း မမက်ကြဘူး။ သူတို့က လွတ်လပ်တဲ့ဘဝမှာ နေပြီးတော့ ခံစားချက်လည်း မရှိကြဘူး။ သူတို့က ကောင်းကင်ထဲမှာ မွေးဖွားလာပြီးတော့ ဆရာသခင်အဖြစ် အသိအမှတ်ပြုခံရတယ်။ ဆရာသခင်တွေက မိုးကောင်းကင်နဲ့ တစ်သားတည်းပဲ။ သူတို့ရဲ့ အတွင်းကိုယ်ကို ကျင့်ကြံတဲ့သူတွေကို ဝိဇ္ဇာလို့ သိကြတယ်။

ဟိုးရှေးခေတ်အချိန်ကတည်းက ဆရာသခင်တွေက မိုးမြေကို အုပ်စိုးပြီး ယင်ယန်ကို ဖမ်းဆုပ်ပြီး စိတ်ဝိညာဉ်တွေကို စောင့်ရှောက်တယ်။ အဲဒါတွေနဲ့ သူတို့က အချိန်အဆုံးသတ်ထိ ထာဝရ နေနိုင်ကြတယ်။ ဆရာသခင်တွေက သေဆုံးမှု မရှိသလို အသက်ရှင်ခြင်းလည်း မရှိဘူး … တည်ရှိမှုလည်း မရှိဘူး”

လုကျိုးက ထိုစကားများကို နည်းနည်းလေးမှ နားမလည်ပေ။ သူက နောက်တစ်ရွက်ကို ထပ်မံ လှန်ကြည့်လိုက်သည်။

“ငါက မဟာလေဟာနယ်မျိုးစေ့ တစ်ခုကို ရရှိခဲ့တယ်။ ကျင့်ကြံပြီးတဲ့နောက်မှာ တာ့ယွမ်မှာ ပထမဦးဆုံး ဆရာသခင်တစ်ယောက် ဖြစ်လာခဲ့တယ်။ ငါက လူရိုင်းသိန်းချီကို သတ်ပြီးတော့ ခက်ထန်သားရဲသန်းချီကို သတ်ပစ်ခဲ့တယ်။ ပြီးတော့ ကမ္ဘာကြီးဆီမှာ စည်ပင်ကြွယ်ဝမှုနဲ့ ငြိမ်းချမ်းမှုကို ဆောင်ကျဉ်းလာခဲ့တယ်”

“...”

စာအုပ်၏ မိတ်ဆက်အပြီးတွင် လုထျန်းထုံသည် တဖက်လူများကို မည်သို့အနိုင်ပိုင်းထားကြောင်း ပြောထားသည်ကလွဲ၍ ဘာမှမရှိပေ။

လုကျိုးက သူ့ဆံပင်များ ထောင်မတ်လာသလို ခံစားမိလိုက်၏။ လုထျန်းထုံက အမှန်တကယ် ကြွားဝါရာ၌ အတော်လေး ကောင်းမွန်ပေသည်။ မည်သို့ပင်ဆို‌စေကာမူ သူက ဆက်ဖတ်လိုက်၏။

နောက်တစ်ရွက်တွင် ရေးသားထားသည်က

“ငါက နှင်းတွေဖုံးလွှမ်း‌နေတဲ့ မြောက်ပိုင်း ပိုင်နက်က ဆရာသခင်တစ်ယောက်ကို လက်ဝါးတစ်ချက်တည်းနဲ့ အနိုင်ယူနိုင်ခဲ့တယ်။ အဲဒါပြီးတဲ့နောက်မှာ မြောက်ပိုင်း ပိုင်နက်ကို ငါတစ်ယောက်တည်း သိမ်းပိုက်နိုင်ခဲ့တယ်။ ဓားတစ်ချက်တည်းနဲ့ တောင်ပိုင်းတိုင်းပြည်က ကျင့်ကြံသူ ၁၀၀၀ ကို သတ်နိုင်ခဲ့တယ်။ သွေးမြစ်ချောင်းလည်း စီးခဲ့ရတယ်”

လုကျိုးက နောက်တစ်မျက်နှာကို လှန်ဖတ်ကြည့်လိုက်သည်။

“ကမ္ဘာတစ်ခုလုံးမှာ ငါနဲ့လက်ရည်စမ်းဖို့ အရည်အချင်းပြည့်မှီတဲ့သူက ဆရာသခင်တွမ့်မူတစ်ယောက်ပဲ ရှိတယ်”

“...”

“ကျင့်ကြံရေးလမ်းစဉ်က အဆုံးမဲ့တယ်။ ငါက ဘဝတစ်လျှောက်လုံးမှာ ကျင့်ကြံရေးလမ်းစဉ်နောက်ကို လျှောက်လှမ်းနေပြီးတော့ အထွတ်အထိပ်လမ်းစဥ်ကို ရှာဖွေနေခဲ့တယ်။ တာအိုစွမ်းအားကို နားမလည်ခင်အထိပေါ့”

“...”

“ဆရာသခင်တစ်ယောက်ရဲ့ ရုပ်ခန္ဓာက တာအိုနဲ့ပေါင်းစည်းပြီး လေဟာနယ်ကို ထိုးဖောက်မြင်ခွင့် ပြုထားတယ်။ သဘာဝနဲ့ တစ်သားတည်း ဖြစ်သွားခဲ့သလိုပေါ့။ တာအိုဆိုတာက ဘာလဲ။ ကမ္ဘာပေါ်ရှိတဲ့ အရာအားလုံးက တာအိုနောက်လိုက်သင့်တယ်။ မဟာတာအိုဆိုတာက နာမည်လည်း မရှိသလို ကိစ္စတွေအားလုံးကို တည်ရှိစေတယ်”

လုကျိုးက မျက်မှောင်ကြုတ်လိုက်သည်။ သူက ဖတ်နေရင်းဖြင့် လုထျန်းထုံ၏ ကြွားလုံးများမှလွဲ၍ တခြားဟာကိုနားမလည်ပေ။ သူက စကားလုံးများကို ဖတ်နေသော်လည်း သူ့အတွက် အဓိပ္ပာယ်မရှိပေ။

သူတို့က ဘာကို ဆိုလိုနေသနည်း။

ဝှစ်

လုချင်းရှန်က ပြောလိုက်သည်။

“တစ်ယောက်ယောက် ရောက်လာပြီ”

လုကျိုးက စာအုပ်ကို သိမ်းကာ လက်ကို ဝှေ့ယမ်းလိုက်သည်။

“ငါ့နောက်ကလိုက်ခဲ့”

နှစ်ဦးသားက အနီးအနား တောအုပ်ဆီ အရှိန်မြင့်မြင့်ဖြင့် ပျံသန်းသွားလိုက်ကြသည်။

ထိုစဉ် လေထုထဲ အသံတစ်သံ ထွက်ပေါ်လာ၏။

“ခဏနေပါဦး”

လုကျိုးက ရပ်တန့်လိုက်သည်။

သူက လှည့်ကာ ကြည့်လိုက်သည့်အချိန် အနီးအနားတွင် လူတစ်ယောက် ရှိနေကြောင်း ပြောနိုင်လေ၏။ ထို့နောက် သူက တောင်ကြားအဝင်ဝကို လှမ်းကြည့်လိုက်သည်။ သူ ထင်ထားသည့်အတိုင်း မီးခိုးရောင်ဝတ်ရုံနှင့် လူတစ်ယောက်က လေထဲတွင် ရပ်နေလေသည်။

...

