အခန်း (၂၄၉-၂၅၀)
Vol. 25 Ch. 249-250
အခန်း ၂၄၉ - အသက်ရှူခြင်း နည်းစနစ်၊ အဲ့ကျိုးနှင့် ခက်ခဲကြမ်းတမ်းသော ခရီးလမ်း
"ဆရာတူအစ်ကို... ဒီလိုဆိုရင် ကောင်းကင်နဲ့ မြေကြီး ပြောင်းလဲပြီးနောက်ပိုင်း ပေါ်လာမဲ့ ပထမဆုံးအခွင့်အရေးက ကျွန်တော်တို့နဲ့ ဘာမှ မဆိုင်တော့ဘူးပေါ့"
နက်မှောင်သော မုတ်ဆိတ်မွေးနှင့် ဆံပင်မွေးတို့ရှိသော အဘိုးအိုက မလိုလားသောလေသံဖြင့် ပြောလိုက်သည်။
"ဟုတ်တယ်။ ဒီအခွင့်အရေးကို မျိုးဆက်သစ်လူငယ်တွေပဲ ပိုင်တာ။ ဂိုဏ်းထဲက ထူးချွန်တဲ့ တပည့်တွေကို သွားစုလိုက်။ အရမ်းအများကြီး မလိုဘူး၊ မွေးရာပါနယ်ပယ်နဲ့ မွေးဖွားပြီးနယ်ပယ်ကနေ ၁၀ ယောက်စီလောက်ဆို ရပြီ။ ငါ သူတို့ကို ပြောစရာရှိတယ်"
နတ်ဘုရားတစ်ပါးကဲ့သို့ ကျက်သရေရှိသော အဘိုးအိုက သက်ပြင်းချလိုက်သည်။
"ကောင်းပါပြီ ဆရာတူအစ်ကို၊ ကျွန်တော် အခုပဲ သွားလိုက်ပါ့မယ်"
နက်မှောင်သော မုတ်ဆိတ်မွေးနှင့် ဆံပင်မွေးတို့ရှိသော အဘိုးအိုက ထွက်ခွာရန် ပြင်လိုက်သော်လည်း ရုတ်တရက် ရပ်တန့်သွားသည်။
ခဏမျှ တုံ့ဆိုင်းနေပြီးနောက် သူက မေးလိုက်၏။ "ဆရာတူအစ်ကို... လျှို့ဝှက်နယ်မြေထဲက တခြားမိသားစုတွေကိုရော ဒီအကြောင်းကို အသိပေးသင့်လား"
နတ်ဘုရားနှင့်တူသော အဘိုးအိုက ခဏစဉ်းစားပြီး ပြောလိုက်သည်။ "အသိပေးလိုက်ပါ။ မဟုတ်ရင် အချိန်တန်တဲ့အခါ သူတို့ ဘယ်လို ပြဿနာရှာမလဲ ဘယ်သူမှ မသိနိုင်ဘူးလေ"
သူ့ဆရာတူညီလေး ထွက်ခွာသွားပြီးနောက် အဘိုးအိုသည် အဝေးမှ တိမ်တိုက်များကို လွမ်းဆွတ်သော မျက်လုံးများဖြင့် ဆက်လက် ငေးကြည့်နေသည်။
"ငါတို့မျိုးဆက်က ဒီလျှို့ဝှက်နယ်မြေထဲမှာ နှစ်ပေါင်းသောင်းချီ သည်းခံစောင့်ဆိုင်းခဲ့ရတာ၊ နောက်ဆုံးတော့ ကောင်းကင်နဲ့ မြေကြီးရဲ့ နောက်ထပ်အပြောင်းအလဲကို စောင့်နိုင်ခဲ့ပြီ၊ နောက်ဆုံးတော့လည်း ဒီကနေ ထွက်နိုင်မဲ့ မျှော်လင့်ချက်ရောင်ခြည်သန်းလာပြီပေါ့။
မှော်သင်္ဘောပေါ်တက်ပြီး ကမ္ဘာလောကကို ဖောက်ထွက်သွားကြတဲ့ ပင်မဂိုဏ်းကြီးနဲ့ တခြားဂိုဏ်းကြီးတွေ ထွက်ပေါက် ရှာတွေ့သွားကြလား၊ သူတို့ ပြန်လာကြဦးမလားဆိုတာ ငါ သိချင်မိတယ်။
အပြင်လောကရဲ့ ပြောင်းလဲမှုတွေက ယူဆောင်လာမဲ့ အခွင့်အရေးတွေကို ငါ တွက်ချက်နိုင်သလို တခြား လျှို့ဝှက်နေရာတွေကလည်း အလားတူပဲ ဖြစ်မှာပါ။
ဒီတစ်ခါ အခွင့်အရေးတွေကို လုယူဖို့ သူတို့တွေ ဘယ်တပည့်တွေကိုများ စေလွှတ်ကြဦးမလဲ မသိဘူး..."
...
"ရှောင်ယန်... ဒီနေ့ကစပြီး ကိုကိုက ညီမလေးကို ကျင့်ကြံခြင်းအကြောင်း တရားဝင် သင်ပေးတော့မယ်။ နောင်ကျရင် ပျံနိုင် မပျံနိုင် ဆိုတာက ညီမလေး ဘယ်လောက် ကြိုးကြိုးစားစား လေ့ကျင့်သလဲဆိုတာပေါ် မူတည်တယ်နော်"
မနက်ခင်းအချိန်၊ ပြန့်ပြူးသော ကျောက်တုံးကြီးတစ်ခုပေါ်တွင် လုချင်းက လေးနက်စွာ ပြောလိုက်သည်။
သူ့ရှေ့တွင် ရှောင်ယန်သည် ရှောင်လီကို ပွေ့ဖက်ကာ လိမ္မာစွာ ထိုင်နေသည်။
"ဟုတ်ကဲ့ပါ၊ ရှောင်ယန် အရမ်းကို ကြိုးကြိုးစားစားနဲ့ ကျင့်ကြံပါ့မယ်"
သူမအစ်ကို၏ စကားကို ကြားသောအခါ ရှောင်ယန်က အားတက်သရော ခေါင်းညိတ်လိုက်သည်။
"ဒါဆိုရင် ဒီနေ့ ကိုကိုက ညီမလေးကို အသက်ရှူခြင်းနည်းစနစ်ကို အရင် သင်ပေးမယ်။ ဒီနည်းစနစ်ကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ ကောင်းကင်နဲ့ မြေကြီးကြားက ဝိညာဉ်စွမ်းအင်ကို အာရုံခံနိုင်ပြီဆိုရင် တခြားကျင့်ကြံခြင်းနည်းလမ်းတွေကို ဆက်သင်ပေးမယ်"
"ဟုတ်"
ရှောင်ယန်က မျှော်လင့်ချက် အပြည့်ရှိသော တောက်ပသည့် မျက်လုံးများဖြင့် လုချင်းကို ကြည့်နေသည်။
လုချင်းကလည်း အနည်းငယ် ပြုံးလိုက်ပြီး ရှောင်ယန်၏ နဖူးကို လက်ညှိုးဖြင့် ဖွဖွလေး ထိလိုက်၏။
သူ့လေသံက အလွန်ပင် နူးညံ့သိမ်မွေ့နေလေသည်။ "ကဲ... မျက်လုံးမှိတ်ထား၊ ပြီးရင် ကိုကို သင်ပေးထားတဲ့အတိုင်း အသက်ရှူတာကို ညှိလိုက်နော်"
ရှောင်ယန် မျက်လုံးမှိတ်လိုက်သည်နှင့် နွေးထွေးသော ဝိညာဉ်စွမ်းအားတစ်ခုက သူမကို ညင်သာစွာဖြင့် လွှမ်းခြုံသွားပြီး သာယာငြိမ့်ညောင်းသော အသံတစ်ခုက သူမစိတ်ထဲတွင် ပဲ့တင်ထပ်လာကာ အသက်ရှူနှုန်းကို ဖြည်းဖြည်းချင်း ညှိယူရန် လမ်းပြပေးနေလေ၏။
မကြာမီပင် သူမသည် ထူးခြားသော အသက်ရှူစည်းချက်ဖြင့် တည်ငြိမ်အေးချမ်းသောအခြေအနေသို့ ရောက်ရှိသွားတော့၏။
