← Chapters

အခန်း (၂၅၉-၂၆၀)

Vol. 26 Ch. 259-260

အခန်း (၂၅၉-၂၆၀)

Vol. 26 Ch. 259-260

အခန်း ၂၅၉ - နှစ်ပေါင်းသောင်းချီက အက်ကွဲကြောင်း၊ စည်းမျဉ်းများ ဖိနှိပ်မှုနှင့် လမ်းခရီးမှ ဆုံတွေ့မှု

“ဒီဧရာမ လှိုင်းလုံးကြီးတွေက တကယ့်ကို ခမ်းနားလှတဲ့ မြင်ကွင်းပဲ၊ ကမ္ဘာကျော် အံ့ဖွယ်တစ်ခုပါပဲဗျာ။”

တံတားပေါ်တွင် လမ်းလျှောက်ရင်း မာကူးက ပတ်ဝန်းကျင် ရှုခင်းများကို ကြည့်ကာ မချီးကျူးဘဲ မနေနိုင်တော့ပေ။ ယခုအချိန်တွင် သူတို့သည် တံတားပေါ်တွင် အတော်အတန် ဝေးကွာသော ခရီးတစ်ခုကို လျှောက်လှမ်းလာခဲ့ကြပြီ ဖြစ်သည်။

သူတို့၏ အောက်ဘက်တွင် ပြင်းထန်လှသော မြစ်ရေများမှာ အဟုန်ပြင်းစွာ စီးဆင်းနေပြီး ကမ်းပါးတလျှောက်တွင် မြူခိုးများ ဝေဆာနေလေသည်။ ဝေးကွာသော ကောင်းကင်ယံရှိ ထွက်ပြူစ နေမင်းကြီး၏ ရောင်ခြည်များက မြင်ကွင်းတစ်ခုလုံးကို လိမ္မော်ရောင် ရင့်ရင့် ဆိုးထားသဖြင့် ကြည့်ရသည်မှာ အလွန်ပင် ခမ်းနားထည်ဝါလှပေသည်။

“ဒီမြစ်ကြီးက တောင်ဘက်ပင်လယ်အထိ အဆက်မပြတ်စီးဆင်းနေတယ်လို့ ပြောကြတယ်၊ အဲဒါ တကယ်လား မသိဘူး” ဝေ့ကျိအန်းက ဝင်ပြောလေသည်။

“တကယ်‌ပေါ့ကွ” သမားတော်ကြီးက ခေါင်းညိတ်ပြလိုက်သည်။

လုချင်းမှာမူ ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များကို အသေအချာ အာရုံခံနေမိသည်။ သူတို့ ရှေ့သို့ ဆက်လက် လျှောက်လှမ်းလာသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များမှာ တဖြည်းဖြည်း ပိုမိုထူထပ်လာသည်ကို ခံစားရလေသည်။ ဤအချက်ကပင် ဂိတ်ကို ဖြတ်ကျော်ပြီး ကျုံးကျိုးသို့ ရောက်ရှိသွားသည့်အခါ မည်သို့သော မြင်ကွင်းမျိုးကို တွေ့မြင်ရမည်နည်းဟု သူ့ကို ပိုပြီး စိတ်လှုပ်ရှားစေလေသည်။

နဂါးပြာခံတပ်မှ မြစ်ကြီးမှာ တကယ်ပင် ခမ်းနားလှပေသည်။ သူတို့သည် အချိန်အတော်ကြာအောင် လျှောက်လှမ်းပြီးနောက်တွင်မှ တံတား၏ အဆုံးသို့ ရောက်ရှိသွားကြလေသည်။ လုချင်း၏ ခန့်မှန်းချက်အရ ဤတံတား၏ အရှည်မှာ အနည်းဆုံး ပေ ၃,၃၀၀ ကျော် ရှိပေလိမ့်မည်။ ဆိုလိုသည်မှာ နဂါးပြာခံတပ်ရှိ မြစ်ကြီး၏ အကျယ်မှာ သုံးကီလိုမီတာကျော် ရှိနေခြင်းပင်။

နဂါးပြာခံတပ်ကို ကမ္ဘာပေါ်တွင် ပထမဆုံးသော ခံတပ်ဟု ခေါ်ဆိုကြခြင်းမှာ မဆန်းတော့ပေ။ ဤကဲ့သို့ သဘာဝအတားအဆီးမျိုးနှင့်ဆိုလျှင် ရေပေါ်လမ်းလျှောက်နိုင်သော မွေးရာပါနယ်ပယ် ကျွမ်းကျင်သူများမှလွဲ၍ သိုင်းပညာရှင် မဟာသခင်များပင် ဤမြစ်ကို ဖြတ်ကူးရန် အလွန်ခက်ခဲပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဤမြစ်ကြီးမှာ ကျယ်ပြောလွန်းလှပြီး ရေစီးမှာလည်း အလွန်ပြင်းထန်လှသဖြင့် ရေအောက်တွင် မည်သို့သော အန္တရာယ်များ ရှိနေမည်ကို မည်သူမျှ မသိနိုင်သောကြောင့် ဖြစ်သည်။

တံတားပေါ်မှ ဆင်းလိုက်သည်နှင့် လုချင်းတို့အဖွဲ့ကို နောက်ထပ် ထူးခြားသော မြင်ကွင်းတစ်ခုက ဆီးကြိုနေလေသည်။ သူတို့၏ ရှေ့တွင် ကောင်းကင်ယံသို့ ထိုးထွက်နေသော ဧရာမ ကျောက်ဆောင်ကြီးတစ်ခုမှာ သဘာဝအတားအဆီးကြီးတစ်ခုကဲ့သို့ ကမ္ဘာမြေပြင်ပေါ်တွင် တည်ရှိနေပြီး ၎င်း၏ ထိပ်ဖျားမှာ မြင်ကွင်းထဲတွင် မရှိတော့ပေ။ မြေပြင်ပေါ်တွင် ရပ်နေသော သူတို့မှာ ထိုကျောက်ဆောင်ကြီးနှင့် ယှဉ်လိုက်ပါက ပုရွက်ဆိတ်လေးများကဲ့သို့ သေးငယ်လှပေသည်။

ထိုကျောက်ဆောင်ကြီး၏ မျက်နှာပြင်ပေါ်တွင် ထိပ်မှအောက်ခြေအထိ တည့်တည့်မတ်မတ် အက်ကွဲကြောင်းကြီးတစ်ခု ရှိနေပြီး ကြီးမားလှသော စွမ်းအားတစ်ခုခုက ကျောက်ဆောင်ကြီးကို နှစ်ခြမ်းခွဲပစ်လိုက်သကဲ့သို့ ဖြစ်နေလေသည်။ လုချင်းတို့အဖွဲ့သည် ထိုအက်ကွဲကြောင်းကြီးကို ဖြတ်သန်းသွားရမည် ဖြစ်၏။

“ဒီကျောက်ဆောင်ပေါ်က အက်ကွဲကြောင်းက တစ်ယောက်ယောက်က ခုတ်ထစ်ထားတာများလား” ဝေ့ကျိအန်းက အလွန်အံ့သြသွားလေ၏။

“ပေါက်ကရတွေ မပြောစမ်းနဲ့၊ ဒီကျောက်ဆောင်ကြီးက အမြင့်ကြီးလေ၊ ထိပ်ကိုတောင် မမြင်ရဘူး။ အဲ့ဒါကို ဘယ်သူက ခုတ်နိုင်မှာလဲ။ တကယ်လို့ တစ်ယောက်ယောက်က ခုတ်တာဆိုရင်လည်း အဲဒီလူက နတ်ဘုရားပဲ ဖြစ်မှာပေါ့” မာကူးက ပြန်ချေပရန် ပြင်လိုက်သော်လည်း စကားပြောရင်းနှင့်ပင် မျက်လုံးများ ပြူးကျယ်သွားကာ လုချင်းကို လှမ်းကြည့်လိုက်လေသည်။ ရှေးခေတ်က နတ်ဘုရားများ ရှိခဲ့ကြောင်း လုချင်း ပြောပြခဲ့သည်ကို သူ သတိရသွားခြင်း ဖြစ်၏။

