← Chapters

အခန်း (၂၅၁-၂၅၂)

Vol. 26 Ch. 251-252

အခန်း (၂၅၁-၂၅၂)

Vol. 26 Ch. 251-252

အခန်း ၂၅၁ - တစ်နေ့တာ မိုင်တစ်ထောင်ခရီး၊ လေဟုန်စီးသော မြင်းလှည်း

"ညီလေးလုချင်း... ငါတို့ ဘာဆက်လုပ်ကြမလဲ"

ညီညာပြန့်ပြူးသော လမ်းမတစ်ခု၏ ရှေ့တွင် မာကူးသည် မြင်းလှည်းကို အသင့်ပြင်ဆင်ပြီးနောက် မေးလိုက်လေသည်။

သမားတော်ကြီး၊ ဝေ့ကျိအန်းနှင့် ရှောင်ယန်တို့သည်လည်း လမ်းဘေးတွင် ရပ်နေကြ၏။

"ဒီတိုင်းသာ မောင်းထွက်လိုက်ပါ။ မြင်းလှည်းပေါ်မှာ မန္တန်တွေကို ကျွန်တော် သေချာလေး လုပ်ထားတယ်။ စမောင်းလိုက်တာနဲ့ မန္တန်တွေက သူ့အလိုလို အသက်ဝင်လာလိမ့်မယ်" လုချင်းက ပြောလိုက်သည်။

သာမန်အချိန်များတွင် မာကူးသည် မြင်းလှည်းကို မောင်းနှင်လေ့ရှိသော်လည်း ဝိညာဉ်စွမ်းအားမရှိသဖြင့် မန္တန်များကို ကိုယ်တိုင် အသက်မသွင်းနိုင်ပေ။ ထို့ကြောင့် လုချင်းသည် မြင်းလှည်း စတင်ရွေ့လျားသည်နှင့် မန္တန်များ အလိုအလျောက် အလုပ်လုပ်ကာ ကာကွယ်ပေးနိုင်ရန် စီစဉ်ထားခြင်း ဖြစ်လေသည်။

"မိုက်လိုက်တာကွာ... ငါ စမ်းကြည့်လိုက်ဦးမယ်"

ထိုစကားကို ကြားသောအခါ မာကူးသည် ပို၍ပင် စိတ်လှုပ်ရှားသွားလေသည်။

သူသည် ကျာပွတ်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်၏။ မာကူးနှင့် အချိန်အတော်ကြာ လက်တွဲခဲ့ဖူးသော သန်မာသည့် မြင်းနှစ်ကောင်သည် သခင်ဖြစ်သူနှင့် စိတ်ချင်းဆက်နွယ်နေသကဲ့သို့ ချက်ချင်းပင် ရှေ့သို့ ခပ်သွက်သွက် စတင်ပြေးလွှားကြလေသည်။

မြင်းလှည်း စတင်ရွေ့လျားသည်နှင့် တစ်ပြိုင်နက် မာကူးသည် ကွာခြားချက်ကို ချက်ချင်း ခံစားလိုက်ရ၏။

ကျိုးလီရွာမှ ထွက်ခွာလာကတည်းက မြင်းလှည်းကို သူသာ အမြဲလိုလို မောင်းနှင်ခဲ့ရသဖြင့် ဤမြင်းလှည်းနှင့် ပတ်သက်၍ အလွန်ရင်းနှီး ကျွမ်းဝင်နေပြီ ဖြစ်သည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ မြင်းလှည်း ရွေ့လျားနေပုံမှာ စိမ်းသက်နေသလို ခံစားလိုက်ရ၏။ မြင်းလှည်းကြီးမှာ လမ်းမထက်တွင် ပျံဝဲနေသကဲ့သို့ အလွန်ပေါ့ပါးသွားလေသည်။ ထူးဆန်းသော စွမ်းအားတစ်ခု ပေါ်ထွက်လာပြီး မြင်းလှည်းကိုသာမက ရှေ့မှ မြင်းနှစ်ကောင်ကိုပါ လွှမ်းခြုံထားသဖြင့် အရှိန်မှာ အံ့မခန်း တိုးမြင့်လာခဲ့၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် မြင်းလှည်းသည် ရှေ့သို့ ဒုံးပျံတစ်ခုနှယ် ပျံသန်းထွက်ခွာသွားလေတော့သည်။

"မြန်လိုက်တာကွာ..."

သမားတော်ကြီးနှင့် အခြားသူများမှာ အံ့အားသင့်သွားကြသည်။ မြင်းလှည်း၏ အရှိန်မှာ ပုံမှန် အမြန်ဆုံးမောင်းနှင်ချိန်ထက်ပင် အဆပေါင်းများစွာ ပိုမြန်နေလေ၏။

အရှိန်ပြင်းလွန်းလှသဖြင့် မာကူးတစ်ယောက် ထိန်းချုပ်နိုင်စွမ်း လွတ်လုနီးပါးဖြစ်ကာ လမ်းဘေး သစ်တောအုပ်ထဲသို့ ဝင်တိုက်မိမတတ် ဖြစ်သွားရသည်။ ကံကောင်းထောက်မစွာဖြင့် မာကူးသည် ကြွက်သားနှင့် အရိုးအဆင့်၏ အထွတ်အထိပ်သို့ ရောက်လုနီးပါး ရှိနေပြီဖြစ်ရာ ထိန်းချုပ်နိုင်စွမ်း ကောင်းမွန်လှသည်။ သူသည် မြင်းလှည်းကို အချိန်မီ တည်ငြိမ်အောင် ထိန်းနိုင်ခဲ့သဖြင့် မတော်တဆမှုကို ရှောင်ရှားနိုင်ခဲ့လေ၏။ မြင်းနှစ်ကောင်ပင်လျှင် ရုတ်တရက် လန့်ဖျပ်သွားပြီး မြင်းလှည်းမှာ ယခင်ကထက် ဘာကြောင့် ဤမျှပေါ့ပါးနေရသနည်း ဟူသော အမူအရာဖြင့် မကြာခဏ နောက်လှည့်ကြည့်နေကြ၏။

"ဆရာမာ... အဆင်ပြေရဲ့လား"

လုချင်းလည်း အနည်းငယ် လန့်သွားလေသည်။ မန္တန်က မြင်းလှည်းကို ကာကွယ်ပေးထားမည်ကို သိသော်လည်း စိုးရိမ်တကြီး မေးလိုက်မိသည်။

"ပြဿနာမရှိပါဘူးကွာ... ပြဿနာမရှိပါဘူး။ ငါက ကြိုမပြင်ဆင်ထားမိလို့ပါ။" မာကူးက မျက်နှာအနည်းငယ် ရဲတက်ကာ လက်ကာပြရင်း "ငါ နောက်တစ်ခေါက် ပြန်စမ်းကြည့်ပါ့မယ်"

"ဒါဆိုလည်း သတိထားဦးနော်"

မြင်းလှည်းပေါ်တွင် ထိုင်လိုက်ပြီးနောက် မာကူးသည် အသက်ကို ဝဝရှူလိုက်ကာ လေးနက်သော မျက်နှာထားဖြင့် ပြင်ဆင်လိုက်သည်။

ဒီတစ်ခါတော့ သူ အရှက်ကွဲမခံနိုင်တော့ပေ။

သူ ကျာပွတ်ကို ဝှေ့ယမ်းလိုက်သည်။ ကျာပွတ်သံကြားသည်နှင့် မြင်းနှစ်ကောင်သည် အလိုအလျောက် ခွာများကို မြှောက်ကာ ပြန်လည်ပြေးလွှားကြပြန်သည်။ မြင်းလှည်း ရွေ့လျားသည်နှင့် တစ်ပြိုင်နက် ထူးဆန်းသော စွမ်းအားသည် ပြန်လည်ပေါ်ထွက်လာပြီး မြင်းလှည်းနှင့် မြင်းများကို လွှမ်းခြုံကာ အရှိန်ကို တစ်ရှိန်ထိုး မြင့်တက်စေပြန်၏။ ယခုတစ်ကြိမ်တွင်မူ ကြိုတင်ပြင်ဆင်ထားသော မာကူးသည် အခြေအနေကို လျင်မြန်စွာ အသားကျသွားပြီး မြင်းလှည်းကို တည်ငြိမ်စွာ ထိန်းကျောင်းနိုင်ခဲ့လေသည်။

လုချင်း၏ မြင်ကွင်းထဲတွင် မာကူး မောင်းနှင်သွားသော မြင်းလှည်းသည် လေပြင်းတစ်ချက်အဝှေ့တွင် ရှေ့လမ်းကွေ့၌ ချက်ချင်း ပျောက်ကွယ်သွားလေသည်။ မကြာမီမှာပင် မြင်းလှည်းသည် လျင်မြန်စွာ ပြန်လည်ရောက်ရှိလာပြီး သူတို့ရှေ့တွင် ငြိမ့်ညောင်းစွာ ရပ်တန့်လိုက်သည်။

