အခန်း (၁၂၀၄-၁၂၀၆)
Vol. 81 Ch. 1204-1206
အခန်း (၁၂၀၄) ပါရမီရှင်တစ်ယောက် သေဆုံးခြင်း
လုကျိုးက ကောင်းကင်ထက် ဝဲပျံကာ ပျံ့နှံ့နေသည့် မီးပင်လယ်ကို ငုံ့ကြည့်လိုက်သည်။ တောအုပ်အတွင်း နေထိုင်ကြသည့် ငှက်များနှင့် သားရဲများက မီးတောက်အတွင်း ပိတ်မိသွားကြ၏။
ဤတစ်ကြိမ် တစ္ဆေအစေခံ၂ယောက်က သေဆုံးသွားလေပြီ။
ရထားလုံးပျံအပေါ်တွင် စီးဝူယာ့က ပြောလိုက်သည်။
“ရှစ်စွင်း မီးတောက်က ကြီးလွန်းတယ်။ တကယ်လို့ ဒီလိုသာ ဆက်ဖြစ်နေမယ်ဆိုရင် ၁၀ရက်အတွင်း အနောက်မြောက်ပိုင်းတစ်ခုလုံး လောင်ကျွမ်းသွားလိမ့်မယ်”
လုကျိုးက ငုံ့ကြည့်ပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။ ချုပ်နှောင်ရေးစည်းတံဆိပ်က သူ့ဆီ ပြန်လည်ရောက်ရှိလာ၏။
ရှောင်ယွမ်ဟယ်က ကုန်းပတ်ပေါ် ပေါ်လာကာ ကောင်းကင်ကို ပြန်လည်မော့ကြည့်ရင်းပြောလိုက်သည်။
“အစ်ကိုလု မလှုပ်ရှားသေးတဲ့သူကို စိုးရိမ်ရမယ် မဟုတ်လား”
လုကျိုးက အဝေးတစ်နေရာရှိ တိမ်တိုက်ကိုကြည့်ရင်း ဘာပုံရိပ်မှ မမြင်ရတော့ပေ။ ချင်နိုင်ဟယ်က ထွက်သွားသည်မှာ ကြာမြင့်လှပြီဖြစ်၏။
“သူက အခု လှုပ်ရှားအုံးမှာ မဟုတ်ဘူး။ မီးငြှိမ်းဖို့ပဲ အာရုံစိုက်ထားကြ”
“ဟုတ်ကဲ့ပါ”
သူတို့ရှစ်စွင်း၏ အမိန့်နှင့် အနီရောင်ကြာနယ်မြေ၏ ဘေးကင်းမှုအတွက် စီးဝူယာ့၊ ရှောင်ယွမ်အာနှင့် ခရုလေးတို့က ရထားလုံးပျံပေါ်မှ ခုန်ဆင်းသွားကြသည်။
မိစ္ဆာဝေဟင်မျှော်နန်းမှ အခြားသော အဖွဲ့ဝင်များကလည်း မီးကို စတင်ငြှိမ်းသက်နေကြ၏။
သို့သော် သူတို့၏ အရေအတွက်က နည်းပါးလွန်းပြီး မီးက ပျံ့နှံ့လွန်းနေသည်။ သူတို့က ကျင့်ကြံသူများဖြစ်လျှင်ပင် ငြှိမ်းသက်ဖို့ရာ ခက်ခဲနေဆဲ ဖြစ်၏။
ထိုစဥ် နျဲ့ချင်းယွင်က တပည့်ထောင်ချီကို ဦးဆောင်ခေါ်လာခဲ့သည်။ သူက မီးပင်လယ်ကို ကြည့်ရင်း ဆွံ့အနေမိသ၏။ ခဏအကြာတွင် သူက ပြောလိုက်သည်။
“မီးကို ငြှိမ်းကြ”
“ဟုတ်ကဲ့”
တပည့်များစွာက ဒဏ်ရာများစွာ ရထားသော်လည်း သူတို့က နာကျင်မှုကို တောင့်ခံကာ အဖက်ဖက်သို့ ပျံသန်းသွားပြီး မီးကို ငြှိမ်းသက်နေကြသည်။ အားလုံးက မီးကို ငြှိမ်းသက်ဖို့ အကောင်းဆုံး ကြိုးစားအားထုတ်နေကြ၏။
လုကျိုးက ရထားလုံးပျံပေါ် ရောက်ရှိလာကာ လက်နောက်ပစ်လျက် မီးပင်လယ်ကို ငုံ့ကြည့်လိုက်သည်။
ထိုစဥ် ယွီရှန်းရုန်က သေလုမျောပါးဖြစ်နေသည့် ချင်မော့ရှန်းကို ရထားလုံးပျံပေါ်ဆွဲလာပြီး ကုန်းပတ်ပေါ် ပစ်တင်လိုက်သည်။ ထို့နောက် သူက ပြောလိုက်၏။
“ရှစ်စွင်း ချင်မော့ရှန်းက သူ့မွေးဖွားဇယားချပ်တွေအားလုံး ဆုံးရှုံးသွားပြီ။ ကျွန်တော်အခု သွားပြီးတော့ မီးကူငြှိမ်းလိုက်အုံးမယ်”
“သွား သွား”
လုကျိုးက လက်ဝှေ့ကာ ပြောလိုက်သည်။
ကျင့်ကြံရေးလောကရှိ မီးငြှိမ်းသက်သည့်နည်းလမ်းက သာမန်နည်းလမ်းများထက် ပိုမိုကောင်းမွန်ပေသည်။ ရေဓာတ်အရင်းအမြစ်ရှိရာ နေရာမှ ရွေ့လျားကာ မီးကို ငြှိမ်းသက်ဖို့ ဖြစ်၏။ သို့သော် အစစ်အမှန်မီးတောက်က ကြမ်းတမ်းခက်ထန်လှသည့်အတွက် ရေအနည်းငယ်နှင့် ငြှိမ်းသက်နေသည်နှင့် မကွာခြားပေ။ ပို၍ အရေးကြီးသည်က ထိုအရာသည် မီးကို မငြှိမ်းသက်နိုင်ရုံမျှမကဘဲ မီးကိုပင် ပိုမိုလောင်ကျွမ်းလာစေသည်။ တစ်ခုတည်းသော အရေးသာချက်က ကျင့်ကြံသူများသည် ရှေ့နောက် လွတ်လပ်စွာ သွားလာနိုင်ခြင်း ဖြစ်၏။
စီးဝူယာ့က ခက်ထန်နေသည့် မီးတောက်များကို ကြည့်ကာ စဥ်းစားလိုက်သည်။ ခဏအကြာတွင် သူက အားလုံးစီ အသံပို့ဆောင်ကာ ပြောလိုက်၏။
“မြေကြီးတူးပြီးတော့ မီးပျံ့လာတာကို တားကြ”
အားလုံးက စီးဝူယာ့၏ ဆိုလိုရင်းကို နားလည်လိုက်ကြ၏။ သူတို့က မီးတောက်ဖြင့် မထိတွေ့ရသေးသည့် နေရာများထံ ပျံသန်းသွားကာ စတင်လှုပ်ရှားလိုက်ကြသည်။ တစ်နာရီကြာမြင့်ပြီးသည့်နောက်တွင် သူတို့က မီးကို စက်ဝိုင်းပုံစံ အနေအထားဖြင့် ငြှိမ်းသက်နိုင်ခဲ့၏။
ဆက်တိုက်ဆိုသလို လုကျိုး၏ တပည့်များကလည်း ရထားလုံးပျံပေါ် တစ်ယောက်ပြီး တစ်ယောက် ပြန်လည်ရောက်ရှိလာသည်။ သူတို့၏ မျက်နှာများက မီးခိုးကြောင့် မည်းတူးနေကြ၏။
ရှောင်ယွမ်အာက လုကျိုးဘေးနား ရောက်လာကာ ပြောလိုက်သည်။
“ရှစ်စွင်း တပည့်တို့တွေ မီးကို အောင်အောင်မြင်မြင် ငြှိမ်းသက်နိုင်ခဲ့ပြီ”
လုကျိုးက အနက်ရောင် အရုပ်ကလေးနှင့် တူနေသည့် ရှောင်ယွမ်အာကို ကြည့်ကာ ခေါင်းညိတ်လိုက်၏။
ရထားလုံးပျံပေါ်တွင် အားလုံးက ရပ်နေကြပြီး တစ်ယောက်နဲ့တစ်ယောက် ကြည့်ကာ မျက်နှာပူနေကြသည်။
“ကျစ် ငါ့ရဲ့ ဂုဏ်ကျက်သရေကြီးမားတဲ့ ပုံရိပ်ကတော့ ပျက်စီးပါပြီ” မင်ရှစ်ရင်က ညည်းတွားလိုက်သည်။
“အားလုံးက အတူတူပါပဲ”
ထိုစကားများက အားလုံးကို ရယ်မောသွားစေ၏။
ဤတစ်ကြိမ် ယွီရှန်းရုန်က ပြန်လည်ရောက်ရှိလာသည်။
ရှောင်ယွမ်အာက သိချင်ဇောဖြင့် မေးလိုက်သည်။
“အာ့ရှစ်ရှိုးက ဘာလို့ မည်းတူးမနေတာလဲ”
ယွီရှန်းရုန်က ဘယ်ညာကို ကြည့်ရင်း ပြုံးကာ ပြောလိုက်သည်။
“ကာကွယ်ရေးစွမ်းအားကြောင့်လေ”
“...”
