← Chapters

အခန်း (၂၅၇-၂၅၈)

Vol. 26 Ch. 257-258

အခန်း (၂၅၇-၂၅၈)

Vol. 26 Ch. 257-258

အခန်း ၂၅၇ - မဟာလွတ်လပ်ခြင်းဓားသိုင်းနှင့် လုချင်း၏ ‘သိုင်းအသိ’

“ဆရာ... ကျုံးကျိုးကလည်း ဝိညာဉ်စွမ်းအင်တွေ ပြန်လည်နိုးထလာတာကြောင့် မငြိမ်မသက်ဖြစ်နေလိမ့်မယ်လို့ ကျွန်တော် မထင်ထားမိဘူး။ မြင့်မြတ်သောတောင်တော်က တခြားပြည်နယ်တွေရဲ့ ကိစ္စမှာ ဘာလို့ဝင်မပါတာလဲဆိုတာ အခုမှပဲ သဘောပေါက်တော့တယ်။”

အပြန်လမ်းတွင် လုချင်းက သမားတော်ကြီးကို လှမ်း၍ပြောလိုက်လေသည်။

“ဒီတစ်ခါ ကျုံးကျိုးကို လာဖို့ ငါတို့ဆုံးဖြတ်ခဲ့တာ မှန်သလား၊ မှားသလားဆိုတာ ငါလည်း မသိတော့ဘူးကွာ” သမားတော်ကြီးက စိုးရိမ်တကြီးဖြင့် ဆို၏။ ကျုံးကျိုး၏ အခြေအနေမှာ အလွန်ပင် ခန့်မှန်းရခက်ခဲလာသဖြင့် ရှေ့ဆက် ဘာဖြစ်လာမည်ကို သူ အမှန်တကယ်ပင် စိုးရိမ်နေမိခြင်း ဖြစ်ပေသည်။

“ပြီးတော့ ဒီ ချီစားသုံးခြင်းနည်းပညာ က အရမ်းကို တန်ဖိုးရှိလွန်းတယ်။ ဂိုဏ်းကြီးတွေတောင် ဒါကိုရဖို့ အသေအလဲ တိုက်ခိုက်ကြမှာပဲ။ အားချင်း... နောက်ဆိုရင် အဲ့ဒီနည်းပညာကို ကျင့်ကြံတဲ့အခါ အရမ်းသတိထားရမယ်နော်” သမားတော်ကြီးက သတိပေးလေသည်။

“ဟုတ်ကဲ့ပါ ဆရာ” လုချင်းက လေးနက်သော အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်၏။

ကျုံးကျိုးရှိ အင်အားကြီးဂိုဏ်းများနှင့် မျိုးနွယ်စုကြီးများတွင် ခိုင်မာသောအခြေခံများရှိသဖြင့် ဝိညာဉ်စွမ်းအင် သန့်စင်သည့် နည်းလမ်းများ မရှားပါးလောက်ဘူးဟု သူ ထင်မှတ်ခဲ့သော်လည်း အခြေအနေကို သူ အထင်သေးခဲ့မိပုံရပေသည်။

ရှေးခေတ်ကာလက ဝိညာဉ်စွမ်းအင်များ ပျောက်ကွယ်သွားခြင်းနှင့် ကောင်းကင်နှင့်မြေကြီး စည်းမျဉ်းများ ပြောင်းလဲသွားခြင်းကြောင့် ကျင့်ကြံခြင်းလမ်းစဉ်မှာ နှစ်ပေါင်းသောင်းချီ၍ တိတ်ဆိတ်သွားခဲ့ရသည်။ ကျင့်ကြံခြင်းနည်းလမ်းများ ပျောက်ဆုံးသွားမှုမှာ သူထင်ထားသည်ထက် ပို၍ဆိုးရွားလှပေသည်။ ချီစားသုံးခြင်းနည်းပညာကဲ့သို့ အခြေခံနည်းလမ်းတစ်ခုပင်လျှင် ဂိုဏ်းများအကြား လုယက်မှုကို ဖြစ်ပေါ်စေနိုင်၏။

အကယ်၍ ရှေးခေတ်ကျင့်ကြံခြင်းဂိုဏ်းကြီး နှစ်ခု၏ အမွေအနှစ် အပြည့်အစုံကို သူ ပိုင်ဆိုင်ထားကြောင်း လူသိသွားပါက ကမ္ဘာပေါ်ရှိ အင်အားစုအားလုံး၏ ပစ်မှတ် ဖြစ်သွားပေလိမ့်မည်။ ထိုအခါ သူ မည်မျှပင် ကျွမ်းကျင်ပါစေ၊ ဝေးရာသို့ ထွက်ပြေးတိမ်းရှောင်ရပေတော့မည်။

“ဆရာ... ရွှမ်ကျီချန်ပေ့ ပြောသွားတဲ့ မြို့တံခါးပေါ်က စာလုံးတွေထဲမှာပါတဲ့ သိုင်းအသိကို ဆရာ ဘယ်လိုမြင်လဲဗျ” လုချင်းက မေးလိုက်၏။

သမားတော်ကြီးက ခဏမျှ စဉ်းစားပြီးနောက် “စာလုံးတွေထဲက သိုင်းအသိမှာ မှားယွင်းတာမျိုးတော့ ငါ မခံစားရပါဘူး။ အဲဒီစာလုံးတွေကို ရေးခဲ့တဲ့သူက အရမ်းကို လွတ်လပ်ပေါ့ပါးတဲ့သူ ဖြစ်ရမယ်။ သူချန်ထားခဲ့တဲ့ သိုင်းအသိမှာ လွတ်လပ်ခြင်းအငွေ့အသက်တွေ ပြည့်နှက်နေတာပဲ။ ငါ ခဏလောက် ဆင်ခြင်ကြည့်လိုက်တာနဲ့တင် အများကြီး ရလိုက်သလို ခံစားရတယ်”

လုချင်း တွေးတောနေမိ၏။ သူသည်လည်း ထိုစာလုံးများမှ မည်သည့် အန္တရာယ်မျိုးကိုမျှ အာရုံမရခဲ့ပေ။ ၎င်းမှာ သူ၏ အထင်မှားမှုလား သို့မဟုတ် အခြားလျှို့ဝှက်ချက် ရှိနေသလားဆိုသည်ကိုတော့ သူလည်း မသေချာသေးပေ။

အဆောင်သို့ ပြန်ရောက်သောအခါ၌ လုချင်းက ဟင်းပွဲအမြောက်အမြား မှာယူလိုက်ပြီး လူတိုင်းကို ခေါ်၍ ကျွေးမွေးလေသည်။ အားလုံး ဝဝလင်လင် စားသောက်ပြီးနောက် အသီးသီး အနားယူရန် အခန်းထဲသို့ ဝင်သွားကြသည်။

ရှောင်ယန်နှင့် ရှောင်လီတို့မှာ လုချင်း၏ အခန်းထဲတွင်ပင် အိပ်ကြလေ၏။ စားသောက်ပြီးနောက် ထိုကလေးငယ်နှစ်ဦးမှာ အိပ်ငိုက်လာသဖြင့် အိပ်ရာပေါ်တွင် လဲလျောင်းကာ အနားယူကြလေသည်။

လုချင်းမှာမူ ပင်ပန်းသည်ဟု မခံစားရပေ။ သူသည် ကုလားထိုင်ပေါ်တွင် တင်ပလ္လင်ခွေထိုင်ကာ တရားမှတ်နေ၏။ ကလေးငယ်နှစ်ဦး အိပ်ပျော်သွားသည်ကို သိရှိလိုက်သောအခါ၌ သူ၏ နတ်မျက်စိစွမ်းအားကို တိတ်တဆိတ် အသက်သွင်းလိုက်ပြီး မြို့တံခါးရှိ စာလုံးများအတွင်းမှ သိုင်းအမွေအနှစ်ကို နားလည်သဘောပေါက်ရန် ပြင်ဆင်လိုက်လေသည်။

“သင်ယူမှုကို စတင်မလား”

