အခန်း (၁၀၅)
Vol. 11 Ch. 105
🌹Chapter 105
ယန်ရုန်ရုန် အလွန်ဒေါသထွက်သွားပြီး အရွဲ့တိုက်လိုက်သည်။
“ဟုတ်ပါတယ် ဟုတ်ပါတယ်! ရှင် အသိဆုံး ရှင်အတတ်ဆုံးပါ! ရှင့်လိုလူမျိုးက မိန်းမပေါင်းများစွာနဲ့ ပွေရှုပ်ထားပြီးသားပဲဖြစ်မှာ၊ ရှန်းဝမ်ချင်းက အလိုက်ကန်းဆိုး နားမလည်တတ်တာ မှန်ပေမယ့် အနည်းဆုံးတော့ သူက သန့်စင်တယ်! ရှင့်လို မိန်းမ ဘယ်နှယောက်နဲ့ အိပ်ထားမှန်း မသိတဲ့လူလို မဟုတ်ဘူး!”
လင်းယွမ်၏ လှုပ်ရှားမှုများ ရပ်တန့်သွားခဲ့သည်။
ယန်ရုန်ရုန့်ကို နက်ရှိုင်းစွာ စိုက်ကြည့်ရင်း မေးလိုက်ပါသည်။
“ငါ တခြားမိန်းမတွေနဲ့ အိပ်ပါတယ်လို့ မင်းကို ဘယ်သူပြောလဲ”
ယန်ရုန်ရုန် ပြန်ချေပလိုက်သည်။
“ဘယ်သူပြောစရာလိုလို့လဲ၊ ဒီလောက် သိသာနေတဲ့ဟာ”
နတ်ဆိုးမျိုးနွယ်များ၏ ဘဝနေထိုင်မှုပုံစံက အလွန်ပွင့်လင်းမှုရှိပါသည်။ အထူးသဖြင့် ‘အသား’ကိစ္စနှင့် ပတ်သတ်လာလျှင် စည်းလွတ်ကမ်းလွတ်ကြသူတွေ ဖြစ်သည်။ တစ်စုံတစ် ယောက်ကို သဘောကျမိပြီဆိုသည်နှင့် အဆင့်အတန်း၊ အသက်အရွယ်၊ မျိုးနွယ်နှင့် ကျားဖြစ်စေ မဖြစ်စေ အရေးမကြီးတော့ပါ။ ကိုယ့်ဆန္ဒကိုသာ ရှေ့တန်းတင်တတ်ကြသည်။
အထူးသဖြင့် အာဏာပါဝါမြင့်မားသည့် နတ်ဆိုးလမ်းစဉ်ကျင့်ကြံသူများက ပိုဆိုးပါသည်။ သူတို့ ဘာမှမလုပ်ဘဲ ဒီအတိုင်း ငြိမ်နေလျှင်တောင် ပန်းကလေးတွေ၊ လိပ်ပြာကလေးတွေက အလိုလို ရောက်လာတတ်ကြသည်။
နတ်ဆိုးနယ်မြေတွင် ထိုကဲ့သို့ ဖြစ်ရပ်မျိုးကို ယန်ရုန်ရုန် အကြိမ်ကြိမ် မြင်ဖူးပါသည်။
အဆင့်အတန်းလေး အနည်းငယ်ရှိသည့် နတ်ဆိုးလမ်းစဉ်ကျင့်ကြံသူတိုင်း၏ အိမ်တံခါးဝတွင် ချစ်သူရည်းစားများစွာ တဝဲလည်လည် ရှိနေတတ်သည်။ နတ်ဆိုးနယ်မြေအတွင်း အသန်မာဆုံး နတ်ဆိုးအရှင်သခင် ဖြစ်သည့်အလျောက် လင်းယွမ်မှာလည်း ချစ်သူရည်းစားများ မရေမတွက်နိုင်အောင် ရှိနေမှာ သေချာပါသည်။ ဆယ်ဂဏန်းခန့်ရှိသည်ဟု ယန်ရုန်ရုန်ကြားဖူးသော်လည်း နှစ်ယောက်ခန့်သာ မျက်စိဖြင့်တပ်အပ် မြင်ခဲ့ဖူးသည်။
လင်းယွမ် အကြီးမားဆုံး စော်ကားမှုတစ်ခုကို ခံလိုက်ရသကဲ့သို့ အမျက်ဒေါသကြီးမားသွားခဲ့ပြီး မျက်လုံးများ နီရဲသွားခဲ့သည်။
“ငါ ဘယ်သူနဲ့မှ မအိပ်ဖူးဘူး!”