မီးတောက်များကို ငြှိမ်းသက်ပြီးသည့်နောက်တွင် တိမ်တိုက်တောင်ရှိ ဂိုဏ်း၁၂ခုက လောင်ကျွမ်းသွားပြီ ဖြစ်၏။ သို့သော်လည်း အပြီးတိုင် လောင်ကျွမ်းသွားတာထက်စာလျှင် ပို၍ကောင်းသည်။ အားလုံးက မည်းတူးနေသည့် မြေပြင်ပေါ်ကြည့်ကာ သက်ပြင်းချလိုက်သည်။
လုကျိုးက ထိုမည်းတူးနေသည့် ကုန်းမြေကို လှမ်းကြည့်လိုက်သည်။
ဤတစ်ကြိမ် နျဲ့ချင်းယွင်က အခြားသူများကို ဦးဆောင်ခေါ်လိုက်ပြီး လုကျိုးထံ ဦးညွတ်လိုက်သည်။
ကျူးဟုန်ကုန်းက ထိုင်ခုံတစ်လုံးကိုထုတ်ကာ လုကျိုးနောက်တွင် ရပ်ရင်း ပြောလိုက်သည်။
“ရှစ်စွင်း ထိုင်ပါ”
လုကျိုးက ထိုင်ကာ ချင်မော့ရှန်းကို ကြည့်လိုက်သည်။
အားလုံးက သူတို့၏ မျက်နှာအထက် ရွံရှာသည့်အမူအရာမျိုး ပန်ဆင်ထားကြ၏။ လုကျိုးက မုတ်ဆိတ်သပ်ကာပြောလိုက်သည်။
“ငါက ငါ့ကိုခြိမ်းခြောက်တဲ့လူတွေကို အမုန်းဆုံးပဲ။ မင်းလိုမျိုး ကြွက်တစ်ကောင်က သတ္တိကောင်းရဲ့လား”
“ချင်မော့ရှန်း “...”
ကျူးဟုန်ကုန်းက အရင်ဦးစွာ စပြောလိုက်သည်။
“ရှစ်စွင်း သူ့ကို နှိပ်စက်သင့်တယ်”
လုကျိုးက ခေါင်းညိတ်လိုက်၏။
“ကျွန်တော်က အဲဒီနေရာမှာတော်တယ်”
ကျူးဟုန်ကုန်းက အင်္ကျီလက်ကို ပင့်တင်ကာ ချင်မော့ရှန်းဆီ သွားလိုက်သည်။ ထို့နောက် သူက ခန္ဓာကိုယ်ကို အောက်ငုံ့ကာ ပြောလိုက်သည်။
“ကျွန်တော်က ဝါး နှိပ်စက်ရေး၊ သစ်သား ညှဉ်းပမ်းရေးနဲ့ အဲ့လိုမျိုးကိစ္စတွေမှာ တော်တယ်”
ချင်မော့ရှန်း၏ မျက်ဝန်းဝယ် အကြောက်တရားများဖြင့် ပြည့်နှက်လာသည်။ သူက သူ့မိဘမှ အချစ်ခံရပြီး ချမ်းသာကြွယ်ဝသည့်မျိုးနွယ်အတွင်း ကြီးပြင်းလာသူ ဖြစ်၏။ ထို့အပြင် သူက အားလုံးချီးကျူးခံရသည့် ကျင့်ကြရေး ပါရမီရှင်တစ်ယောက် ဖြစ်ပေသည်။ ဆရာသခင်ချင်ကပင် သူ့ကို နှစ်၅ထောင်အတွင်း ချင်မျိုးနွယ်အတွင်း ပေါ်ထွက်လာသည့် ပါရမီရှိသော ကျင့်ကြံသူဟု ခေါ်ဆိုခဲ့ဖူးသည်။ သူက ချင်မျိုးနွယ်၏ အမွေဆက်ခံသူ ဖြစ်၏။ သူက ယခင်က မည်သို့ ခံစားခဲ့ဖူးမည်နည်း။ ကျူးဟုန်ကုန်း၏ စကားများက သူ့ကို သေလုမတတ် ထိတ်လန့်သွားစေသည်မှာ ပုံမှန်သာ ဖြစ်၏။
လုကျိုးက မုတ်ဆိတ်သပ်လိုက်သည်။
အစပိုင်းတွင် သူက မေးခွန်းများကိုမေးဖို့ ကြံစည်ထားခဲ့သော်လည်း ယခုအခါ ဘာမေးခွန်းမှ မရှိတော့ပေ။ သူက သိဖို့ လိုအပ်သည့်အရာအားလုံးကို သိထားပြီးသားဖြစ်၏။ ထို့ကြောင့် သူက အင်္ကျီလက်ကိုဝှေ့ကာ ပြောလိုက်သည်။
“အဆုံးသတ်လိုက်”
“ကောင်ပါပြီ။ ကျွန်တော် သူ့အသက်ကို အဆုံးသတ်လိုက်မယ်”
ကျူးဟုန်ကုန်းက သူ့လက်အိတ်ကို ထုတ်ကာ ဝတ်ဆင်လိုက်သည်။ ထို့နောက် သူက လက်သီးခြင်းထိုးပြီးသည့်နောက်တွင် ရယ်မောလိုက်၏။
“မစိုးရိမ်နဲ့။ ငါ့လက်သီးက မင်းဆီ ထိတဲ့အခါ မင်းဦးခေါင်းက ပွင့်ထွက်သွားလိမ့်မယ်။ နာကျင်မှု ခံစားရမှာ မဟုတ်ဘူး”
“...”
ချင်မော့ရှန်းက မျက်လုံးများဝေ့ကာ မေ့လဲသွားတော့သည်။
ကျူးဟုန်ကုန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
“မင်းက ဒါပဲ တတ်နိုင်တာလား”
လုကျိုးက မထူးမခြားနားပြောလိုက်သည်။
“သူ့ကို အခု အကျဥ်းချထားလိုက်”
စီးဝူယာ့က ဦးညွတ်ကာ ပြောလိုက်သည်။
“ရှစ်စွင်းက သူ့ကို အသက်ရှင်ရက်ထားဖို့ တကယ့်ကို ဥာဏ်ကြီးတာပဲ။ သူက ဆရာသခင်ချင် ညှိနှိုင်းတဲ့အခါမှာ အရေးကြီးတဲ့ ဓားစာခံ ဖြစ်လာနိုင်တယ်”
တစ်ချိန်တည်းဆိုသလို ကျူးဟုန်ကုန်းက ချင်မော့ရှန်းကို အခန်းငယ်အတွင်း ဆွဲခေါ်ကာ ချည်နှောင်လိုက်သည်။
ထို့နောက် လုကျိုးက နျဲ့ချင်းယွင်ကို ကြည့်ကာ ပြောလိုက်သည်။
“ဒီမတော်တဆဖြစ်ရပ်က ငါ့ကြောင့် ဖြစ်လာတာပဲ”
နျဲ့ချင်းယွင်က လက်ရမ်းကာ ပြောလိုက်သည်။
“အမှားနဲ့ အမှန်က သိသာပါတယ်။ ဒါတွေအားလုံးက ချင်မျိုးနွယ်ရဲ့ အမှားပါ။ လုချန်းပေ့ကို ဘာလို့အပြစ်တင်ရမှာလဲ။ လုချန်းပေ့ရဲ့ အကူအညီကြောင့် ကျေးဇူးတင်လှပါပြီ”
လုကျိုးက ခေါင်းညိတ်ပြီးသည့်နောက်တွင် ယွီကျန့်ဟိုင်ကို ကြည့်လိုက်သည်။ ယွီကျန့်ဟိုင်က သူ့ရှစ်စွင်း၏ ဆိုလိုရင်းကို နားလည်လိုက်၏။ သူက ကုန်းပတ်ပေါ် သွားကာ ရထားလုံးပျံကို မောင်းနှင်လိုက်သည်။
ရထားလုံးပျံက မောင်းနှင်တော့မည့်ဆဲဆဲတွင် လုကျိုးက ရုတ်တရက် ပြောလိုက်သည်။
“ထွက်ခဲ့”
“...”
