← Chapters

အခန်း (၂၄၅-၂၄၆)

Vol. 25 Ch. 245-246

အခန်း (၂၄၅-၂၄၆)

Vol. 25 Ch. 245-246

အခန်း ၂၄၅ - ဂိုဏ်းကို အမြစ်ဖြတ်ခြင်းနှင့် ရတနာရှာဖွေခြင်း

ဘုန်း

ရင်ဘတ်ကို ထိမှန်သွားသော လက်သီးချက်ကြောင့် အားကောင်းသော စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာပြီး မော့ကျန်း၏ ရင်ဘတ်တစ်ခုလုံး ချိုင့်ဝင်သွားသည်။ သူ ဟန်ချက်မထိန်းနိုင်တော့ဘဲ နောက်သို့ လွင့်စင်သွားလေသည်။

ဖူး

လေထဲတွင် မော့ကျန်းသည် သွေးတစ်လုပ် အန်ထုတ်လိုက်ရသည်။ သို့သော် သူ၏ စွမ်းအားကြီးမားသော သွေးမိစ္ဆာခန္ဓာကိုယ်ကို အားပြု၍ သူ မသေဆုံးသေးပေ။ သူ့ခန္ဓာကိုယ်အတွင်းမှ သွေးရောင်စွမ်းအင်များသည် ရူးသွပ်စွာ လည်ပတ်နေပြီး သူ့ရင်ဘတ်သည် မျက်မြင်ကိုယ်တွေ့ပင် ပြန်လည်ကုသနေရ၏။

သို့သော် မပြီးသေးပေ။ မော့ကျန်းသည် သူ့တိုက်ခိုက်မှု အကွာအဝေးမှ လွတ်မြောက်တော့မည်ကို မြင်လိုက်ရသောအခါ လုချင်း လက်ကို ထပ်မံ ဆန့်ထုတ်လိုက်သည်။ ထူးဆန်းသော စွမ်းအားတစ်ခုက လေထဲမှ ပေါ်လာပြီး မော့ကျန်း၏ ခန္ဓာကိုယ်ကို ချည်နှောင်ကာ ပြန်ဆွဲထားလိုက်သည်။

"ဒီသိုင်းကွက် နောက်တစ်ခါ လာပြန်ပြီ၊ ဒါ ဘာသိုင်းကွက်ကြီးလဲကွာ"

ထို ထူးဆန်းသော စွမ်းအားကို ထပ်မံ ခံစားလိုက်ရသဖြင့် မော့ကျန်းမှာလည်း စိတ်ထဲမှ အော်ဟစ်လိုက်သည်။ စောစောက သူသည် ဤမမြင်ရသော စွမ်းအားဖြင့် ချည်နှောင်ခံလိုက်ရသဖြင့် လှုပ်ရှားမှု နှေးကွေးသွားပြီး လုချင်း၏ လက်သီးကို မကာကွယ်နိုင်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူသာ ပြန်ဆွဲခေါ်ခံရပြီး လုချင်း၏ တိုက်ခိုက်မှု စည်းချက်ထဲသို့ ကျရောက်သွားပါက ဒီတစ်ကြိမ်တွင် သေချာပေါက် ရှုံးနိမ့်တော့မည်ကို သူ သိသည်။

မော့ကျန်းသည် အခြားအရာများကို ဂရုမစိုက်နိုင်တော့ဘဲ အော်ဟစ်လိုက်ကာ အားကောင်းသော အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။ သွေးစွမ်းအင်လှိုင်းတစ်ခု သူ့ထံမှ ဖြာထွက်လာပြီး မမြင်ရသော စွမ်းအားကို ချက်ချင်း ဖြိုခွင်းလိုက်ကာ သူ့ခန္ဓာကိုယ်ကို ပြန်လည် ထိန်းချုပ်လိုက်ပြီး ခြေကုပ်ယူလိုက်သည်။

"ကောင်လေး... မင်းရဲ့ စွမ်းအားက တကယ်ပဲ ထူးဆန်းတယ်၊ ဒါပေမဲ့ ဒီလို လှည့်ကွက်လေးတွေနဲ့ ငါ့ကို အနိုင်ယူနိုင်မယ်လို့ ထင်နေရင် မင်းက အရမ်း ရိုးအလွန်းတာပဲ" မော့ကျန်း ငြိမ်သက်စွာ ရပ်နေလိုက်သည်။ သွေးစွမ်းအင်များက သူ့ပတ်လည်တွင် လည်ပတ်နေပြီး ပြင်းထန်သော သွေးညှီနံ့များ ထွက်ပေါ်နေလေ၏။ သူ့မျက်လုံးနီကြီးများက သူ့ကို မိစ္ဆာတစ်ကောင်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းအောင် ဖြစ်စေသည်။

ထူးဆန်းသော ချည်နှောင်သည့် စွမ်းအားသည် သူ့ကို ဝန်းရံထားဆဲ ဖြစ်သော်လည်း သိပ်ပြီး သက်ရောက်မှု မရှိတော့ပေ။ သူ့ရင်ဘတ်သည် လုံးဝ ပြန်လည် ကောင်းမွန်သွားပြီ ဖြစ်ပြီး ဒဏ်ရာ လုံးဝ မရခဲ့သကဲ့သို့ပင်။ ထိုကဲ့သို့သော အားကောင်းသည့် ပြန်လည်ကုစားနိုင်စွမ်းကို မြင်ရသဖြင့် တောင်ပေါ်ဂိတ်တံခါးဝမှ ကြည့်နေသော သမားတော်ကြီးချန်နှင့် ဓားသမားတို့၏ မျက်နှာများ ပြောင်းလဲသွားသည်။ အထူးသဖြင့် ဓားသမားသည် မော့ကျန်းထံမှ ထွက်ပေါ်လာသော အရှိန်အဝါကြောင့် ကျောချမ်းသွားသည်။

"ဟုတ်လား" လုချင်း ပေါ့ပါးစွာ ပြုံးလိုက်ပြီး မော့ကျန်းကို ပြန်ဆွဲခေါ်ရန် မကြိုးစားတော့ပေ။ သူသည် ဤစွမ်းအားသစ်ကို လွန်ခဲ့သည့် ရက်အနည်းငယ်ကမှ ကျွမ်းကျင်ခဲ့ခြင်း ဖြစ်ပြီး ယခု လက်ရှိ စွမ်းအားသည် အစွမ်းကုန် ထုတ်သုံးနေသော မော့ကျန်းကို အပြည့်အဝ ကိုင်တွယ်ရန် မလုံလောက်သေးပေ။

ဒါကို သူ မျှော်လင့်ထားပြီးသား ဖြစ်သည်။

သို့သော် သူသည် သူ့စွမ်းအားသစ်ကို စမ်းသပ်ရုံသာ ဖြစ်ပြီး မွေးရာပါနယ်ပယ် သိုင်းပညာရှင်တစ်ဦးကို အကျပ်ရိုက်သွားအောင် လုပ်ရန် မရည်ရွယ်ပေ။ ဒီသိုင်းကွက်၏ အကန့်အသတ်ကို တိုင်းတာပြီးပြီ ဖြစ်၍ ဆက်လက် စမ်းသပ်နေစရာ မလိုတော့ပေ။

သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ထူးဆန်းသော စွမ်းအားနှင့် အဝါရောင် အလင်းတန်းကို ရုတ်သိမ်းလိုက်ပြီး ခန္ဓာကိုယ်ထဲသို့ ပြန်လည် စုပ်ယူလိုက်သည်။ ချည်နှောင်ထားသော စွမ်းအား မရှိတော့သဖြင့် မော့ကျန်း ချက်ချင်း ပေါ့ပါးသွားသည်ဟု ခံစားလိုက်ရသည်။ သို့သော် သူ စိတ်သက်သာရာ မရပေ။ ထိုအစား သေခြင်းတရား၏ အရိပ်အယောင်တစ်ခုသည် စူးရှသော ဆူးတစ်ချောင်းကဲ့သို့ သူ့အပေါ် လွှမ်းမိုးလာသည်။

သွေးမိစ္ဆာ ခန္ဓာကိုယ်သည် သူ့စိတ်ကို ဝေဝါးစေခဲ့သော်လည်း သားရဲတစ်ကောင်ကဲ့သို့ အာရုံခံစားမှုကိုလည်း ပေးစွမ်းခဲ့သည်။ ယခုအချိန်တွင် လုချင်းသည် ယခင်ကထက် ပို၍ အန္တရာယ်များကြောင်း သူ့ပင်ကိုယ်အာရုံက ပြောပြနေလေ၏။

ထို့ကြောင့် သူ ပို၍ သတိထားလိုက်ပြီး ရမ်းကားစွာ မတိုက်ခိုက်ရဲတော့ပေ။ ယခုအချိန်တွင် မော့ကျန်းသည် လုချင်းကို လျှော့မတွက်တော့ဘဲ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။

ဒီကောင်လေးက သိပ်ကို ထူးဆန်းလွန်းသဖြင့် သူ့ကို သတိထားစေသည်။

"ခင်ဗျားရဲ့ သွေးမိစ္ဆာ ခန္ဓာကိုယ်က တကယ်ပဲ ထူးခြားတယ်ဆိုတာ ကျွန်တော် မြင်ပါတယ်" လုချင်းသည် သူ့အနေအထားကို အနည်းငယ် ပြင်လိုက်ပြီး လက်သီးတစ်ဖက် မြှောက်လိုက်သည်။

ထို့နောက်၌ မျက်ခုံးကြားရှိ ချီသွေးကြောဆုံမှတ်တွင် ရွှေရောင်အလင်းတစ်ခု လက်ခနဲ ဖြစ်သွားပြီး မြေကမ္ဘာဝိညာဉ်ပုလဲသည် ဖြည်းညှင်းစွာ စတင် လည်ပတ်လာသည်။

"အခု ကျွန်တော် လက်တွန့်မနေဘဲ တိုက်ခိုက်လို့ ရပြီ၊ ခင်ဗျားကို ချက်ချင်း သတ်မိမှာလည်း စိတ်ပူစရာ မလိုတော့ဘူး"

ပြောပြီးသည်နှင့် တစ်ပြိုင်နက် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး လုချင်း ရပ်နေသော နေရာမှ အဖြူရောင် မြူခိုးများ ပေါက်ကွဲထွက်လာသည်။ သူသည် မော့ကျန်း၏ ရှေ့တည့်တည့်တွင် ပေါ်လာပြီး ဝမ်းဗိုက်ကို လက်သီးဖြင့် ထိုးလိုက်၏။

"ဘာ" ဝမ်းဗိုက်မှ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသဖြင့် မော့ကျန်း မျက်လုံးပြူးသွားပြီး ခန္ဓာကိုယ် ကွေးညွတ်သွားကာ စိတ်ထဲတွင် အကြီးအကျယ် တုန်လှုပ်သွားသည်။

သူ အထူးသတိထားနေသည့် ကြားမှ အထိုးခံလိုက်ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

လုချင်း၏ အမြန်နှုန်းမှာ မြန်လွန်းလှသည်။ ထူးဆန်းသော ချည်နှောင်သည့် စွမ်းအား မရှိသည့်တိုင် လုချင်း၏ လက်သီးကို ကာကွယ်ရန် သူ အချိန်မီ မတုံ့ပြန်နိုင်ခဲ့ပေ။

"သိပ်မြန်တဲ့ လှုပ်ရှားမှုပဲ" တောင်ပေါ်ဂိတ်တံခါးဝမှ သမားတော်ကြီးချန်နှင့် ဓားသမားပင်လျှင် လုချင်း၏ အမြန်နှုန်းကြောင့် လန့်ဖျပ်သွားကြသည်။

ရရှိထားသော အရှိန်အဟုန်ကို အခွင့်ကောင်းယူ၍ လုချင်း ဒီတစ်ကြိမ်တွင် လက်တွန့်မနေတော့ပေ။

လက်သီးကို လှည့်၍ ထပ်မံ ထိုးလိုက်ရာ အားကောင်းလွန်းသော စွမ်းအားကြောင့် မော့ကျန်း၏ ခေါင်းကို ပုံပျက်သွားစေသည့်အပြင် မူးဝေသွားစေကာ လုချင်း၏ တိုက်ခိုက်မှုများကို မကာကွယ်နိုင်တော့ပေ။

နောက်ဆက်တွဲ အချိန်ကာလများကို လုချင်းက လွှမ်းမိုးထားသည်။ တံခါးဖျက်သစ်တုံးကြီးများကဲ့သို့ လေးလံသော သူ့လက်သီးချက်များသည် မော့ကျန်းအပေါ် မိုးသီးမိုးပေါက်များပမာ ကျရောက်နေလေ၏။

လက်သီးချက်တိုင်းသည် မော့ကျန်း၏ ခန္ဓာကိုယ်ကို လိမ်ကောက်သွားစေရုံသာမက သူ့နောက်မှ လေထုကိုပါ ကွဲအက်သွားစေသည်။ လေပြင်းများ သူတို့ပတ်လည်တွင် တစ်ဖန် တိုက်ခတ်လာပြန်၏။

ထိုစဉ် ဓားသမားသည် တောင်ပေါ်ဂိတ်တံခါးဝမှနေ၍ တုန်လှုပ်စွာ ကြည့်နေသည်။ လွန်ခဲ့သော ခဏတာမျှက သူ့ရင်ကို တဒိန်းဒိန်း ခုန်စေခဲ့သော မော့ကျန်းသည် ယခုအခါတွင်တော့ လုချင်း၏ ချေမှုန်းခြင်းကို ခံနေရသည်မှာ ယုံနိုင်စရာပင် မရှိပေ။

ဒါက တိုက်ပွဲ မဟုတ်တော့။ တစ်ဖက်သတ် အနိုင်ကျင့်မှုသက်သက်သာ ဖြစ်သည်။

မော့ကျန်းသည် ပြန်မတိုက်နိုင်သလို လုချင်း၏ တိုက်ခိုက်မှုများကိုလည်း မကာကွယ်နိုင်ပေ။

လုချင်း၏ တိုက်ခိုက်မှုသည် အသက်ရှူချိန် ဆယ်ကြိမ်ခန့် ကြာပြီးမှ ရပ်တန့်သွားခဲ့လေ၏။ လေထု ငြိမ်သက်သွားပြီး အရာအားလုံး တည်ငြိမ်သွားသောအခါ၌ သူ့ရှေ့တွင် ရှိနေသည်မှာ ဘယ်သူဘယ်ဝါမှန်း မသဲကွဲတော့လောက်အောင် ရုပ်ပျက်ဆင်းပျက် ဖြစ်နေသော မော့ကျန်းသာ ဖြစ်သည်။ ခွဲခြား၍ ရနိုင်သော တစ်ခုတည်းသော အရာမှာ သူ့ခေါင်းသာပင်။