ဖြစ်စဉ်တစ်လျှောက်လုံးတွင် မြင်းခွာသံ တခွပ်ခွပ်မှလွဲ၍ ရထားဘီးလိမ့်သံအပါအဝင် အခြား မည်သည့်အသံမျှ ထွက်ပေါ်လာခြင်း မရှိပေ။

"ညီလေးလုချင်း... ညီလေး ပြင်လိုက်တဲ့ ဒီမြင်းလှည်းက တကယ်ကို အံ့မခန်းပါပဲကွာ"

မာကူးသည် စိတ်လှုပ်ရှားစွာဖြင့် မြင်းလှည်းပေါ်မှ ခုန်ဆင်းလာသည်။ မြင်းနှစ်ကောင်ကလည်း သူ့စကားကို ထောက်ခံသည့်အလား ပြင်းပြင်းထန်ထန် နှာမှုတ်နေကြလေ၏။

"ဆရာ... မန္တန်တွေ ရေးထိုးပြီးမှ မြင်းလှည်းကို မောင်းရတာ ဘယ်လိုနေလဲ" ဝေ့ကျိအန်းက စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။

"သိပ်ကောင်းတာပေါ့ကွ" မာကူးက စိတ်လှုပ်ရှားစွာ ပြန်ဖြေလာသည်။ "မင်း မသိပါဘူးကွာ... မြင်းလှည်း စထွက်လိုက်တာနဲ့ မှော်ဆန်တဲ့ စွမ်းအားတစ်ခုက မြင်းလှည်းနဲ့ မြင်းတွေကို လာပြီး လွှမ်းခြုံထားသလိုပဲ။ အဲဒါက အရမ်းပေါ့ပါးပြီး ယုံနိုင်စရာမရှိလောက်အောင် မြန်ဆန်စေတယ်လေ။ ဒါပေမဲ့ မောင်းနေတုန်းမှာ မြင်းလှည်းက လုံးဝမလှုပ်ခါဘူး။ လေကိုစီးပြီး မောင်းနေရသလိုပဲ... တကယ့်ကို အံ့မခန်းပါပဲကွာ"

"ကျွန်တော် မြင်းလှည်းပေါ်မှာ မန္တန်သုံးခု ရေးထိုးထားပါတယ်ဗျ" လုချင်းက ရှင်းပြသည်။ "ပေါ့ပါးခြင်းမန္တန်၊ လေပြေမန္တန်နဲ့ ခိုင်ခံ့မှုမန္တန်တွေပါ။ အစ်ကို ခံစားလိုက်ရတဲ့ ပေါ့ပါးမှုနဲ့ လေစီးနေသလို ခံစားချက်က ပေါ့ပါးခြင်းမန္တန်နဲ့ လေပြေမန္တန်ရဲ့ အာနိသင်တွေပါပဲဗျ။ ခိုင်ခံ့မှုမန္တန်ကတော့ မြင်းလှည်းရဲ့ သစ်သားတွေကို ပိုခိုင်အောင် လုပ်ပေးထားတာဆိုတော့ ချက်ချင်း သိသာမှာ မဟုတ်ပါဘူး"

"ပေါ့ပါးခြင်းမန္တန်... လေပြေမန္တန်..."

မာကူးနှင့် သူ့တပည့်တို့သည် ထိုအမည်များကို ရေရွတ်ရင်း လုချင်းကို အံ့အားသင့်စွာဖြင့် ကြည့်နေကြလေ၏။ လုချင်းအနေဖြင့် ဤမျှ မှော်ဆန်သော နည်းပညာများကို တတ်မြောက်ထားလိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ ထင်မထားခဲ့ကြပေ။ မန္တန်ပညာရပ်ဆိုသည်မှာ ဝတ္ထုများထဲမှ နတ်ဘုရားများသာ နားလည်တတ်ကျွမ်းသော အရာဟု သူတို့ ထင်မှတ်ထားခဲ့သော်လည်း ယခုအခါ လုချင်းက လက်တွေ့ပြသနေလေပြီပင်။

လုချင်းက လူ့ပြည်ကို ဆင်းသက်လာတဲ့ နတ်ဘုရားများ ဖြစ်နေမလား။

ဤအတွေးသည် သူတို့စိတ်ထဲတွင် အလိုအလျောက် ပေါ်လာလေသည်။ အထူးသဖြင့် လုချင်း ပြသခဲ့သော အံ့ဖွယ်အရာများကို ပြန်တွေးကြည့်လျှင် ဤထင်မြင်ချက်မှာ မှန်ကန်နိုင်သည်ဟု သူတို့ ခံစားမိကြသည်။ ခေတ္တမျှ သူတို့သည် လုချင်းအား ကြည်ညိုလေးစားသော မျက်လုံးများဖြင့် ကြည့်နေမိကြ၏။

"ကျွန်တော့်ကို အဲဒီလိုကြီး ကြည့်နေစရာ မလိုပါဘူးဗျာ"

သူတို့၏ အကြည့်များ ပြောင်းလဲသွားသည်ကို ခံစားမိသဖြင့် လုချင်းသည် သူတို့၏ အတွေးများကို အကြမ်းဖျင်း ခန့်မှန်းမိကာ ရယ်မောလိုက်လေသည်။

"ကျွန်တော်က နတ်ဘုရား မဟုတ်ပါဘူးဗိ။ မန္တန်နည်းပညာတချို့ကို သိထားရုံပါပဲ။ အခုနောက်ပိုင်း ကောင်းကင်နဲ့ မြေကြီးရဲ့ အပြောင်းအလဲတွေကြောင့် ဒီမန္တန်တွေက စွမ်းအား ပြန်ရှိလာပြီး သုံးလို့ရလာတာပါဗျ။ တိမ်လွှာမြို့က မြို့သူမြို့သားတွေ အများကြီး သေအောင်လို့ တိမ်လွှာစီးဂိုဏ်းက မန္တန်တွေ သုံးခဲ့တာကို ခင်ဗျားတို့လည်း သိပြီးသား မဟုတ်လား"

"ကောင်းကင်နဲ့ မြေကြီးရဲ့ အပြောင်းအလဲတွေ..." မာကူးက ထိုစကားလုံးများကို လိုက်ရွတ်ရင်း မော့ကြည့်လိုက်သည်။ "ညီလေးလုချင်း... ငါ မေးချင်နေတာ ကြာပြီ။ ညီလေးလုနဲ့ သမားတော်ကြီးတို့ စကားပြောရင် ကောင်းကင်နဲ့ မြေကြီးရဲ့ အပြောင်းအလဲတွေဆိုတာ ခဏခဏ ကြားနေရတယ်။ တကယ်တမ်း ဘာတွေ ပြောင်းလဲသွားတာလဲဗျ"

ဝေ့ကျိအန်းကလည်း လုချင်းကို စိတ်ဝင်တစား ကြည့်နေသည်။

"ခုထိ ခင်ဗျားတို့ မမေးဘဲ နေနိုင်သေးတယ်လို့တောင် ကျွန်တော်က တွေးနေတာ" လုချင်းက ပြုံးလိုက်သည်။ "ကောင်းပြီလေ... ပြောပြရမယ့် အချိန်ရောက်ပြီပဲ"

"ကောင်းကင်နဲ့ မြေကြီးရဲ့ အပြောင်းအလဲဆိုတာ... ကျွန်တော်တို့ ခန့်မှန်းချက်တွေ မှန်မယ်ဆိုရင်..."

