← Chapters

အခန်း (၁၀၉)

Vol. 11 Ch. 109

အခန်း (၁၀၉)

Vol. 11 Ch. 109

🌹Chapter 109

နောက်ဆုံးတော့ လင်းယွမ် အသိတရားဝင်ပြီး သူမကိုလွှတ်ပေးတော့မည်ဟု ယန်ရုန်ရုန် ထင်လိုက်သည်။

အမှန်တကယ်လည်း သူမကို လွှတ်ပေးခဲ့ပါသည်။

သို့သော် စက္ကန့်ပိုင်းပင် မကြာလိုက်ဘဲ ယန်ရုန်ရုန့်ပေါင်ပေါ် လင်းယွမ် တက်ထိုင်ပြီး သူမ လည်ပင်းကို သိုင်းဖက်ကာ ပုခုံးပေါ် မှီချလိုက်ပါသည်။

သူ့ခန္ဓာကိုယ်က ယန်ရုန်ရုန့်ထက် အများကြီး ပိုကြီးမားသဖြင့် အနေအထားက အလွန်ကြည့်ရဆိုးလှသည်။ သို့သော် လင်းယွမ် အလွန်ပျော်ရွှင်နေပုံရပါသည်။

“ဒီလိုဆို မင်းက ကိုယ့်ကို အသားယူတာ ဖြစ်သွားပြီနော်၊ ကိုယ်က အရှက်ကွဲရမယ့်လူဖြစ်သွားပြီ၊ ဒါပေမယ့် အရှက်ကွဲရတဲ့ ခံစားချက်ကို အရမ်းကြိုက်တာပဲ! ကျေးဇူးပြုပြီး ကိုယ့်ကို စိတ်ကြိုက် အသားယူလိုက်စမ်းပါ!”

ယန်ရုန်ရုန်: “…”

‘ဟား… ဒီကောင် လူသားဆန်တော့မယ်လို့ ငါတကယ် ထင်လိုက်မိတာပဲ’

လင်းယွမ်က သဘောထားကြီးစွာ မေးလိုက်သည်။

“ကလေးလေး၊ ကိုယ့်ခန္ဓာကိုယ်က အရမ်းလေးနေလားဟင်”

ယန်ရုန်ရုန် မျက်နှာသေဖြင့် ပြန်မေးလိုက်သည်။

“ရှင်ဘယ်လိုထင်လို့လဲ”

လင်းယွမ် ထပ်ပြုံးလိုက်ပါသည်။

“မလေးလောက်ပါဘူး၊ ကိုယ်မန္တန်တစ်ခု သုံးထားတယ်လေ၊ အဲ့တာကြောင့် ခန္ဓာကိုယ်က အရမ်းပေါ့နေမှာ၊ ကိုယ့်ကြောင့် ကလေးလေး ပြားမသွားလောက်ပါဘူး၊ ကိုယ် မသိတတ်လွန်းဘူးလား”

မန္တန်ကို အသုံးပြုပြီး သူ့ကိုယ်အလေးချိန်ကို လျှော့ချထားသော်လည်း ယန်ရုန်ရုန် သူ့ကို တွန်းမထုတ်နိုင်သေးပေ။

ယန်ရုန်ရုန် အံကြိတ်လိုက်သည်။

“သွားစမ်းပါ!”

“ဘာလို့ သွားစေချင်နေတာလဲ၊ ကိုယ့်ခန္ဓာကိုယ်က အရမ်းကြီးနေလို့ ဒီလိုဖက်ထားဖို့ ခက်နေလို့လား၊ ရပါတယ်၊ သေးသွားအောင် လုပ်လို့ရတယ်”

စကားဆုံးသည်နှင့် လင်းယွမ် အသက် ၁၃ နှစ် ၁၄ နှစ်အရွယ် ကောင်လေးတစ်ဦးအသွင် ပြောင်းလိုက်သည်။

