← Chapters

သိုင်းပညာအဟောင်းနှင့် သိုင်းပညာအသစ်

Vol. 29 Ch. 316

သိုင်းပညာအဟောင်းနှင့် သိုင်းပညာအသစ်

Vol. 29 Ch. 316

လော့အိမ်တော်နှင့် ချန်အိမ်တော်သည် လမ်းတစ်ခုသာ ခြားလျှက်တည်ရှိသည်။

လော့မိသားစုသည် ယွင်ယန်ခရိုင်တောင်ပိုင်းတွင် နေထိုင်ပြီး ပိုးထည်လုပ်ငန်းကို လုပ်ကိုင်ကြသဖြင့် ယွင်ယန်ခရိုင်တွင်သာမက ပြည်နယ်ကြီးတစ်ခုလုံးအထိပါ ကျော်ကြားလေ၏။

ထို့အပြင် သခင်ကြီးလော့ကိုယ်တိုင်ကလည်း လမ်းတံတားများပြင်ဆင်ခြင်း ၊ ဆန်ပြုတ်ဒါနပြုခြင်း စသည့်ကောင်းမှုတို့ကြောင့် လူသိများပြီး ခရိုင်အတွင်း နာမည်ကောင်းရရှိထားသူပင်။

သခင်ကြီးလော့၏ ဂုဏ်ယူရသောသားမှာလည်း သိုင်းပညာပါရမီရှင်တစ်ဦး ဖြစ်သည်။

လူငယ်လေး လော့ပုဖန်သည် ထူးခြားသော သိုင်းပညာပါရမီရှိသူဖြစ်ပြီး မိစ္ဆာနှိမ်နင်းရေးဌာနမှ ဒေသဆိုင်ရာ မိစ္ဆာနှိမ်နင်းရေးသံတမန်အဖြစ် အထူးခေါ်ယူခြင်းကိုပင် ခံခဲ့ရ၏။

သို့သော်လည်း လွန်ခဲ့သောလဝက်ခန့်က လော့ပုဖန်သည် ရုတ်တရက်ကြီး ပျောက်ဆုံးသွားခဲ့သဖြင့် ယွန်းယန်ခရိုင်တွင် အကြီးအကျယ် လှုပ်ခတ်သွားခဲ့သည်။

သခင်ကြီးလော့သည် သူ၏သားကို ရှာဖွေနိုင်သူအား ငွေစင် ၇,၀၀၀ ပေးမည်ဟုပင် ကမ်းလှမ်းပြီး သားပျောက်ကို အကူတပြင်းရှာဖွေခဲ့၏။

သို့သော် သူ၏သားကို လုံးဝရှာမတွေ့ခဲ့ပါ။

သားဖြစ်သူပျောက်ဆုံးသွားသဖြင့် ပူဆွေးသောကရောက်နေသော လော့မိသားစုအား ကံကြမ္မာကလည်း မုန်းတိုင်းတိုက်ခတ်ချင်နေပုံရ၏။

လွန်ခဲ့သောတစ်ပတ်မှာတော့ လော့မိသားစုတစ်စုလုံး အမြစ်ပြတ်သတ်ဖြတ်ခြင်းခံခဲ့ရလေသည်။ ထိုသတင်းက ယွန်းယန်ခရိုင်တစ်ခုလုံးကို တုန်လှုပ်စေခဲ့ပြီး အားလုံးစုတ်တသပ်သပ်ဖြစ်သွားကြသည်။

ထူးဆန်းမှုက ထိုမျှနှင့်မပြီးသေးပါ ။

လော့မိသားစုသာမက ချန်မိသားစုပါ သတ်ဖြတ်ခြင်းခံခဲ့ရပြီး မိသားစုဝင် ၇၆ ဦးလုံး သေဆုံးခဲ့လေသည်။

မိသားစုကြီးနှစ်ခုလုံးအား တစ်ညအတွင်း ရက်ရက်စက်စက် ဝင်ရောက်သတ်ဖြတ်သွားခြင်းပင်။

ထိုအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီးကြောင့် ယွင်ယန်ခရိုင်တွင် ဆူညံသွားခဲ့ပြီး မိစ္ဆာနှိမ်နင်းရေးဌာနမှ ထိုအမှုကြီးကို စုံစမ်းစစ်ဆေးရန် ရောက်ရှိလာတော့သည်။

ကျိယွမ်သည် ဆန်ပြုတ်ကျဲကျဲတစ်ခွက်ကို သောက်ရင်း ပေါ့ပေါ့ပါးပါး ထိုင်နေ၏။

"ဒီမှာ ဖန်ထည်တွေ၊ အမြောက်တွေ မရှိသေးဘူးပဲ။ ငါသာ ဒါတွေကို ထုတ်လုပ်နိုင်ရင် သေချာပေါက်ချမ်းသာမှာပဲ မဟုတ်လား"

သူက ဆန်ပြုတ်ထည့်ထားသော ကြွေပန်းကန်ကိုမြင်ပြီး ငွေရလမ်းကို တွေးမိသွားသည်။

သို့သော် ခဏအကြာတွင် ကျိယွမ်သည် ၎င်းကို မလုပ်ရန် ဆုံးဖြတ်လိုက်သည်။

ပထမဦးစွာ သူသည် တာဝန်ကို အပြီးသတ်ရန် လိုအပ်နေသည်။

သိုင်းပညာပြိုင်ပွဲတွင် ပါဝင်ရန် ပြန်သွားချင်နေသလို အမြုတေကိုလည်း ဖွဲ့စည်းရဦးမည်ဖြစ်၏။

"အင်း..လော့မိသားစုက သခင်လေးနဲ့ ချန်မိသားစုက သခင်မလေးတို့ဟာ စေ့စပ်ထားကာစ ရှိသေးတယ်၊ အခုတော့ ဒီလိုအဖြစ်ဆိုးနဲ့ ရင်ဆိုင်လိုက်ရတာ နှမြောစရာပဲ"

"လော့သခင်ကြီးက ဒီလောက်ကြင်နာတတ်တာ ၊ ဘယ်လိုလူကများ .."