လုချင်းလည်း လက်ညှိုးကို ပြန်ရုတ်လိုက်ပြီး တရားမှတ်နေသော ရှောင်ယန်ကို ကြည့်ကာ အနည်းငယ် စိတ်လှုပ်ရှားမိသည်။
ဤကလေးမလေး၏ ကျင့်ကြံမှုပါရမီက တကယ်ကို ထူးကဲလှပါ၏။
ဒီလောက် တိုတောင်းတဲ့အချိန်အတွင်းမှာ အဓိကအချက်ကို တန်းနားလည်ပြီး တရားမှတ်တဲ့အခြေအနေကို ဝင်ရောက်နိုင်ခဲ့တယ်လေ။
မွေးရာပါ တာအိုခန္ဓာကိုယ်အရှိန်အဝါ သဲ့သဲ့ ရှိပြီး ရေခဲကြွက်သားနဲ့ ကျောက်စိမ်းအရိုးပါရမီ ပိုင်ဆိုင်ထားတဲ့ ကျင့်ကြံခြင်း ပါရမီရှင်လို့ အသိအမှတ်ပြုခံရတာ အလကားသက်သက်မဟုတ်ပါလား။
ရှောင်ယန် တရားမှတ်ခြင်း၌ အပြည့်အဝ စီးမြောနေသည်ကို မြင်တော့ လုချင်းက သူမဘေးတွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး တိတ်တဆိတ် စောင့်ရှောက်နေလိုက်သည်။
ထိုစဥ် ရှောင်လီကတော့ သူ့ရင်ခွင်ထဲသို့ တွားသွားဝင်ရောက်လာပြီး ငြိမ်သက်စွာဖြင့် ဝပ်နေလေ၏။
လုချင်းက ၎င်း၏ ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးရင်း ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည်။
"ရှောင်လီ... ငါ မနေ့က မင်းအတွက် အသုံးဝင်လောက်မဲ့ ပစ္စည်းတစ်ခု ရခဲ့တယ်။ ကြည့်ချင်လား"
စိတ်အာရုံတစ်ချက် လှုပ်ရှားလိုက်ရုံဖြင့် လုချင်းက ချီအိတ်ထဲမှ ပစ္စည်းတစ်ခုကို ထုတ်လိုက်သည်။
၎င်းမှာ လက်မအရွယ်အစားရှိသော အဖြူရောင်အသီးတစ်လုံးပင်။
ရှောင်လီသည် အစပိုင်းတွင် နားမလည်နိုင် ဖြစ်နေသော်လည်း အသီး၏ ရနံ့ကို ရလိုက်သည်နှင့် မျက်လုံးများ ပြူးကျယ်သွားတော့၏။
"ဒီအသီးကို ဝိညာဉ်သားရဲသစ်သီးလို့ ခေါ်တယ်။ ဝိညာဉ်သားရဲတွေရဲ့ သွေးမျိုးဆက်ကို သန့်စင်ပေးတဲ့အပြင် စွမ်းအားကို မြှင့်တင်ပေးတာမှာ ထူးခြားတဲ့ အာနိသင် ရှိတဲ့ပုံပဲ။ မင်း လိုချင်လား"
လုချင်းက အဖြူရောင်အသီးကို ရှောင်လီ၏ ရှေ့တွင် ယမ်းပြလိုက်သည်။
ရှောင်လီ၏ မျက်လုံးများက အသီးနောက်သို့ လိုက်ပါနေပြီး လုချင်း၏ စကားကို ကြားသောအခါ၌ အကြီးအကျယ် ခေါင်းညိတ်ပြကာ လိုချင်တပ်မက်သောအကြည့်ဖြင့် ကြည့်နေသည်။
၎င်း၏ မွေးရာပါ ထူးခြားသော အာရုံခံစားမှုက ဤအဖြူရောင် အသီးသည် အလွန် အကျိုးရှိကြောင်း ပြောပြနေသည်။
"ကောင်းပြီလေ၊ မင်းအပိုင်ပဲ"
အကောင်လေး၏ စိတ်အားထက်သန်နေသော မျက်လုံးများကို မြင်တော့ လုချင်း သဘောကျသွားပြီး အသီးကို ပေးလိုက်သည်။
ရှောင်လီ၏ မျက်လုံးများ ပျော်ရွှင်မှုဖြင့် တောက်ပသွားသည်။ ၎င်းက အဖြူရောင် အသီးကို လက်သည်းများဖြင့် ကိုင်ကာ တွေဝေခြင်း မရှိဘဲ မျိုချလိုက်တော့၏။
"ရှောင်လီ... မင်းကတော့ကွာ..."
လုချင်း ခဏမျှ ကြောင်အမ်းသွားပြီးနောက် အားမလိုအားမရ ခေါင်းခါလိုက်သည်။
ဤကောင်လေး ဒီလောက်တောင် စိတ်လောပြီး အသီးကို ချက်ချင်း မျိုချပစ်လိုက်လိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
ဝိညာဉ်သားရဲသစ်သီးက ဝိညာဉ်သားရဲတွေအတွက် အလွန် အကျိုးရှိပြီး တိုက်ရိုက် စားသုံးကာ သန့်စင်နိုင်သည်ဆိုသော်လည်း အလုံးလိုက် မျိုချလိုက်ခြင်းက အကောင်လေးကို ပြန်အိပ်ပျော်သွားစေနိုင်ပါ၏။
ထင်သည့်အတိုင်းပင် ရှောင်လီ အဖြူရောင် အသီးကို မျိုချပြီး မကြာမီမှာပင် မျက်ခွံများ လေးလံလာပြီး လုချင်း၏ ရင်ခွင်ထဲ၌ပဲ အိပ်ပျော်သွားတော့သည်။
ယခုတွင်တော့ လုချင်းမှာ ကလေးနှစ်ယောက်ကို စောင့်ရှောက်နေရတော့၏။
ရှောင်လီကို ပွေ့ဖက်ထားရင်း လုချင်းလည်း တိတ်ဆိတ်စွာဖြင့် စောင့်ဆိုင်းနေလိုက်သည်။ နာရီဝက်ခန့်အကြာတွင် ရှောင်ယန် တရားထိုင်ရာမှ နိုးလာခဲ့သည်။ သူမ၏ မျက်လုံးများ တောက်ပနေပြီး စိတ်ဓာတ်ခွန်အားများ ပြည့်ဝနေသည်။
"နိုးပြီလား... ဘယ်လို ခံစားရလဲ" လုချင်း ညင်သာစွာ မေးလိုက်သည်။
"ကိုကို... ရှောင်ယန် အခု အရမ်း နေလို့ကောင်းတယ်၊ ခွန်အားတွေ အများကြီး ရှိနေသလိုပဲ" ရှောင်ယန်က အံ့ဩတကြီးဖြင့် ပြောလိုက်သည်။
"အဲဒါက ထင်ယောင်ထင်မှား ဖြစ်တာပါ၊ ဒါပေမဲ့ ညီမလေးက တကယ် တော်ပါတယ်။ အသက်ရှူခြင်းနည်းစနစ်ကို ပထမဆုံး စလေ့ကျင့်တာတောင် နာရီဝက်လောက် တရားမှတ်နိုင်ခဲ့တယ်။ ကိုကို စလေ့ကျင့်တုန်းကထက်တောင် ပိုတော်သေးတယ်"
လုချင်းက ချီးကျူးစကား ပြောရန် ဝန်မလေးပေ။
"တကယ်လား"