“ဆရာမာ... ကျွန်တော့်ကို အဲဒီလို မကြည့်နဲ့လေ။ ဒီအက်ကွဲကြောင်းက ဘယ်နှနှစ်တောင် ရှိနေပြီလဲဆိုတာ ဘယ်သူမှ မသိဘူး။ နှစ်ပေါင်း သောင်းနဲ့ချီနေလောက်ပြီ။ ဒီလောက် ရှေးကျတဲ့ ကိစ္စတွေကို ကျွန်တေယ်က ဘယ်လိုလုပ်သိမှာလဲ။ ကျွန်တော်တို့ ပြန်လာတဲ့အခါကျ နဂါးပြာမြို့က လူတွေကို မေးကြည့်တာပေါ့” လုချင်းက ရယ်မောရင်း ပြောလိုက်သည်။

မာကူးကလည်း ခေါင်းညိတ်လိုက်လေသည်။ ဟုတ်ပေသည်၊ လုချင်းက ဗဟုသုတ ကြွယ်ဝလှသော်လည်း ကမ္ဘာပေါ်က အရာအားလုံးကိုတော့ သိနိုင်မည် မဟုတ်ပေ။

“သွားကြစို့။ ဒီချောက်ကမ်းပါးကို ဖြတ်ပြီးတာနဲ့ ငါတို့ ကျုံးကျိုးနယ်မြေထဲကို တရားဝင် ရောက်ပြီ။”

တံတားပေါ်တွင် ရှုခင်းကြည့်နေသဖြင့် လုချင်းတို့အဖွဲ့မှာ အတော်လေး နှေးကွေးစွာ လာခဲ့ကြခြင်း ဖြစ်၏။ သူတို့ တံတားပေါ်မှ ဆင်းချိန်တွင် လူအုပ်ကြီးမှာ မရှိသလောက် နည်းပါးသွားပြီပင်။ သူတို့၏ နောက်မှ လိုက်လာသည့် အားဟူ၏ သမီးနှင့် အဖွဲ့ပင် သူတို့ကို ကျော်တက်သွားခဲ့ကြပြီ ဖြစ်သဖြင့် ယခုအခါ ပတ်ဝန်းကျင်တွင် သူတို့အဖွဲ့သာ ရှိတော့ပေသည်။

လုချင်းသည် သူ၏ အကြည့်ကို ဖြည်းဖြည်းချင်း လွှဲလိုက်ပြီး မျက်လုံးအတွင်းရှိ အံ့သြမှုများကို ထိန်းချုပ်လိုက်လေသည်။ သူ၏ အမြင်အာရုံထဲတွင် စာသားအချို့မှာ တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။

[နဂါးပြာ မိုးတိမ်အက်ကွဲကြောင်း - ရှေး‌ခေဆ် မသေမျိုးကျင့်ကြံခြင်းခေတ်ကာလအတွင်း၊ စွမ်းအားကြီး ပုဂ္ဂိုလ်တစ်ဦးက အထွတ်အထိပ် စွမ်းအားကို အသုံးပြု၍ ဤချောက်ကမ်းပါးကို တစ်ချက်တည်းဖြင့် နှစ်ခြမ်းခွဲပစ်ခဲ့ခြင်း ဖြစ်သည်။]

[ဤအက်ကွဲကြောင်းကြီးမှာ နှစ်ပေါင်း တစ်သောင်းကျော်တိုင်အောင် အလွန်ရှည်လျားသော အချိန်ကာလတစ်ခုအထိ တည်ရှိနေခဲ့သည်။]

[ဤအက်ကွဲကြောင်းကို ဖြတ်သန်းသွားပါက ကျုံးကျိုးနယ်မြေအတွင်းသို့ တိုက်ရိုက် ရောက်ရှိသွားမည် ဖြစ်သည်။]

လုချင်းသည် အမှန်တရားကို အခြားသူများကို မပြောပြခဲ့ပေ။ သူသည် သူ၏ နတ်မျက်စိစွမ်းအားကို အသုံးပြု၍ ဤဆန်းကြယ်လှသော အက်ကွဲကြောင်း၏ ဇာစ်မြစ်ကို စုံစမ်းခဲ့ပြီးပြီ ဖြစ်၏။

သို့သော် သူတွေ့ရှိခဲ့သည့် သတင်းအချက်အလက်များကို လူတိုင်းအား ထုတ်ဖော်ပြောရန် မသင့်တော်ပေ။ ဤအက်ကွဲကြောင်းမှာ နှစ်ပေါင်း တစ်သောင်းကျော်တိုင်အောင် တည်ရှိနေခဲ့ပြီး မသေမျိုးကျင့်ကြံခြင်းခေတ်ကာလ နှစ်ခုကိုပင် ဖြတ်ကျော်လာခဲ့ခြင်း ဖြစ်သည်။ ယနေ့ခေတ် ကမ္ဘာပေါ်တွင် ဤအက်ကွဲကြောင်း၏ ဖြစ်ပေါ်လာပုံ အစစ်အမှန်ကို သိရှိသူ ရှိလိမ့်မည် မဟုတ်ပေ။

ကံမကောင်းသည်မှာ ဤအက်ကွဲကြောင်းမှာ အချိန်အလွန် ကြာမြင့်ခဲ့ပြီ ဖြစ်သောကြောင့် လုချင်းအနေဖြင့် မည်သည့် အထူးအရှိန်အဝါ သို့မဟုတ် အမွေအနှစ်ကိုမျှ အာရုံခံ၍ မရတော့ခြင်းပင်။

အက်ကွဲကြောင်းအတွင်းသို့ ဝင်လိုက်သောအခါ လုချင်းတို့အဖွဲ့မှာ ထပ်မံ အံ့သြသွားကြပြန်သည်။ အဝေးမှ ကြည့်စဉ်က အက်ကွဲကြောင်းမှာ အလွန်ကျဉ်းမြောင်းပုံရသော်လည်း အတွင်းသို့ ရောက်သောအခါ၌ အတော်လေး ကျယ်ဝန်းလှသည်ကို တွေ့လိုက်ရ၏။ ဘေးတစ်ဖက်စီရှိ နံရံများမှာ အနည်းဆုံး ပေ ၂၀၀ ကျော်ခန့် ကွာဝေးလေသည်။ ၎င်းမှာ အက်ကွဲကြောင်းတစ်ခုထက် ကျယ်ဝန်းသော ချောက်ကမ်းပါးလမ်းတစ်ခုနှင့် ပိုတူလှပေ၏။

ဤလမ်းကြီးမှာလည်း အလွန်ပင် ရှည်လျားလှသည်။ လုချင်းသည် အတွင်းသို့ ပိုမို နက်ရှိုင်းစွာ ဝင်ရောက်လာသည်နှင့်အမျှ သူ၏ အံ့သြမှုမှာလည်း ပိုမိုကြီးမားလာလေ၏။ သူ၏ ခန့်မှန်းချက်အရ ဤလမ်း၏ အရှည်မှာလည်း ပေတစ်သောင်းကျော် ရှိပေလိမ့်မည်။

လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းက စွမ်းအားကြီး ပုဂ္ဂိုလ်မှာ မည်မျှအထိ အံ့မခန်း စွမ်းအားများကို ပိုင်ဆိုင်ထားသလဲဆိုတာ သူ မတွေးရဲအောင် ဖြစ်နေမိသည်။ ဤကဲ့သို့ ကမ္ဘာမြေကို တုန်လှုပ်စေနိုင်သော စွမ်းအားမျိုးမှာ တကယ့် မသေမျိုးတစ်ပါး၏ လက်ရာသာ ဖြစ်ရပေမည်။

“နောက်ဆုံးတော့ အပြင်ကို ထွက်လာနိုင်ပြီပဲ။”

