← Chapters

နှစ်ဆယ့်တစ်ရောင်ခြယ်မီးတောက်

Vol. 11 Ch. 1009

နှစ်ဆယ့်တစ်ရောင်ခြယ်မီးတောက်

Vol. 11 Ch. 1009

ဤသည်မှာ ပိုင်ရှောင်ချန်း၏ဘဝတစ်လျှောက်လုံး ကြုံတွေ့ခဲ့ဖူးသမျှ သေရေးရှင်ရေး အခြေအနေများအနက် အပြင်းထန်ဆုံးအခြေအနေပင် ဖြစ်သည်။ ဖြစ်ပျက်နေသည်များအား တားဆီးရန် သူ လုပ်နိုင်သည့်အရာမရှိပေ။ သူ ရုန်းကန်ရန် အင်အားပင် မရှိချေ။ ကောင်းကင်ဧကရာဇ်က ကိုယ်တိုင်ကိုယ်ကျ ပါဝင်နေသည့်အတွက် မည်သို့အဆုံးသတ်မည်မှာ မြေကြီးလက်ခတ်မလွဲသည့်ပုံ ပေါ်နေတော့သည်။

ပိုင်ရှောင်ချန်း၏ ကျင့်ကြံခြင်းလမ်းကြောင်းသည် တုလင်ဖေးနှင့်အတူ အဆုံးသတ်၍ သူတို့နှစ်ယောက်လုံးမှာ ကောင်းကင်ဧကရာဇ်က သူနေထိုင်သည့်ကမ္ဘာကြီး၏နယ်နိမိတ်များကိုကျော်လွန်ရာတွင် အသုံးပြုမည်ဖြစ်သော ဆေးလုံးအဖြစ်သို့ ပြောင်းလဲသွားရန် ဤဧရာမမန္တန်အစီအရင်ကြီး၏ သန့်စင်ခြင်းကို ခံကြရမည်။

ဤသို့အဆုံးသတ်လိမ့်မည်ဟု သူ တစ်ခါမှ မထင်ထားခဲ့ပေ။ နောက်ဆုံးတွင် ကောင်းကင်ဧကရာဇ်နှင့် တိုက်ခိုက်ရလိမ့်မည်ဟု ဟန်ဇောင်ခေါင်းဆောင်ကြီး ပြောထားခဲ့သည့်နောက်မှာပင် ယခုကဲ့သို့ဖြစ်မည်ဟူ၍ သူ မတွေးမိခဲ့ပေ။

တုလင်ဖေးကြောင့် ကောင်းကင်ဧကရာဇ်က သူ့ကို ဒဏ်ရာအပြင်းအထန်ရရှိအောင် လုပ်လိမ့်မည်မဟုတ်ဟူ၍ သူ နုံအစွာ ယုံကြည်နေခဲ့မိသည်။ ထို့အပြင် သူ့ဘက်တွင် သချိုင်းစောင့်ကြီးနှင့် ပိုင်ဟောက်အပြင် သူ့ကို ယုံကြည်မှုရှိနေစေသည့် လျှို့ဝှက်လက်နက်အမျိုးမျိုး ရှိလေသည်။

ထိုအရာအားလုံးကား ... တလက်လက်ထနေသော ကန်ရေပြင်ပေါ်က လအရိပ်ပမာ အသက်ဝင်နေခဲ့သည်မှ ... လွဲ၍။

သူ အသိစိတ်လွတ်လာနေသည့်တိုင် ထူးဆန်းစွာ တုလင်ဖေး၏ အရှိန်အဝါက သူ့ကို ထူးထူးဆန်းဆန်း ကြည်လင်ပြတ်သားသော အာရုံတစ်ခုကို ပေးစွမ်းနေသည်။

" ဒါတွေအားလုံးက ... သချိုင်းစောင့်ကြီးရဲ့ အစီအစဥ်ရဲ့ တစ်စိတ်တစ်ပိုင်းဆိုရင်ကော … "