ထင်ထားသည့်အတိုင်း ရှောင်ယန် မျက်လုံးများ အရောင်တောက်လာသည်။
"တကယ်ပေါ့၊ ကိုကိုက ညီမလေးကို ဘယ်တုန်းက လိမ်ဖူးလို့လဲ" လုချင်း လေးနက်စွာ ခေါင်းညိတ်ပြသည်။
"ဟီးဟီး" ရှောင်ယန် သဘောကျစွာ ရယ်မောလိုက်သည်။
ရယ်မောပြီးနောက် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိထားမိပြီး လုချင်းရင်ခွင်ထဲမှ ရှောင်လီကို ကြည့်ကာ "ကိုကို... ရှောင်လီ ဘာဖြစ်လို့လဲဟင်"
"ဘာမှ မဖြစ်ပါဘူး။ ကိုကို သူ့ကို စားစရာကောင်းကောင်းတစ်ခု ကျွေးလိုက်တာလေ။ စားပြီးတော့ အိပ်ပျော်သွားတာ၊ ဒါပေမဲ့ သူ ပြန်နိုးလာရင် ပိုနေကောင်းပြီး ပိုသန်မာလာလိမ့်မယ်" လုချင်း ရှင်းပြလိုက်သည်။
ရှောင်ယန် စိတ်အေးသွားသော်လည်း မနေနိုင်ဘဲ ရယ်မောလိုက်သည်။ "ရှောင်လီက အရမ်း ပျင်းတာပဲ၊ စားပြီးတာနဲ့ တန်းအိပ်တော့တာပဲ။ ညီမလေးထက်တောင် ပိုပျင်းသေးတယ်"
လုချင်းလည်း ပြုံးလိုက်မိသည်။
"ကဲ... ပြန်ကြစို့။ ဒီနေ့ ညီမလေးကို အသက်ရှူနည်း သင်ပေးရင်း အချိန်တော်တော် ကုန်သွားပြီ။ မနက်စာ စားပြီးရင် ခရီးဆက်ရဦးမယ်"
မနေ့ညက တည်းခိုခဲ့သော ရွာသို့ ပြန်ရောက်သောအခါ သူတို့ အိမ်ငှားခဲ့သည့် မိသားစုက မနက်စာ ပြင်ဆင်ထားသည်ကို တွေ့ရသည်။
စားသောက်ပြီးနောက် လုချင်းက ထိုမိသားစုကို ကျေးဇူးတင်သောအားဖြင့် ငွေအချို့ ပေးခဲ့ပြီး မြင်းလှည်းကို ပြင်ဆင်ကာ ခရီးဆက်ခဲ့ကြသည်။
"အားချင်း... မင်း ရှောင်ယန်ကို ကျင့်ကြံဖို့ သင်ပေးမလို့ စောစော ခေါ်ထုတ်သွားတာလား"
မြင်းလှည်းပေါ်တွင် သမားတော်ကြီးချန်က အရှိန်အဝါ သိသိသာသာ ပြောင်းလဲသွားသော ရှောင်ယန်ကို ကြည့်ပြီး စူးစမ်းစွာ မေးလိုက်သည်။
"ဟုတ်ကဲ့ အဘိုးချန်။ ကိုကိုက ရှောင်ယန်ကို အသက်ရှူခြင်းနည်းစနစ် သင်ပေးတာလေ။ အရမ်း ပျော်စရာကောင်းတာပဲ လေ့ကျင့်ပြီးတော့ သမီးရယ် အားတွေ ပြည့်လာသလို ခံစားရတယ်။ ကိုကိုက ပြောတယ်... ရှောင်ယန် ပိုတော်လာရင် ပျံသန်းဖို့ သင်ရမယ်တဲ့" ရှောင်ယန်က ဂုဏ်ယူစွာ ပြောလိုက်သည်။
"အသက်ရှူခြင်းနည်းစနစ်" သမားတော်ကြီးချန် အံ့သြသွားပြီး လုချင်းကို လှမ်းကြည့်လိုက်သည်။
"အသက်ရှူခြင်းနည်းစနစ်ဆိုတာ တကယ်တော့ ချီစားသုံးခြင်းနည်းစနစ်ရဲ့ အစပျိုးနည်းလမ်း တစ်ခုပါဗျ။ သူ့ရည်ရွယ်ချက်က အသက်ရှူတာကနေတစ်ဆင့် အသက်ရှူနှုန်းကို ထိန်းညှိဖို့၊ ခန္ဓာကိုယ်ကို စိတ်အာရုံနဲ့ ပုံဖော်ကြည့်ဖို့နဲ့ ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကို သန့်စင်ဖို့ပါဗျ။
နောက်ဆုံးကျတော့ အသက်ရှူလိုက်တဲ့ လေက ခန္ဓာကိုယ် အနှံ့ လှည့်ပတ်သွားပြီး အညစ်အကြေးတွေလည်းကင်း ၊ သွေးကြောတွေ အားလုံးလည်း ပွင့်သွားတဲ့ အခြေအနေကို ရောက်သွားတာပေါ့" လုချင်း ရှင်းပြလိုက်သည်။
"အသက်ရှူလိုက်တဲ့ လေက ခန္ဓာကိုယ်အနှံ့ လှည့်ပတ်၊ အညစ်အကြေး ကင်း၊ သွေးကြောတွေ အားလုံး ပွင့်သွား..." သမားတော်ကြီးချန် ပို၍ အံ့သြသွားသည်။ "အဲဒါက..."
"ဟုတ် ဆရာ။ သိုင်းပညာလမ်းစဉ်မှာတော့ မွေးရာပါနယ်ပယ်ကို ရောက်မှ လုပ်နိုင်တာလေ။ ကောင်းကင်နဲ့ မြေကြီးရဲ့ ကံကောင်းခြင်းကို ယူပြီး မွေးရာပါခန္ဓာကိုယ်ကို ပြုစုပျိုးထောင်ပြီးမှပဲ ဒီအခြေအနေကို ရောက်နိုင်တာပါဗျ။
ရှောင်ယန်သာ အသက်ရှူခြင်းနည်းစနစ်ကို ပြီးပြည့်စုံအောင် လုပ်နိုင်ပြီး သူ့ရဲ့ သွေးကြောတွေ အားလုံး ပွင့်သွားရင် အခြေခံအားဖြင့် မွေးရာပါနယ်ပယ်ကို ရောက်သွားသလိုကို ဖြစ်သွားမှာပါဗျ။
ဒါပေမဲ့ သူက ချီနဲ့ သွေးကို သုံးပြီး ခန္ဓာကိုယ် ကြံ့ခိုင်အောင် မလုပ်ထားတဲ့အတွက် သီအိုရီအရတော့ ကြွက်သားနဲ့အရိုးအဆင့် သိုင်းပညာရှင်တစ်ယောက်ကို ယှဉ်ပြီးတိုက်နိုင်ဦးမှာတော့ မဟုတ်ပါဘူးဗျ"
"ဒါဆို မင်းက ဘာလို့..." သမားတော်ကြီးချန်မှာ နားမလည် ဖြစ်နေလေ၏။
"ဆရာ... ကျွန်တော်က ရှောင်ယန်ရဲ့ တိုက်ခိုက်နိုင်စွမ်း မြင့်လာအောင် အသက်ရှူနည်းကို သင်ပေးနေတာ မဟုတ်ပါဘူး။ သူ့ရဲ့ အသက်ရှူနှုန်း ခန္ဓာကိုယ်အနှံ့ လှည့်ပတ်ပြီး သွေးကြောတွေ အားလုံး ပွင့်တဲ့ အခြေအနေကို အမြန်ဆုံး ရောက်စေချင်လို့ပါဗျ။
အဲဒီအချိန်ရောက်ရင် အရေးအကြီးဆုံး ဖြစ်တဲ့ ချီစားသုံးခြင်းနည်းစနစ်ကို သင်ပေးမှာပါ" လုချင်း ရှင်းပြလိုက်သည်။
"ချီစားသုံးခြင်းနည်းစနစ် အားချင်း... မင်း စီစဉ်ထားတာက..."
