← Chapters

အခန်း (၁၁၀)

Vol. 11 Ch. 110

အခန်း (၁၁၀)

Vol. 11 Ch. 110

🌹Chapter 110

နတ်ဆိုးနယ်မြေတွင် လူသားလောကကဲ့သို့ သယံဇာတကြွယ်ဝမှု မရှိပေ။ ဝိညာဉ်ကျောက်တုံး ထုတ်လုပ်မှုက နည်းပါးပြီး အများစုကို စွမ်းအားမြင့်နတ်ဆိုးများကသာ ချုပ်ကိုင်ထားကြသည်။

ဈေးကွက်အတွင်း အမှန်တကယ် လည်ပတ်နေသည့် ဝိညာဉ်ကျောက်တုံးပမာဏက အလွန်နည်းပါးလှသည်။

ထို့ကြောင့် သာမန်အဆင့်နိမ့် နတ်ဆိုးတစ်ကောင်က ဝိညာဉ်ကျောက်တုံး ၅၀၀,၀၀၀ ခန့်ကို အလွယ်တကူ ထုတ်ပေးဖို့ ဟူသည်မှာ မဖြစ်နိုင်သလောက်ရှိသည်။

ထို့ကြောင့် လင်းယွမ်နှင့်ယှဉ်ပြိုင်ပြီး လေလံဆွဲရဲသည့် ဧည့်သည်တော်က သာမန်နတ်ဆိုးမဟုတ်နိုင်ပါ။

နတ်ဆိုးကျင့်ကြံသူများအားလုံးလည်း တိတ်ဆိတ်သွားကြပြီး လေလံဆက်မဆွဲရဲကြတော့ပေ။ ပထမအချက်က ထိုဝိညာဉ်ကျောက်တုံးပမာဏကို မတတ်နိုင်ခြင်းကြောင့်ဖြစ်ပြီး ဒုတိယအချက်ကတော့ အကောင်ကြီးကြီးများကို စော်ကားမိပြီး လက်တုန့်ပြန်ခံရမည်ကို စိုးရိမ်နေခြင်းကြောင့်ပင်။

ဧည့်သည်တော်များ၏ ဘေးကင်းလုံခြုံမှုကို ဝမ်ပေါင်မျှော်စင်က အာမခံထားသော်လည်း ထိုအာမခံချက်က အဆောက်အဦးအတွင်းမှာသာ သက်ရောက်မှုရှိသည်။ အပြင်ရောက်သည်နှင့်တစ်ပြိုင်တည်း ကိုယ့်အသက်ကိုယ်သာ တာဝန်ယူကြရလိမ့်မည်။

ရှေးဟောင်းသားရဲတစ်ကောင်က ရှားပါးရတနာတစ်ခုဖြစ်သော်ငြားလည်း ကိုယ့်အသက်က ပိုပြီး တန်ဖိုးရှိပါသည်။

လေလံပြိုင်ဆွဲနေသူကို လင်းယွမ် သိပ်ဂရုမစိုက်ခဲ့ပါ။

“ဝိညာဉ်ကျောက်တုံး တစ်သန်းပေးတယ်”

ဝိညာဉ်ကျောက်တုံးပမာဏ ချက်ချင်းဆိုသလို နှစ်ဆတိုးသွားခဲ့သည်။

နတ်ဆိုးများအားလုံး ပါးစပ်အဟောင်းသားဖြစ်သွားခဲ့ကြလေသည်။ နတ်ဆိုးနယ်မြေအတွင်း ဒီလို ဈေးမျိုး ကြားဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်လောက်သည်။

စတိတ်စင်ပေါ်က နတ်ဆိုးမလည်း ခေတ္တမှင်သက်သွားခဲ့သည်။ သို့သော် ချက်ချင်းဆိုသလို သူမ ဝမ်းမြောက် ပျော်ရွှင်သွားခဲ့ပါသည်။

‘တကယ့် သူဌေးတွေပဲ~!’