လုချင်းသည် မာကူးနှင့် ဝေ့ကျိအန်းတို့အား ဝိညာဉ်စွမ်းအင်ပြန်လည်နိုးထလာခြင်းအကြောင်း အကျဉ်းချုပ် ရှင်းပြလိုက်ရာ သူတို့နှစ်ဦးလုံး ကြောင်အမ်းသွားကြလေသည်။

"ညီလေးလုချင်း ဆိုလိုတာက ဝိညာဉ်စွမ်းအင်လို့ခေါ်တဲ့ အရာက တဖြည်းဖြည်း ပြန်နိုးထလာပြီး ဒဏ္ဍာရီလာ နတ်ဘုရားတွေနဲ့ သူတို့ရဲ့ ပညာရပ်တွေက တကယ်ရှိတယ်ဆိုတဲ့ သဘောလား"

မာကူးတစ်ယောက် အသိပြန်ဝင်လာရန် အတော်အချိန်ယူလိုက်ရသည်။

"အဲဒီသဘောပါပဲ။ တကယ်တော့ လွန်ခဲ့တဲ့ နှစ်သောင်းချီလောက်က ကျင့်ကြံခြင်းလမ်းစဉ်ဆိုတာ တကယ်ရှိခဲ့ဖူးတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ဝိညာဉ်စွမ်းအင်တွေ မှေးမှိန်သွားပြီး ကျင့်ကြံခြင်းလမ်းစဉ်ကလည်း ယိုယွင်းပျောက်ကွယ်သွားခဲ့ရတာပေါ့။ အခု ဝိညာဉ်စွမ်းအင်တွေ ပြန်ပြီးနိုးထလာပြီဆိုတော့ မကြာခင်မှာ ကျင့်ကြံခြင်းနည်းပညာအမျိုးမျိုး ကမ္ဘာလောကထဲ ပြန်ပေါ်လာတော့မယ်လို့ ကျွန်တော် ထင်တယ်"

မာကူးနှင့် သူ့တပည့်တို့မှာ နောက်တစ်ကြိမ် တုန်လှုပ်သွားကြပြန်ပြီး အချိန်အကြာကြီး စိတ်မထိန်းနိုင် ဖြစ်နေကြသည်။

သူတို့၏ တုန်လှုပ်မှုကို မြင်သောအခါ၌ လုချင်းက ဆက်မပြောတော့ဘဲ သူတို့အား စဉ်းစားချိန် ပေးလိုက်သည်။ သိုင်းလောကမှ ကျင့်ကြံခြင်းလောကသို့ ရုတ်တရက် အပြောင်းအလဲဖြစ်သွားခြင်းကို လက်ခံနိုင်ရန် မည်သူမဆို အချိန်ယူရမည်သာ။

"သမားတော်လေး လုချင်း... ရှောင်ယန်ကို ပျံသန်းနည်း သင်ပေးမယ်လို့ ပြောတုန်းက တကယ်ပြောတာလားဟင်" ဝေ့ကျိအန်းက ရုတ်တရက် မေးလိုက်သည်။

ရှောင်ယန်ကလည်း ချက်ချင်းပင် သူမ၏ကိုကို့ကို မော့ကြည့်လိုက်သည်။

"ဟုတ်တယ်၊ ညီမလေးသာ ကြိုးကြိုးစားစား ကျင့်ကြံမယ်ဆိုရင် နောင်တစ်ချိန်မှာ ပျံသန်းတတ်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အရာ မဟုတ်ပါဘူး" လုချင်းက ခေါင်းညိတ်ပြသည်။

ဝေ့ကျိအန်း၏ မျက်လုံးများ အရောင်လက်သွားလေသည်။ "သမားတော်လေးလုချင်း... ကျွန်တော်ကော သင်လို့ရမလားဗျ"

"ပျံသန်းနည်းကို သင်ချင်လို့လား"

ဝေ့ကျိအန်းက အားတက်သရော ခေါင်းညိတ်ပြသည်။

လေဟုန်ကို စီးပြီး ကောင်းကင်ယံမှာ ပျံသန်းချင်တဲ့ဆန္ဒမျိုးက ဘယ်သူ့မှာ မရှိဘဲ နေပါ့မလဲ။

"မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ မင်းသာ ကြိုးကြိုးစားစား ကျင့်ကြံပြီး မွေးရာပါနယ်ပယ်ကို ဝင်ရောက်နိုင်မယ်ဆိုရင် မင်းကိုလည်း သင်ပေးလို့ ရပါတယ်" လုချင်းက တဲ့တိုးပင် ပြောလိုက်သည်။

အကယ်၍ ဝေ့ကျိအန်းသာ မွေးရာပါနယ်ပယ်ကို အမှန်တကယ် ရောက်ရှိနိုင်ခဲ့လျှင် သူသည် ပါရမီထူးရှိသူ ဖြစ်ကြောင်း သက်သေပြရာ ရောက်ပေလိမ့်မည်။ ထိုအခါ ကျင့်ကြံခြင်းနည်းပညာအချို့ကို သင်ပေးလိုက်ခြင်းက ပြဿနာမရှိပေ။

"ကောင်းပါပြီ သမားတော်လေးလုချင်း... ကျွန်တော် ကြိုးကြိုးစားစား ကျင့်ကြံပါ့မယ်"

လုချင်း၏ ကတိကို ရလိုက်သဖြင့် ဝေ့ကျိအန်းမှာ အတိုင်းမသိ ဝမ်းသာသွားပြီး မွေးရာပါနယ်ပယ်သို့ ရောက်အောင် ကြိုးစားကျင့်ကြံမည်ဟု လေးနက်စွာ သစ္စာဆိုလေသည်။

ဒါကိုမြင်တော့ မာကူးလည်း ကျေနပ်ပီတိ ဖြစ်ရပါ၏။ သူ့အတွက်မူ မျှော်လင့်ချက် သိပ်မရှိတော့ပေ။ သူ့ပါရမီကို သူ ကောင်းကောင်း သိသည်။ အကယ်၍ ကိုယ်တွင်းအင်္ဂါအဆင့် သို့ ရောက်ရှိပြီး မဟာသခင်အဆင့်ကို ထိတွေ့ခွင့်ရလျှင်ပင် သူ ကျေနပ်နေပြီ ဖြစ်သည်။ မွေးရာပါနယ်ပယ်ဆိုသည်မှာ သူ အိပ်မက်ပင် မမက်ရဲသော အရာဖြစ်သည်။ အကယ်၍ ဝေ့ကျိအန်းသာ မွေးရာပါနယ်ပယ် သိုင်းပညာရှင် ဖြစ်လာခဲ့လျှင် ဆရာတစ်ယောက်အနေဖြင့် သူ နောင်တရစရာ ရှိတော့မည် မဟုတ်ပေ။

သမားတော်ကြီးကမူ လုချင်း၏ ဆုံးဖြတ်ချက်ကို ဝင်မစွက်ဖက်ဘဲ ပြုံး၍သာ ကြည့်နေလေသည်။

"ဆရာ... မန္တန်တွေလည်း ရေးထိုးပြီးပြီဆိုတော့ ကျွန်တော်တို့ ပြန်လှည့်ကြမလား၊ အဲ့ကျိုးကိုပဲ တန်းသွားကြမလား" လုချင်းက မေးလိုက်သည်။

သမားတော်ကြီးသည် ခေတ္တမျှ စဉ်းစားပြီးနောက် "ပြန်လှည့်ကြတာပေါ့ကွယ်။ မြင်းလှည်းအရှိန်က ဒီလောက်တောင် မြင့်တက်လာမှတော့ ခရီးဝေး သွားရင်တောင် သိပ်ကြာတော့မှာ မဟုတ်ဘူး‌လေ။ အဲ့ကျိုးက မြင်းလှည်းနဲ့ သွားဖို့ မသင့်တော်သေးဘူး"

ကိုယ်တိုင်မမြင်ဖူးခင်က အဲ့ကျိုး၏ မြေမျက်နှာသွင်ပြင် မည်မျှ ကြမ်းတမ်းသည်ကို သမားတော်ကြီး သတိမထားမိခဲ့ပေ။

ကျဉ်းမြောင်းသော တောင်ပေါ်လမ်းများကို ထည့်တွက်လိုက်လျှင် မန္တန်များ ရှိနေသည့်တိုင် မြင်းလှည်း ဖြတ်သန်းရန် လွယ်ကူမည် မဟုတ်။ ထို့အပြင် နက်ရှိုင်းသော တောင်တန်းများတွင် အဆိပ်ငွေ့များနှင့် အဆိပ်ပိုးမွှားများ ပေါများသဖြင့် အန္တရာယ် ပိုများစေနိုင်ပါ၏။

သာမန်အချိန်သာဆိုလျှင် သမားတော်ကြီးသည် စူးစမ်းလေ့လာရန် စိတ်ဝင်စားမိပေလိမ့်မည်။ သို့သော် ယခုအချိန်တွင် သူတို့၏ ဦးစားပေးမှာ ကျုံးကျိုးသို့ အမြန်ဆုံး ရောက်ရှိရန် ဖြစ်သဖြင့် လမ်းကြုံ မဝင်တော့ဘဲ ခရီးဆက်ခြင်းကသာ ပိုကောင်းပေလိမ့်မည်။

"ကောင်းပါပြီ... ဆရာပြောတဲ့အတိုင်း လုပ်ကြတာပေါ့" လုချင်းက ခေါင်းညိတ်လိုက်သည်။

သူကိုယ်တိုင်လည်း ပြန်လှည့်သွားချင်နေသည် မဟုတ်ပါလော။

ဆုံးဖြတ်ချက် ချပြီးသည်နှင့် လူတိုင်း ပစ္စည်းများ သိမ်းဆည်းကာ ခရီးထွက်ရန် ပြင်ဆင်ကြလေသည်။

လုချင်းမှလွဲ၍ ကျန်သူများအားလုံး မြင်းလှည်းပေါ် ရောက်သည်နှင့် အနည်းငယ် စိတ်လှုပ်ရှားနေကြသည်။