သမားတော်ကြီးချန်မှာ ရုတ်ချည်းပင် လုချင်း၏ ရည်ရွယ်ချက်ကို သဘောပေါက်သွားတော့၏။
"ဟုတ်ဗျ၊ ရှောင်ယန်ရဲ့ ပါရမီက ထူးကဲလွန်းတယ်၊ ပြီးတော့ အခု ကောင်းကင်နဲ့ မြေကြီး ပြောင်းလဲမှုတွေ ရှိလာတဲ့အတွက် သူ့ကို ရှေးခေတ် ချီကျင့်ကြံသူတွေရဲ့ လမ်းစဉ်အတိုင်း တိုက်ရိုက် လျှောက်လှမ်းစေချင်လို့ပါဗျ" လုချင်း ခေါင်းညိတ်လိုက်သည်။
သိုင်းပညာလမ်းစဉ်က ဝင်ရောက်ရန် အတားအဆီး နည်းပါးသော်လည်း တိုးတက်မှုကတော့ နှေးကွေးပြီး ပင်ပန်းခက်ခဲလှပါ၏။
ရှောင်ယန်တွင် ရေခဲကြွက်သားနှင့် ကျောက်စိမ်းအရိုး ပါရမီနှင့် မွေးရာပါ တာအိုခန္ဓာ အရှိန်အဝါ ရှိနေသဖြင့် ကျင့်ကြံခြင်းအတွက် အလွန် သင့်လျော်သော သူတစ်ဦး ဖြစ်သည်။
သဘာဝကျစွာပင် လုချင်းသည် သူမကို သိုင်းပညာ လမ်းစဉ် လိုက်ခိုင်းမည် မဟုတ်ဘဲ ကျင့်ကြံခြင်းလမ်းစဉ်ကို တိုက်ရိုက် လိုက်ခိုင်းမည် ဖြစ်သည်။
"မင်း အားလုံး စီစဉ်ထားပြီးပြီဆိုတော့လည်း ငါ စိတ်အေးရတာပေါ့"
လုချင်း၏ ယုံကြည်ချက်ရှိသော အစီအစဉ်များကြောင့် သမားတော်ကြီးချန်လည်း စိတ်အေးသွားသည်။
တစ်ဖက်တွင်မူ ဝေ့ကျိအန်းသည် သူတို့၏ စကားဝိုင်းကြောင့် လုံးဝ ကြောင်တောင်တောင် ဖြစ်နေသည်။
အသက်ရှူခြင်းနည်းစနစ်၊ ချီစားသုံးခြင်းနည်းစနစ်နှင့် ချီကျင့်ကြံသူများ ဆိုသည့် စကားလုံးများကို သူ နားမလည်နိုင်ပေ။ ဤအရာအားလုံးသည် သူ့အတွက် စိမ်းသက်နေပြီး ကျင့်ကြံခြင်း၏ နက်နဲပြီး လျှို့ဝှက်ဆန်းကြယ်သော သဘောတရားများကို အံ့သြနေမိသည်။
မြင်းလှည်းသည် ဆက်လက် ရွေ့လျားနေပြီး မွန်းတည့်ချိန်တွင်တော့ မြင်းများကို အနားပေးရန် ခေတ္တရပ်နားပြီးမှ ခရီးဆက်ခဲ့သည်။
သို့သော် ညနေပိုင်း ရောက်သောအခါ၌ မြင်းလှည်း၏ အရှိန် သိသိသာသာ လျော့ကျသွားပြီး လမ်းခရီးကလည်း အလွန်ပင် ကြမ်းတမ်းလာခဲ့လေသည်။
လုချင်း မျက်မှောင်ကြုတ်လိုက်ပြီး ရှောင်လီအား လှုပ်ခါမှုကြောင့် နိုးမလာစေရန် ပိုမို တင်းကျပ်စွာဖြင့် ပွေ့ဖက်ထားလိုက်သည်။
"ဆရာ... ဘာဖြစ်တာလဲဗျ။ မြင်းလှည်းက ဘာလို့ ဒီလောက် လှုပ်နေတာလဲ" ဝေ့ကျိအန်းက တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားမိ၍ မေးလိုက်သည်။
ထို့နောက် မြင်းလှည်းက ရုတ်တရက် ထိုးရပ်သွားသည်။
"ညီလေးလုချင်း၊ သမားတော်ကြီး... ကျွန်တော်တို့ ပြဿနာ တက်ပြီထင်တယ်" မာကူး၏ အသံက မြင်းလှည်းအရှေ့ဘက်မှ ထွက်ပေါ်လာသည်။
"ဘာပြဿနာလဲ"
လုချင်းက ကန့်လန့်ကာကို မတင်ပြီး အပြင်သို့ လှမ်းကြည့်လိုက်သည်။
ဓားပြတွေများလား။
ဒါပေမဲ့ သူ ဘယ်သူ့အငွေ့အသက်ကိုမှ အနီးအနားမှာ မခံစားမိပါဘူး။
သို့သော် အပြင်ဘက် အခြေအနေကို မြင်လိုက်ရသောအခါတွင်တော့ လုချင်း ကြောင်အမ်းသွားသည်။
သူတို့သည် အလွန် ကြမ်းတမ်းသော တောင်ပေါ်လမ်းတစ်ခုပေါ်တွင် ရောက်နေပြီး မြေပြင်က မညီညာသည့်အပြင် လမ်းကလည်း ကျဉ်းလွန်းလျသဖြင့် မြင်းလှည်းတစ်စီးစာသာသာ ရှိသည်။
မြင်းလှည်းဘီးတစ်ဖက်က ကျောက်ကျင်းထဲ ကျွံကျနေပြီး ရွေ့မရ ဖြစ်နေလေ၏။
"ကျွန်တော်တို့ ဘယ်ရောက်နေတာလဲ"
လုချင်းက ရှောင်လီကို ရှောင်ယန်လက်ထဲ ထည့်ပေးပြီး ပတ်ဝန်းကျင်ကို လေ့လာရန် မြင်းလှည်းပေါ်မှ ဆင်းလိုက်သည်။
သူတို့သည် တောင်ခါးပန်းရှိ ကျဉ်းမြောင်းသော တောင်လမ်းတစ်ခုပေါ် ရောက်နေပြီး ဘေးတစ်ဖက်တွင် ချောက်ကမ်းပါး ရှိနေသဖြင့် အလွန် အန္တရာယ်များလှသည်။
ထိုစဉ် သမားတော်ကြီးချန်လည်း မြင်းလှည်းပေါ်မှ ဆင်းလာပြီး ပတ်ဝန်းကျင်ကို ကြည့်ကာ သူတို့အခြေအနေကို သဘောပေါက်သွားလေ၏။