လမ်းတစ်လျှောက်မှ ထွက်လာသောအခါ၌ မာကူးက သက်ပြင်းတစ်ချက်ကို အားပါးတရ ချလိုက်လေသည်။ ထိုလမ်းထဲတွင် ရှိနေစဉ်မှာ သူသည် အကြောင်းရင်းမရှိဘဲ လေးနက်ပြီး ခန့်ညားသော အငွေ့အသက်များကို ခံစားနေရသဖြင့် အသက်ကိုပင် ပြင်းပြင်းမရှူရဲအောင် ဖြစ်ခဲ့ရပါ၏။ ယခုမှပင် ရှေ့က လူများ ဘာကြောင့် ထိုလမ်းထဲတွင် မနေဘဲ အလျင်အမြန် ထွက်သွားကြသလဲဆိုတာ သူ သဘောပေါက်သွားတော့သည်။ ထိုနေရာရှိ ဆန်းကြယ်သော ဖိအားကို လူတိုင်း ကြာရှည်စွာ မခံနိုင်ကြပေ။ အကြာကြီး နေပါက စိတ်ဓာတ်များပင် ပျက်ပြားသွားနိုင်ပေသည်။

လုချင်းသည်လည်း စိတ်ကို လျှော့ချလိုက်လေသည်။ သူ၏ စိတ်ဓာတ်မှာ အားကောင်းလှသော်လည်း ထိုလမ်းထဲတွင် ရှိနေစဉ်အတွင်း ဖိအားအချို့ကို ခံစားခဲ့ရလေ၏။ ၎င်းမှာ ထိုကျောက်ဆောင်ကို ခွဲခဲ့သည့် ပုဂ္ဂိုလ်၏ တာအိုအမွေအနှစ် အကြွင်းအကျန်များကြောင့်လား သို့မဟုတ် တောင်တန်းကြီး၏ သဘာဝ ဖိအားကြောင့်လား ဆိုသည်ကို သူ၏ စွမ်းအားကို အသုံးပြု၍ပင် ခွဲခြား၍ မရခဲ့ပေ။

“ဒါက ကျုံးကျိုးလား။”

လမ်း‌ပေါက်ဝတွင် ရပ်ရင်း လုချင်းတို့အဖွဲ့ ခဏမျှ အနားယူကာ ရှေ့သို့ လှမ်းကြည့်လိုက်ကြသည်။ သူတို့သည် ယခုအခါ တောင်တန်းကြီးတစ်ခု၏ တောင်ခါးပန်းတွင် ရောက်ရှိနေခြင်း ဖြစ်၏။ ဝေးကွာသော နေရာတွင် အလွန်ကျယ်ပြောလှသော မြေပြင်ကြီးရှိနေပြီး သူတို့၏ အောက်ခြေတွင်မူ တိမ်တိုက်များ လွင့်မျောနေကာ ငှက်များ ပျံသန်းနေသည့် အဆုံးမရှိသော ချောက်ကြီးတစ်ခု ရှိနေလေသည်။ ဤမြင်ကွင်းမှာ လူကို လန်းဆန်းစေပြီး လွတ်လပ်သော ခံစားမှုကို ပေးစွမ်းလှပေ၏။

“ဒီမှာရှိတဲ့ ဝိညာဉ်စွမ်းအင်တွေက...”

လုချင်းသည် ပတ်ဝန်းကျင်ကို အာရုံခံကြည့်လိုက်ရာ သူ၏ မျက်လုံးများပင် ပြူးကျယ်သွားရလေသည်။ ဤနေရာရှိ ဝိညာဉ်စွမ်းအင်မှာ လမ်းထဲတွင် ရှိခဲ့စဉ်ကထက် ပိုမိုထူထပ်နေပြီး နဂါးပြာမြို့တော်ထက်ပင် နှစ်ဆကျော် ပိုမိုများပြားနေသည်ကို တွေ့ရှိလိုက်ရပါ၏။ သို့သော် ဝိညာဉ်စွမ်းအင် ထူထပ်လာသည်နှင့်အမျှ သူ နောက်ထပ် ပြဿနာတစ်ခုကိုလည်း သတိပြုမိလိုက်သည်။

သူ၏ ဝိညာဉ်အာရုံခံနိုင်စွမ်းမှာ သိသိသာသာ ဖိနှိပ်ခံထားရခြင်းပင် ဖြစ်သည်။ မူလက သူသည် မိုင်ပေါင်းများစွာ ဝေးကွာသော နေရာမှ လှုပ်ရှားမှုများကို အာရုံခံနိုင်သော်လည်း ယခုအခါ မိုင်ဝက်ခန့်အထိသာ အာရုံခံနိုင်တော့သည်။

“ဒါက ဝိညာဉ်စွမ်းအင် ထူထပ်လို့ အနှောင့်အယှက် ဖြစ်တာလား၊ ဒါမှမဟုတ် ကျုံးကျိုးရဲ့ ထူးခြားတဲ့ ဖိနှိပ်မှုလား” လုချင်းက နက်နက်နဲနဲ တွေးတောနေမိသည်။ ဒီနေ့မနက်တင် သူ၏ ဝိညာဉ်စွမ်းအားမှာ အထွတ်အထိပ်ကို ရောက်ရှိသွားခဲ့သဖြင့် အာရုံခံနိုင်စွမ်း ပိုမိုအားကောင်းလာခဲ့ခြင်း ဖြစ်၏။ သို့သော် ကျုံးကျိုးသို့ ဝင်ရောက်လာသည်နှင့် သူ၏ စွမ်းအားမှာ ပိုမိုအားကောင်းမလာဘဲ ဖိနှိပ်ခံလိုက်ရခြင်းမှာ သူ့အတွက် သတင်းကောင်း မဟုတ်ပေ။

“ကမ္ဘာလောကရဲ့ ဗဟိုချက်၊ သဘာဝတရားရဲ့ ကောင်းချီးပေးမှုကို ခံထားရပြီး ဝိညာဉ်အဆီအနှစ်တွေနဲ့ ပြည့်နှက်နေတဲ့ နေရာလို့ ခေါ်ကြတာ မဆန်းတော့ပါဘူး။” သမားတော်ကြီးချန်သည်လည်း ပတ်ဝန်းကျင်မှ ဝိညာဉ်စွမ်းအင်များကို ခံစားမိပြီး ချီးကျူးလိုက်လေသည်။ ဤနေရာတွင် ခဏမျှ ရပ်နေရုံနှင့်ပင် သူ၏ ဝိညာဉ်စွမ်းအား အနည်းငယ် တိုးတက်လာသကဲ့သို့ ခံစားရလေသည်။

“ဆရာ... ဆရာ့ရဲ့ ဝိညာဉ်အာရုံခံနိုင်စွမ်းကရော ဖိနှိပ်ခံထားရတယ်လို့ ခံစားရလား” လုချင်းက မေးလိုက်သည်။

“ဟုတ်တယ်၊ အခုဆို ငါက မီတာ ၁၀၀ ဝန်းကျင်က လှုပ်ရှားမှုတွေကိုပဲ အာရုံခံနိုင်တော့တယ်” သမားတော်ကြီးကလည်း သိရှိသွားလေသည်။

“ဒီဖိနှိပ်မှုက လူတိုင်းကိုလား ဒါမှမဟုတ် ကျွန်တော်တို့လို အပြင်လူတွေကိုပဲလား မသိဘူး” လုချင်းက စိုးရိမ်တကြီး ပြောလိုက်သည်။

“ငါတို့တစ်ယောက်တည်းကို ရည်ရွယ်တာတော့ မဟုတ်နိုင်ပါဘူး” သမားတော်ကြီးက ခဏစဉ်းစားပြီးမှ ပြောလိုက်သည်။ “ကျုံးကျိုးမှာရှိတဲ့ ကောင်းကင်နဲ့ မြေကြီးရဲ့ စည်းမျဉ်းတွေက တခြားပြည်နယ်တွေထက် ပိုပြီး မြန်မြန်ဆန်ဆန် ပြောင်းလဲတိုးတက်နေတယ်လို့ ငါ ခံစားရတယ်။ ငါတို့ကို ဖိနှိပ်နေတာက ကောင်းကင်နဲ့ မြေကြီးရဲ့ စည်းမျဉ်းတွေပဲ ဖြစ်မှာပါ။”

