← Chapters

အခန်း (၁၀၁)

Vol. 11 Ch. 101

အခန်း (၁၀၁)

Vol. 11 Ch. 101

🌹Chapter 101

ယန်ရုန်ရုန် ပတ်သတ်ခဲ့ရသည့် ယောက်ျား လေးဦးအနက် လင်းယွမ်က ထိန်းချုပ်ရ အခက်ဆုံးဖြစ်သည်။

သူ့ကျင့်ကြံခြင်းအဆင့် အလွန်မြင့်မားနေခြင်းကြောင့်မဟုတ်ဘဲ လင်းယွမ်က ဘာကိုမှ ဂရုမစိုက်တတ်ခြင်းကြောင့် ဖြစ်ပါသည်။

သူ့လိုလူမျိုးက ဂုဏ်သိက္ခာတွေ ကိုယ်ကျင့်တရားတွေကို မကြည့်တတ်ပါ။ သုလုပ်ချင်သည့်အရာမှန်သမျှကို ရသည့်နည်းလမ်းနှင့် ဖြစ်အောင် လုပ်တတ်သည်။ အခြားသူများ၏ ဝေဖန်ရှုတ်ချမှုကိုလည်း ဂရုမစိုက်တတ်ပါ။ သူ့ကိုယ်ပိုင် သေဆုံးခြင်း ရှင်သန်ခြင်းကိုပင် ဂရုမစိုက်တတ်ပေ။

စိတ်ပျော်ရွှင်မှုကိုသာ ဦးစားပေးသူဖြစ်ပြီး ခေတ်သစ်ကမ္ဘာတွင် သိပ်ကြာကြာမစောင့်ရဘဲ ထောင်ထဲ ရောက်သွားနိုင်သည့် လူစားမျိုးပင်။

ကံမကောင်းစွာဖြင့် ဒီကမ္ဘာက ခွန်အားကြီးသူများ ကြီးစိုးသော ကျင့်ကြံခြင်းကမ္ဘာဖြစ်နေသည်။ သူ့မှာ စွမ်းအား လုံလုံလောက်လောက်ရှိနေပါက ဆန္ဒရှိသလို လုပ်နိုင်ပြီး ဘယ်သူမှ ဝင်တားနိုင်မည်မဟုတ်ပါ။ မစ်ရှင်ကြောင့်သာ မဟုတ်လျှင် ဒီလိုလူမျိုးကို ယန်ရုန်ရုန် ပတ်သတ်ခဲ့မှာမဟုတ်ပေ။

အဓိပ္ပာယ်မဲ့သည့် ငြင်းခုံစကားများကို မပြောတော့ဘဲ ယန်ရုန်ရုန် အသက်ဝဝရှူလိုက်ပြီး စိတ်အေးအေး ထားလိုက်သည်။ ဖြစ်ပြီးသားတွေက အတိတ်မှာကျန်ခဲ့ပါပြီ။ နောင်တရနေလို့ မထူးတော့ပေ။

သူမ၏သဘောထားကို လင်းယွမ် အရေးမစိုက်ရသည့် အဓိက အကြောင်းအရင်းက သူမ အားနည်းလွန်းနေခြင်းကြောင့် ဖြစ်နိုင်သည်။ သူမကို လင်းယွမ် အလွယ်တကူ ဖိနှိပ်နိုင်သည်။ ဆင်တစ်ကောင်က ပုရွက်ဆိတ်တစ်ကောင်ကို ကြောက်ဖို့ မလိုအပ်ပါ။

ယခု သူမ လုပ်နိုင်သည့်အရာဟူ၍ ပိုမို သန်မာလာဖို့သာ ရှိသည်။ သူမ သန်မာလာသည့် အချိန်ကျမှ အခြားသူတွေ၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်နိုင်ပါလိမ့်မည်။ ပိုမိုသန်မာလာဖို့အတွက် သူမ၏ဝိညာဉ်ရင်းမြစ်ကို အရင်ဆုံး ကုသဖို့ လိုအပ်သည်။