မြို့ခံအချို့သည် မိသားစုကြီးနှစ်ခုအတွက် ဝမ်းနည်းပူဆွေးစွာဖြင့် တီးတိုးကရုဏာစကားများ ပြောဆိုနေကြသည်။

ကျိယွမ်သည် ထို NPC များ၏ အတင်းအဖျင်းများကို ဆက်မနားထောင်တော့ဘဲ နေရာမှ ထလိုက်၏။

သူသည် လုံလောက်သော အချက်အလက်များကို စုဆောင်းမိပြီ ဖြစ်သည်။

ယခု လော့အိမ်တော်ထဲသို့ ဦးတည်သွားရန်သာ လိုတော့သည်။

လမ်းလျှောင်လာရင်းမှ သူလော့အိမ်တော်အနီးသို့ ရောက်လာလေလေ လူသွားလူလာနည်းပါလာလေဖြစ်ပြီး သူတောင်းစားများကိုပင် မတွေ့ရသလောက်ဖြစ်လာ၏။

စံအိမ်နှင့် မီတာတစ်ရာခန့်အကွာမှပင် ကျိယွမ်သည် ပြင်းထန်သော သွေးညှီနံ့ကို ရရှိနေသည်။

စံအိမ်ပတ်ဝန်းကျင်တွင် မြို့စောင့်ရဲမက်များသည် သာမန်လူများ ဝင်ရောက်ခြင်းမပြုနိုင်ရန် အကာအရံများ ချထား၏။

ကျိယွမ် ခေတ္တရပ်တန့်သွား

ရသည်။

ငါက သာမန်လူတစ်ယောက်လား။

မဟုတ်ပါ။

သူသည် ကစားသမားတစ်ယောက် ဖြစ်လေသည်။

ထို့ကြောင့် သူသည် လော့အိမ်တော်ဆီသို့ ခပ်တည်တည်ဖြင့် လျှောက်သွားလိုက်၏။

စံအိမ်ဝန်းရှေ့တွင် ရဲမက်အချို့စကားပြောနေကြပြီးတစ်စုံတစ်ယောက် ချဉ်းကပ်လာသည်ကိုမြင်သောအခါ လီရှုဟူသောရဲမက်က သူ၏ဓားကို မြှောက်ကာ ကျိယွမ်ကို စောင်းကြည့်လိုက်သည်။

"ကျိအာ၊ မင်း ဝက်သားမရောင်းဘဲ ဒီမှာ ဘာလုပ်နေတာလဲ။ ငါတောင် မင်းကို မိစ္ဆာနှိမ်နင်းရေးဌာနက အရာရှိကြီးတစ်ယောက်လို့ အမှတ်မှားသွားတော့ မလို့။ မင်းကတော့ ဘိုးဘိုးလီကို လန့်အောင် လုပ်နေတာပဲ"

လီရှုသည် ကျိအာထံမှ ဝက်သားများကို ပိုက်ဆံမပေးဘဲ မကြာခဏ ဝယ်ယူလေ့ရှိသဖြင့် ကျိအာကို သိနေခြင်း ဖြစ်သည်။

"ကျွန်တော် တာဝန်တစ်ခု ပြီးမြောက်အောင် လုပ်ဖို့ လာတာပါ"

ကျိယွမ်က ရိုးသားမှုသည် အကောင်းဆုံးလက်နက်ဖြစ်သည်ဟု ယုံကြည်ကာ အမှန်အတိုင်း ပြောလိုက်သည်။

NPC များသည်လည်း ဤသည်မှာ ဂိမ်းကမ္ဘာဖြစ်သည်ကို သိပိုင်ခွင့်ရှိသည်ဟု သူခံစားမိသောကြောင့် အခွင့်အခါရတိုင်း ၄င်းတို့အား ဂိမ်းဖြစ်ကြောင်း ပြောပေးလေ့ရှိ၏။

"ဒါကြောင့် ကျွန်တော့်ကို မြန်မြန်ပေးဝင်ပါ၊ ကျွန်တော် တာဝန်ပြီးမှ ဒီဂိမ်းထဲက ထွက်ရမှာမို့လို့ပါ"

စည်းကမ်းလိုက်နာတတ်သော ကျိယွမ်က အေးအေးဆေးဆေးနှင့် အကျိုးအကြောင်းရှင်းပြလိုက်သည်။

သူသည် အများ၏ အာရုံစိုက်ခံရမည်ကိုသာ မစိုးရိမ်လျှင် သူ၏နဖူးပေါ်တွင် "တရားမျှတမှု" ဟူသော စာလုံးကို ထွင်းထုရန်ပင် စဉ်းစားမိပေလိမ့်မည်။

သို့သော် ကျိယွမ်၏ စကားများကြောင့် လီရှုမှာ မှင်တက်သွားသည်။

"မင်း ဘာဖြစ်နေတာလဲ။ မင်းရဲ့ ငယ်ဘဝဇနီးလောင်းကို သခင်ကြီးဟွမ်က ခေါ်သွားလို့ စိတ်နောက်သွားတာလား"

ဟွမ်စစ်သည် ကျိအာ၏ ဇနီးလောင်းကို ခေါ်ဆောင်လိုသဖြင့် ကျိအာသည် လီရှုထံတွင် အကူအညီတောင်းခဲ့ဖူးသည်။

သို့သော် လီရှုသည် စားထားသော ဝက်သားများကိုမှအားမနာ ဘာမှ ကူညီပေးခဲ့ခြင်း မရှိပါ။

ထိုအချိန်တွင် အနက်ရောင် ဝတ်စုံဝတ်ထားသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကလည်း ထိုနေရာသို့ ရောက်လာကြသည်။

မျက်နှာဝိုင်းဝိုင်းနှင့် အရပ်ရှည်သောအမျိုးသမီးသည် ဘယ်ဘက်လက်တွင် နှင်တံကိုကိုင်ထားပြီး ညာဘက်လက်ဖြင့် ခွေးနက်ကြီးတစ်ကောင်ကို ဆွဲလာ၏။

