← Chapters

အခန်း (၁၀၈)

Vol. 11 Ch. 108

အခန်း (၁၀၈)

Vol. 11 Ch. 108

🌹Chapter 108

ယန်ရုန်ရုန် တစ်ကိုယ်လုံး ကြက်သီးမွေးညှင်းများထသွားခဲ့သည်။

သူမလက်ကို ပြန်ဆွဲယူဖို့ ကြိုးစားသော်လည်း ထုံးစံအတိုင်း မအောင်မြင်ပါ။

ထိုကြောင့် ဒေါသတကြီး ကျိန်ဆဲလိုက်လေသည်။

“သူများလက်ကို ဘာလို့ လာကိုက်နေတာလဲ၊ အဲ့လောက် ငတ်နေရင် ချီးသွားစားလိုက်!”

လင်းယွမ်က သူမလက်ကို ကိုင်ပြီး သူ့ပါးနှင့် ပွတ်သပ်နေပါသည်။

“ဒါပေမယ့် ကိုယ် ‘စား’ချင်တာ ကလေးလေးကိုလေ၊ တစ်ခါတလေကျရင် တစ်ကိုယ်လုံးကို တစ်ချက်တည်းနဲ့ မျိုချပစ်လိုက်ချင်တယ်၊ အဲ့တာမှ ကလေးလေးကို ကိုယ်တစ်ယောက်တည်း ပိုင်ဆိုင်ခွင့်ရမှာ”

သူ့မျက်နှာပေါ်တွင် ကျီစယ်သည့်အပြုံးတစ်ခု ရှိနေပါသည်။ သို့သော် သူ့လေသံက အတည်ပေါက် ပြောနေဟန်ပေါက် သည်။

သူမကို အမှန်တကယ် စားဖို့ ရည်ရွယ်ထားသည့်အလား…

ယန်ရုန်ရုန် ကျောချမ်းသွားကာ ထပ်ငေါက်လိုက်သည်။

“အရူးထမနေနဲ့!”

သူမလက်ဖမိုးကို လင်းယွမ်ထပ်နမ်းလိုက်ပါသည်။

“နောက်ပိုင်းကျတော့ ကိုယ်သေချာစဉ်းစားပြီး မစားတော့ဖို့ ဆုံးဖြတ်လိုက်တယ်၊ မင်းကိုသာ စားလိုက်ရင် ဒီလို နမ်းရှိုက်ခွင့်ရမှာ မဟုတ်တော့ဘူးလေ၊ အတူတူဖက်ပြီးတော့လည်း အိပ်လို့ရမှာ မဟုတ်တော့ဘူး၊ အဲ့တာကြောင့် မတန်ပါဘူး”

လင်းယွမ် နမ်းလိုက်သည့် သူမလက်ဖမိုးတွင် ဆူးများပေါက်လာသည်ဟုပင် ယန်ရုန်ရုန် ခံစားနေရပါသည်။ အလွန်နေရခက်လှသည်။

သူမလက်ကို အတင်းပြန်ဆွဲလိုက်သည်။

“ကျွန်မကို လွှတ်!”

လင်းယွမ် ခပ်ပါးပါး ပြုံးလိုက်ပါသည်။

“မလွှတ်ဘူး၊ ဒီတစ်သက်လုံး မင်းကို လွှတ်မပေးတော့ဘူး၊ မင်းရင်ထဲမှာ တခြားသူတွေရှိနေရင်တောင် အခုချိန်ကစပြီး ကိုယ့်နားမှာပဲနေရတော့မှာ၊ မင်းခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းအားလုံးကို ကိုယ်ပိုင်တယ်၊ ကိုယ့်ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးကိုလည်း မင်းပိုင်တယ်”

“ရှင့်ဖာသာတစ်ယောက်တည်း စိတ်ကူးယဉ်ဆန်နေတာ!”