အခန်း (၁၁၈၇) လွတ်လပ်သောလူ

လုကျိုးသည် မီးခိုရောင်ဝတ်ရုံကျင့်ကြံသူကို ကြည့်လိုက်၏။ သူ့ရှေ့ရှိလူက အချိန်တိုအတွင်း လေအေးတောင်ကြားသို့ ရောက်လာသောကြောင့် သူ၏ကျင့်ကြံဆင့်က မနိမ့်လောက်ပေ။

မီးခိုးရောင်ဝတ်ရုံကျင့်ကြံသူက လုကျိုးကို ကြည့်ပြီးနောက် အပြုံးဖျော့ဖျော့ဖြင့် လုချန်းရှန်းကို ကြည့်လိုက်သည်။

လုချန်းရှန်းက တိတ်ဆိတ်မှုကို အရင်ဆုံးဖြိုခွဲကာ တည်ငြိမ်စွာ မေးလိုက်တော့သည်။

“ကိစ္စတစ်ခုခုရှိလို့လား”

ဆရာသခင်တစ်ပါး အနောက်တွင်ရှိသောကြောင့် လုချန်းရှန်းသည် မကြောက်ရွံ့ပေ။ သူက ရှေ့သို့သွားပြီး တစ်ဖက်လူကို ရိုက်ချင်စိတ်တောင်ပေါ်လာ၏။ ဆိုရလျှင် တစ်ဖက်လူသည် မောက်မာထောင်လွှားသောသွင်ပြင်ဖြင့် လေထဲပျံဝဲနေတာဖြစ်သည်။ ၎င်းက သူ့မိသားစု၏ဆရာသခင်ကို ရိုင်းပျနေတာမဟုတ်ပါလော။

မီးခိုးရောင်ဝတ်ကျင့်ကြံသူက ပြောလိုက်သည်။

“ငါက နိုင်ဟယ်”

“နိုင်ဟယ်လား”

“မင်းတို့နှစ်ယောက်လုံး ချောက်ကမ်းပါးအောက်ခြေမှာ ရှာတွေ့တဲ့ပစ္စည်းကို ထားခဲ့နိုင်မလား”

နိုင်ဟယ်က အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်၏။ သူ၏စကားက လူတို့ကို ဒေါသထွက်သွားစေသည်။

လုချန်းရှန်းက အခဲမကျေစွာပြောလိုက်၏။

“ခင်ဗျားကိုယ်ခင်ဗျား ဘယ်သူလို့ထင်နေလဲ။ ရာရာစစ လုချန်းပေ့ရှေ့မှာ ရမ်းကားရဲတယ်ပေါ့”

နိုင်ဟယ်က ဒေါသမထွက်ခဲ့ပေ။ သူက ပြောလိုက်၏။

“မင်းတို့နှစ်ယောက် ဒီမှာရှာတွေ့တဲ့ပစ္စည်း ထားခဲ့ဖို့ အကြံပေးလိုက်မယ်”

လုချန်းရှန်း၏အကြည့်က အေးစက်သွားကာ သူ၏အသံက တင်းမာခက်ထန်နေ၏။

“ခင်ဗျားရှေ့မှာ ဘယ်သူရပ်နေလဲသိလား”

နိုင်ဟယ်၏ အကြည့်က လုချန်းရှန်းဆီကနေ လုကျိုးဆီ ရောက်သွားသည်။ လုကျိုးကို တခဏတာ စိုက်ကြည့်ပြီးနောက် ခေါင်းခါကာပြောလိုက်တော့သည်။ “မသိဘူး”

“...”

လုချန်းရှန်းက ဆွံ့အသွားသည်။ မီးခိုးရောင်ဝတ်ကျင့်ကြံသူသည် သူ့အတွက် ဘာကကောင်းမှန်း တကယ်မသိဟု တွေးလိုက်သည်။

ထိုစဉ် လုကျိုးက တည်ငြိမ်စွာမေးလိုက်သည်။

“ခင်ဗျားက ဘယ်ကလဲ”

ထိုစကားကိုကြားသောအခါ နိုင်ဟယ်က လုကျိုးကို ပြုံးပြပြီးပြောလိုက်၏။

“မင်းက ဒီမေးခွန်းကိုမေးတယ်ဆိုတော့ ငါ တွေ့သမျှလူတွေထဲ လူတော်တော်များများထက် ပိုဉာဏ်ထက်တာပဲ။ ငါ တွေ့ဖူးသမျှလူတွေထက် ဉာဏ်ပိုကောင်းတာပဲ။ ဒီနေ့ ငါ စိတ်ကောင်း ဝင်နေတယ်။ ဒီတော့ ပြောပြလည်း အကျိုးမယုတ်ဘူး။ ငါက အစိမ်းရောင်ကြာနယ်မြေကလူ။ ငါက လွတ်လပ်တဲ့လူတစ်ယောက်”

လွတ်လပ်တဲ့လူတစ်ယောက်လား ... လုကျိုးက ဇဝေဇဝါဖြစ်သွား၏။ ထိုအသုံးအနှုန်းကို သူ ပထမဆုံးကြားဖူးတာဖြစ်သည်။