"ဘာတွေဖြစ်နေတာလဲ"

သူတို့ကို မြင်သောအခါ လီရှုမှာ ချက်ချင်း အမူအရာ ပြောင်းသွားတော့သည်။

"အရာရှိကြီးတို့၊ ဒီ ကျိအာက မြို့ထဲက ဝက်သတ်သမားပါ။ သူ ဘာဖြစ်သွားလဲတော့ မသိဘူး၊ လော့အိမ်တော်ထဲကို ဝင်မယ်လို့ ဇွတ်လုပ်နေတယ်။ သူဟာ လော့မိသားစု အစုလိုက်သတ်ဖြတ်မှုမှာ ပါဝင်နေမလားလို့ ကျွန်တော် သံသယရှိပါတယ်။ သူ့ကို ဖမ်းပြီး ထောင်ထဲ ထည့်လိုက်ရမလား"

သူ၏ စကားများသည် အလွန် ယုတ်မာလှသည်။

ဤခေတ်ကာလတွင် မည်သည့်အကြောင်းရင်းကြောင့်ဖြစ်စေ အဖမ်းခံရပြီး ထောင်ကျခြင်းသည် ညှဉ်းပန်းနှိပ်စက်ခံရခြင်း သို့မဟုတ် သေဆုံးခြင်းကို ဆိုလိုသည် မဟုတ်ပါလား။

လီရှုသည် ကျိအာကို အကွက်ဆင်ကာ သတ်ခြင်းဖြင့် သူ၏ ဝက်သားအကြွေးများကို မဆပ်ဘဲနေနိုင်ရန် အမြဲတမ်း မကောင်းစိတ်မွေးနေခဲ့သူပင်။

ထိုနည်းဖြင့် သူ၏ အကြွေးလည်း ပြေပျောက်သွားမည်ဖြစ်ပြီး သူ၏ အကြံအစည်ကိုလည်း မည်သူမှ သိလိမ့်မည် မဟုတ်ပါ။

ထို့အတူ ကျိအာတွင် လောင်းကစားကြွေးများရှိနေပြီး သူ၏ဇနီးလောင်းကို ကြွေးဆပ်ရန် အသုံးပြုခဲ့ခြင်းမှာလည်း လီရှု၏ အကွက်ဆင်မှု တစ်စိတ်တစ်ပိုင်း ပါဝင်လေသည်။

မျက်နှာဝိုင်းနှင့် အမျိုးသမီးက ကျိယွမ်ကို ကြည့်ကာ ပြုံးလိုက်သည်။

"သူကို ကြည့်ရတာ တော်တော်ချောမောတာပဲ၊ လူကောင်းတစ်ယောက် ဖြစ်မှာပါ။ ဒီလောက်ချောပြီး ဝက်သတ်သမား လုပ်နေရတာကတော့ နှမြောစရာပဲ"

သူမ၏ စကားကြောင့် လီရှုမှာ စကားမဲ့သွားရသည်။

အနက်ရောင်ဝတ်စုံနှင့် အမျိုးသားက သူမ၏စကားကြောင့် ရယ်လိုက်လေသည်။

"အလုပ်ကိုပဲ အာရုံစိုက်ပါ။ အာရုံမလွင့်ပါနဲ့"

မျက်နှာဝိုင်းနှင့်အမျိုးသမီးသည် ဤအလုပ်တွင် အတွေ့အကြုံမရှိသူ မဟုတ်ပါ။

ထိုအချိန်တွင် ကျိယွမ်က သူတို့နှစ်ဦးကို စပ်စုသော အမူအရာဖြင့် ကြည့်နေရင်းမှ မေးလိုက်သည်။

"ခင်ဗျားတို့ နှစ်ယောက်ကလည်း ကစားသမားတွေလား။ ဂိမ်းကမ္ဘာထဲက ကစားသမားတွေလား"

သူ ဇဝေဇဝါ ဖြစ်နေ၏။

ဤကမ္ဘာသည် ဂိမ်းကမ္ဘာကြီးဖြစ်သောကြောင့် ထိုဂိမ်းထဲတွင် အခြားသော ကစားသမားများ ရှိနေခြင်းမျိုးလည်းရှိနိုင်သည်။

"မင်းက... လူသစ်လား"

မျက်နှာဝိုင်းနှင့်အမျိုးသမီး အံ့အားသင့်သွားပြီး သူမ၏ မျက်လုံးများက ရုတ်တရက် တောက်ပလာသည်။

"အသစ်လေးပဲ"

အနက်ရောင်ဝတ်စုံနှင့် အမျိုးသားကလည်း ကျိယွမ်ကို ကြည့်ပြီးမှတ်ချက်ချ၏။

သို့သော် ဤကမ္ဘာမှ လူများသည် "ကစားသမား" ဟူသော စကားလုံးကို နားမလည်သလို အသုံးပြုမည်လည်းမဟုတ်ပါ။

"ငါတို့က ကစားသမားတွေ မဟုတ်ဘူး၊ ငါတို့က မိစ္ဆာနှိမ်နင်းရေးဌာနက"

မျက်နှာဝိုင်းနှင့် အမျိုးသမီးက ပြောသည်။

"ဒီတာဝန် ပြီးသွားလို့... မင်း အသက်ရှင်နေသေးရင် နောင်မှာ ငါတို့ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်လာနိုင်တာပေါ့"

ဤကမ္ဘာတွင် ရုပ်ရည်သည် တရားမျှတမှု ဖြစ်၏။

ရုပ်လှရုံသက်သက်သည် ပြစ်မှုတစ်ခု ဖြစ်နိုင်သော်လည်း အခြားသော အရည်အချင်းများနှင့် ပေါင်းစပ်လိုက်လျှင် ခေတ်သစ်လူ့အဖွဲ့အစည်းတွင် ပြင်းထန်သော လက်နက်တစ်ခု ဖြစ်လာနိုင်သည်။

