အခန်း (၂၅၃-၂၅၄)
Vol. 26 Ch. 253-254
အခန်း ၂၅၃ - နောက်ဆုံးတော့ ကျုံးကျိုးကို ရောက်ပြီ၊ နဂါးပြာဂိတ်
ရွှမ်း... ရွှမ်း... ရွှမ်း...
ချိုင့်ဝှမ်းတစ်ခုအတွင်းတွင် ရှောင်လီ၏ ပုံရိပ်သည် လုချင်း၏ ဘေးပတ်လည်၌ တဖျပ်ဖျပ် လှုပ်ရှားနေလေသည်။
ထိုသို့ လှုပ်ရှားနေရင်း မကြာခဏဆိုသလို ၎င်း၏ လက်သည်းဖြင့် လေထုကို ကုတ်ခြစ်လိုက်ရာ ဓားသွားကဲ့သို့ ထက်ရှသော လေကြောင်းများ ဖြစ်ပေါ်လာပြီး လုချင်းကို တိုက်ခိုက်လေသည်။
လုချင်းသည် အလွှာတစ်ထောင် ဓားအမြုတေကို ကိုင်ဆောင်ထားပြီး လက်ကောက်ဝတ်ကို အနည်းငယ် လှုပ်ရှားလိုက်ရုံဖြင့် ထိုလေဓားသွားများကို အလွယ်တကူ ရိုက်ခွဲဖျက်ဆီးလိုက်သည်။
ဟုတ်ပါသည်... လုချင်းသည် ရှောင်လီနှင့် လေ့ကျင့်ရေးဆင်းနေခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ရှောင်လီ၏ အင်အားအတိုင်းအတာကို စမ်းသပ်ရန်အတွက် ထိခိုက်မိမည်ကို စိုးရိမ်စရာမလိုဘဲ လွတ်လပ်စွာ တိုက်ခိုက်ခွင့် ပေးထားလေသည်။
သို့သော်လည်း ထိုကောင်လေးသည် အင်အားချန်ထားပုံ ရနေသေးသည်။
"ရှောင်လီ... ဒီလေဓားသွားလောက်နဲ့တော့ ငါ့ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။ မင်းရဲ့ အစွမ်းအစ အစစ်အမှန်ကို ထုတ်ပြစမ်းပါ" လုချင်းက ပြုံး၍ ပြောလိုက်သည်။
"ရွှမ်း..."
သူ စကားဆုံးသည်နှင့် ရှောင်လီသည် လုချင်း၏ ဘယ်ဘက်ခြမ်း၌ ရုတ်တရက် ပေါ်လာသည်။ အေးစက်သော အလင်းရောင်များ လက်နေသည့် လက်သည်းများကြောင့် လုချင်း၏ အရေပြားပင် အနည်းငယ် ကျင်တက်သွားလေသည်။
ရှောင်လီ၏ လက်သည်းများသည် လုချင်း၏ ခန္ဓာကိုယ်ကို ထိလုနီးပါး ဖြစ်နေပြီပင်။
အရေးကြီးသော အခိုက်အတန့်တွင် လုချင်း၏ ဓားသည် နက်နဲသော လမ်းကြောင်းတစ်ခုအတိုင်း ရွေ့လျားသွားပြီး ရှောင်လီ၏ လက်သည်းများကို အချိန်မီ ဟန့်တားလိုက်နိုင်သည်။
"ခွပ်..."
မျှော်လင့်ထားသည့်အတိုင်းပင် လုချင်းလက်ထဲမှ အလွှာတစ်ထောင် ဓားအမြုတေသည် ရှောင်လီ၏ ယုံနိုင်စရာမရှိလောက်အောင် ထက်မြက်သော လက်သည်းချက်ကြောင့် ချက်ချင်း ပြတ်တောက်သွားလေသည်။
ထိုသို့ အနည်းငယ် ဟန့်တားလိုက်နိုင်သည်နှင့် လုချင်းသည် လျင်မြန်ဖျတ်လတ်စွာဖြင့် နောက်သို့ ဆုတ်လိုက်သည်။
သို့သော် သူသည် ရှောင်လီ၏ တိုက်ခိုက်မှု အကွာအဝေးမှ လွတ်မြောက်ပြီဟု ထင်လိုက်စဉ်မှာပင် ရှောင်လီ၏ ပုံရိပ်သည် နောက်တစ်ကြိမ် ဖျပ်ခနဲ လှုပ်ရှားသွားပြီး လေထုထဲသို့ ပျောက်ကွယ်သွားပြန်သည်။
ပြန်ပေါ်လာသောအခါ လုချင်းနှင့် တစ်ပေအကွာလောက်တွင် ရောက်ရှိနေပြီး လည်ပင်းနားသို့ ညင်သာစွာ ဝဲပျံသလို ရောက်လာကာ ဆံပင်တစ်စကို ဖြတ်တောက်ယူငင်ပြီးနောက် သစ်ကိုင်းတစ်ကိုင်းပေါ်သို့ ဆုတ်ခွာသွားလေသည်။ တိုက်ခိုက်မှုကို ရပ်တန့်လိုက်ခြင်းပင်။
"မဆိုးဘူးပဲ..."
လုချင်းသည် ကျဆင်းလာသော ဆံပင်စကို လှမ်းဖမ်းလိုက်ပြီး မချီးကျူးဘဲ မနေနိုင်တော့ပေ။
ရှောင်လီ၏ အမြန်နှုန်းမှာ တကယ့်ကို အံ့မခန်းပင်။
ကိုယ်ဖျောက်နိုင်သော ဝိညာဉ်စွမ်းရည်နှင့် ပေါင်းစပ်လိုက်သောအခါ လုချင်းပင်လျှင် ဝှက်ဖဲများကို ထုတ်မသုံးဘဲနှင့် ၎င်းကို ယှဉ်နိုင်မည် မဟုတ်တော့။
"အူး....."
ရှောင်လီက အနည်းငယ် အော်မြည်လိုက်ပြီး ရင်ကော့ကာ ဂုဏ်ယူနေလေသည်။
"မင်းကတော့လေ..." လုချင်းက ခေါင်းခါရင်း ရယ်မောလိုက်သည်။ "ဒါပေမဲ့ ရှောင်လီ... မင်းရဲ့ အမြန်နှုန်းနဲ့ လက်သည်းတွေက ကြောက်စရာကောင်းတယ်ဆိုပေမယ့် ပြိုင်ဘက်ကင်းတော့ မဟုတ်သေးဘူး။ ဒီလောကကြီးမှာ မင်းကို ထိန်းချုပ်နိုင်တဲ့ အထူးနည်းလမ်းတွေ ရှိနေသေးတယ်။ သိပ်ပြီး ဘဝင်မမြင့်နဲ့ဦး"
"အူး..."
ရှောင်လီက မယုံသလို မျက်လုံးများဖြင့် လုချင်းကို ဇဝေဇဝါ ကြည့်နေသည်။
"မင်း ငါ့ကို မယုံဘူးလား။ ကောင်းပြီလေ... ငါ့ကို နောက်တစ်ခါ ထပ်တိုက်ခိုက်ကြည့်" လုချင်းက ပြုံးလိုက်သည်။
"ရွှမ်း..."