နတ်ဆိုးမ မျက်လုံးများ အရောင်တောက်သွားခဲ့ပြီး အသံလည်း ပိုမိုကျယ်လောင်လာခဲ့သည်။

“ဝိညာဉ်ကျောက်တုံး တစ်သန်းထက် ပိုပေးမယ့်သူ ရှိပါသေးသလား”

VIP ခန်းတစ်ခန်းတွင် ငွေဖြူရောင် ဝတ်ရုံဆင်မြန်းထားသည့် လူတစ်ဦးထိုင်နေသည်။ ထိုလူ့အမည်က ယင်ကွမ်းဖြစ်ပြီး စွမ်းအားကြီးမားသည့် ဝိညာဉ်စားသုံးသော နတ်ဆိုးတစ်ပါးဖြစ်သည်။ နတ်ဆိုးနယ်မြေတွင် သူ့ကျင့်ကြံခြင်းအဆင့်က နတ်ဆိုးစစ်သူကြီးအဆင့်ထိ ရောက်ရှိနေပြီဖြစ်ကာ နတ်ဆိုးများအနက် အလွန် အာဏာကြီးမားသည်။

သို့သော် နတ်ဆိုးစစ်သူကြီး ကျင့်ကြံခြင်းအဆင့်တွင် ယင်ကွမ်း ရပ်တန့်နေသည်မှာ အချိန်အတော်ကြာပြီဖြစ်ကာ နတ်ဆိုးဘုရင်အဆင့်ကို တက်လှမ်းဖို့ ခြေတစ်လှမ်းသာ လိုပါတော့သည်။ သို့သော် ယခုအချိန်အထိ အခွင့်အရေး မရခဲ့ပေ။

ယခုတော့ လေလံစင်မြင့်ပေါ် ရုတ်တရက် ရောက်ရှိလာသည့် ရှေးဟောင်းသားရဲတစ်ကောင်ကြောင့် ယင်ကွမ်းအတွက် အခွင့်အရေးတစ်ခု ပေါ်လာခဲ့လေပြီ။

ထိုရှေးဟောင်းသားရဲ၏ ရောင်ဝါက အလွန်စွမ်းအားကြီးမားသည်။ ထိုရောင်ဝါကိုသာ ဝါးမျိုလိုက်ပါက သူနတ်ဆိုးဘုရင် အဆင့်ထိ တက်လှမ်းနိုင်မှာ သေချာသလောက် ရှိနေပါပြီ။ နတ်ဆိုဘုရင် ကျင့်ကြံခြင်းအဆင့်သို့ ရောက်ရှိသွားလျှင် သူ့အထက်တွင် နတ်ဆိုးအရှင်သခင်အဆင့်သာ ရှိတော့မည်။

ပထမတော့ ဘယ်လောက်ပဲ ကုန်ကျပါစေ ထိုသားရဲကို ဝယ်ယူဖို့ ယင်ကွမ်း ကြံရွယ်ထားခဲ့သည်။ သို့သော် ဘယ်က ပေါ်လာမှန်းမသိသည့် အနှောင့်အယှက်တစ်ကောင်က ဝိညာဉ်ကျောက်တုံး ၁ သန်းအထိ ဈေးတင်ပစ်ခဲ့လေသည်။

ယင်ကွမ်း ဘယ်လောက်ပဲ ချမ်းသာနေပါစေ ထိုပမာဏမျိုး ချက်ချင်း ထုတ်ပေးလိုက်ဖို့ ဆိုသည်မှာ အလွန် နှမျောစရာ ကောင်းလွန်းပါသည်။

ယင်ကွမ်း အံကြိတ်လိုက်ပြီး အားတင်းကာ အော်လိုက်သည်။

“ဝိညာဉ်ကျောက်တုံး တစ်သန်းနဲ့တစ်သောင်း ပေးတယ်!”

လေလံစင်ပေါ်ရှိ နတ်ဆိုးမက ပြုံးကာ ကြေညာသည်။ “ကောင်းပါပြီ! အခုလက်ရှိ လေလံဈေးကတော့ ၁,၀၁၀,၀၀၀ ပါ၊ ထပ်တိုးပေးမယ့်သူ ရှိပါသေးသလား”

နတ်ဆိုးမ၏ စကားဆုံးသည်နှင့်တစ်ပြိုင်တည်း လင်းယွမ်ချက်ချင်း ပြောလိုက်သည်။

“ဝိညာဉ်ကျောက်တုံး ၂ သန်းပေးတယ်”