"သမားတော်ကြီး... သေချာ ကိုင်ထားကြနော်"

မြင်းလှည်း အရှေ့ဘက်တွင် ထိုင်နေသော မာကူးက လှမ်းအော်လိုက်ပြီး ကျာပွတ်ကို ဝှေ့ယမ်းလိုက်သည်။ သန်မာသော မြင်းနှစ်ကောင်သည်လည်း စိတ်လှုပ်ရှားစွာ ဟီလျက် ခွာများကို မြှောက်ကာ ရှေ့သို့ ဒုန်းစိုင်းပြေးကြလေသည်။

မြင်းလှည်း စထွက်သည်နှင့် မန္တန်များမှ ထူးဆန်းသော စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး မြင်းလှည်းနှင့် မြင်းများကို လွှမ်းခြုံလိုက်ရာ အရှိန်မှာ တစ်ဟုန်ထိုး မြင့်တက်သွားလေသည်။

ရုတ်တရက် အရှိန်မြင့်တက်သွားမှုကြောင့် မြင်းလှည်းအတွင်း၌ နောက်ဘက်သို့ ဆွဲကန်သော အားတစ်ခု ဖြစ်ပေါ်လာသည်။ လုချင်းနှင့် သမားတော်ကြီးတို့မှာ ကျင့်ကြံခြင်းအဆင့် မြင့်မားသူများ ဖြစ်သဖြင့် သက်ရောက်မှု မရှိဘဲ တည်ငြိမ်စွာ ထိုင်နေနိုင်ကြသည်။ သို့သော် ထိုသို့သော အရည်အချင်းမရှိသည့် ရှောင်ယန်နှင့် ဝေ့ကျိအန်းတို့မှာမူ နောက်သို့ လွင့်စဉ်လုနီးပါး ဖြစ်သွားကြသည်။

ထိုအချိန်မှာပင် မြင်းလှည်းအတွင်း၌ နူးညံ့သော လေစီးကြောင်းတစ်ခု ပေါ်လာပြီး သူတို့၏ ခန္ဓာကိုယ်များကို ညင်သာစွာ ထိန်းပေးထားလိုက်သည်။

"သမားတော်လေးလုချင်း... ဒါက ဘာကြီးလဲဟင်"

သူ့ကို ပင့်မပေးထားသော နူးညံ့သည့် လေစီးကြောင်းကို ခံစားမိသဖြင့် ဝေ့ကျိအန်းက အံ့သြစွာ မေးလိုက်သည်။

"ဒါက လေပြေမန္တန်ရဲ့ အာနိသင်လေ" လုချင်းက ပြုံး၍ ပြောသည်။ "နာမည်နဲ့ လိုက်အောင်ပဲ လေပြေမန္တန်က လေစီးဆင်းမှုကို ထိန်းချုပ်ပေးတယ်။ မြင်းလှည်းရဲ့ အရှိန်ကို မြှင့်တင်ပေးရုံတင်မကဘဲ ရုတ်တရက် အပြောင်းအလဲတွေကြောင့် အတွင်းကလူတွေကို ထိခိုက်မှုမရှိအောင်လည်း ကာကွယ်ပေးတယ်လေ"

"သြော်... မန္တန်ပညာရပ်က တကယ်ကို အံ့မခန်းပါလားဗျာ" ဝေ့ကျိအန်းက ရေရွတ်လိုက်သည်။

မှော်ဆန်သော မန္တန်များကို ကိုယ်တွေ့ကြုံလိုက်ရသဖြင့် ဝေ့ကျိအန်း၏ ကြိုးစားကျင့်ကြံလိုစိတ်မှာ ပို၍ပင် ပြင်းထန်လာလေသည်။ အကယ်၍ သူသာ မွေးရာပါနယ်ပယ်ကို ရောက်ရှိခဲ့လျှင် ဤကဲ့သို့ အံ့ဖွယ်နည်းပညာများကို သူလည်း တတ်မြောက်နိုင်မည် မဟုတ်ပါလော။

ဝေ့ကျိအန်း၏ ချီးကျူးစကားကို ကြားသောအခါ၌ လုချင်းက ပြုံးလိုက်သည်။ အကယ်၍ သာမန် ကျင့်ကြံသူတစ်ဦး၏ လေပြေမန္တန်သာဆိုလျှင် ဤမျှ ကွဲပြားသော စွမ်းဆောင်ရည်များ ရှိမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် လေပြေမန္တန်သည် အခြေခံ မန္တန်တစ်ခုသာ ဖြစ်သောကြောင့်တည်း။ သို့သော် လုချင်း မြင်းလှည်းပေါ်တွင် ရေးထိုးခဲ့သော မန္တန်များမှာ သူ၏ တွက်ချက်မှုနှင့် ပြုပြင်မွမ်းမံမှုများကြောင့် သိသိသာသာ တိုးတက်ကောင်းမွန်နေခြင်း ဖြစ်သည်။ ဤသည်မှာ သူ၏ မျက်ခုံးနှစ်ခုကြားရှိ ဝိညာဉ်အဆောင်ကြောင့်ပင် ဖြစ်သည်။ ဝိညာဉ်အဆောင်၏ အားဖြည့်ပေးမှုကြောင့် သူ၏ မန္တန်များသည် ပြီးပြည့်စုံရုံသာမက ဝိညာဉ်ဓာတ်ပါ ကိန်းအောင်းနေသဖြင့် ပိုပြီး ထိရောက်မှုရှိကြောင်း လုချင်း သဘောပေါက်လိုက်သည်။

ဒါက မြင့်မြတ်သော ဂါထာမန္တန်ဂိုဏ်း အမွေအနှစ်ရဲ့ စစ်မှန်တဲ့ စွမ်းအားပါလား။ ဝိညာဉ်အဆောင်ကို ဖွဲ့စည်းပြီးတာနဲ့ ဖန်တီးလိုက်တဲ့ မန္တန်တွေ၊ အဆောင်တွေက သာမန် ကျင့်ကြံသူတွေထက် အများကြီး သာလွန်သွားတာပဲ

လုချင်း တိတ်တဆိတ် တွေးလိုက်မိသည်။

ယခင်က မြင့်မြတ်သော ဂါထာမန္တန်ဂိုဏ်း၏ ကျင့်စဉ်သည် အခြားကျင့်စဉ်များထက် အဘယ်ကြောင့် ဤမျှ ခက်ခဲရသနည်းဟု သူ စဉ်းစားဖူးသည်။ ယခုမှသာ ဂိုဏ်း၏ စစ်မှန်သော စွမ်းအားသည် ဝိညာဉ်မန္တန်၌ ရှိကြောင်း သူ နားလည်လိုက်သည်။ ဝိညာဉ်မန္တန် ပိုင်ဆိုင်သူများသည် သာမန် ကျင့်ကြံသူများထက် ပိုမိုအားကောင်းသော မန္တန်စွမ်းအားများကို အသုံးပြုနိုင်ပေသည်။

မန္တန်စွမ်းအား၏ အကူအညီဖြင့် မြင်းလှည်းသည် မာကူး၏ ထိန်းချုပ်မှုအောက်တွင် လျင်မြန်စွာ ရွေ့လျားနေလေသည်။ အကယ်၍ အပြင်မှ တစ်စုံတစ်ယောက် ကြည့်နေပါက လုချင်း၏ မြင်းလှည်းသည် အပြာရောင် လေစီးကြောင်းတစ်ခု လွှမ်းခြုံလျက် ဆန်းကြယ်လျင်မြန်စွာ ရွေ့လျားသွားသည်ကို မြင်တွေ့ရပေလိမ့်မည်။

မကြာမီမှာပင် သူတို့သည် ယွင်ကျိုးသို့ ပြန်ရောက်လာပြီး မနေ့က တည်းခိုခဲ့သော ရွာငယ်လေး၏ အပြင်ဘက်သို့ ရောက်ရှိလာကြသည်။ ဒီတစ်ခါတော့ သူတို့ မရပ်နားတော့ဘဲ ဦးတည်ချက်အသစ်ကို ရှာဖွေကာ အလျင်အမြန် ထွက်ခွာခဲ့ကြသည်။

ဤသို့ဖြင့် မြင်းလှည်းသည် လျင်မြန်စွာ ခရီးနှင်ခဲ့ရာ ညနေစောင်းသောအခါ ယွင်ကျိုးမှ ထွက်ခွာပြီး အခြား ပြည်နယ်ကြီးတစ်ခုသို့ပင် ဝင်ရောက်လာခဲ့လေပြီ။

…

အခန်း ၂၅၂

"ညီလေးလုချင်း... မန္တန်စွမ်းအား ဖြည့်ထားတဲ့ ဒီမြင်းလှည်းက တကယ့်ကို အံ့သြစရာကြီးပါပဲဗျာ။ ငါ တွက်ကြည့်တာ ဒီနေ့တစ်ရက်တည်းနဲ့တင် မိုင်တစ်ထောင်ကျော်လောက် ခရီးပေါက်ခဲ့တယ်"

ညနေခင်း သစ်တောတစ်ခုထဲတွင် အနားယူနေစဉ် မာကူးက အံ့ဩတကြီးဖြင့် ပြောလာခဲ့သည်။

တစ်နေ့တာ မိုင်တစ်ထောင်ခရီး...