ကျိယွမ်ကသာ ရုပ်ဆိုးနေပါက သူမသည် စကားများများ ပြောနေမည် မဟုတ်ပါ။

မျက်နှာဝိုင်းနှင့် အမျိုးသမီးက လီရှုကို ကြည့်ပြီး အသိပေးလိုက်၏။

"သူက ငါတို့လူပဲ"

ပြောပြောဆိုဆိုနှင့် သူမသည် လီရှု၏ ပုခုံးပေါ်သို့ လက်တင်လိုက်သည်။

လီရှုခမျာ နဖူးမှ ချွေးများ ထွက်လာပြီး ကြောက်လန့်စွာ ပြုံးပြလိုက်ပြီး ချက်ချင်းအရိုအသေပေးတော့သည်။

"ကျွန်တော့်ရဲ့ မသိနားမလည်မှုကို ခွင့်လွှတ်ပေးပါ"

ခေါင်းအကြိမ်ကြိမ်ညွှတ်နေရင်းမှ နားမလည်နိုင်လည်း ဖြစ်နေမိသည်။

ဝက်သားရောင်းသမား ကျိအာသည် မိစ္ဆာနှိမ်နင်းရေးဌာနနှင့် မည်သို့ ပတ်သက်သွားလေသနည်း။

မိစ္ဆာနှိမ်နင်းရေးဌာန၏ ကြားဝင်မှုကြောင့် ကျိယွမ်သည် သူ၏ဆန္ဒအတိုင်း လော့အိမ်တော်အတွင်းသို့ ဝင်ခွင့်ရသွားခဲ့သည်။

မျက်နှာဝိုင်းနှင့်အမျိုးသမီးသည် ခွေးနက်ကြီးကိုဆွဲထားရင်း ပတ်ဝန်းကျင်ကို ကြည့်ကာ ပြုံးလိုက်၏။

"နင် ငါ့ကို ကျေးဇူးတင်သင့်တယ်။ အဲ့ဒီရဲမက်က နင့်အပေါ် မကောင်းတဲ့ အကြံရှိနေတာ၊ ငါက နင့်ကို ကူညီပေးလိုက်တာနော် ။ နင့်ရဲ့ ပထမဆုံး တာဝန်မှာ ငါ့လိုအလှလေးနဲ့ တွေ့တာ ကံကောင်းတယ်လို့ မှတ်။ တခြားသူဆိုရင် နင့်ကို ဘယ်လို လှည့်စားဦးမလဲ မသိနိုင်ဘူး"

လီရှု၏ ပုခုံးပေါ် လက်တင်လိုက်စဉ် သူမသည် လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့၏။

ကျိယွမ်က မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ကာ သူမအားကြည့်လိုက်သည်။

"သူက ကျွန်တော့်ကို ပိုက်ဆံပေးဖို့ ရှိသေးတယ်၊ ခင်ဗျား သူ့ကို သတ်လိုက်တာလား"

ထိုအခိုက် အနက်ရောင်ဝတ်စုံနှင့် အမျိုးသားက ချက်ချင်း ကြားဖြတ်ပြောလေ၏။

"အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့ဦး။ အခု အရေးကြီးတာက တာဝန်ပဲ"

ပြောရင်းနှင့် သူသည် အမျိုးသမီးနှင့် သူမဆွဲထားသော ခွေးနက်ကြီးကို ကြည့်လိုက်သည်။

"ဖြူလေး၊ သွားပြီး သဲလွန်စတွေ ရှိမလား ရှူကြည့်စမ်း"

အန်ချောင်က ခွေးနက်ကြီးကို အလုပ်စရန် အချက်ပြလိုက်သည်။

"ဒါက သာမန်ခွေး မဟုတ်ဘူး၊ အတော်ဆုံးခြေရာခံခွေးပဲ ၊ အန်ချောင်က သေသေချာချာ ဖမ်းဆီးထားတာ။ တော်တော်ရှားပြီး တန်ဖိုးရှိတယ်။ ဒီခွေးရဲ့ စွမ်းဆောင်ရည်က လက်တွေ့ကမ္ဘာက ရဲခွေးတွေနဲ့ ဆင်တူတယ်လေ။ "

"သာမန်လူတွေ မရနိုင်တဲ့ အနံ့တွေကို သူရနိုင်တယ်၊ ဒါက ငါတို့ တာဝန်တွေအတွက် အထောက်အကူဖြစ်စေတယ်။ ဒါပေမဲ့ ဒီခွေးက နည်းနည်းတော့ စရိုက်ရှိတယ်... ဟီးဟီး"

အနက်ရောင်ဝတ်စုံနှင့် အမျိုးသားကကျိယွမ်ကို စိတ်အားထက်သန်စွာ ရှင်းပြနေသည်။

ကျိယွမ်သည် ခြေရာခံခွေးကို ကြည့်လိုက်၏။ ခွေးသည် သူ၏ ရွာက ခွေးနက်များကဲ့သို့ အနက်ရောင် အမွေးများ ရှိသော်လည်း ထိုခွေးများနှင့် နှိုင်းယှဉ်လျှင် ဤခွေးသည် အသက်မပါသလို ဖြစ်နေပြီး ၎င်း၏ မျက်လုံးများတွင် တက္ကသိုလ်ကျောင်းသားတစ်ဦး၏ ထုံထုံအအပုံစံမျိုးပင် ပေါက်နေသည်။

"ဖြူလေး၊ မြန်မြန် ရှူကြည့်စမ်းပါ"

အန်ချောင်က ခွေးနက်ကြီးကို တိုက်တွန်းလိုက်သည်။

သို့သော် ခွေးနက်ကြီးသည် မြေပြင်ပေါ်တွင် ပျင်းရိစွာ လှဲနေပြီး လုံးဝ မလှုပ်ပါ။

အနက်ရောင်ဝတ်စုံနှင့် အမျိုးသားက ရယ်ကာ အန်ချောင်အား အပြစ်တင်၏။

"နင်က ခွေးကို အလုပ်တော့ခိုင်းချင်ပြီး အစာကိုကျ ကောင်းကောင်းမကျွေးဘူးကိုး"

