← Chapters

ကမ္ဘာကြီးကို မီးလောင်တိုက်သွင်းခြင်း

Vol. 11 Ch. 1010

ကမ္ဘာကြီးကို မီးလောင်တိုက်သွင်းခြင်း

Vol. 11 Ch. 1010

၎င်းသည်ကား … လွန်ကဲသော ယုံကြည်မှုများ ကိန်းအောင်းနေသည့် အသံဖြစ်ပေသည်။

၎င်းသည်ကား … အကြောက်အရွံ့ကင်းမဲ့သော ရူးသွပ်မှုများ ရောေထွးယှက်ဝင်နေသည့် အသံဖြစ်ပေသည်။

၎င်းသည်ကား … ခန္ဓာကိုယ်ပျက်သုဥ်းသွားသည့်တိုင် ထာဝရတည်ရှိနေမည့် ဆရာတစ်ဦးအပေါ် ထားရှိသော အဆုံးစွန်ထိ လေးစားမှုကို ဖော်ညွှန်းနေသည့် အသံဖြစ်ပေသည်။

မြေရိုင်းဒေသ၏ ကောင်းကင်တစ်ခွင် မီးတောက်များ ပျံ့နှံ့သွားပြီး ကောင်းကင်နှင့် မြေပြင် တုန်ရီသွားကြသည်။ နှစ်ဖက်စလုံးမှ ကျင့်ကြံသူများမှာ တအံ့တသြ မော့ကြည့်လိုက်ကြပြီး လူအများစုမှာ ကျယ်လောင်စွာ ပင့်သက်ရှိုက်လိုက်ကြတော့သည်။

" ကောင်းကင်ကြီး မီးလောင်နေတာလား "

" ကောင်းကင်ကြီး မီးစွဲနေပြီ။ ဒါ ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "

" ကြည့်လိုက်စမ်း။ အဲဒီမီးထဲမှာ လူတစ်ယောက်ရှိနေတယ် "

ထိုမီးတောက်ထဲတွင် ပေါ်ပေါက်လာသည့် ဧရာမလူရိပ်ကြီးက ဖြည်းညင်းစွာ ခေါင်းမော့လိုက်ပြီး အဝေးတွင်ရှိနေသော ကောင်းကင်တံတားပင်လယ်အား စိုက်ကြည့်နေ၏။ သူ ထိုသို့ ကြည့်လိုက်သောအခါ သူ၏ ပုံပန်းသွင်ပြင်ကို အောက်ဘက်မြေရိုင်းဒေသရှိ ကျင့်ကြံသူများမှာ ရှင်းရှင်းလင်းလင်း မြင်လိုက်ရတော့သည်။

မကြာမီ လူ့ဘီလူးများ၊ ဝိညာဥ်ကျင့်ကြံသူများ၊ ကောင်းကင်မြို့စားများနှင့် ကောင်းကင်နယ်စားများမှာ တအံ့တသြ အော်ဟစ်လိုက်ကြတော့သည်။

" အဲဒါ ... ငရဲဧကရာဇပြဲ "

" ငရဲဧကရာဇပြါလား "

မြေရိုင်းဒေသထဲရှိ လူတိုင်း ဂယောင်ခြောက်ခြားဖြစ်နေကြစဥ် ပိုင်ဟောက်က ကောင်းကင်တံတားပင်လယ်ဆီသို့ တဟုန်ထိုး ပျံသန်းသွားတော့သည်။ သူ့ထံမှ တောင်တန်းများကိုပြိုလဲသွားစေနိုင်ပြီး ပင်လယ်ရေများကို ခန်းခြောက်သွားစေနိုင်သည့် စွမ်းအင်များက ကောင်းကင်အပြည့် တောက်လောင်နေသည့် မီးပင်လယ်ကြီးတစ်ခုအသွင် ထွက်ပေါ်နေသည်။

ထိုမီးပင်လယ်ကြီးမှာ လွန်စွာ ရင်သပ်ရှုမောဖွယ်ကောင်းလှပြီး ၎င်းကိုမော့ကြည့်မိလိုက်သည့် လူတိုင်း ဤကမ္ဘာကြီးကား ကြွပ်ရွနေအောင် အကြော်ခံရတော့မည်ဟူ၍ ယူဆသွားနိုင်ပေသည်။

ကောင်းကင်တံတားပင်လယ်ကြီးမှာမူ ထိုမီးပင်လယ်ကြီးအား တားဆီးချင်သည့်အလား ချက်ချင်းပင် အထိန်းအကွပ်မဲ့စွာ မြင့်တက်လာသည်။ သို့သော် ထိုကြိုးစားအားထုတ်မှုများမှာ အရာမထင်ပေ။