လုချင်းလည်း သင်ယူရန် ရွေးချယ်လိုက်သည်။ နောက်တစ်ခဏတွင် ရင်းနှီးသော မြင်ကွင်းတစ်ခု ပေါ်လာပြီး သူ၏ စိတ်အတွင်းထဲမှ သိုင်းပညာဆိုင်ရာ ထိုးထွင်းသိမြင်မှုများစွာ တိုးထွက်လာလေသည်။ လုချင်းသည် မျက်လုံးကို မှိတ်ထားပြီး ဤများပြားလှသော သတင်းအချက်အလက်များကို ငြိမ်သက်စွာ လက်ခံရယူနေလေသည်။

ခဏအကြာတွင် သူ မျက်လုံးပြန်ဖွင့်လိုက်သောအခါ မျက်လုံးထဲ၌ အံ့သြမှုအရိပ်အယောင်များ ဖြတ်ပြေးသွား၏။

“ဒါကြောင့်ကိုး... ဒီသိုင်းသူတော်စင် ချန်ထားခဲ့တဲ့ အမွေအနှစ်က တကယ်ကို ကြမ်းတမ်းလွန်းတာပဲ။ ဒီနည်းလမ်းကို ကျင့်ကြံဖို့ဆိုရင် လက်ရှိရှိနေတဲ့ ကျင့်ကြံမှုအားလုံးကို ဖျက်ဆီးပြီး အသစ်ကနေ ပြန်စရမယ်၊ သိုင်းအုတ်မြစ်ကို အသစ်ကနေ ပြန်တည်ဆောက်ရမှာပဲ။”

မြို့တံခါးမှ စာလုံးများအတွင်းရှိ အမွေအနှစ်မှာ “မဟာလွတ်လပ်ခြင်းဓားသိုင်း” ဟု ခေါ်သော နည်းလမ်းတစ်ခု ဖြစ်သည်။ ၎င်းမှာ ဓားသိုင်းတစ်ခုဖြစ်သလို ချီနှင်ါယ့သွေးအဆင့်မှသည် မွေးရာပါနယ်ပယ်၏ အထွတ်အထိပ်အထိ ကျင့်ကြံနိုင်သော ဘက်စုံကျင့်စဉ်တစ်ခုလည်း ဖြစ်၏။

၎င်းကို သိုင်းသူတော်စင်၏ တစ်သက်တာ ကျင့်ကြံမှုနှင့် သိုင်းအတွေးအခေါ်များ စုစည်းထားခြင်းဟု ဆိုနိုင်ပေသည်။

အကယ်၍သာ ဤနည်းပညာ ပေါ်သွားပါက ထိပ်တန်းဂိုဏ်းကြီးများပင်လျှင် လုယက်ရန် ကြိုးစားကြပေလိမ့်မည်။

သို့သော် “လွတ်လပ်ခြင်း” ဟု အမည်ပေးထားသော်လည်း ဤပညာမှာ အလွန်ပင် တစ်ကိုယ်ကောင်းဆန်ကာ ကြမ်းတမ်းလှသည်။ ကျင့်ကြံသူမှာ အောင်မြင်မှု ရရှိရန်အတွက် ယခင်ရှိပြီးသား ကျင့်ကြံမှုများကို စွန့်လွှတ်ရမည် ဖြစ်၏။

“ရွှမ်ကျီချန်ပေ့ ပြောတာ မဆန်းတော့ဘူး။ ကျီမိသားစုက သားကြီးက စာလုံးတွေကို ဆင်ခြင်ပြီးတဲ့နောက်မှာ ကျင့်ကြံမှုတွေ ပျက်စီးပြီး စိတ်ဂယောင်ခြောက်ခြား ဖြစ်ခဲ့တယ်ဆိုတာ... သူ စာလုံးတွေထဲက အမှန်တရားကို သိသွားပြီး ကျင့်ကြံမှုကို ဖျက်ဆီးပစ်ဖို့ ဆုံးဖြတ်ခဲ့တာ နေမှာပဲ။ သူ ‘မဟာလွတ်လပ်ခြင်းဓားသိုင်း’ တစ်ခုလုံးကို ရခဲ့သလားဆိုတာတော့ မသေချာဘူး၊ မရခဲ့ရင်တော့ တကယ့်ကို နှမြောစရာပဲ။”

အမွေအနှစ်ကို နားလည်သွားပြီးနောက်တွင်မှ ကျီမိသားစုမှ သားကြီးမှာ အဘယ်ကြောင့် ဤကဲ့သို့ အခြေအနေသို့ ရောက်သွားရသည်ကို လုချင်း သဘောပေါက်သွားတော့သည်။ ထိုသူသည် မိသားစုကို ဘာကြောင့် အကျိုးအကြောင်း မပြောခဲ့သလဲဆိုသည်မှာ မရှင်းလင်းပေ။ သို့မဟုတ် ကျီမိသားစုက အမှန်တရားကို သိနေသော်လည်း သားဖြစ်သူကို သိုင်းသူတော်စင်၏ အမွေအနှစ်ကို ရရှိစေရန် အကာအကွယ်ပေးသည့်အနေဖြင့် အပြင်ပန်းတွင်သာ နှင်ထုတ်လိုက်ခြင်းလည်း ဖြစ်နိုင်ပေသည်။

လုချင်း ခဏမျှ တွေးတောလိုက်ပြီးမှ ထိုကိစ္စကို ခေါင်းထဲမှ ထုတ်လိုက်လေသည်။ အမှန်တရားက မည်သို့ပင်ဖြစ်စေ၊ သူ့အတွက်တော့ အရေးမပါပေ။ သူတို့သည် မနက်ဖြန်တွင် နဂါးပြာမြို့တော်မှ ထွက်ခွာကြတော့မည် ဖြစ်သည်။

သူသည် သူ၏ အာရုံကို “မဟာလွတ်လပ်ခြင်းဓားသိုင်း” ဆီသို့ ပြန်လည်ပို့ဆောင်လိုက်၏။

“ဒီဓားသိုင်းက ကျင့်ကြံဖို့ အရမ်းခက်ခဲလွန်းတယ်၊ ငါ့အတွက်တော့ မသင့်တော်ဘူး။ ဒါပေမဲ့ ဒီထဲမှာပါတဲ့ မွေးရာပါနယ်ပယ်ရဲ့ ဓားသဘောတရားတွေနဲ့ ဓားအသိတွေကတော့ ထူးခြားတယ်၊ ဒါတွေကို ငါ့ရဲ့ ကိုယ်ပိုင် ‘အသိ’ ထဲကို ပေါင်းစပ်လို့ရတယ်။”

လုချင်းသည် သူ၏ ကျင့်ကြံမှုကို ဖျက်ဆီးပြီး အသစ်ပြန်စရန် မည်သို့မျှ ဆုံးဖြတ်မည် မဟုတ်ပေ။ ဤနည်းလမ်းမှာ ထူးခြားလှသော်လည်း သူ၏ စိတ်ထဲတွင် မြင့်မြတ်သော ဂါထာမန္တန်ဂိုဏ်းနှင့် လီဟော်ဂိုဏ်းတို့၏ အမွေအနှစ်များကို မမီနိုင်သေးပေ။

ယွီဟွာဂူရှိ လီဝေ့ထျန်းချန်ပေ့ ချန်ထားခဲ့သော နည်းလမ်းများမှာပင် ဤထက် မနိမ့်ပါးပေ။ သူသည် ဖရဲသီးကြီးကို စွန့်ပြီး နှမ်းစေ့ကို ကောက်မည့်သူ မဟုတ်သဖြင့် ကျင့်ကြံမှုကို ဖျက်ဆီးမည် မဟုတ်ပေ။

သို့သော် ဤဓားသိုင်းအတွင်းရှိ သိုင်းသဘောတရားများမှာမူ သင်ယူရန် အလွန်ပင် တန်ဖိုးရှိလှပေ၏။ ၎င်းတို့မှာ ထိပ်တန်းသိုင်းပညာရှင်တစ်ဦး၏ တစ်သက်တာ ထိုးထွင်းသိမြင်မှုများ ဖြစ်သဖြင့် လူကို များစွာ အသိဉာဏ်ပွင့်လင်းစေသည်။