ခြေရာခံခွေးသည် အမျိုးသား၏ စကားကို ထောက်ခံသည့်အလား အမြီးတနှံ့နှံ့လှုပ်ပြသည်။

အန်ချောင်က ဒါလေးများဟူသော အထာဖြင့် ပြုံးလိုက်၏။

"ငါ ကြိုတင်ပြင်ဆင်ထားပြီးသား ။ ဒီမနက် ငါကိုယ်တိုင် ချက်ထားတာ"

သူမက အငွေ့တထောင်းထောင်းထနေသော အစားအစာများ ထည့်ထားသည့် ခြင်းတောင်းတစ်ခုကို ရုတ်တရက် ထုတ်လိုက်၏။

"ဟင်းလင်းပြင်သိုလှောင်ခန်းလား"

ကျိယွမ်က အနက်ရောင်ဝတ်စုံနှင့် အမျိုးသားဘက်သို့ ချက်ချင်းလှည့်မေးသည်။

သူသည် မည်သည့်နေရာတွင်မဆို မသိလျင် ချက်ချင်းမေးလိုက်ရမှ နေသာသူပင်။

အနက်ရောင်ဝတ်စုံနှင့် အမျိုးသားက ရှင်းပြ၏။

"ဒါက သိုလှောင်တဲ့နေရာ မဟုတ်ဘူး။ ဒါက သိုင်းပညာစွမ်းရည်တစ်ခုပဲ။ မင်း သွေးစွမ်းအင်သိုင်းပညာရှင် ဖြစ်လာရင် ဒီစွမ်းရည်တွေကို လဲလှယ်ပြီး လေ့ကျင့်လို့ရတယ်။ ဒီနည်းစနစ်ရဲ့ သဘောတရားက စွမ်းအင်နဲ့ သွေးကို အသုံးချပြီး သိုလှောင်ဖို့ နေရာတစ်ခု ဖန်တီးတာပဲ"

"မဆိုးဘူး၊ လမ်းကြောင်းတွေ မတူပေမဲ့ ပန်းတိုင်က အတူတူပဲဆိုသလိုပေါ့"

ကျိယွမ်က ခေါင်းညိတ်ကာ မှတ်ချက်ပေးသည်။

သွေးစွမ်းအင်သိုင်းပညာရှင်များသည် လည်း ကျင့်ကြံသူများ၏ သိုလှောင်လက်စွပ်ကဲ့သို့သော အရာမျိုး ရှိနေကြ၏။

ထိုစွမ်းရည်က မဆိုးလှပါ။

ကျင့်ကြံသူများပင်လျှင် အနည်းဆုံး အမြုတေ အဆင့်ရှိသူများသာ သိုလှောင်အိတ် သို့မဟုတ် သိုလှောင်လက်စွပ်ကို ပြုလုပ်နိုင်လေသည်။

အန်ချောင်သည် အငွေ့တထောင်းထောင်းထနေသော အအစာများကို ထုတ်ကာ ခြေရာခံခွေးရှေ့တွင် ရက်ရောစွာ ချပေးလိုက်၏။

ကျိယွမ်သည် ရည်ရွယ်ချက်ရှိရှိ ပြင်ဆင်ထားသော ထိုဟင်းလျာကို ကြည့်ပြီး ချက်ချင်းလိုလို စားချင်သောက်ချင်စိတ်များ ပျောက်သွားလေသည်။

ခြေရာခံခွေးကလညါး လျာတထုတ်ထုတ်လုပ်ကာ မျှော်လင့်တကြီးဖြင့် အစားအစာကို အနံ့ရှူကြည့်လိုက်၏။

ထို့နောက် စိတ်ပျက်စွာဖြင့် အမျိုးသမီးအား မော့ကြည့်သည်။

အနက်ရောင်ဝတ်စုံနှင့် အမျိုးသားက ထိုမြင်ကွင်းကိုကြည့်ကာ တဟားဟား ရယ်လေသည်။

ထိုအချိန်တွင် ခြေရာခံခွေးသည် အန်ချောင်ကို စိတ်ပျက်စွာ ကြည့်ကာ လူစကားဖြင့် ညည်းညူ၏။

"နင့်ဟင်းတွေကို ကိုယ့်ဘာသာ အရင်စားကြည့်ပါလား၊ ပြီးမှ စားကြွင်းစားကျန်တွေကို ငါ့ကို ပေးတော့"

ထိုအစားအစာသည် လူစားရန် မဟုတ်သလို အနံ့မှာလည်း ရွံရှာဖွယ် ကောင်းလှသည်။

လူမပြောနှင့် လမ်းဘေးခွေးများပင် စားမည် မဟုတ်ပေ။

ယခုပင်ကြည့်ပါ ။ ခွေးသည် အလွန် စိတ်ပျက်သွားသဖြင့် လူစကားကိုပင် ထုတ်ပြောလိုက်လေ၏။

အန်ချောင်၏ မျက်နှာဝိုင်းဝိုင်းလေးက ခရမ်းပုပ်ရောင် ပြောင်းသွားသည်။

"မင်း ဒီဝက်လိုခွေး၊ စားမှာလား မစားဘူးလား၊ မြန်မြန် သဲလွန်စ ရှာစမ်း"

ခြေရာခံခွေးက မစားပါ ။ ၄င်းက နှုတ်ခမ်းဆူကာ ပြန်အော်၏။

"နင်က ခွေးကို အလုပ်တော့ မတရားခိုင်းချင်ပြီး အစာကျတော့ ကောင်းကောင်းမကျွေးဘူး။ နင်ကမှ တကယ့်ခွေးပဲ"

သို့သော် ၎င်းသည် ညည်းညူနေသော်လည်း အန်ချောင်က ၎င်းကို ဝက်ခွေးဟု ခေါ်လိုက်သဖြင့် သူမစိတ်ဆိုးနေပြီကို သဘောပေါက်ကာ အလုပ်လုပ်ရန် ရွေးချယ်လိုက်ရသည်။

