အခန်း (၁၀၃)
Vol. 11 Ch. 103
🌹Chapter 103
သူ့ကို ရှောင်းရှောင်း ဆဲဆိုကျိန်းမောင်းသည်ဖြစ်စေ၊ လှောင်ပြောင်သည်ဖြစ်စေ လင်းယွမ် ဂရုမစိုက်ပါ။ ဘာပဲဖြစ်ဖြစ် သူ့ထိုက်နှင့် သူ့ကံ ပြန်ခံနေရခြင်းဖြစ်မှန်း နားလည်ပါသည်။
သို့သော် သူ့ရှေ့မှာ အခြား ယောက်ျားတစ်ယောက်ကို ဂရုစိုက်ပြနေသည်ကိုတော့ လင်းယွမ် လုံးဝ သည်းမခံနိုင်ပေ။ သူမရင်ထဲ တစ်စုံတစ်ယောက်ရှိနေပြီးသားဆိုလျှင် သူရှုံးနိမ့်သွားပါလိမ့်မည်။
ယန်ရုန်ရုန့်ရှေ့တွင် နဂါးရိုးကို ချပေးလိုက်ပြီး လင်းယွမ် အေးအေးလူလူပြောလိုက်ပါသည်။
“မင်းလိုချင်တဲ့အရာ မင်းရှေ့ကို ရောက်နေပြီ၊ မဆိုင်တဲ့လူတွေ မေ့ထားလိုက်စမ်းပါ”
ယန်ရုန်ရုန် လှောင်ပြုံးပြုံးလိုက်သည်။
“လူတိုင်းကို ရှင့်လို ကျေးဇူးကန်းတတ်မယ်လို့ ထင်နေတာလား၊ ရှန်းဝမ်ချင်းက ကျွန်မကို ကူညီပေးခဲ့တာ၊ ကျွန်မဘက်ကလည်း သူ့ကို လုံးဝ မေ့နိုင်မှာမဟုတ်ဘူး၊ ရှင် ဝင်မရှုပ်ခဲ့ရင်တောင် နဂါးရိုးက ကျွန်မလက်ထဲရောက်လာမှာ သေချာတယ်၊ ရှင်က သူများကြိုးစားအားထုတ်မှုရဲ့ အသီးအပွင့်တွေကို ဝင်လုသွားတဲ့ အခွင့်အရေးသမားသာသာပဲ”
လင်းယွမ် ရှားရှားပါးပါး လေးနက်မှုဖြင့် ဆိုလိုက်သည်။
“ငါ ကျေးဇူးမကန်းတတ်ဘူး”
ပုံမှန်ဆို ပြောင်ပြောင်ပျက်ပျက် နေတတ်သူတစ်ယောက်ဖြစ်သဖြင့် ဒီလိုလေးနက်မှုမျိုးဖြင့် သူ့ကို မြင်ရခဲပါသည်။
ယန်ရုန်ရုန် စက်ဆုပ်စွာ အရွဲ့တိုက်လိုက်သည်။
“ဪ ဟုတ်လား”’
သူမလက်ကို လင်းယွမ် ဆုပ်ကိုင်ပြီး သူ့နား ဆွဲခေါ်ကာ မျက်ဝန်းများထဲ စေ့စေ့စိုက်ကြည့်ရင်း ထပ်ပြောလိုက်ပါသည်။
“ငါကျေးဇူးမကန်းတတ်ဘူးလို့ ပြောနေတယ်!”
