အခန်း (၂၄၁-၂၄၂)
Vol. 25 Ch. 241-242
အခန်း ၂၄၁ - ချေမှုန်းခြင်း
"ဘာက မဖြစ်နိုင်တာလဲ"
အနက်ရောင်ဝတ်ရုံနှင့် လူ၏ တုန်လှုပ်နေမှုကို ရင်ဆိုင်ရင်း လုချင်းက ပြုံးလိုက်သည်။ သူသည် လက်ကောက်ဝတ်ကို ပေါ့ပါးစွာ လှုပ်ခါလိုက်ပြီး လက်ထဲမှ လေးရှည်ကို ဘေးနားရှိ လမ်းဘေးဈေးသည်တစ်ဦး၏ ဈေးဆိုင်ခုံပေါ်သို့ ပစ်တင်လိုက်သည်။ ထို့နောက် သူ့အင်္ကျီအိတ်ကပ်ထဲသို့ လက်နှိုက်ပြီး လက်အိတ်တစ်စုံကို ထုတ်ယူလိုက်သည်။
ထိုလက်အိတ်သည် နွားသားရေဖြင့် ပြုလုပ်ထားပြီး လက်ဆစ်များပေါ်တွင် အလွှာတစ်ထောင် သန့်စင်ထားသော သံမဏိပြားများ မြှုပ်နှံထားသည်။ ၎င်းတို့ကို လုချင်း မြှားလုပ်စဉ်က ကိုယ်တိုင် ဖန်တီးခဲ့ခြင်း ဖြစ်သည်။
"ဒါပေမဲ့ ခင်ဗျားရဲ့ တုတ်သိုင်းကတော့ နည်းနည်း အရည်အချင်းရှိသားပဲ။ ကျွန်တော့်ကိုတောင် အနည်းငယ် အခက်တွေ့အောင် လုပ်နိုင်ခဲ့တယ်"
လုချင်း လက်အိတ်ကို စွပ်လိုက်သည်။ ယခင် တိုက်ခိုက်မှုတွင် မျက်ခုံးနှစ်ခုကြားရှိ အဆောင်၏ စွမ်းအားကို အသုံးပြုပြီး ကာကွယ်ခဲ့သော်လည်း သူ့လက်သီးမှာ နာကျင်နေဆဲ ဖြစ်သည်။
လက်အိတ်စွပ်ပြီးနောက် သူသည် ကျေနပ်အားရစွာဖြင့် လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်ပြီး ရှေ့သို့ ကြည့်လိုက်သည်။
"ဒါပေမဲ့ ဒါက ကျွန်တော့်အတွက်တော့ အဆင်ပြေပါတယ်။ ကျွန်တော် မကြာသေးခင်ကမှ နည်းလမ်းသစ်တချို့ စဉ်းစားမိထားလို့ စမ်းကြည့်ချင်နေတာ။ ခင်ဗျား ဒဏ်ရာတွေ အရမ်းများနေပြီး ကျွန်တော့်လက်သီးချက်တွေကို မခံနိုင်မှာ စိုးရိမ်နေခဲ့တာ။ အခုကြည့်ရတာ ခင်ဗျားရဲ့ ခွန်အားက ကျွန်တော်ထင်ထားတာထက် ပိုပြီးတော့တောင် တောင့်ခံနိုင်တဲ့ပုံပဲနော် ၊ လေ့ကျင့်ဖော်လုပ်ဖို့ ကွက်တိပဲ"
လုချင်းသည် ကိုယ်ကို အနည်းငယ် နှိမ့်ချလိုက်ပြီး လက်သီးအနေအထား ပြင်လိုက်ကာ အနက်ရောင်ဝတ်ရုံနှင့် လူကို ပြုံးပြလိုက်သည်။ "အဘိုးကြီး... ခင်ဗျား နည်းနည်းလောက် ပိုကြာကြာ တောင့်ခံနိုင်ပါစေလို့ မျှော်လင့်ပါတယ်။ ကျွန်တော့်လက်သီးချက် နည်းနည်းလေးနဲ့ ခင်ဗျား သေသွားရင် သိပ်ကိုပျင်းစရာကောင်းနေလိမ့်မယ်"
"မောက်မာလိုက်တဲ့ ကောင်စုတ်လေး" လုချင်း၏ ရဲတင်းလှသော စကားများကို ကြားလိုက်ရသောအခါ အနက်ရောင်ဝတ်ရုံနှင့် လူသည် ဒေါသအကြီးအကျယ် ထွက်သွားတော့၏။ လုချင်း၏ ခွန်အားကြောင့် တုန်လှုပ်ခဲ့ရသော်လည်း ယခင် ထိပ်တိုက်တွေ့ဆုံမှုတွင် လုချင်း၌ မွေးရာပါ စစ်မှန်သောချီ မရှိသေးကြောင်းနှင့် မွေးရာပါနယ်ပယ် သိုင်းပညာရှင်တစ်ဦး မဟုတ်ကြောင်း သူ အာရုံခံမိခဲ့သည်။
မွေးဖွားပြီးနယ်ပယ် သိုင်းသမားတစ်ဦး၏ အရှက်ခွဲခြင်းကို ခံရသည်မှာ အနက်ရောင်ဝတ်ရုံနှင့် လူအတွက် သည်းမခံနိုင်သော ကိစ္စဖြစ်သည်။ ဒေါသတကြီးဖြင့် သူသည် တုတ်ရှည်ကို ဝှေ့ယမ်းလိုက်ရာ တုတ်အရိပ်မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာပြီး လုချင်းအပေါ်သို့ မိုးသက်မုန်တိုင်းကဲ့သို့ ကျရောက်လာတော့သည်။
ဒီတစ်ကြိမ်တွင် အနက်ရောင်ဝတ်ရုံနှင့် လူသည် သူ့အင်အားအကုန် ထုတ်သုံးရုံသာမက မွေးရာပါ စစ်မှန်သောချီကိုပါ လောင်ကျွမ်းစေလျက် ပေါက်ကွဲစေတတ်သော လျှို့ဝှက်နည်းလမ်းကို အသုံးပြုကာ အစွမ်းကုန် တိုက်ခိုက်လိုက်သည်။ သူ လုချင်းကို နှိပ်စက်ရန် စိတ်ကူးမရှိတော့ပေ။ ယခု သူ လိုချင်သည်မှာ လုချင်းကို တစ်ချက်တည်းနှင့် အသားနွှာခံရသကဲ့သို့ ချေမှုန်းပစ်ရန်သာ ဖြစ်သည်။
"ကောင်းတယ်... ဒါမှ ပိုစိတ်ဝင်စားစရာကောင်းတာ" တုတ်အရိပ်မုန်တိုင်းကို ရင်ဆိုင်ရင်း လုချင်းသည် တုန်လှုပ်ခြင်းမရှိဘဲ သူ့မျက်လုံးများထဲတွင် တိုက်ခိုက်လိုစိတ်များ တောက်လောင်လာတော့၏။
ထို့နောက်တွင်တော့ သူ့မျက်ခုံးကြားရှိ အဆောင်မှ ရွှေရောင်အလင်းဖျော့ဖျော့ ထွက်ပေါ်လာပြီး မြေကမ္ဘာဝိညာဉ်ပုလဲသည်လည်း ဖြည်းညှင်းစွာ စတင်လည်ပတ်လာတော့သည်။ ချက်ချင်းဆိုသလိုပင် သူ့အရေပြားပေါ်၌ ရွှေရောင်အလင်းပါးပါးလေး ပေါ်လာရာ အားကောင်းသော စွမ်းအားတစ်ခုက သူ့ခန္ဓာကိုယ်ထဲ စီးဝင်လာသည်။
ပြိုင်ဘက်ကင်းသောအင်အားဖြင့် လုချင်းသည် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ရာ သူ့အောက်ရှိ မြေကြီးများ အက်ကွဲသွားသည်။ ခါးနားရှိ အသင့်ပြင်ထားသော ညာဘက်လက်သီးသည် ရုတ်တရက် ပျောက်ကွယ်သွားပြီး ရှေ့မှ ထူထပ်သော တုတ်အရိပ်များဆီသို့ ပြင်းထန်စွာ ထိုးနှက်လိုက်သည်။
ဝေါင်း
လက်သီးထိုးလိုက်သည်နှင့် တစ်ပြိုင်နက် အားကောင်းသော ကျားဟိန်းသံကြီးတစ်ခုက လုချင်းထံမှ ထွက်ပေါ်လာခဲ့ကာ မြို့တစ်မြို့လုံးတွင်ပင် ပဲ့တင်သံထပ်လျက် အရာအားလုံးကို တုန်ခါသွားစေသည်။ သူ့ရှေ့မှ လေထုသည် လုံးဝ ဖိသိပ်ခံလိုက်ရပြီး အဖြူရောင် မြူခိုးများ ဖြစ်ပေါ်လာကာ အားကောင်းသော လေလှိုင်းများအသွင်ဖြင့် တုတ်အရိပ်များဆီသို့ လှိမ့်ဝင်သွားလေ၏။
ဘုန်း! းး
ကြမ်းတမ်းသော လက်သီးလေလှိုင်းသည် အနက်ရောင်ဝတ်ရုံနှင့် လူ ဖန်တီးထားသော မရေမတွက်နိုင်သော တုတ်အရိပ်များနှင့် ထိပ်တိုက်တွေ့သွားတော့လေသည်။
တစ်ဖက်တွင် မွေးရာပါနယ်ပယ် စစ်မှန်သောချီဖြင့် ဖွဲ့စည်းထားသော တုတ်အရိပ်များ ၊ အခြားတစ်ဖက်တွင်တော့ လေထုကို ဖိသိပ်ပြီး ပုံပျက်စေသော စစ်မှန်သော ရုပ်ပိုင်းဆိုင်ရာ ခွန်အားမှ ဖြစ်ပေါ်လာသည့် အားကောင်းသော လေလှိုင်းများ။
သဘာဝချင်း မတူညီကြသော်လည်း နှစ်ခုစလုံးတွင် ကြီးမားသော စွမ်းအားများ ပါဝင်နေလေ၏။