အနံ့ခံခွေးက စိတ်ပါသလိုလို ပါသလိုလိုဖြင့် ခေါင်းငုံ့ကာ ဘယ်ညာ ရှူရှိုက်ကြည့်၏။

ကျိယွမ်နှင့် အခြားသူများသည် ၎င်း၏နောက်မှ လျှောက်လိုက်ရင်း လော့အိမ်တော်ကို ကြည့်ရှုစစ်ဆေးကြသည်။

လော့အိမ်တော်သည် ဗလာဖြစ်နေပြီး မြေပြင်ပေါ်တွင် သွေးကွက်အချို့ ရှိနေသော်လည်း ထူးဆန်းသည်မှာ တိုက်ခိုက်ထားသော လက္ခဏာများ လုံးဝ မရှိခြင်းပင်။

"ထူးဆန်းတယ်၊ တိုက်ခိုက်ထားတဲ့ လက္ခဏာလည်း မရှိဘူး၊ မီးလောင်တဲ့ လက္ခဏာလည်း မရှိဘူး။ ဒါပေမဲ့ သူတို့ အလောင်းတွေကတော့ ကျွမ်းနေအောင် လောင်ထားတယ်။ ဘာမှ ပြောလို့ မရနိုင်ဘူး"

အနက်ရောင်ဝတ်စုံနှင့် အမျိုးသားက ပြုတင်းပေါက်ဘောင်ပေါ်မှ ပြာမှုန့်အချို့ကို လက်ညိုးနှင့် လက်မကြားတွင် ဖိပွတ်ကြည့်ရင်း နားမလည်နိုင်ဖြစ်နေသည်။

မနေ့ညကတည်းက အလောင်းများကို စစ်ဆေးခဲ့ရာ အလောင်းအားလုံးသည် မီးသွေးခဲများကဲ့သို့ လောင်ကျွမ်းနေပြီး နံစော်နေသဖြင့် ဘာသတင်းအချက်အလက်မှ မရရှိခဲ့ပါ။

"နင်ကလည်း တုံးလိုက်တာ။ သူတို့သေပြီးမှ အလောင်းဖျောက်ဖို့ မီးရှို့ခံရတာ သိသာနေတာပဲ။ ဘယ်သူ ရှို့တာလဲဆိုရင်တော့ ခရိုင်ဝန်ပဲ ဖြစ်မှာပေါ့"

အန်ချောင်က အခန်းထဲရှိပစ္စည်းများကို လှန်လှောကြည့်နေရင်းမှ ကောက်ချက်ချ၏။

ထိုစကားကို ကြားသောအခါ အနက်ရောင်ဝတ်စုံနှင့် အမျိုးသားသည် သတိထားသွားသည်။

"ဒါဆိုရင်တော့... ကိစ္စက ထင်ထားတာထက် ပိုရှုပ်ထွေးသွားပြီ။ ဒါပေမဲ့ ဒီမစ်ရှင်မှာ အသစ်တစ်ယောက် ပါနေတော့ အခက်အခဲက နည်းသင့်တာ မဟုတ်ဘူးလား။ ဒီယွင်ယန်ခရိုင်မှာ မိစ္ဆာအုပ်စု သုံးခု ရှိရုံတင်မကဘဲ ခရိုင်ဝန်ကပါ... မကောင်းတဲ့ အကြံရှိနေတယ်။ တစ်ခုခုတော့ မှားနေပြီ"

ပုံမှန်အားဖြင့် လူသစ်များအတွက် မစ်ရှင်သည် လွယ်ကူလေ့ရှိပြီး အပြင်းထန်ဆုံး ရန်သူမှာ သွေးစွမ်းအင်အဆင့်ရှိ မိစ္ဆာသာ ဖြစ်သည်။

ထို့ကြောင့် ယခုစုံစမ်းစစ်ဆေးရေး မစ်ရှင်သည် မခက်ခဲသင့်သော်လည်း လော့မိသားစုကို သတ်ခဲ့သူမှာ သွေးစွမ်းအင်အဆင့်မိစ္ဆာ မဟုတ်သည်က ထင်ရှားနေ၏။

အကြောင်းမှာ လော့မိသားစုရော ချန်မိသားစုရော၌ သွေးစွမ်းအင်သိုင်းပညာရှင်များ ရှိသောကြောင့် ဖြစ်သည်။အဆင့်တူရန်သူတစ်ယောက်က ယခုလိုအလွယ်တကူ သတ်ဖြတ်နိုင်ရန် မဖြစ်နိုင်ပေ။

သာမန်ထက်မြင့်မားသော မိစ္ဆာများကို စုံစမ်းစစ်ဆေးခြင်းသည် အတွေ့အကြုံရှိသူများအတွက် သင့်တော်သော်လည်း ကျိယွမ်ကဲ့သို့ လူသစ်လေးတစ်ဦးအတွက်မူ သေဒဏ်ပေးသကဲ့သို့ ဖြစ်နေ၏။

"ငါက ထူးခြားနေလို့ ငါ့ကို နည်းနည်းခက်တဲ့ တာဝန် ပေးတာနေမှာပါ"

ကျိယွမ်က အရေးမကြီးသလို ရယ်ကာ ပြောလိုက်သည်။

"မင်း ငါတို့နဲ့ တွေ့တာ ကံကောင်းတာပဲ"

အနက်ရောင်ဝတ်စုံနှင့် အမျိုးသားက ကျိယွမ်အားနှစ်သိမ့်၏။

ထိုအချိန်တွင် ခြေရာခံခွေးထံမှ အသံထွက်လာသည်။

"ဒီဘက်မှာ၊ ငါ မိစ္ဆာအနံ့ နှစ်မျိုး ရတယ်။ တစ်ခုက အဝါရောင်မြွေပါ အနံ့ပဲ ၊ နောက်တစ်ခုက ရေနေသတ္တဝါမျိုးနွယ် ။ ပြီးတော့ ငါ သိနေတဲ့ အနံ့ တစ်ခုလည်း ရှိသေးတယ်၊ ဒါပေမဲ့ ဘယ်မှာ ရဖူးလဲဆိုတာ မမှတ်မိတော့ဘူး"

