အခန်း (၁၀၂)
Vol. 11 Ch. 102
🌹Chapter 102
သဘောကျသည့် မိန်းကလေးကို နမ်းလိုက်ရသဖြင့် လင်းယွမ်စိတ်ရွှင်သွားပြီး နဂါးရိုးအကြောင်း ရှင်းပြလိုက်ပါသည်။
“ကိုယ့်ကို လျို့ဖုကျွင်း ဒီနဂါးရိုးပေးခဲ့တာ”
ယန်ရုန်ရုန် နားမလည်နိုင်ဖြစ်သွားသည်။
“ဘာလို့လဲ”
လင်းယွမ် မြေခွေးတစ်ကောင်လို ပြုံးလိုက်ပါသည်။
“သူနဲ့ အပေးအယူလုပ်ခဲ့တာလေ၊ ကိုယ့်ကို နဂါးရိုးပေးမယ်ဆိုရင် သူ့ကို ရေခဲဝိညာဉ်အမြုတေ ပြန်ပေးမယ်ဆိုပြီးပေါ့”
ယန်ရုန်ရုန် နတ်ဆိုးမျိုးနွယ်တွင် နေထိုင်ခဲ့စဉ်က ရေခဲဝိညာဉ်အမြုတေအကြောင်း ကြားခဲ့ဖူးပါသည်။ ရေခဲတောင်ပံ ဝံပုလွေဘုရင်၏ အမြုတေလည်းဖြစ်သည်။
ရေခဲတောင်ပံ ဝံပုလွေများမှာ စွမ်းအားကြီးမားသည့် နတ် သားရဲများဖြစ်ကြပြီး အလွန်အေးစက်သည့် ရေခဲတောင်များတွင် နေထိုင်လေ့ရှိကြသည်။ ၎င်းတို့၏ တိုက်ခိုက်စွမ်းအားက အလွန်ကြီးမားပြီး အုပ်စုဖွဲ့ အမဲလိုက်တတ်ကြကာ ဉာဏ်ရည်မြင့်မားကြသည်။ အငြှိုးအတေးလည်း ကြီးမားတတ်ကြသည်။
နတ်ဆိုးမျိုးနွယ်ရှိ ဘယ်သူကမှ ထိုဝံပုလွေများကို ရန်မစရဲကြပါ။ အထူးသဖြင့် ၎င်းတို့၏ ခေါင်းဆောင်ဖြစ်သော ဝံပုလွေဘုရင်ကို ဟင်းလင်းပြင်ကျင့်ကြံခြင်းအဆင့် ရှိသူတစ်ယောက်ပင် အနိုင်ယူနိုင်လောက်ပေ။
ထို့ကြောင့် ၎င်း၏ အမြုတေက ရှားပါး နတ်ရတနာတစ်ပါးဖြစ်သော်လည်း ဘယ်သူမှ ပစ်မှတ်မထားရဲခဲ့ကြပေ။ ရေခဲဝိညာဉ်အမြုတေက အလွန် အဖိုးတန်ပြီး ရေခဲအမျိုးအစား ဝိညာဉ်ရင်းမြစ်ကို ပိုင်ဆိုင်ထားသူများအတွက် အားဖြည့်စာကဲ့သို့ အထောက်အကူ ပြုနိုင်ပါသည်။ ရေခဲခန္ဓာကိုယ် ပိုင်ဆိုင်ထားသူများအတွက်လည်း လိုက်ဖက်ညီသည့် ရတနာတစ်ခုပင်။
တိုက်ဆိုင်စွာဖြင့် လျို့ပင်းပီမှာ ရေခဲအမျိုးအစား ဝိညာဉ်ရင်းမြစ်ရှိပြီး ရေခဲခန္ဓာကိုယ်ကိုလည်း ပိုင်ဆိုင်ထားသည်။
ယန်ရုန်ရုန် ခန့်မှန်းကြည့်လိုက်ပါသည်။
“လျို့ဖုကျွင်း သူ့သမီးအတွက် လုပ်ပေးခဲ့တာလား”
လင်းယွမ် ချီးကျူးလိုက်ပါသည်။
“တော်လိုက်တာ၊ တစ်ခါတည်းနဲ့ မှန်အောင် ခန့်မှန်းနိုင်တယ်”
ယန်ရုန်ရုန် မျက်စပစ်လိုက်လေသည်။