“စိတ်ကူးယဉ်ဆန်တာပေါ့ ဟုတ်လား”

လင်းယွမ်ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။

“အခန်းလွတ်တစ်ခန်းထဲမှာ တစ်ယောက်တည်း အထီးကျန်နေမှာထက်စာရင်တော့ ပိုသာပါသေးတယ်”

-

အောက်ထပ်တွင် ကျင်းပနေသည့် လေလံပွဲမှာလည်း အထူးကဏ္ဍတစ်ခုကို ရောက်ရှိလာခဲ့ပါပြီ။

ထို ‘အထူးကဏ္ဍ’တွင် ပုံမှန်မဟုတ်သည့် ‘ပစ္စည်း’များကို လေလံတင်ရောင်းချသည်။ ဥပမာအားဖြင့် သက်ရှိလူသားများကဲ့သို့ ‘အထူးပစ္စည်း’များကို နတ်ဆိုးများက သဘောကျတတ်ကြပါသည်။

ယခု သတိလစ်နေသည့် ယောက်ျားလေး ကျင့်ကြံသူတစ်ယောက်ကို စင်ပေါ်သို့ သယ်ဆောင်လာခဲ့ကြသည်။

ထိုကျင့်ကြံသူက အလွန်ချောမောပါသည်။ မျက်လုံးများ မှိတ်ထားသော်လည်း နတ်ဆိုးမ များစွာ၏ နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့သည်။

အစီအစဉ်တင်ဆက်သူ နတ်ဆိုးမက ထိုကျင့်ကြံသူ၏ အသေးစိတ်အချက်အလက်များကို ပြောပြပြီး ဧည့်သည်များကို လေလံစတင်ဆွဲနိုင်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါသည်။

လင်းယွမ်က ယန်ရုန်ရုန့်နားထဲ တီးတိုးပြောလိုက်သည်။

“နတ်ဆိုးနယ်မြေထဲ ခိုးဝင်လာတဲ့ လူသားကျင့်ကြံသူတွေ ဘာဖြစ်သွားလဲ မြင်ပြီလား”

လူသားများက နတ်ဆိုးများကို မုန်းတီးသကဲ့သို့ နတ်ဆိုးများကလည်း လူသားများကို ဂရုမစိုက်ပါ။

နယ်ဆိုးနယ်မြေထဲ ခိုးဝင်လာသည့် လူသားတိုင်းက အသတ်ခံရခြင်း သို့မဟုတ် ရောင်းစားခံရခြင်းဖြင့်သာ ဇာတ်သိမ်းသွားလေ့ရှိပါသည်။

ထိုလူသားများကို ဝယ်ယူပြီးနောက် နတ်ဆိုးတွေ ဘာဆက်လုပ်ကြသလဲ ဟူသည်ကတော့ ပြောရခက်ပါသည်။ အချို့က လူသားများနှင့် ချစ်ရည်လူးဖို့ ကြံကြသည်။ အချို့က လူသားများကို အဂ္ဂိရတ်ပညာအတွက် ကုန်ကြမ်းပစ္စည်းများအဖြစ် အသုံးပြုကြသည်။ အချို့နတ်ဆိုးများကတော့ လူအသားကို အရသာခံကြည့်ချင်ကြပါသည်။

လင်းယွမ်၏ စကားကို ယန်ရုန်ရုန် မသိချင်ယောင် ဆောင်လိုက်သည်။

လင်းယွမ်က သရော်ပြုံးပြုံးကာ ဆက်ပြောလိုက်သည်။

“အဲ့တာကြောင့် ကိုယ့်နားမှာပဲ နေရမယ်နော်၊ မဟုတ်ရင် အဲ့ဒီစင်ပေါ်ရောက်နေတဲ့လူက မင်းဖြစ်သွားနိုင်တယ်”

ယန်ရုန်ရုန်သူ့ကို စိုက်ကြည့်လိုက်သည်။

“ကျွန်မကို လာခြိမ်းခြောက်နေတာလား”

လင်းယွမ် အပြုံးမပျက်ဘဲ ပြောလိုက်ပါသည်။

“ကိုယ့်ကလေးလေးကို ခြိမ်းခြောက်ရက်ပါ့မလား၊ ဒီတိုင်း သတိပေးတာပါ”

