← Chapters

အခန်း (၁၀၇)

Vol. 11 Ch. 107

အခန်း (၁၀၇)

Vol. 11 Ch. 107

🌹Chapter 107

လင်းယွမ်ကလည်း လျစ်လျူရှုမခံနိုင်ပေ။

“ကိုယ်လည်း စားချင်တယ်”

ယန်ရုန်ရုန် မကြားချင်ယောင် ဆောင်လိုက်သည်။

လင်းယွမ် ဆက်ပြောလိုက်ပါသည်။

“ကလေးလေး ကိုယ့်ကိုတစ်ခုလောက် ကျွေးပါလား”

ယန်ရုန်ရုန် မကြားချင်ယောင် ဆက်ဆောင်နေဆဲဖြစ်ကာ သူ့ကို ကိုယ်ပျောက်လူသားတစ်ယောက်လို ဆက်ဆံနေပါသည်။

ယန်ရုန်ရုန် မုန့်တစ်ခုကို လှမ်းယူပြီး စားဖို့ ကြံလိုက်စဉ် လင်းယွမ်က သူမလက်ကို ရုတ်တရက်ဆုပ်ကိုင်ကာ သူမ လက်ထဲရှိ မုန့်ကို ငုံ့စားပစ်လိုက်ပါသည်။ သူ့နှုတ်ခမ်းများကိုလည်း သူမလက်ဖျားလေးများနှင့် ရည်ရွယ်ချက်ရှိရှိ ထိတွေ့လိုက်သည်။

ယန်ရုန်ရုန် လက်ဖျားပေါ်တွင် နူးညံ့စိုစွတ်သည့် အထိအတွေ့တစ်ခုကို ခံစားလိုက်ရပါသည်။

ယန်ရုန်ရုန် ဓာတ်လိုက်သွားသကဲ့သို့ လက်ကို ချက်ချင်း ပြန်ဆွဲယူလိုက်သည်။ ထို့နောက် လက်ကိုင်ပဝါတစ်ထည်ကို ထုတ်ကာ လက်ချောင်းများကို အသည်းအသန်သုတ်ပစ်လိုက်ပါသည်။ ထို့နောက် လင်းယွမ်ကို ဒေါသတကြီး ကြည့်လိုက်လေသည်။

“ရှင်ဘာဖြစ်ချင်နေတာလဲ!”

လင်းယွမ် မုန့်ကို ဖြည်းဖြည်းချင်းဝါးရင်း မျိုချလိုက်ပြီး နှုတ်ခမ်းကို လျှာဖြင့်ပင် သပ်လိုက်သေးသည်။ သူ့ဇာမဏီ မျက်လုံးများ အနည်းငယ်မှေးစင်းသွားကာ တစ်စုံတစ်ခုကို ကျေနပ်သွားသည့်ပုံစံမျိုး ပေါက်နေပါသည်။

“အရသာရှိလိုက်တာ၊ ချိုနေတာပဲ”

မုန့်ကိုပြောနေခြင်းလား၊ ယန်ရုန်ရုန့်ကို ပြောနေခြင်းလား မသေချာပေ။

ယန်ရုန်ရုန်လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ထိုးချင်စရာ မျက်နှာနှင့်လူကို သေအောင် ဆွဲထိုးချင်စိတ်များ တဖွားဖွားပေါ်လာပါသည်။

လင်းယွမ်က သူမကို မျှော်လင့်တကြီး ကြည့်လိုက်လေသည်။

“ကိုယ့်ကို ထိုးချင်လို့လား၊ ထိုးလိုက်လေ၊ ကိုယ်အဝတ်အစားပါ ချွတ်ပြီး ထိုးခွင့်ပေးမယ်၊ လက်နက်တွေ ဘာတွေကော လိုသေးလား၊ သားရေကြာပွတ်လောက်ဆို အဆင်ပြေလား”

ယန်ရုန်ရုန် အသက်ဝဝ ရှူလိုက်ပါသည်။ သူမက သာမန်လူတစ်ယောက်ဖြစ်သည်။ ဒီလို စိတ္တဇမျိုးနှင့် ရန်ဖက်ဖြစ်လျှင် သိက္ခာကျသွားပါမည်။