မသေသေးသော်လည်း မော့ကျန်းတွင် အသက်ရှူသံသဲ့သဲ့သာ ကျန်တော့သည်။ သူ့ခန္ဓာကိုယ်မှ အသားမျှင်များ ထွက်လာပြီး ခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက်ရန် ကြိုးစားနေသည်ကို မြင်တော့ လုချင်း အေးစက်စွာ ပြောလိုက်၏။ "ခင်ဗျားရဲ့ စွမ်းအားတွေကို မဖြုန်းတီးပါနဲ့တော့။ ခင်ဗျားရဲ့ သွေးမိစ္ဆာ ခန္ဓာကိုယ် ပြီးပြည့်စုံနေရင်တောင် ကျွန်တော့်ရှေ့မှာ ပြန်မကောင်းနိုင်ပါဘူး"

ထိုအခါတွင် အသားပုံကြီး တုန်ခါသွားပြီး ငြိမ်သက်သွားသည်။ ခေါင်းက အနည်းငယ် မော့လာပြီး တစ်စုံတစ်ခု မေးချင်သကဲ့သို့ ဖြစ်နေသည်။ သို့သော် စကားပြောရန် သို့မဟုတ် ဝိညာဉ်လှိုင်းများ ပေးပို့ရန်အတွက် မတတ်နိုင်။ သူသည် သေလုနီးပါးတောင် ဖြစ်နေလေပြီပင်။

လုချင်းက သူ့အတွေးကို သိပုံရပြီး ပြောလိုက်သည်။ "ခင်ဗျားရဲ့ နယ်ပယ်က နိမ့်လွန်းတယ်။ ခင်ဗျားမှာ မွေးရာပါနယ်ပယ်အဆင့် စွမ်းအားရှိပေမဲ့ ဘယ်လို သုံးရမလဲ ဆိုတာ မသိဘူးလေ။ ခင်ဗျားရဲ့ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်းက အရမ်းညံ့တယ်။ ဒီတော့ ကျွန်တော့်လက်သီးချက်တွေကို ခင်ဗျား ဘယ်လိုလုပ် ခံနိုင်မှာလဲ။ ဒါပေမဲ့ ခင်ဗျားက ခင်ဗျားအဘိုးထက်တော့ သာပါတယ်။ သူက ကျွန်တော့်လက်သီးချက်တွေကို အသက်ရှူချိန် သုံးကြိမ်ထိတောင် မခံနိုင်ခဲ့ဘူးလေ"

အသားပုံကြီးမှာ ထပ်မံ၍ တုန်ခါသွားပြန်၏။

ထို့နောက် လုချင်းသည် စကားဆက်မပြောတော့ဘဲ မော့ကျန်း၏ မျက်ခုံးကို ခြေဖျားဖြင့် ပေါ့ပါးစွာ တို့လိုက်ရာ နောက်ဆုံး ကျန်ရှိနေသော အသိစိတ်လေးမှာလည်း ပျောက်ကွယ်သွားရှာတော့သည်။ အသိစိတ် ပျောက်ကွယ်သွားသည်နှင့် မော့ကျန်း၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ခါသွားပြီး အသက်မဲ့သွားလေသည်။

"သခင်လေး" ထိုအချိန်တွင် သမားတော်ကြီးချန်နှင့် ဓားသမားတို့ ဂိတ်တံခါးဝမှ ဆင်းလာပြီး လုချင်းထံ ချဉ်းကပ်လာကြသည်။ "သခင်လေး... သခင်လေးရဲ့ လက်သီးချက်တွေ ဒီလောက် ပြင်းထန်လိမ့်မယ်လို့ ကျုပ် မထင်ထားဘူး။ မော့ကျန်းရဲ့ စွမ်းအားက မွေးရာပါနယ်ပယ် အသေးစားအောင်မြင်မှုအဆင့်အောက် မလျော့ပေမဲ့ သခင်လေးရဲ့ ဆံပင်မွေးတစ်မျှင်လေးကိုတောင် မထိနိုင်ဘဲ လုံးဝကြီးကို အဖိနှိပ်ခံလိုက်ရတယ်လေ" ဓားသမားသည် လုချင်းကို အံ့သြတကြီး ကြည့်နေသည်။

"ယန်ချန်ပေ့... ခင်ဗျားကတော့ မြှောက်ပြောလွန်းနေပါပြီဗျာ" လုချင်း ပြုံးလိုက်သည်။ "မော့ကျန်းရဲ့ စွမ်းအားက မိစ္ဆာကျင့်စဉ်တွေကို ကျင့်ကြံရာက ရလာတာပါ။ သူ့မှာ စွမ်းအားရှိပေမဲ့ မွေးရာပါနယ်ပယ်ထိ မရောက်သေးတော့ အပြည့်အဝ မသုံးနိုင်သေးဘူးလေ။ သူက မွေးရာပါနယ်ပယ် အသေးစားအောင်မြင်မှုအဆင့် သိုင်းပညာရှင်အစစ်နဲ့ မယှဉ်နိုင်ပါဘူး။ ခင်ဗျားသာ သူနဲ့ တိုက်မယ်ဆိုရင်လည်း လွယ်လွယ်ကူကူပဲ ခုတ်ပိုင်းပစ်နိုင်မှာပါဗျ"

"မဖြစ်နိုင်တာ... မော့ကျန်းရဲ့ မိစ္ဆာကျင့်စဉ်က တကယ်ပဲ ကြောက်စရာကောင်းပါတယ်။ ကျုပ်သာဆိုရင် သူ့ကို တောင့်ခံနိုင်မယ် မထင်ဘူး" ဓားသမားက ခေါင်းခါလိုက်သည်။ စောစောက မော့ကျန်းထံမှ ဖိနှိပ်ထားသော အရှိန်အဝါကို သူ ခံစားခဲ့ရသည်။ သူသာ တိုက်ခိုက်ခဲ့ပါက မော့ကျန်း၏ စွမ်းအားကို ခုခံနိုင်မည် မဟုတ်ကြောင်း ထိုခံစားချက်က ပြောပြနေလေ၏။

လုချင်း ထပ်မံ မငြင်းခုံတော့ဘဲ ပြုံးလိုက်ပြီး သမားတော်ကြီးချန်ဘက် လှည့်လိုက်သည်။ "ဆရာ... မော့ကျန်းက သူ့ရဲ့ မိစ္ဆာအစီအရင်နဲ့ တိမ်လွှာစီးဂိုဏ်း တပည့်တွေကို ဒုက္ခပေးခဲ့ပုံရတယ်။ အခု သူ သေသွားပြီဆိုတော့ တိမ်လွှာစီးဂိုဏ်းလည်း လုံးဝ ပျက်စီးသွားပြီ"

"ဟုတ်တယ်... ဒီလိုရလဒ်မျိုး ဖြစ်လာမယ်လို့ ငါ မထင်ထားဘူး" သမားတော်ကြီးချန် သက်ပြင်းချလိုက်သည်။ သူ့ဝိညာဉ်အာရုံခံစားမှုမှတစ်ဆင့် တိမ်လွှာစီးဂိုဏ်းအတွင်း လူသူကင်းမဲ့လုနီးပါး ဖြစ်နေပြီး သက်ရှိဟူ၍ မကျန်သလောက် ဖြစ်နေသည်ကို သူ အာရုံခံမိသည်။

