အခန်း (၂၄၇-၂၄၈)
Vol. 25 Ch. 247-248
အခန်း ၂၄၇ - ကြီးမားသော ရိတ်သိမ်းမှုနှင့် ခရီးဆက်ခြင်း
လုချင်း ရတနာခန်းမဆောင်ထဲမှ ထွက်လာသောအခါ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်နေသည်။
ဒီတစ်ခေါက် ရိတ်သိမ်းမှုက တကယ်ကို ကြီးမားလှသည်။
တိမ်လွှာစီးဂိုဏ်း၏ နှစ်ပေါင်းတစ်ထောင်နီးပါး စုဆောင်းမှု အများစုကို သူ ရယူနိုင်ခဲ့ပြီ ဖြစ်သည်။ ခံစားချက်က ပြောမပြတတ်အောင် ကောင်းမွန်လှ၏။
ဒီရလဒ်တွေနှင့်အတူ နောက်ထပ် သူလုပ်စရာတွေ အများကြီးလည်း ရှိလာတော့မည်။
သို့သော်...
ရတနာခန်းမဆောင်အရှေ့တွင် ရပ်ရင်း လုချင်း စဉ်းစားခန်း ဝင်သွားသည်။
ရတနာခန်းမဆောင်မှ ရရှိမှုများမှာ များပြားသော်လည်း ဤအရာများသည် တိမ်လွှာစီးဂိုဏ်း၏ ရတနာအားလုံး မဟုတ်နိုင်ဟု သူ ခံစားနေရသည်။
ရိုးရိုးလေး တွေးကြည့်လျှင် မော့ညီအစ်ကိုများနှင့် မော့ကျန်းတို့၏ တစ်ကိုယ်ကောင်းဆန်မှုကို ကြည့်ပါက သူတို့၏ ရတနာအားလုံးကို ဤရတနာခန်းမဆောင်ထဲတွင် ထားရှိရန် မဖြစ်နိုင်ပေ။
တခြားတစ်နေရာတွင် ဝှက်ထားသော ရတနာများ ရှိကိုရှိရမည်။
ကံဆိုးစွာဖြင့် သူ လိုက်လံ ကြည့်ရှုပြီးသော်လည်း ထိုကဲ့သို့ ဝှက်ထားသော နေရာမျိုးကို ရှာမတွေ့ခဲ့ပေ။
ထိုရတနာများသည် သူ မမြင်နိုင်သော နေရာတွင် ရှိနေခြင်း သို့မဟုတ် တိမ်လွှာစီးဂိုဏ်း အတွင်း၌ ရှိမနေခြင်း ဖြစ်နိုင်သည်။ သို့မဟုတ်ပါက သူ့နတ်မျက်စိစွမ်းရည်၏ အာရုံခံနိုင်စွမ်းမှ လွတ်ကင်းနိုင်မည် မဟုတ်ပေ။
သို့သော် ထိုရတနာများကို ရှာမတွေ့သော်လည်း လုချင်း စိတ်ပျက်မသွားပေ။
ကမ္ဘာကြီးက ကျယ်ပြောလှပြီး ကမ္ဘာပေါ်ရှိ ရတနာအားလုံးကို သူတစ်ယောက်တည်း ပိုင်ဆိုင်၍ မရနိုင်ပါ။
ရတနာခန်းမဆောင်မှ ရရှိလိုက်သော ပစ္စည်းများဖြင့်ပင် လုချင်း အတော်လေး ကျေနပ်နေပြီ ဖြစ်သည်။
ထို့ကြောင့် သူ ဒီကိစ္စကို ဆက်မတွေးတော့ပေ။ သူ့ချီအိတ်ထဲမှ သာမန်အဝတ်အိတ်တစ်လုံးကို ထုတ်ယူလိုက်ပြီး ပစ္စည်းအချို့ကို ထည့်ကာ လေ့ကျင့်ရေးကွင်းပြင်ဘက်သို့ ထွက်လာခဲ့သည်။
"ဟော... သခင်လေးလု ထွက်လာပြီပဲ"
လေ့ကျင့်ရေးကွင်းပြင်၌ သမားတော်ကြီးချန်နှင့် စကားစမြည် ပြောနေသော ဓားသမား ယန်ချန်ပေ့က လုချင်းကို မြင်လိုက်ပြီး အနည်းငယ် အံ့သြသွားသည်။
လုချင်း အနားရောက်လာသောအခါ သူက ပြုံးပြီး မေးလိုက်သည်။ "သခင်လေးလု... ခင်ဗျား ထွက်လာတာ မြန်လှချည်လား၊ ရတနာတွေ မတွေ့ခဲ့ဘူးလား"
"တွေ့ပါတယ်" လုချင်းက သူ့ကျောပေါ်ရှိ အဝတ်အိတ်ကို ပြလိုက်သည်။ "ရတနာခန်းမဆောင်တစ်ခု တွေ့ခဲ့တယ်လေ ၊ အထဲမှာ ပစ္စည်းတွေ အတော်များတယ်။ ဘယ်ဟာတွေ ကောင်းလဲ မသိတာနဲ့ ကြုံရာကျပန်းပဲ ယူလာခဲ့လိုက်တယ်လေ"
"အော်... ဒါဆို ဂုဏ်ပြုပါတယ်နော် သခင်လေး"
ယန်ချန်ပေ့က ပြုံးလိုက်ပြီး လုချင်း ဘာရတနာတွေ ရခဲ့လဲဆိုတာ ဆက်မမေးတော့ပေ။
"ဆရာ... အခု တိမ်လွှာစီးဂိုဏ်းလည်း ပျက်စီးသွားပြီဆိုတော့ ကျွန်တော်တို့ ဘယ်တော့ ထွက်ကြမလဲ" လုချင်း မေးလိုက်သည်။
သမားတော်ကြီးချန်က ခဏလောက် စဉ်းစားပြီး ပြောလိုက်၏။ "မြို့ထဲ ပြန်ရောက်တာနဲ့ ပစ္စည်းသိမ်းပြီး ချက်ချင်း ထွက်ကြတာပေါ့"
"ချန်ပေ့... ခင်ဗျားတို့ သွားကြတော့မလို့လား" ယန်ချန်ပေ့က အံ့သြသွားသည်။
"ဟုတ်တယ်၊ ဒီက ကိစ္စတွေ ပြီးပြီဆိုတော့ ကျုပ်တို့လည်း ထွက်သွားဖို့ အချိန်တန်ပြီလေ" သမားတော်ကြီးချန်က ခေါင်းညိတ်လိုက်သည်။
"ဒါပေမဲ့ ခင်ဗျားတို့က ယွင်ကျိုးကို ဒုက္ခပေးနေတဲ့ တိမ်လွှာစီးဂိုဏ်း ဆိုတဲ့ ဘေးဆိုးကြီးကို ဖယ်ရှားပေးခဲ့ပြီး ယွင်ကျိုးက ကျင့်ကြံသူအများကြီးကို ကယ်တင်ပေးခဲ့တာလေ။ ကျုပ်တို့ ခင်ဗျားတို့ကို သေချာတောင် ကျေးဇူးမတင်ရသေးဘူး" ယန်ချန်ပေ့က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"အဲဒါတွေ မလိုပါဘူးဗျာ" သမားတော်ကြီးချန် ပြုံးလိုက်သည်။
"ကျုပ်တို့က ယွင်ကျိုးကို မတော်တဆ ရောက်လာခဲ့တာပါ၊ ပြီးတော့ ကျုံးကျိုးမှာလာ်း လုပ်စရာ အရေးကြီးကိစ္စတွေ ရှိသေးတယ်။ ဒီမှာ အကြာကြီး နေဖို့ မသင့်တော်ဘူး။ မင်းရဲ့ ကျေးဇူးတင်မှုကို ကျုပ်တို့ နားလည်ပါတယ်၊ အခမ်းအနားတွေ လုပ်နေစရာ မလိုပါဘူး"
ယန်ချန်ပေ့က သူတို့ကို ဆက်နေရန် အနည်းငယ် ထပ်မံ ဖျောင်းဖျကြည့်သော်လည်း လုချင်းတို့အဖွဲ့တွင် ကျုံးကျိုး၌ အရေးကြီးကိစ္စများ ရှိသည်ကို သိလိုက်ရသဖြင့် လက်လျှော့လိုက်ရသည်။
"ယန်ချန်ပေ့... ဒီကိစ္စကို ဒီအတိုင်းပဲ သိထားပေးပြီး သိပ်လျှောက်မပြောပါနဲ့" သမားတော်ကြီးချန်က ပြောလိုက်သည်။ သူ ထွက်ခွာမည့်အချိန်တွင် လူများ ဝိုင်းအုံပြီး လိုက်ပို့ကြမည်ကို မလိုလားပေ။
"ဒါက... ကျွန်တော် နားလည်ပါပြီ"