နဂိုက ယန်ရုန်ရုန့်ထက် ပိုမိုကြီးမားနေသော သူ့ခန္ဓာကိုယ်လည်း ရုတ်တရက် သေးငယ်သွားခဲ့ကာ သူမ ရင်ခွင်ထဲ သနားကမား မှီခိုနေခဲ့ပါသည်။

သူ့အပြုံးက ဖြူလည်းဖြူစင်၊ ဆွဲဆောင်မှုလည်း ရှိနေသည်။

“ဒီလောက်ဆို ကလေးလေး သဘောကျလောက်ပြီမလား”

ယန်ရုန်ရုန် လှောင်ပြောင်လိုက်သည်။

“ကျွန်မ အမေတစ်ယောက် ဖြစ်သွားသလိုတောင် ခံစားရတယ်”

လင်းယွမ်က အတည်ပေါက်မျက်နှာဖြင့် အမှန်ပြင်ပေးလိုက်သည်။

“မဟုတ်တာ၊ အမေမဟုတ်ဘူး၊ ‘မမ’ဖြစ်ရမှာ”

ထို့နောက် သူချိုချိုမြိန်မြိန် ပြန်ပြုံးကာ ခေါ်လိုက်သည်။

“မမ! ကျွန်တော့် မမ!”

ယန်ရုန်ရုန် ခေါင်းတွေ အလွန်ကိုက်လာပါပြီ။

‘ဒီကောင်က roleplay လုပ်ရတာ တော်တော်ကြိုက်တာပဲ!’

သူ့ပါးစပ်ကို ယန်ရုန်ရုန်လက်ဖြင့် လှမ်းအုပ်လိုက်သည်။

“တော်တော့ မခေါ်နဲ့တော့!”

လင်းယွမ်က သူမ လက်ဖဝါးကို လျှာဖြင့် လျက်လိုက်ပါသည်။

ယန်ရုန်ရုန် ခေါင်းကျိန်းသွားပြီး လက်ကို ချက်ချင်း ပြန်ဆွဲယူကာ လက်ဖဝါးပေါ်က စိုစိုစွတ်စွတ် ခံစားချက်ကြီးကို အဝတ် အစားများဖြင့် အသည်းအသန် သုတ်ပစ်လိုက်သည်။

လင်းယွမ်ကတော့ တခစ်ခစ်ရယ်မောရင်း အတော်ပျော်ရွှင်နေပုံရပါသည်။ သူ့ပုံစံက အရသာရှိသည့်အသားကို စားလိုက်ရသည့် မြေခွေးပေါက်လေး တစ်ကောင်လိုပင်။

-

အောက်ထပ်တွင် လေလံပွဲလည်း အဆုံးသတ်ခါနီးပါပြီ။

နောက်ဆုံး လေလံပစ္စည်းကို ရောင်းချပြီးနောက် ဒီနေ့ည လေလံပွဲ ပြီးဆုံးပြီဟု အားလုံးထင်ထားခဲ့ကြသည်။ သို့သော် နတ်ဆိုးမက တောက်တောက်ပပ အပြုံးဖြင့် ကြေညာလိုက်ပါသည်။

“တကယ်တော့ ဒီနေ့ည ကျွန်မတို့ရဲ့ ဝမ်ပေါင်မျှော်စင်မှာ လေလံပစ္စည်းစုစုပေါင်း အခု ၇၀ ကို ရောင်းချသွားမှာပါ၊ ဒီပစ္စည်းက လောလောလတ်လတ်ကမှ ရောက်လာတဲ့ပစ္စည်းမို့လို့ စာရင်းထဲ ထည့်သွင်းထားခြင်းမရှိတာပါ၊ အခု ဒီနေ့ညရဲ့ နောက်ဆုံး လေလံပစ္စည်းကို စင်မြင့်ပေါ် ကြိုဆိုလိုက်ကြရအောင်!”