“ဆရာလည်း စာလုံးတွေထဲက သဘောတရားတချို့ကို ရခဲ့တယ်ဆိုတာ ဒီလိုမျိုးပဲ ဖြစ်မှာပဲ။ အဆီအနှစ်ကို ယူပြီး အကာကို ပယ်လိုက်တာမျိုးပေါ့။ ဆရာက မွေးရာပါနယ်ပယ်ကို အပြည့်အဝ ရရှိထားပြီးပြီဆိုတော့ တခြားသူရဲ့ လမ်းစဉ်ကို လိုက်စရာ မလိုတော့ဘူး။ သူက တခြားနည်းလမ်းတွေဆီကနေ ဗဟုသုတတွေ စုဆောင်းပြီး သူ့ရဲ့ ကိုယ်ပိုင်သိုင်းလမ်းစဉ်ကို ပိုပြီး ပြည့်စုံအောင် လုပ်နေတာပဲ။”

လုချင်းသည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး စိတ်ကို တည်ငြိမ်စေကာ “မဟာလွတ်လပ်ခြင်းဓားသိုင်း” ကို ဆက်လက် ဆင်ခြင်နေလေသည်။ ဤတစ်ကြိမ်တွင် သူသည် ဓားသဘောတရားများနှင့် ထိုးထွင်းသိမြင်မှုများကိုသာ အာရုံစိုက်ကာ အဆက်မပြတ် စုပ်ယူလေ့လာနေ၏။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားသော်လည်း လုချင်းမှာတော့ ကုလားထိုင်ပေါ်တွင် တည်ငြိမ်စွာ ထိုင်နေဆဲပင်။ သူ၏ အရှိန်အဝါမှာ တောင်ကြီးတစ်လုံးကဲ့သို့ မလှုပ်မယှက် တည်ငြိမ်ရာမှ တဖြည်းဖြည်းနှင့် တိမ်တိုက်များကဲ့သို့ လွင့်မျောပေါ့ပါးလာလေသည်။

နာရီဝက်ခန့် ကြာပြီးနောက် လုချင်း၏ အရှိန်အဝါမှာ ရုတ်တရက် ပြောင်းလဲသွားပြီး သူသည် အခြားကမ္ဘာတစ်ခုသို့ ရောက်သွားသကဲ့သို့ ပျောက်ကွယ်သွားလေသည်။

ဤရုတ်တရက် အပြောင်းအလဲကြောင့် ရှောင်ယန်၏ ခေါင်းအနားတွင် အိပ်နေသော ရှောင်လီမှာ နိုးလာပြီး လုချင်းရှိရာသို့ လှမ်းကြည့်လိုက်လေသည်။ လုချင်းကို မြင်ရသော်လည်း ၎င်း၏ မျက်နှာတွင် ဇဝေဇဝါ ဖြစ်နေသည့် အမူအရာ ပေါ်လာ၏။ လုချင်းမှာ ထိုင်နေသော်လည်း ၎င်း၏ အာရုံထဲတွင် လုချင်းမှာ လုံးဝ ပျောက်ကွယ်နေပြီး မည်သည့် သက်ရှိအငွေ့အသက်မျှ မခံစားရသောကြောင့် ဖြစ်ပေသည်။

“မကြောက်ပါနဲ့ ရှောင်လီ၊ ငါက နည်းလမ်းတစ်ခုကို ကျင့်ကြံနေတာပါ” လုချင်းက အသံတိုးတိုးဖြင့် ရှင်းပြလိုက်သည်။

လုချင်း ကျင့်ကြံနေမှန်း သိလိုက်ရသဖြင့် ရှောင်လီမှာ စိတ်အေးသွားလေသည်။ လုချင်းမှာ ထူးဆန်းသော ပညာရပ်များကို ခဏခဏ ကျင့်ကြံတတ်ကြောင်း သိသဖြင့် သူလည်း မအံ့ဩတော့ပေ။ သို့သော် သူ့မှာ အိပ်ချင်စိတ် မရှိတော့သဖြင့် ကုတင်ပေါ်တွင် ဝပ်လျက် လုချင်းကို ကြည့်နေတော့သည်။

လုချင်းသည် သူ သင်ယူလိုက်သည့်အရာများကို ဆက်လက် သန့်စင်နေလေသည်။ သူက လက်ကို ဆန့်ထုတ်လိုက်ရာ သူ၏ လက်ဖဝါးမှ မမြင်နိုင်သော ဓားအသိတစ်ခု ထွက်ပေါ်လာပြီး လွင့်မျောနေသော အငွေ့အသက်များက သူ့ကို ဖုံးလွှမ်းသွားလေသည်။

ထိုအခိုက်၌ ရှောင်လီ၏ မျက်လုံးများ ပြူးကျယ်သွား၏။ ခုနက သူမ ခံစားမိလိုက်သည့်အတိုင်းပင် လုချင်း၏ အရှိန်အဝါ တစ်ခုလုံး ပျောက်ကွယ်သွားပြီး အခန်းထဲတွင် မရှိတော့သကဲ့သို့ ဖြစ်နေလေသည်။

“လွတ်လပ်ခြင်းဓားအသိ... စိတ်ဝင်စားစရာပဲ” လုချင်းက အသစ်ဖွဲ့စည်းလိုက်သော ဓားအသိကို ခံစားရင်း ပြုံးလိုက်မိသည်။

ဤဓားအသိမှာ “မဟာလွတ်လပ်ခြင်းဓားသိုင်း” ထဲမှ သဘောတရားများကို သူ၏ ကိုယ်ပိုင် ‘အသိ’ ထဲသို့ ပေါင်းစပ်လိုက်ခြင်းကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်၏။ သူ၏ နတ်မျက်စိစွမ်းရည်ကြောင့် လုချင်း၏ ထိုးထွင်းသိမြင်မှုမှာ သူ၏ ကျင့်ကြံမှုထက် အမြဲပင် ရှေ့ရောက်နေလေသည်။ ယခုအခါ သူ၏ ကျင့်ကြံမှုမှာ ကိုယ်တွင်းအင်္ဂါအဆင့်တွင်သာ ရှိသေးသော်လည်း သူသည် ‘အသိ’ နယ်ပယ်သို့ ဝင်ရောက်ကာ သူ၏ ကိုယ်ပိုင် အသိကို အပြည့်အဝ နားလည်သဘောပေါက်ထားပြီး ဖြစ်၏။

သူ၏ ထိုးထွင်းသိမြင်မှုမှာ မွေးရာပါနယ်ပယ်ကို ကျွမ်းကျင်စွာ ရောက်ရှိနေသူများနှင့် တန်းတူပင် ဖြစ်လေသည်။

ထို့အပြင် လုချင်း၏ ‘အသိ’ မှာ အလွန်ပင် ထူးခြားလှပေ၏။ အခြားသူများက မိမိတို့ ကျင့်ကြံသည့် နည်းလမ်း သို့မဟုတ် လက်နက်နှင့် သက်ဆိုင်သည့် အသိကိုသာ ရရှိကြသော်လည်း လုချင်း၏ ‘အသိ’ မှာ အရာအားလုံးကို လွှမ်းခြုံနိုင်ပြီး မည်သည့်ပုံစံသို့မဆို ပြောင်းလဲနိုင်လေသည်။

ခုနလေးတင် သူသည် မဟာလွတ်လပ်ခြင်းဓားသိုင်း၏ အနှစ်သာရကို စုပ်ယူပြီး ၎င်း၏ ဓားအသိအဖြစ်သို့ အောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့ခြင်း ဖြစ်၏။ သူသည် ထိုကျင့်စဉ်ကို အစမှ ပြန်ကျင့်ရန် မလိုပေ။

“ကမ္ဘာပေါ်က သိုင်းပညာတွေက အများကြီးရှိပေမဲ့ အဆင့်သုံးဆင့်ပဲ ရှိတယ်၊ အဲဒါတွေကတော့ ကျွမ်းကျင်မှု ၊ စွမ်းအား နဲ့ အသိပဲ။ ဒီဓားသိုင်းက နက်နဲပေမဲ့ ဒီမူထဲမှာပဲ ရှိနေတာပဲလေ။ သူ့ရဲ့ အမြင့်ဆုံးအဆင့်က ဓားအသိနယ်ပယ်ပဲ၊ ဒါကို ငါ့ရဲ့ ‘အသိ’ ထဲကို ပေါင်းစပ်လို့ရတယ်။”