သူက ရေရွတ်လိုက်သည်။

ပိုင်ရှောင်ချန်း၏ထင်မြင်ချက်နှင့် ပေါင်းစည်းသွားပုံရကာ မြေအောက် ဗဟိုဧကရာဇ်မြို့တော်၏ တတိယနယ်မြေ၊ ဘုရားပျက်ထဲတွင် တင်ပျဥ်ခွေထိုင်နေသော သချိုင်းစောင့်ကြီးက သူ၏ညှို့မှိုင်းနေသော မျက်လုံးများ ပွင့်လာသည်။

" ပိုင်ရှောင်ချန်း "

သူက ခါသီးစှာ ဆို၏။

" မင်း ငါ့ကို မမုန်းလောက်ဘူးလို့ ... မျှော်လင့်ပါတယ်။ ဒါက ငါ့တာဝန် ... ငရဲဧကရာဇ်ရဲ့ တာဝန်ပဲ "

သူ၏အကြည့်သည် လေဟာနယ်ကိုဖြတ်၍ မြေရိုင်းဒေသ၏ အဆုံးသတ်များ၊ ဘယ်သူမှမမြင်နိုင်သည့် ဧရာမမြစ်ကြီးထံရောက်သွား၏။ ထိုမည်းနက်ပြီး အဆုံးမရှိစွာ စီးဆင်းနေသော အမှောင်ထုသည် ကောင်းကင်တံတားပင်လယ်၏ သက်စောင့်အားများနှင့် ပကတိ ဆန့်ကျင်ဘက်ဖြစ်ပေသည်။ ဤမြစ်ကား....သေမင်းကို ကိုယ်စားပြုလေသည်။

မြစ်ရေများသည် အတောမသတ်နိုင်သော အမုန်းဝိညာဥ်များဖြင့် ပြည့်နှက်နေပြီး ထိုဝိညာဥ်အားလုံးမှာ ပြန်လည်ဝင်စားခြင်းသံသရာစက်ဝန်းအတွင်းသို့ မြစ်ရေများဖြင့် သယ်ဆောင်သွားခံနေရကာ ဟိန်းဟောက်အော်ဟစ်နေကြလေသည်....

၄င်း၏ နာမည်ကား မြေအောက်ကမ္ဘာမြစ်။

မြစ်အောက်ကမ္ဘာမြစ်၏ အဝေးဆုံး အဆုံးသတ်တွင် ... သေမင်းအရှိန်အဝါများ တဟုန်းဟုန်းတောက်လောင်နေသော နက်မှောင်နေသည့် နန်းတော်ကြီးရှိ၏။

၄င်းသည်ကား ... မြေအောက်ကမ္ဘာနန်းတော်။

နန်းတော်အတွင်း၌ တော်ဝင်ဝတ်ရုံများဝတ်ဆင်ကာ ထိုင်နေသူမှာ လက်ရှိ ငရဲဧကရာဇ်ပိုင်ဟောက်ပင်။ ပြင်းထန်သောသေမင်းအရှိန်အဝါတစ်ခုက သူ့ထံမှ တလိပ်လိပ်ထွက်နေသည်။

သူသည် ပုံမှန်အားဖြင့် တင်းမာခက်ထန်သောအမူအရာရှိသော်လည်း ယခု သူ၏မျက်နှာတွင် စိုးရိမ်သောကများ ဖုံးလွှမ်းနေ၏။ သူ၏စိတ်အခြေအနေက မြေအောက်ကမ္ဘာနန်းတော်နှင့် မြေအောက်ကမ္ဘာမြစ်ကို သက်ရောက်မှုရှိသဖြင့် ၄င်း၏မျက်နှာပြင်တွင် လှိုင်းများ ဘောင်ဘင်ခတ်နေတော့သည်။

သူက ကောင်းကင်ဧကရာဇ်၏ ဧရာမလက်ကြီးက သချိုင်းစောင့်ကြီးနှင့် သူ၏ဝင်ရောက်စွက်ဖက်ရန် အားထုတ်မှုအား အနိုင်ယူခဲ့သည်ကို ကိုယ်တိုင်တွေ့မြင်ခဲ့ရသည်။