အားလုံးက ကြောင်အသွားကြ၏။ သူတို့က ပတ်ဝန်းကျင်ထက် လှုပ်ရှားမှု သို့မဟုတ် အရှိန်အဝါကို မခံစားမိပေ။ တကယ်တော့ အင်မတန် တိတ်ဆိတ်နေသည့်အတွက် လုကျိုးက လေထုကို ပြောနေသည်လား။ သိပ်မကြာခင် လေထုထဲ ပုံရိပ်များစွာ ထွက်ပေါ်လာပြီးသည့်နောက်တွင် အားလုံးရှေ့မှာ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
“ချန်းပေ့ရဲ့ အမြင်ကနေ မပုန်းအောင်းနိုင်ဘူးဘဲ”
ထိုသူက ချင်နိုင်ဟယ်ကလွဲ၍ တစ်ခြားသူ မဟုတ်ပေ။
အမည်- ချင်နိုင်ဟယ်
ဇာစ်မြစ်- မဟာချင်မှ လူသား
ကျင့်ကြံဆင့် - ဘုံ တစ်ထောင်လေပွေအဆင့်
လုကျိုးက အင်္ကျီလက်ကို ဝှေ့ယမ်းပြီး တစ်ဖက်လူကို ကုန်းဘက်ပေါ်ဆင်ဖို့ အချက်ပြလိုက်သည်။
ချင်နိုင်ဟယ်က နေရခက်စွာ ပြုံးလိုက်၏။
“ကိစ္စမရှိပါဘူး ကျွန်တော် ဒီနေရာမှာ ရပ်နေပါမယ်”
ချင်နိုင်ဟယ်က သူသာ ထိုနေရာပေါ် ဆင်းလိုက်ပါက သူ့တွင် တောင်ပံများ ရှိနေလျှင်ပင် လွတ်မြောက်နိုင်တော့မည် မဟုတ်မှန်း သိနေသည်။ ထိုအရာပေါ် မူတည်၍ သူသည် အင်မတန် သတိကြီးသူဖြစ်ကြောင်း မြင်နိုင်၏။
လုကျိုးက ပြောလိုက်သည်။
“မင်း သဘောပဲ”
ချင်နိုင်ဟယ်က ပြောလိုက်၏။
“တကယ်တော့ ချင်မော့ရှန်း လက်စားချေဖို့အစီအစဥ်ကို ဆန့်ကျင်ခဲ့တာ။ ချန်းပေ့ ကျုပ်ကို ယုံလား”
လုကျိုးက ပြောလိုက်သည်။
“မယုံဘူး”
လုကျိုး ပြောလိုက်သည်။
“မင်းက သူ့ကို အနီရောင်ကြာနယ်မြေဆီ ခေါ်သွားပြီးတော့ မင်းရင်ဘတ်က ဆူးချွန်ကို ငါ့လက်နဲ့ ရှင်းထုတ်ချင်နေတာ မဟုတ်ဘူးလား”
ချန်နိုင်ဟယ်က လေးလေးနက်နက် ပြောလိုက်သည်။
“ဒီလို တုံးအအ အရာမျိုးက ကျုပ်ရဲ့ ပုံစံ မဟုတ်ဘူး။ ပြီးတော့ ချန်းပေ့က ချင်မော့ရှန်းရဲ့ အနေအထားကို လျှော့တွက်လွန်းတာပဲ။ သူက ဆရာသခင်ချင်ရဲ့ အမွေဆက်ခံဖို့ အခွင့်အရေး မြင့်မားတယ်”
“အဲဒါဆိုရင် မင်းက ဘာလို့ ဘေးကနေ ရပ်ကြည့်နေတာလဲ” လုကျိုးက မေးလိုက်သည်။
အားလုံးကလည်း သိချင်နေကြသည်။
ချင်နိုင်ဟယ်က အဘယ့်ကြောင့် ဘာမှမလှုပ်ရသနည်း။
တစ္ဆေအစေခံများပင် ချင်မော့ရှန်းကို ကယ်တင်ဖို့ သေဆုံးသွားကြလေသည်။
လုကျိုးက ချင်နိုင်ဟယ်နှင့် ပတ်သက်ပြီး သတိကြီးကြီး ထားထားခဲ့၏။ အကယ်၍ ချင်နိုင်ဟယ်သာ လှုပ်ရှားခဲ့မည်ဆိုပါက ချင်နိုင်ဟယ်အပေါ် လှုပ်ရှားဖို့ တုံ့ဆိုင်းနေမည် မဟုတ်ပေ။
ချင်နိုင်ဟယ်က အခန်းဘက်ကို လှည့်ကြည့်လိုက်ရင်း ပြောလိုက်သည်။
“ချင်မော့ရှန်းက အသက်ရှင်နေသေးတယ် မဟုတ်လား။ ပြီးတော့ ဆရာသခင်ချင်ရဲ့ စွမ်းရည်နဲ့ဆိုရင် ချင်မော့ရှန်းကို မွေးဖွားဇယားချပ်တွေအားလုံး ပြန်ကောင်းအောင် လုပ်ပေးနိုင်တယ်”
“အဲ့ဒါကြောင့် မင်းက ပြန်ရောက်လာတာလား”
လုကျိုးက မေးလိုက်သည်။
“ချန်းပေ့ ချင်မော့ရှန်းကို ကျုပ်ဆီပေးပါ။ ဒီနေ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ချင်မော့ရှန်းနဲ့ ချင်မျိုးနွယ်ရဲ့ကိုယ်စား ကျုပ် တောင်းပန်ပါ့မယ်”
“ဆရာသခင်ချင်က သူ့မွေးဖွားဇယားချပ်တွေကို ပြန်ကောင်းအောင် လုပ်ပေးနိုင်တယ်လို့ ပြောတယ်မလား”
လုကျိုးက မေးလိုက်သည်။
ချင်နိုင်ဟယ်က ခေါင်းညိတ်လိုက်သည်။
“ဆရာသခင်ချင်က ဒီနှစ်တွေထဲမှာ လျှို့ဝှက်ဆန်းကြယ် အသက်ဓာတ်မြက်ကို စုဆောင်းထားခဲ့တာ”
ချင်နိုင်ဟယ်၏အသံ ထွက်ပေါ်လာသည်နှင့် လုကျိုးက လှည့်ကာ အခန်းငယ်ဘက် လက်ဆန့်ထုတ်လိုက်၏။
ထို့နောက် နဂါးလက်သည်းနှင့် တူသည့် စွမ်းအင်စည်းတံဆိပ်က ချင်မော့ရှန်းကို ဆွဲထုတ်လာ၏။
ချင်မော့ရှန်းက အသိစိတ်ဝင်လာပြီး မျက်လုံးပြူးမျက်ဆံပြူးဖြင့် နာကျင်စွာ အော်ညည်းလိုက်သည်။
လုကျိုးက ချင်မော့ရှန်းကို ကြည့်လိုက်သည်။
ချင်မော့ရှန်း၏ မျက်နှာက ဒေါသဖြင့် နီရဲနေပြီး အံကြိတ်ကာ ပြောလိုက်သည်။
“ငါ့ကို သတ်ရဲတယ်လား”
“ကျွတ်”
နဂါးလက်သည်းက တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။
ချင်မော့ရှန်းက မျက်လုံးအပြူးသားဖြင့် သေဆုံးသွားလေသည်။
“တင်း ပစ်မှတ်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၃၅၀၀ ရရှိပါတယ်။ နယ်မြေအပိုဆုလာဘ်အနေနဲ့ ကုသိုလ်ရမှတ် ၁၅၀၀ ရရှိပါတယ်။
“ချန်းပေ့”
ချင်နိုင်ဟယ်က တအံ့တသြ ခေါ်လိုက်သည်။ လုကျိုးက လက်ကို ဆန့်ထုတ်ကာ ချင်နိုင်ဟယ်ဆီ အလောင်းကို လွှင့်ပစ်လိုက်သည်။ ထို့နောက် သူက ပြောလိုက်၏။
“အခု ဘာလဲ”
…
အခန်း (၁၂၀၅) သစ္စာဖောက်တာလား
“...”