နိုင်ဟယ်က ပြောလိုက်သည်။

“ဒီလောကထဲက လူတော်တော်များများက မိုးနဲ့မြေရဲ့အတားအဆီး ချုပ်နှောင်ခံထားရတယ်။ သူတို့က ကောင်းကင်ဘုံက ချမှတ်ထားတဲ့စည်းမျဉ်းတွေကို လိုက်နာရတယ်။ ကျင့်ကြံတာကနေ ကောင်းကင်ကိုဖီဆန်ပြီး ကံကြမ္မာကိုပြောင်းလဲရာရောက်နေပြီ။ အကန့်အသတ်တွေကရှိသေးတယ်။ ကျင့်ကြံသူတွေက သတ်မှတ်ထားတဲ့နယ်ပယ်တစ်ခုရောက်ပြီးရင် သူတို့က အာရုံစိုက်မှုရမှာပဲ။ အဲ့ဒီအချိန် သူတို့ကို မျှခြေက ပစ်ဒဏ်ပေးလိုက်မယ်။ လွတ်လပ်တဲ့လူတစ်ယောက်က လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာနိုင်ဖို့ စည်းမျဉ်းတွေကို ထိန်းချုပ်တဲ့သူ”

နိုင်ဟယ်သည် လုကျိုးနှင့် လုချန်းရှန်း၏မျက်နှာထက်ရှိ ဇဝေဇဝါအမူအရာကို မြင်သောအခါ သူက ပြုံးပြီးပြောလိုက်သည်။

“ငါ ဒီစကားတွေကို လူတော်တော်များများကို ပြောပြခဲ့ဖူးတယ်။ ကံဆိုးတာက အများစုက နားမလည်ဘူး”

လုကျိုးက မေးလိုက်၏။ “ဒီကိုလာတာ ဘာရည်ရွယ်ချက်လဲ”

နိုင်ဟယ်က ပြောလိုက်၏။

“မင်းတို့နှစ်ယောက် ငါ မရှင်းပြနိုင်တဲ့ကိစ္စတွေနဲ့ ငါ မဖြေရှင်းနိုင်တဲ့ ကိစ္စတွေအများကြီးရှိတယ်။ ငါ ဒါပဲပြောနိုင်မယ်”

နိုင်ဟယ်က စိတ်မပြောင်းမှာ သိသာနေ၏။

လုကျိုးကမျက်မှောင်ကျုံ့လိုက်သည်။ သူက ပြောလိုက်တော့သည်။

“ကျုပ် စိတ်မပြောင်းခင် ထွက်သွားတာ အကောင်းဆုံးပဲ"

“...”

နိုင်ဟယ်မျက်နှာပေါ်ရှိ အပြုံးက ချက်ချင်းပျောက်ကွယ်သွားတော့သည်။ သူက လုကျိုးကို ကြည့်စဉ် သူ၏အမူအရာက အနည်းငယ်လေးနက်သွားလေ၏။

ထိုစဉ် လေအေးတောင်ကြား၌ စောင့်နေသည့်ကျင့်ကြံသူများက တစ်ယောက်ပြီး တစ်ယောက် ရောက်လာသည်။ သူတို့၏ခေါင်းဆောင်က သတ်လတ်ပိုင်းအရွယ်ဘုံတစ်ထောင်လေပွေ ကျင့်ကြံသူပဲ ဖြစ်သည်။

“ဘယ်သူက ဒီလောက်ရဲတင်းပြီး လုချန်းပေ့ကို မလေးမစားပြုမူရဲတာလဲ” လူရွယ်က ပြောပြီးနောက် သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့တည်လိုက်၏။

ပြီးနောက် ကျန်သည့်ကျင့်ကြံသူများက သူတို့၏ စိတ်ဝိညာဉ်သဏ္ဌာန်များကို တစ်ယောက်ပြီးတစ်ယောက် ဖွဲ့တည်လိုက်သည်။ ပွင့်ချပ်ငါးလွှာမှ ဆယ်လွှာအထိ သူတို့၌ အရာအားလုံးရှိသည်။

နိုင်ဟယ်က ထိုလူများကိုမြင်သောအခါ အသံမြှင့်ကာပြောလိုက်သည်။

“ဒီကိစ္စနဲ့မပတ်သက်တဲ့သူတွေ ဘေးဖယ်နေသင့်တယ်”

ပြီးနောက် သူ၏ညာလက်ကိုမြှောက်ကာ တဟုန်ထိုးရောက်လာသည့် ကျင့်ကြံသူများဆီ လက်ဝါးစည်းတံဆိပ်တစ်ခုကို ပစ်လွှတ်လိုက်၏။

လက်ဝါးစည်းတံဆိပ်၏ အရွယ်အစားသည် လျင်မြန်စွာတိုးလာပြီး မျက်စိတစ်မှိတ်အတွင်း ပေရာချီဖြစ်သွား၏။

ဘန်း ဘန်း ဘန်း ဘန်း ဘန်း

လူရွယ်၏ ကြယ်တာရာဒိုင်ခွက်က ချိုင့်ဝင်သွားကာ သူ နောက်သို့လွင့်ထွက်သွားသည်။

ဘုံတစ်ထောင်လေပွေကျင့်ကြံသူကတောင် ဤသို့အဆုံးသတ်သွားလျှင် ကျန်သည့်သူများဆို ပြောရန် မလိုအပ်တော့ပေ။ နိုင်ဟယ်က မျက်နှာသေဖြင့်သာ ရှိနေသေး၏။ သူက တခြားသူများကို တစ်ချက်တောင် မကြည့်။ ထိုအစား လုကျိုးကိုသာ ကြည့်လိုက်သည်။

“ဒါက ငါ့တာဝန်ပဲ။ ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွှတ်ပါ”

ကျင့်ကြံသူများသည် မြေပြင်ပေါ်သို့လွင့်ထွက်သွားပြီးနောက် သူတို့အားလုံး မီးခိုးရောင်ဝတ် ကျင့်ကြံသူကို အထိတ်တလန့် ကြည့်နေကြသည်။ ငယ်ရွယ်သောကျင့်ကြံသူလေးများက ကောင်းကင်အလွန် လောကကြီးနှင့် သက်ဆိုင်သော ကိစ္စရပ်များကို အာရုံစိုက်မိတာ ရှားပါးသည်။ ထို့ကြောင့် သူတို့သိပ်မတွေးပေ။

ဘုံတစ်ထောင်အလွန်ကျင့်ကြံသူသာလျှင် ကောင်းကင်အလွန်လောကအကြောင်း အခြေခံဗဟုသုတ အတွေ့အကြုံ ရှိသည်။ မီးခိုးရောင်ဝတ်ကျင့်ကြံသူက လက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့် သူတို့အားလုံး လွင့်ထွက်သွားအောင် လုပ်နိုင်သည့်အချက်ကို လက်ခံဖို့ ခက်ခဲနေသည်။

ဘီး

နိုင်ဟယ်က သူ့လက်ကို မြှောက်လိုက်၏။ ပြီးနောက် ဧရာမကြယ်တာရာဒိုင်ခွက်က သူ့လက်ထဲတွင် ပေါ်လာသည်။