"မိစ္ဆာအုပ်စု နှစ်ခုတောင် ပါနေတာလား"

မျက်နှာဝိုင်းနှင့် အမျိုးသမီး၏ အမူအရာမှာ သိသိသာသာ တင်းမာသွားသည်။

မနေ့ကမှ ချန်ဖန်က ယွင်ယန်ခရိုင်တွင် သူတို့ မထိရဲသော မိစ္ဆာအုပ်စု သုံးခု ရှိသည်ဟု ပြောခဲ့၏။

ထိုအုပ်စုများထဲမှ နှစ်ခုမှာ အဝါရောင်မြွေပါဝါအုပ်စုနှင့် ရေနေမျိုးနွယ်တို့ ဖြစ်သည်။

ယခု ဤအမှုသည် အုပ်စုနှစ်ခုလုံးနှင့် ပတ်သက်နေ၏။

ငါတို့အဆင့်နဲ့ အရမ်းများနေတာ မဟုတ်ဘူးလား။

"မြွေပါအုပ်စုမှာ အင်အားအကြီးဆုံးက သွေးစွမ်းအင်အထွက်အထိပ် အဆင့်ပဲ။ ငါတို့ လေးယောက်ထဲမှာ ခေါင်းဆောင်တစ်ယောက်ပဲ သူ့ကို ယှဉ်နိုင်တယ်။ ရေနေသတ္တဝါမျိုးနွယ်ထဲမှာတော့ သွေးစွမ်းအင်အဆင့်ထက် ကျော်လွန်တဲ့ မိစ္ဆာရှိတယ်လို့တောင် ကောလာဟလတွေ ရှိတယ်။"

" ဒါက တော်တော် ခက်သွားပြီ"

အန်ချောင်က မျက်မှောင်ကြုတ်လိုက်ရင်းမှ မသက်မသာ သက်ပြင်းချသည်။

ဤကိစ္စကို စုံစမ်းစစ်ဆေးခြင်းသည် ကြီးမားသော အုပ်စုနှစ်ခုနှင့် ပတ်သက်သွားသဖြင့် သူတို့ အကြပ်ရိုက်သွားရ၏။

ကျိယွမ်က ခွေးနက်ကြီးကို ကြည့်ကာ မေးလိုက်သည်။

"ရင်းနှီးနေတဲ့ အနံ့ဆိုတာ ဘာလဲ"

မြွေပါနှင့် ရေနေသတ္တဝါမျိုးနွယ်တို့အတွက်ကတော့ ကျိယွမ်သည် မူလကတည်းက ၎င်းတို့ကို ရှာဖွေရန် စီစဉ်ထားပြီး ဖြစ်၏။

၎င်းတို့သည် သူ၏ သွေးဖြည့်တင်းရာ နေရာများ ဖြစ်လေသည်။

ယခုလက်ရှိမှာတော့ လော့မိသားစုနှင့် ချန်မိသားစု အသတ်ခံရခြင်း၏ အစစ်အမှန် အကြောင်းရင်းကို သူ သိချင်နေ၏။

"ငါ မသိဘူး"

ခြေရာခံခွေးက ခေါင်းခါပြသည်။

ကျိယွမ် အနည်းငယ် စိတ်ပျက်သွား၏။

လော့စံအိမ်ထဲသို့ ရောက်ကတည်းက သူ၏ မျက်လုံးများသည် အချက်အလက်များစွာကို မြင်တွေ့နေရသည်။

သို့သော် သူ့အတွက် ထိုအချက်အလက်များသည် အသုံးမဝင်လှပါ။

ဥပမာအားဖြင့်၊ အကြီးအကဲဟွမ်သည် လော့အိမ်တော်သို့ လာရောက်ခဲ့သည်ကိုလည်းကောင်း၊ ရေနေသတ္တဝါမျိုးနွယ်မှ မိစ္ဆာတစ်ကောင် လာသွားသည်ကိုလည်းကောင်း သူ၏ မျက်လုံးများက ဖော်ပြခဲ့၏။

ထိုအချိန်တွင် ခြေရာခံခွေးသည် ကျိယွမ်အနားသို့ လာကာ နမ်းကြည့်လေသည်။

"ထူးဆန်းတယ်... မင်းဆီမှာလည်း ရေနေသတ္တဝါမျိုးနွယ်နဲ့ ဆင်တူတဲ့ အနံ့ရှိတယ်၊ ဒါပေမဲ့... လုံးဝတူတာတော့ မဟုတ်ဘူး"

"နင် ရေနေမိစ္ဆာတွေနဲ့ တွေ့ဖူးလား"

အန်ချောင်က ကျိယွမ်အား မေးသည်။

ကျိယွမ်က မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်ပြီးမှ ခေါင်းယမ်း၏။

"ရေနေမျိုးနွယ်လား... မရှိပါဘူး"

ဤကမ္ဘာသို့ ရောက်ရှိလာကတည်းက သူ၏ မျက်လုံးများသည် အသုံးဝင်သော အချက်အလက်များကို အမြဲ ရှာဖွေနေခဲ့သည်။

သူသည် မည်သည့် ရေနေမိစ္ဆာနှင့်မျှ မတွေ့ဖူးသေးပါ။

မူလပိုင်ရှင် ကျိအာဆိုလျှင် ပို၍ပင် မဖြစ်နိုင်ပေ။

သူသည် ဤကမ္ဘာသို့ သူ၏ ခန္ဓာကိုယ်အစစ်ဖြင့် ရောက်လာခြင်း ဖြစ်ပြီး

ကျိအာ ဆိုသူမှာ မရှိတော့တာကြာလှပြီ ဖြစ်သည်။

"ထူးဆန်းလိုက်တာ"