ထို့အတွက် လိုအပ်သည့် နဂါးရိုးက ဖမ့်လိုင်မသေမျိုး ကျွန်းပေါ်တွင် ကျန်ခဲ့သည်။ လျို့ဖုကျွင်းနှင့်အတူ နဂါးရိုးလည်း ပြာကျသွားမလား ယန်ရုန်ရုန် စိတ်ပူမိပါသည်။

နဂါးရိုးမရှိတော့လျှင် သူမဝိညာဉ်ရင်းမြစ်ကို ကုသဖို့အတွက် အခြားနည်းလမ်းရှာဖွေရတော့မည်။

သူ့ကို လျစ်လျူရှုပြီး အတွေးလွန်နေသည့် ယန်ရုန်ရုန်ကိုကြည့်ရင်း လင်းယွမ် ဘေးဖယ်ခံထားရသည်ကို သဘောမကျသဖြင့် သူမ အတွေးများကို အဆက်မပြတ် နှောင့်ယှက်လေတော့သည်။

“ဘာတွေ စဉ်းစားနေတာလဲ”

“ဘာလို့ စကားမပြောတာလဲ”

“ကိုယ့်ကို စကားပြန်ပြောပါဦး ကလေးလေးရဲ့ ကိုယ်ပျင်းလာပြီ”

“မသိချင်ယောင် ဆက်ဆောင်နေရင် နမ်းပစ်လိုက်မှာနော်”

လင်းယွမ် အနားကပ်လာပြီး အမှန်တကယ် နမ်းဖို့ကြံနေ သည်ကို မြင်သဖြင့် ယန်ရုန်ရုန် စိတ်ပေါက်ကာ သူ့ပါးကို ဖြန်းခနဲမြည်အောင် ရိုက်ချပစ်လိုက်တော့သည်။

သူမ မညှာတာခဲ့ဘဲ ရှိသမျှ ခွန်အားအကုန် ထုတ်သုံးခဲ့သဖြင့် လင်းယွမ်၏လှလှပပ မျက်နှာပေါ် အနီရောင် လက်ဝါးရာကြီး ထင်ကျန်ခဲ့ပါသည်။

လင်းယွမ် အတန်ကြာအောင် ကြာသေသေသွားခဲ့သည်။

သူဒေါသထွက်သွားလိမ့်မည်ဟု ယန်ရုန်ရုန် ယူဆခဲ့ပါသည်။ ထို့ကြောင့် သူတိုက်ခိုက်လာသည့်အခါ ခုခံဖို့အတွက်ပင် အသင့် ပြင်ထားသည်။

သို့သော် လင်းယွမ်က နီရဲနေသည့် သူ့ပါးကိုကိုင်ပြီး ဝမ်းနည်းသွားသည့် ပုံစံဖြင့် သက်ပြင်းသာချလိုက်ပါသည်။

“မင်း တကယ် နှလုံးသားမဲ့တာပဲ”

ထို့နောက် ချက်ချင်းဆိုသလို လေသံပြောင်းသွားပြီး မျက်နှာပေါ်မှာလည်း အပြုံးတစ်ခု တောက်ပသွားခဲ့သည်။

“ဒါပေမယ့် ငါ ကြိုက်တယ်!”

ယန်ရုန်ရုန်: “…”

‘စိတ္တဇကောင်!’

လင်းယွမ် ကျန်ပါးတစ်ဖက်ကို ထိုးပေးလိုက်ပြီး မျှော်လင့် ချက် ပြည့်ဝနေသော ဇာမဏီမျက်လုံးများဖြင့် ပြောလိုက်သည်။

“လာပါ ထပ်ရိုက်ပါဦး”’

သူပြောပုံက မြင်းလှည်းထဲ သူတို့နှစ်ယောက် ပြောမကောင်းသည့် ‘ကစားနည်း’များ ကစားနေသကဲ့သို့ပင်…

အလွန်အမင်း စိတ်လှုပ်ရှားနေပြီး သူမနှင့် ပိုပြီး ‘နက်နက်ရှိုင်းရှိုင်း’ကစားချင်နေသည့် ပုံစံပေါက်နေသည်။