ချင်နိုင်ဟယ်က တခဏတာ အသက်ရှူတာရပ်သွားလေ၏။ သူ၏လည်ပင်းထဲ တစ်ဆို့နေပြီး စကားတစ်ခွန်းမှ မပြောနိုင်ပေ။ သူသည် ချင်မော့ရှန်း၏အသက်ကင်းမဲ့သောခန္ဓာကိုယ် သူ့ဆီလွင့်လာတာကိုပဲ ကူကယ်ရာမဲ့စွာ ကြည့်နေနိုင်၏။
တကယ်တော့ ချင်နိုင်ဟယ်က ချင်မော့ရှန်း၏ အကျင့်စရိုက်ကို ရွံ့ရှာစက်ဆုပ်သည်။ အစိမ်းရောင်ကြာနယ်မြေ၏ ထင်ရှားသော မျိုးနွယ်စုထဲတွင် သူကဲ့သို့ အသုံးအဖြုန်းကြီးသည့် သားတော် များများစားစားမရှိပေ။ ကောင်းစွာတည်ထောင်ထားသည့် မင်းဆွေမင်းမျိုးများက လူငယ်မျိုးဆက်ကို သင်ကြားပြသရန် အာရုံစိုက်ထားကြ၏။ သူတို့၌ ခံစားချက်ရှိနေပင်လျှင် ပွင့်ပွင့်လင်းလင်း ထုတ်ပြလေ့မရှိ။
ချင်မော့ရှန်းက ကျန်သည့်သူများနှင့်မတူပေ သူသည် ငယ်ရွယ်စဉ်ကတည်းက ချီးကျူးမှုများစွာ ရထားပြီး ၎င်းက သူ့ကို သွေးနားထင်ရောက်စေ၏။ ဆိုရလျှင် သူသည် ငယ်ငယ်ရွယ်ရွယ်ဖြင့် မွေးဖွားဇယားချပ် ၁၀ခု အသက်သွင်းခဲ့ပြီးဖြစ်သည်။ သူ၏မိဘများက သူ့ကိုသွန်သင်ဖို့ လျစ်လျူရှုထားလျက် မျက်စိစုံမှိတ်ထားခဲ့သည်။ သူ မောက်မာထောင်လွှားသွားတာ အံ့ဩစရာမရှိပေ။ ဆရာသခင်ချင်က ချင်နိုင်ဟယ်ကို ချင်မော့ရှန်းဘေး၌ နေခိုင်းခဲ့တာ ထိုအကြောင်းအရင်းကြောင့် ဖြစ်သည်။ ချင်နိုင်ဟယ်က ချင်မော့ရှန်းထက် အသက်ပိုကြီးပြီး သန်မာသူက အားနည်းသူကိုနိုင်စားသည့်လောကကြီးအကြောင်း ကောင်းမွန်စွာသိသည်။ ချင်မော့ရှန်း၏ စိတ်နေသဘောထားဖြင့် သူ ပြဿနာတက်မှာ ကျိန်းသေသည်။ ကံဆိုးသည်မှာ အဆုံးကျ သူသည် ချင်မော့ရှန်းကို မကယ်နိုင်ခဲ့ပေ။
ချင်နိုင်ဟယ်က ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်၏။
“အစတုန်းက ဒီတစ်ခေါက် သူ ဒုက္ခခံပြီးရင် သင်ခန်းစာရပြီး ဘဝသစ် စနိုင်မယ်လို့ထင်ခဲ့တာ။ ဘာကြောင့်လဲ လုချန်းပေ့”
လုကျိုးက ခေါင်းခါပြီးနောက် ပြောလိုက်သည်။
“မင်း ဒီဆိုရိုးစကားကို ကြားဖူးလားမသိဘူး”
“ကျုပ် နားထောင်နေပါတယ်”
“ကျားသစ်တစ်ကောင်ရဲ့ အစက်အပြောက်တွေက ညတွင်းချင်း မပြောင်းလဲဘူး" လုကျိုးက ပြောလိုက်သည်။ ၎င်းက ကမ္ဘာမြေပေါ်ရှိ သူ၏အတွေ့အကြုံကို အခြေခံထားတာဖြစ်သည်။ သူ၏မိသားစုက သူ့ကို ကောင်းစွာ မသင်ထားပေးခဲ့လျှင် လူ့အသိုင်းအဝိုင်းက သူ့ကို နက်နဲသည့်သင်ခန်းစာပေးလိမ့်မည်။
ချင်မော့ရှန်းက စိတ်ရှုပ်ထွေးသွားလေ၏။
“ဒါပေမဲ့ ချန်းပေ့ ... ကျုပ်ရဲ့တစ်ခုတည်းသောထွက်လမ်းက သူအသက်ရှင်လျက်ရှိတာအပေါ် မူတည်နေတာ”
ချင်မော့ရှန်း အသက်ရှင်နေသေးလျှင် ချင်နိုင်ဟယ်က ဆရာသခင်ချင်ကို တောင်းပန်ရန် အခွင့်အရေးတစ်ခုရှိ၏။ သူက ဤအဖြစ်အပျက်အတွက်ပြင်ဆင်ပေးရန် ဆန်းကြယ်အသက်မြက်ကို ရှာဖွေပေးဖို့ အမည်မသိကုန်းမြေကိုတောင် သွားနိုင်၏။ သို့သော် ယခုမူ သူက အဆုံးသတ်သို့ တွန်းပို့ခံရပြီးဖြစ်သည်။ ဆရာသခင်ချင်က ဆင်ခြင်တုံတရားရှိသည့် လူတစ်ယောက်ဖြစ်သော်ငြား ဤကဲ့သို့ ကြီးလေးသော ပြစ်မှုမျိုးကို ခွင့်လွှတ်မှာမဟုတ်ပေ။ ချင်မော့ရှန်းကို အလွန်တန်ဖိုးထားသည့် ချင်မျိုးနွယ်မှ ကျန်သည့်အကြီးအကဲများဆို ပိုဆိုးပေလိမ့်မည်။
“မင်းရဲ့သေရေးရှင်ရေးက ငါနဲ့ဘာဆိုင်လို့လဲ” လုကျိုးက မေးလိုက်၏။
“...”
ရှောင်ယွမ်အာက ဝင်ပြောလိုက်၏။
“အဟုတ်ပဲ ... ရှင့်ရဲ့သေရေးရှင်ရေးက ကျွန်မရှစ်စွင်းနဲ့ဘာဆိုင်လို့လဲ။ ရှင့်စကားက အဓိပ္ပာယ်မရှိလိုက်တာ။ ဒါ့အပြင် ရှင်က တိမ်တိုက်တောင်ရဲ့တပည့်တွေကိုသတ်ဖို့ ဒီကိုလူခေါ်လာတာလေ။ ကျွန်မရဲ့ရှစ်စွင်းက ရှင့်ကို လက်ဝါးရိုက်ချက်တစ်ချက်တည်းနဲ့မသတ်တာ ကျေးဇူးတင်သင့်တယ်”
“ပြောတာကောင်းတယ်”
လူတိုင်းက ခေါင်းညိတ်လိုက်လေ၏။
အဆုံးကျ ချင်နိုင်ဟယ်သည် စိတ်ရှုပ်ထွေးသောအမူအရာဖြင့်ပြောလိုက်သည်။
“ထားလိုက်တော့ ... သေခြင်းရှင်ခြင်းက သတ်မှတ်ပြီးသား။ နှုတ်ဆက်ပါတယ်”
“နေဦး” စီးဝူယာ့က ကုန်းပတ်ရှေ့သို့လျှောက်လာသည်။ သူက ချင်နိုင်ဟယ်ကို ကြည့်ပြီးပြောလိုက်၏။
“သဘောတရားအရဆို ခင်ဗျားက ကျုပ်တို့ရန်သူပဲ။ ခင်ဗျားတွေးခေါ်တတ်တာကို မြင်တာကြောင့် ကျုပ်ရဲ့ရှစ်စွင်းက ခင်ဗျားကို မတိုက်ခိုက်ခဲ့တာ။ ချင်မော့ရှန်းသေပြီဆိုတော့ ခင်ဗျား ဘာလုပ်သင့်တယ်ထင်လဲ”
“အမည်မသိကုန်းမြေက ဒီလောက်ကျယ်ဝန်းတာ ကျုပ်အတွက်နေရာတစ်ခု အမြဲရှာနိုင်မှာပေါ့”
ယခုအချိန်တွင် ချင်နိုင်ဟယ်သည် ပြင်ပလောကကြီးကို သူ့အိမ်ဖြစ်အောင်လုပ်ဖို့ အသင့် ဖြစ်နေလေသည်။
“ခင်ဗျား ကျုပ်စကားကို နားလည်မှုလွဲနေပြီ” စီးဝူယာ့က ပြောလိုက်၏။
“အခု ချင်မော့ရှန်းသေပြီ။ ချင်မျိုးနွယ်က သေချာပေါက် အလွတ်ပေးမှာမဟုတ်ဘူး။ မိစ္ဆာဝေဟင်မျှော်နန်းနဲ့ ချင်မျိုးနွယ်ရဲ့ပဋိပက္ခစတင်ပြီ။ ဒီကိစ္စကို စုံစမ်းစစ်ဆေးပြီးရင် ကျုပ်ရဲ့ရှစ်စွင်းက ဒီကိစ္စကိုစတဲ့သူတစ်ယောက် ဖြစ်နေတော့ ခင်ဗျားကို ဘယ်လိုလုပ် အလွတ်ပေးနိုင်မှာလဲ”
“...”
ချင်နိုင်ဟယ်က အလိုလိုနောက်တစ်လှမ်းဆုတ်မိသွား၏။ သူကစီးဝူယာ့ဆီက အကြည့်ကိုခွာပြီး လုကျိုးကို ပြောလိုက်တော့၏။
“ချန်းပေ့ ကျုပ်ကို သတ်ဖို့စီစဉ်ထားတာလား။ ကျုပ်ကို သတ်ရင်တောင် ခင်ဗျားနဲ့ ချင်မျိုးနွယ်ရဲ့ပဋိပက္ခကို ဖြေရှင်းနိုင်မှာမဟုတ်ဘူး” ပြီးနောက် သူက သက်ပြင်းချပြီး ဆက်ပြောလိုက်၏။
“ခင်ဗျား တကယ် ချင်မော့ရှန်းကို မသတ်ခဲ့သင့်ဘူး”
လုကျိုးက နှာမှုတ်လိုက်၏။
“ချင်နိုင်ဟယ်”
ချင်နိုင်ဟယ်သည် ထိတ်လန့်အံ့အားသင့်သွားပြီးနောက် နောက်သို့တစ်လှမ်းဆုတ်လိုက်သည်။
လုကျိုးက အသံမြှင့်တင်လျက် မေးလိုက်သည်။
“ငါ ဆရာသခင်ချင်ကို ကြောက်တယ်များထင်နေလား”
“...”