အနက်ရောင်ဝတ်စုံနှင့် အမျိုးသားက မျက်မှောင်ကြုတ်ကာ ရေရွတ်၏။

ထိုအချိန်တွင် ကျိယွမ်က ရုတ်တရက်မေးလိုက်သည်။

"ခင်ဗျားတို့ဆီမှာ သိုင်းစွမ်းရည်ရစေမဲ့သိုင်းကျမ်းတွေ ရှိလား။ ကျွန်တော့်ကို တချို့တလေ ပေးပါဦး။ တော်တော် လေး သင်ချင်နေတယ်၊ အထူးသဖြင့် ခုနကလို ပစ္စည်းသိုလှောင်တဲ့ နည်းလမ်းကို စိတ်ဝင်စားတယ်။"

ကျိယွမ်သည် တောင်းရမည်ဆိုလျှင် မည်သောအခါမှ ရှက်ရွံ့ခြင်းမရှိပါ။

ထိူ့အပြင် ၎င်းတို့သည် NPC များသာ ဖြစ်လေ၏။

"ငါတို့ရဲ့ သိုင်းစွမ်းရည်တွေက... ရောင်းဖို့ မဟုတ်ဘူး"

အနက်ရောင်ဝတ်စုံနှင့် အမျိုးသားက ခေါင်းခါလိုက်သည်။

"မင်း မိစ္ဆာနှိမ်နင်းရေးဌာနကို ဝင်မှ ဒါတွေကို လဲလှယ်လို့ ရမယ်"

"ဒါဆိုရင်တော့ ငါ ဒီမှာ သိုင်းပညာ ကျမ်းစာတချို့ ရှာရမှာပေါ့"

ကျိယွမ်က အငြင်းခံရသော်လည်း မရှက်ပါ ။

လက်ရှိတွင် သူ၏ အင်အားမှာ မလုံလောက်သေးသဖြင့် သိုင်းပညာများကို သင်ယူပြီး အင်အားတိုးမြှင့်ရန် လိုအပ်နေသည်။

"ဒီက သိုင်းပညာတွေကို ရမ်းပြီး မသင်နဲ့ဦး"

အန်ချောင်က စိုးရိမ်သံဖြင့် ချက်ချင်း သတိပေးလိုက်၏။

"ဒီက သိုင်းပညာတွေက...သိုင်းပညာအဟောင်းတွေပဲ။ သိုင်းပညာဟောင်းကို သင်လိုက်ရင် နောက်ပိုင်းမှာ လမ်းကြောင်းပြောင်းဖို့ ခက်ခဲလိမ့်မယ်"

ကျိယွမ် အံ့သြသွားသည်။

"အိုး... ဒီမှာက သိုင်းပညာအဟောင်းနဲ့ သိုင်းပညာအသစ်ဆိုပြီး ခွဲထားသေးတာလား။ ဘယ်ဟာက ပိုစွမ်းတာလဲ"

"ငါတို့ မိစ္ဆာနှိမ်နင်းရေးဌာနက လူတွေအားလုံးက သိုင်းပညာအသစ်ကိုပဲ လေ့ကျင့်ကြတယ်"

အန်ချောင်က ဆက်ရှင်းပြသည်။

"သိုင်းပညာအဟောင်းနဲ့ အသစ်က ဒီကမ္ဘာမှာ တူသလိုလိုရှိပြီး စွမ်းအားကလည်း အတူတူ ဖြစ်နိုင်ပေမဲ့ သိသာတဲ့ ခြားနားချက် တစ်ခုရှိတယ်။"

"သိုင်းပညာအဟောင်းက ဒီကမ္ဘာမှာပဲ အစွမ်းထက်တာ။ တခြားကမ္ဘာကို သွားလိုက်ရင် သိုင်းပညာအဟောင်းသမားရဲ့ စွမ်းအားက တစ်ဆင့်လောက် လျော့သွားလိမ့်မယ်။ သိုင်းပညာအသစ်သမားတွေကတော့ အဲ့ဒီပြဿနာ မရှိဘူး၊ ဘယ်ကမ္ဘာမှာမဆို သူတို့စွမ်းအားက မပြောင်းလဲဘူး။"

" ငါတို့ ဌာနက လူဟောင်းအချို့ဟာ အစပိုင်းက အဲဒါကိုမသိဘဲ သိုင်းပညာအဟောင်းကို ရွေးခဲ့မိလို့ နှမြောစရာ ဖြစ်ခဲ့ရသေးတယ်"

အန်ချောင်က ထိုစီနီယာများအတွက် နှမြောတသဟန်ဖြင့် ပြောပြသည်။

ကျိယွမ် ခေတ္တ စဉ်းစားသွားလေ၏။

"နေပါဦး ..ဒါဆို ကမ္ဘာတွေ အများကြီးလား။ ဂိမ်းတွေ အများကြီးဖြစ်နေတာပေါ့"

"ဟုတ်တယ်၊ ငါတို့က တာဝန်တစ်ခု ပြီးတိုင်း တခြား...အပြိုင်ကမ္ဘာတွေကို သွားကြရတာ"

"ပြီးတော့ သိုင်းပညာအသစ်တစ်ခုပဲ ကမ္ဘာအားလုံးမှာ အသုံးဝင်တာ"

ကျိယွမ်က မျက်လုံးများကို မှေးကာ သေသေလျာချာသုံးသပ်နေ၏။

ပြီးမှ သူက တီးတိုးရေရွတ်လေသည်။

"ဒီလို သတ်မှတ်ချက်က... ယန်နတ်ဘုရားရဲ့ မူလသဘောတရားနယ်ပယ် နဲ့ ဆက်စပ်နေသလိုပဲ"

အခြားကမ္ဘာသို့ရောက်လျှင် အဆင့်ကြီးတစ်ဆင့်ထိ ဖိနှိပ်ခံရခြင်းက ယန်နတ်ဘုရားနယ်ပယ်သို့ရောက်နေသူများ ကြုံတွေ့နေရသည့် ပြဿနာဖြစ်လေသည်။

ကျိယွမ်၏ စကားကြောင့် အန်ချောင် ဇဝေဇဝါဖြစ်သွား၏။

"ယန်နတ်ဘုရား ..ဟုတ်လား ၊ မူလသဘောတရားနယ်ပယ် အဲ့ဒါကရော ဘာကြီးလဲ"

All Chapters