လင်းယွမ်ပြုံးလိုက်ပြီး ဆက်ရှင်းပြလိုက်ပါသည်။
“လျို့ပင်းပီရဲ့ ခန္ဓာက ကျင့်ကြံဖို့အတွက် ပြီးပြည့်စုံတဲ့ ခန္ဓာတစ်ခုပဲ၊ ကံမကောင်းစွာနဲ့ သူ့ဒန်တျန်မှာ ချွတ်ယွင်းချက် ရှိနေလို့ ဝိညာဉ်စွမ်းအင်တွေကို မသိုလှောင်နိုင်ဘူး၊ ရေခဲဝိညာဉ်အမြုတေက အဲ့ဒီချွတ်ယွင်းချက်ကို ပြုပြင်ပေးနိုင်တတယ်၊ အဲ့တာဆို သူ ပုံမှန်အတိုင်း ကျင့်ကြံနိုင်သွားလိမ့်မယ်၊ ဟူး… လျို့ဖုကျွင်းက သူ့သမီးအတွက် အဆုံးစွန်ထိရောက်အောင် ကြိုးစားပေးခဲ့တာပဲ”
လျို့ပင်းပီအား လျို့ဖုကျွင်း ရက်ရက်စက်စက် တိုက်ခိုက်ဖို့ ကြိုးစားခဲ့သည့် မြင်ကွင်းကို ယန်ရုန်ရုန် ပြန်မြင်ယောင်မိသည်။
လျိုဖုကျွင်း ရူးသွပ်သွားပြီး သူ့ဇနီး ရှောင်းဟုံယန်ကို ပြန်တွေ့နိုင်ဖို့အတွက်နှင့် သမီးအရင်းကို သတ်ဖို့ ကြိုးစားခဲ့သည်ဟု ယန်ရုန်ရုန်ထင်ခဲ့မိပါသည်။ သို့သော် ယခုတော့ အဖြစ်အ ပျက်များက သူမထင်သလောက် မရိုးရှင်းမှန်း နားလည်ခဲ့ရသည်။
လျို့ဖုကျွင်းသာ သူ့သမီးကို အမှန်တကယ်သတ်ဖို့ ရည်ရွယ်ထားလျှင် ရေခဲဝိညာဉ်အမြုတေကို ရဖို့ နဂါးရိုးနှင့် လဲလှယ်ခဲ့မှာ မဟုတ်ပါ။
အတွေးလွန်နေသည့် ယန်ရုန်ရုန့်မျက်နှာကို ကြည့်ရင်း နားမလည်နိုင်ဖြစ်နေသေးမှန်း လင်းယွမ် ရိပ်စားမိပါသည်။ ထို့ကြောင့် လက်ဖျောက်တစ်ချက် ထပ်တီးလိုက်ရာ သူ့လက်ပေါ် အပြာရောင်ပုတီးစေ့တစ်လုံး ပေါ်လာခဲ့သည်။
ထိုပုတီးစေ့က ပုံရိပ်ဖမ်းပုတီးစေ့ဖြစ်ပြီး ခေတ်သစ်၏ ဗီဒီယိုတိပ်ခွေများနှင့် ဆင်တူပါသည်။
ထိုပုတီးစေ့ကို လင်းယွမ် အသာအယာညှစ်လိုက်သောအခါ ကွဲထွက်သွားပြီး ပုံရိပ်ယောင်အသွင်နှင့် မြင်ကွင်းတစ်ခု ပေါ်လာခဲ့သည်။
စာကြည့်ခန်းထဲက ဖြစ်ရပ်များကို သူတို့ ပြန်မြင်နေရပါသည်။ လျို့ပင်းပီထံမှ ခရမ်းရောင်ကျောက်စိမ်း ပုတီးကွင်းကို ပြန်တောင်းရင်း လျို့ဖုကျွင်း၏ မျက်လုံးများ စူးရှနေခဲ့သည်။
လျို့ပင်းပီက ပုတီးကွင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခဲ့ပါသည်။
“ဖမ့်လိုင်ကျွန်းကို သမီးကာကွယ်ပေးရမယ်၊ အဖေ့ကို ဖျက်ဆီးခွင့် မပြုနိုင်ဘူး!”