မီးပင်လယ်ကြီးက မြေရိုင်းဒေသဖက်မှ တရိပ်ရိပ် ရှေ့သို့တက်လာပြီး ကောင်းကင်တံတားပင်လယ် အထက်ရှိ ကောင်းကင်ကြီးတစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။ ထို့နောက် ပိုင်ဟောက်၏ စိတ်ဆန္ဒများပါဝင်နေသည့် ထိုမီးတောက်များမှာ ကောင်းကင်တံတားကျွန်းဆီသို့ ဆက်လက်ဦးတည်သွားတော့သည်။

ပင်လယ်ကြီးမှာ မီးပင်လယ်ကြီး၏ ခြစ်ခြစ်တောက်နေသော အပူရှိန်ကို တောင့်မခံနိုင်တော့ပဲ ရေငွေ့များပြန်ကုန်ကြသည်ဖြစ်၍ ကောင်းကင်နှင့်ကမ္ဘာမြေကြီးတို့၏ စွမ်းအင်များ အဆုံးအစမဲ့စွာ ထွက်ပေါ်လာတော့သည်။

ထိုစွမ်းအင်ကြီးမှာ မည်သူမှ မကြုံဖူးလောက်အောင် အလွန် ကြီးမားများပြားနေသဖြင့် ကမ္ဘာကြီးတစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားပြီး မြေရိုင်းဒေသအထိပင် ရောက်ရှိသွားသည်။

အပင်များ ရုတ်တရက် ပေါက်လာကြပြီး ပန်းပင်များလည်း ဖူးပွင့်လာကြတော့သည်။ တိရစ္ဆာန်များ ဟိန်းဟောက်ကုန်ကြပြီး သက်ရှိအားလုံးမှာ အပြင်းအထန် တုန်ရီသွားတော့သည်။

သို့သော် သူတို့၏ မသိစိတ်များတွင်မူ မအီမသာ ဖြစ်နေကြသည်။ ဤစိတ်စွမ်းအင်ပမာဏကြီးမှာ သဘာဝအလျောက် ထွက်ပေါ်လာခြင်းတော့ မဟုတ်နိုင်ပေ။ ကျင့်ကြံသူတစ်ယောက်က သူ၏ ဝိညာဥ်ကိုလောင်ကျွမ်းစေပြီး ကြောက်မက်ဖွယ် စွမ်းအားများကို ထုတ်လွှတ်လိုက်သည်နှင့် ပိုတူနေသည်။

ကောင်းကင်တံတားပင်လယ်မှာ အဆုံးအစမဲ့အောင် မကျယ်ပြန့်ဘဲ ရေငွေ့များပျံကာ ကမ္ဘာကြီးထဲသို့ စိတ်စွမ်းအင်များ ထုတ်လွှတ်နေသည်ဖြစ်၍ ပြန်လည်ပြည့်လာတော့မည် မဟုတ်ပေ။

သို့သော် ပိုင်ဟောက်ကား ထိုအချင်းအရာကို ဂရုမစိုက်ပေ။ သူသည် နှစ်ဆယ့်နှစ်ရောင်ခြယ်မီးတောက်ကို ဖန်တီး၍ ကမ္ဘာကြီး၏ ကန့်သတ်ချက်များကို ကျော်လွန်နိုင်ခဲ့ပြီဖြစ်သည်။ ထိုသို့ဖန်တီးနိုင်ရန် သူ၏ဝိညာဥ်ကိုပင် စတေးခဲ့သည်။

ထိုလုပ်ရပ်များအားလုံးအတွက် အကြောင်းအရင်းကား တစ်ခုတည်းသာရှိသည်။

ပိုင်ဟောက်သည် သူ့အတွက် အချိန်သိပ်မရှိတော့ကြောင်း သိထားပြီး ဖြစ်သည်။

ကောင်းကင်တံတားပင်လယ်ကြီး ရေငွေ့ပျံသွားခြင်းနှင့် သူ၏ဝိညာဥ်အား အသုံးပြု၍ နှစ်ဆယ့်နှစ်ရောင်ခြယ်မီးတောက်ကို ဖန်တီးခြင်းတို့မှာ နောက်ပြန်လှည့်ရန်မဖြစ်နိုင်သည့် ရွေးချယ်မှုများဖြစ်သည်။ ယခု သူ၏ဝိညာဥ် မီးတောက်နေပြီဖြစ်၍ အချိန်တိုလေးအတွင်း လောင်ကျွမ်းပျောက်ကွယ်သွားတော့မည်သာဖြစ်သည်။ ထိုအချိန်တွင် နှစ်ဆယ့်နှစ်ရောင်ခြယ်မီးတောက်သည်လည်း ပျောက်ကွယ်သွားမည်ဖြစ်သည်။