လေလံရုံတစ်ခုလုံး သွေးပျက်စရာကောင်းအောင် တိတ်ဆိတ်သွားခဲ့သည်။ နှစ်သန်းဟူသည်မှာ မည်သူမှ မော့မကြည့်ရဲလောက်သည့် ပမာဏမျိုး ဖြစ်သဖြင့် အားလုံး နားလည်မှုရှိစွာ ပါးစပ်ပိတ်ထားလိုက်ကြပြီး အကျော်အမော်ကြီး နှစ်ဦး၏ အားပြိုင်မှုကိုသာ စောင့်ကြည့်နေခဲ့ကြပါသည်။

နတ်ဆိုးမက ဘေးပတ်လည်ကိုကြည့်ရင်း အပြုံးဖြင့် မေးလိုက်သည်။ “ဝိညာဉ်ကျောက်တုံး ၂ သန်းပေးပါတယ်တဲ့! ထပ်တိုးပေးမယ့်သူ ရှိပါသေးသလား!”

လေလံစင်မြင့်ပေါ်မှ ရှေးဟောင်းသားရဲကို ယင်ကွမ်း စူးစူးဝါးဝါး စိုက်ကြည့်ရင်း စားပွဲကို လက်ဖြင့်ထုချလိုက်သည်။ ဝုန်းခနဲ မြည်သံနှင့်အတူ သူ့ရှေ့ရှိ စားပွဲ အစိတ်စိတ်အမွှာမွှာ ကျိုးပဲ့သွားခဲ့လေသည်။

‘ဘယ်ကောင်လဲကွ! ဘယ်ကောင်က ငါ့ကို ရည်ရွယ်ချက်ရှိရှိ လိုက်နှောင့်ယှက်နေတာလဲ! တွေ့လို့ကတော့ တစ်စစီဖြစ်သွားအောင် ဆုတ်ဖြဲပစ်မယ်!’

စတိတ်စင်ပေါ်တွင် နတ်ဆိုးမက စတင်ရေတွက်နေပါပြီ။

“နှစ်သန်း တစ်ကြိမ်… နှစ်သန်း နှစ်ကြိမ်…”

ယင်ကွမ်း ရင်နာနေသော်လည်း ကျင့်ကြံခြင်းအဆင့် တက်လှမ်းနိုင်မည့် အခွင့်အရေးကို လက်မလွှတ်နိုင်ပါ။ တရားခံကို ရင်ထဲမှ ကြမ်းကြမ်းတမ်းတမ်း ကျိန်ဆဲရင်း ပါးစပ်မှ အော်ဟစ်ပစ်လိုက်သည်။

“ဝိညာဉ်ကျောက်တုံး ၂ သန်းနဲ့ တစ်သောင်း ပေးတယ်ကွာ!”

နတ်ဆိုးမက ကြေညာသည်။ “ဝိညာဉ်ကျောက်တုံး ၂,၀၁၀,၀၀၀ ပါတဲ့ရှင်၊ တိုးပေးမယ့်သူ ရှိပါသေးသလား”

လင်းယွမ် မျက်နှာမပျက်ဘဲ ပြောလိုက်သည်။ “ဝိညာဉ်ကျောက်တုံး ၃ သန်းပေးတယ်”

လင်းယွမ်ကို စိုက်ကြည့်ရင်း ယန်ရုန်ရုန် မနာလို အားကျသွားခဲ့လေသည်။

‘ချမ်းသာလိုက်တာ! ငါကော ဘယ်တော့မှ သူ့လောက် ချမ်းသာလာမှာလဲမသိဘူး’

သူမအကြည့်ကို လင်းယွမ် ရိပ်စားမိပါသည်။ ထို့ကြောင့် ချက်ချင်း အနားကပ်လာပြီး သူမလည်ပင်းကို သိုင်းဖက်ကာ မေးလိုက်သည်။

“ကျွန်တော် အရမ်းချောတယ်လို့ မထင်ဘူးလား မမ”

ယန်ရုန်ရုန် ခံစားချက်မဲ့စွာ တွန်းထုတ်ပစ်လိုက်သည်။ “သာမန်ပါပဲ”

လင်းယွမ် ရယ်မောရင်း “မမက အပြောနဲ့ အလုပ်နဲ့ မညီဘူးနော်”

သူမကို ‘မမ’ဟု မ‌ခေါ်ဖို့ လင်းယွမ်ကို ယန်ရုန်ရုန် တားချင်မိသည်။ ထိုခေါ်သံကြီးကို ကြားနေရသည်မှာ သူမအတွက် ကြက်သီးထစရာကောင်းလွန်းလှသည်။