ယန်ရုန်ရုန် သူ့လက်ကို အတင်းခါထုတ်ပစ်လိုက်သည်။
“ပြီးတာပဲလေ၊ အရင်တုန်းက ရှင့်အသက်ကို ကယ်ပေးဖူးတဲ့ ကျွန်မကျေးဇူးကို မမေ့သေးဘူးဆိုရင် အခု ကျွန်မကို လွှတ် ပေးပြီး ကျေးဇူးပြန်ဆပ်လိုက်ပေါ့”
လင်းယွမ် ထပ်မံရယ်မောလိုက်သည်။ သို့သော် သူ့မျက်လုံးများက မှောင်မိုက်လာခဲ့ပါပြီ။
“မင်းကို လွှတ်ပေးရမယ်ဟုတ်လား၊ တခြားယောက်ျားတစ်ယောက်ဆီ သွားနိုင်အောင်လို့လား၊ အရင်တစ်ခေါက်က သူတို့အားလုံးကို မင်းကျိန်ဆဲပစ်ခဲ့တာ မဟုတ်ဘူးလား၊ မင်းပြောတော့ ငါတို့လေးယောက်စလုံးကို သာတူညီမျှ စက်ဆုပ် ရွံရှာတယ်ဆို၊ အခုမှ ဘာလို့ ရှန်းဝမ်ချင်းကို ရုတ်တရက်ကြီး သတိရနေရတာလဲ၊ ငါ့ကိုပြောစမ်းပါ၊ သူ့ရဲ့ ဘယ်အချက်ကို မင်းသဘောကျတာလဲ၊ သူငါ့ထက် ဘယ်နေရာ ပိုသာနေလို့လဲ”
ယန်ရုန်ရုန်၏ လှောင်ပြုံးက ပိုမိုနက်ရှိုင်းသွားခဲ့သည်။
“ရှင် မနာလိုဝန်တိုဖြစ်နေတဲ့ ပုံစံက တကယ် သနားစရာ ကောင်းတာပဲ”
လင်းယွမ် သူမနား ထပ်ကပ်လာခဲ့သည်။
“အဲ့တာဆို ငါ့ကိုကြည့်ပြီး လှောင်ရယ်ရယ်လိုက်လေ”
ယန်ရုန်ရုန်က ပြန်ချေပသည်။
“ရှင့်ကိုမှ ကျွန်မ သဘောမကျတာ၊ ဘာလို့ရယ်ရမှာလဲ’’
ထိုစကားလုံးများကြောင့် လင်းယွမ် ထပ်မံ သွေးဆူသွားခဲ့ရသည်။ သူ့စိတ်ထဲမှာလည်း အတွေးတွေ နယ်လွန်သွားခဲ့သည်။
‘ရှန်းဝမ်ချင်းနဲ့ ရှိနေတုန်းက ရှောင်းရှောင်း ခဏခဏ ရယ် မောခဲ့တာလား၊ ရှန်းဝမ်ချင်းကို သူတကယ် သဘောကျနေတာလား’
ထိုသို့တွေးမိလေလေ လင်းယွမ်ရင်ထဲ ခါးသီးလာလေလေဖြစ်ပြီး တစ်ကိုယ်လုံးမှ မနာလို ဝန်တိုသော ရောင်ဝါများ ဖြာထွက်လာခဲ့ပါသည်။
ယန်ရုန်ရုန်၏မေးကို လင်းယွမ် လှမ်းကိုင်လိုက်ပြီး အပြုံးတစ်ခုဖြစ်သွားအောင် အတင်းဖန်တီးလိုက်သည်။ ထိုအခါ ယန်ရုန်ရုန့် မျက်နှာပေါ် ပေါ်လာသည့်အပြုံးက အရုပ်ဆိုးလှသော်လည်း လင်းယွမ် ကျေနပ်သွားခဲ့ပါသည်။
လင်းယွမ် မျက်လုံးတွေထဲ ရွှင်ပျမှု ပြန်လည်ဝင်ရောက်လာခဲ့သည်။
“တွေ့လား၊ မင်းငါ့ကို ပြုံးပြနေတယ်၊ အဲ့တာ ငါ့ကို မမုန်းတဲ့သဘောပဲ၊ တစ်နည်းတွေးကြည့်ရင် ငါ့ကို ချစ်တယ်ဆိုတဲ့သဘောပဲပေါ့”
ယန်ရုန်ရုန် သူ့ကို အားကုန်သုံးကာ တွန်းထုတ်လိုက်ပြီး သူကိုင်ထားသည့် နေရာကို လက်ဖြင့် အသည်းအသန် သုတ်ပစ်လိုက်ပါသည်။
“ကျွန်မ မျက်လုံးကန်းနေရင်တောင် ရှင့်ကို မချစ်နိုင်ဘူး!”