၎င်းတို့၏ ထိပ်တိုက်တွေ့ဆုံမှုသည် ပိုမိုကြီးမားသော မုန်တိုင်းကို ဖြစ်ပေါ်စေပါ၏။ ကြမ်းတမ်းသော မုန်တိုင်းလေပြင်းများကြောင့် သူတို့ကြားရှိ လမ်းဘေးတစ်ဖက်တစ်ချက်မှ အိမ်အများအပြားမှာလည်း ပြိုကျပျက်စီးကုန်သည်။
ပြင်းထန်သော ပေါက်ကွဲမှုများကြားတွင် လုချင်းသည် အားကောင်းသော ဝိညာဉ်အာရုံခံနိုင်စွမ်းကို အသုံးပြု၍ တုတ်အရိပ်များကြားတွင် ဖုံးကွယ်ထားသော အနက်ရောင်ဝတ်ရုံနှင့် လူ၏ တုတ်ရှည်ကို တိကျစွာ ရှာဖွေပြီး ထိုးနှက်လိုက်သည်။
ကြီးမားသော အင်အားတစ်ခုက သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသောအခါ၌ ယင်းအင်အားကြီးက တုတ်ရှည်ကိုတောင် ကွေးညွတ်သွားစေခဲ့သည်။
ထိုအချိန်တွင် အနက်ရောင်ဝတ်ရုံနှင့် လူသည် ဆက်ပြီးမထိန်းထားနိုင်တော့ပေ။ သူ့ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ခါသွားပြီး နောက်သို့ လွင့်စင်သွားစဉ် တုတ်ရှည်သည် သူ့လက်ထဲမှ လွတ်ထွက်သွားကာ အိမ်အများအပြားကို ဖောက်ထွက်ပြီး ပျောက်ကွယ်သွားလေသည်။
သို့သော် အနက်ရောင်ဝတ်ရုံနှင့် လူသည် ယခုအချိန်တွင် သူ့လက်နက်ကို ဂရုမစိုက်နိုင်တော့ပေ။ အကြောင်းမှာ လုချင်းသည် သူ့လက်နက်ကို လက်သီးတစ်ချက်ဖြင့် ပစ်ထုတ်လိုက်ပြီးနောက် နောက်ထပ် ခြေတစ်လှမ်း တိုးလိုက်ပြန်ရာ မြေကြီးများ အက်ကွဲသွားပြီး မျက်တောင်တစ်ခတ်အတွင်း သူ့ရှေ့သို့ ရောက်ရှိလာသောကြောင့် ဖြစ်သည်။
"နေဦး" လုချင်း၏ အေးစက်ပြီး သတ်ဖြတ်လိုစိတ် ပြင်းထန်နေသော မျက်လုံးများကို မြင်လိုက်ရသောအခါ လက်နက်မဲ့သွားပြီး လေထဲတွင် ရှိနေဆဲဖြစ်သော အနက်ရောင်ဝတ်ရုံနှင့် လူသည် ကြီးမားသော ကြောက်ရွံ့မှုကို ခံစားလိုက်ရပြီး အလျင်အမြန်ပင် အော်ဟစ်လိုက်မိသည်။
"သေလိုက်တော့"
သို့သော် အချည်းနှီးသာ။
လုချင်း၏ မျက်လုံးများမှာ အေးစက်နေလေပြီး သူ့လက်သီးများသည် မရေမတွက်နိုင်သော အရိပ်များအဖြစ် ပြောင်းလဲကာ အနက်ရောင်ဝတ်ရုံနှင့် လူ၏ ခန္ဓာကိုယ်ကို တိုက်ခိုက်လိုက်သည်။
ဘုန်း၊ ဘုန်း၊ ဘုန်း
ခပ်စိတ်စိတ် လက်သီးသံများ ထွက်ပေါ်လာသည်။
အသက်တစ်ရှိုက်စာအချိန်အတွင်း လုချင်းမှာ လက်သီးချက် ဘယ်လောက်ထိုးလိုက်မှန်းတောင် မသိနိုင်တော့ပေ။ အားလုံးသည် အနက်ရောင်ဝတ်ရုံနှင့် လူ၏ ခန္ဓာကိုယ်ပေါ်သို့သာ ကျရောက်ခဲ့ပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်သွားစေခဲ့ပါ၏။ ခန္ဓာကိုယ်အား အောက်သို့ တစ်ချက်ကလေးမျှပင် ပြုတ်မကျစေခဲ့ဘဲ ဆက်တိုက်ကို ထိုးကြိတ်နေခဲ့လေသည်။
သုံးရှိုက်စာ အသက်ရှူချိန်အထိ ဆက်တိုက် ထိုးနှက်ပြီးနောက်တွင်တော့ လုချင်းသည် နောက်ဆုံးတွင် သူ့လက်သီးများကို ရုတ်သိမ်းပြီး ရပ်တန့်လိုက်တော့၏။ လက်သီးရိပ်များ ပျောက်ကွယ်သွားသည်နှင့် အနက်ရောင်ဝတ်ရုံနှင့် လူ၏ ခန္ဓာကိုယ်သည်မှာလည်း မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်။
သို့သော် သူ့ပုံစံမှာ ကြည့်မကောင်းအောင်ထိပင် ရုပ်ပျက်ဆင်းပျက် ဖြစ်နေလေ၏။ ခေါင်းအောက်ပိုင်းမှစ၍ ခြေလက်အင်္ဂါများ အပါအဝင် တစ်ကိုယ်လုံး လိမ်ကောက် ပုံပျက်နေပြီး ကောင်းမွန်သော အသားဟူ၍ မရှိတော့ပေ။ အရိုးများနှင့် ကိုယ်တွင်းအင်္ဂါများပင် အပိုင်းပိုင်း ကြေမွသွားရှာသည်။ ပျက်စီးနေသော အိတ်တစ်လုံးကဲ့သို့နှယ် မြေပြင်ပေါ်တွင် ပျော့ခွေနေပြီး ခေါင်းကိုပင် မမော့နိုင်တော့ပေ။
သို့ပေတည်း ထိုအခြေအနေထိ ဖြစ်နေသော်လည်း အနက်ရောင်ဝတ်ရုံနှင့် လူမှာ ခုချိန်ထိ မသေသေးပေ။ မွေးရာပါနယ်ပယ် အသေးစားအောင်မြင်မှုအဆင့်၏ ခိုင်မာသော စိတ်ဆန္ဒက ခန္ဓာကိုယ် ပျက်စီးသွားသော်လည်း သူ့အသိစိတ်ကို ယာယီ ထိန်းထားပေးသည်။ သို့သော် ယခုအချိန်တွင် သူ့မျက်လုံးများ၌ ဒေါသ မရှိတော့ဘဲ မယုံကြည်နိုင်မှုနှင့် ကြောက်ရွံ့မှုများသာ ရှိတော့သည်။
သာမန် လူငယ်လေးတစ်ယောက်၏ လက်ချက်ဖြင့် ဤမျှ လွယ်လွယ်ကူကူ ရှုံးနိမ့်သွားလိမ့်မည်ဟု သူ မယုံကြည်နိုင် ဖြစ်နေမိ၏။
လုချင်း ယခုလေးတင် ပြသခဲ့သော စွမ်းအားနှင့် သိုင်းပညာအဆင့်အတန်းကို သူ ကြောက်လန့်နေမိသည်။ သူ့ဘဝတစ်လျှောက်လုံးတွင် ဤမျှ ကြမ်းတမ်းသော သိုင်းပညာမျိုး တစ်ခါမှ မမြင်ဖူးခဲ့ပေ။ ငယ်ငယ်ရွယ်ရွယ်နှင့် လုချင်းတစ်ယောက် ဤကဲ့သို့ စွမ်းရည်များကို မည်သို့ ကျင့်ကြံခဲ့သည်ကို တွေး၍ပင် မရနိုင်။
ဒီကောင်လေးက လူရော ဟုတ်ရဲ့လား။
တစ်ခဏတာမျှ လုချင်းသည် အနက်ရောင်ဝတ်ရုံနှင့် လူ၏ စိတ်ထဲတွင် မိစ္ဆာကောင်တစ်ကောင်အဖြစ် မြင်ယောင်လာသည်။
"နှမြောစရာပဲ" လုချင်းသည် အနက်ရောင်ဝတ်ရုံနှင့် လူ၏ ရှေ့တွင် ရပ်ကာ အေးဆေးစွာ ငုံ့ကြည့်လိုက်သည်။ "ကျွန်တော့်စွမ်းရည် တိုးတက်ဖို့အတွက် ခင်ဗျားက လက်သီးချက် နည်းနည်းလောက်တော့ ခံနိုင်မယ် ထင်ခဲ့တာ။ ဒါပေမဲ့ တစ်ချက်တောင် မခံနိုင်ဘူးဆိုတော့ ကျွန်တော် ခင်ဗျားကို အထင်ကြီးလွန်းမိသွားတယ် ထင်ပါရဲ့။ မွေးရာပါနယ်ပယ် အသေးစားအောင်မြင်မှုအဆင့် သိုင်းပညာရှင်တစ်ယောက်အနေနဲ့ ခင်ဗျားက ကျွန်တော် ထင်ထားတာထက်တောင် ပိုပြီးပျော့ညံ့နေတယ်လေ။ အဲ့လိုမှန်းသိ ၊ စောစောက ဆရာ့ကို ခင်ဗျားရဲ့ လက်မောင်း မဖြတ်ခိုင်းဘဲ ထားခဲ့သင့်တာ"
"အဟွတ်" အလွန်အမင်း နာကြည်းနေပြီဖြစ်သော အနက်ရောင်ဝတ်ရုံနှင့် လူခင်မျာမှာတော့ ထိုသည်ကိုကြားပြီး သွေးတစ်လုပ်တောငါ အန်ထုတ်လိုက်မိ၏။ ထို့ပြင် ရင်ထဲတွင် မခံချင်စိတ်များမှာ တရိပ်ရိပ်ဖြင့် လှိုင်တက်လာသည်။