ဒါက တကယ်ကို မှတ်တမ်းတင်လောက်သည့် စွမ်းဆောင်ရည်ပင်။

တစ်နေ့ကို မိုင်တစ်ထောင် ခရီးနှင်နိုင်သည့် မြင်းပျံများအကြောင်း သူ ကြားဖူးပါသည်။ သို့သော် သူ ကိုယ်တိုင်မောင်းနှင်‌‌လာရသော မြင်းလှည်းက တစ်နေ့ကျရင် ဒီလို အံ့ဖွယ်စွမ်းဆောင်ရည်မျိုး ရလိမ့်မယ်ဟု ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဖူးပေ။

အဓိကအချက်မှာ တစ်နေ့လုံး ပြေးလွှားပြီးနောက် မြင်းလှည်းကို ဆွဲလာသော မြင်းကောင်းနှစ်ကောင်မှာ သိပ်ပင်ပန်းပုံမရခြင်းပင် ဖြစ်သည်။ ၎င်းတို့သည် လမ်းဘေးရှိ မြက်များကို အေးအေးလူလူ စားမြုံ့ပြန်နေကြသေးသည်။ တစ်နေ့တာ ခရီးကြမ်းနှင်ခဲ့ရသည့် ဒဏ်မှာ သူတို့အတွက် သိပ်မပြင်းထန်ကြောင်း ထင်ရှားလှပါ၏။

ထို့အပြင် မန္တန်ကြောင့် ကြမ်းတမ်းသော လမ်းများတွင်ပင် မြင်းလှည်းမှာ မခုန်ဘဲ ငြိမ်သက်နေသဖြင့် လူတိုင်းမှာ ယခင်ကလောက် ခရီးပန်းခြင်း မရှိကြပေ။

"ဒါက ဘာမှမဟုတ်သေးပါဘူး" လုချင်းက ပြုံးလိုက်သည်။ "ရှေးခေတ်တုန်းကဆိုရင် နတ်ဘုရားတွေက လေကို စီးပြီး ကောင်းကင်ကို ပျံသန်းနိုင်တဲ့ ပျံသန်းရေး ကိရိယာတွေ ဖန်တီးနိုင်ကြတယ်တဲ့။ မျက်စိတစ်မှိတ်အတွင်း မိုင်ပေါင်းရာချီ ခရီးနှင်နိုင်တယ်လို့လည်း ပြောကြတယ်။ အဲဒီလို အရှိန်မျိုးမှပဲ စစ်မှန်တဲ့ ဝိညာဉ်လက်နက်လို့ ခေါ်ထိုက်တာပါဗျာ"

မြင်းလှည်းတွင် လုချင်း ရေးထိုးထားသော မန္တန်သုံးခုကြောင့် ရတနာပစ္စည်းတစ်ခုကဲ့သို့ ထူးကဲသော စွမ်းအားများ ရှိနေသော်လည်း အလေးအနက်ထားပြီး ပြောရမည်ဆိုလျှင်တော့ ၎င်း၏ ကုန်ကြမ်းပစ္စည်းများကြောင့် ရတနာဟု ခေါ်၍မရနိုင်ပေ။ မှော်လက်နက်တစ်ခုပင် မဟုတ်ဘဲ ရတနာ၏ ဂုဏ်သတ္တိအချို့ကို ပိုင်ဆိုင်ထားရုံသာ ဖြစ်သည်။ စစ်မှန်သော ရတနာများ၊ မှော်လက်နက်များနှင့် ယှဉ်လျှင် အများကြီး နိမ့်ကျနေသေးသည်။

"လေဟုန်ကိုစီးပြီး ကောင်းကင်ကို ပျံသန်းမယ်... မျက်စိတစ်မှိတ်အတွင်း မိုင်ပေါင်းရာချီ သွားမယ်..."

လုချင်း၏ ပြောစကားကို ကြားရသောအခါ မာကူးသာမက သမားတော်ကြီးပါ အံ့သြမှင်သက်ပြီး တောင့်တစိတ်များ ဖြစ်ပေါ်လာကြသည်။

ထိုသို့သော မြင်ကွင်းမျိုးက မည်မျှ လွတ်လပ်ပေါ့ပါးပြီး စိတ်လှုပ်ရှားစရာ ကောင်းလိုက်မလဲဟု သူတို့ မတွေးဘဲ မနေနိုင်ကြပေ။

စိတ်ကူးယဉ်ပြီးနောက် သူတို့သည် တဲများ ထိုးကာ ညစာ ပြင်ဆင်ကြလေသည်။

"ကိုကို... ရှောင်လီက ဘာလို့ အခုထိ မနိုးသေးတာလဲဟင်"

လုချင်း ညစာ ပြင်ဆင်ပြီး၍ လူတိုင်းကို ထမင်းစားရန် ခေါ်သောအခါ ရှောင်လီကို ပွေ့ထားသော ရှောင်ယန်က စိုးရိမ်တကြီး မေးလိုက်သည်။

ဝိညာဉ်သားရဲသစ်သီးကို စားပြီးကတည်းက ရှောင်လီသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီး ထမင်းစားချိန်၌ပင် နိုးမလာခဲ့ပေ။ ပုံမှန်ဆိုလျှင် ထမင်းစားချိန်တိုင်း လုချင်းဆီက ငါးခြောက်တောင်းစားနေကျ ဖြစ်သည်။ သို့သော် လွန်ခဲ့သော နှစ်ရက်အတွင်း နိုးလာမည့် အရိပ်အယောင်မပြဘဲ အိပ်နေသဖြင့် ရှောင်ယန်မှာ အလွန် စိတ်ပူနေရသည်။

လုချင်းသည် အိပ်မောကျနေဆဲဖြစ်သော ရှောင်လီကို လှမ်းယူလိုက်သည်။

သူသည် ဝိညာဉ်စွမ်းအားကို သုံး၍ အာရုံခံလိုက်ပြီးနောက် သူ၏ နတ်မျက်စိစွမ်းရည်ကို အသက်သွင်းကာ စစ်ဆေးကြည့်လိုက်သည်။

ထို့နောက် သူက ရှောင်ယန်ကို စိတ်သက်သာရာရစေရန် ပြောလိုက်သည်။ "ညီမလေး စိတ်မပူပါနဲ့။ ရှောင်လီက ဆေးစွမ်းကို ချေဖျက်နေတုန်းမို့လို့ပါ။ အလွန်ဆုံး နှစ်ရက် သုံးရက်လောက်နေရင် နိုးလာပါလိမ့်မယ်"

"နောက်ထပ် နှစ်ရက် သုံးရက်တောင်လား"

ရှောင်လီ ဘေးကင်းကြောင်း သိရ၍ စိတ်သက်သာရာရသွားသော်လည်း ရှောင်ယန်မှာ အနည်းငယ် ဆွေးမြေ့နေဆဲပင်။ ပြီးခဲ့သည့် နှစ်ရက်အတွင်း ရှောင်လီ အိပ်နေသဖြင့် သူမနှင့် စစ်တုရင် ကစားမည့်သူ မရှိဖြစ်နေရလေ၏။

"မပူပါနဲ့... ရှောင်လီ နိုးလာရင် ညီမလေးနဲ့ ပြန်ကစားလို့ ရပါပြီ"

လုချင်းသည် မြင်းလှည်းဆီသို့ လျှောက်သွားပြီး ရှောင်လီကို သူ့အိပ်ရာလေးထဲသို့ ညင်သာစွာ ထည့်ပေးလိုက်သည်။

အမှန်တိုင်း ပြောရလျှင် ဒီတစ်ခါ ရှောင်လီ ဒီလောက်အကြာကြီး အိပ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သို့သော် သူ၏ ဝိညာဉ်စွမ်းအားဖြင့် အာရုံခံကြည့်သောအခါ၌ ရှောင်လီ၏ ခန္ဓာကိုယ်အတွင်း၌ ကြီးမားသော စွမ်းအင်တစ်ခု ကိန်းအောင်းနေသည်ကို ခံစားမိသည်။ သူ၏ နတ်မျက်စိစွမ်းရည်မှ ရရှိသော အချက်အလက်များအရ ရှောင်လီသည် ကြီးမားသော ပြောင်းလဲမှုတစ်ခုကို ကြုံတွေ့နေရကြောင်း သိလိုက်ရသည်။