လင်းယွမ်က အလိုလိုက်ခံထားရသည့် ကလေးဆိုးကြီးတစ်ယောက်နှင့် တူသည်ဟု ယန်ရုန်ရုန် ရံဖန်ရံခါ ခံစားရသည်။ သူ့ကို အာရုံပိုစိုက်လေလေ ပိုပြီး ဆိုးသွမ်းပြလေလေပင်။ သို့သော် လျစ်လျူရှုလိုက်ပြန်လျှင်လည်း နည်းလမ်းပေါင်းစုံ သုံးပြီး ပြဿနာရှာပြန်သည်။ အလွန်စိတ်ရှုပ်စရာ ကောင်းလှပါသည်။

ခေတ်သစ်တွင် ထိုကဲ့သို့ ကလေးမျိုးတွေကို မိဘတွေ ဘယ်လိုဆုံးမသလဲ ယန်ရုန်ရုန်သေချာ ပြန်စဉ်းစားလိုက်ပါသည်။ ပုံမှန်ဆိုလျှင်တော့ ကောင်းကောင်းရိုက်နှက်ပြီး ဆုံးမလေ့ရှိသည်။ တစ်ချက်နှင့် မလုံလောက်လျှင် နှစ်ချက်ရိုက်သည်။

ပြဿနာက လင်းယွမ်ကို သူမ မရိုက်နိုင်ပေ။ သူမက အလွန်အားနည်းနေပါသေးသည်။ သူမသာ လုံလုံလောက်လောက် သန်မာလျှင် လင်းယွမ်ကို ကြမ်းပြင်ပေါ် လှဲချပြီး ကောင်းကောင်းကြီး ဆွဲထိုးမိလောက်သည်။

သို့သော် လင်းယွမ်၏ စရိုက်အရ သူ့ကို ထိုးကြိတ်နေလျှင်တောင် ဒေါသထွက်မှာမဟုတ်ဘဲ ပျော်ရွှင်မှုဖြင့် အော်ညည်းနေလောက်သည်။

ထိုမြင်ကွင်းကို ယန်ရုန်ရုန် မြင်ယောင်ကြည့်လိုက်ပြီး ဖျားပင် ဖျားချင်သွားပါသည်။ မျက်စိစပါးမွေးစူးစရာ ပုံရိပ်ကို အာရုံထဲမှ အမြန်ခါထုတ်ပစ်လိုက်သည်။

မျက်မှောင်ကြုတ်ပြီး တိတ်ဆိတ်နေသည့် ယန်ရုန်ရုန်ကို ကြည့်ကာ လင်းယွမ်မေးလိုက်သည်။

“ဘာတွေစဉ်းစားနေတာလဲ၊ ကိုယ့်အကြောင်းစဉ်းစားနေတာလား”

ယန်ရုန်ရုန် အေးစက်စွာ ပြန်ပြောလိုက်ပါသည်။

“ဒါပေါ့၊ ရှင့်ကို ဘယ်လိုသတ်ရမလဲ စဉ်းစားနေတာ”

“နည်းလမ်းကောင်း ရှာတွေ့ပြီလား”

“တွေ့ရင်တောင် မပြောပြဘူး”

လင်းယွမ် မျက်လုံးများ အရောင်တောက်သွားခဲ့သည်။ “မင်းလက်ထဲမှာ သေရမယ်ဆိုရင် ကိုယ်သေပျော်ပါပြီ”

ယန်ရုန်ရုန် ဘာမှ ဆက်မပြောတော့ပေ။

-

အချိန်များ တရွေ့ရွေ့ကုန်ဆုံးကာ ညအချိန်ရောက်ရှိလာခဲ့ပါသည်။

ဝမ်ပေါင်မျှော်စင်တွင် မီးများထိန်ထိန်လင်းနေပြီး နတ်ဆိုးပေါင်းများစွာက ဝင်ထွက်သွားလာနေကြသည်။ လင်းယွမ်က ယန်ရုန်ရုန်နှင့် နှစ်ယောက်တည်းကမ္ဘာတည်ဆောက်ချင်သဖြင့် အာဏာအနည်းငယ်ပြလိုက်ရာ ဆိုင်မန်နေဂျာက သူတို့ နှစ်ယောက်အတွက် ဒုတိယထပ်တွင် သီးသန့် VIP အခန်းတစ်ခန်း ပြင်ဆင်ပေးခဲ့ပါသည်။

ထိုသီးသန့်အခန်းတွင် ဝါးခန်းဆီးဖြင့် ကာထားသည့် ပြူတင်းပေါက်တစ်ချပ်ရှိသည်။ ခန်းဆီးကို မ,ကြည့်လိုက်လျှင် အောက်ဘက်ရှိ လေလံစင်မြင့်အား မြင်နိုင်ပါလိမ့်မည်။ လောလောဆယ် လေလံပွဲမစတင်သေးသဖြင့် စင်မြင့်က ဗလာကျင်း ဖြစ်နေသည်။