သူသည် ရက်စက်သော ကောင်းကင်ဧကရာဇ်ကြီးက ပိုင်ရှောင်ချန်းအား ခေါ်ဆောင်သွားသည်ကို အားကိုးရာမဲ့စွာ စောင့်ကြည့်နေခဲ့ရပြီး အသေးစိတ်အကြောင်းစုံ မသေချာနိုင်သော်လည်း သူ့ဆရာ သေရေးရှင်ရေးဖြစ်နေပြီဖြစ်ကြောင်း သူ ယုံကြည်လေသည်။

ထို့ပြင် ကမ္ဘာပေါ်တွင် သူ၏ဆရာအား ကယ်တင်နိုင်သည့် တစ်ယောက်တည်းသောလူမှာ .... သူကိုယ်တိုင်ပင်ဖြစ်ကြောင်း သိလေသည်။

သချိုင်းစောင့်ကြီး မည်မျှအားနည်းနေပြီး အချိန်မရွေး ကွယ်လွန်သွားနိုင်သည်ကို သူ ကောင်းကောင်းသိသည်။ ဝမ်းနည်းဖွယ်ကောင်းစွာ ငရဲဧကရာဇ်ဖြစ်သည့်တိုင် လောလောဆယ်တွင် သူက ကောင်းကင်ဧကရာဇ်အတွက် ပြိုင်ဘက်တစ်ယောက်မဟုတ်ကြောင်းလည်း သိထားသည်။

" ဆရာ ... "

သူက ခါးသီးနာကျည်းစွာ ရေရွတ်လိုက်သည်။ သူ၏စိတ်ထဲတွင် သူ့ဆရာနှင့်အတူ မြေရိုင်းဒေသ၌ ကုန်ဆုံးခဲ့သည့် အမှတ်တရများ ပေါ်လာတော့သည်။

ပိုင်ရှောင်ချန်းက သူ၏တစ်ဦးတည်းသော မိသားစုဝင်ဖြစ်ပြီး ဘယ်သူမှ သူ့ထက်ပို၍ ကျေးဇူးတင်စရာကောင်းသည်ဟု ပိုင်ဟောက်မခံစားရပေ။ ပိုင်ရှောင်ချန်းက သူ၏ဘဝတစ်လျှောက်လုံး သူ့ကို ကာကွယ်ရန် မိုးနှင့်မြေကို သက်သေတည်၍ ကျိန်ဆိုခဲ့သည်...

သူ့ဆရာနှင့်အတူ ကုန်ဆုံးခဲ့သော နေ့ရက်များမှာ … သူကြုံတွေ့ခဲ့သမျှထဲ အပျော်ဆုံးဖြစ်သည်။

အမှတ်တရများ တစတစပျောက်ကွယ်သွားစဥ်. .. သူ့ဝိညာဥ်၏အစိတ်အပိုင်းတစ်ခု အမြဲဖြစ်တည်နေမည့် ပုံရိပ်တစ်ခုတည်းသာ ကျန်ရစ်ခဲ့သည်။

၄င်းက ကျောပေးလျက် ရပ်နေရင်း သူ့ကို တပည့်အဖြစ် တည်ငြိမ်စွာ လက်ခံနေသော ပိုင်ရှောင်ချန်း၏ ပုံရိပ်တစ်ခုဖြစ်သည် ...