ယန်ရုန်ရုန် လက်ရှိခံစားနေရသည့် စိတ်အခြေအနေကို ဖော်ပြဖို့ စကားလုံးပင် ရှာမရတော့ပါ။

သူမ ပင်ပန်းစွာ သက်ပြင်းချလိုက်သည်။

“ကျွန်မနဲ့ ဝေးဝေးမှာသာ နေစမ်းပါ”

လင်းယွမ် သူမကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်ပါသည်။

“မနေဘူးကွာ”

ထို့နောက် သူ့မေးစေ့ဖြင့် ယန်ရုန်ရုန့်ခေါင်းလေးကို အညင်အသာ ပွတ်သပ်လိုက်သည်။

ယန်ရုန်ရုန် သူ့အမည်ကို ထပ်ခေါ်လိုက်ပါသည်။

“လင်းယွမ်”

လင်းယွမ် ပျော်ရွှင်သွားသည်။

“အွန်း”

“ကျွန်မကို တကယ်သဘောကျတာလား”

“ဒါပေါ့!”

“အဲ့တာဆို ကျွန်မရဲ့ဆန္ဒတွေကိုလည်း လေးစားပေးသင့်တာပေါ့၊ ကျွန်မ အခု အရမ်းပင်ပန်းနေလို့ ရှင်နဲ့ စကား မပြောချင်ဘူး၊ လွှတ်ပေး”

သူမ ခွန်အားက လင်းယွမ်ထက် အများကြီး နိမ့်ကျမှန်း ယန်ရုန်ရုန်နားလည်ပါသည်။ ခွန်အားသုံးပြီး ဖြေရှင်း၍မရနိုင်သဖြင့် စိတ်ခံစားချက်ကိုသာ အသုံးချရတော့သည်။

သူမကို လင်းယွမ် အမှန်တကယ် သဘောကျသည်ဖြစ်စေ သဘောမကျသည်ဖြစ်စေ အနည်းဆုံးတော့ သူမကို ပိုးပမ်းချင်စိတ်ရှိမှန်း မြင်သာပါသည်၊။ ထို့ကြောင့် စိတ်ခံစားချက် လွန်ဆွဲပွဲတွင် ယန်ရုန်ရုန့်ဘက်က အားသာချက် တစ်ခု ရထားပြီး ထိုအားသာချက်ကို အသုံးပြုကာ ပြန်လည်တွန်းလှန်ဖို့ ကြိုးစားရပါမည်။

“ဟုတ်ပါပြီ”

လင်းယွမ် မလွှတ်ချင်သော်လည်း လွှတ်ပေးလိုက်ရသည်။

ယန်ရုန်ရုန် ချက်ချင်း ထွက်မသွားခဲ့ပါ။ သူမ နေရထိုင်ရခက်ချင်ယောင် အရင်ဆောင်ပြလိုက်ပြီး လက်မောင်းများကို ပွတ်သပ်ရင်း အနောက်သို့ အနည်းငယ် ဆုတ်လိုက်ပါသည်။

“ကျွန်မ အနားယူချင်လို့၊ စကားမပြောနဲ့တော့နော်”

ယန်ရုန်ရုန် သူ့ကို ကျောခိုင်းလိုက်ပြီး အနားယူမည်ဟု ဆင်ခြေပေးလျက် အကြံထုတ်ဖို့ ဆုံးဖြတ်လိုက်ပါသည်။ သို့သော် သူမကျောကို တစ်စုံတစ်ယောက် လာကပ်နေသည့် ခံစားချက်အား ခံစားလိုက်ရသည်။ လင်းယွမ်ပါ ကုတင်ပေါ် တက်လာလေသည်။

ယန်ရုန်ရုန် ထိတ်လန့်သွားပြီး သူ့ကို စိုက်ကြည့်လိုက်သည်။

“ရှင် ဘာလုပ်နေတာလဲ”

လင်းယွမ် လက်တစ်ဖက်ဖြင့် ခေါင်းကိုထောက်ထားကာ သူမကို ကြည့်နေပါသည်။ ခပ်ကောက်ကောက် ဆံနွယ်အချို့က သူ့မျက်နှာပေါ်ကျနေသည်။

ယန်ရုန်ရုန်၏ မျက်ဝန်းများကို စိုက်ကြည့်ရင်း သူပြုံးလိုက်လေသည်။

“မင်းနဲ့အတူ နားမလို့လေ”

ယန်ရုန်ရုန် ချက်ချင်း ငြင်းဆန်လိုက်သည်။

“မလိုပါဘူး! အောက်ဆင်း!”