"မင်းက ဘယ်လို မိစ္ဆာကောင်မျိုးလဲ" ယခုအချိန်တွင် ခေါင်းကိုသာ မနည်း လှုပ်ရှားနိုင်တော့သော အနက်ရောင်ဝတ်ရုံနှင့် လူသည် စကားပြောရန် ခက်ခဲနေသဖြင့် ကျန်ရှိနေသေးသော ဝိညာဉ်စွမ်းအားကို အသုံးပြု၍ အသံလွှင့်ကာ မေးလိုက်သည်။
"လမ်းသွားလမ်းလာတစ်ယောက်ပါပဲ" လုချင်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "ခင်ဗျားကို တန်းမသတ်ဘဲ ဘာလို့ အရှင်ထားထားလဲ သိလား"
"ဘာလို့လဲ" အနက်ရောင်ဝတ်ရုံနှင့် လူမှာ နားမလည်နိုင် ဖြစ်သွားသည်။
လုချင်း၏ သိုင်းပညာအရ ထိုလက်သီးချက်များဖြင့် သူ့ကို သတ်နိုင်စွမ်း ရှိသည်။ သို့သော် သူက ခေါင်းကို တမင် ရှောင်ရှားပြီး အသက်ချမ်းသာ ပေးထားခဲ့သည်။
"ခင်ဗျားရဲ့ အသက်ကို သုံးပြီး ခင်ဗျားအစ်ကိုကို ခြိမ်းခြောက် ၊ ပြီးတာနဲ့ ကျွန်တော့်ဆရာကို ပြန်လွှတ်ပေးဖို့ တောင်းဆိုမယ်လို့ ထင်နေတာလား"
အနက်ရောင်ဝတ်ရုံနှင့် လူသည် ရုတ်တရက် သဘောပေါက်သွားသည်။
သူ ချက်ချင်းဆိုသလို ပြောလိုက်၏။ "လူငယ်လေး... မင်းပြောတာ မှန်တယ်။ ငါ့အစ်ကိုကြီးနဲ့ ငါက အတူတူ ကြီးပြင်းလာပြီး ညီအစ်ကိုအရင်းတွေလို ချစ်ခင်ကြတာ။ ငါ့ကိုသုံးပြီး မင်းဆရာနဲ့ လဲမယ်ဆိုရင် သူ သေချာပေါက် သဘောတူမှာပါ"
ခန္ဓာကိုယ် မသန်စွမ်း ဖြစ်သွားသော်လည်း အနက်ရောင်ဝတ်ရုံနှင့် လူ၌ အသက်ရှင်ချင်စိတ် ပြင်းပြနေဆဲ ဖြစ်သည်။ ရှေးဟောင်း မိစ္ဆာကျင့်စဉ် အမွေအနှစ်ကို ရရှိထားသူ ဖြစ်သဖြင့် အသိစိတ် ရှိနေသရွေ့ မျှော်လင့်ချက် ရှိကြောင်း သူသိသည်။
ယခုလို အခြေအနေမျိုးတွင်ပင် ပြန်လည် ကောင်းမွန်လာနိုင်မည့် အခွင့်အလမ်း ရှိသေးပါ၏။ သူ့အစ်ကိုကြီး၏ ကျင့်စဉ်သာ ပြီးပြည့်စုံသွားပါက သွေးဝိညာဉ်အလံကို အသုံးပြုပြီး သူ့ခန္ဓာကိုယ်ကို ပြန်လည် ကုစားပေးနိုင်လိမ့်မည်။ ထို့ကြောင့် မျှော်လင့်ချက် ရောင်ခြည်သန်းနေသရွေ့ သူ လက်လျှော့မည် မဟုတ်ပေ။
"ကျွန်တော့်ဆရာနဲ့ လဲမယ် ဟုတ်လား။ ခင်ဗျားအစ်ကိုကြီးကို ခင်ဗျား အထင်ကြီးလွန်းနေပြီ" လုချင်းက သူ့ရှေ့မှ သနားစဖွယ်လူကြီးအား လှောင်ပြုံးလေးဖြင့် ပြုံးပြလိုက်သည်။ "ကျွန်တော် ခင်ဗျားကို အရှင်ထားထားတာက ပစ္စည်းတစ်ခု ပြချင်လို့၊ အဲ့ဒါမှ ခင်ဗျား သေပျော်မှာမို့လို့လေ"
ထိုသို့ပြောပြီးနောက် လုချင်းသည် ကျောက်စိမ်းဆွဲပြားတစ်ခုကို အနက်ရောင်ဝတ်ရုံနှင့် လူ၏ ရှေ့သို့ ပစ်ချလိုက်သည်။ မူလက လုချင်း၏ စကားကြောင့် စိုးရိမ်နေသော အနက်ရောင်ဝတ်ရုံနှင့် လူသည် ကျောက်စိမ်းဆွဲပြားကို မြင်လိုက်ရသောအခါ၌ မှင်သက်သွားတော့၏။
"ဒီကျောက်စိမ်းဆွဲပြားက..."
"ဟုတ်တယ်... ဒါ ခင်ဗျား အချစ်ဆုံး မြစ်ကလေး မော့ရွှမ်ရဲ့ ကျောက်စိမ်းဆွဲပြားလေ။ ဪ... ပြောဖို့ မေ့နေတာ၊ သူ့ကို သတ်လိုက်တာကလည ကျွန်တော်ပဲ" လုချင်းက အေးဆေးစွာ ပြောလိုက်သည်။ "သူ့ခေါင်းကို ရင်ဘတ်ထဲ ဝင်သွားတဲ့အထိ နင်းချေပြီး သတ်ခဲ့တာလေ။ သု့ပုံက တော်တော်တော့ သနားစရာကောင်းခဲ့တယ်"
"မင်းပဲကိုး"
"မိစ္ဆာကောင် မင်းကများ ငါ့မြစ်လေး မော့ရွှမ်ကို သတ်ခဲ့တာပေါ့ ကောင်စုတ်လေး... ငါတို့က ရန်သူတွေပဲ"
အနက်ရောင်ဝတ်ရုံနှင့် လူသည် စိတ်တည်ငြိမ်မှုကို ဆက်လက် မထိန်းထားနိုင်တော့ဘဲ သူ့ခေါင်းမှ ပြင်းထန်သော ဝိညာဉ်စွမ်းအင် လှိုင်းများ ထွက်ပေါ်လာသည်။ သူ့မျက်လုံးများ သွေးချင်းချင်းနီနေပြီး ကြီးမားသော နာကြည်းချက်နှင့် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေကာ တကယ့် သရဲတစ္ဆေတစ်ကောင်ကဲ့သို့ ဖြစ်နေလေ၏။
သို့သော် ဒါက လုချင်းကို လုံးဝ မထိခိုက်စေပေ။ သူသည် တစ်စုံတစ်ခုကို စောင့်ဆိုင်းနေသကဲ့သို့ ငြိမ်သက်စွာ ရပ်နေပြီး ထိုလူကို အော်ဟစ်ခွင့်ပြုထားသည်။ အသက်ဆယ်ရှိုက်စာခန့် ကြာသောအခါ၌ လုချင်း၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။ သူသည် ဒေါသဖြစ်နေဆဲထိုလူ့ခေါင်းဘက်သို့ လှည့်ပြီး ပြောလိုက်၏။
"တော်တော့။ ဟန်ဆောင်နေတာ ရပ်လိုက်တော့။ ခင်ဗျား အစ်ကိုကြီး ထွက်လာတော့မယ်။ ခင်ဗျားကို ကယ်နိုင်မလား ကြည့်ကြတာပေါ့"
ထိုအခါ၌ အနက်ရောင်ဝတ်ရုံနှင့် လူ၏ ရူးသွပ်နေသော ဝိညာဉ်လှိုင်းများ ရုတ်တရက် ရပ်တန့်သွားသည်။
သွေးရောင်အလင်းနယ်ပယ်ထဲမှ ဒေါသထွက်နေသော အသံတစ်သံ ပဲ့တင်ထပ်လာသည်။ "မွေးရာပါနယ်ပယ်ပိုင်နက် ရေနဲ့မီး ဓားချီ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
တစ်ချိန်တည်းမှာပင် သွေးရောင်အလင်းနယ်ပယ်အတွင်း၌ တောက်ပသော အလင်းရောင်များ လင်းလက်လာပြီး အရာအားလုံးကို ဖိနှိပ်ထားသော ဓားအသိတစ်ခု ထွက်ပေါ်လာသည်။ အနီနှင့်အဖြူ ရောယှက်နေသော ဓားချီတစ်ခု ကောင်းကင်သို့ ထိုးတက်သွားပြီး သွေးရောင်အလင်းနယ်ပယ်ကို ထက်ပိုင်း ပိုင်းဖြတ်လိုက်သည်။
သွေးရောင်အလင်းများ မှေးမှိန်သွားသည်နှင့် အတွင်းမှ မြင်ကွင်းကို ထင်ရှားစွာ မြင်လိုက်ရသည်။ လုချင်းနှင့် အခြားသူများ ပထမဆုံး မြင်လိုက်ရသည်မှာ ပျက်စီးနေသော လမ်းမကြီးဖြစ်သည်။ အလယ်ဗဟိုတွင် လူနှစ်ဦး မျက်နှာချင်းဆိုင် ရပ်နေကြသည်။ တစ်ဦးမှာ သွေးရောင်အလံကို ကိုင်ထားပြီး ကျန်တစ်ဦးမှာ ဓားရှည်ကို ကိုင်ထားသည်။
ချိတ်ကဲ့သို့ ကောက်ကွေးနေသော နှာခေါင်းနှင့် အဘိုးအိုနှင့် သမားတော်ကြီးချန်တို့မှလွဲ၍ အခြားသူ မဖြစ်နိုင်ပေ။ သို့သော် ယခင်နှင့် နှိုင်းယှဉ်ပါက နှစ်ဦးစလုံး သိသိသာသာ ပြောင်းလဲသွားကြသည်။