ယန်ချန်ပေ့က သိပ်ဘဝင်မကျသော်လည်း သဘောတူလိုက်သည်။
သူသည် သမားတော်ကြီးချန်နှင့် ထိတွေ့ဆက်ဆံသည်မှာ မကြာသေးသော်လည်း ဤပုဂ္ဂိုလ်သည် အမှန်တကယ်ပင် လောကဓံကို ဂရုမစိုက်သော၊ အခမ်းအနားများကို မမက်မောသော သဘာဝရှိသည်ကို မြင်တွေ့နိုင်သည်။
သူတို့သုံးဦး တိမ်လွှာမြို့သို့ ပြန်ရောက်သောအခါ ထွေထွေထူးထူး လှုပ်ရှားမှု မဖြစ်ပေါ်ခဲ့ပေ။
သူတို့ မထွက်ခွာမီက တိမ်လွှာစီးဂိုဏ်းကို သွားရောက် ဖျက်ဆီးမည်ဟု အတိအလင်း မပြောခဲ့သဖြင့် အချို့က ခန့်မှန်းမိကြသော်လည်း မည်သူမျှ အသေအချာ မပြောရဲကြပေ။
"ဆရာကြီး... ကျွန်တော်တို့ အခုပဲ သွားကြတော့မလို့လား"
တည်းခိုခန်း အပြင်ဘက်တွင် သတင်းကြားလိုက်ရသော မာကူးမှာ ကြောင်အမ်းသွားသည်။ တိမ်လွှာမြို့တွင် တစ်ရက်လောက် နားဦးမည်ဟု သူ ထင်ထားခဲ့တာပင်။
"ဟုတ်တယ်၊ ငါတို့ ယွင်ကျိုးမှာ ကြန့်ကြာနေတာ ကြာလှပြီလေ။ ကျုံးကျိုးကို အမြန်ဆုံး ရောက်တာ ပိုကောင်းမယ်။ မိုးမချုပ်သေးဘူး၊ နောက်ထပ် နှစ်နာရီလောက် ခရီးဆက်လို့ရသေးတယ်၊ ဒီမှာ သောင်တင်နေစရာ မလိုတော့ဘူး" သမားတော်ကြီးချန်က ပြောလိုက်သည်။
တိမ်လွှာစီးဂိုဏ်းက လူ့အသက်များကို မည်သူမျှ မတားဆီးနိုင်ဘဲ သတ်ဖြတ်နေသည်ကို မြင်တွေ့ခဲ့ရပြီးနောက် သမားတော်ကြီးချန်သည် ကျုံးကျိုးရှိ အခြေအနေ မည်သို့ရှိသည်ကို သိရန် ပို၍ စိတ်လောနေသဖြင့် အချိန်ဆွဲရန် ဆန္ဒမရှိတော့ပေ။
"ဒါဆိုလည ကျွန်တော် မြင်းလှည်း သွားပြင်လိုက်ပါ့မယ်"
ထို့နောက် မာကူးလည်း ချက်ချင်း ထွက်သွားတော့ သည်။
"သမားတော်ကြီးချန်၊ သခင်လေးလု၊ ခင်ဗျားတို့ သွားကြတော့မလို့လား"
အနားတွင် ရပ်နေသော လူကြီးမင်းဝမ်မှာ သူတို့စကားကို ကြားပြီး အံ့သြသွားသည်။
အခြားသူများကလည်း အံ့သြတကြီး ကြည့်လာကြ၏။
"ဟုတ်တယ် လူကြီးမင်းဝမ် ၊ ဒီတစ်ခါတော့ ကျုပ်တို့ လမ်းခွဲရတော့မယ်ထင်တယ်"
သမားတော်ကြီးချန်က လူကြီးမင်းဝမ်ကို လွမ်းဆွတ်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
ယခင်က ဤလူကြီးနှင့် သူ့အဖွဲ့ထံတွင် ကြီးမားသော အန္တရာယ်ရှိကြောင်း သူ အာရုံခံမိခဲ့သည်။ သူ့နိမိတ်က မမှားခဲ့ပေ။
အကယ်၍ သူနှင့် အားချင်းသာ ဤလူကြီးနှင့်အတူ တိမ်လွှာစီးဂိုဏ်းသို့ မရောက်လာခဲ့ဘဲ တိမ်လွှာမြို့ထဲသို့ သူတို့ဘာသာ ဝင်ရောက်ခဲ့လျှင် ထိုမိစ္ဆာအစီအရင်ဖြင့် အသွေးအသားများ အရည်ကြိုခံရမည့် ကံကြမ္မာမှ လွတ်မြောက်နိုင်ခဲ့မည် မဟုတ်ပေ။
ယခုအခါ၌ သူတို့ထံတွင် မည်သည့် အန္တရာယ်အငွေ့အသက်ကိုမျှ သူ မခံစားရတော့ပေ။ သိသာသည်မှာ သူတို့ ကြုံတွေ့ရမည့် ဘေးဆိုးကြီး ပြေပျောက်သွားပြီဖြစ်ပြီး မကြာမီ ကာလအတွင်း အန္တရာယ် ထပ်မံ ကြုံတွေ့ရဖွယ် မရှိတော့ပေ။
"သမားတော်ကြီးချန်..."
လူကြီးမင်းဝမ်၏ ရင်ထဲတွင် မေးခွန်းများစွာ ရှိနေသော်လည်း ဘယ်က စမေးရမှန်း မသိဖြစ်နေသည်။
"လူကြီးမင်းဝမ်... စိတ်မပူပါနဲ့။ ကျုပ်တို့ ဆုံတွေ့ရတာက ရေစက်ပါပဲ၊ ဒါက ခဏတာ ခွဲခွာခြင်းပါပဲ။ ကံပါရင် ကျွန်တော်တို့ ပြန်ဆုံကြဦးမှာပါ" သမားတော်ကြီးချန် ပြုံးလိုက်သည်။
"ဆရာကြီး... မြင်းလှည်း အဆင်သင့် ဖြစ်ပါပြီ"
ထိုအချိန်တွင် မာကူး ပြန်ရောက်လာသည်။
"ကောင်းပြီ... အားချင်း၊ သွားကြစို့"
ထို့နောက် သမားတော်ကြီးချန် မြင်းလှည်းဆီသို့ အရင် လျှောက်သွားလိုက်သည်။
"လူကြီးမင်းဝမ်နဲ့ အားလုံးပဲ... နှုတ်ဆက်ခဲ့ပါတယ်"
လုချင်းက မာကူးနှင့် အခြားသူများကို ဂါရဝပြုလိုက်သည်။
"ဟီး..."
အားလုံး မြင်းလှည်းပေါ် ရောက်သည်နှင့် မာကူးက ကြာပွတ်ကို ဝှေ့လိုက်ရာ မြင်းလှည်းကလည်း ဖြည်းညှင်းစွာဖြင့် စတင် ထွက်ခွာသွားသည်။
"မမ... တာ့တာ့နော်"
ရှောင်ယန်က မြင်းလှည်း ပြတင်းပေါက်မှ ခေါင်းလေးပြူထွက်လာပြီး အားလုံးကို လက်ပြနှုတ်ဆက်လိုက်သည်။
"သမားတော်ကြီးချန် သွားတော့မလို့လား"
တည်းခိုခန်းထဲတွင် အနားယူနေကြသော ယွင်ကျိုးမှ သိုင်းပညာရှင်များသည် အပြင်ဘက်မှ ဆူညံသံများ ကြား၍ ထွက်လာကြသည်။
သမားတော်ကြီးချန်နှင့် သူ့အဖွဲ့ မြင်းလှည်းဖြင့် ထွက်ခွာသွားသည်ကို မြင်သောအခါ အားလုံး ကြောင်အမ်းသွားကြသည်။
အထူးသဖြင့် ပန်းတစ်ရာနန်းတော်မှ ဒုဂိုဏ်းချုပ် သခင်မလျို ဆိုလျှင် အလွန် စိတ်ပူပန်သွားသည်။
"သမားတော်ကြီးချန်က ဘာလို့ ထွက်သွားရတာလဲ။ ကျွန်မအသက်ကို ကယ်ခဲ့လို့ ကျေးဇူးတင်တဲ့အနေနဲ့ ပန်းတစ်ရာတောင်ကြားကို ဖိတ်ချင်နေတာကို"
သူမက ပြောရင်း သူတို့နောက်သို့ လိုက်ရန် ပြင်လိုက်သည်။
သို့သော် သူမ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် ယန်ချန်ပေ့က သူမကို ညင်သာစွာ တားလိုက်သည်။
"ယန်ချန်ပေ့..."