"ငါတို့ အဲ့ကျိုးနယ်စပ်ကို ရောက်လာပြီ။ ပြည်နယ်တွေ အားလုံးထဲမှာ အဲ့ကျိုးက အကြမ်းတမ်းဆုံးလို့ ပြောကြတယ်။ နယ်မြေ အများစုက မိုးထိအောင် မြင့်တဲ့ တောင်တန်းတွေနဲ့ ဖုံးလွှမ်းနေပြီး ဖြတ်သန်းသွားလာဖို့ အရမ်း ခက်တယ်"
"အဲ့ကျိုးလားဗျ"
လုချင်း နားလည်လိုက်သည်။
လွန်ခဲ့သော နှစ်နှစ်အတွင်း သူသည် အဲ့ကျိုးအပါအဝင် ကမ္ဘာလောကအကြောင်း သတင်းအချက်အလက်များကို စုဆောင်းခဲ့သည်။
တခြား ပြည်နယ်တွေနှင့် ယှဉ်လျှင် ဒီနေရာက တောင်တန်းတွေ မြစ်တွေ များပြားလှပြီး လူသူကင်းမဲ့ကာ အန္တရာယ်များသော နေရာတစ်ခု ဟူ၍ သူ သိထားသည်။
"ဒါ တော်တော် ဒုက္ခများတာပဲ"
လုချင်း ပတ်ဝန်းကျင်ကို ကြည့်ပြီး ခေါင်းကိုက်သွားသည်။
ခက်ခဲသော လမ်းပိုင်းက ခဏတာသာ ဆိုလျှင် သူနှင့် မာကူးက မြင်းလှည်းကို မပြီး ကျော်သွားနိုင်သည်။
သို့သော် ပြည်နယ်တစ်ခုလုံးသာ ဒီလိုဖြစ်နေလျှင်တော့ ယင်းအကြံက မဖြစ်နိုင်တော့ပေ။
မြင်းလှည်းကို စွန့်ပစ်ပြီး ကျန်တဲ့လမ်းကို လမ်းလျှောက်သွားရတော့မလား။
ဤအခိုက်၌ လုချင်းတစ်ယောက် ဗျာများနေမိ၏။
သူ့အတွက်ကတော့ လမ်းလျှောက်ရတာ ကိစ္စမရှိပေမဲ့ ရှောင်ယန်နဲ့ သမားတော်ကြီးချန်ကတော့ ဒီလောက်ခရီးဝေးကြီးရဲ့ဒဏ်ကို ခံနိုင်မှာ မဟုတ်ဘူး။
ဝေ့ကျိအန်းတောင် ခံနိုင်ရည် ရှိချင်မှ ရှိမှာ။
ထို့အပြင် နေပူဒဏ် မိုးဒဏ် ကာကွယ်ပေးသော မြင်းလှည်းကို သူတို့ သံယောဇဉ် တွယ်နေပြီ ဖြစ်သည်။
မဖြစ်မနေ အခြေအနေမဟုတ်လျှင် မစွန့်လွှတ်ချင်ပေ။
"ပြန်တွေးကြည့်ရရင် ငါတို့ လမ်းအရှည်ကြီးကို ရွေးခဲ့သင့်တာ"
လုချင်း နောင်တရမိသည်။
သမားတော်ကြီးချန်က အဲ့ကျိုးကို တစ်ခါမှ မရောက်ဖူးသဖြင့် လမ်းအခြေအနေ မသိသောကြောင့် အခြားလမ်းကြောင်း ရွေးသင့် ၊ မရွေးသင့်ကို သူတို့ ဆွေးနွေးခဲ့ကြသေးသည်။
သို့သော် အခြားလမ်းကြောင်းက ခရီးအများကြီး ပိုဝေးပြီး နောက်ထပ် ပြည်နယ်တစ်ခုကို ဖြတ်ကျော်ရဦးမည် ဖြစ်သည်။
ကျုံးကျိုးကို အမြန်ရောက်ချင်သဖြင့် အဲ့ကျိုးလမ်းများ ခက်ခဲလျှင်တောင် ခရီးအဝေးကြီး နှင်ရတာထက် ပိုကောင်းမည်ဟု တွေးကာ ဒီလမ်းကို ရွေးခဲ့ခြင်း ဖြစ်သည်။
အဲ့ကျိုး၏ မြေမျက်နှာသွင်ပြင်က ဒီလောက်ထိ ကြမ်းတမ်းပြီး မြင်းလှည်း ဖြတ်သန်းရန် မဖြစ်နိုင်သလောက် ရှိနေမည်ဟုတော့ သူတို့ မထင်ထားခဲ့ပေ။
"ဆရာ... ဘယ်လို လုပ်ကြမလဲဟင်" လုချင်း သမားတော်ကြီးချန်ကို ကြည့်လိုက်သည်။
သမားတော်ကြီးချန်မှာလည်း သူတို့၏အကြပ်အတည်းကို နားလည်သဖြင့် သက်ပြင်းချလိုက်သည်။ "ရွေးစရာ နှစ်လမ်းပဲ ရှိတယ်။ ပြန်လှည့်မလား၊ ဒါမှမဟုတ် မြင်းလှည်းကို စွန့်ပစ်ပြီး ခြေလျင် ဆက်သွားမလား"
ရွေးချယ်စရာ နှစ်ခုစလုံးက စိတ်တိုင်းကျစရာ မဟုတ်ပေ။
ပြန်လှည့်ခြင်းက အချိန်အများကြီး ဖြုန်းတီးရာ ရောက်ပြီး မြင်းလှည်း စွန့်ပစ်ခြင်းက ပစ္စည်းအများအပြားကို ထားခဲ့ရမည်ဟု ဆိုလိုသည်။
လုချင်းက ချီအိတ်ကို သုံးပြီး ပစ္စည်းအားလုံး သယ်နိုင်သော်လည်း ဒီစွမ်းရည်ကို ထုတ်ဖော်ပြသရန် ဝန်လေးနေမိ၏။
ပြီးတော့ ရှောင်ယန်ကလည်း ပင်ပန်းဒဏ်ခံနိုင်ပါ့မလားဆိုတာ မသေချာဘူးလေ။
လုချင်း စဉ်းစားနေစဉ် ဝေ့ကျိအန်းက ညည်းတွားလိုက်သည်။ "လွန်ခဲ့တဲ့ နှစ်ရက်က ကျွန်တော်တို့ ခရီးနှင်ခဲ့တာ အလကား ဖြစ်သွားပြီပေါ့နော်။ ကျွန်တော်တို့ မြင်းလှည်းသာ ပျံနိုင်ရင် ဘယ်လောက် ကောင်းမလဲ"
"ပေါက်ကရ မပြောစမ်းပါနဲ့။ ဒါက သာမန် မြင်းလှည်းလေ။ ပျံနိုင်တဲ့ ဝိညာဉ်လက်နက်မဟုတ်ဘူး။ မင်း ရှောင်ယန်တို့ ရှောင်လီတို့နဲ့ ပုံပြင်စာအုပ်တွေ ဖတ်တာ များနေပြီ ထင်တယ်" မာကူးက ရယ်မောရင်း ဆူလိုက်သည်။
သို့သော် ဝေ့ကျိအန်း၏ စကားကြောင့် လုချင်းမှာ ရုတ်တရက် အံ့သြသွားသည်။
...