သို့သော် သူမ တားလျှင်တောင် လင်းယွမ်လို စရိုက်မျိုးက နားထောင်မည်မထင်ပါ။ အရွဲ့တိုက်ပြီး အသံပိုကျယ်ကျယ်ဖြင့်ပင် ခေါ်နိုင်လောက်သည်။ ထို့ကြောင့် ယန်ရုန်ရုန် ဘာမှ မပြောတော့ဘဲ နှုတ်ဆိတ်နေလိုက်ရသည်။

တစ်ဖက်တွင် ယင်ကွမ်းမျက်နှာ မှောင်မိုက်သွားခဲ့သည်။ ဝိညာဉ်ကျောက်တုံး ၃ သန်းဟူသည်မှာ သူ့ပိုင်ဆိုင်မှု အားလုံးနီးပါးပင်။

ကျင့်ကြံခြင်းအဆင့်တက်ဖို့အတွက် အရာအားလုံးကို ပေးဆပ်နိုင်သော်လည်း တစ်ဖက်လူ ဈေးထပ်တင်မှာ စိုးရိမ်ရသည်။ တစ်ကြိမ်ကို တစ်သန်းတိတိ တိုးပေးနေပုံအား ကြည့်ခြင်းအားဖြင့် သာမန်လူမဟုတ်မှန်း သိသာသည်။

တစ်ဖက်လူသာ နောက်တစ်ကြိမ် ဈေးထပ်တင်လိုက်လျှင် ယင်ကွမ်း ကျိန်းသေပေါက် ရှုံးနိမ့်ပါတော့မည်။ သူ့ရင်ထဲ သတ်ချင်ဖြတ်ချင်စိတ်များ ပြည့်နှက်လာခဲ့သည်။ သူ့ကို အနှောင့်အယှက်ပေးနေသူ မည်သူမည်ဝါဖြစ်မှန်း ကျိန်းသေပေါက် ရှာဖွေရမည်။

ယင်ကွမ်း အသက်ဝဝရှူလိုက်ပြီး တစ်လုံးချင်း ညှစ်အော်လိုက်သည်။

“ဝိညာဉ်ကျောက်တုံး ၃ သန်းနဲ့ တစ်သောင်း!”

နတ်ဆိုးမ၏ အပြုံးလည်း ပိုမိုကျယ်လာပြီး သာယာသော အသံလေးဖြင့် မေးလိုက်သည်။ “ထပ်တိုးပေးမယ့်လူ ရှိပါသေးသလား”

လင်းယွမ် ဈေးထပ်တိုးဖို့ ကြံလိုက်စည် သူတို့အခန်းနှင့်မျက်နှာချင်းဆိုင်တွင် ရှိနေသော VIP အခန်း၏ အကာအရံများ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ ထိုအခါ ပြူတင်းပေါက်နားတွင် ထိုင်နေသည့် ငွေဖြူရောင် ဝတ်ရုံနှင့် လူကို အားလုံး မြင်လိုက်ကြရလေသည်။

လေလံရုံထဲရှိ နတ်ဆိုးကျင့်ကြံသူများအားလုံး ထိုပုဂ္ဂိုလ်ထံ လှည့်ကြည့်လိုက်ကြသည်။

“သခင်ကြီး ယင်ကွမ်းပဲ!”

နတ်ဆိုးနယ်မြေတွင် နတ်ဆိုးစစ်သူကြီး ၉၉ ပါးရှိသည်။ အလွန်စွမ်းအားကြီးမားသည့် နတ်ဆိုးစစ်သူကြီးများအနက် တစ်ယောက်ဖြစ်သည့် ယင်ကွမ်းကို နတ်ဆိုးများအားလုံးနီးပါး သိကြပါသည်။

သမိုင်းဝင် ယင်ကွမ်းကို ဒီလိုနေရာမှာ တွေ့ရလိမ့်မည်ဟု ထင်မထားခဲ့ကြသဖြင့် အားလုံး ထိတ်လန့် တုန်လှုပ်သွားခဲ့ကြသည်။

နတ်ဆိုးနယ်မြေတွင် ရာထူးအဆင့်အတန်းက အလွန်တင်းကြပ်သည်။ ရာထူးမြင့် နတ်ဆိုးများက ရာထူးနိမ့်သည့် နတ်ဆိုးများအပေါ် အကြွင်းမဲ့ ဖိနှိပ်နိုင်စွမ်းရှိကြသည်။