ယန်ရုန်ရုန်လည်း အံ့အားသင့်သွားခဲ့ပါသည်။ သူ့စကားလုံးများကို အံ့အားသင့်ခြင်းမဟုတ်ဘဲ သူ့တုန့်ပြန်မှုကြောင့် အံ့အားသင့်မိခြင်းပင်။
သူ့ပုံစံက ခြေရှုပ်တတ်မည့် ပလေးဘွိုင်းပုံစံမျိုးဖြစ်သော် လည်း သူများနှင့်အိပ်ဖူးသည်ဟု စွပ်စွဲခံရသဖြင့် ဒေါသထွက်နေလေသည်။ သူ့ ‘သန့်စင်’မှုကို ဒီလောက်ထိ တန်ဖိုးထားတတ်မှန်း ယန်ရုန်ရုန် မသိခဲ့ပါ။
ကုန်းမြေတိုက်အသစ်တစ်ခုကို ရှာဖွေတွေ့ရှိလိုက်ရသကဲ့သို့ လင်းယွမ်ကို ယန်ရုန်ရုန် မှင်သက်စွာ ကြည့်နေခဲ့ပါသည်။
လင်းယွမ် လေးလံနေသော လေသံဖြင့် ရှင်းပြလိုက်သည်။
“ငါ သိတာတွေ အများကြီးရှိတာမှန်တယ်၊ ဒါပေမယ့် တစ်ခါမှ လက်တွေ့ မစမ်းသပ်ခဲ့ဖူးဘူး! ငါ အဲ့လောက် အပေါစားမဆန်ဘူး! တွဲဖက်ကျင့်ကြံခြင်းဆိုတာ ကိုယ်တကယ် ချစ်မြတ် နိုးတဲ့လူနဲ့မှ သာယာမှုရှိနိုင်တာ၊ ကိုယ်မချစ်တဲ့လူနဲ့ တွဲဖက်ကျင့်ကြံရင် ရွံရှာမှုကိုပဲ ခံစားရမှာ!”
‘ဟိုးဟိုး… သူ တကယ် စိတ်ချောက်ချားနေတာပဲ!’