မွေးဖွားဇယားချပ် ၁၆ခုက ကြယ်တာရာဒိုင်ခွက်ပေါ်၌ ဆက်တိုက်လင်းလာ၏။ ၎င်းက အစိမ်းရောင်အလင်းဖြင့် တောက်ပနေပြီး သန်မာသောအရှိန်အဝါတစ်ခု ဖြာထွက်နေသည်။ ပြီးနောက် နိုင်ဟယ်သည် လက်သီးဆုပ်လိုက်သောအခါ သူ၏ကြယ်တာရာဒိုင်ခွက်သည် ပျောက်ကွယ်သွားသည်။

“အစိမ်းရောင်ကြာကျင့်ကြံသူလား။ သူက အစိမ်းရောင်ကြာကျင့်ကြံသူပဲ”

နိုင်ဟယ်က အပြုံးတစ်ပွင့်ဖြင့်ပြောလိုက်သည်။

“ဒါဆို လုံလောက်တယ်မလား။ ခွန်အားက အခွင့်အာဏာလို့လူတိုင်းပြောကြတယ်။ ဒါပေမဲ့ ကျုပ် အမြဲတမ်း သဘောမတူခဲ့ဘူး။ ဒါပေမဲ့ ကျုပ်က လွတ်လပ်တဲ့လူတစ်ယောက်ဖြစ်လာချိန်ကစပြီး ခွန်အားပြသတာက အချိန်ကုန်သက်သာစေကြောင်း တဖြည်းဖြည်းချင်းရှာတွေ့ခဲ့တယ်”

လုချန်းရှန်းက ခေါင်းခါပြီးနောက် ပြောလိုက်သည်။ “မင်းကို ဆရာသခင်တစ်ပါးလို့ ထင်နေခဲ့တာ။ ဖြစ်ချင်တော့ မင်းက မွေးဖွားဇယားချပ် ၁၆ခုရှိတဲ့ ငနာတစ်ကောင်ပဲ”

“ဟမ်” နိုင်ဟယ်က ဇဝေဇဝါဖြစ်သွား၏။

“ဆရာသခင်လု သူက အစိမ်းရောင်ကြာနယ်မြေက ကျူးကျော်သူတစ်ယောက်ပဲ။ ကျေးဇူးပြုပြီး သူ့ကို သတ်ပေးပါ။ ဆရာသခင်လု” လုချန်းရှန်းက ပြောလိုက်၏။

နိုင်ဟယ်က လုကျိုးကို ကြည့်ပြီးမျက်လုံးပြူးကျယ်သွားတော့သည်။

“မင်းက ဆရာသခင်လား”

လုကျိုးက ထူးမခြားနားပြောလိုက်၏။ “ဘာလို့လဲ ငါက ဆရာသခင်တစ်ယောက်နဲ့မတူလို့လား”

နိုင်ဟယ်၏ အမူအရာက အနည်းငယ်သဘာဝမကျဖြစ်လာပြီး သူ၏အရှိန်အဝါက အနည်းငယ် လျော့ကျသွားပုံ ပေါ်သည်။ ပြီးနောက် သူက ပြောလိုက်၏။

“ကုန်လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀၀ အတွင်း ဒီနေရာမှာ ဆရာသခင်တစ်ယောက်ရှိတယ်ဆိုတာ တစ်ခါမှ မကြားဖူးဘူး။ မင်းက ဆရာသခင်ဆိုရင် အစောတုန်းက ငါ့ရဲ့သဘောထားအတွက် တောင်းပန်ချင်တယ်။ ဒါပေမဲ့ မင်း ဆရာသခင်တစ်ယောက်မဟုတ်ဘူးဆိုတော့ ဒီနေ့ ချောက်ကမ်းပါးအောက်ခြေက ယူခဲ့တာဟာကို ငါ ယူသွားရမယ်”

နိုင်ဟယ်သည် လှည့်ကွက်များသုံးရတာ ကြိုက်သည့်လူတစ်ယောက်နှင့်မတူပေ။ အလွန် တဲ့တိုးဆန်သည်။

ထိုစကားကိုကြားသောအခါ လုချန်းရှန်းက အနည်းငယ်လှောင်ပြုံးပြုံးလိုက်၏။

“ဒါဆို ခင်ဗျား မြန်မြန်တောင်းပန်လိုက်တာ ပိုကောင်းမယ်”

“...”

လုကျိုးက သူ ဤအတိုင်းသွားလျှင် ဤအထောက်အထားနှင့် သူ့ကိုခွဲခြားရန် ခက်ခဲလေဖြစ်မှန်း သူ တွေးလိုက်၏။ သူသည် လွတ်လပ်သောသူအား သူ၏ကြယ်တာရာဒိုင်ခွက် ထုတ်ပြတာကို စောင့်ဆိုင်းလိုက်၏။ ခဏအကြာ၌ လုကျိုးက မည်းမှောင်နေသော လေသံဖြင့် ပြောလိုက်၏။

“မင်း ဒီလောက်ငယ်ရွယ်တာ ဒီတော့ မိုးနဲ့မြေရဲ့ကျယ်ပြောမှုကို မသိတာပဲ။ ဒီနေ့ မင်းရဲ့အကြီးအကဲတွေကိုယ်စား ငါ သင်ပေးမယ်”

ပြီးနောက် လုကျိုးက အထွတ်အထိပ် ဆန်းကြယ်စွမ်းအားဖြင့် တောက်ပနေသော လက်ဝါးစည်းတံဆိပ်ကို အရှေ့သို့ ပို့လွှတ်လိုက်၏။

လူကြီးတစ်ယောက်၏ လက်ဝါးအရွယ်အစားရှိ လက်ဝါးစည်းတံဆိပ်သည် ချက်ချင်းပေါ်လာသည်။ ဖုံးကွယ်ခြင်းကတ်ဖြင့် အထွတ်အထိပ်ဆန်းကြယ်စွမ်းအားက ရွှေရောင်ဖြစ်နေ၏။

နိုင်ဟယ်က လက်ဝါးစည်းတံဆိပ်မှ ပြင်းထန်သော ဖိအားကို ခံစားမိသောအခါ ထိတ်လန့်သွားတော့သည်။ မည်သို့ဆိုစေ သူ မရှောင်ရှားခဲ့ပေ။ ထိုအစား သူ၏လက်ဝါးကို မြှောက်ပြီး လက်ဝါးစည်းတံဆိပ်တစ်ခု ပြန်တွန်းထုတ်လိုက်သည်။