“ဒါဆိုရင်တော့ တော်သေးတာပေါ့။” လုချင်း အနည်းငယ် စိတ်သက်သာရာ ရသွားသည်။

“ဆရာ... ကျွန်တော်တို့ အခု မြင့်မြတ်သောတောင်တော်ဆီကိုပဲ တန်းသွားကြမှာလား။”

“ဟုတ်တယ်၊ အဲဒီကိုပဲ အရင်သွားကြတာပေါ့” သမားတော်ကြီးက ပြောလိုက်သည်။ “ဒီကို ရောက်လာပြီးတဲ့နောက်မှာ ဝေးကွာတဲ့ တစ်နေရာရာက ငါ့ကို ဆွဲဆောင်နေသလို ခံစားရတယ်၊ အဲဒါက မြင့်မြတ်သောတောင်တော်ရှိတဲ့ဘက်ကပဲ။”

“ဆရာလည်း ခံစားရတာလား” လုချင်း အနည်းငယ် အံ့သြသွားသည်။ ခုနလေးတင် သူသည်လည်း ဝေးကွာသော အရှေ့ဘက် တစ်နေရာမှ သူ့နှလုံးသားကို ဆွဲငင်နေသကဲ့သို့ ခံစားခဲ့ရခြင်း ဖြစ်၏။ သူ ရှာဖွေနေသည့် ကြီးမားသော အခွင့်အရေးမှာ ထိုနေရာတွင် ရှိနေသလားဟုပင် သူ တွေးမိလိုက်သည်။

“ဆရာ... မြင်းလှည်းပေါ် တက်ကြရအောင်။ ကျုံးကျိုးက အရမ်းကိုကျယ်တာ၊ ရွှမ်ကျီချန်ပေ့ရဲ့ မြေပုံအရဆိုရင် မြင့်မြတ်သောတောင်တော်က ဒီကနေ အဝေးကြီး လိုသေးတယ်ဗျ။”

သူတို့သည် မြင်းလှည်းပေါ်သို့ တက်လိုက်ကြပြီး မာကူးက မြင်းဇက်ကြိုးကို ခါယမ်းကာ မြင်းလှည်းကို စတင် မောင်းနှင်လိုက်လေသည်။ လုချင်းမှာမူ မြင်းလှည်းပေါ်ရှိ အစီအရင်များကို အသက်မသွင်းသေးပေ။ ကျုံးကျိုးသည် ပုန်းအောင်း နေသော ကျားများ ၊ နဂါးများ ပေါများလှသော နေရာဖြစ်သဖြင့် အစစအရာရာ သတိထားခြင်းကသာ အကောင်းဆုံးပင်။

မြင်းလှည်းသည် တောင်အောက်သို့ ဖြည်းဖြည်းချင်း အရှိန်မြှင့် မောင်းနှင်သွားလေသည်။ သို့သော် ခဏအကြာတွင် မြင်းလှည်းမှာ ရုတ်တရက် ပြင်းထန်စွာ ခါယမ်းသွားပြီး မာကူး၏ ဆဲရေးသံများနှင့်အတူ ရုတ်တရက် ရပ်တန့်သွားတော့၏။

ရုတ်တရက် ဖြစ်ပေါ်လာသော အပြောင်းအလဲကြောင့် ရှောင်ယန်နှင့် ဝေ့ကျိအန်းတို့မှာ ရှေ့သို့ လွင့်ထွက်သွားကြလေသည်။

အရေးကြီးသော အချိန်တွင် လုချင်းက ရှောင်ယန်ကို လှမ်းဖမ်းထားပြီး ဝေ့ကျိအန်းကို ဖိထားလိုက်သဖြင့် သူတို့မှာ မြင်းလှည်းနံရံနှင့် မဆောင့်မိဘဲ ဘေးကင်းသွားကြလေသည်။

“ဆရာမာ... ဘာဖြစ်တာလဲဗျ” လုချင်းက ထိတ်လန့်သွားသော ရှောင်ယန်ကို ဖက်ထားရင်း အော်မေးလိုက်သည်။

မာကူး မဖြေနိုင်ခင်မှာပင် အရှေ့ဘက်မှ အသံတစ်ခု ထွက်ပေါ်လာလေသည်။

“ဟဲ့ မိန်းမယုတ်မ... မင်း ဘယ်ကို ပြေးနိုင်ဦးမလဲ ကြည့်ရသေးတာပေါ့။”

“ဦးလေး... ကယ်ပါဦး”

ဘာတွေ ဖြစ်ကုန်တာလဲ။

လုချင်းသည် ရှောင်ယန်ကို နှစ်သိမ့်ပေးပြီးနောက် မြင်းလှည်းပေါ်မှ ဆင်းလိုက်လေသည်။ အပြင်ဘက် မြင်ကွင်းကို မြင်လိုက်ရသောအခါ၌ သူ အံ့အားသင့်သွားရသည်။ မြင်းလှည်း၏ ရှေ့တွင် ဆံပင်ဖရိုဖရဲ ဖြစ်နေပြီး အဝတ်အစားများ စုတ်ပြဲနေသော မိန်းကလေးငယ်တစ်ဦး လဲကျနေလေသည်။ သူမ၏ ခြေထောက်များတွင် သွေးများ စွန်းထင်းနေပြီး ဒဏ်ရာ ရထားပုံပေါ်၏။

သူမ၏ ရှေ့တွင်တော့ လက်နက်များကိုင်ဆောင်ထားသော လူသုံးဦးမှာ ဖြည်းဖြည်းချင်း တိုးလာနေကြလေသည်။ ဤမြင်ကွင်းမျိုးက လုချင်းကို မကြောက်လန့်စေသော်လည်း သူ အံ့သြသွားရခြင်းမှာ ထိုလူများကို သူ မြင်ဖူးနေခြင်းကြောင့် ဖြစ်သည်။

ထိုမိန်းကလေးမှာ အားဟူ၏ သမီး ဟူလျန် ဖြစ်ပြီး သူမကို တိုက်ခိုက်နေသော သူသုံးဦးမှာ အားဟူက သူ့သမီးကို ဂိုဏ်းသို့ ဘေးကင်းစွာ ပို့ဆောင်ပေးရန် အပ်နှံခဲ့သော သူငယ်ချင်းများ ဖြစ်နေလေသည်။ အားဟူသည် လူယုံမှားခဲ့ခြင်းမှာ သိသာလှပေသည်။

“မိန်းမယုတ်မ... အဲဒီပစ္စည်းကို အမြန်ပေးစမ်း၊ မဟုတ်ရင် ငါ နင့်ကို အဝတ်အစားတွေ ချွတ်ပြီး အပိုင်းပိုင်း ခုတ်ထစ်ပြီးတော့ ဒီချောက်ထဲက ဝံပုလွေတွေကို ကျွေးပစ်မယ်” အနီရောင် ဝတ်စုံနှင့် ကျာပွတ်ကို ကိုင်ထားသော အမျိုးသမီးက အေးစက်စွာ ပြောလိုက်လေသည်။

“သူ့ကို သတ်ပစ်ဖို့က နှမြောစရာကြီးလေ။ ဒီလောက် လှတဲ့ မိန်းကလေးကို ငါတို့ အရင် ပျော်ပါးရပါစေဦး ” မီးခိုးရောင် ဝတ်စုံနှင့် လူထွားကြီးက ပြောလိုက်လေသည်။

အခြား ပိန်ပိန်ပါးပါး လူတစ်ယောက်ကလည်း လိုက်၍ ရယ်မောနေလေသည်။

သူတို့သည် လုချင်းတို့အဖွဲ့ ရှိနေသည်ကိုပင် ဂရုမစိုက်ကြပေ။

“နင်တို့ ဘယ်လိုပဲ ပျော်ပျော် ငါ ဂရုမစိုက်ဘူး၊ ဒါပေမဲ့ အဲဒီပစ္စည်းကိုတော့ ပျောက်လို့ မဖြစ်ဘူး” အနီရောင် ဝတ်စုံနှင့် အမျိုးသမီးက ထပ်ပြောလေသည်။