" ဆရာ ... "

ပိုင်ဟောက်က ပြုံး၍ ခပ်တိုးတိုးရေရွတ်လိုက်သည်။ ၄င်းသည် ခိုင်မာသောပြတ်သားခြင်းဖြင့် ပြည့်နှက်နေသော အပြုံးတစ်စဖြစ်သည်။

သူ ကောင်းကင်တံတားကျွန်းကို သွားပြီး သူ့ဆရာကို ကောင်းကင်ဧကရာဇ်ထံမှ ပြန်ယူချင်လျှင် ... တစ်နည်းသာလုပ်စရာရှိကြောင်း သူသိလေသည်။

ထိုသည်ကား ... ကမ္ဘာကြီး၏ ကန့်သတ်ချက်များကို ချိုးဖောက်နိုင်သည့် နှစ်ဆယ့်နှစ်ရောင်ခြယ်မီးတောက်ကို ဖန်တီးရန် ဖြစ်သည်။

ပိုင်ဟောက်အတွက် ပိုင်ရှောင်ချန်းသည် နတ်အဆင့်ကျင့်ကြံသူဖြစ်နေပြီးဖြစ်လင့်ကစား အရေးမကြီးခဲ့ပေ။ သူက ဆယ့်နှစ်ရောင်ခြယ်မီးတောက်ကို နိမိတ်ဖတ်၍ လေ့လာခြင်းများ ဆက်လက်လုပ်ဆောင်ခဲ့သည်။ နောက်ဆုံးတွင် ဤကမ္ဘာ၌ မီးတောက်ဖန်တီးခြင်း၏ ကန့်သတ်ချက်သည် နှစ့်ဆယ့်တစ်ရောင်ခြယ်မီးတောက်ဖြစ်ကြောင်း သူ သဘောပေါက်လာခဲ့သည်။

အထူးအခြေအနေအချိန်အခါများမရှိဘဲ နှစ်ဆယ့်နှစ်ရောင်ခြယ်မီးတောက်ကို အောင်မြင်ရန် မဖြစ်နိုင်ပေ။ ကမ္ဘာကြီး၏ ကန့်သတ်ချက်များအရ နှစ်ဆယ့်တစ်ရောင်ခြယ်မီးတောက်နှင့်အောက်ရှိ မီးများအားလုံးကို မော်တယ်မီးဟုသတ်မှတ်နိုင်သည်။ သို့သော် နှစ်ဆယ့်တစ်ရောင်ခြယ်မီးတောက်နှင့်အထက်ရှိမီးေတာက်များအားလုံးကား အင်မော်တယ်မီးဖြစ်ပေသည်။

ဤကမ္ဘာတွင် နှစ်ဆယ့်နှစ်ရောင်ခြယ်မီးတောက်ပေါ်ပေါက်လာလျှင် ၄င်းထက် ပို၍ စွမ်းအားကြီးသော အရာဟူ၍ မရှိနိုင်တော့ပေ။ အမှန်တကယ်ဆိုရလျှင် ၄င်းက တည်ရှိသမျှအားလုံးကို မီးလောင်ပြာချပစ်နိုင်လေသည်။

၎င်းကို ကောင်းကင်ဧကရာဇ်အား တိုက်ခိုက်ရာတွင် အသုံးပြုနိုင်ပြီး ပိုင်ရှောင်ချန်းကို ကယ်တင်နိုင်လောက်စေမည်။

ကံဆိုးစွာပင် ... ဤကမ္ဘာကြီး၌ နှစ်ဆယ့်နှစ်ရောင်ခြယ်မီးတောက်ကို ဖန်တီးရာတွင် အသုံးပြုနိုင်သည့် ဝိညာဥ်ဟူ၍ မရှိပေ။မြေအောက်ကမ္ဘာမြစ်အတွင်းရှိ ဝိညာဥ်များအားလုံးကို အသုံးပြုခြင်းကပင်လျှင် နှစ်ဆယ့်တစ်ရောင်ခြယ်မီးတောက်ဟူသော ကန့်သတ်ချက်ထက်ပိုအောင် မလုပ်ဆောင်နိုင်ပေ။

" တစ်နည်းပဲရှိတော့တယ် .... "

သူက ကြောက်လန့်တုန်ရီနေလျက် တွေးလိုက်သည်။ သို့သော် မကြာမီ သူ၏မျက်လုံးများထဲရှိ ပြတ်သားခြင်းများ ပို၍အားကောင်းလာတော့သည်။