ရှောင်လီသည် ကိုယ်ဖျောက်သော အခြေအနေသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားပြီး လုချင်းဆီသို့ ခုန်အုပ်လိုက်ပြန်သည်။
လုချင်းကလည်း အပြုံးမပျက်ပေ။ သို့သော် ရှောင်လီ ပျောက်ကွယ်သွားသည်နှင့် သူ့ခန္ဓာကိုယ်ပေါ်တွင် အဝါရောင်အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားသည်။
နောက်တစ်စက္ကန့်တွင်တော့ သူ့ပခုံးကို ကုတ်ခြစ်ရန် ရွယ်နေသော လက်သည်းတစ်ခု သူ့ရှေ့၌ ပေါ်လာသည်။
သို့သော် လက်သည်း ပေါ်လာသည်နှင့်တစ်ပြိုင်နက် လေထဲတွင် တန့်သွားပြီး ရှေ့ဆက်မတိုးနိုင် ဖြစ်သွားလေသည်။
ချက်ချင်းပင် ရှောင်လီ၏ ကိုယ်လုံးလေးပါ ပေါ်လာပြီး လေထဲတွင် တွဲလောင်းလေး ဖြစ်နေရှာသည်။ ၎င်း၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုနှင့် နားမလည်နိုင်မှုများ ပြည့်နှက်နေ၏။
လုချင်းက ၎င်းကို မည်သို့ ဖမ်းမိလိုက်သည်ကို စဉ်းစား၍ မရနိုင် ဖြစ်နေပုံရသည်။
"တွေ့လား..." လုချင်းက ရှောင်လီ၏ ခေါင်းကို လက်ချောင်းဖြင့် ခေါက်လိုက်သည်။ "မင်းရဲ့ အမြန်နှုန်းက မြန်ပေမယ့် အင်အားက လိုနေသေးတယ်။ သာမန် မွေးရာပါနယ်ပယ် အစောပိုင်းအဆင့်လောက်ပဲ ရှိသေးတာ။"
"တကယ်လို့ မင်းသာ ငါ့လို အထူးနည်းလမ်းတွေရှိတဲ့ စစ်မှန်တဲ့ မွေးရာပါနယ်ပယ် ကျွမ်းကျင်သူတွေ၊ ဒါမှမဟုတ် ငါ့ဆရာလိုမျိုး မွေးရာပါနယ်ပယ်ပိုင်နက်ကို နားလည်သဘောပေါက်ထားတဲ့ မဟာသခင်တွေနဲ့ တွေ့ရင် သူတို့က သူတို့ဘေးပတ်လည်မှာ နယ်ပယ်တစ်ခု ဖန်တီးလိုက်ရုံနဲ့ မင်းကို မကြောက်တဲ့အပြင် အရှင်ဖမ်းလို့တောင် ရသွားနိုင်တယ်"
"မင်းရဲ့ လက်သည်းတွေက အရာအားလုံးကို ဖြတ်တောက်နိုင်လောက်အောင် ထက်မြက်တယ်ဆိုပေမယ့် ဒီလို မမြင်ရတဲ့ စွမ်းအင်နယ်ပယ်တွေကို ဆုတ်ဖြဲနိုင်လောက်တဲ့အထိ အင်အားမရှိသေးဘူး"
ထို့နောက် လုချင်းသည် သူ့ဘေးပတ်လည်ရှိ မြေကမ္ဘာသံလိုက်စက်ကွင်းကို ရုတ်သိမ်းလိုက်ရာ ရှောင်လီ၏ ခန္ဓာကိုယ်လေး ညင်သာစွာ ပြုတ်ကျလာသည်။ ၎င်း၏ မျက်လုံးများထဲတွင် စဉ်းစားတွေးခေါ်နေသည့် အရိပ်အယောင်များ ရှိနေဆဲပင်။
ဒါကိုမြင်တော့ လုချင်းလည်း နှောင့်ယှက်မနေတော့ပေ။
ရှောင်လီသည် ဉာဏ်ကောင်းသော်လည်း အတွေးအခေါ် ရိုးရှင်းပြီး တိုက်ပွဲအတွေ့အကြုံ နည်းပါးသည်။
ဒီတစ်ခါတော့ အင်အားကြီးလာပြီး ဘဝင်မြင့်မသွားစေရန် သင်ခန်းစာ အနည်းငယ် ပေးလိုက်ခြင်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ယခုလို ပြောင်းလဲနေသော ခေတ်ကာလကြီးတွင် မည်သို့သောမကောင်းဆိုးဝါးများ ပေါ်လာမည်ကို မည်သူမျှ မသိနိုင်ပေ။
လိုအပ်သော သတိဝီရိယရှိခြင်းက အလွန် အရေးကြီးသည်။
ခဏကြာအောင် စဉ်းစားပြီးနောက် ရှောင်လီသည် ရုတ်တရက် ခေါင်းမော့လာပြီး လုချင်း၏ ဘောင်းဘီစကို ဆွဲလိုက်သည်။
၎င်း၏ မျက်လုံးထဲမှ အဓိပ္ပာယ်ကို လုချင်း နားလည်လိုက်သည်။ "မင်းရဲ့ တိုက်ခိုက်ရေးစွမ်းရည် တိုးတက်လာဖို့ ငါနဲ့ မကြာခဏ လေ့ကျင့်ချင်တယ်ပေါ့လေ"
ရှောင်လီက ခေါင်းညိတ်ပြသည်။
"ကောင်းပြီလေ... တကယ်တော့ ရှောင်လီ၊ မင်းရဲ့ ဝိညာဉ်စွမ်းရည်က တကယ့်ကို အံ့သြစရာကြီးပါပဲ။ သေချာ အသုံးချတတ်မယ်ဆိုရင် ငါ့ရဲ့ သံလိုက်စက်ကွင်းတောင် မင်းကို ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး"
လုချင်းက သဘောတူလိုက်ပြီး ရှောင်လီကို အားပေးလိုက်သည်။
သူက ရှောင်လီကို အလကား မြှောက်ပင့်ပြောနေခြင်း မဟုတ်ပေ။
ရှောင်လီ၏ ဝိညာဉ်စွမ်းရည်သည် တူးဖော်နိုင်လေ အကန့်အသတ်မဲ့လေ ဖြစ်သည်။
နောက်ဆုံးတော့ ဒါက နေရာလွတ်နဲ့ သက်ဆိုင်တဲ့ စွမ်းရည်တစ်ခုလေ။ လုချင်း နားလည်ထားသလောက် နေရာလွတ်နဲ့ ပတ်သက်တဲ့ ဘယ်အရာမဆို ရိုးရှင်းတာ မရှိပေ။
"အူး..."
လုချင်း၏ အားပေးစကားကို ကြားသောအခါ အနည်းငယ် စိတ်ဓာတ်ကျနေသော ရှောင်လီသည် အားတက်သွားပြီး လုချင်း၏ ပခုံးပေါ်သို့ ချက်ချင်း ခုန်တက်လိုက်လေသည်။
"ကဲ... ပြန်ကြစို့။ ဆရာမာလည်း မနက်စာ ပြင်ဆင်ပြီးလောက်ပြီ။ စားပြီးတာနဲ့ ငါတို့ ခရီးဆက်ရဦးမယ်"
ရှောင်လီကို ခေါ်ပြီး လုချင်း မြင်းလှည်းဆီသို့ ပြန်လျှောက်လာရင်း အတွေးများ နက်ရှိုင်းနေမိသည်။
ရှောင်လီနှင့် လေ့ကျင့်ပြီးနောက် ရှောင်လီ၏ လက်ရှိ အင်အားကို ပိုမို ရှင်းလင်းစွာ နားလည်လာခဲ့သည်။
မွေးရာပါ ဝိညာဉ်သားရဲအဖြစ် ပြောင်းလဲပြီးနောက် ရှောင်လီ၏ အင်အားသည် အများကြီး တိုးတက်လာခဲ့သည်။
အမြန်နှုန်းရော လက်သည်း၏ ထက်မြက်မှုပါ သိသိသာသာ မြင့်တက်လာသည်။
အထူးသဖြင့် ၎င်း၏ တိုးတက်ပြောင်းလဲလာသော ဝိညာဉ်စွမ်းရည်မှာ အလွန် ဆန်းကြယ်လှပါ၏။ စွမ်းရည်ကို အသက်သွင်းလိုက်သည်နှင့် သာမန် မွေးရာပါနယ်ပယ် ကျင့်ကြံသူများဆိုလျှင် ရှောင်လီ၏ လှုပ်ရှားမှုကို အာရုံခံနိုင်မည် မဟုတ်ပေ။
လုချင်းကဲ့သို့ ဝိညာဉ်အဆောင် ဖွဲ့စည်းထားပြီး ဝိညာဉ်အာရုံခံနိုင်စွမ်း မြင့်မားကာ မြေကမ္ဘာဝိညာဉ်ပုလဲကဲ့သို့သော ရတနာဖြင့် စိတ်ဝိညာဉ်ကို ကာကွယ်ထားသူသာလျှင် ရှောင်လီ၏ နေရာလွတ် ရွေ့လျားမှုကို သဲ့သဲ့မျှ အာရုံခံနိုင်ခြင်း ဖြစ်သည်။