ဖုန်း

ရွှေရောင်နှင့် အစိမ်းရောင်လက်ဝါးစည်းတံဆိပ် တိုက်မိသွား၏။ သက်ရောက်မှုက လေထဲစွမ်းအင်လှိုင်း ပေါ်ပေါက်လာစေသည်။ သို့သော် ၎င်းက အဆုံးသတ်မဟုတ်ပေ။

လုကျိုးသည် အထွတ်အထိပ်ဆန်းကြယ်စွမ်းအားအပြည့်ကို အသုံးပြုခဲ့သည်။ သူ၏ ကျန်ရှိသောခွန်အားဖြင့် အစိမ်းရောင်လက်ဝါးစည်းတံဆိပ်ကို ပြန်တွန်းလိုက်၏။

နိုင်ဟယ်၏ အမူအရာက ထိတ်လန့်သွားလေ၏။ သူသည် ရွှေရောင်လက်ဝါးစည်းတံဆိပ်မှ အကန့်အသတ်မဲ့ စွမ်းအားများ၊ နက်နဲသောစွမ်းအားများကို အာရုံခံမိသည်။ ရွှေရောင်လက်ဝါးစည်းတံဆိပ်က သူ့ကို ဆက်လက်တွန်းပို့နေပြီး သူ့ကို အဝေးရှိ တောင်တန်းဒေသထိအောင် ရောက်သွားသည်။

ထိုအချိန်၌ လုကျိုးက နောက်ဆုံး၌ ရပ်တန့်လိုက်သည်။

လက်ဝါးစည်းတံဆိပ်၏ ကြီးမားသော ဖိအားအောက်၌ နိုင်ဟယ်က တောင်တစ်တောင်နှင့် တိုက်မိသည်အထိ နောက်သို့ လွင့်သွား၏။

ဖုန်း

ယင်းက မပြီးသေးပေ။ ရွှေရောင်လက်ဝါးစည်းတံဆိပ်မှ ကျန်ရှိသော စွမ်းအားမှ နိုင်ဟယ်ကို တောင်တန်းနံရံထဲ တွန်းပို့ပြီး လူပုံသဏ္ဌာန်အပေါက်တစ်ပေါက်ဖြစ်သွားသည်။

အကြွင်းမဲ့ခွန်အားနှင့် ရင်ဆိုင်ရချိန်၌ နည်းစနစ်၊ စည်းမျဉ်းနှင့် လှည့်ကွက်များက အသုံးမဝင်ပေ။ ထိုစဉ် လူတိုင်းက ကြက်သေသေနေသောအမူအရာဖြင့် ကြည့်နေ၏။

“ဒါက ဆရာသခင်တစ်ပါးရဲ့ခွန်အားလား”

လုချန်းရှန်းက စိတ်ဓာတ်တက်ကြွနေ၏။ ၎င်းက ရွှေရောင်လက်ဝါးစည်းတံဆိပ်လား သို့တည်းမဟုတ် အနက်ရောင် လက်ဝါးစည်းတံဆိပ်လား ဆိုတာ သူက ဂရုမစိုက်ပေ။ ထိုမျှ အစွမ်းထက်လှသော လက်ဝါးစည်းတံဆိပ်က မည်သည့်အရောင်ဖြစ်စေကာမူ ကောင်းမွန်သော လက်ဝါးစည်းတံဆိပ်သည် မွေးဖွားဇယားချပ် ၁၆ခုကျင့်ကြံသူကို လွင့်ထွက်သွားအောင် အလွယ်တကူ ပို့လွှတ်နိုင်သည်။ တောင်နံရံထဲနစ်ဝင်သွားအောင်တောင် တွန်းပို့နိုင်၏။ မည်သည့်အရာဆိုတာ မည်သူက ဂရုစိုက်မည်နည်း။

ထိုနည်းတူ ကျန်သည့်သူများကလည်း ဆရာသခင်တစ်ပါး လှုပ်ရှားတာကို မြင်ပြီး စိတ်အားထက်သန်နေ၏။

တစ်ချိန်တည်းတွင် လုကျိုးက လေထဲပျံဝဲပြီး လူပုံသဏ္ဌာန်တွင်းကို ခဏတဖြုတ် ကြည့်လိုက်၏။ တွင်းထဲရှိ အလင်းဖျော့ဖျော့ကို မြင်ပြီးနောက် ခဏတဖြုတ် စောင့်ဆိုင်းလိုက်သည်။

ခဏအကြာ၌ နိုင်ဟယ်သည် တောင်နံရံတစ်ဖက်ကနေ ပျံသန်းလာ၏။ သူက လက်သီးဆုပ်မိုးလျက် လုကျိုးကို ဦးညွှတ်လျက်ပြောလိုက်သည်။

“ကျုပ် တောင်းပန်ဖို့ ဆန္ဒရှိပါတယ်”

...

အခန်း (၁၁၈၈) စည်းမျဉ်း

ကျင့်ကြံသူအားလုံးက ပျော်ရွှင်နေကြသည်။ ထင်ထားသည့်အတိုင်း ဆရာသခင်တစ်ယောက် လှုပ်ရှားလိုက်သည်နှင့် အမှန်တရားကို ခက်ခက်ခဲခဲ ရှာဖွေတွေ့ရှိသွားလိမ့်မည်။ အားလုံးက ထိုသူသည် ကြွားဝါရဲသည်လားဟု သိချင်နေကြ၏။ သူတို့က အကြောင်းအရင်းမရှိ ရိုက်နှက်ခံရလျှင်ပင် ယခုအခိုက်အတန့်၌ အတော်လေး ပျော်ရွှင်နေကြသည်။

လုချင်းရှန်က ဗီလိန်၏ နောက်လိုက်ငယ်သားလိုမျိုး ဆက်လက် သရုပ်ဆောင်နေသည်။

“ဒီလိုသာဆို မင်း စောစောလေးက ဒီလိုမျိုး ကောင်းကောင်း မပြုမူရတာလဲ”

နိုင်ဟယ်က လုချင်းရှန်ကို လျစ်လျှူရှုထားပြီး လုကျိုးကိုသာ စိုက်ကြည့်နေသည်။

လုကျိုးက နိုင်ဟယ်၏ အကြည့်ထဲမှ သတိကြီးမှုကို မြင်လိုက်ရသည်။ သူ့လက်ဝါးချက်က နိုင်ဟယ်ကို ရိုက်နှက်ခဲ့သော်လည်း ထိခိုက်မှု များများစားစား မရှိပေ။ နိုင်ဟယ်က မွေးဖွားဇယားချပ် ၁၆ခု ကျင့်ကြံသူဖြစ်သည့်အတွက် သူသာ ဆရာသခင်နှင့် ရင်ဆိုင်ရမည်ဆိုလျှင် မည်သို့မဆိုးဝါးဘဲ နေမည်နည်း။