လင်းယွမ်ရယ်မောလိုက်ပြန်သည်။
“ကိုယ်ကတော့ မင်း မျက်လုံးကန်းနေရင်တောင် ချစ်မှာပဲ”
ယန်ရုန်ရုန် ဆွံ့အသွားသည်။
လင်းယွမ် နဂါးရိုးကိုယူလိုက်ပြီး သူမမျက်စိရှေ့တွင် အမှုန့်ခြေလိုက်သည်။ ထို့နောက် အဖြူရောင် နဂါးရိုးမှုန့်များကို ကြွေပုလင်းငယ်လေးထဲ သေချာထည့်ကာ အဖုံးပိတ်လိုက်ပြီး ယန်ရုန်ရုန့်အား ပေးလိုက်ပါသည်။
“ဒါကို ဝိညာဉ်ရင်းမြစ်ကုသဆေးလုံးနဲ့အတူ သောက်လိုက်၊ အချိန်နည်းနည်းယူလိုက်ရင် မင်းဝိညာဉ်ရင်းမြစ် အကောင်းပကတိအတိုင်း ပြန်ဖြစ်သွားလိမ့်မယ်”
လင်းယွမ်ကို ဘယ်လောက်ပဲ မုန်းတီးပါစေ သူမ၏ ဝိညာဉ်ရင်းမြစ်အတွက်တော့ ယန်ရုန်ရုန် ဂရုစိုက်ပါသေးသည်။ ထို့ကြောင့် ကိုယ့်အနာဂတ်ကိုယ် ဖျက်ဆီးမှာမဟုတ်ပါ။
ကြွေပုလင်းကို လှမ်းယူလိုက်ပြီး သူမ ချန့်ခွင်းအိတ်ထဲမှ ဝိညာဉ်ရင်းမြစ်ကုသဆေးလုံးများကို ထုတ်လိုက်သည်။
ဆေးလုံးတစ်လုံးကို နဂါရိုးမှုန့်အနည်းငယ်နှင့် ရောစပ်ပြီး အခါးရည်နှင့်အတူ သောက်သုံးလိုက်ပါသည်။
သူမ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်စီးဆင်းမှုများ အနည်းငယ် ပိုမိုမြန်ဆန်လာသည်ကို ယန်ရုန်ရုန်ခံစားမိသည်။ တစ်ချိန်တုန်းက ရပ်တန့်နေခဲ့ပြီး နာကျင်ခဲ့ရသည့် လမ်း ကြောင်းများက ပြန်လည် ချောမွေ့လာခဲ့သည်။
သူမလက်ကို ငုံ့ကြည့်ရင်း ရင်ထဲ ပျော်ရွှင်သွားခဲ့ပါသည်။ ဝိညာဉ်ရင်းမြစ်ပြန်ကောင်းမွန်သွားသည်နှင့် ကျင့်ကြံခြင်းအမြန်နှုန်းများ သိသိသာသာ တိုးတက်သွားပါလိမ့်မည်။
လင်းယွမ်က သူမလက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။
“သက်သာလာရဲ့လား စစ်ကြည့်ပေးမယ်”
ယန်ရုန်ရုန် လက်ကို ပြန်ဆွဲယူဖို့ ကြိုးစားသော်လည်း လင်းယွမ်၏ လက်ချောင်းများက သံမဏိလို မာကျောလွန်းပါ သည်။ သူမ ဘယ်လောက်ပဲ ရုန်းကန်ပါစေ မလွတ်မြောက်နိုင်ခဲ့ပါ။
ထို့နောက် သူမခန္ဓာကိုယ်ထဲ နတ်ဆိုးစွမ်းအင်အနည်းငယ်ကို လင်းယွမ်ထည့်သွင်းလိုက်သည်။
ပုံမှန်ဆို ကျင့်ကြံသူတစ်ဦး၏ ခန္ဓာကိုယ်ထဲ နတ်ဆိုးစွမ်းအင်များ ဝင်ရောက်လာပါက ၎င်းတို့၏ ဝိညာဉ်စွမ်းအင်များ ဖရိုဖရဲဖြစ်ကာ ချီလမ်းကြောင်းသွေဖယ်ခြင်းအန္တရာယ်ကို ကြုံတွေ့ရနိုင်သည်။
သို့သော် ယန်ရုန်ရုန်ကတော့ တစ်ချိန်တုန်းက လင်းယွမ်နှင့် စာချုပ်ချုပ်ခဲ့ဖူးသဖြင့် သူမတို့နှစ်ယောက်အကြား ဝိညာဉ်ဆက်နွယ်မှုတစ်ခု ရှိနေပါသည်။ စာချုပ်က သက်တမ်းကုန်ဆုံးသွားပြီ ဆိုလျှင်တောင် ထိုဆက်နွယ်မှုက ပျောက်ကွယ်မသွားသေးပါ။