လင်းယွမ်ကလည်း စကားနားထောင်မည့်လူမျိုးမဟုတ်ပါ။

“မင်း ကိုယ့်ကို အရမ်းတွန်းထုတ်နေသလိုပဲနော်၊ ဘာလို့လဲ၊ ကိုယ့်နားကနေထွက်ပြေးဖို့ အကြောင်းပြချက်တွေ ရှာနေတာတော့ မဟုတ်ပါဘူးနော်၊ ရှောင်းရှောင်း ကိုယ့်ကို အဲ့လိုမလုပ်လောက်ပါဘူး ဟုတ်တယ်မလား”

သူ့မျက်ဝန်းများကို ကြည့်ခြင်းအားဖြင့် ယန်ရုန်ရုန် ရိပ်မိပါသည်။ သူမ၏အကြံအစည်များကို လင်းယွမ် သိထားပြီးသားပင်။

သူ့ကို ယန်ရုန်ရုန် ရည်ရွယ်ချက်ရှိရှိ လိမ်ညာနေခြင်းဖြစ်မှန်း လင်းယွမ်သိသည်။ သို့သော် စိတ်မဆိုးဘဲ အလိမ်အညာထဲ စိတ်ပါပါ ဝင်ကစားပေးခဲ့သည်။

‘ဉာဏ်နီဉာဏ်နက်များလိုက်တာ!’

ယန်ရုန်ရုန့် မျက်နှာ မှောင်မိုက်သွားခဲ့သည်။

“ရှင်တော်တော် စိတ်ရှုပ်ဖို့ကောင်းတာပဲ!”

လင်းယွမ် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြန်ပါသည်။ သူ့ဇာမဏီမျက်လုံးများက သိသိသာသာ ပျော်ရွှင်နေပုံရသည်။

“ကိုယ့်လက်ကနေ ဘယ်လိုလွတ်အောင် လုပ်ရမလဲ ရှောင်း ရှောင်း စဉ်းစားနေတာလား၊ စဉ်းစားဖို့ မလိုပါဘူး၊ တခြားသူတွေ လုပ်နိုင်တာမှန်သမျှ ကိုယ်လည်း လုပ်ပေးနိုင်တယ်၊ သူများတွေထက် ပိုသာအောင်တောင် လုပ်ပေးနိုင်တယ်၊ ကိုယ့်နားမှာသာနေလိုက် မင်းကို တစ်သက်လုံးပျော်ရွှင်အောင် ဖန်တီးပေးမယ်”

ယန်ရုန်ရုန် လှောင်ပြုံးပြုံးလိုက်သည်။

“ဟုတ်လား… ရှန်းဝမ်ချင်းက ကျွန်မအတွက် သူ့အသက်ကိုတောင် စတေးရဲတယ်၊ ရှင်ကကော? ရှင်ကတော့ ကျွန်မကို ရှင့်ကျွန်ဖြစ်အောင် အတင်းအကြပ်လုပ်ခဲ့တာ၊ ရှင့်နားမှာ နေရင် ကျွန်မ အရှက်တကွဲ အကျိုးနည်းမှုတွေပဲ ခံစားရမှာ”

ယန်ရုန်ရုန်၏ဆံချည်မျှင်လေး တစ်မျှင်ကို လင်းယွမ် လှမ်းမလိုက်ပြီး သူ့နှုတ်ခမ်းဖြင့် နမ်းလိုက်သည်။

“အဲ့ အစေခံ စာချုပ်ကြောင့် မင်းဒီလောက် အငြှိုးကြီးနေလိမ့်မယ် ထင်မထားဘူး၊ လျော်ကြေးအနေနဲ့ ကိုယ် လက် ဆောင်တစ်ခု ပေးမယ်ဆိုရင်ကော”