၄င်းမှာ အကြောင်းပြချက်နှစ်ရပ်ကြောင့် ပိုင်ဟောက် နားလည်လာခဲ့သော နည်းလမ်းတစ်ခုဖြစ်သည်။ ပထမကား မြောင်လင်းအာ၏ မျိုးနွယ်စုက မီးတောက်ဖန်တီးရန်အတွက် သူ့ကို အသုံးပြုရန်ကြိုးစားခဲ့ခြင်းကြောင့် ဖြစ်သည်။ ဒုတိယက သူသည် ယခု ငရဲဧကရာဇ်ဖြစ်နေလေပြီ။ ထိုနည်းလမ်းကား ... မီးတောက်များအနက် အပြောင်မြောက်ဆုံး နှစ်ဆယ့်နှစ်ရောင်ခြယ်မီးတောက်ကို ဖန်တီးရာတွင် ... သူ၏ဝိညာဥ်ကို အသုံးပြုရန် ဖြစ်ပေသည်။

ထိုသည်ကသာ တစ်ခုတည်းသော နည်းလမ်းပင်။

ထို့အပြင် ပိုင်ဟောက်သည် ငရဲဧကရာဇ်ဖြစ်လာပြီး မြေအောက်ကမ္ဘာမြစ်ကို အပြည့်အဝထိန်းချုပ်နိုင်ပြီဖြစ်သည့်အတွက် ထိုသည်က ပြန်လည်ဝင်စားခြင်းစက်ဝန်း၏ အစိတ်အပိုင်းဖြစ်သည့် ဝိညာဥ်များအားလုံးကို သူထိန်းချုပ်နေသည်ဟု ဆိုပေသည်။

" ဆရာ ... ကျွန်တော် ဆရာ့ကို ကယ်နိုင်တယ် ... "

သူ ပြုံးလိုက်သဖြင့် မျက်ရည်များသည် သူ၏ပါးပြင်အပေါ် စီးကျလာပါသော်လည်း သူ ဆုံးဖြတ်ချက် ချပြီးသွားလေပြီ။

ပေးဆပ်ရမည့်တန်ကြေးက ကြီးမားသော်လည်း သူ နောင်တမရှိဘဲ .... လက်ခံနိုင်ပေသည်။

မကြာမီ ပိုင်ဟောက် ပျောက်ကွယ်သွားရပေလိမ့်မည်။ သို့သော် ... သူ၏ရင်ထဲတွင် မကျေနပ်ချက် တစ်စုံတရာမရှိပေ။

ပိုင်ရှောင်ချန်းက သူ၏ဆရာဖြစ်သည်။ တပည့်ဖြစ်ရန် ဒူးထောက်ဂါရဝပြုခဲ့သည့် အခိုက်အတန့်တွင် သူသည် ထိုအကြင်နာတရားကို ပြန်ပေးဆပ်ရန် မည်သည့်အရာမဆို လုပ်မည်ဟူ၍ ဆုံးဖြတ်ထားခဲ့သည်။

သူ၏မျက်ရည်များသည် အတုအယောင်မဟုတ်ပေ။ ၎င်းတို့က သူ၏မျက်နှာပေါ်မှ စီးကျလာကာ မြေအောက်ကမ္ဘာမြစ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သွားလေသည်။ သူက သက်ပြင်းချကာ ထရပ်လိုက်ပြီးနောက် လက်နှစ်ဖက်ကို ဘေးသို့ ဖြန့်ကားလိုက်သည်။

" ဝိညာဥ်တို့ ငါ့ဆီလာ "

မြေအောက်ကမ္ဘာနန်းတော်အပြင်ဘက်ရှိ အဆုံးမရှိသော အမုန်းဝိညာဥ်အုပ်လိုက်ကြီး ဝုန်းခနဲထွက်လာကာ ဧရာမလေပွေကြီးအသွင်ပြောင်း၍ သူရှိရာဘက် ဦးတည်လာကြသည်။

ပိုင်ဟောက်က သူ၏ဘယ်လက်ဖြင့် မန္တန်လက်ကွက်တစ်ကွက်ဖော်ပြီး သူ၏နဖူးကို ထိလိုက်ရာ သူ့ခန္ဓာကိုယ်တစ်ခုလုံး မီးတောက်များအဖြစ် တဟုန်းဟုန်းတောက်လောင်လာတော့သည်။

၄င်းသည်ကား တစ်ရောင်ခြယ်မီးတောက် ...