လုချင်းသည် သူ၏ လက်ထဲမှ ဓားအသိကို ကစားရင်း ပြုံးလိုက်မိသည်။ သူသည် အသိဉာဏ်အသစ်များ ရရှိခဲ့ရုံသာမက သူ၏ ‘အသိ’ နယ်ပယ်ကိုလည်း ပိုပြီးပြည့်စုံအောင် သန့်စင်နိုင်ခဲ့လေသည်။ သူသည် အနာဂတ်တွင် အခြားသော အသိများကို ဆက်လက် ပေါင်းစပ်သွားပါက တစ်နေ့တွင် သူ၏ ‘အသိ’ မှာ ပိုမိုနက်နဲပြီး ဆန်းကြယ်သော နယ်ပယ်သို့ ရောက်ရှိသွားမည်ဟု ယုံကြည်ထားပါ၏။

“အဲဒီနယ်ပယ်က ဆရာ ရောက်နေတဲ့ နယ်ပယ်ပိုင်နက်ပဲ ဖြစ်ရမယ်။”

နယ်ပယ်ပိုင်နက်ဆိုသည်မှာ မွေးရာပါနယ်ပယ်အတွင်းရှိ အထူးအဆင့်တစ်ခု ဖြစ်ပြီး မွေးရာပါနယ်ပယ် ကျွမ်းကျင်သူတိုင်း ရရှိနိုင်သောအရာ မဟုတ်ပေ။ အထွတ်အထိပ်သို့ ရောက်နေသူများပင် ရရှိရန် ခက်ခဲလှသည်။ သို့သော် နယ်ပယ်ပိုင်နက်ကို ရရှိထားသူများမှာ အလွန်ပင် အစွမ်းထက်လှပေ၏။ နယ်ပယ်ပိုင်နက်ရှိသော မွေးရာပါနယ်ပယ် ကျွမ်းကျင်သူမှာ မိမိနှင့် အဆင့်တူသူများအကြားတွင် အရှုံးမရှိသူ ဖြစ်ပေသည်။ နယ်ပယ်ပိုင်နက်ကို တစ်ဦးချင်းစီကသာ ကိုယ်တိုင် ဆင်ခြင်ယူရခြင်း ဖြစ်ပြီး မဟာလွတ်လပ်ခြင်းဓားသိုင်းတွင်ပင် နယ်ပယ်ပိုင်နက် ကျင့်စဉ် မပါဝင်ပေ။

“ကဲ... ရှောင်လီ၊ ငါ ကျင့်ကြံလို့ ပြီးပြီ။ အိပ်ကြစို့” လုချင်းက ရှောင်လီ၏ စူးစမ်းသော အကြည့်ကို ကြည့်ကာ ပြုံး၍ ပြောလိုက်လေသည်။

ရှောင်လီမှာ လူသားတို့၏ သိုင်းပညာအဆင့်အတန်းများကို မသိသဖြင့် လုချင်း၏ ပြောင်းလဲမှုများကို ကြည့်ကာ အံ့သြနေခြင်း ဖြစ်၏။ လုချင်း မီးအိမ်ကို ငြှိမ်းသတ်လိုက်ပြီးနောက် အိပ်ရာထဲသို့ ဝင်လိုက်လေသည်။

ထိုသို့ဖြင့် ညတာမှာ တိတ်ဆိတ်စွာဖြင့် ကုန်ဆုံးသွားတော့သည်။

နောက်တစ်နေ့ မနက်တွင် လုချင်း စောစောနိုးလာသည်။ အပြင်ဘက်တွင် အလင်းရောင် ရနေသည်ကို တွေ့ရသဖြင့် သူသည် အဝတ်အစားလဲကာ အခန်းထဲမှ တိတ်တဆိတ် ထွက်လာခဲ့လေသည်။ ရှောင်ယန်နှင့် ရှောင်လီတို့မှာတော့ နှစ်ခြိုက်စွာ အိပ်ပျော်နေဆဲပင်။

သူသည် အပြင်ဘက်ရှိ ကွင်းပြင်လေးထဲတွင် ကိုယ်လက်လှုပ်ရှားမှု လုပ်နေလေသည်။ သူတို့မှာ ငွေကြေးချမ်းသာသဖြင့် သီးသန့်ဝင်းလေးပါသော အဆောင်တွင် တည်းခိုခဲ့ကြခြင်းဖြစ်ကာ အခြားဧည့်သည်များ မရှိပေ။

လုချင်းသည် ကွင်းပြင်အလယ်တွင် ရပ်ကာ ကျန်းမာရေးအာဟာရဖြည့်လက်သီးသိုင်းကို စတင် လေ့ကျင့်လိုက်လေသည်။ လေထုမှာ စီးဆင်းသွားပြီး လေပြေလေးများ တိုက်ခတ်လာ၏။

သူသည် ဤလက်သီးသိုင်းကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် လေ့ကျင့်ထားပြီး ဖြစ်သဖြင့် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။ သူ၏ လှုပ်ရှားမှုများမှာ ရေစီးသကဲ့သို့ ချောမွေ့နေပြီး မည်သည့် အားစိုက်မှုမျှ မပါဘဲ သဘာဝကျလှပေသည်။

လက်သီးသိုင်း တစ်ပတ် ပြည့်သွားသောအခါတွင်တော့ လုချင်းသည် သူ၏ ခန္ဓာကိုယ်အတွင်း ပြည့်စုံမှုတစ်ခုကို ခံစားလိုက်ရပြီး သူ၏ အရှိန်အဝါမှာလည်း ပိုပြီးတည်ငြိမ်သွားတော့လေသည်။

...

အခန်း ၂၅၈ - ရုပ်ခန္ဓာနှင့် ဝိညာဉ် ပေါင်းစည်းခြင်း၊ တံခါးပိတ်ကျင့်ကြံမှုမှ ထွက်ပေါ်လာခြင်း

“ငါ့ရဲ့ ရုပ်ခန္ဓာနဲ့ ဝိညာဉ်စွမ်းအားတွေက နောက်ဆုံးတော့ တစ်ကြိမ်ထက်တစ်ကြိမ် ပိုပြီး ပြည့်စုံလာပြီး အထွတ်အထိပ် အကန့်အသတ်ကိုတောင် ပြန်ရောက်သွားပြီပဲ။”

လုချင်းသည် မိမိခန္ဓာကိုယ်အတွင်း ဖြစ်ပေါ်နေသော အပြောင်းအလဲများကို ခံစားသိရှိလိုက်ရသဖြင့် ဝမ်းမြောက်ကြည်နူးမှုများဖြင့် ပြည့်နှက်သွားလေသည်။ သူ၏ ရုပ်ခန္ဓာနှင့် ဝိညာဉ်စွမ်းအားများ အထွတ်အထိပ်သို့ ရောက်ရှိရန် နောက်ထပ် ရက်အနည်းငယ် ကြာဦးမည်ဟု ထင်မှတ်ထားခဲ့သော်လည်း မျှော်လင့်မထားစွာဖြင့် စောစောစီးစီး ပြည့်စုံသွားခဲ့ခြင်း ဖြစ်၏။

မနေ့ညက သူရရှိခဲ့သော ထိုးထွင်းသိမြင်မှုများက သူ့အတွက် များစွာ အကျိုးကျေးဇူး ရှိခဲ့ပုံရလေသည်။ မြေကမ္ဘာဝိညာဉ်ပုလဲကို သန့်စင်သည့် ဖြစ်စဉ်မှာပင် ပိုမိုမြန်ဆန်လာပြီး သူ့အပေါ် ပေးစွမ်းသည့် အာဟာရဖြည့်တင်းမှု အကျိုးသက်ရောက်မှုမှာလည်း ပိုမိုအားကောင်းလာခဲ့သည်။ ဤအချက်ကပင် သူ၏ ရုပ်ခန္ဓာနှင့် ဝိညာဉ်စွမ်းအားများကို သတ်မှတ်ထားသည့် အချိန်ထက် စောစီးစွာ ပြည့်စုံသွားစေခဲ့ခြင်း ဖြစ်ပေသည်။

လုချင်းသည် သူ၏ လက်သီးကို တင်းတင်းဆုပ်လိုက်လေသည်။ သူ၏ သွေးနှင့်ချီစွမ်းအားကိုပင် အသုံးမပြုရသေးဘဲ သန့်စင်သော ရုပ်ခန္ဓာအင်အားသက်သက်ဖြင့်ပင် သူ၏ လက်ဖဝါးအတွင်းမှ လေထုမှာ ပေါက်ကွဲသံ အနည်းငယ် ထွက်ပေါ်လာလေသည်။

