← Chapters

အခန်း (၁၂၁)

Vol. 13 Ch. 121

အခန်း (၁၂၁)

Vol. 13 Ch. 121

🌹Chapter 121

ယန်ရုန်ရုန် ချက်ချင်း သတိကြီးသွားခဲ့သည်။ သူမ ညွှန်ကြားစရာပင် မလိုဘဲ လင်းယွမ်က တံခါးကို ဆွဲပိတ်ကာ အပြင်ဘက်မှ စပ်စပ်စုစု အကြည့်များကို ဖြတ်တောက်ပစ်လိုက်ပါသည်။

လျို့လန်လည်း လေးဖက်ထောက်ကာ ထိုလူ့ကို အစွယ်တပြူးပြူး ဖြဲပြရင်း ဒေါသတကြီး မေးလိုက်သည်။

“ငါ့ကို ဘာလို့ အလစ်တိုက်ခိုက်ခဲ့တာလဲ၊ သတ္တိရှိရင် မျက်နှာချင်းဆိုင်ပြီး မျှမျှတတ လာတိုက်လေ!”

ထိုလူက သမ်းဝေကာ ပျင်းရိပျင်းတွဲ ပြန်ဖြေလိုက်ပါသည်။

“မင်းစွမ်းအားတွေ အထွတ်အထိပ်ကို ပြန်ရောက်သွားမယ် ဆိုရင်တော့ ငါမင်းကို မယှဉ်နိုင်လောက်ဘူး၊ ဒါပေမယ့် အခုချိန်မှာတော့ ငါ့တိုက်ကွက် ၁၀ ကွက်ကိုတောင် မင်းခံနိုင်ရည် ရှိမှာ မဟုတ်ဘူး”

လျို့လန်က အထင်သေးခံရခြင်းကို အလွန်မုန်းတီးသည်။ ထို့ကြောင့် ထို့လူကို တစ်စစီဆုတ်ဖြဲပစ်ရန် ကြမ်းကြုတ်စွာ ခုန်အုပ်လိုက်ပါသည်။

သို့သော်လည်း ထိုလူက တစ်ကွက်နှစ်ကွက်လောက် လှုပ်ရှားလိုက်ရုံဖြင့် လျို့လန်ကို ချုပ်နှောင်နိုင်ခဲ့သည်။ လျို့လန် အသည်းအသန် ရုန်းကန်နေသေးသည်ကို မြင်ပြီး သူ့ပေါင်ပေါ် မှောက်ခုံတင်ကာ တင်ပါးကို ဖြောင်းခနဲ မြည်အောင် ရိုက်ချပစ်လိုက်ပါသည်။

ရိုက်အားကြောင့် လျို့လန် တင်ပါးလေး နှစ်ကြိမ်လောက် တုန်ခါသွားလေသည်။

လျို့လန် ကြက်သေသေသွားရသည်။ သူ့တစ်သက်မှာ ဒီလို တစ်ခါမှ အဆက်ဆံမခံခဲ့ရဖူးပေ။ အရှက်ရမှု၊ စိတ်ရှုပ်ထွေးမှုနှင့် ဒေါသထွက်မှုတို့များ သူ့ရင်ထဲ စုပြုံ ဝင်ရောက်လာခဲ့ပါသည်။

“ငါ့ဖင်ကို ရိုက်ရဲတယ်ပေါ့၊ မင်းကို စားမယ်! မင်းကို စားပစ်မယ်!”

ထိုလူက သူ့တင်ပါးကို နောက်တစ်ကြိမ် ထပ်ရိုက်ပစ်လိုက်သည်။

“တိတ်တိတ်နေစမ်း! ဆက်ဆူနေရင် ထပ်ရိုက်မှာနော်”

လျို့လန် အလွန်ဒေါသထွက်နေသော်လည်း မတွန်းလှန်နိုင်ခဲ့ပါ။ တင်ပါးကို အကြိမ်ကြိမ် အရိုက်ခံလိုက်ရပြီးနောက် လျို့လန် သည်းမခံနိုင်တော့ဘဲ အကျယ်ကြီး အော်ငိုမိလေတော့သည်။

“အီးဟီးဟီး!!! မေမေရေ သားကို ကယ်ပါဦး! သားကို ဒီလူဆိုးကြီး အနိုင်ကျင့်နေတယ်!”