သူ၏လက်များက မန္တန်လက်ကွက်များဖြင့် ဝေဝါးလာစဥ် ပတ်ပတ်လည်ရှိ ဝိညာဥ်ပင်လယ်ကြီးသည် လည်ပြီးရင်း လည်လာတော့သည်။ ဝိညာဥ်တစ်ကောင်ပြီးတစ်ကောင် ပိုင်ဟောက်ခန္ဓာကိုယ်ထဲ ဝင်လာကြရာ သူ့ပတ်လည်ရှိ မီးတောက်များမှာ ရင်သပ်ရှူမောဖွယ်ပုံစံဖြင့် တဖျပ်ဖျပ်လှုပ်လာလေသည်။

နှစ်ရောင်ခြယ်မီးတောက်… သုံးရောင်ခြယ်မီးတောက်… လေးရောင်ခြယ်မီးတောက်....။

အသက်ရှူချိန်အနည်းငယ်အတွင်း ပိုင်ဟောက်၏ပတ်လည်ရှိ မီးပင်လယ်ကြီးသည် ခက်ခဲကြာရှည်သော အပိုင်းများသို့ ရောက်ရှိသွားလေပြီ။ မကြာမီ ၄င်းက အရောင် ဆယ့်ခြောက်ရောင် ပြသလာ၏။

ထို့နောက် ဆက်သွားနေလေသည်။

တစ်ကမ္ဘာလုံးတွင် မီးတောက်ဖန်တီးခြင်းအရာနှင့်ပတ်သက်လျှင် ပိုင်ရှောင်ချန်းအား ကျော်နိုင်သော လူတစ်ယောက်ယောက်ရှိလျှင် ... ထိုလူသည်ကား သူ၏တပည့်၊ ငရဲဧကရာဇ် ပိုင်ဟောက်ပင်။

မီးတောက်များက ပိုင်ဟောက်၏ပတ်လည်တွင် လောင်ကျွမ်းနေသဖြင့် ထစ်ခြုန်းမြည်ဟည်းသံများ ဆက်လက်ပဲ့တင်ထပ်နေတော့သည်။ မရေမတွက်နိုင်သော ဝိညာဥ်များ သူ့ခန္ဓာကိုယ်ထဲ အလုအယက်ပြေးဝင်လာစဥ် ဆယ့်ခုနစ်ရောင်မြောက် အရောင်တစ်ရောင်ပေါ်လာပြီးနောက် ဆယ့်ရှစ်ရောင်မြောက်၊ ဆယ့်ကိုးရောင်မြောက် ...။

ဤမျှနှင့်မပြီးသေး။

ပိုင်ဟောက်၏မျက်လုံးများထဲရှိ ခိုင်မာသောဆုံးဖြတ်ချက်ထက် ပြင်းထန်နိုင်သည့်အရာ မရှိနိုင်တော့ပေ။ သူက လက်နှစ်ဖက်ကို ဝှေ့ယမ်းနေ၍ မြေအောက်ကမ္ဘာမြစ်တစ်ခုလုံး တသိမ့်သိမ့်တုန်နေတော့သည်။

အရောင်နှစ်ဆယ်။

နှစ်ဆယ့်တစ်ရောင်။

ထိုအချိန်တွင် ပိုင်ဟောက်က ဟင်းလင်းပြင်ကို ကြည့်ပြီး မယုံကြည်နိုင်ဖွယ်ကောင်းစွာ ဟိန်းဟောက်လိုက်သည်။