ပြန်ဖို့ကြံနေသည့် ယန်ရုန်ရုန်လည်း ထိုအသံကိုကြားပြီး အောက်ကို ငုံ့ကြည့်လိုက်ပါသည်။

စင်ပေါ် သယ်ဆောင်လာသည့် လှောင်အိမ်တစ်လုံးကို သူမ မြင်လိုက်ရသည်။

လှောင်အိမ်ကို ပိတ်စအနက်ကြီးဖြင့် ဖုံးအုပ်ထားပြီး အပေါ်မှာလည်း အကာအရံတစ်ခု ခင်းကျင်းထားပုံရကာ နတ်အာရုံများဖြင့် အထဲကို ဖောက်ထွင်းမမြင်နိုင်ပေ။

နောက်ဆုံးပစ္စည်းက ဘာများလဲ ယန်ရုန်ရုန် သိချင်သွားခဲ့ပါသည်။

လေလံရုံထဲရှိ နတ်ဆိုးအားလုံးလည်း အလွန်စိတ်ဝင်စားသွားခဲ့ကြသည်။

နတ်ဆိုးအရှင်အသခင် လင်းယွမ်တစ်ဦးတည်းသာ အဓိပ္ပာယ်ပါပါ ပြုံးနေခဲ့သည်။

အနက်ရောင်ပိတ်စပေါ်ရှိ အခင်းအကျင်းက နတ်အာရုံများ အသုံးမပြုနိုင်အောင် တားဆီးထားသော်လည်း လင်းယွမ်အတွက်တော့ သက်ရောက်မှုမရှိခဲ့ပေ။ သူ့နတ်ဆိုးစွမ်းအင်များဖြင့် အကာအရံကို ထိုးဖောက်ကာ အထဲက အရာကို မြင်နိုင်ခဲ့ပါသည်။

ယန်ရုန်ရုန့်နားကပ်ကာ သူတီးတိုးပြောလိုက်သည်။

“အဲ့ဒီလှောင်အိမ်ထဲကအရာကို မင်းလိုချင်မှာ သေချာတယ်”

ယန်ရုန်ရုန် သူ့မျက်နှာကို တွန်းထုတ်ပစ်လိုက်ပါသည်။

“စကားပြောချင် ဒီတိုင်းပြောလို့ရတယ်၊ ဘာလို့ အနားကို ကပ်ကပ်လာတာလဲ”

လင်းယွမ်က ယုံချင်စရာမကောင်းသော်လည်း သူ့စကားလုံးများကြောင့် ယန်ရုန်ရုန် စိတ်ဝင်စားမိသွားသည်ကတော့ အမှန်ပင်။

ဧည့်သည်များကို စိတ်လှုပ်ရှားအောင် ပြုလုပ်ပြီးနောက် နတ်ဆိုးမက အနက်ရောင်ပိတ်စကြီးကို ဖယ်ရှားပစ်လိုက်ပါသည်။

လှောင်အိမ်ထဲတွင် အသက် ၈ နှစ်အရွယ် ကောင်လေးတစ်ယောက်ရှိနေသည်။

ကောင်လေးက သတိလစ်နေပြီး လှောင်အိမ်ထဲ မလှုပ်မယှက် ငြိမ်သက်နေခဲ့ပါသည်။ သူ့ကို သံကြိုးများဖြင့် ရစ်ပတ်တုပ်နှောင်ထားကာ သံကြိုးပေါ်တွင် အဆောင်စက္ကူများစွာကိုလည်း ကပ်ထားသည်။

သို့သော် အရေးကြီးသည့်အချက်က ဒါတွေမဟုတ်ပါ။

အရေးအကြီးဆုံးအချက်က လှောင်အိမ်ထဲက ကလေးမှာ လျို့လန် ဖြစ်နေခြင်းပင်။

ယန်ရုန်ရုန် တုန်လှုပ်ချောက်ချားမှုဖြင့် မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

‘သူ ဒီကို ဘယ်လိုရောက်လာတာလဲ!’