ဒုဂိုဏ်းချုပ် သခင်မလျိုလည်း ကြောင်သွားပြီး လှမ်းကြည့်လိုက်သည်။
ယန်ချန်ပေ့ သက်ပြင်းချလိုက်ပြီး "ချန်ချန်ပေ့နဲ့ သခင်လေးလုက ကျုံးကျိုးမှာ အရေးကြီးကိစ္စ ရှိလို့ ယွင်ကျိုးမှာ မနေနိုင်ဘူးတဲ့။ ကျုပ်လည်း သူတို့ကို ငွေရောင်လမင်းဂိုဏ်းကို ဖိတ်ပါသေးတယ်၊ ဒါပေမဲ့ သူတို့ ငြင်းလိုက်တယ်လေ"
ဒုဂိုဏ်းချုပ် သခင်မလျို နားလည်လိုက်သည်။
ဤ မွေးရာပါနယ်ပယ် သိုင်းပညာရှင်ကြီးတောင် သမားတော်ကြီးချန်ကို မတားနိုင်ခဲ့လျှင် သူမ လိုက်သွားလည်း အချည်းနှီးသာ ဖြစ်မည်။ သူတို့ကို စိတ်အနှောင့်အယှက်ပင် ဖြစ်စေနိုင်ပါ၏။
ထိုသည်ကို သဘောပေါက်လိုက်ပြီး ဒုဂိုဏ်းချုပ် သခင်မလျိုသည် မြင်းလှည်းလေး ဖြည်းညှင်းစွာ ထွက်ခွာသွားသည်ကို နှမြောတသစွာ ငေးကြည့်နေရုံသာ တတ်နိုင်တော့သည်။
အခြား ယွင်ကျိုး သိုင်းပညာရှင်များသည်လည်း သူတို့စကားဝိုင်းကို ကြားပြီးနောက် သမားတော်ကြီးချန်တို့ကို ဆွဲထားမည့် အကြံကို လက်လျှော့လိုက်ကြသည်။
လူတိုင်း လမ်းဆုံး၌ ပျောက်ကွယ်သွားသော မြင်းလှည်းကို ငေးကြည့်နေကြသည်။
ထိုအချိန်တွင် သိုင်းပညာရှင်တစ်ဦးက ရုတ်တရက် ပြောလိုက်သည်။ "ဒါနဲ့... သမားတော်ကြီးချန်နဲ့ သူ့အဖွဲ့က ဘယ်သူတွေလဲ၊ သိတဲ့လူ ရှိလား"
ထိုအခါ၌ ယွင်ကျိုး သိုင်းပညာရှင်များ တစ်ယောက်မျက်နှာတစ်ယောက် ကြောင်တောင်တောင် ကြည့်လိုက်ကြသည်။
ထို့နောက် အားလုံးက ယန်ချန်ပေ့ဘက်သို့ အကြည့်ရောက်သွားကြ၏။
အဘယ်ကြောင့်ဆိုသော် သမားတော်ကြီးချန်တို့အဖွဲ့ မြို့ထဲဝင်လာစဉ်က ယန်ချန်ပေ့နှင့် အတူ ဝင်လာသည်ကို မြင်ခဲ့သောကြောင့် ဖြစ်သည်။
သို့သော် ယန်ချန်ပေ့က ခေါင်းခါလိုက်သည်။ "ကျုပ်လည်း မသိဘူး။ စောစောက တိမ်လွှာမြို့တစ်ခုလုံးကို မော့ညီအစ်ကိုတွေက မိစ္ဆာအစီအရင်နဲ့ လွှမ်းခြုံထားခဲ့တာ။ ကျုပ်က အစီအရင်ကို ဖျက်ဖို့ ကြိုးစားပေမဲ့ မော့ဖူက တားထားတယ်လေ။ အဲဒီအချိန်မှာ ချန်ချန်ပေ့နဲ့ သူ့အဖွဲ့ ရုတ်တရက် ပေါ်လာပြီး အစီအရင်ကို ကူညီပြီး ဖျက်ပေးခဲ့လို့ ခင်ဗျားတို့အားလုံး အသက်ရှင်ကျန်ရစ်ခဲ့တာ။
ဒါပေမဲ့ သူတို့ ဘယ်သူဘယ်ဝါလဲ ဆိုတာ ကျုပ်လည်း သိပ်မသိဘူး"
ယန်ချန်ပေ့သည် သမားတော်ကြီးချန်၏ နောက်ခံအကြောင်းကို မေးမြန်းရန် ကြိုးစားခဲ့ဖူးသည်။
စွမ်းအားကြီးသော မွေးရာပါနယ်ပယ် သိုင်းပညာရှင်ကြီး တစ်ဦးနှင့် အလားတူ လျှို့ဝှက်ဆန်းကြယ်ပြီး စွမ်းအားကြီးသော လူငယ်တစ်ဦးကို တွေ့လျှင် သဘာဝကျစွာပင် သိချင်စိတ် ဖြစ်မိမည်သာ။
သို့သော် သမားတော်ကြီးချန်က ဘာမှ ထုတ်မပြောခဲ့သဖြင့် သူ့စုံစမ်းမှုများကလည်း အရာမထင်ခဲ့ပေ။
ဒါကို တွေးမိပြီး ယန်ချန်ပေ့သည် လူကြီးမင်းဝမ်၏ အဖွဲ့ဘက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်သည်။ သူ မှတ်မိသလောက်ဆိုလျှင် လုချင်းသည် ထိုအဖွဲ့ကို ကိုယ်တိုင်ကိုယ်ကျ မြို့ထဲ ခေါ်လာခဲ့ခြင်း ဖြစ်သည်။
အခြား ယွင်ကျိုး သိုင်းပညာရှင်များသည်လည်း ထိုအချက်ကို သတိထားမိသွားပြီး လူကြီးမင်းဝမ်အဖွဲ့ကို ဝိုင်းကြည့်လိုက်ကြသည်။
ထိုအခါ၌ လူကြီးမင်းဝမ်နှင့် သူ့အဖွဲ့မှာ ရုတ်တရက် ကြီးမားသော ဖိအားကို ခံစားလိုက်ရ၏။
ဤမျှ များပြားသော သိုင်းပညာရှင်များ၊ အထူးသဖြင့် မွေးရာပါနယ်ပယ် သိုင်းပညာရှင်ကြီး တစ်ဦးပါ ဝိုင်းကြည့်နေသည်ကို ခံရခြင်းမှာ အလွန် စိတ်ဖိစီးစရာ ကောင်းလှသည်။
"လေးစားရပါတဲ့ ချန်ပေ့တို့..." လူကြီးမင်းဝမ်မှာ ချွေးစေးများ ပြန်လာပြီး အတင်းဟန်လုပ် ပြုံးလိုက်သည်။ "ကျွန်တော်တို့က သမားတော်ကြီးချန်နဲ့ လမ်းခုလတ်မှာ ဆုံခဲ့ပြီး အဆင်ပြေတာနဲ့ အတူ လာခဲ့ကြတာပါဗျ။ သူတို့အကြောင်း သိပ်မသိပါဘူး၊ ချန်းကျိုးက လာတယ်ဆိုတာလောက်ပဲ သိတာပါ"
"ချန်ချန်ပေ့က သူ့နာမည် ပြောဖူးလား" ယန်ချန်ပေ့က မေးလိုက်သည်။
"မပြောဘူး၊ ပုံမှန်ဆိုရင် လူတွေကို သမားတော်ကြီးချန် လို့ပဲ ခေါ်ခိုင်းတယ်။" လူကြီးမင်းဝမ်က ခေါင်းခါလိုက်သည်။ "ဒါပေမဲ့ သခင်လေးလုရဲ့ နာမည်ကိုတော့ ကျွန်တော် သိတယ်"
"အော်... သခင်လေးလုရဲ့ နာမည်က ဘာတဲ့လဲ"
ယန်ချန်ပေ့၏ မျက်လုံးများ အရောင်တောက်လာသည်။
သူသည် သမားတော်ကြီးချန်ထက် လုချင်းကို ပို၍ပင် စိတ်ဝင်စားနေမိသည်။
အဘယ်ကြောင့်ဆိုသော် လုချင်းက မွေးရာပါနယ်ပယ် သိုင်းပညာရှင်တစ်ဦးအား ချေမှုန်းပစ်လိုက်သည်ကို သူ မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရသောကြောင့် ဖြစ်သည်။ ထို ကြမ်းတမ်းသော မြင်ကွင်းသည် ယခုထိ သူ့ကျောကို စိမ့်နေစေဆဲ ဖြစ်သည်။
"သခင်လေးလုရဲ့ မျိုးရိုးနာမည်က လု ပါ၊ နာမည်တစ်လုံးတည်းက ချင်း ပါ"
"လုချင်း..."
ယန်ချန်ပေ့က ထိုနာမည်ကို ဖြည်းညှင်းစွာ ရေရွတ်လိုက်သည်။
ချန်ချန်ပေ့က လုချင်းကို "အားချင်း" ဟု ခေါ်သည်ကို သူ အမှတ်ရလိုက်သည်။
သို့သော် သေချာ စဉ်းစားကြည့်ပြီးနောက် ထိုနာမည်နှင့် ပတ်သက်ပြီး ဘာမှ အမှတ်ရစရာ မရှိပေ။
ဂိုဏ်းကြီးအသီးသီးမှ ထိပ်တန်း တပည့်များကို စဉ်းစားကြည့်သော်လည်း သဲလွန်စ မတွေ့ပေ။
ထိုအချိန်တွင် လူတစ်ယောက်က ရုတ်တရက် အံ့ဩတကြီးဖြင့် ပြောလာခဲ့သည်။ "မျိုးရိုးက လု၊ နာမည်က ချင်း၊ ချန်းကျိုးက လာတယ်...။ ဒီ သမားတော်ကြီးရဲ့ တပည့်က လွန်ခဲ့တဲ့ နှစ်နှစ်က လျှို့ဝှက်နဂါးစာရင်းမှာ ပါခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ် လူငယ်လေးများ ဖြစ်နေမလား"
"သူလား"
ထိုသတိပေးချက်ကြောင့် အခြားသူများလည်း တုံ့ပြန်လာကြသည်။
ယန်ချန်ပေ့ တစ်ဦးတည်းသာ နားမလည် ဖြစ်နေသည်။ "လျှို့ဝှက်နဂါးစာရင်း ဆိုတာ ဘာလဲ"
လျှို့ဝှက်နဂါးစာရင်းကို သူ သိသော်လည်း သခင်လေးလုနှင့် ဘယ်လို ပတ်သက်နေသလဲ ဆိုတာတော့ သူ မသိပေ။
"အကြီးအကဲ... ဒီလိုပါ..."