-

စင်ပေါ်ရှိ ကျင့်ကြံသူကို သူဌေးနတ်ဆိုးမတစ်ကောင်က ဝယ်ယူသွားခဲ့ပါသည်။

ထို့နောက် အလွန်လှပသည့် မိစ္ဆာသားရဲမလေးတစ်ကောင်ကို သယ်ဆောင်လာကြသည်။

သူမကို လှောင်အိမ်တစ်လုံးထဲ ထည့်ပိတ်ထားကြသည်။ သူမ၏ လှလှပပ မျက်နှာပေါ်မှာ အကြောက်တရားမရှိဘဲ တစ်စုံတစ်ခုကို ရှာဖွေနေသကဲ့သို့ လူအုပ်ကြီးအား အကဲခတ်နေပါသည်။

သူမ၏ အလှတရားကြောင့် နတ်ဆိုးအထီးပေါင်းများစွာက မနေနိုင်မထိုင်နိုင် ဖြစ်ကုန်ကြလေပြီ။

အစီအစဉ်တင်ဆက်သူ နတ်ဆိုးမက လေလံဆွဲနိုင်ပြီဖြစ်ကြောင်း ကြေညာလိုက်သည်နှင့်တစ်ပြိုင်တည်း နတ်ဆိုးအထီးများက အလုအယက် လေလံဆွဲကြလေတော့သည်။

ဝိညာဉ်ကျောက်တုံးပမာဏက ကြောက်စရာကောင်းလောက်အောင် မြင့်တက်သွားခဲ့ပါသည်။

ထိုမိစ္ဆာသားရဲမလေးကို လင်းယွမ်သေချာကြည့်ရင်း ဖြည်းညှင်းစွာ ပြောလိုက်သည်။

“အဲ့ဒီသားရဲမက သာမန်မဟုတ်ဘူး”

ထိုသားရဲမလေး၏ ကျင့်ကြံခြင်းအဆင့်ကို ယန်ရုန်ရုန် မမြင်နိုင်ပါ။ သို့သော် သူမ၏ အသွင်သဏ္ဍာန်ကို အကဲခတ်ကြည့်သောအခါ ဖြူစင်ပြီး ဆွဲဆောင်မှုရှိသည့်ပုံစံမျိုး ပေါက်ကာ အနည်းငယ်လည်း ရန်လိုနေပါသည်။

ဘယ်လို အထီးသတ္တဝါမျိုးကိုမဆို ကရုဏာသက်သွားစေမည့် ကြာဖြူပန်းလေးတစ်ပွင့်လိုပင်။

သို့သော် လင်းယွမ်၏ စကားကို နားထောင်ကြည့်ခြင်းအားဖြင့် သူမ၏ ကျင့်ကြံခြင်းအဆင့်က မနိမ့်နိုင်မှန်း ယန်ရုန်ရုန် ရိပ်စားမိပါသည်။

‘ဒီသားရဲမက အဲ့လောက်စွမ်းအားကြီးနေရင် ဘာလို့ အလွယ်တကူ အဖမ်းခံလိုက်ရပြီး လေလံစင်ပေါ် ရောက်လာတာလဲ’

သူတို့မသိသည့် ဇာတ်ကြောင်းတစ်ခု ရှိနေလောက်ပါသည်။

လင်းယွမ်လည်း ထိုသို့တွေးမိမှန်း သေချာသည်။ သူ မဲ့ပြုံးပြုံးကာ ပြောလိုက်လေသည်။

“ဒီသားရဲမ လေလံပွဲကို ဘယ်လိုရောက်လာတာလဲလို့ စဉ်းစားနေတာလား”

ယန်ရုန်ရုန် ပြန်ဖြေလိုက်ပါသည်။

“နတ်ဆိုးနယ်မြေထဲ ခိုးဝင်လာနိုင်ဖို့ ဒီနည်းလမ်း သုံးခဲ့တာနေမှာပေါ့”

လူသားများကဲ့သို့ပင် မိစ္ဆာသားရဲမျိုးနွယ်စုများကလည်း နတ်ဆိုးနယ်မြေထဲ စိတ်ရှိတိုင်း ဝင်လို့မရကြပါ။

မိစ္ဆာသားရဲများတွင် ၎င်းတို့၏ ကိုယ်ပိုင် ပိုင်နက်ရှိပြီး နတ်ဆိုးများမှာလည်း ကိုယ်ပိုင် ပိုင်နက်ရှိပါသည်။ ထိုမျိုးနွယ်စုနှစ်စုက အချင်းချင်း ပတ်သတ်မှုသိပ်မရှိကြသော်လည်း အမြဲလိုလို သတိကပ်ထားခဲ့ကြသည်။