ချင်နိုင်ဟယ်သည် ထိုစကားကြားသောအခါ ဉာဏ်အလင်းပွင့်သွားသလိုခံစားလိုက်ရ၏။ တကယ်ပင် သူ့ရှေ့ရှိ အဖိုးအိုက နက်နဲသည့်ကျင့်ကြံဆင့်ရှိပြီး ကြောက်မက်ဖွယ်ကျင့်စဉ်များရှိတာကို သူ မေ့လုနီးပါးဖြစ်သွားခဲ့သည်။ မဟုတ်လျှင် ဤအဖိုးအိုက တစ္ဆေအစေခံနှစ်ဦးနှင့် ချင်မော့ရှန်းကို သတ်ဖြတ်ရန် မည်ကဲ့သို့ယုံကြည်ချက်ရှိမည်နည်း။ သူသည် ဤအဖိုးအို၏နည်းစနစ်များကို နားမလည်သော်ငြား ဆရာသခင်တစ်ပါးသာလျှင် ဤကဲ့သို့ယုံကြည်ချက်ရှိ၏။
လုကျိုးက ဆက်ပြောလိုက်သည်။
“လွန်ခဲ့တဲ့သုံးလတုန်းက လောင်းကြေးကို မှတ်မိသေးလား”
ချင်နိုင်ဟယ်က ပြောလိုက်၏။ “ကျုပ် မှတ်မိတာပေါ့။ ခင်ဗျား ရှုံးသွားပြီ။ မျှခြေမညီမျှမှုက ဖြစ်ပွားနေပြီ။ ဆိုလိုတာက ဖရိုဖရဲဖြစ်မှုတွေစတင်လာပြီး အနီရောင်မျဉ်းက သွားပြီလေ။ မျှခြေထိန်းသိမ်းသူတွေ ဒီကိုရောက်လာသင့်ပြီ”
“မျှခြေဖြစ်စဉ်လား”
လုကျိုးက ခေါင်းခါပြီးပြောလိုက်၏။ “မင်း ရှုံးသွားပြီ”
“...”
“မျှခြေထိန်းသိမ်းသူ ပေါ်မလာဘူး”
ချင်နိုင်ဟယ်က ဆွံ့အသွားသည်။
မင်ရှစ်ရင်က ထပ်ပြောလိုက်သည်။ “ရိုးရှင်းပါတယ်။ မျှခြေထိန်းသိမ်းသူ ဒီမှာရှိနေရင် မျှခြေထိန်းသိမ်းဖို့ သူက ဘာကြောင့်ထွက်မလာတာလဲ။"
ချင်နိုင်ဟယ်က ပြောလိုက်၏။
“မျှခြေထိန်းသိမ်းသူတွေက နေရာအနှံ့ပေါ်ပေါက်လာတတ်တာလို့ အကြီးအကဲတွေဆီက ကြားဖူးတယ်။ သန်မာတဲ့ မျှခြေထိန်းသိမ်းသူနဲ့ အားနည်းတဲ့သူရှိတယ်။ ဆရာသခင်တွေထက်ပိုသန်မာတဲ့သူ တည်ရှိနေသလိုပေါ့။ ဘုံတစ်ထောင်လေပွေအဆင့်က ကျင့်ကြံသူတွေထက်လည်း ပိုအားနည်းတဲ့ကျင့်ကြံသူတွေ ရှိတယ်။ ဒါပေမဲ့ ခင်ဗျားပြောတာမှန်တယ်။ သူတို့ ပေါ်မလာသေးဘူး” ပြီးနောက် သူက လုကျိုးကို ဦးညွှတ်လျက်ပြောလိုက်သည်။ “ကျုပ် ရှုံးသွားပြီ”
လုကျိုးက ထရပ်ပြီး မေးလိုက်လေ၏။ “လောင်းကြေးကဘာလဲ မှတ်မိသေးလား”
“လောင်းကြေးလား” ချင်နိုင်ဟယ်က ခေါင်းကုတ်လိုက်၏။ သူ လောင်းကြေးထပ်ဖို့ သဘောတူခဲ့တာကို မမှတ်မိပေ။ ယင်းက သာမန်စကားတစ်ခွန်းသာ ဖြစ်၏။ မည်ကဲ့သို့ ပြောင်းလဲသွားသနည်း။
“လောင်းကြေး မရှိရင် ငါက မင်းဆီ ဘာကြောင့် လေကုန်ခံနေတော့မှာလဲ” လုကျိုးက ပြောလိုက်သည်။
ချင်နိုင်ဟယ်က ခဏတဖြုတ် စဉ်းစားလိုက်သည်။ သူ မေ့လျော့သွားတာဖြစ်လောက်သည်။ ထို့ကြောင့် သူက ပြောလိုက်သည်။
“ဟုတ်ပြီ ... ဘာလဲ။ ကျုပ်တတ်နိုင်တာဆိုရင် သဘောတူမယ်”
လုကျိုးက ပြောလိုက်သည်။ "မင်းကို ခက်ခဲတာတွေလုပ်ခိုင်းမှာမဟုတ်ဘူး။ အနည်းဆုံး ဆန်းကြယ်အသက်မြက် ၁၀ပင်နဲ့ ဆန်းကြယ်ကျောက်တုံး၁၀ခု ယူလာပေးရုံပဲ”
“...”
ထိုစကားများကိုကြားသောအခါ အစောတုန်းက ဂရုမစိုက်ပုံပေါ်သည့် ချင်နိုင်ဟယ်က ခေါင်းခါလိုက်၏။
“လောင်ချန်းပေ့ ... ခင်ဗျား ကျုပ်အတွက် ခက်ခဲအောင် လုပ်နေတာမဟုတ်ဘူးလား။ ဆန်းကြယ်အသက်မြက် ၁၀ပင်နဲ့ ကျောက်တုံးမပြောနဲ့ တစ်ခုကတောင် ကောင်းကင်ကိုတက်လှမ်းရသလောက်ခက်ခဲတယ်”
လုကျိုးသည် သူ၏အင်္ကျီလက်ထဲမှ ဆန်းကြယ်ကျောက်တုံးတစ်တုံးကို ယူကာ ပစ်မြှောက်လျက် ပြောလိုက်သည်။
“မင်းပြောတဲ့ ကောင်းကင်ကိုတက်လှမ်းသလို ခက်ခဲတယ်ဆိုတာလား”
ထောက်
ကျူးဟုန်ကုန်းက မြေပြင်ပေါ်ရုတ်တရက်ပြုတ်ကျသွား၏။
မင်ရှစ်ရင်က ကျူးဟုန်ကုန်းကို စိမ်းစိမ်းဝါးဝါးကြည့်လိုက်သည်။ “အရူး မင်း ဘာလုပ်နေတာလဲ”
“ဘာမှမဟုတ်ပါဘူး။ ကျွန်တော် နည်းနည်းမူးနေလို့။ ရှစ်စွင်းက အဲ့တာတကယ်ရှိနေတာပဲ။ ပြီးတော့ အဲ့ဒါကို ရင်းနှီးနေသလိုပဲ” ကျူးဟုန်ကုန်းက ပြောလိုက်သည်။
လူတိုင်းက ကျူးဟုန်ကုန်းကို လျစ်လျူရှုထားသည်။
ချင်နိုင်ဟယ်က အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။ “ဒါ ... ဒါက ချန်းပေ့... ချန်းပေ့က ဆရာသခင်တစ်ပါး။ ဒီပစ္စည်းတွေရှိတာ အံ့ဩစရာမဟုတ်ဘူး။ ဆန်းကြယ်ကျောက်တုံးက လက်နက်ကို အဆင့်မြင့်နိုင်ဖို့ သုံးနိုင်ပြီး ဆန်းကြယ်အသက်မြက်က မွေးဖွားဇယားချပ် ပြန်ကောင်းအောင်သုံးနိုင်တယ်။ ဒီပစ္စည်းနှစ်ခုက အမည်မသိကုန်းမြေမှာပဲရှိတာ။ အမည်မသိကုန်းမြေရဲ့အပြင်ပိုင်းဒေသကို ကျင့်ကြံသူတွေ ထပ်တလဲလဲ သွားပြီးကြပြီ။ အတွင်းပိုင်းက အန္တရာယ်နဲ့ ပြည့်နေတာ။ ဒါကြောင့် ဒီဟာတွေကို ရှာဖို့ကောင်းကင်ကို တက်လှမ်းသလောက် ခက်ခဲတယ်ဆိုတာ ချဲ့ကားပြောတာမဟုတ်ဘူး။ ချန်းပေ့ ... ချန်းပေ့ရဲ့တောင်းဆိုချက်ကို ပြောင်းလဲလိုက်ပါလား”
လုကျိုးက ခေါင်းညိတ်ပြီးပြောလိုက်၏။