သမားတော်ကြီးချန်၏ မျက်နှာမှာ ချောမွတ်နေပြီး ဆံပင်များကလည်း နက်မှောင်နေကာ ထက်မြက်သော ဓားအသိကို ထုတ်လွှတ်နေသည်။ သူ့အဝတ်အစားများမှာလည်း သပ်ရပ်နေလေပြီး ဆယ်စုနှစ်လောက် အနည်းငယ် ပိုငယ်သွားသကဲ့သို့နှယ်ပင်။ ယခု၌ သူသည် လူလတ်ပိုင်းအရွယ် ပုံစံပေါက်နေလေ၏။
ချိတ်ကဲ့သို့ ကောက်ကွေးနေသော နှာခေါင်းနှင့် အဘိုးအို၏ အခြေအနေကတော့ တော်တော်လေးကို ဆိုးရွားနေရှာသည်။ သူ့အဝတ်အစားများက သူတောင်းစားကဲ့သို့ စုတ်ပြဲနေပြီး ခန္ဓာကိုယ်အနှံ့တွင်လည်း သွေးထွက်နေသော ဒဏ်ရာများ ရှိနေသည်။
ထို့ပြင် ဆံပင်များကလည်း ဖရိုဖရဲဖြစ်နေကာ အပြင်းအထန်ကို မောဟိုက်နေရှာပြီး ယခင်က ရှိခဲ့သော မောက်မာမှုများလည်း ယခုအချိန်တွင်တော့ မရှိနိုင်တော့ပေ။ သူ့လက်ထဲမှ သွေးဝိညာဉ်အလံပင်လျှင် နှစ်ပိုင်းကျိုးနေပြီး တော်တော်လေးကို ပျက်စီးနေလေကာ လုံးဝ သုံးမရတော့သည့် အနေအထား ဖြစ်နေလေ၏။ သူ့အသက်စွမ်းအားမှာလည်း အနိမ့်ဆုံးသို့ ရောက်နေပြီး သေလုမြောပါး ဖြစ်နေချေပြီပင်။
"အစ်ကိုကြီး" သူ့အစ်ကိုကြီး၏ သနားစဖွယ်အခြေအနေကို မြင်လိုက်ရသော အနက်ရောင်ဝတ်ရုံနှင့် လူသည် မယုံကြည်နိုင်သော ဝိညာဉ်လှိုင်းတစ်ခု ထုတ်လွှတ်လိုက်သည်။ သွေးဝိညာဉ်အလံ ပိုင်ဆိုင်ထားသော သူ့အစ်ကိုကြီး ရှုံးနိမ့်သွားသည်ကို သူ လက်မခံနိုင် ဖြစ်နေမိ၏။
ချိတ်ကဲ့သို့ ကောက်ကွေးနေသော နှာခေါင်းနှင့် အဘိုးအိုသည် ဝိညာဉ်လှိုင်းကို အာရုံခံမိပြီး လှမ်းကြည့်လိုက်ရာ အစပိုင်းတွင် မှင်သက်သွားပြီးနောက် ခါးသီးစွာ ပြုံးလိုက်သည်။ "ညီလေး... မင်းလည်း ရှုံးသွားတာပဲ။ ဒီဆရာနဲ့ တပည့်က တကယ့်ကို မိစ္ဆာကောင်တွေပဲ"
ခါးသီးစွာ ပြုံးပြီးနောက် ချိတ်ကဲ့သို့ ကောက်ကွေးနေသော နှာခေါင်းနှင့် အဘိုးအိုက သမားတော်ကြီးချန်ကို ကြည့်လိုက်သည်။ "ခင်ဗျားက ပြီးပြည့်စုံတဲ့ မွေးရာပါနယ်ပယ်ရဲ့ ပိုင်နက်ကို သဘောပေါက်ထားရုံတင်မကဘူး။ ရေနဲ့မီး မွေးရာပါနယ်ပယ် ချီအစစ် နှစ်မျိုးစလုံးကိုလည်း ပိုင်ဆိုင်ထားသေးတယ်။ အဲဒါတွေကို ပေါင်းစပ်နိုင်စွမ်းပါ ရှိနေလိမ့်မယ်လို့ ကျုပ် ထင်မထားခဲ့ဘူး။ ကျုပ် အရှုံးကို လက်ခံပါတယ်"
ချိတ်ကဲ့သို့ ကောက်ကွေးနေသော နှာခေါင်းနှင့် အဘိုးအိုမှာ တကယ် တုန်လှုပ်နေခြင်း ဖြစ်သည်။ ဤကမ္ဘာပေါ်တွင် ဤကဲ့သို့သော ထူးဆန်းသောသူမျိုး ရှိနေလိမ့်မည်ဟု သူ ဘယ်တုန်းကမှ စိတ်ကူးမယဉ်ခဲ့ဖူးပေ။ မွေးရာပါနယ်ပယ် အသေးစားအောင်မြင်မှု အဆင့်မှာသာ ရှိသေးသော်လည်း ပြီးပြည့်စုံသော နယ်ပယ်တစ်ခုကို သဘောပေါက် နားလည်ထားသည်။
ပိုင်နက်ဆိုသည်မှာ မွေးရာပါနယ်ပယ် အကြီးစားအောင်မြင်မှုအဆင့်ရှိသော ထိပ်သီး သိုင်းပညာရှင်များသာ ထိတွေ့နိုင်သည့် အရာဖြစ်ကြောင်း သိထားရမည်။ ထို့ပြင် သမားတော်ကြီးချန်သည် ဆန့်ကျင်ဘက်ဖြစ်သော ဓားအသိနှစ်ခုကို ကျွမ်းကျင်ရုံသာမက ၎င်းတို့ကို ပြီးပြည့်စုံစွာ ပေါင်းစပ်ပြီး အပြန်အလှန် အားဖြည့်ပေးနိုင်ခဲ့သည်။ ဤကဲ့သို့သော စွမ်းဆောင်ရည်များသည် ချိတ်ကဲ့သို့ ကောက်ကွေးနေသော နှာခေါင်းနှင့် အဘိုးအို၏ သိုင်းပညာအပေါ် နားလည်မှုကို လုံးဝ ပြောင်းလဲပစ်လိုက်ပြီး သူ့ကို အလွန်အမင်း တုန်လှုပ်သွားစေသည်။
အဘိုးအို၏ ရိုးသားသော ချီးကျူးစကားကို ရင်ဆိုင်ရသော်လည်း သမားတော်ကြီးချန်သည် နှုတ်ဆိတ်နေပြီး အေးစက်စွာ စိုက်ကြည့်နေသည်။ လူ့အသက်များကို တန်ဖိုးမထားသော ဤကဲ့သို့သော ယုတ်မာသူတစ်ဦးအတွက် စကားပြောစရာ မလိုဟု သူ ခံစားရသည်။
ချိတ်ကဲ့သို့ ကောက်ကွေးနေသော နှာခေါင်းနှင့် အဘိုးအိုက သမားတော်ကြီးချန်၏ သဘောထားကို ဂရုမစိုက်ပေ။
ရှင်လျှင် ရွှေထီး ၊ သေလျှင် မြေကြီးသာ။
ယခု ရှုံးနိမ့်သူအနေဖြင့် သူ့တွင် အခွင့်အရေး မရှိတော့။
"ဆရာ... ကျုပ် အရှုံးကို လက်ခံပါတယ်။ ဒါပေမဲ့ ကျုပ် သိချင်တာ တစ်ခုတော့ ရှိတယ်။ ကျုပ် သေပျော်အောင် ကျေးဇူးပြုပြီး ပြောပြပေးနိုင်မလား"
သမားတော်ကြီးချန်၏ မျက်လုံးများ အနည်းငယ် လှုပ်ရှားသွားပြီး အေးစက်သော စကားနှစ်လုံးကိုပဲ ပြောလိုက်သည်။ "ဘာလဲ"
"ခင်ဗျားက ဘယ်သူလဲ၊ ပြီးတော့ ကျုပ်နဲ့ ကျုပ်ညီလေး သွေးဝိညာဉ်အလံကို သန့်စင်နေတာကို တားဆီးဖို့ ဒီနေရာကို လာရမယ်ဆိုတာ ဘယ်လိုသိတာလဲဆိုတာ ကျုပ် သိချင်တယ်"
ဒါကို သူ နားမလည်နိုင်ဆုံး ဖြစ်သည်။ သမားတော်ကြီးချန်ကဲ့သို့ ထူးချွန်သော သိုင်းပညာရှင်တစ်ဦးသည် အမည်မသိသူတစ်ဦး မဖြစ်သင့်ပေ။ သို့သော် သူနှင့် ယှဉ်နိုင်သော မွေးရာပါနယ်ပယ် သိုင်းပညာရှင်တစ်ဦးကိုမှ သူ စဉ်းစားမရ ဖြစ်နေသည်။
ပို၍ အရေးကြီးသည်မှာ ဤမျှ စွမ်းအားကြီးသော သိုင်းပညာရှင်တစ်ဦးက ယွင်ကျိုးတွင် ပေါ်လာပြီး သူတို့၏ သွေးဝိညာဉ်အလံ သန့်စင်ပွဲ အရေးကြီးဆုံးအချိန်တွင် လာရောက်နှောင့်ယှက်သည်မှာ အလွန် တိုက်ဆိုင်လွန်းနေပါ၏။
ယင်းတိုက်ဆိုင်မှုက လျစ်လျူရှုထား၍ မရနိုင်လောက်အောင်ပင်။
သို့သော် ချိတ်ကဲ့သို့ ကောက်ကွေးနေသော နှာခေါင်းနှင့် အဘိုးအို မျှော်လင့်မထားသည်မှာ သမားတော်ကြီးချန်က သူ့မေးခွန်းကို ဖြေကြားလိုစိတ် မရှိခြင်းပင်။
"သေခါနီးလူတစ်ယောက်က အများကြီး သိစရာ မလိုပါဘူး။ မင်းက မိစ္ဆာအတတ်တွေ ကျင့်ကြံတယ်၊ သူများရဲ့အသက်တွေကို ရန်ရှာတယ်၊ သေသင့်တဲ့သူပဲ။ အေးအေးဆေးဆေး သွားလိုက်ပါတော့"
ပြောပြီးသည်နှင့် ဓားအလင်းတစ်ခု လက်ခနဲ ဖြစ်သွားပြီး ချိတ်ကဲ့သို့ ကောက်ကွေးနေသော နှာခေါင်းနှင့် အဘိုးအိုလည်း ခေါင်းပြတ်သွားတော့လေသည်။
….