ထိုအချိန်တွင် ... သူ၏ဝိညာဥ်မှာ စတင်လောင်ကျွမ်းလာတော့သည်။ ထိုစွမ်းအားများက မြေအောက်ကမ္ဘာမြစ်မှ ဝိညာဥ်များနှင့်အတူ ပေါင်းစပ်လာနေပြီး ပိုင်ဟောက်၏ မျက်လုံးများက အရောင်နှစ်ဆယ့်တစ်ရောင်နှင့်အတူ တဖြေးဖြေးဝင်းပလာလေသည် .... ထို့နောက် နောက်ထပ်တစ်ရောင် ပေါ်လာ၏။

၄င်းသည်ကား ... နှစ်ဆယ့်နှစ်ရောင်ခြယ်မီးတောက်။

နှစ်ဆယ့်တစ်ရောင်ခြယ်မီးတောက် ပေါ်ပေါက်လာချိန်တွင် အပြင်ဘက်မြေရိုင်းဒေသထဲ၌ မည်သည့်အရာမှ မဖြစ်ပွားပေ။ အရာရာတိုင်းသည် ပုံမှန်အတိုင်းဖြစ်နေဟန်တူသည်။ ကျင့်ကြံသူများက ဆက်လက်တိုက်ခိုက်နေကြသည့်တိုင် သူတို့၏နှလုံးသားများ ရုတ်တရက် တုန်ရီသွားလေသည်။ စွမ်းအားကြီးပြီး မမြင်နိုင်သောအားကြီး၏ ရုတ်တရက် ရောက်ရှိလာမှုကြောင့် သူတို့၏ ဝိညာဥ်များ တဆတ်ဆတ်တုန်သွားသည့်အလားပင်။

ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများ၊ နတ်အဆင့်ကျင့်ကြံသူများ၊ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများပင် ... အလွန်တုန်လှုပ်သွားကြသဖြင့် ပင့်သက်ရှိုက်သွားကြလေသည်။

မြေရိုင်းဒေသများမှာသာ ထိုကဲ့သို့အရာများ ဖြစ်ပျက်သွားခြင်းမဟုတ်။ ကောင်းကင်တံတားနယ်မြေများရှိ ကျင့်ကြံသူများမှ တိရစ္ဆာန်များအထိ သက်ရှိအရာအားလုံး၊ အပင်နှင့် သာမန်လူသားများပင်လျှင် အကုန်လုံး တူညီစွာတုံ့ပြန်လိုက်ကြသည်။ ထို့နောက် အပေါ်ထက် ကောင်းကင်ယံတွင် ... ကမ္ဘာပိုက်ကွန်ကြီးပေါ်ပေါက်လာတော့သည်။

ထိုအချိန်တွင် ကမ္ဘာပေါ်က သက်ရှိများအားလုံး အသံတစ်သံကြားလိုက်ကြရ၏။ ၄င်းသည်ကား ရေရွတ်သံလေးတစ်သံသာ ဖြစ်ပါသော်လည်း သူတို့အပေါ် သက်ရောက်နေသည့်ဖိအားကြီးမှာ ဖော်ပြ၍ပင် မရပေ။

" ဆရာ … ကျွန်တော် ဆရာ့ကို ကယ်ဖို့ လာနေပြီ "

#မူရင်းစာရေးဆရာ အာဂျန်က ဒီအပိုင်းကို တင်လိုက်တဲ့အချိန်မှာ အောက်ကပုံလေးကိုပါ ထည့်ထားခဲ့ပါတယ်။ အဲဒါကြောင့် အခုအပိုင်းမှာ ကျွန်တော်လည်း အောက်ကပုံလေးကို ထည့်ပေးလိုက်ရပါတယ်။

ဒီပုံလေးကိုကြည့်ပြီး ပိုင်ဟောက်က ပိုင်ရှောင်ချန်းကို ဆရာအဖြစ် အရိုအ​ေသပြုခဲ့တဲ့အချိန်ကာလကို ပြန်အမှတ်ရမိစေမယ်လို့ ယုံကြည်ပါတယ်။

All Chapters