“ဟင့်အင်း... မလုပ်ပါနဲ့” မိန်းကလေးမှာ အလွန်အမင်း ထိတ်လန့်နေပြီး မြင်းလှည်းဆီသို့ တွားသွားကာ မာကူးကို အကူအညီတောင်းလေသည်။ “ဦးလေး... ကယ်ပါဦး ဒီလူယုတ်မာတွေက ကျွန်မကို သတ်ဖို့ လုပ်နေတာပါ”

“ဆရာမာ... ဘာဖြစ်တာလဲ” လုချင်းက မေးလိုက်သည်။

“သခင်လေး... ကျုပ် မြင်းလှည်း မောင်းလာရင်း လမ်းချိုးအရောက်မှာ ဒီမိန်းကလေးကို တိုက်မိတော့မလိုဖြစ်သွားလို့ မြင်းလှည်းကို အမြန်ရပ်လိုက်ရတာပါ” မာကူးက ရှင်းပြလေသည်။

“သခင်လေး...” မိန်းကလေးမှာ လုချင်းကို မြင်သောအခါ၌ နောက်ဆုံး မျှော်လင့်ချက်ကို တွေ့ရှိလိုက်ရသကဲ့သို့ အသနားခံသော မျက်လုံးများဖြင့် ကြည့်လိုက်လေသည်။

“ဟေ့ ကောင်လေး... မင်းက ဒီကိစ္စမှာ ဝင်ပါချင်တာလား” လူထွားကြီးက လုချင်းကို ကြည့်ကာ လှောင်ပြောင်လိုက်လေသည်။

သူသည် လုချင်းတို့အဖွဲ့အား တံတားပေါ်တွင် တွေ့ခဲ့သည်ကို မှတ်မိနေ၏။ လုချင်းတို့အဖွဲ့တွင် သမားတော်ကြီးနှင့် ကလေးငယ်များသာ ပါဝင်သဖြင့် ရထားမောင်းသမားမှလွဲ၍ ကျန်သူများကို သူ အမှုမထားပေ။

လုချင်းသည် သူတို့ကို ဂရုမစိုက်ဘဲ မိန်းကလေးကို ကြည့်ကာ မေးလိုက်သည်။ “အားဟူက မင်းနဲ့ ဘာတော်တာလဲ။”

မိန်းကလေးမှာ ခဏမျှ တွန့်ဆုတ်သွားပြီးမှ ဝမ်းသာအားရ ဖြေလိုက်သည်။ “သူက သမီးရဲ့ အဖေပါ၊ သခင်လေးက သူ့ကို သိလို့လားဟင်။”

“တစ်ခါ ဆုံဖူးတယ်” လုချင်းက တည်ငြိမ်စွာ ပြောလိုက်သည်။ “ဒါပေမဲ့ ဒီလူတွေက မင်းအဖေရဲ့ သူငယ်ချင်းတွေ မဟုတ်ဘူးလား၊ ဘာလို့ မင်းကို ရန်မူနေကြတာလဲ။”

“ဘာလို့လဲဆိုတော့... သတိထား” မိန်းကလေး စကားမဆုံးခင်မှာပင် လေပြင်းတစ်ချက် တိုက်ခတ်လာပြီး လူထွားကြီးမှာ လုချင်း၏ ရှေ့သို့ ရောက်ရှိလာကာ ရက်စက်စွာ ပြုံးလိုက်လေသည်။

“အလိုက်ကန်းဆိုးမသိတဲ့ ကောင်လေး... ငါ မင်းကို အကြောင်းပြချက် ပေးလိုက်မယ်”

သူသည် သူ၏ ဓားကြီးကို မြှောက်ကာ လုချင်းကို ခုတ်ချလိုက်လေသည်။ အရှိန်မှာ အလွန်ပြင်းထန်လှသဖြင့် မိန်းကလေးမှာ လုချင်း နှစ်ခြမ်းကွဲသွားသည်ကို မကြည့်ရဲဘဲ မျက်လုံးများကို မှိတ်ထားလိုက်မိတော့သည်။ နောက်တစ်စက္ကန့်တွင်တော့ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသဖြင့် လုချင်း သေဆုံးသွားပြီဟု သူမ ထင်မှတ်လိုက်မိ၏။

သို့သော် ထိုအော်သံမှာ လုချင်း၏ အသံနှင့် မတူကြောင်း သူမ သတိပြုမိသွားသည်။

သူမ မျက်လုံးကို ချက်ချင်း ဖွင့်ကြည့်လိုက်သောအခါ မှင်သက်သွားရတော့သည်။ လုချင်းမှာ နှစ်ခြမ်းကွဲမသွားဘဲ လူထွားကြီးကသာ မြေပြင်ပေါ်တွင် လဲကျကာ အော်ဟစ်နေခြင်း ဖြစ်၏။ သူ၏ ဓားကြီးမှာလည်း ဘေးသို့ လွင့်စင်သွားပြီး သူ၏ ခြေလက်များမှာ ထူးဆန်းသော ပုံစံများဖြင့် တွန့်လိမ်နေကာ လုံးဝ မလှုပ်ရှားနိုင်တော့ပေ။

ဘာတွေ ဖြစ်သွားတာလဲ။

မိန်းကလေး၏ လှပသော မျက်နှာတွင် ဇဝေဇဝါ ဖြစ်မှုများဖြင့် ပြည့်နှက်သွားတော့လေသည်။

အခန်း ၂၆၀ - လုချင်း၏ ထူးခြားသော အမူအရာ

“ကျောက်ကြီး”

မီးခိုးရောင် ဝတ်စုံနှင့် လူထွားကြီး မြေပြင်ပေါ်တွင် နာကျင်စွာ လဲကျသွားသည်ကို မြင်သောအခါ မိန်းကလေးငယ်မှာ အံ့အားသင့်သွားပြီး အနီရောင် ဝတ်စုံနှင့် အမျိုးသမီးနှင့် ပိန်ပိန်ပါးပါး လူမှာလည်း ထိတ်လန့်သွားကြလေသည်။

ကြွက်သားနှင့် အရိုးအဆင့် ရှိသော ထိုလူထွားကြီးမှာ လမ်းသွားလမ်းလာ ကောင်လေးတစ်ယောက်ကို မယှဉ်နိုင်ဘူးဟု သူတို့ မထင်ထားခဲ့ပေ။ ထို့ထက် ပို၍ အရေးကြီးသည်မှာ လုချင်း မည်သို့ လှုပ်ရှားလိုက်သည်ကို သူတို့ မမြင်လိုက်ရခြင်းပင်။

မျက်စိတစ်မှိတ်အတွင်းမှာပင် လူထွားကြီးမှာ မြေပြင်ပေါ်တွင် လဲကျနေပြီး သူ၏ ခြေလက်များမှာ လုံးဝ ပျက်စီးသွားခဲ့ပြီ ဖြစ်၏။ သူတို့နှစ်ဦးမှာ လုချင်းကို ထိတ်လန့်တကြား ကြည့်လိုက်ကြပြီး သူတို့တွေ လုချင်းကို အထင်သေးခဲ့မိမှန်း ရုတ်ချည်းပင် သိလိုက်ကြလေသည်။

သူတို့ရှေ့မှ အားနည်းပုံရသော ကောင်လေးမှာ တကယ်တော့ သူတို့ထက် များစွာ အစွမ်းထက်သော သူတစ်ယောက် ဖြစ်နေပေသည်။

လုချင်းက သူတို့ဆီသို့ လှမ်းကြည့်လိုက်လေသည်။

“သခင်လေး...”