လျို့ဖုကျွင်း လက်တစ်ဖက်ကို မြှောက်လိုက်ပြီး လျို့ပင်းပီအား တိုက်ခိုက်ခဲ့သည်။
ထိုအချိန်တွင် ပုံရိပ်များကို လင်းယွမ် ရပ်တန့်လိုက်သည်။ ထို့နောက် ပုံရိပ်၏ရှုထောင့်ကို လှည့်လိုက်ပြီး ယန်ရုန်ရုန့်ကို သေချာကြည့်ခိုင်းလိုက်ပါသည်။
ထိုအချိန်တုန်းက ယန်ရုန်ရုန်မှာ လျို့ဖုကျွင်း ဘေးနားတွင် ရှိနေခဲ့သဖြင့် သူ့လက်ဖဝါးကို မမြင်နိုင်ခဲ့ပေ။ ယခု ရှုထောင့် ပြောင်းလဲသွားသောအခါ လျို့ဖုကျွင်းကို ရှေ့တည့်တည့်မှ မြင်နိုင်ပါပြီ။
လျို့ဖုကျွင်း လက်ဖဝါးထဲ မှိန်ပျပျ အလင်းရောင်တစ်ခုထွက်နေသည်ကို ယန်ရုန်ရုန် မြင်လိုက်ရသည်။ လင်းယွမ်က သိတတ်စွာဖြင့် ပုံရိပ်ကို ချဲ့ပေးလိုက်ပါသည်။ ယခုတော့ ယန်ရုန်ရုန် မြင်ခဲ့ရလေပြီ။
သူ့လက်ဖဝါးထဲတွင် အလွန်သေးငယ်သည့် ရေခဲကျောက်လေးတစ်လုံးကို ဖွက်ထားခဲ့ပါသည်။
ယန်ရုန်ရုန် မျက်လုံးပြူးသွားခဲ့သည်။
“အဲ့တာက…”
အံ့အားသင့်သွားသည့် ယန်ရုန်ရုန့် မျက်နှာလေးကို လင်းယွမ် မေးထောက် အရသာခံကြည့်ရင်း ပြောလိုက်သည်။
“ရေခဲဝိညာဉ်အမြုတေလေ”
ထို့နောက် ပုံရိပ်ကို လင်းယွမ် ဆက်ဖွင့်လိုက်သည်။ လျို့ဖုကျွင်း တိုက်ခိုက်လိုက်သည့်အခါ စွမ်းအားကြီးမားသည့် ဝိညာဉ်စွမ်းအင်များဝန်းရံလျက် ရေခဲဝိညာဉ်အမြုတေ လွင့်ထွက်လာခဲ့သည်။ လျို့ပင်းပီရှေ့မှ ယန်ရုန်ရုန် ကာကွယ် ပေးခဲ့သော်လည်း လျို့ပင်းပီကို စွမ်းအင်အချို့က ထိမှန်သွားခဲ့သည်။ ထိုအချိန်တွင် သူမ ခန္ဓာကိုယ်ထဲ ရေခဲဝိညာဉ်အမြုတေ ဝင်ရောက်သွားခဲ့ပါသည်။
ရေခဲဝိညာဉ်အမြုတေက အလွန်သေးငယ်သည့်အပြင် လျို့ဖုကျွင်း၏ လှုပ်ရှားမှုများကလည်း မြန်ဆန်လွန်းသဖြင့် ဘယ်သူမှ သတိမထားမိခဲ့ကြပါ။ လျို့ပင်းပီကိုယ်တိုင်ပင် မသိခဲ့ချေ။
သူမ ရင်ဘတ်ထဲ နာကျင်မှုတစ်ခု ခံစားခဲ့ရသော်လည်း ဝိညာဉ်စွမ်းအင်ထိမှန်သွားမှုကြောင့် ဒဏ်ရာ ရရှိသွားခြင်း ဖြစ်မည်ဟုသာ တွေးခဲ့ပါသည်။
ယန်ရုန်ရုန့် အာရုံထဲ အတွေးများစွာ ရုတ်တရက်ဝင်ရောက် လာခဲ့သည်။ သူမကို စိတ်အနှောင့်အယှက်ပေးခဲ့သည့် ပဟေဠိများစွာအတွက်လည်း အဖြေချက်ချင်း ရသွားခဲ့သည်။