“ဒါတွေရအောင်ယူဖို့ ခက်ခဲတယ်ဆိုတာ ငါက ဘယ်လိုလုပ်မသိဘဲနေမှာလဲ။ မင်းအတွက် ကိစ္စတွေကို ခက်ခဲအောင် မလုပ်တော့ဘူး။ ဒုတိယတောင်းဆိုချက်က ....” သူက ကြင်နာသောအပြုံးဖြင့် ပြောလိုက်သည်။ ပြီးနောက် သူက စကားပြောခဏရပ်ပြီးနောက် မျက်နှာပေါ်တွင် ကြင်နာသောအပြုံးဖြင့် ပြောလိုက်သည်။ ပြီးနောက် မုတ်ဆိတ်သပ်ကာ ဆက်ပြောလိုက်လေ၏။
“မင်း ဘယ်မှသွားစရာမရှိဘူးဆိုရင်တော့ ထွက်လမ်းတစ်ခုပေးလိုက်မယ်”
လုကျိုးတပည့်များ၏မျက်လုံးက ချက်ချင်းလင်းလက်သွား၏။ သူတို့ရှစ်စွင်းက ပြောင်မြောက်သည်ဟု တွေးမိသွားသည်။
ဆန့်ကျင်ဖက်အနေဖြင့် ချင်နိုင်ဟယ်က မှင်သက်သွားတော့သည်။ သူ၏မျက်နှာထက်၌ အမျိုးမျိုးသော အမူရာများပေါ်လာပြီး သူ၏အတွေးကို ခန့်မှန်းရက်ခဲနေစေ၏။ အတော်ကြာ တိတ်ဆိတ်နေပြီးနောက် သူက ဦးညွှတ်ကာ ပြောလိုက်သည်။
“ကျုပ်က သစ္စာဖောက်တဲ့လူတွေနဲ့ မမျှတတဲ့လူတွေကို အမုန်းဆုံးပဲ။ ချန်းပေ့ ကျုပ်ကို ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်။ အဲ့ဒီအစား ကျုပ် ပထမတောင်းဆိုချက်ကိုပဲရွေးမယ်”
ယွီကျန့်ဟိုင်က ပြောလိုက်သည်။ “တန်ဖိုးမထားတာမျိုးမလုပ်နဲ့။ ငါ့ရဲ့ရှစ်စွင်း မင်းကို ဒီအခွင့်အရေး ပေးတာကို ကျေးဇူးတင်ပြီးတန်ဖိုးထားသင့်တယ်”
လုကျိုးက ယွီကျန့်ဟိုင်ကို တားရန် လက်မြှောက်ပြီးမေးလိုက်၏။ “မင်း စဉ်းစားပြီးပြီလား”
ချင်နိုင်ဟယ်က ကူကယ်ရာမဲ့စွာပြောလိုက်သည်။ ”
"ကျုပ် စဉ်းစားပြီးပါပြီ။ ဒီကိစ္စက စည်းမျဉ်းတစ်ခုပဲ။ ကျုပ် ကတိမပေးနိုင်ဘူး။ ဒီဟာကလွဲရင် ကျုပ် ဖြစ်နိုင်မယ်ဆို သခင်လေးရဲ့အလောင်းကို ယူသွားပြီး ထွက်သွားချင်တယ်။ ချန်းပေ့ သဘောတူမယ်လို့ မျှော်လင့်ပါတယ်”
“ငါနဲ့ဘယ်သူမှ အပေးအယူမလုပ်ရဲဘူးဆိုတာ မင်းသိလား”
ချင်နိုင်ဟယ်က ဦးညွှတ်လိုက်၏။ “ချန်းပေ့ သဘောတူမယ်လို့ မျှော်လင့်ပါတယ်။ ချန်းပေ့အတွက် ဆန်းကြယ်အသက်မြက်နဲ့ ဆန်းကြယ်ကျောက်တုံးကို သေချာပေါက် ရှာခဲ့မယ်”
...
အခန်း (၁၂၀၆) သစ္စာရှိမှု
လုကျိုးက မုတ်ဆိတ်သပ်ကာ ချင်နိုင်ဟယ်ကို ကြည့်လိုက်သည်။ သူက အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးသည့်နောက်တွင် လက်ကို ဝှေ့ယမ်းလိုက်၏။ ချင်နိုင်ဟယ်က မပျော်ရွှင်ပေ။ လုကျိုးသည် သူ့ကို ထွက်ခွာခွင့်ပြုကြောင်း မြင်သည့်အခါ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်၏။
သူက အားလုံးရှေ့တွင် ဦးညွှတ်ပြီးသည့်နောက် ချင်မော့ရှန်း၏ အလောင်းကို ယူဆောင်ကာ ထွက်ခွာသွားခဲ့သည်။ ထို့နောက် အားလုံး၏ မြင်ကွင်းရှေ့မှ ပျောက်ကွယ်သွားခဲ့၏။
ကျူးဟုန်ကုန်းက သိချင်စွာ မေးလိုက်၏။
“သူ့ကို ဘာလို့ လွှတ်ပေးလိုက်တာလဲ”
“ရှစ်စွင်း ဒီလူက မျက်နှာသာပေးတာကို ဘယ်လိုတန်ဖိုးထားရမယ်မှန်း သိတာမဟုတ်ဘူး။ သူက ဒီအခွင့်အရေးကို တန်ဖိုးထားရမှန်းတောင် မသိဘူး။ ဘာလို့လွှတ်ပေးလိုက်တာလဲ”
လုကျိုးက တိတ်ဆိတ်နေသည်။ သူက ဆရာသခင်တစ်ယောက်၏ စွမ်းပကားရှိမနေကြောင်း ထုတ်မပြောနိုင်ပေ။ ထို့အပြင် သူက အံ့ဖွယ်စွမ်းအားအများစုကို သုံးစွဲခဲ့ပြီးပြီ ဖြစ်၏။ တိတ်ဆိတ်နေမှုက အကောင်းဆုံးအဖြေ ဖြစ်ပေသည်။
စီးဝူယာ့က ပြုံးကာ ပြောလိုက်သည်။
“တကယ်လို့ သူသာ ချက်ချင်းသဘောတူလိုက်ရင် အထင်သေးမိမှာပဲ”
“အခုတော့ နားလည်သွားပြီ။ ရှစ်စွင်းရဲ့ အမြင်က တကယ်ကို ကောင်းတာပဲ။ သူက အခု ထွက်လမ်း မရှိတော့ဘူး။ သူက ချင်မျိုးနွယ်ဆီ ပြန်သွားရင် ပြန်ထွက်လာနိုင်ပါ့မလားဆိုတာတောင် မသိရဘူး။ လျှို့ဝှက်ဆန်းကြယ် ကျောက်တုံးငယ်နဲ့ လျှို့ဝှက်ဆန်းကြယ် အသက်ဓာတ်မြက်ကို ရှာဖို့ဆိုတာကို မပြောနဲ့တော့။ ဆရာသခင်ချင်က သူ့ကို ဖျက်ဆီးပစ်လောက်တယ်။
အဆုံးသတ်မှာ သူက မိစ္ဆာဝေဟင်မျှော်နန်းကိုပဲ ဝင်နိုင်တော့မှာလေ။ ရှစ်စွင်းက တကယ်ကို ဉာဏ်ကြီးတာပဲ။ ကျွန်တော် ရှစ်စွင်းရဲ့ အတွေးတွေကို လိုက်မှီဖို့ သုံးနှစ်လောက် စဉ်းစားလိုက်ရလိမ့်မယ်” ကျူးဟုန်ကုန်းက ပြောလိုက်သည်။
အားလုံး “…”
ကျူးဟုန်ကုန်းစကား၏ ပထမအပိုင်းက အဓိပ္ပာယ် ရှိသော်လည်း ဒုတိယအပိုင်းကမူ လွန်ကဲရာ ကျပေသည်။
ထိုစဉ် ယွီကျန့်ဟိုင်က အနည်းငယ် စိုးရိမ်နေမိသည်။ သူက နဂါးသွဲ့ကျောက်ဓားကို ထိတွေ့ပြီး ပြောလိုက်သည်။
“သူ့အလောင်းက အကောင်းအတိုင်း ရှိနေတုန်းပဲ”
စီးဝူယာ့က ပြုံးကာ ပြောလိုက်သည်။
“တာ့ရှစ်ရှိုး ဘာမှစိုးရိမ်နေစရာမလိုပါဘူး။ ချင်မော့ရှန်းက မြင့်မြတ်တဲ့ ဇာစ်မြစ် ရှိတယ်လေ။ သေလူအပေါ်မှာ စုန်းအတတ်သုံးတာက အပြစ်ကြီးကြီးမားမား ကျူးလွန်တာနဲ့ အတူတူပဲ။ ဆရာသခင်ချင်က အဲဒါကို ခွင့်ပြုမှာ မဟုတ်ဘူး။ သူတို့တွေက စုန်းအတတ်ကို လေ့ကျင့်ထားတယ်ဆိုရင်တောင် မိစ္ဆာဝေဟင်မျှော်နန်းက စုန်းအတတ်ကို မကြောက်ဘူး”