အချိန်မှာ အသက်တမျှအရေးကြီးနေပြီ ဖြစ်၍ ပိုင်ဟောက်က ချက်ချင်းပင် ကောင်းကင်တံတားကျွန်းဆီသို့ သွားလိုက်တော့သည်။

ဤအခိုက်အတန့်ကို ရပ်တန့်စေလိုက်ပြီး အနုပညာဆန်ဆန် ဖော်ပြရမည်ဆိုပါက ကောင်ကင်ကြီးကိုမြင်ရမည် မဟုတ်သလို ကောင်းကင်တံတားပင်လယ်ကြီးကိုလည်း မြင်ရမည် မဟုတ်ပေ။ တစ်ခုတည်းသော မြင်တွေ့နေရမည့်အရာသည်ကား … ကောင်းကင်တံတားကျွန်းပေါ်သို့ ရူးသွပ်မှုအပြည့်ဖြင့် ကျဆင်းလာနေသည့် အဆုံးအစမဲ့ ကျယ်ပြောလှသော မီးပင်လယ်ကြီးတစ်စင်းသာ ဖြစ်ပေသည်။

ယခုအခါ ကောင်းကင်တံတားကျွန်းသည် ကောင်းကင်တံတားပင်လယ်အတွင်း တည်ရှိမနေတော့ဘဲ ကောင်းကင်မီးတောက်များအကြားသို့ ရောက်ရှိနေပြီဖြစ်သည်။ ၎င်း၏ ကမ်းခြေများ အရည်ပျော်ကျကုန်ပြီး အပူရှိန်ကြောင့် ကုန်းမြေများ မည်းနက်နေကာ အက်ကွဲကြောင်းများ နေရာအနှံ့ ပွင့်ထွက်လာကြတော့သည်။

မီးပင်လယ်ကြီးက ကျွန်းတစ်ကျွန်းလုံးကို လုံးဝဖုံးလွှမ်းသွား၍ ဒေါသထွက်နေသော ဘီလူးကြီးတစ်ကောင်၏ အော်ဟစ်သံနှင့်တူသော အသံတစ်သံ အရပ်မျက်နှာအနှံ့သို့ ပဲ့တင်ထပ်သွားသည်။

ကျွန်း၏ အစိတ်အပိုင်းတော်တော်များများ ပေါက်ကွဲသွားကြသဖြင့် ကျောက်စကျောက်နများ လေထဲ ဝဲပျံသွားကြပြီး ပြာပုံဘဝသို့ ရောက်သွားကြသည်။

ပိုင်ရေှာင်ချန်းအား ကယ်တင်ရန် ပိုင်ဟောက်က ကောင်းကင်တံတားကျွန်းတစ်ကျွန်းလုံးကို လုံးဝပြာကျသွားစေရန် မီးလောင်တိုက်သွင်းမည်ဟူ၍ ကြံစည်ထားသည့်အလား။

မီးပင်လယ်ကြီးမှာ ကောင်းကင်တံတားကျွန်းကို ဝါးမျိုတော့မည့် ပါးစပ်ကြီးတစ်ခုအသွင် ပြောင်းလဲသွားသောအခါ တစ်ကမ္ဘာလုံးတွင် တဂျိန်းဂျိန်းမြည်ဟည်းသံများဖြင့် ပြည့်နှက်သွားတော့သည်။

ကျွန်းပေါ်ရှိ အပင်များ ပျောက်ကွယ်သွားကာ တောင်စဥ်တန်းများ နီမြန်းတောက်ပလာကြပြီး အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားကြတော့သည်။ ထို အကျိုးအပဲ့ အစအနများမှာမူ ချက်ချင်းပင် ပြာကျသွားတော့သည်။