သူမ နားလည်သွားပါပြီ။ သမီးဖြစ်သူကို လျို့ဖုကျွင်း ရုတ် တရက် ရက်ရက်စက်စက် တိုက်ခိုက်ခဲ့ရခြင်းက ရူးသွပ်သွားခြင်းကြောင့် မဟုတ်ပေ။ ထိုတိုက်ခိုက်မှုကို ဟန်ပြအဖြစ် အသုံးချပြီး သူမခန္ဓာကိုယ်ထဲ ရေခဲဝိညာဉ်အမြုတေ ထည့်သွင်းပေးခဲ့ခြင်းသာ။
ဒီလို အစွန်းရောက်သည့် နည်းလမ်းကို လျို့ဖုကျွင်း သုံးခဲ့ရခြင်းက သူ့ကိုယ် သူ ပြန်လမ်းမရှိသည့် လူတစ်ယောက်ဖြစ်မှန်း နားလည်နေခြင်းကြောင့် ဖြစ်နိုင်ပါသည်။
ဖူရှန်းကြေးမုံနှင့် ပူးပေါင်းပြီး ကျင့်ကြံသူများစွာကို သေဆုံးအောင် သူလုပ်ခဲ့သည်။ အမှန်တရားပေါ်ပေါက် လာသည်နှင့် ဖမ့်လိုင်မသေမျိုးကျွန်းကို လူတိုင်းက ပစ်မှတ်ထားလာနိုင်ပါသည်။
ထိုအခါ သူတို့သားအဖနှစ်ယောက်ကို ရာဇဝတ်သားများဟု ခေါင်းစဉ်တပ်လိုက်ကြပြီး ကုန်းမြေတိုက်ကိုးခုမှ နှင်ထုတ်ကြလိမ့်မည်။ သမီးဖြစ်သူကို သူနှင့်အတူ ဒုက္ခမရောက်စေချင်သဖြင့် ဒီလို နည်းလမ်းကို ရွေးချယ်ကာ အားလုံးကို အဆုံးသတ်ခဲ့ရခြင်း ဖြစ်ပါလိမ့်မည်။
လျို့ဖုကျွင်း ရည်ရွယ်ချက်ရှိရှိ ရူးသွပ်ချင်ယောင် ဆောင်ခဲ့ပြီး သမီးဖြစ်သူကို သတ်ဖို့ကြိုးစားကာ ရှန်းဝမ်ချင်း ဝင်ကယ်အောင် ရည်ရွယ်ချက်ရှိရှိ ဖန်တီးခဲ့သည်။ လျို့ပင်းပီတွင် အပြစ်မရှိဘဲ သူတစ်ယောက်တည်းမှာသာ အပြစ်ရှိကြောင်း ကမ္ဘာကြီးကို ပြသချင်ခြင်းပင်။
နောက်ပိုင်း လျို့ပင်းပီကို တစ်စုံတစ်ယောက်က ဒေါသပုံချဖို့ ကြိုးစားခဲ့လျှင်တောင် ရှန်းဝမ်ချင်းက ဝင်ကူညီပေးနိုင်လောက်သည်။
ရှန်းဝမ်ချင်းက ဝင်ကူညီမပေးနိုင်ဘဲ အဆိုးဆုံးအခြေအနေကို ရောက်နေလျှင်တောင် ကိစ္စမရှိပါ။ ရေခဲဝိညာဉ် အမြုတေနှင့်သာဆို လျို့ပင်းပီ ကျင့်ကြံနိုင်တော့မည်။ သူမ၏ ပါရမီနှင့်သာဆို အချိန်တိုအတွင်း ကျင့်ကြံခြင်းအဆင့်များ မြင့်တက်သွားပါလိမ့်မည်။ ထိုအခါ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းလည်း ရှိသွားလိမ့်မည်။
လျို့ပင်းပီက ဖမ့်လိုင်ကျွန်း၏ အရှင်သခင်အသစ် ဖြစ်လာပြီး တောက်ပသည့် အနာဂတ်ကို ပိုင်ဆိုင်ရပါလိမ့်မည်။
သူ့သေဆုံးခြင်းဖြင့် အရာအားလုံးကို လျို့ဖုကျွင်း အဆုံး သတ်ခဲ့သည်။ ဘဝတစ်ခုကို အဆုံးသတ်ပြီး ဘဝအသစ်တစ်ခုကို တည်ဆောက်ပေးခဲ့သည်။