ယွီကျန့်ဟိုင်က ဒီနဂါးသွဲ့ကျောက်ဓားကို ထိတွေ့ကာ ရပ်လိုက်ပြီးသည့်နောက်တွင် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ပြီးသည့်နောက် စီးဝူယာ့ဆီ လျှောက်လာကာ ပုခုံးကို ပုတ်လိုက်သည်။
“လောင်ချီ မင်းရဲ့စကားတွေကို သဘောကျတယ်”
“…”
စီးဝူယာ့က နာကျင်မှုကို တောင့်ခံကာ ဆက်ပြောလိုက်သည်။
“ပြီးတော့ ချင်နိုင်ဟယ်က ချင်မျိုးနွယ်ဆီ ပြန်မှာ မဟုတ်ဘူး။ သူက ဒီလိုကိစ္စကြီးကြီးမားမားရဲ့ အပြစ်ဒဏ်ကို ရှောင်ရှားနိုင်မှာ မဟုတ်ဘူး။ သူ့ဆီမှာ သွားစရာ မရှိတော့ဘူး”
အားလုံးက ခေါင်းညိတ်လိုက်ကြသည်။ သူတို့က မဲတူးနေသည့် မြေပြင်ကို ထပ်မံကြည့်လိုက်သည့်အခါ မနေနိုင်ဘဲ သက်ပြင်းချလိုက်ကြ၏။
……………………………………………
ဤသည်က စီးဝူယာ့ ပြောသလိုသာ ဖြစ်၏။
ချင်နိုင်ဟယ်က တောင်ထိပ်ရှိ ဧရာမသစ်ပင်ကြီးထိပ် ရောက်ရှိလာသည်။ ထိုသစ်ပင်ကြီး၏ အချင်းက ဆယ်မီတာနီးပါးရှိပြီး ကိုင်းခက်များကလည်း အားကောင်းကာ ဖြာကျနေသည်။
ချင်နိုင်ဟယ်က အလောင်းကို သင်္ကေတလမ်းကြောင်းအပေါ် ထားပြီးသည့်နောက်တွင် ချင်မော့ရှန်း၏ အဝတ်များကို ပြန်လည်ပြုပြင်ပေးလိုက်သည်။ ထို့နောက် သူက မတ်မတ်ရပ်ကာ သက်ပြင်းချလိုက်၏။
“တကယ်တော့ ငါ့ကို မင်းရဲ့ ညီအစ်ကိုနဲ့ ဆရာတစ်ပိုင်းအဖြစ်နဲ့ မှတ်ယူလို့ ရတယ်။ ငါ မင်းကို မတင်းကြပ်ခဲ့လို့ ဒီလိုမောက်မာလာခဲ့တာပဲ။ တကယ်လို့ ငါသာ ရက်စက်ခဲ့မယ်ဆိုရင် ဒီလိုကိစ္စတွေ ဖြစ်လာမှာ မဟုတ်ဘူး”
သူက သက်ပြင်းချပြီးသည့်နောက်တွင် သစ်ခေါက်အပေါ် ညာဖက်လက်ကို အသာတင်လိုက်သည်။
သင်္ကေတလမ်းကြောင်းက တောက်ပလာပြီးသည့်နောက်တွင် အလင်းနှင့်အတူ ချင်မော့ရှန်း၏ အလောင်းက ပျောက်ကွယ်သွားခဲ့၏။
သို့သော်လည်း ချင်နိုင်ဟယ်က ထွက်မသွားသေးပေ။ သူက သင်္ကေတလမ်းကြောင်းအနားတွင် ရပ်နေပြီး ခေတ္တမျှကြည့်ပြီးသည့်နောက်တွင် အမည်မသိနေရာဆီ ဦးတည်လိုက်၏။
……………………………………………………
တာ့ထန်၏ တော်ဝင်ခုံရုံးရှိ တည်တံ့ရေးခန်းမဆောင်
စီးဝူယာ့က ယခင်သုံးလအတွင်း အဖြစ်အပျက်များကို ပြန်လည်ပြောပြနေကာ မျှခြေမညီမျှမှု ဖြစ်ရပ်များနှင့် ညီအစ်ကိုငါးယောက် ထွက်ခွာသွားမှုအကြောင်းပင် အပါအဝင်ဖြစ်၏။
လုကျိုး၏ အမူအရာက အပြောင်းအလဲ မရှိဘဲ မေးလိုက်သည်။
“အဲဒါဆိုတော့ ညီအစ်ကို၅ယောက်က ထွက်သွားပြီလား”
စီးဝူယာ့က ခေါင်းညိတ်လိုက်သည်။
“သူတို့က အမည်မသိကုန်းမြေမှာ အကြာကြီးနေခဲ့တာဆိုတော့ ဒီလိုသက်သောင့်သက်သာ နေရတာ အသားမကျသေးဘူး ထင်တယ်”
“ချီရှစ်တိ သူတို့အတွက် ဘာမှပြောပေးနေစရာ မလိုဘူး။ သူတို့က ငါတို့ရဲ့ မိစ္ဆာဝေဟင်မျှော်နန်းက သေးငယ်လွန်းပြီး သူတို့လို ကြီးမြတ်တဲ့သူတွေ နေဖို့ မဆန့်နိုင်လောက်ဘူးလို့ ထင်နေတာ” မင်ရှစ်ယင်က လက်ပိုက်က ထေ့ငေါ့စွာ ဝင်ပြောလိုက်သည်။
ယွီကျန့်ဟိုင်ကလည်း ဝင်ပြောလိုက်၏။
“ရှားချန်းချိုးဆီက အဲဒီညီအစ်ကို၅ယောက်က ငါတို့ရဲ့ အင်အားကို မကျေနပ်တဲ့ပုံပဲလို့ ကြားတယ်။ ဒါပေမဲ့ သူတို့က ဘာမှမပြောဘူးဆိုတော့ တန်းပြီး ကောက်ချက်ချလို့တော့ မကောင်းဘူးပေါ့။ ဘာပဲဖြစ်ဖြစ်ပါ။ ငါ ငရဲဂိုဏ်းကို တာဝန်ယူတုန်းကလည်း အဖွဲ့ဝင်အသစ်တွေက နေ့တိုင်း ထွက်လိုက်ဝင်လိုက်ပဲ။ တစ်ယောက်၊ နှစ်ယောက် ထွက်သွားတာ မရှိမှ ပိုပြီးတော့တောင် မူမမှန်ဖြစ်ဦးမယ်”
“တာ့ရှစ်ရှိုး ပြောတာ ဟုတ်တယ်”
အားလုံးက ခေါင်းညိတ်လိုက်ကြသည်။
လုကျိုးက မုတ်ဆိတ်အသာသပ်ကာ ခေါင်းညိတ်လိုက်၏။
“သူတို့ကို ထွက်သွားခိုင်းလိုက်။ ဒါပေမဲ့ သူတို့က မိစ္ဆာဝေဟင်မျှော်နန်း သူတို့လာချင်တိုင်းလာ၊ သွားချင်တိုင်းသွားလို့ရတဲ့ နေရာမဟုတ်ဘူးဆိုတာကိုတော့ သိရမယ်”
“ဟုတ်ကဲ့” အားလုံးက ခေါင်းညိတ်လိုက်ကြသည်။
……………………………………………………………
ညနေခင်း
လုကျိုးက ကောင်းကင်ကျမ်းကို ဆက်လက်ဆင်ခြင်လိုက်သည်။
ဒုတိယမြောက် နေ့လည်ခင်း
အံ့ဖွယ်စွမ်းအားက ပြန်လည်ပြည့်ဝလာပြီ ဖြစ်၏။ အထွတ်အထိပ် ဆန်းကြယ်စွမ်းအားနှင့် ယှဉ်လိုက်လျှင် နေ့တစ်ဝက်မျှ အချိန်ပိုမိုကြာမြင့်သည်။ ထိုအရာက အကျိုးအကြောင်းသင့်လေ၏။ တရားထိုင်နှုန်းနှင့် ဆင်ခြင်နှုန်းတို့က သိသိသာသာ တိုးတက်လာခြင်းမရှိပေ။ ထို့အပြင် အံ့ဖွယ်စွမ်းအား ကန့်သတ်ချက်က မြင့်တက်လာပြီး စွမ်းအားကလည်း အကြိမ်များစွာ ပိုမိုအားကောင်းလာသည်။ ထိုအရာများဖြင့် အံ့ဖွယ်စွမ်းအားကို အားဖြည့်ဖို့ နေ့တစ်ဝက်မျှ အချိန်တိုးမြင့်သွားသည်က ကောင်းသည်ဟုပင် ဆိုရပေမည်။