အနီရောင် ဝတ်စုံနှင့် အမျိုးသမီးနှင့် ပိန်ပိန်ပါးပါး လူမှာ တုန်လှုပ်သွားကြပြီး အသနားခံရန် ပြင်လိုက်သော်လည်း နောက်တစ်ခဏတွင် လေထုကို ဖြတ်သန်းလာသော အသံတချို့ကို ကြားလိုက်ရလေသည်။ ချက်ချင်းဆိုသလိုပင် သူတို့၏ ခြေလက်များမှာ ပြင်းထန်စွာ နာကျင်သွားပြီး ခန္ဓာကိုယ်ကို မထိန်းနိုင်တော့ဘဲ မြေပြင်ပေါ်သို့ လဲကျကာ အော်ဟစ်နေကြတော့သည်။

သူတို့ မသိလိုက်ခင်မှာပင် လုချင်းက ကျောက်ခဲလေးများဖြင့် သူတို့၏ အဆစ်အမြစ်များကို ရိုက်ချိုးပစ်လိုက်ပါ၏။

“တိတ်စမ်း။”

သူ၏ အေးစက်သော အသံကြောင့် အော်ဟစ်နေသော လူသုံးဦးမှာ တုန်လှုပ်သွားကြပြီး မည်သည့် အသံမျှ မထွက်ရဲတော့ပေ။ သူတို့၏ ဒဏ်ရာများမှာ နာကျင်လှသော်လည်း အံကြိတ်ကာ အောင့်ထားကြရလေသည်။

“ကဲ... ဆက်ပြောပါဦး၊ သူတို့က ဘာလို့ မင်းနောက်ကို လိုက်နေကြတာလဲ” လုချင်းက မှင်သက်နေသော မိန်းကလေးကို ကြည့်ကာ မေးလိုက်သည်။

လုချင်း၏ တည်ငြိမ်သော မျက်လုံးများကို ခံစားလိုက်ရသောအခါ၌ မိန်းကလေးမှာ သတိပြန်ဝင်လာလေသည်။ သူမကို ရန်မူခဲ့သော လူသုံးဦးမှာ ယခုအခါတွင်တော့ မြေပြင်ပေါ်တွင် ခွေးသေကဲ့သို့ လဲကျနေသည်ကို မြင်လိုက်ရသောအခါ၌ သူမ၏ ကယ်တင်ရှင်ကို တွေ့ပြီဟု သိလိုက်ရ၏။

“သခင်လေး... သူတို့က ကျွန်မဆီမှာရှိတဲ့ ရွှမ်ရှင်းဂိုဏ်းရဲ့ တံဆိပ်ပြားကို လုချင်လို့ သမီးကို သတ်ဖို့ ကြိုးစားနေကြတာပါ” မိန်းကလေးက ရှင်းပြလေသည်။

“အဲဒီတံဆိပ်ပြားက ဘာတွေ ထူးခြား‌နေလို့လဲ။”

“ဒီတံဆိပ်ပြားကို ကျွန်မအဖေက ငွေအများကြီးပေးပြီး ဝယ်ထားပေးတာပါ။ အဲ့ဒါရှိမှ ရွှမ်ရှင်းဂိုဏ်းရဲ့ သုံးနှစ်တစ်ကြိမ် တပည့်အရွေးခံပွဲမှာ ပါဝင်ခွင့်ရမှာပါ။ သူတို့က ကျွန်မရဲ့ နေရာကို လုပြီး တပည့်အရွေးခံပွဲကို တက်ချင်နေကြတာပါ” သူမက ဖြေလေသည်။

“ဒီလောက် အရေးကြီးတဲ့ပွဲကို ရွှမ်ရှင်းဂိုဏ်းက ဒီလိုကိစ္စတွေ မဖြစ်အောင် မကာကွယ်ထားဘူးလား၊ ဘယ်သူမဆို ပါဝင်လို့ ရတာလား။”

“တကယ်တော့ နာမည်နဲ့စာရင်းသွင်းရတာပါ၊ ဒါပေမဲ့ ကျွန်မအဖေက ပိုက်ဆံသက်သာအောင်လို့ နာမည်မပါတဲ့ တံဆိပ်ပြားကိုပဲ ဝယ်ပေးခဲ့တာပါ။ တံဆိပ်ပြားရှိရင် ဘယ်ကလာသလဲဆိုတာကို ဂိုဏ်းက မမေးတော့ဘဲ ပါဝင်ခွင့်ပေးတယ်လေ” သူမက အားကိုးရာမဲ့စွာ ပြောလိုက်သည်။

လုချင်းသည် ရွှမ်ရှင်းဂိုဏ်း၏ တပည့်အရွေးခံပွဲမှာ လူရွေးချယ်ခြင်းထက် ငွေရှာသည့် လုပ်ငန်းတစ်ခုနှင့် ပိုတူနေသည်ဟု ခံစားမိလိုက်သည်။

“ဒီတံဆိပ်ပြားက ဒီလောက်အရေးကြီးတာကို မင်းအဖေက ဘာလို့ ဒီလူသုံးယောက်နဲ့ လွှတ်လိုက်တာလဲ။”

“သူတို့က ဒီလောက်ထိ စိတ်ဓာတ်ယုတ်မာမယ်လို့ ဘယ်သူထင်မှာလဲ” မိန်းကလေးက ထိုလူသုံးဦးကို ဒေါသတကြီး ကြည့်ကာ ပြောလိုက်သည်။ “သူတို့က ကျွန်မအဖေရဲ့ ကျေးဇူးကို ခံထားရတဲ့သူတွေပါ။ မြို့ထဲမှာတုန်းကတော့ ကျွန်မအဖေကို အစ်ကိုကြီးလို့ ခေါ်ပြီး အရမ်းကို လေးစားပြကြတာ၊ ဒါပေမဲ့ သူတို့က ကျွန်မရဲ့ တံဆိပ်ပြားကို ကြိတ်ပြီး လိုချင်နေကြတာပဲ။ လမ်းထဲက ထွက်လာတာနဲ့ သူတို့က ကျွန်မကို အတင်းတောင်းပြီးတော့... ပြီးတော့...”

သူမက ရှက်လွန်းသဖြင့် စကားကို ဆက်မပြောနိုင်တော့ပေ။ သို့သော် အားလုံးက ဘာကို ဆိုလိုမှန်း ခန့်မှန်းနိုင်ကြလေသည်။

“မင်းတို့မှာ နောက်ဆုံးပြောချင်တာ ရှိလား” လုချင်းက ထိုလူသုံးဦးကို လှမ်းမေးလိုက်သည်။

ထိုသူများမှာ ထိတ်လန့်တကြား အသနားခံကြလေသည်။ “သခင်လေး... ကျုပ်တို့ မှားသွားပါပြီ။ ကျေးဇူးပြုပြီး အသက်ကို‌တော့ ချမ်းသာပေးပါ၊ နောက်တစ်ခါ မလုပ်ရဲတော့ပါဘူး...”