ယန်ရုန်ရုန် အခါးရည်သောက်ရင်း အနားယူနေပါသည်။ ဒီအခါးရည်က စားသောက်ဆိုင်တွင် သောက်ခဲ့ရသည့် အခါးရည်ထက် အများကြီး ပိုသာသည်။ အနည်းဆုံးတော့ မွှေးရနံ့ကို ခံစားနိုင်ပါသည်။

စားပွဲပေါ်ရှိ စာအုပ်လေးတစ်အုပ်ကို လင်းယွမ် လှမ်းယူလိုက်သည်။ စာအုပ်ထဲတွင် ယနေ့ည လေလံတင်မည့် ပစ္စည်းအားလုံးကို စာရင်းပြုစုထားပါသည်။ ပစ္စည်းများက အမျိုးအစားစုံလင်လှသည်။

စာအုပ်ကို ယန်ရုန်ရုန့်ထံ ကမ်းပေးရင်း သူပြောလိုက်သည်။

“မင်းလိုချင်တာရှိလား ကြည့်ကြည့်လိုက်လေ၊ ရှိရင် ကိုယ်ဝယ်ပေးမယ်”

ယန်ရုန်ရုန် မယူခဲ့ပါ။ သူမ စိတ်မဝင်စားမှန်း သိသာသည်။ လေလံပစ္စည်းများ ဝယ်ယူဖို့ ဒီကိုရောက်လာခဲ့ခြင်း မဟုတ်ပေ။ သတင်းအချက်အလက်များ စုဆောင်းဖို့ ရောက်လာခဲ့ခြင်းသာ။

ညသန်းခေါင်အချိန်ရောက်သောအခါ လေလံပွဲစတင်ခဲ့ပါသည်။

ကိုယ်လုံးကိုယ်ပေါက် လှသည့် နတ်ဆိုးမတစ်ကောင်က စင်မြင့်ပေါ် တက်လာခဲ့သည်။ ရင်ဘတ်အနည်းငယ် ဖော်ထားသည့် ခပ်ပါးပါး အဝတ်အစားတစ်ခုကို ဝတ်ဆင်ထားပြီး သူမ၏ ဆွဲဆောင်မှုရှိသည့်အသံက ခန်းမတစ်ခုလုံးတွင် ပဲ့တင်သံထပ်သွားခဲ့ပါသည်။

“နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ကျွန်မတို့ရဲ့ လေလံပွဲတော်ကနေ ဧည့်သည်တော်အားလုံးကို ကြိုဆိုလိုက်ပါတယ်။ ဒီနေ့ည ကျွန်မတို့ လေလံတင်မယ့် ပစ္စည်း စုစုပေါင်း ၆၉ မျိုးရှိပါတယ်၊ ပစ္စည်းအားလုံးအတွက် အဖွင့်ဈေးကတော့ နတ်ဆိုးကျောက်တုံး ၁ တုံးပါပဲ၊ လေလံဆွဲနိုင်တဲ့ တန်ဖိုးအကန့်အသတ်မရှိပါဘူး၊ လေလံအောင်တဲ့အခါ ဧည့်သည်တော်တို့ထံကို ကျွန်မတို့ရဲ့ အထူးဝန်ထမ်းများက သက်ဆိုင်ရာ ပစ္စည်းများ လာရောက်ပို့ဆောင်ပေးပါလိမ့်မယ်၊ နောက်ဆုံးအနေနဲ့ သတိပေးစရာရှိတာကတော့ ပစ္စည်းများကို သတိထားပြီး လေလံဆွဲဖို့ပါပဲ၊ ဒီလေလံရုံမှာရှိတဲ့ ပစ္စည်းအားလုံးက ပြန်အပ်လို့ရမှာ မဟုတ်သလို လဲလှယ်လို့လည်း မရပါဘူး၊ အခု ကျွန်မတို့ရဲ့ ပထမဆုံး လေလံပစ္စည်းကို ကြိုဆိုလိုက်ရအောင်…”

ယန်ရုန်ရုန် ပြူတင်းပေါက် အောက်သို့ ငုံ့ကြည့်လိုက်ရာ စင်မြင့်ပေါ်တွင် တင်ထားသည့် သလင်းကျောက် ပုလင်းတစ်လုံးကို မြင်လိုက်ရပါသည်။ မီးအလင်းရောင်များအောက်တွင် ထိုပုလင်းက မျက်စိစူးလောက်အောင် တောက်ပနေခဲ့သည်။