ငွေရောင်လမင်းဂိုဏ်းချုပ်က ဝင်ရှင်းပြသည်။ အကြီးအကဲသည် တံခါးပိတ် ကျင့်ကြံနေခဲ့သဖြင့် မျိုးဆက်သစ် လူငယ်များ၏ စာရင်းကို ဂရုမစိုက်ခဲ့ကြောင်း သူသိသည်။
"လွန်ခဲ့တဲ့ နှစ်နှစ်က ထျန်းကျီမျှော်စင်က လျှို့ဝှက်နဂါးစာရင်း အသစ်ကို ထုတ်ပြန်ခဲ့ပါတယ်ဗျ။ စာရင်းထဲမှာ လုချင်း ဆိုတဲ့ လူငယ်တစ်ယောက် ပါလာခဲ့ပြီး အငြင်းပွားစရာတွေ ဖြစ်ခဲ့တယ်လေ။ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း ထျန်းကျီမျှော်စင်က လျှို့ဝှက်နဂါးစာရင်းကို အသစ်မွမ်းမံခြင်း မရှိသေးတော့ လူတိုင်းက အဲဒီအကြောင်း နည်းနည်း မေ့နေကြပြီ။
ဒါပေမဲ့ အဲဒီတုန်းက လူအများစု ယုံကြည်ခဲ့ကြတာက လုချင်း ဆိုတဲ့ ဒီလူငယ်လေးဟာ ဆယ်နှစ်အတွင်း အတားအဆီးတွေကို ဖြိုခွင်းပြီး မွေးရာပါနယ်ပယ်ကို ဝင်ရောက်နိုင်လိမ့်မယ်၊ အသက်အငယ်ဆုံး မွေးရာပါနယ်ပယ် သိုင်းပညာရှင် တစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ပြောကြတာပေါ့"
ရှင်းပြချက်ကို ကြားပြီးနောက် ယန်ချန်ပေ့၏ မျက်နှာထားကထူးဆန်းသွားသည်။
ဒီလူငယ်လေးအတွက် မွေးရာပါနယ်ပယ်ဆိုတာ ဘာမှ မဟုတ်ဘူးဟု သူ ပြောချင်နေမိသည်။
လုချင်းက မွေးရာပါနယ်ပယ် သိုင်းပညာရှင်တစ်ဦးကို လက်ဗလာ သက်သက်ဖြင့် ချေမှုန်းလိုက်သည်ကို သူ ခုလေးတင် မြင်တွေ့ခဲ့ရသည်။
သို့သော် မွေးရာပါနယ်ပယ်သို့ ဝင်ရောက်ခြင်း ဆိုတာ...
ထိုစကားစုက ယန်ချန်ပေ့ကို တွေးတောစေခဲ့သည်။
လုချင်း၏ ကျင့်ကြံမှုအဆင့်ကို သူ လုံးဝ မခန့်မှန်းနိုင်ခဲ့သည်ကို သူ သတိရလိုက်သည်။
ထို့အပြင် လုချင်းသည် မွေးရာပါနယ်ပယ် စစ်မှန်သောချီအား သုံးသည်ကို သူ မမြင်ခဲ့ရပေ။ အမြဲတမ်း ချီနှင့် သွေးစွမ်းအားဖြင့်သာ တိုက်ခိုက်ခဲ့ပြီး မွေးရာပါနယ်ပယ် သိုင်းပညာရှင်များ၏ ထူးခြားသော အရှိန်အဝါလည်း မရှိပေ။
လုချင်းသည် သူ့စစ်မှန်သော စွမ်းအားကို ဝှက်ထားပြီး ဝှက်ဖဲချန်ထားသည်ဟု သူ ထင်ခဲ့သည်။ သို့သော် ယခုအခါ အဲဒီလို မဟုတ်လောက်ကြောင်း ထင်ရသည်။
လုချင်းတွင် ဝှက်ဖဲများ ရှိကောင်းရှိနိုင်သော်လည်း မွေးရာပါနယ်ပယ် စစ်မှန်သောချီကို မသုံးနိုင်ခြင်းမှာ အမှန်တကယ် ဖြစ်နိုင်သည်။
အဘယ်ကြောင့်ဆိုသော် သူသည် မွေးရာပါနယ်ပယ်သို့ မရောက်ရှိသေးသောကြောင့် ဖြစ်ပြီး သူ့ကျင့်ကြံမှု အဆင့်သည် မွေးဖွားပြီးနယ်ပယ်တွင်သာ ရှိနေသေးသည်။
သို့သော် ထိုအချက်သာ မှန်ကန်ပါက သခင်လေးလုသည် မွေးဖွားပြီးနယ်ပယ်အဆင့်ဖြင့် မွေးရာပါနယ်ပယ် သိုင်းပညာရှင်တစ်ဦးကို သတ်ဖြတ်ခဲ့သည်ဟု ဆိုလိုခြင်း မဟုတ်ပါလော။
"ရှီး..."
ယန်ချန်ပေ့သည် မသိလိုက်ပါဘဲဖြင့် လေအေးတစ်ချက် ရှိုက်သွင်းလိုက်မိပြီး ကြီးမားသော ကြောက်ရွံ့မှုတစ်ခုက သူ့ရင်ထဲတွင် မြင့်တက်လာသည်။
...
သူတို့ ထွက်ခွာသွားပြီးနောက် ယန်ချန်ပေ့နှင့် အခြားသူများက သူ့နောက်ခံ တစ်စိတ်တစ်ပိုင်းအား ခန့်မှန်းမိသွားကြသည်ကိုတော့ လုချင်း မသိပေ။
လက်ရှိတွင် သူသည် တိမ်လွှာမြို့နှင့် တိမ်လွှာစီးဂိုဏ်းတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို မာကူးနှင့် အခြားသူများအား ပြန်လည် ပြောပြနေလေ၏။
"မြို့ထဲမှာ အဲဒီလောက် အန္တရာယ်များတဲ့ အခြေအနေ ဖြစ်ခဲ့တာကိုး" မာကူး သဘောပေါက်သွားသည်။
"ဝမ်ချန်ပေ့က သစ်ပင်ပေါ်ကနေ ကြည့်ပြီးတဲ့နောက်ပိုင်း ငါတို့အပေါ် သဘောထား ပြောင်းသွားတာ မဆန်းတော့ပါဘူး။ ညီလေးလုနဲ့ သမားတော်ကြီး အစီအရင်ကို ဖျက်ဆီးလိုက်တာကို သူ မြင်ခဲ့တာ ဖြစ်မယ်"
"တိမ်လွှာစီးဂိုဏ်း ခေါင်းဆောင်တွေက တကယ့်ကို ရူးသွပ်နေကြတာပဲ၊ တခြားလူတွေကို သွေးပူဇော်တာ လုပ်ရုံတင်မကဘူး ကိုယ့်တပည့်ကိုယ်တောင် မချန်ဘူး။ မိစ္ဆာတွေနဲ့ တူတူပဲ" ဝေ့ကျိအန်းက ဒေါသတကြီး ပြောလိုက်သည်။
"သူတို့က မိစ္ဆာလမ်းစဉ် လိုက်ခဲ့ကြတော့ သူတို့ရဲ့ စိတ်သဘောထားက မသိမသာ ပြောင်းလဲလာတာလေ။ မိစ္ဆာတွေလို့ ခေါ်တာလည်း မမှားပါဘူး" လုချင်း ခေါင်းခါလိုက်သည်။
"ဒါပေမဲ့ တိမ်လွှာစီးဂိုဏ်းက တပည့်တွေလည်း သေသင့်ပါတယ်။ သူတို့က အရမ်း မောက်မာကြတာလေ။ နောက်ဆုံးကျတော့လည်း သူတို့ဂိုဏ်းခေါင်းဆောင် လက်ချက်နဲ့ပဲ သေကုန်ကြတယ်။ ဝဋ်လည်တာပဲ"
ဝေ့ကျိအန်း၏ တရားသဖြင့် ဒေါသထွက်နေပုံကို ကြည့်ရင်း လုချင်း ရုတ်တရက် တစ်ခုခုကို သတိရသွားသည်။
"ကျိအန်း... မင်းအတွက် ငါ့ဆီမှာ တစ်ခုခု ရှိတယ်"
"ဘာလဲဟင်" ဝေ့ကျိအန်း နားမလည်စွာ မေးလိုက်သည်။
လုချင်းက မြင်းလှည်းအောက်မှ အနက်ရောင် တုတ်ရှည်တစ်ချောင်းကို ဆွဲထုတ်ပြီး ကမ်းပေးလိုက်သည်။
"ဒီတုတ်ရှည်က ဝိညာဉ်လက်နက်တစ်ခုပဲ၊ အစကတော့ တိမ်လွှာစီးဂိုဏ်း အကြီးအကဲ မော့ဖူရဲ့ လက်နက်လေ။ မော့ဖူ သေပြီးတော့ ငါ ယူလာခဲ့တာ။ မင်းနဲ့ ကွက်တိပဲ"
"ဝိညာဉ်လက်နက် ဟုတ်လား... ကျွန်တော့်အတွက်ပေါ့"
ဝေ့ကျိအန်း ကြောင်အမ်းသွားသည်။
အခန်း ၂၄၈ - သံလိုက်စွမ်းအား၊ လျှို့ဝှက်နယ်မြေ စကားဝိုင်းနှင့် ကြီးမားသော အခွင့်အရေး
"ဒီဝိညာဉ်လက်နက်ကို ကျွန်တော့်ပေးမလို့လား"