သူ့ ‘သန့်စင်မှု’ကို လင်းယွမ် အမှန်တကယ် တန်ဖိုးထားသည့်ပုံစံပင်။ သူတန်ဖိုးထားသည့် အရာတစ်ခုကို နောက်ဆုံးတော့ ရှာတွေ့ခဲ့ပြီဖြစ်သဖြင့် ယန်ရုန်ရုန် ဒီတိုင်း အလွတ်ပေးမှာ မဟုတ်ပါ။ ထို့ကြောင့် သူ့ကို မယုံသင်္ကာမျက်လုံးများဖြင့် ကြည့်လိုက်သည်။
“ဟုတ်လား… ဒါပေမယ့် ရှင့်ပုံစံက ခြေရှုပ်တတ်မယ့် ပုံစံမျိုးပါ၊ ရိုးရိုးသားသားပြောရရင် ရှင့်ဂုဏ်သိက္ခာကို အဲ့လောက် တန်ဖိုးထားနေစရာလည်း မလိုပါဘူး၊ ရှင်က နတ်ဆိုးအရှင်သခင်ပဲဥစ္စာ၊ အသက်ကလည်း ကြီးနေပြီ၊ ရည်းစား ထားတာ မဆန်းဘူး၊ နှစ်ဦးနှစ်ဖက် ဆန္ဒရှိရင် ပြီးတာပဲ၊ ရှင်တို့ဖာသာ ပျော်သလိုနေလို့ရတယ်၊ ကျွန်မကိုသာ ဆွဲမထည့်နဲ့”
ရှောင်းရှောင်း၏နှလုံးသားထဲ သူ့ပုံရိပ်က ဒီလောက်ယုတ်ညံ့နေလိမ့်မည်ဟု လင်းယွမ် မထင်ထားခဲ့ပေ။
‘သူက ခြေရှုပ်တတ်တယ်တဲ့လား၊ အသက်ကလည်း ကြီးနေပြီတဲ့လား…’
လင်းယွမ် ဒေါသထွက်လွန်းသဖြင့် ရယ်မောလိုက်မိသည်။
“ကျုံးရှောင်းရှောင်း၊ မင်းစကားကို မင်း တာဝန်ပြန်ယူရမယ်၊ ငါ တကယ် ဘယ်သူနဲ့မှ မအိပ်ဖူးရင် မင်းဘာလုပ်မလဲ”
ယန်ရုန်ရုန် ပြန်မေးလိုက်သည်။
“ဘာလုပ်ရမှာလဲ”
“ငါတကယ် သူများနဲ့ မအိပ်ဖူးရင် မင်းမတရား စွပ်စွဲနေတယ်ဆိုတဲ့ သဘောပဲ၊ သူများကို မဟုတ်မမှန် စွပ်စွဲရင် ပြန်ပေး ဆပ်ရမယ့် တန်ဖိုးရှိတယ်”
ယန်ရုန်ရုန်က အခြေအမြစ်မရှိ စွပ်စွဲနေသူဖြစ်သော်လည်း ယုံကြည်မှုပြည့်ဝနေဆြပင်။
“အဲ့လိုစကားမျိုး ကျွန်မတစ်ယောက်တည်းပြောတာ မဟုတ်ဘူးလေ! နတ်ဆိုးနယ်မြေကလူတိုင်း အဲ့စကားပြောနေကြတာပဲ၊ ရှင်အဲ့လောက် အစွမ်းအစရှိနေရင် သူတို့ကို သွားသတ်လိုက်ပါလား”
လင်းယွမ် လှောင်ပြုံးပြုံးလိုက်သည်။
“မင်းပြောမှ သတိရတယ်၊ ပြန်ရောက်တာနဲ့ အဲ့ဒီကိစ္စ သေ သေချာချာ စုံစမ်းခိုင်းရမယ်၊ ငါ့အကြောင်း မဟုတ်မမှန် ကောလဟာလလွှင့်တဲ့ မျိုးမစစ်တွေအကုန် တစ်ယောက်မကျန် သုတ်သင်ပစ်မယ်”
ယန်ရုန်ရုန် ထိတ်လန့်သွားခဲ့သည်။ သူအတည်ပေါက်ပြောနေမှန်း သံသယဖြစ်စရာမလိုပါ။
လင်းယွမ် မစဉ်းစားဘဲ ပြောလိုက်သည့် စကားတစ်ခွန်းကြောင့် နတ်ဆိုးနယ်မြေတစ်ခုလုံး အထက်အောက်ပြောင်း ပြန်လန်သွားနိုင်သည်။