လျို့လန်၏ စကားကိုကြားပြီး ထိုလူ ရယ်မောလိုက်သည်။

“မင်းက ထောင်ထျဲသားရဲလေ၊ ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေက မွေးဖွားပေးထားတဲ့ သတ္တဝါမဟုတ်ဘူးလား၊ ဘယ်က ‘မေမေ’ ရလာတာလဲ”

လျို့လန် မျက်ရည်အပြည့်ဖြင့် ပြန်ချေပလိုက်သည်။

“ငါ့မှာ မေမေရှိတယ်! အဲ့မှာ ငါ့မေမေ!”

သူ့လက်သည်းလေးဖြင့် အနားတွင်ရပ်နေသည့် ယန်ရုန်ရုန့်ကို လက်ညှိုးထိုးပြလိုက်ပါသည်။

ယန်ရုန်ရုန်လည်း ထိုလူနှင့် လျို့လန်တို့အကြားက အခြေအနေကို စောင့်ကြည့်နေခဲ့သည်။ ယခုအချိန်ထိတော့ ထိုလူ့မှာ ရန်လိုစိတ်မရှိမှန်း မြင်နိုင်ပါသည်။

လျို့လန်အပေါ်တွင် မလိမ္မာသည့် ကလေးတစ်ယောက်ကို ဆုံးမနေသော လူကြီးတစ်ဦးနှင့် ပိုတူနေသည်။ ထို့ကြောင့် ထိုလူ့အကြောင်းကို ယန်ရုန်ရုန် ပိုသိချင်လာခဲ့ပါသည်။

ထိုလူကလည်း ယန်ရုန်ရုန့်ကို မော့ကြည့်ကာ အဓိပ္ပာယ်ပါပါ မေးလိုက်သည်။

“ဒါဆို မင်းက ထောင်ထျဲသားရဲကို လှည့်စားပြိး ဝိညာဉ်သားရဲစာချုပ်ချုပ်ခဲ့တဲ့ လူသားကျင့်ကြံသူပေါ့”

ယန်ရုန်ရုန် ချောင်းတစ်ချက် ဟန့်ကာ ရှင်းပြလိုက်ပါသည်။

“အဲ့ဒီအကြောင်း ရှင်းပြရရင် အရှည်ကြီးပဲ၊ အတိုချုန်းပြောရရင်တော့ အခြေအနေတွေအရ ဒီလိုလုပ်လိုက်ရတာ၊ ကျွန်မသာ သူ့ကို တာဝန်မယူရင် အပြစ်မဲ့တဲ့လူတွေအများကြီး အစားခံရလိမ့်မယ်”

ထိုလူက ထပ်ပြုံးလိုက်သည်။

“အဲ့လိုဆိုတော့လည်း မင်းက စိတ်ထားကောင်းသားပဲ”

ယန်ရုန်ရုန် မေးလိုက်သည်။

“ရှင့်ကို ဘယ်လိုခေါ်ရမလဲ”

“ငါ့ကို လောလောလို့ ခေါ်လို့ရတယ်”

‘လောလော’ဟူသည့် အမည်က ချစ်စရာကောင်းလွန်းနေပြီး ဆန်းကြယ်သည့် ဒီလူနှင့် မလိုက်ဖက်လှပါ။ သူကြုံရာကျ ပန်း စဉ်းစားလိုက်သည့် အမည်အတုဖြစ်မည်ဟုပင် ယန်ရုန်ရုန် သံသယဝင်မိပါသည်။

သူမ ထပ်မေးလိုက်သည်။

“ရှင်နဲ့ လျို့လန်နဲ့ ဘယ်လို ပတ်သတ်တာလဲ”

‘လောလော’က အေးအေးဆေးဆေး ရှင်းပြခဲ့သည်။

“လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ထောင်ထျဲသားရဲကို ငါတစ်ကြိမ်မက တွေ့ခဲ့ဖူးတယ်၊ အဲ့ဒီတုန်းက ထောင်ထျဲက အရမ်း ရိုင်းစိုင်းတာ၊ သူ့ညီသုံးယောက်နဲ့အတူ လူသားလောကထဲမှာ ထင်တိုင်းကြဲခဲ့ကြတာလေ၊ အချိန်အတော်ကြာမှ ဒီလို တုံးအနေတဲ့ ပုံစံမျိုးနဲ့ ပြန်တွေ့ရလိမ့်မယ်လို့ ထင်မထားဘူး၊ သူဘာလို့ ဒီလိုဖြစ်သွားတာလဲ”

ယန်ရုန်ရုန် ပြန်ဖြေလိုက်သည်။

“သူလား၊ ကောင်းကင်ဘုံမိုးကြိုးစာ မိသွားတာလေ”

လောလော မနေနိုင်ဘဲ ခပ်သဲ့သဲ့ ရယ်မောလိုက်ပါသည်။

“ဟား… စိတ်ဝင်စားစရာပဲ”

လျို့လန်က ရှက်ကိုးရှက်ကန်းဖြင့် ငေါက်လိုက်သည်။

“ဘာရယ်တာလဲ သောက်ပေါရဲ့!”