လုချင်း ကမ်းပေးသော အနက်ရောင်တုတ်ရှည်ကို ကြည့်ရင်း ဝေ့ကျိအန်း ကြောင်အမ်းနေသည်။
"ဟုတ်တယ်၊ ငါတို့အထဲမှာ မင်းတစ်ယောက်တည်းပဲ တုတ်ရှည်ကို သုံးတာလေ။ ဒီဝိညာဉ်လက်နက်က မင်းနဲ့ အလိုက်ဖက်ဆုံးပဲ" လုချင်းက ပြုံးပြုံးလေး ပြောလိုက်သည်။
"ဒါပေမဲ့... ဒါက အရမ်း တန်ဖိုးကြီးလွန်းတယ်" ဝေ့ကျိအန်းမှာ တွန့်ဆုတ်နေမိသည်။
ဝေ့ကျိအန်း မလိုချင်၍ မဟုတ်သော်လည်း ဝိညာဉ်လက်နက်များသည် အမှန်တကယ်ပင် အလွန်တရာ တန်ဖိုးကြီးလှသည်။
ဝေ့မိသားစုတစ်ခုလုံးတွင် သူတို့၏ဘိုးဘေး၌သာ ဝိညာဉ်လက်နက်တစ်ခု ရှိကြောင်း သူ သိထားပါ၏။ မိသားစုခေါင်းဆောင် ဖြစ်သော သူ့အဖေ၌ပင် မရှိပေ။
ယခု လုချင်းက သူ့ကို ဝိညာဉ်လက်နက် ပေးနေသော်လည်း ဝေ့ကျိအန်းမှာ တကယ်ပဲ လက်မခံရဲ ဖြစ်နေမိ၏။
"ကိစ္စမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် ဒါက အလကားရလာတာပဲလေ။ မသုံးဘဲ ထားရင် နှမြောစရာကြီး။ တုတ်သိုင်း ကျွမ်းကျင်တာဆိုလို့ မင်းတစ်ယောက်တည်းပဲ ရှိတာ၊ ဘယ်သူ့ကို သွားပေးရမှာလဲ ယူထားလိုက်ပါ" လုချင်းက တုတ်ရှည်ကို ဝေ့ကျိအန်းလက်ထဲ ထည့်ပေးလိုက်သည်။
လုချင်း၏ တိုက်တွန်းမှုကို မြင်တော့မှ ဝေ့ကျိအန်းကလည်း တုတ်ရှည်ကို မရဲတရဲ လက်ခံလိုက်တော့၏။
သို့သော် သူ့မျက်နှာထားက အိပ်မက်မက်နေသကဲ့သို့ ဖြစ်နေဆဲပင်။ ဝိညာဉ်လက်နက်တစ်ခုအား ဒီလောက် လွယ်လွယ်ကူကူ ရလိုက်သည်ကို မယုံကြည်နိုင် ဖြစ်နေလေသည်။
တုတ်ရှည်၏ အေးမြပြီး သက်တောင့်သက်သာရှိသော အထိအတွေ့ကို ခံစားရင်း သူ အိပ်မက်မက်နေသလားဟုတောင် တွေးမိလာသည်။
"ဝိညာဉ်လက်နက်က ကောင်းတယ်ဆိုပေမဲ့ မင်းရဲ့ လက်ရှိအဆင့်နဲ့ဆိုရင် သူ့စွမ်းအားကို အပြည့်အဝ ထုတ်မသုံးနိုင်သေးဘူး။ လောလောဆယ်တော့ မင်းရဲ့ ချီနဲ့ သွေးကို သုံးပြီး သူနဲ့ ရင်းနှီးအောင် အရင် ကျင့်ကြံထားတာ အကောင်းဆုံးပဲ။ တိုက်ပွဲဝင်ဖို့တော့ မသင့်တော်သေးဘူး။ နောက်ပိုင်း မင်း ကိုယ်တွင်းအင်္ဂါအဆင့်ကို ရောက်တဲ့အခါကျရင် ဒီလက်နက်က မင်းအတွက် အကြီးအကျယ် အထောက်အကူ ပြုလာလိမ့်မယ်" ဝေ့ကျိအန်းက တုတ်ရှည်ကို သဘောကျနေသည်ကို မြင်တော့ လုချင်းက သတိပေးလိုက်သည်။
ဝိညာဉ်လက်နက်ဆိုသည်မှာ သာမန်ပစ္စည်း မဟုတ်ပေ။ အနိမ့်ဆုံးသော ဝိညာဉ်လက်နက်တောင်မှ ဝိညာဉ်လက်နက်၏ ဂုဏ်သတ္တိအချို့ ပါရှိသည်။
ဝေ့ကျိအန်း၏ လက်ရှိ ကျင့်ကြံမှုဖြင့်ဆိုလျှင် ၎င်းကို မကိုင်တွယ်နိုင်သေးပေ။
"ကျွန်တော် မှတ်ထားပါ့မယ်" ဝေ့ကျိအန်းက လေးနက်စွာ ပြန်ဖြေလိုက်သည်။
မြင်းလှည်း မောင်းနေသော မာကူးသည် အတွင်းမှ စကားဝိုင်းကို ကြားပြီး ပြုံးလိုက်မိ၏။
ဝေ့ကျိအန်းသည် သူ၏တစ်ဦးတည်းသော တပည့်ရင်း ဖြစ်ပြီး ဆရာတစ်ယောက်အနေဖြင့် ဝေ့ကျိအန်း ဝိညာဉ်လက်နက် ရရှိသည့်အတွက် မာကူးမှာ အလွန် ဝမ်းသာနေလေသည်။
"ဒါနဲ့ အားချင်း... စောစောက တိမ်လွှာစီးဂိုဏ်းချုပ်နဲ့ တိုက်တုန်းက မင်းသုံးလိုက်တဲ့ စွမ်းအားက ဘာလဲ။ တော်တော် ထူးဆန်းတယ်နော်" သမားတော်ကြီးချန်က လုချင်းတစ်ယောက် ဝေ့ကျိအန်းကို မှာကြားပြီးသည်နှင့် ရုတ်တရက် မေးလိုက်သည်။
မော့ကျန်းနှင့် တိုက်ပွဲတွင် လုချင်း ထုတ်သုံးလိုက်သော စွမ်းအားကြောင့် သူ အတော်လေး အံ့သြသွားခဲ့သည်။
စောစောက အပြင်လူ ဓားသမား ရှိနေသဖြင့် မေးရတာ အဆင်မပြေခဲ့သော်လည်း ယခုတော့ မေးမြန်းနိုင်ပြီ ဖြစ်သည်။
"အဲဒါ ကျွန်တော် ခုတလော ကျွမ်းကျင်လာတဲ့ စွမ်းအားတစ်ခုပါဗျ" လုချင်း လက်ကို ဆန့်ထုတ်လိုက်ရာ အဝါရောင်အလင်းဖျော့ဖျော့ ထွက်ပေါ်လာသည်။ "ကျွန်တော် ရတနာတစ်ခု ရဖူးတယ်၊ အခု ကမ္ဘာကြီးရဲ့ ပြောင်းလဲမှုတွေနဲ့အတူ အဲဒီရတနာရဲ့ တစ်စိတ်တစ်ပိုင်းကို သန့်စင်လိုက်နိုင်တော့ ဒီစွမ်းရည်ကို ရလာတာပါဗျ"
ပြောရင်း လုချင်းက လက်ကို လှန်ပြီး အောက်သို့ ညင်သာစွာ ဖိချလိုက်သည်။
မြင်းလှည်းထဲရှိ လူတိုင်းသည် မမြင်ရသော စွမ်းအားတစ်ခုက သူတို့ကို ဖိချနေသကဲ့သို့ ခံစားလိုက်ရပြီး သူတို့ခန္ဓာကိုယ်များမှာလည်း အနည်းငယ်လေးလံသွားသည်။
လုချင်းက သူတို့ကို အနည်းငယ် ခံစားကြည့်စေလိုရုံသာ ဖြစ်၍ အားအများကြီး မသုံးခဲ့ပေ။ သို့မဟုတ်ပါက မြင်းများသည် ခံနိုင်ရည် ရှိမည် မဟုတ်ပေ။
"ဒီစွမ်းအားက..." သမားတော်ကြီးချန်၏ မျက်လုံးထဲတွင် အံ့သြရိပ်များ ပေါ်လာသည်။
ဒီ လေးလံမှုက ထင်ယောင်ထင်မှား မဟုတ်ဘဲ သူ့ခန္ဓာကိုယ် တကယ် လေးလံသွားကြောင်း သူ ခံစားမိသည်။
"ဒါက သံလိုက်စွမ်းအားပါ၊ မြေကမ္ဘာစွမ်းအားတစ်မျိုးပေါ့၊ ကမ္ဘာမြေကြီးရဲ့ ဆွဲငင်အားနဲ့ တူတယ်။ ဒါပေမဲ့ ဒါက ကျွန်တော့် ထိန်းချုပ်မှုအောက်မှာ ရှိတယ်ဗျ။ လိုသလို လားရာ ပြောင်းလဲလို့ ရတယ်" လုချင်း ရှင်းပြလိုက်ပြီး လက်ကို အနည်းငယ် မြှောက်လိုက်ရာ စွမ်းအားမှာလည်း ချက်ချင်း ပြောင်းလဲသွားပြီး သူတို့ကို လေထဲ မြောက်တက်မတတ် ပေါ့ပါးသွားစေသည်။
"သံလိုက်စွမ်းအားတဲ့လား။ ဒီစွမ်းအားက တကယ်ကို ထူးခြားတာပဲ။ မြေဓာတ်စွမ်းအားတွေထဲမှာတောင် ဒါက တော်တော် ရှားပါးတယ်။ မြေဓာတ် စစ်မှန်တဲ့ချီ ကို အထူးပြုကျင့်ကြံတဲ့ မွေးရာပါနယ်ပယ် မဟာသခင်တချို့တောင် ဒါကို ကျွမ်းကျင်ချင်မှ ကျွမ်းကျင်နိုင်မှာ" ခံစားကြည့်ပြီးနောက် သမားတော်ကြီးချန်က ချီးကျူးလိုက်သည်။