"ဒါ ဝဋ်လည်တာပဲ။ မကောင်းမှုတွေက ကိုယ့်ပျက်စီးခြင်းကို ကိုယ်တိုင် ဆောင်ကြဉ်းလာတာပဲ။ တိမ်လွှာစီးဂိုဏ်းက ယွင်ကျိုးမှာ ရက်စက်ယုတ်မာမှုတွေကို နှစ်ပေါင်းများစွာ ကျူးလွန်ခဲ့တယ်။ သူတို့တပည့်တွေက မောက်မာပြီး ရမ်းကားကြတယ်။ သူတို့ဂိုဏ်းချုပ်လက်ချက်နဲ့ သူတို့ ပြန်သေရမယ်လို့ ဘယ်တုန်းကမှ ထင်ထားကြမှာ မဟုတ်ဘူး" ဓားသမားလည်း သက်ပြင်းချလိုက်သည်။

သူသည် တိမ်လွှာစီးဂိုဏ်းကို မုန်းတီးသော်လည်း ယွင်ကျိုးရှိ ဤမျှ အင်အားကြီးသော ဂိုဏ်းတစ်ခု ဤကဲ့သို့ ပျက်စီးသွားလိမ့်မည်ဟုတော့ မမျှော်လင့်ထားခဲ့ပေ။

"မိစ္ဆာကျင့်စဉ်တွေက သဘာဝတရားရဲ့ စည်းမျဉ်းကို ဆန့်ကျင်နေတော့ ကောင်းကင်ဘုံရဲ့ ပြစ်ဒဏ်ကို မလွဲမသွေ ခံရမှာပဲ။ ဒီရလဒ်က မော့ကျန်းနဲ့ သူတို့ အဓိပတိအကြီးအကဲတွေ မိစ္ဆာကျင့်စဉ်ကို စပြီး ကျင့်ကြံကတည်းက သတ်မှတ်ပြီးသား ကံတရားပဲ"

လုချင်း ခေါင်းခါလိုက်သည်။

သူသည် လီ‌ဟော်ဂိုဏ်း၏ အမွေအနှစ်ကို ဆက်ခံထားသူဖြစ်၍ ဤအရာကို ပိုမို ရှင်းလင်းစွာ မြင်တွေ့ရသည်။ လီဟော်ဂိုဏ်း၏ သွန်သင်ချက်များတွင် မိစ္ဆာနှင့် ယုတ်မာသော လမ်းစဉ်များအကြောင်း မှတ်တမ်းများ ရှိသည်။ မိစ္ဆာလမ်းစဉ်များသည် လျင်မြန်စွာ တိုးတက်ပြီး အချိန်တိုအတွင်း ကြီးမားသော စွမ်းအားကို ပေးစွမ်းနိုင်သော်လည်း သူတို့၏ ကျင့်ကြံနည်းများသည် အလွန် ရက်စက်ပြီး သဘာဝတရားကို ဆန့်ကျင်နေသဖြင့် ကောင်းကင်ဘုံ၏ အလိုတော်နှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်ဟု ဆိုသည်။

နိမ့်သော နယ်ပယ်များတွင် ၎င်းကို မသိသာသော်လည်း မြင့်မားသော နယ်ပယ်များသို့ ရောက်သောအခါတွင်တော့ ပစ်မှတ်ထားခံရခြင်းမှာ ပိုပြီးတော့တောင် ထင်ရှားလာလေ၏။

ဥပမာအားဖြင့် ကျင့်ကြံသူတစ်ဦး အဆင့်တစ်ခုသို့ ရောက်သောအခါ ကောင်းကင်ဘုံ၏ မိုးကြိုးအတိဒုက္ခကို ခံယူရသည်။ သာမန် ကျင့်ကြံသူများအနေဖြင့် ရုန်းကန်ရနိုင်သော်လည်း အောင်မြင်ရန် အခွင့်အလမ်းကတော့ ရှိဆဲပင်။ မိစ္ဆာကျင့်ကြံသူများအနေဖြင့် ထိုအတိဒုက္ခကို ကျော်ဖြတ်ရန် အခွင့်အလမ်းမှာ ဆယ်ဆ ပိုခက်ခဲပါ၏။ အမှန်တကယ်ပင် တစ်ရာရာခိုင်နှုန်းတွင် တစ်ယောက်သာ အောင်မြင်နိုင်သော အခွင့်အရေး ဖြစ်သည်။ မိစ္ဆာကျင့်ကြံသူ အယောက်တစ်ရာတွင် ဘေးသင့်ခြင်းကို ရှင်သန်ကျော်ဖြတ်နိုင်သူမှာ မရှိသလောက်ပဲပင်။

မိစ္ဆာလမ်းစဉ်တွင် ကျင့်ကြံမှု နက်ရှိုင်းသူများပင် အတိဒုက္ခမှ မလွတ်မြောက်နိုင်လျှင် မော့ကျန်းနှင့် မော့ညီအစ်ကိုများကဲ့သို့ တစ်ပိုင်းတစ်စ မိစ္ဆာကျင့်ကြံသူများကို ဆိုဖွယ်ရာ မရှိတော့ပေ။ မိစ္ဆာကျင့်စဉ်များ ကျင့်ကြံပြီး မောက်မာစွာ ပြုမူခြင်းသည် သေလမ်းရှာခြင်းသာ ဖြစ်သည်။

လူကြီးမင်းဝမ်နှင့် သူ့တပည့်များကို မြင်သောအခါ သူ့ဆရာ ဘာကြောင့် နိမိတ်ဖတ်မိခဲ့သည်ကို လုချင်း နောက်ဆုံးတွင် နားလည်သွားသည်။ ပြည်တည်နာအကြိတ်ဖြစ်သော တိမ်လွှာစီးဂိုဏ်းကို ဖယ်ရှားရန် သူ့ဆရာ၏ လက်ကို အသုံးပြုလိုသော ကောင်းကင်ဘုံအလိုတော်၏ သတိပေးချက် ဖြစ်ကောင်းဖြစ်နိုင်ပါ၏။

ဤရှုထောင့်မှ ကြည့်လျှင် သူ့ဆရာသည် တကယ်ပင် ကံကောင်းပြီး ကောင်းကင်ဘုံကပင် မျက်နှာသာ ပေးထားသည်။ လုချင်း သူ့ဆရာကို ထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်သည်။

"အားချင်း... ဘာဖြစ်လို့လဲ" သမားတော်ကြီးချန် သူ့တပည့်၏ အကြည့်ကို သတိထားမိပြီး နားမလည်စွာ မေးလိုက်သည်။

"ဘာမှ မဟုတ်ပါဘူး" လုချင်း ပြန်ဖြေလိုက်သည်။ "ဆရာ... အခု တိမ်လွှာစီးဂိုဏ်း ပျက်စီးသွားပြီဆိုတော့ အသုံးဝင်တာလေးများ ရှိမလားလို့ ကျွန်တော် အထဲကို ဝင်ပြီး လေ့လာကြည့်ချင်တယ်။ ယန်ချန်ပေ့... ခင်ဗျား သဘောမတူတာ မရှိပါဘူးနော်" နောက်ဆုံး ဝါကျကို ဓားသမားအား ရည်ရွယ်ပြီး မေးလိုက်ခြင်း ဖြစ်သည်။