လုကျိုးလက်ထဲတွင် မိုးကြိုးကတ်တစ်ကတ် ပေါ်ထွက်လာပြီး သေခြင်းရှင်ခြင်းက ကံကြမ္မာနှင့် ကံကောင်းမှုပေါ် မူတည်နေသည်။

နိုင်ဟယ်က ပြောလိုက်၏။

“ဆရာသခင်တစ်ယောက် ဖြစ်ဖို့ နီးကပ်နေတဲ့ ပညာရှင်တစ်ယောက်က ဒီနေရာမှာ မွေးဖွားလာလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး”

လုချင်းရှန်က ထပ်ပြီး ပြောလိုက်သည်။

“လူငယ်လေး မင်းရဲ့ ကျင့်ကြံဆင့်က မဆိုးဘူး။ မင်းက ဒီလိုအနေအထားအထိတော့ တုံးအနေမှာ မဟုတ်ဘူး မလား။ ဒီလက်ဝါးချက်က သင်ခန်းစာလေးပဲ ရှိသေးတယ်။ မင်းက ငါ့ဆရာသခင်ရဲ့ အားအပြည့် လက်ဝါးချက်နဲ့ မထိုက်တန်ဘူး"

နိုင်ဟယ် “...”

ခဏအကြာတွင် နိုင်ဟယ်က ပြောလိုက်သည်။

“ဒီနေ့ကိစ္စကတော့ ကျုပ်ရဲ့ကံဆိုးမှုကိုပဲ အပြစ်တင်ရမှာပဲ။ စောစောလေးက အပြုအမူအတွက် တောင်းပန်ပါတယ်။ ကျုပ် သွားလိုက်ပါဦးမယ်”

“ခဏနေအုံး” လုကျိုးက ပြောလိုက်သည်။

“ဟမ်” နိုင်ဟယ်က မျက်မှောင်ကြုတ်လိုက်သည်။ သူက လုကျိုးဘက်လှည့်ကာ မေးလိုက်သည်။

“ချန်းပေ့က ဘာကိစ္စများ ရှိလို့လဲ”

လုကျိုးက တစ်ဖက်လူသည် အလျင်အမြန် နောက်ဆုတ်သွားလိမ့်မည်ဟု ထင်မထားခဲ့ပေ။ သူက မိုးကြိုးကတ်တစ်ကတ်၊ လျှော့ချရေးကတ်တစ်ကတ်နှင့် အဆင့်မြင့် ပြစ်ချက်မဲ့ကတ်တစ်ကတ်တို့ကို ဖြုန်းတီးရလိမ့်မည်ဟု ထင်ထားခဲ့သည်။ ကတ်အနည်းငယ်ဖြင့် တစ်ဖက်လူကိုသတ်ဖို့ရာ ပြဿနာရှိမည် မဟုတ်ပေ။

လုကျိုးက ပြောလိုက်၏။

“မင်းက ငါ့ကို ဘယ်သူများမှတ်နေလဲ။ ငါ့နေရာကို မင်း လာချင်တိုင်းလာ သွားချင်တိုင်း သွားလို့ရမယ်များ ထင်နေလား”

“...”

ဒါက တောရိုင်း မဟုတ်ဘူးလား။ ဒါက ဘယ်တုန်းက ခင်ဗျားနေရာ ဖြစ်သွားတာတုံး...

နိုင်ဟယ်က ထိုအတွေးကို ထုတ်မပြောရဲပေ။ ထို အစား သူက မေးလိုက်သည်။

“ချန်းပေ့က ဘာများ လိုချင်တာလဲ”

“ငါ့မေးခွန်းတွေကို ဖြေပြီးမှ ထွက်သွားလို့ရမယ်” လုကျိုးက ပြောလိုက်သည်။

နိုင်ဟယ်က မငြင်းဘဲ ပြောလိုက်သည်။

“မေးပါ”

“မင်းက အစိမ်းရောင်ကြာနယ်မြေရဲ့ ဘယ်အင်အားစုကလဲ”

လုကျိုးက မေးလိုက်သည်။

“ကျုပ်က ချင်နိုင်ဟယ် ဖြစ်ပြီးတော့ ချင်မျိုးနွယ်က လွတ်လပ်သူ တစ်ယောက်ပါ” ချင်နိုင်ဟယ်က ပြန်ဖြေလိုက်ပြီး သူ့အဖြေက အသေးစိတ်ကျလှသည်။

“ချင်မော့ရှန်းက မင်းအတွက် ဘာလဲ”

ချင်နိုင်ဟယ်က သိသိသာသာ အံ့အားသင့်သွား၏။

“ချန်းပေ့က ချင်မော့ရှန်းကို သိတာလား”

သူကရယ်မောကာ ဆက်ပြောလိုက်သည်။

“သူက ချင်မျိုးနွယ်ရဲ့ သခင်လေးဆိုပေမဲ့ အကျင့်စရိုက်ဆိုးတယ်လို့ ပြောရမှာပေါ့။ ကျုပ်တို့က မျိုးနွယ်တူတယ် ဆိုရုံလောက်ပါပဲ

လုကျိုးသိထားသည့် အချက်အလက်အရ ချင်မော့ရှန်းသည် သူ့မျိုးနွယ်ဝင်များဖြင့် ဆက်ဆံရေးကောင်း ရှိဟန်မပေါ်ပေ။

လုကျိုးက ခေါင်းညိတ်လိုက်၏။

“မင်း ဒီရောက်နေတာ ဘယ်လောက်ကြာပြီလဲ”

ချင်နိုင်ဟယ်က ဖြေလိုက်သည်။

“သုံးနှစ်တစ်ခါ ကျုပ်ဒီနေရာကို ကင်းလှည့်တယ်။ ဒါကကျုပ်ရဲ့ ၁၀၀မြောက် တာဝန်ပဲ။ ကျုပ် လာတိုင်းမှာ တစ်လထက်ကြာအောင် မနေဘူး”

“ဘာလို့လဲ”

“စည်းမျဉ်းကြောင့်ပါ” ချင်နိုင်ဟယ်က လုကျိုး၏ မေးခွန်းကြောင့် အံ့အားသင့်သွားသော်လည်း သူက အပြုံးကို ထိန်းလျက် ဖြေလိုက်သည်။