အခန်း ၂၄၂ - ပြောင်းလဲလာသော စိတ်နှလုံးများနှင့် အာဏာမသက်ရောက်တော့သော မြင့်မြတ်သောတောင်တောင်၏ အမိန့်
"ဆရာတူအစ်ကိုကြီး"
ချိတ်ကဲ့သို့ ကောက်ကွေးနေသော နှာခေါင်းနှင့် အဘိုးအို ဓားတစ်ချက်တည်းဖြင့် ခေါင်းဖြတ်ခံလိုက်ရသည်ကို မြင်သောအခါ အနက်ရောင်ဝတ်ရုံနှင့် လူသည် တုန်လှုပ်သွားပြီး ပြင်းထန်သော ဝိညာဉ်စွမ်းအင်လှိုင်းများ ထုတ်လွှတ်လိုက်မိသည်။ တစ်ချိန်တည်းမှာပင် သူ့နှလုံးသားထဲ၌ စိုးရိမ်မှုပင်လယ်ဝေသွားခဲ့၏။ သူ့ဆရာတူအစ်ကိုကြီးတောင် သေသွားပြီဆိုတော့ သူလည်း ရှင်နိုင်မှာ မဟုတ်တော့။
လုချင်းသည်လည်း သူ့ဆရာ၏ ရုတ်တရက် အသေသတ်လိုက်သော လုပ်ရပ်ကြောင့် အနည်းငယ် အံ့သြသွားသည်။ ဤညီအစ်ကိုနှစ်ယောက်၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များက သူ့ဆရာကို အမှန်တကယ် ဒေါသထွက်စေခဲ့ပြီး ဤမျှ ပြတ်သားသော ဆုံးဖြတ်ချက်ကိုတောင် ချစေခဲ့ပုံရ၏။
ချိတ်ကဲ့သို့ ကောက်ကွေးနေသော နှာခေါင်းနှင့် အဘိုးအို သေပြီဖြစ်၍ ကျန်တစ်ယောက်ကိုလည်း အရှင်ထားစရာ အကြောင်းမရှိတော့။ အနက်ရောင်ဝတ်ရုံနှင့် လူ၏ တောင်းပန်တိုးလျှိုးနေသော မျက်လုံးများကို လျစ်လျူရှုလျက် လုချင်းသည် ကျောက်စရစ်ခဲလေးတစ်လုံးကို လက်ဖြင့် ပစ်လွှတ်လိုက်ရာ ထိုလူ့မျက်ခုံးကို ဖောက်ထွက်သွားပြီး ဝိညာဉ်စွမ်းအင်ကို ငြိမ်းသတ်လိုက်လျက် သေဆုံးသွားစေခဲ့သည်။
ထို့ကြောင့် တိမ်လွှာစီးဂိုဏ်း၏ အကြီးမားဆုံး အားကိုးရာဖြစ်သော မွေးရာပါနယ်ပယ် အဓိပတိအကြီးအကဲနှစ်ဦးစလုံးသည် လုချင်းနှင့် သူ့ဆရာတို့၏ လက်ချက်ဖြင့် ကျဆုံးသွားခဲ့ရသည်။ သို့သော် တရားခံများကို ရှင်းလင်းလိုက်နိုင်သော်လည်း လုချင်းမှာ ဝမ်းသာမှုကို မခံစားရသေးပေ။ ချိတ်ကဲ့သို့ ကောက်ကွေးနေသော နှာခေါင်းနှင့် အဘိုးအိုကို ခေါင်းဖြတ်သတ်ပြီးနောက် တိတ်ဆိတ်စွာ ရပ်နေသော သမားတော်ကြီးချန်သည်လည်း ထို့အတူပင်။
"ဆရာ" သူ့ဆရာ စိတ်အခြေအနေ သိပ်မကောင်းသည်ကို သတိထားမိသဖြင့် လုချင်း ညင်သာစွာ ခေါ်လိုက်သည်။
"အားချင်း... ကောင်းကင်တာအိုအသံ မြည်ဟိန်းလာတုန်းက ငါ ဘာလို့ ကြိုတင် နိမိတ်ခံစားခဲ့ရလဲဆိုတာ အခုမှ နားလည်တော့တယ်" သမားတော်ကြီးချန်က ရုတ်တရက် ပြောလာသည်။
လုချင်း အံ့အားသင့်သွား၏။
"ကမ္ဘာလောကကြီးရဲ့ ပြောင်းလဲမှုတွေက ကျင့်ကြံခြင်း ပတ်ဝန်းကျင်တင် မဟုတ်ဘဲ လူတွေရဲ့ စိတ်နှလုံးတွေပါ ပါဝင်နေတာပဲ။ ပြန်လည် နိုးထလာတာက ဝိညာဉ်စွမ်းအင်တွေတင် မဟုတ်ဘဲ စိတ်ကို နှောင့်ယှက်နိုင်တဲ့ အမျိုးမျိုးသော မိစ္ဆာစွမ်းအင်တွေလည်း ပါဝင်နေတယ်။
ကောင်းကင်စည်းမျဉ်းတွေ ပြောင်းလဲလာတာက တစ်ချိန်က ဝါးတားတား ဖြစ်နေတဲ့ သိုင်းပညာလမ်းကြောင်းကို ပိုရှင်းလင်းလာစေတဲ့အပြင် တိုးတက်ဖို့ အခွင့်အလမ်းတွေကိုလည်း ပိုများလာစေတယ်။ အဆင့်တက်ဖို့အတွက် သိုင်းပညာရှင်တချို့က ဘာမဆို လုပ်ကြလိမ့်မယ်၊ တားမြစ်ချက်တွေကိုတောင် ဖောက်ဖျက်ကြလာလိမ့်မယ်။ မြင့်မြတ်သောတောင်တော်က ချမှတ်ထားတဲ့ စည်းမျဉ်းတွေက မကြာခင် အသုံးမဝင်တော့ဘူးလို့ ငါ ခံစားနေရတယ်"
လုချင်း တိတ်ဆိတ်နေလိုက်သည်။ ဆရာပြောတာ မှန်ကြောင်း သူသိသည်။
သိုင်းပညာရှင်များသည် ပိုမိုသန်မာလာဖို့ကိုသာ အမြဲတမ်း စွဲလမ်းနေကြသည်။ ကမ္ဘာကြီး ပြောင်းလဲလာပြီး ဝိညာဉ်စွမ်းအင်များ ပြန်လည် နိုးထလာသည်နှင့်အမျှ သိုင်းပညာလမ်းကြောင်းသည်လည်း ပိုမို၍ အလားအလာကောင်းလာသည်သာ။
အထူးသဖြင့် ထူးချွန်သော ပါရမီရှိသည့် မွေးရာပါနယ်ပယ် သိုင်းပညာရှင်များအတွက် သူတို့၏ အတားအဆီးအပိတ်အဆို့များကို ဖြတ်ကျော်ပြီး ပိုမြင့်မားသော အဆင့်များသို့ တက်လှမ်းနိုင်မည့် အခွင့်အရေး များစွာရှိသည်။ မှန်ကန်သော နားလည်သဘောပေါက်မှုနှင့်အတူ တိုးတက်မှုများဖြင့် လုပ်ဆောင်လျှင် ကိစ္စမရှိပေ။
ကြောက်စရာကောင်းသည်မှာ မွေးရာပါနယ်ပယ် သိုင်းပညာရှင်အချို့သည် ဖြတ်လမ်းနည်းများနှင့် မကောင်းသော လမ်းစဉ်များကို လိုက်ကာ သက်ရှိများကို ဒုက္ခပေးပြီး အဆင့်တက်ရန် ကြိုးစားလာနိုင်ခြင်းပင်။
တိမ်လွှာစီးဂိုဏ်းမှ ညီအစ်ကိုများကဲ့သို့ပင် သူတို့ကိုယ်သူတို့ သန်မာစေရန် တခြားသူများ၏အသက်များကို စတေးခြင်း၊ သွေးနှင့် ဝိညာဉ်များကို လုယက်ခြင်းများ ပြုလုပ်ကြလိမ့်မည်။ ထိုအရာသည် ကမ္ဘာပေါ်ရှိ လူသားအားလုံးအတွက် ကြီးမားသော ဘေးအန္တရာယ် ဖြစ်လိမ့်မည်။
မြင့်မြတ်သောတောင်တောင်၏ အမိန့်များနှင့် ပတ်သက်၍မူ...