အခန်း ၂၅၀ - ချောမွေ့သော လုပ်ဆောင်မှု၊ အစီအရင် ရေးထိုးခြင်း
"သမားတော်ကြီး... ကျွန်တော်တို့ ဘယ်လို လုပ်ကြမလဲဗျ" မာကူးက မေးလိုက်သည်။
သမားတော်ကြီးချန်က ခဏမျှ စဉ်းစားပြီးနောက် နောက်ဆုံးတွင် ပြောလိုက်သည်။ "ငါတို့ ပြန်လှည့်သင့်တယ်။ ယွင်ကျိုးကို ပြန်ပြီး တခြားလမ်းကြောင်း ရွေးကြတာပေါ့"
သူနှင့် လုချင်းပဲသာဆိုလျှင် သမားတော်ကြီးချန်သည် မြင်းလှည်းကို စွန့်ပစ်ပြီး ခြေလျင် ဆက်သွားရန် ရွေးချယ်ကောင်း ရွေးချယ်နိုင်ပါ၏။ သူတို့က သာမန် သိုင်းပညာရှင်များ မဟုတ်ကြသဖြင့် မြင်းလှည်းဖြင့် သွားသည်ထက် ကိုယ်တိုင် သွားသည်က ပိုမြန်နိုင်သည်။ သို့သော် ရှောင်ယန်နှင့် ဝေ့ကျိအန်း ပါနေသဖြင့် ထိုသို့ လုပ်၍ မရပေ။
"ဒါဆို ကျွန်တော်တို့ ပြန်လှည့်ပြီး တခြားလမ်း ရှာရတော့မှာပေါ့နော်"
"ကောင်းပါပြီ၊ သဘောပေါက်ပါပြီ"
မာကူးက ခေါင်းညိတ်လိုက်ပြီး မြင်းလှည်းကို မကာ ပြန်လှည့်ရန် ပြင်ဆင်လိုက်သည်။
"ဆရာ၊ ခဏလေး... ကျွန်တော် တခြားဖြေရှင်းနည်း ရှိမလား စဉ်းစားကြည့်ပါရစေ" လုချင်း ရုတ်တရက် ပြောလိုက်သည်။
"အားချင်း... မင်းမှာ နည်းလမ်း ရှိလို့လား" သမားတော်ကြီးချန်က အံ့သြစွာ မေးလိုက်သည်။
"ကျွန်တော့်မှာ အကြံတစ်ခု ရှိတယ်။ အနီးအနားမှာ တစ်နေရာရာ ရှာပြီး တစ်ရက်လောက် နားကြရအောင်။ ကျွန်တော့်အကြံ အလုပ်ဖြစ် ၊ မဖြစ် စမ်းကြည့်ချင်လို့ပါ။ အလုပ်ဖြစ်ရင်တော့ ကျွန်တော်တို့ ရှေ့ဆက်သွားတာပဲ ဖြစ်ဖြစ်၊ ပြန်လှည့်တာပဲ ဖြစ်ဖြစ် အရှိန်အများကြီး ပိုမြှင့်နိုင်လိမ့်မယ်ဗျ"
လုချင်းက ကတိအကြီးကြီး မပေးသော်လည်း သမားတော်ကြီးချန်သည် တပည့်ဖြစ်သူ၏ စိတ်ဓာတ်ကို သိသဖြင့် အောင်မြင်ရန် အခွင့်အလမ်းများကြောင်း ယုံကြည်လိုက်၏။
"ကောင်းပြီလေ၊ မင်း ပြောသလို လုပ်ကြတာပေါ့။ ဒီမှာ တစ်ရက်လောက် နားကြမယ်" သမားတော်ကြီးချန် သဘောတူလိုက်သည်။ ညနေစောင်းနေပြီ ဖြစ်ပြီး နောက်ထပ် တစ်နာရီကျော်လျှင် မှောင်တော့မည်ပင်။ ဒီညအတွက် စောစော နားလိုက်တာက ပိုကောင်းသည်။
လုချင်းနှင့် အခြားသူများသည် ကျောက်ကျင်းထဲမှ မြင်းလှည်းကို မထုတ်လိုက်ပြီး စခန်းချဖို့ရန် အနီးအနားရှိ အတော်အသင့် ကျယ်ဝန်းသော နေရာတစ်ခုကို ရှာလိုက်သည်။
လုချင်းက မာကူးကို မြင်းလှည်း ဖြုတ်ခိုင်းလိုက်ပြီး မြင်းလှည်း ပတ်လည်တွင် လမ်းလျှောက်ရင်း လေးနက်စွာ စဉ်းစားနေသည်။
"အားချင်း... မင်း ဘယ်လို နည်းလမ်းကို စဉ်းစားမိလို့လဲ" သမားတော်ကြီးချန် မေးလိုက်သည်။
"ဆရာ... ကျွန်တော် စဉ်းစားနေတာက မြင်းလှည်းပေါ်မှာ ရိုးရှင်းတဲ့ အစီအရင်နည်းနည်းလောက် ရေးထိုးနိုင်ရင် မြေပြင် မညီညာဖြစ်နေတာကိုတောင် စိတ်ပူစရာမလိုတော့ဘူးလို့ တွေးမိလို့ပါဗျ" လုချင်း ပြန်ဖြေလိုက်သည်။
"အစီအရင် ရေးထိုးမယ်ဟုတ်လား" သမားတော်ကြီးချန်က တကယ် အံ့သြသွားသည်။ "အားချင်း... မင်းက အဲဒါ လုပ်တတ်လို့လား"
"မသေချာသေးဘူး ဆရာ။ အရင်ဆုံး စမ်းကြည့်ပါရစေ" လုချင်းက မရေမရာ ပြန်ဖြေလိုက်သည်။
မာကူးနှင့် ဝေ့ကျိအန်းတို့မှာမူ လုံးဝ ကြောင်အမ်းနေကြသည်။ အစီအရင်များကဲ့သို့သော လျှို့ဝှက်ဆန်းကြယ်ပြီး စွမ်းအားကြီးသော အရာများကို လုချင်း သိထားလိမ့်မည်ဟု သူတို့ တစ်ခါမှ မထင်ထားခဲ့ပေ။
ဒါ့အပြင် အဲဒါတွေက ဒဏ္ဍာရီပုံပြင်တွေထဲမှာပဲ ရှိတာ မဟုတ်ဘူးလား။
ထိုစဉ် ဝေ့ကျိအန်းက လုချင်းနှင့် သမားတော်ကြီးချန်တို့ အသက်ရှူခြင်းနှင့် ချီစားသုံးခြင်း နည်းစနစ်များအကြောင်း ဆွေးနွေးခဲ့သည်ကို ပြန်သတိရလိုက်သည်။
အဲဒါတွေကရော ဒဏ္ဍာရီလာ မသေမျိုး နည်းပညာတွေများလား။
သူတို့၏ အံ့သြမှုကို သတိမထားမိဘဲ လုချင်းကတော့ မြင်းလှည်း ပတ်လည်တွင် လမ်းလျှောက်ရင်း သေချာ ကြည့်ရှုနေသည်။ အစီအရင် ရေးထိုးမည့် အကြံသည် ဝေ့ကျိအန်း၏ မှတ်ချက်ကြောင့် တစ်စိတ်တစ်ပိုင်း ရခဲ့ခြင်း ဖြစ်ပြီး၊ တိမ်လွှာစီးဂိုဏ်းတွင် ကြီးမားသော အစီအရင် နှစ်ခု အလုပ်လုပ်နေသည်ကို တွေ့ခဲ့ရသောကြောင့်လည်း ဖြစ်သည်။ ဝိညာဉ်စွမ်းအင် ပြန်လည် နိုးထလာမှုနှင့်အတူ ယခင်က အသုံးမဝင်သော မသေမျိုး နည်းပညာ အချို့သည် ပြန်လည် အသုံးပြု၍ ရလာပြီဟု သူ သဘောပေါက်လိုက်သည်။ ထို့ကြောင့် သူ့အတွေးအချို့ကို လက်တွေ့ စမ်းသပ်ကြည့်နိုင်သည်။
မြင်းလှည်း၏ ဖွဲ့စည်းပုံကို မှတ်သားပြီးနောက် လုချင်း တင်ပျဉ်ခွေ ထိုင်လိုက်သည်။