သို့မဟုတ်ပါက မွေးရာပါနယ်ပယ် မဟာသခင်တစ်ယောက်ပင်လျှင် ရှောင်လီ၏ စွမ်းအားကို ထွင်းဖောက်မြင်ရန် ခက်ခဲပေလိမ့်မည်။
အတိုချုံးပြောရလျှင် ရှောင်လီသာ ၎င်း၏ ဝိညာဉ်စွမ်းရည်ကို ကျွမ်းကျင်ပိုင်နိုင်သွားပါက လောကတွင် ကြောက်စရာအကောင်းဆုံး လုပ်ကြံသတ်ဖြတ်သူ ဖြစ်လာပေလိမ့်မည်။
မွေးရာပါနယ်ပယ်ပိုင်နက်ကို နားလည်သဘောပေါက်ခြင်း မရှိသေးသော ထိပ်တန်း မွေးရာပါနယ်ပယ် ကျွမ်းကျင်သူများပင်လျှင် ရှောင်လီ၏ ကိုယ်ဖျောက်တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ချင်မှ ရှောင်တိမ်းနိုင်ပေလိမ့်မည်။
ထို့ကြောင့် လာမည့်ရက်များတွင် ရှောင်လီကို ၎င်း၏ ဝိညာဉ်စွမ်းရည် အသုံးပြုပုံ သင်ယူရာ၌ ကူညီပေးရန် လုချင်း စီစဉ်ထားလေသည်။
လုချင်းနှင့် ရှောင်လီ သစ်တောထဲသို့ ပြန်ရောက်သောအခါ မာကူးသည် မနက်စာ ပြင်ဆင်ပြီးခါစဖြစ်ပြီး ရှောင်ယန်မှာလည်း အသက်ရှူလေ့ကျင့်ခန်း လုပ်ပြီးစ ဖြစ်နေသည်။
မနက်စာ စားပြီးနောက် သူတို့ ပစ္စည်းများသိမ်းကာ ခရီးဆက်ခဲ့ကြသည်။
လက်ရှိတွင် သူတို့သည် ဟုန်ကျိုးဟုခေါ်သော သူစိမ်း ပြည်နယ်ကြီးတစ်ခု အတွင်း၌ ရောက်ရှိနေသည်။
နောက်ထပ် ပြည်နယ်ကြီးတစ်ခုကို ဖြတ်ကျော်လိုက်သည်နှင့် ကျုံးကျိုးသို့ တရားဝင် ဝင်ရောက်နိုင်ပြီ ဖြစ်သည်။
မြေပုံနှင့် မြင်းလှည်း၏ အမြန်နှုန်းအရ တွက်ချက်ကြည့်လျှင် အလွန်ဆုံး သုံးရက်အတွင်း ကျုံးကျိုးနယ်စပ်သို့ ရောက်ရှိလိမ့်မည်ဟု ခန့်မှန်းရသည်။
ရှောင်လီ နိုးလာပြီဖြစ်၍ လူတိုင်း စိတ်သက်သာရာရကာ ခရီးစဉ်အပေါ် အာရုံစိုက်နိုင်ကြလေသည်။
လမ်းတစ်လျှောက်တွင် သူတို့သည် အခြားသူများနှင့် ထိတွေ့ဆက်ဆံခြင်း မရှိသလောက်ပင်။
သူတို့ မြင်းလှည်း၏ ထူးခြားမှုကြောင့် မြို့ရွာများတွင် မတည်းခိုဘဲ တောထဲ၌သာ စခန်းချရန် ရွေးချယ်ခဲ့ကြသည်။
သို့သော် လမ်းမကြီးပေါ်တွင် အခြား ခရီးသွားများနှင့် တွေ့ဆုံခြင်းကိုတော့ ရှောင်လွှဲ၍ မရနိုင်ပေ။
ထိုသို့ ကြုံရတိုင်း မာကူးသည် မြင်းများကို ကြာပွတ်ဖြင့် ရိုက်ကာ မြင်းလှည်းကို အပြာရောင်အလင်းတန်းများ တောက်ပစေလျက် အရှိန်မြှင့်တင်ပြီး အခြားခရီးသွားများကို လျင်မြန်စွာ ကျော်တက်သွားလေ့ရှိသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသူများမှာ စကားမပြောနိုင်အောင် အံ့သြကျန်ရစ်ခဲ့ကြရရှာ၏။
ဤသို့ဖြင့် လေဟုန်ကိုစီးသော နတ်မြင်းလှည်းတစ်စီးအကြောင်း ဒဏ္ဍာရီသည် သူတို့ဖြတ်သန်းသွားသော နေရာများတွင် ပျံ့နှံ့စပြုလာလေသည်။
လုချင်းတို့အဖွဲ့မှာမူ သူတို့နောက်ကွယ်တွင် ဘာတွေဖြစ်ပျက်နေသည်ကို သတိမထားမိကြပေ။
ယနေ့တွင်မူ မရပ်မနား ခရီးနှင်ပြီးနောက် သူတို့ မြင်းလှည်းကို ရပ်တန့်လိုက်ပြီး ရှေ့မှ မြင်ကွင်းကို ငေးမောကြည့်ရှုနေမိကြသည်။
အဝေးတစ်နေရာတွင် ဧရာမ နဂါးကြီးတစ်ကောင် မြေပြင်ပေါ်၌ ဝပ်စင်းနေသကဲ့သို့ မိုးထိအောင် မြင့်မားပြီး ခမ်းနားထည်ဝါသော တောင်တန်းကြီးတစ်ခု ရှိနေလေသည်။
တောင်တန်းများပေါ်မှ ရေတံခွန်များ စီးကျနေပြီး ခမ်းနားလှပသော မြင်ကွင်းကို ဖန်တီးထားသည်။
"ဆရာ... အဲဒါ ကျုံးကျိုးလားဗျ"
ဝေ့ကျိအန်းသည် ကွေ့ကောက်နေသော တောင်တန်းကြီးကို ကြည့်ပြီး ပါးစပ်အဟောင်းသားဖြင့် မေးလိုက်သည်။
"ငါက ဘယ်လိုလုပ် သိမလဲကွ။ ငါလည်း ကျုံးကျိုးကို တစ်ခါမှမှ မရောက်ဖူးတာ"
မာကူးလည်း ထပ်တူထပ်မျှ မှင်သက်နေပြီး ရေရွတ်လိုက်သည်။
သူသည် မြေပုံအတိုင်း လမ်းမကြီးတစ်လျှောက် မြင်းလှည်းကို မောင်းနှင်လာခြင်း ဖြစ်သည်။
ဒီလောက် ရင်သပ်ရှုမောဖွယ် မြင်ကွင်းမျိုး မြင်ရလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။
"ဒါ ကျုံးကျိုးရဲ့ နယ်စပ် ဖြစ်လောက်တယ်"
သမားတော်ကြီးက သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။
ငယ်စဉ်က သူ ကျုံးကျိုးသို့ ခရီးသွားချင်ခဲ့သည်။
သို့သော် အကြောင်းအမျိုးမျိုးကြောင့် ထိုဆန္ဒကို မဖြည့်ဆည်းနိုင်ခဲ့ပေ။
မထင်မှတ်ဘဲ အသက်ကြီးမှ ကျုံးကျိုးသို့ ရောက်လာနိုင်ခဲ့လေပြီ။
လုချင်းသည်လည်း ရှေ့မှ ခမ်းနားထည်ဝါသော တောင်တန်းကြီးကို ကြည့်ရင်း စိတ်လှုပ်ရှားနေမိသည်။
ဤတောင်တန်းကြီးသည် ကျိုးလီရွာနောက်ဘက်ရှိ တောင်တန်းထက် အဆပေါင်းများစွာ ပိုပြီး ကြီးကျယ်ခမ်းနားလေသည်။
ဒီနေရာမှာ ရပ်နေရင်းနဲ့တင် ပတ်ဝန်းကျင် လေထုထဲရှိ ဝိညာဉ်စွမ်းအင်သည် သူတို့ ဖြတ်သန်းလာခဲ့သော ပြည်နယ်ကြီးများထက် အများကြီး ပိုမိုကြွယ်ဝကြောင်း လုချင်း ခံစားလိုက်ရသည်။
"လောကမှာ အစည်ကားဆုံးနဲ့ ဝိညာဉ်စွမ်းအင် အကြွယ်ဝဆုံးနေရာလို့ ပြောကြတာ မမှားဘူးပဲ။ ကျုံးကျိုးနား ကပ်လာတာနဲ့တင် ဝိညာဉ်စွမ်းအင် သိပ်သည်းဆက နှစ်ဆနီးပါး တိုးလာတယ်။ ကျုံးကျိုးရဲ့ အလယ်ဗဟိုမှာဆို ဝိညာဉ်စွမ်းအင် ဘယ်လောက်တောင်များမလဲဆိုတာ တွေးတောင် မတွေးရဲဘူး"
လုချင်း ကံကောင်းသည်ဟု ခံစားမိလိုက်သည်။
ကံကောင်းထောက်မစွာဖြင့် သူ့ဆရာက ကျုံးကျိုးသို့ လာရန် ဆုံးဖြတ်ခဲ့ပါ၏။