ကမ္ဘာကြီး တည်ငြိမ်ပြီး အင်အားစုများ မျှတနေစဉ်က အမိန့်များသည် ထိရောက်မှု ရှိကောင်းရှိခဲ့နိုင်သည်။ သို့သော် ယခုအခါ၌ ကမ္ဘာကြီး ပြောင်းလဲလာပြီး စည်းမျဉ်းများ လျော့ရဲလာခဲ့ပြီပင်။ အင်အားစုတစ်ခုစီတိုင်းက ကိုယ့်အကျိုးစီးပွားအတွက် ကြံစည်နေကြချိန်တွင် မည်သူက ထို အမိန့်ဆိုသည်များကို ဂရုစိုက်နေကြဦးမည်နည်း။
မြင့်မြတ်သောတောင်တောင်ကိုယ်တိုင်လည်း အကျပ်အတည်းနှင့် ရင်ဆိုင်နေရနိုင်ပါ၏။ သို့မဟုတ်လျှင် တိမ်လွှာစီးဂိုဏ်းကြောင့် ယွင်ကျိုးတွင် ဤမျှ ပြဿနာကြီး ဖြစ်နေတာတောင် မြင့်မြတ်သောတောင်တောင်မှ မည်သူမျှ ပေါ်မလာသည်မှာ အဘယ်ကြောင့်နည်း။
မြင့်မြတ်သောတောင်တောင်၏ စည်းမျဉ်းများကို ထိန်းသိမ်းပြီး သတင်းအလွန် မြန်ဆန်သည်ဟု နာမည်ကြီးသော ထျန်းကျီမျှော်စင်မှပင်လျှင် တပည့်တစ်ဦးတစ်ယောက်မှ မတွေ့ရပေ။
ဒါက အချက်တစ်ချက်ကိုသာ ညွှန်ပြနေသည်။ ကျုံးကျိုးတွင် တစ်စုံတစ်ခု အမှန်တကယ် ဖြစ်ပျက်ခဲ့ပြီး မြင့်မြတ်သောတောင်တောင်အနေဖြင့် အခြားပြည်နယ်များ၏ ကိစ္စရပ်များကို ဂရုမစိုက်နိုင်တော့ခြင်း ဖြစ်နိုင်၏။
"ဆရာ... ကမ္ဘာကြီးရဲ့ အခြေအနေ ဘယ်လို ပြောင်းလဲသွားလဲဆိုတာ နားလည်ဖို့ ကျွန်တော်တို့ ကျုံးကျိုးကို အမြန်ဆုံး သွားရမယ့်ပုံပဲ" လုချင်း ပြောလိုက်သည်။
"ကောင်းပြီ... ဒီကကိစ္စတွေ ရှင်းပြီးတာနဲ့ ငါတို့ ချက်ချင်း ထွက်ခွာကြမယ်" သမားတော်ကြီးချန် ခေါင်းညိတ်လိုက်သည်။ ကျုံးကျိုးသည် ကမ္ဘာပေါ်တွင် အစည်ကားဆုံးနေရာဖြစ်ပြီး အခြားပြည်နယ်များအား အတူတကွ ပေါင်းစပ်ထားသည်နှင့် ညီမျှသော အရွယ်အစား ရှိသည်။ ထိုနေရာတွင်သာ ကမ္ဘာကြီး အမှန်တကယ် မည်သို့ ပြောင်းလဲသွားသည်ကို တွေ့မြင်နိုင်ပေလိမ့်မည်။
"ချန်ပေ့ ကျုပ် ခင်ဗျားကို ကူဖို့ ပြန်လာပြီ" လုချင်းနှင့် သူ့ဆရာ စကားပြောနေစဉ် လူတစ်ယောက် သူတို့ရှေ့သို့ ဆင်းသက်လာသည်။
ထိုသည်ကတော့ ဓားသမားပင် ဖြစ်သည်။
"ချန်ပေ့... အဆင်ပြေရဲ့လား..." ဓားသမားသည် မေးမြန်းရန် ပြင်လိုက်စဉ် သမားတော်ကြီးချန်ကို မြင်လိုက်ရပြီး ရုတ်တရက် ရပ်တန့်သွားသည်။
စောစောက သမားတော်ကြီးချန်သည် သွေးရောင်အလင်းနယ်ပယ်ကို ဖြိုခွင်းရန်အတွက် သူ၏ စွမ်းအင်နှင့် စိတ်ဓာတ်ကို အမြင့်ဆုံး အခြေအနေသို့ တွန်းပို့ခဲ့သဖြင့် မွေးရာပါနယ်ပယ်သို့ ပထမဆုံး ရောက်ရှိစဉ်ကကဲ့သို့ လူလတ်ပိုင်းပုံစံသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။ ဒါကို မြင်လိုက်ရတော့ ဓားသမားခင်မျာ ခေတ္တမျှ မှင်သက်သွားလေ၏။
"ကိစ္စမရှိပါဘူး... လူယုတ်မာနှစ်ယောက်လုံး အသတ်ခံလိုက်ရပြီ၊ စိတ်ပူစရာ မလိုတော့ဘူး" သမားတော်ကြီးချန်က ပြန်ပြောလိုက်ပြီး သူ့စွမ်းအင်ကို ပြန်လည် ရုတ်သိမ်းလိုက်ရာ ဆံပင်များ တဖြည်းဖြည်း ပြန်ဖြူလာပြီး မကြာမီမှာပဲ ယခင်ပုံစံအတိုင်း ပြန်ဖြစ်သွားတော့၏။
ဒါကိုမြင်တော့ သမားတော်ကြီးချန်က အဘိုးအိုပုံစံကို တမင်တကာ ထိန်းသိမ်းထားခြင်း ဖြစ်ကြောင်း ဓားသမားလည်း နားလည်လိုက်သည်။ သို့သော် သူ အလျင်အမြန်ပင် ထိုအတွေးကို ဖယ်ရှားလိုက်ပြီး သမားတော်ကြီးချန်၏ စကားကြောင့် တုန်လှုပ်သွားသည်။
"ချန်ပေ့... ခင်ဗျား ဆိုလိုချင်တာက မော့ညီအစ်ကိုတွေကို သတ်လိုက်ပြီဆိုတာလားဟင်..." ဓားသမားသည် ကိုယ့်အသိနှင့်ကိုယ် စကားပြတ်သွားသည်။
ထိုအချိန်မှသာ မြေပြင်ပေါ်ရှိ ချိတ်ကဲ့သို့ ကောက်ကွေးနေသော နှာခေါင်းနှင့် အဘိုးအိုနှင့် အနက်ရောင်ဝတ်ရုံနှင့် လူတို့၏ အလောင်းများကို သူ တွေ့လိုက်ရပြီး မျက်လုံးများ ပြူးကျယ်သွားတော့၏။
"အသက်တွေကို မဆင်မခြင် ဒုက္ခပေးတဲ့ လူယုတ်မာနှစ်ယောက်က သေသင့်ပါတယ်" သမားတော်ကြီးချန်က ဂရုမစိုက်သလို ပြောလိုက်သည်။ "နေပါဦး... မင်းရဲ့ တပည့်တွေနဲ့ ယွင်ကျိုးက သိုင်းပညာရှင် မိတ်ဆွေတွေရော ဘယ်လိုနေလဲ"
ဓားသမားသည် တုန်လှုပ်နေသော အကြည့်ကို ရုတ်သိမ်းလိုက်ပြီး သူ့မျက်နှာပေါ်တွင် ဝမ်းနည်းရိပ်များ ပေါ်လာသည်။ "သူတို့ အခြေအနေက ဆိုးတယ်ဗျ။ ထက်ဝက်လောက်က မော့ညီအစ်ကိုတွေ လက်ချက်နဲ့ သေကုန်ကြပြီ။ ကျန်တဲ့သူတွေကလည်း မိစ္ဆာနည်းလမ်းတွေကြောင့် စွမ်းအင်နဲ့ အသွေးအသားတွေအများကြီး စုပ်ယူခံထားရတယ်။ ရုပ်ပိုင်းဆိုင်ရာ ပိုအားနည်းတဲ့သူတွေဆို သေလုမြောပါး ဖြစ်နေကြပြီလေ။
ကျုပ် ချီအစစ်နဲ့ သူတို့ ဒဏ်ရာတွေကို ယာယီ တည်ငြိမ်အောင်တော့ လုပ်ထားပေးတယ်။ ဒါပေမဲ့ ဒီလိုလုပ်ထားတာတောင် တချို့က ဒီနေ့ကို ကျော်နိုင်ပါ့မလား မသိဘူး"
ဒါကြောင့်သာ မဟုတ်လျှင် သူ တည်းခိုခန်းထဲမှာ အချိန်အကြာကြီး နေဖြစ်ခဲ့မည် မဟုတ်ပေ။
"ဪ... အဲဒီလောက်တောင် ဆိုးရွားတာလား" သမားတော်ကြီးချန် လန့်သွားပြီး ချက်ချင်း ပြောလိုက်သည်။ "သွားကြည့်ရအောင်၊ ငါ ဆေးပညာ နည်းနည်းပါးပါး တတ်တယ်၊ ကူညီနိုင်မလားလို့လေ"
"ချန်ပေ့က ဆေးပညာလည်း နားလည်တယ်လား" ဓားသမားက ဝမ်းသာအားရ ပြောလိုက်သည်။ သမားတော်ကြီးချန်၏ နက်နဲသော ကျင့်စဉ်အရ သူ့ဆေးပညာလည်း သာမန် မဟုတ်တန်ရာ။
"နည်းနည်းပါးပါး သိတာပါ၊ အချိန်မဆွဲဘဲ သွားကြစို့၊ လမ်းပြပေးပါ"