ဝိညာဉ်သားရဲသစ်သီးသည် ၎င်းအတွက် အမှန်တကယ် ထိရောက်မှု ရှိပုံရသည်။ သို့မဟုတ်လျှင် ဤမျှကြာအောင် ပြောင်းလဲမှု ဖြစ်ပေါ်နေမည် မဟုတ်ပေ။ ဒီအပြောင်းအလဲပြီးရင် ရှောင်လီ ဘယ်လောက်အထိ သန်မာလာမလဲ ဆိုတာကိုတော့ လုချင်း အတော်လေး မျှော်လင့်နေမိသည်။

ဝိညာဉ်သားရဲသစ်သီး မစားခင်ကပင် ရှောင်လီ၏ အင်အားသည် ကိုယ်တွင်းအင်္ဂါအဆင့် ကျွမ်းကျင်သူများကို အလွယ်တကူ သတ်ဖြတ်နိုင်လောက်အောင် ရှိနေပြီဖြစ်သည်။ မဟာသခင်များပင်လျှင် ၎င်း၏ ကိုယ်ဖျောက်နိုင်စွမ်းကို ယှဉ်နိုင်စွမ်း မရှိကြပေ။ လုချင်းလို ထူးခြားဆန်းကြယ်သူများမှလွဲ၍ ရှောင်လီသည် မွေးရာပါနယ်ပယ်အောက်တွင် ပြိုင်ဘက်ကင်းနီးပါး ဖြစ်သည်ဟု ဆိုနိုင်သည်။

ထို့ကြောင့် ယခုတစ်ကြိမ် နိုးလာလျှင် ရှောင်လီ၌ မည်သို့သော အပြောင်းအလဲများ ရှိလာမည်ကို လုချင်း အလွန် သိချင်နေမိပါ၏။

ထိုမျှော်လင့်ချက်ဖြင့် နောက်ရက်များတွင် ခရီးသွားနေစဉ် လုချင်းသည် ရှောင်လီ၏ အခြေအနေကို မျက်ခြည်မပြတ် စောင့်ကြည့်နေခဲ့သည်။ ရှောင်လီအတွင်းရှိ စွမ်းအင်များ ပိုမို အားကောင်းလာပြီး အနက်ရောင် မီးတောက်နှင့်တူသော ၎င်း၏ သားမွှေးများမှာ ပိုမိုနက်ရှိုင်း လေးနက်လာသည်ကို သူ သတိထားမိသည်။

နောက်ဆုံးတွင် တတိယမြောက်နေ့ ညနေခင်း သူတို့ ညစာစားနေကြစဉ် မြင်းလှည်းပေါ်မှ ပုံရိပ်တစ်ခု ရုတ်တရက် ပြေးထွက်လာပြီး လုချင်းရှေ့၌ ချက်ချင်း ပေါ်လာလေသည်။ မျက်လုံးဝိုင်းကြီးနှစ်လုံးဖြင့် သူ့ကို သနားစဖွယ် မော့ကြည့်နေ၏။

လုချင်း၏ ပန်းကန်ကိုင်ထားသော လက်မှာ ရပ်တန့်သွားသည်။ "ရှောင်လီ... မင်း နိုးလာပြီလား"

လုချင်း တုန်လှုပ်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ရှောင်လီ နိုးလာသည်ကို သူ လုံးဝ အာရုံမခံမိလိုက်သောကြောင့်ပင်။ ယခု ရုတ်တရက် ရောက်လာသည်ကိုပင် ကြိုတင်သတိပေးချက် မရှိဘဲ ရောက်လာသဖြင့် သူ အငိုက်မိလုနီးပါး ဖြစ်သွားရသည်။

သမားတော်ကြီး၏ မျက်နှာတွင်လည်း အံ့သြသွားသည့် အရိပ်အယောင် ပေါ်လာသည်။ လုချင်းကဲ့သို့ပင် သူလည်း ရှောင်လီ၏ လှုပ်ရှားမှုကို ကြိုတင်မသိလိုက်ပေ။ ပို၍ အရေးကြီးသည်မှာ ရှောင်လီထံမှ အန္တရာယ်ရှိသော အငွေ့အသက်ကို သူ ခံစားလိုက်ရခြင်းပင်။ ဤသည်မှာ ရှောင်လီသည် သူ့ကို အတိုင်းအတာတစ်ခုအထိ ခြိမ်းခြောက်နိုင်စွမ်း ရှိလာပြီဖြစ်ကြောင်း ပြသနေသည်။

"ရှောင်လီ... နင် နိုးလာပြီပဲ"

ရှောင်ယန်မှာ အလွန်ဝမ်းသာသွားပြီး ပန်းကန်ကိုင်မထားလျှင် ပြေးဖက်မိမည်မှာ သေချာသည်။

ရှောင်လီက ခေါင်းညိတ်ပြသော်လည်း သနားစဖွယ် ကြည့်နေဆဲဖြစ်ကာ လုချင်း၏ အင်္ကျီစကို လက်သည်းသေးသေးလေးဖြင့် ဆွဲနေလေသည်။

"ဗိုက်ဆာလို့လား... တစ်ခုခု စားချင်လို့လား"

ရှောင်လီနှင့် အချိန်အကြာကြီး နေလာသဖြင့် လုချင်းက ၎င်း၏ ဆိုလိုရင်းကို ချက်ချင်း နားလည်လိုက်၏။

ရှောင်လီကလည်း ခေါင်းညိတ်ပြလာရှာသည်။

"နေဦး ငါ ငါးခြောက် သွားယူပေးမယ်"

လုချင်းက ချက်ချင်းပင် မြင်းလှည်းဆီသို့ သွားပြီး မကြာမီ ငါးခြောက် ပန်းကန်လုံးကြီးတစ်လုံးကို ယူလာကာ ရှောင်လီရှေ့တွင် ချပေးလိုက်သည်။ ထိုအခါ၌ ရှောင်လီ၏ မျက်လုံးများ အရောင်လက်သွားပြီး ချက်ချင်းပင် ခုန်အုပ်ကာ ငါးခြောက်များကို အငမ်းမရ စားသောက်လေတော့သည်။ ရက်အတော်ကြာ အိပ်ပျော်နေခဲ့သဖြင့် အမှန်တကယ် ဗိုက်ဆာနေပုံရသည်။

လုချင်းသည် ၎င်းကို မနှောင့်ယှက်ဘဲ မိမိ၏ နတ်မျက်စိစွမ်းရည်ကို တိတ်တဆိတ် အသက်သွင်းကာ ရှောင်လီကို လေ့လာကြည့်လိုက်သည်။

ထို့နောက်တွင်တော့ ရှောင်လီ၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်ကို သူ မြင်လိုက်ရသည်။

[ညဝိညာဉ်ကြောင်မြီးတို : မွေးရာပါ ဝိညာဉ်သားရဲ ၊ အရွယ်မရောက်သေး၊ အမ]

[အလွန် လျင်မြန်ပြီး ကျောက်တုံးများကို ခွဲနိုင်၊ သံတုံးများကို ဖြတ်နိုင်သော ထက်ရှသည့် လက်သည်းများ ရှိသည်။ အရာအားလုံးကို ပိုင်းဖြတ်နိုင်သည်။]

[ဝိညာဉ်သားရဲသစ်သီးကို ချေဖျက်ပြီးနောက် ၎င်း၏ သွေးမျိုးဆက် တိုးတက်ပြောင်းလဲလာပြီး မွေးရာပါ ဝိညာဉ်သားရဲ ဖြစ်လာကာ သွေးမျိုးဆက် အမွေအနှစ်ကို အသက်သွင်းနိုင်ခဲ့သည်။]

[သွေးမျိုးဆက် ပြောင်းလဲပြီးနောက် ၎င်း၏ ပါရမီသည်လည်း ဝိညာဉ်စွမ်းရည်အဖြစ်သို့ တိုးတက်သွားသည်။ ၎င်း၏ သားမွှေးများသည် နေရာလွတ်ကို ပုံပျက်စေနိုင်ပြီး အမှောင်ထုထဲသို့ လုံးဝ ပေါင်းစပ်ကာ ခြေရာလက်ရာအားလုံးကို ဖုံးကွယ်ထားနိုင်သည်။]

[ဒဏ္ဍာရီများအရ ညဝိညာဉ်ကြောင်မြီးတိုသည် ငါးကို နှစ်သက်သော်လည်း သဘာဝအလျောက် ရေကို ကြောက်တတ်သဖြင့် ငါးမြင်လျှင် သက်ပြင်းချတတ်သည်ဟု ဆိုကြသည်။]