“ချန်းပေ့က ဆရာသခင်တစ်ယောက်ဆိုတော့ ကမ္ဘာကြီးကို နယ်မြေကိုးခုနဲ့ နှစ်ခြမ်း ခွဲထားတယ်ဆိုတာကိုတော့ သိမှာပါ။ ဆရာသခင်တွေက အဲဒီနယ်နိမိတ်တွေကို အလွယ်တကူ မကျော်ဖြတ်နိုင်ဘူး”

လုချင်းရှန်က ထိုအရာကြောင့် အံ့အားသင့်သွားလေ၏။

“ဆရာသခင်ဖြစ်လာဖို့ နီးကပ်နေတဲ့ ကျင့်ကြံသူတွေက ဒီစည်းမျဉ်းတွေကို သွေဖည်အောင် လွတ်လပ်သူတွေကို တာဝန်ပေးခဲ့တာပေါ့”

“ဟုတ်ပါတယ်” ချင်နိုင်ဟယ်က ပြောလိုက်သည်။

“ပြီးတော့ ကြာကြာနေတာက အာရုံကို ဆွဲဆောင်နိုင်လိမ့်မယ်”

ဤသည်က ချင်မော့ရှန်းနှင့် တစ္ဆေအစေခံ ရောက်လာခဲ့သည့် အကြောင်းအရင်းလည်း ဖြစ်ပေသည်။ သဘောတရားအရ အစိမ်းရောင်ကြာနယ်မြေသည် အားကောင်းလွန်း၍ အနက်ရောင်ကြာနယ်မြေ၊ အနီရောင်ကြာနယ်မြေနှင့် တခြားသောနယ်မြေများကို အလွယ်တကူ အုပ်စိုးနိုင်သည်။ သို့သော်လည်း သူတို့က ထိုသို့မလုပ်ဆောင်ခဲ့ပေ။ ဖြစ်ချင်တော့ သူတို့သည် မိုးမြေ၏ စည်းမျဉ်းတချို့ဖြင့် ထိန်းချုပ်ခံထားရ၏။

လုကျိုးက ထိုအရာသည် ကောင်းလား ဆိုးလား မဆုံးဖြတ်နိုင်ပေ။ မျှခြေက သူတို့ကို ကာကွယ်ပေးထားသော်လည်း အတားအဆီးက သူတို့ကို ဟန့်တားထာသည်။

“မင်း ဒီကိုလာတဲ့ ရည်ရွယ်ချက်က ဘာလဲ” လုကျိုးက မေးလိုက်သည်။

“မဟာလေဟာနယ်မျိုးစေ့ကို ရှာဖို့ပါ” ချင်နိုင်ဟယ်က အမှန်အတိုင်းသာ ပြောလိုက်သည်။

“မဟာလေဟာနယ်မျိုးစေ့တဲ့လား” လုချင်းရှန်က တအံ့တဩ ရေရွတ်လိုက်သည်။

“နှစ်၃၀၀၀၀တိုင်းမှာ ရင့်မှည့်တယ်ဆိုတဲ့ မဟာလေဟာနယ်မျိုးစေ့လား”

ချင်နိုင်ဟယ်က ခေါင်းညိတ်လိုက်သည်။ ဤသည်က လျှို့ဝှက်ချက် မဟုတ်သည့်အတွက် သူက ဆက်ပြောလိုက်သည်။

“ကျုပ် တစ်ယောက်တည်း ရှာနေတာမဟုတ်ဘူး။ ယဲ့မျိုးနွယ်ရဲ့ ဆရာသခင်ကလည်း လိုက်ရှာနေတာ။ ပြီးတော့ အထွတ်အမြတ်ခန်းမလည်း ရှိသေးတယ်။ သူတို့အားလုံးမှာ လွတ်လပ်သူတွေ ရှိတယ်လေ။ ခင်ဗျားတို့တွေက ကျုပ်နဲ့တွေ့တာ ကံကောင်းတာပဲ”

“ရှုံးနိမ့်ထားတဲ့သူတစ်ယောက်က အဲလိုမျိုး မောက်မာရဲသေးတယ်လား” လုချင်းရှန်က လှောင်ပြောင်ပြောလိုက်သည်။

ချင်နိုင်ဟယ် “...”

အဆုံးသတ်တွင် ချင်နိုင်ဟယ်က ခေါင်းယမ်းကာ ပြောလိုက်၏။

“ကျုပ်က မောက်မာနေတာ မဟုတ်ဘူး။ ကျုပ် ပြောချင်တာက လွတ်လပ်သူ‌တွေဆိုတာက ကိစ္စတွေကို တိတ်တဆိတ်လုပ်ကြတဲ့သူတွေပဲ။ သူတို့က လူတွေကို နှုတ်ပိတ်ဖို့ သတ်ဖြတ်ရတာကိုလည်း သဘောကျတယ်။ အစိမ်းရောင်ကြာနယ်မြေအကြောင်း လူတွေကို မသိစေချင်ကြဘူး”

“အဲဆို မင်းက ဘာလို့ ဆန့်ကျင်ဘက် လုပ်နေရတာလဲ”

“ကျုပ်က လျှို့ဝှက်ချက်ကို မုန်းတယ်။ ကျုပ်တို့တွေက အချင်းချင်း ဘာလို့ဆန့်ကျင်နေရမှာလဲ။ အတူတကွပူးပေါင်းတာ ပိုပြီး မကောင်းဘူးလား” ချင်နိုင်ဟယ်က ပြုံးကာ ပြောလိုက်သည်။

“...”

ချင်နိုင်ဟယ်၏ တွေးခေါ်ပုံက မထူးဆန်းပေ။

ကမ္ဘာကို နယ်မြေကိုးခု ပိုင်ဆိုင်ထားသည့်အတွက် သူတို့ကတစ်ယောက်နဲ့ တစ်ယောက် အဘယ်ကြောင့် အဆက်ဖြတ်ထားရမည်နည်း။ ထိုမေးခွန်းကို မေးသူက ဖြေပေးမည်နည်း။

လုကျိုးက ချင်နိုင်ဟယ်သည် ဒဿနိက ပညာရှင်တစ်ယောက် မဟုတ်သည်က နှမြောဖို့ ကောင်းသည်ဟု ထင်မိ၏။

လုကျိုးက ဆက်မေးလိုက်၏။

“မင်းက ဒီနေရာကို ဘယ်လိုလုပ်ရှာတွေ့တာလဲ”

ချင်နိုင်ဟယ်က ပြောလိုက်သည်။

“ကောင်းကင်မှာ အလင်းတိုင်လုံးတွေ စုဝေးနေတာလေ။ ကျုပ်က သူတို့ရဲ့ ထူးခြားတဲ့ စွမ်းအင်ကို ခံစားမိတယ်။ အဲဒါ‌ကြောင့် ရတနာတချို့ ပေါ်လာတယ်ဆိုပြီးတော့ လာကြည့်တာ”