အခြားသူများလည်း ထပ်တူ အံ့သြသွားကြလေ၏။
အထူးသဖြင့် မျက်လုံးလေးတွေ ဝိုင်းစက်သွားသော ညီမလေး ရှောင်ယန်ပင်။ "ကိုကို... ညီမလေး ကိုယ်ခန္ဓာကြီး ပေါ့ပါးသွားသလို ခံစားရတယ်။ ပိုပြီး ပေါ့သွားရင် ပျံလို့ ရမလားဟင်"
"အဲဒီလောက် မလွယ်ပါဘူး။ ဒါပေမဲ့ ညီမလေး ပျံချင်ရင်တော့ မဖြစ်နိုင်တာ မဟုတ်ပါဘူး" လုချင်း ပြုံးလိုက်သည်။
"ညီမလေး တကယ် ပျံလို့ ရမှာလားဟင်" ကလေးမလေး၏ မျက်လုံးများက ပို၍ပင် ဝိုင်းစက်သွား၏။
ဝေ့ကျိအန်းလည်း မယုံနိုင်သလို လှမ်းကြည့်လာသည်။
လူတွေက တကယ် ပျံလို့ ရတာလား။ သူ သိသလောက်တော့ မွေးရာပါနယ်ပယ် သိုင်းပညာရှင်ကြီးတွေတောင် မပျံနိုင်ကြပါဘူး။
သမားတော်ကြီးချန်ကမူ တစ်စုံတစ်ခုကို တွေးမိသွားသလို သူ့စိတ် အနည်းငယ် လှုပ်ရှားသွားသည်။
"ဒါပေမဲ့ ပျံဖို့ သင်ယူရတာ မလွယ်ဘူးနော်။ အများကြီး ပင်ပန်းတာကို ခံနိုင်မှ ရမှာ။ ညီမလေး သင်ချင်သေးလား" လုချင်း လေးနက်စွာ မေးလိုက်သည်။
"ညီမလေး သင်ချင်တယ်" ကလေးမလေးက ချက်ချင်းပင် တွေဝေခြင်း မရှိဘဲ အော်ပြောလိုက်သည်။
"ကောင်းပြီလေ၊ မနက်ဖြန်ကစပြီး ညီမလေးကို ပျံသန်းနိုင်မဲ့ နည်းလမ်း စသင်ပေးမယ်" လုချင်း ပြုံးပြုံးလေး ပြောလိုက်သည်။
မူလက သူသည် ကျုံးကျိုးရောက်သည်အထိ နောက်ထပ် ရက်အနည်းငယ် စောင့်ပြီး အလောတကြီး သွားလာစရာ မလိုတော့သည့်အချိန်မှ ရှောင်ယန်ကို ကျင့်ကြံခြင်း စတင် သင်ကြားပေးရန် စီစဉ်ထားခြင်း ဖြစ်သည်။
သို့သော် တိမ်လွှာစီးဂိုဏ်းမှ ရရှိလိုက်သော အကျိုးအမြတ်များက သူ့စိတ်ကို ပြောင်းလဲစေခဲ့သည်။
သူ့တွင် ကိုးထပ်ငရဲ ရေခဲဝိညာဉ်အရည် ရှိနေပြီ ဖြစ်၍ ရှောင်ယန်၏ ကျင့်ကြံမှုကို ရှေ့တိုး လုပ်ဆောင်နိုင်သည်။
"အားချင်း... မင်း ရှောင်ယန်ကို ကျင့်ကြံခိုင်းဖို့ ဆုံးဖြတ်လိုက်ပြီလား" သမားတော်ကြီးချန် မေးလိုက်သည်။
"ဟုတ်ကဲ့ ဆရာ။ တိမ်လွှာစီးဂိုဏ်းရဲ့ ရတနာဆောင်ကနေ ရှောင်ယန်ရဲ့ ကျင့်ကြံမှုကို အထောက်အကူ ပြုနိုင်မဲ့ ပစ္စည်းတချို့ ကျွန်တော် ရခဲ့တယ်" လုချင်း ပြန်ဖြေလိုက်သည်။
သမားတော်ကြီးချန် ခေါင်းညိတ်လိုက်သည်။
သို့သော် သူလည်း သိချင်နေမိပါ၏။
သူက ရှောင်ယန်၏ ကျင့်ကြံမှုအကြောင်း အကြိမ်ကြိမ် ပြောဖူးသော်လည်း လုချင်းက အချိန်မတန်သေးဘူးဟုသာ အမြဲ ပြောခဲ့သည်။
ယခု လုချင်းက ရှောင်ယန်ကို ကျင့်ကြံခွင့်ပြုရန် အဆင်သင့် ဖြစ်နေပြီဆိုတော့ သူမကို ဘယ်လို နည်းလမ်းတွေနှင့် သင်ပေးမလဲ ဆိုတာ သိချင်နေမိသည်။
ဝေ့ကျိအန်းက ဒါကို ကြားတော့မှ လုချင်းက ရှောင်ယန်ကို ကျင့်ကြံမှုအပေါ် စိတ်ဝင်စားလာအောင် ပျံသန်းခြင်း ကတိပေးပြီး ဆွဲဆောင်နေတာ ဖြစ်ကြောင်း သဘောပေါက်သွားသည်။
ကြည့်ရတာ အဲဒီ ပျံသန်းခြင်းနည်းပညာ ဆိုတာက လုချင်း လုပ်ဇာတ်ခင်းလိုက်တာ ဖြစ်လောက်တယ်။
မြင်းလှည်းသည် ဖြေးဖြေးနှင့်မှန်မှန် ရွေ့လျားနေပြီး မညီညာသော မြေပြင်ကြောင့် ရံဖန်ရံခါ လှုပ်ခါသွားတတ်ပါ၏။
တိုက်ပွဲများစွာ ကြုံပြီးနောက် သမားတော်ကြီးချန်သည် အတော်လေး ပင်ပန်းနေသဖြင့် မျက်လုံးမှိတ်ကာ အနားယူပြီး စွမ်းအားများကို ပြန်လည် စုစည်းနေလိုက်သည်။
ထိုသည်ကိုမြင်တော့ ဝေ့ကျိအန်းနှင့် ရှောင်ယန်တို့လည်း တိတ်တဆိတ် စကားစဖြတ်လိုက်ကြသည်။
သူ့ခန္ဓာကိုယ်ကို အမြဲမပြတ် ခွန်အတွေ ပေးနေသော အဖိုးတန် ရတနာ ပါရှိသဖြင့် လုချင်းကတော့ မောပန်းခြင်း မရှိပေ။
သို့သော် မြင်းလှည်း တိတ်ဆိတ်သွားသည်ကို မြင်သောအခါ သူက မျက်လုံးမှိတ်လိုက်ပြီး သူ့စိတ်အာရုံကို မျက်ခုံးကြားရှိ ချီသွေးကြောဆုံမှတ်ထဲသို့ နှစ်မြှုပ်လိုက်သည်။
သူ့မျက်ခုံးကြားရှိ ချီသွေးကြောဆုံမှတ်တွင် မြေကမ္ဘာ ဝိညာဉ်ပုလဲသည် အညိုရောင် ကြယ်တစ်လုံးကဲ့သို့ အလယ်ဗဟိုတွင် နေရာယူထားပြီး လေးလံ၍ ခမ်းနားသော အရှိန်အဝါကို ထုတ်လွှတ်ကာ ဖြည်းညှင်းစွာဖြင့် လည်ပတ်နေလေ၏။ ၎င်းကို အရောင်မတူသော အလင်းအစုအဝေး ငါးခုက ဝန်းရံထားသည်။
သေးငယ်သော်လည်း အလွန် လျှို့ဝှက်ဆန်းကြယ်သော ဝိညာဉ်သင်အေဆာင်တစ်ခုသည် မြေကမ္ဘာ ဝိညာဉ်ပုလဲ၏ အလယ်ဗဟိုတွင် ကပ်လျက် ရှိနေပြီး ချီသွေးကြောဆုံမှတ် အတွင်းရှိ အရာအားလုံးကို ထိန်းချုပ်ထားသည်။
လုချင်း၏ အာရုံခံစားမှုထဲတွင် မြေကမ္ဘာ ဝိညာဉ်ပုလဲသည် လေးလံ၍ ခမ်းနားသော အရှိန်အဝါဖြင့် ဖြည်းညှင်းစွာ လည်ပတ်နေသည်။
သို့သော် လည်ပတ်မှု တစ်ကြိမ်တိုင်းသည် ကောင်းကင်ကြိတ်ဆုံကျောက်တစ်ခုကဲ့သို့ သူ့ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးများကို ကြိတ်ချေပေးနေသည်။
ဤကဲ့သို့ သူ့အသွေးအသားနှင့် ဝိညာဉ်စွမ်းအားကို စဉ်ဆက်မပြတ် မြှင့်တင်ပေးမှုကြောင့် ကျိုးလီရွာမှ ထွက်ခွာလာပြီးကတည်းက သူ့ခန္ဓာကိုယ် ခွန်အားနှင့် ဝိညာဉ်စွမ်းအား နှစ်ဆ တိုးတက်လာခဲ့သည်။
လုချင်း ခန့်မှန်းကြည့်ရာ သူ့လက်ရှိ စွမ်းအားဖြင့် ကျန့်မိသားစုမှ အဘွားအိုကို အခြားလှည့်ကွက်များ မလိုဘဲ သူ့အသွေးအသားစွမ်းအားသက်သက်ဖြင့်ပင် လွယ်ကူစွာ သတ်ဖြတ်နိုင်ပြီ ဖြစ်သည်။