သို့မဟုတ်ပါက ကိုယ်တိုင် မကြုံဖူးဘဲနှင့် ကျုံးကျိုးရှိ ဝိညာဉ်စွမ်းအင် ဤမျှများပြားလိမ့်မည်ဟု သူ စိတ်ကူးမိမည် မဟုတ်ပေ။
ဒါနှင့် ယှဉ်လိုက်လျှင် သူတို့ ဖြတ်သန်းလာခဲ့သော ပြည်နယ်ကြီးများမှ ဝိညာဉ်စွမ်းအင်မှာ မရှိသလောက် နည်းပါးလှပါ၏။
ဤမျှ ကြွယ်ဝသော ဝိညာဉ်စွမ်းအင်ဖြင့် မတွေးဝံ့စရာ ပါရမီရှင်များနှင့် ရတနာများ ပေါ်ထွက်လာမည်မှာ သေချာသည်။
ဒီက ထိပ်တန်း သိုင်းပညာရှင်တွေလည်း သူတို့ရဲ့ ကျင့်ကြံမှုမှာ အမြန် တိုးတက်နေကြမှာပဲ။
အကယ်၍ သူတို့သာ မလာခဲ့လျှင် ရက်အနည်းငယ်အတွင်း ကမ္ဘာကြီး၏ ပြန်လည်နိုးထမှု အရှိန်အဟုန်နောက်တွင် ကျန်ရစ်ခဲ့ပြီး တွင်းအောင်းဖားများ ဖြစ်သွားပေလိမ့်မည်။
အဖွဲ့သားများသည် ထိုနေရာတွင် ရပ်လျက် အဝေးမှ တောင်တန်းကြီး၏ ခမ်းနားမှုနှင့် အနှစ်သာရကို ခံစားနေကြသည်။
နောက်ဆုံးတွင် လုချင်းက အရင်ဆုံး သတိပြန်ဝင်လာသည်။
"ဆရာ... တောင်တန်းကြီးကို မြင်နေရပြီဆိုတော့ မြေပုံအရ ကျွန်တော်တို့ နဂါးပြာဂိတ်ကို ရောက်နေပြီ ဖြစ်မယ်။ ရှေ့ဆက်သွားရင် နဂါးပြာမြို့ကို ရောက်လိမ့်မယ်"
သူတို့ရထားသော မြေပုံကို ဝေ့ရှန်ဟိုင်က ပေးထားခြင်းဖြစ်သည်။
ငယ်စဉ်က ဝေ့ရှန်ဟိုင်သည် ကျုံးကျိုးအပါအဝင် နေရာအနှံ့ ခရီးသွားခဲ့ဖူးသဖြင့် သက်ဆိုင်ရာ မြေပုံရှိနေခြင်း ဖြစ်သည်။
မြေပုံပေါ်တွင် အမှတ်အသား ပြထားသော နဂါးပြာဂိတ်သည် ဤမျှ ကြီးကျယ်ခမ်းနားလိမ့်မည်ဟု လုချင်း မထင်ထားခဲ့ပေ။
"ဒါဆိုလည်း ဆက်သွားကြတာပေါ့ကွာ။ နဂါးပြာမြို့တော်ကို အမြန်ဆုံး ရောက်အောင် သွားကြစို့" သမားတော်ကြီးက ခေါင်းညိတ်လိုက်သည်။
ထို့နောက် သူတို့ မြင်းလှည်းပေါ် ပြန်တက်ပြီး ခရီးဆက်ခဲ့ကြသည်။
"တောင်ကို လှမ်းမြင်နေရပေမယ့် တကယ်တမ်း သွားရတဲ့ ခရီးက ဝေးကွာလှတယ်" ဆိုသော စကားမှာ မှန်ကန်ကြောင်း သက်သေပြလိုက်သလိုပင်။ ခမ်းနားသော နဂါးပြာဂိတ်သည် နီးနီးလေးဟု ထင်ရသော်လည်း တကယ်တမ်းတွင် လုချင်းတို့နှင့် မိုင်တစ်ရာခန့် ဝေးကွာနေသေးပါ၏။
သူတို့၏ မန္တန်စွမ်းအားဖြည့် မြင်းလှည်းအရှိန်ဖြင့် မောင်းနှင်တာတောင်မှ တောင်ခြေသို့ရောက်ရန် နာရီဝက်ခန့် ကြာမြင့်ခဲ့သည်။
တစ်ချိန်တည်းမှာပင် တောင်ခြေရင်းရှိ ကြီးမားသော မြို့တော်ကြီးကိုလည်း သူတို့ မြင်တွေ့လိုက်ရသည်။
"အဲဒါ နဂါးပြာမြို့တော် ဖြစ်လောက်တယ်။ ဆရာမာ... အရှိန် နည်းနည်း လျှော့လိုက်ပါ"
မြို့ကို မြင်သည်နှင့် လုချင်းက ပြောလိုက်သည်။
သူသည် စိတ်ကို အာရုံစိုက်လိုက်ပြီး မြင်းလှည်း၏ မန္တန်များကို ခေတ္တ ရပ်တန့်လိုက်သည်။
မြင်းလှည်းပေါ်ရှိ မန္တန်များကို သူ ကိုယ်တိုင် ရေးထိုးထားပြီး အလိုအလျောက် အသက်ဝင်ရန် စီမံထားသော်လည်း သူ၏ စိတ်အာရုံဖြင့် ထိန်းချုပ်နိုင်သည်။
မန္တန်စွမ်းအားဖြည့် မြင်းလှည်းသည် သာမန်မဟုတ်ဘဲ ထူးခြားလွန်းသည်။
ကျုံးကျိုးသို့ ဝင်ရောက်ရာ စစ်ဆေးရေးဂိတ်တစ်ခု ဖြစ်သော နဂါးပြာမြို့တော်တွင် လျှို့ဝှက်ကျွမ်းကျင်သူများစွာ ရှိနေနိုင်သည်။
အတွင်းပိုင်း အခြေအနေကို သေချာ မသိရသေးခင်မှာ အနေအထိုင် ဆင်ခြင်ပြီး မထင်မရှားနေခြင်းက ပညာရှိရာကျပေလိမ့်မည်။
မန္တန်များကို ရပ်တန့်လိုက်ပြီးနောက် မြင်းလှည်းသည် ပိုမို လေးလံသွားပြီး မြင်းများက မအီမသာ ဟီကြသည်။
သို့သော် မာကူးက အရှိန်လျှော့ထားပြီးဖြစ်၍ သူတို့ လျင်မြန်စွာ ပြန်လည် အသားကျသွားပြီး ခပ်မှန်မှန် ပြေးလွှားကြလေသည်။
"ဝုန်း... ဝုန်း..."
နဂါးပြာမြို့တော်သို့ နီးကပ်လာသည်နှင့် ဟိန်းသံသဲ့သဲ့များကို ကြားလာရသည်။
မြင်းလှည်း လိုက်ကာကို မလိုက်သောအခါ လတ်ဆတ်ပြီး စိုစွတ်သော လေပြည်က သူတို့ကို ဆီးကြိုလေသည်။
စောစောက သူတို့မြင်ခဲ့သော တောင်ပေါ်မှ စီးကျနေသည့် ရေတံခွန်များ၏ အသံပင် ဖြစ်သည်။
"ဒီနဂါးပုံသဏ္ဍာန် တောင်တန်းကြီးရဲ့ ခြေရင်းမှာ အားကောင်းတဲ့ မြစ်ကြီးတစ်စင်း စီးဆင်းနေတာ ဖြစ်မယ်"
ရေသံကို နားထောင်ရင်း လုချင်း ခန့်မှန်းလိုက်သည်။
မြင်းလှည်း ပြတင်းပေါက်မှတစ်ဆင့် နီးကပ်လာသော နဂါးပြာမြို့တော်ကို ကြည့်ရင်း သူ၏ မျက်ခုံးကြားမှ ဝိညာဉ်စွမ်းအား အနည်းငယ် လှုပ်ရှားသွားသည်။
နဂါးပြာမြို့တော်အတွင်း၌ အားကောင်းသော အရှိန်အဝါများစွာ ရှိနေသည်ကို သူ အာရုံခံမိလိုက်သည်။
ထိုအရှိန်အဝါများထဲမှ အချို့သည် စီးဆင်းသော တိမ်လွှာစီးဂိုဏ်း၏ အကြီးအကဲနှစ်ယောက်နှင့် ယှဉ်နိုင်သည့် အဆင့်တွင် ရှိကြသည်။
ထိုထက် ပိုသန်မာသော သူများ ရှိ ၊ မရှိကိုတော့ သူ မပြောနိုင်ပေ။
မွေးရာပါနယ်ပယ် ကျွမ်းကျင်သူများသည် အဆင့်တစ်ခု ရောက်သည်နှင့် သူတို့၏ အရှိန်အဝါကို ဖုံးကွယ်ထားနိုင်သည်။
ဥပမာ သူ့ဆရာဆိုလျှင် မွေးရာပါနယ်ပယ်ပိုင်နက်ကို နားလည်သဘောပေါက်ပြီးနောက် သူ၏ အရှိန်အဝါကို ပြီးပြည့်စုံစွာ ဖုံးကွယ်ထားနိုင်သည်။
လုချင်း၏ ဝိညာဉ်အာရုံခံနိုင်စွမ်းဖြင့်ပင် ဆရာ့၏ မွေးရာပါ အနှစ်သာရကို ထောက်လှမ်းရန် ခက်ခဲသည်။
သူ မြင်ဖူးသမျှ ပြည်နယ်မြို့တော်များထက် ပိုမိုကြီးမား ခမ်းနားသော နဂါးပြာမြို့တော်၏ အနေအထားအရ ထိုကဲ့သို့သော ကျွမ်းကျင်သူများ ခိုအောင်းနေနိုင်စရာ ရှိသည်။