"ချန်ပေ့... ကျုပ်နောက်က လိုက်ခဲ့ပါ" ဓားသမားသည် မော့ညီအစ်ကိုများ၏ အလောင်းကို နောက်ဆုံးတစ်ခေါက် ကြည့်လိုက်ပြီးနောက် ဦးဆောင်၍ လမ်းပြလိုက်သည်။ လုချင်းသည်လည်း သူ့လေးရှည်ကို ပြန်ကောက်ယူပြီးနောက်၌ ဆရာ့နောက်သို့ လိုက်ပါသွားလေ၏။
သုံးဦးသား တည်းခိုခန်းသို့ မကြာမီ ရောက်ရှိသွားကြသည်။
အထဲသို့ ဝင်လိုက်သည်နှင့် ပြန့်ကျဲနေသော အလောင်းများကို မြင်လိုက်ရသဖြင့် လုချင်းနှင့် သမားတော်ကြီးချန်မှာ တုန်လှုပ်သွားကြသည်။ ဤအလောင်းများသည် ချိတ်ကဲ့သို့ ကောက်ကွေးနေသော နှာခေါင်းနှင့် အဘိုးအို၏ မိစ္ဆာနည်းလမ်းများဖြင့် သတ်ဖြတ်ခံလိုက်ရသော သိုင်းပညာရှင်များဖြစ်ကြောင်း သူတို့ မှတ်မိလိုက်သည်။ သို့သော် သူတို့၏ သေဆုံးပုံက ဤမျှ ကြမ်းတမ်းလိမ့်မည်ဟု ထင်မထားမိခဲ့ပေ။
"အဓိပတိအကြီးအကဲ"
"ယန်ချန်ပေ့"
လုချင်းနှင့် အခြားသူများ ဝင်လာသည်ကို မြင်တော့ တင်ပျဉ်ခွေထိုင်ရင်း ကုသနေကြသော ငွေရောင်လမင်းဂိုဏ်းချုပ်နှင့် အခြားသူများသည် အစပိုင်းတွင် ဝမ်းသာသွားသော်လည်း လုချင်းနှင့် သမားတော်အိုကြီးကို မြင်သောအခါ၌ သတိကပ်သွားကြသည်။
"ဒါက ချန်ချန်ပေ့နဲ့ သူ့တပည့်ပါ။ ဝင်ခွင့်ပေးလိုက်ပါ။ ချန်ချန်ပေ့က ဆေးပညာ ကျွမ်းကျင်တယ်၊ ပန်းတစ်ရာနန်းတော်က တပည့်တွေကို စစ်ဆေးပေးပါစေ" ဓားသမားက ပြောလိုက်သည်။
ငွေရောင်လမင်းဂိုဏ်းချုပ်နှင့် အခြားသူများ အံ့သြသွားကြသော်လည်း အလျင်အမြန် လမ်းဖယ်ပေးလိုက်ကြရာ သူတို့နောက်တွင် လဲလျောင်းနေသော ပုံရိပ်အချို့ ပေါ်လာသည်။ ၎င်းတို့သည် အဖြူရောင် ဝတ်ဆင်ထားသော အမျိုးသမီးငယ်များ ဖြစ်ကြပြီး ယခုအခါ သတိလစ်မေ့မြောနေကာ မျက်နှာများ ဖြူရော်ပြီး ချည့်နဲ့နေသည်။ တစ်ချိန်က နက်မှောင်တောက်ပခဲ့သော ဆံပင်များသည် ယခုအခါတွင်တော့ ခြောက်သွေ့ပြီး ဖြူဖွေးနေလေ၏။
သမားတော်ကြီးချန်သည် အမျိုးသမီးတစ်ဦး၏ လက်ကောက်ဝတ်ပေါ်သို့ လက်ချောင်းနှစ်ချောင်း တင်လိုက်ပြီး သူမ၏ အခြေအနေကို စစ်ဆေးရန် မွေးရာပါ စစ်မှန်သောချီတစ်မျှင်ကို တိတ်တဆိတ် ပို့လွှတ်လိုက်သည်။ မကြာမီမှာတော့ သူ့မျက်နှာထားက တည်ကြည်လေးနက်သွားသည်။
ဓားသမား ပြောခဲ့သလိုပင် ဤမိန်းကလေးတွေရဲ့ အခြေအနေက အလွန် ဆိုးရွားနေပါ၏။ ချီနှင့် သွေး အလွန်အမင်း ကုန်ခမ်းနေပြီး သွေးခုန်နှုန်း အားနည်းကာ အသက်စွမ်းအားကုန်လုနီးပါး ဖြစ်နေသည်။ တကယ့်ကို သေမင်းတံခါးဝ ရောက်နေခြင်းပင်။
"ချန်ပေ့... ဒီ ပန်းတစ်ရာနန်းတော်က တပည့်တွေ အခြေအနေ ဘယ်လိုလဲ၊ မျှော်လင့်ချက် ရှိပါ့မလား" ပန်းတစ်ရာနန်းတော်၏ ဒုဂိုဏ်းချုပ်က သမားတော်ကြီးချန်ကို သတိကြီးစွာဖြင့် မေးလိုက်သည်။ ငွေရောင်လမင်းဂိုဏ်း အဓိပတိအကြီးအကဲ၏ သမားတော်ကြီးချန်အပေါ် လေးစားမှုကို မြင်ရသဖြင့် သူမမှာ ပေါ့ဆရဲခြင်း မရှိပေ။
"ငါ အကောင်းဆုံး ကြိုးစားပါ့မယ်" သမားတော်ကြီးချန်က လေးနက်စွာ ပြောလိုက်ပြီး အပ်အိတ်ကို ထုတ်ကာ လုချင်းကို ညွှန်ကြားလိုက်သည်။ "အားချင်း... ဆေးသေတ္တာ သွားယူချေ၊ ဆေးမြစ်တွေ လိုတယ်"
"ဟုတ်ကဲ့ ဆရာ" တည်းခိုခန်းထဲရှိ လူများကို သံသယဖြစ်ဖွယ် လူများ ပါ ၊ မပါ လျှို့ဝှက် စစ်ဆေးနေသော လုချင်းသည် ချက်ချင်းပင် အလျင်အမြန် ထွက်ခွာသွားပြီးနောက် မြင်းလှည်းရှိရာသို့ ပြေးသွားလိုက်တော့သည်။ ဆရာ၏ လေးနက်သော မျက်နှာထားကို မြင်ရသဖြင့် လုချင်းသည် အမြန်နှုန်း မြှင့်တင်ရန် သူ့မျက်ခုံးကြားရှိ "မြေကမ္ဘာရွေ့လျားမန္တန်" ၏ စွမ်းအားကိုပင် အသုံးပြုလိုက်ပါ၏။
မကြာမီမှာပဲ သူတို့ စခန်းချရာနေရာသို့ လုချင်း ရောက်ရှိသွားတော့သည်။
"သခင်လေး"
"ညီလေး"
"သခင်လေးလု" လုချင်း ပြန်ရောက်လာသည်ကို မြင်တော့ မာကူးနှင့် အခြားသူများက ဝမ်းသာအားရ ဝိုင်းအုံလာကြသည်။
"အခု မေးခွန်းတွေ မမေးနဲ့ဦး၊ နောက်မှ ရှင်းပြမယ်။ ဆရာမာ... ပစ္စည်းတွေ သိမ်းပြီး မြင်းလှည်းကို မြို့ထဲ မောင်းခဲ့။ ဆရာက အသက်ကယ်ဖို့ ဆေးလိုနေလို့၊ ကျွန်တော် အရင်သွားနှင့်မယ်။ ရှောင်ယန်... လိမ်လိမ်မာမာနေနော်၊ လျှောက်မပြေးနဲ့"
လုချင်းက သူတို့မေးခွန်းများကို စကားဖြတ်ပြောလိုက်ပြီးနောက်၌ ဆေးသေတ္တာကို ကောက်ယူကာ တောထဲ၌ ပျောက်ကွယ်သွားသည်။ မာကူးနှင့် အခြားသူများကတော့ ကြောင်ပြီး ကျန်ရစ်ခဲ့ရှာသည်။
"ဆရာမာ... ဘယ်လို သဘောရလဲဗျ..." လူကြီးမင်းဝမ်က မာကူးကို ယဉ်ကျေးစွာ မေးလိုက်သည်။
"သခင်လေးပြောတဲ့အတိုင်း လုပ်ကြတာပေါ့။ သူက လာခိုင်းမှတော့ မြို့ထဲက အန္တရာယ်ကင်းသွားပြီလို့ ဆိုလိုတာပဲ။ ချက်ချင်း သွားကြစို့" မာကူးက ခဏစဉ်းစားပြီး ဆုံးဖြတ်လိုက်သည်။
"ကောင်းပါပြီ... ဆရာမာ ပြောတဲ့အတိုင်းပါပဲ" လူကြီးမင်းဝမ်က အလျင်အမြန် သဘောတူလိုက်သည်။
သစ်ပင်ပေါ် တက်သွားပြီးကတည်းက လူကြီးမင်းဝမ်၏ သဘောထား ပြောင်းလဲသွားသည်ကို မာကူး သတိထားမိသည်။ သူက ပိုပြီး လေးစားမှုရှိလာကာ သတိထား ဆက်ဆံလာခဲ့၏။
ဒီဝမ်ချန်ပေ့တစ်ယောက် သစ်ပင်ပေါ်မှာ ဘာတွေ မြင်ခဲ့လို့ သူ့သဘောထားက ဒီလောက်တောင် ပြောင်းသွားရတာပါလိမ့်။
မာကူး ခန့်မှန်းမိသော်လည်း ထုတ်မပြောဘဲ ဝေ့ကျိအန်းကို ပစ္စည်းသိမ်းရန် ခေါ်လိုက်သည်။
ဆေးသေတ္တာ ရပြီးနောက် လုချင်းတစ်ယောက် တည်းခိုခန်းသို့ အမြန် ပြန်လာခဲ့သည်။
"ဆရာ... ဆေးသေတ္တာ ရပါပြီဗျ" လုချင်း ကမ်းပေးလိုက်သည်။