ထိုနည်းတူစွာ ဝိညာဉ်စွမ်းအား တိုးတက်လာမှုက သူ့အား မြေကမ္ဘာ ဝိညာဉ်ပုလဲကို ပိုမို၍ သန့်စင်ပေးနိုင်လာသလို ပို၍လည်း ထိန်းချုပ်လာနိုင်စေသည်။
သူသည် မြေကမ္ဘာ ဝိညာဉ်ပုလဲ၏ အများစုကို သန့်စင်ပြီးဖြစ်၍ အပြည့်အဝ ထိန်းချုပ်နိုင်မည့်နေ့ရက်မှာ မဝေးတော့ပေ။
ဤကဲ့သို့ မြေကမ္ဘာ ဝိညာဉ်ပုလဲကို ပိုမို ထိန်းချုပ်လာနိုင်မှုက သူ့ကို စွမ်းရည်အသစ်များ ပိုမို ကျွမ်းကျင်စေသည်။
တိမ်လွှာစီးဂိုဏ်းတွင် သူ အသုံးပြုခဲ့သော သံလိုက်စွမ်းအားသည် ယင်းစွမ်းရည်များထဲမှ တစ်ခုဖြစ်သည်။
သံလိုက်စွမ်းအားသည် အလွန် ထူးခြားပြီး လုချင်းကိုယ်တိုင်ပင် ၎င်း၏ အနှစ်သာရကို အပြည့်အဝ ရှင်းမပြနိုင်ပေ။
နှိုင်းယှဉ်ရလျှင် ဆွဲငင်အားကို ထိန်းချုပ်ခြင်းနှင့် အတော်လေး တူပါ၏။
သို့သော် ယခု သူ ထိန်းချုပ်နိုင်သော သံလိုက်စွမ်းအားမှာ သိပ်မပြင်းထန်သေးပေ။
မွေးရာပါနယ်ပယ်သို့ ရောက်ကာစ သိုင်းပညာရှင်တစ်ဦးကိုသာ ချုပ်နှောင်ထားနိုင်မည်ဟု သူ ခန့်မှန်းသည်။ မော့ကျန်းကဲ့သို့ ပိုမို အားကောင်းသော သိုင်းပညာရှင်က စွမ်းအားကုန် ထုတ်သုံးလျှင် ထိန်းထားနိုင်မည် မဟုတ်ပေ။
ထို့အပြင် ၎င်း၏ အကွာအဝေးမှာ မကျယ်ပြန့်လှပေ၊ ဆယ်ပေခန့်သာ ရှိသည်။
လုချင်း၏ စွမ်းအားအတွက် ၎င်းသည် ဝှက်ဖဲတစ်ခု မဟုတ်သော်လည်း ပိုပြီး အားနည်းသော ပြိုင်ဘက်များကို ကိုင်တွယ်ရာတွင်တော့ အတော်လေး အသုံးဝင်လှပါ၏။
အကယ်၍ သူသာ မြေကမ္ဘာ ဝိညာဉ်ပုလဲကို အပြည့်အဝ သန့်စင်နိုင်ပါက သံလိုက်စွမ်းအားသည် အကြီးအကျယ် တိုးတက်လာပြီး ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်း သိုင်းကွက်တစ်ခု ဖြစ်လာနိုင်သည်။
"နောက်ထပ် ဆယ်ရက်လောက်ဆိုရင် ငါ့ရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်စွမ်းအားက နောက်ထပ် အထွတ်အထိပ်တစ်ခုကို ရောက်မယ်လို့ ငါ ခံစားနေရတယ်။
အဲဒီအချိန်လောက်ဆို ကျုံးကျိုးကို ရောက်ဖို့လည်း နီးနေလောက်ပြီ။
အဲဒီမှာ ငါ့ရဲ့အခွင့်အလမ်းကို ရှာတွေ့နိုင်မလားမသိဘူး။ မတွေ့ဘူးဆိုရင်တော့ မွေးရာပါနယ်ပယ်ကိုပဲ ဝင်ရောက်လိုက်တော့မယ်"
လုချင်း တိတ်တဆိတ် တွေးတောနေသည်။
သူ့စွမ်းအားသည် မွေးရာပါနယ်ပယ်သို့ အချိန်မရွေး ဝင်ရောက်နိုင်သော အမှတ်သို့ ရောက်နေသည်မှာ ကြာပြီ ဖြစ်သည်။
သို့သော် အချို့သော ပင်ကိုယ်အာရုံက ထိုးဖောက်ရန် အကောင်းဆုံး အချိန်မဟုတ်သေးကြောင်း ပြောနေသဖြင့် သူ့နယ်ပယ်ကို ဖိနှိပ်ထားခဲ့သည်။
နောက်ပိုင်းတွင် မြေကမ္ဘာ ဝိညာဉ်ပုလဲကြောင့် သူ့ခန္ဓာကိုယ်နှင့် ဝိညာဉ်စွမ်းအားသည် ကန့်သတ်ချက်ကို ထပ်မံ ကျော်လွန်ပြီး ပိုမို တိုးတက်လာနိုင်ခဲ့သည်။ ထို့ကြောင့် မွေးရာပါနယ်ပယ်သို့ ဝင်ရောက်ခြင်းကို သူ ရွှေ့ဆိုင်းခဲ့ပါ၏။
ယခုအခါ သူ့ခန္ဓာကိုယ်နှင့် ဝိညာဉ်စွမ်းအားသည် နောက်ထပ် အထွတ်အထိပ်သို့ ရောက်တော့မည် ဖြစ်သည်။
ထို့အပြင် ဒီတစ်ကြိမ်တွင် သူသည် စစ်မှန်သော ပြီးပြည့်စုံမှုသို့ ရောက်ရှိလိမ့်မည်ဟု လုချင်း ခံစားနေရသည်။
ပို၍အစွမ်းထက်သော ဝိညာဉ်ဆေးဝါးများ သို့မဟုတ် ရတနာများ ရှိလျှင်တောင် သူ့ခန္ဓာကိုယ်နှင့် ဝိညာဉ်စွမ်းအား ယခုထက်ပိုပြီး တိုးတက်လာနိုင်မည် မဟုတ်ပေ။
ပိုပြီးသန်မာလာရန်အတွက် သူသည် မွေးရာပါနယ်ပယ်သို့ ခြေလှမ်းလှမ်းရတော့မည်ပင်။
ထို့ကြောင့် သူ ဒီအထွတ်အထိပ်ကို ရောက်ပြီးနောက် အခွင့်အလမ်းကို မတွေ့ရှိပါက တိုက်ရိုက် ဖောက်ထွက်ရန် ဆုံးဖြတ်လိုက်သည်။
ကျင့်ကြံခြင်းလမ်းစဉ်တွင် အခွင့်အလမ်းများ လိုအပ်သော်လည်း ရှေ့ဆက်ရန် ဆုံးဖြတ်ချက်ခိုင်မာမှုသည်လည်း ထပ်တူ အရေးကြီးပါ၏။
တွေဝေခြင်းနှင့် တုံ့ဆိုင်းခြင်းသည် ကျင့်ကြံမှုအတွက် အန္တရာယ် ဖြစ်စေသည်။
ရေရာမှု မရှိသော အခွင့်အလမ်းတစ်ခုအတွက် သူ့နယ်ပယ်ကို ဆက်လက် ဖိနှိပ်ထားပါက သူ့ကျင့်ကြံမှုစိတ်ဓာတ်ကို ထိခိုက်စေလိမ့်မည်။
ယင်းကို နားလည်လိုက်သဖြင့် လုချင်း၏စိတ်လည်း ရုတ်တရက် ကြည်လင်သွားတော့သည်။
သူ့မျက်ခုံးကြားရှိ ချီသွေးကြောဆုံမှတ်အတွင်းမှ ဝိညာဉ်စွမ်းအားသည်လည်း ပို၍တက်ကြွလာပြီး ပြောမပြတတ်သော အရည်အသွေးတစ်ခု ရှိလာသည်။
လုချင်း အနည်းငယ် အံ့သြသွားပြီးနောက် သဘောပေါက်လိုက်သည်။
"ဒါလေးကို နားလည်လိုက်ရုံနဲ့ ဉာဏ်အလင်းပွင့်မှု အသေးစားလေး ရသွားပြီး ငါ့ဝိညာဉ်စွမ်းအားကို ပိုပြီးတက်ကြွလာစေမယ်လို့ ထင်မထားဘူး။
'ကိုယ့်ကိုယ်ကိုယ် နေ့စဉ် သုံးကြိမ် ပြန်လည် ဆင်ခြင်သုံးသပ်ပါ' ဆိုတဲ့ ရှေးစကားပုံက တကယ် မှန်ကန်တာပဲ"
ဤဉာဏ်အလင်းပွင့်မှု အသေးစားလေးက လုချင်း၏ ဆုံးဖြတ်ချက်ကို ပိုမို ခိုင်မာစေခဲ့သည်။
အချိန်များ ကုန်ဆုံးသွားပြီး နှစ်နာရီနီးပါး ခရီးနှင်ပြီးနောက်၌ ကောင်းကင်လည်း စတင် မှောင်လာတော့သည်။
ရွာတစ်ရွာကို ဖြတ်သန်းရင်း လုချင်းနှင့် သူ့အဖော်များသည် ငွေစ အချို့ သုံးကာ ချမ်းသာသော လယ်သမားတစ်ဦးထံမှ အိမ်တစ်လုံး ငှား၍ ညအိပ်နားနေလိုက်ကြသည်။
....