မြင်းလှည်းသည် ဖြည်းညှင်းစွာ ရွေ့လျားရင်း မကြာမီ နဂါးပြာမြို့တော်၏ ဂိတ်ပေါက်ဝသို့ ရောက်ရှိလာခဲ့သည်။
"ဒါ နဂါးပြာမြို့တော်လား"
လုချင်းနှင့် အခြားသူများ မြင်းလှည်းပေါ်မှ ဆင်းလိုက်ကြသည်။
ကြီးကျယ်ခမ်းနားသော မြို့တံခါးကြီးကို မော့ကြည့်လိုက်ရာ ကျောက်သားပေါ်တွင် ထွင်းထုထားသော စာလုံးကြီးသုံးလုံးသည် ပြင်းထန်ပြီး လွှမ်းမိုးလိုသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
လုချင်း အနည်းငယ် ကျောချမ်းသွားသည်။
ထိုစာလုံးများကို ထွင်းထုခဲ့သူသည် ထိပ်တန်း အရှင်သခင်တစ်ပါး ဖြစ်ကြောင်း သူ ပြောနိုင်သည်။
သူ မြင်ဖူးသမျှ သိုင်းပညာရှင်အားလုံးထက် ပိုမို သန်မာသည်။
သူ့ဆရာတောင်မှ နှိုင်းယှဉ်လိုက်လျှင် နိမ့်ကျနေသလိုပင်။
သိချင်စိတ်ဖြင့် သူသည် နတ်မျက်စိစွမ်းရည်ကို အသက်သွင်းကာ ထိုစာလုံးများကို စိုက်ကြည့်လိုက်သည်။
အခန်း ၂၅၄ - သိုင်းသူတော်စင်၏ အသိ၊ နဂါးပြာမြို့တော်ကြီး
လုချင်းသည် မြို့တံခါးပေါ်ရှိ "နဂါးပြာမြို့တော်" ဟူသော စာလုံးကြီးသုံးလုံးအပေါ် အာရုံစိုက်လိုက်သည်။
မကြာမီ ထိုစာလုံးများမှ ထူးဆန်းသော ရွှေရောင် စွမ်းအားအလင်းတန်းများ ထွက်ပေါ်လာသည်။
စာသားများစွာ မျောလွင့်ထွက်လာသည်။
ရွှေရောင်လား။
လုချင်း အနည်းငယ် အံ့သြသွားပြီး စာသားများကို ဖတ်ကြည့်လိုက်သည်။
[သိုင်းသူတော်စင်၏ ကမ္ပည်းစာ : ဤစာလုံးသုံးလုံးကို မွေးရာပါနယ်ပယ် အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူကိုယ်တိုင် ရေးသားခဲ့ခြင်း ဖြစ်သည်။ လက်ရေးအလှသည် လှပပြီး အရှိန်အဝါမှာ ထူးကဲလှသည်။]
[နှစ်ပေါင်းရာချီ ကြာရှည်ခံနိုင်သော သိုင်းအသိလည်း ပါဝင်သည်။]
[ဤစာလုံးသုံးလုံးအတွင်း၌ ထိုထိပ်တန်း သိုင်းပညာရှင် ချန်ထားရစ်ခဲ့သော အမွေအနှစ် ရှိသည်ဟု ကောလာဟလများ ရှိသည်။ သို့သော် နှစ်ပေါင်းရာချီ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း မည်သူမျှ ထိုလျှို့ဝှက်ချက်ကို ဖော်ထုတ်ပြီး အမွေအနှစ်ကို မရယူနိုင်ခဲ့ကြပေ။]
[ကျင့်စဉ်တစ်ခုကို တွေ့ရှိသည်။ ဒေါင်းလုဒ်လုပ်လိုပါသလား။]
"တကယ်ကြီး အမွေအနှစ် ရှိနေတာပဲ"
လုချင်း အတော်လေး အံ့သြသွားသည်။
စောစောက သူသည် ဤစာလုံးများ၌ ကွဲပြားသော အသိတစ်ခု ပါဝင်ကြောင်း ခံစားမိပြီး အနည်းငယ် ခန့်မှန်းမိရုံသာ ရှိသေးသည်။ မထင်မှတ်ဘဲ အတွင်း၌ ကျင့်စဉ် အမွေအနှစ်တစ်ခု အမှန်တကယ် ဖုံးကွယ်ထားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ဖော်ပြချက်အရ ကြည့်လျှင် ဤအမွေအနှစ်သည် အတော်လေး အရေးပါပုံရသည်။
ဘာပဲဖြစ်ဖြစ် "သိုင်းသူတော်စင်" ဆိုတဲ့ ဘွဲ့ထူးက ဘယ်သူမဆို ခံယူနိုင်တာမှ မဟုတ်တာ။
မြို့ထဲဝင်ရန် လူအများအပြား တန်းစီနေကြပြီး သူတို့အလှည့်ရောက်ရန် အချိန်ကြာဦးမည် ဖြစ်သည်။
တွေဝေမနေတော့ဘဲ လုချင်းသည် ကျင့်စဉ်ကို ဒေါင်းလုဒ်လုပ်ရန် ချက်ချင်း ရွေးချယ်လိုက်တော့၏။
[ဒေါင်းလုဒ်လုပ်နေသည်... လက်ရှိ ပြီးစီးမှု ၁%... ၂%... ၃%... ၉၈%... ၉၉%... ၁၀၀%]
[ကျင့်စဉ်ကို ဒေါင်းလုဒ်လုပ်ပြီးပါပြီ။ သရုပ်ဖော်လိုပါသလား။]
လုချင်းက သရုပ်ဖော်ရန် ရွေးချယ်လိုက်သည်။
[သရုပ်ဖော်နေသည်... လက်ရှိ ပြီးစီးမှု ၁%... ၂%... ၃%... ၉၈%... ၉၉%... ၁၀၀%]
[သရုပ်ဖော်ခြင်း ပြီးဆုံးပါပြီ။ သင်ယူလိုပါသလား။]
ဒီတစ်ခါတော့ လုချင်း တန်းပြီး မသင်ယူသေးပေ။
အဘယ်ကြောင့်ဆိုသော် ကျင့်စဉ်ကို ဒေါင်းလုဒ်လုပ်ပြီး သရုပ်ဖော်ရန် အချိန်အနည်းငယ် ကြာသွားသဖြင့် လူတန်းကြီး ရှေ့တိုးသွားကာ သူတို့အလှည့် ရောက်လုနီးပါး ဖြစ်နေသောကြောင့် ဖြစ်သည်။
"မြို့တံခါးပေါ်က စာလုံးတွေက သာမန်မဟုတ်ဘူးပဲ"
ထိုအချိန်တွင် သမားတော်ကြီးကလည်း သက်ပြင်းချလိုက်သည်။
"ဆရာလည်း သတိထားမိတယ်ပေါ့"
လုချင်း သိပ်တော့ မအံ့သြမိပေ။ သူ့ဆရာ၏ ပါရမီနှင့်ဆိုလျှင် ထိုစာလုံးများ၏ ထူးခြားမှုကို သတိမထားမိမှသာ ထူးဆန်းနေပေလိမ့်မည်။
"မြို့တံခါးပေါ်က ဒီစာလုံးသုံးလုံးမှာ အင်အားကြီး သိုင်းပညာရှင်တစ်ယောက်ရဲ့ ဓားအသိတွေ ပါနေတဲ့ပုံပဲ။ ဝမ်းနည်းစရာကောင်းတာက ငါက အရမ်း ထိုင်းမှိုင်းလွန်းနေတယ်လေ။ ခဏလောက် ဆင်ခြင်သုံးသပ်ကြည့်ပြီးမှ လေးငါးချက်လောက်ပဲ နားလည်သဘောပေါက်လိုက်တယ်"
သမားတော်ကြီးက သက်ပြင်းချလိုက်သည်။
မြို့တံခါးပေါ်မှ စာလုံးများကို ခေတ္တမျှ ဆင်ခြင်သုံးသပ်ပြီးနောက် အတွင်း၌ ပါရှိသော ဓားအသိသည် သူ့အတွက် အတော်လေး အကျိုးရှိကြောင်း ခံစားမိသည်။
ကျုံးကျိုးဆိုတာ တကယ့်ကို ပါရမီရှင်တွေ ပေါများတဲ့နေရာပါလား။
ကျုံးကျိုးထဲ ကောင်းကောင်းတောင် မဝင်ရသေးဘူး... စစ်ဆေးရေးဂိတ်တစ်ခုရဲ့ တံခါးဝက စာလုံးတွေကို ဆင်ခြင်သုံးသပ်ရုံနဲ့တင် ဉာဏ်အလင်း ပွင့်သလို ခံစားနေရပြီလေ။
ကျုံးကျိုးရဲ့ ပင်မမြေမှာဆိုရင် ပါရမီရှင်တွေနဲ့ ထူးခြားတဲ့နေရာတွေ ဘယ်လောက်တောင် များပြားမလဲဆိုတာ မှန်းဆကြည့်လို့ ရနိုင်တယ်။
"လေးငါးချက်လောက် နားလည်သဘောပေါက်တယ် ဟုတ်လား..."