ယန်ရုန်ရုန်က နတ်ဆိုးလမ်းစဉ်ကျင့်ကြံသူမဟုတ်သဖြင့် နတ်ဆိုးများအားလုံး သေဆုံးသွားလျှင်တောင် သူမ ဂရုမစိုက်ပါ။ သို့သော် သူမ အမည်ကိုအသုံးချပြီး လူသတ်မှုကျူးလွန်မှာမျိုးကိုတော့ လက်မခံနိုင်ပေ။ ထိုဇာတ်ရှုပ်တွေထဲ သူမ ဝင်မပါချင်ပါ။
ထို့ကြောင့် သူမ ထပ်ပြောလိုက်သည်။
“မီးခိုးဆိုတာ မီးရှိလို့ထွက်တာ၊ သူများတွေကို ပြဿနာ သွားရှာမယ့်အစား ရှင်တကယ်သန့်စင်ရဲ့လားဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ပါလား”
လင်းယွမ်က မေးလိုက်သည်။
“ဒါဆိုပြောစမ်းပါဦး၊ ငါ့ရဲ့ ဘယ်အစိတ်အပိုင်းက မသန့်စင်လို့လဲ”
ယန်ရုန်ရုန် ပွစိပွစိပြောလိုက်သည်။
“ကျွန်မက ဘယ်လိုလုပ်သိမှာလဲ၊ ရှင့် ကုတင်အောက်မှာ ပုန်းပြီး စောင့်ကြည့်နေတာမှ မဟုတ်တာ”
ထိုစကားကြောင့် လင်းယွမ် အူမြူးသွားပြီး အကျယ်ကြီး အော်ရယ်လိုက်ပါသည်။
“ဟားဟားဟားဟား! ကုတင်အောက်မှာဟုတ်လား၊ တော် တော်ဆန်းတဲ့နေရာပဲ၊ နောက်နေ့ကျမှ စမ်းသပ်ကြည့်ရမယ်”
ယန်ရုန်ရုန်: “???”
‘ဘာကို စမ်းသပ်မှာလဲ၊ ဒီဦးနှောက်ထက် ရွံစရာကောင်းတဲ့ဦးနှောက်ရှိပါဦးမလား!’
ဆွံ့အသွားသည့် ယန်ရုန်ရုန့်ကို ကြည့်ရင်း လင်းယွမ် စိတ် အခြေအနေ ပိုကောင်းသွားခဲ့သည်။ သူမလက်ကလေးကို ဆွဲယူပြီး နမ်းလိုက်ပါသည်။
ထိုအပြုအမူကြောင့် ယန်ရုန်ရုန် မျက်နှာပိုမှောင်သွားခဲ့ရသည်။
လင်းယွမ်ကတော့ ပျော်ပျော်ရွှင်ရွှင် ရယ်မောနေပါသည်။
“စကားနဲ့ရှင်းပြတာ အသုံးမဝင်မှန်း ကိုယ်သိတယ်၊ နတ်ဆိုးနယ်မြေကို ပြန်ရောက်ခါမှ ကိုယ်ဘယ်လောက် သန့်စင်သလဲဆိုတာ အလုပ်နဲ့သက်သေပြမယ်”
ယန်ရုန်ရုန် အနည်းငယ် ရင်ထိတ်သွားခဲ့သည်။
‘သူ ဘာမဟုတ်တာတွေ ကြံနေပြန်ပြီလဲ’
ယန်ရုန်ရုန် ပြတ်ပြတ်သားသား ငြင်းဆန်လိုက်ပါသည်။
“မလိုပါဘူး၊ ရှင်က နတ်ဆိုးအရှင်သခင်ပဲဥစ္စာ၊ ကိုယ်လုပ် တော် ၃,၀၀၀ လောက်ရှိနေရင်တောင် ရှင့်ခံစားခွင့်ပဲလေ၊ ကျွန်မနဲ့ ဘာမှမဆိုင်ဘူး၊ အဲ့တာကြောင့် သက်သေပြစရာလည်း မလိုဘူး”
“ငါ့အဆင့်အတန်းက ဘာဖြစ်ဖြစ် မင်းအထင်လွဲတာကို ငါမခံနိုင်ဘူး၊ ဒီလို နားလည်မှုလွဲနေတာကို အမြန်ဆုံး ဖြေရှင်းမှရမယ်၊ မဟုတ်ရင် အဲ့ကိစ္စကို အသုံးချပြီး မင်းနေ့တိုင်း ပွစိပွစိလုပ်နေမှာ ငါသိတယ်၊ မင်းရှေ့မှာ တစ်သက်လုံး ခေါင်းမဖော်နိုင်မယ့် ကိစ္စမျိုးကို ဒီတိုင်းမထားနိုင်ဘူး”