“ဒီအထွတ်အထိပ် ဆန်းကြယ်စွမ်းအားနဲ့ဆိုရင် လက်ဝါးချက်က ချင်နိုင်ဟယ်ကို နည်းနည်းပဲ ဒဏ်ရာပေးနိုင်ခဲ့တယ်။ ဒါပေမဲ့ အံ့ဖွယ်စွမ်းအားကတော့ မွေးဖွားဇယား ၁၄ခုနဲ့ ၁၅ခုရှိတဲ့ တစ္ဆေအစေခံတွေကို သတ်နိုင်ခဲ့တယ်။ အံ့ဖွယ်စွမ်းအားက မွေးဖွားဇယားချက် ၁၆ ခုရှိတဲ့ ချင်နိုင်ဟယ်ကိုတောင် ရင်ဆိုင်နိုင်လောက်တယ်။ ဆရာသခင်က ဘယ်လောက်များ ကြီးကျယ်နေမှာလဲ”
လုကျိုးက အံ့ဖွယ်စွမ်းအား၏ ကန့်သတ်ချက်ကို စမ်းသပ်ဖို့ ကြိုးစားနေသည်။
သူ သိထားသလောက် ဆရာသခင်များသည် တာအိုစွမ်းအားကို အသုံးပြုနိုင်၏။ ထို့ကြောင့် သူတို့က အလွန်အမင်း အားကောင်းနေကြခြင်း ဖြစ်၏။
ခဏအကြာတွင် လုကျိုးက စနစ်ကို ကြည့်လိုက်သည်။
ကုသိုလ်အမှတ် - ၂၅၅ ၀၆၀ မှတ်
တစ္ဆေအစေခံနှစ်ယောက်နှင့် ချင်မော့ရှန်းကို သတ်လိုက်သည့် ဆုလာဘ်က အတော်လေး ကျေနပ်စရာကောင်းလှသည်။ ထို့နောက် သူက သူ့ယင်ယန်စိတ်ဝိညာဉ်သဏ္ဌာန်ကို ထုတ်ဖော်လိုက်၏။
ယမန်နေ့က တိုက်ပွဲအတွင်း သူက အံ့ဖွယ်စွမ်းအားကို ကုန်ဆုံးသွားသည့်အတွက် အပြာရောင်စွမ်းရည်က သူ့ကို အံ့ဖွယ်စွမ်းအား ထောက်ပံ့ပေးလာခဲ့သည်။ အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်က အံ့ဖွယ်စွမ်းအားကို ထောက်ပံ့ပေးနိုင်သည်က သံသယဖြစ်ဖို့ မလိုပေ။
“၉ပါးအသွင်ပြောင်းခြင်း ယင်ယန်စိတ်ဝိညာဉ်သဏ္ဌာန် နောက်တဆင့်ပြောင်းလဲဖို့ သက်တမ်းနှစ်၅ထောင် လိုအပ်ပါတယ်”
သက်တမ်းနှစ်၅ထောင်လား။ အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်က ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်ဖြစ်လာရင် ဘယ်လိုဖြစ်သွားမလဲ…
လုကျိုးက ထိုအရာကို စဉ်းစားမကြည့်ချင်တော့ပေ။ ထိုအရာ စဉ်းစားကြည့်ခြင်းက သူ့အား အနာဂတ်အတွက် ပိုမိုစိတ်ပူပန်စေလာသည်။ တစ်ခါတစ်ရံတွင် ပြိုင်ဘက်ကင်းလွန်းခြင်း ပြဿနာကြီးမား၏။
သိပ်မကြာခင် လုကျိုး၏ စိတ်ထဲ အဖြူရောင်မျှော်စင်အဖွဲ့အစည်းတွင် မြင်တွေ့ခဲ့ရသည့် မိုးမြေ၏ စွမ်းအားအကြောင်း စဉ်းစားလိုက်သည်။
“လျှပ်စီးလား”
လန်ရှီဟယ်က တာအိုသင်္ကေတသုံးသောင်းကို အသုံးပြုလျက် လျှပ်စီးကို ဆွဲဆောင်ခဲ့ပြီး လုကျိုး၏ အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်၏ ကြီးထွားမှု မြင့်တက်လာစေခဲ့သည်။ ထိုနည်းလမ်းကို နမူနာအနေဖြင့် အသုံးပြုနိုင်လောက်၏။
ဝှစ်
တည်တံ့ရေးခန်းမဆောင်၏ တံခါးက လေပြင်းပြင်းနှင့်အတူ ပွင့်သွားလေသည်။
လုကျိုးက ကြည့်လိုက်၏။ ရာသီဥတုက ယခင်ကထက် ပိုမိုဆိုးရွားနေသည်။
“မျှခြေမညီမျှမှုလား”
လုကျိုးက ပျံသန်းသွားပြီး တည်တံ့ရေးခန်းမဆောင်အထက် ရပ်ကာ ကောင်းကင်ကြီးကို စောင့်ကြည့်လိုက်သည်။
လုကျိုးက ခန်းမဆောင်အတွင်း ဝင်လာပြီး ယင်ကျောက်နှင့် ခရုလေးတို့ကို ဆင့်ခေါ်လိုက်၏။
ယင်ကျောက်က ဉာဏ်ကောင်းသည့်အတွက် သူ့သခင် အလိုရှိသည့်အရာကို သိလေသည်။ သူက ခန်းမအတွင်းဝင်လိုက်သည်နှင့် ဆူဆူညံညံ ပြုလုပ်လာ၏။
ခရုလေးက ပြောလိုက်သည်။
“ရှစ်စွင်း ဒါက မျှခြေမညီမျှမှု ဖြစ်ရပ်ပါတဲ့။ မျှခြေမညီမျှတဲ့ အချိန်တိုင်းမှာ ဖရိုဖရဲဖြစ်လာလေ့ရှိတယ်။ အဲ့လိုအချိန်မျိုးဆိုရင် စွမ်းအားကြီး ပုဂ္ဂိုလ်တွေက ပြန်လည်တိုက်ခိုက်လေ့ရှိတယ်။ ခက်ထန်သားရဲတွေကလည်း ဒီဖရိုဖရဲဖြစ်မှုကနေ လွတ်မြောက်အောင် ရွှေ့ပြောင်းကြလေ့ရှိတယ်။
အဲဒါကြောင့် သူက ကျွန်မတို့တွေကိုလည်း ရွှေ့ပြောင်းအောင် အကြံပြုနေတာ။ တကယ်လို့ ကျွန်မတို့တွေ အဆုံးမဲ့ပင်လယ်ပြင်အရှေ့ပိုင်းကို သွားလာနိုင်မဲ့ ဧရာမရထားလုံးကြီးသာ ရှိမယ်ဆိုရင် ကျွန်မတို့တွေ ပင်လယ်သားရဲပြင်ကို ဖြေရှင်းရမယ်ဆိုပေမဲ့ မျှခြေမညီမျှမှုက ဖြစ်လာမဲ့ ဖရိုဖရဲကို ရှောင်ရှားနိုင်လိမ့်မယ်”
လုကျိုးက ယင်ကျောက်ကို ကြည့်ကာ မေးလိုက်သည်။
“ငါက ရှောင်မယ်လို့ ထင်တာလား”
ခက်ထန်သားရဲများနှင့် လူသားများက ဘယ်သောအခါမှ အတွေးမတူကြပေ။
မိစ္ဆာဝေဟင်မျှော်နန်းက ဆရာသခင်ချင်နှင့် ဆရာသခင်ယဲ့တို့ဖြင့် ရန်သူ ပြုလုပ်ထားပြီဖြစ်သည့်အတွက် သူတို့က သေချာပေါက် အမဲလိုက်လာလိမ့်မည်။
ယင်ကျောက်က စတင်ပြောလိုက်ပြန်သည်။
ခရုလေးက ဘာသာပြန်ကာ ပြောလိုက်၏။
“သူ ပြောတာကတော့ ကျွန်မတို့ တတ်နိုင်တာ ဘာမှမရှိဘူးတဲ့။ အခု သုံးလကျော်နေပြီ။ ဒီလိုသဘာဝနဲ့ဆိုရင် မကြာခင် ဖရိုဖရဲဖြစ်လာလိမ့်မယ်”
ထိုစဉ် မုန့်ချန်းသုံက ခန်းမအတွင်း ပြေးဝင်လာသည်။ သူက ဦးညွှတ်ကာ ပြောလိုက်၏။
“မျှော်နန်းသခင် အနက်ရောင်ကြာနယ်မြေရဲ့ မြောက်ဖက်ပိုင်းက သတင်းရောက်လာပါတယ်။ အစိမ်းရောင်ကြာကျင့်ကြံသူတွေကို တွေ့ရတယ်။ ဒါပေမဲ့ သူတို့က ဘယ်သူ့ကိုမှ မသတ်ဘူး။ အဲဒါအပြင် အနီရောင်နဲ့ ရွှေကြာ ကျင့်ကြံသူတွေကိုလည်း တွေ့ရတယ်တဲ့”