"ဆရာ၊ မာကူး... ကျွန်တော် နည်းနည်း တွက်ချက်စရာ လိုတယ်။ ညစာ ပြင်ဆင်ဖို့ အချိန်ရမှာ မဟုတ်ဘူး၊ ကူညီပြီး လုပ်ပေးကြပါဦးဗျ"
"ကိစ္စ မရှိပါဘူး။ ညီလေးလုချင်းက ကိုယ့်အလုပ်သာ လုပ်ပါ၊ ညစာကိုတော့ ငါ့တာဝန်ထားလိုက်" မာကူးက ချက်ချင်း ပြန်ဖြေလိုက်သည်။ သူ့ဟင်းချက်လက်ရာက ကြမ်းတမ်းသော်လည်း စား၍တော့ ရပါသေး၏။ လုချင်း အလုပ်များနေသည့်အချိန်တိုင်း မာကူးကပဲ ချက်ပြုတ်ရေး တာဝန်ယူလေ့ရှိတာပင်။
လုချင်းလည်း ခေါင်းညိတ်လိုက်ပြီး မျက်လုံးမှိတ်ကာ သူ့စိတ်အာရုံကို မျက်ခုံးကြားရှိ ချီသွေးကြောဆုံမှတ်ထဲသို့ နှစ်မြှုပ်လိုက်ပြီး တရားမှတ်သောအခြေအနေသို့ ဝင်ရောက်သွားသည်။
ဤအခြေအနေတွင် လုချင်း၏ စိတ်မှာ တည်ငြိမ်နေပြီး တွက်ချက်မှုများ စတင်လိုက်သည်။ မြင်းလှည်းပေါ်တွင် မည်သည့် အစီအရင်မျိုး ရေးထိုးရမည်ကို သူ စဉ်းစားနေလိုက်၏။ မြင့်မြတ်သော ဂါထာမန္တန်ဂိုဏ်းနှင့် လီဟော်ဒယ်အိုးကြီးထံမှ အမွေအနှစ်များ ရရှိထားသဖြင့် ကမ္ဘာလောက၏ စွမ်းအား လိုအပ်သော မြင့်မြတ်သော ဂါထာမန္တန်ဂိုဏ်း၏ ကြီးမားသော အစီအရင်များကို မတည်ဆောက်နိုင်သော်လည်း လုချင်းသည် အစီအရင်များစွာကို သိရှိထားသည်။ လီဟော်ဂိုဏ်း၏ နည်းပညာများ၊ အထူးသဖြင့် အစီအရင် ရေးထိုးခြင်းနည်းပညာများသည် ကျယ်ပြန့်ပြီး စုံလင်လှပါ၏။
သူ့လက်ရှိ စွမ်းရည်အရ လီဟော်ဂိုဏ်း အမွေအနှစ်ထဲမှ အခြေခံအကျဆုံး အစီအရင်များကို အာရုံစိုက်လိုက်သည်။ ကနဦး အစီအရင် သုံးခုဖြစ်သော ပေါ့ပါးခြင်း အစီအရင် ၊ လေပြေ အစီအရင်နှင့် ခိုင်ခံ့မှု အစီအရင်တို့ကို ရွေးချယ်ပြီးနောက် မြင်းလှည်းကို ပိုမိုပေါ့ပါး၊ မြန်ဆန်ပြီး ခိုင်ခံ့လာစေရန် ရည်ရွယ်လိုက်သည်။
ဉာဏ်အလင်းပွင့်လုနီးပါး အခြေအနေသို့ ရောက်ရှိသွားပြီး လုချင်းသည် ဤအစီအရင်များကို လျင်မြန်စွာ နားလည်သဘောပေါက်သွားသည်။ မြင်းလှည်း၏ ဖွဲ့စည်းပုံကို စိတ်ထဲတွင် ပုံဖော်ကြည့်ရင်း အစီအရင် ရေးထိုးရန် အကောင်းဆုံး နည်းလမ်းကို တွက်ချက်လိုက်သည်။
ပြီးပြည့်စုံသော ရေးထိုးမည့် အစီအစဉ်ကို အတည်ပြုပြီးနောက် လုချင်းသည် တရားမှတ်ရာမှ ထွက်လိုက်ပြီး မျက်လုံးဖွင့်လိုက်သည်။ အပြင်ဘက်တွင် ကောင်းကင် မှောင်နေပြီ ဖြစ်ပြီး သူ့ဆရာနှင့် အဖော်များသည် မီးပုံဘေးတွင် စားသောက်နေကြသည်။
"အားချင်း... နိုးပြီလား။ လာ၊ တစ်ခုခု လာစားဦး" သမားတော်ကြီးချန် လှမ်းခေါ်လိုက်သည်။
"ကျေးဇူးပါပဲ"
လုချင်းက မာကူး ကမ်းပေးသော ပေါင်မုန့်ကင်ကို ယူလိုက်သည်။
"ကဲ... အဖြေ ရှာတွေ့ပြီလား" သမားတော်ကြီးချန် မေးလိုက်သည်။
"ရှာတွေ့သလောက်ပါပဲ။ မနက်ဖြန် မနက်ကျရင် အစီအရင် စပြီး ရေးထိုးနိုင်ပါပြီဗျ" လုချင်း ခေါင်းညိတ်လိုက်သည်။
ဒါကိုကြားတော့ မာကူးနှင့် ဝေ့ကျိအန်းတို့ ရင်ထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်သွားသည်။ လုချင်း၏ ဒဏ္ဍာရီလာ အစီအရင် နည်းပညာများကို မြင်တွေ့ရရန် သူတို့ စိတ်အားထက်သန်နေကြပါ၏။
သမားတော်ကြီးချန်ပင်လျှင် လုချင်းတစ်ယောက် အစီအရင်များကို မည်သို့ ရေးထိုးမည်ကို သိချင်နေသည်။ နက်နဲသော အစီအရင် ပညာရပ်အကြောင်း အနည်းငယ်လောက် နားလည်ခွင့် ရရန် သူ မျှော်လင့်မိသည်။
ထိုညတွင် မာကူးနှင့် ဝေ့ကျိအန်းတို့မှာ စိတ်လှုပ်ရှားလွန်းလှသဖြင့် ကောင်းကောင်း မအိပ်နိုင်ကြပေ။ ဝေ့ကျိအန်းဆိုလျှင် လက်တစ်ဖက် ဝှေ့ယမ်းလိုက်ရုံဖြင့် မိုးခေါ်လေခေါ် လုပ်နိုင်သော မသေမျိုးတစ်ပါး ဖြစ်လာသည်ဟုပင် အိပ်မက်မက်ခဲ့ပါသေး၏။
နောက်တစ်နေ့ မနက်တွင် လုချင်း နိုးလာသောအခါ၌ မာကူးနှင့် ဝေ့ကျိအန်း၏ စိတ်အားထက်သန်သော မျက်လုံးများက သူ့လှုပ်ရှားမှုတိုင်းကို လိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
"ကဲပါ... ဒီဆန်ပြုတ်တစ်ပန်းကန် ကုန်ရင် အစီအရင် စရေးပါတော့မယ်" လုချင်း သက်ပြင်းချလိုက်သည်။
"မလောပါဘူး၊ အရင် စားပါ" မာကူးနှင့် ဝေ့ကျိအန်းက ပြိုင်တူ ပြောလိုက်သော်လည်း သူတို့မျက်လုံးများက မျှော်လင့်ချက်ဖြင့် တောက်ပနေဆဲပင်။
ဆန်ပြုတ်ကို အမြန်သောက်ပြီးနောက် လုချင်း မတ်တပ်ရပ်ကာ မြင်းလှည်းဆီသို့ လျှောက်သွားသည်။ မာကူးနှင့် ဝေ့ကျိအန်းတို့ နောက်မှ ကပ်လိုက်လာကြသည်ကို ကြည့်ပြီး သူတို့၏ စပ်စုချင်စိတ်ကြောင့် သမားတော်ကြီးချန်ခင်မျာ ရယ်မောလိုက်မိသည်။