အထူးသဖြင့် ယင်ကွမ်း၏ နတ်ဆိုးစစ်သူကြီးဟူသော အဆင့်အတန်းနှင့် ဒီနေရာမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မည် ဆိုလျှင်တောင် မည်သူမှ ဝင်တားရဲကြမည် မဟုတ်ပါ။ နတ်ဆိုးနယ်မြေတွင် ဥပဒေဟူ၍လည်း မရှိပေ။

လူသားလောကကဲ့သို့ အားကြီးသူကို အားနည်းသူက လေးစားရသည့် ပုံစံမျိုး ဖြစ်သော်လည်း နတ်ဆိုးများက ပိုမို ရက်စက်ကြမ်းကြုတ်ပါသည်။

လေလံရုံထဲရှိ နတ်ဆိုးများ၏ အကြောက်တရားကို ခံစားမိပြီး ယင်ကွမ်း အလွန်ကျေနပ်သွားခဲ့သည်။ ထို့နောက် လင်းယွမ်တို့ ရှိနေသည့် အခန်းကို လှမ်းကြည့်လိုက်ပါသည်။ စည်းအကာအရံများကြောင့် အတွင်းကို ဖောက်ထွင်းမမြင်နိုင်သော်လည်း သူ့ကို ယှဉ်ပြိုင်နေသည့် လူက ထိုအခန်းထဲတွင် ရှိနေမှန်း ယင်ကွမ်း အာရုံခံနိုင်သည်။

ယင်ကွမ်း ဖြေးညှင်းစွာ ပြောလိုက်လေသည်။

“ငါ့ကိုယ်ငါ မိတ်ဆက်ဖို့ လိုမယ်မထင်ဘူး မိတ်ဆွေ၊ ငါဘယ်သူလဲ မင်းသိမှာပါ၊ ငါ့မျက်နှာထောက်ပြီး ဈေးထပ်တင်နေတာကို ရပ်လိုက်တာပိုကောင်းမယ်”

ယင်ကွမ်းအကြောင်းကို ယန်ရုန်ရုန်လည်း နားလည်သည်။ ယခင် လင်းယွမ်နှင့်အတူ ရှိခဲ့စဉ်က ယင်းကွမ်ကို မြင်ဖူးပြီး ဝိညာဉ်စားသုံးသည့် နတ်ဆိုးတစ်ကောင်ဖြစ်မှန်း သူမ သိသည်။ ဝိညာဉ်စားသုံးသည့် နတ်ဆိုးများ၏ ကျင့်ကြံခြင်းပုံစံက အခြား သတ္တဝါများကို စားသုံးပြီး ၎င်းတို့၏ ခွန်အားကို တိုးစေခြင်းပင်။

ထောင်ထျဲသားရဲဖြစ်သည့် လျို့လန်က နတ်ဆိုးမဟုတ်ဘဲ ရှေးဟောင်းသားရဲတစ်ကောင်ဖြစ်သော်လည်း ၎င်းတွင် ရှိနေသည့် ရောင်ဝါများက ဝိညာဉ်စားသုံးသည့် နတ်ဆိုးများအတွက် အားဖြည့်စာတစ်ခုလို ဖြစ်နေသည်။ ထို့ကြောင့် လျို့လန်ကို ဝါးမျိုပြီး ယင်ကွမ်း ကျင့်ကြံခြင်းအဆင့် တက်လှမ်းဖို့ ကြံစည်နေမှန်း သိသာပါသည်။

ထို့ကြောင့် ဒီပွဲမှာ ရှုံးနိမ့်လို့ မဖြစ်မှန်း ယန်ရုန်ရုန် နားလည်သွားခဲ့သည်။ ထို့ကြောင့် လင်းယွမ်ကို အားကိုးတကြီး လှည့်ကြည့်လိုက်ရာ သူမကို တောက်လောင်သော မျက်လုံးများဖြင့် စိုက်ကြည့်နေမှန်း မြင်လိုက်ရပါသည်။

သူဘာလိုချင်မှန်း ယန်ရုန်ရုန် ကောင်းကောင်း နားလည်သဖြင့် မဆိုင်းမတွ အော်ခေါ်လိုက်လေတော့သည်။

“အချစ်ရေ!”

All Chapters