နတ်ဆိုးနယ်မြေထဲသို့ မိစ္ဆာသားရဲတစ်ကောင် ဝင်ရောက်လာချင်ပါက အထူးနည်းလမ်းများကို အသုံးပြုရပါလိမ့်မည်။

လင်းယွမ် စိတ်ဝင်စားသွားခဲ့သည်။

“မင်းက ဘယ်လိုသိတာလဲ”

“ကျွန်မလည်း အဲ့လို လုပ်ခဲ့ဖူးလို့လေ”

ယန်ရုန်ရုန် ပြန်ဖြေလိုက်ပါသည်။

လင်းယွမ်မျက်နှာပေါ်မှ အပြုံး ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။

သူမလည်း ယခင်တုန်းက လေလံစင်ပေါ်ကို လေလံပစ္စည်းတစ်ခုအဖြစ် ရောက်ဖူးခဲ့ပြီး ရောင်းစားခံရဖူးသည်ဟု ဆိုလိုခြင်းဖြစ်နိုင်သည်။ ထိုအချိန်တုန်းက ဒီနတ်ဆိုးအထီးတွေလိုပဲ ယောက်ျားပေါင်းများစွာက သူမကို တဏှာ မျက်လုံးများဖြင့် ကြည့်နေခဲ့ကြမှာ သေချာပါသည်။

ထိုအတွေးတစ်ခုတည်းနှင့်ပင် လင်းယွမ် ဒေါသများတလိမ့်လိမ့် ထွက်လာခဲ့သည်။

သူတိုးညှင်းစွာ မေးလိုက်ပါသည်။

“ဘယ်တုန်းက လုပ်ဖူးတာလဲ၊ မင်းကို ဘယ်သူဝယ်ခဲ့တာလဲ”

“နှစ်တွေတော့ တော်တော်ကြာပါပြီ၊ အချိန်အတိအကျကို မမှတ်မိတော့ဘူး”

လင်းယွမ် စိတ်အခြေအနေ ပြောင်းလဲသွားသည်ကို ယန်ရုန်ရုန် သတိထားမိကာ လှောင်ပြုံးပြုံးလျက် မေးလိုက်သည်။

“ဘာလဲ ကျွန်မကို ဝယ်ခဲ့တဲ့လူကို သွားသတ်ချင်လို့လား၊ အဲ့တာဆိုရင်တော့ ရှင်တော်တော် ကြိုးစားရမှာနော်၊ ကျွန်မကို ဝယ်ခဲ့တဲ့လူက ရှုယင်ပဲ၊ သူက သတ်ဖို့လွယ်ကူတဲ့လူမဟုတ်ဘူး”

လွန်ခဲ့သည့် နှစ်ပေါင်းများစွာတုန်းက ရှုယင်ကို ရှာဖွေဖို့အတွက် ဝိညာဉ်နယ်မြေအတွင်းသို့ ဝင်ရောက်နိုင်ဖို့ ယန်ရုန်ရုန် ကြိုးစားခဲ့ရသည်။ မှောင်ခိုဈေးတစ်ခုကို ရှာဖွေပြီး သူမကိုယ်သူမ ရောင်းစားခဲ့လေသည်။

ဝိညာဉ်နယ်မြေအတွင်းရှိ ဝိညာဉ်လမ်းစဉ်ကျင့်ကြံသူများစွာက လူသားများကို အသုံးပြုပြီး ဝိညာဉ်ရုပ်သေးရုပ်များ ဖန်တီးရခြင်းကို အလွန်သဘောကျကြသည်။ ထို့ကြောင့် ထိုနယ်မြေတွင် လူသားများက အလွန်တန်ဖိုးကြီးမားပါသည်။

ယန်ရုန်ရုန် ကံကောင်းခဲ့သည်။ သူမ ရောင်းချခံရသည့်အချိန်တွင် ရှုယင်နှင့် တည့်တည့်တိုးခဲ့ပါသည်။