“ဒါပဲလား”

“ယုံတာ မယုံတာက ချန်းပေ့အပေါ်မှာ မူတည်ပါတယ်” ချင်နိုင်ဟယ်က ပြောလိုက်သည်။

“ခင်ဗျားရဲ့ ရန်သူက ဒီလိုမျိုးပြောနေတာကို အသားမကျသေးဘူး ထင်တယ်။ ဒါကပုံမှန်ပါပဲ။ ကျုပ်က အချိန်တစ်ခုအထိ ရွှေကြာနယ်မြေမှာ နေခဲ့ဖူးတယ်။ အဲဒီမှာ လူတချို့ကိုလည်း တွေ့ခဲ့ဖူးတယ်။ ကျုပ်ကို ယုံကြည်ပေးတဲ့သူ တစ်ယောက်ပဲ ရှိတယ်။ အဲလူနာမည်က ကျန့်ဝမ်ရွီ။ တခြားသူတွေကတော့ ခင်ဗျားလိုပဲ”

“...”

လုကျိုးက ပြောလိုက်သည်။

“မင်းက ရွှေကြာနယ်မြေကို ရောက်ဖူးပြီးတော့ ကျန့်ဝမ်ရွှီနဲ့ တွေ့ဖူးတယ်လား”

ချင်နိုင်ဟယ်က ပြုံးကာ အတိတ်ကို တွေးရင်း ပြောလိုက်သည်။

“လွန်ခဲ့တဲ့ နှစ်၃၀၀ခန့်ကပါ။ အထက်ပိုင်းက ရွှေကြာနယ်မြေမှာ ထူးဆန်းတဲ့အရာ ရှိတယ်ဆိုပြီး ခံစားမိလို့ ကျုပ်ကိုစေလွှတ်လိုက်တာ။ အဲဒါက ကျုပ်ရဲ့လွတ်လပ်သူအနေနဲ့ ပထမဦးဆုံး တာဝန်ပေါ့။ ခင်ဗျားတို့တွေက ဒီလိုခံစားဖူးပါ့မလားတော့ မသိဘူး။

ရေတွင်းအောက်ခြေမှာရှိတဲ့ ဖားတွေကို တွေ့တဲ့ခါမှာ ကမ္ဘာကြီးက ဘယ်လောက်ကျယ်ပြောတယ်ဆိုတဲ့ အကြောင်းကို ပြောပြချင်လာတာလေ။ ကျန့်ဝမ်ရွီက အတော်လေး စိတ်ဝင်စားဖို့ကောင်းတယ်။ သူက တိုင်းပြည်တော်တော်များများရဲ့ မင်းဆရာဖြစ်ဖို့ ရွေးချယ်ခဲ့ပြီးတော့ ကမ္ဘာကြီးရဲ့ ချမ်းသာကြွယ်ဝမှုတွေကို ခံစားနေခဲ့တာလေ”

လုကျိုးက ခပ်တည်တည်ဖြင့်သာ ပြောလိုက်သည်။

“ငါက ကျန့်ဝမ်ရွှီကို သတ်လိုက်ပြီ”

ချင်နိုင်ဟယ်က အနည်းငယ် အံ့အားသင့်သွားသော်လည်း သူက ဆက်ပြောလိုက်သည်။

“သူ သေသွားလည်း ကိစ္စမရှိပါဘူး။ ချန်းပေ့ကလည်း ရွှေကြာနယ်မြေက ထင်တယ်”

လုကျိုးက ထိုအရာကို မငြင်းဆန်ပေ။

ချင်နိုင်ဟယ်က အံ့အားသင့်သွားမိ၏။ ထို့နောက်သူက စိတ်ခံစားချက်များဖြင့် သက်ပြင်းချကာ ပြောလိုက်သည်။

“နှစ်၃၀၀ ကြာပြီးတဲ့‌နောက် ရွှေကြာနယ်မြေမှာ ဒီလိုကြီးကြီးမားမား ပေါ်လာလိမ့်မယ်လို့ ထင်မထားမိဘူး။ အရင်တုန်းက ရွှေကြာနယ်မြေရဲ့ အားအကောင်းဆုံးလူက သက်တမ်းကုန်လုနီးပါး ဖြစ်နေတဲ့ လူအိုကြီး တစ်ယောက်ပဲလေ”

လုကျိုး “...”

“သူ့နာမည် ဘယ်လိုခေါ်ပါလိမ့်…”

ထိုစဉ် လုကျိုးက ရုပ်ဖြတ်ကတ်ကို ခြေမွှလိုက်ပြီး လေသံအတင်အကျမရှိ ပြောလိုက်သည်။

“မင်း မျက်လုံးကိုဖွင့်ပြီး သေချာကြည့်ထား”

အသက်တစ်ရှိုက်စာအတွင်း လုကျိုးက အရေးအကြောင်းများ ရှိသည့် ပညာရှိဝိဇ္ဇာတစ်ယောက်နှင့် တူသည့် လူအိုကြီးတစ်ယောက်အသွင် ပြောင်းလဲသွားခဲ့သည်။

ချင်နိုင်ဟယ်က ထိုအရာကို ကြည့်ရင်း တုန်လှုပ်စွာ နောက်ဆုတ်လိုက်၏။

“ဒါက…”

လုကျိုးက ခပ်တည်တည်ဖြင့် ပြောလိုက်သည်။

“သက်တမ်းကုန်လုနီးပါး ဖြစ်နေတယ်ဆိုတဲ့ လူအိုကြီးက ငါပဲ”

“...”

ချင်နိုင်ဟယ်က စိတ်ထဲ တုန်လှုပ်သွားလေ၏။ သူက နောက်တစ်လှမ်း ဆုတ်လိုက်သည်။

လုကျိုးက သူ့လက်ထဲမှ မိုးကြိုးကတ်ကို ပစ်ခတ်လိုက်တော့သည်။

“အခုမင်းက ငါ့ကို မြင်သွားပြီဆိုတော့ …”

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” ချင်နိုင်ဟယ်က ခေါင်းအသာယမ်းလိုက်သည်။ သေလုနီးပါးဖြစ်နေသည့် လူအိုကြီးတစ်ယောက်သည် နှစ်၃၀၀မျှဖြင့် ဆရာသခင်တစ်ယောက် မည်သို့ဖြစ်လာနိုင်မည်နည်း။

All Chapters