“ငါ့ရဲ့ လက်ရှိအင်အားနဲ့ဆိုရင် ငါ့ရဲ့ မျက်ခုံးအလယ်က အဆောင်နဲ့ မြေကမ္ဘာဝိညာဉ်ပုလဲကို အသုံးမပြုဘဲနဲ့တောင် ‘သွေးမိစ္ဆာရုပ်ခန္ဓာ’ ကို ကျင့်ကြံထားတဲ့ မော့ကျန်းကို အနိုင်ယူနိုင်တယ်။ ကျန့်မိသားစုက အဘွားကြီးလို လူမျိုးဆိုရင် လက်သီးတစ်ချက်တည်းနဲ့တင် သတ်ပစ်လို့ရတယ်။ ဒါ့အပြင် ငါ့ရဲ့ ကျင့်ကြံခြင်းလမ်းစဉ်ကလည်း တစ်ခုနဲ့တစ်ခု အားဖြည့်ပေးနေတာပဲ။ အခု ငါ့ရဲ့ ဝိညာဉ်စွမ်းအားက အထွတ်အထိပ်ကို တစ်ခါပြန်ရောက်သွားပြီဆိုတော့ မြေကမ္ဘာဝိညာဉ်ပုလဲကို သန့်စင်တဲ့ အရှိန်ကလည်း ပိုမြန်လာမှာပဲ။ ဒီမြေကမ္ဘာဓာတ်ရတနာကို လုံးဝ သန့်စင်ပြီးသွားဖို့ သိပ်မလိုတော့ဘူး။ အဲဒီအချိန်ကျရင် ငါ့ရဲ့ အင်အားက အဆမတန် ထပ်တိုးလာဦးမှာပဲ။”

လုချင်းသည် သူ၏ ခန္ဓာကိုယ်အတွင်း အတားအဆီးမရှိ တိုးလျှံနေသော စွမ်းအားများကို ခံစားရင်း အလွန်ပင် ကျေနပ်နေမိတော့သည်။ သူသည် မွေးရာပါနယ်ပယ်သို့ အလျင်စလို အဆင့်မတက်ဘဲ အချိန်အတော်ကြာအောင် ထိန်းထားခဲ့ခြင်းမှာ အလကား မဟုတ်ခဲ့ပေ။ သူရရှိလိုက်သည့် ဆုလာဘ်များက တကယ်ပင် တန်ဖိုးရှိလှပေသည်။

“အခု ငါ့ရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်စွမ်းအား နှစ်ခုစလုံးက မွေးဖွားပြီးနယ်ပယ်ရဲ့ အကန့်အသတ်ကို ရောက်သွားပြီဆိုတော့ အဆင့်တက်ဖို့ ပြင်ဆင်ရမယ့်အချိန် ရောက်ပြီပဲ။”

ကျုံးကျိုး၏ အခြေအနေနှင့် ပတ်သက်၍ ရွှမ်ကျီချန်ပေ့၏ ရှင်းပြချက်ကို ကြားသိရပြီးကတည်းက လုချင်းသည် စိုးရိမ်စိတ် အနည်းငယ် ဖြစ်ပေါ်နေခဲ့သည်။ ကျုံးကျိုး၏ အခြေအနေမှာ မြင့်မြတ်သောတောင်တော်မှ ပုဂ္ဂိုလ်သုံးဦး၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသကဲ့သို့ ထင်ရသော်လည်း ၎င်းမှာ ယာယီမျှသာ ဖြစ်ကြောင်း သူသိရှိထားလေသည်။ အခြားသော ဂိုဏ်းကြီးများက ရှေးဟောင်းကျင့်စဉ်များကို နားလည်သဘောပေါက်သွားပြီး နယ်ပယ်သစ်တစ်ခုသို့ ခြေချနိုင်သည်နှင့်တစ်ပြိုင်နက် ဟန်ချက်ညီမှုမှာ ပျက်ပြားသွားပြီး မငြိမ်မသက်မှုများ ဖြစ်ပေါ်လာပေလိမ့်မည်။

ထို့ကြောင့် သူသည် ကျုံးကျိုးသို့ ဝင်ရောက်သွားသည့်အခါ သူရှာဖွေနေသော အခွင့်အရေးနှင့် ပတ်သက်သည့် သဲလွန်စများကို မရှာဖွေနိုင်ပါက ဝိညာဉ်စွမ်းအင် ကြွယ်ဝသော နေရာတစ်ခုတွင် တံခါးပိတ် ကျင့်ကြံပြီး မွေးရာပါနယ်ပယ်သို့ ချက်ချင်း အဆင့်တက်ရန် ဆုံးဖြတ်လိုက်လေသည်။ လုချင်းသည် သူ၏ လက်ရှိ အုတ်မြစ်နှင့်ဆိုလျှင် ကမ္ဘာပေါ်တွင် သူ့ထက် နက်နဲသော အခြေခံရှိသူ ရှားပါးလိမ့်မည်ဟု ယုံကြည်ထား၏။ သူ၏ စုဆောင်းမှုများဖြင့် မွေးရာပါနယ်ပယ်သို့ ခြေချလိုက်သည်နှင့် သူ၏ စွမ်းအားမှာ အံ့မခန်း ပြောင်းလဲသွားမည် ဖြစ်သည်။ သူ၏ လက်ထဲတွင်ရှိသော ဝှက်ဖဲများနှင့် ပေါင်းစပ်လိုက်ပါက မွေးရာပါနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသော ထိပ်တန်းပုဂ္ဂိုလ်များကိုပင် သူ ကြောက်ရွံ့နေမည် မဟုတ်တော့ပေ။

သူ၏ ရုပ်ခန္ဓာနှင့် ဝိညာဉ်စွမ်းအားများ စောစီးစွာ ပြည့်စုံသွားခြင်းက လုချင်းကို စိတ်ကြည်လင်စေခဲ့သည်။ မနက်စာ စားနေသည့်အချိန်တွင်ပင် သူ၏ ပျော်ရွှင်နေမှုကို မာကူးနှင့် အခြားသူများက သတိပြုမိကြလေသည်။

“အားချင်း... ဘာတွေများ သဘောကျနေတာလဲ” သမားတော်ကြီးချန်က သိချင်စိတ်ဖြင့် မေးလိုက်၏။

“ဘာမှမဟုတ်ပါဘူး ဆရာ၊ ကျွန်တော့်ရဲ့ ကျင့်ကြံမှုမှာ နားလည်မှု အသစ်တချို့ ရလိုက်လို့ပါ” လုချင်းက ပြုံး၍ ပြန်ဖြေလိုက်သည်။ “ဒါနဲ့ ဆရာ၊ မနေ့ညက ကျွန်တော် မြို့တံခါးပေါ်က စာလုံးတွေရဲ့ အဓိပ္ပာယ်ကို ဆင်ခြင်ကြည့်ရင်း စိတ်ဝင်စားစရာကောင်းတာ တစ်ခု တွေ့ခဲ့တယ်ဗျ။”

“ဩော်... ဘာများလဲ”

“ဒါကိုတော့ လမ်းမှာမှ ပြောကြတာပေါ့” လုချင်းက ချက်ချင်း မထုတ်ဖော်ဘဲ ပြောလိုက်လေသည်။

သမားတော်ကြီးသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ပြီး သဘောပေါက်သွား၏။ အမှန်တကယ်ပင် အဆောင်ထဲတွင် လူများပြားလှသဖြင့် ဇာစ်မြစ်ကြီးမားလှသော မြို့တံခါးမှ စာလုံးများအကြောင်း ပြောဆိုနေခြင်းက မလိုအပ်သော အာရုံစိုက်မှုများကို ဆွဲဆောင်ရာ ရောက်နိုင်ပေသည်။

“ဒါဆိုလည်း မနက်စာ မြန်မြန်စားပြီး ထွက်ခွာဖို့ ပြင်ကြတာပေါ့။ မာကူးက ဆိုင်ရှင်ကို မေးပြီးပြီ၊ နဂါးပြာဂိတ်က ခုနစ်ရက်မှာ တစ်ကြိမ် ချန်အချိန်မှာ ဖွင့်တယ်တဲ့၊ ဒီနေ့က ဖွင့်မယ့်နေ့ပဲ။ ငါတို့မှာ အချိန် နာရီဝက်ပဲ ကျန်တော့တယ်။”