လုချင်းခင်မျာ ဘာပြန်ပြောရမှန်းတောင် မသိတော့ပေ။
သူ့ဆရာ၏ သိုင်းပါရမီနှင့် ဉာဏ်ပညာသည် တကယ့်ကို အားကောင်းလှသည်။
မြို့တံခါးပေါ်မှ စာလုံးများသည် မွေးရာပါနယ်ပယ် အထွတ်အထိပ် ကျွမ်းကျင်သူတစ်ဦး၏ ထိုးထွင်းသိမြင်မှုများ ပါဝင်နေသည်။
သူ့ဆရာက အချိန်တိုလေးအတွင်း အနှစ်သာရ လေးငါးချက်လောက် နားလည်နိုင်သည်ဆိုခြင်းမှာ တကယ့်ကို ထူးချွန်လွန်းလှသည်။
"ဘယ်က လာကြတာလဲ။ လမ်းပြစာရွက်ပါလား။ မြို့ထဲဝင်မယ့်သူ ဘယ်နှယောက်လဲ"
လုချင်းက သူ့ဆရာ၏ တိတ်တဆိတ် စွမ်းဆောင်ရည်ကို အံ့သြနေစဉ်မှာပင် ကြမ်းတမ်းသော အသံတစ်ခု ထွက်ပေါ်လာသည်။
လုချင်း လှည့်ကြည့်လိုက်ရာ သံချပ်ကာဝတ်ဆင်ပြီး လှံရှည်များကိုင်ထားသော စစ်သည်နှစ်ဦး မြို့တံခါးဝတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ အော်ပြောလိုက်သူမှာ ညာဘက်မှ စစ်သည်ဖြစ်သည်။
လုချင်း စိတ်ထဲ အနည်းငယ် လှုပ်ရှားသွားသည်။
ဒီနဂါးပြာမြို့တော်က တကယ့်ကို သာမန်မဟုတ်ပါလား။ မြို့တံခါးစောင့် စစ်သည်နှစ်ယောက်တောင်မှ ကြွက်သားနှင့် အရိုးအဆင့် ရှိကြပြီး တစ်ယောက်ဆိုလျှင် ထိုအဆင့်၏ အထွတ်အထိပ်သို့ ရောက်နေပြီ ဖြစ်သည်။
"မြို့စောင့်မင်း... ကျွန်တော်တို့က ချန်းကျိုးက လာတာပါ။ စုစုပေါင်း လူငါးယောက်ပါ"
မာကူးက အပြုံးဖြင့် ရှေ့ထွက်လာပြီး စာအုပ်ငယ်လေးတစ်အုပ်ကို ကမ်းပေးလိုက်သည်။
လမ်းပြစာရွက် ဆိုသည်မှာ လုချင်းတို့အဖွဲ့၏ အထောက်အထားနှင့် ဇစ်မြစ်ကို သက်သေပြနိုင်သော အရာဖြစ်သည်။
ပုံမှန်အားဖြင့် ဤအရာက သိပ်အသုံးမဝင်သော်လည်း နဂါးပြာဂိတ်ကဲ့သို့သော အရေးကြီး စစ်ဆေးရေးဂိတ်များတွင် လိုအပ်လေသည်။
သို့မဟုတ်ပါက လုချင်းတို့အဖွဲ့သည် မြင့်မားသော တောင်တန်းကြီးများကို ကိုယ်တိုင် ဖြတ်ကျော်ပြီး နဂါးပြာဂိတ်ကို ရှောင်ကွင်း၍ ကျုံးကျိုးသို့ ဝင်ရောက်ရမည် ဖြစ်သည်။
သူတို့၏ အထောက်အထား လမ်းပြစာရွက်ကို ဝေ့မိသားစုက စီစဉ်ပေးထားခြင်း ဖြစ်၍ သဘာဝကျကျပင် ပြဿနာမရှိပေ။
မြို့စောင့်က တစ်ချက်သာ ကြည့်ပြီး ပြန်ပိတ်လိုက်သည်။
"လမ်းပြစာရွက်က အဆင်ပြေတယ်။ လူငါးယောက်ဆိုတော့ မြို့ဝင်ကြေး တစ်ယောက်ကို ငွေဒင်္ဂါးတစ်ကျပ်ကျတယ်။ မြင်းလှည်းပါ ထည့်တွက်ရင် စုစုပေါင်း ငွေဒင်္ဂါးခြောက်ကျပ် ပေးရမယ်။ ပိုက်ဆံပေးပြီးရင် မြို့ထဲဝင်လို့ရပြီ"
လူတစ်ယောက်ကို ငွေဒင်္ဂါးတစ်ပြားတောင်လား။
မာကူးက ပမာဏကို ကြားပြီး အစပိုင်း အံ့သြသွားသည်။
သို့သော် တန်းစီနေသော အခြားသူများကို လေ့လာကြည့်လိုက်ရာ မည်သူမျှ အံ့သြပုံမရသဖြင့် ဤမြို့ဝင်ကြေးသည် ပုံမှန်ဖြစ်ပြီး သူတို့ကို တမင်သက်သက် အခက်တွေ့အောင် လုပ်ခြင်းမဟုတ်ကြောင်း သိလိုက်ရသည်။
သေချာသွားသောအခါ မာကူးက ငွေအိတ်တစ်လုံးကို ထုတ်ယူပြီး အပြုံးဖြင့် ပေးလိုက်သည် "ဟုတ်ကဲ့... ဒါက ငွေဒင်္ဂါးခြောက်ပြားစာပါဗျ။ စစ်ကြည့်ပါဦး"
မြို့စောင့်က အိတ်ကို ချိန်ဆကြည့်လိုက်သည်။ မျက်မှောင်ကြုတ်လျက် ဖွင့်ကြည့်လိုက်ရာ အတွင်း၌ ငွေတုံးငယ်လေးတစ်တုံးကို တွေ့လိုက်ရသဖြင့် ပြုံးလိုက်လေသည်။
သူက လက်ကို ဝှေ့ယမ်းလိုက်သည်။ "ကောင်းပြီ... သွားကြတော့။ တစ်ယောက်ယောက်က ပြဿနာရှာရင် ဟူလောင်စန်းရဲ့လူလို့သာ ပြောလိုက်"
"ကျေးဇူးပါ မြို့စောင့်မင်း"
မာကူးသည် ဝမ်းသာအားရဖြင့် ကျေးဇူးတင်စကားဆိုပြီးနောက် မြင်းလှည်းဆီသို့ ပြန်လာကာ ရှေ့ဆက်မောင်းနှင်လိုက်သည်။
မြင်းလှည်း မြို့တံခါးကို ဖြတ်သန်းသွားသောအခါ တိတ်ဆိတ်နေသော အခြားမြို့စောင့်တစ်ယောက်က ရုတ်တရက် စကားပြောလာသည်။"ဟို လူငယ်လေး... မင်းက မြို့တံခါးပေါ်က စာလုံးသုံးလုံးကို တော်တော် စိတ်ဝင်စားနေပုံရတယ်"
လုချင်း ကြောင်သွားပြီး ခေါင်းလှည့်ကြည့်လိုက်ရာ ထိုမြို့စောင့်က သူ့ကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူ ခဏလောက် စဉ်းစားပြီး ပြုံးလိုက်၏။
"ကျွန်တော်က လက်ရေးအလှကို အမြဲ နှစ်သက်ခဲ့တာပါ။ ဒီ 'နဂါးပြာမြို့တော်' ဆိုတဲ့ စာလုံးသုံးလုံးရဲ့ လက်ရေးက အရမ်း ခမ်းနားပြီး သာမန်လူတစ်ယောက်ရဲ့ လက်ရာ မဟုတ်ဘူးဆိုတာ သိသာနေလို့ပါဗျ။ စိတ်ဝင်စားမိလို့ ခဏလောက် လေ့လာကြည့်မိတာပါ။ မြို့စောင့်မင်း... ကျွန်တော် စည်းကမ်းဖောက်ဖျက်မိလို့လား"
"မင်း စည်းကမ်းမဖောက်ဖျက်ပါဘူး"
စကားပြောနေသော မြို့စောင့်သည် ခန့်ညားသော ရုပ်ရည်ရှိသည့် လူငယ်တစ်ဦး ဖြစ်သည်။
"ဒါပေမဲ့ မင်းလည်း သိုင်းပညာရှင်တစ်ယောက် ဖြစ်နေတာ မြင်လို့ ငါ သတိပေးချင်လို့ပါ။ မြို့တံခါးပေါ်က ကမ္ပည်းစာတွေမှာ အထူးအသိတွေ ပါဝင်နေတယ်။"
"ဒါပေမဲ့ အဲဒီ အသိက နည်းနည်း ဆိုးယုတ်တယ်။ တကယ်လို့ မင်းသာ အဲဒီကနေ တစ်ခုခု နားလည်သဘောပေါက်သွားခဲ့ရင်... ငါ့ကို ယုံပါ၊ အဲဒါကို မကျင့်ကြံပါနဲ့။ မဟုတ်ရင် နောင်ကျရင် အတွင်းစိတ်မိစ္ဆာတွေရဲ့ နှောင့်ယှက်မှုကြောင့် ရူးသွပ်သွားနိုင်သလို မင်းရဲ့ ကျင့်ကြံမှုအဆင့်လည်း ကျသွားနိုင်တယ်။ အဲဒီအခါကျမှ နောင်တရရင် နောက်ကျသွားလိမ့်မယ်"