ကျွန်းပေါ်တွင် ပြည့်နှက်နေသည့် လှပသော အဆောက်အဦများဆိုလျှင် ဖော်ပြနေရန် မလိုတော့ပေ။ ၎င်းတို့မှာ တစ်ခဏလေးအတွင်း လောင်ကျွမ်းပြာကျသွားကြသည်။ ပေါများစွာ ပေါက်ရောက်နေခဲ့ကြသည့် တန်ဖိုးကြီးဆေးပင်များမှာလည်း ပျက်ဆီးကုန်ကြပြီး ကောင်းကင်တံတားပင်လယ်ရေဖြင့် ဖြည့်ထားသောရေကန်နှင့် ရေတံခွန်တို့မှာလည်း ထိုနည်းတူပင်။

ကံကောင်းထောက်မစွာဖြင့် ပိုင်ဟောက်က စိတ်နှလုံးကြင်နာတတ်သော လူတစ်ယောက်ဖြစ်၍ တအံ့တသြ ထွက်ပြေးနေကြသည့် အထူးအစောင့်များကို မီးမစွဲသွားစေရန် မီးပင်လယ်ကြီးကို ထိန်းချုပ်ထားလေသည်။

" ဒါ...ဒါ... "

" တစ်ယောက်ယောက်က ကောင်းကင်တံတားကျွန်းကို တိုက်ခိုက်နေတာပါလား "

ထိုအထူးအစောင့်များထဲတွင် နတ်ဘုရားတစ်ပိုင်းအဆင့်ရှိသော အဘိုးကြီးနှစ်ယောက်ရှိနေသည်။ သူတို့နှစ်ယောက်မှာ နာမည်ကျော်ကြားသော ကောင်းကင်တံတားကျွန်း၏ နတ်ဘုရားအစောင့်များဖြစ်ကြသည်။ သူတို့ပင်လျှင် ဤတဟုန်းဟုန်းတောက်လောင်နေသည့် မီးပင်လယ်ကြီးကြောင့် ကြက်သေသေနေရတော့သည်။ သူတို့မှာ ထိုမီးတောက်များထံ မချဥ်းကပ်နိုင်ပဲ မီးပင်လယ်ကြီးက ကျွန်းကိုဝါးမျိုသွားပြီး ကောင်းကင်ဧကရာဇ်၏ ဧရာမရုပ်ထုကြီးနှင့် သူ၏တာအိုနန်းတော်ဆီသို့ ဦးတည်သွားနေသည့်မြင်ကွင်းကို ခပ်လှမ်းလှမ်းမှသာ ကြည့်နေရတော့သည်။

မျက်နှာချင်းဆိုင် တည်ရှိနေသည့် တောင်နှစ်လုံးကား နီမြန်းစွာ တောက်ပသွားပြီး ပေါက်ကွဲသွားကြကာ ပြာမှုန့်အများအဖြစ်သို့ ရောက်သွားကြသည်။ တချိန်ထဲမှာပင် ထိုမီးတောက်များက ကောင်းကင်ဧကရာဇ်၏ ရုပ်ထုကို ဝါးမျိုသွားကြတော့သည်။

ထိုရုပ်ထုကြီး အရည်ပျော်ကျသွားသည်ကို လူတိုင်း မြင်လိုက်ကြရသည်။ နှစ်ပေါင်းများစွာခန့် မားမားမတ်မတ် တည်ရှိနေခဲ့သော ရုပ်ထုကြီးမှာ အသက်ရှူကြိမ်အနည်းငယ်အတွင်း ချော်ရည်ပုံကြီးဘဝသို့ ရောက်သွားရပြီးနောက် ပြာကျသွားတော့သည်။

တာအိုနန်းတော်ကြီး တစ်ခုလုံး အစအန မကျန်တော့သည်အထိ ပျောက်ကွယ်သွားတော့သည်။

ဗဟိုဧကရာဇ်မင်းဆက် ကောင်းကင်တံတားဒေသမှ နှင်ထုတ်ခံခဲ့ရသည့် အချိန်မှစ၍ ဤကျွန်းမှာ မြင့်မြတ်သောနယ်မြေတစ်ခုအဖြစ် တည်ရှိခဲ့သည်။ သို့သော် ယခုတွင်မူ ကောင်းကင်ပေါ်မှ ရွာသွန်းလာခဲ့သည့် မီးမိုးကြီးမှာ ဤနယ်မြေကြီးကို ဖျောက်ဖျက်လိုက်ပြီဖြစ်သည်။

ကျွန်းပေါ်တွင်ကျန်ရှိနေသည့် မီးတောက်များစွာ အတူတကွ ပေါင်းစည်းသွားကြပြီး တစ်ကမ္ဘာလုံးကို တုန်ရီသွားစေသည့် အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေသည့် ဧရာမမီးတောက်ဘီလူးကြီးတစ်ကောင်အသွင် ပြောင်းလဲသွားသည်။