ထို့ကြောင့် ယန်ရုန်ရုန်၏ ခန္ဓာကိုယ်က လင်းယွမ်၏ မိစ္ဆာစွမ်းအင်များကို ရင်းနှီး မှတ်မိနေပြီး သူမကို နာကျင်အောင် လုပ်မည့်စွမ်းအင်မျိုး မဟုတ်မှန်း အလိုလို သိနေခဲ့သဖြင့် မခုခံခဲ့ပေ။
သူမခန္ဓာကိုယ်ထဲ နတ်ဆိုးစွမ်းအင်တွေ လင်းယွမ် အဆမတန် ထည့်သွင်းပစ်လိုက်မည်ကို ယန်ရုန်ရုန်လည်း စိုးရိမ်သဖြင့် ဆက်ပြီး မရုန်းကန်ခဲ့တော့ပါ။
နတ်ဆိုးစွမ်းအင်များက သူမသွေးကြောများမှတဆင့် အသာ အယာစီးဆင်းသွားပြီး ခန္ဓာကိုယ်တစ်ခုလုံးကို လည်ပတ်သွားခဲ့သည်။ အတန်ကြာမှ လင်းယွမ် နတ်ဆိုးစွမ်းအင်ကို ပြန်ရုတ်သိမ်းကာ စိတ်ကျေနပ်စွာ ပြုံးလိုက်ပါသည်။
“မဆိုးပါဘူး”
လင်းယွမ်ကို ယန်ရုန်ရုန် စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။ သူမကို ဒီလို ရဲရဲတင်းတင်း အသားယူနေခြင်းကြောင့် ဒေါသ ထွက်မိသည်။ သို့သော် စွမ်းအားမဲ့နေသဖြင့် ထိုလုပ်ရပ်များကို မတားနိုင်သည့် သူမကိုယ်သူမ ပိုဒေါသထွက်မိပါသည်။
လင်းယွမ်က ငါးစိမ်းသည်ဆိုလျှင် သူမက စဉ့်တီတုံးပေါ်မှ ငါးတစ်ကောင်ဖြစ်သည်။ သူမကိုသာ လင်းယွမ် အမှန်တကယ် သတ်ချင်လျှင် ခုခံဖို့ အခွင့်အရေးပင် ရမှာမဟုတ်ပေ။
“ဘာလို့ ဒေါသထွက်နေပြန်တာတုန်း၊ မျက်နှာလေးကို ကြည့်ပါဦး၊ ဒေါသထွက်ပြီး ဖောင်းကားနေလိုက်တာ၊ ဒီလိုလုပ်လေ၊ ဒေါသဖြေဖျောက်ဖို့အတွက် ကိုယ့်ကို ထပ်ကိုက်မလား”
ပြောပြောဆိုဆိုနှင့် လင်းယွမ် ဝတ်ရုံလည်ခွံကို တမင်တကာ ဟပေးလိုက်သည်။ ထိုအခါ သူ့ရင်ဘတ် အထင်းသားပေါ် လာပါသည်။
သူဝတ်ဆင်ထားသည့် အနီရောင်ဝတ်ရုံက သူ့ရင်ဘတ်ဖြူဖြူနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ အန္တရာယ်များသော်လည်း ဆွဲဆောင်မှုရှိသည့် ပင့်ကူလီလီပန်းတစ်ပွင့်နှင့် တူလှသည်။
“သွားစမ်းပါ!”
ယန်ရုန်ရုန် မျက်နှာလွှဲပစ်လိုက်ပါသည်။
သူမ မကိုက်ချင်မှန်း မြင်ပြီး လင်းယွမ် စိတ်ဓာတ်ကျသွားသည်။ ဝတ်ရုံပြန်ဝတ်ဖို့ပင် စိတ်မဝင်စားတော့ဘဲ ဒီတိုင်း ဟထားခဲ့ကာ ယန်ရုန်ရုန်ကိုသာ ငေးကြည့်နေခဲ့သည်။
ထိုလူ့အကြည့်က သားရဲဆန်လွန်းသဖြင့် ယန်ရုန်ရုန်လျစ် လျူရှုဖို့ ခဲယဉ်းခဲ့ပါသည်။
ထို့ကြောင့် စောင်ကို လှမ်းယူပြီး ခေါင်းမြှီးခြုံကာ အနားမှာ ဘယ်သူမှမရှိဟုသာ မှတ်ယူထားခဲ့သည်။
သို့သော် ငြိမ်းချမ်းမှုက စက္ကန့်ပိုင်းပင် မခံလိုက်ပေ။ လင်းယွမ်က စောင်ကိုမပြီးတိုးဝင်လာပါသည်။
သူ့မျက်လုံးများ အလွန်တောက်ပနေပြီး ပျော်ရွှင်စွာပြောလိုက်သည်။
“ကောင်းလိုက်တာ… ကမ္ဘာကြီးထဲမှာ ကိုယ်တို့နှစ်ယောက်တည်းပဲ ရှိနေတဲ့ ခံစားချက်မျိုး”
ယန်ရုန်ရုန် သူ့ကို ဆောင့်ကန်ပစ်လိုက်သည်။
“သွားသေလိုက်ပါလား!”
‘ဒီကောင်ဘာလို့ အဲ့လောက်ခေါင်းမာတာလဲ!’