"လုံးဝ မရှိပါဘူးဗျာ" ဓားသမားက အလျင်အမြန် ပြောလိုက်သည်။ "တိမ်လွှာစီးဂိုဏ်း ပျက်စီးသွားတာနဲ့ ယွင်ကျိုး ကျင့်ကြံသူတွေကို ကယ်တင်နိုင်တာတွေ အားလုံးက သခင်လေးနဲ့ ဆရာကြီးရဲ့ အကူအညီကြောင့်ပါ။ တိမ်လွှာစီးဂိုဏ်းထဲက ရတနာတွေက ခင်ဗျားတို့ရဲ့ စစ်နိုင်ပစ္စည်းတွေပါ။ ကြိုက်သလောက်သာ ယူကြပါ၊ ကျုပ်တို့ ဝင်မရှုပ်ပါဘူး"

"ကျွန်တော်တို့ အကုန်လုံး မယူပါဘူး၊ လိုအပ်တာလောက်ပဲ ယူမှာပါ။ ဆရာ... ကျွန်တော် အရင် ဝင်သွားနှင့်မယ်နော်" လုချင်း ပြုံးလိုက်ပြီး တိမ်လွှာစီးဂိုဏ်း၏ ခမ်းနားသော အဆောက်အအုံများဆီသို့ ဦးတည်သွားသည်။

"ကျွန်တော့်တပည့်က သိပ်ဆော့ချင်တာလေ၊ ခွင့်လွှတ်ပေးပါဗျာ လူကြီးမင်းယန်" သမားတော်ကြီးချန်က ဓားသမားကို တောင်းပန်လိုက်၏။

"အဲဒီလို မပြောပါနဲ့" ဓားသမားက အမြန် ပြန်ပြောလိုက်သည်။ "သခင်လေးက ဒီလောက် တက်ကြွလိမ့်မယ်လို့ ကျုပ် မထင်ထားဘူး။ သူက အမြဲတမ်း တည်ငြိမ်နေတယ်လို့ ကျုပ် ထင်ခဲ့တာ" သူ ယဉ်ကျေးမှုအရ ပြောနေခြင်း မဟုတ်ပေ။ သူ တကယ် အံ့သြသွားခြင်း ဖြစ်သည်။

လုချင်း၏ လုပ်ရပ်များသည် အမြဲတမ်း လျှို့ဝှက်ဆန်းကြယ်ပြီး တည်ငြိမ်လွန်းသဖြင့် အရာအားလုံးကို ထိန်းချုပ်ထားနိုင်သကဲ့သို့ ဖြစ်သည်။ လူငယ်တစ်ယောက်၏ ပုံမှန် တက်ကြွမှုကို သူ မပြသခဲ့ပေ။ ယခု ရုတ်တရက်ကြီး ဤမျှ တက်ကြွနေသည်ကို မြင်ရသည်မှာ တကယ်ပင် မမျှော်လင့်ထားသော အရာဖြစ်သည်။

"အားချင်းက ရတနာဆိုရင် အမြဲတမ်း စိတ်ဝင်စားတယ်လေ" သမားတော်ကြီးချန် ပြုံးလိုက်သည်။

ထိုအချိန်တွင် လုချင်းသည် တိမ်လွှာစီးဂိုဏ်းအတွင်း၌ လျင်မြန်စွာ လှုပ်ရှားနေလေ၏။ သွားရင်းလာရင်း စစ်ဆေးရန် သူ့နတ်မျက်စိစွမ်းရည်ကိုလည်း အသက်သွင်းထားဖို့ မမေ့ချေ။

သူ အတော်လေး မျှော်လင့်နေမိ၏။

"မြင်းတစ်ကောင်က ညစာမစားရဘဲ မဝနိုင်ဘူး" ဆိုသော စကားရှိသည်။ ကမ္ဘာလောက၏ ကြွယ်ဝမှု အများစုသည် အဓိက မိသားစုကြီးများနှင့် ဂိုဏ်းကြီးများ၏ လက်ထဲတွင် စုပုံနေတတ်ပါ၏။ ထူးဆန်းသော ရတနာများ အပါအဝင်ပင်။

ဤ အင်အားကြီးသော အဖွဲ့အစည်းများသည် နှစ်ပေါင်းရာချီ စုဆောင်းလာခဲ့ကြသည်။ မည်သည့် ရှားပါး ရတနာများ သူတို့ စုဆောင်းထားမည်ကို မည်သူ သိနိုင်မည်နည်း။

ဝေ့မိသားစုနှင့် ကျန့်မိသားစုတို့လိုပင် ၊ တစ်ဖက်တွင် လီဟော်ဒယ်အိုးကြီး ရှိနေပြီး အခြားတစ်ဖက်တွင်တော့ မြေကမ္ဘာ ဝိညာဉ်ပုလဲ ရှိကြသည်။ နှစ်ခုစလုံးသည် ထူးခြားသော ရတနာများ ဖြစ်ကြသည်။

တိမ်လွှာစီးဂိုဏ်းသည် ဝေ့မိသားစုနှင့် ကျန့်မိသားစုတို့ထက် ပိုမို ခိုင်မာပြီး နက်ရှိုင်းသော နှစ်တစ်ထောင် သမိုင်းကြောင်း ရှိသည်။ သူတို့တွင် တန်ဖိုးရှိသော အရာတစ်ခုခု ရှိနေပါက ဤခရီးစဉ်သည် တန်ပါ၏။

လျင်မြန်စွာ ရွေ့လျားရင်းဖြင့် အဝတ်အစားများ ဖုံးအုပ်ထားသော လူပုံသဏ္ဍာန် သွေးကွက်အများအပြားကို လုချင်း တွေ့လိုက်ရသည်။ သူတို့၏ အခြေအနေသည် တိမ်လွှာစီးမြို့ရှိ အခြေအနေနှင့် ထပ်တူပင်။ သူတို့သည် မော့ကျန်း၏ သွေးနှင့် ဝိညာဉ်ပေါင်းစပ် အစီအရင်ဖြင့် အရည်ပျော်သွားသည်မှာ အသေအချာပဲပင်။ အဝတ်အစားများကို ကြည့်ခြင်းအားဖြင့် သူတို့သည် အစေခံများ ဖြစ်လောက်၏။

ဤနေရာတွင် သက်ရှိသတ္တဝါ မရှိကြောင်း သူ အာရုံမခံမိသည်မှာ အံ့သြစရာ မဟုတ်တော့။ သူတို့အားလုံး အသေသတ်ခြင်း ခံလိုက်ရပြီ ဖြစ်သည်။ လုချင်း မျက်မှောင်ကြုတ်လိုက်မိ၏။ မော့ကျန်းသည် သာမန်လူများကိုပင် မချန်ဘဲ တကယ် ရက်စက်ခဲ့သည်။

သူ့ကို ပိုပြီးတော့တောင် နှိပ်စက်ခဲ့သင့်ပါ၏။

ထိုအတွေးများကို ဘေးဖယ်ထားပြီး သွေးကွက်များကို လျစ်လျူရှုကာ လုချင်းသည် အဆောက်အအုံများကို ဆက်လက် ရှာဖွေလိုက်သည်။ နောက်ဆုံးတွင်တော့ မြင့်မားသော မျှော်စင်တစ်ခုရှေ့၌ သူ ရပ်လိုက်သည်။ "ရတနာခန်းမဆောင်တဲ့လား။ ဒီနေရာပဲ"