မြင်းလှည်းနား ရောက်သောအခါ၌ လုချင်းက ဓားတစ်ချောင်းနှင့် အနီရောင် မှင်ပုလင်းတစ်လုံးကို ထုတ်လိုက်သည်။ အခြေခံအကျဆုံး အစီအရင်များ ဖြစ်သည့်အတွက် လိုအပ်သော ပစ္စည်းများမှာ အရမ်း အဆင့်မမြင့်လှပေ။ ဝိညာဉ်မှင်ရှိလျှင် လုံလောက်သည်။
သူ့၌ ရှိသော အနီရောင်မှင်ကို ဝေ့ရှန်ဟိုင် စုဆောင်းပေးခဲ့သော ပစ္စည်းများဖြင့် ယခင်က ကြိုတင် ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။
မှင်ပုလင်းကို စိုက်ကြည့်ရင်း လုချင်းထံသို့ ရုတ်တရက် အတွေးတစ်ခု ဝင်လာခဲ့၏။ သမားတော်ကြီးချန်၏အိမ်လေးရှိ ဆေးဖက်ဝင်အပင်စိုက်ခင်းတွင် ဝိညာဉ်စွမ်းအင် စုစည်းသော အစီအရင်အသေးစားလေးတစ်ခု တည်ဆောက်ရန် သူ စီစဉ်ခဲ့သော်လည်း ကျုံးကျိုးသို့ ရုတ်တရက် ထွက်ခွာလာရသဖြင့် မလုပ်ဖြစ်ခဲ့ပေ။ ဆေးဖက်ဝင်အပင်စိုက်ခင်းထဲက နှစ်တစ်ထောင် ဂျင်ဆင်း အခု ဘယ်လိုအခြေအနေ ရှိနေမလဲဆိုတာ သူ တွေးမိလိုက်သည်။
ထိုအတွေးများကို ခါထုတ်လိုက်ပြီးနောက်တွင် လုချင်းသည် မှင်ပုလင်းကို ဖွင့်ကာ ဓားကို ကိုင်လိုက်တော့၏။ စိတ်ကို ငြိမ်သက်အောင် ထားပြီး သူ့ဝိညာဉ်စွမ်းအားအကူအညီဖြင့် မြင်းလှည်းပေါ်တွင် အစီအရင်များကို စတင်ရေးထိုးလိုက်တော့သည်။
မနေ့က လေ့လာမှုနှင့် စိတ်ပိုင်းဆိုင်ရာ တွက်ချက်မှုများကြောင့် လုချင်းသည် မြင်းလှည်း၏ ဖွဲ့စည်းပုံကို ရင်းနှီးပြီးဖြစ်၍ အစီအရင်များကို လျင်မြန်စွာ ရေးထိုးနိုင်ခဲ့သည်။ လုချင်း၏ လက်က လှုပ်ရှားလိုက်တိုင်း ဆန်းကြယ်သော သင်္ကေတများ မြင်းလှည်းပေါ်တွင် ပေါ်လာသည်ကို မာကူးနှင့် ဝေ့ကျိအန်းတို့ အံ့သြတကြီး ကြည့်နေကြလေ၏။ သင်္ကေတတစ်ခုစီသည် ခေတ္တမျှ တောက်ပပြီးနောက်၌ မြင်းလှည်းအတွင်းသို့ စိမ့်ဝင်သွားခဲ့လေသည်။
တစ်နာရီကျော် ကြာပြီးနောက်တွင်တော့ လုချင်းမှာ နောက်ဆုံး သင်္ကေတကို ရေးထိုးပြီးသွားကာ ပထမသင်္ကေတနှင့် ချိတ်ဆက်လိုက်သည်။ မြင်းလှည်းသည် အနီရောင် အရှိန်အဝါဖြင့် တောက်ပလာပြီး ရှုပ်ထွေးသော မျဉ်းကြောင်းများ လေထဲတွင် ပေါ်လာကာ မြင်းလှည်းအတွင်းသို့ ပျောက်ကွယ်သွားသည်။ မြင်းလှည်းသည် ပြောင်းလဲသွားပုံ မပေါ်သော်လည်း ယခုအခါ လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေလေ၏။
"ညီလေးလုချင်း... ပြီးပြီလား" မာကူး မေးလိုက်သည်။
"ဟုတ်ဗျ၊ မြင်းလှည်းပေါ်မှာ အစီအရင် သုံးခု ရေးထိုးလိုက်တယ်။ အားလုံး အဆင်ပြေရင်တော့ ကျွန်တော်တို့ ကျုံးကျိုးကို ခုထက်ပိုပြီးတော့တောင် မြန်မြန် ရောက်နိုင်လိမ့်မယ်" လုချင်း ခေါင်းညိတ်လိုက်သည်။ မြင်းလှည်း၏ ပစ္စည်းကန့်သတ်ချက်နှင့် ကျန်ရှိသော ဝိညာဉ်မှင်ကို ချွေတာရန် လိုအပ်သောကြောင့် အစီအရင် ပိုမရေးထိုးနိုင်ခဲ့ပေ။
အစီအရင် ရေးထိုးခြင်းနှင့် ပတ်သက်ပြီး လုချင်းမှာ သူ့ပထမဆုံးအနေနှင့် အောင်မြင်သွားသော ကြိုးပမ်းမှုကို ကျေနပ်နေမိလေ၏။ မြင့်မြတ်သော ဂါထာမန္တန်ဂိုဏ်း၏ အမွေအနှစ်သည် တကယ့်ကို စွမ်းအားကြီးလှသည်။ အပြစ်အနာအဆာ မရှိသော ရေးထိုးမှုသည် ကံကောင်းခြင်းကြောင့် မဟုတ်ဘဲ မြင့်မြတ်သော ဂါထာမန္တန်က ပေးစွမ်းသော ထိန်းချုပ်မှုကြောင့် ဖြစ်သည်။
အစီအရင် ရေးထိုးခြင်းတွင် သင်္ကေတများ ထွင်းထုရုံသာမကဘဲ ဝိညာဉ်စွမ်းအားဖြင့် ချိတ်ဆက်ပေးရန်လည်း လိုအပ်သည်။ မြင့်မြတ်သော ဂါထာမန္တန်မှတစ်ဆင့် လုချင်းသည် သင်္ကေတများအပေါ် လျှို့ဝှက်ဆန်းကြယ်သော ထိန်းချုပ်မှုကို ခံစားရပြီး ဆရာတစ်ဆူကဲ့သို့ လွယ်ကူစွာ လမ်းညွှန်နိုင်ခဲ့သည်။
"မြင့်မြတ်သော ဂါထာမန္တန်က သင်္ကေတတွေနဲ့ ဂါထာတွေအပေါ် ထိန်းချုပ်မှုကို ငါ ထင်ထားတာထက် ပိုကောင်းစေတာပဲ" လုချင်း တွေးလိုက်ပြီး ၎င်း၏ အလားအလာကို ပိုမို ရှာဖွေရန် လိုအပ်ကြောင်း သဘောပေါက်လိုက်သည်။
မြင့်မြတ်သော ဂါထာမန္တန်၏ စွမ်းရည်အပြည့်အဝကို ဖော်ထုတ်ရန် စိန်ခေါ်မှုကို လက်ခံရင်း လုချင်းသည် ကျင့်ကြံခြင်းနှင့်အတူ ပါလာသော အံ့သြဖွယ်ရာများကို လက်ခံလိုက်သည်။
"ညီလေးလုချင်း... အစီအရင်တွေ အဆင်သင့် ဖြစ်ပြီဆိုတော့ အခု စမ်းကြည့်ကြမလား" မာကူးက စိတ်အားထက်သန်စွာ မေးလိုက်သည်။
"ဟုတ်ဗျ ၊ အစီအရင်တွေ ရေးထိုးပြီးပြီဆိုပေမဲ့ သူတို့ရဲ့ ထိရောက်မှုကို စမ်းသပ်ဖို့ လိုသေးတယ်" လုချင်းလည်း သဘောတူလိုက်သည်။
"ဒါဆို ငါ မြင်းကို သွားပြင်လိုက်တော့မယ်နော်" မာကူးက အံ့အားသင့်နေသည့်လေသံဖြင့် ပြောပြီး မြင်းလှည်းကို ပြင်ဆင်ရန် ပြေးသွားတော့သည်။