သို့သော် တန်ဖိုးကြီးသည့်အရာက ထိုပုလင်းမဟုတ်ဘဲ ပုလင်းထဲတွင် ရှိနေသည့် နတ်ဆိုးသွေးပင်။

ထိုသွေးက စွမ်းအားမြင့် ဝိညာဉ်သားရဲတစ်ကောင်၏ သွေးဖြစ်ကာ မှော်ရတနာများနှင့် လက်နက်များ သွန်းလုပ်ဖို့အတွက် အလွန်အသုံးဝင်သည့် ကုန်ကြမ်းတစ်ခုဖြစ်သည်။ ထိုပစ္စည်းက လက်တွေ့အသုံးချနိုင်သည့် ပစ္စည်းတစ်ခုဖြစ်သဖြင့် နတ်ဆိုးပေါင်းများစွာက ချက်ချင်းဆိုသလို လေလံစတင်ဆွဲခဲ့ကြသည်။

နောက်ဆုံးတော့ ‌ခေါင်းပေါ်တွင် ချိုပေါက်နေသည့် နတ်ဆိုးတစ်ကောင်က ဝယ်ယူသွားခဲ့သည်။

ထို့နောက် စင်ပေါ်သို့ ပစ္စည်းမျိုးစုံကို ဆက်လက် သယ်ဆောင်လာခဲ့သည်။ ယန်ရုန်ရုန်က လေလံစင်ကို ကြည့်ရှုနေသော်လည်း စိတ်ထဲမှာတော့ ဒီနေရာမှ ထွက်သွားဖို့ နည်းလမ်းပေါင်းစုံကိုသာ စဉ်းစားနေပါသည်။ ဝမ်ပေါင်မျှော်စင်မှ ဝန်ထမ်းတစ်ယောက်ယောက်ကို ရှာဖွေပြီး သတင်းမေးမြန်းချင်နေသည်။

သို့သော် လင်းယွမ်က သူမဘေးမှာ ငုတ်တုတ်ထိုင်နေပါသည်။ သူမ နည်းနည်းလောက် လှုပ်ရှားလိုက်သည်နှင့် လင်းယွမ် သတိထားမိသွားလိမ့်မည်။ ထို့ကြောင့် ခိုးထွက်ဖို့ကတော့ မဖြစ်နိုင်ပေ။

သူမ အကြောင်းပြချက်ပေးဖို့ ကြိုးစားသည်။

“ကျွန်မ လေကောင်းလေသန့်သွားရှူဦးမယ်”

လင်းယွမ် ပြုံးလိုက်သည်။

“ကိုယ် လိုက်ခဲ့မယ်လေ”

“ရေအိမ်လည်းသွားဦးမှာ”

လင်းယွမ် အပြုံးမပျက်ပေ။

“ကိုယ် လိုက်ခဲ့မယ်”

“ရေအိမ်သွားမှာပါဆိုနေမှ! ရှင်က ယောက်ျားလေးလေ ဘယ်လိုလုပ်သင့်တော်မှာလဲ”

“ဘာမှ မသင့်တော်တာ မရှိဘူး၊ ကိုယ်ချောင်းကြည့်မှာမှ မဟုတ်တာ”

လင်းယွမ် ခေတ္တရပ်တန့်လိုက်ပြီး အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။

“ကိုယ့်ကို အထဲလိုက်ခဲ့စေချင်ရင်တော့ တစ်မျိုးပေါ့၊ ကိုယ်ပျော်ပျော်ကြီး လိုက်ခဲ့မှာနော်”

“တဏှာရူးကောင်!”

ယန်ရုန်ရုန် ရေအိမ်သွားမည်ဟူသော အကြောင်းပြချက်ကို ချက်ချင်းလက်လျှော့လိုက်ရပါသည်။

ခိုးကြောင်ခိုးဝှက် လုပ်လို့ မရလျှင် သူမ ပေါ်တင်လုပ်ပါမည်။

မကောင်းသည့်အရာလုပ်နေခြင်းလည်း မဟုတ်သဖြင့် သူမ လိပ်ပြာမလုံစရာမလိုဘဲ သွယ်ဝှက်ထားစရာလည်း မလိုပေ။

ထို့ကြောင့် အနီးနားတွင်ရှိနေသည့် ကြိုးတစ်ချောင်းကို ယန်ရုန်ရုန် ဆွဲလိုက်သည်။ ထိုကြိုးက ခေါင်းလောင်းကြိုးတစ်ကြိုး ဖြစ်ပြီး ခေါင်းလောင်းသံထွက်လာသောအခါ ဝန်ထမ်းတစ်ယောက် တံခါးဖွင့်ကာ ဝင်လာပြီး တရိုတသေ မေးမြန်းလိုက်ပါသည်။