လုချင်း ပြုံးလိုက်သည်။

အခန်း ၂၄၆ - ရတနာတွေ အများကြီးပါလား

"ရတနာခန်းမဆောင်တဲ့... တိမ်လွှာစီးဂိုဏ်းက သူတို့ရတနာတွေကို ဒီလောက် ဗြောင်ကျကျ ပြထားရလောက်အောင် တကယ်ပဲ ကြွားဝါချင်တာလား" လုချင်းသည် မြင့်မားသော မျှော်စင်ကို မော့ကြည့်ရင်း ကိုယ့်ဘာသာ တိုးတိုးလေး ရေရွတ်လိုက်သည်။

ရတနာခန်းမဆောင်ဟု ခေါ်သော်လည်း ဤနေရာတွင် သိမ်းဆည်းထားသော ပစ္စည်းများမှာ အကောင်းဆုံးဆိုလျှင်တောင် သာမန် ရတနာများသာ ဖြစ်နိုင်ကြောင်း သူ သိသည်။ တိမ်လွှာစီးဂိုဏ်း အဓိပတိအကြီးအကဲ နှစ်ဦး၏ အတ္တကြီးသော သဘောသဘာဝအရ တကယ့် ရတနာစစ်စစ်များကို ဤနေရာတွင် ထားရှိရန် မဖြစ်နိုင်ပေ။ သို့သော် သူ ရောက်နှင့်နေပြီ ဖြစ်၍ အတွင်းသို့ ဝင်ကြည့်ရုံဖြင့် အကျိုးယုတ်စရာ မရှိပေ။

သူ့နတ်မျက်စိစွမ်းရည်ကို အသုံးပြု၍ ဧရိယာကို အာရုံခံ စစ်ဆေးပြီး အန္တရာယ် မရှိကြောင်း အတည်ပြုပြီးနောက် လုချင်းသည် ချီအိတ်အတွင်းမှ ဓားရှည်တစ်ချောင်းကို ထုတ်ယူကာ တံခါးကို ပေါ့ပေါ့ပါးပါး ခုတ်ပိုင်းလိုက်ပြီး အတွင်းသို့ ဝင်လိုက်သည်။

ဤ ရတနာခန်းမဆောင်ကို အထပ်လေးထပ် ခွဲထားသည်။ လုချင်း ပထမထပ်ကို အမြန် ကြည့်ရှုလိုက်ရာ သာမန် ပစ္စည်းများကိုသာ တွေ့ရသည်။ အများစုသည် အဖြူရောင် အလင်းတန်း ထွက်ပေါ်နေပြီး အနီရောင်ဖျော့ဖျော့ တောက်နေသော ပစ္စည်း‌ေအနည်းငယ်သာ ရောနှောနေလေ၏။

သာမန် သိုင်းပညာရှင်တစ်ဦးအတွက် ပထမထပ်ရှိ ပစ္စည်းများသည် ကောင်းမွန်နိုင်သော်လည်း လုချင်း၏ စံနှုန်းများမှာ သိသိသာသာ မြင့်တက်လာပြီ ဖြစ်၍ ဤပစ္စည်းများကို တန်ဖိုးရှိသည်ဟု မယူဆတော့ပေ။ ထို့ကြောင့် သူ့မျက်စိကျသော ပစ္စည်းအနည်းငယ်ကိုသာ ရွေးချယ်ပြီး ချီအိတ်ထဲသို့ ထည့်လိုက်ကာ ကျန်တာများကို လျစ်လျူရှု၍ ဒုတိယထပ်သို့ တက်ခဲ့သည်။

ဒုတိယထပ်ရှိ ပစ္စည်းများသည် သိသိသာသာ ပိုမို တန်ဖိုးရှိပြီး ထက်ဝက်နီးပါးမှာ အနီရောင် တောက်နေသည်။ ဒီတစ်ကြိမ်တွင်တော့ လုချင်း လက်တွန့်မနေတော့ဘဲ အနီရောင် တောက်နေသော ပစ္စည်းအားလုံးကို သူ့ချီအိတ်ထဲသို့ တိုက်ရိုက် သိမ်းဆည်းလိုက်သည်။

တတိယထပ်တွင်တော့ အနီရောင် တောက်နေသော ပစ္စည်းများ ပိုများလာရုံသာမက ရွှေရောင်ဖျော့ဖျော့ တောက်နေသော ပစ္စည်း အနည်းငယ်ပင် ရှိနေသည်။ လုချင်း၏ မျက်နှာတွင် ဝမ်းသာမှုများ ပေါ်လာပြီး ထိုပစ္စည်း အားလုံးကို သိမ်းဆည်းလိုက်ပြန်၏။ "ဂိုဏ်းကြီးတစ်ခု ဖြစ်ရတဲ့အတိုင်းပဲ၊ သူတို့ရဲ့ စုဆောင်းမှုက တကယ်ပဲ ကြွယ်ဝတာပဲ"

တတိယထပ်ရှိ ရတနာများကို စုဆောင်းပြီးနောက် လုချင်းတစ်ယောက် စတုတ္ထထပ်ကို မျှော်လင့်တကြီး မော့ကြည့်လိုက်သည်။ တတိယထပ်မှာပင် ရွှေရောင် အလင်းတန်းပါသော ပစ္စည်းများ ရှိနေပြီဆိုလျှင် နောက်ဆုံးထပ်တွင် မည်ကဲ့သို့သော ရတနာများ ရှိနေမည်နည်း။

သူ့ကံတရားက ထပ်မံ အလုပ်လုပ်ပြီး ခရမ်းရောင်အလင်းတန်းနှင့် ရတနာတစ်ခုကို ဒီတစ်ကြိမ် တွေ့ရှိနိုင်မလား။

ထိုမျှော်လင့်ချက်ဖြင့် လုချင်းသည် ရတနာခန်းမဆောင်၏ စတုတ္ထထပ်သို့ ဝင်လိုက်သည်။ ၎င်းသည် မျှော်စင်၏ အမြင့်ဆုံးအထပ်လည်း ဖြစ်၏။

ဤနေရာတွင် လုံခြုံရေး အလွန် တင်းကျပ်လှသည့်အပြင် ဝင်ပေါက်ကိုလည်း လေးလံသော သံတံခါးကြီးဖြင့် ပိတ်ဆို့ထားသေးပါ၏။ သို့သော်လည်း ၎င်းက လုချင်းအတွက်တော့ အတားအဆီး မဟုတ်ပေ။

သူ့လက်ထဲမှ ဓားရှည်သည် အလွန် ထက်ရှလှပြီး ပေါ့ပေါ့ပါးပါး ခုတ်ချက်အနည်းငယ်ဖြင့်ပင် သံတံခါးကြီးသည် အပိုင်းပိုင်း ပြတ်သွားရှာသည်။ ထို့နောက် တံခါးကို ကန်ဖွင့်ပြီး ဝင်လိုက်တော့၏။

စတုတ္ထထပ်သည် မျှော်စင်၏ ထိပ်ဆုံးတွင် ရှိသဖြင့် နေရာကျဉ်းပြီး ပစ္စည်းအများအပြား သိပ်မရှိပေ။ သို့သော် ကောင်းမွန်သော အရာများသည် အရေအတွက်ထက် ရှားပါးမှုကြောင့် တန်ဖိုးရှိတတ်သည်။