ပုံရိပ်ထဲတွင် လျို့ပင်းပီကို ကြည့်နေသည့် လျို့ဖုကျွင်း၏ နောက်ဆုံးအကြည့်များက အလွန်ရှုပ်ထွေးလှပါသည်။ နောက်ဆုံး နှုတ်ဆက်ခြင်းဖြစ်မှန်း သူသိနေခဲ့ခြင်းကြောင့် ဖြစ်လိမ့်မည်ဟု ယန်ရုန်ရုန်တွေးမိသည်။
အရာအားလုံးကို စီစဉ်ပေးခဲ့ပြီးသား ဖြစ်သဖြင့် လျို့ဖုကျွင်း အေးအေးချမ်းချမ်း သေဆုံးကာ ရှောင်းဟုံယန်နှင့် ပြန်လည် ဆုံစည်းနိုင်ပါတော့မည်။
လျို့ဖုကျွင်း ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်လိုက်သောအခါ ပုံရိပ်များ ရုတ်တရက် ရပ်တန့်ပျောက်ကွယ်သွားခဲ့သည်။
လင်းယွမ်က အပြုံးဖြင့် မေးလိုက်ပါသည်။
“အခုအားလုံး နားလည်သွားပြီလား”
လင်းယွမ်ကို ယန်ရုန်ရုန် ခံစားချက်မဲ့စွာကြည့်ရင်း အေးစက်စွာ ပြောလိုက်သည်။
“လျို့ဖုကျွင်းမှာ နဂါးရိုးမရှိခဲ့ဘူး၊ ဒါပေမယ့် သူ့မှာ ရှိနေတယ်လို့ လိမ်ပြောခဲ့တယ်၊ အဲ့လိုလိမ်ပြောအောင် ရှင်စေခိုင်းခဲ့တာ မဟုတ်လား၊ ကျွန်မတို့ နဂါးရိုးကို အသည်းအသန်လိုအပ်နေမှန်း ရှင်သိတယ်၊ ကျွန်မအတွက် အဲ့ဒီနဂါးရိုးကို ရှန်းဝမ်ချင်း ဘယ်လိုနည်းနဲ့မဆို ရအောင် ယူပေးမှာဆိုတာကိုလည်း ရှင်သိနေတယ်၊ အဲ့တာကြောင့် လျို့ဖုကျွင်းကို ငါးစာအဖြစ် အသုံးချပြီး ရှန်းဝမ်ချင်းကို ရှင်ထောင်ချောက်ဆင်ခဲ့တာ၊ ရှင်သူ့ကို သတ်ဖို့ရည်ရွယ်ခဲ့တာပဲ”
လင်းယွမ် မျက်ခုံးပင့်သွားသည်။
“ရှန်းဝမ်ချင်းအတွက် မင်း စိတ်မကောင်းဖြစ်နေတာလား”
ယန်ရုန်ရုန် မဆိုင်းမတွ ပြန်ဖြေလိုက်သည်။
“အင်း”
သူမက သူတော်စင် မဟုတ်သော်လည်း စေတနာမေတ္တာတရားနှင့် အငြှိုးတရားတွေကိုတော့ ဝေခွဲနိုင်စွမ်း ရှိပါသေးသည်။
သူမအတွက် နဂါးရိုးကို ရှာဖွေပေးဖို့ ရှန်းဝမ်ချင်း မိုင်ပေါင်းများစွာ ခရီးနှင်ခဲ့ရပြီး သူ့အသက်ကိုပင် ရင်းပေးခဲ့သည်။ ထိုကျေးဇူးကို သူမ မေ့လို့မရပါ။
ယခု နဂါးရိုးအမှန်တကယ် ရှိမနေသည့် ချန့်ခွင်းအိတ်ကို လျို့ဖုကျွင်းထံမှ ရှန်းဝမ်ချင်း အသေခံရယူဖို့ ကြိုးစားရင်း ပေါက်ကွဲမှုထဲပါသွားသည့်အကြောင်း စဉ်းစားမိသောအခါ ယန်ရုန်ရုန် နေလို့မကောင်းတော့ပေ။
လင်းယွမ်ကတော့ အပြုံးမပျက်ခဲ့ပါ။ သို့သော် သူ့မျက်ဝန်းတွေထဲ ရွှင်ပျမှု မမြင်ရတော့ချေ။ သူ မပျော်မရွှင် ဖြစ်နေမှန်း သိသာလှပါသည်။