“အဲ့ဒီကောင်လေးကို လိုချင်တယ်မလား၊ ကိုယ့်ကို ‘အချစ်လေး’လို့ ခေါ်ရင် အဲ့ဒီကောင်လေးကို ရအောင် ဝယ်ပေးမယ်”

ယန်ရုန်ရုန် မဆိုင်းမတွ ခေါ်လိုက်သည်။

“အချစ်လေး!”

လင်းယွမ် ကြက်သေသေသွားခဲ့ပါသည်။

ယန်ရုန်ရုန်က အလွယ်တကူ အလျှော့ပေးတတ်သူမဟုတ်မှန်း သူ သိသည်။ ထို့ကြောင့် သူ့ကမ်းလှမ်းချက်ကို ငြင်းဆန်ပြီး လှောင်ပြောင်လိမ့်မည်ဟု လင်းယွမ်မျှော်လင့်ထားခဲ့ပါသည်။

သူမ တကယ်ကြီး ခေါ်လိမ့်မည်ဟု ထင်မထားခဲ့ပေ။ ထို့အပြင် တွန့်ဆုတ်မှုပင် မရှိခဲ့ပါ။

လင်းယွမ် မနေနိုင်ဘဲ မေးကြည့်လိုက်မိသည်။

“အဲ့ဒီကောင်လေးက မင်းအတွက် တော်တော်အရေးပါနေလို့လား”

ယန်ရုန်ရုန်က ကိုယ့်ကိုယ်ကိုယ် လူကောင်းဟု မသတ်မှတ်ခဲ့ဖူးပါ။ ယခင်တုန်းကသာဆို လျို့လန်သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ သူမ ဂရုစိုက်မှာ မဟုတ်ပေ။

သို့သော် အတူတူဖြတ်သန်းခဲ့သည့် အချိန်တွေအတွင်း လျို့လန်က သူမ အပေါ် မေတ္တာအစစ်အမှန်ဖြင့် ဆက်ဆံခဲ့သည်။ ဘယ်လိုရတနာမျိုးကိုပဲ ရှာတွေ့ခဲ့ပါစေ သူမကိုသာ အရင်ဆုံးလာပေးခဲ့သည်။ ယန်ရုန်ရုန် ဘာပဲလုပ်ဖို့ ကြိုးစားပါစေ သူမဘက်မှ အကြွင်းမဲ့ ရပ်တည်ပေးခဲ့သည်။

ယန်ရုန်ရုန်က နှလုံးသားမဲ့သူမဟုတ်ပါ။ လျို့လန်ကို ကယ် တင်ဖို့အတွက် ‘အချစ်လေး’ဟု တစ်ခွန်းတည်းသာ ခေါ်ဆိုဖို့ လိုအပ်သည်ဆိုလျှင် သူမ မခေါ်နိုင်စရာအကြောင်းမရှိချေ။ လင်းယွမ်က သူမကို အသားဖဲ့ပေးဖို့ တောင်းဆိုနေခြင်းလည်း မဟုတ်ပါ။

ယန်ရုန်ရုန် ပြန်ဖြေလိုက်သည်။

“သူနဲ့ ကျွန်မ ဝိညာဉ်သားရဲစာချုပ်ချုပ်ထားတယ်၊ ဒီတိုင်း ထားခဲ့လိုက်လို့ မရဘူး”

လင်းယွမ် တိုးညှင်းစွာ ရယ်မောလိုက်ပါသည်။

“အဲ့တာကြောင့်ကိုး! အဲ့ဒီစာချုပ်ကြောင့် မင်းနတ်ဆိုးနယ်မြေထဲမှာ ရှိနေမှန်း သူ သိသွားတာနေမယ်၊ မင်းကိုရှာဖို့ ဒီအထိလိုက်လာခဲ့တာ၊ ကံဆိုးစွာနဲ့ အဖမ်းခံလိုက်ရပြီး လေလံပစ္စည်းဖြစ်သွားတာပဲ”