(ဘာသာပြန်သူ၏ ရှင်းလင်းချက် - ချန်အချိန်ဆိုတာက မနက် ၇နာရီမှ ၉နာရီအတွင်းဖြစ်ပါတယ်)

ချန်အချိန်တွင် ဂိတ်ဖွင့်မည်ဟူသော စကားကို ကြားသောအခါ လုချင်းနှင့် အခြားသူများမှာ အစားအသောက်ကို မြန်မြန်စားလိုက်ကြလေသည်။ မနက်စာ စားပြီးနောက်တွင် အသီးသီး မိမိတို့အခန်းသို့ ပြန်၍ ပစ္စည်းများ သိမ်းဆည်းကြသည်။ ပစ္စည်းများ အားလုံး အသင့်ဖြစ်သောအခါ လုချင်းက အခန်းခများကို ရှင်းလိုက်ပြီး မာကူးက မြင်းလှည်းကို အသင့်ပြင်ထားလေသည်။

“သွားကြစို့။”

နဂါးပြာမြို့တော်အတွင်း မြင်းများကို အရှိန်ပြင်းပြင်း မစီးရသဖြင့် မာကူးသည် မြင်းလှည်းကို အသာအယာ မောင်းနှင်သွားရလေသည်။ သမားတော်ကြီးနှင့် အခြားသူများကလည်း နဂါးပြာမြို့တော်၏ ခမ်းနားထည်ဝါသော ရှုခင်းများကို ကြည့်ရှုခံစားရင်း လမ်းလျှောက်လိုက်ပါလာကြ၏။

ကျုံးကျိုးသို့ သွားရာလမ်းမှာ မြို့၏ အနောက်ဘက်တွင် ရှိလေသည်။ သူတို့သည် မြို့၏ အလှအပများကို လေ့လာရင်း အေးအေးဆေးဆေး လျှောက်လာကြရာ အနောက်ဘက်တံခါးသို့ ဂိတ်မဖွင့်မီလေးတွင် ရောက်ရှိသွားကြသည်။

“ဒါက နဂါးပြာဂိတ်လား။”

လုချင်းနှင့် အခြားသူများသည် ဒဏ္ဍာရီလာ နဂါးပြာဂိတ်ကြီးကို တွေ့လိုက်ရသောအခါ အံ့အားသင့်ကာ မှင်သက်သွားကြလေသည်။ နဂါးပြာမြို့တော်သည် မြစ်နားတွင် တည်ရှိပြီး မြို့၏ အနောက်ဘက်မှာ မြစ်နှင့် အလွန်နီးကပ်လေသည်။ လုချင်းသည် လျှံကျနေသော မြစ်ရေသံများကို သဲ့သဲ့မျှ ကြားနေရပါ၏။

သူတို့ရှေ့တွင် ပေ ၁၀၀ ကျော် ကျယ်ဝန်းပြီး အမြင့် ပေ ၄၀၀ကျော် ရှိသော ဧရာမ မြို့တံခါးကြီး တစ်ခု ရှိနေလေသည်။ တံခါးဝ၏ အထက်တွင် “နဂါးပြာဂိတ်” ဟူသော ရှေးဟောင်း စာလုံးကြီးများကို ရေးထိုးထားသည်။ ထိုစာလုံးများမှာ နှစ်ပေါင်း ထောင်ချီကာ လေဒဏ်မိုးဒဏ် ခံထားရသဖြင့် ရှေးကျပြီး လေးနက်သော အငွေ့အသက်များ လွှမ်းခြုံနေလေသည်။

ထိုစာလုံးများပေါ်တွင် သိုင်းအသိများ မရှိသော်လည်း အချိန်ကာလ၏ ရင့်ကျက်မှုကြောင့် ဖြစ်ပေါ်လာသော ရှေးဟောင်းအဓိပ္ပာယ်မှာ အရှေ့ဘက်တံခါးရှိ သိုင်းသူတော်စင် ထွင်းထုထားသော စာလုံးများထက်ပင် ပိုမိုလေးလံနေသကဲ့သို့ ခံစားရလေသည်။

“ဒီအနောက်ဘက်တံခါးက ငါတို့ဝင်လာတဲ့ အရှေ့ဘက်တံခါးထက်တောင် ပိုပြီး ခမ်းနားထည်ဝါနေပါလား” လုချင်းက ချီးကျူးလိုက်မိသည်။

“တကယ်ပါပဲ၊ ဒီဘက်ကမှ တကယ့် ပင်မတံခါးကြီးနဲ့ ပိုတူတယ်” မာကူးနှင့် အခြားသူများကလည်း သဘောတူကြလေသည်။

“ဂိတ်ကို ဖြတ်ဖို့ စောင့်နေတဲ့သူတွေကလည်း အများကြီးပဲ။”

ဝေ့ကျိအန်းက ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ အနည်းဆုံး လူတစ်ထောင်ကျော်ခန့် ဂိတ်ဝတွင် စုဝေးနေကြပြီး အများစုမှာ ရာနှင့်ချီသော လူအင်အားပါဝင်သည့် ကုန်သည်အဖွဲ့ကြီးများ ဖြစ်ကြလေသည်။ သူတို့၏ မြင်းလှည်းလေးမှာတော့ ထိုလူအုပ်ကြီးထဲတွင် သေးငယ်ကာ သတိမထားမိလောက်အောင် ရှိနေ၏။

ဒါကပင် လုချင်းအတွက် အဆင်ပြေလှသည်။ သူတို့၏ မြင်းလှည်းပေါ်တွင် မန္တန်အစီအရင်များ ထွင်းထုထားသဖြင့် အစီအရင်များကို ပိတ်ထားသော်လည်း မျက်စိလျှင်သော ကျွမ်းကျင်သူများ တွေ့သွားပါက မလိုအပ်သော ပြဿနာများ ဖြစ်လာနိုင်ပေသည်။ မငြိမ်မသက် ဖြစ်နေသော ကာလတွင် အစစအရာရာ သတိထားပြီး သွားလာခြင်းက အကောင်းဆုံးပင် ဖြစ်၏။

“ဂိတ်ဖွင့်ပြီဟေ့။”

တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သဖြင့် လူတိုင်း၏ အာရုံမှာ တံခါးဆီသို့ ရောက်သွားကြသည်။ လုချင်းသည်လည်း တံခါးဆီသို့ လှမ်းကြည့်လိုက်လေသည်။

“ဟေး... ဟား...”

ဟိန်းဟောက်သံများနှင့်အတူ အင်္ကျီဗလာဖြင့် ကြွက်သားအမြောင်းမြောင်း ထွက်နေသော လူသန်ကြီး ၂၀ ခန့်မှာ တံခါး၏ ဘေးတစ်ဖက်စီတွင်ရှိသော ဧရာမမောင်းတံကြီးများကို ဆုပ်ကိုင်လိုက်ကြသည်။ သူတို့၏ သွေးနှင့်ချီစွမ်းအားများ ပေါက်ကွဲထွက်လာပြီး အစွမ်းကုန် အားစိုက်ကာ မောင်းတံများကို လှည့်လိုက်ကြလေသည်။

ဂျိမ်း... ဂျိမ်း... ဂျိမ်း...