သူမ၏ သွေးက အလွန်ထူးခြားမှန်း ရှုယင် ရိပ်စားမိခဲ့သည်။ သူမသွေးက ရုပ်သေးရုပ်ဘုရင်တစ်ခု ဖန်တီးဖို့ အထူးကောင်းမွန်သည့် သွေးဖြစ်သဖြင့် ယန်ရုန်ရုန့်ကို ချက်ချင်း ဝယ်ယူခဲ့ပါသည်။

ထို့နောက် သူမကို ‘လူသားသွေးအိတ်’တစ်အိတ်သဖွယ် အသုံးပြုခဲ့ပြီး နေစဉ်ရက်ဆက် သွေးတွေ ထုတ်ယူခဲ့ပါသည်။

ရှုယင်က ပေါ့သေးသေးမဟုတ်မှန်း လင်းယွမ်လည်း နားလည်သည်။

အမှန်တကယ်တော့ ရှုယင်၊ ရှန်းဝမ်ချင်းနှင့် ဟမ်ယဲ့တို့ သုံးယောက်စလုံးက လွယ်ကူသည့် ပစ်မှတ်များ မဟုတ်ကြချေ။

သူတို့ ၄ ဦး တစ်ယောက်ကိုတစ်ယောက် သေလောက်အောင် မုန်းတီးနေကြသော်လည်း အချင်းချင်း မသတ်ဖြတ်နိုင်ကြပေ။

ရှုယင်ကို သတ်ဖြတ်ဖို့ လင်းယွမ် စွမ်းအားအကုန် ထုတ်သုံးလိုက်လျှင် အောင်မြင်နိုင်ချေရှိပါသည်။ သို့သော် ကြီးမားသည့်တန်ဖိုးတစ်ခုကိုတော့ လင်းယွမ် ပေးဆပ်ရလိမ့်မည်။ ထိုအခါ သူအားနည်းနေသည်ကို အခွင့်ကောင်းယူပြီး ရှန်းဝမ်ချင်းနှင့် ဟမ်ယဲ့တို့က ယန်ရုန်ရုန့်ကို လုယူသွားကြပါလိမ့်မည်။

အခြားနှစ်ယောက်ကို လင်းယွမ် အရေးမသာစေချင်ပါ။ ထို့ကြောင့် ရှုယင်အား သတ်ချင်ဖြတ်ချင်စိတ်ကို ရင်ထဲမှာသာ ဖိနှိပ်ထားခဲ့ရကာ ယန်ရုန်ရုန့်ကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပါသည်။

“ကိုယ့်ကလေးလေးအတွက် စိတ်မကောင်းလိုက်တာ… ပစ္စည်းတစ်ခုလို ရောင်းစားခံခဲ့ရတာပဲ၊ အဲ့လောက်တောင် အရှက်တကွဲ အကျိုးနည်းဖြစ်ခဲ့ရတာလား”

ရုန်းကန်နေလို့ မထူးမှန်း သိသဖြင့် ယန်ရုန်ရုန် ဒီအတိုင်း အဖက်ခံလိုက်ပါသည်။

သို့သော် သူမ ခံစားချက်မဲ့စွာ ပြောလိုက်သည်။

“ရှင်ကျွန်မကို အခုလို ဆက်ဆံနေတာတွေကလည်း အရှက်တကွှဲ အကျိုးနည်း ဖြစ်စေတာပဲ”

လင်းယွမ် ဇဝေဇဝါဖြစ်သွားခဲ့သည်။

“ကိုယ်မှ မင်းကို အနိုင်မကျင့်တာ၊ ဘာလို့ အရှက်ကွဲရမှာလဲ”

“ကျွန်မ ဆန္ဒမပါတာတွေကို ရှင်လုပ်တယ်၊ ကျွန်မ မခုခံနိုင်တာကို အခွင့်ကောင်းယူပြီး အသားယူတယ်၊ အဲ့တာတွေက ကျွန်မအတွက်တော့ အရှက်ရစရာတွေပဲ”

လင်းယွမ် လေးလေးနက်နက်စဉ်းစားလိုက်သည်။

“မင်းပြောတာမှန်ပါတယ်… ကိုယ့်လုပ်ရပ်တွေက တကယ်မကောင်းဘူး”

All Chapters