ရှောင်လီ၏ အချက်အလက်များကို ဖတ်ပြီးနောက် လုချင်း အလွန် ဝမ်းသာသွားလေသည်။

ဝိညာဉ်သားရဲသစ်သီးကို ချေဖျက်ပြီးနောက် ရှောင်လီသည် အမှန်တကယ်ပင် ကြီးမားသော ပြောင်းလဲမှုကို ကြုံတွေ့ခဲ့ရသည်။ ယခုအခါ ၎င်းသည် မွေးရာပါ ဝိညာဉ်သားရဲ ဖြစ်နေပြီဖြစ်ကာ ပါရမီလည်း တိုးတက်လာခဲ့ပြီ ဖြစ်သည်။

ရှောင်လီ၏ ယခင် ပါရမီမှာ အလင်းကိုသာ ပုံပျက်စေပြီး ကိုယ်ဖျောက်နိုင်သော စွမ်းရည်မျှသာဖြစ်ကြောင်း လုချင်း မှတ်မိနေသည်။ မွေးရာပါနယ်ပယ်အဆင့် ကျွမ်းကျင်သူများနှင့် ရင်ဆိုင်ရလျှင် သူတို့၏ ဝိညာဉ်အာရုံခံမှုကို ရှောင်တိမ်းနိုင်မည် မဟုတ်ပေ။

သို့သော် ယခု အချက်အလက်များအရ ရှောင်လီ၏ ပါရမီသည် ဝိညာဉ်စွမ်းရည်အဖြစ် တိုးတက်ပြောင်းလဲသွားပြီ ဖြစ်သည်။ ယခုအခါ အလင်းကိုသာမက နေရာလွတ်ကိုပါ ပုံပျက်စေနိုင်ပြီး အမှောင်ထဲတွင် လုံးဝ ပုန်းအောင်းကာ ခြေရာလက်ရာအားလုံးကို ဖုံးကွယ်ထားနိုင်ပြီ ဖြစ်သည်။

စောစောက ရှောင်လီ၏ လှုပ်ရှားမှုကို သူ အာရုံမခံမိခဲ့ခြင်းမှာ မဆန်းတော့ပေ။ ဤမျှ ကြီးမားသော ပြောင်းလဲမှုမျိုး ဖြစ်ပေါ်ခဲ့သည်ကိုး။ နေရာလွတ်ကို ပုံပျက်စေနိုင်သော ကြောက်မက်ဖွယ် ပါရမီဖြင့် ပုန်းအောင်းလိုက်လျှင် ထိပ်တန်း မွေးရာပါနယ်ပယ် ကျွမ်းကျင်သူများပင် ရှောင်လီရှိနေသည်ကို သိရှိနိုင်ရန် ခဲယဉ်းပေလိမ့်မည်။

ထို့အပြင် အချက်အလက်များထဲတွင် ရှောင်လီသည် သွေးမျိုးဆက် အမွေအနှစ်ကို အသက်သွင်းလိုက်ပြီဟု ဖော်ပြထားသည်။ ဒါကိုတော့ အချိန်ရမှ မေးကြည့်ရပေမည်။

ရှောင်လီ၏ လျှို့ဝှက်ချက်များနှင့် ပတ်သက်နေသဖြင့် လုချင်းသည် လူတိုင်းရှေ့တွင် အပြောင်းအလဲအကြောင်း မမေးမြန်းခဲ့ပေ။

နောက်တစ်နေ့ နံနက်တွင် သူသည် ရှောင်လီကို လူပြတ်သော ချိုင့်ဝှမ်းတစ်ခုသို့ ခေါ်သွားလေသည်။

"ရှောင်လီ... ဝိညာဉ်သားရဲသစ်သီးကို ချေဖျက်ပြီးတော့ ထူးခြားတာ တစ်ခုခု ခံစားရလား"

ရှောင်လီက ခေါင်းလေးစောင်းကာ ခေတ္တမျှ စဉ်းစားလိုက်သည်။ ရုတ်တရက် ၎င်း၏ သားမွှေးများ လှုပ်ရှားသွားပြီး လုချင်း၏ မျက်စိရှေ့မှ တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။

"ဒါက မင်းရဲ့ တိုးတက်လာတဲ့ ဝိညာဉ်စွမ်းရည်သစ်လား"

လုချင်း၏ မျက်ခုံးကြားရှိ ဝိညာဉ်စွမ်းအင်စုဆည်းရာနေရာမှ ဝိညာဉ်စွမ်းအားများ ထွက်ပေါ်လာသည်။ သို့သော် ရှောင်လီ ရှိနေခြင်းကို သူ တကယ် အာရုံမခံနိုင်ကြောင်း တွေ့လိုက်ရ၏။

ပတ်ဝန်းကျင်တစ်ခုလုံး တည်ငြိမ်ပြီး ပုံမှန်အတိုင်း ဖြစ်နေသည်။ ရှောင်လီ ပျောက်သွားသည်ကို မျက်မြင်ကိုယ်တွေ့သာ မမြင်လိုက်ရလျှင် ထူးခြားသော ဝိညာဉ်သားရဲတစ်ကောင် အနီးအနားတွင် ပုန်းအောင်းနေသည်ဟု သူ ဘယ်တော့မှ ထင်မိမည် မဟုတ်ပေ။

ရုတ်တရက် လုချင်းသည် သူ့ဘေးပတ်လည်တွင် လေဟာနယ် ကမောက်ကမဖြစ်မှုအနည်းငယ်ကို ခံစားလိုက်ရသည်။ အကယ်၍ သူ၏ ထူးကဲသော ဝိညာဉ်စွမ်းအားကြောင့်သာ မဟုတ်လျှင် သတိထားမိမည် မဟုတ်ပေ။ ချက်ချင်းပင် သူ့ပခုံးပေါ်တွင် အလေးချိန် အနည်းငယ် စီးလာသည်ကို ခံစားလိုက်ရသည်။ ခေါင်းလှည့်ကြည့်လိုက်ရာ ရှောင်လီသည် သူ့ပခုံးပေါ်တွင် မတ်တပ်ရပ်လျက် သူ့ကို မျှော်လင့်တကြီး ကြည့်နေသည်ကို တွေ့လိုက်ရ၏။ သူ့ချီးကျူးစကားကို စောင့်နေပုံပင်။

လုချင်းက ရက်ရောစွာပင် ချီးကျူးလိုက်သည်။ "မိုက်တယ်ဟေ့... ရှောင်လီ။ မင်းရဲ့ ပါရမီ တိုးတက်လာတော့ မွေးရာပါနယ်ပယ် သိုင်းပညာရှင်တွေတောင် မင်းရှိနေတာကို သိဖို့ ခက်သွားပြီ"

ရှောင်လီက ချက်ချင်းပင် ခေါင်းမော့လိုက်ပြီး ရှေ့လက်သည်းများကို ခါးတွင်ထောက်ကာ ဂုဏ်ယူဝင့်ကြွားသော ဟန်ပန်ကို ပြသလိုက်သည်။ လူသားဆန်သော ၎င်း၏ အမူအရာကို ကြည့်ပြီး လုချင်း မရယ်ဘဲ မနေနိုင်တော့ပေ။

သူက ရှောင်လီ၏ ခေါင်းကို ပုတ်လိုက်ရင်း "မင်းက ရှောင်ယန်နဲ့ ပိုပိုတူလာပြီပဲ"

ရှောင်ယန်သည်လည်း မကြာခဏဆိုသလို ခါးထောက်ပြီး ဂုဏ်ယူဝင့်ကြွားစွာ ကြွားလုံးထုတ်တတ်သည်။ ကလေးနှစ်ယောက် အချိန်အကြာကြီး အတူနေခဲ့ကြသဖြင့် အပြုအမူများ တူလာကြခြင်း ဖြစ်သည်။

"ဒါနဲ့ ရှောင်လီ... မင်းရဲ့ ပါရမီ ပိုကြမ်းလာတာအပြင်ကိုမှ တခြား ထူးဆန်းတဲ့ အပြောင်းအလဲတွေ ခံစားရသေးလား"

ရှောင်လီက ခေါင်းလေးစောင်းကာ ထပ်မံ စဉ်းစားပြန်သည်။ ခဏအကြာတွင် ၎င်း၏ မျက်လုံးများ အရောင်လက်လာပြီး လုချင်းကို တစ်စုံတစ်ခု ပြောပြရန် လက်သည်းများကို ဝှေ့ယမ်းပြလေသည်။

သို့သော် ၎င်းပြောလိုသည်မှာ ရှုပ်ထွေးလွန်းသဖြင့် လုချင်းအနေဖြင့် ချက်ချင်း နားမလည်နိုင်ခဲ့ပေ။

"မင်း ဆိုလိုတာက... မင်းရဲ့ ခေါင်းထဲမှာ... ငါ ရှောင်ယန်ကို သင်ပေးတဲ့ ကျင့်စဉ်တွေလိုမျိုး အရာတချို့ ရုတ်တရက် ပေါ်လာတယ် ဆိုလိုတာလား"