လောလောက အပြုံးဖြင့်ဆိုသည်။

“အခု ကျပ်မပြည့်တဲ့ပုံစံပေါက်နေပေမယ့် အရင်ကထက်တော့ အများကြီး ချစ်ဖို့ကောင်းသွားပါတယ်၊ ဒီပုံစံအတိုင်း ဆက်နေနိုင်ရင် ပိုကောင်းလိမ့်မယ်၊ ကမ္ဘာကြီးက ပြောင်းလဲသွားပြီ၊ ငါတို့ အရင်တုန်းကလို သောင်းကျန်းချင်တိုင်း သောင်းကျန်းလို့ မရတော့ဘူး၊ မင်းအသက်ရှင်ချင်တယ်ဆိုရင် အမြှီးကို ဖွက်ထားပြီး သာမန်လူတစ်ယောက်လို နေထိုင်နိုင်အောင် ကြိုးစားရမယ်”

ထိုသို့ပြောပြီးနောက် သူ့မျက်နှာပေါ်မှ အပြုံး တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားခဲ့ပြီး နားလည်ရခက်သည့် စိတ်ခံစားချက်များ သူ့မျက်ဝန်းပေါ်တွင် ထင်ဟပ်လာခဲ့ပါသည်။

လျို့လန်က မကျေမနပ် ငေါက်လိုက်သည်။

“အဲ့တာ မင်း အလုပ်မဟုတ်ဘူး!”

လောလောက သူ့နဖူးကို တောက်လိုက်ပြီး ဆုံးမလိုက်သည်။

“ကျေးဇူးမသိတတ်တဲ့ဟာလေး”

နောက်ဆုံးတော့ ယန်ရုန်ရုန် အရေးကြီးဆုံး မေးခွန်းကို မေးခဲ့ပါသည်။

“ငှက်ပေါက်လေး ဘယ်မှာလဲ”

လောလော လက်တစ်ချက် ဝှေ့ရမ်းလိုက်ရာ ငှက်လှောင်အိမ်လေးတစ်လုံး ပေါ်လာပြီး ကြမ်းပြင်ပေါ် ဘုတ်ခနဲမြည်အောင် ကျသွားသည်။ လှောင်အိမ်ထဲတွင် ပိတ်မိနေသည့် ငှက်ပေါက်လေးက အတောင်ကို အသည်းအသန်ခတ်ရင်း တကျွိကျွိ အော်နေပါသည်။

“စနစ်ပိုင်ရှင်! စနစ်ပိုင်ရှင်! ကျွန်ုပ်ဒီမှာ!”

ယန်ရုန်ရုန် ရှေ့တိုးလာပြီး လှောင်အိမ်ကို ဖွင့်ပေးလိုက်သည်။ ငှက်ပေါက်လေးလည်း အသည်းအသန် ပြေးထွက်လာကာ ယန်ရုန်ရုန့်လက်ပေါ် တက်သွားခဲ့သည်။

“နောက်ဆုံးတော့ စနစ်ပိုင်ရှင် ကျွန်ုပ်ကို လာကယ်ပြီပေါ့! ကျွန်ုပ်ကို ဒီတိုင်း ပစ်မသွားဘူးဆိုတာ သိနေတယ်! ကျွန်ုပ်တို့က နှစ်ပေါင်း ၂၀၀ ကျော်ကြာအောင် ခိုင်မြဲခဲ့တဲ့ သံယောဇဉ်နဲ့ ရဲဘော်ရဲဘက်တွေပဲ မဟုတ်လား!”