အောက်ထပ်တွင် လျို့လန်ကို နတ်ဆိုးများစွာက လေလံစတင်ဆွဲနေကြပါပြီ။

ရှေးဟောင်းသားရဲများက အဂ္ဂိရတ်ပညာအတွက် အလွန်အဖိုးတန်သည့် ကုန်ကြမ်းများဖြစ်ကြသည်။ စင်ပေါ်မှ သတ္တဝါလေးက ဘယ်လိုသားရဲအမျိုးအစားဖြစ်မှန်းသေချာမပြောနိုင်ကြသော်လည်း နောက်ဆုံးမှ ဒီလိုတခမ်းတနား တင်ဆက်ပြသခဲ့ခြင်းကြောင့် သာမန်သတ္တဝါမဟုတ်မှန်း သိနိုင်ပါသည်။

အဂ္ဂိရတ်ပညာအတွက် အသုံးမချနိုင်လျှင်ပင် အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေးမြူနိုင်လိမ့်မည်။

လေလံဈေးများက မြင့်သထက် မြင့်လာခဲ့ပါသည်။

ယန်ရုန်ရုန့် အိတ်ထဲ တစ်ပြားတစ်ချပ်မှမရှိပေ။ ထို့ကြောင့် မတတ်သာဘဲ လင်းယွမ်ကိုသာ အကူအညီ လှည့်တောင်းခဲ့ရပါသည်။

လင်းယွမ်ကလည်း ကတိမဖျက်ခဲ့ပါ။ ဝိညာဉ်ကျောက်တုံး ၅၀၀,၀၀၀ ဖြင့် ချက်ချင်း လေလံဆွဲလိုက်သည်။

ထိုဈေးကို ကြားလိုက်ရပြီးနောက် လေလံရုံထဲ ရုတ်တရက် တိတ်ဆိတ်သွားခဲ့ကြပါသည်။

နောက်ဆုံးလေလံဈေးက ဝိညာဉ်ကျောက်တုံး ၅၀,၀၀၀ သာရှိသေးသော်လည်း လင်းယွမ်က ၁၀ ဆတိုးကာ ပေးလိုက်သည်။

အခြားဘယ်သူ့ကိုမှ ယှဉ်ပြိုင်နိုင်စွမ်းမရှိတော့အောင် ပြုလုပ်လိုက်ခြင်းပင်။

လင်းယွမ်နှင့် ယန်ရုန်ရုန်တို့ရှိနေသည့် သီးသန့်အခန်းသို့ နတ်ဆိုးပေါင်းများစွာ လှည့်ကြည့်ကုန်ကြပါသည်။

သို့သော် ထိုအခန်းကို စည်းအခင်းအကျင်းများဖြင့် ကာရံထားသဖြင့် အထဲကို ဖောက်မမြင်နိုင်ကြပါ။

နတ်ဆိုးမက ပြုံးကာ ကြေညာလိုက်သည်။

“ဝိညာဉ်ကျောက်တုံး ၅၀၀,၀၀၀ တစ်ကြိမ်၊ ဝိညာဉ်ကျောက်တုံး ၅၀၀,၀၀၀ နှစ်ကြိမ်၊ ဝိညာဉ်ကျောက်တုံး ၅၀၀,၀၀၀ သုံးကြိမ်-…”

လေလံအောင်ပြီဖြစ်ကြောင်း နတ်ဆိုးမ မကြေညာနိုင်ခင် တစ်စုံတစ်ယောက်က ရုတ်တရက် အော်လိုက်လေသည်။

“ဝိညာဉ်ကျောက်တုံး ၅၁၀,၀၀၀ ပေးတယ်!”

All Chapters