ယန်ရုန်ရုန့်ခြေထောက်ကို လင်းယွမ်လှမ်းဖမ်းလိုက်ပြီး သေချာ ဆုပ်ကိုင်ထားခဲ့သည်။
“သေရမယ်ဆိုရင်တောင် အတူတူ သေကြမယ်လေ၊ မင်းကို ဒီကမ္ဘာကြီးထဲမှာ တစ်ယောက်တည်း မထားခဲ့ချင်ဘူး”
ယန်ရုန်ရုန် ခေါင်းမီးတောက်ပြီး နားထဲမှ အငွေ့များပင် ထွက်နေပါပြီ။
“ဒီလိုတွေလုပ်နေရင် ရှင့်ကိုကျွန်မ ပိုမုန်းလာရုံပဲရှိမှာနော်!”
လင်းယွမ် ပခုံးတွန့်လိုက်သည်။
“ဒါဆိုလည်း မုန်းလိုက်လေ၊ စိတ်ကြိုက်သာ မုန်းလိုက်၊ မင်းအချစ်ဆုံးလူ မဖြစ်နိုင်ရင်တောင် မင်းအမုန်းဆုံးလူဖြစ်သွားလည်း မဆိုးပါဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် မင်းနှလုံးသားထဲမှာ အရေးပါတဲ့ နေရာတစ်ခုကိုတော့ ရလိုက်မှာပဲလေ”
ယန်ရုန်ရုန် ဘယ်နှကြိမ်လောက် ဆွံ့အသွားခဲ့မိမှန်းတောင် မမှတ်မိတော့ပါ။ သူ့ကို ဘယ်လောက်ပဲ ကျိန်ဆဲပါစေ၊ ရိုက်နှက်ကိုက်ဖဲ့နေပါစေ၊ လင်းယွမ်က မမုန်းတီးသည့်အပြင် သဘောပင် ကျနေလေသည်။
‘ဒီလူတကယ် စိတ်မမှန်ဘူးပဲ!”
ယန်ရုန်ရုန် မျက်လုံးမှိတ်လိုက်ပြီး သူ့ကို လျစ်လျူရှုထားဖို့သာ ဆုံးဖြတ်လိုက်ပါသည်။ သူဘာပဲပြောပြော၊ ဘာပဲလုပ်လုပ် မသိချင်ယောင်သာ ဆောင်မည်ဟု ဆုံးဖြတ်ခဲ့သည်။
သူ့လိုလူမျိုးအတွက် အလျစ်လျူရှုခံရခြင်းက အနာကျင်ဆုံးဖြစ်ပါလိမ့်မည်။
သို့သော် စက္ကန့်ပိုင်းပင်မကြာလိုက်ဘဲ တစ်စုံတစ်ယောက်က သူမ ခြေဖဝါးကို ကလိထိုးနေသည့် ခံစားချက်အား ခံစားလိုက်ရပါသည်။ ယန်ရုန်ရုန်တစ်ကိုယ်လုံး ယားယံ တွန့်လိမ်သွားပြီး မျက်လုံးများ ဆတ်ခနဲဖွင့်ကာ စူးစူးဝါးဝါး အော်လိုက်သည်။
“ရှင် ဘာလုပ်တာလဲ!”
သူမ၏တုန့်ပြန်ပုံကြောင့် လင်းယွမ် အားရပါးရ ရယ်မောမိသွားသည်။
“ကိုယ့်ကလေးလေးက အယားသန်တာပဲ!”
ယန်ရုန်ရုန် ရှက်လည်းရှက် ဒေါသလည်းထွက်သွားပြီး စောင်ကို ကန်ထုတ်ပစ်ကာ ငုတ်တုတ် ထထိုင်ပြီး အော်ပစ်လိုက်သည်။
“ရှင်မပြီးနိုင်တော့ဘူးလား! ကျွန်မကို ခဏလောက် ငြိမ်းငြိမ်းချမ်းချမ်း နေခွင့်မပေးနိုင်ဘူးလား!”
“ဒေါသထွက်အောင် ထပ်လုပ်မိလို့ တောင်းပန်ပါတယ်၊ ကိုယ့်ကို အပြစ်ပေးလေ၊ ဖယောင်းတိုင်တွေ၊ လက်ထိပ်တွေ၊ ကြာပွတ်တွေ ကြိုက်တာ သုံးလို့ရတယ်!”
ယန်ရုန်ရုန်: “… …”
‘သတ်ပေးကြပါ… ငါ့ကိုတစ်ယောက်ယောက် သတ်ပေးကြပါ!’