ယန်ရုန်ရုန် သူ့ကို ဂုတ်မှ ဆွဲမကာ ခံစားချက်မဲ့စွာ ပြောလိုက်သည်။

“ငါအိမ်ပြန်နိုင်ဖို့အတွက်သာမဟုတ်ရင် နင့်ကို အာရုံနောက်ခံပြီး လိုက်ရှာမနေဘူး”

ငှက်ပေါက်လေး၏ အသံရုတ်တရက် ရပ်တန့်သွားပြီး စိတ်လှုပ်ရှားမှုများလည်း ချက်ချင်းဆိုသလို ပျောက်ကွယ်သွားသည်။ ယန်ရုန်ရုန့်ကို မျက်ရည်ဝဲစွာ ကြည့်ရင်း အပြစ်တင်လိုက်ပါသည်။

“နှလုံးသား မဲ့လိုက်တာ…”

လောလောဘက်သို့ ပြန်လှည့်ကာ ယန်ရုန်ရုန် တဲ့တိုးမေးလိုက်သည်။

“ကျွန်မကို ဒီနေရာထိ ရောက်လာအောင် ရှင်တမင်သက်သက် မျှားခေါ်ခဲ့တာမဟုတ်လား၊ ရှင်ဘာလိုချင်လို့လဲ”

လောလောက လျို့လန်ကို လွှတ်ပေးလိုက်သည်။ လျို့လန် လွတ်လပ်သွားသည်နှင့်တစ်ပြိုင်တည်း လောလောကို ထပ်တိုက်ခိုက်ဖို့ ကြံနေပါသည်။ သို့သော် ယန်ရုန်ရုန်က လှမ်းတားလိုက်သည်။

“လျို့လန် ဒီနားလာနေ”

လျို့လန်လည်း လက်သည်းများကို သိမ်းရင်း ယန်ရုန်ရုန့်နား စိတ်ဓာတ်ကျစွာ ပြန်လျှောက်လာခဲ့ရတော့သည်။

ထိုမြင်ကွင်းကို လောလော စိတ်ဝင်တစားကြည့်ရင်း ပြောလိုက်သည်။

“ငါတကယ် မယုံကြည်နိုင်သေးဘူး၊ တစ်ချိန်တုန်းက ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့တဲ့ ထောင်ထျဲသားရဲက ‘မေမေ့ချစ်တုံးလေး’ ဖြစ်သွားရတယ်လို့”

လျို့လန် အစွယ်ဖြဲပြလိုက်ပါသည်။

“မင်း သေချင်နေတာလား!”

ယန်ရုန်ရုန် သူ့ခေါင်းကို ပွတ်သပ်ပေးကာ ချော့မြူလိုက်ပါသည်။ ထိုအခါမှ လျို့လန် စိတ်တည်ငြိမ်သွားခဲ့သည်။

လောလောက ဖြည်းညှင်းစွာ ရှင်းပြလိုက်သည်။

“ငါမင်းကို ညမဲ့မြို့တော်ဆီ ရောက်လာအောင် မျှားခေါ်ခဲ့တာက ငါ့ရဲ့အချုပ် အနှောင်ကို ချိုးဖောက်ပေးစေချင်လို့လဲ”

ယန်ရုန်ရုန် နားမလည်နိုင်ဖြစ်သွားသည်။

“ဘာအချုပ်အနှောင်လဲ”

လောလောက ညာဘက်လက်ကို မြှောက်ကာ ကမ်းလှမ်းလိုက်သည်။

“စောပါသေးတယ်၊ အေးအေးဆေးဆေး ထိုင်စကားပြောကြရအောင်လား”

ယန်ရုန်ရုန်နှင့် လင်းယွမ်တို့ စားပွဲဆီလျှောက်သွားကာ ထိုင်လိုက်ကြသည်။ ထိုအခါမှ စားပွဲပေါ်တွင် ရှိနေသည့် အစားအစာများနှင့် သေရည်များအားလုံး ပြောင်စင်နေသည်ကို သတိထားမိသွားကြပါသည်။

ပြောင်စင်နေသည် ဟူသည်ထက်ပင် ပိုသေးသည်။ အစားအသောက် အမှုန်လေးတစ်မှုန်ပင် မကျန်ခဲ့ပေ။ ပန်းကန်ပြားတိုင်းက သန့်ရှင်းလွန်းသဖြင့် လျှာဖြင့်လျက်ထားသလားဟုပင် ထင်စရာကောင်းသည်။