သမားတော်ကြီးချန် သေတ္တာကို ယူကာ ဖွင့်လိုက်ပြီး အဖြူရောင် ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ယူ၍ သတိလစ်နေသော ပန်းတစ်ရာနန်းတော် တပည့်များ၏ ပါးစပ်ထဲသို့ အရည်အနည်းငယ်စီ လောင်းထည့်လိုက်သည်။
ထိုဆေးမှာ မြေကမ္ဘာ သွေးကြော ဝိညာဉ်အရည်နှင့် နှစ်တစ်ရာ သက်တမ်းရှိ ဂျင်ဆင်းအပါအဝင် ရှားပါး ဆေးမြစ်များဖြင့် သူတို့ ကိုယ်တိုင် ဖော်စပ်ထားသော အဖိုးတန် ဆေးရည် ဖြစ်ကြောင်း လုချင်း မှတ်မိလိုက်သည်။ ၎င်းသည် သခင်မဝေ့ကိုတောင် ပြင်းထန်သော ရောဂါမှ ကယ်တင်ပေးခဲ့ပြီး အဆိပ်မိထားသော ဝေ့ကျိအန်းကိုလည်း သေမင်းလက်မှ ပြန်လုပေးနိုင်ခဲ့သည်။
ဆေးတိုက်ပြီးနောက် သမားတော်ကြီးချန်သည် အပ်စိုက်ကုထုံးကို စတင်ခဲ့ပြီး ဆေးစွမ်းအား ထိရောက်စေရန် အပ်များကို အသုံးပြုကာ လှုံ့ဆော်ပေးလိုက်သည်။ မကြာမီ ပန်းတစ်ရာနန်းတော် တပည့်များ၏ ဖြူရော်နေသော မျက်နှာများတွင် သွေးရောင် အနည်းငယ် သမ်းလာခဲ့၏။ သူတို့၏ ဖျော့တော့သော အသက်ရှူသံများလည်း ပိုမို၍ တည်ငြိမ်လာခဲ့လေသည်။
တည်းခိုခန်းထဲရှိ သိုင်းပညာရှင်များသည် အားနည်းနေကြသော်လည်း မျက်စိလျင်ကြသည်။ ပန်းတစ်ရာနန်းတော် တပည့်များ၏ အခြေအနေ သိသိသာသာ တိုးတက်လာသည်ကို သူတို့ မျက်စိနှင့် တပ်အပ်မြင်တွေ့လိုက်ရသည်။ အနည်းဆုံးတော့ ယခင်ကထက် အများကြီး ပိုကြည့်ကောင်းလာသည်ပင်။
"သူတို့ ခဏလောက်တော့ တည်ငြိမ်သွားပါပြီ" သမားတော်ကြီးချန်က တိုးတိုးလေး ပြောလိုက်သည်။
ပန်းတစ်ရာနန်းတော်မှ ဒုဂိုဏ်းချုပ်က အတိုင်းမသိ ဝမ်းသာသွားပြီး သမားတော်ကြီးချန်ကို ချက်ချင်းပင် ဦးညွှတ် ဂါရဝပြုလိုက်သည်။ "ကျေးဇူးတင်ပါတယ် ချန်ပေ့... သူတို့ကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။ ဒီကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး"
"ဒီလောက် ယဉ်ကျေးစရာ မလိုပါဘူး။ သူတို့က အသက်အန္တရာယ်တော့ မစိုးရိမ်ရတော့ပေမဲ့ ခန္ဓာကိုယ်တွေက အားနည်းနေတုန်းပဲ။ လနည်းနည်းလောက်ထိ ဘာမှမလုပ်ဘဲ အနားယူဖို့ လိုတယ်။ ဒါကို မှတ်ထားပါ" သမားတော်ကြီးချန်က မှာကြားလိုက်သည်။
"မှတ်ထားပါ့မယ်" ဒုဂိုဏ်းချုပ် လေးစားစွာ ပြန်ဖြေလိုက်သည်။
ပန်းတစ်ရာနန်းတော် တပည့်များထံမှ အပ်များကို ဖယ်ရှားပြီးနောက် သမားတော်ကြီးချန်သည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ပြီး စဉ်းစားကာ ပြောလိုက်သည်။ "မင်းတို့ထဲက တော်တော်များများ ချီနဲ့ သွေး အားနည်းနေတာကို တွေ့ရတယ်။ သဘောတူပေးမယ်ဆိုရင်တော့ ငါ သွေးခုန်နှုန်း စမ်းကြည့်ပြီး ကုသနည်း အကြံပြုပေးလို့ ရပါတယ်"
ဒါကိုကြားတော့ အားလုံး၏ မျက်လုံးများ အရောင်တောက်လာလေသည်။ သမားတော်ကြီး၏ အံ့ဖွယ် ဆေးပညာစွမ်းရည်ကို သူတို့ မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရပြီ ဖြစ်သည်။ သေလုမြောပါး ဖြစ်နေသော ပန်းတစ်ရာနန်းတော်မှ တပည့်များကို အချိန်တိုအတွင်း ကယ်တင်ပေးနိုင်ခဲ့သည်။ သူ့အရည်အချင်းက တကယ့်ကို ထူးခြားသည်။
သူတို့သည် တိမ်လွှာစီးဂိုဏ်းမှ အဓိပတိအကြီးအကဲ၏ မိစ္ဆာနည်းလမ်းများကြောင့် ပြင်းထန်စွာ အားနည်းနေကြသည်။ အသက်ရှင်ကျန်ရစ်သော်လည်း ခန္ဓာကိုယ်များမှာ ကြီးစွာသော ဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရပြီး နောင်တွင် ဖြစ်လာနိုင်သည့် ရောဂါများအတွက် စိုးရိမ်နေကြသည်။ ယခုလို ကျွမ်းကျင်သော သမားတော်တစ်ဦးက ကူညီရန် ကမ်းလှမ်းလာသည်ကို သူတို့ မည်သို့ ငြင်းဆန်နိုင်မည်နည်း။
"ကျေးဇူးတင်ပါတယ် ချန်ပေ့"
သူ့ဆရာ အခြားသူများထံ၌လည်း ရောဂါရှာဖွေနေသည်ကို မြင်လိုက်ရချိန်တွင် လုချင်းလည်း တည်းခိုခန်းထဲ လျှောက်ကြည့်နေလိုက်သည်။ မကြာမီ အလောင်းတစ်ခုရှေ့တွင် သူ ရပ်လိုက်သည်။
အခြား ခြောက်သွေ့နေသော အလောင်းများနှင့် မတူဘဲ ဤအလောင်းမှာ လတ်ဆတ်နေပြီး မျက်ခုံးကို ဓားဖြင့် ထိုးကာ ပခုံးကျိုးလျက် သေဆုံးနေခြင်း ဖြစ်သည်။
"ဒီလူက တိမ်လွှာစီးဂိုဏ်းက တပည့်ထင်တယ်။ တည်းခိုခန်းထဲမှာ ဓားစာခံ ဖမ်းဖို့ ကြိုးစားတုန်း ကျုပ်ဓားချက်နဲ့ သေသွားတာ" လုချင်းကို အကဲခတ်နေသော ဓားသမားက ရှင်းပြသည်။
လုချင်းက ခေါင်းညိတ်လိုက်ပြီး မေးလိုက်သည်။ "တိမ်လွှာစီးဂိုဏ်းချုပ်ရော... သူ့ကို တွေ့မိလား"
"မတွေ့မိဘူး" ဓားသမား ခေါင်းခါလိုက်သည်။ "မော့ဖူရဲ့ သတိပေးသံ ကြားပြီး သူ ထွက်ပြေးသွားတယ်လေ။ ကျုပ်က ပန်းတစ်ရာနန်းတော် တပည့်တွေကို ကုပေးနေတာမို့ လိုက်မဖမ်းလိုက်နိုင်ဘူး"
သူ့ပုံစံက နောင်တရနေပုံ ပေါက်သည်။ မော့ကျန်း၏ ကျင့်စဉ်အဆင့်က မနိမ့်လှပေ။ ဝိညာဉ်စွမ်းအားကို သန့်စင်ပြီးဖြစ်၍ မွေးရာပါနယ်ပယ်သို့ ရောက်ရန် နီးစပ်နေပြီ ဖြစ်သည်။ ယခု သူ လွတ်မြောက်သွားပြီ ဖြစ်ရာ မွေးရာပါနယ်ပယ်သို့ ရောက်ရှိသွားပါက အနာဂတ်တွင် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်ပါ၏။ ပုန်းအောင်းနေသော မွေးရာပါနယ်ပယ် သိုင်းပညာရှင်တစ်ဦးသည် အလွန်ပင် အန္တရာယ်များလှပါသည်။
လုချင်းသည် ဓားသမား၏ နောင်တကို သတိထားမိသော်လည်း ဘာမှ မပြောပေ။ အကျိုးဆက်များကို သူတို့ပဲ ခံရပေမည်။
ခဏတာ တုံ့ဆိုင်းနေပြီးနောက် ဓားသမားက နောက်ဆုံးတွင် မေးလိုက်သည်။
"သခင်လေး... ခင်ဗျား မော့ဖူကို သတ်လိုက်တာလား"