သူတို့ စကားမဆုံးခင်မှာပင် လုချင်းက ကျောက်ခဲသုံးလုံးကို ပစ်ပေါက်လိုက်ရာ သူတို့၏ နဖူးအလယ်တွင် သွေးပေါက်များ ဖြစ်ပေါ်သွားပြီး အသက်ပျောက်သွားကြတော့သည်။

“ကျုံးကျိုးကို ရောက်တာနဲ့ လူသတ်ရပြန်ပြီပဲ” လုချင်းက သက်ပြင်းချကာ ခေါင်းခါလိုက်လေသည်။ “ဆရာမာ... ဒီအလောင်းတွေကို ချောက်ထဲ ပစ်ချလိုက်ပါ။”

ထို့နောက် သူက မိန်းကလေးဘက်သို့ လှည့်ကာ “မိန်းကလေးဟူ... မင်း လမ်းလျှောက်နိုင်သေးလား။”

လုချင်း၏ ပြတ်သားပြီး ရက်စက်သော လှုပ်ရှားမှုများကို ကြည့်ရင်း မိန်းကလေးမှာ မှင်သက်နေဆဲ ဖြစ်၏။ “ကျွန်မရဲ့ ခြေထောက်က အဲဒီမိန်းမယုတ်ရဲ့ ကျာပွတ်နဲ့ ရိုက်ခံလိုက်ရတာ၊ အရိုးကျိုးသွားပြီ ထင်တယ်” သူမက နာကျင်စွာဖြင့် ဖြေလိုက်သည်။

“ငါ ကြည့်ပေးမယ်” လုချင်းက မိန်းကလေး၏ ခြေထောက်ကို စမ်းသပ်ကြည့်လိုက်ပြီးနောက်“အင်း... အရိုးကျိုးသွားတာပဲ။”

သူမ၏ ခြေထောက်မှာ အရိုးကျိုးသွားရုံသာမက သွေးချင်းချင်း နီနေသည်ကို တွေ့ရ၏။ ဤမျှ နာကျင်မှုကို ခံနိုင်ရည်ရှိနေသည်မှာ အံ့ဩစရာပင်။

“ငါတို့ မြင်းလှည်းထဲမှာ ဆေးတွေ ပါတယ်၊ ငါ မင်းရဲ့ အရိုးကို ပြန်ဆက်ပေးပြီး ဆေးထည့်ပေးမယ်” လုချင်းက ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ...” မိန်းကလေးမှာ သူမ၏ ဖရိုဖရဲ ဖြစ်နေသော ပုံစံကြောင့် ရှက်ကိုးရှက်ကန်းဖြင့် ပြန်ဖြေလိုက်လေသည်။

“ကျိအန်း... ဆေးသေတ္တာ သွားယူခဲ့” လုချင်းက အမိန့်ပေးလိုက်ပြီးနောက် မိန်းကလေး၏ အရိုးကို စတင် ဆက်ပေးလိုက်လေသည်။

လုချင်း၏ ကျွမ်းကျင်မှုနှင့် ခန္ဓာကိုယ် တည်ဆောက်ပုံကို နားလည်မှုကြောင့် အရိုးဆက်ခြင်းမှာ မခက်ခဲပေ။ ဝေ့ကျိအန်း ဆေးသေတ္တာ ယူလာသည့် အချိန်မှာပင် လုချင်းက အရိုးကို အပြည့်အဝ ဆက်ပေးပြီးသွားပြီဖြစ်၏။ မိန်းကလေးမှာတော့ လုချင်း၏ လှုပ်ရှားမှုများမှာ အလွန်နူးညံ့သဖြင့် နာကျင်မှုကိုပင် သိပ်မခံစားရဟု အံ့ဩနေမိသည်။

လုချင်းက ခြေထောက်ကို သစ်သားချောင်းများဖြင့် ပတ်တီးစည်းပေးလိုက်ပြီး သွေးထွက်နေသော ဒဏ်ရာများကို ရွှေအနာကျက်လိမ်းဆေး ထည့်ပေးလိုက်လေသည်။

“အား...” ဆေးထိလိုက်သောအခါ၌ သူမမှာ နာကျင်သဖြင့် ညည်းတွားမိသွား၏။

“ခဏပဲ သည်းခံပါ၊ မကြာခင် နာကျင်တာတွေ ပျောက်သွားလိမ့်မယ်” လုချင်းက နှစ်သိမ့်ပေးလေသည်။

“သခင်လေး... ကျွန်မရဲ့ ခြေထောက်မှာ အမာရွတ်ကြီး ကျန်ခဲ့မှာလားဟင်” သူမက စိုးရိမ်တကြီး မေးလိုက်သည်။

“အမာရွတ်ရှိမှာကို စိုးရိမ်လို့လား။”

“မဟုတ်ပါဘူး၊ သခင်လေး ကျေးဇူးကြောင့် အသက်ရှင်ရတာနဲ့တင် ကျေနပ်ပါပြီ၊ ဒါပေမဲ့...” သူမက ခေါင်းခါပြသော်လည်း သူမ၏ မျက်လုံးထဲမှ စိုးရိမ်မှုကို ဖုံးကွယ်၍ မရပေ။

လုချင်း ခဏစဉ်းစားလိုက်ပြီးမှ “အမာရွတ် မကျန်စေချင်ရင်တော့ နည်းလမ်းရှိပါတယ်၊ ဒါပေမဲ့ နည်းနည်းတော့ အချိန်ပေးရမယ်။”

“တကယ်လားဟင်” သူမ၏ မျက်လုံးများ မျှော်လင့်ချက်ဖြင့် တောက်ပသွားလေသည်။ မည်သည့် မိန်းကလေးမှ အမာရွတ်ရှိမှာကို မလိုလားကြပေ။

“အကုန်ပြီးပါပြီ သခင်လေး” မာကူးက အလောင်းများကို ဖယ်ရှားပြီး ပြန်ရောက်လာလေသည်။

“မိန်းကလေးဟူ... မင်း ဘာဆက်လုပ်မလဲ၊ ငါတို့ မင်းကို နဂါးပြာမြို့ကို ပြန်ပို့ပေးရမလား” လုချင်းက မေးလိုက်သည်။

“ပြန်လို့ မရတော့ဘူးရှင့်။ မြို့တံခါးက ခုနစ်ရက်မှ တစ်ခါပဲ ဖွင့်တာလေ၊ အခု တံခါးပိတ်သွားပြီဆိုတော့ ခုနစ်ရက်ပြည့်မှ ပြန်ထွက်လို့ရမှာပါ” သူမက ဖြေလေသည်။

ထိုဧရာမ မြို့တံခါးကြီးကို ဖွင့်ရန် လူအင်အား မည်မျှ လိုအပ်သည်ကို လုချင်း သိရှိထားသဖြင့် မိန်းကလေးတစ်ယောက်အတွက်နှင့် မြို့၏ စည်းကမ်းကို ဖောက်ဖျက်မည် မဟုတ်မှန်း သူ သိလိုက်သည်။ သို့သော် သူမကို ဤနေရာတွင် ခုနစ်ရက်တိုင်အောင် စောင့်ခိုင်းရန်လည်း မဖြစ်နိုင်ပေ။

ဤသည်မှာ ကံကြမ္မာပင် ဖြစ်နိုင်မလား။ လုချင်း၏ မျက်လုံးထဲတွင် ထူးခြားသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။

“မိန်းကလေးဟူ စိတ်မရှိရင်တော့ ကျွန်တော်တို့နဲ့အတူ ခဏ လိုက်ခဲ့ပါလား။ တစ်ယောက်နဲ့တစ်ယောက် စောင့်ရှောက်ပေးလို့ ရတာပေါ့” လုချင်းက အကြံပြုလိုက်လေသည်။

မိန်းကလေးမှာ လုချင်းက သူမကို ထားပစ်ခဲ့မည်ကို စိုးရိမ်နေသဖြင့် ချက်ချင်းပင် ခေါင်းညိတ် သဘောတူလိုက်လေသည်။ “ကျေးဇူးတင်ပါတယ် သခင်လေး”

လုချင်းက သူမကို အသာအယာ ချီလိုက်ပြီး မြင်းလှည်းဆီသို့ လျှောက်လာခဲ့လေသည်။

“ဆရာ... ဒီမိန်းကလေးက ခြေထောက်ဒဏ်ရာရထားလို့ လမ်းမလျှောက်နိုင်ဘူး၊ ဒီလိုနေရာမှာ ထားခဲ့လို့ မဖြစ်လို့ ကျွန်တော်တို့နဲ့အတူ ခဏ လိုက်ခိုင်းလိုက်မယ်‌နော် ” လုချင်းက သမားတော်ကြီးကို ရှင်းပြလိုက်သည်။

“ရပါတယ်၊ နေရာ နည်းနည်းဖယ်ပေးလိုက်ကြတာပေါ့” သမားတော်ကြီးကလည်း သဘောတူလေသည်။

မိန်းကလေးမှာ လုချင်း၏ ချီဆောင်ခြင်းကို ခံရသဖြင့် ရှက်သွေးဖြာနေပြီး မြင်းလှည်းထဲသို့ ရောက်သောအခါ၌ အသာအယာ ထိုင်လိုက်လေသည်။ ဝေ့ကျိအန်းကလည်း လိုက်ဝင်လာ၏။