ယန်ရုန်ရုန်နှင့် လင်းယွမ်တို့၏ မျက်နှာထားများ အနည်းငယ် ထူးဆန်းသွားခဲ့သည်။ ဂူထဲတွင် ဧည့်သည်ဟူ၍ လောလောတစ်ယောက်တည်းသာ ရှိသည်။ ထို့ကြောင့် အစားအသောက်များကို စားခဲ့သူက သူသာ ဖြစ်နိုင်ပါသည်။

‘ရုတ်တရက်ကြည့်လိုက်ရင် မထင်ရဘူးပဲ… စားသောက်ထားတာ ရှင်းလင်းနေတာပဲ၊ ဘယ်တုန်းကတည်းက ငတ်နေတာလဲ မသိဘူး’

သူတို့နှစ်ယောက်၏ အကြည့်များကို လောလော မသိချင်ယောင် ဆောင်လိုက်ပြီး တည်ငြိမ်စွာ ရှင်းပြလိုက်သည်။

“တကယ်တော့ ငါ့အသွင်အစစ်အမှန်က ဖီရှို့သားရဲတစ်ကောင်ပဲ၊ ထောင်ထျဲသားရဲလိုပဲ ငါ့ရုပ်ခန္ဓာအစစ်အမှန်ကို ချိပ်ပိတ်စည်းနှောင်ခံထားရတယ်၊ မတူတာက ငါက ဉာဏ်ရည်ပိုထက်တယ်၊ အဲ့တာကြောင့် အချုပ်နှောင် မခံရခင်တုန်းက ငါ့ဝိညာဉ်ကို ငါ့ခန္ဓာကိုယ်ထဲကနေ နုတ်ယူနိုင်ခဲ့တယ်”

“အဲ့တာကြောင့်လည်း ဒီကမ္ဘာကြီးထဲမှာ ငါလွတ်လွတ်လပ်လပ် သွားလာနိုင်နေသေးတာ၊ ဒါပေမယ့် ရေရှည်အတွက် အဆင်ပြေတဲ့နည်းလမ်းတော့ မဟုတ်ဘူး၊ ငါ့ရုပ်ခန္ဓာအစစ်အမှန်က ဆက်ပြီး ချုပ်နှောင်ခံထားရမယ်ဆိုရင် မကြာခင် သေဆုံးသွားရလိမ့်မယ်၊ ငါ့ဝိညာဉ်လည်း ခန္ဓာနဲ့အတူ ပျောက်ကွယ်သွားလိမ့်မယ်၊ အဲ့တာကြောင့် မင်းရဲ့အကူအညီကို လိုအပ်နေတာ”

ယန်ရုန်ရုန် မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်ပြီး မယုံကြည်နိုင်ဖြစ်သွားသည်။

“ဖီရှို့သားရဲဟုတ်လား… စအိုပေါက်မပါတဲ့ ရှေးဟောင်းသားရဲမျိုးကို ပြောတာလား”

လောလော: “…”

‘ငါ့မှာ တခြားထူးခြားချက်တွေ အများကြီးရှိနေတာကို ဘာလို့ အဲ့တစ်ခုကိုမှ မှတ်ထားရတာလဲ!’

ယန်ရုန်ရုန်၏ ထိန်းမနိုင်သိမ်းမရ မျက်လုံးများက သူ့အောက်ပိုင်းထံသို့ အလိုလို ရောက်သွားပါသည်။

‘တကယ်ကြီးလား၊ သူ့မှာ အပေါက်မပါဘူးလား’

လောလော မျက်နှာနီရဲသွားပြီး ကိုယ့်ကိုယ်ကိုယ် အမြန်ကာကွယ်လိုက်သည်။

“ငါက ရှေးဟောင်းသားရဲတစ်ကောင်လေ! မင်းတို့လို လူသားတွေနဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံချင်းတူမလား! ဘာမှ အံ့အားသင့်နေစရာအကြောင်း မရှိဘူး!”

ယန်ရုန်ရုန် ခေါင်းတညိတ်ညိတ်ဖြင့် ရေရွတ်လိုက်သည်။

“အဲ့တာဆို ကောလဟာလတွေက အမှန်ပဲပေါ့…”

လောလော စိတ်ရှုပ်ထွေးစွာ တစ်လုံးချင်း ပြောလိုက်သည်။

“အဓိက အချက်က အဲ့တာ မဟုတ်ဘူး! အခုအရေးအကြီးဆုံးက ငါ မင်းအကူအညီကို လိုအပ်နေတာပဲ!”

All Chapters