လုချင်းနှင့် အခြားသူများ ညအိပ်ရန် ပြင်ဆင်နေကြစဉ်
လျှို့ဝှက်ဆန်းကြယ်သော နေရာတစ်ခု၌
မိုးထိအောင် မြင့်မားသော တောင်တန်းများ၊ ရှေးဟောင်းဘုရားကျောင်းများ၊ လွင့်ပျံနေသော တိမ်တိုက်များ၊ ပျံသန်းနေသော ကြိုးကြာငှက်များနှင့် အင်မတန်အားကောင်းလှသော လေထု ရှိနေသည်။
ခမ်းနားထည်ဝါသော တောင်တစ်လုံး၏ တောင်ခါးပန်းတွင် ကျောက်စိမ်းနန်းတော်အဆောက်အအုံတစ်ခု၏ ရှေ့၌ ကြီးမားသော ရင်ပြင်တစ်ခု ရှိသည်။
ထိုအချိန်တွင် ရင်ပြင်ပေါ်၌ ဆံထုံးမြင့်မြင့်ထုံးထားပြီး ဖြူဖွေးနေသော ဆံပင်နှင့် မုတ်ဆိတ်တို့နှင့်တကွ နတ်ဘုရားတစ်ပါးကဲ့သို့ ကျက်သရေရှိသော အဖြူရောင်ဝတ်ရုံနှင့် အဘိုးအိုတစ်ဦးသည် တိမ်များကို ငေးကြည့်ရင်း အတွေးနယ်ချဲ့နေမိသည်။
မကြာမီ ခြေသံများ ကြားလိုက်ရပြီး အရပ်ရှည်ရှည် ဖိုင့်တုတ်တုတ်၊ ဆံပင်နှင့်မုတ်ဆိတ် နက်မှောင်ကာ အနက်ရောင် ဝတ်ရုံ ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦး ရောက်လာသည်။
"ဆရာတူအစ်ကို... ဘာတွေ တွေးနေတာလဲဗျ"
"ကမ္ဘာကြီး ပြောင်းလဲသွားပြီး ဝိညာဉ်စွမ်းအင်တွေ ပြန်ပေါ်လာပြီ ဆိုတော့ ငါတို့ဂိုဏ်း ကမ္ဘာလောကထဲ ပြန်ဝင်ဖို့ ပြင်ဆင်သင့်ပြီလား ဆိုတာ စဉ်းစားနေတာ"
"ဆရာတူအစ်ကို... အချိန်တန်ပြီလား" အနက်ရောင် ဝတ်ရုံနှင့် အဘိုးအိုမှာ အံ့သြသွားသော်လည်း ဝမ်းသာသွားသည်။
"ငါတို့အတွက် အချိန်မတန်သေးပါဘူး" နတ်ဘုရားနှင့် တူသော အဘိုးအိုက ခေါင်းခါလိုက်သည်။ "ကမ္ဘာကြီး ပြောင်းလဲသွားပေမဲ့ စည်းမျဉ်းတွေကတော့ ပြောင်းလဲဖို့ဟန်ပြင်နေတုံးပဲလေ။ ခုထိ မပြည့်စုံသေးဘူး။ ငါတို့ အခု ထွက်သွားရင် အခွင့်အလမ်းတွေ မရနိုင်တဲ့အပြင် စည်းမျဉ်းတွေရဲ့ ဖိနှိပ်မှုကို ခံရပြီး ငါတို့ရဲ့ အခြေခံအုတ်မြစ် ပျက်စီးသွားလိမ့်မယ်"
"ဒါပေမဲ့ အစ်ကို ခုနက ပြောတော့..." အနက်ရောင်ဝတ်ရုံနှင့် အဘိုးအိုမှာ နားမလည် ဖြစ်သွားသည်။
"ငါတို့အတွက် အချိန်မတန်သေးဘူး၊ ဒါပေမဲ့ မျိုးဆက်သစ် လူငယ်တွေအတွက်တော့ အခွင့်အလမ်းတွေ ရောက်လာတော့မယ်"
နတ်ဘုရားနှင့် တူသော အဘိုးအို၏ မျက်လုံးများတွင် လျှို့ဝှက်ဆန်းကြယ်သော အလင်းရောင်များ ပေါ်လာပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။
"ငါ မမှားဘူးဆိုရင် နောက်ထပ်လဝက်လောက်အတွင်းမှာ ကမ္ဘာကြီးရဲ့ စည်းမျဉ်းတွေက အတိုင်းအတာတစ်ခုအထိ ပြောင်းလဲလာကြလိမ့်မယ်။
အဲဒီအချိန်ကျရင် ပထမဆုံး အခွင့်အရေးကြီးပေါ်လာလိမ့်မယ်။ အဲဒါကို ရယူနိုင်တဲ့သူက စစ်မှန်တဲ့ ကောင်းကင်ဘုံရဲ့ အချစ်တော်ဖြစ်လာလိမ့်မယ်။
သူတို့က သူတို့ရဲ့ မသေမျိုးလမ်းစဉ်အတွက် အခိုင်မာဆုံး အခြေခံအုတ်မြစ်ကို ချနိုင်ပြီး ဒီမဟာပြိုင်ဆိုင်မှုခေတ်ကြီးထဲမှာ စစ်မှန်တဲ့ အသာစီးရမှုကို ပိုင်ဆိုင်နိုင်လိမ့်မယ်။
နောင်အနာဂတ်မှာ မသေမျိုးဖြစ်လာဖို့နဲ့ ဘိုးဘေးဖြစ်လာဖို့ဆိုတာ မဖြစ်နိုင်တဲ့အရာ မဟုတ်တော့ဘူး"
"အဲဒီလိုမျိုးလည်း ရှိသေးလား။ ဆရာတူအစ်ကို... အဲဒီအခွင့်အရေးကြီးဆိုတာက ဘာများလဲဗျ"
အနက်ရောင်ဝတ်ရုံနှင့် အဘိုးအိုမှာ တုန်လှုပ်သွားပြီး အလျင်အမြန် မေးလိုက်သည်။
"အသေးစိတ်ကိုတော့ ငါလည်း မသိဘူး။ ဘိုးဘေးတို့ဆီက မှတ်တမ်းတွေနဲ့ ငါ့တွက်ချက်မှုတွေကနေ ဒီအသိကို ရလိုက်တာပဲ ရှိတယ်။
မှတ်တမ်းတွေအရတော့ ကမ္ဘာကြီးရဲ့ ကြီးမားတဲ့ ပြောင်းလဲမှုတိုင်းက ကြီးမားတဲ့ အခွင့်အရေးတစ်ခုကို ယူဆောင်လာတတ်တယ်တဲ့။ အဲဒါက ပုံသေ မဟုတ်ဘူး။ ပေါ်လာမှပဲ လူတွေက ဘာလဲဆိုတာ သိကြမှာ"
နတ်ဘုရားနှင့် တူသော အဘိုးအိုက သက်ပြင်းချလိုက်သည်။
"ကျွန်တော်တို့ကိုယ်တိုင်ကကော အဲဒီအခွင့်အရေးကို ယူလို့မရဘူးလားဗျ" အနက်ရောင် ဝတ်ရုံနှင့် အဘိုးအို မေးလိုက်သည်။
"မရဘူး" နတ်ဘုရားနှင့် တူသော အဘိုးအိုက ခေါင်းခါလိုက်သည်။ "ကမ္ဘာကြီးမှာ ဝိညာဉ်ရှိတယ်၊ အခွင့်အရေးအားလုံးကို လက်ဝါးကြီးအုပ်ခွင့်ပြုမှာ မဟုတ်ဘူး။ ဒါက လူငယ် ကျင့်ကြံသူတွေအတွက်ပဲ။
ငါတို့သာ ခုချိန် ဒီကနေ ထွက်သွားရင် ကမ္ဘာကြီးရဲ့ စည်းမျဉ်းတွေက ငါတို့ကို ချက်ချင်း ဖိနှိပ်လိမ့်မယ်။ ငါတို့ အခွင့်အရေးကို ရယူနိုင်ခဲ့ရင်တောင်မှ အရှုံးနဲ့ရင်းပြီးမှ ရတဲ့ အနိုင်ပဲ ဖြစ်လိမ့်မယ်"
..