ရှောင်လီက ခေါင်းညိတ်ပြပြီး သဲပြင်ပေါ်တွင် ဆက်လက် ရေးခြစ်ပြသည်။

"ပြီးတော့ မင်းခေါင်းထဲက နည်းလမ်းတွေက မင်းနဲ့ အရမ်းရင်းနှီးပြီး အများကြီး အထောက်အကူ ဖြစ်မယ်လို့ ခံစားရတယ်ပေါ့"

ရှောင်လီက ခေါင်းထပ်ညိတ်ပြပြီး ဆက်လက် ရေးသားပြန်သည်။

"မင်း ဘာလုပ်ရမလဲ သိချင်နေတာလား"

လုချင်း စဉ်းစားပြီး မေးလိုက်သည်။ "မင်း ခေါင်းထဲက နည်းလမ်းတွေကို ချရေးပြလို့ ရမလား"

ရှောင်လီက ခေါင်းခါပြသည်။

လုချင်းလည်း ထိုသို့ပင် တွေးမိပါသည်။ ရှောင်လီ၏ ခေါင်းထဲမှ နည်းလမ်းများသည် သွေးမျိုးဆက်မှ လာခြင်းဖြစ်ပြီး စာဖြင့် ရေးသားဖော်ပြနိုင်သော ရိုးရှင်းသည့် စာသားများ မဟုတ်တန်ရာ။

ကံဆိုးစွာပင် ရှောင်လီသည် ထိုနည်းလမ်းများကို မသင်ယူရသေးသောကြောင့် ဖြစ်မည်၊ သူ နတ်မျက်စိအစွမ်းကို အသက်သွင်းကြည့်သော်လည်း ထိုနည်းလမ်းများကိုသရုပ်ဖော်ခြင်းနှင့် ဒေါင်းလုဒ်လုပ်ခြင်းပြုလုပ်ရန် အရိပ်အယောင် မတွေ့ရပေ။ သို့မဟုတ်လျှင် သူ၏ နတ်မျက်စိစွမ်းရည်ကို သုံး၍ ထိုနည်းလမ်းများတွင် ပြဿနာ ရှိ ၊ မရှိ ကူညီဆန်းစစ်ပေးနိုင်မည် ဖြစ်သည်။

သို့သော် ခေတ္တမျှ စဉ်းစားပြီးနောက် လုချင်းက ပြောလိုက်၏။ "မင်းရဲ့ သွေးမျိုးဆက် ပြောင်းလဲပြီးမှ ဒီနည်းလမ်းတွေ ပေါ်လာတာဆိုတော့ ဒါတွေက မင်းရဲ့ သွေးမျိုးဆက် အမွေအနှစ် ဖြစ်လောက်တယ်။ ရှောင်လီ... မင်း အဲဒါတွေကို စမ်းပြီး ကျင့်ကြံကြည့်လို့ ရတယ်"

ရှောင်လီ၏ မျက်လုံးများ တောက်ပသွားသည်။ ခေါင်းထဲမှ နည်းလမ်းများသည် အလွန် ရင်းနှီးသည်ဟု ခံစားရသော်လည်း ရှင်းပြ၍မရသော ထိုအရာများကို အနည်းငယ် ကြောက်ရွံ့နေခဲ့သည်။ ယခု လုချင်းက အဆင်ပြေသည်ဟု ပြောလိုက်မှ ရှောင်လီလေးခင်မျာ စိတ်အေးသွားလေသည်။ လုချင်း၏ တိုက်ပွဲဝင်ဖော်အဖြစ် ကာလရှည် လက်တွဲခဲ့ဖူးသော ရှောင်လီသည် လုချင်း မည်မျှတော်ကြောင်း ကောင်းစွာ သိသည်။ သူက အဆင်ပြေသည်ဟု ပြောမှတော့ စိတ်ချလက်ချ ကျင့်ကြံနိုင်ပြီ ဖြစ်သည်။

"မင်း စပြီး ကျင့်ကြံလို့ ရပါပြီ။ ပြဿနာ တစ်စုံတစ်ရာ ရှိရင် ငါ အချိန်မီ သတိပေးပါ့မယ်"

ရှောင်လီသာ ခေါင်းထဲမှ နည်းလမ်းများကို သင်ယူပြီးသွားပါက သူလည်း ဒေါင်းလုဒ်လုပ်နိုင်လောက်သည်ဟု လုချင်း ခန့်မှန်းမိသည်။ ထိုအခါကျမှ ထိုနည်းလမ်းတွေ၏ လျှို့ဝှက်ချက်ကို သူ နားလည်နိုင်ပေလိမ့်မည်။ ရှောင်လီ၏ ဇစ်မြစ်ကို ဖော်ထုတ်ရာတွင်ပင် အထောက်အကူ ဖြစ်ကောင်း ဖြစ်နိုင်ပါ၏။

လုချင်းသည် ရှောင်လီ၏ ဇစ်မြစ်ကို အမြဲ သိချင်နေခဲ့သူ ဖြစ်သည်။ အထူးသဖြင့် ယခု သွေးမျိုးဆက် ပြောင်းလဲပြီးနောက် ရှောင်လီ၏ ဝိညာဉ်စွမ်းရည်ကြောင့် ၎င်း၏ နောက်ခံမှာ သာမန်မဟုတ်ကြောင်း သူ သဘောပေါက်လိုက်သည်။ ကံဆိုးသည်မှာ ရှောင်လီကိုယ်တိုင်လည်း ကျိုးလီရွာ နောက်ကျောဘက် တောင်တန်းများပေါ်သို့ မည်သို့ ရောက်ရှိနေသည်ကို မသိသလို အသိစိတ် မဝင်ခင်က အဖြစ်အပျက်များကိုလည်း မှတ်မိခြင်း မရှိပေ။ ဤအချက်က လုချင်းအတွက် စုံစမ်းရန် ခက်ခဲစေခဲ့ပါ၏။

သို့သော် ရှောင်လီ၏ သွေးမျိုးဆက် အမွေအနှစ်အသက်ဝင်လာခြင်းက မျှော်လင့်ချက်ရောင်ခြည်သန်းလာစေသည်။ ရှောင်လီ၏ ထူးခြားသော နောက်ခံတွင် ရှေးဟောင်း လျှို့ဝှက်ချက်အချို့ ပါဝင်ပတ်သက်နေနိုင်ကြောင်း လုချင်း အလိုလို ခံစားမိသည်။ သို့သော် ဒါတွေက သူ့ထင်မြင်ချက်များသာ ဖြစ်သဖြင့် ရှောင်လီကို ထုတ်မပြောခဲ့ပေ။

ဆက်လက်၍ သူသည် ရှောင်လီ၏ အင်အားကို စမ်းသပ်ကြည့်သည်။

မွေးရာပါ ဝိညာဉ်သားရဲ ဖြစ်လာပြီးနောက် ၎င်း၏ ပါရမီသည် ဝိညာဉ်စွမ်းရည်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ အမြန်နှုန်းနှင့် တိုက်ခိုက်နိုင်စွမ်းလည်း နှစ်ဆ တိုးလာ၏။ အထူးသဖြင့် ဖျက်ဆီး၍မရနိုင်လောက်အောင် မာကျောသော ၎င်း၏ လက်သည်းနှင့် သွားများသည် ယခုအခါ၌ ကျောက်တုံးနှင့် သံတုံးများကို ပို၍ လွယ်ကူစွာ ဖြတ်တောက်နိုင်နေပြီ ဖြစ်သည်။

လုချင်းသည် ကောင်းကင်ကြွေသံမဏိတစ်တုံးကို ထုတ်ပေးလိုက်ရာ ရှောင်လီသည် ၎င်းကိုပင် ခြစ်ရာထင်အောင် လုပ်နိုင်ခဲ့သည်။

ကောင်းကင်ကြွေသံမဏိပေါ်မှ ခြစ်ရာများကို ကြည့်ရင်း လုချင်း အံ့သြမှင်သက်သွားသည်။ သူ ထုတ်ပေးလိုက်သော ကောင်းကင်ကြွေသံမဏိမှာ သန့်စင်ထားခြင်း၊ မန္တန်ရေးထိုးထားခြင်း မရှိသေးသော်လည်း ပစ္စည်း၏ မူလမာကျောမှုသက်သက်ကပင် လက်နက်အများစုထက် သာလွန်ပြီး ဝိညာဉ်လက်နက်များနှင့် ယှဉ်နိုင်လေသည်။ အကယ်၍ ရှောင်လီက ၎င်းကို ခြစ်ရာထင်စေနိုင်သည်ဆိုလျှင် ဝိညာဉ်လက်နက်များကိုပင် ၎င်း၏ လက်သည်းများက ပျက်စီးစေနိုင်သည်ဟု ဆိုလိုရာ ရောက်သည်။

ကြောက်စရာအတိပင်။

All Chapters