“ဆရာမာ... သွားကြစို့။ အမြန်ဆုံး မောင်းပါ၊ မှောင်မလာခင် တည်းခိုဖို့ မြို့တစ်မြို့ ရှာရမယ်။”

အမြန်ဆုံး မောင်းရမယ်တဲ့လား။

မာကူးက ခဏမျှ ဇဝေဇဝါ ဖြစ်သွားသော်လည်း သူတို့ပတ်ဝန်းကျင်ရှိ ထူးခြားသော အရှိန်အဝါကို ခံစားမိလိုက်သောအခါ သဘောပေါက်သွားပြီး မြင်းကို အရှိန်မြှင့်လိုက်လေသည်။

မြင်းလှည်း စတင် ရွေ့လျားသွားသည်နှင့် မြင်းလှည်းကို အစိမ်းရောင် အရှိန်အဝါတစ်ခုက ဖုံးလွှမ်းသွားပြီး အလွန်မြန်သော အရှိန်ဖြင့် ပြေးထွက်သွားတော့သည်။ မြင်းလှည်းထဲရှိ မိန်းကလေးမှာမူ အပြင်ဘက်က အပြောင်းအလဲများကို မသိဘဲ မြင်းလှည်းမှာ အလွန် တည်ငြိမ်နေသည်ကိုသာ သတိပြုမိလေသည်။

“မိန်းကလေးဟူ... မင်းရဲ့ နာမည်ကို သိခွင့်ရှိမလား” လုချင်းက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။

“သခင်လေးက ကျွန်နအဖေကို မသိဘူးလားဟင်” သူမက အံ့ဩတကြီး မေးလိုက်၏။

“မြို့ထဲဝင်တုန်းက ခဏပဲ ဆုံဖူးတာပါ၊ သိပ်ပြီး ရင်းနှီးတာမျိုး မဟုတ်ပါဘူး” လုချင်းက ပြုံး၍ ဖြေလိုက်သည်။

“သမားတော်လေးလု... ဒီမိန်းကလေးက မြို့ထဲဝင်တုန်းက အခွန်ကောက်တဲ့ မြို့စောင့်ရဲ့ သမီးလားဗျ” ဝေ့ကျိအန်းက သတိပြုမိသွားလေသည်။

မိန်းကလေးသည်လည်း အခြေအနေကို သဘောပေါက်သွားပြီး လုချင်းက သူမကို မသိဘဲ ကယ်တင်ခဲ့သည့်အတွက် ပို၍ပင် ကျေးဇူးတင်မိတော့သည်။

“ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်လေး။ သခင်လေးသာ မရှိရင် ကျွန်မတော့...”

“ကံကြမ္မာကြောင့် ဆုံရတာပါ၊ အားနာမနေပါနဲ့” လုချင်းက ဆို၏။

“ကျွန်မနာမည်က ကျိကျစ်ပါ” သူမက တိုးတိုးလေး ပြောလိုက်လေသည်။ လုချင်းက ကံကြမ္မာအကြောင်း ပြောသဖြင့် သူမမှာ ထပ်မံ ရှက်သွားပြန်၏။

“ကျိကျစ်လား။ ဒါပေမဲ့ မြို့တံခါးမှာတုန်းက မင်းအဖေက မင်းကို ဟူလျန်လို့ ခေါ်နေတာ ကြားလိုက်သလိုပဲ။”

“သခင်လေးက အဲဒီမှာ ရှိနေတာလား” ဟူကျိကျစ်က အံ့သြသွားလေသည်။

“ဩော်... လမ်းသွားရင်း တိုက်တိုက်ဆိုင်ဆိုင် ကြားလိုက်တာပါ၊ မင်း စိတ်မရှိဘူးလို့ မျှော်လင့်ပါတယ်” လုချင်းက ရှင်းပြလိုက်သည်။

“စိတ်မရှိပါဘူးရှင့်” သူမ ခေါင်းခါလိုက်၏။

လုချင်းသာ မကြားခဲ့ပါက သူမလည်း ယခုအချိန်တွင် အသက်ရှင်နေမည် မဟုတ်ပေ။ “ဟူလျန်ဆိုတာက အိမ်နာမည်ပါ။ ကျွန်မရဲ့နာမည်ရင်းက ကျိကျစ်ပါရှင့်။”

“အင်း... သဘောပေါက်ပါပြီ။ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပေးရဦးမယ်၊ ကျွန်တော့်နာမည်က လုချင်းပါ၊ ဒါက ကျွန်တော့်ရဲ့ဆရာ သမားတော်ကြီးချန်၊ ဒါက ညီမလေး ရှောင်ယန်၊ ဟိုဘက်ကတော့ ဝေ့မိသားစုက သခင်လေး ဝေ့ကျိအန်းပါ” လုချင်းက မိတ်ဆက်ပေးလိုက်လေသည်။

သမားတော်ကြီးကတော့ လုချင်း၏ အမူအရာမှာ တစ်ခုခု ထူးခြားနေသည်ကို သတိပြုမိလိုက်၏။

“အားလုံးနဲ့ ဆုံရတာ ဝမ်းသာပါတယ်ရှင်” ကျိကျစ်က သူမ၏ ဒဏ်ရာကြောင့် နာကျင်နေသော်လည်း ယဉ်ကျေးစွာ ပြောလိုက်လေသည်။

“အရမ်းကြီး ယဉ်ကျေးမနေပါနဲ့ကွယ်” သမားတော်ကြီးက ပြုံး၍ ဆို၏။

“မမဟူ... ခြေထောက်က နာနေသေးလားဟင်” ရှောင်ယန်က စိုးရိမ်တကြီး မေးလိုက်သည်။

“နည်းနည်းတော့ နာတာပေါ့၊ ဒါပေမဲ့ ဆေးထည့်ထားတော့ သက်သာသွားပါပြီ” ကျိကျစ်က ရှောင်ယန်၏ စိုးရိမ်မှုကို ကြည့်ကာ စိတ်လှုပ်ရှားသွားလေသည်။

“အစ်ကိုနဲ့ အဘိုးချန်က တော်တော်လေး ကျွမ်းကျင်တဲ့ သမားတော်တွေဆိုတော့ မမ မကြာခင် ပြန်ကောင်းသွားမှာပါ” ရှောင်ယန်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

“ကျေးဇူးပါကွယ်” ကျိကျစ်က ပြုံးပြလိုက်ရာ သူမ၏ အလှကြောင့် ရှောင်ယန်ပင် မှင်သက်သွားရလေ၏။

“မမဟူက အရမ်းလှတာပဲ” ရှောင်ယန်က အံ့ဩတကြီးပြောလိုက်သည်။

ကျိကျစ်မှာ ရှက်သွားပြီး “ညီမလေးက ပိုချစ်စရာကောင်းပါတယ်၊ ညီမလေး ကြီးလာရင် မမထက် ပိုလှမှာ သေချာတယ်။”

“တကယ်လားဟင်... သမီး တကယ်လှလာမှာလား” ရှောင်ယန်က ဝမ်းသာအားရ မေးလာလေသည်။

“တကယ်ပေါ့” ကျိကျစ်က အခိုင်အမာ ခေါင်းညိတ်ပြလိုက်၏။

သူတို့ကလေးတွေ စကားပြောနေသည်ကို ကြည့်ကာ လုချင်း ပြုံးနေမိသည်။

ထိုအချိန်တွင် သမားတော်ကြီး၏ အသံမှာ လုချင်း၏ စိတ်ထဲသို့ ရောက်ရှိလာလေသည်။ “အားချင်း... ဘာတွေ ဖြစ်နေတာလဲ။ မင်းက အဲ့ဒီမိန်းကလေးအပေါ် ဘာလို့ ဒီလောက်တောင် ဂရုစိုက်ပြနေရတာလဲ။”

All Chapters