ယန်ရုန်ရုန် မဲ့ပြုံးပြုံးလိုက်ပါသည်။
“ရှင်အတွေးလွန်နေပြီ”
သူနဲ့အတူ တစ်သက်တာ ကုန်ဆုံးဖို့ ယန်ရုန်ရုန့်မှာ အစီအစဉ်မရှိပါ။ အခွင့်အရေးရသည်နှင့် သူမ ထွက်ပြေးမှာဖြစ်သည်။
နားလည်မှုလွဲခြင်းကို ဖြေရှင်းဖို့ အစီအစဉ်ရှိပြီးသားဖြစ်သဖြင့် လင်းယွမ် ဘာမှဆက်မပြောတော့ပေ။ ယန်ရုန်ရုန်ကို ကျေကျေနပ်နပ်ကြီးဖက်ရင်း မျက်လုံးမှိတ်ကာ ပြန်အိပ်နေလိုက်တော့သည်။
ဒီတစ်ခါတော့ သူ့ကို အလစ်တိုက်ခိုက်ဖို့ ယန်ရုန်ရုန် မကြိုး စားတော့ပါ။ အောင်မြင်မှာလည်း မဟုတ်သဖြင့် အားကုန်ခံစရာမလိုတော့ပေ။ နောက်ထပ်အကြံအစည်တစ်ခု စဉ်းစားထားသည်က ပိုအကျိုးရှိပါလိမ့်မည်။
မြင်းလှည်းထဲ ထူးထူးဆန်းဆန်း တိတ်ဆတ်သွားခဲ့သည်။
မြင်းလှည်းကလည်း နေ့ညမနား ခရီးဆက်ခဲ့ပါသည်။ ၂ ရက်ကြာပြီးနောက် လျှို့ဝှက် နေရာပြောင်း အခင်းအကျင်းတစ်ခုကို ဖြတ်သန်းပြီး နတ်ဆိုးနယ်မြေ နယ်စပ်သို့ ရောက်ရှိသွားခဲ့ကြသည်။
ထိုနေရာကို နတ်ဆိုးကျဆုံးခြင်းတောင်ကြားဟု ခေါ်သည်။ လူသားလောကမှ နတ်ဆိုးလောကသို့ သွားရောက်ဖို့ ဖြတ် သန်းရသည့် လမ်းတစ်ခုဖြစ်သည်။
‘နတ်ဆိုးကျဆုံးခြင်း’ဟူသည့် အမည်နှင့်တင် ကျက်သရေတုံးလွန်းနေပါပြီ။
ယခု သူ့ပိုင်နက်ကို ရောက်ရှိနေပြီဖြစ်သဖြင့် လင်းယွမ် အလျှင်မလိုတော့ပါ။ အပြင်ထွက်ကာ လမ်းလျှောက်ဖို့ အကြံပြုလိုက်သည်။
ယန်ရုန်ရုန်လည်း မြင်းလှည်းထဲမှာပဲ နေခဲ့ရသည်မှာ ကြာပြီဖြစ်ကာ လင်းယွမ်နှင့် နှစ်ယောက်တည်း အတူတူရှိမနေချင်သဖြင့် မဆိုင်းမတွ သဘောတူလိုက်ပါသည်။
သူတို့ မြင်းလှည်းပေါ်မှ ဆင်းလာခဲ့ကြသည်။ လင်းယွမ်လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ မြင်းလှည်းက ကျုံ့ဝင်သွားပြီး လက်ဖဝါးအရွယ်ရှိ ကျောက်စိမ်းနက် လည်ဆွဲတစ်ခုအသွင် ပြောင်းလဲသွားခဲ့သည်။
ထိုလည်ဆွဲကို သူ့ခါးတွင် ချိတ်ဆွဲထားရင်း ယန်ရုန်ရုန့်လက်ကိုတွဲကာ အပြုံးဖြင့် ပြောလိုက်ပါသည်။
“ဒီမှာ လူဆိုးတွေ အများကြီးရှိတယ်၊ ကိုယ့်နားမှာပဲနေနော်”
ယန်ရုန်ရုန်တွေးလိုက်သည်။
‘ဒီနေရာမှာ လူယုတ်မာဂိုဏ်းချုပ်ကြီးက ရှင်ပဲလေ!’