ထို့နောက် လင်းယွမ် လက်ဖျောက်တစ်ချက်တီးလိုက်သည်။

သူ့လက်ဖဝါးပေါ် ကျောက်စိမ်းသေတ္တာတစ်လုံး ရုတ်တရက် ပေါ်လာခဲ့ပါသည်။ သေတ္တာကို ဖွင့်ပြလိုက်ရာ အထဲတွင် အဖြူရောင် အရိုးတစ်ခုရှိနေသည်။ အခြားအရိုးမဟုတ်ဘဲ ယန်ရုန်ရုန် အသက်တမျှလိုအပ်နေသည့် နဂါးရိုးပင်။

ယန်ရုန်ရုန် မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

“နဂါးရိုးက ရှင့်လက်ထဲ ဘာလို့ရောက်နေတာာလဲ”

လင်းယွမ်က နဂါးရိုးကို သူမရှေ့သို့ ပို့ပေးလိုက်သည်။ မယုံ ကြည်နိုင်ဖြစ်နေသော သူမမျက်နှာကိုကြည့်ရင်း လင်းယွမ် အားရပါးရ ရယ်မောလိုက်ပြန်ပါသည်။

“သိချင်လား၊ အာဘွားပေးရင် အကုန်ပြောပြမယ်”

ယန်ရုန်ရုန် ကျိန်ဆဲလိုက်သည်။

“သွားသေလိုက်!”

လင်းယွမ် စိတ်ဓာတ်ကျသွားသည်။

“ကပ်စေးနဲလိုက်တာ၊ အာဘွားလေးတစ်ချက်တောင် မပေးနိုင်ဘူး၊ ရပါတယ် ကိုယ့်ဘက်ကပဲ အာဘွားပေးရတာပေါ့”

ထို့နောက် အနားတိုးလာပြီး ယန်ရုန်ရုန် ခုခံနေသည်ကို လျစ် လျူရှုလျက် ပါးကို နမ်းပစ်လိုက်ပါသည်။

ဒေါသကြောင့် ယန်ရုန်ရုန် မျက်လုံးများ နီရဲသွားသည်။ လက် သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် စိတ်ထဲမှ ကျိန်ဆိုလိုက်ပါသည်။

သူမ သန်မာလာသည်နှင့် ဒီအရူးကောင်ကို ကျိန်းသေပေါက် အရင်ဆုံး သတ်ပစ်မည်။

လင်းယွမ် ခပ်ပါးပါး ပြုံးလိုက်ပါသည်။

“နောက်ပိုင်း ကိုယ့်ကို ကလဲ့စား ဘယ်လိုချေရမလဲ စဉ်းစားနေတာလား၊ ပျော်စရာပဲ ကိုယ်စောင့်နေမယ်နော် အဲ့လိုနေ့ရက်မျိုး ရောက်လာရင် ကျေးဇူးပြုပြီး ကိုယ့်ကို စိတ်ကြိုက် နင်းခြေ ပစ်လိုက်စမ်းပါ”

သူ့စကားလုံးများက စိန်ခေါ်နေသည့် စကားလုံးများဟု ထင်ရသော်လည်း တစ်ချိန်တည်းမှာပင် ဆွဲဆောင်မှုရှိနေပြန်သည်။

ယန်ရုန်ရုန် အံကြိတ်လိုက်သည်။

“ဘဝင်မြင့်မနေစမ်းပါနဲ့! မြောင်းထဲမှာ လှေမှောက်တတ်တယ်!”

ကြောင်ပေါက်လေးတစ်ကောင်ကို ကျီစယ်နေသကဲ့သို့ ယန်ရုန်ရုန်၏မေးကို သူ့လက်ချောင်းဖြင့် မလိုက်သည်။

“လှေမှောက်မယ်ဆိုရင်တောင် မင်းနဲ့အတူတူ မှောက်မှာ”

သူ့လက်ကို ယန်ရုန်ရုန် ရိုက်ချပစ်လိုက်သည်။

“ရှင် စောင့်နေလိုက်စမ်းပါ!”

All Chapters