လုချင်းသည် စတုတ္ထထပ် အခန်းတွင် ရပ်နေရင်း စင်ပေါ်ရှိ ပစ္စည်း တစ်ဒါဇင်ခန့်ကို ကြည့်လိုက်ရာ သူ့အသက်ရှူသံများမှာလည်း အနည်းငယ် မြန်ဆန်လာတော့သည်။

သူ့ရှေ့ရှိ ပစ္စည်းအားလုံးထံမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်နေသည်။ အချို့သော ရွှေရောင် အလင်းတန်းများသည် အလွန် သိပ်သည်းလွန်း၍ အစိုင်အခဲနီးပါးတောင် ဖြစ်နေလေ၏။ ၎င်းတို့အထဲမှ ပစ္စည်းတစ်ခုပေါ်တွင် ခရမ်းရောင်အလင်းတန်းသဲ့သဲ့ကိုပင် သူ တွေ့လိုက်ရသည်။

"နှစ်တစ်ထောင်နီးပါး သမိုင်းကြောင်းရှိတဲ့ ဂိုဏ်းတစ်ခုဆိုတဲ့အတိုင်းပဲ၊ သူတို့ရဲ့ အခြေခံအုတ်မြစ်က တကယ်ကို နက်ရှိုင်းတာပဲ" လုချင်း သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီး မချီးကျူးဘဲ မနေနိုင်တော့ပေ။

သူ ရှေ့သို့ လျှောက်သွားပြီး သိပ်သည်းသော ရွှေရောင်နှင့် ခရမ်းရောင် အရိပ်အယောင် ပါရှိသော ပစ္စည်းကို ချက်ချင်း အာရုံစိုက်လိုက်သည်။ ၎င်းသည် လက်သီးဆုပ်အရွယ်အစားရှိ အဖြူရောင် သတ္တုရိုင်းတုံး ဖြစ်ပြီး မျက်နှာပြင်ပေါ်တွင် နှင်းရည်လွှာပါးပါး ဖုံးအုပ်ထားသည်။

လုချင်း စူးစိုက်ကြည့်လိုက်သည်နှင့် စာသားအနည်းငယ် ပေါ်လာ၏။

[ကိုးထပ်ငရဲ အအေးဓာတ်သံမဏိ : မြောက်ဘက် အစွန်းဆုံးရှိ ရေနက်ပိုင်းတွင် ဖြစ်တည်လာသော ရှားပါး သတ္တုရိုင်း ဖြစ်ပြီး ကိုးထပ်ငရဲ ရေခဲဝိညာဉ်အရည် ပါဝင်သည်။]

[ကိုးထပ်ငရဲ အအေးဓာတ်သံမဏိသည် ရေခဲဓာတ် သိုင်းပညာသုံး ဓားများကို သွန်းလုပ်ရန် အကောင်းဆုံး ပစ္စည်းများထဲမှ တစ်ခုဖြစ်ပြီး အလွန် ရှားပါးသည်။]

[ကိုးထပ်ငရဲ ရေခဲဝိညာဉ်အရည်သည် မြောက်ဘက် ရေနက်ပိုင်းအောက်တွင် ဖြစ်ပေါ်ပြီး နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာမြင့်စွာ ပင်လယ်ရေတန်ချိန် ဘီလီယံပေါင်းများစွာ၏ ဖိအားနှင့် သန့်စင်မှုအောက်တွင် ဖြစ်ပေါ်လာကာ သန့်ရှင်းစင်ကြယ်ဆုံး အအေးစွမ်းအင် ပါဝင်သည်။]

[ကိုးထပ်ငရဲ ရေခဲဝိညာဉ်အရည်သည် ရေခဲနှင့် ရေဓာတ်လမ်းစဉ် ကျင့်ကြံသူများအတွက် အကောင်းဆုံး အထောက်အကူပြု ပစ္စည်းဖြစ်သည်။]

...

"ဒါက တကယ်ကြီး ကိုးထပ်ငရဲ အအေးဓာတ်သံမဏိ နဲ့ ရေခဲဝိညာဉ်အရည်ပဲ" စာသားများပေါ်ရှိ အချက်အလက်များကို ဖတ်ပြီးနောက် လုချင်း၏ မျက်လုံးများ ဝမ်းသာမှုဖြင့် အရောင်တောက်လာသည်။

ဤပစ္စည်းနှစ်ခုသည် လီဟော်ဂိုဏ်း၏ အမွေအနှစ်များတွင် မှတ်တမ်းတင်ထားပြီး လက်နက်သွန်းလုပ်ရန်အတွက် ရှားပါးသော ထိပ်တန်းအဆင့် ပစ္စည်းများ ဖြစ်သည်။ အထူးသဖြင့် ရေခဲနှင့် ရေဓာတ်လမ်းစဉ် ကျင့်ကြံသူများအတွက် အလွန် အကျိုးရှိသော ကိုးထပ်ငရဲ ရေခဲဝိညာဉ်အရည် ဖြစ်သည်။

"ရှောင်ယန်ရဲ့ ကျင့်ကြံမှုလမ်းကြောင်းနဲ့ ပတ်သက်ပြီး ငါ အမြဲတမ်း မသေချာ ဖြစ်နေခဲ့တာ၊ ဒါပေမဲ့ ဒီ ရေခဲဝိညာဉ်အရည်နဲ့ဆိုရင် အရာရာ အများကြီး ပိုလွယ်ကူသွားလောက်တယ်"

လုချင်း အလွန် ပျော်ရွှင်သွားသည်။

ရှောင်ယန်သည် မြေကမ္ဘာသွေးကြောဝိညာဉ်အရည်ကို သောက်သုံးပြီးနောက် မတော်တဆ သူမ၏ မွေးရာပါ ပါရမီဖြစ်သော "ရေခဲကြွက်သားနှင့် ကျောက်စိမ်းအရိုး"ကို နှိုးဆွနိုင်ခဲ့ပြီး ရေခဲနှင့် ရေဓာတ်လမ်းစဉ်ကို ကျင့်ကြံရန် ထူးခြားစွာ သင့်လျော်သွားသည်။

သူမ၏ ကျင့်ကြံမှု လမ်းကြောင်းနှင့် ပတ်သက်၍ သူ အမြဲတမ်း မဆုံးဖြတ်နိုင် ဖြစ်နေခဲ့သည်။ သို့သော် ယခုအခါ၌ ကိုးထပ်ငရဲ ရေခဲဝိညာဉ်အရည် ရရှိထားသဖြင့် သူ့ခေါင်းထဲတွင် အစီအစဉ် အများအပြား ချက်ချင်း ပေါ်လာလေ၏။

ကိုးထပ်ငရဲ အအေးဓာတ်သံမဏိကို ကောက်ယူလိုက်သောအခါ နှင်းရည်တစ်မျှင်သည် လုချင်း၏ လက်ပေါ်တွင် ချက်ချင်း ပေါ်လာပြီး လက်ကောက်ဝတ် တစ်လျှောက် လျင်မြန်စွာ ပြန့်နှံ့သွားသည်။

အရိုးထဲထိ စိမ့်သော အအေးဒဏ်ကြောင့် သူ့ခန္ဓာကိုယ်သည် မခံနိုင်လုနီးပါးတောင် ဖြစ်သွားရလေ၏။