လင်းယွမ်က သူမနှင့် ကြည်ကြည်နူးနူး လမ်းအတူလျှောက်ဖို့သာ ရည်ရွယ်ထားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ပမွှားများ၏ နှောင့်ယှက်မှုကို မခံရစေဖို့ ပုံရိပ်ယောင်ပညာကို အသုံးပြုကာ ရုပ်ဖျက်ခဲ့ကြပါသည်။ အပြင်လူများအဖို့ သူတို့ နှစ်ယောက်က သာမန် နတ်ဆိုးစုံတွဲတစ်တွဲသာ ဖြစ်နေသည်။
ပုံမှန်ဆို နတ်ဆိုးနယ်မြေအတွင်းသို့ နတ်ဆိုးလမ်းစဉ်ကျင့်ကြံသူများသာ ဝင်ရောက်နိုင်ပါသည်။ သို့သော် ယခု နတ်ဆိုးကျဆုံးခြင်း တောင်ကြားလမ်းတွင် ရုပ်ဖျက်ထားသည့် လူသားကျင့်ကြံသူများစွာကို ယန်ရုန်ရုန်တွေ့ခဲ့ရသည်။ လူသားကျင့်ကြံသူတွေဖြစ်မှန်း သူမ သိနေရခြင်းက ဘေးမှ ‘တစ်စုံတစ်ယောက်’ ပြောပြခဲ့ခြင်းကြောင့်ပင်။
လင်းယွမ်က လူယုတ်မာအပြုံးဖြင့် ပြောခဲ့ပါသည်။
“တစ်ခါတလေကျရင် ရူးမိုက်တဲ့ လူသားကျင့်ကြံသူတွေက သတင်းအချက်အလက်စုဆောင်းဖို့၊ ဒါမှမဟုတ် ရတနာတွေရှာဖွေဖို့အတွက် နတ်ဆိုးနယ်မြေထဲ ခိုးဝင်လာလေ့ ရှိတယ်၊ သူတို့ကိုယ်သူတို့ ရုပ်ဖျက်တာ တော်လှပြီလို့ ထင်နေကြတာ၊ စွမ်းအားနည်းနည်းရှိတဲ့ နတ်ဆိုးကျင့်ကြံသူတိုင်း သူတို့ကို ဖောက်ထွင်းမြင်နိုင်တယ်၊ အဲ့လိုလူတွေကို ကိုယ်တို့ ဘယ်လိုစာရင်းရှင်းလဲ သိချင်လား”
ယန်ရုန်ရုန် ခံစားချက်မဲ့စွာ ပြောလိုက်သည်။
“ကျွန်မကလည်း လူသားကျင့်ကြံသူပဲလေ၊ ကျွန်မကို မြန်မြန် ‘စာရင်းရှင်း’လိုက်စမ်းပါ”
ထိုစကားလုံးများကြောင့် လင်းယွမ်မျက်လုံးများ အရောင်လက်သွားခဲ့သည်။
“ကိုယ် စာရင်းရှင်းတာကို ခံချင်တာလား၊ ကိုယ် ဘာပဲလုပ်ချင်လုပ်ချင် လုပ်လို့ရတယ်ပေါ့ ဟုတ်လား”
ယန်ရုန်ရုန် တစ်ခွန်းတည်း ပြောလိုက်ပါသည်။
“သွားသေလိုက်!”