မောင်းတံများ လည်ပတ်သွားသည်နှင့်အမျှ တံခါးကြီး၏ အလယ်မှ အက်ကွဲကြောင်းတစ်ခု ပေါ်လာပြီး တံခါးရွက်ကြီးနှစ်ချပ်မှာလည်း ဖြည်းဖြည်းချင်း ပွင့်လာတော့သည်။

“ဝါး... တံခါးဖွင့်တဲ့သူတွေတောင် ကြွက်သားနဲ့ အရိုးအဆင့်နဲ့ အဲဒီ့အဆင့်အထက် သိုင်းသမားတွေ ဖြစ်နေတာလား။ နဂါးပြာဂိတ်က ဘာလို့ ခုနစ်ရက်မှ တစ်ခါပဲ ဖွင့်ရတာလဲဆိုတာ မဆန်းတော့ဘူး။”

လုချင်းသည် ထိုလူသန်ကြီးများ၏ သွေးနှင့်ချီစွမ်းအားကို အာရုံခံကြည့်လိုက်ပြီး မျက်ခုံးပင့်မိသွားသည်။ ထိုသူများထဲတွင် ကြွက်သားနှင့် အရိုးအဆင့်အောက် ကျင့်ကြံသူတစ်ဦးမှ မပါဝင်ပေ။ အသန်ဆုံးသူဆိုလျှင် သွေးနှင့်ချီစွမ်းအား ပြည့်စုံနေပြီး ကိုယ်တွင်းအင်္ဂါအဆင့်သို့ ရောက်ရန် တစ်လှမ်းသာ လိုတော့သည်။

ဒီလိုကျွမ်းကျင်သူမျိုးက အပြင်လောကက မြို့ငယ်လေးတွေမှာဆိုရင် သက်သောင့်သက်သာ နေထိုင်နိုင်တဲ့သူတွေ ဖြစ်ပေမယ့် ဒီမှာတော့ မြို့တံခါးဖွင့်ပေးရတဲ့ အလုပ်သမားတွေ ဖြစ်နေကြတာပဲ။ ဒီမြို့ရဲ့ အခြေခံက တကယ်ကို နက်နဲတာပဲ။

ထို့အပြင် မြို့တံခါးကြီးကိုယ်တိုင်ကလည်း အလွန်ပင် လေးလံလှပေသည်။ ၎င်းကို တည်ဆောက်ရန်အတွက် အင်အားနှင့် အရင်းအမြစ်များစွာ အသုံးပြုခဲ့ရမှာ သေချာပေသည်။ လူသန်ကြီးများ၏ ကြိုးစားမှုကြောင့် တံခါးကြီးမှာ တဖြည်းဖြည်း ပွင့်လာခဲ့သည်။ ထိုအချိန်မှာပင် အပြင်ဘက်မှ မြူခိုးများနှင့်အတူ မြစ်ရေစီးသံများမှာလည်း တိုးဝင်လာလေသည်။

“ဒါက...”

မြူခိုးများအတွင်းရှိ ကြွယ်ဝလှသော ဝိညာဉ်စွမ်းအင်ကို ခံစားမိသောအခါ လုချင်း၏ မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားလေသည်။ နာရီဝက်ခန့် ကြာပြီးနောက်တွင်မှ တံခါးကြီးမှာ အပြည့်အဝ ပွင့်သွားတော့သည်။ တံခါးဖွင့်ခဲ့သည့် လူသန်ကြီးများမှာလည်း အမောတကောဖြင့် ဘေးနားတွင် အနားယူနေကြလေသည်။ ဤတံခါးကို ဖွင့်ရန် မည်မျှ အားစိုက်ခဲ့ရသည်မှာ သိသာလှပေသည်။

“ဂိတ်ဖွင့်ပြီ။ ဖြတ်ကျော်မယ့်သူတွေ တန်းစီပြီးတော့ အခွန်ပေးဆောင်ပြီး ဝင်ကြပါ။”

ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအခါ စောင့်ဆိုင်းနေသော လူအုပ်ကြီးမှာ စနစ်တကျ တန်းစီလိုက်ကြလေသည်။ နဂါးပြာမြို့ကဲ့သို့ နေရာမျိုးတွင် မည်သူမျှ ပြဿနာမရှာရဲကြဘဲ စည်းကမ်းကို လိုက်နာကြလေသည်။ လုချင်းတို့အဖွဲ့လည်း မြင်းလှည်းနှင့်အတူ တန်းစီလိုက်ကြ၏။ လူများလွန်းသဖြင့် တစ်နာရီခန့် စောင့်လိုက်ရပြီးနောက်တွင်မှ သူတို့အလှည့် ရောက်လာတော့သည်။

“ဆရာ... ကျွန်တော်တို့ ဖြတ်ကျော်ချင်လို့ပါ။”

မာကူးက ရှေ့သို့ တက်သွားပြီး စားပွဲနောက်တွင် ထိုင်နေသော လူထွားကြီးကို ပြုံး၍ ပြောလိုက်သည်။ “လူ ငါးယောက်နဲ့ မြင်းလှည်း တစ်စီးပါဗျ။”

ထိုသူက မော့ကြည့်လိုက်ပြီး လုချင်းတို့အဖွဲ့ကို တစ်ချက်ကြည့်ကာ ရှောင်ယန်ထံတွင် အကြည့်က ခဏမျှ ရပ်တန့်သွားသည်။ ထို့နောက် မြင်းလှည်းကို ကြည့်လိုက်ပြီးမှ ဆက်လက် ရေးမှတ်လိုက်လေသည်။ “တစ်ယောက်ကို ငါးကျပ်၊ ကလေးကတော့ အလကားပဲ၊ မြင်းလှည်းက တစ်ကျပ်၊ စုစုပေါင်း ၂၁ ကျပ် ကျသင့်ပါတယ်။”

“ဟုတ်ကဲ့ပါ ဆရာ၊ ဒါကတော့ အခကြေးငွေပါဗျ။”

မာကူးက ငွေအိတ်ကို ကမ်းပေးလိုက်သည်။ ထိုသူက ငွေအိတ်ကို အလေးချိန်ချိန်ကြည့်ပြီးမှ ဖွင့်ကြည့်ကာ ငွေတုံးနှစ်တုံးကို ထုတ်လိုက်လေသည်။ ထို့နောက် ငွေတုံးတစ်တုံး၏ ထောင့်စွန်းကို အနည်းငယ် ဖြတ်ယူလိုက်ပြီး ကျန်ငွေများကို အိတ်ထဲ ပြန်ထည့်ကာ မာကူးကို ပြန်ပေးလိုက်သည်။

“ငါက ပိုတဲ့ငွေကို ဘယ်တော့မှ မယူဘူး။ ကျန်တာ ပြန်ယူသွားပါ။”

မာကူးမှာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး ငွေအိတ်ကို လေးလေးစားစား ပြန်ယူလိုက်လေသည်။ လုချင်းက ထိုသူကို ခဏမျှ တိတ်တဆိတ် စောင့်ကြည့်နေမိသည်။

အခွန်ပေးဆောင်ပြီးနောက် လုချင်းတို့အဖွဲ့ တံခါးကို ဖြတ်ကျော်လိုက်ကြသည်။ အပြင်သို့ ရောက်လိုက်သည်နှင့် သူတို့ရှေ့ရှိ မြင်ကွင်းကြောင့် အားလုံး မှင်သက်သွားကြလေသည်။ တံခါး၏ အပြင်ဘက်တွင် လူတစ်သောင်းခန့် ဆံ့နိုင်သော ဧရာမ ကွင်းပြင်ကျယ်ကြီးတစ်ခု ရှိနေပြီး ထိုကွင်းပြင်၏ အောက်တွင် အရှိန်ပြင်းပြင်း စီးဆင်းနေသော မြစ်ကြီးတစ်စင်း ရှိနေလေသည်။

ပေ ၁၀၀ ကျော် ကျယ်ဝန်းသော ခမ်းနားလှသည့် တံတားကြီးတစ်စင်းမှာ မြစ်ကို ဖြတ်ကျော်ကာ အဝေးသို့ သွယ်တန်းထားလေသည်။ ပြင်းထန်လှသော မြစ်ရေစီးသံများနှင့် ခမ်းနားလှသော တံတားကြီးကို မြင်တွေ့ရသောအခါ လုချင်းပင် မချီးကျူးဘဲ မနေနိုင်တော့ပေ။ နဂါးပြာခံတပ်ကို ကမ္ဘာပေါ်တွင် ပထမဆုံးသော ခံတပ်ဟု ခေါ်ဆိုကြခြင်းမှာ မဆန်းတော့ပေ။ ဤမြင်ကွင်းကြီးကို မြင်တွေ့ရရုံနှင့်တင် လာရကျိုးနပ်လှပေသည်။

သမားတော်ကြီးနှင့် အခြားသူများလည်း ထိုမြင်ကွင်းကြောင့် အံ့အားသင့်နေကြပြီး ခဏကြာမှ စိတ်ကို ပြန်စုစည်းနိုင်ကြလေ၏။