လုချင်း အံ့အားသင့်သွားသည်။ သို့သော် သံချပ်ကာဝတ် လူငယ်၏ လေးနက်သော မျက်နှာထားကို ကြည့်ခြင်းအားဖြင့် လိမ်ပြောနေပုံ မရပေ။
သူ ခေတ္တမျှ စဉ်းစားပြီး ခေါင်းညိတ်ပြလိုက်သည်။ "သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ။ ကျွန်တော် သတိထားပါ့မယ်"
လုချင်းတို့အဖွဲ့ မြို့ထဲဝင်သွားပြီး မမြင်ရတော့မှ သံချပ်ကာဝတ် လူငယ်သည် သူ့၏ ဂရုမစိုက်သော ပုံစံသို့ ပြန်ပြောင်းသွားပြီး မည်သူ့ကိုမျှ အရေးမလုပ်တော့ပေ။
သို့သော် ဘေးနားမှ ဟူလောင်စန်းက စိတ်ဝင်စားသွားသည်။ "သခင်လေးကျီ... ဘာလို့ ဟိုလူငယ်လေးကို မြို့တံခါးပေါ်က စာတွေကို နားလည်အောင် မကြိုးစားဖို့ သတိပေးလိုက်တာလဲ။ ဟိုလူငယ်လေးက ကမ္ပည်းစာတွေရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်မယ်လို့ တကယ်ပဲ ထင်လို့လား"
"ဘယ်သူသိမှာလဲ။ သူက စာလုံးတွေထဲ ဈာန်ဝင်နေတာ မြင်လို့ သတိပေးလိုက်ရုံပါပဲ။ ဘာပဲဖြစ်ဖြစ် သူတို့က ငါတို့ကို ငွေပိုပေးသွားတယ် မဟုတ်လား" သံချပ်ကာဝတ် လူငယ်က အေးစက်စွာ ပြောလိုက်သည်။
"ဟုတ်သားပဲ" ဟူလောင်စန်းက မာကူး ပေးသွားသော ငွေအိတ်ကို ထုတ်ကာ ငွေတုံးကို သွန်ချလိုက်သည်။ "သခင်လေးကျီ... ပိုနေတာဆိုတော့ ကျွန်တော်တို့ တစ်ဝက်စီ ခွဲကြမလား"
"ငွေဒင်္ဂါးနှစ်ဆယ်ကျပ်စာတောင်လား" သံချပ်ကာဝတ် လူငယ် အံ့သြသွားသည်။ "အဲဒီလူတွေက ဒီလောက်တောင် ရက်ရောလိမ့်မယ်လို့ မထင်ထားဘူး"
ဟူလောင်စန်း ငွေခွဲရန် ပြင်နေသည်ကို မြင်သောအခါ သံချပ်ကာဝတ် လူငယ်က လက်ကာပြလိုက်သည်။ "ထားလိုက်ပါတော့... ခင်ဗျားပဲ ယူလိုက်ပါ။ ခင်ဗျားသမီးကို ရွှမ်ရှင်းဂိုဏ်းကို ပို့ပြီး ပညာသင်ခိုင်းချင်တယ်လို့ ပြောဖူးတယ် မဟုတ်လား။ ပိုက်ဆံလိုမှာပဲဟာ"
"ကျေးဇူးပါ သခင်လေးကျီ"
ဟူလောင်စန်းက ငြင်းမနေတော့ဘဲ ငွေကို အိတ်ထဲ အမြန်ပြန်ထည့်လိုက်သည်။ စောစောက သူလုပ်ပြနေသည်မှာ ဟန်ပြသက်သက်သာ ဖြစ်ပုံရသည်။
သံချပ်ကာဝတ် လူငယ်က ခေါင်းခါလိုက်ပြီး မြေခွေးအိုကြီးကို ဂရုမစိုက်တော့ဘဲ ဆက်လက်၍ နေ့ခင်းကြောင်တောင် အိပ်မက်မက်နေလေသည်။
ဟူလောင်စန်းကတော့ ဂရုမစိုက်ပေ။ ကျီမိသားစုရဲ့ သခင်လေးတစ်ယောက်က ဘာကြောင့် သူနဲ့အတူ မြို့တံခါးလာစောင့်နေရတာလဲဆိုတာ မသိပေမယ့် သူ့စီးပွားရေးကို မထိခိုက်သရွေ့၊ ပြီးတော့ ရံဖန်ရံခါ အကာအကွယ် ပေးနေသရွေ့ သူကတော့ ဘာမှ မပြောလိုပေ။
"နောက်ထပ် ငွေတစ်ရာလောက်ဆိုရင် ရှောင်လျန်ကို ရွှမ်ရှင်းဂိုဏ်း ပို့ဖို့ လုံလောက်ပြီ"
ဟူလောင်စန်းသည် အိတ်ကပ်ထဲမှ ငွေတုံးကို စမ်းသပ်ရင်း ပျော်ရွှင်နေလေသည်။
"စိတ်ဝင်စားစရာပဲ"
မြို့ထဲရောက်နေပြီဖြစ်သော လုချင်းသည် မြို့တံခါးဝတွင် ဖြစ်ပျက်ခဲ့သည်များကို အာရုံခံမိပြီး စိတ်ဝင်စားသွားကာ သူ၏ ဝိညာဉ်စွမ်းအင်ကို ပြန်ရုတ်သိမ်းလိုက်၏။
သံချပ်ကာဝတ် လူငယ်၏ သတိပေးချက်က တကယ်ပဲ စေတနာစစ်မှန်ပုံ ရသည်။
ဒါပေမဲ့... မြို့တံခါးပေါ်က စာလုံးတွေထဲမှာရှိတဲ့ အသိတွေက တကယ်ပဲ အဲဒီလောက်တောင် ကြောက်စရာကောင်းလို့လား။ သူတော့ အဲ့လို မခံစားမိပါဘူး။
လုချင်း ဇဝေဇဝါ ဖြစ်သွားသည်။
စောစောက စာလုံးတွေကို မြင်လိုက်ရတုန်းက အသိက ထူးခြားတယ်လို့ပဲ ခံစားမိပြီး ဘာအန္တရာယ်မှ မခံစားမိခဲ့ဘူးလေ။
ဒါ့အပြင် သူ့ဆရာလည်း ဘာပြဿနာမှ မရှိဘဲ နားလည်သဘောပေါက်ခဲ့တာပဲ။
"စာလုံးတွေထဲမှာ နောက်ထပ် လျှို့ဝှက်ချက်တစ်ခု ရှိနေသေးတာများလား။ နေရာထိုင်ခင်း အဆင်ပြေရင် လေ့လာကြည့်မှပဲ"
လုချင်း စဉ်းစားပြီး ဆုံးဖြတ်ချက်ချလိုက်သည်။
"ဝိုး... မြို့ကြီးက အကြီးကြီးပဲ"
ထိုအချိန်တွင် ရှောင်ယန်၏ အံ့သြသံ ရုတ်တရက် ထွက်ပေါ်လာသည်။
လုချင်း လှည့်ကြည့်လိုက်ရာ ရှောင်လီကို ပွေ့ထားသော ကောင်မလေးက မျက်လုံးဝိုင်းကြီးများဖြင့် ရှေ့မှ မြင်ကွင်းကို အံ့သြတကြီး ကြည့်နေသည်ကို တွေ့လိုက်ရသည်။
တစ်ဖက်တွင်လည်း မာကူးနှင့် ဝေ့ကျိအန်းတို့မှာ အလားတူ မျက်နှာပေးများဖြင့် စည်ကားလှသော မြင်ကွင်းကို မျက်လုံးအပြူးသား ငေးကြည့်နေကြသည်။
သူတို့ရှေ့တွင် ပေပေါင်းများစွာ ကျယ်ဝန်းသော လမ်းမကြီးသည် လူများ၊ မြင်းရထားများ၊ မြည်းလှည်းများဖြင့် ပြည့်နှက်နေသည်။
ယာဉ်ရထားသံများ၊ ဈေးသည်များ၏ အော်ဟစ်ရောင်းချသံများနှင့် ဆူညံသံများ နေရာအနှံ့ ရှိနေသည်။
ဤလမ်းမကြီးတစ်ခုတည်းတင် လုချင်း မြင်ဖူးသမျှ မြို့များထက် ပိုမို ခမ်းနားပြီး စည်ကားနေသည်။
လမ်းဘေးတစ်ဖက်တစ်ချက်စီရှိ မြင့်မားသော ကျောက်တိုက်များကိုတော့ ပြောစရာမလိုတော့ပေ။ လုချင်းတို့အဖွဲ့အနေဖြင့် တွေ့ရခဲသော မြင်ကွင်းမျိုးပင်။