"ထင်ထားတဲ့အတိုင်း အရမ်းအေးတဲ့ ပစ္စည်းပဲ၊ ဒီလောက် ထိန်းချုပ်ထားတဲ့ အခြေအနေမှာတောင် ကြောက်စရာကောင်းတဲ့ အအေးစွမ်းအင်ကို ထုတ်လွှတ်နိုင်သေးတယ်"

မျက်ခုံးကြားရှိ မြေကမ္ဘာ ဝိညာဉ်ပုလဲက အနည်းငယ် တုန်ခါသွားပြီးနောက်၌ အအေးဓာတ်ကို ချက်ချင်း ဖယ်ရှားလိုက်သည်။

သူ မအံ့သြဘဲ မနေနိုင်တော့ပေ။

လီဟော်ဂိုဏ်း၏ အမွေအနှစ်များအရ ကိုးထပ်ငရဲ အအေးဓာတ်သံမဏိ၏ ပါဝင်ပစ္စည်းမှာ အလွန် ထူးခြားသည်။ ၎င်း၏ အအေးစွမ်းအင်အများစုသည် အတွင်း၌ သိုလှောင်ထားပြီး တမင်တကာ လမ်းညွှန်မှု မပြုလုပ်ပါက ထွက်ပေါ်လာမည် မဟုတ်ပေ။

စောစောက လုချင်း လမ်းညွှန်မှု မပြုလုပ်ဘဲ အနည်းငယ် ထိတွေ့လိုက်ရုံဖြင့် ထိုကဲ့သို့ အအေးဓာတ်ကို ခံစားလိုက်ရသည်။

အတွင်း၌ သိုလှောင်ထားသော အအေးစွမ်းအင်သည် မည်မျှ အံ့သြဖွယ် ကောင်းလိမ့်မည်ကို မှန်းဆ၍ ရနိုင်ပါ၏။

သို့သော် စတုတ္ထထပ် ရတနာခန်းမဆောင်ရှိ အပူချိန်သည် သိပ်ပြောင်းလဲခြင်း မရှိသည်မှာ တကယ့်ကို အံ့ဖွယ်ပင်။

ကံဆိုးစွာဖြင့် တိမ်လွှာစီးဂိုဏ်းသည် ဤရှားပါးရတနာကို မည်သို့ အသုံးပြုရမည်ကို မသိခဲ့ပုံရသည်။

သို့မဟုတ်ပါက သူတို့သာ ဤသံတုံးကို အသုံးပြု၍ ဓားတစ်ချောင်း သွန်းလုပ်ခဲ့လျှင် ထိုအကျိုးအပဲ့ သွေးဝိညာဉ်အလံထက် များစွာ ပိုမို စွမ်းအားကြီးမားပေလိမ့်မည်။

ခဏမျှ သဘောကျစွာ ကြည့်ရှုပြီးနောက် လုချင်းသည် ကိုးထပ်ငရဲ အအေးဓာတ်သံမဏိကို သူ့ချီအိတ်ထဲသို့ ထည့်လိုက်ပြီး အခြားပစ္စည်းများကို ကြည့်လိုက်သည်။

ထိုစဉ် သူ့အကြည့်သည် သိပ်သည်းသော ရွှေရောင်အလင်းတန်း ပါရှိသည့် အခြားပစ္စည်းတစ်ခုအပေါ် သို့ ကျရောက်သွားလေ၏။

၎င်းသည် တူကြီးတစ်စုံ ဖြစ်ပြီး လက်ကိုင်သည် မီတာဝက်ခန့် ရှည်လျားကာ တူခေါင်းများသည် ရွှေဖရုံသီး အရွယ်အစားခန့် ရှိသည်။ လုံးဝကို နက်မှောင်ပြီး အလင်းရောင်အားလုံးကို စုပ်ယူထားသကဲ့သို့နှယ် နက်ရှိုင်းနေလေ၏။

[နက်ရွှေ မဟာသံတူကြီး : ရှားပါးသတ္တု ဖြစ်သော နက်ရွှေဖြင့် သွန်းလုပ်ထားသော ဝိညာဉ်လက်နက်။]

[လက်နက်တစ်ခုလျှင် ပေါင်တစ်ထောင် လေးလံပြီး မွေးရာပါနယ်ပယ် ခွန်အားရှိသူများသာ ကိုင်ဆောင်နိုင်သည်။]

[ပန်းပဲဆရာကြီး အိုယဲ့ကူ သွန်းလုပ်သည်။]

...

ဘုရားရေ

စာသားများပေါ်ရှိ အချက်အလက်များကို မြင်လိုက်ရသောအခါ လုချင်း မတုန်လှုပ်ဘဲ မနေနိုင်တော့ပေ။ ဤ အနက်ရောင် တူတစ်စုံကို ဒဏ္ဍာရီလာ နက်ရွှေဖြင့် ပြုလုပ်ထားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ နက်ရွှေသည် အမြဲတမ်း တန်ဖိုးရှိပြီး နက်ရွှေတစ်အောင်စသည် ရွှေဆယ်အောင်စနှင့် ညီမျှသည်ဟု စကား ရှိသည်။ ဤ တူတစ်စုံသည် တစ်ခုလျှင် ပေါင်တစ်ထောင် လေးလံသဖြင့် စုစုပေါင်း ပေါင်နှစ်ထောင် ရှိ၏။

ရွှေအဖြစ် ပြောင်းလဲ တွက်ချက်လိုက်လျှင် ရွှေပေါင်ချိန် နှစ်သောင်း ဖြစ်သည်။ ဤလက်နက်များကို အသုံးပြုခြင်းသည် လူများကို ရိုက်နှက်ရန် ရွှေတောင်နှစ်လုံးကို ကိုင်ဆောင်ထားခြင်းနှင့် တူသည်။

သေချာသည်မှာ လုချင်းသည် ရွှေနှင့် ငွေကို သိပ်စိတ်မဝင်စားပေ။ သူ့အာရုံကို ဖမ်းစားနိုင်သည်မှာ ဤ နက်ရွှေ သံတူများသည် လေးလံသော ဝိညာဉ်လက်နက်များ ဖြစ်နေခြင်းပင်။

စောစောက မော့ကျန်း ဤသံတူကြီးများကို ယူမလာခဲ့ခြင်းမှာ ကံကောင်းသည်ဟု သူ ခံစားလိုက်ရသည်။

သို့မဟုတ်ပါက မော့ကျန်း၏ သွေးမိစ္ဆာ ခန္ဓာကိုယ်နှင့် ဤတူများ၏ စွမ်းအား ပေါင်းစပ်လိုက်လျှင် သူ့ကို ကိုင်တွယ်ရသည်မှာ လုချင်းအတွက် များစွာ ပိုခက်ခဲပေလိမ့်မည်။

"ပစ္စည်းကောင်းပဲ၊ ယူလိုက်မယ်" လုချင်းတစ်ယောက် နက်ရွှေ သံတူကြီးများကို ဖြုတ်ယူလိုက်ပြီးနောက် အကြိမ်အနည်းငယ် ချိန်ဆကြည့်ရာ အတော်လေး အဆင်ပြေသည်ဟု ခံစားလိုက်ရသည်။

ထို့နောက်တွင်တော့ ကျေနပ်အားရစွာဖြင့် သူ့ချီအိတ်ထဲသို့ ထည့်လိုက်၏။ ပြီးကာမှ အခြားပစ္စည်းများအပေါ် သူ အာရုံစိုက်လိုက်တော့သည်။

…

All Chapters