“ဧည့်သည်တော်တို့ ဘာများလိုအပ်လို့လဲ”

ယန်ရုန်ရုန်: “ရှင်တို့ ဝမ်ပေါင်မျှော်စင်မှာ မရောင်းတာမရှိဘူးလို့ ကျွန်မ ကြားဖူးတယ်၊ သတင်းတွေဘာတွေကော ရောင်းလား”

ဝန်ထမ်းကို သေသေချာချာ လေ့ကျင့်ပေးထားမှန်း သိသာပါသည်။ သူချက်ချင်း ပြန်မေးလိုက်သည်။

“ဧည့်သည်က ဘယ်လိုသတင်းမျိုး လိုချင်လို့လဲ”

“ရွှမ်ယွဲ့ဓားသခင် ရှန်းဝမ်ချင်းနဲ့ ပတ်သတ်တဲ့ လောလောလတ်လတ် သတင်းတွေ သိချင်တယ်”

ဝန်ထမ်းက အတိအကျမေးလိုက်သည်။

“လောလောလတ်လတ်ဆိုတာ အချိန်ကာလ ဘယ်လောက်ထိကို ပြောချင်တာလဲ”

“လွန်ခဲ့တဲ့ သုံးရက်အတွင်းက”

“ခဏလောက်စောင့်ပေးပါ၊ ကျွန်တော် ချက်ချင်း ပြန်လာခဲ့ပါ့မယ်”

အခန်းထဲမှ ဝန်ထမ်း ပြန်ထွက်သွားခဲ့ပြီး တံခါးကို အသာအယာပိတ်ပေးသွားခဲ့သည်။ ယန်ရုန်ရုန် ဘေးသို့ လှည့်ကြည့်လိုက်ရာ သူမကို ပြုံးတစ်ဝက် မဲ့တစ်ဝက်နှင့် ကြည့်နေသော လင်းယွမ်ကို မြင်လိုက်ရပါသည်။ မကောင်းတာ တစ်ခုခုလုပ်ဖို့ ကြံနေသည့် ဇနီးဖြစ်သူအား စောင့်ကြည့်နေသည့် ခင်ပွန်းတစ်ဦး၏ အကြည့်မျိုးပင်။

ယန်ရုန်ရုန်ကတော့ ဂရုမစိုက်ဘဲ အခါးရည်တစ်ငုံသာ တည်တည်ငြိမ်ငြိမ် သောက်လိုက်သည်။

လင်းယွမ် စားပွဲပေါ်တွင် လက်တစ်ဖက်ထောက်လျက် သူမနား ကပ်လာခဲ့ပြီး မျက်ဝန်းများကို စိုက်ကြည့်ရင်း ပြောလိုက်ပါသည်။

“ဝမ်ပေါင်မျှော်စင်ကို လာခဲ့တာ ရှန်းဝမ်ချင်းအကြောင်း သိချင်လို့ပေါ့”

ယန်ရုန်ရုန် ပြန်ချေပလိုက်သည်။

“အဲ့တော့ ဘာဖြစ်လဲ”

သူမ လက်ကောက်ဝတ်ကို လင်းယွမ် ဆုပ်ကိုင်လိုက်သည်။

“သူ့အကြောင်း စဉ်းစားနေတုန်းပဲပေါ့”

ယန်ရုန်ရုန်၏ တုန့်ပြန်မှုက မပြောင်းလဲပေ။

“အဲ့တော့ ဘာဖြစ်လဲ”

လင်းယွမ် ဒေါသထွက်သွားတော့မည်ဟု ယန်ရုန်ရုန် ထင်ထားခဲ့သည်။ သို့သော် လင်းယွမ်က ခေါင်းငုံ့လိုက်ပြီး သူမ လက်ချောင်းလေးကို ခပ်ဖွဖွ ကိုက်ပစ်လိုက်ပါသည်။

ထို့နောက် ချွဲနွဲ့စွာပြောလိုက်သည်။

“ကိုယ်သဝန်တိုသွားပြီ ကလေးလေး ၊ ပြန်ချော့ပေးမှရမယ်နော်”

‘အလိုလိုက်ခံချင်တဲ့ ပုံစံမျိုး တကယ်ကြီး လာလုပ်ပြနေတာပဲ!’

All Chapters