“တကယ်ပါပဲ၊ ကမ္ဘာကြီးက ကျယ်လည်းကျယ်ဝန်းလှသလို ထူးဆန်းအံ့သြဖွယ်ရာတွေနဲ့လည်း ပြည့်နှက်နေတာပဲ။ ငါ့ဘဝမှာ အများကြီး မြင်ဖူးလှပြီထင်နေတာ၊ အခုမှပဲ ငါက ရေတွင်းထဲက ဖားတစ်ကောင် ဖြစ်နေမှန်း သိလိုက်ရတော့တယ်” သမားတော်ကြီးက သက်ပြင်းချကာ ပြောလိုက်လေသည်။

မာကူးနှင့် ဝေ့ကျိအန်းတို့ဆိုလျှင် ပို၍ပင် စိတ်လှုပ်ရှားနေကြသည်။ လုချင်းနောက်သို့ လိုက်ပြီး ကျုံးကျိုးသို့ မလာခဲ့ပါက ဤကဲ့သို့ ရင်သပ်ရှုမောဖွယ် မြင်ကွင်းမျိုးကို သူတို့ ဘယ်တော့မှ မြင်တွေ့ရမည် မဟုတ်ပေ။

“ဆရာ... သွားကြရအောင်။”

လူအများစု တံတားကို ဖြတ်ကူးနေကြသည်ကို မြင်သောအခါ လုချင်းက သတိပေးလိုက်လေသည်။ သမားတော်ကြီးက ခေါင်းညိတ်ပြသဖြင့် သူတို့ ရှေ့သို့ ဆက်လျှောက်လာကြသည်။ ဤကဲ့သို့ လှပသော မြင်ကွင်းကို အနီးကပ် ခံစားကြည့်သင့်ပေသည်။

သူတို့သည် တံတားပေါ်တွင် လမ်းလျှောက်သွားရန် ဆုံးဖြတ်လိုက်ကြပြီး မာကူးက မြင်းလှည်းကို ဆွဲ၍ လုချင်းက ရှောင်ယန်ကို ချီထားလေသည်။ ရေကို အမြဲတမ်း မနှစ်သက်သော ရှောင်လီမှာမူ လုချင်း၏ ရင်ခွင်ထဲသို့ အတင်းတိုးဝင် ပုန်းအောင်းနေလေသည်။

“‌ရှောင်လျန်... ငါတို့ ရွှမ်ရှင်းဂိုဏ်းရောက်တဲ့အခါ မင်း အစွမ်းကုန် ကြိုးစားရမယ်နော်။ တပည့်ဖြစ်ခွင့်ရသွားရင် ဒါက မင်းအတွက် အခွင့်အရေးကောင်းပဲ။ ဒီတစ်ခါ ကျီမိသားစုက သခင်လေးရဲ့ အကူအညီကြောင့် မင်းအတွက် နေရာတစ်ခု ငါ ဝယ်ပေးနိုင်ခဲ့တာ၊ အလကား မဖြစ်စေနဲ့။”

“ဒါပေမဲ့ အဖေ... ရွှမ်ရှင်းဂိုဏ်းရဲ့ တပည့်အရွေးခံပွဲက အရမ်းခက်တယ်လို့ နာမည်ကြီးနေတာလေ။ သမီးက အခုမှ ချီနဲ့သွေးအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်ရုံပဲ ရှိသေးတာ၊ ဘယ်လိုလုပ် အောင်မြင်မှာလဲ။”

“မအောင်မြင်ရင် မင်းဦးလေးကို သွားရှာပေါ့။ သူက ရွှမ်ရှင်းဂိုဏ်းရဲ့ အပြင်စည်းအကြီးအကဲတစ်ယောက်ပဲဟာ၊ သူ နည်းလမ်းရှာပေးလိမ့်မယ်။”

“ဒါပေမဲ့ ဦးလေးက သမီးတို့မိသားစုကို အမြဲတမ်း သ‌ဘောမကျသလိုလုပ်နေတာလေ။ သူက ဘာလို့ ကူညီမှာလဲ။”

“သူ ဘယ်လောက်ပဲ မနှစ်သက်ပါစေဦးတော့ မင်းက သူ့တူမပဲလေ။ သူ့ကြောင့်သာ မဟုတ်ရင် မင်းအမေလည်း သေမှာ မဟုတ်ဘူး။ သူသာ မကူညီရဲရင် မင်းအမေရဲ့ ကမ္ပည်းပြားကို ယူပြီး ငါ သူ့ကို သွားပြောမယ်။”

တံတားပေါ်သို့ တက်ခါနီးတွင် လုချင်းသည် ဤစကားပြောသံများကို ကြားလိုက်ရလေသည်။ အသံတစ်ခုမှာ ရင်းနှီးနေသကဲ့သို့ ခံစားရသဖြင့် လှည့်ကြည့်လိုက်သောအခါ မလှမ်းမကမ်းတွင် သက်လတ်ပိုင်း အမျိုးသားတစ်ဦးက လှပသော မိန်းကလေးငယ်တစ်ဦးကို အလေးအနက် စကားပြောနေသည်ကို တွေ့ရ၏။

ထိုအမျိုးသားမှာ အခြားသူမဟုတ်၊ မနေ့က သူတို့ မြို့ထဲဝင်လာစဉ် တွေ့ခဲ့ရသော မြို့စောင့် အားဟူပင် ဖြစ်ပေသည်။ သူ့သမီး တွေဝေနေသည်ကို မြင်သောအခါ အားဟူ၏ မျက်နှာမှာ ပျက်သွားပြီး “မှတ်ထား... ရွှမ်ရှင်းဂိုဏ်းကို ဝင်နိုင်အောင် အစွမ်းကုန် ကြိုးစားရမယ်။ မင်းသာ ရှုံးနိမ့်ခဲ့ရင် ငါ မင်းကို သမီးအဖြစ်ကနေ စွန့်လွှတ်လိုက်မယ်။”

“အဖေ... စိတ်မဆိုးပါနဲ့။ သမီး ကတိပေးပါတယ်။ သမီးသာ ရှုံးနိမ့်ခဲ့ရင် ဦးလေးကို အကူအညီတောင်းဖို့ တောင်းပန်ပါ့မယ်။” မိန်းကလေးငယ်မှာ ဖခင်ဖြစ်သူ စိတ်ဆိုးနေသည်ကို မြင်သဖြင့် အမြန်ပင် သဘောတူလိုက်ရလေသည်။

“ဒါဆိုရင်လည်း ပြီးတာပဲ။” အားဟူ၏ မျက်နှာအမူအရာမှာ ပြန်လည် နူးညံ့သွားတော့သည်။

ထို့နောက် သူသည် တိတ်ဆိတ်နေသော အခြားသူများဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။ “ညီ‌လေးကျန့် ၊ ညီလေးလျို၊ မိန်းကလေးဝမ်... ဟူလျန်ရဲ့ ဘေးကင်းရေးကို ခင်ဗျားတို့ကိုပဲ အပ်နှံပါတယ်ဗျာ။ သူက အိမ်မှာ အလိုလိုက်ခံထားရတာဆိုတော့ အကျင့်ဆိုးလေးတွေ ရှိရင်လည်း သည်းခံပေးကြပါဦး။”

“စိတ်မပူပါနဲ့ အစ်ကိုဟူ၊ ကျီမိသားစုက သခင်လေးက မှာထားသလို ငါတို့ကလည်း လမ်းကြောင်းတူနေတာဆိုတော့ မိန်းကလေးဟူကို ရွှမ်ရှင်းဂိုဏ်းဆီ ဘေးကင်းကင်းနဲ့ ရောက်အောင် ပို့ပေးပါ့မယ်...”

သူတို့ ရှေ့သို့ ဆက်လျှောက်သွားသည်နှင့်အမျှ ပြင်းထန်လှသော မြစ်ရေစီးသံများက ကျန်ရှိသော စကားများကို ဖုံးလွှမ်းသွားတော့သည်။ လုချင်းကတော့ ထိုကိစ္စကို သိပ်ပြီး ဂရုမစိုက်တော့ဘဲ ရှောင်ယန်ကို ချီကာ ရှေ့သို့ ဆက်လျှောက်လာခဲ့လေသည်။

..

All Chapters