"နာမည်ကြီး နဂါးပြာဂိတ်ဆိုတဲ့အတိုင်းပဲနော်။ နာမည်ကြီးသင့်ပါတယ်လေ။ တခြား ဂိတ်သုံးခုကရော ဘယ်လိုနေမလဲ မသိဘူး" လုချင်း မချီးကျူးဘဲ မနေနိုင်တော့ပေ။
တခြား ပြည်နယ်တွေကနေ ကျုံးကျိုးကို ဝင်ချင်သည့်သူတွေက များသောအားဖြင့် ဂိတ်လေးခုကို ဖြတ်သန်းကြရသည်။
ထိုဂိတ်လေးခုကို ဒဏ္ဍာရီလာ နတ်ဘုရားသားရဲလေးကောင်ကို အစွဲပြု၍ နာမည်ပေးထားခြင်း ဖြစ်သည်။
လုချင်းတို့အဖွဲ့ကတော့ အရှေ့ဘက် နဂါးပြာဂိတ်ကနေ ဝင်လာခြင်း ဖြစ်သည်။
ဂိတ်လေးခု ရှိသော်လည်း ကျုံးကျိုးသို့ ဝင်ရောက်ရန် ထိုလမ်းများသာ ရှိသည်ဟု မဆိုလိုပါ။
သို့သော် အခြားလမ်းကြောင်းများကို အသုံးပြုပါက ပိုမို ရှုပ်ထွေးခက်ခဲပေလိမ့်မည်။
မိမိတို့၏ အထောက်အထားကို ဖုံးကွယ်ချင်သူများနှင့် ကျွမ်းကျင်သော သိုင်းပညာရှင်များသာ ထိုလမ်းများကို ရွေးချယ်ကြသည်။
သာမန်လူများကတော့ ငွေအနည်းငယ်ပေးပြီး ဘေးကင်းသော ဂိတ်ပေါက်များမှ ဝင်ရောက်ခြင်းကိုသာ ပိုနှစ်သက်ကြသည်။
"ဆရာ... ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ။ တည်းခိုဖို့ နေရာ အရင်ရှာကြမလား" လုချင်း မေးလိုက်သည်။
သမားတော်ကြီးက ခဏစဉ်းစားပြီး "အရင်ဆုံး တည်းခိုဖို့နေရာ ရှာကြတာပေါ့။ ရက်အတော်ကြာ ခရီးဆက်လာရတော့ အားလုံး ပင်ပန်းနေကြပြီ။ မြို့ထဲမှာ တစ်ရက်လောက် ကောင်းကောင်း အနားယူပြီးမှ မနက်ဖြန်ကျမှပဲ ဂိတ်ကို ဖြတ်ကြတာပေါ့"
"အဲဒါ ကောင်းပါတယ်" လုချင်း ခေါင်းညိတ်လိုက်သည်။
သူတို့ ခရီးဆက်လာသည်မှာ ရက်အတော်ကြာပြီ ဖြစ်သည်။ မန္တန်ပါသော မြင်းလှည်းက ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်မှုမှ ကာကွယ်ပေးသော်လည်း စိတ်ပိုင်းဆိုင်ရာအရ အနည်းငယ် ပင်ပန်းနေကြသည်။
သူနှင့် ဆရာက အဆင်ပြေသော်လည်း ရှောင်ယန်နှင့် ဝေ့ကျိအန်းတို့မှာ အတော်လေး နွမ်းနယ်နေကြပြီ။
အထူးသဖြင့် မြင်းလှည်း အရှိန်မြင့်မားမှုကြောင့် မောင်းနှင်ရာတွင် အာရုံစိုက်ရသဖြင့် စိတ်စွမ်းအင် အများကြီး ကုန်ခမ်းခဲ့ရသော မာကူးအတွက် ပိုလိုအပ်သည်။
ကောင်းကောင်း အနားမယူလျှင် သူတို့၏ အခြေခံအုတ်မြစ်ကို ထိခိုက်စေနိုင်သည်။
ကျုံးကျိုးနှင့် အရှေ့ဘက် ပြည်နယ်များကို ဆက်သွယ်ပေးထားသော ကုန်သွယ်ရေး အချက်အချာနေရာ ဖြစ်သည့်အလျောက် နဂါးပြာမြို့တော်တွင် စီးပွားရေး ကောင်းမွန်လှပါ၏။
မကြာမီမှာပင် လုချင်းတို့အဖွဲ့သည် စိတ်ကျေနပ်ဖွယ်ရာ တည်းခိုခန်းတစ်ခုကို ရှာတွေ့ခဲ့ကြသည်။
ဈေးနှုန်း အနည်းငယ် မြင့်သော်လည်း သူတို့တွင် ငွေကြေး မရှားပါးသဖြင့် ကုန်ကျစရိတ်ကို ဂရုမစိုက်ကြပေ။
နေရာချပြီးနောက် လုချင်း အိပ်ရာပြင်နေစဉ် ရှောင်ယန်နှင့် ရှောင်လီတို့ ဆော့ကစားနေကြသည်။
တံခါးခေါက်သံ ကြားလိုက်ရသည်။ "အားချင်း... ခဏလောက် ထွက်ခဲ့ပါဦး"
"ဘာကိစ္စလဲ ဆရာ" လုချင်း တံခါးဖွင့်လိုက်သည်။
"ငါနဲ့ လိုက်ခဲ့ပါဦး။ စုံစမ်းစရာ ကိစ္စတချို့ ရှိလို့" သမားတော်ကြီးက ပြောလိုက်သည်။
"ဟုတ်ကဲ့ ဆရာ... ခဏလောက် စောင့်ပါ"
လုချင်း အခန်းထဲ ပြန်ဝင်ပြီး ရှောင်ယန်နှင့် ရှောင်လီကို အခန်းထဲမှာပဲ နေရန်နှင့် လျှောက်မသွားရန် မှာကြားပြီးနောက် ထွက်လာခဲ့သည်။
ဆရာ့နောက်လိုက်ပြီး လမ်းမပေါ် ရောက်သောအခါ လုချင်းက မေးလိုက်သည်။ "ဆရာ... ကျွန်တော်တို့ ဘာအကြောင်း စုံစမ်းမှာလဲ"
"ဂိတ်ဖြတ်ကူးမယ့် အကြောင်းရယ်... လတ်တလော လောကရဲ့ အခြေအနေရယ်ပါ" သမားတော်ကြီးက ပြောသည်။
"လောကရဲ့ အခြေအနေ ဟုတ်လား" လုချင်း အံ့သြသွားသည်။ "ဘယ်မှာ သွားစုံစမ်းမှာလဲ"
ဆရာ့မှာ နဂါးပြာမြို့တော်မှာ အဆက်အသွယ် ရှိနေတာများလား။
လုချင်း ရုတ်တရက် အတွေးတစ်ခု ဝင်လာသည်။
သို့သော် သမားတော်ကြီးက တိုက်ရိုက် ပြန်မဖြေဘဲ ပစ္စည်းတစ်ခုကို ထုတ်ပြလိုက်သည်။
"အားချင်း... မင်း ဒါကို မှတ်မိလား"
လုချင်း ကြည့်လိုက်ပြီး ချက်ချင်း မှတ်မိလိုက်သည်။ "ဒါက သခင်လေး ကျိယွဲ့ပေးခဲ့တဲ့ ကျောက်စိမ်းပြား မဟုတ်လားဗျ"
"ဟုတ်တယ်... အဲဒါပဲ။ စောစောက မြို့ထဲဝင်လာတုန်းက ဒီကျောက်စိမ်းပြားဆီကနေ လှုပ်ရှားမှု နည်းနည်းခံစားလိုက်ရတယ်။ အခန်းထဲရောက်တော့ အာရုံခံကြည့်လိုက်တာ မြို့ထဲက တစ်နေရာရာကနေ လာနေတာကို တွေ့လိုက်ရတယ်လေ။ သခင်လေးကျိယွဲ့ ပြောခဲ့တာတွေအရဆိုရင် အဲဒီနေရာက ထျန်းကျီမျှော်စင်ရဲ့ ဌာနခွဲတစ်ခု ဖြစ်လောက်တယ်"
"ဟုတ်သားပဲ" ဒါကိုကြားတော့ လုချင်း နားလည်သွားသည်။
ထျန်းကျီမျှော်စင်က အကောင်းဆုံး သတင်းကွန်ရက်ကို ပိုင်ဆိုင်ထားတယ်လို့ ကြွေးကြော်ထားမှတော့ သတင်းစုဆောင်းဖို့ နေရာအနှံ့မှာ ဌာနခွဲတွေ ရှိနေမှာ သေချာသည်။
နဂါးပြာမြို့တော်လို မြို့ကြီးမျိုးမှာ ဌာနခွဲတစ်ခု ရှိကို ရှိနေမှာပဲ။
"ဒါဆို ကျွန်တော်တို့ အခု အဲဒီကို သွားကြမယ် ဆရာ"