ထိုဘီလူးကြီးမှာ တော်ဝင်မီးတောက်ဝတ်ရုံနှင့် တော်ဝင်မီးတောက်သရဖူတစ်ခုကို ဆင်မြန်ထားသည်။ သူစကားပြောလိုက်သောအခါ ပေါ်ထွက်လာသည့် ဟိန်းသံကြီးမှာ ထိုနေရာတစ်ဝိုက်ရှိ အရာအားလုံးကို အပြင်းအထန် တုန်ရီသွားစေတော့သည်။

" ဆရာ … ကျွန်တော် ဆရာ့ကိုကယ်ဖို့ ရောက်လာပြီ "

အထူးအစောင့်များမှာ အလွန်အမင်း တုန်လှုပ်သွားကြပြီး အသိစိတ်များ ပျောက်လုမတတ် ချာချာလည်သွားကြတော့သည်။

သို့သော်လည်း လောင်ကျွမ်းပျက်စီးနေမှုများမှာ ယခုတိုင် မပြီးစီးသေးပေ။

ထိုဘီလူးကြီး အော်ဟစ်လိုက်သောအခါ ကျွန်ပေါ်ရှိအရာအားလုံးကို ဖျက်ဆီးသွားပြီဖြစ်သော ကျန်ရှိနေသေးသည့် မီးပင်လယ်ကြီးမှာ ပွင့်ထွက်လာသည့် အက်ကွဲကြောင်းများထဲသို့ စီးဝင်သွားကြသည်။

၎င်းတို့၏ ပန်းတိုင်ကား သင်္ချိုင်းဂူကြီးထဲရှိ ဧရာမမန္တန်အစီအရင်ကြီးဆီသို့ပင် ဖြစ်သည်။

ယခုအခါ မန္တန်အစီအရင်ကြီးမှာ အပြည့်အဝ အလုပ်လုပ်နေပြီဖြစ်သည်။ အရိုးများနှင့် ဗဟိုဧကရာဇ်သုံးယောက်၏ ရုပ်အလောင်းများအားလုံး အရည်ပျော်ကျသွားကြပြီဖြစ်ပြီး ယခုတွင် မန္တန်အစီအရင်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရှိနေကြပြီဖြစ်သည်။

အနက်ရောင်အရည် တစ်ဝက်ခန့် ကုန်ခန်းသွားကြပြီဖြစ်ကာ ပိုင်ရှောင်ချန်းနှင့် တုလင်ဖေးတို့အပေါ်တွင် တွယ်ကပ်နေကြသည့် မရေမတွက်နိုင်သော မှော်သင်္ကေတများအဖြစ်သို့ ပြောင်းလဲသွားကြပြီဖြစ်သည်။

ကောင်းကင်ဧကရာဇ်မှာမူ ရက်စက်ကြမ်းကြုတ်သော မျက်နှာအမူအရာဖြင့် မတ်တတ်ရပ်ကာ သူ၏လက်များကို ပိုင်ရှောင်ချန်းနှင့် တုလင်ဖေးတို့၏ ခေါင်းပေါ် မခွာတမ်းတင်ထားသည်။

" ပေါင်းစမ်းပါ… ပေါင်းကြစမ်းပါ.. ပေါင်းစည်းလိုက်စမ်းပါ.. တောက် "

ပိုင်ရှောင်ချန်းနှင့် တုလင်ဖေးတို့နှစ်ယောက်စလုံး အဆက်မပြတ် တုန်ရီနေကြပြီး အတူတကွ ပေါင်းစည်းသွားတော့မည့်အလား ဖြစ်နေပြီဖြစ်သည်။

ထိုအချိန်တွင် သင်္ချိုင်းဂူကြီး ထပ်ခြမ်းကွဲသွား၏။ ကမ္ဘာပျက်မည့် နေ့ရက်ကြီးသို့ ရောက်ရှိလာသည့်အလား။ ကျောက်သားနံရံများ နီမြန်းစွာ တောက်ပလာကြပြီး ပေါက်ကွဲသွားကာ အတွင်းပိုင်းသို့ မီးတောက်များ ဒလဟော ဝင်ရောက်လာတော့သည်။

ကမ္ဘာကြီးတစ်ခုလုံး မီးလောင်တိုက်သွင်းခံရကာ ပျက်ကိန်းဆိုက်တော့မည့်အလား။

All Chapters